15 June 2020

မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ တ

ဒီနေ့ခရီးက ခရီးစဉ်တလျောက်လုံးမှာ အကြာဆုံးကားစီးရတာပဲဖြစ်တယ်။ ဗာရာဏသီကနေ သာဝတ္ထိကို ကိုးနာရီကြာ ညောင်းနေအောင်စီးပေရော့။ ဒါကြောင့်တချို့က လူသက်သာအောင် ဗာရာဏသီကို ပြည်တွင်းလေကြောင်းနဲ့လည်း လာခြင်းဖြင့် အရှေ့ရက်က ကားစီးချိန်ကို လျော့ချတယ်။ 

အသွားလမ်းတလျှောက်မှာ အိန္ဒိယရဲ့ မြို့ပြပိုင်းကို ကြည့်မိတယ်။ အိမ်အတော်များများဟာ ဆောက်လုပ်ပြီးစီးတဲ့ ပုံစံမဟုတ်ပဲ တိုးလို့တန်းလန်း ကျန်နေတာ တွေ့ရတယ်။ မမိုးက အိမ်တခုလုံး အချောသပ်ပြီးစီးသွားရင် အခွန်အခပေးရတာမို့ အခွန်ရှောင်တဲ့သဘောနဲ့ အဲ့လိုမပြီးမစီး သေချာဆောက်ထားခဲ့တာလို့ ရှင်းပြတယ်။ ပြီးတော့ ဂါယာရှိနေတဲ့ ဘီဟာပြည်နယ်ဟာ အိန္ဒိယမှာ အဆင်းရဲဆုံးလို့လည်းသိရတယ်။ တခုကောင်းတာကတော့ ဘီဟာပြည်နယ်မှာ အရက်သေစာ ရောင်းချသုံးစွဲခွင့် လုံးဝမပြုပါဘူး။ ဗာရာဏသီရှိတဲ့ ဥတျာပရာ့ဒစ်ရှ်မှာတော့ အရက်သေစာ ဝယ်လို့ရပါသတဲ့။





နေ့လည်စာကိုတော့ ရာမဇာတ်တော်ထဲက ရာမမင်းသားရဲ့မြို့တော်ဟောင်းတဖြစ်လဲ လက်ခနောင်မြို့မှာ ဝင်စားတယ်။ ဒီမြို့ရဲ့နာမည်ကျော်အစားအသောက်က ဒန်ပေါက်နဲ့ ဆိတ်သားခပတ် ပါ။ မမိုးက ဒါတွေကို ကြိုပြင်ဆင်ထားခဲ့တာမို့ စမ်းသပ်ခွင့်ရခဲ့တယ်။ စားနေကြ ဒန်ပေါက်မျိုးမဟုတ်ပါဘူး။ ဗိုက်တွေလည်း အတော်ဆာနေတာမို့ မြိန်မြိန်ယှက်ယှက်စားခဲ့ကြတယ်။ ဗိုက်ပြည့်မှ အနားက ပွဲစျေးတန်းကို ပတ်ကြတယ်။ အဆိုပြိုင်ပွဲဆိုတာလည်း ငေးရင်း ပွဲစျေးကိုလည်းလျှောက်ရင်း နတ်ကရာ ကျီးမော့ကြပြန်တယ်။ လက်ခနောင်က  ဒီပြည်နယ်ရဲ့ မြို့တော်လည်းဖြစ် ဆယ့်လေးခုမြောက် လူဦးရေအထူထပ်ဆုံးလည်းဖြစ်တဲ့ မြို့ပါ။ အဝေးပြေးကားလမ်းမပေါ်ကနေ စက်ဘီးနဲ့ ခရီးသွားသူတွေကိုလည်း ကားပေါ်မတက်ခင် မှတ်တမ်းတင်ဖြစ်တယ်။

သာဝတ္ထိကိုရောက်တော့ မိုးအတော်ချုပ်နေပြီ။ ဟိုတယ်က Lotus Nikko ဖြစ်ပြီး ဂျပန်ပိုင်ဖြစ်ပါတယ်။ ဒီဘုရားဖူးခရီးစဉ်တွေအတွက် အစောဆုံး စတင်ဖွင့်လှစ်တဲ့ ဟိုတယ်တွေဖြစ်ပြီး ဝန်ဆောင်မှု စနစ်ကျတာ အခန်းသေသပ်သန့်ရှင်းတာတွေအတွက် နာမည်ကျော်ပါတယ်။ ဟိုတယ်မှာ ညစာစားပြီးတာနဲ့  အားလုံး ပင်ပန်းပြီး အခန်းပြန်အိပ်ကြတယ်။ ရေချိုးကန်ထဲမှာ ရေနွေးစိမ်ရင်း တနေ့လုံး ညောင်းသမျှကို ကော်ဖီတခွက်နဲ့ ပြန်ဖြည်လျေ့ာ့တယ်။ မနက်ကို အစောကြီးထကြမယ်လို့ မမိုးက နှိုးဆော်တယ်။
မနက်အားလုံးကိုနှိုးပြီး မနက်စာ မုန့်ဟင်းခါး ကျွေးတယ်။ ပြီးတာနဲ့ မြတ်စွာဘုရား တာဝတိံဿာနတ်ပြည်သို့ ကြွချီတော်ရာ သရက်ဖြူကုန်းကို ချီတက်တယ်။ အတော်လေးအေးပြီးမြူတွေဆိုင်းနေတာမို့ အောက်မှာ ဆရာတော်ရဲ့ တရားကို အရင်နာကြတယ်။ တက်နိုင်တဲ့သူတွေအပေါ်ကိုတက်ပြီး ကြည့်ကြတယ်။ တကယ်က အုတ်ရိုးပဲ ကျန်တော့တယ်။ ကျနော်တို့နဲ့အတူ ထိုင်းဘုရားဖူးအဖွဲ့တွေလည်း အပေါ်ကိုတက်ပြီး ပူဇော်ကြတယ်။ သူတို့အားလုံး အဖြူဆွတ်ဆွတ်ချည်း ဝတ်ထားတာမို့ သီရိလင်္ကာက လူတွေကိုသွားသတိရမိတယ်။



