31 August 2008

ဇီးပင်ကြီးတွေ သီးနေပြီလေ

အညာဒေသရယ်မို့ ဇီးပင်တွေက အပြိုင်းအရိုင်း နေရာတကာမှာပေါ့။ ဇီးပင်တွေတိုင်းက ဇီးချိုသီးတွေ မဟုတ်ခဲ့တာမို့ တစ်ချို့ဇီးပင်တွေအောက်မှာ ဇီးသီးတွေက ဝေလို့ကြွေလို့…….

အဲဒီဇီးသီးတွေကို အသုံးချခဲ့ရတဲ့ ကလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒီနှစ်ဇီးသီးတွေကောက်လို့ရတဲ့ ငွေသည် နောက်နှစ်သူ့ရဲ့ စာသင်နှစ်အတွက် ဖတ်စာအုပ် ဗလာစာအုပ်စသည် မရှိမဖြစ်လိုအပ်သည်တို့အတွက်။ ထို့အတွက်မို့ နှစ်စဉ်သူကောက်ခဲ့ရတဲ့ ဇီးသီးတွေက မနည်းမနော။ ဇီးပင်ကြီးတွေသာ စကားပြောတတ်ခဲ့ရင် သက်သေထူပါလိမ့်မယ်။

နွေနေမို့ပူပေမယ့် ဇီိးပင်တွေအောက်မှာ အေးရိပ်ထင်ခဲ့ရသူပါ။ တစ်ခါတစ်ခါ မကြွေသေးတဲ့ ဇီးသီးလေးတွေကို ဇီးပင်ကြီးကို လှုပ်ပြီးချွေခဲ့ရဖူးတယ်။ ဝေနေပေမယ့် ကောက်ယူသူမရှိတဲ့ ဒီအသီးလေးတွေကို တယုတယ ကောက်ယူခဲ့ရဖူးတယ်။ ဇီးချဉ်သီးတွေမို့ မျက်နှာငယ်ကြတယ်လေ။

ကောက်လာတဲ့ဇီးသီးတွေကို အိမ်ရှေ့သံမံတလင်းမှာ ခင်းကျင်း အခြောက်လှန်းထားရတတ်တယ်။ ခြောက်သွေ့ပြီ တစ်ခေါက်ဆာပြည့်ပြီဆိုမှ ဆာလာအိတ်ထဲကိုထည့် ကောက်တဲ့ဒိုင်ဆီကို စက်ဘီးလေးပေါ်တင်ပြီး သွားသွင်းရတယ်။ ဒိုင်က ပြည်တောင်းကြီးနဲ့ချိန်လေရဲ့။အိမ်မှာ ချိန်တုန်းက များပေမယ့် ဒိုင်ဆီရောက်ရင် လျော့လျော့သွားမြဲ။ ကောက်လာတုန်းက တနင့်တပိုး အိမ်မှာလှန်းတုန်းက ခြောက်သွေ့လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့လျော့လာမှာပါလေ။ တစ်ပြည်မှ ၇ကျပ်သာဆိုတော့ ဘယ်လောက်ရမှာတဲ့လဲ။

နှစ်တိုင်းသီးသမျှ ဇီးသီးတွေကို အကောက်မပျက်ခဲ့။ ဇီးသီးတွေနဲ့ အဲဒီကလေးကို ဇီးသီးဒိုင်ကလည်း အမြဲအမှတ်ရမြဲ။

အခုလည်း ဇီးပင်ကြီးက ဇီးသီးတွေသီးနေပြီလေ………..


ဟိုး………..အတိတ်ဆိုတာ မမေ့ကောင်းတာမို့ ဇီးပင်ကြီးတွေကိုအမြဲအမှတ်ရဆဲ

ပိတောက်နွေစာပေရပ်ဝန်းမိတ်ဆက်

ကျနော့မိတ်ဆွေသူငယ်ချင်းများခင်ဗျာ ကျနော်ရဲ့တစ်ချို့သောစာတွေကို ပိတောက်နွေစာပေရပ်ဝန်းမှာလည်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ ကျနော် ပထမဆုံးတင်ထားတာက နံရံရဲ့တစ်ဖက်တစ်ချက် ဆိုတဲ့ ၀တ္ထုတိုလေးပါ........

အဖြည့်ခံ

မင်းမြှားပစ်မယ်ဆို
ကိုယ်ဟာ ပစ်ကွင်းတစ်ခုပါ

မင်းကားမောင်းမယ်ဆို
ကိုယ်ဟာ ပြေးလမ်းတစ်ခုပါ

မင်းအပင်စိုက်မယ်ဆို
ကိုယ်ဟာပျိုးပင်တစ်ခုပါ

မင်းနေမကောင်းဘူးဆို
ကိုယ်ဟာဆေးတစ်ခွက်ပါ

မင်းထားခဲ့မယ်ဆို
ကိုယ်ဟာမင်းရဲ့
အောင်မြင်မှု မှတ်တိုင်တစ်ခုပါ..........

အဖြည့်ခံသူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ

30 August 2008

လောကများ.............


တခါတခါ လောကကြီးကို တစ်ခုတည်းလို့မြင်ပေမယ့် ကိုယ်တိုင်မသိရှိနိုင်တဲ့ တခြားလောကတွေ ရှိနေသေးတယ်။ အဲလိုမျိုးမတွေ့ဖြစ်ခဲ့ဘူးဆိုရင်လည်း ကျနော်ပြောတာ ပုံပြင်လေးတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ရင်လည်း ကျေနပ်ပါတယ်။

ဆယ်တန်းအောင်ကာစ အကြွေးတစ်ခုကိုဆပ်ဖို့ဖြစ်ခဲ့တယ်။ ငါးတန်းကတည်းက ကျနော့ကိုစာအလကားသင်ပေးတဲ့ ကျနော့ဆရာက သူ့ကျူရှင်မှာ Bio ပြပေးပါတဲ့။ အင်း လစာမပေးဖူးဆိုမှလာပြပေးမယ်ဆိုတော့ သူကလည်းလှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်။ ဆရာက ကပ်စေးတော့နဲတယ်လေ။ အဲဒါနဲ့ ကျနော့ရဲ့ ပထမဆုံးအတွေ့အကြုံစခဲ့ပါတယ်။

အတန်းထဲမှာ သုံးဆယ်လောက်တော့ ရှိပါတယ်။ အနီအနား ရွာနီးချုပ်စပ်က ကလေးတွေရယ် ၀န်ထမ်းသားသမီးလေးတွေရယ်ပါ။ စသင်မယ်ဆိုတော့ ကြောက်တော့ အကြောက်သား။ အသက်က သူတို့တွေနဲ့ ကွာလှ တစ်နှစ်လောက်ပဲကွာတာလေ။ လူရှေ့မှာထွက်ရမယ်ဆိုရင် အရင်တည်းက မြန်မာလူမျိုးပီပီ အရှက်အကြောက်ကြီးနေကျ။ အတန်းရှေ့မှာ ကျောက်သင်ပုန်းဖျက်ဆိုရင်တောင် ဆရာကိုကြောက်လို့သာ ကိုယ်ကိုတိုင်ကတော့ ဒူးတွေတုန်လို့။ ဆရာမတစ်ယောက်ပြောတဲ့ ဟာသလေးကိုလည်းပြန်ကြားနေသေးတယ်။ သူဆရာမဖြစ်စကတဲ့ သူငယ်ချင်းတွေက ပြောတယ် သူတို့တွေရဲ့ ပထမဆုံး အတွေအကြုံကို အတန်းထဲ စ၀င်ဝင်ချင်း အရှိန်မရခင် ကျောက်သင်ပုန်းကို အရင်ဖျက်တဲ့ အားမွေးပြီး ရဲဆေးတင်တဲ့ အိုကေပြီဆိုမှ အတန်းထဲကို ပြန်လှည့်လိုက်တဲ့။ဆရာမအလှည့်လည်း ရောက်ရော အတန်းထဲဝင်ဝင်ချင်း ကျောက်သင်ပုန်းကို ဖျက်ဖို့ ကြိုးစားမလို့လှည့်လိုက်တာ ကျောက်သင်ပုန်းက ဖျက်ပြီးသားဖြစ်နေတာမို့ မြေဖြူရှာချင်ယောင်ဆောင်လိုက်ရသတဲ့။ ဆရာတစ်ယောက်ကတော့ ပထမဆုံးနေ့ ပူထူပြီး ကျောက်သင်ပုန်းဖျက်လိုက်တာ အတန်းရှေ့က ဆရာလျှောက်လမ်းခုံကနေ ပြုတ်ကျသွားတယ်လေ။ အရှိန်လွန်သွားတာ။ အိုးတိုးအမ်းတမ်းနဲ့ ကျနော့ရဲ့ ပထမဆုံးစာသင်ရတဲ့နေ့လေး ကို အမှားအယွင်းများစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

နောက်တနေ့ ကျနော်စာမေးပွဲဖြေရမယ်ဆိုရော အားလုံးပြာယာခပ်ကုန်တယ်။ ပုံမဆွဲတတ်ဘူးပေါ့။ စာမကျက်ရသေးဘူးပေါ့။ ကဲရှေ့ကို တစ်ယောက်ဆီထွက်ဆိုတော့မှ အိမ်မှာဆွဲစရာ ခဲတံမရှိတဲ့လူနဲ့ ခဲဖျက်မရှိလို့ ကမောက်ကမပုံထွက်တဲ့လူနဲ့ ကလေးထိန်းနေရလို့ဆိုတာကလည်းပါသေး ဖယောင်းတိုင်ကုန်သွားလို့ တ၀က်ပဲဆွဲနိုင်တဲ့လူနဲ့ ဘယ့်နဲ့။ ဆယ်တန်းကိုများ ပေါ့သေးသေးမှတ်လိုက်တာဆိုပြီး ဒေါသထွက်လိုက်ရတာ။ မနက် ၂နာရီအထိ မအိပ်ပဲ စာတွေကျက်ခဲ့ရတဲ့ အဖြစ်တွေကို ဘယ်လိုပြောရမှန်းကို မသိခဲ့။ ရသလောက်ဖြေဆိုတော့ ခုံချဲဖြေခိုင်းလို့ကလည်း မရပြန်။ ခဲတံမပါ ခဲဖျက်ကလည်းငှားကြနဲ့ အဲဒီဒုတိယနေ့ကို စိတ်ကုန်ခဲ့လိုက်တာ။

ဒုတိယနေ့ကို သင်ခန်းစာယူပြီး တတိယနေ့မှာ အိမ်က ခဲတံတွေ ခဲဖျက်တွေ ယူသွားမိတယ်။ အမေကလည်း ဒါမျိုးဆိုအားပေးတယ်။ ဘယ်သူ့သားသမီးက မရှိရှာဘူး ဘယ်သူတို့က ကျောင်းလခမတတ်နိုင်ဘူးဆိုပြီး အဲဒီကျူရှင်မှာ ကျနော့အိမ်က လခပေးပြီး ကျောင်းထားပေးတာ ၂ယောက်လောက်ပါတယ်ဆိုပဲ။

တတိယနေ့ကစလို့ ကျနော့ရဲ့ အစီအစဉ်အောင်မြင်ခဲ့ပါတယ်။ တဖြည်းဖြည်း သူတို့လည်း ကျနော့ရဲ့ သဘောကို စောကြောမိလောက်ပါပြီ။ အတိုင်အဖောက်ညီနေခဲ့ပြီ။

သင်ခန်းစာ တစ်ခုလုံးအပြီးမှာတော့ အားလုံးကို တနေ့လုံးစာသင်ဖို့ခေါ်လိုက်တယ်။ စာမေးပွဲဖြေရမယ်ဆိုပြီးလည်းပြောလိုက်တယ်။ အရှေ့မှာ သူတို့ကို စာကျက်ဖို့သုံးရက်ပိတ်လိုက်တယ်။

