Showing posts with label ဆွေးနွေးခြင်း. Show all posts
Showing posts with label ဆွေးနွေးခြင်း. Show all posts

24 July 2010

ဘလော့ရေးခြင်း အနုပညာ (၆)

ဘလော့မှာ ၀မ်းစာပြည့်လာရင်း စာရေးကောင်းတဲ့ စာရေးသူတစ်ချို့မွေးထုတ်ပေးလာနိုင်ခဲ့ပါတယ်။ တစ်ချို့စာရေးသူတွေက ပြင်ပစာပေလောကမှာ စာအုပ်တွေထုတ်လုပ်တဲ့ အထိ ဦးတည်လာကြတယ်။ တကယ်ဆို မြေစမ်းခရမ်းပျိုး ဘလော့ဆီကနေ အခုလို စာအုပ်ထုတ်တဲ့အထိ တိုးတက်အောင်မြင်လာကြတာကို ကျနော်တို့က ၀ိုင်းဝန်းအားပေးသင့်ကြတယ် မဟုတ်လား။ သရုပ်ဆောင်တဲ့သူတွေ အဆိုတော်ဖြစ်ခွင့် ရှိသလို အဆိုတော်တွေလည်း သရုပ်ဆောင်မလုပ်ရဘူးလို့ ကန့်သတ်ထားတာမှ မရှိတာ။ အခုဆို ပိုလို့တောင် ကောင်းမွန်လို့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားတွေ ဖြစ်နေပြီလို့ သတ်မှတ်ပေးကြရမှာပါ။

ဟိုးအတော်လေး အကြာက ဘလော့မှာ စာရေးခြင်းနှင့်ပတ်သတ်တဲ့ ဂျာနယ်တစ်စောင်ရဲ့ အမြင်တစ်ခုကို အတော်လေးစိတ်ထဲမကောင်းဖြစ်သည်အထိ ဖတ်လိုက်မိတယ်။ ဘလော့ရေးသူ တယောက်ရဲ့ ရပ်တည်မှု၊ ပြီးတော့ သူဖန်ဆင်းတဲ့ အနုပညာ။ ဘယ်မှာတဲ့လဲ။ ဘယ်သူတွေက အသိအမှတ်ပြုတယ်တဲ့လဲ (အသိအမှတ်အပြုခံချင်လို့ ဘလော့ရေးကြတာပါဟု ကျနော်ဘယ်တုန်းကမှ မမြင်ခဲ့မိလို့ပါ)။ ဒါပေမယ့် စာရေးနေတာကို နှစ်သက်ခုံမင်တဲ့သူတွေက စာရေးနေကြတာပါပဲ။

အရာဝတ္ထု တစ်ခု သို့မဟုတ် တစ်စုံတစ်ခုသော အကြောင်းအရာ အဖြစ်အပျက်ကို အတူတူကြည့်ပြီး စာရေးကြည့်ကြပါ။ စာတွေက ထပ်တူကျမယ် (၏သည်မရွေး မဟုတ်ပဲ ရေးတဲ့ အကြောင်းအရာအပိုင်းဆိုင်ရာကိုပါ) မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးစိတ်သန်းတွေ ဖြတ်ကျော်လာတဲ့ အတွေ့အကြုံတွေက မတူညီကြတော့ ဖော်ပြပုံစံခြင်းတူကြမှာ မဟုတ်လို့ပါပဲ။ သီချင်းတစ်ပုဒ်ထဲကို အဆိုတော်တွေ ဆိုကြတာ မတူညီကြဖူး ဆိုသလို ဆိုဟန်တွေ ဆိုပေါက်တွေ ကွဲလွဲနေတာမို့ပါ။ အွန်လိုင်းစာရေးသူတွေ ဆီက ကိုယ်မမြင်မသိနိုင်တဲ့ အတွေးတွေ၊ အယူအဆတွေ၊ ပြီးတော့ ကိုယ့်အတွက် လိုအပ်တဲ့ ဒေတာ အချက်အလက်တွေ အမျိုးမျိုးသော အရာတွေ ရယူနိုင်နေပြန်သေးတယ်။

ကျနော်ခရီးမသွားခင် ဒီခရီးကို ဘယ်သူသွားထားသလဲ၊ ဘာတွေက စိတ်ဝင်စားဖို့ စွဲဆောင်စေသလဲ စသည်ဖြင့် အရင်ပြင်ဆင်တတ်ပါတယ်။ အမေ့လက်ရာကို ကောင်းကောင်းကြီး မှီစားနေပြီးမှ နိုင်ငံရပ်ခြားလည်းရောက်လာရော မြန်မာစာ လေး ဟိုလိုချက်ထားတာလေး စားချင်တယ်ဆိုတဲ့သူတွေ အတွက်လည်း ဟင်းချက်နည်း နိသျှရည်းဘလော့တွေ အဆင်သင့်။ ကွန်ပြူတာမှာဗျာဆိုပြီး ဟိုနားလေး ဒီနားလေး ပြင်လိုက်ဆင်လိုက် မွမ်းမံလိုက် လုပ်ချင်သူတွေလည်း နည်းဗျူဟာတွေ ဝေမျှထားတွေက တပုံတပင်။ တကယ့်ကို လက်တစ်ချက်အလှုပ်မှာ ကိုယ်လိုချင်တဲ့ အရာတွေကို အမျိုးမျိုးသော စာရေးသူတွေက ပုံဖော်ပေးထားကြတာ။ တကယ့်ကို ပြည့်စုံလို့။

အနှီဘလော့ဆိုတဲ့ ပတ်ဝန်းကျင်ထဲမှာ ကျနော်ဘယ်အထိ ရှင်သန်နေမလဲ ကျနော်မသိပါ။ ကျနော့ကို ကျနော် ချိန်ထိုးကြည့်နေဖြစ်ဖို့ ဒီစာလေးတစ်ပုဒ် ချရေးမိတယ်။ ကျနော် ဘာတွေ ရေးနေခဲ့လဲ၊ ကျနော့ရပ်တည်မှု၊ ကျနော့အတွေး အမြင်၊ ကျနော့ စိတ်ကူး အရာအားလုံးကို ဘလော့ထဲမှာ ပုံဖော်တယ်။ ကျနော်စာတွေ ဆက်ရေးနေဖြစ်ဦးမလား (သိပ်မသေချာပါ)။ ဒီပတ်ဝန်းကျင်နဲ့ ကျနော် လိုက်လျောညီထွေ ဖြစ်မဖြစ် ( တခါတလေ ကျနော် စည်းအပြင်ကလူ ဖြစ်ဖြစ်သွားတယ်လို့ ခံစားရတတ်လို့ပါ) မဝေခွဲတတ်သေးပါ။

ဘလော့ရေးခြင်းဆိုတဲ့ အကြောင်းအရာကို တွေးထားမိတာ ကြာပါပြီ။ အနုပညာ ဆိုတဲ့စကားလုံးကို အခုဒီပို့စ်ရေးဖြစ်ဖို့ တွန်းအားပေးတဲ့ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ စာအုပ်ထဲက ယူဖြစ်ခဲ့တာ။ သူက အနုပညာဆိုတာ ဖန်တီးမှု ဝိဇ္ဇာပညာလို့ ဆိုပါတယ်။ ခေတ်တခေတ်ကို ကိုယ်စားပြုသလို၊ လူမျိုး နှင့် တိုင်းပြည်ကိုကိုယ်စားပြုတယ်လို့လည်း ဆိုပြန်တာမို့ ဘလော့ရေးသားခြင်းဆိုတာကိုလည်း အနုပညာတစ်ခုလို့ ကျနော် ထပ်တူပြု ပေးခဲ့တာ။

စာအုပ်ထဲက ကူးယူဖော်ပြလိုတဲ့ စာတွေကတော့

“သမိုင်းဆိုတဲ့ ဝေါဟာရကိုယ်တိုင် အမြဲ စက္ကန့်မလပ် တိုးတက်နေတဲ့ အစီအစဉ်တစ်ခုပဲ။

ကနေ့ခေတ်ကို ကျွန်တော်တို့ မြန်မာပြည်မှာ ဘယ်လို စကားမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြသလဲ။ မြန်မာပြည်ဟာ ခေတ်နောက်ကျတယ်။ ဒီလိုပဲ ပြောကြတယ်။ မြန်မာပြည်ဟာ ခေတ်နောက်ကျနေတယ်။

ဒါပေမယ့်ဘာကြောင့် မြန်မာပြည်ဟာ ခေတ်နောက်ကျနေသလဲ ဆိုတာကို မစဉ်းစားကြဘူး။

ကျွန်တော်တို့ မြန်မာတွေဟာ ဒီလိုလှေနံဓါးထစ် မစွန့်ပစ်ချင်၊ မစွန့်ပစ်ရဲတဲ့ ဝါဒသမားတွေ များတယ်၊ လှေဟာ ရွေ့နေတယ်။ ရေစီးကြောင်းနဲ့ မျောပါနေတယ်။ ဓါးကျတဲ့နေရာဟာ ကျန်ခဲ့ပြီဆိုတာကို မသိကြဘူး။ ဓါးကျတဲ့နေရာဟာ ဓါးထစ်ထားတဲ့ နေရာပဲလို့ တထစ်ချ ဖက်တွယ်ထားကြတယ်။ ခေတ်ရေစီးကြောင်းရဲ့ အလျဉ်ကို သတိမမူမိကြဘူး။”

ဘလော့ဆိုတဲ့ ရေစီးကြောင်းထဲမှာ ဘာတွေ ဘယ်လို စီးဆင်းနေကြဦးမှာလဲ။ အငြင်းအခုံတွေက ဘလော့ရဲ့ အဓိက ရသတွေတဲ့လား။ အဆဲအဆိုတွေကရော ဘလော့ရဲ့ လွတ်မြောက်မှုတွေလား။ အတွန်းအတိုက်တွေက ဘလော့ရဲ့ အောင်မြင်မှုတွေလား။ စာရေးနေရရုံသက်သက်ပဲ ၀ါသနာပါလို့ စာရေးနေပါတယ်ဆိုတဲ့ စာရေးသူတွေ အတွက် နေရာတစ်ခု တကယ်ပဲ ဘလော့ကပေးနိုင်သတဲ့လား၊ စတဲ့ ပဟေဠိတွေ အများကြီးထဲမှာ သာမန်ကချော်ကချွတ် စာရေးသူ တယောက်သာ ဖြစ်သော ကျနော် ဖက်တွက်ထားချင်တဲ့ စကားလေးတစ်ခွန်းကို ခင်ဝမ်းရေးတဲ့အမှာစာထဲမှာ အမှတ်မထင် တွေ့မိလိုက်ပါတယ်။

“အနုပညာသမားရဲ့ ရိုးသားစွာ တင်ပြမှုဟာ အမြဲဆန်းသစ်နေမယ့် တန်ဖိုးပဲဖြစ်တယ်” ဆိုတာပါပဲ။

22 July 2010

ဘလော့ရေးခြင်း အနုပညာ (၅)

အဲ့ဒီမှာ စာရေးကောင်းလျက် ရပ်သွားတဲ့ အစ်ကိုတွေ အစ်မတွေ၊ တခါတည်းနောက်ပြန်မလှည့်တော့တဲ့ သူတွေ၊ အကြောင်းကြောင်းတွေကြောင့် သော့ချိတ်သွားကြတဲ့ သူတွေကို စတွေ့လာပြီ။

ဘလော့ပိတ်တယ်၊ စာဖတ်သူတွေကို ကန့်သတ်လိုက်တယ်ဆိုတာမျိုး စတင်ကြားဖူးတော့ ကျနော်က အစိမ်းသက်သက်နဲ့ အံ့အားတသင့်ဖြစ်မိတယ်။ ပိတ်သွားတယ်ဆိုတဲ့ အစ်ကိုကိုလည်း မပြောရဲ (တကယ်က ဘာတွေဖြစ်တယ်ဆိုတာကို ကျနော်အတိအကျ နားလည် မခံစားတတ်သေးတာ၊ မူကြိုအရွယ်ရောက်ကာစမှာ ဝဲလ်သရင်းဟိုက်ဆိုတဲ့ စကားလုံးနဲ့ အကျွမ်းတ၀င်မရှိသေးသလိုမျိုးပါ)။ စာရေးနေရုံပဲဆိုတဲ့ အသိတစ်ခုနဲ့ ဒီဘလော့ဆိုတဲ့ လောက ကို ဘယ်လိုမျက်စိနဲ့မှ မကြည့်ခဲ့မိပါဘူး။ ကျနော် စာရေးတယ် စာဖတ်တယ် ဒီ့နောက်မှာ ဘာမှ မှ ထပ်မလိုအပ်ခဲ့တာ။

စာရေးသက်ကလေးရလာတော့(အချိန်ကြာလာတာကိုပဲ ဆိုလိုတာပါ ရင့်ကျက်လာတယ် တိုးတက်လာတယ်လို့ ကိုယ့်ကိုကိုယ်တော့ ဘယ်တုန်းကမှ မမြင်ခဲ့ရိုးအမှန်ပါ) အများသူငှာ ကြုံသလိုလေးတွေ ကြုံတွေ့လာရတယ်။ ပြတင်းပေါက်က ဝင်လာတဲ့ လေကောင်းလေသန့်တွေနဲ့အတူ မှက်ခြင်ယင်တွေ ပါလာကြစမြဲမဟုတ်လား။ ထိရှလွယ် ခံစားလွယ်တဲ့ သူမို့ ဘလော့ပိတ်ဖို့ ကြိုးစားတာ သုံးလေးကြိမ်လောက်ရှိပါပြီ။ အရှုံးပေးတယ်လို့ သတ်မှတ်ချင်လည်း သတ်မှတ်ပါစေ ကိုယ့်ဝမ်းနာ ကိုယ်ပဲသိတယ်လို့ သဘောပိုက်မိတယ်။ ကျနော့ရဲ့ ဒေါသမကျေနပ်မှု စိတ်တိုင်းမကျမှုတွေအားလုံး ကျနော့ လက်ခုပ်ထဲကရေဖြစ်နေတဲ့ ဘလော့တခုကိုပဲ သက်ရောက်စေပါတယ်။ ကျန်တဲ့ပြင်ပအရပ်ကို အရိပ်တစ်ခုအဖြစ်နဲ့တောင် မထွက်စေချင်ပါဘူး။ အခုလည်း ပိတ်ထားလျက်ကနေမှ ဖွင့်ဖို့ အကြောင်းက ဖန်လာပြန်တယ်။ ရင်ထဲက ဆန္ဒ အမှန်ကို ပြောပါဆိုရင် ကျနော် ဘလော့မရေးချင်တော့ပါဘူး။ (မရေးချင်လို့သာတော်တော့တယ်လို့ ကော့မန့်ပေးရင် မောနေမစိုးလို့ ကြိုရေးထားလိုက်တယ်ဗျာ)