သရက်ဖြူကုန်းကနေ သာဝတ္ထိရဲ့ အုတ်မြို့တံခါးဟောင်းရယ် အနာထဘိဏ်သူဌေးရဲ့ သုဒတ္တစေတီတော်၊ လက်ညိုးပေါင်းတထောင်ပိုင်ရှင် အင်္ဂုလိမာလစေတီတော်တို့ကို ဝင်ကြည့်ကြတယ်။ သုဒတ္တစေတီတော်က အတော်လေး မြင့်ပြီး အုတ်အခိုင်အမာကျန်ရစ်တာမို့ ရှေးတုန်းကဆို ဘယ်လောက်ကြီးကျယ်ခမ်းနားမလဲ မှန်းဆနိုင်တယ်။





မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းတော်ကို သွားရောက်ဖူးမျှော်ကြတယ်။ ဘုရားဖူးအများအပြားရှိပြီးသင်္ဃန်းခြုံအလှူခံတွေလည်း ရှိပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် နှစ်ဆယ့်ငါးနှစ်တိုင် ဝါဆိုတော်မူသော ဇေတဝန်ကျောင်းတော်ဝန်းအတွင်းလှည့်လည်ပူဇော်ကြတယ်။ ရေသန့်သပ်ရာ ရေတွင်း၊ ဘုရားရှင် သီးတင်းသုံးတော်မူရာ ကျောင်းတော်ရာနဲ့ အာနန္ဒာမဟာဗောဓိပင်တို့ကို ဖူးမျှော်ရတယ်။ ဗောဓိညောင်ရွက် ရောင်းသူတွေ အလှူခံတွေနဲ့ ပြည့်နှက်နေတာမို့ သတိထားသွားလာကြဖို့ မမိုးက သတိပေးပါတယ်။

လိုက်လံရှင်းပြ တရားဟောပေးတဲ့ ဆရာတော်ရဲ့ ကျောင်းကိုဝင် တခေါက်နားရင်း ကျောင်းရဲ့  ဝေယျာဝစ္စအတွက် အလှူပြုကြ ဆရာတော်ရဲ့တရားစာအုပ်တွေ ဝယ်ယူပူဇော်ကြတဲ့အပြင် ကျောင်းရှေ့က အစေ့အဆန်များနဲ့ ဒေသထွက်စားသောက်ကုန်တွေကို မြည်းစမ်းရင်း​ ပျော်ရွှင်စွာဝယ်ယူကြပါတယ်။ မြန်မာဘုရားဖူးအသွားအလာများတာမို့ တော်တော်များများ မြန်မာလို ပြောဆိုရောင်းချနေတာကို တွေ့ရပါလိမ့်မယ်။ 

ဟိုတယ်မှာ ရေမိုးချိုးခဏနား နေ့လည်စာစားပြီး အထုတ်တွေ ကားပေါ်တင် တခေါက်ပြန်ထွက်ကြပြန်တယ်...

01 June 2020

မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ ဒု


မနက်ကို အစောကြီးထကြရတယ်။  ပစ္စည်းထုတ်တွေကို အခန်းရှေ့ထုတ်ထားပေးဖို့ မမိုးကမှာတယ်။ ကျနော်တို့ မနက်စာစားနေတုန်းမှာ ကားပေါ်ကို အထုတ်တွေတင်ထားမယ်။ ဒီနေ့သွားရမယ့် ခရီးကရှည်တာမို့ စောနိုင်သမျှ စောစောထွက်ကြရင် ဟိုဖက်မှာ လည်ပတ်ချိန်ပိုရမယ်လို့မှာပါတယ်။

ဂါယာရဲ့ မနက်ခင်းဟာမြူတွေနဲ့ ဆိုင်းနေတယ်။ ကားက အမြန်မောင်းတာမို့ စိမ့်နေအောင်လည်း အေးတယ်။ ကားသမားက အအေးဓါတ်ကြောင့် မှန်တွေ ဝါးမသွားအောင် ပြတင်းပေါက်ဖွင့်ပြီး မောင်းလာတာမို့ ဖြတ်လာတဲ့လေအေးဟာ အထူးသဖြင့် ခြေထောက်တွေအထိ လေတိုးပြီး အရမ်းအေးတယ်။ လမ်းမှာ ဆီဖြည့်တဲ့နေရာရောက်မှပဲ အပေါ့အပါးသွားဖို့ ရပ်ပေးတယ်။ ကျေးလက်ကို စမြင်ရပြီ။ လမ်းတွေက ကျဉ်းပေမယ့် အတော်လေး ဖြောင့်ဖြူးပါတယ်။

လမ်းက ရပ်နားစခန်းမှာ ခဏနားရင်း ဗယာကြော် ကောင်းတယ်ဆိုပြီး မမိုးကဝယ်ကျွေးပါတယ်။ ကျနော်တို့ ဦးတည်တဲ့အရပ်က တိုင်းမသိတော့ ဗာရာဏသီဆိုပြီး ကောင်းကောင်းကြီး ရင်းနှီးခဲ့တဲ့ အရပ်ပါ။

