28 June 2013

အဆိပ်သင့်လူ

တကိုက်တည်းကိုက်ခဲ့တာပါ


အနာက တဖြည်းဖြည်း

တရှိုက်တည်းရှိုက်ခဲ့တာပဲ

အနာက ခပ်သွယ်သွယ်

အနာဖေးက ကျက်ပြန်တော့

အနာ ဘေးက ပြန်ယားလာ

အနာဖေးကို ခွာ

အနာက ကျက်နိုင်ခဲ….

အနာရယ်ကျက်ပြန်တော့

အရိုးထဲက တစိမ့်စိမ့်

မိုးခြိမ့်တိုင်းနာရတယ်

သြော် အဆိပ်တွေနဲ့ပဲ…

19 June 2013

ထိခိုက် နာကျင်စေခဲ့သော ဒိုင်ယာရီစာမျက်နှာ

ကျနော်က ကူးစက်လွယ်ပါတယ်။ ပြင်ပမှာဖြစ်နေတဲ့ ရောဂါတွေ အပြင်၊ အများသူငှာ ခံစားရသမျှကို အမြဲ ကူးစက်လွယ်တဲ့ သူတယောက် ဖြစ်နေခဲ့မြဲ။ ရုပ်ရှင်တွေကြည့်တဲ့အခါတိုင်း ရုပ်ရှင်ထဲက ဇာတ်ဆောင်တွေရဲ့ ခံစားချက်တွေမှာ လိုက်ပါစီးမျောရင်း ရီလိုက်ငိုလိုက် သူရူးတယောက်လို။ ကျနော့ဘ၀တခုလုံးမှာ ဖတ်ခဲ့ရသမျှစာတွေထဲမှာ ဒီစာမျက်နှာတွေကတော့ ဘ၀တသက်စာ မမေ့ပျောက်နိုင်ခဲ့ပဲ တွေးမိတိုင်း အကြိမ်ကြိမ်နာကျင် ကြွေမွစေခဲ့တယ်။


အဲ့ဒီနေ့က ကျနော် နေမကောင်းလို့ ကျောင်းမသွားခဲ့ပါ။ ရှုပ်ပွနေတဲ့ စာကြည့်စားပွဲကို ရှင်းရင်း ကျနော့စားပွဲနောက်က ကိုလေးရဲ့ စားပွဲကိုလည်း ရှင်းဖို့ ရည်ရွယ်ရင်း၊ ကိုလေးရဲ့ ဒိုင်ယာရီကို မထင်မှတ်ပဲ သွားဖွင့်မိခဲ့တယ်။ ပုံမှန်က ကျနော်အဲ့လို စပ်စပ်စုစု ဖတ်ကြည့်လေ့မရှိဘူး။ အိမ်မှာ ငါးတန်းကတည်းကနေ အခုကိုးတန်းအထိ နေလာတဲ့ ကိုလေးဟာ ကျနော့အကိုတယောက်လို ဖြစ်နေပြီ။ အခုလည်း စားပွဲရှင်းရင်းကနေမှ ကိုလေးရဲ့ နေ့စဉ်မှတ်တမ်းလေးဟာ အမှတ်မထင် ကျနော့ရှေ့မှာ ပွင့်ကျလာခဲ့တာ။

၁၄-၈-၁၉၉၄

အဲ့ဒီနေ့က အိမ်ကမသိအောင် ကျောင်းပြေးခဲ့တယ်။ ကျောင်းကနေ မိချောင်းရဲက ကျော်ဦးနဲ့ မိချောင်းရဲကို လိုက်သွားဖို့။ စိတ်လှုပ်ရှားစရာကောင်းတယ်။ အန်တီလေး သိရင် အသတ်ခံရမှာ…

မင်းလှကနေ မိချောင်းရဲကို မော်တော်နဲ့ သွားတယ်။ ၁၀ပေးရတယ်။ ကျောင်းသားဝတ်စုံနဲ့ဆိုတော့ ဈေးအချိုသား။

ငယ်တုန်းက နေခဲ့ရတဲ့ မိချောင်းရဲကို သိပ်မမှတ်မိတော့ဘူး။ မော်တော်ဆိပ်က သစ်ပင်ကြီးလည်း မရှိတော့ဘူးလေ။ မော်တော်ဆိပ်ကိုကျော်တော့ ဈေးကိုဖြတ်ရတယ်။ ဈေးကိုတော့ စိတ်ထဲမှာ မှတ်မိသလို ၀ိုးတိုးဝါးတားပဲ။ မုန့်သည်တွေကို ဇဝေဇ၀ါနဲ့ကြည့်တော့ သူတို့တွေကလည်း ပြန်ကြည့်နေကြ။

