ဟောဟို မြေပြင်မှာ ရပ်တည်နေတဲ့ ကျောင်းဝန်းဆီ။ အပြေးအလွှားလှမ်းနေတဲ့ အဖြူအစိမ်းတွေကြားမှာ အဲဒီခေါင်းလောင်းသံတီးမယ့် ကာယကံရှင်ရှိသည်။ သို့ပေမယ့် ခေါင်းလောင်းသံ နေ့တိုင်းကြားရဖို့က မသေချာ…….
ဟောဒီအရပ်က သိပ်ခေါင်ပါတယ်တဲ့။ မြေပြန့်တွေရဲ့ နောက်ဆုံး တောင်ကုန်းတောင်တန်းတွေရဲ့အစ။ သိပ်ကို ဝေးလံခေါင်းပါး ရာသီဥတုကပြင်းထန်ပါသော နမ်စင်ကျေးရွာ။ ရွာနေလူထု တွေ့ရတတ်တဲ့ အပြင်လူတွေက ထူးထူးခြားခြား ရေခဲတောင်တက်ဖို့ရောက်လာတတ်တဲ့လူမျိုးတွေ။ အဲလိုအရပ်မျိုးဆိုတော့ မဖွံ့ဖြိုးမတိုးတက်တာ ဘာဆန်းလဲပေါ့။ ဒါပေမယ့် ဟောဒီရွာက လူအညွန့်အဖူး လေးတွေလည်း စာတတ်ပေတတ်ဖြစ်ချင်ကြတယ်လေ။ ဘယ်သူပြောနိုင်မလဲ ဒီရွာကနေ နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံတည်ဆောက်ရေးမှာ တတပ်တအားပါဝင်မယ့် ပညာရှင်တွေ မရှိနိုင်ဘူးလို့။
ရောက်လာတတ်ပါတယ်။ ရွာကျောင်းကို အစိုးရကခန့်အပ်တဲ့ ဆရာဆရာမတွေ။ ရပ်ရွာကလည်း အားရပါးရကြိုဆိုကြတယ်။ ဂရုစိုက်ကြပါတယ်။ ကူညီကြပါတယ်။ ဖေးမကြပါတယ်။ မြောက်စားကြပါတယ်။ ဝေးလံလွန်းလို့လား ရာသီဥတုပဲမခံနိုင်ကြတာလား ဆရာဆရာမတို့မှာ လခထုတ်ဖို့မြို့တက်သွားပြီးရင် ပြန်ရောက်လာဖို့ ခပ်ခက်ခက်။ တခါတည်းနှုတ်ဆက်ဖို့သာပြင်ထားတော့။ နောက်ထပ်နောက်ထပ် ရောက်လာသမျှတွေသည်လည်း ထိုနည်း ၎င်း။
မြို့တက်တော့မယ်ဆိုတဲ့ ဆရာဆရာမတွေကို ဘယ်လိုနည်းနဲ့တားမြစ်ရပါ့မလဲ။ သူတို့မိသားစုကကော ဒီလောက်ဝေးလံခေါင်သီအရပ်မှာ ကြာရှည်လေးမြင့် ဘယ်ထားပါ့မလဲနော်။ သူတို့တွေကကော သူတို့ရဲ့ဘ၀တွေကို စတေးပြီး နှစ်ရှည်လများ နေနိုင်ကြမယ်တဲ့လား။ ရောက်လာခါစ အသစ်အဆန်းဆိုတော့ သူတို့ပျော်ရွှင်မှုက ခဏတာ။ မကြာခင်မှာ သူတို့အတွက်အစားအသောက် အနေအထိုင်ကစလို့ ပြဿနာ။ ရှားပါးမှု ပေါင်းများစွာကြားမှာ ဘယ်လောက်သည်းညည်းခံနိုင်မှာတဲ့လဲ။
ကျောင်းဝန်းထဲကို မနက်နေရောင်မထွက်လည်း အရောက်သွားချင်နေကြတဲ့ ကလေးတွေ ဆရာဆရာမ ပြောင်းလဲမှုမြန်ဆန်နှုန်းကို မသိလိုက်မသိဘာသာ လက်ခံထားကြတဲ့ ကလေးတွေ စာဖတ်ချင်ကြတဲ့ ကလေးတွေအတွက် အဲဒီကျောင်းခေါင်းလောင်းကြီး နေ့စဉ်မပြတ် စီစီညံညံ တီးစေချင်လှပါသည်…….
5 comments:
ဟောဟို မြေပြင်မှာ ရပ်တည်နေတဲ့ ကျောင်းဝန်းဆီ။ အပြေးအလွှားလှမ်းနေတဲ့ အဖြူအစိမ်းတွေကြားမှာ အဲဒီခေါင်းလောင်းသံတီးမယ့် ကာယကံရှင်ရှိသည်။ သို့ပေမယ့် ခေါင်းလောင်းသံ နေ့တိုင်းကြားရဖို့က မသေချာ…….
what a great intro...i love it, bro
ထပ်တူထပ်မျှဆုတောင်းပေးပါတယ်...ကိုရွာသားလေး
ဒီပြသနာကို ဖြေရှင်းဖို့လွယ်တယ်ဗျ။ ကြပ်ကြပ်မတ်မတ်လုပ်နိုင်မယ်ဆိုရင်ပေါ့ဗျာ။ အဲဒီ ဒေသခံ ကျား/မ (၂)ယောက်လောက်ကို လက်သပ်မွေးပြီး၊ ဆရာ/မ ပြန်လုပ်ခိုင်းရမှာပေါ့။ သူတို့ကမှတဆင့် နောက်မျိုးဆက်သစ် ဆရာ/မ တွေ မွေးထုတ်ပေးရမှာလေ။ နိုင်ငံတော်ကလည်း အဲဒီအတွက် စီမံချက်သဘောမျိုး ငွေသုံးရမှာလေ။ ဥပမာ - အလကားသက်သက် ဘုရားတည်၊ ကျောင်းဆောက်မယ့်အစား။ ဘုန်းကြီးကျောင်းကို ကားလှူမှာထက်စာရင် အဲဒီမှာ ငွေကို ပုံအောပြီးသုံးရမှာလေ .... အခုတော့ ဦးဏှောက်အတွက် အသပြာမသုံးပဲ၊ တခြားနေရာ သုံးနေတော့ :(
အခုတော့ တွေးမိလို့ ရင်နာတဲ့အခါ ခေါင်းလောင်းတလုံးဝယ်ပြီး အိမ်မှာ ကိုယ့်ဖာသာ ကိုယ်တီးရမယ့်ကိန်းဆိုက်နေပြီ။
ဒါမျိုးတွေ ရှိပါတယ်လို့ ဆိုတဲ့ ကော့မန့် လေးကြောင့်
ရွာသားရေးတဲ့ စာကို သေချာ လာဖတ်သွားပါတယ်။
ခေါင်းလောင်းသံလေးတွေ အမြဲကြားချင်မိပါတယ်
အဲဒီ့ဘ၀က ကလေးလေးတွေအဖြစ်ကိုလည်း သနားမိတယ် (အင်း ကျောင်းတက်နေစဉ်ကာလတုန်း က အဲလိုဝေးလံခေါင်ဖြားတဲ့နေရာဒေသမှာ ဆရာမသွားလုပ်မယ်လို့  တကယ့်ကို စိတ်ကူးခဲ့ဖူးတယ်)
Post a Comment