ခရီးစဉ်မှာတော့ ဘုန်းကြီးကျောင်းမှာ နေ့လည်စာစားမယ်လို့ ရေးထားပေမယ့် တကယ်တမ်း နေ့လည်စာကို ဗာရာဏသီက ဟိုတယ်ရောက်မှ နောက်ကျစားဖြစ်တော့တယ်။ ဟိုတယ်က အသစ်ဖြစ်ပြီး ကြယ်လေးပွင့် အဆင့်သတ်မှတ်ထားတယ်။ အခန်းအနေအထားနဲ့ အစားအသောက်တော့ မဆိုးလှပေမယ့် ဝန်ဆောင်မှုပိုင်းမှာ ကြယ်လေးပွင့်ကို မရောက်ရှိသေးဘူး။ ဂျပန်ကကြယ်လေးပွင့်ဟိုတယ်တွေနဲ့ နှိုင်းယှဉ်ရင် အတော်လေးပြတ်ကျန်ခဲ့တယ်။




နေ့လည်စာစားပြီးတာနဲ့ မိဂဒါဝုန်တောရှိရာ အရပ်ကို သွားကြတယ်။ နိဂြောဓ သမင်မင်းနဲ့ အပေါင်းအပါတွေလည်း လူတွေ ကြောက်လို့ ပြေးနေ​လောက်ပြီ။ များပြားလိုက်တဲ့လူတွေဆိုတာ။ ဘုရားဖြစ်တော်မူပြီး တရားဦးဟောရာ မိဂဒါဝုန်တောဟာ မြို့ပြကြီးထဲမှာ ကျကျန်နေခဲ့သေးလို့ တော်တော့တယ်။ အုတ်ရိုးအဟောင်းများသာကျန်ရှိတဲ့နေရာမှာ မိဂဒါဝုန်က ဆရာတော်နဲ့ ဓမ္မစင်္ကြာ ရွတ်ဆိုပူဇော်ကြတယ်။ ဓမ္မရာဇိက စေတေီတော်နဲ့ ပန်းတော့လက်ရာများ တချို့တဝှက်ကျန်ရှိနေသေးတဲ့ ဓမ္မေခစေတီတော်ကို ဖူးမျှော်ကြတယ်။ မိဂဒါဝုန်က သာသနာ့အဆောက်အဦးတော်တော်များများဟာ ဖျက်ဆီးခံခဲ့ရ ခိုးခံခဲ့ရတယ်လို့ သိရှိရပါတယ်။ အသောက ကျောက်စာတိုင်၊ ဓမ္မရာဇိကစေတီနဲ့ ပဉ္စယတ​နေစေတီ တွေဟာ အကြွင်းအကျန်ဖြစ်သာကျန်ရစ်တယ်။ အုတ်တချို့ကိုလည်း ယူဆောင်ပြီး မြို့တည်ထောင်ရာမှာ အသုံးပြုခဲ့တယ်လို့ မှတ်သားရပါတယ်။ ကျနော့စိတ်ထဲမှာတော့ ပြတိုက်ကို ယူဆောင်သွားတဲ့ ဓမ္မစင်္ကြာဟောဟန် ဘုရားရုပ်ထုရဲ့ ဓါတ်ပုံက သပ္ပါယ်စွာ ကပ်ငြိလို့နေပါတယ်။

ဓါတ်ပုံရိုက်နှစ်သက်တဲ့ ကျနော့ကို မမိုးက ဂင်္ဂါမြစ်နတ်သမီးပူဇော်ပွဲသွားဖို့ အကြံပေးတယ်။ လူကြီးတွေကတော့ ဦးလှမြင့်မှာ စျေးဝယ်ဖို့ပဲ။ ဒါပေမယ့် ပါလာတဲ့လူကြီးတွေကလည်း စိတ်ဝင်စားတယ် သူတို့လည်း လိုက်မယ်ဖြစ်ကုန်တယ်။ လူကြီးတွေပါရင်မြစ်ထဲကနေ လှေနဲ့ ကြည့်မှ ရမယ် မဟုတ်ရင်တိုးဝှေ့ရခက်တယ်ဆိုပြီးမမိုးက စီစဉ်ပေးတယ်။ ဦးလှမြင့်လည်း မလွှတ်ချင်ကြတဲ့အဖွဲ့ဆိုတော့ဦးလှမြင့်ဆိုင်ကိုလည်း မပိတ်ဖို့ စောင့်နေပေးဖို့ လှမ်းမှာပေးရသေးတယ်။





ဂင်္ဂါမြစ်မှာ သေဆုံးသူတွေရဲ့ ပြာကိုမျှောရင် သံသရာပြတ်တယ်လို့ ယူဆကြတာမို့ အနီးအနားကနေ အလောင်းကို သယ်ဆောင်လာ မြစ်ကမ်းပါးမှာ မီးရှို့ ပြာကို မြစ်ထဲမျောကြတာ ယနေ့ထက်ထိပါပဲ။ လူကြီးတွေပါတာမို့ ဒီမြင်ကွင်းကို ကျနော်လေ့လာခွင့်မရခဲ့ပါဘူး။ ဂင်္ဂါမြစ်ထဲမှာ လှေစစီးတော့ အတော်လေး အေးစပြုလာပြီ။ မြစ်ကမ်းပါးမှာ အရင်တုန်းကတော့ သူဌေးသူကြွယ်တွေ အရာရှိတွေရဲ့ အိမ်ရာတွေဖြစ်ပြီး အခုတော့ ဟိုတယ်တော်တော်များများ ခမ်းခမ်းနားနားရှိနေတာကို တွေ့ခဲ့ရတယ်။

