11 March 2010
အိမ်အပြန်
နှုတ်ခမ်းက တတွတ်တွတ် ရွတ်ရင်း ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲ။ ဒီအိမ်ပြန်ခရီးကို ဖြစ်နိုင်ရင် အမြန်ဆုံးဖြစ်စေချင်မိတာပါ။
မောင်းနေတဲ့ လေယာဉ်ပျံက စိတ်ထဲမှာ အနှေးဆုံးယာဉ်တစ်ခု ဖြစ်နေပြန်တယ်။
ဟော…ရောက်ပြီ နိုင်ငံတကာလေဆိပ်အသစ်ကြီးဆီကို။ ဖြတ်စရာ ကျော်စရာတွေကို ခပ်သုတ်သုတ်ဖြတ်တယ်။ ကျနော့အိမ်ပြန်ခရီးက ဒီမှာမဆုံးသေးဘူးလေ။ တစ်ယောက်တစ်လက်ဝိုင်းဆွဲ နေကြသူတွေကို ရှောင်ရင်း အငှားကားတစ်စီးကို အမြန်ငှား။ အောင်မင်္ဂလာ အဝေးပြေးကွင်းကို မောင်းပါ။
ကျွန်းဆွယ် လက်မှတ်ကျန်သေးလား။
ထိပ်တန်း….
အေးချစ်မြိုင်…..
ပေလေးပင် ကားကော…….
အလယ်ခုံရရ။ ယုတ်စွ မတ်တပ်ပဲလိုက်ရ လိုက်ရ။
ညနေ ၅နာရီမှ အောင်မင်္ဂလာ အဝေးပြေးက ခွာခဲ့ရတယ်။ အိပ်လို့မဖြစ်သေးဘူး မှော်ဘီကျောင်းလေး အလွမ်းပြေ ငေးကြည့်ချင်သေးတယ်။ ရေအိုးစင် အလယ်ဂိတ် ကားမှတ်တိုင်တွေကို နားထဲက ကြားယောင်ရင်း ကျောင်းသားဘ၀ပုံရိပ်တွေ မြင်လာပြန်ရော။ ခရီးပန်းနေပြီ အိပ်မှလေ။ မျက်တွင်း ဟောက်ပက်ဆို အမေစိတ်ပူနေလိမ့်မယ်။
တိုက်ကြီး ဥက္ကံ သုံးဆယ်………..
ပြည်ကို မြို့ပြင်ကပဲဖြတ်သွားတယ်။ ခရီးတစ်ဝက်ကျိုးပြီ။
အခုလမ်းကတောင်တွင်းက မဟုတ်တော့ပြန်ဘူး။ မြို့ရှောင်လမ်းသစ်မှာ ဖုံတွေက တလူးလူး။ တံခါးတွေပိတ်ပါ အော်နေတယ်။ ထူးထူးဆန်းဆန်း နှာခေါင်းစွပ်တွေ ဝေနေပါလား။ တံခါးတွေပိတ်တော့ လေမ၀င် အသက်ရှူမ၀လို့ တဗြဲဗြဲ အော်ငိုနေတဲ့ ကလေး ငိုသံက ဆက်အိပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။
သစ်ရာကောက် ဖြတ်သေးလား သတိမထားမိ။ မိကျောင်းရဲကို ရောက်တော့မယ် တဲ့။
စက်လှေဆိပ်ကို ရောက်ပြီ။ မြူနှင်းတွေကြားထဲက မြသလွန်ကို မှုန်ပြပြ ဖူးရပြီ။ အိမ်ကို ရောက်တော့မည်။ ဇက်ပေါ်မှာ တွေ့ရတဲ့ စက်ရုံက ဆေးရုံကား။ အိုး….တန်ဖိုးရှိလိုက်တာ။ ဦးရွှေလုံး ကျနော့ကို အိမ်ပြန်ပို့ပေးပါ………
အနားနီးလေလေ လူက မြောက်ကြွကြွ ဖြစ်ချင်လာလေ။ မင်းလှ- မလွန်ဆိုင်းဘုတ်ကို ကြည့်ရင်း လွန်တဲ့ ဆယ်နှစ်ကျော်က မာရသွန်အပြေးခရီးကို မြင်ယောင်မိတယ်။ သူငယ်ချင်းတို့ရေ အခုလည်း ငါတို့ ကိုယ့်လမ်းခရီးမှာ ကိုယ်စီပြေးနေကြရပြီ။ မောပန်းလို့ လှမ်းကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မမြင်ရအောင် ဝေးကွာလို့။
အရင်လို မတ်မတ်ဖြစ်နေဆဲ တောင်ကုန်းထိပ်မှာ ကျနော်တို့ ဆောက်ခဲ့ဖူးတဲ့ ဇရပ်ငယ်လေး။ သောက်ရေအိုးကော ရှိပါသေးရဲ့လား။ အဘအုန်းလုပ်ပေးတဲ့ အုန်းမှုတ်ခွက်လေးက အတိုင်းသား။
မြင်ကျတောင် စေတီကို ဘောစကိုင်းပင်တွေကြားမှာ ဖူးတွေ့ရသည်။ ဓမ္မိကဆရာတော်ကို လှမ်းဦးချအပြီးမှာ သံကန်တွေကို မြင်ရပြီ။ ဒါ Jetty။ ဖေက ရေသန့်ကိုပြောင်းနေပြီဆိုတော့ ဒီဖက်အခြမ်းမှာပဲပေါ့။
အမှတ် ၁ ဂိတ်ကို ဖြတ်ပြီး 800 စကေးဆီကို ချိုးသွားပြီ။ Topper ရှေ့က အဖြတ်မှာတော့ ကျောက်မီးသွေး မှုန်တွေက လမ်းကို မည်းသည်ထက် မည်းအောင် ခြယ်ထားကြသည်လေ။
အိမ်ကို မြင်ရတော့မည်.
စိတ်လှုပ်ရှားစွာ လည်ပင်းကို ဆန့်ကြည့်တော့ ခြံစည်းရိုးကို မြင်နေရပြီ။ အိမ်ရှေ့က သရက်ပင်..အသီးလေးတွေတောင်တွဲလဲခိုလို့။ kiss me quick တွေလည်း နေရောင် အောက်မှာ အတိုင်းသား ဖူးပွင့်လို့။ အခန်းတွေနဲ့ ကပ်လျက်ပေါက်နေတဲ့ ဇွန်ပန်းတွေ စင်္ကြာပန်းတွေလည်း ရုံလိုက်ကလေးတွေ ငုတ်တုတ်စောင့်နေကြတယ်။
ဝင်ဝင်ချင်း ညာဖက်က ငှက်ပျောတန်း။ တစ်ချက်ကျနော် ရီမိသွားတယ်။ မေဈေးသွားမယ်ဆိုတိုင်း ကျနော့ကို ရေလောင်းဖို့ မှာတတ်ပြီး ကျနော်က ရေပိုက်ကို ချထားပြီးရင် ဘယ်တော့မှ နေရာရွှေ့ဖို့ သတိမရတတ်။ အိပ်ခန်းထဲမှာ ရုပ်ရှင်ကြည့်ရင်း စာအုပ်ဖတ်ရင်း ရေလောင်းတတ်စမြဲမို့ အမြဲ အဆူခံထိနေကြ။ အခုကော အဆူခံထိတော့မယ်လေ။
မာလကာပင်တွေကလည်း တီးတိုးနှုတ်ဆက်ကြတယ်။ သူတို့ အသီးတွေကို ခူးမယ့်သူလာပြီလေ။ စံပယ်ပန်းတွေ ခူးပြီးသွားပြီပဲ။ လေးရုံလုံး အဖူးတွေပဲကျန်တော့တယ်ကော။
အိမ်ရှေ့ဆင်ဝင်အောက်က အသားတံခါးလေးကို ဖွင့်ပြီး ဘဲလ်ကို ခပ်သွက်သွက် နှိပ်ချလိုက်တယ်။ လာကြပါတော့ဗျိုးးးးးးးးးးးးးးးးးးးးး။
တံခါး မှန်ပေါက်ကနေချောင်းကြည့်တယ်။ ဧည့်ခန်းစားပွဲပေါ်မှာ ပေါ်ပြူလာဂျာနယ်တွေ မြင်နေရတယ်။ ဆွမ်းခံကြွလာမယ့် ဆရာတော်တွေအတွက် ထိုင်ခုံမှာ အခင်းလေးတွေ မြင်ရတယ်။ ဘုရားခန်းက ခန်းဆီး လေတိုက်လို့လွင့်လာတာလည်း မြင်နေရတယ်။ ထမင်းစားခန်းက အုပ်ဆောင်းအောက်မှာ မေချက်ထားတဲ့ ဟင်းပူပူတွေရှိနေမယ်ထင်တယ်။ တောက်လျှောက်မြင်နေရတဲ့ မီးဖိုချောင်ကို လှမ်းမျှော်ကြည့်တယ် အရိပ်အယောင်တောင် မတွေ့ရဘူး။
အိမ်နောက်ထဲက ကန်ဇွန်းခင်းထဲမှာလား။ ချဉ်ပေါင်ရွ့က်တွေ ခူးနေတာလား။ သစ်ခွတွေပွင့်တာကို ငေးနေပြန်ပြီလား။ မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ လက်ထဲက အိတ်က လေးလံလွန်းနေခဲ့ပြီ။
အမေ………သားအိမ်ပြန်လာပြီလေ။
အခုတလော ကျနော် စိတ်ကူးထဲကနေ အိမ်ကို ပြန်နေခဲ့တာ အကြိမ်ပေါင်း တစ်ထောင်မကတော့ဘူး…………..