မြို့ထဲကို အတော်လေး လျှောက်တော့ ဗလီတခုရဲ့ အနောက်နားမှာ ကျော်ဦးက ဟိုမှာ တဲ့ လက်ညှိုးထိုးပြတယ်။ ကျနော့ရင်တွေခုန်လိုက်တာဗျာ။ မိုလာပုံးတပုံးကို စားပွဲပေါ်မှာ ထောင်ထားရင်း လက်ထဲက ဖန်ခွက်တခွက်နဲ့ ဒူးတဖက်ကလည်း ထောင်လို့။ ကျနော် အမြဲကြည့်နေကြ ဓါတ်ပုံက လူနဲ့ သိပ်မတူတော့သလိုပဲ။ ဓါတ်ပုံထဲက အခုမြင်ရတဲ့လူ အတော်လေး ကွာတယ်။ ပုံထဲကလို ဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ မဟုတ်တော့ဘူး။ အသားအရေ လျော့ရိလျော့တွဲမှာ နေလောင်အမည်းကွက်တွေက ဖြည့်စွက်နေခဲ့ပြီ။

တလှမ်းချင်းတိုးသွားပေမယ့် ကျနော် ဘယ်ကစရမယ်မှန်း မသိဘူး။ ကြောက်သလိုလို၊ ရွံ့သလိုလိုနဲ့ စိတ်ကလည်း မတည်ငြိမ်။ ပြန်လှည့်ပြေးရင်း ကောင်းမလား စဉ်းစားနေတုန်း၊ အဲ့ဒီလူက ကျနော့ကို ပြုံးပြတယ်။ အဲ့ဒီအပြုံးဟာ ကျနော့အတွက် နတ်သုဒ္ဓါအဆတရာမကတန်တယ်။ ဟုတ်တယ် ကျနော့ကို ခွန်အားတွေ အများကြီးပေးတယ်။ ငယ်ငယ်ကတည်းက အိပ်မက်ထဲမှာ အသံကျယ်ကျယ်နဲ့ ခေါ်ခဲ့သလောက် တကယ် ခေါ်မယ်လို့ အားယူတော့ နှုတ်ခမ်းတွေက ခြောက်ကပ်၊ ချောင်းမဆိုးပါပဲ ချွဲကြပ်သလို ဖြစ်နေတဲ့ လည်ချောင်းကနေ တဆင့် ဖြည်းဖြည်းချင်း အားယူရင်း အဖေလို့ ကျနော် ပီပီသသကြီး ခေါ်ပစ်လိုက်မိတယ်။ သူက ပြန်မော့ကြည့်တဲ့အခါ ကျနော့ဆီမှာ နေရောလရောကြယ်ရော အကုန်ပွင့်ထွက်သွားတယ်။

စာရွက်ကိုင်ထားတဲ့ ကျနော့လက်တွေဟာ တဆတ်ဆတ်တုန်နေကြတယ်။ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်သွားတဲ့ ထိသိစိတ်ကို ကျနော် မထိန်းနိုင်ဘူး။ ပါးနှစ်ဖက်ဟာ စိုစွတ်နေပြီဆိုတော့မှ ခေါင်းကို ခါယမ်းရင်း စာကို ဆက်ဖတ်ဖို့ အားယူရတယ်။

အဲ့ဒီနောက် အဖေနဲ့ ကျနော်တို့ စကားတွေနဲ့ မေးမြန်းကြတယ်။ သူ့မိန်းမ မရှမ်းမကိုလည်း ဒါငါ့သားအငယ်လို့ ခေါ်ပြသေးတာ။ ပြီးတော့ ကျနော့ ညီအငယ်နှစ်ယောက်ကိုလည်း ဒါမင်းတို့ အကိုကွလို့ မိတ်ဆက်ပေးတယ်။ ညီနှစ်ယောက်လုံးက ဆော့ကစားထားလို့ပဲလား၊ တကိုယ်ရေသန့်ရှင်းရေး မလုပ်တတ်ကြလို့လား မည်းတူးပေပွနေကြတယ်။ သူတို့တွေက ဖက်လှဲတကင်း ပြုံးပြကြတဲ့အခါ အိမ်မှာ ငယ်စဉ်ကတည်းက နားထောင်ရတဲ့ လူကြမ်းဇာတ်ထုပ်ကို သတိရလာတယ်။ အဖေက အဲ့ဒီအထဲမှာ လူဆိုးကြီးလေ။

အဖေက အမေနဲ့ ကိုကိုကြီးအကြောင်းကို မေးတယ်။ ကျနော် ပြောရင်း ငိုမိတော့၊ ကျနော့လက်ကို လာကိုင်ရင်း နှစ်သိမ့်ပေးပြန်တယ်။ အန်တီလေးနဲ့နေတယ်ဆိုတော့ အဖေက သူ့ပျက်ကွက်မှုတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်တယ်။ ကျနော့အတွက် သိပ်မထူးတော့ပါဘူးလေ။ ကျနော်အခုထွက်လာတာ အန်တီလေး မသိဘူးဆိုတော့ အဖေက ကျနော့ကို ဆူတယ်။ အုပ်ထိန်းသူမသိပဲ ဘာမှမလုပ်သင့်ဘူးလို့ ပြောတော့ ကျနော်ရီမိတယ်။ ကျနော်အဖေ့ကို သွားတွေ့မယ်ဆိုရင် အန်တီလေးက လွှတ်မယ်မဟုတ်ဘူးဆိုတာ ကျနော်ပဲ အသိဆုံးလေ။

