Showing posts with label ချစ်သောမြေ. Show all posts
Showing posts with label ချစ်သောမြေ. Show all posts

10 February 2018

ထားဝယ် သို့ ချစ်သောမြေ တောင်ပိုင်း (သိမ်း)




ငါးနာရီလောက်မှာ နေထွက်တာကြည့်ဖို့ နိုးလာတယ်။ မျက်နှာသစ်ပြင်ဆင်ပြီးတာနဲ့ သုံးထပ်တိုက်ခေါင်မိုးပေါ်ကိုတက်တယ်။ ခေါင်မိုးပေါ်ကနေ ထားဝယ်မြို့ကိုခြုံထားတဲ့ မြူပုဝါကို ခပ်ပါးပါးမြင်နေရတယ်။ အသိက မနက်စာသွားဝယ်ရင်း၊ ဈေးသွားမယ်ဆိုပြီး ဆင်းသွားကြတယ်။ ကျနော်ကတော့ နေထွက်တာကို စောင့်ပေါ့။ 
နေထွက်ရှုခင်း ဓါတ်ပုံရိုက်ပြီးတဲ့အခါ မနက်စာစား ရေမိုးချိုးကြတယ်။ ဒီနေ့တခါတည်း လေဆိပ်ဆင်းမှာမို့အထုတ်ကို ပြင်ထားပြီးပြီ။ ကားလာကြိုတာနဲ့ အထုတ်ဆွဲပြီးဆင်းသွားကြတယ်။ ဒီနေ့သွားမှာ ပကာရီတဲ့ ကချနဘူရီအသွား လမ်းပေါ်မှာရှိတဲ့ မြို့ငယ်လေးပေါ့။
ထားဝယ်မြို့အထွက်က ထန်းပင်တန်းကို ဓါတ်ပုံရိုက်တယ်။ ပင်လယ်အထိ မြင်ရတဲ့ တောင်ကုန်းထိပ်က ဘုရားကို တက်သွားကြပေမယ့် မြူတွေဆိုင်းနေတာမို့ သေချာ မမြင်ရပါဘူး။


ပြီးတာနဲ့ လမ်းက အရောင်သုံးရောင်ဖြစ်နေတဲ့ ချောင်းရယ်၊ တံတားအဟောင်းတခုရယ်မှာ ဓါတ်ပုံဆင်းရိုက်ကြတယ်။

ပကာရီ မရောက်ခင်မှာ သင်္ကန်းတုံး ရေတံခွန်ကို ဝင်ကြတယ်။ ကြားရက်မို့ထင်တယ် ခရီးသွားတယောက်မှ မရှိပဲ ကျနော်တို့ပဲ ရှိနေခဲ့တယ်။ ရေတံခွန်က ရေနည်းပေမယ့် အတော်လေး ရေကြည်ပါတယ်။ အပေါ်ထပ်တက်ရင် ရေတံခွန်ရှိသေးလားမသိပါဘူး။ ရေအားလျှပ်စစ်ထုတ်ယူထားတာကိုလည်း တွေ့ခဲ့ရတယ်။

ရေတံခွန်ကပြန်ထွက်ပြီး ပကာရီမှာ တောဝက်သားနဲ့ နေ့လည်စာ ထမင်းစားခဲ့တယ်။ ဗိုက်ကလည်းဆာဆာနဲ့ ဟင်းချက်လည်းကောင်းတာမို့ အတော်မြိန်မြိန်စားခဲ့ရပါတယ်။

ပကာရီကနေ ထားဝယ်ကို ပြန်တော့ အချိန်နည်းနည်း စောနေသေးတယ်။ ဒါနဲ့ ကမြောကြီးကို ခဏပြန်နားကြတယ်။ ကမြောကြီးကနေမှ လေဆိပ်ကိုဆင်းတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ ထားဝယ်မြို့နယ်ဟာ သဘာဝဓါတ်ငွေ့တွေ ထွက်ရှိနေပါလျက်၊ အစိုးရမီးမရပဲ သူတို့အခေါ် ယိုးဒယားမီ တမီတာကို ၁၂၀ကျပ်နဲ့ သုံးနေခဲ့တဲ့အဖြစ်ကို သိခဲ့ရပါတယ်။

မြန်မာပြည်တောင်ပိုင်း ထားဝယ်မြို့ကနေ ပြန်လာတဲ့အခါ သဘာဝရေမြေရဲ့ လှပမှုကြောင့်ရော နယ်မြေဒေသခံတွေရဲ့ ရိုးသားမှု အလုပ်ကြိုးစားမှုတွေကြောင့်ရော တနိုင်ငံလုံးအတိုင်းအတာနဲ့ အခုလိုသန့်ရှင်းသပ်ရပ်တဲ့ ဒေသတွေဖြစ်အောင် လုပ်လာကြရင်ဆိုတဲ့ အတွေးတခုကို အမြဲတွေးနေမိတော့တယ်......