23 February 2010
22 February 2010
တံခါး
တခါတရံမှာ
အဆီးအတားဖြစ်သလို
တခါတရံမှာ
အရန်အတားလည်းဖြစ်နေပြန်တယ်
ငါ တံခါးချပ်တွေကို
ဟင်းလင်းဖွင့် ထားခဲ့မိတယ်
တံခါးချပ်တွေကို ဟင်းလင်းဖွင့်ထားခဲ့မိတယ်……………
18 February 2010
သို့/
မောင်……………..
အိမ်ရှေ့က သစ်ရွက်ကလေးတွေလေတိုးနေကြပြီ။ ဒီသစ်ပင်လေးတွေ ဖြတ်ခနဲလှုပ်ခါသွားတိုင်း နှင်းအပြေးအလွှားထကြည့်မိတယ်။ မောင်ပြန်လာပြီဆိုရင် ဒီသစ်ပင်လေးတွေအောက်ကနေ တိုးဝင်လာမှာမဟုတ်လား။ မောင်ပြန်လာမယ် မဟုတ်လားဟင်…………..
နှင်း မောင့်ကို စောင့်နေတာ သုံးနှစ်ကျော်လို့ လေးနှစ်စွန်းပြီလေ။ မောင်တစ်ယောက် မေ့ပျောက်နေခဲ့ပြီလား။
နှင်း…မောင့်ကိုမတားနဲ့။ မောင့်မှာဥာဏ်စွမ်းရှိတယ်၊ မောင့်ခြေမောင့်လက်နဲ့ သာယာတဲ့ဘ၀တစ်ခုဖြစ်ဖို့ ဒီခရီးကိုမောင် သွားမှဖြစ်မယ်။
ဒီစကားတွေ ဒီသစ်ပင်လေးတွေအောက်မှာပဲ နှင်းကြားခဲ့ရတယ်။ မောင် ဒီသစ်ပင်တွေလေတိုက်တိုင်း ဒီစကားတွေ ပြန်ကြားနေရတာလား။ သစ်ပင်လေးတွေက ပြန်ပြောတတ်သတဲ့လား။
ဒီမှာနေလို့မောင်တို့ မိသားစု ဘယ်လိုမှ ကောင်းစားမှာမဟုတ်ဘူး။ အတန်တန်တားတဲ့ကြားက မောင်ရယ်။ အေးအတူပူအမျှ မရှိအတူရှိအတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားကြရအောင်ဆိုတာကို. နှင်းတို့အတွက် နှင်းတို့ကောင်းစားဖို့အတွက် ၀င်ငွေကောင်းကောင်းရှာနိုင်မယ့် ဟိုးခရီးကြမ်း (ခရီးဝေး) တစ်ခုကို သွားပါရစေတော့ဆိုပြီး ဇွတ်တင်းသွားခဲ့တာလေ။
မောင်ပို့တဲ့ငွေတွေ ရပါတယ် မောင်။ မောင်ရေးတဲ့စာတွေလည်း နှင်းဖတ်ရပါတယ်။ မောင်နေသာရဲ့လား အဆင်ပြေရဲ့လား နှင်းလေ ဘုရားမှာလည်း အကြိမ်ကြိမ်ဆုတောင်းပါတယ်။ သူတော်ကောင်းမို့နတ်ကောင်းမစေကြောင်းပေါ့။
သတင်းဌာနတွေကနေ သတင်းဆိုးတွေကြားတိုင်း မိနှင်းတစ်ယောက် ပူဗျာဗွေနှောက်ရတယ်မောင်။ မောင်နေတဲ့အရပ်မှာလား မောင်သွားတဲ့ခရီးမှာလား မှန်းမျှော်ပြီး ပူရတဲ့အလုပ်က ဒီမှာနေပြီး နေ့တိုင်းလုပ်ရတဲ့အလုပ်ဖြစ်နေပြီမောင်။
မောင်ရေ တစ်နှစ်တစ်ခါလောက်များပြန်လာပါတော့လားလို့ ပြောမိပြန်တော့။ ၀င်ငွေလေးရှာနိုင်တုန်း ရှာပါရစေဦးတဲ့။ နှင်းတင် မျှော်တာမဟုတ်ပါဘူးမောင်ရယ် အိမ်ရှေ့က သစ်ပင်လေးတွေကလည်း မျှော်ပါတယ်။ သူတို့ကို ပွတ်တိုက်သွားပြီး အိမ်ထဲဝင်မယ့် အိမ်ရှင်ကို သူတို့လည်း မျှော်ကြမှာပေါ့။
လူကြုံလေးများရှိရင် ကျော်လှော်ပြီး ချက်ပြုတ်ပေးဖို့ မိနှင်းအဆင်သင့်ပါမောင်။ ပေးချင်တဲ့ ပစ္စည်းကများပေမယ့် လူကြုံမျက်နှာကလည်းရှိသေးတာမို့။ တခါကနှစ်ခါ မငြိုငြင်ရအောင် သယ်တဲ့သူ ကြည်ဖြူဖို့အရေးလည်း ကြည့်ရသေးတယ်။ လူကြုံတစ်ခါယူဖို့အရေး ဝေးလံတယ်လို့များ မဆိုလိုက်ပါနဲ့။ ပင်ပင်ပန်းပန်း မီးဖိုခန်းက မထွက်ပဲ ချက်ပြုတ်ပေးလိုက်တာမို့ ဆက်ဆက်ယူစေလိုပါတယ်။
မောင် အဲ့ဒီအရပ်မှာ ပျော်နေခဲ့ပြီလား။ နှင်းကိုရော မေ့နိုင်နေပြီလား။ အင်းလေ အလုပ်က ပင်ပန်းတယ်ဆိုတော့လည်း ထွေရာလေးပါး တွေးမယ်မထင်တတ်တော့ပါဘူး။ တစ်ရက်တစ်ရက် ဇယ်ဆက်သလို လုပ်နေရတယ်ဆို။ အခက်အခဲတွေ တွေ့တိုင်း ဘုရားတရားသံဃာ့ ဂုဏ်တော်တွေကို သတိရပါနော်။
သစ္စာတရားကို မြဲမယ့်လူလို့ နှင်းတော့ယုံကြည်ထားပါတယ်။ ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုးလို ခိုင်ခိုင်ဆောက်တည်ပါမောင်။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ပျက်ပြားစေမယ့် အပြုအမူမျိုးလည်း ရှောင်ကြဉ်စေချင်တယ်။
ဖျားနာခဲ့ရင်လည်း ဒီက ပေးတဲ့ဆေးလေးတွေနဲ့ နွေးနွေးထွေးထွေးနေပါ မောင်။ ညကြီးမိုးချုပ်တော့မှ ရေမချိုးနဲ့နော်။ ရာသီဥတုအေးရင် ရေနွေးလေးနဲ့ပဲ ရေပတ်တိုက်ပါ။ ချောင်းအရမ်းဆိုးတတ်လွန်းတော့ အအေးစာတွေ မစားပါနဲ့လား။ ရေကိုကျိုသောက်နော်..
နှင်းအတွက်တော့ မပူပါနဲ့မောင်။ ကိုယ့်အရပ်ဒေသမို့ အရေးဆို ပြေးကူမယ့်သူများပါတယ်။ အဖေနဲ့အမေကိုလည်း နှင်းစောင့်ရှောက်ပါတယ်။ အတွင်းက အပူကိုလည်း အပြင်မထုတ်သလို အပြင်က အပူကိုလည်း အတွင်း မ၀င်အောင် နှင်း စောင့်ထိန်းပါတယ်။
မောင် ပြန်လာမယ် ဆို မြန်မြန်ပြန်လာပါတော့နော်။ သစ်ရွက်တွေ မကြွေခင်ပေါ့………
နှင်း
တနေ့က ပြတိုက်တစ်ခုကို ရောက်ပါတယ်။ ပြတိုက်ထဲက စာတစ်ကြောင်းရယ် တစ်ချို့ပြကွက်တွေက ကျနော့ကို ခံစားမှုတစ်ခုပေးခဲ့တယ်။ ဒီခံစားမှုကို မရေးတတ်ပဲ စာတစ်ပုဒ်အဖြစ် ရေးခြစ်လိုက်ပါတယ်။ အဝေးရောက် အမြင့်ပျံငှက်တိုင်း ကိုရည်ညွှန်းပါတယ်ခင်ဗျာ။
စာတစ်ကြောင်းက ဒီစာပါ
ပြကွက်က နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်မယ့် ယောင်္ကျားကို မိန်းမက အတား၊ ယောင်္ကျားဖြစ်သူက မိန်းမရေ မင်းတို့အတွက်ငွေရှာပေးမယ် သွားခွင့်ပြုပါ ဆိုပြီး ပြန်ရေးပေးခဲ့တဲ့ စာလေးပါ။
ပြီးတော့ The painted veil ရုပ်ရှင်ထဲက စာလေးတစ်ကြောင်း
Sometimes the greatest journey is the distance between two people.
10 February 2010
အထီးကျန် အလွမ်းတေး
06 February 2010
01 February 2010
အရူးအမူး လေဒီယို
ခင်ဗျား တို့ လေဒီယိုနားထောင်ဖူးသလား…..
ကျုပ်ကတော့ အဲ့ဒီလေဒီယိုဆိုလား ဘာဆိုလား ကျုပ်ဆီရောက်လာကတည်းက စွဲလမ်းသွားခဲ့တာ အရူးအမူးဆိုပါတော့ဗျာ……..