အိမ်မှာပဲ ထမင်းစားသွားဆိုတော့ ကျနော်ပျော်သွားတယ်။ အဖေနဲ့အတူ လက်ဆုံစားဖို့ဆိုတာ ကျနော့အိပ်မက်တခုပဲမဟုတ်လား။ စားဖူးသမျှ ထမင်းပွဲထဲမှာ ဒီတခါ ဘာတွေနဲ့စားမိမှန်းမသိအောင် စားဖူးတာပဲ။ အဖေက ဟင်းတွေ တွင်တွင်ထည့်ပေးတယ်။ ပါးစပ်ထဲအစာရှိလို့သာ ၀ါးနေတာ အဖေမျက်နာကိုကြည့်ရတာက ပိုအရသာရှိတယ် တွေးမိတယ်။

အဖေ မနှစ်က လေဖြတ်သွားသေးတယ်ဆိုတော့ ကျနော် စိတ်ပူနေမိပြန်တယ်။ ကျနော်က အဖေ့အတွက် အဝေးကလူတယောက်ပါ။ ဒါပေမယ့် အဖေဆိုတဲ့ သွေးက ဝေးနေလည်း ပူနွေးဆူဝေစေတယ်။ အဖေ့ကို လျှော့သောက်ဖို့ ပြောချင်တယ် ဒါပေမယ့် ကျနော် မပြောရဲခဲ့။

ကျနော်ဆုထားတဲ့ ငွေနှစ်ရာကို အဖေ့ကိုကန်တော့တဲ့အခါ အဖေ့ဆီက မျက်ရည်တွေ တိုးယိုးပေါက်ကျလာတယ်။ ပညာတတ်ကြီးဖြစ်ပါစေ၊ ဒို့သားအဖတွေ နောက်ဘ၀မှာ အခုလို မဝေးကွာပါစေနဲ့လို့ ဆုပေးတော့ ကျနော့ရင်ဘတ်တခုလုံး ဟင်းလင်းပြင် ဖြစ်သွားခဲ့တယ်။

ကျော်ဦးခေါ်လို့ မော်တော်ပေါ်ရောက်နေပေမယ့် ကျနော့ စိတ်အစဉ်က မြစ်ရေလျဉ်နဲ့အတူ လွင့်မျောလို့…….

စာမျက်နှာက ဒီမှာ ရပ်သွားပြီ။ ကျနော့ ခံစားချက်က ရပ်မနေခဲ့ဘူး။ ကိုကိုကြီးနဲ့ ကိုကိုလေးတို့ရဲ့ ငယ်ဘ၀ကိုတွေးတိုင်း ဒေါ်လေးငယ် တယောက်တည်း ရုန်းကန်လှုပ်ရှားနေတာကို မြင်ယောင်တယ်။ အဖွားရဲ့ မိမစစ်ဘမစစ်၊ မျိုးစေ့မမှန် ပင်မသန် အစရှိတဲ့ ဆဲဆိုသံကြားတိုင်း သူတို့ ညီအစ်ကိုနှစ်ယောက်အစား ကိုယ့်ရင်ဘတ်ကပါ နင့်ခနဲနေအောင် ခံစားရတယ်။ အဖေတယောက်က လုပ်ခဲ့သမျှကို သားနှစ်ယောက်က ထမ်းပိုးနေရတဲ့ အဖြစ်ဟာ ကျနော့အတွက် မခံချိမခံသာ။

အဲ့လိုလူကိုမှ သွားတွေ့ရပါမလားလို့ ကျနော့ စိတ်တွေ တထောင်းထောင်းထတယ်။ သားသမီးကို မွေးထားပါလျက် ပြန်လှည့်မကြည့်တဲ့ အဖေမျိုးကို ကျနော်က မုန်းတီးနေခဲ့တာဆိုတော့ အဲ့ဒီ စာအုပ်ကို အမေ့လက်ထဲကိုထည့်ခဲ့တယ်။

ကိုကိုလေး အဲ့ဒီနေ့က အရိုက်ခံရတယ်လေ။ အဖေဆိုတာ တဘ၀လုံးမှာ တခါလောက်တော့ မြင်ဖူးချင်တာ အဖေလို့တခေါက်လောက်တော့ ခေါ်သွားချင်တာပေါ့ အန်တီလေးရဲ့ ဆိုပြီး သူငိုတဲ့ အသံကို ကြားရတော့ စာအုပ်ကို ပေးလိုက်မိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင် နောင်တရလို့ မဆုံး။

ကိုကိုလေးကတော့ အဲ့ဒီ စာမျက်နှာတွေကို ပြန်တို့ထိ မထိ မသိနိုင်ပါ။ သူစိတ်နာပြီး မေ့သွားရင်လည်း မေ့သွားနိုင်တယ်လေ။ ကျနော်ကတော့ ကျနော့ရဲ့ စိတ်နှလုံးကို ထိခိုက်နာကျင်စေခဲ့တဲ့ အဲ့ဒီ ဒိုင်ယာရီကို ပြန်မတွေ့တော့သည့်တိုင် နောက်တခေါက်လှန်ကြည့်စရာ မလိုလောက်အောင်ကို အမှတ်ရနေတော့မှာ...