04 February 2018

ထားဝယ် သို့ ချစ်သောမြေ တောင်ပိုင်း (၄)

မနက်ငါးနာရီ မထိုးခင်မှာ နိုးလာတယ်။ ၂၀၁၈ နှစ်သစ်ရဲ့ ပထမဆုံး နေထွက်ရှုခင်းကို ဖိုးခေါင်းတောင် အစပ် ကုန်းမြင့်နားကနေ ကြည့်ကြမယ်။ မျက်နှာ ကပျာကယာသစ်ပြီး အိမ်ရဲ့ နောက်ကျောဖက်ကို တက်သွားကြတယ်။

အမြင့်တနေရာ တောင်တန်းတွေကို မြင်ရတဲ့ နေရာလွတ်တခုမှာ ခြေကုတ်ယူပြီး နေထွက်အလာကို စောင့်ကြတယ်။ နေမလာခင် ရောင်နီပျို့လာကတည်းက ဘယ်နေရာလောက်က နေထွက်မလဲဆိုတာ မှန်းကြရင်း ရင်ခုန်နေကြတယ်။

စောင့်တော့သာ ကြာပေမယ့် နေထွက်လာတဲ့အချိန်က ခဏလေးပဲ။ တောင်တခုနောက်ကနေ ဘွားကနဲတက်လာပြီး အပေါ်ကို တရှိန်ထိုးတက်သွားတော့တယ်။ တောင်တန်းတွေကြားက မြူတွေဟာ နေရောင်အောက်မှာ ကခုန်ကြတော့တာပေါ့....


နေထွက်ရှုခင်းကြည့်ပြီးတာနဲ့ အထုပ်တွေသိမ်း တောင်အောက်ရွာကို ပြန်ဆင်းကြတယ်။ ရွာကထမင်းဆိုင်မှာ ထမင်းကြော်စားရင်း ကော်ဖီသောက်တယ်။ အဲ့ဒီအချိန်မှာပဲ ဒီနှစ်ဆန်းတရက်နေ့မှာ မင်္ဂလာဆောင်မယ့် ရိုးရာမင်္ဂလာပွဲနဲ့ ဆုံတယ်။ ခွင့်တောင်းရင်း တိုးဝှေ့ပြီး ဓါတ်ပုံဝင်ရိုက်တယ်။ သူတို့ရိုးရာက သတို့သားဖခင်နဲ့ သတို့သမီးဖခင်တို့ ပန်းအိုးချင်းလဲကြတယ်။ သတို့သားမိခင်နဲ့ သတို့သမီး မိခင်တို့ကွမ်းအစ်ချင်းလဲကြတယ်။ ပြီးမှ သတို့သား သတို့သမီးတို့ မင်္ဂလာပွဲဆီကို ဝင်ကြရတယ်။ တမိသားနဲ့ တမိသားဖလှယ်ကြတာကို နှစ်ဖက်မိဖ ကြည်ကြည်ဖြူဖြူဖြစ်ဟန်ကို ဆိုလိုတာထင်ပါတယ်။

ပြီးတာနဲ့ အဲကွန်းလမ်းဆိုတဲ့ ရွာတွေကြားက လျှိုမြောင်လမ်းကလေးကို တောက်လျှောက်မောင်းကြတယ်။ သဲလမ်းတွေမို့ သတိထားပြီး ဆိုင်ကယ်ကို မောင်းရပါတယ်။ နောက်ရွာတရွာမှာလည်း မင်္ဂလာပွဲနဲ့ ဆုံပြန်တယ်။ ဒါလည်း အမှတ်တရအနေနဲ့ ဆင်းရိုက်ကြပြန်ရော။ လွန်ဘော့တုန်းကလည်း ဒီလို နှစ်ဆန်းတရက်မှာ မင်္ဂလာဆောင်ဝင်ပြီး ဓါတ်ပုံရိုက်ကြတာ သတိရသွားမိတယ်။