အဲ့ဒီလေဒီယိုလေးက ချန်နယ်ဆိုသဟာလေး ရွှေ့လိုက်ရင် အသံတွေလည်း လိုက်ပြောင်းသဗျ။ ကျုပ်နားထောင်နေကြ ချန်နယ်တွေ ကျုပ်ကမှတ်ထားတာပေါ့။ တောသားဆိုပြီး ဘယ်လိုမှတ်သလဲ အထင်မသေးလိုက်ပါနဲ့။ ကျုပ်မှတ်ထားတာ ဟောဟို အစနားက မနက်ခင်း ဖွင့်ဖို့။ ဟောနားနည်းနည်းရွှေ့ရင် နေ့လည်ခင်း။ တောင်နားကနေ မြောက်နားဆို ညနေခင်း အစီအစဉ်။
လေဒီယိုလေးရှိတာ အပျင်းတော့အပြေသား။ ကျုပ်တော့ သူနဲ့တင် တစ်နေကုန်သာပါပဲ။
မနက်ခင်းဆိုလည်း မနက်ခင်းရယ်မို့ ၁ ၂ ၃ ၄ တစ်မျိုးပြောင်းဆိုလည်း ပြောင်းလိုက်တာ။ နံနက်ချိန်ခါတေးသံသာများကို ထုတ်လွှင့်ပါတော့မယ်ဆိုလည်း အပြေးအလွှား။ ဖေဖေလည်းချမ်းမြေ့ပါစေ မေမေလည်းချမ်းမြေ့ပါစေဆိုတော့ ကျုပ်မလည်း ချမ်းမြေ့တာပေါ့ဗျာ။ ဒီမနက် မနက် ပီယ၀ါစာ အသံလေးမှ မကြားလိုက်ရရင် တနေကုန် နေလို့ထိုင်လို့ရယ် မကောင်းတော့ဘူး။ မနက်စာမစား ရသလို ကတုန်ကယင်ကြီးကို ဖြစ်လို့။
နေ့လည်ခင်းကျတော့လည်း နေ့လည်ခင်းအလျောက်ပါပဲ။တစ်ယောက်တည်း သောင်သောင်သာသာရှိအောင် ရသေ့စိတ်ဖြေနေရတာပေါ့။ အလွမ်းဇာတ်တွေခင်းတဲ့အခါများဆို ကျုပ်မှာ မျက်ရည်တွေကျလို့ပေါ့။ မင်းသားမင်းသမီးများ ပေါင်းကြလေသတည်းဆို လက်ခမောင်းခတ်အောင် ပျော်မိပြန်ရော။ ထိုးပဟ ကြိတ်ပဟဆိုတော့လည်း ဘေပုံထိပုံဒီ ပါးစပ်ဆိုင်းလေးပါ ကျုပ်ကထည့်တီးလိုက်သေးတာ။ စုံထောက်ဇာတ်များဆိုပြန်တော့ ဟိုလူက တရားခံလိုလို ဒီလူက တရားခံလိုလို ကိုယ်ကတောင် ၀င်ထောက်လှမ်းနေမိသေး။ အသံနဲ့တင်ကြောက်ဖို့ကောင်းတဲ့ သရဲတစေဇာတ်ဆိုပြန်တော့ ကြောက်ကြောက် ကြောက်ကြောက်နဲ့ ခုံအောက်ကပဲ လက်ဝင်လာမလား ညအိပ်နေတုန်း ခြေထောက်ပဲလာဆွဲလေမလား တကယ့်အသည်းတယားယား။ ပြောလို့ပြောတာ မဟုတ်ဘူး ဒီလေဒီယိုလေးရှိနေလို့သာပါ။ မဟုတ်လို့ကတော့ ကျုပ်ဘ၀က နွေရာသီမှာ မြင်ရတဲ့ တောင်ကတုံးသာသာရယ်ပါ။
ညနေခင်းဆိုပြန်တော့ ဘယ်သူမှ ဘယ်သူသို့ တေးသ၀ဏ်လွှာတွေ။ ဘယ်တော့ ကျုပ်အတွက် ပါမလဲ စောင့်နားထောင်မိသေးတာ။ လားလား တောင်ရွာက မိအေးက မြောက်ရွာက သာဂိကို စာဥသီချင်းတောင်းထားပါလားပေါ့။ သူငယ်ချင်းတွေက ကျုပ်ကို စကြသေးတယ် မင်းအတွက်သီချင်းက မနက်ဖြန်သို့မဟုတ် ဘယ်သောအခါ ငါတို့တောင်းပေးမယ်တဲ့လေ။
ဒါတင်ပဲလားဆိုတော့ ဘယ်ကမလဲ သတင်းစုံလင် အချိန် တုံ တုံ တုံ တုံ တုံတတုံ တုံ တုံ့ တုံ တုံဆိုတော့လည်း တိုင်းရေး ပြည်ရေး ကျုပ်က ဝင်ဆွေးနွေးရသေးတယ်။ သတင်းထူးပါတယ်ဆိုရင် ကျုပ်က အစ တစ်ရွာလုံး အဆုံးပေါ့။ ဘကြီးမောင် ကွမ်း အစ်နားကပ်ပြီး ဘကြီးမောင်ရေ စီးပွားရေးက ဘယ်သို့ ဒီနှစ် စပါးတွေလှောင် နှမ်းတွေလှောင်နဲ့ ယောင်တောင်ပေါင်တောင် လုပ်တတ်သေးတာကိုး။ ပြောပြောဝါးဝါး ကွမ်းငါးယာလောက် အာစောင်ထဲထည့် တဗြောင်းဗြောင်းမြည်အောင် ၀ါးတာ အရီးမြတို့က ဆန်ကြိတ်ရင်ငှားချင်သာ ဒီပါးစပ်လို့ ပြောမှ ရပ်တော့တာသာ ကြည့်တော့။
ညဖက်ဆိုတော့ ညချမ်းတေးနုယဉ်လေးနဲ့ပေါ့။ ကျုပ်အကြားချင်ဆုံး သီချင်းတွေ ကျုပ်လေ နေ့တိုင်းကို ကြားချင်မိသာ။ ဒီသီချင်းလေးမှ မကြားရရင် ဘ၀င်မကျသလို အိပ်လို့လည်း တယ်မပျော်ဘူး။
အခုတော့ ကျုပ် စားမ၀င် အိပ်မပျော်တာ တစ်လလောက်ကြာခဲ့ပြီ။ ကျုပ်လေဒီယိုလေး ပျက်သွားလို့ ဘက်ထီဆိုလား လောင်တယ်တဲ့လေ။ တစ်လကိုးသီတင်း ဖွင့်ချင်တိုင်းဖွင့်တဲ့နောက် သူကလည်း ချူချာလာမှာပေါ့။ မြို့က ဆိုင်မှာ မထားချင်ထားချင်နဲ့ အပ်ထားခဲ့ရတာ။ ပြန်သာပြန်ခဲ့ရတယ် ကျုပ်စိတ်က အဲ့ဒီနားမှာ အခုချိန်ထိ မပြန်သေးဘူး။
မြို့သွားတဲ့လူကြုံတိုင်း ကျုပ်လေဒီယိုလေး ပြင်ပြီးပလား တခုတ်တရမှာရတာအမော။ ခလောက်သံကြားတိုင်း သူတို့တော့ ယူလာပဟဲ့လို့ အပြေးအလွှားကြိုမိလို့ အမေကတောင် မျက်စိနောက်တယ်။ မနက်ဆွမ်းခံကြွတဲ့ ဆရာတော်တွေ နေပူမစိုးလို့ ဆွမ်းလောင်းကူပါဟဲ့ဆိုရင်တောင် အဲ့လောက်မမြန်ဘူး။ တကတည်းတော် လို့အော်တတ်တယ်။
ကျုပ်ကလည်း ကျုပ်ပါပဲ။ ဘုရားရှိခိုးပြီးလို့ အမျှဝေဆုတောင်းရင်တောင် လေဒီယိုလေး မြန်မြန်နေကောင်းပါစေလို့ ထည့်တောင်းနေကျ။ ဒါမှ ကျုပ်ဆီ လေဒီယိုလေး မြန်မြန်ပြန်လာနိုင်မှာလေ။
တနေ့က ရွာဦးကျောင်းက ဆရာတော် ခေါ်ဆူပါသေးတယ်။ ပစ်စည်းသင်ခါရ လူသင်ခါရတဲ့ (ကျုပ်မှတ်ထားတဲ့ စာအုပ်ထဲကစာအတိုင်းရေးလိုက်တာပါ)။ ဒကာ ပိန်သထက်ပိန်လာပြီ စိတ်ကိုလျှော့လေတဲ့။ တင်ပါ့ဘုရားလို့ ပါးစပ်က ခပ်သွက်သွက် လျှောက်လိုက်ပေမယ့် စိတ်ထဲကတော့ လူပျိုကြီးဖြစ်တဲ့ ကျုပ်ဘ၀မှာ ဒီလေဒီယိုလေးပဲ ချစ်ပါရစေလို့ ချေပနေလိုက်တာ တောက်လျှောက်ဆိုပါတော့….
ဆရာတော်မသိအောင် ပြန်လာတဲ့ တစ်လမ်းလုံး တိုးတိုးသက်သာ ရွတ်နေခဲ့တာ ကျုပ် လေဒီယိုလေး မြန်မြန်နေကောင်းပါစေလို့.....