တစ်နှစ်လောက်မရှိခင်မှာ ကျနော့ဘလော့က ပို့စ်တွေကို ဝဘ်ဆိုဒ်တခုမှာ ဖော်ပြထားတယ်လို့ အသိတစ်ယောက်က ပြောလာတယ်။ လင့်နဲ့တကွ ဖော်ပြတာမို့ ထားပါစေလေလို့ အေးဆေးနေခဲ့တယ်။ ဒါပေမယ့် တင်သမျှ ပို့စ်တိုင်းကို ဖော်ပြနေပြန်တော့ စိတ်ထဲမှာ တမျိုးတမည် ဖြစ်လာတယ်။ ဒါနဲ့ ပို့စ်တွေကို မဖော်ပြအောင် ဘယ်လိုလုပ်လို့ရသလဲဆိုတော့ သူတို့ဆီက button လေးတခုကို နှိပ်လိုက်ရင် အဲ့ဒီပို့စ်တွေကို ဖျောက်ပေးပါလိမ့်မယ်တဲ့။ သုံးလေးခါထက်မနည်းနှိပ်ပေမယ့် ယနေ့ထက်ထိ အဲ့ဒီနေရာမှာ ဒီအတိုင်းပဲရှိနေသေး။ Software error ဆိုတဲ့ စကားလုံးနဲ့ပဲ ဖြေသိမ့်လိုက်ပါတယ်။

ကိုယ်တိုင်မကြုံရပေမယ့် အွန်လိုင်းစာရေးသူတစ်ယောက်ရဲ့ ပို့စ်ကို ဖော်ဝပ်မေးလ်က ရတယ်ဆိုပြီး ပြည်တွင်းမှာ ထုတ်တဲ့ နာမည်ကြီး မဂ္ဂဇင်းတစ်ခုမှာ ခွင့်မတောင်းပဲ ဖော်ပြခဲ့တာလည်း ဆုံဖြစ်လိုက်ပါသေးတယ်။ မဂ္ဂဇင်းဆိုတဲ့ အရှိန်အဝါက အရမ်းကြီးပါတယ်။ ဒီအထဲမှာ လုပ်နေကိုင်နေတဲ့သူတွေက copy right ဆိုတာနဲ့တော့ မစိမ်းတန်ကောင်းဘူး။ တစ်ခါတည်းလားဆိုတော့ မဟုတ်ပြန်ဘူး။ နောက်ထပ်တစ်ခါ ထပ်ထည့်တော့လည်း ခွင့်မတောင်းခဲ့ပြန်ဘူး။ ပြည်ပရောက်နေတာမို့ ဆက်သွယ်ရန်ခက်ခဲလို့ဆိုတာတော့ အကြောင်းပြချက်က ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးသလို ဖြစ်နေမှာ အမှန်ပါပဲ။ စင်တင်မြေမြှောက်ပေးမယ်ဆိုလည်း စနစ်တကျတော့ ရှိသင့်တယ် မဟုတ်ပါလား။ ကျနော်တို့ အလေးထား ဖတ်ရှုနေကြဖြစ်တဲ့ မဂ္ဂဇင်းတွေကပါ အခုလို ပြုမူလာတော့ ဘလော့တွေမှာ စိတ်ထင်တိုင်း credit မပေးပဲ ကူးယူဖော်ပြနေတာကို လျစ်လျူပဲ ရှုရတော့မလိုလို။

ဖြစ်ပျက်သမျှတိုင်းကို ပြဿနာဆိုတဲ့ စကားလုံးနဲ့ မသုံးနှုန်းချင်မိဘူး။ အယူအဆလွဲနေကြတာလို့ပဲ အမြဲသတ်မှတ်ချင်ပါတယ်။ လက်ဖဝါးလည်း လက်ဖဝါးအလျှောက် လက်ဖမိုးလည်း လက်ဖမိုးအလျှောက် သူ့အထွာနဲ့သူ၊ သူ့အမြင်နဲ့သူ၊ လက်ဖ၀ါးနဲ့ လက်ဖမိုးကို ကပ်ပြီး လက်ဝါးပြင်တစ်ခု ဖြစ်ကြရင် မကောင်းဘူးလား။ အကယ်၍ လမ်းမတူကြဘူးဆိုလည်း ကိုယ့်လမ်းကိုပဲ ဆက်လျှောက်ပေါ့။ ဘယ်အကြောင်းကြောင်းကြောင့်မှ ဘေးဇောင်းတိုက် တွန်းချ နေစရာမှ မလိုတာ။ ရပ်တည်မှု မညီခြင်းက ရပ်တည်မှု မညီခြင်းလို့ပဲခံယူသင့်တယ်။ ငါ့လမ်း မလိုက်လို့ ငါ့ -င် လှန်ပြလိုက်မယ်ဆိုရင်တော့ဗျာ……..ပင်ပန်းပူလောင်လှပါတယ်။

အွန်လိုင်းစာပေနဲ့ ပြင်ပစာပေလောက ငြင်းခုံခြင်းတွေ ရှိလာပြန်ပြီ။ ပြင်ပစာပေလောက ဆိုတာတော့ တန်းဝင်တဲ့ စာပေပေါ့ဗျာ။ တည်းဖြတ်သူတွေနဲ့ အယ်ဒီတာတွေနဲ့ စာပေစီစစ်ရေးဆိုတာတွေ ကျော်လွန်ရတာကိုး။ ဒါနဲ့ပဲ အွန်လိုင်းစာပေ ဆိုတာ မရှိသင့်တော့ဘူးလား။ တန်းဝင်စာရေးနေတဲ့သူတွေ အွန်လိုင်းစာပေထဲကိုရော မဝင်ရတော့ဘူးလား။ အွန်လိုင်းစာပေရဲ့ အရည်အချင်းကိုရော မိမိသိထားတဲ့ မျက်တောင်မွှေးတထောက်စာလောက်နဲ့ အကဲဖြတ်တော့မလား။ Blog Directory ဆိုတာ ကျနော်ကြားဖူးမိလိုက်တယ်။ ဒါပေမယ့် Blog Directory ထဲမှာ မပါတဲ့ ဘလော့တွေ အပြင်မှာ အများကြီး။ research လုပ်တာလည်း တွေ့မိသေးတယ်။ ဘလော့မှာ စာရေးသူတချို့က ကျော်ကြားမှုကို မလိုလားပါဘူး။ စာပဲရေးနေတာ ဖြစ်တဲ့အတွက် မိမိဘလော့ကို Directory မှာထည့်ပေးပါလို့ ဘယ်လိုမှ လာပြောနေမှာ မဟုတ်နိုင်တဲ့အတွက် ပြည့်စုံတဲ့ Directory တခု ရဖို့ ခက်ခဲဘိချင်း။ ဒါကြောင့် အတားအဆီးမဲ့တဲ့အတိုင်း စီးဆင်းနေတဲ့ ဘလော့ကိုဝေဖန်ချင်ရင် ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပဲ လူမသိသူမသိ စာရေးကောင်းတဲ့ တန်းဝင် အွန်လိုင်းစာရေးသူတွေ အများကြီး ရှိနေသေးတယ်ဆိုတာ သတိလေးချပ်စေချင်ပါတယ်။ တစ်တောင်ထက် မြင့်တဲ့ နောက်ထပ် တောင်တွေ တောမဆုံးအောင် ရှိနေသေးတယ်ဆိုတာကိုပါပဲ။

ဆက်ပါဦးမည်..

21 July 2010

ဘလော့ရေးခြင်း အနုပညာ (၄)

ဘလော့မှာက စာအုပ်တွေနဲ့ မတူကြဘူး။

စာအုပ်တွေမှာ စာရေးသူကို တခုခု ပြောချင် မေးချင်ပင်မယ့် မေးဖို့ မလွယ်ခဲ့ဘူး။ ပြီးတော့ စာအုပ်ကိုဝယ်ဖို့မလွယ်တာမို့ အပြန်ပြန်အလှန်လှန်ဖတ်နိုင်တယ်ဆိုရင်တောင် ဘယ်လောက်ဖတ်နိုင်မှာတဲ့လဲ။ စာရေးသူနဲ့ စာဖတ်သူကြားမှာ တံတိုင်းတွေ အတားအဆီးတွေ အများကြီး။

ဘလော့မှာတော့ သိပ်ကိုမြန်တယ်။ တင်ထားတဲ့ စာကို မကျေမညက်မခြင်း ဖတ်နေလို့ရတယ်။ ပြီးတော့ စာဖတ်သူရဲ့ ထင်မြင်ချက်တွေကို တမုဟုတ်ချင်း ပြောချလိုက်နိုင်တယ်။ အဲ့ဒီအတွက် ကောင်းတာတွေ ရှိသလို မကောင်းတာတွေ လည်း ရှိခဲ့တယ် အရာအရာတိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲလေ့ရှိတာကိုး။

ပြီးတော့ ဘလော့တွေက အတားအဆီးမဲ့စီးဆင်းတယ်။ Publish ဆိုတဲ့ ခလုတ်လေး တစ်ချက်နှိပ်လိုက် အင်တာနက်ရှိတဲ့ နေရာအရပ်မရွေး ရောက်ဖို့လွယ်ကူတယ်။ စာအုပ်တွေလို ဖြန့်ချီဖို့၊ ငှားရမ်းဖို့၊ ဝယ်ယူဖို့ စတဲ့ ခက်ခဲလေးလံတဲ့ ခေါင်းစဉ်တွေကို ဖျောက်ပစ်ခဲ့နိုင်တယ်။

တည်းဖြတ်သူမဲ့တယ် ဆိုတော့ တချို့စာတွေက စာရေးသူအပေါ်မှာ တာဝန်လုံးလုံးကျနေတော့တာ။ ကျနော်လို စာအသေအချာ မရေးတတ်တဲ့ စာရေးသူ ဆိုလိုတဲ့ အကြောင်းအရာကို စာဖတ်တဲ့သူက ဒီအတိုင်း ရချင်မှ ရတာမျိုးပါ။ ဖောက်ထွက်တွေးတတ်ကြတဲ့ စာရေးသူအများအပြားရှိပါတယ်။ ပြီးတော့ စာမရေးချင်လို့သာမရေးကြပေမယ့် ကျနော်လို စာရေးသူထက် စာဖတ်နာတဲ့၊ အတွေး အမြင် ပိုကောင်းသူတွေ အများကြီးလေ။ စာရေးသူကို ချက်နဲ့လက်နဲ့ စိတ်ရှည်လက်ရှည် ထောက်ပြတဲ့ စာဖတ်သူတယောက်လည်း တွေ့ခဲ့ဖူးတယ်။ စာရေးသူက မိမိရေးတဲ့ စာမှာ တာဝန်ရှိတယ်လို့ ဆိုပေမယ့် လက်သင့်မခံသူတွေလည်း ရှိနေပြန်ပါတယ်။

နောက်ပိုင်း ဘလော့ရေးတဲ့သူတွေများလာတာနဲ့အမျှ ဘလော့ရေးသူတွေလည်း ပုံစံအမျိုးမျိုးပေါ့။ ကျော်ကြားအောင်ရေးနေတဲ့သူ၊ ဘလော့ကိုအရှေ့မှာ ချပြီး နောက်ကွယ်မှာ ကျီးအာသီးလုပ်နေတဲ့သူ၊ ဖော်ဝပ်မေးလ်ကရတယ်ဆိုပြီး သူတပါးရေးထားတဲ့စာကို လွယ်လင့်တကူ ဘလော့မှာ ဖော်ပြတတ်တဲ့သူ၊ ဘာမှ မသိပေမယ့် ခေတ်မှီအောင် ဘလော့တစ်ခုလုပ်လိုက်တယ်ဆိုတဲ့သူ တွေ များသည်ထက်များလာ။ ဘလော့ရေစီးကြောင်းဆိုတာ ဘယ်လိုနည်းနဲ့ စီးနေမှာလဲ…သိပ်အတွေးမခေါင်ပါနဲ့ သူ့ရေစီးအတိုင်း စီးနေကြမှာပါလို့ ကိုယ့်ဖာသာ ကိုယ်နှစ်သိမ့်လိုက်ပါတယ်။

ပြီးတော့ ကျနော်။ Response မြန်ပါတယ်။ ကော့မန့်တခုကို ချက်ချင်းတုန့်ပြန်တတ်တဲ့အကျင့်။ စာမှာ စကားပြောတဲ့အသံလို ခွဲခြမ်းစိတ်ဖြာလို့ မရဘူးဆိုတာကို ကျနော်မေ့လျော့နေတတ်ပါတယ်။ ဗျာ လို့ အသံတိုးတိုးထူးတာနဲ့ ဗျာ လို့ အသံဆောင့်ထူးလိုက်တာ ကြားရင် တဖက်လူက ဝေခွဲဆုံးဖြတ်နိုင်တယ်။ ကျနော် ပြန်ပြောဖြစ်တဲ့စကားအချို့က ဒေါသသံဖြစ်စေသလား ကျနော်မသိပါဘူး။ ရေးရိုးရေးစဉ် တွေးရိုးတွေးစဉ်အတိုင်း ကျနော်ရေးခဲ့မိပေမယ့် တဖက်လူတွေကို ဒေါသသင့်စေခဲ့ပါတယ်။