ဒီနေ့ပထမဆုံးသွားတဲ့နေရာက မယင်းကြီးကမ်းခြေပါ။ မယင်းကြီးကမ်းခြေကတော့ ရေကူးလို့မရပါဘူး။ ရေနက်ဆိပ်ကမ်းလုပ်ငန်းနေရာပါ။ ကမ်းခြေအထိဆင်းပြီး ဓါတ်ပုံရိုက်တဲ့အခါ ဒီရေလှိုင်းကဆွဲပြီး ရေစူးနက်တာရယ် ကျောက်ဆောင်တွေရယ်ကြာင့် ကိုမောင်လေးက တားပါတယ်။ ကျနော်တို့လည်း ခပ်မြန်မြန်ဓါတ်ပုံရိုက်ပြီးတာနဲ့  အပေါ်ပြန်တက်လာကြတယ်။ 
မယင်းကြီးကနေ ထွက်ဝကိုသွားတယ်။ ထွက်ဝသွားတဲ့လမ်းမှာ လျော်ကြေးပေးထားတဲ့ လူမနေတဲ့အိမ်ရာတွေကိုလည်းတွေ့ပါတယ်။ လမ်းတလျှောက်က ခြံတွေကို လုပ်ငန်းအတွက် လျော်ကြေးပေးထားပြီးသားလို့ သိရတယ်။ ဒါပေမယ့် လုပ်ငန်းကလည်း မစတော့ ခြံရှင်တွေက ဆက်ပြီး လုပ်ရင်း နှစ်သီးစားတွေလုပ်နေကြတယ်လို့ ရှင်းပြတယ်။ ထွက်ဝရောက်တော့ ကိုမောင်လေး အသိအိမ်မှာ ညက ကျန်တဲ့ ကြက်သားကင်တွေသုပ်ပြီး ထမင်းပူပူချက်ထားပေးဖို့ မှာခဲ့တယ်။

ပြီးတာနဲ့ ထွက်ဝကမ်းခြေကို ဆင်းတယ်။ ထွက်ဝကမ်းခြေက ကိုယ်ပိုင်ကမ်းခြေပါ။ ခြံပိုင်ရှင်တွေရဲ့ အကွက်လိုက် ပင်လယ်အထိတောက်လျှောက်ပိုင်တဲ့ ကမ်းခြေပေါ့။ ခရီးသည်မရှိသလို ခရီးသွားတွေလည်း မသိသေးတဲ့ ကမ်းခြေပါပဲ။ ကျနော်တို့တွေပဲ ရှိတဲ့ကမ်းခြေမှာ အေးအေးလူလူ ရေကူးကြတယ်။ ဆင်ထောက်တုန်းကလို လှိုင်းဆွဲတာမရှိပဲ တော်တော်ပြေတဲ့ ကမ်းခြေလျောမို့ ရေကူးလို့ကောင်းပါတယ်။ 

ရေကူးပြီးတာနဲ့ ဘေးနားက ချောင်းရေကြည်ကြည်ထဲမှာ ရေချိုအေးဆေး ချိုးရုံပဲ။ ရေချိုးနေတုန်း လာတွတ်တဲ့ ငါးလေးတွေကို ဗီဒီယိုရိုက်ထားသေးတယ်။ 

ရေကူးပြီးပြီဆိုတော့ ဗိုက်ကဆာကြပြီပေါ့။ ရွာကအသိအိမ်မှာ ထမင်းပူပူနဲ့လွေးရင်း မုန့်လက်ဆောင်းလေးပါ ဆွဲကြတယ်။ ပင်လည်းပင်ပန်း ဗိုက်ကလည်းပြည့်ဆိုတော့ ဧည့်ခန်းမှာကျောချလိုက်တာနဲ့ အိပ်ပျော်သွားပါတော့တယ်။

နိုးတာနဲ့ ပြန်ကြဖို့ ပြင်ဆင်နေကြပြီ။ ညနေမောင်းမကန်မှာတွေ့ကြမယ်လို့ ချိန်းတဲ့သူတွေလည်း ချိန်းပေါ့။ ထွက်ဝကနေ ရှမ်းလမ်းပေါ်ကိုပြန်တက်၊ ရှမ်းလမ်းကနေ မောင်းမကန်ကို တော်တော်လေး မောင်းရသေးတယ်။

မောင်းမကန်ရောက်တော့ နေကျတော့မယ်။ သူများချက်ပြုတ်လာတဲ့ ပင်လယ်စာတွေနဲ့ အုန်းရည်သောက်ရင်း နေဝင်ချိန်ကို ကြည့်မိတယ်။ မောင်းမကန် နေဝင်ချိန်ကတော့ လှမြဲလှနေဆဲပေါ့။

မောင်းမကန်ကနေ ထားဝယ်အိမ်ကိုရောက်တော့ အတော်လေးမှောင်နေပြီ။ မနက်ထားဝယ်မြို့နေထွက်တာကို ခေါင်းမိုးပေါ်တက်ကြည့်မယ် ပြီးတော့ မရောက်သေးတဲ့ နောက်တနေရာကို သွားကြမယ်လို့ ပြောရင်း ၂၀၁၈ရဲ့ ပထမဆုံးရက်ကို အေးအေးဆေးဆေး ဖြတ်ကျော်လိုက်ကြတော့တယ်......