07 January 2010
မချိသော်လည်း……….
ငါ့မြေမှာ ဖြစ်ကြည့်ပါလား
ချာခနဲတောင် လှည့်ပစ်လိုက်မယ်
အင့်ခနဲနေခဲ့တယ်
ငါ့မြေမှာ ပြောကြည့်ပါလား
ငါ့ခွန်အားနဲ့ ပြန်ပြောမယ်
ထင့်ခနဲ ဖြစ်ခဲ့တယ်
ကန့်လန့်ကာ နောက်ကွယ်က
ငါ့အရိပ်တွေ စီလို့
ဒီအရိပ်တွေ လှဖို့
ငါ့စိတ်တွေချမှ
သြော်
မချိသော်လည်း………
(စိတ်တိုနေတာမို့ ငါလို့ သုံးနှုန်းမိပါတယ် စာဖတ်သူများကို တောင်းပန်အပ်ပါတယ်ခင်ဗျာ)
05 January 2010
ပါးနဲ့ စိတ္တဇ
အတွေးဆိုတာ အတွေးသက်သက်ပဲ ရုပ်ရယ် နာမ်ရယ် ရှိမယ်လို့ မမျှော်လင့်ပါနဲ့။ ရေးထားသမျှတွေ အားလုံး စိတ်ကူးသက်သက်တွေပေါ်ကို အခြေခံပါတယ်။
မှန်ရှေ့မှာ ရပ်ရင်း အင်း ဒီနေ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကို ရှင်းလင်းရဦးမှာပဲ ဆိုပြီး။ ပါးနှစ်ဖက်ကို ပွတ်နေသခိုက်………………..
ဟင့်အင်း ငယ်လေး ဒီ after shave အနံ့ကို မကြိုက်ဘူး အစ်ကို…….
အိုခေ ကို့ငယ်လေး စိတ်တိုင်းကျစေရမယ်။ ဒါပေမယ့် အခုတော့ လက်ထဲက ဓါးနဲ့ ကိုယ့်ကို မရှအောင် ဂရုစိုက်ပေးဖို့ပဲ။
အင်းပါ အင်းပါ လူက ရုပ်ဆိုးပါတယ်ဆို ဒီအမွှေးအမှင်တွေ ရိတ်သင်ဖို့ အမြဲပြောဆိုနေရတယ်။ ကဲ လာထား တစ်ခါတည်း နောက်တစ်ခေါက် ထပ်မပေါက်အောင် ဓါးနဲ့ လှီးထုတ်လိုက်မယ်။
တကယ်လား ငယ်လေး…. လုပ်လိုက်လေ တစ်သက်လုံးစာ တာဝန်ယူမယ်ဆို လုပ်လိုက်ပေါ့။ ဖိုးကျိုင်းတုတ်ဖြစ်ပြီကွ။
အိုးလူလည်…….
ပျော်ရွှင်ဖွယ် အချိန်တွေကို သတိရမိရင်း တစ်ယောက်တည်း သဘောကျနေမိတယ်။ မှန်ထဲက ကိုယ့်အရိပ်ကို ကြည့်ရင်း အနားမှာ အမြဲမနိုင်ရှိတဲ့ တစ်စုံတစ်ရာကို ဖန်ဆင်းပေးဖို့ ဆုတောင်းနေမိပြန်တယ်။
အနောက်က ရေနွေးငွေ့ကြောင့် မှုန်မှိုင်းလာတဲ့ မှန်မျက်နှာပြင်ကို အတင်းပွတ်နေမိတယ်။ မေ့လို့ တကယ်က heater မှ မဖွင့်ရသေးတာ။ ဟာ မဟုတ်ဘူး တကယ် မှုန်မှိုင်းလာတာ မျက်လွှာကြည်ကပါလား။ ဟာကွာ မင်းဟာလေ တကယ်ကို ပျော့ညံ့လွန်းတယ်။ ရစ်ဝိုင်းပြီး တွဲလဲခိုနေတဲ့ အရည်ကြည်တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ကိုယ့်ကို သတိပေး နေမိတယ်။
လေတစ်ချက်အသုတ်မှာပဲ….မှန်ရဲ့ ဟိုးအနောက်ဖက် ဆီကို အတွေးတွေ ရောက်သွားတော့တယ်။
ငယ်လေး ဘ၀မှာ အစ်ကို့ကို အချစ်ဆုံးပါ။ ငယ်လေး အတွက် အစ်ကို မရှိရင် မဖြစ်ဘူး။ သီချင်းတစ်ပုဒ်က အနောက်က ပျံလွင့်နေခဲ့တယ်..ယုံတမ်းစကားတွေကိုလည်း ယုံစားမိလို့ မောင်မှားခဲ့ပါတယ် တဲ့။
ရုပ်ဆိုးတဲ့ ကိုယ်လိုလူအတွက် ငယ်လေးကလွဲရင် တစ်ခြားလည်းမရှိပါဘူး တစ်ခြားလည်း မကြည့်ခဲ့သလို ငြိတွယ်စရာလည်း မရှိခဲ့ပါဘူး။ ကိုယ့်အပါးမှာ ငယ်လေးမှတစ်ပါး အခြား မရှိခဲ့တာမို့ပါ။
အသက်အရွယ်ငယ်တယ် လှပတယ် သွက်လက် ထက်မြက်တဲ့ ငယ်တို့လို အရွယ်အတွက် ပျားပိတုန်းက ၀ိုင်းအုံနေမှာပါပဲ။ သဘာဝရယ်မို့ လွန်ဆန်လို့ မရတာ ကိုယ်သိပါတယ်။ ငယ့်အနားက ငယ့်အလိုဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ လူတွေကြားမှာ ကိုယ်က သိပ်သိမ်ငယ်လွန်းတယ်။
အခု ကိုယ်သိပ်စိုးရိမ်နေတာ တစ်ခုရှိတယ်ငယ်။ ဒါက ကိုယ်နမ်းမွှေးနေကြ ငယ့်ပါးကလေးတွေကို သူတစ်ပါး နမ်းမွှေးသွားမှာကိုပါ။ ဒီလိုလူတစ်ယောက်က စိတ္တဇ ဆန်တယ်ပဲပြောမလား အတ္တကြီးလွန်းတယ်ဆိုမလား ငယ်။ ဒီအခွင့်အရေးကို ကိုယ်တစ်ယောက်ပဲလိုချင်မိတယ်။ ပြီးတော့ ပြီးတော့ သူများနမ်းတဲ့ ပါးနှစ်ဖက်ကို ကိုယ်….ကိုယ်………စိတ်မရှိပါနဲ့ ငယ် ကိုယ်မသတီဘူး။ ဒါကိုယ့် စိတ္တဇပါ။ တကယ့်ကို စိတ္တဇပါ။
တစ်နေ့က ငယ်လေး ကောင်လေးတစ်ယောက်နဲ့ သွားတွေ့တယ်တဲ့။ တွေ့တယ်တဲ့ဆိုတဲ့နောက်မှာ ဘာတွေဖြစ်ခဲ့ကြမလဲ။ ဒီကောင်လေးက ငယ့်ကို သဘောကျနှစ်သက်တဲ့အထဲက တစ်ယောက်မဟုတ်လား။ ပြီးတော့ ငယ်တို့နှစ်ယောက်တည်း တွေ့ခဲ့ကြတာ။ ခက်တယ်ငယ်ရယ်။ ခက်တယ်။
ကောင်ကလေးက ငယ့်ပါးကို ထိလိုက်သေးလား။ ပြီးတော့ ကော ပြီးတော့ကော ငယ် ဘာဆက်ဖြစ်ကြသေးလဲ။ သက်သက်လွတ်စားတဲ့ ကျားပုံပြင်တွေ ကိုယ့်ကို ညတိုင်းပြောပြနော်။ ဒါမှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်။
ဟူး………………..