စာတွေကို ဖတ်ရင်လည်း ခေါင်းထဲဝင်အောင်ဖတ်ဖို့ကြိုးစားတယ်။ ကျနော်ဖတ်တဲ့စာတွေ ကျနော်ကြိုက်တဲ့စာတွေဆို အလွတ်ရမိသည်အထိ။ တခြားစာရေးသူတွေရဲ့ စီပုံးတွေမှာ စာလာဖတ်တယ်ဆိုတဲ့ စကားလုံးကို မချမိသလောက်ပါပဲ။ စာရေးတာကြိုက်လို့ အဟောင်းတွေလှန်ဖတ်ချင်တယ်လို့ စိတ်ရှိပင်မယ့် မရောက်ဖြစ်ပြန်ဘူး။ ကျနော့ဘလော့မှာလည်း စာတွေကုန်အောင်ဖတ်မယ်လို့ ကြုံးဝါးသူ သုံးယောက်ရှိခဲ့ဖူးပါတယ်။ အခုတော့ သုံးယောက်လုံး လက်လျှော့သွားလောက်ပါပြီ။ ပေးတဲ့အချိန်နဲ့ ထိုက်တန်အောင် ရေးထားတဲ့ စာမရှိတာကြောင့် ကျနော့အနေနဲ့ အားနာနေရတာလည်း မရှိတော့တာမို့ဝမ်းသာမိပါတယ်။

ဘလော့ကနေ လုပ်မိတာက Social အလုပ်ကလေးတွေပါ။ အတန်းထဲမှာ ထိုင်ရင် နောက်ဆုံးတန်းမှာ ချောင်ကပ်ထိုင်ဖို့ ကြိုးစားတတ်သူက Social အလုပ်တွေ လုပ်တယ်ဆိုရင် သူငယ်ချင်းတွေက ယုံကြမှာမဟုတ်ပါဘူး။ မြန်မြန်စီးဆင်းတဲ့ ဘလော့ကနေ အင်ဖော်မေးရှင်းတွေ မြန်မြန်ရောက်လွယ် စိမ့်ဝင်လွယ်တာမို့ တော်တော်လေးထဲထဲ ဝင်ဝင်လုပ်လိုက်မိပါတယ်။ အဲ့ဒီအတွက် လူအစုံအလင်နဲ့ ရုံတင်ပြဖို့ကောင်းတဲ့ ရုပ်ရှင်တွေ အများကြီးဖြစ်သွားခဲ့ပါရောလား။

တစ်ယောက်နဲ့ တစ်ယောက် မမြင်ရပဲဆက်သွယ်လို့ ရနေတဲ့ ဒီဘလော့ရပ်ဝန်းမှာ အစုလိုက်အပြုံလိုက် ၀ိုင်းပြီး ထိုးနှက်ကြတာ၊ ဝေဖန်ကြတာ၊ ဆဲဆိုကြတာတွေတော့ ကျနော့်စိတ်အရင်းအတိုင်း အလိုအရ ကန့်ကွက်လိုပါတယ်။ မကျေနပ်ရင် မကျေနပ်ကြောင်း ပြလို့ရပေမယ့် လူမြင်ကွင်း (အသက်အရွယ် မပြည့်သေးတဲ့ စာဖတ်သူတွေ ဖတ်နေတယ်ဆိုတာကို တွေးမိလို့ပါ) မှာ မောင်နဲ့နှမ၊ သားနဲ့အမိ မကြားဝံ့မနာသာတွေ ရေးပြနေတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အဲ့လိုစကားလုံးတွေကို နှစ်ယောက်တည်းသိနိုင်မြင်နိုင်တဲ့ နေရာမှာပဲ သုံးသင့်တယ်လို့ ယူဆမိတယ်။ ကျနော့နာမည်တပ်ပြီး ရေးထားတဲ့ပို့စ်လေးတွေလည်း ဖတ်လို့တော့ ကောင်းသားပါပဲ။ ယုတ္တိယုတ္တာရှိမရှိကိုတော့ စာဖတ်သူတွေကပဲ သုံးသပ်သွားကြပါစေတော့။ ကျနော်ကတော့ ကျနော် အတိုင်းပဲ ရှိနေမှာပါပဲ……….

ဆက်ပါဦးမည်.

20 July 2010

ဘလော့ရေးခြင်း အနုပညာ (၃)

ဒီလိုနဲ့ ကျနော် ဘလော့လောကထဲမှာ လိမ်ဖယ်လိမ်ဖယ်လေးနဲ့ ရောက်ခဲ့တယ်။ စာတွေရေးလည်း ဖတ်မယ့်သူမရှိ။ ဘလော့ကိုမိတ်ဆက်ပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ဖတ်မိသူမရှိတဲ့အတွက်လည်း ဘာခံစားချက်မှလည်း မရှိပြန်ဘူး။ ဘလော့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုတာ ကျနော်နားမလည်ခဲ့ဘူး။ ကျနော်ရေးတဲ့ စာတွေကို ပြန်ဖတ်မိတော့လည်း တောင်စဉ်ရေမရလေးတွေ။ အဲ့ဒီနှစ်ကာလကို လမ်းလျှောက်တတ်ကာစ ကာလလေးအဖြစ် ကျနော် အမှတ်ထားမိတယ်။ လမ်းလျှောက်တတ်ကာစ ဆိုတော့ ကျနော် တခြားအကူအညီတွေ ယူမိခဲ့ပါတယ်။ ငယ်ကျင့်အတိုင်း ဖော်ဝပ်အီးမေးလ်တွေ မျှဝေတတ်တဲ့ အကျင့်မပျောက်တာမို့ မေးလ်ထဲက ရတဲ့ အတိုအထွာလေးတွေကို ဘလော့မှာ ပြန်လည်တင်ပြဖြစ်ခဲ့တယ်။ ရီစရာဟာသလေးတွေ၊ ဘ၀အတွက် အားတက်စရာလေးတွေ စသည်ဖြင့်ပါ..

တကယ်ဘလော့ဆောက်ဖို့ ဇစ်မြစ်က ICRC ကသူငယ်ချင်းတယောက် အရေးဆိုလို့ပါပဲ။ သူတချိန်လုံးမေးတဲ့ မြန်မာပြည်ကနေလာပြီး စင်္ကာပူကိုလာရောက် အလုပ်လုပ်ကိုင်ဖို့ ဘာတွေလိုအပ်သလဲ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတဲ့မေးခွန်းတွေ ဖြေရတော့ သူကအကြံပြုပါတယ် လူတိုင်းဖတ်လို့ရတဲ့ အနေအထားတစ်ခုဖြစ်ခဲ့ရင်ကောင်းမယ်တဲ့။ အဲ့ဒီမှာ ဘလော့ဆောက်ဖို့ဆိုတဲ့ အကြံတစ်ခုရခဲ့တယ်။ နောက် Total မှာ HR လုပ်နေတဲ့ အစ်မတယောက်လာတော့ ဒီက အလုပ်ဈေးကွက်အခြေအနေဆိုပြီးမေးလာပြန်ရော။ EP တွေ၊ SPass တွေ၊ WP တွေနဲ့ သက်ဆိုင်ရာလစာရပိုင်ခွင့်တွေ၊ ဒီက rules & regulation တွေ ရှင်းရပြန်တော့လည်း ဘလော့ဆောက်ဖို့ ဆိုတဲ့ အကြံ ဖြစ်လာပြန်တယ်။ ဘလော့တော့ ဆောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်းအိပ်မက်ဆိုတဲ့ ပို့စ်တခုကလွဲရင် မူလဦးတည်ချက်တွေနဲ့ အတော်လေး လွဲချော်ခဲ့တဲ့ ဘလော့ပါပဲ။

ကျနော့ဘလော့လေး ငါးလသားလောက်မှာ အတော်လေး အသက်ဝင်နေခဲ့ပြီ (ကျနော့အထင်ပါလေ)။ ကျနော်လည်း လည်တတ် ပတ်တတ်နေခဲ့ပြီ။ ဒါပေမယ့် အတတ်ပညာတွေကို သေချာ မတတ်မြောက်သေးခဲ့ပါဘူး။ အဲ့ဒီကမှ ကျနော့စာတွေကို ထောက်ပြပေးမယ့် စာရေးကောင်းတဲ့ အစ်ကိုတယောက်ရဲ့ သင်ပြမှုတွေရရှိခဲ့တယ်။ သွားလေရာ စာရွက်နဲ့ဘောပင်ကိုင်သွား ရေးသာရေး အဆက်မပြတ်ရေးဆိုတဲ့ သူ့ရဲ့ အားပေးစကားတွေက ခွန်အားတွေဖြစ်စေတယ်။

အရင်က ဘလော့အသစ်တစ်ခုကို အသိအမှတ်ပြုဖို့ ခဲယဉ်းပုံပါပဲ။ အခုနောက်ပိုင်း ဘလော့အသစ်တွေက ကျနော့အထင် ဘလော့နဲ့အကျွမ်းတ၀င်ရှိပြီးမှ (ဘလော့တွေမှာ စာဖတ်နာနေတဲ့ စာရေးသူတွေပေါ့) စာရေးလာကြသူတွေဆိုတော့ ဘယ်သို့ဘယ်ပုံဆိုတာ ပြောမပြလည်း သိပြီးသားတွေ များပါလိမ့်မယ်။

Honeymoon ကာလဆိုတဲ့ အချိန်အခိုက်အတန့်မှာ ကျနော် အတော်လေး ပျော်ဝင်ခဲ့မိပါတယ်။ စာတွေ အဆက်မပြတ်ရေးမိတယ်။ နောက်တော့ ကျနော့ကို ကျနော် ပြန်တွေ့မိသွားတယ်။ မူလအစ ဘလော့ဆောက်ဖို့ ရည်ရွက်ချက်ကို အသာချိတ်ပြီး စာရေးသားခြင်းဆိုတာ ကျနော့ ၀ါသနာတစ်ခု ဖြစ်သွားပါလားဆိုတာကိုပါပဲ။

အရာရာကို စိတ်မြန်လက်မြန် ရှိတတ်တဲ့ကျနော်က တစ်ခုခု အတွေးရရင် အမြဲ အမြန်ပဲချရေးတတ်ပါတယ်။ ဘလော့ မှာ တနေ့ကို ပို့စ်သုံးလေးငါးပုဒ် တင်ဖြစ်ခဲ့တယ်။ စာကောင်းတွေလားဆိုတော့ မဟုတ်ခဲ့ပါဘူး။ လက်တည့်စမ်း ရမ်းရေးနေတဲ့ စာလေးတွေပါပဲ။ စာဖတ်သူ အထိုက်အလျောက်ရှိလာခဲ့သလို ဘလော့ဆိုတဲ့ အသိုင်းအ၀ိုင်းထဲမှာ ကျနော် မတ်တပ်ရပ် ဆော့ကစားဖြစ်ခဲ့တယ်။

ပုထုဇဉ် လူသားပီပီ ကိုယ်အလုပ်တစ်ခုလုပ်ခဲ့ရင် အဲ့ဒီ အလုပ်ကို အသိအမှတ်ပြုတာခံချင်တတ်ကြပါတယ်။ ကော့မန့်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီး အချေအတင်တွေ ဖြစ်ကြတဲ့ သတင်းကို ကြားရတော့ အတော်လေး အံ့သြမိတယ်။ ကျနော့ဘလော့မှာ ကော့မန့်မရှိတဲ့ ပို့စ်တွေ အများကြီးလေ။ စာရေးဖို့ပဲ အားသန်နေတဲ့အတွက် ဘလော့ပတ်ဝန်းကျင်ကို လည်ပတ်ရတယ်ဆိုတဲ့အချိန် ကျနော့မှာ ပါးရှားပါတယ်။ စာတွေကို ဖတ်မိတတ်တယ် ဒါပေမယ့် ကော့မန့်ချစကောင်းတယ်လို့လည်း ကျနော် မတွေးတောမိခဲ့ဘူး။ သူ့စာကိုဖတ်နေရင်းက ပြောစရာရှိတယ် ရေးစရာရှိတယ် လို့ခံယူမိရင် ကျနော် ကော့မန့်ရေးခဲ့ပါတယ်။ စာဖတ်သူတွေဟာ စာတွေကိုတင်မကပဲ ကော့မန့်တွေအထိပါ လိုက်လံဖတ်ရှုကြတယ်ဆိုတာကို နောက်တော့မှ သိလိုက်ရပါတယ်။ တချို့စာရေးသူတွေကလည်း ကော့မန့်တွေ အတင်းမပေးပဲ ကန့်သတ်ထိန်းချုပ်မှုလေးနဲ့ သူတို့ရဲ့ ကော့မန့်ချခြင်းကို တန်ဖိုးလေးထားလေ့ရှိတယ်ဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။

ကျနော်စာတွေပဲရေးဖြစ် နေရာက ဘလော့အသိုင်းအ၀ိုင်းက မိတ်ဆွေတချို့နဲ့လည်း မိတ်ဆွေဖွဲ့တွေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော် ဆုံးဖြတ်ဖြစ်ခဲ့တာက ဘလော့ ရေးတဲ့ ကျနော်နဲ့ ပြင်ပဘ၀က ကျနော် တခြားစီ ရပ်တည်နေဖို့ပါ။ စာတွေကို ရေးတဲ့နေရာမှာ မြင်တာကြားတာ ခံစားရတာတွေကို ကူးယူပြီး ရေးဖွဲ့တာပါ။ ကိုယ်တိုင်ကြုံမှ သိမှ စာတစ်ပုဒ်ဖြစ်မယ်ဆိုရင် ကျနော် စာရေးဖြစ်မယ် မဟုတ်ပါဘူး။ ဆရာမကြီးခင်နှင်းယုနဲ့ အတူနေခဲ့ဖူးသူ ပြောပုံအရဆို စာတွေကိုဖတ်ပြီး ခင်နှင်းယု အိမ်ထောင်ဆက်တွေ များလိုက်တာ လို့ သတ်မှတ်တာ ခံရဖူးတယ်ဆိုတော့ စာဖတ်တဲ့သူတွေက စာရေးသူကို ရေးတဲ့စာတွေနဲ့ တွဲမြင်တတ်ကြပါလားလို့လည်း သတိထားမိပြန်တယ်။ အမှန် အတိုင်းပြောရရင် အတွေးတစ်စ ရရင်ကျနော်ချဲ့ကားပြီး ဆက်တွေးတတ်လေ့ရှိပါတယ်။ ပုံမှန်ကိုက တွေးတတ်တဲ့သူမို့ အတွေးတွေကို ဇာတ်အိမ်ဆင်ပြီး စာရေးဖြစ်သွားတာမျိုးပါ။

နောက်ထပ် ငယ်စဉ်ကတည်းက အကျင့်တခုက လွတ်လွတ်လပ်လပ်နေတတ်ခြင်းနဲ့ ကျနော့အကြောင်း စပ်စုတာကို သည်းညည်းမခံတတ်ခြင်းပါပဲ။ ကျနော်မကြိုက်တဲ့အချက်တွေနဲ့ ဘောင်လွတ်အောင်နေရင်း ကျနော်ဟာ လျှို့ဝှက်သူ၊ နားလည်ရန်ခက်သူတယောက် အဖြစ် ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါကြောင့် ကျနော့ ပြင်ပနာမည်အရင်းနဲ့ ဘလော့ကို တွဲပြီးသိတဲ့သူ လူရင်းပိုင်းလောက်သာ ရှိခဲ့ပါတယ်။ ကျနော်ဖတ်စေချင်တာ ကျနော်ရေးတဲ့ စာကိုပါပဲ ကျနော့အကြောင်းကို မဟုတ်ပါဘူး…

ဆက်ပါဦးမည်.