28 January 2018

ထားဝယ် သို့ ချစ်သောမြေတောင်ပိုင်း (၃)

ဒီနေ့မနက်တော့ ခုနှစ်နာရီလောက်စမယ်လို့ ပြောပါတယ်။မနက်စာကို ထားဝယ်မုန့်ဟင်းခါးနဲ့ မုန့်မျိုးစုံကျွေးပါတယ်။ နှစ်တနှစ်ကူးတော့မှာမို့ ပျော်မယ့်ပါးမယ့်သူတွေ ကြိုတင်ပြင်ဆင်နေကြသလို၊ ဆူဆူညံညံတွေနဲ့ ဝေးလိုတဲ့ ကျနော်တို့ရဲ့ အထူးသီးသန့် ခရီးစဉ်ဆိုပါတော့...

နယ်ခံမိတ်ဆွေတွေရဲ့ ရာဘာခြံရှိတဲ့ ဖိုးခေါင်းတောင်ခြေမှာ ညအိပ်ပြီးနှစ်သစ်ကိုကြိုကြမယ်။ ဆိုတော့ မနေ့ကလောက် ခရီးရှည် မဟုတ်ပေမယ့် နှစ်နာရီလောက်တော့ ဆိုင်ကယ်စီးရမယ်လို့ ချော့ကြတယ်။ အေးအေးဆေးဆေးပါလို့ တခုပဲ ကျနော်စိုးရိမ်တာက ကိုယ့်ကြောင့် ခရီးဖင့်သွားမှာကိုပါပဲ၊ နယ်ခံတွေရဲ့ ရောက်စေချင်တဲ့ စေတနာကိုလည်း မြင်နေရတယ်လေ။

မြို့အပြင်က ထားဝယ်မြို့စာတန်းကို ဓါတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ ထားဝယ်မြစ်ကို တံတားပေါ်ကနေ မှတ်တမ်းတင်တယ်။ သိပ်မကြာခင်မှာ ရှမ်းလမ်းပေါ်ကိုရောက်တယ်။ လေယာဉ်ပေါ်တုန်းက မြစ်လိုမျိုး အကြောင်းလိုက်ကြီးဖြစ်နေတာ ဘာလဲလို့မေးထားဖူးတယ်။ အဲ့ဒါ ရှမ်းလမ်းတဲ့ ယိုးဒယားတွေလာဖောက်ထားတဲ့ လမ်းမို့ ရှမ်းလမ်းလို့ခေါ်ကြတယ်။ မြေနီလမ်း လမ်းမကျယ်ကို ဖြူးနေအောင်ဖောက်ထားတာပါပဲ။




လမ်းမှာ ခေါက်မုန့်သည်တွေ့လို့ ဝယ်စားကြတယ်။ ခေါက်မုန့်သည်ရဲ့ ဒယ်က သိပ်မိုက်ပါတယ်လေ။ တောင်ခြေနားက ရွာရောက်တဲ့အခါ ကွမ်းသီးခြံထဲဝင်မွှေကြတယ်။ စိုက်ခင်းပိုင်ရှင်က ကျောင်းပိတ်ရက်ကလေးတွေကို လုပ်အားပေး ကွမ်းသီးကောက်ခိုင်းနေတာတွေ့လို့ သဘောကျမိတယ်။ ရွာထဲမှာ ကွမ်းသီးခွဲနေတာတွေ၊ နေလှမ်းထားတဲ့ ကွမ်းသီးတွေလည်း ခွင့်တောင်းပြီးမှတ်တမ်းတင်မိပါတယ်။
ညအိပ်မယ့်တောင်စောင်းကို မရောက်ခင် အိမ်မှာ နေ့လည်စာကိုမှာထားခဲ့တယ်။ တဖြည်းဖြည်း ခြေကျင်လျှောက်တက်ပါတယ်။ ရာဘာတောထဲက အိမ်ကလေး ချစ်စရာလေးပါပဲ။ ကိုမောင်လေးက ရာဘာပင်မှာ ချည်တဲ့ ကြိုးအိပ်ရာကို ထုတ်ပေးတယ်။ စာအုပ်မယူလာမိတာ နာတာပဲ။ ပြီးတာနဲ့ ဘေးနားက စမ်းချောင်းလေးကိုသွားတယ်။ စမ်းချောင်းလေးရဲ့ ရေဟာကြည်လင်အေးမြနေတာပါပဲ။ ချောင်းထဲက ငါးကလေးတွေက ရေထဲချထားတဲ့ ခြေထောက်ကို တွတ်ကြတယ်။ ကျေးငှက်မြည်သံတွေနဲ့ သဘာဝဆိုတဲ့ အရသာကို ခံစားနေမိတော့တယ်။