12 June 2013

ချစ်သူရေးတဲ့ပန်းချီ

လက်ထဲက စုတ်တံတွေကို အသာပင့်ပြီး နောက်ထပ် သူပြောလာမယ့် အကြောင်းအရာတွေကို စိတ်အာရုံစူးနစ် နားထောင်နေတယ်။ ကျနော်က ပန်းချီဆွဲတာဆိုပေမယ့် ဒီပန်းချီကားကို ဖန်ဆင်းနေသူက ချစ်သူဖြစ်နေခဲ့တယ်။ သူ့နှုတ်ဖျားက တိုးတိုးညှင်းညှင်း သက်ဆင်းသွားတဲ့ စကားလုံးတွေကို ကျနော့ရင်ဘတ်မှာ ကူးယူပြီး ကျနော် ရေးဆွဲနေခဲ့တာပါ…


ချစ်သူရောက်လာပုံက သိပ်ကို ထူးဆန်းသိမ်မွေ့လွန်းသတဲ့။ တကယ်လို့ ကျနော်ဟာ ဒီခုံတန်းလျားလေး ပေါ်မှာ အဲ့ဒီနေ့က မထိုင်ဖြစ်ခဲ့ရင် အခုလိုဖြစ်လာမယ် မဟုတ်ဘူး။ အဲ့ဒီနေ့က ကင်းဘတ်စဖြူဖြူလေးပေါ်မှာ ဘာဆိုဘာမှ မတို့ခြစ်ရပါပဲ ထိုင်ပြီး ငိုင်တွေနေခဲ့မိ။

ဘေးနားက သစ်ရွက်ခြောက်တွေက ချွတ်နင်းသံကို ကြားတဲ့အခါ ကျနော်က ပျင်းရိလေးတွဲ့စွာ လိုက်မကြည့်မိခဲ့ဘူး။ ခုံတန်းလျားလေး လှုပ်ခတ်သွားပေမယ့် ကျနော့ရဲ့ ငိုင်တွေနေမှုကို အမူအယာမပျက်စေခဲ့။ အဲ့ဒီအချိန်မှာပဲ….

သက်ပြင်းချသံ သဲ့သဲ့နဲ့ အတူ ကျနော့ကို ပန်းချီကားတချပ်လောက် ဆွဲပေးမလား လို့မေး လိုက်တာကို စပြီး သတိပြုမိတယ်။ သူ့က သူ့အိပ်မက် အကြောင်းကို ပန်းချီဆွဲချင်သတဲ့။ ဒါပေမယ့် သူ့အိပ်မက်ထဲက အကြောင်းအရာတွေကို သူဟာ တချို့တ၀က်သာ မှတ်မိပြန်တယ်။ ပုံဆွဲဖို့ ကျနော်လက်ခံလိုက်မိလျက်သား။

သူစပြောတဲ့ အကြောင်းအရာက မြူတွေ ပိန်းပိတ်အောင် မလင်းမမှောင်လေးပတ်ဝန်းကျင်က ရေပြင်တခု။ ကန်ရေပြင်လား၊ မြစ်ရေလားလို့ မေးတဲ့အခါ သူ့ဆီက တွေဝေမှုတွေနဲ့ အဖြေတခုမှ ထွက်မလာဘူး။ ကျနော်က ရေပြင်ကို ဆွဲရမလား၊ မြူတွေကိုပဲ မှုန်းရမလား မသေချာစေတဲ့ အခြေအနေ။ သူ့ရဲ့ အလေးအနက်စဉ်းစားနေဟန်ကို ကျနော်လည်း ငေးနေမိတယ်။ စဉ်းစားဦးမယ်ဆိုတဲ့ စကားသံနဲ့အတူ အဲ့ဒီနေ့တနေ့ကို ကုန်ဆုံးစေတယ်။