ပူဇော်ပွဲရှေ့ရောက်တော့ ဧည့်ပရိသတ်တွေအများကြီးရှိပြီး ပွဲမစသေးပါဘူး။ ဂင်္ဂါ မြစ်ထဲကို ဆီမီးမျောကြတယ်။ ပါလာတဲ့ ခရီးသွားတွေက အေးတာတကြောင်း လူတွေများတာတကြောင်းနဲ့ အခုတော့ ပြန်ချင်ပြီလို့ လုပ်လာခဲ့တော့တယ်။ အတော်လေးကို စိတ်ရှည်တဲ့ မမိုးပါ။ ကျနော်နဲ့ သူ့လက်ထောက်ကို ကမ်းနားမှာ ချထားခဲ့ပြီ ကျန်တဲ့ လူကြီးတွေနဲ့ ကိုလှမြင့်ဆီကို လိုက်ပို့ပေးတယ်။



ပူဇော်ပွဲစင်နားမှာ ဓါတ်ပုံစောင့်ရိုက်ဖြစ်ပါတယ်။ သူတော်စင်လေးယောက်က သူတို့ပူဇော်ကန်တော့ပွဲကို ခေါင်းလောင်း၊ ခရာ၊ ဆီမီး၊ ပန်းတွေနဲ့ စည်းချက်ညီညီ ပူဇော်ကြတယ်။ ပရိသတ်ဟာ ကြိတ်ကြိတ်တိုးနေတယ်။ လေးဆယ့်ငါးမိနစ်လောက်ကြာမယ်ထင်တယ်။

ပွဲပြီးတာနဲ့ မပြန်ကြသေးပဲ သူတို့ရိုးရာ လမ်းဘေးအစားအစာတခုကို စားကြသေးတယ်။ စာရွက်ကန်တော့ထဲ ပဲတွေ ငြုတ်သီးတွေ အရွက်တွေနဲ့ ပူပူနွေးနွေး စပ်စပ်လေးဆိုတော့ အေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပါတယ်။

လမ်းတွေဆိုတာ လူတွေအရမ်းတိုးလို့ မုံရွာက ဘုရားကြီးပွဲကိုတောင် အောက်မေ့မိတယ်။ မမိုးလက်ထောက်က ကျနော်တို့အတွက် လိုအပ်တဲ့ အရာတွေဝယ်ဖို့ လမ်းတွေကိုဟိုဝင်ဒီထွက်သွားနေတယ်။ ဓါတ်ပုံသမားကလည်း ရိုက်တာပေါ့။

ကျနော်တို့ ဦးလှမြင့်ကို ရောက်သွားတာတောင် သူတို့ စျေးဝယ်လို့ မပြီးကြသေးဘူး။ အထုတ်ကြီးအထုတ်ငယ်နဲ့ ဝယ်နေကြတာ မသိရင် ရန်ကုန်မှာ လက်ကားပြန်ဖြန့်ကြမလားတောင် အောက်မေ့မိတယ်။ စျေးကလည်း ဆစ်ကြရတယ်။ မဆစ်ပဲဝယ်ရင် ဆိုစျေးက အတော်ကွာတယ်။မြန်မာခရီးသည် ဘယ်လောက်များသလဲဆိုရင် စျေးရောင်းသူတွေဟာ မြန်မာလို့ မွှတ်နေအောင်ကို ပြောတတ်ကြပါတယ်။

ဟိုတယ်ပြန်ရောက်မှ ညစာစားကြတယ်။ မဆာဖူးဆိုပေမယ့် အေးတော့ စားလို့ဝင်သွားတာပါပဲ။ အခန်းထဲကို အပူပေးစက်တွေ လာပေးပေမယ့် ဂျာတကာအင်းလောက် မနွေးဘူးလို့ ထင်တယ်။  မနက်ကိုဂင်္ဂါမြစ်ထဲ လှေစီးသွားလေ့လာလို့ ရပေမယ့် အရမ်းအေးတာမို့ မသွားဖြစ်ခဲ့တော့ဘူး။ မြင့်မြတ်တဲ့ ဂင်္ဂါရေနဲ့ ကိုယ်လက်သန့်စင်တဲ့ လူတွေကိုလည်း မတွေ့ခဲ့ရတော့ဘူးပေါ့။ ဟိုတယ်မှာ မနက်စာစားပြီး ချောက်ခန္ဒီစေတီကိုသွားကြတယ်။ 


စေတီဝင်းထဲမှာ သစ်ပင်တွေ ဂရုတစိုက် စိုက်ပျိုးထားတာ တွေ့ရပါတယ်။ စေတီရဲ့ အပေါ်မှာ သီးသန့် ထိုးထွက်နေတဲ့ မျှော်စင်ပုံ အဆောက်အဦးကတော့ အက္ကဘာဘုရင်ရဲ့ အထိိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားခဲ့တာလို့ သိရတယ်။ ဘာသာရေး ရောယှက်မှုတွေ ပြောင်းလဲကူးပြောင်းမှုတွေနဲ့ ဗာရာဏသီဟာ ကျနော်တို့ သိခဲ့ဖူးတဲ့ ဗာရာဏသီ မဟုတ်တော့တာတော့ သိပ်ကို သေချာပါတယ်....

