29 April 2009

နွေဦး

တဖွဲဖွဲကြွေ
ဝါရွက်ရွှေ
မြေပြင်သက်

ဖူးသစ်ဝေ
စိမ်းနုခြယ်
ဝေဟင်ထက်

နွေသရုပ်ရယ်မို့
ကြွေတချို့
ဝေတချို့
ဝါတချီ
စိမ်းတလှည့်
မိန်းမိန်းရယ်မူး
ဒီနွေဦး
ရူးစေတော့….

ရုံးသွားတဲ့ မနက်ခင်းတိုင်း တံတားတစ်ခုကို ကျော်ရတယ်။ တံတားကိုတက်တိုင်း တံတားအရင်းမှာ ပြိုင်ပြီး ထိုးထွက်နေတဲ့ သစ်ပင်တစ်ပင်ရှိတယ်ဆိုတာ သတိမထားမိခဲ့ဘူး။အရင်ကလည်း ရှိခဲ့တယ် အခုလည်းရှိနေတယ် နောင်လည်း ရှိနေဦးမယ်။ ဒါပေမယ့် အရင်က သတိမထားခဲ့ မသိခဲ့ မမြင်ခဲ့။

ဒီနွေဦးမှာတော့ သစ်ရွက်ဝါတွေကြွေနေတာကို မနက်ခင်းတစ်ခုမှာ ရုတ်တရက်မြင်လိုက်မိတယ်။ လေမှာဝှေ့နေတဲ့ ရွက်ကြွေတွေက ချစ်စရာကောင်းနေပြန်တယ်။ တစ်ပင်လုံး ၀ါရွှေရည်သန်းလို့။ သီချင်းတစ်ပုဒ်ဆိုညည်းမိတော့မလို့ သီသီလေးလိုတော့တယ်။

နေခြည်မလာခင် ရွှေရည်သန်းတဲ့ ကောင်းကင်တစ်ခုက လင်းလို့။ ဒါရွက်ကြွေချိန်တဲ့လား။ ကြွေချိန်တန်ပြီပေါ့၊ သစ်ကိုင်းထက်မှာ သစ်ရွက်တစ်ရွက် ဆက်မှီခွင့်က ဘယ်လောက်များကြာခဲ့ပါလိမ့်။ ဒီရွက်ကြွေ တစ်ရွက်က စာတစ်ပုဒ်ဖြစ်ခဲ့သေးတယ်တဲ့လား။ အင်း နောက်ဆုံးရွက်ကြွေတစ်ရွက်ပေါ့။

နောက်တစ်ရက် ရွက်ကြွေတွေ မြေမှာလှဲနေတုန်းမှာ ပုရစ်ဖူးစူစပြုလာပြီ။ အဖူးအသစ်တွေနဲ့ စိမ်းနုရောင်ခြယ်နေခဲ့ပြီကော။ အိုး ဘုရားသခင် သိပ်လှတဲ့ ရှုခင်းတစ်ပုဒ်ပါလား။ မြက်ခင်းစိမ်းတွေက ၀ါရွှေနွယ်တွေရယ် ညိုမှောင်တဲ့ ပင်စည်လုံးရယ် နုသစ်စိမ်းစိုတဲ့ ရွက်ပုရစ်ဖူးတွေရယ်လေ။ ရွက်ဝါတွေမကုန်ခင်မှာပဲ ရွက်သစ်တွေ ဝေပြန်သတဲ့။ ကြွေပြီးရင် ဝေ…ဝေပြီးရင်ကြွေပေါ့။

အင်း ဒီနွေကူးက ရူးလုလုဖြစ်လောက်အောင်ကို မိန်းမောစေခဲ့တာပဲ။ ပုံမှန်လည်ပတ်နေတဲ့ ရာသီစက်ဝန်းကြားမှာ အလှတရားတွေရှိနေသလို သင်္ခါရတရားတွေလည်း ရှိနေခဲ့တာကိုး။ ဘယ်အရာမဆို ဒီအတိုင်း တည်ရှိနေတာပေမယ့် မြင်မိဖို့ အကြောင်းကလည်း တိုက်ဆိုင်ဖို့ လိုသေးတာပါလား။

အခုတော့ ကြွေလုလု သစ်ရွက်တစ်ရွက်ကို နေ့တိုင်း ငေးနေမိတော့တယ်။

26 April 2009

လက်ဖက်ရည်ဝိုင်းကလေး စိုစိုပြေ

လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် အခုနေများ ထဖွင့်မိရင် စိုစိုပြေပြေ လက်ဖက်ရည်ဝိုင်းကလေးတစ်ခု အရမ်းကို ဖြစ်စေချင်မိတယ်။ ဒီနေ့ သို့မဟုတ် မနက်ဖြန်တော့ ဖွင့်မယ်စိတ်ကူးတယ်။ ကဲ လာအားပေးကြမယ်ဟုတ်….

ကျနော့လက်ဖက်ရည်ဆိုင်က ၀န်ထမ်းတွေက ဒီလိုဗျ

၁။ ကော်ဖီဖျော်ကောင်းတဲ့ ကျနော့ရဲ့ ကော်ဖီစက်ကလေးက အဖျော်ဆရာ
ပြတင်းပေါက်ပိုင်ရှင် ကိုမောင်လေးလင်းဒီပ (ရေနွေးများပြန်ပြီ သကြားနည်းပြန်ပြီ)
၂။ လူမှုဆက်ဆံရေး အရမ်းအဆင်ပြေလို့ ကြီးကြပ်ရေးမှူးအဖြစ်
ကိုဇင်ယော် (ကောင်မလေးတွေဆို အလကား)
၃။ ဗလကောင်းကောင်း စားပွဲထိုးလေးနှစ်ယောက်က
မဝေလေးနဲ့ မောင်မျိုး (သိပ်သွက်လက်မယ့် ပေါ့ပေါ့ပါးပါးလေးတွေ)
၎။ အကြော်ဆရာကိုကိုကင်း တဖြစ်လည်း
ကြာဇံကြော် အရမ်းကြော်တတ်တဲ့ ကိုဗီလိန် (ခေါင်းကြီးစောင်းစောင်း ပြီးကြော်နေမှာ)
၅။ ငါးကြင်းတပိဿာလက်ဝယ်ရှိလို့ မုန့်ဟင်းခါးဆရာခန့်လိုက်ရတဲ့
ကိုခရောင်း (သူ့ဗိုက်ထဲထည့်တာ ပိုများမယ်)
၆။အရမ်းအားနာတတ်တဲ့ အလုပ်ကို သေချာလုပ်တတ်တဲ့
ငွေကိုင် မရွှေပြည်သူ (ပိုက်ဆံမတွမ်လောက်ဘူးထင်ရတာပါပဲ)
၇။ ပန်းကန်ကို ပြောင်စင်အောင်ဆေးမယ့်သူအဖြစ်
ကျနော်မောင်ရွာသား (အထက်ကအလုပ်တွေ ဘာမှမလုပ်တတ်လို့)
၈။ စည်းရုံးရေးသိပ်ကောင်းတော့ မိတ်ခေါ်ဖို့ ဧည့်ကြိုလေးက
စီလုပ်ကလေးမောင်ဂျူလိုင် (သနဲ့တတော့ မကွဲဘူးနော် ဂရုစိုက် တောက်တွားပါ တောက်တွားပါနဲ့အော်နေမှာ)
၉။ စာရင်းတွေတွက်ဖို့ HP ဘရန်း ကွန်ပြူတာတွေကို ထိန်းကျောင်းရန်
ကိုကြီးဝီ (စက်တွေထိုင်ကြည့်နေပြီး တစ်ချိန်လုံး မအားဘူးပြောနေတာပါပဲ။ ဘီယာဆိုလာခဲ့တဲ့)
၁၀။ ဆိုင်ရှင်ကတော့ အလုပ်ပြောင်းမယ်လို့ ကြံစည်နေတဲ့
ကိုရုပ်ဆိုးကြီးပါပဲ (ဗိုက်ကြီးကပူတော့ ခန့်ခန့်ထည်ထည်ပေါ့)
တို့ပဲဖြစ်ပါတယ်။

မနက်ခင်း စားပွဲခင်းပြီဆိုကတည်း ပထမဆုံးရောက်နေမှာ က ဆရာမမေငြိမ်း။ သူက မြသီလာထဲက ဆိုင်လေးနဲ့တူတယ်ဟဲ့ ဆိုပြီး လာလာသောက်တတ်တယ်။ ပြီးရင် မပြန်တော့ဘူးလေ။ ရေနွေးအိုးတွေ တစ်အား ချပေးရတော့တာပါပဲ။

သိပ်မကြာခင်မှာ လမ်းလျှောက်ရင်း မိုင်တိုင်တွေမှတ်ရင်း ရောက်လာမယ့် အမကေ။ သူကတော့ သူ့ရဲ့ သယ်ရင်း ဘလော်ဂါမဟုတ်လေတဲ့ အစ်ကိုငြိမ်းဇေဦးနဲ့ စကားတပြောပြော။ အစ်ကိုငြိမ်းဇေဦးလာတိုင်း သူမှာတတ်တာက ချဉ်စပ်တစ်ပွဲ ပြီးတော့မှ မရစ်နဲ့နော်ဆိုတာက နောက်တစ်ပိုင်းပေါ့။ တခါတလေလည်း အမကေက စမူဆာတွေ ၀င်ကြော်သွားပေးတတ်လေရဲ့။

တို့ကတော့ ၀က်သားမှ ၀က်သားပါပဲဆိုပြီး လည်ပင်းအစ်အစ်လေးနဲ့ ချစ်စရာ အမမုံ့ချိုသွင်းကလည်း ၀က်သားကောက်ညှင်းထုတ်စားဖို့ ဆိုပြီး ကိုကျော်ဝဏ္ဏကို ဂျီကျပြီး ရောက်ရောက်လာတတ်ပါသေးတယ်။ ကြက်ဥထမင်းကြော်တော့ မကျော်ခိုင်းမိဖို့ ဆိုင်က လူတွေကို သတိပေးထားရတယ်။

တရားတွေနာပြီးရင် ပုံပြင်တွေ အသစ်အသစ်ထွင်တတ်တဲ့ ကျနော့်အဒေါ်အယ်ဇီ။ သူလာတာကတော့ ရိုးအွန်တွေ ဝေဖို့။ ကျနော့ဦးလေးကတော့ တခါတရံပေါ့။ ဟင်းအမယ်တွေ သားရေကျလောက်အောင် ပြောတတ်ပင်မယ့် ချက်တတ်မယ်တော့မထင်။

ပေါက်တတ်ကရ အတွေ့အကြုံတွေကို ချပြဖို့ ပုဆိုးကွင်းသိုင်းပြီးလိုက်ရှာနေတတ်တဲ့ ကိုလူထွင်းကြီးကလည်း ရှာလို့တွေ့ပြီဆို ဆိုင်ကို အပြေးအလွှား။

ဘန်နာတွေ ဘယ်လို ပြောင်းရမယ် ကော်ပီရိုက်က အဲ့လိုပါဆိုပြီး အသေအချာရှင်းတတ်တဲ့ ဟိုနေ့ကတောင် တစ်ယောက်တည်း ထိုင်သောက်ပြီး တစ်စုံတစ်ယောက်ကို စောင့်နေတဲ့ အမပန်ဒိုရာကလည်း လာပြီးရင် မပြန်တော့။ ကင်မရာကလည်းလွယ်လို့။

သားသားလေးကလေ ပြီးတော့ လော့ဂျစ်ကဘယ်လို ဆိုပြီး အားလုံးကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောမယ်ဆိုပြီး စောင့်နေတဲ့ အမတန်ခူးကလည်း ဆိုင်ထောင့်ကနေ လာသမျှလူကိုမျှော်လို့။

အိမ်ရောင်းအိမ်ဝယ် လမ်းညွှန် တီတီဆွိကလည်း မတန်ခူးနဲ့တခါတလေ ပါလာတတ်ပါတယ်။

ဂျပန်ခရီးစဉ်တွေ အကြောင်း အစားအစာတွေ ပြင်ဆင်ပုံတွေ ပြောပြဖို့ အဆင်သင့်စောင့်နေတတ်တဲ့ မကြီးဝါနဲ့ အမမြတ်နိုး။ သွားကျန်းမာရေးအတွက် ဦးဥာဏ်လည်း ရံဖန်ရံခါ ပညာပေးကွင်းဆင်းတတ်ပါတယ်။

တူးတူးသီချင်းတွေ(အခုပဲ တရားခံက၀န်ခံသွားပါတယ် သူကြိုက်တာ ကိုငှက်ပါတဲ့) ဖွင့်ပေးပါဦးဆိုပြီး အမြဲတောင်းဆိုတတ်တာက အမသုနှင်းဆီ။ တချက်တချက်တော့ အိုးလေးလှုပ်ပါဦး လုပ်ခိုင်းတတ်သေးတာကလား။

ဘလော့ရွာမှာလေ နေတုန်းကပေါ့ဆိုပြီး သူဘယ်ကနေ ဘယ်လို ရောက်လာတယ်။ ဘယ်သူတွေနဲ့တွေဆုံရင်းနီးခဲ့တယ်ဆိုတာကို မမောနိုင်မပန်းနိုင် ဖောက်သည်ချတတ်တာက အမမီယာ။ ဒါတောင်မကုန်သေးဘူးတဲ့ နောက်ဆက်တွဲတွေလာအုံးမယ်ဆိုပဲ။

ကဗျာကဘယ်လို နမိတ်ပုံတွေ ဘယ်သို့ အစချီ ဆွေးနွေးလေတဲ့ ကဗျာဝိုင်းခေါင်းဆောင်က အစ်ကိုအောင်သာငယ်။ ပြီးတော့ ဘေးဘက်ကပ်ရပ်ဆီမှာက ကိုမိုးမြင့်တိမ်၊ ကိုလွယ်ပန်၊ မမယ်ကိုး၊ ကိုအိပ်မက်ရှင်၊ ကိုကောင်းကင်ကို၊ မမသီရိ၊ နှင်းနဲ့မာယာ တို့လည်း တန်းစီလို့။ အဲ့အချိန်ဆို ကျနော့အဖျော်ဆရာကလည်း အဲ့ဒီဖက်ကို ငေးလို့။

ဘုရားစင်အောက်မှာ ထိုင်ပြီး တရားဆွေးနွေးဖို့အဆင်သင့်ဖြစ်နေတတ်တဲ့ ကိုအောင်ဦးတို့ ကိုသုခတို့လည်းတွေ့နိုင်ပါတယ်။

အရှစ်ရေကိုယ့်ကြောင့်ဆိုပြီး သီချင်းဆိုဟန်နဲ့ ကိုတောင်ငူအပြင် ရခိုင်မုန့်တီပူပူလေးဆိုပြီး ကိုပုလုကွေးကလည်း ၀င် ၀င်လာတတ်သေးတယ်။

ပါးလေးမဖောင်းတော့လို့ ခြေသလုံးတွေမလှတော့လို့ ဆိုတဲ့ အမခင်ဦးမေကလည်း တစ်ချက်တစ်ချက်မှသာ လာနိုင်တယ်။ အမလက်မလည်ဘူးတဲ့ သူ့ဆိုင်ကလည်း အရမ်းရောင်းကောင်းတယ်လေ။ ဘလော့အစုံသုတ်ဆိုင်တဲ့။

မောင့်ကို ခေါ်ပြီး ဆိုင်ကို ဓါတ်ပုံလှလှလေးရိုက်ပေးဦးမယ်နော်ဆိုပြီး မပေါ်လာတော့တဲ့ မမုံ့လုံးကိုလည်းမျှော်ရတာမောလှပါပြီ။ တိတ်တိတ်လေး ဆိုင်နောက်ဖေးကနေ လက်ဖက်ရည်သောက်ပြီး ပြန်သွားတာပဲလို့သူက ပြောနေကျ။ ဘယ်လိုလုပ်သိမလဲဗျာ ဆိုင်နောက်က ရောက်လာတာကိုး။