ဒုတိယအကြိမ်တွေ့ကြတော့လည်း သူက ရေစီးနေတဲ့အပေါ်မှာ တံတားတခုဆိုရင် လုံလောက်မလားလို့ ခပ်ဖွဖွမေးတယ်။ အင်း..လို့ပဲ သံရှည်နဲ့ ဖြေရင်း ကင်းဘတ်ပေါ်မှာ ရေစီးကြောင်းတွေကို စဖို့ပြင်တယ်။ ကျနော့လက်တွေကို သူက သေချာလိုက်ကြည့်နေတယ်။ ကျနော်တို့နှစ်ယောက်စလုံးက ရီစရာတော့ အတော်ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဆွဲနေတယ့် ပုံကို မကြည့်သေးပါနဲ့လို့ သူ့ကိုတားလိုက်မိတာကိုး။ သူဆွဲစေချင်တဲ့ပုံကို ကျနော်လည်းသေချာမသိသလို၊ ကျနော်ဆွဲနေတာ သူလိုချင်တဲ့ပုံ ဟုတ်မဟုတ် သူလည်း မသေချာဘူး။

ကျနော်သူ့ကို မျှော်နေခဲ့တယ်။ ရေပြင်ရဲ့ အရောင်ကို ကျနော်က အိပ်မက်ထဲကအရောင်နဲ့ ခြယ်ချင်တယ်။ သမာရိုးကျ အပြာရောင် ဒါမှမဟုတ် အဖြူရောင်ဖျော့ဖျော့နဲ့ မရေးချင်ဘူး။ ဒါပေမယ့် သူက ပေါ်မလာခဲ့ပြန်ဘူး။ ခုံတန်းလျားကို လာလိုက် ပြန်သွားလိုက်နဲ့ နေ့တွေကို ကျနော် ရေတွက်ထားမိသလားလည်း မသေချာပါ။

တရက်မှာတော့ အဲ့ဒီအချိန်က လေတွေသိပ်တိုက်တယ်ဆိုတဲ့ စကားသံနဲ့အတူ သူပြန်လာတယ်။ ဖြူဖွေးဆွတ်ရော်နေတဲ့ သူ့မျက်နှာကို ကြည့်ရတာ ကျနော် အားမရဘူး။ ကျနော်ဆွဲလိုတဲ့ ရေရဲ့အရောင်ကို သူ့ဆီမှာ သေချာအောင်ထပ်မေးတယ်။

သူက အဲ့ဒီတံတားအောက်မှာ မြုပ်ချည်ပေါ်ချည်နဲ့ ရေနစ်နေခဲ့တယ်တဲ့။ တံတားပေါ်ကနေ သူကိုယ်တိုင် ခုန်ချခဲ့တာလား သူမသဲကွဲဘူး။ အိပ်မက်ရဲ့အစဟာ ရေပြင်ရယ် တံတားတစင်းရယ်ပဲ။ နောက်တကွက်မှာတော့ လေတွေတဟူးဟူး တိုက်နေတာကို သူကြားရပြီး မကြာခင် ရေထဲမှာ မကူးတတ်ပါပဲ လက်တွေခြေတွေခတ်နေတဲ့ သူ့ကိုသူ မြင်မက်လျက် အမြဲနိုးထလာရတယ်တဲ့။

ဒီတခေါက် စိုက်ကြည့်မိသူက ကျနော်ပဲဖြစ်နေတယ်။ သူ့ရဲ့ ရေနစ်နေတဲ့အကြောင်း ပြောနေရင်း မောဟိုက်လာတဲ့ပုံကို စိုးရိမ်တကြီးနဲ့ကို ကြည့်နေမိတယ်။ ဆေးစက်တစက်မှ မရေးခြစ်မိပဲ အာရုံတွေအားလုံးက သူ့ဆီမှာပဲ စွဲနစ်နေတယ်လေ။ အိပ်မက်ဆိုတာ သိပါလျက် ရေနစ်သူမှာ ကျနော်သာဖြစ်လိုက်ပါတော့လို့ မချိတင်ကဲလေး ညည်းမိတယ်။ အဲ့ဒီနေ့က အပြန်မှာ သူ့ကို ချစ်သူလို့ ကျနော့စိတ်ထဲက တိုးတိုးလေး စခေါ်ခဲ့မိတာ။

သူပြောပြတဲ့အကြောင်းအရာတွေကို စိတ်ထဲကနေ ပုံဖော်ပြီး စုတ်တံဖျားမှာ အသက်သွင်းတယ်။ တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာမှာကို ပုံဆွဲတဲ့ ကျနော်ကိုယ်တိုင်က ကြောက်နေမိတာ ဘာကြောင့်လည်း မသေချာ။ ကျနော်ဆွဲနေတဲ့ ပုံကို သူဟာ ကျနော့တားမြစ်ချက်နဲ့အတူ လုံးဝကို မကြည့်ခဲ့ဘူး။ ပုံကို နောက်တခေါက်အစကောက်ပြီး မဆွဲခင်တိုင်းမှာ သူ့ရဲ့ အသံကို နားထဲမှာ ပြန်ကြားယောင်တယ်။ တိုးတိုးလေးပေမယ့် ထိရှနေတဲ့ လူတယောက်ရဲ့ ယောက်ယပ်ခတ်မှုကို သူ့အသံတွေက ကောင်းကောင်းပုံဖေါ်နိုင်တာပဲ။ ပုံထဲမှာ အသံတွေကိုထည့်သွင်းဖို့ မဖြစ်နိုင်တဲ့အခါ ကျနော့လက်တွေဟာ တွန့်ဆုတ်ချင်နေကြတယ်။ ကျနော်ဆွဲခဲ့သမျှထဲမှာတော့ စိတ်အပင်ပန်းဆုံး ပန်းချီကားတချပ်လို့ ဆိုနိုင်တယ်။