19 July 2010

ဘလော့ရေးခြင်း အနုပညာ (၂)

ဘလော့ဆိုတဲ့အရာကို 17 December 1997 မှာ အစပြုခဲ့တယ်လို့ ၀ီကီအလိုအရ ဆိုပါတယ်။ အဲ့ဒီအချိန် ကျနော်တို့ဆီမှာ ကွန်ပြူတာသင်တန်းတွေ အပြိုင်းအရိုင်းပေါ်ပေါက်နေချိန်ပေါ့။ ဒါပေမယ့် အင်တာနက်ဆိုတဲ့ ဆက်သွယ်မှု ကွန်ယက်နဲ့ တစိမ်းဆန်နေကြပါသေးတယ်။

အင်တာနက်ဆန်ဆန် စပြီးထိတွေ့မိတာ အလုပ်ထဲက software တခုနဲ့ ပတ်သတ်လို့ပါ။ မူရင်းဖန်တီးသူများက မလေးရှားက ဖြစ်တာမို့ modem အသုံးပြုပြီး ကျနော်တို့ system ထဲမှာ update လုပ်ဖို့ ဖြစ်လာတယ်။ နောက်ဆုံး hi I m Jack ဆိုတဲ့စာတမ်းလေး ပေါ်လာတော့ ငေါင်စင်းစင်းလေး ကြည့်နေမိသေးတယ်။ hi လို့ပြန်ရိုက်ထည့်လိုက်တော့မှ အပြန်အလှန် စကားပြောလို့ရပါလားဆိုတာ သိလာရတာပါ။

ကျနော်တို့ တက္ကသိုလ်နောက်ဆုံးနှစ် 2002 မှာ အင်တာနက် လို့ အစပြုနေပြီ။ ပထမဆုံး အသုံးပြုဖြစ်တာက အသိတယောက်ရဲ့ အိမ်မှာပါ။ Dial up access ဖြစ်တာမို့ အင်တာနက်ဆိုတာ အတော်လေး ကြာမြင့်ပါလားလို့ မှတ်ချက်ပြုမိတယ်။ Google ကို စာလုံးမှန်အောင် မပေါင်းတတ်တာမို့ search engine ကိုမရောက်လိုက် လိုင်းက ပြတ်ကျလိုက်နဲ့ပါ။ နောက်ထပ်သုံးဖြစ်သွားတာက MCC center နဲ့ Softlink မှာပါ။ အသုံးပြုဖြစ်ပုံက ကျောင်းအတွက် ပရောဂျက်တွေ တင်ဖို့ပါပဲ။

တစစနဲ့ အင်တာနက်ဆိုတာ ထဲထဲဝင်ဝင်ဖြစ်လာပြီ။ Softlink က ကွန်ပြူတာတွေ မလုံလောက်တော့တဲ့အပြင် နောက်ထပ် အခန်းတစ်ခန်းမှာပါ တိုးချဲ့လာရပြီ။ အင်တာနက်နဲ့အတူ gmail, ygn chat room စတဲ့ အရာတွေ ထပ်တူပါလာကြပြီ။ အဲ့ဒီကမှ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ ဆိုတာကို ဦးတည်လာကြတယ်။ နိုင်ငံရပ်ခြား ရောက်နေသူများနဲ့ on the spot ပြောနိုင်လာပြီဆိုတော့ တဖြေးဖြေး နယ်မြေတွေကို ချုံ့နိုင်လာကြပြီပေါ့။

နည်းပညာခေတ်ဆိုသည်နှင့်အညီ ICT အဆောက်အဦးများ၊ လုပ်ငန်းစုများဖြင့် လူငယ်တွေ ခေတ်ကိုအမှီလိုက်လာပြီ။ ဖိုရမ်တို့ ၀ဘ်ဆိုက်တို့ဆိုတာတွေကို ကွန်ပြူတာ ပရိုဂရမ်မာတွေ၊ Network သမားတွေနဲ့ စတင်မိတ်ဆက်စပြုနေခဲ့ပြီမို့ Zawgyi font ကိုလည်း စမ်းသပ်လာကြပြီပေါ့။ ဒီကမှာ စာတိုပေစရေးတတ်သူတို့ ဟိုတစ ဒီတစ ဟိုက ဒီက တင်လာကြပြီ။ အများသူငှာ အပြိုင်အဆိုင် ဝင်ရောက်ရေးသားနိုင်တဲ့ နေရာတွေ ဖြစ်လာပြီ။ အွန်လိုင်းက သူငယ်ချင်းတွေ၊ မမြင်ရပေမယ့် ခင်ရတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆက်ရင်း အိပ်ပျက်ညတွေ များသည်ပေါ့လေ…

နှစ်တွေ လွန်ပြန်တော့ blogspot ဆိုတာ စလာပြီထင်ရဲ့။ HTML code တွေကို မျှဝေသူတွေက မျှဝေကြရင်း လက်တည့်စမ်းသူ၊ အွန်လိုင်းစာရေးသူတွေ ထွက်ပေါ်လာကြတာ ဒီနေ့ထက်ထိ။ blogspot နောက်မှာ co.cc တို့ .com တို့ .net တို့တွေဆီကိုပါ။

ကျနော် စာ စရေးဖြစ်တော့ ဘလော့ဆိုတာကို လူတိုင်း မသိတတ်ကြသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများ ပြောဆိုသံ မကြားမိလို့ပါ။ ဒီ့ထက်ခိုင်လုံတဲ့အချက်က ပြည်တွင်းမှာ ဘလော့တွေဖတ်လို့ရသလို ဘလော့တွေ ပိတ်ရကောင်းတယ်လို့ မသိကြသေးတာပါပဲ။ ဒါပေမယ့် ဘလော့မှာ နေရာယူနှင့်သူတွေ၊ နေရာတကျ ဖြစ်နေသူတွေ၊ ခေတ်မှီတဲ့ သိရှိသူတွေကြားမှာ အောင်မြင်နေတဲ့သူတွေ ရှိနေနှင့်ပြီ။

ဘလော့ရေးဖို့ ဘာများလိုအပ်ပါသလဲ။ မြန်မာစာ ဖောင့်သွင်းထားပြီး ဘလော့တစ်ခုရယ် မြန်မာစာလက်ကွက် ရိုက်တတ်ဖို့ရယ်ပါပဲ။ ဘလော့ရေးမှ ကျနော် မြန်မာစာလက်ကွက်ကို ရိုက်တတ်လာခဲ့တာမို့ အစပိုင်းမှာ အတော်လေး ဒုက္ခများပါတယ်။ စိတ်ထဲက သွားသမျှကို လက်က မလိုက်နိုင်တဲ့အခါ စိတ်တိုင်းမကျမှုဆိုတဲ့ အရသာပါပဲ။ စတင်ရေးကာစမို့ အချိန်ပေးဖို့ဆိုတာ သိပ်မလိုအပ်ခဲ့တာ အမှန်ပါပဲ။ ကွန်ပြူတာတစ်လုံး ရှိမယ်၊ အင်တာနက်သုံးရလွယ်ကူမယ်ဆိုရင် ဘလော့အတွက် လုံလောက်ပြီ။ Universal truth အရဆိုရင်တော့ နိုင်ငံရပ်ခြားရောက် လူလွတ်များ၊ အလုပ်တာဝန်သိပ်မကြီးလွန်းတဲ့သူ၊ အကယ်၍ အိမ်ထောင်သည်ဆိုပါကလည်း ကလေးမရှိ သို့မဟုတ် ကလေးက လက်လွတ်လို့ရတဲ့အရွယ် စာရေးသူများ ဖြစ်နိုင်ချေ အများဆုံးရှိသည် ဟုဆိုပါသည်။ များသောအားဖြင့် အထီးကျန်ဆန်ခြင်းကို ဘလော့ဖြင့် ဖြေဖျောက်ဖို့၊ စိတ်မွန်းကြပ်ခြင်းအတွက် ထွက်ပေါက်ရှာဖို့ လို့ ထင်ရပါတယ်။ ဒါပေမယ့် သုတ၊ ရသ၊ ပညာပေး၊ လူမှုရေး၊ နိုင်ငံရေးဘလော့များလည်း အရောင်စုံလင်အောင် ဖြစ်ထွန်းလာတာမို့ ဒီပန်းခင်းကြီးက ပိုမွှေးလာတာဖြစ်ပါလိမ့်မယ်။

စရေးပြီးသိပ်မကြာခင် ဖြစ်ပွားခဲ့တဲ့ နာဂစ်အမည်ရှိ သဘာဝဘေးဆိုးကြောင့် ဘလော့ဆိုတာရယ် အွန်လိုင်းသတင်းဌာနတွေရယ် မျက်စိပွင့်လာခဲ့တယ်။ ဘလော့ရေးသူ အပြင် ဘလော့ဖတ်သူတွေ တိုးပွားလာခဲ့ပြီ။ အွန်လိုင်းစာပေ တခေတ်ဆန်းပြီလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

ဆက်ပါဦးမည်.

18 July 2010

ဘလော့ရေးခြင်း အနုပညာ (၁)

ဘလော့ဆိုသည်မှာကို စာမျက်နှာတနေရာမှာ ကျနော်ရေးခဲ့ဖူးပါပြီ။ ဘလော့ရေစီးကြောင်းတစ်ခု ဖြစ်တည်နေတာ နှစ်အတော်ကြာခဲ့ပြီ။ ဒီထဲကမှ မြန်မာဘလော့များ တရက်ထက်တရက် တိုးသည်ထက်တိုးလာခဲ့သော မြန်မာဘလော့များကို ဖတ်ရှုရင်း ဒီဘလော့ရေးခြင်းအနုပညာဆိုတာ ကျနော့ခေါင်းထဲရောက်လာပါတော့တယ်။ ကျနော်က မသိနားမလည် ဘလော့ရေးသူတယောက်မျှသာမို့ ကျနော့ချိန်ဆမှုတွေမှာ သက်ရောက်မှုတွေ လွဲကောင်းလွဲသွားနိုင်ပါတယ်။ စာဖတ်သူမိတ်ဆွေများ အပြုသဘောဆောင်သော အကြံပြုချက်များဖြင့် တည့်မတ်ပေးနိုင်မည်ဆိုပါလျှင်…

မြန်မာစာပေကို ကျနော်မှတ်ခဲ့ဖူးသလောက် ကျောက်စာတွေကစတယ်လို့ဆိုနိုင်ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အထောက်အထားတွေ ကျန်ရစ်နေခဲ့လို့ပါ။ အဲ့ဒီကမှ စကားလုံး၊ စကားပြေ အရေးအသားဆိုတဲ့ ဖက်ကို တဖြည်းဖြည်းပြောင်းလဲလာခဲ့မှာပါ။ ဆိုတော့ ပုံနှိပ်စာလုံးဆိုတဲ့ စကားလုံးနဲ့အတူ ကျနော်တို့ အတွက် စာအုပ်ဆိုတာတွေကို ရွှေ့ပြောင်းလာခဲ့မယ်။ ဒီကမှ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ ရုပ်ပြ စတဲ့ ပုံစံတွေအထိ။ ပြီးတော့ အများပြည်သူ ဖတ်ရှုခြင်းငှာ ထိုက်သင့်သလားဟု ဝေဖန်ပိုင်းခြားပေးခြင်းဆိုသော အမှုကိစ္စ။ ထိုကမှတဆင့် စာရေးသူ၊ စာရေးဆရာများ။ ထိုနောက်တွင်မူ စာပေအရေးအသား။ ခေတ်စမ်းစာပေကို စတင်ခြင်း။ မည်သည့်ခေတ်မဆို ခေတ်ဟောင်းနှင့် ခေတ်သစ်၊ စနစ်ဟောင်းနှင့် စနစ်သစ် များစွာ ဒွန်တွဲ တွန်းကန်နေမည်မှာ အမှန်ပင်။ တဖြည်းဖြည်း ပြောင်းလဲလာသည်မှ အသစ်အသစ်တို့ကို လက်သင့်ခံဖို့ ကြိုးစားရစမြဲ။ ပြောင်းလဲမှုဆိုတာကို ကြုံလာတိုင်း အမြဲတန်း ဖြစ်လေ့ရှိတတ်တာက ကွဲပြားခြားနားမှုတွေပါပဲ။ လက်သင့်ခံသည်က တစ်ဖက်၊ လက်သင့်မခံသည်က တစ်ဖက်။