ပုံတူပန်းချီတွေကို ဆွဲပေးမယ်နော် တစ်ယောက်တစ်ဆယ်ဆိုပြီး စီးပွားရှာကောင်းတဲ့ မနန်းညီ၊ မျက်မှန်လေးပင့်ပင့်ပြီး တစ်ချက်တစ်ချက်တွေသွားတတ်တဲ့ မကြေးမုံ တို့လည်း ဖောက်သည်တွေပါပဲ။ ဒါပေမယ့် သူတို့ကခရီးဝေးက လာရတာမို့ ကားကြပ်တဲ့ရက် မီးပျက်တဲ့ရက်ဆို ဆိုင်ကို မလာနိုင်ကြဘူးတဲ့။

စာမေးပွဲရက်မို့ ပေါချက်တွေနဲ့မို့ ဒီရက်ပိုင်းပျက်ကွက်မယ် ဆိုပြီး ခွင့်တိုင်သွားတာက မရွှန်းမီ။ ပေါင်မုန့်တွေ ကုန်ကုန်သွားတာသူ့ကြောင့်ပါ။ နောက်ထပ်ခွင့်တိုင်တာက ကိုကလူသစ် သမီးလေးကူထိန်းရမှာမို့။ လာမယ်ကြာမယ်ပြောတာပါပဲ။

အချစ်အကြောင်းတွေ သင်ပေးဦးမယ်ဆိုတဲ့ ကိုဖိုးသင်္ကြန်ဆီမှာလည်း အချစ်နိသရည်းတွေ ဆည်းပူးသူတွေကြောင့် ဆိုင်မှာလူစည်စေတာပေါ့။

အစ်ကို မုံရွာဝက်အူချောင်းစားချင်တယ်လို့ ဂျီကျတတ်တဲ့ ကိုတော်ကီတစ်ယောက်ကလည်းရှိသေးတယ်။ အခုတော့ ထပ်တရာနဲ့ နှစ်သိမ့်ထားရတယ် သူ့ကို။

ဟယ်…လူတွေအများကြီးပါလား ဒီသီချင်းလေး ဒီစာအုပ်လေး တတ်နိုင်ရင် ရှာပေးပါလားဆိုပြီး အကူအညီတောင်းတတ်တာက မရီတာ(မအေးမြတ်မြတ်ကို)။ ရသွားပြီဆိုရင်တော့ ကျေးဇူးနော်ဆိုပြီး နောက်တစ်ခေါက် အသစ်ရှာခိုင်းဖို့ ရောက်ရောက်လာစမြဲ။

ကဗျာတွေစာတွေတင်မကပဲ ဓါတ်ပုံဆရာဝိုင်းကလည်း စည်သဗျ။ ကိုမောင်လှအပြင် ကိုညီမင်းစံ ကိုညီလင်းသစ် တို့နဲ့ တိုးမပေါက်ပေါ့ဗျာ။ ကိုညီလင်းဆက်ကလည်း ခရီးရက်ရှည်မထွက်ဖြစ်ရင် ပေါက်ပေါက်လာတတ်သေးတာကိုး။

ကိုဖိုးဂျယ်၊ ခရာတွန်၊ ကိုဖြိုးမော်၊ ကိုကေမောင်ငြိမ်း၊ကိုသီဟသစ်၊ မကြည်ဖြူပိုင်၊ မမိုးပြာ၊ မမိုးခါးတို့ဝိုင်းကလည်း ပွစိပွစိ။ ငြင်းကြခုန်ကြ လူငယ်သဘာဝနဲ့ ဆူလို့ညံလို့။ အကြော်ဆရာ့ ပရိတ်သတ်တွေဆိုပါတော့။

ဆိုင်ကို ဒီဂျေလာပွတ်ပေးမယ်ဆိုတဲ့ ကမ္ဘာကျော် ကိုကိုဖား ဒီဂျေဖားကလည်း လာမယ်ပြောပြီးကာမှ ဒီရက်ပိုင်း ဘွတ်ကင်တွေပြည့်သွားလို့ မအားပါတဲ့။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်ဆိုတဲ့ ဆိုင်းဘုတ်ကို လိုက်လိုက်ပြတတ်တဲ့ ကိုနေညိုရင့်ကလည်း ညနေလေးငါးနာရီဆို ဆေးလိပ်ဗန်းလေးနဲ့လာတတ်သေးတယ်။

ကုလားအစားအစာလာလာမေးတတ်တဲ့ ပခုက္ကူက ကိုအောင်ဖြိုးကလည်း ဒီရက်ပိုင်း ဆိုင်သစ်တွေ့သွားတယ်ထင်ပါရဲ့။ ပျောက်ချက်သားကိုကောင်းလို့။

ဆိုင်မှာ ရုံးပိတ်ရက် ညနေ ပါတီလေးများလုပ်လို့ရမလား လာလာမေးတတ်တဲ့ အမပန်းခရမ်းပြာ။

ဒီဆိုင်ရောက်ရင် တမာမြေအလွမ်းပြေတယ်ဆိုပြီး တမာပင်အောက်အမြဲထိုင်တတ်တဲ့ ဖေါက်သည်က အမကြီးပါချူး။ မန္တလေးအကြောင်းလား ဘာသိချင်လည်းဆိုတဲ့ မန္တလာမြေက အမမေနဲ့ မယုဝရီတို့လည်း လာမြဲလာလျက်။

ဝိုင်းပေါက်စေ့ကို လိုက်စကားပြောနိုင်တဲ့ သူကတော့ အထူးဧည့်သည်တော် အမဆင်ဒန်လာ။ အိမ်ဦးနတ်ကျန်းမာရေးကောင်းမကောင်းကို အမရဲ့ အလည်အပတ်နဲ့ ဆက်စပ်ကြည့်လို့ရသတဲ့။ အခုသူလောလောဆယ်ချေထားတဲ့ ယတြာက ဒီလက်ဖက်ရည်ဆိုင်ကို လုံးဝခြေမချရဆိုပဲ။

ဆိုင်ရဲ့ ကြော်ငြာကို လစဉ် အင်တာဗျူးတွေ ဝေေ၀ဆာဆာနဲ့ထည့်ပေးတာကတော့ အမတူးတူးသာနဲ့ မဆုမွန်တို့ပါပဲ။ သူတို့အပြင်မုန့်တွေစားပြီးတိုင်း အသေအချာဓါတ်ပုံရိုက်ပြီး ဝေမျှပေးတတ်တဲ့ ကိုဖြိုးကိုလည်း ကျေးဇူးတင်ရမှာပါပဲ။

ကင်မရာကြီးကြီးနဲ့ အသေအချာလာရိုက်ပေးမယ်ဆိုပြီး ကင်မရာသွားရှာနေတဲ့ အမခင်မင်းဇော်။ ပြန်လာမယ်နော်တဲ့ အခုတော့ ကိုပီအေအတွက် ဟင်းချက်လိုက်ဦးမယ်တဲ့။

ဆိုင်ကလေးစည်တယ်ဆိုပြီး လမ်းပေါ်က ဖြတ်သွားရင်း ငေးငေးသွားတတ်တဲ့ သူသုံးယောက်ရှိပါသေးတယ်။ မမေရီ၊ ကိုနေလင်း နဲ့ ဂရေ့စ်တို့ပါတဲ့။ အားမရတဲ့အခါများကြတော့ ဆိုင်ထဲကို ၀င်ဝင်လာပြီးဆွေးနွေးသွားကြပါသေးတယ်။

ဆိုင်လေးကတော့ စည်လို့။ အဲ့လိုမျိုးနေ့တိုင်းလေး ဖြစ်ချင်မိတယ်။

ချစ်ခင်ရင်းနှီးလိုစိတ်နဲ့ မောင်မျိုး တက်ဂ်တဲ့ ပို့စ်လေးကို အခုလိုလေးရေးခဲ့မိတယ်။ လွန်တာရှိရင် ၀န္ဒာမိပါ။ အာလုံးကိုတွေ့ချင်မိတာ တကယ့်စိတ်ရင်းပါ။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…..

ကျနော်ဆက်တက်ဂ်ချင်တဲ့သူတွေက
ကိုမောင်လေးလင်းဒီပ
မရွှေပြည်သူ

23 April 2009

ကြိုးမဲ့ အိပ်မက်များ

မကြည်ဖြူပိုင်ရဲ့ ပို့စ်လေးကိုဖတ်ပြီးတော့ အဟောင်းတွေ အသစ်ဖြစ်ရပြန်ပါတယ်။

သီချင်းတွေကိုနားထောင်ခဲ့တာကလွဲလို့ ဆိုရစကောင်းတယ်လို့ မမှတ်ယူခဲ့ တီးရတယ်လို့ မသိခဲ့လေ။ အိမ်နားက ဘဘဦးခင်လှ တီးတတ်တဲ့ မယ်ဒလင်လေးနဲ့ မြမန်းဂီရိသေလာတောင်ဆို ငေးပြီးနားထောင်မိယုံပဲ။ မေကတော့ ငယ်တုန်းက စောင်းတီးသင်ဖူးတယ်ဆိုပဲ။ သွယ်လျရှည်လျားတဲ့ အဲ့ဒီလက်ချောင်းတွေ အောက်မှာ စောင်းသံတွေက ချိုမြနေမှာ သေချာတယ်။ အယ်လ်ခွန်းရည်တို့နဲ့ ပေါင်းပြီးတော့ ပုဂံဆောင်မှာ ဂီတာတီးသေးတယ်ဆိုတော့လည်း တအံ့တသြ။ ဖေကတော့ စိတ်လိုလက်ရရှိရင် ဂစ်တာလည်းအိမ်မှာ အဆင်သင့်ရှိရင်ပေါ့ သူ့အကြိုက်လေးတွေ တီးတတ်တယ်။ ဒါပေမယ့် ရှားပါတယ်။ ကျနော်ကကော…

ကျနော်တို့ရဲ့ သုံးယောက်ကမ္ဘာလေးထဲကို အစ်ကိုဝမ်းကွဲတစ်ယောက် ရောက်လာခဲ့တဲ့နောက်ပိုင်းပေါ့။ အစ်ကိုရှစ်တန်းတက်နေရင်း ဂစ်တာဆိုတဲ့ အရာတစ်ခုက တိုးလာခဲ့ပြန်တယ်။ လက်ထိပ်တွေ အသာမာတည်အောင် ရေနွေးတွေစိမ်လိုက် ဒုန်ချပ် ဒုန်ချပ်တီးလိုက်နဲ့ အားကျမက်မောခဲ့ရတယ်။ သင်ပေးပါဆိုတော့ လက်ချောင်းတွေက ဖလက်တံကို လက်တံပြည့်အောင် မကိုင်နိုင်ခဲ့။ မင်းရှစ်တန်းရောက်ရင် သင်ကွာတဲ့။

ပထမဆုံး ဂစ်တာနဲ့ တွဲပြီး အဆိုဝင်ကြည့်တာက ကျနော့အထင် ခြောက်တန်းနှစ်ဖြစ်မယ်။ တိုတယ်မှာ လုပ်နေတဲ့ ဦးမြငြိမ်းက အတီးပေါ့။ မင်းဆိုတဲ့။ သီချင်းကအလွယ်လေး ကျောင်းဆင်းတဲ့အချိန် မိုးသည်းသည်းမှာ လွယ်အိတ်ကလေးနဲ့ ကောင်မလေး ဆိုတဲ့ သီချင်း။ ဘယ်တော့မှ မမေ့တော့ဘူး။ ဘုန်းကြီး စာအံသလို ဆိုနေလို့တဲ့လေ။ ဝိုင်းဟားကြတာပေါ့။ အသံနေအသံထား ဟန်နဲ့မာန်နဲ့ အဝင်အထွက် အဆွဲအငင် အရှိုက် နကန်းတစ်လုံးမှ ကျနော်မသိခဲ့။ စာပဲဖတ်တတ်ဖူးတာကလား ဘယ်သို့ချီ ဘယ်သို့ချ လားလားမှ မအပ်စပ်လေတဲ့ အတီးနဲ့အဆိုပဲပေါ့။

အစ်ကိုဂစ်တာတီးသင်ရင်း ကိုယ်တိုင်လည်း တီးတတ်ချင်ခဲ့တယ်။ အရမ်းကြိုက်တဲ့ ၀ရန်တာလေးမှာ ခြေလေးနှစ်ချောင်းချ ဂစ်တာလေးပိုက်လို့ အလွမ်းတွေကို သံစဉ်တွေထဲ မျှောလိုက်ချင်တာပဲ။ အချိန်တွေ ကုန်ချင်သလောက်ကုန်ပါစေပေါ့။ ရှိသမျှခံစားချက်တွေကို သံစဉ်တွေထဲ ထည့်ရင်း ကုန်ပါစေ။ ပလက်ကင်တွေဘာတွေကို ခေါက်တတ်တဲ့အထိ တတ်ချင်မိတာ (ပန်းထိမ်မတတ််ခင် ရွှေခိုးသင်ချင်တယ်ဆိုချင်ဆို)။

ကံဆိုးစွာပဲ ဂစ်တာတီးကောင်းတဲ့ အစ်ကိုက ဆယ်တန်းမှာ ကျသွားခဲ့တယ်။ အကြောင်းအရင်းက ဂစ်တာတစ်လက်နဲ့ အချိန်ကုန်နေတာဖြစ်မယ်လို့ အိမ်က ယူဆပါတယ်။ အရှေ့ကပုံပမာရယ်ကြောင့် ရှစ်တန်းရောက်တော့ ဂစ်တာကိုင်ခွင့်မရှိတဲ့။ ဆယ်တန်းအောင်ရင်တော့ ဂစ်တာဝယ်ပေးမယ်လို့ ကတိကဝတ်နဲ့ အပေးအယူ တည့်ခဲ့ပါရော။

ဆယ်တန်းအောင်စာရင်းထွက်တော့ ရန်ကုန်ကိုရောက်နေခဲ့ပြီ။ ဖေကိစ္စတစ်ခုနဲ့ ရောက်လာတော့ ကတိတည်မှ ကြိုက်တတ်တဲ့ ကျနော့ကို ဂစ်တာတစ်လက်ဝယ်ပေးခဲ့ပါတယ်။ ဘုံကျောင်းက အစ်ကိုကြီး ကိုစည်သူလိုက်ဝယ်ပေးခဲ့တယ်။ ဒါပေမယ့်…

ဂစ်တာတီး သင်တန်း တက်ဖို့ သင်တန်းကြေး (ကိုပေါက်ဆီမှာ တက်ရင် သုံးထောင်လားမသိ) မပေးခဲ့ဘူး။ သင်ပေးမယ့်သူလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက နေခဲ့တဲ့ တောင်ဥက္ကလာအိမ်ကလည်း တဒင်ဒင် တဒေါင်ဒေါင် အသံမကြားချင်ဘူးတဲ့။ ဂစ်တာဝယ်တာမြင်တာနဲ့ စည်းကမ်းအသစ်ထုတ်ပစ်ခဲ့တာ။ ဂစ်တာလေးကို ပိုက်ပြီး အိတ်လေးထဲကို ပြန်ထည့်ခဲ့ယုံပေါ့။ ဆယ်တန်းအောင်ကာစ လူငယ်တစ်ယောက်မှာ ဂစ်တာတီးသင်တန်းတက်ဖို့ ငွေကြေးမရှိခဲ့။ ဆန်ရောင်းကူရင်း မီးသွေးအိတ်ထမ်းရင်း အဲဒီလောက် ငွေပမာဏမှ မရနိုင်တာနော်။

ဆယ်တန်းကျောင်းသားတွေကို ဂိုက်သင်ရင်း ငွေလေး ရှိပြန်တော့ အိမ်ကို ပြန်ပို့ရင်း မအားလပ်တဲ့ အချိန်တွေကြောင့်ရယ်လို့ ရမယ်ရှာရင်း အိတ်ကလေးထဲက ဂစ်တာလေးက ဒီအတိုင်း။ သင်တန်းတက်ဖို့ ပိုက်ဆံမှ မလောက်ငတာနော်။

နောက်တော့ ကျောင်းတွေဖွင့် ပြန်တယ်။ နေရာတွေလည်း တစ်နေရာပြီး တစ်နေရာရွှေ့ခဲ့ရတယ်။ တီးတတ်သည် အထိသင်ပေးပါလို့ တောင်းပန်ပေမယ့် အချိန်ပေးနိုင်မယ့်သူ သင်ပေးမယ့်သူ တစ်ယောက်နဲ့မှ မကြုံခဲ့ မဆုံခဲ့။ ကြိုးတွေတောင် ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဂစ်တာလေးကိုလည်း တစ်ချက်တစ်ချက်မှ ပြန်ကြည့်နိုင်တော့တယ်။

ကျောင်းတွေပြီးလို့ အလုပ်တွေဝင်တော့ အစ်ကို့အိမ်မှာ ထားခဲ့တဲ့ ဂစ်တာလေးကို သတိတရ ပြန်ယူထားလိုက်မိတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ဝင်ပြီမို့ အချိန်ပိုကမရှိပြန်။ အတူနေတဲ့ သူငယ်ချင်းကတော့ သူအလွတ်ရတဲ့ သီချင်းနှစ်ပုဒ်ကို တဗြန်းဗြန်းနေအောင် ခေါက်တတ်ပါတယ်။

အဲဒီနောက်တော့….