အတ္တစိတ်တွေနဲ့ ဒေါသတွေ မောဟတွေ ပူလောင်လိုက်ပါဘိတော့။
ကိုယ်တို့ ပြန်တွေ့ကြရင် ငယ့်ပါးလေးကို မြင်တိုင်း အဲ့ဒီအတွေးတွေ ခေါင်းထဲကို အမြဲရောက်လာတတ်တယ်။ အဲ့ဒီအချိန်ဆို ငယ်က သ်ူစိမ်းတစ်ယောက်ပဲ။ ငယ့်အနားမှာ ကိုယ်ရှိမနေတော့ဘူး။ ကိုယ့်စိတ်ထဲမှာ ငယ်ရှိမနေတော့ဘူးငယ်။ ကိုယ်ရူးသွားပြီထင်တယ်။
သေချာတာတစ်ခုက ကိုယ့်ရဲ့ တစ်ဦးတည်းသော ငယ့်ကိုလည်း မခွဲနိုင်ဘူး။ ဒီလိုစိတ္တဇတွေနဲ့ ကိုယ် ဘယ်အထိ ခရီးဆက်ရဦးမလဲ။
ပါးနှစ်ဖက်ကို အသာပွတ်ရင်း အရှေ့ ဘုံဘိုင်ခေါင်းထဲက ရေတွေနဲ့ မျက်နှာကို ဆွတ်လိုက်တယ်။ အေးခနဲဖြစ်သွားပြီးတဲ့နောက်…
ဒေါက်…ဒေါက်….ဒေါက်
ဟေ့ကောင် မြန်မြန်လုပ် ငါရုံးနောက်ကျတော့မယ်ဆိုတဲ့ သူငယ်ချင်း အသံကို ကြားမှ ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရကောင်းမယ် သိလာတော့တယ်။ ဘာမှ မရှိတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ရင်း တစ်ယောက်တည်း စိတ်ကူးယဉ်နေမိတဲ့အဖြစ်။
အေးကွာ ငါထွက်လာပြီဆိုပြီး ရယ်ကျဲကျဲ မျက်နှာပေးနဲ့ အပြင်ကို ကမန်းကတမ်းထွက်လာမိတယ်။
ရုံးချိန်နောက်ကျနေပြီမို့ ကသောကမျော အသော့နှင်ရင်း ပါးနှစ်ဖက်နဲ့ စိတ္တဇကို တွေးမိပြီး တစ်ယောက်တည်း ပြုံးနေမိပြန်တာမို့ ဘေးနားက ဖြတ်သွားဖြတ်လာတွေက ဒီကောင်လေးတစ်ယောက်တော့ တစ်ခုခုပဲဆိုပြီး ကောက်ချက်ချတော့မယ်။
ဟုတ်တယ် တစ်ခါတစ်လေကျတော့လည်း လူ့ဘ၀က စိတ္တဇဆန်ပြန်ရော…………………
30 December 2009
လမ်းခွဲချိန်
လမ်းဆုံကနေ လမ်းခွဲရမယ့် အရေးကို မျှော်နေမိတာလည်း ကြာပါပြီ။ ခွဲရမယ်ဆိုတာလည်း သိပါတယ်။ အချိန်တန်ရင် အိမ်ပြန်ကြရတယ်မဟုတ်လား။ လမ်းဆုံကို မရောက်ခင် လမ်းခုလတ်ကနေ ထွက်ပြေးဖို့လည်း ကြိုးစားဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နာကျင်မယ်ဆိုတာကို သိပါတယ်။ အမြဲတမ်းလည်း နာကျင်ရတယ်။ ဒါကြောင့် လမ်းဆုံကို မရောက်ပါစေနဲ့လို့ တိတ်တိတ်လေးကြိတ် ဆုတောင်းနေမိတယ်။ တောင်းတိုင်း ပြည့်တတ်တာမျိုးမှ မဟုတ်ပဲ။ လမ်းဆုံကို မှုန်ပြပြမြင်နေရပြီ။
မမြင်ချင်ယောင်ဆောင်ဖို့ အတင်း မျက်လုံးကိုလွှဲတယ်။ မရဘူး။ နားကိုပိတ်တယ် ကြားနေရတယ်။ ထိသိစိတ်တွေအားလုံးကို ခဏလောက် လွှင့်ပစ်လိုက်ချင်တယ်။ တဒင်္ဂခဏလောက် နားထိုင်းလိုက်ချင်တယ်ဆိုတာမျိုးပါ။ တကယ့်ကို အိုးထိန်းစက်လို သွက်သွက်ကိုလည်ပြီး ကျနော် သူရူးတစ်ယောက်လို ဖြစ်သွားတယ်။
ဒီလမ်းကို ဖြတ်ရင်လမ်းဆုံကိုတော့ တွေ့ရမှာပဲဆိုတာ သိလျက်နဲ့ မိုက်မိုက်မဲမဲ ဖြတ်မိတာ ကျနော့အမှားလား။ ကျနော် ကိုယ်တိုင်ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ဘယ်သူ ဘာပြောပြောပါလေ။ လမ်းထိပ်မှာ ရပ်ပြီး မြေပုံကိုဖြန့်ကြည့်တုန်းက ကိုယ့်ကိုကိုယ် မေးမိသေးတယ်။ မင်းလမ်းခွဲချိန်ကို ကျော်ဖြတ်နိုင်ပါ့မလား……….
ဟင့်အင်း ငါလမ်းဆုံကို ရောက်မှာ မဟုတ်လောက်ဘူးလို့ ကိုယ့်ကိုကိုယ့် ခံငြင်းမိတယ်။ ကိုယ့်ကိုကိုယ် သိပ်ယုံကြည်စိတ်ချလွန်းတယ်။ တကယ်က သိပ်နုံအလွန်းတယ်ဆိုတာကို အမေ့မေ့ အလျော့လျော့။ အခုတော့…………
ငိုမနေနဲ့။ ရှိုက်မနေနဲ့။ ကိုယ့်ကိုကိုယ် ဆုံးမတယ်။ နာကျင်လည်း ဖြစ်မြဲပဲမို့ နာကျင်လက်စ နာကျင်လိုက်ပါတော့။ ကျင်သထက် ကျင်နေရင်းက ကျဉ်ပြီး နောက်တော့ထုံသွားမှာလို့ အားတင်းတယ်။ ပြီးတော့ လက်မကို လက်သီးထဲ ကျစ်ကျစ်ဆုပ် မေးကြောတွေထောင်နေအောင် အံကြိတ်ပြီး စကားတစ်ခွန်းပြောတယ်
ကျနော်တို့ လမ်းခွဲကြပါစို့………………….
23 November 2009
နောင်တမဲ့ စာသူငယ်မှ
ညီမငယ်တစ်ယောက်ရေးတဲ့စာကို ရန်ကုန်တုန်းက ဖတ်ခဲ့ရဖူးတယ်။ တောင်းမယူထားလိုက်မိတာ နာတာပါပဲ၊ အမှတ်မိဆုံးစကားလုံးလေးက စေတနာဆိုတာ လူတိုင်းနဲ့ မတန်ဖူး လို့မပြောလိုက်ပါနဲ့တဲ့။ စေတနာဆိုတာ လူတိုင်းနဲ့ထိုက်တန်သတဲ့လေ။ ဟုတ်မှာပါ။ အဲ့ဒီလိုပဲ ကျနော်လည်း ခံယူမိတယ်။ ဒါကြောင့်လည်း စေတနာတွေ ရေစီးကမ်းပြိုခဲ့မိတာပါ………………
လူတိုင်းကို ကိုယ်လို စိတ်သွင်းမိတယ်။ ငါ့တုန်းက ဒီလို အခက်အခဲတွေဖြစ်တာ ကြုံရတာ။ သူများတစ်ကာကို မဖြစ်စေချင်ဘူး။ မိတ်ဆွေ အပေါင်းအသင်းအပေါ် နှုတ်၏စောင်မခြင်း လက်၏ စောင်မခြင်းဖြင့် ကူညီဖို့ သွန်သင်ခြင်းခံရတဲ့ စိတ်အခံလည်း ပါပါတယ်။ အမြင်မတော် ဆင်တော်နဲ့ခလောက်ကို ပြင်ဖို့ကြိုးစားတာက အကြိမ်ကြိမ်။ ကိုယ်ထမင်းကိုယ်စားပြီး ကြီးတော် နွား အလကားကျောင်းပေးခဲ့တာက အခါခါ။ ကျနော်ဘာတွေလုပ်ပေးခဲ့တယ်ဆိုပြီး ကျောက်စာတင်ဖို့ ၀ါသနာလည်း မပါ ပါဘူး။ ကျနော့ကို ဘာတွေပြန်လုပ်ပေးပါလို့လည်း မတောင်းဆိုပါဘူး။ အစကတည်းက ဘာကိုမှ ပြန်ရဖို့ မမျှော်လင့်ခဲ့လို့ပါပဲ။ မျှော်လင့်ခဲ့တယ်ဆိုလည်း မေတ္တာတရားကိုတော့ မျှော်လင့်ပါကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ အသွားအပြန်ရှိတယ်ဆိုပေမယ့် ကြုံလိုက်တိုင်း ပြန်လမ်းမဲ့ ဂူဖြစ်ဖြစ်နေတာ ဘာကြောင့်ပါလိမ့်ပဲ။
ကျေးဇူးဆပ်ဖို့ မလိုသလို ကျေးဇူးတင်ဖို့လည်း မလိုအပ်ပါဘူး။ တစ်ခုပဲ ရှိပါတယ် ကျေးဇူးတော့ မကန်းပါနဲ့လို့ ဆိုပါရစေ။ အမြဲတမ်း ကိုယ်ကောင်းတယ်ဆိုပြီး ခေါင်းပေါ်ချီးတက်ပါချင်ကြတာချည်းမို့ပါ။ ကြုံလိုက်တဲ့အကြိမ်တိုင်း အမြဲစိတ်ပျက်အားလျော့မိတယ်။ စေတနာဆိုတာ လူတိုင်းနဲ့မထိုက်တန်ဖူးလို့လည်း တွေးမိသွားတတ်တယ်။ လူတွေနဲ့ ဝေးရာမှာနေမယ်ဆိုပြီး ဆုံးဖြတ်မိတာလည်း များလှပြီ။ လူတွေက ဒီလို စိတ်ရှိတယ် ဒီလိုမျိုးတွေချည်းပဲဆိုပြီး ဆုံးမမှုကို ခံရလိုက် နောက်တော့လည်း ခွေးမြီးကောက်ကျည်တောက်စွပ်သလို အရှေ့က မထော်မနန်းတွေကို မနေနိုင်တဲ့ စိတ်နဲ့ ဟိုပါဒီပါ ပါလေရာဖြစ်နေပြန်တာမို့ ကျည်တောက်လည်း ကျွတ်ကော ဒုံရင်းအတိုင်းကောက်စမြဲလေ။
အခုနောက်ပိုင်းတော့ စေတနာစိတ်များ လျှော့လာသလို ကိုယ့်ကိုကိုယ် ခံစားမိတယ်။ မြင်နေတာကို မြင်နေလျက် မသိချင်ယောင်ဆောင်ချင်လာတယ်။ စိတ်စေတနာပျက်ပြီဆိုရင် ခက်ကပြီ။ တော်တော့တန်တန်ဆို ဥပေက္ခာပြုချင်လာတယ်။ တကယ်တမ်း အဲ့ဒီစိတ်က ကောင်းတဲ့စိတ်မဟုတ်ပေဘူး။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့ ။ဆုံးမတော့ အလွယ်သားနော် နာလွယ်ပြီးလိုက်နာရန်ခက်ခဲဘိခြင်း။ သူများကို မပြောခင်ကိုယ့်ကိုကိုယ် အရင်မေးကြည့်စေချင်တယ် ကိုယ်တိုင်ဆိုရင် ဘယ်လိုနေမလဲဆိုတာကိုပါ။