30 April 2020

မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ ပ

မဇ္ဇိမ ဒေသကို မိသားစုလိုက်ခရီးသွားချင်တဲ့ စိတ်ကူးဟာ မေ့ရဲ့ စိတ်ကူးပါ။ အသက်အရွယ်ရလာတာကြောင်း၊  ချွတ်ယွင်းလာတဲ့ ကျန်းမာရေးကြောင့် တကြောင်း သူတို့ တွေ ခရီးသွားနိုင်လာနိုင်တုန်း ဒီခရီးစဉ်ကို စီစဉ်ဖြစ်တယ်။ လူကြီးတွေ ဖြစ်တာကြောင့် ကိုယ့်ဖာသာစီစဉ်ပြီး သွားတာမျိုး မလုပ်ဖြစ်တော့ပဲ သက်တောင့်သက်သာဖြစ်မယ့် တိုးတခုခုနဲ့ သွားဖို့ စဉ်းစားမိတယ်။ ဒီခရီးသွားလာဖူးသူတွေကို မေးစမ်းပြီး အရင်အလုပ်က အမတယောက် ညွှန်းတဲ့ ကုမ္ပဏီတခုကို ဆက်သွယ်ကြည့်တယ်။ ဘယ်လို သွားချင်သလဲ ဘယ်တွေ သွားချင်သလဲဆိုတဲ့ မေးခွန်းတွေ ဖြေပြီးတဲ့အခါ အဲ့ဒီတိုးက မမိုးဆီကနေ ခရီးစဉ်အကြမ်းနဲ့ မှန်းဆကုန်ကျစရိတ်ထွက်လာတယ်။ အားပါးပါး စျေးက အများသား။ လိုက်မယ့် ခရီးသည် အရည်အတွက်ရယ်၊ တည်းချင်တဲ့ ဟိုတယ် အမျိုးအစားပေါ် မူတည်ပြီး စျေးက ကွဲပါတယ်။ ၇ညအိပ် ရှစ်ရက်ခရီးကို ပျမ်းမျှတော့ တယောက် ယူအက်စ် ထောင့်သုံးရာကျော်လောက်ရှိမယ်။ နှစ်ကုန်ခါနီးမှ သွားမှာဆိုတော့ နည်းနည်းလည်း အချိန်လိုနေသေးတာနဲ့ အဲ့ဒီမှာ ခဏရပ်ထားလိုက်တော့တယ်။ မမိုးကတော့ သူနဲ့ မသွားဖြစ်ရင်တောင် ခရီးစဉ်နဲ့ ပတ်သက်တာ သိချင်သမျှကို အားမနာတမ်းမေးပါလို့ ပြောရှာတယ်။

မမိုးရဲ့ ခရီးသွားလုပ်ငန်းက အကြီးအကျယ် ကြော်ငြာပြီး လုပ်ကိုင်နေတာမဟုတ်ပါဘူး။ ဒီလိုပဲ ခင်ရာခင်ရာ မိတ်ဆွေအချင်းချင်း လက်တို့ပြီး လုပ်တဲ့လုပ်ငန်းပါ။ ဒါပေမယ့် သူ့ဆီက ခရီးစဉ် စာရွက်ရတဲ့အခါ  ခရီးတခုကို သေချာ စီစဉ်သူဆိုတာ မြင်သာသွားပြီ။ ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးစရာပြုစရာ ဘာမှ မကျန်အောင်ကို ထည့်ပေးထားတယ်။ အကယ်၍ ခရီးစဉ်ဖျက်ခဲ့တာ မကျေနပ်လို့ တိုင်ကြားလိုတာက အစ စာရွက်ထဲမှာ ပြည့်ပြည့်စုံစုံ ထည့်ပေးထားတယ်။ 

မြန်မာပြည်က တိုးတွေက နီးမှ စျေးထွက်တာလို့ဆိုပါတယ်။ ထူးဆန်းတာက လေကြောင်းလိုင်းတွေမှာ ဒီခရီးစဉ်လေယာဉ်လက်မှတ်တွေ ကိုယ့်ဟာကို ဝယ်လို့မရဘူးနော်။ အဆန်းတွေချည်း။ တိုးတွေက တခါတည်း စင်းလုံးပျောက် ဝယ်ထားတာတဲ့လေ။ ဩဂုတ်လဆန်းမှာတော့ အသိအမက ဆက်သွယ်လာတယ်။ လေယာဉ်လက်မှတ်စျေးတွေချတယ်တဲ့။ တယောက်ကို ၇၀လောက် ချတယ်ဆိုတော့ အတော်လေး သက်သာတယ်ပြောရမယ်။ ခရီးစဉ်ကို ပြောကြဆိုကြ စျေးတွေလည်း ဆစ်ပေါ့။ တယောက်ကို ယူအက်စ် ၁၂၅၀နဲ့ သုံးယောက်စာ စီစဉ်လိုက်တယ်။ တခြားလူလိုက်ချင်ရင် နောက်ထပ် နှစ်ယောက် သုံးယောက်လောက်တော့ ထည့်လို့ရပါတယ်လို့ ပြောလိုက်တယ်။ လိုအပ်တဲ့ ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းတွေ၊ ပတ်စပို့တွေ ပို့ပေးရတယ်။ 