အဝေးကိုထွက်သွားရတော့မယ်ဆိုမှ အိတ်ထဲက ဂစ်တာလေးကို မျက်နာပူစွာ ကြည့်မိတယ်။ ခုနှစ်နှစ််တာ ကျနော်နဲ့ရှိနေခဲ့တဲ့ ဂစ်တာလေး။ စိတ်ကူးယဉ်ခဲ့သလို တီးတတ်ဖို့နေနေသာသာ အိတ်လေးထဲမှာ တိုးတိတ်စွာ ရှိနေခဲ့တာ။

အိမ်လာရှင်းပေးတဲ့ တပည့်ကျော် မဲလုံးက အစ်ကို ကျနော့ကိုပေးပါတဲ့။ နှမြောတသနဲ့ ကြည့်နေတဲ့ ကျနော့စိတ်ကို သူမမြင်နိုင်ဘူးထင်ပါတယ်။ ကျနော့အိပ်မက်တွေကို သူမှ မဖတ်နိုင်တာ။ ကိုယ်နဲ့အတူမသယ်နိုင်မယ့်အတူတူ ဂရုစိုက်မယ့်လူလက်ထဲ ကို ထည့်လိုက်ဖို့ အတွေးတွေ ဝင်လာမိတယ်။ ကျနော်မဖန်ဆင်းနိုင်တဲ့ အသံချိုတွေ တစ်ခြားတစ်ယောက် ဖန်ဆင်းရင်းနဲ့ ဂစ်တာလေး နုပျိုလာပါစေပေါ့….

တစ်ချို့အိပ်မက်တွေက လက်တွေ့ဘဝထဲ မရောက်လာပဲ အိပ်မက်တွေအဖြစ်နဲ့ပဲ ကျန်ရစ်ခဲ့တတ်ပါတယ်။ ကြိုးမဲ့ အိပ်မက်တွေက ဝေဝါးနေသင့်ပေမယ့် တစ်ချိန်ချိန်မှာ အခွင့်ရနိုင်ကောင်းတယ်ဆိုတဲ့အသိနဲ့ မေ့ဖျောက်ဖို့ မစွမ်းသာခဲ့သေး….

18 April 2009

အိပ္မက္ခ်စ္သူ

ဒီရက်ထဲမှာ ဦးဇေယျာအောင်တစ်ယောက် ဂယောင်ခြောက်ခြားဖြစ်နေတာကြာပြီ။ ညတိုင်းနီးပါး အိပ်မက်တွေမက်နေခဲ့တယ်။ ဘေးနားက သက်ထားတစ်ယောက်လည်း ရိပ်မိ ပူပင်စေတဲ့အထိလေ။ ပြီးတော့ အိပ်မက်က ဒီတစ်ခုတည်းကို ပုံမှန်မက်နေခဲ့တာ။ ပြီးတော့ ပြီးတော့ အဲဒီအိပ်မက်ထဲမှာ အိပ်မက်ထဲမှာ………

ဆတ်ခနဲလန့်အနိုးမှာ အိပ်မက်ဆိုတာကို သိပင်မယ့် အပြင်မှာ ရှိနေသလိုလိုထင်နေခဲ့မိတာ။ ချွေးတွေ ရွှဲနစ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း ရေတစ်ခွက်ကို တစ်ရှိန်ထိုးမော့ချလိုက်တယ်။ အေးခနဲဖြစ်သွားပြီးနောက် ဒီနေ့ ရုံးမှာ အစည်းအဝေးရှိနေတာကို သတိရလိုက်မိတာမို့ ရေချိုးခန်းကို အပြေးအလွှားသွားမိပြန်တယ်။ ရေချိုးခန်းတံခါးအဖွင့်မှာ သူ တွေခနဲ တစ်ချက်ဖြစ်သွားတယ်။ ရေနွေးငွေ့တွေကြားထဲမှာ အိပ်မက်ထဲက မိန်းမပျို….အဲဒီမိန်းမပျိုကို ဒီရက်ပိုင်းမှာ သူဆက်တိုက်မက်နေခဲ့တာ။ သူမက်လိုက်တိုင်း ရှေးနှစ်ပေါင်းထောင်ချီနေတဲ့ ၀တ်စားဆင်ယင်မှုနဲ့ သူ့ကိုကြင်နာစွာ လက်ယက်ခေါ်နေမြဲ။ အခုလည်း ရေနွေးငွေ့တွေကြားထဲမှာ…။

အစ်ကို…ရေချိုးတော့လေ ဘာတွေဖြစ်နေတာလဲ ဆိုမှ သက်ထားကို ပြန်လည်တွေ့ရှိမိတယ်။ ကြောင်တောင်ငေးနေမိတဲ့အထိ သတိလက်လွတ်ကိုယ့် အဖြစ်လေ။ ရေချိုးအပြီး သက်ထားပြင်ဆင်ပေးထားတဲ့ အ၀တ်တွေကို စနစ်တကျ ၀တ်ဆင်ရင်း သက်ထားရေ အစ်ကို ဒီနေ့ မနက်စာမစားတော့ဘူး ရုံးက အစည်းအဝေးမမှီမှာစိုးလို့ ဆိုပြီး ကားဆီကို ခပ်သုတ်သုတ်နှင်ခဲ့တယ်။

ကားကို ခပ်မြန်မြန်မောင်းရင်း လမ်းဆုံတစ်ခုအရောက် လမ်းရဲ့တစ်ဖက်မှာ အိပ်မက်ထဲက အမျိုးသမီး သူပဲ ဟုတ်တယ် သူမှသူပါပဲ။ ကားကိုလမ်းဘေးကို အတင်းထိုးရပ်ပစ်လိုက်မိတယ်။ သူ့ကို မေးချင်တယ်။ ဘာအတွက် ဘာကြောင့် အိပ်မက်ထဲကို အမြဲလာလာနေရတာလည်းဆိုတာ။ ကားကိုရပ်ထားလိုက်ပြီး သူလမ်းမဘက်ကို အပြေးလိုက်ရှာမိတယ်။ ဟိုနားမှာလား ဒီနားမှာလား တစ်ချက်တစ်ချက် တွေ့ရတတ်တဲ့ အဲ့ဒီအမျိုးသမီးကို တွေ့လိုစိတ်နဲ့ လမ်းမထက်မှာ တစ်ယောက်တည်း ယောင်လည်လည်။

ကားဆီကို ပြန်ရောက်တော့ မော်တော်ပီကယ်က အသင့်စောင့်နေခဲ့ပြီ။ လူကြီးမင်း ဒီအမြန်ကားလမ်းမမှာ ဘယ်ယာဉ်မှ ရပ်နားခွင့်မရှိဘူးဆိုတာ သိပါသလားဆိုတဲ့ မေးခွန်းနဲ့စောင့်ကြိုနေတော့တာ။ ရှင်းစရာရှိတာကို ရှင်းလင်း အပြီး ရုံးက အစည်းအဝေးကို ပြန်သတိရမိပြန်တယ်။ ဒီတစ်ခါတော့ ရုံးကိုပဲ ဦးတည်ပြီး ပတ်ဝန်းကျင်ကို သတိမထားမိအောင် သီချင်းကို အကျယ်ကြီးဖွင့်ပစ်လိုက်တာပေါ့။

တစ်ခါမှ သီချင်းကို အဲ့ဒီလောက် အကျယ်ကြီးမဖွင့်ခဲ့ဘူးတာမို့ ကားကို တံခါးလာဖွင့်ပေးတဲ့ အတွင်းရေးမှူးမလေးတောင် သူ့ကို အထူးအဆန်းနဲ့ကြည့်နေခဲ့တာ လည်း သူသတိမထားမိတော့ပါဘူး။ အစည်းအဝေးခန်းမနားအရောက်မှာတော့ သူ့သူငယ်ချင်း ကျော်ကြီးက အစည်းအဝေးမှတ်တမ်းလေးနဲ့ ဟာဟေ့ကောင် မင်းတယ်နောက်ကျပါလားကွာ အခုတော့ အားလုံးသွားပြီတဲ့။ ဒီနေ့အစည်းအဝေးက နိုင်ငံခြားကုန်သည်တွေနဲ့ တွေ့ရမှာလေ။ ညှိနှိုင်းဆွေးနွေးလို့ အောင်မြင်ခဲ့ရင် လုပ်ငန်းအတွက် စာချုပ်ချုပ်မယ်။ ပြီးတော့ ဒီကုမ္ပဏီ ဆက်ခံမယ့် အုပ်ချုပ်သူရာထူးကို တစ်ခါတည်းကြေငြာမယ့် အစည်းအဝေး။ အခုတော့ သူလွဲသွားခဲ့ပြီ။ အုပ်ချုပ်သူရာထူးကိုလည်း သူငယ်ချင်းကျော်ကြီးက ရသွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့မို့ ငါခွင့်ရက်ရှည် ယူမယ်ကွာဆိုပြီး ပြန်လှည့်ထွက်ခဲ့မိတယ်။ ကျော်ကြီးတစ်ယောက်လည်း ကြောင်တောင်တောင်နဲ့ ကျန်ခဲ့မှာပါပဲ။

အိမ်ရောက်တော့ ကားသော့ကို ဒေါက်ကနဲနေအောင် ချလိုက်မိတယ်။ အခုတစ်လော သူ့အပြုအမူတွေအတွက် သက်ထားလည်း အထူးအဆန်းဖြစ်နေတယ်။ အားလုံးက ပြောင်းလဲနေတော့တာကိုး။ အရင်သူသိထားတဲ့ ဇေယျာအောင်ဆိုတာက ခပ်သွက်သွက် အလုပ်နဲ့ပတ်သတ်ရင် တိကျတယ်သေချာတယ် ပြီးတော့ သူ့အပေါ်မှာ ကြင်နာတယ်လေ။

အစ်ကို ထမင်းပွဲပြင်လိုက်ရမလားဆိုတော့ နေဦးဆိုပြီး သောက်လက်စ Chivas တစ်လုံးနဲ့ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်သောက်နေလေရဲ့။ တစ်ခွက် နောက်တစ်ခွက်...လက်စကို မသတ်နိုင်အောင် ဆက်တိုက်သောက်နေမိတော့တယ်။ ယိုင်ပြိုလာတဲ့ ကိုယ်နဲ့အတူ လောကကို တခဏတော့ မေ့သွားပြန်ပြီပေါ့။

မေ့လည်းခဏပါပဲ။ ဒီတစ်ခါ အိပ်မက်ကတော့ တယ်ထူးဆန်းနေပြန်တယ်။ ကျနော်တို့နှစ်ယောက်လုံး တောအုပ်တစ်ခု အလယ်က ကျောက်ဂူလေးထဲမှာ။ အဲဒီမဟာဆန်ဆန် ချောမော လှပတဲ့ အမျိုးသမီးက ကျောက်ဂူထဲမှာ ကျနော့ကို ထမင်းပြင်ကျွေးနေတာကိုး။

အသံတစ်ခုကြောင့် ပြန်နိုးလာခဲ့တယ်။ ဒါပေမယ့် အပြင်ဘက် ရေကူးကန်ထိပ်မှာ အဲဒီအမျိုးသမီး ကျနော့ကို ခေါ်နေပြန်တယ်။ ကျနော် သူမရှိရာကို ကမူးရှူးထိုး ပြေးထွက်ပြီး အတင်းလိုက်ဖမ်းတယ်။ ဗွမ်းခနဲဆိုတဲ့ အသံနောက်မှာ ကျနော့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားပြန်တယ်။

ပြန်သတိရလာတော့ ဆရာဝန်တစ်ယောက်ရဲ့အရှေ့မှာ။ ဆရာဝန်က သူ့ကိုမေးခွန်းတွေမေးတယ်။ ဆရာဝန်နောက်က သူနာပြုဆရာမကလည်း အဲ့ဒီအမျိုးသမီးပါပဲလား။ သူဆရာမလက်ကို အတင်းဆွဲပြီး ဘာပြုလို့ သူ့ဆီခဏခဏလာရတာလဲ ဆိုတဲ့ မေးခွန်းကို တရစပ်မေးနေမိတော့တယ်။ ဆရာဝန်ခေါင်းခါတာကိုလည်း သူမမြင်ရတော့ဘူး သက်ထားငိုနေတာကိုလည်း သူသတိမထားမိတော့ပါဘူး။

ဆရာဝန်ရဲ့ လေ့လာတွေရှိချက်တွေနဲ့အတူ ဦးဇေယျာအောင် ရောက်ရှိသွားတဲ့ နေရာသစ်တစ်ခုကတော့ စိတ္တဇဝေဒနာရှင်များ အတွက်ကုသဆောင်တစ်ခုပါပဲ။ သူ့ပတ်ဝန်းကျင်မှာရှိသမျှလူတိုင်းရဲ့ ဝေဒနာအမျိုးမျိုးကလည်း စုံလင်စွာနဲ့ပေါ့။ သိပ်သီချင်းဆိုကောင်းတဲ့ အမကြီးတစ်ယောက်က အဆိုတော်ရူး ရူးနေရှာတာ။ အမျိုးအမျိုးအဖုံဖုံ သရုပ်ဆောင်ပြနေတတ်တဲ့ အစ်ကိုကြီးကတော့ မင်းသားရူး။ တစ်ချက်တစ်ချက် သူ ထ,ထ အော်နေတတ်တဲ့ မပေးပေး ပေး ပေးပေး ငါ့ရွှေခွက်ပေး ဒီဟာ ငါ့ရွှေ ငါပိုင်တဲ့ရွှေ ငါ့ရွှေ ဆိုတဲ့ အသံကလည်း မာန်အပြည့်နဲ့လေ။ ကလေးငယ်လေးသေသွားလို့ကလေးရူး ရူးနေရှာတဲ့ မိခင်ငယ်ကိုလည်း မြင်တွေ့ခဲ့တယ်။

သူနေရတဲ့ အခန်းငယ်ထဲမှာ သူတစ်ယောက်တည်းပါ။ ဟိုဘက်အခန်းကပ်ရပ်က တစ်ယောက်ကတော့ သူ့ကို ရန်သူတွေလိုက်လာလို့ ဆိုပြီး အမြဲ အော်ဟစ်ပြေးလွှားနေကြ။ သူ့ကိုတွေ့ရင်လည်း ရန်သူတွေတွေ့ရင် ပြောပါလို့ အမြဲမှာရှာတယ်။ ဒီအခန်းကိုရောက်ပြီးတဲ့နောက် သူ့စိတ်တွေ အရမ်းကို ကျဆုံးသွားတယ်ဆိုရမယ်။ အစားမစားနိုင် အိပ်ရေးတွေပျက်ခဲ့လေတော့ သက်ထားတစ်ယောက် ဒီတစ်ခေါက် ပြန်အတွေ့မှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားရှာတယ်။ နောက်တစ်ခေါက် အစ်ကိုစိတ်ချမ်းသာအောင် သက်ထားလုပ်ပေးမယ်ဆိုပြီး ပြောသွားလေရဲ့။

နောက်နှစ်ပတ်လောက်အကြာမှာတော့ သက်ထားတစ်ယောက် ကျီးကန်းတောင်းမှောက် မျက်လုံးအစုံနဲ့ ရောက်လာပါတယ်။ အစ်ကို အပြင်မှာ သားငယ်ကျော်ဇ တစ်ယောက်အဆင်သင့်စောင့်နေတယ်တဲ့။ သက်ထားတို့ ကြည့်ပြီးလှုပ်ရှားကြတာပေါ့ဆိုပဲ။ နောက်တော့ သက်ထားက သူနာပြုတစ်ယောက်ကို ကျွန်မ သူ့ကို ပြင်ပ လေထိတွေ့ခွင့်ရအောင် ပန်းခြံထဲ ခဏဆင်းခွင့်ပြုပါနော်လို့ တောင်းဆိုလိုက်တယ်။ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ ဦးဇေယျာအောင်ကို ကြည့်ပြီး သူနာပြုကလည်း မငြင်းဆိုပဲ ခွင့်ပြုလိုက်ပါတယ်။