အဲဒီနေ့မှာ ၂ယောက်ပဲပြန်လာခဲ့တယ်။ နောက်တော့မှ သူတို့မိဘတွေကဆီနေပြန်ကြားရတယ်။ တနေ့လုံးစာသင်ရမယ်ဆိုရင် ထမင်းချိုင့်ထည့်မပေးနိုင်လို့တဲ့။ ထမင်းချိုင့်မရှိလို့တဲ့။ တစ်ချို့ရက်တွေမှာ သူတို့တွေ ထမင်းမစားပဲ ကျနော့ဆီလာတက်ကြတာတဲ့။ ကျနော်လေ……………………


ရန်ကုန်ဆိုတဲ့အရပ်မှာ ကျနော်အမှတ်မထင်ကျောင်းတက်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကိုခြေချမိတာလည်း သူများအကူအညီနဲ့ပါ။ သူများအိမ်မှာနေရင်း အလုပ်တွေလည်းလုပ်ကူရင်းပေါ့။ ကျနော့အဖေကမှာလိုက်ပါတယ်။ သူ့တုန်းကလည်း သူများအိမ်မှာနေခဲ့ရတာတဲ့ ဒါမှ လူ့ဘ၀ကြီးကိုသိမယ်ဆိုပဲ။

ကျနော်စာပြတဲ့အလုပ်ကို ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ နာမည်ကြီးလေတဲ့ ဂိုက်ပေါ့ဗျာ။ စာစသင်ရတာက အသိတစ်ယောက်ရဲ့ သားလေးပါ ကိုးတန်းပဲရှိသေးတာ။ ဘောလုံးကန်ဖို့ကိုသာအားသန်နေလေရဲ့။ ဒီကလေးက ပြောမနာဆိုမနာမို့ ပြောဟယ်ဆိုဟယ်နဲ့ ကိုးတန်းကို အောင်မြင်ခဲ့တယ်လေ။ နောက်တစ်ယောက် နောက်တစ်ယောက်နဲ့ အယောက်ပေါင်းများစွာပေါ့။

နောက်ဆုံးတစ်ယောက်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကျော်ကျောင်းကြီးတစ်ခုကပေါ့။ အဖေ အမေက လုပ်ငန်းရှင်တွေပါ။ ဆရာမတစ်ယောက်ကနေ အကူအညီတောင်းလို့သင်ပေးရတာပါ။ ဒီလိုလူချမ်းသာရပ်ကွက်မျိုးကို ဘယ်တုန်းကမှ ခြေဦးမလှည့်ခဲ့ဘူး။ လာခေါ်တဲ့ကားကလည်း တစ်နေ့တစ်မျိုး မရိုးရ။ ရပ်ကွက်ထဲကတောင်မေးယူတယ် ဘယ်မှာလုပ်နေတာလဲတဲ့။ သူ့မှာအကြောင်းပြချက်မျိုးစုံရှိတယ်။ ဒီနေ့ဗိုက်နာလို့ ခေါင်းမူးလို့စသည်ဖြင့် စာမေးပွဲတွေကို ရအောင် ရှောင်လွှဲတော့တာပဲ။ ဆရာ၊ ဆရာမတွေကို လည်း တစ်ဘာသာကိုတစ်ယောက် နဲ့အိမ်တိုင်ရာရောက်သင်နေခဲ့တယ်။ ကျနော့ အသုံးစရိတ်တစ်လ တစ်သောင်းဆိုတာကို သူကရီတယ်။ သူတရုတ်တန်းမှာ ဒုတ်ထိုးတစ်ခါသွားစားရင် နှစ်သောင်းဖိုးတဲ့။ စာမေးပွဲနီးလာတော့ သူ့အမေက အိမ်မှာအိပ်ပြီး အနီးကပ်ကြီးကြပ်သင်ပေးပါဆိုလို့ သွားသွားသင်ပေးပေမယ့် ကိုယ်တော်က အိပ်ရေးလုံးဝမပျက်။ စာကျက်ဖို့ထက် စာရွက်တွေကို ဘယ်လိုသယ်သွားရမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေနေလေရဲ့။ ကျနော်လေ………….

လောကဆိုတာ အဲလိုဖြစ်နေတတ်တယ်။ ရောမွှေလို့ရရင် အားလုံးကို တန်းညှိခွင့်ပေးပါလို့….

လရောင်အောက်မှာ


ကြုံဖူးတဲ့
လရောင်တစ်ခု
ညွှန်းစေခိုင်းလေသလား
မင်းကနမ်းသလား
ငါကနမ်းသလား
နွေးနေသေးတဲ့
နဖူးပြင်ကို
အခုအချိန်အထိ အမှတ်ရတုန်း...............

28 August 2008

ငှက်တစ်ကောင်အတွက် လေ့ကျင့်ခန်း


ငှက်တစ်ကောင်က မွေးကင်းစမှာတော့ ဘယ်ပျံသန်းနိုင်မလဲနော်။ သူ့အတွက် ထိုက်သင့်တဲ့ အလေ့အကျင့် နည်းစနစ် ခွန်အားတွေပြည့်စုံဖို့လိုတာပေါ့။

ကျနော်ငယ်ငယ်က ငှက်တစ်ကောင်လိုပါပဲ။ ဘာမှမလုပ်တတ်သေးတဲ့ အချိန် လိုအပ်တဲ့ လေ့ကျင့်ခန်းတွေ သင်ပေးခဲ့တဲ့ အမေနဲ့အဖေက အဓိကပေါ့။ တဖြည်းဖြည်းနဲ့ ကြုံဆုံလာတဲ့ လူတွေက သင်ခန်းစာတွေ ပေးခဲ့ကြတာပါပဲ။ ဒါပေမယ့် မပြည့်စုံနိုင်သေးပါဘူး။

အမြဲအမှတ်ရစေမယ့်လေ့ကျင့်ခန်းကို စက်ဘီးလေးတစ်စီးက စတင်ခဲ့ပါတယ်။ စက်ဘီးလေးကို သူများကလေးငယ်တွေလို ကျနော်လည်း သိပ်လိုချင်ခဲ့တာ။ မစီးတတ်ပေမယ့် စီးချင်လိုက်တာလို့ စိတ်ထဲမှာတဖွဖွညည်းခဲ့ဖူးတယ်။ ၀န်ထမ်းသားသမီးလည်းဖြစ်ပြန် အမေကလည်း စစ်စစ်စီစီ ရှိတော့ ကျနော် ၄တန်းထိရတဲ့ မုန့်ဖိုးက တနေ့၂၅ပြား။ ဒါပေမယ့် တကယ်တမ်းရတာက ၂၅ပြားမဟုတ်။ ၁၀ပြား ဒါမှမဟုတ် ၁၅ပြားထဲရယ်။ ကျန်တဲ့ငွေတွေကော။ ကျန်တဲ့ငွေကို can ဗူးလေးထဲမှာ ထည့်ရပါတယ်။ စက်ဘီးဝယ်ဖို့ပါ။ အပြင်က ရလာတဲ့မုန့်ဖိုးတွေအားလုံး အဲဒီဗူးလေးထဲကို ထည့်ရပါတယ်။ အဲဒီဗူးလေးကို တစ်ပတ်တစ်ခေါက်လောက်တော့ လက်ညှိုးနဲ့နှိုက် ပိုက်ဆံရီရတာအမော။

၎တန်းအောင်လို့မြို့ကိုပြန်တော့ ပိုက်ဆံဗူးကိုဖောက်ပြီး လိုသလောက်ကို အိမ်ကစိုက်ပြီး စက်ဘီးတစ်စီးဝယ်ပေးခဲ့တယ်။ သူတို့ပေးထားတဲ့ကတိကို သူတို့တည်ခဲ့သလို ကျနော့ဖက်ကလည်းကျနော်ပေးထားတဲ့ကတိကိုတည်ခဲ့တာကြောင့်ပါ။ စက်ဘီလေးက ကလေးစက်ဘီးလည်းမဟုတ် လူကြီးစက်ဘီးလည်းမဟုတ်။ ထိုင်ခုံလေးက အပေါ်ကိုရှည်ထွက်နေလေရဲ့။ အနိမ့်အမြင့်ကိုလည်း ကစားလို့ရတယ်လေ။

စက်ဘီးလေးရလာတော့ စက်ဘီးစီးသင်တန်းစတော့တာပေါ့။ အဖေက ဘီးလုံးလေးတွေပါတဲ့ ဒေါက်ကလေးနှစ်ခုကို ငှားလာခဲ့တယ်။ စက်ဘီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတပ်လိုက်တော့ မလဲနိုင်တော့ဘူးတဲ့လေ။

လေ့ကျင့်ကွင်းကတော့ ကျနော်တို့မြို့က အားကစားကွင်းက တင်းနစ်ကွင်းလေးမှာပါ။ တင်းနစ်ကွင်းဆိုတော့ ကွန်ကရစ်အကြမ်းလေးမှာပါ။ သင်ခါစကတော့ အိုကေတယ်။ အဖေက နောက်က တောက်လျှောက်လိုက် ထိန်းပေးနေတာကိုး။ တဖြည်းဖြည်းနဲ့ အဖေကလက်လွှတ်ချင်လာတယ်။ သူလည်း လိုက်ရတာမောရောပေါ့။ သူလွှတ်လိုက်တာနဲ့ ကျနော်ကလည်း ထိုးရပ်တော့တာ။ ခဏခဏလဲတာကလည်း အကြိမ်ကြိမ်။ ဒူးတွေပြဲ လက်တွေပွန်း။ ဒဏ်ရာတွေကများတော့ နောက်နေ့ ကွင်းကို သွားရမှာကြောက်နေမိတယ်။ အဖေ့ကိုလည်းကြောက်ရတာမို့ နောက်နေ့လည်း ကုပ်ခြောင်းခြောင်းနဲ့လိုက်ရမြဲ။

လဲကျတိုင်း အဖေက အမြဲပြောတယ်။ ဘယ်လိုထိန်းရမယ် ဘယ်လိုခြေထောက်ထောက်ရမယ် စသည်ဖြင့်။ ဆက်မသင်ချင်ဘဲရပ်ပစ်လိုက်ချင်တာ။ အဖေ့ကိုအားနာလို့ ကြောက်လည်းကြောက်လို့။ အဲဒါနဲ့ ကွင်းထဲမှာ အောင်မြင်ခဲ့တယ်ပေါ့ဗျာ။

အားကစားကွင်းက ကျနော်တို့အိမ်နဲ့ တော်တော်လေးလှမ်းပါတယ်။ အရင်က အဖေက စက်ဘီးကြီးကိုနင်း လက်တစ်ဖက်က စက်ဘီးလေးကိုဆွဲ နောက်ကွယ်က ကျနော်ပေါ့ဗျာ။ ကွင်းထဲမှာတတ်ပြီဆိုတော့ မရပ်သေးပဲ ကွင်းအပြင်သင်တန်းစပါတော့တယ်။

ကျနော်တို့မြို့လေးကငယ်ပါတယ်။ ကားတွေလည်းမရှုပ်ပါဘူး။ စက်ဘီးကတော့ များပါတယ်။ ကလင်ကလင်သံတွေကို ဆူညံနေတတ်တာ။ ကွင်းကနေအပြန် ကိုယ့်ဘာသာကိုနင်းလာရမယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ။ ဟိုယိုင်ဒီယိုင် စိတ်ကလည်းမရဲ (မရဲဘဲ ကျွဲဗြဲစီးဆိုသလို)။ အကြောက်အကန်ငြင်းပေမယ့် အဖေက တစ်ချက်ကြည့်လိုက်တယ်ဆို စက်ဘီးလက်ကိုင်ကို ကိုင်ရတော့တာပါပဲ။ အစနေ့တွေမှာ ဘေးနှစ်ဖက်ကဘီးလုံးလေးတွေ တပ်ခွင့်တောင်းဆိုလိုက်ပါတယ်။ တပ်ခွင့်ပေးပေမယ့် အဖေက သူများအားကိုးတယ်ဆိုတဲ့ စကားကိုဆိုခဲ့တယ်။ မခံချင်စိတ်ကိုနှိုးဆွပေးတာပါ။ ဒုတိယနေ့မှာတော့ ဟန်အပြည့်နဲ့ ကြောက်စိတ်ကိုဖုံးကွယ်ပြီး အကူဘီးလုံးလေးတွေကို ဖြုတ်ပစ်ခဲ့တယ်။ အဲလိုတောင်နင်းမြောက်နင်း နင်းရင်းကနေ အပြင်မှာလည်း စက်ဘီးကောင်းကောင်းစီးတတ်ခဲ့ပါတယ်။ အခုဆို လက်နှစ်ဖက်လွှတ်စီးလို့တောင်ရနေပြီလေ။

ကျနော့ဘ၀မှာ အကြိမ်ကြိမ်လဲကျခဲ့ပါတယ်။ စိတ်ဓါတ်ကျအားငယ်တဲ့အခါတိုင်း အဲဒီစက်ဘီးစီးသင်တန်းလေးကို မျက်စိထဲမှာမြင်ယောင်လာရင်း လဲနေရာကနေ ပြန်ပြန်ထနိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပျော့ညံ့တဲ့စိတ်တွေမောင်းထုတ်ပြီး အားလုံးကို အောင်မြင်နိုင်မှာပါဆိုတဲ့ စိတ်ကို အဲဒီလေ့ကျင့်ခန်းက ရခဲ့တာပါ။

ငှက်ငယ်လေးအခုတော့ ပျံနေပြီလေ………………..

