22 April 2014

မျှော်လင့် လိပ်ပြာ


ထိုလျှိုမြောင်ကို ဖြတ်တိုင်း စိတ်ထဲကတင်မက အသွေးအသားထဲကပါ စိမ့်လာမြဲ။ ကြောက်တတ်သူ မဟုတ်သော်လည်း မွှေးညှင်းလေးများ ထောင်ထသည်အထိ ဖြစ်လာသော ခံစားချက်ကို ဖာသာသိလျက် ခြေလှမ်းသွက်သွက် လှမ်းတတ်ခဲ့သည်.....

အဆိုပါလျှိုမြောင်ကို တနေ့တခေါက်တော့ အနည်းဆုံး ဖြတ်သည်။ အပြေးခြေလှမ်းမဟုတ်သည့်တိုင် လက်ထဲတွင် ဝါးလုံးတချောင်းကို ကျစ်ကျစ်ဆုပ်မြဲ။ လျှိုမြောင်ငယ်မို့ အကောင်မျိုးစုံနဲ့တွေ့တတ်သည်။ ထိုနေ့က တွေ့သည်ကတော့ လိပ်ပြာတကောင်။ အကောင်ကငယ်ငယ် ချစ်စဖွယ်မို့ သူ မညှို့ပါပဲ ကိုယ်က အနားရောက်ခဲ့။ 

အနားကပ်သွားသည်တိုင် ပျံထွက်မသွားသော လိပ်ပြာငယ်ကို ငေးမိသည်။ အသွေးအရောင်ကို ကျက်ရင်း တဖြည်းဖြည်း တိုးကပ်သွားတဲ့အခါ တိတ်ဆိတ်တဲ့ လျှိုမြောင်ကြားမှာ သူနဲ့ကိုယ်ရဲ့ ရင်ခုန်သံနှစ်ခုသာ။ တောင်ပံနှစ်ဖက်ကို ဖွဖွကိုင်တော့ ငြိုငြင်ဟန်မရှိ။ နှာမောင်းပုံစံ နှစ်ခုကို တို့ထိကြည့်သည်။ ရယ်သံသဲ့သဲ့ ကြားသည်ထင်ရဲ့.......

ကျောပြင်လှလှ အကွက်များကို လက်ညှိုးဖြင့် အသာ ရေးဆွဲကြည့်သည်။ တွန့်ထွက်မသွားသည့် အပြင် အလိုက်အလျားသင့် ဖြစ်နေသော လိပ်ပြာသည် ကျနော့ကို တဖြည်းဖြည်း ဆွဲငင်နေပြီ။ မွှေးညှင်းနုနုများဖြင့်တမျိုး၊ နူးညံ့သော အထိအတွေ့များဖြင့် တဖုံ နည်းမျိုးစုံဖြင့် ငင်နေလေပြီ....

လက်ဖြင့်ဆွဲညှစ်မိလျှင် ကျိုးကြေသွားနိုင်သော အတောင်နှစ်ဖက်ကို ရွရွကြင်နာမိပြန်သည်။ တပ်မက်ခြင်းဆိုသော စိတ်အစုံသည် ပိုင်ဆိုင်ခြင်းဟူသော လောဘကို တစစ မွေးမြူသည်။ လွတ်လပ်ခြင်းဟူသော တံခါးကို ပိတ်နှောင်လိုသည်။ ရယူခြင်းဟူသော တဖက်သတ် ရမ္မက်တို့ဖြင့် လောင်မြိုက်စပြုလာသည်......