စာရွက်စာတမ်းတွေ ပေးတော့မှ စတွေ့တော့တာပဲ။ အမေ့ပတ်စပို့က သက်တမ်း၇လလောက်ပဲကျန်တော့တယ်။ အိန္ဒိယဖက်အခြမ်းက ပြဿနာမဟုတ်ပေမယ့် နီပေါဖက်အဝင်မှာတော့ အခက်အခဲဖြစ်နိုင်တယ်လို့ မမိုးကဆိုတယ်။ သက်တမ်းတိုးရလည်း သိပ်မခက်တာမို့ သူပဲတိုးဖို့စီစဉ်ပေးတယ်။ အသက်ခြောက်ဆယ်ကျော် ဘုရားဖူးတွေအတွက် သာသနာရေးဝန်ကြီးဌာနမှာပဲ စုရပ်လုပ်ပြီး သက်တောင့်သက်သာဖြစ်အောင် တိုးပေးတယ်လို့ပြောပါတယ်။ ပတ်စပို့ရုံးကို တန်းစီပြီးတိုးရမှာထက်စာရင် တော်သေးတာပေါ့။ ပတ်စပို့အသစ်ရလာတဲ့အခါ ပတ်စပို့ပေးရင်း ခရီးဆောင်အိတ်နဲ့ ဘုရားဆင်းတုတွေပူဇော်ဖို့ မမိုးက လာပေးသွားခဲ့တယ်။

ခရီးစဥ်နီးလာတော့ လူကြုံကောင်းတာနဲ့ လိုက်လာတဲ့ ဘုရားဖူးနောက်ထပ်လေးယောက်ဖြစ်သွားတယ်။ အစက ကျနော်တို့ မိသားစု အပါ ငါးယောက်ပဲဆိုတော့ နောက်ထပ် နှစ်ယောက် လိုက်ဖို့ အဆင်ပြေမပြေ မမိုးက လှမ်းမေးတယ်။ ကျနော်က အဆင်ပြေပါတယ်လို့ ပြန်ပြောလိုက်တယ်။ လူထပ်တိုးလာတာမို့ ခရီးစရိတ်လည်း လျော့ကျသွားတယ်။ တယောက်ကို ယူအက်စ် ၁၁၈၀ အထိ လျော့ကျသွားပါတယ်။ ကားကိုတော့ တန်ပို ဆယ့်သုံးယောက်စီးကို စီစဉ်ထားတယ်လို့လည်း အကြောင်းကြားတယ်။

ဒီဇင်ဘာလထဲရောက်လာတဲ့အခါ မမိုးက ဗိုင်ဗာမှာဂရုတခုလုပ်ပြီး ခရီးသည်တွေအကုန်လုံးကို တခါတည်းဆက်သွယ်ပါတယ်။ ခရီးစဉ်အတွက် လိုအပ်တဲ့ အရာတွေကို အဲ့ကနေ တနေ့ပြီးတနေ့ မှာပါတယ်။ အနွေးထည်သယ်လာပါ၊ ပိုက်ဆံလဲမလာပါနဲ့၊ ခြေအိတ်များများ သယ်လာပါဆိုတာကနေ မဇ္ဇိမရဲ့ ရာသီဥတုသတင်း နိုင်ငံရေး အခြေအနေထိပါတယ်။ ဒီဇင်ဘာ ဆယ်ရက်ကျော်လာတဲ့အခါ ဒလိုင်းလားမားရဲ့ ခရီးစဉ်ကြောင့် ကျနော်တို့ရဲ့ ခရီးစဉ်မှာ အခက်အခဲအချို့ ရှိလာနိုင်တယ်ဆိုတာမျိုးအထိ သေချာ အကြောင်းကြားပေးတယ်။တယောက်ချင်းဆီတိုင်းရဲ့ ဗီဇာစာရွက်တွေနဲ့ လေယာဉ်လက်မှတ်တွေကိုလည်း အဲ့ထဲမှာ ပို့ပေးထားတယ်။

ရန်ကုန်ကနေ ခရစ္စမတ်နေ့မှာ ကျနော်တို့ရဲ့ မဇ္ဇိမ ခရီးစဉ်စပါတယ်။ လေဆိပ်ကိုရောက်ပြီး သိပ်မကြာခင်မှာ မမိုးရဲ့ သားနဲ့သမီးရောက်လာတယ်။အထုတ်တွေ အပ်ဖို့နဲ့ ဗီဇာစာရွက်တွေကို ထုတ်ပေးတယ်။ လေဆိပ်တခုလုံး ဘုရားဖူးခရီးသည်တွေနဲ့ ပြည့်လို့။ ဝတ်စုံဆင်တူတွေ၊ အိိတ်ဆင်တူတွေ၊ ဦးထုတ်ဆင်တူတွေနဲ့ ဘုရားဖူးတိုးအကြီးကြီးတွေက အပြိုင်အဆိုင် ကြော်ငြာကြတယ်။ ကျနော်တို့အဖွဲ့လူစုံတာနဲ့ ချက်ကင်ဝင်ပေးတယ်။ မမိုးသမီးလေးက လေဆိပ်အထွက် ကျနော်တို့အဖွဲ့ကို ဓါတ်ပုံရိုက်ပြီး မမိုးကို လှမ်းပို့အကြောင်းကြားတယ်။ မမိုးက ဟိုဖက်လေဆိပ်ကနေ ကြိုနေမှာဖြစ်ပါတယ်။