ဓါတ်ပုံလေးရဲ့ထောင့်မှာ ပိုင်ရှင်ရဲ့ ကော်ပီရိုက်ကလေးပါပါတယ်။

27 August 2008

ကြွေလင့်ပြီလား ပါးကွက်ကြားရယ်

ပါးကွက်ကြားလေးနဲ့ ဆံတောက်ငယ်နဲ့ တကယ်ဆို ကျနော့ ညီမအရွယ်။

သူ့ကိုစသိတာက သူ့အဖေကနေစတာ။ ကိုအုန်းလွင်ဆိုတာ သူ့အဖေ။ နေ့စားဝန်ထမ်းတွေရဲ့ ခေါင်းဆောင်။ လိုင်းထဲမှာ ထစ်ကနဲရှိ သူ့ကိုရှာရမြဲ။ ကျေးဇူးရှင်ကလည်း ပျောက်ပျောက်နေတတ်တယ်။ ပြန်လာခဲ့ရင်လည်း အခန်းထဲကိုတော့ မပျက်မကွက်လာတတ်ပါတယ်။ သို့ပေမယ့် သူ့မှာအပြစ်မရှိ ဆင်ခြေတွေက အပြည့်။ နေ့ဆင်းအတွက်အလုပ်သမားတွေမပြည့်လို့ ညဆင်းအတွက်လိုနေလို့ မိန်းမနေမကောင်းလို့ သူတို့ အလုပ်ရှင်လာလို့ စသည်ဖြင့်။ ပြောလိုက်ရင်လည်း ခေါင်းမဖော်တော့ ငြိမ့်နေတာလား တခါတည်း ငုံ့ထားလိုက်တာလားကိုမသိ။ ပြောနေရင်းစိတ်သာတိုလာရော သူကခေါင်းငုံ့ရင်း ဟုတ်ကဲ့လုပ်နေတုန်း။

သူ့အဖေက ကျနော်တို့ကို အကူအညီတောင်းတာနဲ့ အဲဒီကောင်မလေး ကို ဒီတစ်ခေါက် အမြဲတမ်းခန့်ဝန်ထမ်း အဖြစ်ရွေးတော့ ထည့်ရွေးလိုက်ကြတယ်။ ဆယ်တန်းအောင်ပြီးသားလည်းဖြစ်ပြန် သွက်သွက်လက်လက် ချက်ချက်ချာချာလည်းဖြစ်ပြန် စက်ရုံရှေ့ကရွာကလည်းဖြစ်ပြန် မိသားစုဝင်တစ်ပိုင်းလည်းဖြစ်ပြန်ဆိုတော့ ခန့်လိုက်ကြပါတယ်။

စ,စချင်းအလုပ်ဆင်းတဲ့နေ့ရက်များကတော့ ပါးကွက်ကြားနဲ့ရယ်လေ။ ၀ါဝါ ဆိုတာနဲ့ကို ပြာနေတော့တာ။ အလုပ်ကလည်းကြိုးစားတယ်ဆိုတော့ မဆိုးရှာဘူးပေါ့။ ကျနော့အတွက်ကတော့ သူ့အဖေကို စိတ်တိုရတိုင်း ၀ါဝါဆိုတာနဲ့ ဟုတ်ကဲ့ရှင့်တော့တာပါပဲ။ နင့်အဖေသွားခေါ်ဆိုပြေးခေါ်ပေးရှာတယ်။ သူ့အဖေနဲ့ လစာတွေရှင်းရတိုင်း စိတ်တိုရမြဲ။ ရုံးကလစာပေးပြီးတိုင်းသူနဲ့က အမြဲပြဿနာ။ နေ့စားတွေရဲ့စည်းကမ်းပိုင်းနဲ့ပတ်သတ်တိုင်းလည်း ပြဿနာ။ အဲဒီအခါတိုင်း ကျနော်နဲ့သူ့အဖေရဲ့ ကြားခံမီဒီယာကတော့ မ၀ါဝါပဲပေါ့။

သူ့အဖေနဲ့ သူ့အမေရန်ဖြစ်ပြီး သူ့အဖေက နယ်ကိုထွက်သွားလေရဲ့။ ၀ါဝါနင့်အဖေဘယ်သွားလဲဆို အိမ်ကဆင်းသွားတာပဲတဲ့။ နင်တို့မတားဘူးလားဆိုတော့ အမေက ပစ်ထားလိုက်လို့ပြောလို့တဲ့။ အမေနဲ့အဖေကြားဆိုတော့ သားသမီးတွေ နေရခက်နေမှာပါ။ ၁လလား ၂လလားကြာမယ်ထင်တယ်။ အိမ်ရဲ့စီးပွားရေးက သူတို့ကလေးတွေလက်ထဲမှာ မူတည်နေမှာ။ ဟိုစပ်စပ် ဒီစပ်စပ် လျှောက်သွားတတ်တဲ့ ကျနော်က ရွာထဲကိုရောက်တတ်သူမို့ သူတို့အိမ်အခြေအနေက ယိုင်နဲ့နဲ့ရယ်လေ။ အမေကလည်း ကလေးငယ်ထားတာမကြာသေး ကျန်းမာရေးကလည်း မကောင်းဘူးတဲ့။ အငယ် ဘုစုခရုကလည်း ရှိနေပြန်။
ကျနော် အလုပ်ကထွက်တော့ ကိုအုန်းလွင်တော့ ပြန်ရောက်ပါပြီ။ ဘယ်ကိုသွားပုန်းနေလဲဆိုတော့ ပြုံးစိစိနဲ့။ သမီးလုပ်တဲ့လူက အစ်ကိုတဲ့ မေမြို့ကိုသွားခေါ်ရတာတဲ့။ အဲလို..

ဝေးနေပေမယ့် သံယောဇဉ်မပျက်တော့ နာဂစ်တုန်းကလည်း မေးရသေးတယ်။ ဘယ်သူတွေ ဘာတွေဖြစ်ကုန်ပြီလဲပေါ့။ ကျနော့ မန်နေဂျာက ကျနော့ကို စာရင်းနဲ့ကိုပို့ပေးလိုက်တာ။ ကျနော့စိတ်ကိုသိတယ်ထင်ပါရဲ့။ တစ်ဌာနလုံးကုန်အောင်မေးမှာဆိုတော့ မမေးခင် ပို့ပေးလိုက်တာလေ။

နောက်တော့ ကြားရတယ် ပါးကွက်ကြားလေး အိမ်ထောင်ကျသွားပြီဆိုပဲ။ အဲဒီအရပ်က လူငယ်တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ အိမ်ထောင်ကျခြင်းလေ။ ရှေ့ဆက်ဖို့ဘာမှမရှိတော့။ အင်း ကောင်းကောင်းမွန်မွန်ဖြစ်သွားတယ်ဆိုရင် တော်ပါတယ်လို့ သတင်းပေးတဲ့ ညီလေးကို ပြောလိုက်ရတယ်။

ပြီးခဲ့တဲ့အပတ်က ရုံးကိုဖုံးဆက်တော့ လိုင်းထဲကလူတွေ လာကိုင်ရင်း စိတ်မကောင်းစရာ ပြောပြတယ်။ ၀ါဝါ ခလေးပျက်လို့ ဆေးရုံမှာ အခြေအနေမကောင်းဘူးတဲ့။ ဟာ……….ဘာလုပ်ပေးရမလဲ။ ဘာမှမလုပ်ပေးနိုင်တော့ ဘုရားမှာပဲဆုတောင်းရုံပဲပေါ့။

မနေ့ညက အီးမေးလ်တစ်စောင်ရတယ် ၀မ်းနည်းဖွယ်သတင်းတဲ့။ ကျနော်တို့ရဲ့ ပါးကွက်ကြားလေး ၂၄-၈-၂၀၀၈ တနင်္ဂနွေနေ့ မနက်ခင်းမှာ အနားယူကြွေလွင့်သွားရှာပြီတဲ့။ ထိခိုက်တဲ့နှလုံးသားနဲ့ စာပြန်လိုက်ပါတယ် သူ့ရဲ့ နောက်ဆုံးဘ၀ခရီးအတွက် အလှူပါဝင်ချင်တယ်လို့။

ပါးကွက်ကြားရယ် ညီမငယ် ကောင်းရာမွန်ရာရောက်ပါစေ…………………..

ဘုရားသခင်သို့ဆုတောင်း



အနားနားကပ်မိရင်
ရှင်အခွင့်ရေးယူတယ်တဲ့

ခပ်ခွာခွာနေမိရင်
ရှင်နေနိုင်လိုက်တာတဲ့

အဆက်အသွယ်လုပ်မိရင်
ရှင်နရားပါးယားလုပ်ချင်လို့တဲ့

မဆက်သွယ်ပဲထားခဲ့ရင်
ရှင် ပစ်စလခတ်ထားတယ်တဲ့

တခြားလူနဲ့သွားမိရင်
ရှင်ကျမကိုမခေါ်လို့တဲ့

လိုက်ခဲ့ပါဆိုတော့
အားမအားစဉ်းစားနေတာတဲ့

တစ်ခုခုဝယ်ပေးပြန်တော့
ဒီဟာမကြိုက်ဘူး ဟိုအရောင်မကြိုက်ဘူးတဲ့

မ၀ယ်ပေးပြန်တော့
အလိုက်ကန်းဆိုးမသိဘူးတဲ့

ဘုရားသခင်ကိုဆုတောင်းလိုက်ချင်တယ်
အခုလိုမိုးအေးအေးမှာ
အဲဒီနံရိုးကို စွပ်ပြူတ်ပူပူလုပ်သောက်ပြီး
ပန်းသီးတွေတစ်ယောက်ထဲစားခွင့်ပေးပါလို့......................

25 August 2008

မြင်ကွင်းများ….


ဟောဒီတံတားကြီး မရှိခင်တုန်းက ဟောဒီတံတားကြီး မရှိခင်တုန်းကပါ။ ကျနော်တို့ရဲ့အဓိက သယ်ယူပို့ဆောင်ရေးက စက်လှေကြီးတွေပေါ့။ စက်လှေကြီးတွေစီးရတာ ရေစုန်မှာဆိုတော်သေးတယ် ရေဆန်ဆိုရင်တော့ တမေ့တမော ကြာမှကြာ။ အဲဒီတော့………..