နေ့လည်စာစားဖို့ နောက်တဖွဲ့ကလည်း လာနေပြီဆိုတော့ သူတို့ကို စောင့်ကြတယ်။ သူတို့ဝယ်လာတဲ့ ဟင်းတွေနဲ့ ကျနော်တို့ကိုချက်ပေးထားတဲ့ ဟင်းတွေစုံနေအောင်စားရတယ်။ ခဏနားပြီးတဲ့နောက် ကျနော်တို့ရဲ့ ရေတံခွန်ခရီးကို စပါတယ်။ ရာဘာခြံရဲ့ အနောက် တောင်ပေါ်မှာ ရှိတာမို့ ကိုယ်ပိုင်ရေတံခွန်လိုပါပဲ။ တခြားသူလည်း မရှိသလို သွားတဲ့လမ်းလည်း အခန့်သင့် မရှိပါဘူး။ တချို့နေရာတွေမှာ လေးဖက်ထောက်၊ တချို့နေရာတွေ ရေထဲကနေဖြတ်၊ကျောက်တုံးတွေကြားထဲ သွားရင်း ရေတံခွန်ကို ခက်ခက်ခဲခဲသွားရပါတယ်။ 
ရေတံခွန်ရောက်တဲ့အခါ ကြည်လင်နေတဲ့ ရေထဲ ရေကူးကြ၊ ရေပေါ်ဒီအတိုင်း ပေါ်သူကပေါ်နေ၊ အပေါ်ကနေ ခုန်ချသူ၊ ပုဇွန်လိုက်ဖမ်းတဲ့သူဖမ်း ၊ ရေထဲမှာ Goproနဲ့ ဗီဒီယိုရိုက်ကြနဲ့ တယောက်တမျိုးစီ။ ကျနော်ကတော့ ရေတံခွန်အောက်ထဲ ခေါင်းထိုးထည့်ဖို့ ကြိုးစားလိုက်၊ ရေညှိတွေနဲ့ ချောပြီး ရေထဲ ပြန်မျောသွားလိုက် လုံးချာပတ်ချာလိုက်နေခဲ့တယ်။ ရေကအေးပေမယ့် ရေထဲကနေ တော်တော်နဲ့ ပြန်မတက်ကြဘူး။

ရေတံခွန်ကနေ ပြန်လာတဲ့အခါ အိမ်နားက ချောင်းထဲမှာ တခါ ရေပြန်စိမ်ကြတယ်။ ညနေ နေကျသွားတာနဲ့ ချောင်းရေဟာ စိမ့်နေအောင်အေးသလို တိုက်တဲ့လေကလည်း အေးတာမို့ ကိုယ်လက်ရေသပ်ပြီးတာနဲ့ ရပ်ရတော့တယ်။

ကိုမောင်လေးက ညစာကို ကြက်ကင်စီစဉ်ပေးထားတယ်။ မီးကတော့ နေရောင်ခြည်သုံးစွမ်းအားနဲ့ နေ့လည်က ဖြည့်ထားတာကို ဖွင့်ပေးပါတယ်။ တကယ့် Eco Lodge လေးပါ။ ခြံစောင့်တဲ့ လင်မယားကတော့ ဖိုးခေါင်းတောင်ပေါ် တောပစ်ထွက်သွားကြပြီ။ နှစ်သစ်ရဲ့ မနက်နေထွက်တာကို တောင်ပေါ်ကနေ ကြည့်ကြမယ်လို့ ပြောပြီး အိပ်ရာဝင်လိုက်ကြတော့တယ်......