ပန်းခြံထဲ ရောက်တယ်ဆိုရင်ပဲ ကြိုတင်ကြံစည်လာတဲ့ သက်ထားက ဟိုဘက်နားမှာ လုံခြုံကင်မရာတွေရှိတယ်ဆိုပြီး ကင်မရာတွေရဲ့ ဝေးရာကို သူ့ကို တင်တဲ့ တွန်းလှည်းကို အတင်းတွန်းသွားခဲ့တယ်။ ပြီးတော့ ခြံစည်းရိုးခြုံတစ်ခုနားရောက်တော့ အစ်ကိုပြေး..ပြေးဆိုပြီး ကျနော့ကို တွန်းလွှတ်ခဲ့တာ။ သူကိုယ်တိုင်လည်း နောက်ကနေ အပြေးအလွှား။ ခြံစည်းရိုးအပြင်ဘက်မှာ တိတ်တိတ်ကလေး စောင့်နေတဲ့ ကျော်ဇကလည်း ဒီဘက်က လှုပ်ရှားမှုကို ရိုးတိုးရိပ်တိတ် မြင်တယ်ဆိုရင်ပဲ ကားစက်ကို အသင့် နှိုးထားခဲ့ပြီ။ သူတို့မိသားစုရဲ့ စွန့်စားခန်းကြီးက တကယ့်ကို ရင်တမမနဲ့ စိတ်လှုပ်ရှားစရာအပြည့်။

အိမ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ သက်ထားပြင်ထားပေးတဲ့ ခရီးဆောင်အိတ်ကိုဆွဲ ပြီး အဆင်သင့် စီစဉ်ထားတဲ့ လေယာဉ်လက်မှတ်တစ်ခုနဲ့ သူမန္တလေး ကိုဦးတည်ထွက်ခွာခဲ့တယ်။ ရန်ကုန် အဲယားဝေးလေယာဉ်က ညောင်ဦးကို ခဏဆင်းတော့ သူ့အတွေးတွေ ပြောင်းသွားပြန်တယ်။ ညောင်ဦးမှာ ဆင်းပြီး ပုဂံမြေကို သူသွားကြည့်စိတ်တွေပေါ်လာတယ်။ သူ ခရီးဆောင်အိတ်ကိုဆွဲရင်း လေယာဉ်မယ်လေးကို တစ်ချက်လှမ်းပြောလိုက်တယ် အရေးတကြီးကိစ္စပေါ်လာလို့ ညောင်ဦးမှာပဲ ဆင်းနေရစ်တော့မယ်ဆိုပြီး။

ညောင်ဦးရောက်တော့ သူတည်းနေကျ သီရိပစ္စယာဟိုတယ်မှာပဲ တည်းလိုက်တယ်။ အထုတ်တွေ ချအပြီးမှာတော့ သူနဲ့သိတဲ့ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးဌာနက ဒေါက်တာ ကျော်စွာကို သွားရောက်တွေ့ဆုံခဲ့တာပေါ့။ ဒေါက်တာရဲ့ ပုဂံမြို့ဟောင်းတူးဖော်ရေးတွေက အတော်ကို ပီပီပြင်ပြင်ရှိနေခဲ့ပြီ။ ရှင်းပြချက်တွေကို နားထောင်အပြီးမှာတော့ ခရီးပန်းလာတဲ့ အရှိန်နဲ့ ဟိုတယ်ပြန်အရောက် အိပ်ခန်းထဲမှာ တစ်ချိုးတည်း အိပ်ပျော်နေခဲ့ပြီလေ။

အိပ်မက်ထဲက မိန်းမပျိုက အခုဆို အရင်ကထက် သူ့အနားကို ပိုမိုနီးကပ်စွာ လာနေခဲ့ပြီ။ ပီပြင်လာတဲ့ ပုံရိပ်တွေထဲက အဲဒီမိန်းမပျိုကို သူ အသေအချာကို မှတ်မိနေခဲ့မိတော့တာပါပဲ။ မနက်ခင်းပေါင်းများစွာကို သူနိုးထခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတမနက်ခင်းကတော့ တစ်စုံတစ်ခုဖြစ်တော့မယ့်အလား သူ့စိတ်တွေလေးပင်နေခဲ့တယ်။

ဟိုတယ်အပြင်ဘက်ကို ခြေဆန့်လက်ဆန့်ထွက်ဖြစ်တယ်ဆိုရင်ပဲ ဟိုတယ်ရှေ့မှာ အဆင်သင့်စောင့်နေကြရှာတဲ့ Taxi ဆရာတွေက ၀ိုင်းဝန်း မိတ်ခေါ်ကြတယ်။ ဦးကြီး ရွှေစည်းခုံဘက်သွားမလား ဗူးဘုရားကို ဖူးမလားဆိုတာတွေနဲ့ပေါ့။ နောက်တော့ စိတ်ရူးပေါက်စွာပဲ Taxiဆရာတစ်ယောက်ကို ဦးတည်ပြီး ချောက်မြို့ဘက်ကို သွားတဲ့လမ်းက ထန်းလျက်ချက်တဲ့ဖိုတွေကြည့်ချင်တယ်လို့ သူပြောလိုက်မိတယ်။

Taxi ဆရာ မောင်းတဲ့ ဖုန်တထောင်းထောင်းလမ်းတွေတစ်လျှောက်မှာ အညာနွေရဲ့ ပူလောင်မှုကိုသူလည်း ခံစားရင်းပေါ့။ ထန်းပင်တွေ အစည်စည်ကြားထဲက တဲဟောင်းလေးတစ်ခုရှေ့နားမရောက်ခင် ကားလေးက ထိုးရပ်သွားခဲ့တယ်။ ကားက ဆက်သွားလို့မရတော့တာမို့ ကားဆရာကို ခဏဆိုပြီး ထန်းလျက်ကြိုတဲ့ဖိုဘက်ကို ထွက်လာခဲ့တယ်။ ထန်းလျက်လုပ်ငန်းကို လည်းလေ့လာချင်တာမို့ သူတို့တွေ အားသွန်ခွန်စိုက်ကျိုနေကြတဲ့ ပူပူလောင်လောင်တွေကြားထဲ တခဏ၀င်လိုက်တယ်။ ပြီးတော့ ဖိုကထွက်လာခါစ ပူပူနွေးနွေး ထန်းလျက်ခဲ ရှတတလေးကို ကြုံတုန်းကြုံခိုက်လေး မြည်းစမ်းနေမိတုန်း.. ကမန်းကတန်းမောင်းထွက်သွားလေတဲ့ ဂျစ်ကားတစ်စင်းပေါ်မှာ အိပ်မက်ထဲက မိန်းမပျိုက ကာကီရောင် ၀တ်စုံနဲ့ပါလား။

အမြန်ပြေးထွက်ပြီး Taxi ဆရာကို အဲ့ဒီကားနောက်ကို အမှီလိုက်ခိုင်းခဲ့တယ်။ ကားသွားတဲ့နေရာက တောအုပ်တစ်ခုထဲကို ခပ်နက်နက်သွားနေခဲ့တာကိုး။ တော်တော်လေးမောင်းမိတော့မှ ရှေ့မှာရပ်ထားတဲ့ ဂျစ်ကားနောက်မှာ ခပ်ခွာခွာရပ်ရင်း ကုန်းနိမ့်ဘက်ကို ဆင်းသွားတဲ့ အနှီမိန်းမပျိုကို မျက်စေ့တစ်ဆုံးစိုက်ကြည့်နေမိတော့တာ။

ဟိုးမြေနိမ့်တစ်နေရာမှာ ရှေးမြို့ဟောင်းတစ်ခု တူးဖော်နေကြတာပါလား။ မိန်းမပျိုကတော့ ခေါင်းဆောင်ဖြစ်ဟန်တူပါတယ်။ လူတွေကိုလိုက်လံညွှန်ကြားနေတာကို သူမြင်နေရတယ်။ သူ ဆက်နေချင်ပေမယ့် Taxi ဆရာက ညဘက် ကားပိုင်ရှင်ကို ကားပြန်အပ်ရမှာမို့ ပြန်ကြပါစို့ရယ် တပူပူတောင်းဆိုနေပြန်တယ်။ ခက်ပါတယ် စိတ်သွားတိုင်းကိုယ်မပါနိုင်ပြန်လေတော့ မပြန်ချင်ပါလျက် ပြန်ခဲ့ရပေမယ့် စိတ်ကတော့ ပြန်ပါမလာခဲ့တော့။

အဲဒီညက ထူးဆန်းစွာ အိပ်မက်တွေမရှိခဲ့။ မရှိဆို မိုးလင်းလိမ့်နိုးရယ် ထကြည့်လိုက် ပြန်အိပ်လိုက်လုပ်နေခဲ့မိတာကိုး။ မိုးလင်းတယ်ဆိုရင်ပဲ မနေ့က ကားဆရာကို ချိန်းထားတဲ့အချိန်ထက်စိတ်စောစွာ ထွက်စောင့်နေမိတယ်။ အဲဒီမြို့ဟောင်းနေရာကို ရောက်ဖို့အရေး မြန်လွန်းတဲ့ကားကိုတောင် နှေးတယ်ထင်နေမိတော့တာ။

လုပ်ငန်းခွင်စဖို့ပြင်ဆင်နေတဲ့လူတွေကို သူလိုက်လံငေးမောရင်း အိပ်မက်ရှင်အမျိုးသမီးလာမယ့်လမ်းကို စောင့်မျှော်နေခဲ့တာ။ လာပါပြီဆိုရင်ပဲ သူအပြေးအလွှားသွားရောက်ကြိုဆို မိတ်ဆက်မိတဲ့အထိ။ ခပ်ကြောင်ကြောင်လူတစ်ယောက်အဖြစ် ကြည့်တဲ့ မိန်းကလေးရဲ့ အကြည့်ကိုလည်း သူသတိမပြုနိုင်ခဲ့တော့။ တူတာတော့ တကယ့်ကို ချွတ်စွတ်တူနေခဲ့တာ။ ဘယ်လိုပဲကြည့်ကြည့် သူမှသူပါပဲ။ ဧကရီဆိုတဲ့ မိန်းကလေးက သူ့ကိုမေးတယ်ရှင်ဘာကြောင့် ဒီလုပ်ငန်းခွင်ထဲမှာ ၀င်နေတာလည်းဆိုတဲ့မေးခွန်းကို ကျနော် ရှေးဟောင်းမြို့ဟောင်းတူးဖော်ရေးလုပ်ငန်းကို စိတ်ဝင်စားလို့ပါလို့ ခပ်လွယ်လွယ်ပဲဖြေလိုက်တယ်။ နောက်ထပ်မေးခွန်းတစ်ခုမမေးခင်အထိတော့ ကိုယ်ဖြေလိုက်တဲ့ အဖြေကို ကျေနပ်နေမိတာ။ သူ့ကိုဆွံ့အသွားစေတဲ့ နောက်ထပ်မေးခွန်းက ဒါဆို ရှင်သမိုင်းအကြောင်းဘယ်လောက်သိလို့လဲတဲ့။

သူမသွားရာနောက်ကတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကို ငြိုငြင်ပုံပြပေမယ့် သူကတော့ မသိချင်ယောင်ဆောင်နေလိုက်တယ်။ အဓိက သူသိချင်တာက အိပ်မက်ထဲက အမျိုးသမီးဟာ ဧကရီပဲလား ဆိုတာကိုပါ။ သူ့ပင်ကိုယ်ဗီဇအတိုင်း သိချင်တဲ့အရာတစ်ခုကို စိုက်လိုက်မတ်တပ်လုပ်လိုက်ပြန်ပြီပေါ့။

ဆရာမ…ဟောဒီမှာ ရှေးဟောင်းအုတ်ချပ်တစ်ပြား။ သူ့အပေါ်မှာ စာတွေရေးထားတယ် ဆိုပြီး အလုပ်သမားတစ်ယောက်က လာရောက်ပြတာကို သူတို့အပြေးအလွှား သွားရောက် ကြည့်ခဲ့ကြတယ်။ အုတ်ချပ်ကို တယုတယကိုင်ပြီး သန့်ရှင်းဖို့ ကြိုးစားနေတဲ့ ဧကရီ့ကို ကူညီဖို့ သူလက်အိတ်တွေကို စွပ်လိုက်တယ်။ ပြီးတော့ အုတ်ချက်တစ်ဖက်ကို ထိလိုက်တယ်ဆိုရင်ပဲ………..မိုက်ခနဲဖြစ်သွားတယ်။ ပြီးတော့ သူ့ပါးစပ်က စကားတွေ တတွတ်တွတ်ရွတ်နေမိတယ်။ ဖြည်းဖြည်းချင်းလဲကျသွားတဲ့ သူ့ကို ဧကရီလည်း အလန့်တကြား ကြည့်ရင်း အံသြမင်သက်နေခဲ့တယ်။

သူသတိရတဲ့အချိန်မှာတော့ ညောင်ဦးမြို့နယ်ဆေးရုံမှာ ရောက်နေခဲ့ပြီ။ ဆရာဝန်က အားနည်းလို့ ဆိုပြီး အားဆေးတွေသွင်းပေးနေလေရဲ့။ သူ့ဘေးနားက ဧကရီကတော့ သူ့ကိုအထူးအဆန်းသတ္တ၀ါတစ်ကောင်လို ငေးကြည့်ရင်း သူ့ကို အကဲခတ်နေခဲ့တယ်။ သူ့အခြေအနေက ပုံမှန်ဆိုတော့ မှ မေးခွန်းတစ်ခုကို မေးခဲ့တယ် ဦးဇေယျာအောင် ရှေးဟောင်း ပျူစာကို သင်ယူခဲ့ပါသလားတဲ့။ ဟင့်အင်း ကျနော်တစ်ခါမှ မသင်ကြားခဲ့ရပါဘူး။ ဘာဖြစ်လို့လဲ မဧကရီ ဆိုတော့ သူမက သူမရဲ့ လက်ကိုင်ဖုန်းထဲက သွင်းထားတဲ့ အသံတစ်ခုကို ဖွင့်ပြခဲ့တယ်။ ဘာသာစကားတစ်ခုကို သူ့အသံနဲ့ ရွတ်ဆိုနေခဲ့တာ။

“အချစ်
နှစ်ပေါင်းထောင်ချီ
ကြာညောင်းပါစီ
မပြောင်းမလဲ
ရွှေလက်တွဲမည်….”