အေးမြနေသောလျှိုထဲမှာပင် အလျှံညီးသော ကာမတဏှာကြောင့် လက်ဖဝါးတို့ပင်လျှင် ပူနွေးလာခဲ့ပြီ။ ကိုယ်ခန္ဓာအတွင်းရှိ လောဘသက္ကာယတို့သည် မည်းမှောင်ခြင်း၏ အစွန်းတဖက်ကို သူ့ထက်ငါ တွန်းပို့ကြသည်။ ခပ်စောစောက ရှိသော လျှိုမြောင်ငယ်ကို ကြောက်ရွံ့သော စိတ်သည် နောက်တွင် မသိမသာ ချန်ခဲ့ပြီဖြစ်သည်။

တောင်ပံနှစ်ဖက်ဆီမှသည် ကိုယ်ခန္ဓာ အပိုင်းကို ဖမ်းဆုပ်မည်ဟု စိတ်ကရည်သည်။ လူကိုပါ ရှေ့သို့တိုးရင်း ရပ်နေရာမှ အနေအထား အားလုံးကိုပြင်လိုက်သည်။ ဆုပ်ကိုင်ထားသော တောင်ပံနှစ်ဖက်ကို  လွှတ်လိုက်သော ခဏတွင် ချစ်သော လိပ်ပြာ ကောင်းကင်ယံသို့ ပျံတက်သည်...

ဟိုးအဝေးက သူ့လိပ်ပြာရှင်ဆီ ပျံတော့မည် ဆိုသည်။ နေပါဦး နားပါဦးဟု နှလုံးကွဲမတတ် တားမြစ်ခဲ့သည်။  အချိန်တန်ရင် အိမ်ပြန်ရစမြဲလို့ တရားချသော သူတို့ကို အားမနာပ တအားဆဲဆိုချင်သည်။ တကယ်ဆို လေးငါးဆယ်ရက် နေပါဦးတော့လားလို့ အထွန့်တက်လိုလှသည်။  တကတည်း လက်ထဲမှ တရက်ပြည့်အောင် မကိုင်လိုက်ရလို့ ဆန္ဒတွေက အညှောင့်တလူလူ.....

ပြန်လည်း မဖမ်းနိုင်တော့မယ့် အတူတူ ပျံတက်သွားတာကို လမ်းအဆုံးထိ ကြည့်ချင်ခဲ့။ သူထားခဲ့သော အတွေ့အထိကို မေ့ပစ်နိုင်ပါမည်လား လိပ်ပြာငယ်....

စွဲမက်အောင် တမင်ပြုခဲ့သည်ဟု နောက်ဆုံး ပြုံးမပြခင်မှာ ပြောကြားသွားပြီ။ သို့သော် မှောင်မိုက်သော စိတ်က တောင်စဉ်ရေမရ။ ကာယကံရှင်က ဝန်ခံသည့်တိုင် ပြစ်ချက်ကို ဖေါ့ဖျက်လိုလှသည်။ ဘုရား ဘုရား မိုက်ဖက်ကို လုံးလုံးပါနေပါရောလား..........

တဖတ်သက်ပဲဆိုဆို ငါ့ကိုတော့ မမေ့နဲ့လို့ သံကုန်ဟစ်လို့ မှာကြားလိုက်သည်။ သို့သည် ကြားအံ့မထင်။ သူပျော်သော သူ့တောမှာ သူ့အရှင်နဲ့ ကြင်နေလောက်ပြီ။

အရင်က တနေ့တခေါက်ရောက်သော လျှိုသည် ယခုအခါ ချောင်းပေါက်လုပြီ။ တမှိုင်မှိုင်တငူငူနှင့် ထိုင်နေတတ်သော သူတယောက်ကို သူရူးပမာ တွေ့မြဲဖြစ်သည်။ လိပ်ပြာရယ်လို့ မြင်တိုင်း တမေ့တမော ငေးရင်း ခေါင်းကို ခါမြဲ။ တရက် တပတ် တလ တနှစ်မှသည် မည်မျှ ကြာအံ့ထင်သနည်း..........

မျှော်လင့် လိပ်ပြာ ပြန်လာအံ့လော သူတွေးတော နေမိသည်။ လိပ်ပြာ အရှင် အကြင်သူသည် သနားတတ်ကောင်း ထင်မိသည်...........


15 April 2014

တပင်ကို တပင်ယှက်…..