24 January 2018

ထားဝယ် သို့ ချစ်သောမြေတောင်ပိုင်း (၂)

မနက်လေးနာရီမှာ ခရီးစကြမယ်။ ကျနော့ကိုဆိုင်ကယ်နဲ့ ခေါ်မယ့် နယ်ခံ ကိုမောင်လေးကို လှမ်းနှိုးထားတယ်။ ဖုန်းနံပါတ်မှားနှိုးတာကြောင့် ကိုမောင်လေးကို ခဏစောင့်ပြီး ခရီးကို စခဲ့ကြတယ်။ မနက်စောစော ဆိုင်ကယ်လေနဲ့ တော်တော်လေး အေးတာပါ။  

ထားဝယ်မြို့နယ်ရဲ့ထူးခြားချက်က မြို့နယ်တခုလုံးသန့်ရှင်းနေတာပါ။ အိမ်တိုင်း အိမ်တိုင်းနဲ့ ဒေသခံတိုင်းက သန့်ရှင်းရေးကို လုပ်ကြဖို့နှိုးဆော်ထားသူနဲ့ တတပ်တအားပါဝင်ကြတဲ့ တမြို့နယ်လုံးကို လေးစားမိပါတယ်။ 
တောင်တန်းတွေနားကို ရောက်တဲ့အခါ မြူတွေဆိုင်းတဲ့ ဇာပုဝါဖြူဖြူတွေ မလွင့်ခင် ဖြတ်ခနဲတွေ့ရတဲ့ မနက်အရုဏ်ဦးအလှကို ရပ်ပြီး ရိုက်ကြပြန်တယ်။
တနာရီကျော်လောက် စီးပြီးတဲ့အခါ ဗိုက်ဆာလာကြတယ်။ လမ်းမှာ ထားဝယ်မုန့်ဟင်းခါးဆိုင် စဖွင့်ကာစတွေ့တာနဲ့ ဝင်ဆွဲကြတယ်။ ထပ်ပြီးမောင်းလာရင်း မုချွတ်လိလုပ်နေတာတွေ့တာနဲ့ ဆိုင်ကယ်နောက်ပြန်လှည့်ပြီး ဝင်စားကြသေးတယ်။ မုန့်သည်ဘေးနားကနေ သူတခုလုပ်ပြီးတာနဲ့ ကိုယ်တခုစား သိပ်ကောင်းတဲ့ မုချွတ်လိပါလား လုပ်နေကြတယ်။ မုန့်သည်အမက မျက်နှာချိုသာရုံမက စေတနာပါ ချိုပါတယ်။ မုန့်အပိုနှစ်ခု သီးသန့်ထည့်ပေးလိုက်သလို ကျနော်တို့တွေ ပျော်နေတာကို ပြုံးပြီးကြည့်နေလေရဲ့...
နောက်ထပ် တနာရီကျော်ကျော်လောက် ထပ်မောင်းလာတဲ့အခါ ရွာကအိမ်မှာ ကလေးတွေကို အမေက ထမင်းကျွေးရင်း မီးလှုံနေတဲ့မြင်ကွင်းကို ဖြတ်လာကြတယ်။ ဓါတ်ပုံရိုက်ချင်လို့ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူလာကြတယ်။ 
အညာထန်းတောနဲ့ တူတယ်ဆိုတဲ့ မြင်းခွာအော်မရောက်ခင် လမ်းကလေးမှာလည်း ရပ်ကြပြန်သေးတယ်။



ဘုရားဖူးတွေမများခင် ရှင်မှော်ရောက်အောင်သွားကြမယ်ဆိုပေမယ့် ရှင်မှော်သွားတဲ့ လမ်းတလျှောက်မှာ နှစ်ကြိမ်လောက် ရပ်ပြီး ဓါတ်ပုံရိုက်ကြပြန်သေးတာ။ ပင်လယ်ဘေးနားကပ်ပြီး တောက်လျှောက်သွားနေတဲ့ ရှင်မှော်လမ်းဟာ မရပ်ပဲ မနေနိုင်အောင်ကိုလှပါတယ်။