ကျနော့ မသိစိတ်ထဲမှာ အဲ့ဒီရေပြင်ထဲကို လှေတစင်းလောက်ထည့်ဆွဲပေးချင်မိတယ်။ လှေပေါ်ကနေ သူ့ကို ကယ်တင်ဖို့ လက်ကိုပဲဖြစ်ဖြစ်၊ တက်ကိုပဲဖြစ်ဖြစ် ကမ်းပေးဖို့ ကျနော်ဝန်မလေးပါ။ အဲ့ဒီလိုလုပ်လိုက်ရင် သူဟာကျနော့ကို စိတ်ဆိုးကောင်းစိတ်ဆိုးသွားနိုင်သေးတာ။ တကယ်တမ်း လက်တွေ့မှာ လှေကိုထည့်ဆွဲဖို့ ကျနော်မရဲခဲ့။

ပန်းချီကားပြီးသွားတဲ့အခါ ချစ်သူကို လာကြည့်ဖို့ ကျနော်ဖိတ်တယ်။ သူ လာလည်း လာခဲ့ပါတယ်။ ဒါပေမယ့် ပန်းချီကားပေါ်က ပိတ်စကို ဖယ်မပစ်ဖို့ သူက အနူးအညွှတ်တောင်းပန်တယ်။ သူကျနော့ကို ယုံတယ်တဲ့လေ။ သူ့ကို ပေးမယ်ဆိုတော့လည်း မယူလိုဘူး။ ရောင်းမပစ်ဖို့ကိုလည်း သူက ထပ်မံ အရေးဆိုပြန်တယ်။ တကယ်ဆို ဒီပန်းချီကားကို လူတွေကို ပြကို မပြရဘူးလို့ သူက ကတိတွေ အထပ်ထပ်တောင်းတယ်။

ကျနော်က ဆွဲရုံပဲဆွဲခဲ့ပြီး ချစ်သူကရေးတဲ့ ပန်းချီကား တချပ်ဟာ ကျနော့အပြင် တခြားဘယ်သူမှ ကြည့်ခွင့်မရပဲ ကျနော့ဆီမှာ ကျန်ရစ်ခဲ့တယ်။ သူကတော့ ရေနစ်နေတဲ့ အဲ့ဒီ အိပ်မက်ရေပြင်ထဲက ကူးခပ်နေတာ လွတ်မြောက် မလွတ်မြောက် မသေချာပါ။ ကျနော်ကတော့ အဲ့ဒီပန်းချီကားထဲမှာ ထာဝရ နစ်မြုပ်နေလျက်က ယနေ့ထက်ထိ မလွတ်မြောက်နိုင်ခဲ့သေး….

02 June 2013

ကြက်သွန်ခိုးရယ်မို့ မျက်ရည်ကခပ်လွယ်လွယ်


တဒုန်းဒုန်းမြည်သံနဲ့ အတူ လှီးပြီးသား ကြက်သွန်တွေဟာ ဖွာခနဲဖွာခနဲ တောင်းထဲကိုကျတယ်။ အပြိုင်အဆိုင် လှီးနေကြတဲ့ မိန်းမတွေကြားမှာ မနွဲ့တယောက် အခိုးရိုက်ပြီး မျက်ရည်ကျနေတာလား၊ သားကိုလွမ်းလို့ မျက်ရည်ကျနေတာလား ဘယ်သူမှ မသိနိုင်….

ဝန်ထမ်းအသစ်တယောက် ရောက်လာတိုင်း မနွဲ့ဆီက အဲ့ဒီဇာတ်လမ်းကို လူတိုင်းက ပြန်ကြားရတယ်။ ဟုတ်တယ် မနွဲ့ ဒီပါဆီပါဂျန်းမှာ အလုပ်လုပ်တာ သားတသက်ရှိပါရောလား။ ကြက်သွန်လှီးရင်း ပြောတာဆိုတော့ မျက်ရည်တွေကလည်း အ၀ိုင်းသားပေါ့။ အသံလေး တချက်တချက် တုန်ဝင်သွားမှ သြော် သူငိုနေတာပါလားရယ်လို့ နားထောင်သူတွေ အားလုံးက သတိရကြတယ်။ ကိုယ်စီကိုယ်စီ မျက်ဝန်းတွေထဲလည်း စိုစွတ်နေကြတာပါပဲ။