ဟိုးငယ်ငယ်…ကလေးဘ၀တလျှောက်လုံး ဒီသီချင်းကိုနှစ်သက်ခဲ့တယ်။ တပင်ကိုတပင်ယှက် နွယ်ယှက်၍သာ တပင်ရိပ်တပင်ခိုကာ ဆိုတဲ့ စာသားတွေရဲ့ အနှစ်သာရဟာ လေးနက်လွန်းပါတယ်။ ဟုတ်ပါတယ် အမ၊ အမနဲ့ ခင်မင်ရင်းနှီးပတ်သက်ခဲ့သမျှမှာ မိတ်ဆွေဆိုတဲ့ အရိပ်ကို ကျနော်ပေးခဲ့တယ်၊ မေတ္တာဆိုတဲ့ အနက်ကို ကျနော် ဖွင့်ခဲ့ပါတယ်……………

အမ အမြဲပြောလေ့ရှိသလို ကျနော်က မိန်းကလေးတွေရဲ့ စိတ်ကို များသောအားဖြင့် နားမလည်၊ မကျွမ်းကျင်ပါဘူး။ ကိုယ့်ရဲ့ တယ်လီဖုန်းနံပါတ်ကို ပေးပြီး သူတို့ကို ဆက်သွယ်စေအောင်ဆိုတဲ့ အရာတွေ ကျနော် မတွေးတတ်ဘူး။ စိတ်ကရှင်းရှင်းမို့ သူ့ဖက်က ပေးလာရင် ကိုယ့်ဖက်က ပြန်ပေးဖို့ ၀န်မလေးဘူးဆိုတာလောက်ပဲ ရှိခဲ့တယ်။ ဒီလိုနဲ့ ကျနော့ဖုံးနံပါတ်ကနေ အမ ဆက်သွယ်လာခဲ့တာ……

စကားပြောကြဆိုကြတဲ့အခါ ရင်ထဲကလာတဲ့ စကားပြောရင် နားဝင်ချိုတယ်။ နားအ၀င်ချိုအောင် မြှောက်ပေး လက်ညှိုးထောင် ခေါင်းငြိမ့်ချည်း လုပ်နေခဲ့တာ မဟုတ်ပါ။ တိုးလျှိုးပေါက် တယောက်ကို တယောက်မြင်သည်ထိ ကျနော်တို့ ပြောကြဆိုကြတာ မဟုတ်လား။ အခက်အခဲတွေ၊ ပြဿနာတွေ အများဆိုမှ အများကြီး။ ကျနော့ဘေးပတ်ဝန်းကျင်က ကျန်းမာရေးပြဿနာတိုင်းအတွက် ပထမဆုံး နှိပ်မိတဲ့ နံပါတ်။ အမရဲ့ ဖုံးနံပါတ်ကြီး လေးခုလောက်တောင် ရှိရဲ့….

ဆုံဖြစ်တဲ့အခေါက်က သိပ်ကိုနည်းပါတယ်။ တယောက်မအား၊ တယောက်အား ဒါ့အပြင် စိတ်ကို အလိုလိုက်ကြသူချင်း တူတူမို့ စိတ်မပါတဲ့အခါ တယောက်နဲ့တယောက် ဆုံဖြစ်ကြဖို့ အခွင့်အလမ်းကနည်းပါး။ များသောအားဖြင့် ကျနော် အမပတ်ဝန်းကျင်က လူတွေကို စိတ်မ၀င်စားဘူး။ သူတို့ဘာကြောင့်ချဉ်းကပ်တယ်ဆိုတဲ့ အကြောင်းက သိသိသာသာကြီးမဟုတ်လား။ ပိုပြီး ရင်းနှီးလာတဲ့အခါ သူတို့ကြောင့် အမထိရှလာတိုင်း လာပြောရင် ကျနော် နားပဲထောင်ပေးလိုက်တယ်။ တခါက နှစ်ခါ ဒီလူတယောက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင် ကျနော်လိုလူက ခေါင်းရှုပ်မခံတတ်ဘူး။ နင့်လမ်းနင်သွား ငါ့လမ်းငါသွား။ အမကတော့ စိတ်ရှည်ပါပေရဲ့….