အင်မီဂရေးရှင်ကို ဝင်တော့ အဖွဲ့ထဲက အန်တီတယောက်ကကျနော့အရှေ့က။ အရာရှိက ဗီဇာစာရွက်တောင်းတာ သူမသိပဲဖြစ်နေတယ်။ ဒါနဲ့ အစောက မမိုးသမီးလာပေးထားတဲ့ စာရွက်ထုတ်ပြလိုက်ပါလို့ ပြောမှ ဪဆိုပြီး အိတ်ထဲက ထုတ်ပြတယ်။ မမိုးကသေချာ စီစဉ်ပေးတာမို့ လေယာဉ်အရှေ့ပိုင်းခုံတန်းမှာ မိသားစု တူတူထိုင်ခွင့်ရတယ်။ 
နှစ်နာရီခွဲလောက်အကြာမှာ ဂါယာ လေဆိပ်ကိုရောက်ပါတယ်။ လေယာဉ်ပြတင်းပေါက်ကနေ မြင်ရသလောက်တော့ မြူနှင်းတွေပိန်းပိတ်နေတယ်။ အပြင်မှာတော့ ဘယ်လောက်တောင် အေးနေမလဲမသိဘူး။ အဲ့ဒီနေ့က ၁၈ဒီဂရီလို့ သိရတယ်။ တရုတ်ပြည်ကို ၁၁လပိုင်းက သွားထားတာမို့ ဂါယာလေဆိပ်ရဲ့ လူဝင်မှုဟာ အတော်လေး အစီအစဉ်မကျတာ စက်တွေနှေးကွေးတာကို သေချာနှိုင်းယှဉ်လို့ ရနေခဲ့တယ်။ ခရီးသည် တယောက်ချင်းဆီရဲ့ လက်ဗွေဆယ်ချောင်းလုံးကို ဖတ်တယ်။ ဖတ်တိုင်း စက်က ဖတ်မရတာမို့ လက်တဖက်ကို ငါးခေါက်ဆီလောက် စက်ပေါ်တင်ရတယ်။ လူတယောက်ကို မိနစ်နှစ်ဆယ်လောက် အချိန်ယူပြီး ကောင်တာကလည်း သုံးခုပဲရှိတယ်။  လူကြီးတွေကို ရှေ့ကနေ စီခိုင်းပြီး တယောက်စီတိုင်းရဲ့ လိုအပ်တာတွေ ပြောပေးနေတာနဲ့ ကျနော်က နောက်ဆုံးလူဖြစ်သွားတယ်။ ဝင်ပြီးကူပေးနေလို့ထင်တယ် အရာရှိက အလည်လာတာလား စကားစရင်း မိတ်ဖွဲ့တော့ သူက မဒရပ်ကနေ တာဝန်နဲ့ ရောက်လာတာလို့ ရှင်းပြတယ်။ ကောင်းသော နေ့ဖြစ်ပါစေလို့ နှုတ်ဆက်ပြီး အထုတ်တွေရွေးတဲ့ဆီကိုသွားတယ်။


လေဆိပ်ထဲမှာ တီးဝိုင်းနဲ့ ဒုန်းတပ်တပ်တွေကြိုနှင့်တယ်။ မမိုးကလည်း အထွက်ပေါက်ကနေကြိုတယ်။ သူ့အဖွဲ့ကလူတွေက အထုတ်တွေ ဝိုင်းဆွဲနေတုန်း ကျနော်တို့တွေက ဂါယာလေဆိပ်နဲ့ အပြိုင်ဓါတ်ပုံရိုက်ကြတယ်။ တစိမ့်စိမ့်အေးလာတာမို့ မမိုးက အားလုံးကို တဘက်စောင်တယောက်တထည် လက်ဆောင်ပေးပါတယ်။ ဂါယာမှာ တည်းခိုဖို့ ဂျာတကာ အင်းကို အရင်မောင်းတယ်။ ပုတီးတကုံးစီနဲ့ ဟိုတယ်က ကြိုတယ်။ မမိုးကတော့ အသေးသုံးဖို့ ပိုက်ဆံ ယူအက်စ် တရာဖိုး တယောက်တထုတ်စီကို အကြွေလေးတွေနဲ့ သေချာ စီစဉ်ပေးထားတယ်။ ညနေမှ မိမိလဲချင်သလောက် ငွေကြေးကို ငွေလဲမယ့်သူ ဟိုတယ်မှာကိုယ်တိုင်လာလဲပေးမယ်တဲ့။ အထုတ်တွေချပြီးတာနဲ့ နေ့လည်စာစားကြတယ်။ ပူရီနဲ့ မလိုင်ကို အားရပါးရတွယ်ကြတယ်။
လမ်းမှာ ဘုရားရှင်တို့ ရွှေခွက်မျောရာ နေရဥ္စရာ မြစ်ကို ဖြတ်တယ်။ အခုနေများ ရွှေခွက်မျောရင် စီးစရာ ရေမရှိတာမို့ ကောက်မယ့်သူတွေ အများကြီးဖြစ်နေမှာလို့ ပေါက်တတ်ကရ တွေးနေမိသေးတယ်။


စားပြီးတာနဲ့ ဂေါတမမြတ်စွာဘုရား ဒုက္ကရစရိယ ကျင့်တယ်လို့ ယူဆကြတဲ့ တောင်ကုန်းနဲ့ ဥရုဝေလတောအုပ်ကို သွားကြတယ်။ အသွားလမ်းမှာ ဂါယာကျောင်းက ဆရာတော်ကို ပင့်လာခဲ့တယ်။ တောအုပ်ဆိုတာတော့ ရှာမတွေ့နိုင်တော့ဘူး။ တဲအုပ်တွေတော့ တလမ်းလုံးတွေ့လာခဲ့တယ်။ တောင်ခြေရောက်တဲ့အခါ မတ်စောက်တဲ့တောင်မို့ မတက်နိုင်မယ့် လူကြီးသူမတွေကို အထမ်းနဲ့ တက်ဖို့စီစဉ်ပေးတယ်။ ပိုက်ဆံတောင်းသူတွေ ဝိုင်းအုံလာတတ်တာမို့ ပိုက်ဆံ မပေးဖို့ သေချာမှာပါတယ်။