ပုံနှိပ်စာပေဟူသည် ကျနော်တို့နှင့် မစိမ်းခဲ့ပါ။ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် စသည်ဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြမည်သာပင်။ ထိုအထဲမှ ပုံနှိပ်စာပေဖြန့်ချီရေးကို ကြည့်မည်ဆိုပါစို့ သတင်းစာကို နေရာတိုင်းမှ အချိန်တပြေးညီဖတ်ရနိုင်ဖို့သည် အတော်လေး ခဲယဉ်းပေမည်။ ကျနော်သတင်းစာ ဝေသည့်အလုပ်ကို လုပ်ခဲ့ဖူးပါသည်။ မန္တလေးရထားနှင့် ပါလာသည့် သတင်းစာများကို ဘူတာတွင်ရွေးပြီး သတင်းစာတစ်စောင်ဖြစ်ဖို့ စာမျက်နှာအလိုက်ပြန်စီရသည်ကပင် မနက်မနက် အတော်လေး လက်ဝင်နှောင့်နှေးစေပါသည်။ အဓိကအချက် တခုမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာများသို့ သတင်းအချိန်မှီ ရောက်ရှိရန် မဖြစ်နိုင်ခြင်းပင်။ ရွှေသွေး၊တေဇ၊ မိုးသောက်ပန်းကို အိမ်ရှေ့ကနေ လည်ပင်းညောင်ရေအိုး ဖြစ်မတတ် မျှော်ခဲ့ဖူးပြီ၊ တချို့အပတ်များ အစောင်ရေ မလောက်၍ မရခဲ့သည်ကိုလည်း ကြုံခဲ့ဖူးပါပြီ။ ကျနော်တို့ ငယ်ငယ်က ချင်းပြည်နယ် စသော ဝေးလံခေါင်သီ အရပ်ဒေသများအတွက် ဆယ်တန်းအောင်စာရင်းကို ရေဒီယိုမှ ကြေငြာပေးရခြင်း ကို ပြန်လည်တွေးဆကြည့်နိုင်ပါသည်။ ထို့အတူ ပုံနှိပ်စာပေများ မည်မျှ ဖြန့်ဝေနိုင်၍ လူတိုင်းလက်ထဲကို ရောက်ရှိနိုင်ဖို့ဆိုသည့် အဖြစ်ကို စိတ်ကူးမျှသာ မှန်းဆနိုင်ပါလိမ့်မည်။

စာအုပ်တစ်အုပ်ကို ၀ယ်နိုင်ဖို့ဆိုသည်မှာ သာမာန်လူတန်းစားအဖို့ အတော်လေးခဲယဉ်း ပါသည်။ ထို့ကြောင့် စာအုပ်အငှားဆိုင်များ ပေါ်ပေါက်လာခြင်းပင်။ စာအုပ်အငှားဆိုင်များမှ မိမိနှစ်သက်သော စာအုပ်များ ငှားရမ်းခြင်းဖြင့် ရသစာပေ၊သုတစာပေ လေ့လာမှုဖြစ်တည်လာနိုင်သည်။

ထို့အတူ စာရေးသူ၊ စာရေးဆရာများလည်း အလုပ်သဘောဆောင်သော စာပေရေးသားခြင်းကို လုပ်ကိုင်လာနိုင်သည်။ ပိုမိုမြင့်မားလာသောအခါ ပြည်သူ့အကျိုးပြုစာပေများအဖြစ်သတ်မှတ်ကာ စာပေဆုများချီးမြှင့်ခြင်းဖြင့် စာရေးသူ၊ စာရေးဆရာများကို ဂုဏ်ပြုခဲ့ကြသည်။

စာအုပ်တိုက်များ၊ ဖြန့်ချီရေးတိုက်များဖြင့် စာပေ စီးပွားရေး လမ်းကြောင်းတခုသည်လည်း ပီပီပြင်ပြင်စီးဆင်းလာပေသည်။ စီးပွားရေးဆိုသော ကိန်းဂဏန်းငွေကြေးများနောက်တွင် အခြားအခြားသော အရာများသည်လည်း သူ့နည်းသူ့ဟန်ဖြင့် အတူတကွပါလာကြသည်။ ထိုအခါ စာပေတွင် စီးပွားရေးဆန်သော ယဉ်ကျေးမှုတခုလည်း ထွန်းကားခဲ့သည်။ သို့တည်းမဟုတ်ပဲ အားပြိုင်မှုများ၊ အဖွဲ့အစည်းအင်အားစုများလည်း တွန်းတွန်းတိုက်တိုက် ရှိခဲ့ပါသည်။ ဝေဖန်ခြင်း ပြန်လည်ချေပခြင်းတို့လည်း ထိုက်သင့်သလျောက် ပေါက်ပေါက်မြောက်မြောက်နေရာယူခဲ့သည်။

များသောအားဖြင့် စာပေမျိုးဆက်သစ်တို့ ကျန်ရစ်ဖို့ ရှေ့ကဦးဆောင်သူတို့ ဖေးမကြသည်သာ။ စာကို စတင်ရေးသူတို့သည် များစွာသော လောကဓံကို ရင်ဆိုင်ရမည်ချည်း။ အကြိမ်ကြိမ်ပယ်ချခံရနိုင်ပါသည်။ မိမိရေးသော စာ စာမျက်နှာပေါ်တွင်ပါသောနေ့သည် ဘဝတွင် အပျော်ဆုံးနေ့ များထဲက တနေ့ဖြစ်နိုင်ပါသည်။ မည်သူမဆို အစက စရသည်ချည်းဖြစ်ပါသည်။ ပုံနှိပ်ဖော်ပြခွင့်ရဖို့သည် တည်းဖြတ်သူ အမျိုးမျိုးတို့ကို ဖြတ်ကျော်အောင်မြင်နိုင်ရမှု အပေါ် အတော်လေး အဓိကကျနေခဲ့သည်။ အောင်မြင်သော စာရေးသူတယောက် ဖြစ်ဖို့ကိုမူကား ဆိုဖွယ်ရာ မရှိပါ..

သို့သော် ယနေ့ထက်ထိ ပုံနှိပ်စာပေ ယဉ်ကျေးမှု ကျန်နေခဲ့သေးသည်။ အဘယ်ကြောင့်နည်း။ စာဖတ်သူများကြောင့် ဟု ဆိုရင် ငြင်းနိုင်မည်လော။

စာအုပ်စာပေများလွန်မြောက်ပြီး ယခုခေတ် ကွန်ပြူတာ ပညာရပ်များဖြင့် အင်မတိ အင်မတန် ဖောင်းပွနေသောခေတ်။ စာရွက်များဖြင့် ထုတ်ဝေခြင်းကို အတော်လေး ခြောက်လှန့်စေခဲ့သော ခေတ်တစ်ခုလည်း ဖြစ်နေခဲ့ပါသည်။ ယခင်က အောင်မြင်ကျော်ကြားခဲ့သော သတင်းစာများ အွန်လိုင်းမှ တဆင့် ဖော်ပြပေးဖို့ဖိအားများလာခြင်း။ သတင်းစာရောင်းအားကျဆင်းလာခြင်း စသော အချက်အလက်များ။ ပုံနှိပ်ထုတ်ဝေဖို့ ကုန်ကြမ်းများ၊ လုပ်အားများ၊ ခွင့်ပြုချက်ရယူခြင်း စသောအချက်များသည် အဓိက နေရာမှ ပါဝင်နေကြပြန်သည်။ နိုင်ငံတကာမှာ ရင်ဆိုင်တွေ့နေရသော အချက်များပင်။

တလောက ပုံနှိပ်စာပေများ ပျောက်ဆုံးတော့မည်လော ဟူသော ကိစ္စတရပ်ကို ကြားလိုက်မိသည်။ မည်သို့မျှ လက်မခံနိုင်ခဲ့။ စာဖတ်ခြင်းကို စာအုပ်ကို ကိုင်၍သာ ဖတ်ရှုလိုပါသည်။ pdf, word ဖိုင်စသော ပုံစံအမျိုးမျိုးဖြင့် ကွန်ပြူတာမှတဆင့် စာဖတ်ရခြင်းကို ဘယ်လိုမှ မနှစ်ခြိုက်နိုင်သော ကျနော်တစ်ဦးတည်း အမြင်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိကြိုက်နှစ်သက်သလို ဝိဝါဒ ကွဲပြားနိုင်ပါသည်။

ဆက်ပါဦးမည်…

08 August 2009

လေလှိုင်း ပုစ္ဆာ


သူပြောသမျှတွေ ပို့စ်လေးတွေအဖြစ် အသက်သွင်းခဲ့တာ ကြာပါပြီ။ အခုလည်း အဖြေသိပါလျက် စာဖတ်သူတွေရဲ့ အယူအဆတွေကို သူသိချင်ပါသတဲ့လေ….

လေသံတိုးသဲ့သဲ့ကြားမှာ သူစပြောတယ်

ကိုယ်ပြောလည်းပြောချင်တယ် ပြောလို့လည်းမထွက်ဘူး။ ဒါပေမယ့် သူတစ်ပါးတွေရဲ့ အမြင်ကိုလည်း သိချင်တယ်။ ပြောတတ်သလိုပဲ ပြောပါတော့မယ်လေ…

အဲ့ဒီကစပျိုးတာပါခင်ဗျ

ကိုယ် သူ့ကို စတွေ့တာ ထုံးစံအတိုင်း Date လုပ်တဲ့ website တစ်ခုမှာပေါ့။ သူ့ရဲ့ ဓါတ်ပုံ တစ်ခုအောက် မှာ ကိုယ်ပေးခဲ့တဲ့ comment တစ်ခုကနေ စခဲ့တာပါ။ ပြောရရင် ကိုယ်ကပဲ စခဲ့တယ်ဆိုရမှာ။

ဒီယုံမြင်လို့ ဒီချုံထွင်တယ်ပဲဆိုဆို comment နောက်ကနေ လိုက်လာတဲ့ သူ့ရဲ့ contact တစ်ခုကနေ ကိုယ်တို့ဆက်သွယ်ခဲ့ကြတယ်။ ကိုယ့်အထင် အဲဒီညက မနက်၂နာရီထိုးသွားခဲ့တယ်။ အဲ့အချိန်ထိ သူဟာ ကိုယ့်မိတ်ဆွေအဆင့်မှာပဲ။ သူက ပြောတယ် ကိုယ်နဲ့စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲတဲ့။ သူကပုံပြောသူတစ်ယောက်လား ကိုယ်က ပုံပြောသူတစ်ယောက်လား ဘယ်လိုမှကို မဆန်းစစ်နိုင်တော့ဘူးလေ။ အမှတ်ရမိတာက အဲ့ဒီညဟာ မတ်လရဲ့ ပူအိုက်တဲ့ ညတစ်ညပါပဲ။

သိပ်မကြာခင်မှာပဲ ကိုယ်တို့ ဆုံတွေ့ခဲ့တယ်ဆို ဒီခေတ်အမြင်နဲ့ကြည့်ရင် မစောလွန်းလောက်ပါဘူးနော်။ သူ့ကို ကိုယ် MRT မှာသွားခေါ်လာခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ငေးနေလိုက်တာများ ဒီအရပ်တွေအခုမှ ရောက်ဖူးတဲ့အရိုင်းအစိုင်းလေးလို။ မှေးမှေးမှိန်မှိန်လေးမို့ ဒါနဲ့ပဲ အကြင်နာပိုစေခဲ့လေသလား မစဉ်းစားတတ်ခဲ့ဘူး။

ကိုယ့်အိမ်ကိုရောက်တော့ သူက တရင်းတနှီးရှိလွန်းနေပြန်တယ်။ ချိုသက်ခြင်း ခါးသီးခြင်းတွေနဲ့ ညနေခင်းတစ်ခုကို ဖြတ်ကျော်ခဲ့ကြတယ်ဆိုပါတော့။ အဲ့အချိန်ထိ သူ့ဟာ ကိုယ့်အတွက် သာမာန်မိတ်ဆွေ တစ်ယောက်အဖြစ် စိတ်ထဲမှာ ရှိခဲ့သေးတယ်။

သူပြန်သွားပြီး မကြာမတင်မှာပဲ sms လေးတစ်ခု ၀င်လာတယ်။ သူကိုယ့်ကို ချစ်တယ်တဲ့။ ဟင့်အင်း မဖြစ်နိုင်ဘူး ဒီအချိန်တိုလေးတစ်ခုအတွင်းမှာ သူကိုယ့်ကို ချစ်တယ်ဆိုတဲ့ စကားပြောဖို့ မလွယ်ရဘူးလေ။ တစ်ကယ်ဆို သူကိုယ့်အကြောင်း သိသေးတာမှ မဟုတ်တာနော်။ ပြီးတော့ ကိုယ်လည်း သူ့အကြောင်းမသိသေးဘူးလေ။

နောက်ပိုင်းမှာတော့ သူတဖွဖွ ပြောတဲ့စကားက ကိုယ့်ကို ချစ်တယ်ဆိုတဲ့အကြောင်း။ ကိုယ်အမြဲပြန်ပြောဖြစ်တာက တကယ်ချစ်တာမဟုတ်နိုင်ဘူး။ ကိုယ်လည်း မင်းကိုမချစ်ဘူးဆိုတဲ့ အကြောင်းပါ။ ဒါပေမယ့် သူက မနားတမ်းဆက်ပြောနေတာပါပဲ။

နောက်တစ်ခေါက်ကိုတော့ အပြင်ဘက် တစ်နေရာမှာ တွေ့ဖြစ်ကြတယ်။ သူနဲ့ကိုယ်နဲ့ တော်တော်လေး ရင်းနီးသွားကြတယ်(ဒီ့ထက်ပိုပြီး ပြောစရာလိုမယ်မထင်ဘူးနော်)။ မနက်စာကို သူ့အတွက် Starbuck ဆိုင်မှာ ပဲ လိုက်ကျွေးဖြစ်တယ်။ သူ့ကိုတိုက်တဲ့ ကော်ဖီတစ်ခွက်က ချစ်ခြင်းတွေပါတယ်တဲ့။ ဒါသူ့အပြောပေါ့။ သူ့ကို ကိုယ်ရိုက်ပေးတဲ့ ဓါတ်ပုံလေးကို သူ့မှာ ကြိုက်လှချည်ရဲ့ဆိုပြီး ထုတ်ထားလိုက်တာ ပုံတွေမှ အများကြီး။ သူ့မျက်နှာတစ်ခုပဲကြည်ပြီး နောက်ခံတွေ ၀ါးနေလို့တဲ့လေ။

နောက်တော့ သူ့အလုပ်က ရုံးပိတ်ရက်တွေပါ ဆင်းရတာမို့ ကိုယ်တို့မတွေ့ဖြစ်ကြဘူး။ ဒါပေမယ့် ညတိုင်းဖုံးပြောဖြစ်ပါတယ်။ သူရဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားအဟောင်းကြီးကိုလည်း ဖွင့်နေလျက်ပေါ့။

အဲ့ဒီကြားထဲမှာ ကိုယ်အရင်တွဲနေလက်စ လူတစ်ယောက်နဲ့ တစ်ခေါက်လောက်တော့ တွေ့ဖြစ်ပါသေးတယ်။