ချောကလက်ကိတ်တလုံး ပေးတဲ့ညနေတခုကို အခုချိန်ထိ ဆွဲထုတ်မထားပါဘူး။ ဒါ့အပြင် ဈေးမများပေမယ့် ပေးထားခဲ့တဲ့ မျက်မှန်တလက် အခုထက်ထိ လက်ထဲမှာ ရှိနေတုန်း။ ပြက္ခဒိန်ထဲက နေ့ရက်တချို့ဟာ ပြက္ခဒိန်ထဲမှာ ဒီအတိုင်းကြွင်းကျန်ရစ်တယ်။ ဘယ်သူမှ ဖျက်မပစ်လိုက်နိုင်ဘူး……

သူတပါးနဲ့ စကားတွေ အများကြီး မပြောတတ်ဘူးဆိုတဲ့ သူဟာ ကျနော့ကို စကားတွေ အများကြီး ပြောချင်တယ်လို့ ပြောတဲ့အခါ ကျနော် မအံ့သြပါဘူး။ ကျနော့စိတ်ကို ဖတ်မိသူတိုင်း နားလည်သူတိုင်းအတွက် အဲ့ဒီကိစ္စဟာ မထူးဆန်းဘူးလေ။ ဒါပေမယ့် တကယ်ဖတ်မိတဲ့သူလည်း နည်းပါးလွန်းတာမို့ ကျနော်ကလည်း အမဆီမှာ ကျနော့ရဲ့ အကြောင်းအရာတွေကို ကရားလို သွန်ခဲ့တာပါပဲ။ နာကျင်ခြင်း၊ ကြေကွဲခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း လူ့ဘ၀ရဲ့ ပြတင်းပေါက်မြင်ကွင်းတွေ…………

မှတ်မိနေတာတချို့က ဓါတ်လှေခါးပေါ်တက်ရင် ဖုန်းကျသွားတတ်တာမို့ အိမ်အောက်ထပ်မှာ ထိုင်ရင်း ဖုန်းပြောဖြစ်တဲ့ ရုံးပြန်ချိန်တွေ။ တချို့အချိန်တွေဟာ ပျော်ရွှင်စရာတွေပေါ့။ အမြဲတမ်း ပြန်မရတော့မယ့်အတိတ်ဟာ ရွှေရောင်တွေ ဆမ်းလို့….

ပြီးတော့ ကျနော့ရဲ့ ဒီဘလော့မှာ အမရဲ့ ပေါက်တတ်ကရ ကော့မန့်တွေ။ သူများတွေလို မဟုတ်ပဲ ကော့မန့်တွေ အများကြီးပေးတဲ့ ဖတ်မကောင်းတဲ့ ဘလော့တခုရဲ့ အမာခံပရိတ်သတ်အဖြစ် အမြဲရှိနေမြဲ။ အပေါ်ယံက စာရေးပါဘာညာတွေပြောပြီး ကော့မန့်လေးတကြောင်းတောင် မပေးချင်တတ်တဲ့သူတွေကြားထဲမှာ အမရဲ့ ရိုးဂုဏ်ကို ကျနော်က အသိအမှတ်ပြုရစမြဲ။ ကော့မန့်တွေ ပိတ်ထားတဲ့အခါ မရေးရလို့ တဂျီဂျီ၊ ဘလော့ပိတ်ထားတဲ့အခါ စာရေးချင်သူတယောက်ရဲ့ စိတ်ကို နားလည် (တကယ်က စာထဲကနေ တယောက်တည်းစကားတွေပြောရင်း အဝေးရောက် အထီးကျန်မှုကို ဖြေသိမ့်ကြသူအချင်းချင်း) တာမို့ ပြန်ဖွင့်ပေးဖို့ ပြောတတ်မြဲ။ ဆုံးဖြတ်ပြီးရင် တော်ရုံတန်ရုံ ပြင်ခဲတဲ့ ကျနော်ဆီကနေ ခေါင်းမာမှုတခုကို စိတ်မကောင်းစွာ ပြန်ရသွားမှာမို့ တောင်းပန်မိတယ်။ ကျနော်လိုလူက အခုထက်ထိ ခေါင်းကျော သိပ်မာတယ်လေ……..