မသိမမြင်လို့ မဟုတ်ပါဘူး။ မသိကျိုးကျွန်ပြုထားတာပါ။ လူပဲ ခံစားတတ်ပါတယ် နားလည်လွယ်ပါတယ်။ အပွေးမြင် အပင်သိသတဲ့။ နင်းတာပဲ ဖြစ်ဖြစ် ကန်တာပဲဖြစ်ဖြစ် ချက်ဆိုတာနဲ့ နားခွက်က မီးတောက်ပါတယ်။ ကူညီလိုက်လို့ အမြင့်တက်သွားတယ်ဆို တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ ဘူးကောင်းလို့ စင်ခံရတာ စင်ကျိုးလည်း ဘူးသီးအလုံးလှရင် တကယ့်ကို မုဒိတာပွားပါတယ်။ ဘူးသီးလေးလို့ စင်ကျိုးတာ ဘာအရေးလဲနော့။ တမင်ချိုးရင်တော့ စင်ဖက်ကိုလည်း လှည့်ကြည့်သင့်ပါတယ်လေ။ အကူအညီမလိုတဲ့နောက် ဇော်ကန့်လန့်လို လုပ်လုပ်ပြနေတာတော့ မျက်စိနောက်မိတယ်။ အရှေ့ကနေ ငါကွဆိုပြီး လက်မထောင်နိုင်တဲ့အချိန်ဆိုရင် လှေကားထစ်တွေကို ပြန်ကြည့်ဖို့ မမေ့လျော့စေချင်ဘူး။ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုပေမယ့် လမ်းခင်းသူတွေရဲ့ စေတနာကို မမေ့လျော့သင့်ပါဘူး။ စေတနာ အသိအမှတ်မပြုရင်နေပါ ဒီလမ်းကို ဘယ်လိုနင်းဖြတ်သွားတယ်ဆိုတာ အမှတ်ရရင်တော်ပါပြီ။ အခုတော့ ဘုရားပြီးလို့ ငြမ်းမဖျက်ခင်က တံတွေးထွေးပြီး နှပ်ချီးသုတ်ချင်နေကြပြီ။
ဒီစာသူငယ်ကလည်း ခဲမှန်ဖူးတာ အကြိမ်ကြိမ်ပေမယ့် နောင်တမဲ့လွန်းတယ်။ တစ်ခါမှန်လိုက် ပြန်ထူပြီးတိုင်း မူရင်းကို ပြန်ပြန်လုပ်နေမိတတ်တယ်။ တစ်ခါတစ်ခါတော့ စေတနာပျက်ချင်မိတယ်။ စိတ်ကွက်ပြီး လှည့်မကြည့်တာမျိုးလည်း လုပ်မိတယ်။ ကိုယ့်ကိုကိုယ် တစ်ခါမှ သူတော်ကောင်း စိတ်ထားကောင်းတယ်လို့တော့ မကြွေးကြော်ဖူးသလို သူတော်ကောင်း ခြောက်ပစ်ကင်းသဲလဲစင်တွေကိုလည်း ဟုတ်မှန်ကြောင်းလိုက်စစ်ဆေးနေဖို့ ၀ါသနာမပါတာမို့ အေးအေးပဲနေမိတယ်။
ကိုယ်ကောင်းရင် ခေါင်းမရွေ့ဖူး ဆိုပြီး နေနေပေမယ့် ခေါင်းကို မရွှေ့ရွှေ့အောင်လိုက်လုပ်နေလို့ကတော့ ဘီလူးခေါင်းဆောင်းပြီး သွားဖြဲပြဖို့ ၀န်မလေးဖူးဆိုတာတော့ မမေ့ပါနဲ့လို့……………………
19 November 2009
မှန်များနှင့်
စ,စချင်းမှာတော့ ပျော်ရွှင်သွားမိတယ်။ ကိုယ်ပြုံးရင် ပြန်ပြန်ပြုံးပြတတ်တဲ့ ဒီမှန်တွေကို ချစ်ကြည်နူးစွာ စွဲလန်းစိတ်နဲ့ပါ။ စူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုပေါင်းများစွာနဲ့ ဒီမှန်အခန်း တစ်ခုလုံးကို အနု(ဏု)လုံ ပဋိလုံ လှည့်ကြည့်နေခဲ့မိတယ်။ မှန်ဘီလုံးခုံးဆိုလား မှန်ဘီလူးခွက်ဆိုလား ပြန်စဉ်းစားနေမိသေးတာပေါ့။ တီချယ် ဒေါ်ပို သင်တဲ့ Laws of reflection လား laws of refraction လား။ ပုံရိုက်ဒေါင့် ဖိုကယ်လန့် ဆိုတာတွေနဲ့ ငယ်တုန်းက အသေအလဲမှတ်ခဲ့ရတဲ့ ပုံရှစ်ပုံကိုတွေးပြီး တစ်ချက်ရီမိသွားတယ်။ အသံထွက်အောင်ရီမိပေမယ့် မှန်တွေထဲက ပုံမှာ အသံတွေပါမနေခဲ့ဖူး။ နောက်တော့ နှစ်တန်း (ဒုတိယနှစ်)မှာ တီချယ်ဒေါ်သီတာနဲ့အတူ ပုစ္ဆာတွေကို ပုံဆွဲတွက်ခဲ့ဖူးတာမြင်ယောင်မိတယ်။ သားကနယ်ကမို့ သားကို အတန်းတစ်ခုပေးမယ်နော် ဆိုတဲ့ ချစ်စဖွယ်တီချယ့်ကို သတိရသွားမိပြန်ရော။ တီချယ်ဒေါ်အေးလှအတန်းတွေမှာ ကျနော်ဝင်လို့ မရခဲ့တာ နယ်အိမ်က ပြန်လာတာ နောက်ကျနေတာမို့လေ။ ပြီးတော့ တီချယ်လဲ့ရဲ့ မင်္ဂလာပွဲ။ ယူနီဖောင်းနဲ့ တီချယ့် အမျိုးသားကို ကြည့်ရင်း စာသင်ကောင်းတဲ့ တီချယ်လဲ့ကို ပြန်မြင်ယောင်မိပြန်ရော။ မှန်တွေနဲ့ အလင်းတွေဆက်စပ်ပြီး တီချယ်တွေကို သတိရနေတဲ့ အဖြစ်တွေကို မှန်တွေထဲမှာ ပြန်ကြည့်နေမိတယ်။ ပြန်စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကလွဲရင် မှန်တွေထဲမှာ ဘာကိုမှ မတွေ့ခဲ့ရပြန်ဘူး။
နောက်တော့ အလုပ်ခွင်ဖယ်ရီကားပေါ်က မှန်တစ်ချပ်နဲ့ အမြဲအလုပ်ရှုပ်နေတတ်တဲ့ အပျိုကြီးတစ်ယောက်ကို စနောက်နေကျဆိုတာ တွေးမိသွားပြန်တယ်။ ဖယ်ရီပေါ်ရောက်မှ တို့ဖတ်လေးရိုက် ဘာလေးညာလေး လုပ်တတ်တဲ့အပျိုလေးတွေထက် သာလွန်စွာ မနက်ခင်းတိုင်း ဖယ်ရီပေါ်မှာ အလှပြင်နေကျ သူကတစ်မူထူးခြားလွန်းတယ်လေ။ ဒီတစ်ခါတော့ စိတ်မထိန်းနိုင်စွာ ကျနော်ရီနေကျ ထုံးစံအတိုင်း တဟားဟား အော်ရီမိတော့တယ်။ အရုပ်တွေကို ပြန်လည် ဖော်ပြပေးနိုင်တဲ့ မှန်တွေက မတုန်မလှုပ် ဒီအတိုင်း တည်ရှိနေပြန်တယ်။ လှုပ်ရှားမှုသိပ်ပြင်းရင်တော့ မှန်တွေတည်ရှိနေတဲ့ နံရံတွေကြောင့် မှန်တွေလှုပ်ကောင်းလှုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အသံတွေတော့ မပြန်နိုင်တာ သေချာလွန်းပါလား။
နောက်တော့ ဒီမှန်အခန်းတစ်ခုလုံးမှာ ကျနော်တစ်ယောက်တည်းဆိုတာ စဉ်းစားမိလာတယ်။ ပတ်ပတ်လည် မှန်တွေကြားမှာ ကိုယ်တစ်ယောက်တည်း။ အရှေ့တုန်းက ရီနေမိပင်မယ့် အခုတော့ သွေးပျက်စွာ ခြောက်ခြားစ ပြုလာခဲ့ပြီ။ ကျနော်ရီရင် မှန်အချပ်တိုင်းက လိုက်ရီနေတော့တာ။ သူတို့တွေ ကျနော့ကို လှောင်ပြောင်နေကြတာလား။ မှန်ချပ်တွေရဲ့ အမှန်တရားက ဘာတဲ့လဲ။ တည့်မတ်စွာ ပြန်လည်ပြသနေတာ အမှန်လား။ ဒါဆိုမှန်တွေရဲ့ နောက်ကွယ်မှာကော။ တကယ်တမ်းက ကျနော့မှာ ကြောက်လန့်တတ်တဲ့စိတ် ရှိမနေတတ်ပင်မယ့် မှန်တွေရဲ့နောက်ကွယ်က အကြောင်းတရားတွေကြောင့် ကျနော့လက်ဖျားတွေ အေးစက်လာပါတယ်။ ii နဲ့ ii’ မှာ ကျနော်မြင်နေရတာက ဘယ်အရာလဲ မသဲကွဲတော့ပါဘူး။ မျက်စေ့ကို အသေအချာပွတ်ပေမယ့် မှန်တွေရဲ့ နောက်ကွယ်ကို ကျနော်သွားလို့ မရတဲ့နောက် အတည့်အတိုင်းမြင်နေရတာလားဆိုတာ ကျနော် မဆုံးဖြတ်နိုင်တော့ပါဘူး။
မှန်တစ်ချပ်နောက်ကို သွားဖို့ ကျနော်အပြင်းအထန်ကြိုးစားမိပါတယ်။ ဒါပေမယ့် ကျနော်သွားလို့ မရပါဘူး။ မှန်တွေက အချင်းချင်းပိတ်ဆို့ထားကြတယ်ထင်ပါတယ်။ သူတို့တွေအလစ်ကို ကျနော်စောင့်ကြည့်တယ်။ ဒါပေမယ့် မရဘူးဗျာ။ သိချင်စိတ်နဲ့အတူ ဇောချွေးတွေ စို့လာမိတယ်။
မှန်တစ်ချပ်ကို ကျနော်ချခွဲကြည့်သင့်သလား။ အနီးဆုံးမှန်တစ်ချက်ကို ကျနော် လက်သီးနဲ့ ထိုးခွဲချလိုက်တယ်။ ဘယ်တော့မှ အသံပြန်မကြားရတတ်တဲ့ မှန်တွေဆီက ခွမ်းဆိုတဲ့အသံနဲ့အတူ ကျနော့လက်က ပူခနဲဖြစ်သွားတယ်။ နောက်တော့ သွေးတွေဖြာနေတဲ့ လက်ဖမိုးတစ်ခုကို မှန်ချပ်တိုင်းမှာ မြင်ရပြန်တယ်။ ကွဲသွားတဲ့မှန်ကို ကျနော်မတွေ့ရပေမယ့် အခန်းထဲမှာ သွေးစက်တွေက အတိုင်းသား…….