မနွဲ့က သူ့ကိုယ်သူ အနွဲ့လို့ပဲ ပြောတယ်။ အနွဲ့ ဒီစင်္ကာပူကို စထွက်လာတော့ သားက အခါလည်ကျော်ကျော်ပဲ ရှိသေးတာလို့ သူ့ဇာတ်လမ်းကို အစချီတယ်။ ဘယ်ခွဲချင်ပါ့မလဲရှင်ရယ် ကနောက်ဆက်တွဲစကားဆက်ပေါ့။ သားရှေ့ရေးလို့ တွေးလိုက်တာနဲ့ အနွဲ့မှာ အားတွေ အလိုလိုရှိလာတယ်လို့ သူ့ကိုသူ ပြန်ဖြည်တယ်။ မိခင်တယောက်ရဲ့ ချစ်ခင်ရဲရင့်ခြင်းဆိုတဲ့ အရာတွေ သူ့မျက်ဝန်းမှာ စွန်းထင်းလာစမြဲ။ ကျန်တဲ့မိန်းကလေးတွေ အားလုံးက အားကျနှစ်လိုစွာ ကြည့်ကြတိုင်း နဖူးပေါ်က ကျလာတဲ့ ချွေးစက်တွေ၊ ခါးနဲ့လက်က နာကျင်မှုတွေ အရာခပ်သိမ်း လွင့်ပြယ်စေတယ်လေ။

အားလုံးကို ကရုဏာသက်စေတဲ့ အခန်းကတော့ စင်္ကာပူ ရောက်ကာစ နို့သက်တိုင်း သားကိုလွမ်းလို့ ငိုရတဲ့ အနွဲ့ရဲ့ အဖွဲ့ပါပဲ။ သားလေး နို့ဆာနေရှာမှာပဲ ဆိုတဲ့ စိတ်နဲ့ အိမ်ကို ပြန်လိုက်ရအကောင်းသားလို့ သူ့ခမျာ ဖြစ်ရှာသတဲ့။ သူ့ကြီးဒေါ်တွေ ဦးလေးတွေနဲ့ ထားခဲ့တာမို့ စိတ်ချရပေမယ့် အမိမဲ့သား ရေနည်းငါးလေး ဖြစ်နေရှာမယ်လို့ အမြဲတွက်နေရပြန်တယ်။ 

တနှစ်တခေါက် မပြန်နိုင်တဲ့အလျောက် နှစ်နှစ်လောက်နေမှ တခေါက်ကို ဖြစ်ဖြစ်မြည်အောင် ပြန်ရှာတဲ့ မိခင်ကို သားက မမှတ်မိတာ ဆန်းသလားလို့ သူ့သားကို သူဖြည့်တွေးပေးရှာတယ်။ မိခင်မဟုတ်လား။ သားသမီးလုပ်သမျှ အကောင်းလို့ ထင်တတ်ကြတာ မိဘတိုင်းပဲလေ။ သားသမီးတွေ ကန်ကြောက်ခဲ့ဖူးတဲ့ ဒီရင်ဘတ်အစုံအကြောင်းက ပြောစရာတွေ တပုံတခေါင်းရှိတယ်မဟုတ်လား။ 

သားကလေ စာကြိုးစားတယ် ဆိုတဲ့ စကားလုံးတွေကို အားလုံးကြားအောင် အသံမြှင့်ပြီး ပြောလိုက်တယ်။ အသံဝင်သွားရုံမကလို့ ရင်ဘတ်ကြီးပဲ ကွဲကွဲ အမေကတော့ အဲ့လို အားရပါးရပြောလိုက်ရမှ အာပိုတွေ့သလိုလို။ လက်ထဲက ကြက်သွန်တွေ တတောင်းပြီးတတောင်းထွက်အောင် လှီးရင်း စကားတွေကလည်း အဆက်မပြတ်။

သားဆယ်တန်းအောင်တဲ့ အခန်းကတော့ သူ့အတွက် မင်းသားမင်းသမီးတွေ အကယ်ဒမီဆိုတာ ရသလိုမျိုးပေါ့။ မီးမောင်းကြီးတွေ ဝိုင်းထိုးထားသလိုမျိုးတောင် ခံစားမှုက တလှိုက်လှိုက်တက်လာ။ မစားရပေမယ့် ဝလင်ပြည့်သိပ်စေတဲ့ ပီတိဆိုတာ အဲ့လိုမျိုးကိုး။ အနွဲ့စာမတတ်ပေမယ့် သားလေးတော့ စာတတ်ပြီး အတတ်ပညာရှင်ကြီးဖြစ်ပြီဆိုတော့ အနွဲ့လို ကြက်သွန်လှီးရတဲ့ ဘဝခါးခါးမျိုးကနေ သားလေး လွတ်မြောက်ပြီဆိုပြီး ပျော်လိုက်ရတာများ ဆယ်ကမ္ဘာလောက်တောင် ကြာမယ်။