အထီးကျန်တဲ့သူတိုင်းဟာ ဂရုစိုက်မှုကို လိုအပ်တာ၊ ကိုယ့်ကို ဂရုစိုက်မယ့်သူကို မျှဝေမပေးနိုင်တာ အဲ့ဒီစိတ်တွေ ကျနော့မှာ ရှိပေမယ့် ကျနော်က နေတတ်နေခဲ့ပြီ။ ဘ၀ဆိုတဲ့ အရောင်စုံတောအုပ်ထဲမှာ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ ကျနော့ကို ကျနော် ပြုံးရယ်တတ်အောင် ကျင့်ယူခဲ့ပြီ။ တချိန်မှာ နောက်ကျောဓါးနဲ့ထိုးမယ့်သူတွေလို့ နောင်တမရခင်၊ ဆရာတော် ဦးဇောတိကရဲ့ တယောက်တည်း ပျော်အောင်နေကို ကျေညက်အောင် ဖတ်နေခဲ့ပြီ။ ပုထုဇဉ်ပဲအမရယ် နာကျင်သလား မေးရင် ကျနော်ဘယ်ငြင်းနိုင်မလဲ…………

လူတယောက်နဲ့တယောက်ရင်းနှီးတဲ့အခါ ကောင်းမွေဆိုးမွေဆိုတာလေး ကျနော်တို့ မျှယူရတယ်။ ကျနော်လည်း ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်တာမို့ အမှားတွေလုပ်ခဲ့မှာပါပဲ။ အမဆီက ကောင်းခြင်းဆိုးခြင်းတွေကိုလည်း ကျနော့ဖက်မှာ မျှပေးနေခဲ့တယ်။ အဲ………….တချိန်တခါ မရောက်ခင်ထိပေါ့။ ဒဏ်ရာနက်နက်ကို အပ်နဲ့ဆွတာ အမလိုလူက သေချာပေါက် မြင်ဖူးမှာပါ။ အနာဟောင်းကို တုတ်နဲ့ဆွတဲ့အခါ၊ အထူးသဖြင့် နှလုံးသားရဲ့အနာ…….ဆတ်ခနဲခါသွားတဲ့ ကျနော့စိတ်ကို ကျနော်တောင် မဖမ်းမိနိုင်ခဲ့ဘူး။ အဲ့ဒီနေ့က မြစ်ရေတွေ ချောင်းရေတွေ စီးပေမယ့် ဘယ်သိကြားမင်းမှ ဆင်းမကယ်ခဲ့ဘူးလေ…..

မနေ့က သတင်းတခုကြားတဲ့အခါ ကျနော့စိတ်က လှုပ်နိုးပါတယ်။ အသွားအလာ မရှိတော့တဲ့လမ်းတခုဟာ နောက်ဆုံးတော့ ပျောက်ဆုံးသွားတတ်တာမျိုး။ လေမလာပေမယ့် ရနံ့တွေလည်း ရပါရဲ့။ နေမသာပေမယ့် အပူရှိန်တော့ ခံစားမိတယ်။ တိမ်တွေကွယ်ပေမယ့်နောက်မှာ ကောင်းကင်ဟာ အမြဲရှိတယ်….