မေလရဲ့ ပထမအပတ်နားမှာတော့ သူ့ဆီကို ကိုယ်ဖုံးခေါ်မိတယ်။ မကိုင်ပါလားလို့ နှစ်ကြိမ်သုံးကြိမ် ကိုယ်ဆက်တော့ ကိုယ်မကြားဘူးတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။ ကိုယ်ဘယ်သူလဲတဲ့ သူကများ။ ကိုယ်ကမေးတယ် သူဘယ်ရောက်နေလဲဆိုတော့ သူ့သူငယ်ချင်းပါတဲ့ မင်းဘယ်သူလဲ ပြောပြပါလို့မေးလာတယ်။ ကိုယ်ဒေါသတွေထွက်နေမိတယ်။ ကိုယ့်ကို ဒီမေးခွန်းမေးရလောက်အောင် မင်းတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကဘာတဲ့လဲ။ ကိုယ့်ဒေါသကိုယ် ထိန်းပင်မယ့် မရတော့ဘူး။

မကြာခင်မှာ သူဖုံးပြန်ဆက်တယ် ကိုယ်သူ့ကိုမေးတော့ သူငယ်ချင်းပါတဲ့။ ဒါဆို သူငယ်ချင်းဆို ကိုယ့်ကို ဒီမေးခွန်းမေးစရာလားဆိုတော့ သူက ရိုးရိုးသားသားသူငယ်ချင်းပါတဲ့။ အဲ့မှာ ကိုယ့်ဒေါသ ပိုဆိုးသွားတယ်။ ဒေါသနောက်တရားပါ ဘာတွေ ပြောနေမိမှန်းမသိအောင် ပြောပစ်ခဲ့တာ။

နောက်တော့ သူခေါ်တဲ့ ဖုံးတွေကို မကိုင်ခဲ့ဘူး။ ဆယ်ကြိမ်မကအောင် သူခေါ်ခဲ့ပင်မယ့် ကိုယ်မကိုင်ခဲ့တော့ဘူး။ ကိုယ့်စိတ်ထဲမှာ သူမရှိအောင် အလုပ်တွေ ဖိလုပ်နေခဲ့တာ။

တွဲနေလက်စလူလည်း ဒီကို အလည်လာရင်း ကိုယ်နဲ့ဆုံဖြစ်တော့ ကိုယ်သူ့ကို မေးခွန်းတစ်ခုမေးဖြစ်တယ်။ လူတစ်ယောက်က ငါ့ကို ညာရင် ဘာလုပ်သင့်သလဲ။ ဖြေရှင်းခွင့်ပေးသင့်သလားဆိုတော့ လူတစ်ယောက်မှာ second chance ရှိသင့်တယ်တဲ့လေ။

ဒါနဲ့သူခေါ်တဲ့ ဖုံးတစ်ခုကို ကိုယ်လက်ခံခဲ့တယ်။ နောက်တော့ ဒီတစ်ပတ်ရုံးပိတ်ရက် ရုံးမပိတ်ပင်မယ့် သူကိုယ့်ဆီရောက်အောင်လာမတဲ့။ အဲ့ဒီညနေတစ်ခုကတော့ စိတ်ထဲစွဲထင်စေခဲ့တယ်။ ညနေစာမစားရသေးတဲ့ သူ့ကို ကိုယ်ညနေစာလိုက်ကျွေးရင် ကိုယ်တို့ တံတားတစ်ခုဆီကို ဦးတည်ခဲ့ကြတာပေါ့။ ညနေကပဲ လှသလား တံတားကပဲလှသလား ကိုယ့်အတွက် လှပခဲ့တာသေချာနေခဲ့တယ်။ ကိုယ်တို့ ဓါတ်ပုံတွေတွဲရိုက်ခဲ့ကြတယ်။

ပြီးတော့ ကိုယ်သူ့အတွက် အမှတ်တရလက်ဆောင် အင်္ကျီတစ်ထည်ကိုပေးရင်း ကိုယ်သူ့ကိုယ်ချစ်မိသွားပြီလို့ ပြန်ပြောခဲ့မိတယ်။ ကိုယ့်အတွက်တော့ သူ့ကို ချစ်တယ်ဆိုတဲ့ စကားပြောဖို့ တော်တော်လေး စဉ်းစားခဲ့ရတာပါ။ သူ့ကိုချစ်တယ်လို့ပြောပြီးတဲ့နောက် ကိုယ်ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ ဒီစကားလုံးတွေနောက်ကို ကိုယ်ထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမယ့် မေလရဲ့ နောက်ဆုံးအပတ်နားမှာတော့ သူကိုယ့်အိမ်ကို လာမယ်ပြောရင်း ရောက်မလာခဲ့ဘူး။ သူသုံးနာရီလောက်ရောက်မယ်ပြောလို့ ကိုယ့်စောင့်ရင်း အဲ့ဒီညနေဟာ သိပ်ရှည်လျားလွန်းခဲ့တယ်။ မစောင့်နိုင်တဲ့အဆုံးမှာ Musical school ရဲ့ ဒေါင့်တစ်နေရာမှာ ကိုယ်ဟာ တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားခဲ့ရတာ။ အသံမမြည်တဲ့ဖုံးလေးတစ်ခုက လက်ထဲမှာ အသက်မဲ့စွာ။ ဖုံးဘေးနားက ကြိုးတွေ ပြတ်သွားအောင် ရမ်းခါရင်း ဖုံးကိုပဲ မဲနေမိတော့တာ။

သူအဲ့ဒီတစ်ညလုံး ရောက်မလာခဲ့ဖူး။ နောက်နေ့မနက်ရောက်တော့ သူ သူငယ်ချင်းတစ်ယောက်အိမ်မှာ အိပ်ဖြစ်ခဲ့တယ်တဲ့။ အချိန်မတိကျလိုက်တာလို့ မလာနိုင်လည်း မလာနိုင်ကြောင်းပြောပါတော့လား။ ကိုယ့်ကို မလေးမစားဆက်ဆံတယ်ပြောရင်းက နောက်မှ ပြန်ဆက်မယ်ဆိုပြီး ဖုံးကိုချသွားခဲ့တယ်။ ရက်စက်လိုက်တာလို့ အော်မြည်ရင်း ရင်ဘတ်ကို ဖိမိတယ်။ နာကျင်လှချည်လို့ ငိုကြွေးနေမိတာပေါ့။

ဖုံးဆက်နိုးနဲ့ မျှော်မိလည်းအလကားပါပဲ။ နောက်တပတ်အင်္ဂါနေ့တစ်ရက်မှာတော့ ကိုယ်သူ့ကို ဖုံးဆက်တော့ သူက သူ့မှာ ချစ်သူတစ်ယောက်ရှိနေပြီတဲ့။ မြန်လှချည်လား။ အဲ့ဒီချစ်သူနဲ့ အဝေးတစ်မြေကိုသွားတော့မှာတဲ့။ သူ့ကို ကြိုးစားပြီးမေ့လိုက်ပါတဲ့။ ကိုယ်က သူ့အပေါ် အမြဲတမ်း အထက်စီးက အနိုင်ကျင့်ဆက်ဆံသတဲ့လေ။

သူရဲ့ချစ်သူဆိုတာ ဟိုတစ်လောက ကိုယ့်ကို ဘယ်သူလဲဆိုတာ ဖုံးထဲမှာ မေးတဲ့သူတစ်ယောက်ပေါ့။ ကိုယ့်ကိုချစ်တယ် ချစ်တယ် တဖွဖွပြောတဲ့သူတစ်ယောက်က ကိုယ့်နောက်ကွယ်မှာ နောက်ထပ်ချစ်သူတစ်ယောက်နဲ့ လျှောက်သွားနေတော့တာကိုး။ ကိုယ်ဘယ်လို နှလုံးသားနဲ့လက်ခံရမှာလဲ။ ဒါဆို သူကိုယ့်ကို ချစ်တယ်ဆိုတာကကော….

လက်လွတ်စပယ် မဆုံးဖြတ်ပဲ တကယ့်ချစ်ခြင်းကို နှလုံးသွင်းမိတဲ့ ကိုယ်။ အရူးတစ်ပိုင်းပါပဲ။ သေမတတ် အနေခက်လွန်းလို့ ဒီဘ၀ကိုဇွတ်သိမ်းပစ်မယ်လည်း ကြံမိပြန်တယ်။ ပစ်ပြေးသူက မေ့နိုင်ပေမယ့် ဒီတစ်ဖက်မှာတော့ မမေ့ရက်နိုင်သေးဘူးလေ။
ဝေဒနာတွေအပြည့်နဲ့ ဒီဘ၀မှာ ကိုယ်မပျော်နိုင်တော့ဘူး။

မေ့ပစ်ပါဆိုပေမယ့် ကိုယ်က ဒီအိပ်မက်မှာ ပျော်ပိုက်နေမိပြီလေ။ သူပြန်လာမယ်ဆို လက်ကမ်းလို့ကြိုချင်နေမိတယ်။

ဒီ ပုစ္ဆာမှာ အဖြေက မေ့ပစ်သင့်သတဲ့လား။ ကိုယ်ရော မှားခဲ့မိသလား။ ပြန်လာချိန်ကို မျှော်နေမိတဲ့ ကိုယ့်မှာ အပြစ်ရှိသတဲ့လား။

ကျနော့ စာဖတ်သူများ ဆွေးနွေးပေးကြပါဦးခင်ဗျာ။ အပြုသဘောဆောင်သော အကြံပြုချက်များ ပေးကြပါရန်မေတ္တာရပ်ခံပါတယ်။

28 July 2009

ဘာကြောင့် နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ


မနှစ်က ဆော်လမွန်းငါးတို့အပြန် ဆိုတဲ့ ပို့စ်လေးကို အမှတ်တရ ရေးမိတယ်။ ဟုတ်ပါတယ်။ ဒီနေ့ဆိုရင် အမိမြေနဲ့ ခွဲခဲ့ရတာ နှစ် နှစ် တင်းတင်းပြည့်ပါပြီ။ လွန်ခဲ့တဲ့ 28-07-2007 ရက်နေ့ ည8နာရီကျော်မှာ ဟောဒီမြေကို ခြေစချခဲ့တာ။

လက်ရှိကျနော် ပြန်လည်တွေးတောရင်း အထက်ပါ မေးခွန်းတစ်ခုကို တွေးနေမိတယ်။ ပြီးတော့ ကျနော့ဆီကို ခဏတဖြုတ် စာဖတ်ရုံ ဖတ်တဲ့သူတွေ၊ပုံမှန်ဖတ်တဲ့သူတွေ၊ ကော့မန့်ပေးတတ်တဲ့သူတွေ၊ မျက်စိလည်လမ်းမှား ရောက်လာသူတွေ အားလုံး အားလုံးစီကနေ ဒီမေးခွန်းလေးရဲ့ အဖြေကို လိုချင်မိတယ်။ ခင်မင်ရင်းနှီးစွာ စကားဝိုင်းလေးတစ်ခု ဖန်တီးပေးကြပါခင်ဗျာ…………

ကျနော်ဘာကြောင့်ထွက်လာခဲ့သလဲဆိုတဲ့ မေးခွန်းကို ကျနော်အရင်ဖြေပါမယ်။ ဆယ်တန်းအောင်တော့ ရန်ကုန်ကို တက်လာဖြစ်တယ်။ ရန်ကုန်ကိုမသွားခင် အိမ်မှာ နှုတ်ကတိတစ်ခုပေးခဲ့ရပါတယ်။ ဘယ်လိုသော အကြောင်းကြောင်းကြောင့်နဲ့မှ နိုင်ငံရပ်ခြားကို မသွားပါဘူးဆိုတဲ့ ကတိ။ ရန်ကုန်ကို လွှတ်ဖို့တောင် မနည်းလေ။ ဟိုးအဝေးးးးးးကြီးဆို ကျနော်တို့ မိသားစုသေးသေးလေးမှာ ခွဲခွာခြင်းဆိုတာ အကြီးမားဆုံး အခက်အခဲ။ ရေကြည့်လို့မှ လက်တစ်ဖ၀ါးတစ်ဝက်ခွဲရှိတာ။

ကျနော်ရန်ကုန်ရောက်စက Poly ဆိုတာတွေ ခေတ်စားစပြုပြီ။ ကျနော့သူငယ်ချင်းတစ်ယောက်ဆို Polyနဲ့ ဒီကိုထွက်သွားတာ အဲ့ဒီအချိန်ထဲက ပေါ့။ သင်တန်းထဲက အစ်မကြီးတစ်ချို့တစ်ဝက်လည်း ကျောင်းပြန်ဖွင့်တာ မစောင့်နိုင်တာနဲ့ ဟိုဟိုဒီဒီ ထွက်သွားကြလေရဲ့။ ကတိတစ်ခုကို တည်မှ ကြိုက်တတ်တဲ့ ကျနော်ကတော့ ကိုယ့်ကတိအတိုင်း ယောင်လို့တောင် စိတ်မ၀င်စားမိအောင် မျက်စိတွေပိတ်ပစ်ခဲ့တယ်။ ခေါင်းကို ဘယ်နှစ်ခါယမ်းမိမှန်းမသိအောင် ယမ်းရင်း overflow ဖြစ်အောင်ပေါ့။

သင်တန်းတွေတက်ရင်း တက္ကသီလာကိုလည်း တစ်ဖက်တက်ဖြစ်တယ်။ Third year လောက်မှာ NUS ဆိုတာ သိရပြန်တယ်။ ကျောင်းမှာ Presentation လာလုပ်တာမို့ သူရို့ကျောင်းတွေကို အားကျမက်မောခဲ့ရတယ်။ ဟာ libraryကြီး၊ ဟင် ကျောင်းသားတွေအတွက်အဆောင်၊ အလို..သီရေတာကြီးတွေ၊ လက်တွေ့စမ်းသပ်ခန်းတွေ ဒါပေမယ့် ငါနဲ့မှ မသက်ဆိုင်ပဲလို့ ခေါင်းငုံ့ပစ်လိုက်တယ်။ တစ်ချို့အတန်းဖော်တွေ NUS ၀င်ခွင့်ဖြေကြတယ်လည်း ကြားမိတယ်။