နောက်တော့ သူမစာအုပ်တစ်အုပ်ကို ဖွင့်ပြခဲ့တယ်။ အဲဒီစာအုပ်ထဲက စာလုံးတွေနဲ့ ပြီးတော့ အုတ်ချပ်ပေါ်ကစာလုံးတွေကို သူမ ဖတ်ပြခဲ့တယ်။ သူရွတ်ဆိုတဲ့ စကားလုံးတွေနဲ့ ထပ်တူညီနေခဲ့တာ သူကိုယ်တိုင်တောင် ကြက်သီမွှေးညင်းထမိတဲ့အထိလေ။

အပြန်မှာတော့ သူ့ကို ဧကရီက သူမရဲ့ဂျစ်ကားလေးနဲ့ လိုက်ပို့ခဲ့တယ်။ လမ်းမှာ ဧကရီ့ကို သူစကားတစ်ချို့ တောက်ကြည့်ခဲ့မိတယ်။ ဧကရီဘယ်ဘာသာဝင်လည်း ကျနော်မသိပါဘူး။ ဒါပေမယ့် ရှေ့ဘ၀ နောက်ဘ၀တွေဆိုတာတွေ ဧကရီယုံကြည်လားဟင်ဆိုတဲ့ စကားကို ကျွန်မက လက်တွေ့ဆန်ပါတယ်။ အဲဒီလို အကြောင်းအရာတွေကို ဘယ်တုန်းကမှ လက်မခံခဲ့တဲ့သူတစ်ယောက်ဆိုတဲ့ စကားနဲ့ သူဆက်ပြောမယ့် စကားတွေ ရှေ့ဆက်ခွင့်မရခဲ့တော့ဘူးလေ။ နောက်တော့ ကောင်းသောညနေခင်းပါဆိုတဲ့ စကားတစ်ခွန်းနဲ့ သူဟိုတယ်အခန်းကို ပြန်လာခဲ့ရတယ်။

နောက်ထပ်နှစ်ရက်တိတိ သူ ဧကရီရှိတဲ့ နေရာကို မသွားခဲ့ဘူး။ အိပ်မက်တွေကို မေ့ပျောက်ချင်နေမိတယ်။ ဘုရားတွေရှိတဲ့ဖက်ကိုပဲ သူစက်ဘီးတစ်စင်းငှားပြီး လျှောက်လည်နေမိတယ်။ လောကနန္ဒာဆိပ်ကမ်းမှာ တညနေ၊ ပြီးတော့ ဗူးဘုရားဆိပ်ကမ်း ညနေ ဆည်းဆာတွေကို ယှဉ်ကြည့်ရင်း မင်္ဂလာစေတီပေါ်က ဆည်းဆာကိုလည်း နောက်နေ့သွားမယ်လို့ ဆုံးဖြတ်မိတယ်။

ဟိုတယ်ကို ပြန်ရောက်တော့ ဧည့်သည်တစ်ယောက်ရောက်နေတယ်တဲ့။ အင်းသူလိုက်လာပြီထင်တယ်ဆိုပြီး စိတ်တွေလှုပ်ရှားစွာ ဧည့်ခန်းဆောင်ဘက်ကို ခပ်သွက်သွက်လျှောက်မိပြန်တယ်။ မျှော်နေတုန်း ကျော့ဆုံးလာစေချင်ဆိုတဲ့ သီချင်းကိုတောင် တိုးတိုးညည်းမိသေးတယ်။ ဒါပေမယ့်……….ကျနော်တွေ့လိုက်ရတာက ကျနော့ကို ဆွေးဆွေးမြည့်မြည့် ကြည့်နေတဲ့ ကျနော့ကြင်သူ သက်ထားရယ်ပါလေ။ သက်ထားရယ်ပါ…….

အစ်ကိုအဆင်ပြေတယ်မဟုတ်လားတဲ့။ မန္တလေးအိမ်ကလူတွေ တံတားဦးလေဆိပ်မှာ အစ်ကို့ကို တစ်နေ့လုံးစောင့်နေကြတာ။ အစ်ကို့ကို သက်ထားတို့လိုက်ရှာနေကြတာလေ။ လေကြောင်းလိုင်းကို စုံစမ်းတော့မှ အစ်ကို ညောင်ဦးမှာဆင်းနေရစ်တယ်ဆိုလို့ သက်ထားဒီကိုပဲတန်းလိုက်လာခဲ့တာတဲ့။

အဆင်ပြေပါတယ်သက်ထားရယ်လို့ ခပ်ဖွဖွဆိုရင်း ခရီးပန်းလာတဲ့ ဇနီးသည်ကို ငေးမောနေမိပြန်တယ်။ ကိုယ်ဒီမှာ နှစ်ရက်သုံးရက်လောက်နေချင်တယ်။ ဓမ္မရံကြီးဘက်ကို ဒီနေ့သွားဖို့စီစဉ်ထားတယ် သက်ထားမပင်ပန်းဘူးဆိုရင်တော့ လိုက်ခဲ့လေ။ သက်ထား အစ်ကို့ကို လာကြည့်တာပါအစ်ကို အစ်ကိုပျော်ရွှင်ကျေနပ်တယ်ဆို အစ်ကိုနေချင်တဲ့နေရာမှာ နေပါ။ သက်ထား မနက်ဖြန် ဖလိုက်နဲ့ ရန်ကုန်ပြန်မယ်။ အစ်ကို ပြန်လာမယ့်နေ့ကို သက်ထားစောင့်နေမယ် အခုတော့ သက်ထားရေမိုးချိုးပြီးနားလိုက်ချင်တယ်။ ညစာ တိုးတိုးဝင်းမှာပဲ စားကြမယ်လေ ဆိုပြီး အခန်းဘက်ကို လှည့်ထွက်သွားတယ်။

ညနေဖက် ဓမ္မရံကြီးဘက်ကို သက်ထားနဲ့အတူထွက်လာခဲ့တယ်။ မှောင်နေတဲ့ ညဘက်ထဲမှာ ထုထည်ကြီးမားတဲ့ ဓမ္မရံကြီးကတော့ ခန့်ညားစွာ တည်ရှိနေပြန်တယ်။ ဘုရားပရ၀ဏ်ထဲမှာ ၄၅မိနစ်လောက်ထိုင်အပြီးမှာတော့ ထမင်းစားဖို့ တိုးတိုးဝင်းဘက်ကို မြင်းလှည်းနဲ့သွားဖို့ ကြိုးစားခဲ့တယ်။ မြင်းလှည်းဆရာက လမ်းတစ်လျှောက်မှာရှိတဲ့ ဘုရားသမိုင်းတွေကို သေချာရှင်းပြနေခဲ့တယ်။ တစ်နေရာရောက်တော့ ဘုရားတစ်ဆူကိုလက်ညိုးထိုးပြီး ဘာဘုရားလည်းဟင်လို့ သက်ထားက မေးတော့ လေးနဘန်းဘုရားတဲ့။ ရှင်.....ဆိုတော့မှ အမရေ လမ်းနဘေးမှာရှိတော့ လေးနဘန်းဘုရားပေါ့တဲ့။ ကြောင်သွားတဲ့ သက်ထားခမျာ မြင်းလှည်းဆရာရဲ့ ပြက်လုံးကိုတဖြည်းဖြည်းသဘောကျပြီး ရယ်နေလိုက်တာ အပူအပင်တွေခဏကင်းစင်သွားသလိုပဲ။ သက်ထားရယ်…

မနက်သက်ထားပြန်သွားတဲ့နောက် Taxiဆရာလာမယ့်အချိန်ကိုစောင့်နေမိတယ်။ သူဒီအတိုင်းမနေနိုင်ဘူးလေ။ လိပ်ခဲတည်းလည်းဖြစ်နေတာကို သူဖြေရှင်းနိုင်မှ ဘ၀င်ကျတော့မယ်။ ဧကရီတို့ရဲ့ တူးဖော်ရေးလုပ်ငန်းကို သူရောက်ရပြန်ပြီ။ ဒီတစ်ခါဧကရီ့ကိုတွေ့တော့ သူ့အိပ်မက်တွေရယ် ဖြစ်ကြောင်းရယ်ကုန်စင်ကို သူကရားရေလွှတ်တတွတ်တွတ်ပြောနေမိတယ်။ အားနာပါနာနဲ့ နားထောင်လေတဲ့ ဧကရီတစ်ယောက် ပြောသမျှနားထဲကိုမ၀င်သလိုပါပဲ။ အဲဒီနေ့က ဧကရီဂျစ်ကားမပါတာမို့ ဧကရီ့ကို အိမ်ပြန်လိုက်ပို့ဖို့တောင်းဆိုခဲ့တယ်။ အိမ်အထိလိုက်ပို့ခွင့်မရှိပဲ လမ်းထိပ်ကနေပဲလှည့်ပြန်ခဲ့ရတယ်။ ပြီးတော့ နောက်ထပ်သူမတို့ရဲ့တူးဖော်ရေးလုပ်ငန်းဆီကို မလာရောက်ဖို့ သူမအနူးအညွတ်တောင်းဆိုခဲ့တယ်။ လုပ်ငန်းခေါင်းဆောင်ပိုင်းတစ်ယောက်ဖြစ်တာမို့ အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်ကြောင့်လို့ သူမက အကြောင်းပြခဲ့ပါတယ်။ သူ့ဘက်ကလည်း နောက်တနေ့ နေ့လည်စာကျွေးခွင့် (ဆေးရုံကိုလိုက်ပြ စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ) ကို ပြန်လည်တောင်းဆိုခဲ့တယ်။ နောက်ဆုံးတွေ့ဆုံခြင်းအဖြစ်ပေါ့။

နောက်တစ်နေ့ နေ့လည်မှာ ဟိုတယ်က ကားကိုစင်းလုံးငှားပြီး ကိုယ်တိုင်မောင်းထွက်ခဲ့တယ်။ နာမည်မမှတ်မိတော့တဲ့ မြစ်ကမ်းဘေးက စားသောက်ဆိုင်လေးတစ်ခုကိုပဲဦးတည်လိုက်တယ်။ ဧကရီနဲ့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ထမင်းအတူစားခဲ့တဲ့နေ့ပေါ့။ စားသောက်အပြီးမှာတော့ ဧကရီ့ကို ပုဂံမြို့တစ်ဝိုက် လည်ပတ်ရင်းရှင်းပြပေးပါလို့ အကူအညီတောင်းလိုက်တယ်။ သရပါတံခါးကြီးရဲ့ ကြီးကျယ်ခမ်းနားမှုက ပုဂံမြို့ကောင်းစားချိန်ကို ထင်ဟပ်ပေါ်လွင်စေတယ်။ ရွှေစည်းခုံစေတီဘေးက မင်းမိဖုရားလမ်းကိုတွေ့တော့ လူတန်းစားခွဲခြားမှုကို မြင်ရပြန်တယ်။ ပုဂံမြို့က ဘုရား အကုန်စေ့အောင် ဖူးချင်မိတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာက တွေးမိရင်း သက်ပြင်းချမိပြန်တယ်။

သူဦးတည်ပြီးမောင်းနေမိတာက ဗျတ္တပန်းဆက်လမ်းတစ်လျှောက်။ တော်တော်လေး ကျော်လာပြီးမှ ဧကရီက ဘယ်ကိုမောင်းနေတာလဲ ဦးဇေယျာအောင်ဆိုတဲ့ မေးခွန်းကို မေးတယ်။ ကျွန်မ ရှင့်ကိုယုံကြည်လို့ ဒီအစီအစဉ်ကိုလက်ခံခဲ့တာပါ လို့ပြောပြန်တယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်သလို မောင်းနေတဲ့ ဦးဇေယျာအောင်ကို ကြည့်ရင်း သူမကြောက်လန့်လာမိတယ်။ တစ်နေရာ အရောက်မှာတော့ ကားကိုထိုးရပ်လိုက်တယ်။

တောအုပ်တစ်ခုရဲ့ အစမှာပေါ့။ ခြုံနွယ်တွေရဲ့ အနောက်မှာတော့ သူအိပ်မက် မက်ခဲ့ဖူးတဲ့ ကျောက်ဂူ တစ်ခုကို တွေ့လိုက်ရတယ်။ လာဗျာ ကျနော်တို့ ၀င်ကြည့်ရအောင် ဒါကျနော်တို့ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိမ်လေးလေ။ ဦးဇေယျာအောင်ရဲ့ မျက်ဝန်းတွေက မှုန်မှိုင်းဝေသီနေတယ်။ တကယ်လေးနက်စွာ ပြောနေမှန်းခံစားလိုက်မိတော့ ငြင်းဆန်ဖို့ ဧကရီ ခက်ခဲနေပြန်တယ်။ ရောက်မှတော့ မထူးတော့ပါဘူးလေ ဆိုပြီး သူဦးဆောင်ခေါ်ရာနောက်ကို လိုက်လာမိပြန်တယ်။ သူတို့နှစ်ယောက် ဂူလေးနားအရောက်မှာ အလင်းတန်းတစ်ခုကို ဖျတ်ခနဲတွေ့လိုက်တယ်။

ဂူလေးက သန့်သန့်ရှင်းလေးနဲ့နေချင့်စဖွယ်ပုံစံလေး အဖြစ်အသွင်ပြောင်းသွားခဲ့တာကိုး။ အံ့သြစရာကောင်းလိုက်တာ။ သူတို့နှစ်ယောက် ဖြတ်သွားတဲ့ နေရာတိုင်းမှာ ဟိုးအရင်တုန်းက ပုံရိပ်လေးတွေ ပေါ်လာတယ်။ ဧကရီတစ်ယောက်လည်း အတိတ်ကို ပြန်သတိရမိသွားသလို ဦးဇေယျာအောင်ကို ချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းတွေနဲ့ ပြန်ကြည့်နေခဲ့တယ်။

ပြီးတော့ ဂူလေးထဲကို တဖြည်းဖြည်းချင်း တိုးဝင်သွားကြတယ်။ တစ်ယောက်လက်တစ်ယောက်ကို ဆွဲရင်းပေါ့။ ပြီးတော့ ကျောက်ဂူလေးထဲက ကျောက်စားပွဲလေးတစ်ခုနားမှာ ထိုင်လိုက်ကြတယ်။ စကားတစ်ခွန်းမှ မဆိုမိကြဘူး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အချိန်တွေကို ကုန်ဆုံးနေမိတယ်။

အသံတစ်ခုကြားလိုက်ရတယ်။ ပြီးတော့ မြူတွေဆိုင်းလာသလိုပဲ။ သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်မခွဲစတမ်း ဆုပ်ကိုင်ထားကြတယ်။ ဂူကြီးကလှုပ်လာသလိုပဲ။ မြုတွေကလည်း မည်းမှောင်လာသလိုပဲ။ အသက်ရှူကျပ်လာသလို တဖြည်းဖြည်းခံစားလာမိတယ်။ တွဲလက်တွေ မဖြုတ်တမ်းထားရင်က သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ပျောက်ဆုံးသွားကြတယ်။

သူသတိရလာတော့ ညောင်ဦးမြို့နယ်ဆေးရုံမှာ။ ဘေးနားကလူတွေပြောကြတာတော့ သူတို့ ဗျတ္တပန်းဆက်လမ်းပေါ်မှာ တွေ့လို့ဆေးရုံကိုပို့ခဲ့ကြတာတဲ့။ ဧကရီဆိုတဲ့ မိန်းကလေးအကြောင်းကိုမေးတော့ ဘယ်သူမှ ဂဃနဏ မပြောနိုင်ကြဘူးတဲ့လေ။ စိတ်ပူပန်စွာနဲ့ သူကုတင်ပေါ်က ထမယ်ဆိုတော့ သူနာပြုကခွင့်မပြုခဲ့ဘူး။ ခဏအကြာမှာတော့ သက်ထားဝင်လာခဲ့တယ်။ အစ်ကို ဒီတစ်ခါတော့ သက်ထားနဲ့ အိမ်အတူပြန်ကြတာပေါ့တဲ့။

ရန်ကုန်အဲယားဝေးလေယာဉ်နဲ့ ပြန်ခဲ့တယ်။ ထူးဆန်းတိုက်ဆိုင်လှစွာ အသွားတုန်းက လေယာဉ်မယ်လေးပဲ ဖြစ်နေခဲ့တယ်လေ။ သတင်းစာတွေ ဝေနေတုန်းမှာ သူအောက်ငုံ့နေမိတာမို့ မရလိုက်ဘူး။ လျှောက်လမ်းတစ်ဖက်က လူဖတ်နေတဲ့သတင်းစာရဲ့ စာမျက်နှာတစ်ချို့မှာတော့ ရှေးဟောင်းသုတေသနဌာနမှ ဒေါက်တာ ဧကရီတစ်ယောက် မနေ့က လန်ဒန်မှာ ဒေါက်တာဘွဲ့ရယူခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း သူမဖတ်လိုက်ရတော့ပါဘူး……….