လောကဓံဆိုတာ ဆူကြုံနိမ့်မြင့်။ ရှင်ကြီးဝမ်းလည်း ၀င်ဖူးပြီ၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးပြီဆိုတဲ့သူချင်းမို့ အကျယ်ချဲ့စရာမလိုဘူးထင်ရဲ့။ တချို့အရာတွေကို တသမတ်တည်း ဆွဲကိုင်မထားပါနဲ့။ ထိုက်တန်တဲ့ ခံစားမှုနဲ့ထပ်တူညီသလောက်ပဲလေးနက်ပါ။ ကိုယ်မတတ်နိုင်တဲ့အရာတွေ အတွက် ငိုကြွေးနေလို့အပိုပဲ အမ။ လူ့ဘ၀က တိုတိုလေး။ တခြားအလေးပေးဖို့ အရာတွေ အများကြီး ကျန်နေသေးရဲ့။ ဒီစကားဆိုလို့ ငါ့လို နင်မှ မဖြစ်ခဲ့ပဲဆိုရင်…………..ထပ်တူမကျနိုင်တောင် ဆင်တူကြောင်းကွဲဖြစ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် နောက်နေ့ဆိုတာ ရှိသေးတယ်။ ဒီနေ့တခုနဲ့တင် ရပ်မပစ်နဲ့။ လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မတတ်သာတဲ့၊ တပင်ကိုင်းကို တပင်ခို၊ တနွယ်ကို တနွယ်ယှက် မတ်တပ်ကနေ မပြိုလဲရအောင် ပါ။ 

ကျနော့စိတ်ဒဏ်ရာကြောင့် ကျနော့ဖက်က ပျက်ကွက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ မလေးစားသလို ဖြစ်သွားရင် ဒီနေရာကနေ ကျနော်တောင်းပန်တယ်။ မိုက်ရိုင်းတဲ့အပြုအမူတခုလို့ ခံစားမိရင် ပိုပြီး စိတ်မကောင်းပါဘူး။ ခေါင်းရှုပ်မခံလိုတဲ့ ဆိုးသွမ်းသူ မောင်ငယ်တယောက်ရဲ့ လျစ်လျူရှုမှုတွေလို့ ကျနော့ကို ခေါင်းစဉ်တပ်ခွင့်ပြုပြီး ဖြေသာခွင့်ပေးပါ……………

နောက်ဆုံး ကျနော်သိပ်ကြိုက်တဲ့ မောင်ချောနွယ်ရဲ့စာသားလေးလို.

"ကျနော်တို့ လမ်းကြုံရင် လူချင်းတွေ့ကြတာပေါ့ဗျာ"………………

01 April 2014

ပြန်လည်၍

လေအဝှေ့မှာ ရွက်ကြွေတို့ ၀ဲ၍လည်၍ ဆင်းသက်လာလေပြီ။ ရိုးတံတခုလုံး အကိုင်းချည်း ထီးတည်း ကျန်တော့မည်။ ယခင်ယခင် နှစ်များလို ပုရစ်ဖူးတို့ဖြင့် အသစ်တဖန်ပြန်လည်၍ လာမည်လား အတပ်မပြောနိုင်။ ယခုတခေါက်တွင်မူ ၀န်းကျင်တခုလုံး သွေ့ခြောက်နေပြီမို့….

လမ်းတဖက်တချက်ရှိ မြက်ပင်ငယ်တို့ ညိုးရော် ခြောက်သွေ့သည်သာမက စိမ်းစိုလန်းဆန်းမှုကို ရှာမရတော့။ ၀ါရွှေ၍ ပြားကပ်နေပြီဖြစ်သည်။ ကောင်းကင်သည် မှောင်တလှည့် လင်းတလှည့်ရှိနေမြဲ။ လှိုက်ငင်တက်၍လာသော တိမ်တို့ကို မျှော်လင့်အားကိုးမိသေးသည်။ သို့သော် သူတို့မှာလေပြည်နုနု ပြုသမျှခံရသည့်ပုံနှင့် မကြာမတင် တိမ်စင်ပြေးသည်ချည်းသာ…