နောက်တစ်နှစ်တော့ အင်္ဂလန်မှာ ကျောင်းဆက်တက်နိုင်တဲ့ အခွင့်အရေး Presentation ကို သင်တန်းဖက်က တစ်ခါလာပြန်ပါလေရော။ သိပံ္ပမောင်ဝရဲ့ အောက်စဖို့ အကြောင်းကို သတိရမိပြန်တယ်။ စာထဲမှာပဲကောင်းပါတယ်လေ။ ငါ့အတွက် လက်တွေ့မဖြစ်နိုင်ဘူးလို့ စိတ်ပြန်သွင်းမိတယ်။

ကျောင်းပြီးတော့ သူငယ်ချင်းက တက်ကြွစွာ ဟေ့ကောင် ကျောင်းလျှောက် ကျောင်းလျှောက်ဆိုတော့ လျှောက်တာပေါ့လို့ ပြောပြီး လုံးဝမလျှောက်ဖြစ်ခဲ့ဖူး။ သူငယ်ချင်းက ကျောင်းပါသွားခဲ့တယ်။ ကျောင်းမှာလည်း စာမတော်တာမို့ ဆက်တက်ဖို့လည်း ရွေးချယ်ကြမှာမှ မဟုတ်ပဲ။ လျှောက်ဖြစ်တော့လည်း မရွေးချယ်ခဲ့ကြပါဘူး။

ဒါနဲ့လုပ်ငန်းခွင်ဝင်ဖြစ်တယ်။ သူငယ်ချင်း ဆယ်ယောက်ထဲမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း ထွက်သွားလိုက်ကြတာ။ နောက်ဆုံးကိုယ်တစ်ယောက်တည်း ကျန်တော့တယ်။ ဘာလုပ်နေတာလဲ မေးရင် Experience စုနေတယ်လို့ ဖြေမိတယ်။ ဒီအဖြေ မခိုင်လုံဘူးဆိုတာသိပေမယ့် ကျနော်တို့တွေ မသိချင်ယောင်ပဲဆောင်နေကြတာ။

ဒီလိုနဲ့ ချက်ကောင်းမိတဲ့ နေ့ကိုတော့ ရောက်လာခဲ့တာပေါ့။ သူငယ်ချင်းအဖေကလည်း အမေ့ဆရာရင်း။ သူတို့မိသားစုတွေ အလည်အပတ်သွားခဲ့တဲ့ DVD လေးပြရင်း တိုက်တွန်းနေခဲ့တာ။ ဒီမှာ ဘာလုပ်မလဲတဲ့။ ကျနော့လခက နှစ်သိန်းကျော်လောက်ပဲ ရနေခဲ့တာ။ အိမ်ကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးနိုင်ပါဘူး။ လူတန်းစေ့တယ်ဆိုရုံ နေနိုင်တဲ့ ၀န်ထမ်းမိသားစုထက် တစွန်းတစေ့မှ မပိုခဲ့။ နောက်တော့ ဖေက သူအလုပ်က ထွက်ချင်တယ်ဆိုလာတယ်။ စက်ရုံမှာ ဖြစ်တဲ့ ပြဿနာတစ်ခုက သူ့ကို တော်တော်လေး ရိုက်ခတ်ခဲ့ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကြားမှာ အလုပ်ဆက်လုပ်ဖို့ သူမနှစ်မြို့တော့ဘူးဆိုပါတော့။

အဲဒီတော့ အိမ်ရဲ့ အဓိက စားဝတ်နေရေးကို ထောက်ပံ့ပေးမယ့်အရေးက ကျနော့အရေးဖြစ်လာခဲ့ပါပြီ။ ဖေနဲ့ စတင်ဆွေးနွေးကြတယ်။ ဒီအတိုင်းဆက်သွားနေရင်တော့ ဒုံရင်းက ဒုံရင်းဖြစ်ပါမယ်လို့။ အခုအချိန်အထိ အိမ်ပိုင်တစ်ခုတောင် မရှိခဲ့သေး။ သူအလုပ်က ထွက်ပြီဆို ဘယ်မှာနေထိုင်မလဲ ဘယ်လိုနေစားကြမလဲ။ အဲဒီမှာပဲ အပြင်ထွက်ဖို့ဆိုတဲ့ ခေါင်းစဉ်ကို စတင်လိုက်ပါတယ်။ ဖေနားပြီဆို သားအလှည့်လေ။ ဆိုတော့ ဆိုတော့…

ချက်ချင်းရတဲ့ အခွင့်အရေးတစ်ခု မို့ အလုပ်ကိုထွက်စာတင်တယ်။ ပြီးတော့ ဒီခရီးကို စတင်ခဲ့ပါတယ်။
အခုမိုင်တိုင် နှစ်နှစ်စာ ကျနော်လျှောက်ခဲ့ပြီးပြီ။

ကျနော့ရဲ့ မိတ်ဆွေတွေကော ဘာအတွက် ဒီခရီးကို လျှောက်ခဲ့တာလဲ ကျနော့ကို ဝေမျှ ဆွေးနွေးပေးကြပါလား ခင်ဗျာ………….
ညီအစ်ကိုမောင်နှမတွေရဲ့ ဝေမျှဆွေးနွေးချက်လေးတွေပါ
khin oo may said...
နားထောင်သွားတယ်။
July 28, 2009 1:07 AM

ကြည်ဖြူပိုင် said...
ဆွေးနွေးရမယ်ဆိုရင်တော့အရှည်ကြီးပဲကိုရွာသားရေ........သူများလိုဆွေမျိုးသဟာဆိုတာလဲမရှိ။ အဆက်အသွယ်ဆိုတာလဲရှားပါးတဲ့ အနေအထား။မိန်းကလေးတွေလာကြတာ ရှားပါးတဲ့အချိန်။ပေးဆပ်လိုက်ရတဲ့ မိဘမိသားစုနဲ့ ခွဲခွာခြင်း။အိုးးးးးးးးးးးပြောရမယ်ဆိုရင်တကယ့်ကို အရှည်ကြီး။တစ်ထောင့်တစ်ညလို့တောင်တင်စားနိုင်ရဲ့။ အဲဒိတော့ ဒီကွန့်မန့်လေးမှာတော့ဆွေးနွေးလို့ မဖြစ်နိုင်တဲ့အနေအထားမို့ ပို့စ်အကွယ်ကပဲ သူများတွေဆွေးနွေးတာထိုင်ကြည့်ပါရစေတော့။ အရေးအသားလေးတအားညက်တယ်။ စာရေးသားတာတော်တယ်။ ဂွတ်ဒ်အနော့်ဆီလာမလည်ပေမယ့် အနော်ကတော့လာလည်ပြီး ခြေရာတွေချန်ခဲ့ပါတယ်နော် :D)
July 28, 2009 1:25 AM

Moe Cho Thinn said...
သိပ်ကောင်းတဲ့ ပို့စ်ပဲ။ မမြင်ရတဲ့ အကြောင်းတရားတွေကို ကန့်လန့်ကာ ဟ ပြလိုက်သလိုပဲ။1996 တို့ အိမ်ထောင်ကျလို့ ပထမဆုံး စင်ကာပူထွက်လာတော့ သင့်ဘ၀ မဂ္ဂဇင်းမှာ အလုပ်လုပ်နေရာက ထွက်ခဲ့ရတာ။ အဲဒီမှာ ဆရာ မောင်သစ်ဆင်းက တို့ကို မှာလိုက်တယ်။ အခု လူငယ်တွေ အများကြီး နိုင်ငံခြားကို ထွက်နေကြတာ ဘာကြောင့်လဲ ဆိုတဲ့ Why? မေးခွန်းတခုပဲ မေးရင် ခေတ်ကို ကောင်းကောင်းပုံဖော်နိုင်ပါလိမ့်မယ် တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Why? က ဦးနှောက်ယိုစီးမှုတွေ၊ လူနေမှုဘ၀တွေ၊ နိုင်ငံရေးတွေ အားလုံးကို ဖော်ပြနေလို့ပါပဲ။
July 28, 2009 1:26 AM

ကြည်ဖြူပိုင် said...
အနော်ဒီရောက်လာတာ သူငယ်ချင်းတစ်ယောက်ရဲ့ကျေးဇူးကြောင့်မို့ သူ့ကိုတော့ ကျေးဇူးတင်ထိုက်သူများဆိုတဲ့ပို့စ်မှာ တစ်စိတ်တစ်ပိုင်းဖော်ပြဖူးတယ်။အဲဒါကိုပဲ သေးသေးလေးဆွေးနွေးခြင်းလို့မှတ်ယူလိုက်ပါ နော် :D
July 28, 2009 1:27 AM
khin oo may said...
http://khinoomay77.blogspot.com/2009/07/hello-singapore.htmlTuesday, July 28, 2009hello ……Singaporeကိုယ်နဲ့မဆိုင်သလိုဘဲ။ ဒါပေမဲ့လည်းဆိုင်ပါတယ်။ သာမာန်ဝန်ထမ်း မျိုးရိုးက လာတဲ့ကိုယ်ဟာ နိုင်ငံခြားဆိုတာ ကိုယ်နဲ့ မဆိုင်သလိုဘဲ ဖြစ်ခဲ့မိတယ်။ ကျောင်းတက်တယ် ရိုးရိုးဘဲ။ ကျောင်းပြီးတယ။် ရိုးပါသေးတယ်။ အလုပ်ဝင်တယ်။ ဒါလည်း ရိုးသေးတယ။် အိမ်ထောင်ကျတော့ အဲဒီခောတ်က ခေတ်စားတဲ့သဘောင်္ာသားနဲ့ အိမ်ထောင်ကျပါတယ။် သတင်းစာမှာ လက်ထပ်ပြီးစီးခြင်း ဆိုတဲ့ ကြော်ငြာ တစ်ခုရယ်။ မြန်မာ ကျပ်ငွေ ၇၀၀တန် လက်ထပ်စာချုပ်ရယ်နဲ့ဘဲ နစ်ဦးသဘောတူ ယူခဲ့တဲ့ သူ က သဘောင်္သားဆိုတော့ကာ တစ်နစ်မှာ တစ်လ ဘဲ.နားဖြစ်ပါတယ။် ဒီလို နဲ့ နစ်ပေါင်း နဲနဲကြာလာ။ သူ လဲ သဘော်ပေါ်ကနေ ရှိုးပြောင်း ကိုယ့်ကို ခေါ်ချင်တဲ့ အရိပ်အယောင်ရှိပေမဲ့လဲ ကိုယ်က ကိုယ့်ရဲ့ အလုပ်သံယောဇဉ်ရယ်။ လေဖြတ်နေတဲ့ အဖေရဲ့သမီး ..ကို မသွားစေချင်ဘဲ သူ့အနားမှာရှိစေချင်တဲ့ ဆန္ဒကို နားလည်လို့ကိုယ်နဲ့ မဆိုင်သလိုဘဲနေခဲ့တယ။် ဒါပေမဲ့ဘွဲ့လွန်ဆက်မတက်ခဲ့မိဘူး. ဘွဲ့လွန်တက်ရင် နောက်ထပ် နစ် အနည်းငယ်ကို ထပ် ပေးဆပ်ဘို့ အ တွက် အာမမခံနိုင်ဘူး ဖြစ်နေတယ။် ဒါဟာ မှန်ပေမဲ့လည်းမှားသွားတဲ့ ဆုံးဖြတ်ချက်ဘဲလား. ဝေမခွဲနိုင်ခဲ့ဘူး။ လုပ်စရာရှိတာတွေကို ငယ်စဉ်မှာ အပြတ်ဖြတ်နိုင်ရမယ်ဆိုတာ ကို မဖြတ်နိုင်ခဲ့ဘူး။နောင် ကိုယ် တောနယ်ပိုင်းမှာမှ တော်တော်လေးချောင်ကျတဲ့နေရာကိုပြောင်းရပြီဆိုတော့မှ အလုပ်သံယောဇဉ်က ပြတ်သွားခဲ့တော့တယ။် ကိုယ်မပြတ်ပေမဲ့လဲ သူက ဖြတ် သွားပေးခဲ့ပြီလေ။ အဖေအမေ လည်း မရှိတော့တဲ့ အချိန်မှာ ကိုယ့်အတွက်တော့ ရွေးချယ်စရာမကျန်အောင်ဖြစ်ခဲ့ပြီ။ referencehttp://ywartharlay-ytu.blogspot.com/2009/07/blog-post_28.htmlPosted by khin oo may at 1:33 AM 0 comments Labels: kom
July 28, 2009 1:44 AM
khin oo may said...
future အနစ်နစ်ဆယ်တုံးက ရေးဘို့စဉ်းစားလို့မရတာဒါနဲ့ချေလိုက်ပါ။
July 28, 2009 1:44 AM

khin oo may said...
အခုမှ ဘဲ အလုံးကြီးကျသွားတော့တယ။် ဟင်း.
July 28, 2009 1:45 AM
ZT said...
အစကတော့ အဖေနဲ့ အမေက နိုင်ငံခြား ထွက်ဖို့ တိုက်တွန်းတယ်။ ကိုယ်တိုင်တော့ သိပ်စိတ်မပါ ပါဘူး။ ဒါပေမယ့် သင်တန်းတွေ တက်ရင်း သူများတွေ ဆီက ရောဂါ ကူးလာတယ်။ ကျောင်းဆက်တက်ရင် 4th year လောက် ရောက်မှ နောက်ထပ် ကျောင်း ၃ နှစ်လောက် ထပ်ပိတ်ရင် ဒုက္ခဆိုပြီး တွေးမိတာလည်း ပါပါတယ်။ ဒီပို့စ်ဖတ်ရင်း Brain Drain က Brain in the Drain ထက်စာရင် ကောင်းတယ် ဆိုတဲ့ စကားလေးကိုတော့ အမှတ်မထင် သတိရသွားတယ်။
July 28, 2009 1:59 AM

မီယာ said...
ဆယ်တန်းအောင်တော့ ဆရာဝန်ဖြစ်ချင်လွန်းလို့ ၃နှစ်အိမ်မှာ ထိုင်ပြီး ကျောင်းအဖွင့်ကိုစောင့်တယ်။ ၄လတက်ပြီး ပြန်ပိတ်သွားတော့ ဆရာဝန် အိပ်မက်ကို စွန့်လွှတ်လိုက်တယ်။ ကျောင်းတက်ဖို့ နိုင်ငံခြား ထွက်လာတယ် ဆေးပညာတော့ မသင်နိုင်ခဲ့ဘူး။ အဲ့ဒီ အချိန်ကစပြီး စိတ်လေတာ အခုထိပဲ။
July 28, 2009 3:11 AM