ရှင်မှော်ရောက်တော့ နေပူနေပြီ။ ဘုရားကိုဦးချပြီးတာနဲ့ အောက်ကို အတင်းဆင်းကြတယ်။ ဘုရားဖူးတွေများနေခဲ့ပြီ။ အရင်ကဆို သဘာဝအတိုင်းမို့ ပိုလှမှာ ခုတော့ ရသလောက် အလှလေးတွေကိုပဲ မှတ်တမ်းတင်ခဲ့ရတော့တယ်။ အပေါ်ကို ပြန်တက်လာတဲ့အခါ ဘုရားဖူးကားတွေ တော်တော်များများ ရောက်လာကြပြီ။
ရှင်မှော်ကနေ ပြန်တော့ ငါးဖမ်းရွာကလေးကို ဓါတ်ပုံရိုက်တယ်။ ပြီးတော့ မြင်းခွာအော်ကို ဆင်းတယ်။ မြင်းခွာအော်က ရေကူးဖို့တော့ အဆင်မပြေဘူး။ မြင်းခွာအော်ကနေ ဘိုးဘိုးကျောက်ကို ဆက်သွားကြတယ်။ 
ဘိုးဘိုးကျောက်ကိုရောက်ဖို့ ခက်ခက်ခဲခဲမောင်းရပါတယ်။ ၆၀ဒီဂရီလောက်မတ်တဲ့တောင်ကုန်းတွေကို အဆင်းအတက်လုပ်ရတယ်။ ဘိုးဘိုးကျောက်ကမ်းခြေက ရေအတော်ကြည်ပြီး တကယ်ကို လှတဲ့ကမ်းခြေတခုပါပဲ။ အမှိုက်တွေမရှိသေးဘူး၊ကားတွေ ဆိုင်ကယ်တွေတော့ ကမ်းခြေမှာ သွားနေကြတာ တားမြစ်သင့်ပါတယ်။ ကမ်းခြေကို သဘာဝအတိုင်း ထိမ်းသိန်းမယ့်သူတွေ လိုအပ်နေပါသေးတယ်။ မူရင်းအစီအစဉ်က ဘိုးဘိုးကျောက်ကနေ စက်လှေနဲ့ ဆင်ထောက်ကို သွားကြဖို့ပါပဲ။ စက်လှေလိုက်မယ့်သူမရှိဘူးလို့ဆိုပါတယ်။ 

ဘိုးဘိုးကျောက်မှာ အုန်းရေသောက် ခဏနားပြီး နောက်ကြောင်းပြန်လှည့်လာကြတယ်။ ဘိုးဘိုးကျောက်လမ်းထက် ကြမ်းတဲ့ ဆင်ထောက်ကမ်းခြေလမ်းကို ဦးတည်ကြပြန်တယ်။ ဆင်ထောက်သွားတဲ့လမ်းဟာ မိုးတွင်းဆို ဘယ်လိုမှ သွားလာနိုင်မှာ မဟုတ်ပါဘူး။ ကိုမောင်လေးကတော့ ပြောတယ် ဆင်ထောက်မှာ ကျောင်းရှိတယ် ဒါပေမယ့် ဆရာ ဆရာမတွေဟာ အဲ့ဒီကျောင်းကို ဘယ်သူမှ မလာချင်ကြဘူးတဲ့။ ဒီလောက်ခက်ခဲတဲ့လမ်းကို ဘယ်သူက နေ့တဒူဝလာချင်မှာတဲ့လဲ....

ဆင်ထောက်ရွာမရောက်ခင် လမ်းဆုံမှာ ကြံရည်သောက်ကြတယ်။ ရွာကထည့်ပေးလိုက်တဲ့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကိုလည်း စားလိုက်သေးတယ်။ ကြံရည်က သိပ်ချိုတာမို့ အပြန်ဝင်သောက်မယ်လို့ပါ စာချုပ်ချုပ်ထားလိုက်ကြသေးတာ။
 
ဆင်ထောက်ရွာရောက်ပြီဆိုတာနဲ့ စာသင်ကျောင်းကို တခုတ်တရပြတယ်။ စာသင်ကျောင်းကျော်တာနဲ့ ဆိုင်ကယ်လမ်းဆုံးပြီ။ ရေတက်ချိန်ဆို လမုတောကို လှေနဲ့ဖြတ်ရပြီး ခုလို ရေကျချိန်မှာတော့ ခြေကျင်ခရီးပါ။ လမုတောကို မဗေဒါ သီချင်းလေးညည်းရင်း နေပူပူကို လသာသလို ဖြတ်ကြတယ်။ တနာရီကျော်ကျော်လောက် လျှောက်လာရင်း လှိုင်းသံကို ကြားနေရပြီ။




တွေ့ပြီ ရှေ့မှာ ပင်လယ်။ သဲတွေဟာ မြေပဲဆန်လှော်တဲ့ ဒယ်အိုးထဲက ဆားတွေလိုပါပဲ။ နှစ်သစ်ကူးမှာ ဒီ ဆင်ထောက် ကမ်းခြေမှာ နေကြမယ်စိတ်ကူးပေမယ့် ခြောက်ရက်နေ့အထိ ကမ်းခြေဟိုတယ်က အပြည့်တဲ့လေ။ ဒီတော့ ဒီကမ်းခြေကို ရောက်ဖူးတယ်ရှိအောင်ပဲ လာဖြစ်တာပါ။