တဖြည်းဖြည်းသွေ့ခြောက်လာခြင်းကို အရာခပ်သိမ်းမှ သိမ်းကျုံးခံစားနေရသည်။ အမြင်အားဖြင့်လည်းကောင်း၊ ခံစားမှု အားဖြင့်လည်းကောင်း သရုပ်ပီပီကို အတိုင်းသားမြင်မိ တွေ့ထိမိသည်။ လှသော၊ ယဉ်သော အရာတို့ ခဏတာ ငုံ့လျှိုးနေပြီ။ ခိုင်ကျည်သော စိတ်ဖြင့် ထိုအဖြစ်အပျက်ကို ကြည့်ရင်း မျှော်လင့်မိသော စိမ်းလန်းခြင်းကို ရည်သည်။

အကိုင်းထက်က အရွက်တို့ကို လက်ဖြင့် တို့ထိကြည့်သောအခါ မုန့်လေပွေကို ထိသည့်နှယ်ရှိသည်။ အနှီနှယ် ပန်းပွင့်ငယ်တို့ဆို အသို့ရှိမည်နည်း။ ပူလောင်မြိုက်ရင်း ပွင့်မှပွင့်ကြပါမည်လော။ အရိုးပြိုင်းပြိုင်းထနေသော သစ်ပင်ငယ်တို့ တကျွီကျွီမြည်တမ်းရင်း အချင်းချင်း စုပ်သပ်နေကြပြီ။  အရွက်၏ ကျွတ်ဆတ်ခြင်းသည် အရိုးသို့ပင် ကူးလာနိုင်သည် မဟုတ်ပါလား…..
အဆုံးစွန်တွေးတောခြင်းဖြင့် အရာအားလုံး ခြောက်သွေ့သွားခဲ့လျှင်…ကျိုးကြေမွနေသော အစိတ်အပိုင်းတို့သည် အစောက လွင့်နေသော ရွက်ကြွေတွေလို လွင့်နေနိုင်မည်။ ထိုသို့ဖြစ်လျှင် မိမိကိုယ်တိုင်လည်း လွင့်ကြွေသွားလိုက်ချင်သည်။ သွေ့ခြောက်မှုနောက်တွင် ခမ်းခြောက်လာသော ခံစားချက်များနှင့်အတူတကွ မနေခဲ့လို။ စိမ်းစိုလန်းဆန်းခြင်းဖြင့် ဘ၀ကို အနက်ဖွင့်လိုပါသည်.

ခမ်းနားသော အတိတ်လည်း မရှိခဲ့သူမို့ လေနှင်ရာ လွင့်လိုက လွင့်ပါနိုင်သည်။ ဆိုင်းဘုတ်ကြီးများကြောင့် လေးလံမှု အလျဉ်းမရှိ။ မုန်းသူတို့ အမျှင်မပြတ်ဆွဲခဲ့သော် ထိုသူတို့လက်တွင် မွမွကြေခြင်းဖြင့် အကြင်သူတို့ ဒေါသကို ငြိမ်းစေလိုသည်။ မေ့ပျောက်လိုသည်မှာ ခြောက်သွေ့ခြင်းသက်သက်သာ ဖြစ်သည်။ ရင်နှင့်ခံစားသူကား တနင့်တပိုးပင်။

နှုတ်ခမ်းများဖြင့် ပြုံး၍ကြည့်နိုင်သူသည် နိုင်သသူ ဖြစ်နိုင်သည်။ သွေ့လျော်နေသော ဘ၀မှာ အနိုင်အရှုံးကား အဓိကမမြည်။ ချိုးချိုးချွတ်ချွတ်သံကြားတိုင်း ပြုံးသောသူ လှမ်းလာလေသလားဟု မျှော်ရသည်။ ထိုသူကားနင်း၍ လာချေပြီ။ သူနင်းသမျှသည် အစိတ်စိတ်ကြေမွပြီးနောက် လွင့်နေသော အပိုင်းအစများဖြစ်ရာ…….. 

PS-ရာသီဥတုသည် ပူသည်။ တနေ့က နာကျင်စွာ ရီမောရသော အဖြစ်သည် ခြောက်သွေ့ခြင်း၏ အစွမ်းကုန်လေပြီ