နာကျင်မှုတွေကြောင့် ဒီအိပ်မက်ကနေ နိုးထဖို့ ကြိုးစားတယ်။ ကျနော် မြင်နေရတဲ့ မှန်ချပ်တွေက ကျနော့ အသိမိတ်ဆွေတွေ ဖြစ်သွားကြတယ်။ ပြီးတော့ ကျနော် မရီပါပဲ ကျနော့ကို ၀ိုင်းပြီး ဟားတိုက်ရယ်မောနေကြတယ်။ ဟင့်အင်း မှန်တွေပါ မင်းတို့တွေ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ ရီနေကြတုန်း………..
ဒီမနက် ကျနော် အိပ်မက်ကဘယ်လိုနိုးခဲ့သလဲ မသိတတ်တော့ ။ မျက်နှာသစ်ရင်း မှန်ကို ကြည့်တော့ လက်ဖမိုးက အမွှေးတွေထောင်လာတယ်။ ဒါဆို………ကျနော် မှန်ကြောက်နေပြီလား……………………..ခက်ပြီ………….
26 October 2009
နောင်တမဲ့အနမ်း
ရက်စက်တယ်မဆို
ဒီအနမ်းကို ကိုယ်တော်တိုင်လက်သင့်ခံခဲ့တယ်
နှုတ်ခမ်းတစ်စုံကို တို့ထိတိုင်း
အလွမ်းသင့်တဲ့ ဒီအနမ်း
နမ်းမ၀လို့ အနမ်းအဆင့်ဆင့်
မနမ်းသင့်ဘူးလို့ ငါမဆိုမိခဲ့
လွမ်းမ၀လို့
အနမ်းအထပ်ထပ်ပို
ရက်စက်တယ် မဆိုပါဘူး
နင်ထားခဲ့ရင်လည်း
ကျန်ရစ်မယ့် ဒီအနမ်းကို
ငါရင်နဲ့အပြည့်
လွမ်းနေခဲ့မယ်………
16 October 2009
ရာသီပျက်တဲ့နေ့
ရွာကလည်း မရွာပဲ
နေ,သာမယ်လည်းထင်ရဲ့
ပူလည်းမပူပါပဲ
အုံ့ပျက်ပျက်
လင်းတစ်ဝက် မှောင်တစ်ချက်
ဒီတနေ့လုံး ရာသီတွေအားလုံးပျက်နေခဲ့တာ….
လမင်းရယ် သာမှာဖြင့်လည်း
သာစမ်းပါ
နေမင်းရယ် လင်းမှာဖြင့်လည်း
လင်းစမ်းပါ
နေမထွက် လမတက်ပဲ
အနေခက်စေတဲ့နောက်
ဒီကောင်းကင်အောက်က
လူတစ်ယောက်ကို
ပျောက်သည်ထက် ပျောက်
ရောက်ချင်ရာ ရောက်စေချင်ရော့ သလား……….
နှင်းတွေမြင်ပါလျက်
ဆောင်းရာသ်ီလည်း မမှတ်နိုင်
မိုးတွေစိုပါလျက်
မိုးရာသီဟု မတွင်ခဲ့
ကတ္တရာ အရည်ပျော်ပေမယ့်
နွေနေပူဟု မသတ်မှတ်
အပျက်အပျက်နဲ့
တစ်ချက်တစ်ချက်မှ
သတိပြန်ရမိတယ်
ရာသီပျက်နေ့တွေထဲမှာ
နာဖျားနေခဲ့တာ ကြာပါပကော…
08 October 2009
ရုပ်သေးရုပ်
လက်ကိုမတော့ လက်ကြွပြန်ရော
ခါးကိုယိမ်းတော့ ဘယ်ညာတိမ်း
ဇတ်ခနဲ မတ်တပ်ထပြန်တော့
ကြိုးတွေကို လျှောအချ
ဟော…ပြန်ကျပါလေရော
ငုတ်တုတ်ရယ် အကျ
ငိုလိုက်မ(မယ်)ဟ လို့
မျက်လွှာအချ
ဟားတိုက်ကာရယ်မောဖို့
ပါးကြောကိုဆွဲ
သွားကိုဖြဲလို့
တစ်အားကို ရယ်ခဲ့ရပြန်တယ်
မောမောနဲ့နားမဟဲ့
အားခဲကာ မာန်တင်းပြန်တော့
ချစ်ခြင်းချည် ဒီကြိုးတွေနဲ့
နေ၀င် မိုးချုပ်
တစ်ထုပ်ပြီး တစ်ထုပ်
ကနေရတဲ့
ငါဟာ ရုပ်သေးရုပ်။
06 October 2009
ခမ်းခြောက်လာတဲ့မြစ်
ထိုတစ်စင်း
စီးနေရင်းနဲ့
နေမင်းရယ် ပူလေသလား
မိုးရယ် ခေါင်လို့လား
ရေကြောင်းရယ် မတည့်တဲ့နောက်
ဖြောင့်ဖြောင့်ရယ် မစီးချင်တော့
ဟိုဝင်လို့ သည်ယိမ်းနွဲ့
တိမ်းဖယ်လို့ မြစ်ပြင်ကျယ်
ရွှေဘုတ်ကယ်အိုးအီတုန်းက
မေ့ခက်လေတယ်
ဒိုက်ပင်တွေမျောလွန်းတယ်
ဆယ်ပါလေ သူမကြား
ကြမ်းတိမ်လို့
ရေမသွားတော့မှ
ခမ်းခြောက်လေအားရက်တယ်လို့
ပြစ်တင်လေနဲ့......
05 October 2009
မြင်ကွင်းတစ်ခု ခံစားမှု
22 September 2009
နွယ်တစ်ပင်သို့
တွယ်ရစ်နှောင်ဖွဲ့လွန်းလို့
နငယ်မြင်ရင်တောင်
ဝေးအောင်နေမိတယ်
မထင်မှတ်ပါဘူး
ကိုယ်တိုင်ပျိုးမိသည်က
နွယ်တစ်ပင်
အစဉ်ပျိုးသူနဲ့
ဒီနွယ်တစ်ပင်
နှောင်တွယ်ငင်လို့
ရင်ခွင်မှာလည်း
တစ်ရစ်ထက်တစ်ရစ်
တိုးလို့သာဝင်
နွယ်တစ်ပင်ရယ်
အပွင့်ရယ်
ပွင့်နေမှပဲ
နွယ်ပျိုးသူ
ဒီလူတစ်ယောက်
နွယ်ကြိုးမျှင် တစ်ပင်လောက်နဲ့တောင်
လုံလောက်ပါတယ်
ကိုယ်တိုင်ကိုက
တွယ်ရစ်နှောင်ဖွဲ့လွန်းပါလျက်
ဒီတွယ်တာနွယ်ကြိုးကိုဖြင့်
ထပ်ထပ် ချည်မဆုံး…….