ဟိုတယ်က ဖွင့်ထားတဲ့ ဆိုင်မှာ နေ့လည်စာ စားဖို့မှာကြတယ်။ ဗိုက်တွေ တအားဆာနေခဲ့ပြီ။ နေ့လည်စာစား ခဏနားပြီးမှ ရေဆင်းကူးကြတယ်။ ဆင်ထောက်ကမ်းခြေက ဘိုးဘိုးကျောက်လောက် သိပ်မလှတဲ့အပြင် လှိုင်းကလည်း ဆွဲတဲ့အတွက် ရေကူးမယ့်သူတွေ သတိနဲ့ကူးစေချင်ပါတယ်။ သီးသန့်ကမ်းခြေလေးဖြစ်သလို၊ ကမ်းခြေစောင့် သက်ကယ်အဖွဲ့တွေလည်း မရှိတာကြောင့်ပါ။ ပြန်တက်လာတဲ့အခါ ဟိုတယ်က ကျနော်တို့ကို ရှားပါးတဲ့ ရေချိုကို ပေးချိုးပါတယ်။ ညနေ နေမကျခင် ကမ်းခြေကနေ ပြန်ထွက်လာကြတယ်။ တအားမှောင်ရင် ဒီလမ်းမှာ ဆိုင်ကယ်နဲ့ လမ်းမသာဘူးလေ...
ဆင်ထောက်ရွာပြန်ရောက်တဲ့အခါ ကျောင်းကို အမှတ်တရ ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ကွမ်းသီးလှမ်းထားတာကို ရိုက်တယ်။ ပြီးတော့ ရိုးရာ ဓနိသက်ကယ်ယက်နေတာကို စိတ်ဝင်စားမိတယ်။ လက်ဆင့်ကမ်းသင်ကြားသလို ဖြစ်နေတာမို့ အမှတ်တရ ဓါတ်ပုံရိုက်ယူလာခဲ့ပါတယ်။ ဒီဒေသတွေမှာ ရိုးရာမပျက် ဓလေ့အစဉ်အလာတွေ ထိမ်းသိန်းကြတုန်း...


လမ်းဆုံက ကြံရည်ဆိုင်မှာ တချက်ပဲရပ်တယ် အပြန်ကို အရှိန်တင်ပြီး မောင်းလာကြတယ်။ တချက်တချက် တယောက်ကို တယောက် စောင့်ကြတာကလွဲရင် မနားကြတော့ဘူး။ ကိုမောင်လေးက ဟိုနားရပ်မလား ဒီနားရပ်မလား မေးပေမယ့် ကျနော်လည်း ထူးပြီး မရပ်ခိုင်းတော့ဘူး။ တချက်ပဲ နေဝင်ချိန် ကောင်းကင်ကို ခဏရပ်ပြီး ဓါတ်ပုံရိုက်တယ်။ ပြီးတော့ သူရပ်ပြီး ရိုက်ခိုင်းတဲ့ ဘုရားလှည့်ပွဲ.....

ကမြောကြီးကို ရောက်တဲ့အခါ အိမ်က လူတွေက ဧည့်သည်ကို ဒီလောက်တောင် မောင်းသလား၊ ဧည့်သည်တော့ ပြန်ပြေးတော့မှာပဲ မေးကြတယ်။ မနက်လေးနာရီကနေ ညနေ ၇နာရီလောက်ထိ တောက်လျှောက်သွားပေမယ့် ဧည့်သည်ကလည်း ဒီလိုမျိုးသွားချင် သွားတတ်တာဆိုတော့ အေးဆေးပဲ။ တခုပဲ ဆိုင်ကယ်တနေကုန်ခွထားတော့ ပေါင်တွေတော့ ကွနေတော့တယ်....

နောက်နေ့ ဘယ်သွားဦးမလဲ ဆိုတဲ့ စိတ်နဲ့ ဖြစ်သလို ညစာကို မြို့ပေါ်က တည်းတဲ့ အိမ်မှာ စားပြီးပြီးချင်း ဆေးတွေသောက်စရာရှိတာသောက် လိမ်းစရာရှိတာလိမ်း၊ သိပ်မကြာခင် အိပ်ပျော်သွားပါတော့တယ်......