တောင်က သိပ်မမြင့်ပါဘူး၊ မတ်တာတခုပဲ တက်ရတာ ခက်ခဲစေတယ်။ တလမ်းလုံးတော့ ပိုက်ဆံတောင်းသူတွေ တောက်လျှောက်ပါလာတယ်။ တောင်ပေါ်ရောက်တဲ့အခါ ဥသျှစ်ရေနွေးလေးနဲ့ အမောပြေစေတယ်။ သောက်ဖြစ်အောင် သောက်ကြပါလို့ တိုက်တွန်းပါတယ်။ ထိုင်ဝမ်က ဘုရားဖူးတွေ အဖွဲ့လိုက် တရားနာနေတာကို တွေ့ခဲ့ရတယ်။ တကယ်က ဒီတောင်တန်းတနေရာမှာ ဘုရားရှင် တရားကျင့်တော်မူခဲ့တယ်။ ဒီကျောက်ဂူကိုတော့ သမိုင်းသုတေသီတွေက ဖြစ်နိုင်လောက်တယ် ယူဆပြီး တည်ထားကိုးကွယ်ကြတာပဲဖြစ်ပါတယ်။

တောင်ပေါ်က ဆင်းတော့ အမှောင်ပျိုးစပြုပြီ။ ပြီးတာနဲ့ မဟာဗောဓိစေတီတော်ကို သွားဖူးကြတယ်။ နှင်းမြူတွေဆိုင်းနေတာမို့ စိတ်တိုင်းကျ ပုံတော့ ရိုက်လို့ မရခဲ့ဘူး။ လမ်းပေါ်မှာ ဝမ်းလျားထိုး ရှိခိုးနေကြတဲ့ တိဘက်ဘုရားဖူးတွေလည်း အပြိုင်းအယိုင်း။ သုမေဓါရှင်ရသေ့ ဗျာဒိတ်ခံသလို အလျားထိုး ရှိခိုးကြပြီး အကြိမ်ရေများများ ရှိခိုးနိုင်ရင် ကုသိုလ်ပိုရတယ်လို့ လိုက်လာတဲ့ ဆရာတော်ဘုရားက ရှင်းပြပါတယ်။


စေတီတော်ထဲက ဆင်းတုတော်က အတော့ကို သပ္ပါယ်ကြည်ညိုဖို့ကောင်းပါတယ်။ အထဲကိုဝင်ရဖို့ အကြာကြီးတန်းစီရပြီး အထဲမှာ ခဏပဲပေးဝင်ပါတယ်။ ဘုရားဖူးအတော်များတာကိုလည်း တွေ့ရတယ်။ မဟာဗောဓိညောင်ပင်အောက်က အစွန်းထွက်နေတဲ့ ပလ္လင်တော်အစစ်ကို ဖူးဖို့ ဆရာတော်က သေချာညွှန်ပြတယ်။ ဗောဓိညောင်ရွက်ခူးခွင့်မရှိဘူးဆိုတာ လည်း အထပ်ထပ်မှာတယ်။ ကိုးကွယ်လိုသူ ဒကာ ဒကာမတွေအတွက် တယောက်တရွက်စီ မျှဝေပေးမယ်လို့ ဆရာတော်က မိန့်တယ်။ အယောက်စီတိုင်းကလည်း တရွက်စီနဲ့ မလောက်ကြဘူး ဟိုအမျိုးဒီအမျိုး ပေးချင်ကြတာနဲ့ ဆိုတော့ ထပ်တောင်းကြတယ်။ လူ့လောဘဆိုတာကို ဆရာတော်လည်း မရီပဲမနေနိုင်တော့ဘူး။

မဟာဗောဓိစေတီတော်ထဲက သတ္တဌာနကို သေချာလိုက်ပြပေးပါတယ်။ ခုနေ ပြန်မေးရင်တော့ ဘယ်နေရာဟာ ဘာဆိုတာ မသိတော့ဘူး။ နောင်ပွင့်တော်မူမယ့် အရိမေတ္တိယျ မြတ်စွာဘုရားရဲ့ ပုံတော်ကိုလည်း မဟာဓောဓိစေတီရဲ့ နံရံမှာ ပူဇော်နေတာကိုတွေ့ခဲ့ရပါတယ်။

မဟာဗောဓိအနားက မုစလိန္ဒာကန်ကိုလည်း ဝင်ကြည့်ကြသေးတယ်။


ဟိုတယ်မှာ ညစာကို ငါးဖယ်သုတ်နဲ့ သူတို့အစားအစာ ဘူးဖေး စားရတယ်။ အကြိုက်ဆုံး မလိုင်လုံးတွေလည်း နှစ်ပွဲလောက်ဆွဲတာပေါ့။ ရာသီဥတုက စိမ့်နေအောင်အေးတာမို့ အခန်းထဲမှာ အပူပေးစက်တလုံးစီ ထားပေးတယ်။ နွေးတာကြောင့်လား ပင်ပန်းတာကြောင့်လား မနက်အစောကြီးထရမှာမို့လား မသေချာဘူး ခဏလေးနဲ့ အိပ်ပျော်သွားကြတော့တယ်.....