Showing posts with label အမှတ်တရ ဘဝခရီး. Show all posts
Showing posts with label အမှတ်တရ ဘဝခရီး. Show all posts

30 September 2019

တောင်ကုန်းများ၊ တော့စကားနားနဲ့ ဝိုင်တိုး



မနက်မိုးလင်းမှ ညကမုန်တိုင်းအကြောင်းသိကြရတယ်။ ဆီယမ်နာမြို့ထဲက အိမ်တလုံးခေါင်မိုးတောင်လန်သွားတယ် ဆိုပဲ။ ဒါကြောင့်မီးတွေဖြတ်ပစ်တာဖြစ်မယ်။ ဝယ်လာတဲ့ ပေါင်မုန့်နဲ့ ကော်ဖီသောက်ကြတယ်။

အခန်းရှေ့ကနေ နှစ်ထပ်ထွက်နေတဲ့ သက်တန့်ကို ဓါတ်ပုံရိုက်ရင်း မိုးတိတ်ဖို့ ဆုတောင်းနေခဲ့ကြတယ်။

မိုးစဲပြီဆိုမှ တော့စကားနားကို ကြည့်မယ်ထလုပ်ကြရော။ မြို့ထဲက တိုးတွေမှာ ခရီးသည်ပြည့်နေခဲ့ပြီ။ တက္ကစီကို တနေ့လုံး ငှားပြီးသွားမယ်ဆိုတော့ အိမ်ရှင်က တားတယ်။ ခဏနေတော့ ဆက်ထားတဲ့ တိုးတခုက ပြန်ဆက်သွယ်လာတယ်။ ဆီယမ်နာက တိုးမဟုတ်ပဲ ဖီရန့်ဇေက တိုးကားနဲ့ လိုက်လို့ ရတယ် သူတို့ချိန်းတဲ့ ကော်ဖီဆိုင်မှာ လာစောင့်ပါ။ ကားနဲ့လာခေါ်မယ်ဆိုတယ်။ ဒါနဲ့တက္ကစီခေါ်ပြီး ချိန်းတဲ့ကော်ဖီဆိုင်မှာ အဆင်သင့်စောင့်နေလိုက်ကြတယ်။

ကော်ဖီဆိုင်နားမှာ ကိုယ်လိုလူ နောက်ထပ်လေးယောက်လောက်တွေ့မိတယ်။ သိပ်မကြာခင်မှာ ပေါင်မုန့်ကားလေးနဲ့လာကြိုတယ်။ တိုးကားအကြီးကတော့ မြို့အပြင်က ဓါတ်ဆီဆိုင်မှာ ကျနော်တို့ကို ရပ်စောင့်နေတယ်။ ကားပေါ်တက်တာနဲ့ တိုးဂိုက်က မိတ်ဆက်တယ်။ ကားပေါ်မှာ ဝိုင်ဖိုင်ပါတဲ့အကြောင်း၊ ဒီနေ့ ခရီးစဉ်အကြောင်းနဲ့ သူ့အကြောင်းအကျဉ်း။ ထူးခြားတာက တိုးဂိုက်ဟာ အီတလီဒေသခံမဟုတ်တာပါပဲ။

နာမည်ကျော် Rolling hills တွေကို ကားထဲကနေ ငေးနေရတယ်။ ကိုယ့်ကားနဲ့ ကိုယ်သာဆိုလို့ကတော့ ဆင်းပြီး ဓါတ်ပုံရိုက်နေမိမှာ။ အခုတော့ မှန်ထဲကနေ စိတ်မလျော့ပဲ ရိုက်နေမိပေမယ့် စိတ်တိုင်းမကျပါ။







ပထမဆုံးရပ်တာကတော့ ဝိုင်စက်ရုံပါ။ ပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်းရယ် ထုတ်လုပ်ပုံအဆင့်ဆင့်ကို သေချာရှင်းပြပြီး လိုက်ပြတယ်။ ပိုင်ရှင်က အရပ်အတော်ပုတယ်။ သူစိတ်ဝင်စားတဲ့အရာက ဝိုင်ရယ် မိန်းမရယ်ဆိုတော့ အားလုံးက ဝိုင်းရီကြတယ်။ ရှင်းပြစရာတွေကုန်တော့ ဝိုင်စမ်းသပ်ခွင့်ပေးတယ်။ ပေါင်မုန့်ကြမ်း သံလွင်ဆီနဲ့ ဝိုင်တခွက်စီဟာ ဧည့်သည်ကိုယ်စီလက်ထဲမှာ စည်ကားနေပြီပေါ့။ အနောက်နိုင်ငံတော်တော်များများကို ပို့ဆောင်စရိတ် ကင်းလွတ်အောင်ပို့ပေးတဲ့ ဝန်ဆောင်မှုလည်းရှိတယ်။ အရမ်းပို့ရလွယ်ကူတဲ့ ကျနော်တို့ မြန်မာပြည်တော့ စာရင်းထဲမပါဘူးပေါ့လေ။































နာမည်ကျော်ဝိုင်တွေထွက်တဲ့ မွန်တန်ဆီနိုမြို့ကို ဝင်တယ်။ တောင်ကုန်းပေါ်က ရှေးဟောင်းသမိုင်းဝင်မြို့တမြို့ပါ။ အဆောက်အဦးအဟောင်းတွေရဲ့ ဗိသုကာလက်ရာ၊ ဟိုတကွက် ဒီတကွက် တောင်ကုန်းတွေကို မြင်ရတဲ့ ရှုခင်းနဲ့ ဒီမြို့ကထွက်တဲ့ စပျစ်ရဲ့ အရသာကြောင့် ဝိုင်တွေ နာမည်ကျော်ရတာဆိုတာကို နှိုင်းယှဉ်လေ့လာမိတယ်။