ဒါပေမယ့် သားရင်ထဲမှာလည်း အနာလေးတခုရှိနေတာကို အနွဲ့အမှတ်မထင် တွေ့လိုက်ရတယ်။ သားက သူ့ကို ပစ်ပြီး အဝေးမှာ သွားနေတဲ့ အမေ့ကို မသိစိတ်ထဲကနေ နာကျင်နေခဲ့တယ်။ သားရယ် အမေ ဘယ်လို ဖြေရမလဲ။ အမေလည်း သားနားမှာ ရင်အုပ်မကွာ နေချင်တာပေါ့ကွယ်။ သားရဲ့ စာစီစာကုံး စာအုပ်ထဲက အမေနဲ့အတူမနေရတဲ့အကြောင်း ရေးဖွဲ့ထားတာကို ဖတ်ရတဲ့အခါ ရင်ဘတ်တခုလုံး ဆုတ်ချေခံရသလို နာကျင်ကြေမွစေခဲ့တယ်။ မသိတတ်သေးတဲ့ လူမမယ်ကလေးမို့ အမေခွင့်လွှတ်ပါတယ်။ မချစ်လို့ ပစ်ခွာခဲ့တာမဟုတ်ဘူး ချစ်လွန်လွန်းလို့ ဆိုတဲ့ အကြောင်းကို တနေ့တော့ သားသိပါလိမ့်မယ် လို့ သားမမြင်ကွယ်ရာမှာ မျက်ရည်တွေ တိတ်တဆိတ်ကျစေပြီး သားရှေ့မှာတော့ အမေ့ အပြုံးတွေကိုပဲ တပွင့်စီခြွေချ။

သားက စင်္ကာပူကို လာလည်ချင်တယ်လို့ ပြောတဲ့အခါ အနွဲ့စိတ်ထဲမယ် ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်။ သူ့ဖာသာစီစဉ်ပြီးလာမယ် အမေ လေဆိပ်ကနေ လာကြိုပါဆိုတော့ ဟယ် အတော့ကို လူတတ်ပကြီးဖြစ်နေတာလို့ မချိုမချဉ်ပြုံးစေတယ်။ တကယ်လည်း သူ့တယောက်တည်း လာခဲ့တယ်။ အနွဲ့နဲ့ နေတဲ့ နှစ်ပတ်အတွင်းမှာ သားက အနွဲ့လက်တွေ အသားမာတက်နေတဲ့ အကြောင်းရင်းကို သူသိသွားတယ်။ အနွဲ့လိုပဲ ဓါးတချောင်းနဲ့ ကြက်သွန်လှီးမယ်လုပ်သေးတာ။ ဘယ်ရမလဲ ကျုပ်သားက ဆယ်တန်းကြီးတောင် အောင်နေမှ ကျုပ်လို လုပ်စရာလား၊ မလုပ်ရပါဘူးလို့ အတင်းဓါးကိုသိမ်းရတယ်။ ရင်ထဲမှာတော့ သိတတ်လိုက်တဲ့သားကြီး ဆိုပြီး စည်အလုံးပေါင်း တသောင်းလောက် မြည်ဟီးလို့။

အနွဲ့တို့ သားအမိ တယောက်ကိုတယောက်နားလည်သွားတဲ့အခါ သားပြန်မယ့်နေ့ဟာ မုန်တိုင်းတခုလို ရောက်လာတယ်။ သားကတော့ အနွဲ့ရှေ့မှာ မငိုပါဘူး။ အနွဲ့ကလည်း မငိုပါဘူးရှင်၊ အခုလည်း ကြက်သွန်ခိုးရိုက်လို့ မျက်ရည်ကျတာပါ။ သားအရာရှိကြီးဖြစ်တဲ့အခါ အမေပြန်လာခဲ့တော့လို့ သေသေချာချာမှာသွားတာ…

ကဲ ဒီနေ့အတွက် ပြီးအောင် လှီးရမယ့် ကြက်သွန်အိတ်တွေ အများကြီးကျန်သေးတယ်။ ရှင်တို့တွေလည်း အခိုးရိုက်လို့ မျက်ရည်ဝိုင်းနေကြတာမဟုတ်လား။ ဆက်လှီးလိုက်ကြရအောင်…

မနွဲ့က ပြောပြောဆိုဆို ဇိုးကနဲဇတ်ကနဲ ကြက်သွန်အိတ်တွေကို သံချွန်ချိတ်နဲ့ လှမ်းဆွဲတယ်။ ကျန်တဲ့ နားထောင်သူ ပရိတ်သတ်အားလုံးကတော့ ကြက်သွန်တွေ ဆက်လှီးရင်း မျက်ရည်တွေ ကိုယ်စီဝိုင်းလို့ပေါ့။ ကြက်သွန်ခိုး ကြောင့်လား မနွဲ့ရဲ့ ဇာတ်လမ်းကြောင့်လားဆိုတော့ ပရိတ်သတ်တွေပဲ အသိဆုံးမဟုတ်လား…..