ကမ်းနားကိုရောက်ဖို့ အတော်လျှောက်ရတယ်။ စက်လှေဘယ်တော့ထွက်မလဲဆိုတော့ မကြာခင်ထွက်တော့မယ်တဲ့။ ဒါနဲ့တက်လိုက်တယ်။ ကုန်းဘောင်သေးသေးလေးကိုတော့ လှုပ်လီလှုပ်လဲ့နေအောင် တက်ရင်း ကြိုးတံတားဆိုတာကို စဉ်းစားနေမိသေးတယ်။ အပေါ်ကလည်းနေပူမှာဆိုတော့ အောက်ထပ်ပဲ ၀င်သွားမိတယ်။ စက်လှေထဲဝင်ဝင်ချင်း အမှောင်ကို အလင်းကလာတဲ့သူမို့ လှေကားဆင်းစမှာ ခဏရပ်လိုက်ရသေးတယ်။ နောင်ကြီးရလားဗျတဲ့ ခေါင်းတိုက်မယ်သတိထားတဲ့ အနားကကလေးတစ်ယောက်က မေးတယ်။ အညာသားဆိုတာ အဲလိုမျိုး ကူညီဖို့အဆင့်သင့်။

အေးသွားတဲ့ လှေဝမ်းအောက်မှာ ပြတင်းပေါက်ကိုရွေးမိတယ်။ အရှေ့နားမှာ အဒေါ်ကြီးတွေ။ အနောက်ဖက်နားဆီက ကာလသားသမီးငယ်တွေ ဆိုတော့ အလယ်နားမှာပဲ ရွေးလိုက်တယ်။ ပြတင်းပေါက်ကနေ ကုန်သည်တွေကိုစောင့်နေတဲ့ ကုန်ထမ်းသမား/သမလေးတွေကို ကြည့်နေမိတယ်။ ခေါင်းခုစုတ်လေးကို ယပ်ခပ်သလို ခပ်နေရင်း ပူတယ်လို့မညည်းပေမယ့် အပူကို သိနေတယ်လေ။ ကျနော့ကိုပေး ကျမကိုပေး ဆိုပြီး အော်ဟစ်နေကြတာလည်း သူတို့စီးပွားရေး။ အိတ်ကြီးအိတ်ငယ်တွေကို ၀ုန်းကနဲဒိုင်းကနဲ သယ်လိုက်တာများ တကယ့်ကို စက်ရုပ်တွေအလား။ တစ်ယောက်နဲ့တစ်ယောက် မေးနေကြသေးတယ် နင့်ဒီနေ့ နေ့တွက်ကိုက်ပြီလားတဲ့။ အဖြေတွေကို ကျနော်လျစ်လျူရှုလိုက်မိတယ်။ မကြားရဲလို့ဆိုရင်ပိုမှန်မယ်။ လေးလံတဲ့ အထုတ်တစ်ထုတ်သယ်မှ သုံးလေးကျပ်ရရှာကြတာလေ။ အထုတ်သယ်ရဖို့အရေးကလည်း ဆယ်ယောက်လောက်စုပြုံလုနေတာ အလှူမှာ ပိုက်ဆံလုကောက်သလိုပဲ။

အနားမယ် ကလေးတွေက တ၀ုန်းဝုန်းနဲ့ရေလာချိုးနေတယ်။ အေးချမ်းလိုက်ကြတာ။ အပူရှပ်မယ်တို့ဘာတို့ ဆုံးမမယ့်သူလည်းမတွေ့။ မာမာချာချာရှိကြလေဟန်တူပါရဲ့။

သြော်သေသေချာချာမကြည့်မိလို့ကိုး သူတို့အုပ်ထိန်းသူတွေထင်ပါရဲ့ ရေစပ်မှာ တဗိုင်းဗိုင်းနဲ့ အ၀တ်လျှော်နေကြတာ။ အခုလေ ငါတို့အိမ်က အီလန်ဆိုလားဘာဆိုလား ထက်ထက်ကြော်ငြာတာနဲ့ လျှော်တာ ဆိုတာကြားလိုက်မိတယ်။ အရင်တုန်းကဘာနဲ့များလျှော်ခဲ့ပါလိမ့်။ အိမ်ကအ၀တ်တွေလား သူများအ၀တ်တွေလားဆိုတာလည်း ဘယ်သူသိနိုင်မှာလဲ။

ခဏနေတော့ ကုန်သည်တွေတက်လာကြပြီ။ ဟဲ့ဖြည်းဖြည်းချပါ နင်တို့လုပ်လိုက်ရင်အဲလိုပဲ ကြက်သွန်တွေတော့ နာတော့မှာပဲ။ ရှမ်းပြည်ကကြက်သွန်တွေ ဒီအထိတောင်ခရီးဆန့်ခဲ့တာကိုး။ အင်း ခေတ်ကြီးက လုပ်စားလို့မကောင်းတော့ပါဘူး။ ဟိုတစ်ခေါက်ဝယ်ခဲ့တဲ့ဈေး မရတော့ဘူးလေ။ ခုတော့ကိုယ်ရောင်းနေတဲ့ဈေးနဲ့ ပြန်ဝယ်ခဲ့ရတယ်။ နင်တို့ကလည်း တခေါက်နဲ့တခေါက်စက်လှေစီးခကို နင်းတက်နေတဲ့တော့ပဲ ဆိုတဲ့စကားကို စက်သမားလေးကလည်း အမရာ ကျနော်တို့လည်းဘယ်တက်ချင်ပါ့မလဲ စက်လှေက ရေနဲ့မောင်းလို့ရတာမဟုတ်ဘူးဗျ ဆိုပြီး အပေါ်ပိုင်းဗလာနဲ့တိုနေအောင်ဝတ်ထားတဲ့ ပုဆိုးကို နဲနဲမရင်း ကြက်သွန်အိတ်တွေကို နည်းနည်းချင်းတိုးခိုင်းနေတယ်။ နောက်ထပ်ကုန်တွေလာဦးမယ်မဟုတ်လား။

ဟဲ့………ဟဲ့ ငါ့ကိုခေါ်ကြပါဦးဆိုပြီး မြို့ကြီးသူလား မြို့ကြီးသူယောင်ဆောင်ထားတဲ့ အရွယ်လတ်လတ်မိန်းမနှစ်ယောက်ကိုလည်း တွေ့လိုက်ရသေးတယ်။ ကုန်ထမ်းသမလေးတွေ ကုန်ထုတ်တွေနဲ့ တက်တုန်းက ကျယ်ပါတယ်ဆိုတဲ့ ကုန်းဘောင် သူတို့နဲ့တွေ့မှ တော်တော်လေးကျဉ်းတယ်ထင်ပ။ အလှအပတွေကို ပြင်ဆင်ပြီး ယဉ်စစလျှောက်လာပေမယ့် ကုန်ထုတ်တွေကို ကျော်ရမယ်ဆိုတော့ ထမိန်ကိုမရပြန်တယ်။ ရှက်ကိုးရှက်ကန်းယောင်ဆောင်ကြပြန်သေးတယ်။ အခုဝတ်ထားတာ ရှမွိုင်းလေ ရှမွိုင်း ဂျင်းမှိုတက်ကဘယ်လို မေသဉ္ဇာဦးကလေ ဘယ်ကားထဲမှာ ပါတိတ်ဝမ်းဆက်ကို ဘယ်ပုံချုပ်ဝတ်တာ။ မင်းသားဘယ်သူကို ဘယ်လိုကြိုက်တာ စသည့်စကားတွေပြောရင်း တချက်တချက် လက်ကိုင်ပုဝါလေး နဲ့ပါးစပ်ကိုပိတ်ရင်း ညိုးညိုးညင်းညင်းရီသံတွေ မကြားတကြား။

မျက်စိကိုပတ်တီးနဲ့ပိတ်ထားတဲ့ အဖွားအိုကို လက်တွဲရင်း လူငယ်လေးတစ်ယောက် ရောက်လာပြန်တယ်။ ဆေးရုံပြပြီးပြန်လာဟန်တူပါရဲ့။ လွယ်အိတ်ခပ်နွမ်းနွမ်းလေးထဲမှာ ထမင်းချိုင့်လေးနဲ့။ ဖွားအေကို ထမင်းခွံ့ကျွေးဖို့ပြင်ဆင်နေလေရဲ့။ ဆရာဝန်ကြီးက နောက်တစ်ခေါက် ပတ်တီးဖြည်ပြီးရင်ပျောက်ပါပြီတဲ့။ သူတို့စုဆောင်းထားတဲ့ ပဲနှမ်းလေးတွေ ကုန်လောက်ပြီထင်ပါရဲ့။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး စာဆိုရှိတယ်မဟုတ်လား။

နည်းနည်းကြာ တော်တော်လေးကြာပြီဆိုမှ ကမ်းကခွာဖို့ ကုန်းဘောင်ဖြုတ်တယ်။ ၀ါးလုံးကိုထိုးရင်းစက်လှေကိုကမ်းကခွာတယ်။ ဒလက်ဒလက်ဆိုတဲ့အသံနဲ့ ပန်ကာမော်တာကိုစလည်ရင်း မျှော်တော်ဇောနဲ့ မောရတဲ့ ခရီးကိုစတယ်။ မြစ်တစ်ဖက်က မြသလွန်ကို လက်အုပ်ချီတဲ့လူတွေလည်း ချီကြတယ်။ စကားတွေပြောလက်စ လူတွေကလည်း အဆက်မပြတ်ပြောရင်း။ စက်သံဆူညံလာတော့ သူတို့အသံတွေကိုလည်း အလိုက်သင့်မြှင့်တင်ရင်းပေါ့။

မြစ်ရဲ့ တစ်ဖက်တစ်ချက်ကမ်းတွေကိုငေးကြည့်ရင်း မကြာခင်မှာပဲ ရွာတစ်ရွာရောက်ပြန်တယ်။ ဟဲ့သာအေးရေ မယ်တင်တို့ပြောလိုက်ပါ ငါတို့ပြန်လာပြီ ဟေးးးးးးးးးး။ ဆိုတာမျိုး။ မြေပဲလှော် ချိုတယ်မွှေးတယ် ကြက်သွန်ဖြုနဲ့လှော်တဲ့မြေပဲလှော် ဆိုတာက တစ်သံ။ ဒါးလှီးမုန့်ဆိုတာနဲ့ လှေပေါ်က ကလေးတွေ ရဲ့ အပြိုင်တောင်းဆိုသံက တစ်မျိုး။ တခြားအရပ်တွေမှာမမြင်ဘူးတဲ့ လှည်းပေါ်မှာ တိုင်ကီကြီးတင်ပြီး ရေတိုက်ဆင်းလာတဲ့ ရွာအသီးသီးကိုလည်းမြင်တွေ့ရတတ်တယ်။ အလယ်ပိုင်းမိုးနည်းဒေသပေမို့ ဒီမြစ်ကြီးက အားထားစရာ။

ပြန်ထွက်လာရင်း ငါးဖမ်းလှေတစ်စွန်းတစ်စ ကိုမြင်ရပြန်တယ်။ ပိုက်ကွန်ပစ်သူကပစ်ပေါ့။ လှေပေါ်မှာ ငါးစာချိတ်နေတဲ့ ရေတွေခပ်ထုတ်ပေးတဲ့ ကလေးတွေကို ကျောင်းမတက်ဘူးလားလို့မေးစမ်းချင်မိတယ်။ သူတို့တွေပြန်လာရင် ငါးတွေပါမပါစစ်မယ့်အိမ်ရှင်မလည်း မျှော်နေတော့မှာပဲ။ ငါးတွေရပါစေလို့ဆုတောင်းပေးရင် အကုသိုလ်အားပေးဖြစ်နိုင်မလားစဉ်းစားမိပြန်တယ်။ ရွာရောက်မှပဲ ဘုန်းကြီးကို ခေါင်းစားခိုင်းတော့မယ်ဆိုပြီး အတွေးကိုဖြတ်လိုက်တယ်။

ကုန်တင်တဲ့ တခြားစက်လှေတွေကို လည်း ပြောင်းပြန်တစ်ချို့ အတည့်တစ်ချို့ ဆုံရပြန်သေးတယ်။ အင်းအနယ်နယ်အရပ်ရပ်ကို စုန်ဆင်းနေကြပြီပေါ့။ ကုန်စည်တွေစီးဆင်းရင်း ဈေးတွေကလည်း တက်သည်ထက်တက်ရင်း။ ဘာလို့ပါလိမ့်။

တစ်ယောက်ဆင်း တစ်ယောက်တက်ဆက်လက်ထွက်ခွာဆိုတဲ့ ကျနော်တို့စက်လှေကြီး ခရီးစဉ်မဆုံးခင်မှာ ကျနော်ဆင်းရမယ့် ဆိပ်ကို ရောက်ပြီ။ အထုတ်လေးတွေကို ပြင်ရင်း မင်းလှခံတပ်ကြီးကိုငေးမိပြန်ရော။ သမိုင်းဝင်ခံတပ်ကြီး တ၀က်လောက် ရေထဲပြိုကျပျက်စီးခဲ့ပြီ။ လာကြိုမယ့်သူတွေကို ပြတင်းပေါက်က လက်ပြရင်း နောက်ပြန်ကြည့်မိတယ် ကျနော်ရော ဘယ်သူ့မြင်ကွင်းထဲမှာ ပါနေပါလိမ့်…………

ဓါတ်ပုံလေးက www.molon.de ကနေကူးယူဖော်ပြတာပါ။

တောင်ကညို ပြိုတော့မယ်..