ဝိုင်စက်ရုံကနေ တောင်ပေါ်မြို့ ပီယန်ဇာကိုလိုက်ပို့တယ်။ ပီယန်ဇာက ဒိန်ခဲ နာမည်ကျော်တာမို့ တိုးဂိုက်သူလိုက်ပို့ပြီး ဝယ်ပေးမယ်။ လျော့ဈေးနဲ့ရမယ်တဲ့။ ဒိန်ခဲ တတုံးကိုတယောက်တဝက်ဝယ်လာခဲ့ကြတယ်။ အိမ်ရောက်မှ သိပ်ကောင်းတဲ့ ဒိန်ခဲကို တယောက်တတုံးဆီ မဝယ်ခဲ့ရတာကို နောင်တရမိ။

ပီယန်ဇာက ပလာဇိုပီကိုလိုမီနီကို ဝင်ကြည့်ကြတယ်။ ရိုမီယို ဂျူးလိယက် (၁၉၆၈) ဇာတ်ကားကို ဒီအဆောက်အဦးမှာ ရိုက်ယူခဲ့တာပါ။ အဆောက်အဦးအောက်နားက မြင်ရတဲ့ ရှုခင်းတွေကို ဓါတ်ပုံရိုက်နေမိတာ အတော်လေးကြာသွားတယ်။ နားချိန်တနာရီပဲပေးတာမို့ နေ့လည်စာစားဖို့အချိန်မရှိတော့။ စုရပ်နားက ကော်ဖီဆိုင်မှာ အပေါ့သွားရင်း ကော်ဖီနဲ့ မုန့်တခုဆီပဲ ဆွဲခဲ့ရတယ်။
ပီယန်ဇာကနေ နောက်တမြို့ကိုကူးတော့ လမ်းမှာ ဂလက်ဒီရေတာ ထဲက မင်းသားနေတဲ့ အိမ်ဆိုတာကို ဂိုက်ကပြတယ်။ ဆိုက်ပရပ်ပင်တွေကို မြင်တော့ ဒီဆိုက်ပရပ်ပင်တွေကြားမှာ ဓါတ်ပုံရိုက်ကြမယ်လို့ ကြံရွယ်ခဲ့ကြတာကို တွေးမိပြန်တယ်။ 






မွန်တီပလူစီယာနိုး တောင်ပေါ်မြို့ကိုပို့တယ်။ ဒီမြို့ကနေ တောင်ကုန်းတွေပေါ်က နေဝင်ချိန်ကိုကြည့်ကြတယ်။ တောင်ကုန်းတွေပါရင် နေရောင်ခြည်တန်းတွေမပါ၊ နေရောင်ခြည်တန်းတွေပါရင် တောင်ကုန်းတွေမပါနဲ့ Filter ဆိုတဲ့ အရာတွေ လိုပါတယ်လို့ အကြံပေးခဲ့တာကို သတိရမိတယ်။ မွန်တီပလူစီယာနိုးကနေမြင်ရတဲ့ ရှုခင်းတွေဟာ အရမ်းကိုလှတယ်။ တောင်ကုန်းတွေရဲ့ ထိပ်မှာ စီတန်းပြီး စိမ်းတချီ ဝါတလှည့် အတန်းစီမြင်ရတဲ့ စပျစ်စိုက်ခင်းတွေ ဟာ တမျှော်တခေါ် ငေးချင်စရာ..


နောက်ဆုံးတခုအဖြစ် မြေပြန့်က ဝိုင်စက်ရုံတခုမှာ ရပ်တယ်။ ရှင်းပြတဲ့ နေရာရဲ့ အောက်က မှန်ချပ်တွေအောက်မှာ ဝိုင်စည်တွေ အထပ်လိုက်။ မီးတွေ သေချာထွန်းထားတာမို့ ဝိုင်စည်တွေကြားထဲဓါတ်ပုံရိုက်လို့ လှနေခဲ့တယ်။ သူတို့ဆုတံဆိပ်ရတဲ့ ဝိုင်တွေကို စမ်းသပ် သောက်သုံးခိုင်းပြီး ဝယ်ဖို့ကိုလည်း တိုက်တွန်းကြတယ်။

မှောင်ပြီဆိုတာနဲ့ ရိပ်ခနဲ ပျောက်သွားတဲ့ နေရောင်အောက်မှာ တောင်ကုန်းတွေလည်း မမြင်ရတော့ဘူး။ အရေးကြီးတာက မှောင်ပြီဆိုတာနဲ့ အအေးက သိသိသာသာပိုလာတာ။ တိုးကားက ဓါတ်ဆီဆိုင်မှာ ရပ်ပေးပြီး မနက်က ပေါင်မုန့်ကားလေးနဲ့ဆီယမ်နာကို ပြန်ပို့ပေးတယ်။ 

ကားသမားကို စုရပ်ရောက်တော့ ကျနော်တို့တည်းတဲ့ အိမ်ကို ပို့ပေးမယ်ဆို ပိုက်ဆံ ဘယ်လောက်ပေးရမလဲ မေးပြီး သူတောင်းတဲ့ဈေးနဲ့ သဘောတူ အိမ်ကို ပြန်ပို့တယ်... အိမ်ရောက်တာနဲ့ တနေ့လုံး မြင်ခဲ့ရတဲ့ တော့စကားနားကို အိပ်ရာမဝင်ခင်အထိ တယောက်တခွန်း စားမြုံ့ပြန်နေကြသေးတာ..