17 September 2009
ထန်းပင်မြစ်မှသည် ယခင် ယခင် အတိတ်ဆီသို့
ဟိုး…ငယ်တုန်း ဆောင်းတွင်းတွေဆီကပါ။ ဦးဇော်ကြီး၊ ဦးဝင်းတင့်စိုး၊ ဦးအောင်ကြီး၊ ဦးမျိုးကျော်နဲ့ ဦးဇေယျတို့နဲ့ ကျနော်တို့မိသားစုတွေပေါ့။ ဦးဇော်ကြီးတို့ မြောင်က ညာတရာမုန့်ပါလာတတ်သလို ရာသီစာ ထန်းပင်မြစ်တွေလည်း ပါလာတတ်တယ်။ ဦးအောင်ကြီးတို့ ပခုက္ကူက ဆီးချိုမွှေးတွေနဲ့အတူ ထန်းပင်မြစ်တွေပါလာတတ်ပြန်တယ်။ ဒါမှမဟုတ် ခရီးတစ်ခုက ပြန်လို့ ထန်းပင်မြစ်လေးတွေ့တယ်ဆို အစည်းလိုက် ဆွဲလာတတ်ကြတာ။ အညာဆောင်းက အေးတော့ မီးလေးလှုံရင်း ထန်းပင်မြစ်လေးတွေဖုတ် နှမ်းဆီမွှေးလေးနဲ့ဆမ်း အကြမ်းအိုးလေးချ။ အဲ့ကာလတွေတုန်းကပါ။
အားလုံးစုရပ်က တစ်ခုတည်းသောဈေးလေးမှာ။ ပြီးရင်တော့ ၂၁၀ စကေးက ဦးဇော်ကြီးတို့အိမ်ကိုပေါ့။ အိမ်ရှေ့မှာ ဆောင်းတစ်တွင်းလုံးစာအတွက် ထင်းတုံးကြီးတစ်ခုထားတတ်တယ်။ တောင်ကုန်းတွေကြားက လျှိုတွေထဲကို ဖြတ်ရင် စိမ့်နေအောင်အေးသွားတတ်တယ်လေ။ ငယ်တုန်းကတော့ လျှိုတွေနားဖြတ်ရင် အတင်းပြေးတော့တာပါပဲ။ စိမ့်ခနဲ့ အေးသွားသလို ကြက်သီးမွှေးညှင်းတွေလည်း ထတတ်တာကိုး။ မှောင်ကလည်းမှောင်ဆိုတော့ ပြေးမယ်ဆိုတာချည်းပဲ။
လမ်းလျှောက်ရင်း စိတ်ပေါက်ရင် ဗလကောင်းတဲ့ ဦးဝင်းတင့်စိုးကို ကျနော့ကို လက်နှစ်ဖက်နဲ့မြှောက်ခိုင်းတယ်။ အခုတစ်ခေါက်ပြန်တော့ အပေါ်ကိုမြှောက်ပေးဆိုတော့ အားရပါးရ ရီတယ်။ မင်းက ငါ့ကို ပြန်မြှောက်ရမှာကွတဲ့။
ဦးဇော်ကြီးတို့ အိမ်ကိုဝင်တာနဲ့ အမေကြီးက သားတို့လာ လာကြ လာကြ မလာတာ ကြာပါပကောအေလို့ပြောနေကြ။ ဂြိုလ်တုမရေ နင့်ကြီးကြီးတော့ လာပဟေ့ဆိုတာနဲ့ မေက မျက်ခုံးလှုပ်ပြီ။ ကလေး မုန့်ဖိုးတောင်းတော့မယ်လေ။ ဦးဇော်ကြီးကတော့ ပန်းချီဆွဲချင်ဆွဲနေမယ်။ သီချင်းရေးချင်ရေးနေမယ် ကဗျာတွေလည်း စပ်ချင်စပ်နေပါလိမ့်မယ်။ ညည်းတို့မောင်ကို အိမ်ထောင် စောစောမပြုဖို့ နားချကြပါဦးအေဆိုတော့ ဖေက မျက်လုံးစပြူးပြီ။ ဦးဇော်ကြီးက အသက် သုံးဆယ်ကျော်ပြီလေ။ အမတို့လာရင်စားဖို့မုန့်သွားဝယ်တာ ဒီနေ့ မုန့်သည်တွေကတော် တစ်ယောက်မှ မထွက်ဖူးဆိုတဲ့ အန်တီမမြသိန်းအသံကိုလည်း ကြားရပါလိမ့်မယ်။ မြမြသိန်းတို့များ ဟိုဘက်အိမ် ဒီဘက်အိမ်ပေမယ့် ဒီနေ့မှ မြင်ဖူးသတော် ဆိုပြီး အမေကြီး အငေါ်တူးသံကလိုက်ပါစမြဲ။ အရီးကလည်း ကျုပ်က အနောက်ဖက်ကမ်း (မြင်ကွန်း) သွားသွားနေရလို့ပါ၊ အမရေ ဘ၀တွေများဆိုးချက်တော် အခုအိမ်မှာ အဖွားကြီးကိုပါ တင်ထားရပြန်ပြီလို့ ညည်းညူရင်းဖြေပါလိမ့်မယ်။ သူက သိပ်စကားတတ်တယ်လေ။
ပြီးတော့မှ မီးလေးလှုံရင်း ထန်းပင်မြစ်တွေကို တစ်ချောင်းပြီး တစ်ချောင်းထည့်။ မွှေးလာတဲ့ ထန်းပင်မြစ်လေးတွေ မီးမကျွမ်းခင် မီးထဲကထုတ်။ ပြီးတော့မှ ဘေးနားက အမျှင်တွေကိုခွာ ထန်းပင်မြစ်ဝါ၀ါနွေးနွေးလေးတွေကို ဆီလေးနဲ့ဆမ်း။ အိုး…လွမ်းလိုက်တာများဆိုဗျာ။ စိတ်လိုလက်ရ ရှိကြရင် ခပ်ဆဆလေးထုထားတဲ့ ထန်းပင်မြစ် စီးစီးပိုင်ပိုင်ကလေးပေါ့။
မိုးအတော်မှောင်လာပြီး ညဉ့်နက်ပြီဆိုမှ ပြန်ခဲ့ကြတယ်။ ထန်းပင်မြစ်နဲ့အတူ ဖောင်ဖွဲ့အောင်ပြောခဲ့ကြတဲ့စကားတွေက အများသား။
နှစ်တွေနဲ့အတူ အရာတွေအားလုံး ပါးလျားကုန်ကြပြီ။ အကျင့်စာရိတ္တတွေအပြင် မေတ္တာတရားတွေ ရိုးသားခြင်းတွေ ခင်မင်မှုတွေ အားလုံးက အချိန်ကာလဆိုတဲ့ ယန္တာရားအောက်မှာ ပျောက်ဆုံးသွားကြတယ်။
အိမ်တစ်အိမ်မှာ အနည်းဆုံးဆိုင်ကယ်တစ်စီးစီနဲ့ ဇိမ်ခံပစ္စည်းတွေ လူတိုင်းတန်းတူရှိနေကြပြီ။ အစ်ကိုရေ အစ်မရေဆိုပြီး အိမ်လာတဲ့သူက လက်ချိုးရေလို့ ရနိုင်တယ်။ အရင်တုန်းက အိမ်မှာ ဟင်းကောင်းချက်လို့ တစ်ခွက်တစ်ဖလားပို့တဲ့သူတွေ အခုဆို အိမ်လိပ်စာတောင် မှတ်မိရဲ့လား မသိနိုင်တော့။ လမ်းမှာတွေ့ရင်တောင် ပခုံးချင်းတိုက်သွားနိုင်လောက်ပြီ။
အရာဝထ္တုတိုင်းဟာ မတည်မြဲတတ်ကြပါဘူး။ ပျောက်ဆုံးကုန်တတ်ကြပါတယ်။ ပျောက်ပျက်လွယ်တတ်ကြပါတယ်။ ပျောက်ဆုံးကုန်တဲ့အရာတွေကိုလည်း အမြဲအောက်မေ့တသ ဖြစ်တတ်ကြပါတယ်။ အခုကျနော်လည်း ထန်းပင်မြစ်မှသည် ဘယ်တော့မှ ပြန်လည်မရနိုင်တော့တဲ့ ယခင် ယခင်အတိတ်ဆီကို လွမ်းဆွတ်တမ်းတမိနေပြန်ပါရောလား………………
15 September 2009
လွမ်းတဲ့သစ်ပင်
လေတိုက် လေတိုင်း
လွမ်းလား လွမ်းရဲ့
နေထွက် လေတိုင်း
လွမ်းလား လွမ်းရဲ့
ချက်ခနဲမြည်သံ မကြားနိုင်မိအောင်
တိုးတိတ်တဲ့ စက္ကန့်အပြောင်းမှာ
အလွမ်းပေါင်း သိန်းသောင်းချီအောင် လွမ်းနေမိခဲ့
တခါလွမ်းတိုင်း တရွက်ကြွေရမယ်ဆို
အလွမ်း တွက်ရေရန် ခက်ပါဘိ
အရွက်တွေ ထပ်ကြွေစရာ မရှိတောင်
အမြစ်တွေ အဖျားအထိ
အကိုင်းမကျန် တပင်လုံး
တ၀ုန်းဝုန်းနဲ့ လွမ်းနေမိတယ်
အလွမ်းတွေသီးတဲ့ သစ်ပင်မို့………..