တကယ်တမ်း အဲဒီစကားကို စကားအဖြစ်လား သီချင်းအဖြစ်လား ကြားဖူးပင်မယ့် သေသေချာချာ သိလားဆိုတော့မသိ။ မိုးတွေအဆက်မပြတ်ရွာနေခြင်းနဲ့ အဲဒီစကားနဲ့က ဟိုးအရင်အတိတ်ကို ပြန်လည်သတိရစေခဲ့တာတော့အမှန်။

စက်ရုံဝန်ထမ်းဖြစ်တဲ့ အဖေ့ဆီကို ပထမဆုံး သားအမိနှစ်ယောက်လှမ်းတဲ့ခရီးစဉ်ပေါ့။ ကျနော်က ရှိလှ ၃/၄ နှစ်သာသာ။ အားကိုးဖို့ဆိုတာဝေလာဝေး။ ငယ်ရွယ်သေးတဲ့ အမေ့အတွက် ဒီခရီးက ကြမ်းတမ်းလွန်းနေသလားပဲ။ ခလေးတစ်ဖက်နဲ့မို့ ပိုပြီး အန္တရာယ်ကြီးစေခဲ့သလားမသိ။

ကျနော်တို့သားအမိခရီးသွားစဉ်တုန်းက စေတနာ ဟီးနိုးကားကြီးတွေနဲ့ပါ။ ခရီးသည်တင်လား ကုန်တင်ယာဉ်လားမသိနိုင်လောက်အောင် တင်ဆောင်သွားလာနေတဲ့ ကားကြီးတွေ။ ထိုင်ခုံတွေကို အမြင့်မှာတင် အောက်မှာ ကုန်တွေ ပြွတ်သိပ်ညပ်နေအောင်ထည့်။ လူတွေက ပြတင်းပေါက်အမြင့်ထက် မြင့်တက်နေတယ်လေ။ ကားခေါင်မိုးပေါ်မှာလည်းကုန်အပြည့်။

အိပက်အိပက်နဲ့ သွားနေတဲ့ကားကြီး ပေါ်မှာ ပျင်းရိစွာလိုက်ပါရင်း ဂျီမျိုးစုံကျနေတော့တာပေါ့။ ဟိုဟာ စားမယ် ဒီဟာစားမယ် ဒီလို မနေချင်ဘူး ဒီလိုမထိုင်ချင်ဘူးပေါ့ဗျာ။ အခုနေ တူလေးတွေရတော့မှ အမေဘယ်လောက်စိတ်ညစ်မလဲဆိုတာ တွေးမိတယ်။ ကိုယ့်အလှည့်ကျ ကလေးတွေကို ရိုက်မယ် နှက်မယ် ကျိန်းမောင်းနေမိလို့ပါ။

နောက်တော့ အညာဒေသရဲ့နာမည်ကျော် ဒေါင်းသေချောင်းနားကိုချဉ်းကပ်လို့လာနေပြီ။ မိုးတွေကလည်းရွာနေတော့ သူများတွေက ပျာယာခပ်နေပေမယ့် ကျနော်တို့သားအမိကတော့အေးဆေး။ ဒီလိုမျိုးဆိုတာ ကြုံဖူးကြားဖူးတာမဟုတ်။ ဟိုး…..တောင်တွေဆီမှာမိုးညိုတာနဲ့ ဒီချောင်းနဲ့ ဘာဆက်စပ်စရာမှမရှိလို့ ယုံကြည်ထားမိတာ။

ချောင်းဘေးကိုရောက်တော့မှ အမှားကြီးမှားတော့တာ။ တဝေါဝေါမြည်ပြီးစီးနေတဲ့ချောင်းက ဒေါသမာန်ဟုန်အပြည့်နဲ့။ လူတွေမပြောနဲ့ အင်မတိအင်မတန်ကြီးပါတယ်ဆိုတဲ့ ကားကြီးတွေတောင် ချောင်းရေထဲမှာ မျောပါသွားနိုင်တယ်။ ထွက်မပြေးနိုင်တဲ့ တိရိ စ္ဆာန်တွေဆိုတာ ချောင်းရေထဲမှာ မျောပါလို့။
အဲဒီတော့မှ သိတော့တယ် သူများတွေသွေးပျက်နေတာ ဒါကြောင့်ပါလားဆိုတာ။

ချောင်းရဲ့ ဟိုဘက်ဒီဘက်မှာ ဘယ်ကားမှမကူးရဲလို့ တန်းစီပြီးရပ်နေကြရတယ်။ မိုးကလည်းတော်တော်နဲ့မစဲ။ စဲပြီးပြန်တော့လည်းတော်တော်ကြာသည်အထိ ရေစီးကမကျ။ ရေနည်းနည်းတန့်သွားတော့လည်း ကားတွေကမသွားနိုင်တော့။ ကားတစ်ဝက်လောက်ထိရေတက်နေပြီး အောက်ကသဲမြေများ၏ အနက်ကိုမည်သူမှ မမှန်းဆနိုင်။

ကြုံဖူးနေကျ ဒေါင်းသေရွာကတော့ လှည်းလေးတွေကိုယ်စီနဲ့ ချောင်းဟိုဘက်ထိပ်ဒီဘက်ထိပ် သယ်ယူပို့ဆောင်ရေးပေါ့။ တရွာလုံးက အဲဒီလုပ်ငန်းမှာ ကျွမ်းကျင်ကြပြီးသား။ ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာ ကလေးကအစ သင်စရာမလို။

သားအမိနှစ်ယောက် ဘုရားစာကို အခေါက်တစ်သောင်းမက ရွတ်ပြီး (အဲဒီအချိန်မှာ အမေသင်ပေးထားလို့ သံဗုဒ္ဓေကို ကျနော်ရွတ်တတ်နေပါပြီ) လှည်းပေါ်ကိုလိုက်ရတယ်။ လှည်းကြမ်းပြင်ကရေပြင်နဲ့တပြေးညီတည်း ဖြစ်နေပြီ။ မိုးဖွဲလေးတွေပြန်ရွာသေးတာမို့ ဟိုတောင်ဆီမှာ ညိုသေးလားစိုးရိမ်မိသေးတယ်။

သက်စွန့်ဆံဖျားလိုက်လာတဲ့ လှည်းခရီးစဉ်အဆုံးမှာတော့ ဟိုဘက်ကားနဲ့ ဒီဘက်ကား ခရီးသည်ချိန်းလိုက်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ရောက်ရမယ့် အချိန်ထက်များစွာနောက်ကျခဲ့တာပေါ့။

အခုလိုမျိုး မိုးတွေအုံ့ဆိုင်းရွာနေရင် တောင်ကညိုပြိုတော့မယ်လားလေ…..

23 August 2008

လူဖြစ်ကျိုးနပ်တဲ့နေ့တစ်နေ့


ဘယ်လိုပုံစံမျိုးဆိုတာ လူဖြစ်ကျိုးနပ်ခဲ့စေမလဲ။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဒီတစ်သက်အတွက်ကျေနပ်စေခဲ့တဲ့နေ့ဖြစ်ခဲ့ပါတယ်။ ဘ၀မှာ သေမယ်ဆိုသေပျော်ပါပြီလေ….

ကျနော် ဟိုမှာရှိစဉ်တုန်းက ကိစ္စကြီးငယ်မရှိရင် တနင်္ဂနွေနေ့ မှာ ရွှေတိဂုံရဲ့ အထက်ပစ္စယံကို တက်ဖူးနေကြပါ။ ပတ္တမြားမျက်ရှင်ရဲ့ အရှေ့ မှာ ကိုယ့်ရဲ့ သောကတွေကို ခ၀ါချပြီး အေးငြိမ်းတဲ့ ဘုရားရိပ်ကို နာရီဝက်လောက်ဖြစ်ဖြစ် ခိုလှုံမြဲ။ မနက်မတက်ဖြစ်ရင် ညဖက်မှာ ရင်ပြင်တော်ပေါ်မှာပေါ့ ဘုရားရိပ်တရားရိပ်မှာ ကျနော့ရဲ့သောကတွေ ဒေါသတွေ မောဟတွေကို ချွေးသိပ်နေကြ။

တမြန်မနှစ်ကဘုရားအထက်ပစ္စယံကို ပြင်ဆင်နေတာမို့ ပိတ်ထားတဲ့ရက်အရှည်ကြီး။ ဘုရားဖူးတွေစောင့်ရတဲ့ရက်ကရှည်။ ၀ါးငြမ်းတွေဆင်ပြီး ပိတ်ထားလိုက်တာ ကျနော့အထင် ၄, ၅ လလောက်ကြာလောက်တယ်။

နောက်တော့ ဘုရားဆောက်လုပ်ရေးက အသိတစ်ယောက်နဲ့တွေ့တော့ သူအခု ငှက်ပျောဖူးတွေ ပြုပြင်ရေးမှာတာဝန်ကျနေတယ်လို့ပြောတယ်။ ထုံးစံအတိုင်း ဂျီကျတော့တာပေါ့။ ကျနော်လည်း တက်ခွင့်ရရင်တက်ချင်တယ်လို့။ သူကလည်းကြိုးစားကြည့်မယ်တဲ့။

နောက်တပတ်ရောက်တော့ သူက မင်းလာမယ်ဆိုရင်တနင်္ဂနွေနေ့ မနက် ၁၀နာရီမထိုးခင်လာပါတဲ့။ ရှမ်းဘောင်းဘီယူလာပါတဲ့။ ရှမ်းဘောင်းဘီနဲ့ လည်ကတုံးအဖြူကိုသာ ၀တ်ဆင်ခွင့်ပြုပါသတဲ့။ အလုပ်ထဲမှာရှိတဲ့ အားတိဆီကနေရှမ်းဘောင်းဘီ ငှားရပါတယ်။ ၀တ်နည်းကိုပါသင်ရပါသေးတယ်။ မတော်…

အဲဒီညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ စိတ်ဇောကလည်းထက်သန်နေတာမို့ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်ရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။ မနက်တက်သုတ်ရိုက်ထပြီး သင်ပေးထားတဲ့အတိုင်း ရှမ်းဘောင်းဘီကို အကျအန ကျွတ်မကျအောင်ဝတ်ပြီး ဘုရားကိုဦးတည်ပြီး လျှောက်လာခဲ့တယ်။ လမ်းကလူတွေကတော့ ကွက်ကြည့်ကွက်ကြည့် ဒီရုပ်ဆိုးဆိုးလူကြီး ရှမ်းယောင်ဆောင်လာတယ်ပေါ့။