ရုပ်ရှင်ခံစားမှုဆိုပေမယ့် ဒီတစ်ခါ ၀တ္ထုလိုမျိုးရေးလိုက်မိတယ်။ ပြင်သစ်ရုပ်ရှင် ဆိုတော့ လူတိုင်းကြည့်မိမှာ မဟုတ်လို့ ပြီးတော့ ဇာတ်လမ်းလေးကိုလည်း ကြိုက်လို့ ရေးဖွဲ့မိလိုက်တာပါ။ ဇာတ်လမ်းကျောရိုးကိုပဲယူခဲ့ပြီး အကြောင်းအရာတွေ အဆာပလာတွေကတော့ ဖန်တီးမှုသက်သက်တွေပါပဲ။ ဇာတ်လမ်းပေါ့ပျက်သွားခဲ့တယ်ဆိုရင် ဖန်တီးတဲ့ ကျနော့ရဲ့ ညံ့ဖျင်းမှုများသာဖြစ်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းရှည်ပြီး အပိုင်းတွေ များသွားခဲ့ရတဲ့အတွက်
တောင်းပန်ပါတယ်ဗျာ။ စိတ်ရှည်လက်ရှည်စောင့်ဖတ်ကြသူများကိုလည်း ကျေးဇူးအထူးပါ။

ဒီဇာတ်ကားလေးကို ကြည့်နေတုန်းက ၀င်းဦးရဲ့မိန်းမလှအမုန်းကို အထူးသတိရမိတယ်။ ပြီးတော့ အလုပ်တွေများပြီး မွန်းကြပ်နေတဲ့ ကိုယ့်ဘ၀ကို ပြန်တွေးကြည့်မိတယ်။ စိတ်ပညာနဲ့ ပတ်သတ်လို့ သေချာမလေ့လာဘူးလို့ သရုပ်ခွဲမပြနိုင်ဘူး။ တကယ်တော့ လုပ်ငန်းခွင်မွန်းကြပ်မှုတွေကြားမှာ စိတ်ထွက်ပေါက်တွေ မြောက်မြားစွာ ရှိနိုင်ပါလားဆိုတာပါပဲ။

ကျေနပ်ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ

တနှစ်က TV5က ကြည့်ခဲ့ဖူးတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကို ပြန်လည်ခံစားရေးဖွဲ့ထားတာပါ။ ရုပ်ရှင်နာမည်ကို ဘယ်လိုမှ ဖော်လို့မရတော့တာမို့ ခွင့်လွတ်နားလည်ပေးပါခင်ဗျာ…

16 April 2009

အလွမ်းရာသီ

“၀ုန်း….ဗွမ်း အမလေး အပေါ်က ရေနဲ့ပက်တယ်……”

အသံတွေဆူညံနေပြန်တော့ လူကိုလှုပ်နိုးလိုက်သလိုပဲ ဆတ်ခနဲ သတိပြန်ရလာတယ်။ ဒီိလမ်းကို လျှောက်ရပြန်ပြီတဲ့လေ။ အတွေးထဲက အလွမ်းရထားက ဘယ်အထိတောင် မိုင်ထောင်ချီလွင့်နေခဲ့တယ်မသိ။ တကယ်ကိုမသိခဲ့ပါလေ…..

မပီပြင်မှုန်ဝါးနေပေမယ့် အရိပ်တစ်ချို့ကထင်ဟပ်ဆဲမို့ အဖြူအမည်းအနေနဲ့တော့ ပြန်တွေးလို့ရနေဆဲ။ ဟောဒီစစ်ကိုင်းတောင်ရိုးတစ်လျှောက်ကို သင်္ကြန်တွင်းကာလ တက်ဖူးကြရင်ဖြင့် လမ်းဘေးတစ်ဖက်တစ်ချက် နံရံစည်းရိုးတွေထဲက ရေတွေပက်ကြတာကို သိကြမယ်ထင်ပါတယ်။ ဘုန်းကြီးကျောင်းသား အမောင်ငယ်တစ်ယောက်လည်း စစ်ကိုင်းတောင်ရောက်စ နှစ်ကနေ နေခဲ့တဲ့သက်တမ်းတစ်လျှောက် အဲ့ဒီအပျော်ထဲမှာ အသေအချာကိုနစ်ဝင်ခဲ့တာပေါ့။

“ဟဲ့အမောင်ငယ် ကျောင်းဝန်းထဲ တံမြက်စည်းပြောင်အောင်လှည်း ပြီးရင်ရေတွေဖြည့်နော်” ဆိုတဲ့ ဆရာတော် ပြောနေကျ စကားကို မြေ၀ယ်မကျ ဘုရား တင်ပါ့ဘုရားရယ်ထူးရင်း ဒီမြေမှာပဲ ကြီးပြင်းခဲ့ရတယ်။ တကယ်တမ်းတော့ အမောင်ငယ်ဆိုတာ မိဘတွေမျက်ကွယ်ပြုပြီးတဲ့နောက် ဘကြီးဘုန်းကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ရတာမဟုတ်လား။ မိရယ်ဖရယ်မရှိတဲ့နောက်မှာတော့ ဘကြီးဘုန်းဘုရား သည်သာ ကိုးကွယ်အားထားရာ။ ဒီအရပ်သည်လည်း သူ့အတွက် မွေ့လျော်ကြီးပြင်းရာပေါ့။ ဘုရားရိပ်တရားရိပ်အေးရိပ် သည်မြေဇေယျာသာ သူ့အတွက် တွယ်တာစရာဖြစ်ခဲ့သည်ကော။

အမောင်ငယ်အမှတ်မမှားဘူးဆိုရင် အဲဒီနှစ်က မြစ်ပြင်ကျယ်မှာ သောင်တွေထွန်းစ ပြုလာတဲ့နှစ်။ ဧရာဝတီ ဇလာဝိုင်းကို အမောင်ငယ်ငေးမောနေတတ်ပြီလေ။ တွေးတောတတ်စပြုခဲ့ပြီ။ အမောင့်ကို တယောတီးသင်ပေးတဲ့ ဘကြီးတင်မောင်ကြောင့် ရာသီဘွဲ့တွေကြားမှာ လှုပ်ရှားသက်ဝင် ရင်ခုန်နေတတ်ခဲ့ပြီလေ။ နှင်း…ငွေရောင်ဖြူစွ တူစွသံသာလေ..နေခြည်ပုလဲနုတော့ စုကာဖြန်းတော့ လန်းဆန်းစိုပြေ…သြော်..နှင်းပျောက်တဲ့နွေ၊ ၀ဿန်ခါမှီလရာသီ..မှိုင်းတွဲ့သိုင်းဖွဲ့လို့ ဟန်ချီ မင်းလွင်ဆီ မြူခိုးတွေက ဖြိုးဖြိုးပျပျ ရွှေလသည်…ကြိုတင်ကာမာန်တင်းကာပ အသူရာသိကြားမင်းက စစ်ခင်းကာပြိုင်ကြသည်၊ရယ်လို့ ရေရွတ်မြည်တမ်းတတ်နေခဲ့ပြီ။

ဘာရယ်ညာရယ် ရော်ရမ်းလွမ်းတမ်းတရတဲ့ နွေညရဲ့ တစ်ညမှာတော့ ဆွမ်းဦးပုညရှင်စေတီပါးမှာ တစ်ယောက်တည်း ၀တ်ပြုပြီး ညတစ်ညရဲ့ အလှကို ထိုင်ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ “ရွှေမင်းဝံ ထံတော်ပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်း ပြည့်စေသားလို့ မြတ်ဘုရားထံဆုပန် ဆုပန်ချွေ” ဆိုတဲ့ အသံချိုချိုအေးအေး က နားထဲကိုဝင်လာခဲ့မိတော့တယ်။ တောချောက်တောင်ချောက်တယ်ဆိုရအောင်လည်း ဟောဒီမြေက ဘုရားဝတ္တကမြေ။ ဘယ်ချောင် ဘယ်စခန်းဆီက မှန်းဆလို့မရနိုင်လောက်အောင် ပျောက်ဆုံးနေခဲ့သည်လေ။ အဲဒီညက အမောင်ငယ် အိပ်ရာဝင်နောက်ကျခဲ့သည်ပေါ့။

မြတ်လေးပန်းတွေ ငုံဖူးတဲ့ ညအလယ်မှာ မွေးဖွားခဲ့သည်မို့ သူမနာမည်က မြတ်လေးငုံတဲ့။ မြတ်လေးငုံ တို့မိဘတွေက ရှေးရိုးဆန်တဲ့ တောင်သူကြီးမျိုးတွေ။ စည်းကမ်းကြီးသော မိဘများလက်အောက်တွင်ကြီးပြင်းရသည်မို့ မြတ်လေးငုံရဲ့ သင်္ကြန်တွင်းကာလ ဌာနေသည် ဟောဒီစစ်ကိုင်းချောင်က ဖွားလေး ဇရပ်ဖြစ်ခဲ့တာ ရွှေရင်သိမ်းသစ် ၁၆နှစ်မတိုင်ခင်ကတည်းပါ။

အဲသည်ညက ညရဲ့ဖမ်းစားမှုအောက်မှာပဲ မြတ်လေးငုံ အလွမ်းသီချင်းတစ်ပုဒ်ကိုဆိုညည်း မိသည်ကောလေ။ ဒေါ်လေးငယ် သီချင်းတက်လေတိုင်း စီးဝါးလိုက်ပေးရတတ်တဲ့ မြတ်လေးငုံရဲ့ အဆိုကလည်း စီးလွတ်ဝါးလွတ်ပေမယ့် စိတ်ထဲက စီးဝါးကို လိုက်ရင်း ဆိုတတ်ခဲ့လေတယ်။

အကယ်၍မြတ်လေးငုံသာ ဆွမ်းမလောင်းဖြစ်ခဲ့ရင်။ အင်း အဲဒီအတွေးမျိုး တကယ်တော့မတွေးချင်ခဲ့ပါဘူးလေ။ အာရုဏ်တက် တုံးမောင်း ခေါက်သံအပြီးမှာ ဆွမ်းလောင်းဖို့အဆင်သင့်ပြင်ရင်း သံဃာတော်တွေ တန်းစီကြွမယ့်အရပ်ကို မျှော်ကြည့်မိတယ်။

အေးချမ်းတဲ့ မနက်ခင်းအလှကို ဆွမ်းလောင်းလှူတဲ့ကုသိုလ်စိတ်နဲ့ စတင်ခဲ့တဲ့မနက်ပေါ့။
မြန်မာမိန်းကလေးပီပီ ပုဝါကို ကိုယ်မှာပတ်လျှိုရင်း ဆွမ်းဟင်းခွက်တွေ လောင်းဖို့ အားသန်နေတုန်း တောင်ပြန်လေအဝှေ့မှာ မေ့ပုဝါလွင့်ပါလေရော။ လွင့်လေတဲ့ ရင်ခတ်ပုဝါက တိုက်ဆိုင်တယ်ဆိုရလေမလား အမောင်ငယ်ခြေသလုံးကြားကို ပတ်ငြိတွယ်ခဲ့လေတယ်။

အို….ကျွန်မပုဝါလေးလို့ တစ်ချက်လွှတ်ခနဲ ထွက်သွားပြီးတဲ့နောက် မိန်းကလေးငယ်ခမျာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာပါတယ်။ အမောင်ငယ်ခမျာလည်း အားနာနာနဲ့ ခြေထောက်က ပုဝါကို ကမန်းကတန်းငုံ့ဖြေပြီး ရော့ပါခင်ဗျာ လို့ပြန်ပေးဖြစ်ခဲ့တယ်။ မြတ်လေး ကျေးဇူးတင်ပါတယ်လို့ပြောအပြီး ဇရပ်ထဲကိုပဲ ၀င်ခဲ့လိုက်တယ်။ ကြောက်လန့်တာလား ရှက်ရွံ့တာလား မသိတဲ့ စိတ်အစုံနဲ့ပေါ့။ စိတ်လှုပ်ရှားမှုကြောင့်ထင်ပါရဲ့ အမောင်ငယ့်စိတ်မှာ မှတ်ထားလိုက်မိတာက သူမနာမည် မလေးဖြစ်သွားတဲ့အထိလေ။

အချိန်လေးအတော်ကြာတော့မှ ဟိုတစ်ည အသံရှင်ဟာ မလေးပါလားလို့ သိလာရတယ်။ အဆိုအတီးတွေ ၀ါသနာပါကြလေတော့ စည်းနဲ့ဝါးကနေ သစ္စာတိုင်အထိ သီချင်းတွေ တိုင်ပင်ဆွေးနွေးဖြစ်ကြလေတယ်။ အပြင်လောကနဲ့ သိပ်မထိတွေ့ရလေတဲ့ မလေးအတွက် လောကမြေအလှဘွဲ့တွေကို အမောင်ငယ်က ဖွဲ့ဆိုပြခဲ့တာပေါ့။ မလေးသိပ်ရောက်ဖူးချင်တဲ့ မြသိန်းတန်စေတီရဲ့ အလှ။ သီတာခုနှစ်တန်ဆိုတဲ့ လှိုင်းတွေကြားမှာ ကောင်းကင်ပြာနဲ့ ဘုရားဖြူ။ ပြီးတော့ ပန်းချီသိပ်ဆွဲချင်မိတဲ့ ပုထိုးတော်ကြီး။ ပုထိုးတော်ကြီးပေါ်က မျက်စိတဆုံး အံ့သြမကုန်နိုင်တဲ့ သဘာဝရှုခင်းတွေ။ ဟုတ်လေသလားမသိတဲ့ ဘုရားကြီးမပြီးခင် အစောင့်ခြင်္သေ့ရုပ်ကြီးတွေပြီးသွားခဲ့လို့ ပြိုပျက်စီးခဲ့လေတယ်ဆိုတဲ့ စကားတွေကလည်း မလေးအတွက် စိတ်ဝင်စားဖွယ်အတိ။ ကြီးမားလေးလံလှတဲ့ မင်းကွန်းခေါင်းလောင်းကြီးနဲ့ သိပ်ကိုလှပတဲ့ မိုးမိတ်ကုန်းမြေ။ ရွှေကြက်ယက် ရွှေကြက်ကျနဲ့ ဧရာဝတီမြစ်ပြင်ကျယ်ထဲက ငှတ်ခတ်သမားတွေအကြောင်း၊ သစ်သားတိုင်တွေနဲ့ ရှည်လျားခန့်ညားနေတဲ့ ဦးပိန်တံတားနဲ့ မယ်ဇယ်တန်း မရောက်ဖူးလေသမျှ နားသောတနဲ့ ခရီးနှင်ခဲ့ရတာ အမောင်ငယ်ကြောင့်ပါလေ။

နှစ်ဆန်းတစ်ရက်နေ့ ပြီးရင်တော့ မြတ်လေးငုံ မူရင်းအရပ်ကို ပြန်ရတော့မယ်။ ဘယ်တော့မှ မမေ့တော့မယ့် အတက်နေ့ညမှာ ဆိုဖြစ်ခဲ့တဲ့သီချင်းက “နှစ်ကိုယ်တူချစ်သမျှတွေ အလိုတူရှစ်ဆကဲနေ ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ ဒီပါလုံးတစ်မိုးအောက်နှစ်ယောက်အတူနေ “ ဆိုတဲ့သီချင်းဖြစ်နေခဲ့တယ်။ အပေါင်းအဖော်ရယ်လို့ မရှိလေတဲ့ မြတ်လေးငုံဘ၀မှာ အမောင်ငယ်သည် ပိဘီသူငယ်ချင်းတစ်ယောက် မောင်ဘွားတစ်ယောက်နှယ်။

ငယ်ရွယ်သူတွေ မတွေးခဲ့ပေမယ့် တွေးကြောက်လေတဲ့ မြတ်လေးငုံမိဘများကတော့ ကြားရတဲ့ သတင်းအရပ်ရပ်အတွက် မှတ်ချက်တွေ တသီကြီးပေး ဆွေးနွေးချက်တစ်လှေကြီးနဲ့ နောင်နှစ်မှသည် ဘယ်သောခါမှ မြတ်လေးငုံကို ဟောဒီအရပ်ကို ခြေချခွင့်မပေးခဲ့တော့။ အဆိုအတီးဝါသနာပါကြသူခြင်းမို့ အဲဒီအတက်ည ဆိုမိခဲ့တဲ့ နှစ်ကိုယ်တူချစ်သမျှသီချင်းက အသက်ဝင်လှသည်တဲ့လေ။ ပတ်ဝန်းကျင်မြင်ကွင်းကျယ်က ဘောင်ခတ်ခဲ့သည်ကော။

ရုပ်ရှင်ဆန်ဆန် ၀တ္ထုဆန်ဆန် အကြောက်အကန်ငြင်းဆန်ပြီး အိမ်မပြန်ချင်တဲ့ မလေးငုံမဟုတ်ခဲ့သလို။ မလေးကို ဘယ်မှ မခေါ်သွားရဘူးလို့ အပြင်းအထန် တားမြစ်မယ့် အမောင်ငယ်လည်း မဟုတ်ခဲ့။ မလေးကလည်း ဇေယျာမြေကို ပြန်မရောက်ခဲ့သလို အမောင်ငယ်ကလည်း မလေးရှိရာ လိုက်မရှာခဲ့ပါဘူး။

ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်း အမောင်ငယ်တစ်ယောက် မလေးငုံလာမယ့် လမ်းကို မှန်းမျှော်ပြီးစောင့်ခဲ့တယ်။ သံယောဇဉ်ဆိုတဲ့ အမှတ်ကလေးနဲ့ စောင့်ခဲ့တာ ခွဲခွာပြီး အနှစ်လေးဆယ်ပြည့်တဲ့ အထိ တစ်နှစ်မှ ဟောဒီဇေယျာမြေကို မရောက်ဖြစ်တာမရှိခဲ့။

အခုလည်းလေးလေးသွဲ့သွဲ့ ခြေလှမ်းတွေနဲ့ ဇေယျာသောင်ကမ်းကို မှန်းကြည့်နေမိပြန်ပြီ။ မန္တလေး City FM က ဂန္တ၀င်အသံလွင့်အစီအစဉ်က လေထဲကနေလွင့်လာပြန်တယ်။ ခေါင်းကိုဆတ်ခနဲ ဖြစ်စေတဲ့ ဒီအသံ ဒီဟန် “ရွှေမင်းဝံ ထံတော်ပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်း ပြည့်စေသားလို့ မြတ်ဘုရားထံဆုပန် ဆုပန်ချွေ” ဆိုတဲ့သီချင်းသံ။

ဒီအသံနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ အလွမ်းရာသီတွေ ကြာခဲ့ပါပြီလေ……………

06 April 2009

ဖောက်ပြန်ခြင်း

ဒီမနက် ကျနော့ဘလော့ကို ပိတ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဘာအတွက်လဲ။ တကယ်က ထာဝရပိတ်တော့မယ်လို့ ရည်ရွယ်ခဲ့တာပါ။

ဒီဘလော့မှာ စာရေးတိုင်း ကျနော့စိတ်ထဲမှာ ရိုးသားမှုတွေ ကြည်လင်မှုတွေ အမြဲရှိနေခဲ့တယ်။ ရှိနေအောင်လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မနေ့ညက ကျနော့မရိုးသားမှုကို ကျနော်မြင်ခဲ့ရတယ်။ မကောင်းလိုက်တဲ့ စိတ်ဓါတ်လို့လည်း ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်မိတယ်။ အဲဒီတော့ ရိုးသားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီဘလော့ရဲ့ ရပ်တည်မှု ပျောက်ဆုံးသွားသလိုပါပဲ။ ကျနော်စာဆက်ရေးနေလို့ကော ရပါဦးမတဲ့လား။

တစ်ချို့က စာပဲလာဖတ်ကြတယ်။ တစ်ချို့ကတော့ကော့မန့်လေးတွေပေးသွားကြတယ်။ တစ်ချို့က တစ်ခေါက်ပဲလာတယ်။ တစ်ချို့က တစ်ခေါက်မကလာတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် သူတို့ပေးလိုက်ရတဲ့ အချိန်အတွက် ကျနော့ဘက်က ထိုက်တန်တဲ့ အရာတစ်ခု ပြန်ပေးချင်မိတယ်။ အခုအချိန်မှာ ကျနော်ရေးတဲ့ စာတွေက ဘာမှမဟုတ်လေတော့ တတ်နိုင်သမျှ ရိုးသားမှုလေးတော့ ပြန်ပေးဆပ်ချင်မိတယ်။

မနေ့ညက ကျနော့စာတစ်ပုဒ်မှာ ရှိနေတဲ့ ကော့မန့်တစ်ခုအတွက် စာဖတ်သူတစ်ယောက်နဲ့ ထုံးစံအတိုင်း အငြင်းအခုံဖြစ်ကြတယ်။ စာဖတ်သူက ပြောပါတယ် နှစ်ယောက်လုံးမှန်တယ်တဲ့။ ကျနော်က နှစ်ဖက်လုံးတော့ မမှန်နိုင်ဘူးဆိုပြီး အကိုးအကား အကြောင်းအချက်နဲ့ ရှင်းမိတယ်။ ရှင်းမိတယ်ဆိုပေမယ့် သေချာတာကတော့ ကျနော်မှန်တယ်လို့ တစ်ဖတ်သတ်ပြောမိတာပါ။ ပြောရင်း အရှိန်တွေ လွန်ပြီး ဒေါသတွေပါ ပါမိသလို ကျနော်ခံစားရတယ်။ တစ်ဖက်က စာဖတ်သူကတော့ အေးအေးဆေးဆေးပါပဲ။ ကျနော့ဖြေရှင်းချက်တွေကိုလည်း မငြင်းပယ်ပါဘူး။ သူလက်ခံခဲ့ပါတယ်။

အားလုံးပြီးသွားတော့ ကျနော်ပြန်စဉ်းစားမိသွားတယ်။ မေးခွန်းတွေ တန်းစီထုတ်မိတယ်။ ဘာကြောင့်များ တစ်ဖတ်သတ်ငြင်းဆန်ခဲ့မိတာပါလိမ့်။ ကျနော်မှန်တယ်လို့ကော ဘာကြောင့် တထစ်ချပြောနိုင်ခဲ့တာလဲ။ ကိုယ်တိုင်က ဘာမှမဟုတ်လေတဲ့ ငပမွှားကောင်လေး စာရေးတာတစ်နှစ်ကျော်တာလေးနဲ့ပဲ ကိုယ့်ကိုကိုယ် မာန်တက်နေမိပြီလား။

မေးခွန်းတွေအားလုံးကို စေ့ငုအောင် ပြန်သုံးသပ်မိတယ်။ ကျနော့ကိုယ်ကျနော်ထိတ်လန့်သွားမိတယ်။ ကိုယ့်အတ္တက သိပ်ကြီးမားပါလား။ ငါရေးတာ အမှန်လို့ ကို တန်းတန်းစွဲဖြစ်မိတဲ့ အတ္တ။ အဲဒီအတ္တနဲ့ တစ်ညလုံးလောင်ကျွမ်းမိတော့တာကိုး။ ဒီအချိန်မှာ ဘယ်သူလာပြောပြော ဘာကိုမှ လက်မခံချင်တော့။ ဘယ်မှာလဲ ရိုးသားတယ်ဆိုတဲ့ ရွာသား။ အဘယ်ရိုးသားမှုတွေကိုပေးမတဲ့လဲ။ ဘာစာတွေဆက်ရေး မလဲ။ ကိုယ်ထင်တာတွေ ရေးပြီး အမှန်တွေလို့ ထင်နေဦးမှာပဲ မဟုတ်လား။

အဲဒီစိတ်ကို ရွံ့မုန်းမိတာမို့ ကျနော့ဘလော့ကို ပိတ်လိုက်မိပါတယ်။ ဘလော့တည်ဆောက်ပေးတဲ့ ညီမငယ်ရယ်၊ ကျနော်လေးစားတဲ့ ဆရာမတစ်ယောက်ရယ် စာအရေးကောင်းတဲ့ကျနော့အမကြီးတစ်ယောက်ရယ်၊ စာအမြဲလာဖတ်ပြီး အားပေးလေ့ရှိတဲ့ ညီငယ်တစ်ယောက်ရယ်က ခွန်အားတွေ ပေးခဲ့ပါတယ်။ နွေးထွေးမှုတွေရှိနေသေးပါလား။ ကျနော်မရိုးသားပင်မယ့် သူတို့ ကျနော့ကို ၀ိုင်းဝန်းအားပေးခဲ့ကြပါတယ်။

အခုဒီဘလော့ကို ဆက်ဖွင့်ထားပါမယ်။ စာတော့ ရေးဖြစ်ဦးမယ်မဟုတ်ပါခင်ဗျာ…

05 April 2009

ရင်ရက္ကန်း ဘလော့ချည်ထည်

လွမ်းချည်မျှင်
စင်ရက္ကန်းမှာ
ရက်တဲ့ချည်ထည်
လွန်းထိုးကာ
ဟိုဒီပြေးလို့
ရက်ခဲ့လေတယ်

အလွမ်းပြေ
ရက်လေတယ်
တိုင်ချည်မသိ
တိုင်ရှိတိုင်း
ယက်တဲ့အထည်

လက်ခတ်သံ
ညံလွန်းလေလား
လွန်းထိုးသံ
ရင်ဘတ်ကြားမှာ
ကြားဖို့ခက်ခဲ

လွန်းရာကျော်
စင်မမှန်း
ချည်ချောရယ်
မြင်သူမက်ရင်
ကျေနပ်ပါရဲ့….

စာတွေလျှောက်ရေးနေမိပါတယ်။ ဘယ်သို့ရေး၍ ဘယ်သို့ချီရမယ် ဘယ်ပုံသွင်းပြီး ဘယ်သို့ယွန်းရမယ် တကယ်နားမလည်။ ဘာအတွက်ရေးနေတယ်ဆိုတဲ့ မေးခွန်းတိုင်းအတွက် ရိုးသားတဲ့ အဖြေတစ်ခုက ခံစားချက်တွေ ဝေမျှရုံသက်သက် ၀ါသနာကို ဖြေချရုံသက်သက်ရယ်ပါ။

ဖက်ရှင် ရုံးပိတ်ရက်

ဒီတစ်ပတ်ရုံးပိတ်ရက် အပြင်ထွက်ရင်း ဖက်ရှင်ပွဲတစ်ခုနဲ့ တိုးပါတယ်။

ကျနော့အမတစ်ယောက်က ယောင်္ကျားလေး ခပ်မိုက်မိုက်ဆို ကြိုက်တယ်လို့မှတ်ထားမိလို့ သူ့အတွက် ဓါတ်ပုံတွေ ရိုက်ခဲ့ပါတယ်ဗျာ
















ကျန်တဲ့သူတွေအတွက်လည်း ကွန်ပလိန်းမတက်အောင်ပေါ့ဗျာ (တကယ်တော့ ကျနော်ကိုယ်တိုင်က အများကြီးရိုက်ခဲ့တာ၊ ရှေ့က အမအတွက်ဆိုတာက ကြည့်ကောင်းအောင်ပေါ့ဗျာ။ အဲဒီအမသိရင် သူဒီလိုပဲလာပြောမှာပါ)





















ပျော်ရွှင်ဖွယ် ရက်သတ္တပတ်လေးဖြစ်ကြပါစေခင်ဗျာ

03 April 2009

အဝေးရောက်ကြယ်

မှေးမှိန်ခဲ့တယ်
တကယ့်ကို မှေးမှိန်ခဲ့ပါတယ်
မလင်းတလက် လင်းတလက်ရယ်မို့
အလင်းမဲ့တယ် ဆိုကဲ့ရဲ့လည်း
လင်းလျက်ငွေကြယ် မငြင်းရက်တယ်
တကယ်တော့ ငါဟာ အဝေးရောက်ကြယ်
မေ့ပျောက်ဖို့လွယ်တဲ့
ဟိုး……..အဝေးကကြယ်

ငယ်တုန်းက စသင်ရတဲ့ ကဗျာလေးက
မှိတ်တုတ်မှိတ်တုတ်လက်သောကြယ်
သင်သည်ဘယ်လောက် အံ့သြဖွယ်
ဤကမ္ဘာထက်လွန်မြင့်မား
မိုးကောင်းကင်ထက် စိန်ပမာ

အဲဒီကဗျာလေးသင်ပြီးကတည်းက သူက ကြယ်ကလေးသိပ်ဖြစ်ချင်ခဲ့တာတဲ့။ ပြီးတော့ သူကြားဖူးနားဝရှိတာလေးက အလင်းရောင်မဲ့တဲ့ ညဘက်တွေမှာ ခရီးသွားတွေအတွက် ကြယ်တွေက လမ်းပြပေးတဲ့ အမှတ်အသားလေးတွေတဲ့။ အိုး…..တကယ့်ကို ရူးသွပ်စွာ ကြယ်ကလေးဖြစ်ခွင့်ကို အနူးအညွတ်တောင်းဆိုမိခဲ့တာ…….

02 April 2009

ရင်ထဲကြွင်းကျန်ရစ်လေသော ပိတောက်နှစ်ပင်

လေထဲမှာ ရနံ့တွေ ရနေသလိုလိုပါလား။ ဒီအချိန်ဒီကာလဆို သူတို့တွေကို သတိရတတ်တယ်။ အရိပ်တကြည့်ကြည့် နေမိတတ်တာကိုး။ အစိမ်းရောင် အရွက်ဖားဖားတွေကြားက ပြူထွက်စ အဖူးလေးတွေ ရှိမရှိကြည့်နေတတ်တယ်။ မနက်တိုင်းမှာ ရွှေဝါရောင် အပွင့်တွေနဲ့ အစိမ်းရောင်တွေ ပျောက်လုနီးပါး ဖြစ်မဖြစ်ကို စောင့်ကြည့်နေကြလေ။ အခုတော့………….

ကျနော်တို့ အိမ်မှာ ပိတောက်ပင်နှစ်ပင်ရှိခဲ့တယ်။ အင်း..ရှိခဲ့ဖူးတယ်ဆိုပိုမှန်ပါလိမ့်မယ်။ အဲဒီပိတောက်ပင် နှစ်ပင်က ကျနော်တို့ ညီအစ်ကိုနှစ်ယောက်စိုက်ခဲ့ဖူးတာပါ။ သင်္ကြန်ရက်လည်ရင်း ဇောတိကကျောင်းဖက်အရောက် ဆရာတော်က ပိတောက်ကိုင်းတွေ ဝေနေတာနဲ့ အိမ်မှာစိုက်ဖို့ တောင်းလာခဲ့ကြတာ။ ဇောတိကကျောင်းတိုက်က ပိတောက်မျိုးက သိပ်လှတယ်လေ။ ရွှေဝါရောင် အဆုပ်လိုက် အခဲလိုက်ပွင့်တဲ့ ပိတောက်တွေ။ အိမ်ရှေ့အိမ်မှာ တစ်ကိုင်း အိမ်နောက်အိမ်မှာ တစ်ကိုင်းပေါ့။ အနောက်အိမ်က တစ်ခြားလူတွေကို ငှားထားခဲ့တာ။ ခြံစည်းရိုးနားကပ်ပြီး အနောက်အိမ်က ကိုမိုးနဲ့ပူပေါင်း စိုက်ခဲ့ကြတာပေါ့။

တဖြည်းဖြည်း အပင်ကြီးလာတော့ ပိတောက်ပင်တွေရဲ့ အောက်မှာ အရိပ်ခို ဆော့ကစားမြဲ။ မိသားစုစကားဝိုင်းတွေကလည်း ပိတောက်ပင် ခြေရင်းမှာပေါ့။ အပွင့်တွေ ပထမဆုံး စပွင့်တော့ သိပ်အများကြီး မပွင့်ခဲ့ဘူး။ ဘုရားတင်ရင်း အိမ်က အဖွားနဲ့ အဒေါ်တွေ တခုတ်တရ ပန်ကြတာပေါ့။ အိမ်နားနီးချင်းတွေလည်း နည်းနည်း ပါးပါး ဝေခဲ့ပါသေးတယ်။ ပိတောက်ပန်းသိပ်ကြိုက်တဲ့ ကျနော့ ငယ်သူငယ်ချင်းကတော့ အပွင့်ကြွေတွေပါကောက်ပြီး သီပန်တာဗျ။ ပြောလို့ပြောတာမဟုတ်ဘူး အိမ်ရှေ့ မြေပြင်မှာ ပိတောက်တွေ ကြွေနေရင် သိပ်လှတာ။ ကဗျာဆန်တယ်လို့ထင်မိတယ်။ သူငယ်ချင်းကတော့ နင်သိပ်စိတ်ကူးယဉ်တာပဲဆိုပြီး မကောက်ဖို့တားနေတဲ့ကြားက ဇွတ်ကောက်တော့တာပါပဲ။

ကျနော့ အဖွားကတော့ ပိတောက်ပွင့်တဲ့ မနက်ခင်းဆို ရေမိုးချိုး သနပ်ခါးခြေဆုံးခေါင်းဆုံး အကျအနလိမ်း ပြီတော့ တစ်ခေါင်းလုံးဝေနေအောင် ပိတောက်တွေပန် “ပန်းပန်ရင် နန်းဆန်တယ်တော့ မယ်ကျော့ကုသိုလ် ကျော့ကုသိုလ်ရှင့်” ဆိုပြီး တပြုံးပြုံးနေတော့တာ။