ဖိုးသင်္ကြန် said...
Post တစ်ခုဖြစ်သွားပြီ။ဒီည မအိပ်တာ အကို့ကြောင့်။မနက်လာဖတ်ပါ။
July 28, 2009 3:21 AM
MieMie said...
ဘာကြောင့် နိုင်ငံခြား ထွက်ခဲ့ရတာလဲ ဆိုတာကိုဖြေရရင် ကိုယ့်မိဘတွေအတွက်စဉ်းစားမိလို့ပေါ့....ဒါပေမယ့် နိုင်ငံခြားထွက်လာခဲ့တာ မိမိအတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလား ဆိုတာကိုတော့အဖြေရှာတုန်းပါ....ရွာသားလေးရော ကံကောင်း ကံဆိုးဘယ်လိုယူဆပါသလဲ....mie nge
July 28, 2009 4:15 AM

ကိုလူထွေး said...
ကိုရွာသား ဒီထက်မက ဆထက်တပိုး အောင်မြင်ပါစေ လို့ ရေခြားမြေခြား နိုင်ဂျံဂါးကနေ ဆုတောင်းပေးပါတယ်...းဝ)
July 28, 2009 4:15 AM
လူရိုင်းလေး said...
မြန်မာနိုင်ငံမှာ မရနိုင်တဲ့ ပညာရေးကို မက်မောမိလို့ ထွက်လာခံတာပါ ကိုရွာသားရေ ဒါပေမယ့်လက်တွေ့မှာကတော့ ရုန်းကန်ခြင်းတွေနဲ့ပဲ ပြည့်နပ်နေတာပေါ့
July 28, 2009 6:59 AM

အပြုံးပန်း said...
ရေးချင်တယ်ရွာသားလေးရေ။ရေးဖြစ်အုံးမယ်။သက်ပျင်းချရင်းဖတ်သွားမိတယ်။မခင်ဦးမေပိုစ့်ရောဖတ်ပြီးပြီ။
July 28, 2009 7:24 AM

ရွှေပြည်သူ said...
စိတ်ဝင်တစား ဖတ်မိပါတယ်။ ဆယ်တန်းကို ကိုယ့်ထက်အရင်အောင်တဲ့ လူတွေထက် ကိုယ်တို့ Batch တွေမှာ နိုင်ငံခြားကို ထွက်တဲ့လူတွေ ပိုပိုများလာတာကို သတိစထားမိတဲ့ အချိန်တွေ... အခုဆို သိသမျှရွယ်တူတွေ အားလုံးနီးပါး အပြင်မှာချည်းပါပဲလေ။ “ဖေနားပြီဆို သားအလှည့်လေ” ဆိုတာကိုလည်း သဘောကျမိပါတယ်။ အားကျမိပါတယ်။ အဲဒီစကားရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး မြင်လိုက်လို့ပါ။
July 28, 2009 9:41 AM

Vigor said...
Yeah..exactly, like what ZT said, Brain Drain is absolutely better than Brain in the Drain. Cheers..
July 28, 2009 9:53 AM

Rita said...
...
July 28, 2009 10:13 AM

Talkii said...
မနှစ်ကထက် စာရေးတာတွေ အများကြီးကောင်းလာတယ်ဆိုတာရယ် ကိုယ်ကိုယ်တိုင် ခတ်တဲ့ ကျိမ်စာဆိုတာရယ် ၂ခုတွေ့သွားတယ်။ ကျန်တာတော့ ပြောချင်သေးဘူး။Brain ကို drain ထဲက ထုတ်လိုက်မယ့်အစား drain ကိုပဲ သန့်ရှင်းအောင် လုပ်နိုင်ရင် ပိုကောင်းမယ်ထင်တယ်။
July 28, 2009 10:15 AM
Bagothu said...
ရွာသားလေးရေ့ အားတင်းထား။ တနေ့မှာတော့ တို့ရွှေပြည်ကြီးကို ပြန်နိုင်ရမယ်။
July 28, 2009 10:41 AM

sait phay yar said...
ရွာသားရေ... လို့ဘဲခေါ်လိုက်တော့မယ်...
July 28, 2009 10:52 AM

Mogok Thar said...
အစ်ကို ဆက်ရေးမဲ့ စနေသား မှာ အဲဒီ အကြောင်းလေး ပါတယ် ညီ။ဘာပဲဖြစ်ဖြစ် အခြေအနေတွေကတော့ လာရတဲ့ ရည်ရွယ်ချက်ချင်း တူပါတယ် ညိလေးရာ။ညိလေး ရည်မှန်းရာ ပန်းတိုင်တစ်ခုဆီ အမြန်ဆုံး ရောက်နိုင်ပါစေ။မေတ္တာဖြင့်
July 28, 2009 11:11 AM

မေဇင် said...
တူတူပါပဲ.... မိသားစု အတွက်ပေါ့...။ ရွေးချယ်စရာ... ဒီတစ်လမ်းထဲရှိတယ်... ရန်ကုန်မှာ အလုပ်လုပ်နေတာ.. အိမ်ကိုပြန်ပို့ဖို့ မဆိုထားနဲ့ ...။ ကိုယ့်ဘာသာတောင် မလောက်ငှဘူး.... ပညာတွေ သင်ပေးခဲ့တာတွေကို အားနာလာပြီ.... ၊ ဒီကြားထဲ မိသားစု ကျမ်းမာရေး ကထ ဖောက်လာတယ်...။ လက်ထဲငွေ နဲနဲ ရှိတာက အဲ့ဒီ ကျမ်းမာရေးက ဖောက်လာတော့ ကြွေးပါ ပါလာတယ်.... ကဲ.... ဒီကိုမလာလို့ ဘယ်ကို သွားမလဲ... ?
July 28, 2009 11:44 AM
ပန်းခရမ်းပြာ said...
No select No Copy လုပ်ထားတယ်လား။ လေးထောင့်တုံးတွေပဲ မြင်ရတယ်။ Copy paste လုပ်ပြီး ရုံးမှာ ဖတ်လို့ မရတော့ဘူး။ မန့်လို့ မရတော့ဘူး။ ကောင်းခန်း ရောက်မှနော်။
July 28, 2009 1:13 PM

WWKM said...
အခုမှဖတ်ဖြစ်တယ်. နောက်ကျနေပြီ. အိမ်လည်မထွက်ဖြစ်တာလေ..အလှူလိုက်ခံနေတယ် ထင်မှာစိုးလို့.. ဘယ်မှ မလည်. ဟတ်ဟတ်.း))အစ်မလည်း အလုံးကြီးကျခါနီးနေပြီ.း)ကိုယ်စခဲ့တဲ့ဇာတ် နိုင်အောင်ဆက်ကနေတာ. :D စိတ်ကြည်နူးပေမယ့် တခါတလေစိတ်ပင်ပန်းတယ်.း)အစ်မကတော့ နိုင်ငံခြားကို ဦးဥာဏ်ခေါ်လို့လိုက်လာတာပါ..ရေးစရာမရှိဘူးထင်ပါရဲ့..း)ဒီည တစ်ခုခုရေးမယ်လေ... မုဒ်သွင်းလိုက်ဦးမယ်. :Pရေးထားတာ ၃၊၄ ခု စိတ်မပါနေလို့ မတင်ဖြစ်တော့တာ. အသစ်တစ်ခုထပ်ရေးဦးမယ်.စိတ်ကူးပေါက်ရာပေါ့. သူများတွေလို စာရေးမကောင်းလေတော့စာရေးဘို့တော်တော်လေးစဉ်းစားနေရပါတယ်. :D
July 28, 2009 2:11 PM
့hnin said...
ကိုရွာသားရေ.....ဒီစားသားလေးကိုဖတ်လိုက်ရတော့သက်ပြင်းတစ်ချက်ကို ခပ်နာနာချတစ်ခုမျှသာပဲ ပြောခဲ့ပါရစေ...ဘ၀မှာ အကြွေးတွေထပ်နေလို့ဆပ်ဖို့အရေးက ရှိသေးပြန်တော့မဖြစ်မနေထွက်လာခဲ့ရလေ.....။
July 28, 2009 2:57 PM

avocado said...
ဒီကိုလာဖို့ငယ်ငယ်ကတည်းကအတွေးစိတ်ကူးမရှိခဲ့ဘူး ၁၀တန်းအောင် သင်တန်းတက် တက္ကသိုလ်တက် ပြီးတော့အလုပ်လုပ် သွားစေချင်တာအမေပါ အမေကသွားစေချင်တာပါ အဲဒါကိုတောင်ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ရှောင်နေတာ နောက်ဆုံးအမေတော်တော်စိတ်တိုမှ ဒီကိုရောက်လာတာပါ ဒီမှာကအဖေကပထမတစ်ပတ်ကူညီပေးပါတယ် ကျန်တာတော့ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပေါ့လေ ဘာပဲပြောပြောဒီရောက်တာ ၂နှစ်ပြည့်တော့မယ် ပျော်တယ်လည်းမဟုတ် မပျော်ဘူးလည်းမဟုတ် ဘယ်လိုကြီးမှန်းမသိပါဘူး
July 28, 2009 4:55 PM
သစ်သစ် said...
တကယ်ပြောရရင်တော့ ဓါတ်ပုံဆိုပြီးပြေးလာတာပါ။ နောက်ပို့စ်ဖတ်ပြီးကိုယ့်မှာစဉ်းစားစရာတွေဖြစ်သွားတယ် ။ သစ်သစ်လာတာကတော့ ရှင်းရှင်းလေးပါပဲ နင်လာလို့မရပါဘူးဆိုတဲ့ သူတစ်ယောက်ကိုနင်နေသလို ငါလည်းလာပြီးလုပ်ကိုင်နေနိုင်တယ်ဆိုတာ ပြချင်တာရယ် မြန်မာပြည်က ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ရင်မဆိုင်ချင်တော့တာရယ်ပါပဲ ကိုယ့်ရဲ့မာနက မိဘနဲ့ခွဲရခြင်းကို စတေးလိုက်ရတယ်။ ကျေနပ်ပါတယ် အတိုင်းအတာတစ်ခုထိ ထိရောက်သွားခဲ့လို့ပါပဲ ။ ပြောခွင့်ပေးလို့ ကျေးဇူးပါ ကိုလူကြမ်းရေ..း) ။
July 28, 2009 9:36 PM
Nay Linn said...
HiI came Singapore to support my family and to give them better life in Myanmar.
July 28, 2009 10:45 PM
ကလူသစ် said...
ဘာကြောင့်လဲ နှစ်ခါပြန်စဉ်းစားစရာမလိုဘူး။ စားဝတ်နေရေးကြောင့်ပါပဲ။
July 29, 2009 12:15 AM
နန်းညီ said...
ညီညီကတော့ နိုင်ငံခြားသွားရတာပျော်လို့.. လူမျိုးမတူ ဘာသာစကားမတူ အလေ့အထတွေမတူတဲ့နေရာတွေ သွားရတာ ပျော်ဖို့ကောင်းတယ်.. အဲလို နှစ်ချီပြီး မနေဖူးတော့ ဒုက္ခတွေတော့ သိပ်မသိပါဘူး.. အဟိ.. (ဓာတ်ပုံလေးကြိုက်တယ်..)
July 29, 2009 4:16 PM
ငွေဇင်ယော် said...
ပိုက်ဆံ ပိုရနိုင်မယ်လို့မျှော်လင့်တာက 50%။ ကိုယ့်အနေနဲ့ ဘာမှမတတ်နိုင်ပေမယ့် ကြိုက်နှစ်သက်မှုလဲ မရှိတဲ့ အခြေအနေကြီးထဲ မှာ မနေချင်တာက 50%။ အခုပျော်နေလားဆိုတော့ မပျော်ဘူး။ ပြန်မလားဆိုတော့လဲ အပြီးမပြန်ချင်ဘူး။ အလည်တော့ ခဏခဏပြန်ချင်တယ်။ ရွာကို မလွမ်းတဲ့ရက် တစ်ရက်မှမရှိဘူး။ မနက်ရုံးသွားဖို့ အမ်အာတီကိုလျှောက်ရင်းနဲ့တောင် ရန်ကုန်မှာ ဘတ်စ်စကားစောင့်ရင်းရတတ်တဲ့ မုန့်ဟင်းခါးဟင်းရည်နံ့လေးကို လွမ်းတယ်။
July 29, 2009 4:37 PM

မိုးခါး said...
သူလိုကိုယ်လိုပဲ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက် ပြီးတော့လည်း ဘာမှလုပ်စရာမရှိဟိုယောင် ဒီယောင် ယောင်ရင်း ယောင်ရင်း အခြေအနေပေးလို့ ရောက်လာတာပါ .. ဒုက္ခဆိုတာ သိပ်ကြီးကြီးမားမား မတွေ့ဘူးသည့်တိုင်အောင် နေရတာ မပျော်ဘူး .. ငြီးငွေ့တယ် .. တကယ်တမ်း ပြန်မလားဆိုတော့လည်း မပြန်နိုင်သေးပါဘူး .. ကိုယ့်မှာ လုပ်ဖို့ အခွင့် အရေး အခြေအနေ ပေးတုန်း လုပ်နိုင်တာတွေ လုပ်ရဦးမယ်လေ .. ကိုယ့်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့နိုင်တော့ ဒီလိုပဲ မချစ်ပေမယ့် အောင့်နမ်းနေရတာပါပဲ .. :D
July 30, 2009 11:51 AM

သီဟသစ် said... ဘ၀အတွက်အချစ်အတွက်ကိုယ့်အတ္တတွေ အတွက်လာခဲ့တယ်။ပျော်သရွေ့နေမယ် စိတ်ကူးတယ်ဗျာ..
July 30, 2009 9:16 PM

sonata-cantata said...

ရွာသားလေးရေ ရေးလိုက်ပြီ ဒီမှာ

ပေရှည်လို့ မှားပါတယ်တော့ မအော်ကြေး

August 1, 2009 10:39 PM