ပြီးတော့ ကျနော့အသိအစ်ကိုကြီးဆီရောက်တော့ သူတို့တွေမနက်စာစားနေကြပြီ။ သူ့ဝန်ထမ်းတွေက သဲသယ်တဲ့လူ ဘိလပ်မြေသယ်တဲ့လူနဲ့ အားလုံးအစီအစဉ်အတိုင်းလှုပ်ရှားနေကြပြီ။ ကျနော်ကကော ကျနော်ကတော့ ကင်မရာတစ်လုံးကို လည်ပင်းမှာသိုင်းပြီး အဆင်သင့်ပေါ့။ မတက်ခင် ကျန်းမာရေးစစ်ဆေးတဲ့ အဖွဲ့ဆီမှာ ဆေးစစ်ရပါတယ်။ စိတ်လှုပ်ရှားမှုနဲ့ သွေးတွေတက်ပြီး ရင်ခုန်နှုန်းတွေ မြန်နေခဲ့တာမို့။ ကျနော့ကို ဘေးနားမှာ ခဏနားခိုင်းထားပါတယ်။ စိတ်ကသိပ်လှုပ်ရှားနေတာမို့ ပြန်တိုင်းတော့ ပရက်ရှာက မကျသေး။ ဆရာဝန်က သူ့ကို အလုပ်ကြမ်းတွေမခိုင်းပါနဲ့ဆိုတော့ အဖွဲ့သားတွေအားလုံးပြုံးစိစိဖြစ်ကုန်တယ်။

ဝါးငြမ်းတွေပေါ်ကိုနင်းတက်ရတယ် ပထမ သော့ခတ်ထားတဲ့တံခါးကို ကျော်ဖြတ်လာတော့ တော်တော်လေးမြင့်နေပြီ။ ရဲတွေလားစစ်သားတွေလားမသိ တံခါးတွေမှာ စောင့်ကြပ်နေလေရဲ့။

နောက်တော့ တာဝန်ကျ ငှက်ပျောဖူးတွေနားမှာ သယ်လာတဲ့ပစ္စည်းတွေချ အမောအပန်းဖြေကြတယ်။ အပေါ်မှာလေတဟူးဟူးတိုက်နေတာ တောင်ပေါ်ဒေသအတိုင်းပါပဲ။ အပေါ်စီးကနေ ရန်ကုန်မြို့ကို မြင်နေရတယ်။ ဟိုးမှာ…. မြစ်ပြင်ကျယ်။ ဟိုးမှာ……အရင်ကဆို တံခါးနှစ်ဖက်ကိုပဲ မြင်နေရတဲ့လွှတ်တော်။ နောင်တော်ကြီးစေတီကိုလည်း သပ္ပါယ်စွာဖူးတွေ့နေရသည်လေ။ ဒီလိုမြင်ကွင်းမျိုးက ရှားမှရှား။

ထီးတော်ကို တက်ဖူးဖို့ စစ်တပ်ကနယ်မြေခံဗိုလ်ကြီးတွေ တက်ဖူးတာကြုံတာနဲ့ အပေါ်ကိုတက်လိုက်သွားမိတယ်။ သော့ခတ်ထားတဲ့ တံခါးနှစ်ချပ်ကို အကျော်မှာတော့ ဘုရားထီးတော်ပေါ့။ တစ်ခေါက်ပြုပြင်တုန်းကလည်း ဖူးလိုက်ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမဟုတ်ခဲ့ဘူး။ အခုက ဘယ်သူမှမရှိဘူးလေ။ ဒါက ကျောက်စိန်း ညောင်ရွက်ပုံ။ ဒါကစိန်တွေ ဒါကရွှေတွေ ဒါကမင်းတုန်းမင်းလှူတဲ့သံသေခေါင်းလောင်း ဒါက ဘိုးဘိုးအောင်လှူတဲ့သံသေခေါင်းလောင်း ဆိုပြီး အကျအန ကိုယ်တွယ်ပူဇော်ခွင့်ရခဲ့တယ်။ သံသေခေါင်းလောင်းဆိုမှ သံသေခေါင်းလောင်းရေ လိုချင်တယ်ဆိုပြီး အောက်ခြေအထိပြန်ဆင်းပြီး ရေဗူးယူရတယ်။ ဘုရားတန်ခိုးတော်ကြောင့် မောလို့မောမှန်းမသိခဲ့ဘူး။ စိန်ဖူးတော်အထက်ဘက်နားကျတော့ ၀ါးလှေကားတွေမရှိတော့။ ၀ါးငြမ်းတွေကိုပဲ ဘေးပတ်ပတ်လည် ရံထားလေရဲ့။ တက်ဖူးတဲ့ဗိုလ်မှူးကလည်း သူ့သူငယ်ချင်းကို အဖော်စပ်တယ်။ အပေါ်ကို စွန့်စွန့်စားစားတက်ဖူးမယ်ပေါ့။ သတ္တိခဲကျနော်ကလည်း ကျနော်လည်းတက်မယ်ပေါ့။ တသက်မှာ တခါကြုံဖူးဖို့ဆိုတာ ခဲယဉ်းလွန်းလို့။ တက်သွားလိုက်တာ မကြောက်မရွံ့။ လက်တစ်ဖက်က ၀ါးငြမ်းကိုကိုင် တစ်ဖက်က ကင်မရာနဲ့ စိန်ဖူးတော်နဲ့ ငှက်မြတ်နားကို ပူဇော်ဖို့ မှတ်တမ်းတင်ရိုက်ဖြစ်အောင်ရိုက်ခဲ့ပါတယ်။ လေကတော့ အတော်ကိုတိုက်ပါတယ်။ ပြန်ဆင်းလာမှ သတိထားမိတာက အတော်ကို မြင့်နေခဲ့ပြီဆိုတာရယ် ကြောက်စိတ်ကြောင့် ဒူးတွေတုန်နေခဲ့ပြီ။

တာဝန်ကျနေရာမှာ ပျက်စီးနေတဲ့ အုတ်တွေကို ဖဲ့ပြီး အင်္ဂတေပြန်လောင်းနေကြတယ်။ ဖဲ့တယ်ဆိုပေမယ့် စိတ်ရှိလက်ရှိ ဖဲ့ရတာမဟုတ်။ အောက်မှာလည်း အလုပ်သမားတွေရှိတာမို့ ဂရုတစိုက်အောက်မကျအောင် ဖဲ့ရပါတယ်။ အင်္ဂတေက နိုင်ငံခြားကနည်းပညာနဲ့လောင်းတယ်လို့ဆိုပါတယ်။ လောင်းပြီးခဏနေတော့ ရေဒါကရိယာနဲ့တိုင်းရပါသေးတယ်။ စိတ်ချနိုင်တဲ့အခြေအနေ ရောက်မရောက်ကိုပါ။ အုတ်တွေဖဲ့ရင်းနဲ့မှ ခေတ်အဆက်ဆက်က မြန်မာတွေရဲ့ အလှူအတန်းရွှေငွေကြေးဆင်းတုတွေ တွေ့ရတတ်ပါသေးတယ်။ အဲလိုတွေ့ခဲ့ရင် တာဝန်ကျ ခေါင်းဆောင်တွေက စနစ်တကျပြန်အပ်ရပါတယ်။

နေ့လည် ထမင်းစားနားခါနီးတော့မှ အောင်မြေဖက်ကနေဖူးရင်တွေ့ရတဲ့ စဓဗ၀ စာလုံးတွေကို သွားကြည့်ရင်းဆင်းလာခဲ့ပါတယ်။ ပြန်အဆင်းမှာတော့ ၀တ်လာတဲ့ရှမ်းဘောင်းဘီကို ဗြန်းဗြန်းကနဲနေအောင် ခါပြရတဲ့အပြင် တစ်ကိုယ်လုံးကိုစစ်တာပေါ့ဗျာ။ သူတို့တွေကတောင်ကင်မရာ ချွတ်ယူလိုက်မယ်လို့စနေသေးတယ်။

ဒါမျိုးအခွင့်အရေးကနောက်မရနိုင်လောက်တော့ဘူးထင်ပါတယ်။ ကျနော့အတွက်ကတော့ တသက်စာဖူလုံသွားခဲ့ပါပြီ။ သေမယ်ဆို သေပျော်ပါပြီလေ…………

ရိုက်လာတဲ့ဓာတ်ပုံတွေက မြန်မာမှာပဲကျန်ခဲ့ပါတယ်။ အခုတော့ ဘုရားပုံကိုပဲပူဇော်လိုက်ပါတယ်။ ဓါတ်ပုံရဲ့ညာဘက်ထောင့်မှာ ပိုင်ရှင်ရဲ့လင့်တွေ(www.images.com.my)ပါပါတယ်ခင်ဗျာ။

တွဲလက်တစ်စုံ


ကမ်းပေးတဲ့လက်တစ်ဖက်
လှမ်းလက်လို့ကိုယ်ဆွဲချင်ခဲ့

ဖျစ်ညစ်လို့အားယူတဲ့အခါ
နွေးထွေးမှုတွေနဲ့
ငြိမ်သက်ချင်နေခဲ့

ရုန်းသွားဖို့ကြိုးစားလည်း
တင်းမထားဘဲ
လွှတ်ပေးချင်ခဲ့

အမြဲတမ်းစမ်းသပ်မိလည်း
တွဲလက်ကယ်ဘယ်မရှိ

အသံ


အသံတွေ
ဟိုနားကတစ်စ
ဒီနားကတစ်စ
အသံတွေ

မကြားချင်ခဲ့ဘူး
ကြားဖို့လည်းမကြိုးစားခဲ့ဘူး
နားကိုပိတ်ထားတယ်

အသံတွေက
အရုပ်တွေအဖြစ်
အရှေ့မှာလာကပြနေတယ်
မျက်စိမှိတ်လိုက်တယ်

အသံတွေက
Vibration နဲ့
ရင်ကိုလာရိုက်နေတယ်
အသက်ရှူရပ်လိုက်မယ်

အသံတွေရပ်သွားနိုင်ကောင်းရဲ့............

Asian Youth Fellowship (AYF) Program 2009

Asian Youth Fellowship (AYF) Program 2009
http://scholarship-positions.com/asian-youth-fellowship-ayf-program-2009/2008/08/18/


August 18, 2008
Asian Youth Fellowship (AYF) Program aims to nurture human networking among ASEAN countries, Bangladesh and Japan.
The AYF preparatory course before entering Japanese Graduate School as Japanese Government (Monbukagakusho) scholarship student is offered by The Japan
Foundation. AYF program is open to university graduates in the region who wish to contribute to regional cooperation after obtaining a Master and/or Ph. D. Degree in Japanese Graduate Schools as follows:
1. Features of the Asian Youth Fellowship Program
AYF consists of the following component:
Coordination of a host professor and research plan development during the preparatory course in Japan
Preparatory course (Japanese Language and cultural activities) Follow ups after completing the preparatory course The scholarship grantees shall receive a preparatory course in the Japanese language for approximately 7 months, at The Japan Foundation Japanese-Language Institute, Kansai, Japan. The preparatory course is developed for people who have never learned Japanese language before. Grantees are
provided with dormitory. Accompanying family is NOT allowed during the preparatory course.
*After completing the preparatory course, grantees will be proceeding to Japanese graduate schools as Japanese Government (Monbukagakusho) scholarship students (principally Research Student) from April 2010.
2. Field of Study
Any of the fields in Humanities, Social Sciences, Engineering and Natural Science is acceptable.
Students pursuing study areas that would contribute to his/her country or region will be given preference.
* Technical training course is excluded.
Asian Youth Fellowship (AYF) Program Information for 2009
3. Qualifications
?1? Nationality: Bangladesh, Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines,
Singapore, Thailand or Vietnam.
?2? Age: under 35 years of age as of April 1, 2010 (i.e. born on or after April 2, 1975)
?3? Academic Backgrounds: university or college graduates with a bachelor’s degree or Master’s degree
(those who will graduate from a university or college by the Registration Day of AYF may apply, but the
grants may be CANCELLED if grantees fail to arrive in Kansai on the starting day of the preparatory
course.)
?4? Other requirements:
a. Good proficiency in English is required.
b. Military men and military civilian employees registered on the personnel list are excluded.
c. Applicants should be in good health.
d. The applicant whose spouse has already won a Japanese Government scholarship will not be
selected as a grantee, and likewise in the case of a couple applying at the same time.
e. The applicant who has been awarded a Japanese Government (Monbukagakusho) scholarship in the past will not be selected as a grantee unless he/she has had a few years’ research or teaching experience after returning to his/her country.
4. Grant Coverage during the Preparatory Course
?1? Expenses necessary for participation in the official curriculum (transportation, teaching material,
etc.)
?2? Meals during the program (partly in the form of cash allowances) and a set amount of allowances
to cover miscellaneous living expenses.
?3? Accommodation (a single room) at the Institute
?4? Overseas travel insurance for disease and injury for the duration of the program
?5? Round-trip, economy-class airline between the nearest international airport from the residence and
Kansai International Airport (Osaka, Japan) on the most direct and economical route.
?6? Japanese visa as a trainee
*The above terms of the grant will be effective for the period of the preparatory course. After completing
the AYF Program, grantees will proceed to Japanese universities as the Japanese Government
(Monbukagakusho) scholarship students. Allowances, accommodations, and other status are subject to
Monbukagakusho’s regulations.
5. Selection
(1) Japanese diplomatic missions concerned, in cooperation with the foreign governments concerned, will
select preliminary candidates from among applicants by means of a review of the documents
submitted.
(2) Those who have been selected as the preliminary candidates will be recommended to Asian Youth
Fellowship Committee, Tokyo, Japan. The Committee will select grantees from among the
preliminary candidates by means of an interview made in their respective countries by a mission
member assigned and dispatched by the Committee.
(3) Final announcement in writing will be provided by the Embassy of Japan after the AYF Committee.
The grantees of the Japanese Government (Monbukagakusho) scholarship for 2010 will be finally
selected, on condition that they have completed the AYF preparatory course successfully, after the
university placement has been made.
Scholarship Application and Further Information
Tags: Asian, AYF, Fellowship, Japan, Program 2009, Youth