ပထမဆုံးခွဲခဲ့ရတဲ့အပင်က အိမ်ရှေ့က အပင်။ အိမ်ကစီးပွားရေးကျားကန်ဖို့ အိမ်ရှေ့မြေကွက်လပ်ကို ပွဲရုံတစ်ခုအဖြစ် ဖန်တီးခဲ့ရတယ်။ အိမ်ရှေ့မြေကွက်လပ်က ကျနော်တို့ ပိတောက်ပင်လေးကိုတော့ မြေလှန်ပစ်ခဲ့ရတော့တာပေါ့။ အိမ်ရှေ့မြေကွက်လပ်မှာ ခြေချတိုင်း ပိတောက်ပင်လေးရှိနေသေးတယ် ထင်နေတုန်းတဲ့လေ။

အဖွားဆုံးပြီးနောက်တစ်နှစ်မှာတော့ အမွေတွေ ခွဲဝေပေးဖို့ အနောက်ဖက်အိမ်ကို ရောင်းခဲ့ရပြန်တယ်။ အိမ်ပိုင်ရှင်အသစ်က မြေမချန်ပဲ အိမ်အသစ်ဆောက်ပစ်ခဲ့တာဆိုတော့ ခြံစည်းရိုးနားကပ်ပြီး မြင်နေရသေးတဲ့ နောက်ဆုံးပိတောက်ပင်လေးလဲ မရှိရှာတော့ဘူးပေါ့။

တစ်ခုတော့ စဉ်းစားမိတယ်။ ပိတောက်ပွင့်ချိန်ရောက်ရင် ပိတောက်ပန်းတွေခူး အကိုင်းတွေချိုးဖဲ့။ အပင်လေးခမျာ အကိုင်းမဲ့ အရွက်မဲ့ ကျန်ရစ်ခဲ့ပြန်တယ်။ ဒါပေမယ့် နောက်တစ်နှစ်ရောက်ပြန်တော့ အကိုင်းခက်အရွက်ဝေလျက် ရဲဝံ့စွာ ပွင့်နေပြန်ရော။ ချိုးဖဲ့သွားလည်း အမုန်းမဖက် ပြုံးလျက်ပြန်ပွင့်ဝေနိုင်တယ်နော်။ ပိတောက်ပင်တွေလို ပြုံးလျက်ပြန်ပွင့်နိုင်ဖို့ ကျနော်တော်တော်ကြိုးစားရပါလိမ့်မယ်။ ခက်ခဲဘိချင်းနော်။

သင်္ကြန်ရက်နီးပြီဆိုတော့ ဖက်ဆွတ်ရုံကျမယ့်မိုးကို စောင့်ပြီး ပိတောက်တွေပွင့်ကြတော့မယ်။ ကျနော်ကတော့ ရင်ထဲမှာ ကြွင်းကျန်ရစ်လေတဲ့ ပိတောက်ပင်အောက်မှာထိုင်စဉ်တုန်းက ရေဒီယိုကလာတတ်တဲ့ “ တစ်မြို့စီခြားပေမယ့် ငယ်ကချစ်သူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ လေလှိုင်းကြားက ခွန်းဆင့်ပါရဲ့ ဆွေ ချစ်သူမောင်ရေ…..” ဆိုတဲ့ သီချင်းလေးကို ကြားယောင်ရင်း လွမ်းစိတ်တွေဝေ နေမိတော့တယ်..

01 April 2009

ငြိုးမာန်ဖွဲ့ အမုန်း


ဒီရက်ပိုင်း စာတွေသိပ်မရေးချင်ဘူး။ စိတ်ထဲမှာလည်း တအုံ့နွေးနွေးနဲ့။ မနှစ်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေး တစ်ခုကို ပြန်သတိရနေမိတယ်။ အခွေဝယ်မယ်ဆိုပြီး ဆိုင်မှာကြည့်တော့ တရုတ်စာတန်းထိုးပဲ ရှိတယ်ဆိုလို့ ပြန်ချခဲ့ရတယ်။ ၂၀၀၆ခုနှစ်က ဇာတ်ကားအဟောင်းလေးပါ ပြီးတော့ ထိုင်ဝမ်ဇာတ်ကားတွဲလေးပါ။ ကြည့်ခဲ့တာ ကြာခဲ့ပြီဆိုတော့မှတ်မိသမျှလေးတွေကို ပြန်ချရေးလိုက်တာပါ။

မိသားစုတစ်စုရဲ့ ပျော်ရွှင်စရာ ခရီးတစ်ခုနဲ့ အစပြုထားခဲ့တယ်။ ဒါပေမယ့် သူတို့မှာ တစ်ခုခု စိုးထိတ်နေရတဲ့ပုံပါပဲ။ အမွှာညီအစ်မနှစ်ယောက်နဲ့ လူငယ်စရိုက်ကလေးတွေလည်း ပြထားပါသေးတယ်။ ညဘက်မှာတော့ အော်ခေါ်ပြီး အကူအညီတောင်းခံသံကို ကြားလိုက်ရတယ်။ အစ်မကြီးလည်း ပျောက်ဆုံးနေခဲ့တာပေါ့။ ရေအလယ်မှာ လှေတစ်စင်းနဲ့ အော်ဟစ် အကူအညီတောင်းနေတာက အစ်မကြီးကိုယ်တိုင်ပါပဲ။ သူက ရေကြောက်တတ်သူပါ။ သူအိပ်နေရာကနေ အိပ်ရာကနိုးတော့ အဲဒီရေလယ်ခေါင်က လှေထဲမှာ သူရောက်နေခဲ့တာတဲ့။ အားလုံးက တစ်စုံတစ်ယောက်လုပ်တယ် လို့ထင်နေကြတယ်။ အဲဒီတစ်စုံတစ်ယောက်က ဘယ်သူလဲ ဘာကြောင့်အဲ့ဒီလို လုပ်ရတာတဲ့လဲ။ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းက အဲဒီနေရာကနေ ကျနော့ကို ဆွဲခေါ်သွားတော့တာပါပဲ။

အမွှာညီအစ်မရဲ့ အမေက ကျောင်းအုပ်ဆရာမကြီးပေါ့။ သူတို့ရဲ့ အဖေက ဆောက်လုပ်ရေး အင်ဂျင်နီယာထင်ပါရဲ့။ သူတို့စိုးထိတ်နေတဲ့ တစ်ယောက်က သူတို့အမေ တစ်လောက ကျောင်းထုတ်လိုက်တဲ့ ကျောင်းဆရာတစ်ယောက်ပါ။ ဘာဖြစ်လို့ ကျောင်းထုတ်လိုက်တာလဲဆိုတော့ ခပ်အေးအေးနေတတ်ပြီးသိမ်မွေ့တဲ့ သမီးအကြီးကို ထိကပါးရိကပါးလုပ်လို့ပါ။ စည်းကမ်းကြီးတဲ့ ဆရာမကြီးက ဒါမျိုးဘယ်လက်ခံလိမ့်မလဲ။ သမီးကိုထိတာဆိုတော့ ပိုအရှက်ရ ပေါက်ကွဲတော့တာပါပဲ။

ကျောင်းဆရာအနေနဲ့ကလည်း သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိခဲ့တယ်။ ဒါကြောင့်လည်း ဒီကောင်မလေးကို သူထိကပါးရိကပါး လုပ်ရဲခဲ့တာ။ ဇာတ်လမ်းရဲ့ ဇာတ်အိမ်က အဲဒီလျှို့ဝှက်ချက်ပေါ်မှာ တည်နေခဲ့တာ။

ပြီးတော့ သူတို့အဖေ သူငယ်ချင်းမိသားစု။ သူငယ်ချင်းက ဆုံးသွားပြီဖြစ်တာမို့ ကျန်ခဲ့တဲ့ သားနဲ့ တီဗီသတင်းကြော်ငြာသူ မိခင်တို့ကို ကူညီစောင့်ရှောက်ထားခဲ့တာပါ။ ကြိုးချင်းထား ကြိုးချင်းငြိတာဆိုတော့ သမီးအကြီးနဲ့ အဲဒီသားတို့ မေတ္တာမျှနေကြပုံပါပဲ။

ဇာတ်လမ်းရဲ့ အမြင့်ဆုံးအပိုင်းကိုခေါ်သွားဖို့ သမီးအငယ်က အသစ်ဆောက်နေဆဲ ကျောင်း အဆောက်အဦးပေါ်ကနေ ခုန်ချသွားခဲ့တယ်။ မြို့မိမြို့ဖတွေရော အားလုံးအုတ်အော်သောင်းတင်း ဖြစ်သွားကြတယ်။ ကျောင်းအုပ်ကြီးသမီးက သတ်သေတယ်ဆိုတော့ သတင်းတွေ အတင်းတွေ အဖျင်းတွေနဲ့ ဗရပွပေါ့။ သမီးအတွက်ရတတ်ပွေနေတုန်း စုံးစမ်းရေး ဖြေရှင်းချက်တွေနဲ့ ကျောင်းအုပ်အမေရဲ့ ရင်ထဲကိုဝင်ကြည့်ရင် ဗလောင်ဆူပွက်နေမှာပါပဲ။

ညီမငယ်ရဲ့ ကျန်နေရစ်တဲ့ အခန်းထဲကို အလွမ်းပြေ၀င်ကြည့်ရင်း စိတ်ဝင်စားစရာတစ်ချို့ကို တွေ့ရှိသွားခဲ့တယ်။ သူ့ကို chat room တစ်ခုက စကားတွေပြောနေခဲ့တာ။ အဲဒီလူက အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သတ်တဲ့ပုံပဲ။ သူ့ညီမနဲ့လည်း ပတ်သတ်ဟန်ရှိပါတယ်။ သူတို့ဘယ်သူတွေလည်း သိပ်သိချင်နေမိတယ်။ ကြည့်နေတဲ့ ကျနော်ကိုယ်တိုင်လည်း သိပ်သိချင်နေမိတော့တာ။ သူ့အတွက် အားကိုးရာဖြစ်တဲ့ သူ့ချစ်သူနဲ့ အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားတော့တာပေါ့။

သူ့ညီမနဲ့ ပတ်သတ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်း နှစ်ယောက်ကို သူဆက်သွယ်ခဲ့တယ်။ တစ်ယောက်က ညီမငယ်အတွက် အသက်သေခံသွားတဲ့ ကောင်လေးရဲ့အစ်ကို။ နောက်တစ်ယောက်က ညီမငယ်ရဲ့ သူငယ်ချင်း။ အဲဒီကနေ ရနိုင်သလောက် သဲလွန်စတွေ သူစုဆောင်းခဲ့တယ်။ သူ့ညီမငယ်က သိပ်ဥာဏ်ကောင်းတယ်။ သဲလွန်စတွေကို လွယ်လွယ်ကူကူဖော်ထုတ်လို့ မရနိုင်အောင် သိုဝှက်သိမ်းဆည်းနိုင်ခဲ့တာ။

Chat room နဲ့ ပတ်သတ်လေတဲ့ အဖွဲ့အစည်းက နိုက်ကလပ်တစ်ခုနဲ့လည်း စပ်ဆက်နေပြန်တယ်။ ပြီးတော့ အဲ့ဒီနိုက်ကလပ်က လူတိုင်းဝင်ခွင့်မရှိပါဘူး။ သူတို့အသင်းဝင်တွေကိုသာ ၀င်ထွက်ခွင့်ရှိတဲ့ နိုက်ကလပ်ပေါ့။ အဲဒီနိုက်ကလပ်ကို သူဝင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်သေးဘူး။ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းတွေကို ကြည့်ရင်း ကိုယ်တိုင်ပါ ပါဝင်လှုပ်ရှားနေမိတော့တယ်။

အဲဒီအချိန်မှာ သမီးတွေကို အနှောင့်အယှက်ပေးနေတာ သူအလုပ်က ထုတ်ပစ်လိုက်တဲ့ ကျောင်းဆရာပါလို့ တစ်ထစ်ချ စွဲနေတဲ့ ကျောင်းအုပ်ဆရာမကြီးကလည်း အဲဒီကျောင်းဆရာကို သူ့နည်းသူ့ဟန်နဲ့ သတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ကျောင်းဆရာသိထားတဲ့ လျှို့ဝှက်ချက်ကလည်း သူ့အတွက် အများကြီးအရှက်ရစေခဲ့ ခြောက်လှန့်ခဲ့တာကိုး။ မြေဖြူကိုင်တဲ့လက်က လူသတ်တော့ သူကိုယ်တိုင်လည်း လိပ်ပြာမလုံခဲ့ပါဘူးလေ။ သူ့အပြစ်အတွက် သူကိုယ်တိုင်ပဲ ဆေးကြောခဲ့တယ်ထင်ပါရဲ့။တုန်လှုပ်နေတဲ့ သူရဲ့ အမူအယာ၊ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်သူ (ပြိုကွဲလုနီးပါ အိမ်ထောင်ရေး)၊ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်တစ်ယောက်၊ မိသားစုအရှက် (အထူးသဖြင့် သူ့သမီးတွေရဲ့ အရှက်) အတွက် ကာကွယ်တဲ့သူ အဖြစ် သရုပ်ဆောင်ပီပြင်လွန်းခဲ့ပါတယ်။

သဲလွန်စတွေ ပေါ်လုလု အချိန်မှာတော့ နှလုံးသားတွေ နာကျင်စရာ အပြည့်နဲ့ပါပဲ။ ဘယ်သူတွေက ဘာအကြောင်းကြောင့် ဒီပြစ်မှုတွေကို လုပ်ခဲ့တယ်ဆိုတာ သိရတဲ့အချိန်မှာ အဲဒီအကြောင်းတွေ စုံစမ်းမှုမပြုခဲ့ရင် ကောင်းမှာဆိုတဲ့ ထိခိုက်နာကျင်ပြီးမှရတဲ့ နောင်တကို ရလိုက်မိတယ်။ ပြီးတော့ ကိုယ့်ဘေးနား ပတ်ဝန်းကျင်ကလူတွေ ဘယ်သူတွေက ကိုယ့်ကို စိတ်ရင်းစေတနာမှန်နဲ့ ဆက်ဆံနေခဲ့တာတဲ့လဲ။ ဘယ်လိုသိနိုင်ပါ့မလဲဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပေါ်လာမိတယ်။ လူမှုပတ်ဝန်းကျင်ထဲက မိသားစုတွေရဲ့ ကြုံဆုံလာရတတ်တဲ့ ပြဿနာတွေ သစ္စာဖောက်ဖျက်မှုတွေ နောင်တမဲ့ကျူးလွန်မှုတွေ ဒါတွေဟာ လူသားတွေရဲ့ ဓလေ့စရိုက်တဲ့လား။ လူတိုင်းမကြုံတွေ့နိုင်ပေမယ့် ဒီအဖြစ်အပျက်တွေ တကယ်ရှိခဲ့နိုင်ပါတယ်။

အရာအားလုံးရဲ့ အဆုံးသတ် တရားခံကတော့ အဲဒီ အမုန်းတွေပါပဲ။ ဆရာမဂျူးခေါင်းစဉ်တပ်ခဲ့သလို အမုန်းကြောင့်ဖြစ်တဲ့ စစ်ပွဲတွေပါ။ အမုန်းတရားတွေကနေ ရန်ငြိုးဖွဲ့ပြီး အစီအစဉ်တကျ လက်စားချေခဲ့တာတွေပေါ့။ ဖြစ်နိုင်ရင် ဘယ်ရန်ငြိုးမှ မရှိချင်ခဲ့သလို ဘယ်လိုအကြောင်းကြောင့်မှ ဒီကမ္ဘာမြေကို အဲဒီ အမုန်းတရားတွေနဲ့ မညစ်နွမ်းစေချင်ဘူး။ လူတိုင်း လူတိုင်း အမုန်းတရားတွေ ကင်းဝေးကြပါစေ။ ဘယ်သောအခါမှ ငြိုးမာန်ဖွဲ့အမုန်းတွေနဲ့ မကြုံကြ မဆုံကြပါစေနဲ့လို့…..