21 August 2008

လာရာလမ်းကို အမောင်ပြန်ခဲ့မယ်


အမောင်ဆိုတာ လူငယ်လေးတစ်ယောက်ပါ။ သူလည်းသူများတွေလို ပုခုံးနှစ်ဖက်ကြားထဲ ခေါင်းပေါက်ပြီး တိုးတက်ချင်သူ အောင်မြင်ချင်သူပေါ့။ ပြောစမ်းပါ ဘယ်လူငယ်တွေက မတိုးတက်ချင်ဘူးလဲဆိုတာ။ အမောင်လျှောက်ဖို့ရွေးချယ်ခဲ့တဲ့ လမ်းတစ်ခုရဲ့ အစ..

သူငယ်ချင်းတွေက ပြောတယ် “ငမောင် အဲဒီမှာဘာလုပ်နေတာလဲတဲ့ သတ္တိမရှိဘူးလားတဲ့ မိန်းကလေးတွေတောင် လှုပ်ရှားအောင်မြင်နေကြပြီတဲ့ နင်မို့လို့ မျက်စိပိတ်နားပိတ်နေနိုင်တယ်တဲ့“ ။ပြောကြပါ သူငယ်ချင်းတို့ရယ် ကိုယ့်ဝမ်းနာကိုယ်သာသိပေတော့မပေါ့။ သူများတွေကိုလည်း ဒုက္ခမပေးချင် သေချင်တဲ့ကျားတောပြောင်းဆိုတာရယ် တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာရယ်က အမောင့်ကို ရွေးချယ်ရခက်စေခဲ့တယ်။

နောက်တော့ မဖြစ်မနေ အကြောင်းတစ်ခုကြောင့် အမောင် လမ်းတစ်ခုကိုရွေးလိုက်ရတယ်။ ရောဂါသည် အမေ့ကို တစ်သက်တာ ပြုစုဖို့အရေးက အမောင်အခု ရှာနိုင်တဲ့ ငွေကြေးထက် များနေခဲ့ပြီလေ။ မွေးကျေးဇူးဆပ်ဖို့အရေး အမောင် ခြေလှမ်းတွေပြင်ရပြန်တယ်။ ဟိုကချေး ဒီကချေးနဲ့ အမောင့်ရဲ့ခြေလှမ်းသစ် စနိုင်ခဲ့တယ်။

အမောင်လေ ရဲရဲကြီးလျှောက်ခဲ့မိတယ် လမ်းကြောင်းတစ်ခုပေါ်ကို။ ဒီရောက်တော့ သူငယ်ချင်းတွေက ဖေးဖေးမမ ကူညီကြပါတယ်။ အလုပ်ရှာဖို့အရေး သွားရေးလာရေးစားရေးသောက်ရေး နေရေးထိုင်ရေးတွေပေါ့။ အမောင်စတွေ့ရတာက မသိနားမလည် အမောင်တို့တွေကို လူမျိုးတူပေမယ့် ဇာတ်တူသားစားဖို့ဝင်မလေးတဲ့သူတွေပေါ့။ အလုပ်ရစေရမယ် ခုဘယ်လောက်ပေးဆိုတာတွေလေ။ မရှိမဲ့ရှိမဲ့ထဲက တချို့တ၀က်လောက် ပါသွားတယ်ဆိုရင် အမောင် နုံအလို့လို့ အပြစ်မတင်ပါနဲ့နော်။ မျက်စိသူငယ်နားသူငယ်နဲ့ ဒီအရပ်မှာ အမောင်တို့ အတွက် အစိမ်းသက်သက်လေ။

ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲပြောရမလား အမောင်အလုပ်တစ်ခုကို ကံကောင်းထောက်မစွာ ဖမ်းဆုပ်လိုက်မိတယ်။ အလုပ်က ကြမ်းကြမ်းတမ်းတမ်းလုပ်ရတဲ့အလုပ်ပေါ့။ ညည်းညူဖို့အချိန်မပေးအား အိပ်ပြန်ရောက်တဲ့အချိန်က သူများတွေ တရေးနိုးရင်ရလောက်တဲ့အချိန်။ စနေ တနင်္ဂနွေ ဆိုတာ မရှိ။ တခါတလေတော့ ရှားရှားပါးပါး တစ်ရက်တစ်လေနားရတတ်ပါတယ်။

တလကနေ နှစ်လပေါ့။ ပင်ပန်းမှုကို အမောင်ချွေးသိပ်ခဲ့တယ်။ အမောင့်ရဲ့ လမ်းစရိတ် ကုန်ကျစရိတ် တွေကို အမောင်ကာမိခါနီးပြီလေ။ မကြာခင်မှာ အမေ့ဆီကို အမောင့်ချွေးနဲစာလေးပို့ရတော့မယ်။ ကြိုးစားထားကွလို့ လက်ရုံးဆန့်ပြီးကြုံးဝါးနေမိတယ်။

အခုတော့ဗျာ။ ကံဆိုးမောင်သွားရာ မိုးလိုက်လို့ရွာဖြစ်လေသလားမသိ။ အမောင်တို့ လုပ်ငန်းက စီးပွားရေးကျလို့ နိုင်ငံခြားသားအလုပ်သမားလျော့တဲ့အထဲမှာ အမြဲတမ်းဝန်ထမ်းမဖြစ်သေးတဲ့ အမောင်တစ်ယောက် မှောက်လျက်လဲမိပါတော့တယ်။

အမောင်ဘာဆက်လုပ်ရမလဲ။ အမောင်ဘာလုပ်သင့်သလဲ။ လောကကြီးကိုပဲ အပြစ်တင်ရမှာလား။ အမောင့်ကံကိုပဲ အပြစ်ပုံချရမှာလား။ သူများတွေရဲ့ ရွှေထီးဆောင်းပုံပြင်တွေဟာ အမောင့်အတွက်တော့ ကျိန်စာအသစ်တွေဖြစ်စေခဲ့ပြီ။ အမောင့်လိုကျိန်စာတွေ ကြုံဖူးကောင်းကြုံဖူးသူတွေ ရှိနိုင်ပါလိမ့်မည်။ သို့သော် ကျဆုံခြင်းမှန်သမျှသည် အများအားကျသော အတုယူဖွယ်ကောင်းသော အောင်မြင်မှုတို့နောက်တွင် မှေးမိန်ပျောက်ပျက်သွားရစမြဲ။

နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပါသည် အမောင်လာရာလမ်းကိုပြန်တော့မည်………………

20 August 2008

ကျနော် ကော်ဖီဘာကြောင့်သောက်ဖြစ်သလဲ


ကော်ဖီ ကော်ဖီ တစ်နေ့ နှစ်ခွက်သောက်ကိုသောက်ရမယ်။ မသောက်ခဲ့ရင်ကော….. အဲဒီနေ့မှာ ရင်ဘတ်ထဲမှာ ဟာတာတာ။ မလေးရေ ကော်ဖီတွေနေ့တိုင်းသောက်ပါတယ်ကွာ။

မလေးနဲ့ဆုံခဲ့တာက ကော်ဖီဆိုင်မှာဆိုရင် ဒီဇာတ်လမ်းက ပုံမှန်။ ကျနော်တို့တွေက သာမန်ဆိုမှတော့ ပုံမှန်ပဲပေါ့။ ကျနော့ရဲ့ထူးဆန်းတဲ့ အကျင့်က ကော်ဖီကို အရသာတွင်မကပဲ ကော်ဖီဆိုင်ရဲ့ အပြင်အဆင် စိတ်ကူး ဆိုင်မှာဖွင့်တတ်တဲ့ သီချင်းစသည်ဖြင့် ခံစားရွေးချယ်တတ်သည်လေ။ အဲဒီတော့ တမြို့လုံးကကော်ဖီဆိုင်တွေမှာ အနည်းဆုံးတစ်ခေါက်လောက်တော့ ရောက်ဖူးတတ်ပါသည်။

ဆုံဖြစ်ခဲ့တဲ့နေ့က တနင်္ဂနွေနေ့။ ဘုရားကျောင်းကအပြန် မိုးကရွာလာတယ်။ တွယ်စီးလာတဲ့ကားကနေ နီးစပ်ရာမှတ်တိုင်တစ်ခုမှာ ခုန်ဆင်းပြီး မိုးခိုဖို့ ဘေးဘီကိုလိုက်ကြည့်နေမိတယ်။ ရုတ်တရက်တွေ့လိုက်မိတာက အမိုးစိမ်းစိမ်းလေးတွေ အောက်မှာ သစ်သားခေါက်ကုလားထိုင်လေးတွေ။ အား…….သိပ်ကို ဆွဲဆောင်မှုရှိပါလား။ အနားကို လျှောက်ကြည့်မိတော့ အိုး……မှန်ချပ်တွေနောက်မှာ မလေးရယ်လို့ မပီပြင်သေးတဲ့ ရုပ်ထုလေးက ငြိမ်သက်နေခဲ့တယ်။ မလေးကို ကိုယ်အစက အ၀တ်ဝတ်ထားတဲ့ ဒမ်မီရုပ်ကလေးမှတ်နေမိတာ။ ဆံပင်ရှည်တွေကို နောက်ကနေ ကြိုးလေးတစ်ခုနဲ့ ချည်ထားပြီး မျက်နှာလေးနောက်မှာ အိုက်အိုက်လေးဖြစ်နေတာလေ။ ဖတ်နေတဲ့စာရွက်လေးကို ဗျတ်ခနဲလှန်လိုက်တော့မှ အရုပ်မဟုတ်ပါလားဆိုပြီး အသက်ကိုပြင်းပြင်းရှူမိတယ်။

အဝေးကကြည့်ရုံနဲ့အားမရတော့ ဆိုင်ထဲကို ခြေလှမ်းပြင်မိတယ်။ ရင်သပ်ရှုမောသွားရတယ် တီးလုံးလေးတွေ ပေါ့။ ကျနော်ရူးသွပ်ပါတဲ့ Instrumental song လေးတွေ အဆိုမပါတီးလုံးသက်သက်တွေ။ တဖြည်းတဖြည်းသဘောကျလာတာက နံရံတွေ ထိုင်ခုံတွေ။ စားပွဲလေးတွေအလည်မှာ မှန်တွေလေ။ မှန်တွေရဲ့အောက်မှာ သဲတွေခင်းထားပြီး ခရုခွံလေးတွေ နဲ့ခင်းကျင်းထားလေရဲ့။ ကဗျာဆန်ဆန်တာကတော့ စိမ်းပြာရောင် မီးအုပ်ဆောင်းလေးတွေ အောက်က အခင်းအကျင်းတွေအားလုံး။ မလေးဆိုတဲ့သက်ရှိရုပ်ထုလေးပါအပါအ၀င်။

အရုပ်ကလေးလှုပ်လာခဲ့တယ်။ Menuစာအုပ်လေးကို ကျနော့ရှေ့မှာ ချပြီး ခဏပြန်ထွက်သွားတယ်။ စာဖတ်ချိန်ပေးလိုက်တာပေါ့။ တခြားဆိုင်တွေလို ဘေးနားမှာ ရပ်နေတာ ဘာမှာမလဲ ဘာမှမလဲ တရပ်စပ်မေးနေတာမျိုးမဟုတ်။ ၅မိနစ်လောက်ကြာတော့ ခပ်ယဉ်ယဉ်လေးလျှောက်လာတယ်။ ကျနော်လည်း ကော်ဖီအပူတစ်ခွက်မှာလိုက်ရင်း မသိမသာလေး လိုက်ကြည့်နေမိတယ်။ အင်း ကော်ဖီဆိုရင် တစိမ့်စိမ့် အရသာခံသောက်တတ်တဲ့ကျနော့အတွက် အရသာက တကယ်ကို ဆွဲမက်ဖွယ်။ တီးလုံးလေးရယ် အပြင်အဆင်ရယ် ပြီးတော့ မလေးရယ်ပေါ့…

နောက်ရက်တွေ အဆင်ပြေတဲ့နေ့တွေမှာ အဲဒီကော်ဖီဆိုင်လေးကို ရောက်မိနေတတ်တာပေါ့။ ကြာကြာထိုင်ဖြစ်တတ်တာမို့ စာဖတ်ဝါသနာပါတဲ့ ကျနော် ဖတ်လက်စ စာအုပ်လေးတွေကို အဲဒီမှာ ကော်ဖီနဲ့ မျှောချတတ်တယ်လေ။ မထင်ပါပဲ ၀ါသနာကြောင့် မလေး ဆီက ပန်းပွင့်လေးတွေကြွေကျလာတယ်။ ယူက မြသန်းတင့်ဖတ်တယ်လားတဲ့။ တို့လည်းကြိုက်တယ်တဲ့။ ဆရာက လေးစားဖို့ကောင်းတယ်နော်တဲ့။ ဂျာနယ်ကျော်မမလေးလဲ တို့ကြိုက်တယ်တဲ့။ နည်းနည်းရင်းနှီးလာတော့ ဖတ်ထားတဲ့စာတွေ ဆွေးနွေးဖြစ်ကြတယ်။ မော်ကလေ အဲဒီဇာတ်ထဲမှာသိပ်သနားဖို့ကောင်းတာပဲနော်၊ ဝေကဘာလို့ ငြိမ်ခံနေတာလဲ မသိဘူး ဒီလူကြီးကလည်း သိပ်ချုပ်ချယ်တာပဲ၊ ဦးချစ်မောင် လိုလူမျိုးရှာလို့တွေ့ပါတော့မလားဆိုတာမျိုးတွေနဲ့။

နောက်တော့ နောက်တော့ စာအုပ်တွေ ငှားဖြစ်ကြတယ်။ ကြိုးတွေ တစ်ပတ်ပြီးတစ်ပတ်ရစ်ခဲ့ကြတယ်။ ကျနော်က မလေးမျက်နှာပေါ်က ဆံခြည်မျှင်သွေးကြောတွေကို ရေတွက်ခဲ့မိသလို ကျနော့ ရဲ့ဆံပင်ဖြူတွေကိုလည်း မလေးက ရေတွက်ခဲ့တယ်လေ။ ကျနော့အတွက် မလေးဟာ ကော်ဖီဖြစ်ခဲ့သလို ကော်ဖီဟာလည်းမလေးဖြစ်ခဲ့တယ်။

ဒါပေမယ့် မလေးရယ် ဇာတ်တစ်ကွက်လို စာရေးဆရာတွေကို ရေးခိုင်းပြီး ကိုယ်သိမ်းချင်သလို ပြီးပါပြီလို့ စာတမ်းထိုးလို့ရတာမဟုတ်ဘူးလေ။ မလေးလည်းသိပါတယ်။လူငယ်တစ်ယောက်ရဲ့ဘ၀အိပ်မက်ဆိုတာကို မမက်ပါနဲ့လို့မလေးက မတားခဲ့သလို မလေးကလည်း အိပ်မက်ထဲကို မ၀င်လာခဲ့။ အင်း မလေးမှာလည်း မလေးအကြောင်းနဲ့ကိုး။ သိပ်ချစ်ဖို့ကောင်းတဲ့မလေးက သူချစ်တဲ့မြေက ကလေးတွေကို ကိုယ်ထူကိုယ်ထ စာသင်ပေးသတဲ့။ နောက်တော့ တခြားအဖွဲ့အစည်းတစ်ခုကနေ မလေးတို့ကို အကူအညီပေးခဲ့တယ်။ ကိုယ်ထူကိုယ်ထဖြစ်တာမို့ မလေးတစ်ယောက် ဂျင်ဂျင်လည်အောင် အလုပ်တွေလုပ်ခဲ့ရတယ်။ မလေးကို ကူညီတတ်တဲ့ ကျနော်ကလည်း မလေးခေါ်ရင် အဆင်သင့်ဖြစ်နေခဲ့တယ်။ ချစ်စရာကောင်းတဲ့ ကလေးတွေရဲ့ အနာဂါတ်အတွက် မလေးတစ်ယောက် ဆေးစပ်လို့ ဆွဲနေတုန်းမှာ…ကျနောစီစဉ်ထားတဲ့ အိပ်မက်က အကောင်အထည်ပေါ်ခဲ့တယ်လေ။ မလေးရယ် အိပ်မက်ရယ် ကော်ဖီရယ်။

မငိုခဲ့မိဘူးထင်တယ်။ မလေးကလည်း အချိန်တန်ရင် ပြန်လာခဲ့တဲ့ မလေးကော်ဖီတစ်ခွက်နဲ့စောင့်နေမယ်တဲ့။

မလေးရယ် ကော်ဖီတွေအေးကုန်ပါ့မယ်……………

17 August 2008

ညတစ်ညအကြောင်း


ဝရုန်းသုန်းကား ဖြစ်ခဲ့ရတဲ့ ညလေးအဖြစ် တစ်သက်တာ အမှတ်ရစရာဖြစ်ခဲ့ဖူးတဲ့ညတစ်ည။

ဆယ်တန်းတုန်းကပါ။ အဒေါ်တွေ အမေတွေက ဆရာမတွေဆိုတော့ ကျနော်တို့အိမ်မှာ ကျောင်းသူကျောင်းသားမပျက်ခဲ့။ နယ်က မိဘတွေက ဆရာမတို့ အိမ်မှာ ပဲစိတ်ချလို့ဆိုပြီး တောသူတောင်သား အရိုးခံလေးတွေဆိုပြီး အိမ်မှာလက်ခံရင်း အဆောင်လိုဖြစ်နေတာ။ လခကလည်း ပဲလေးပေါ်ရင်ပေး နှမ်းလေးပေါ်ပေးပေါ့။

အထက်တန်းကနေ တက္ကသိုလ်အထိ ဆိုက်စုံရှိတာ။ ခုတော့သွားမကြည့်နဲ့တော့ စီးပွားရေးမကောင်းလို့ရောင်းလိုက်ပြီ။

တက္ကသိုလ်လာတက်တဲ့ အမကြီးတစ်ယောက်က တော်တော်ဟုတ်ဆိုပဲ။ ကျောင်းမှာလည်း နာမည်ကြီးတဲ့။ သူ့ရွာမှာလည်းနာမည်ကြီးတဲ့။ အသေအချာတော့မသိ။ သူတို့ကြီးတယ်ဆိုတော့ ကြီးလိုက်တာပါပဲ။ သူကစတဲ့ ဇာတ် အဲဒီညကို ရှုပ်ယှက်ခပ်သွားအောင်။

နေ့ခင်းတည်းက သူမတည်ငြိမ်ဘူး။ လှုပ်လှုပ်နဲ့။ တစ်ခုတော့တစ်ခုခု။ ဘာဖြစ်လာမှန်းလည်းမသိဘူး။ ကျနော်နဲ့တခန်းတည်းနေဖြစ်တာက သူ့မောင်ဆိုတော့ မေးကြည့်တော့လည်း မဖြေ။

ညရောက်လာတော့ ထုံးစံအတိုင်းမီးကမလာ။ ကျနော်တို့တွေ စာစုကျက်ကြတာက စားပွဲဝိုင်း၂ခုမှာပေါ့။ အဲဒီအမကြီးက စာလည်းမကျက်ဘူး။ ကျနော်တို့ စာကျက်ဝိုင်းတွေရဲ့ အနားမှာ ခုံလေးချပြီး ခြေထောက်လေးနှစ်ဖက်တင်ပြီး ကျုံ့ကျုံ့လေးထိုင်နေတယ်။ လူကြည့်တော့လည်း အူကြောင်ကြောင်ဖြစ်လို့။

ခဏနေ ဆယ်နာရီလောက်ထိုးရော လေတွေတိုက်လာတယ်။ မိုးတော့မရွာဘူး။ လမိုက်ညမို့ထင်တယ် အပြင်မှာလည်းမှောင်ပိန်းလို့။ သူက အဲဒီအချိန်မှာ စကားလေးတစ်ခွန်းစပြောတယ်။ တစ်နေ့လုံးဘာမှမေးလို့ မရ တဲ့လူက။ “တံခါး တံခါး လေးပိတ်ပေးပါတဲ့” တုန်နေတဲ့ အသံနဲ့ တောင်းဆိုနေတာမို့ အိမ်ရှေ့တံခါးရွက်နှစ်ခုကို ပိတ်ပြီး ဂျက်ပါထိုးလိုက်တယ်။ သူပြန်ငြိမ်သွားတယ်။

နောက်တော့ ကျနော်ကြက်သီးတွေ အလိုလိုထလာမိတယ်။ အင်းအေးလို့နေမှာပါဆိုပြီး ခြုံစောင်ကို လှမ်းဆွဲပြီးခြုံလိုက်တယ်။ ကျနော်တို့အရပ်က ဆောင်းတွင်းဆိုသိပ်အေးတာလေ။

အဲဒီအချိန်မှာပဲ လေပဲတိုက်လိုက်သလား ရုတ်တရက် ဂျက်ထိုးထားတဲ့ တံခါးရွက်နှစ်ဖက်က ပွင့်ထွက်သွားခဲ့တယ်။ ခုနက အမကြီး ငယ်သံပါအောင်အော်တော့တာပဲ။ “ နင်မလာနဲ့တဲ့ ငါကြောက်တယ်” ဆိုပြီး တုန်တုန်ရီရီကို ဖြစ်နေတာ။ ကျနော်တို့တွေလည်း ခေါင်းက ဆံပင်မွှေးတွေထောင်လာသလားတောင်ထင်မိတယ်။ တွန်းဖွင့်ရင်တောင် အားအတော်သုံးရမှာလေ။ ခုတော့….

ဘုရားစင်ပေါ်က ပရိတ်ရေတွေတိုက် ဘာတွေတိုက်ပေါ့။ ငိုနေတဲ့ သူ့ကို ကျနော်တို့လည်းဝိုင်းချော့ရတယ်။ ငြိမ်သက်သွားပြီဆိုတော့မှ နောက်ထပ်ရှိုက်ငိုရင်း သူစပြောတော့တာ။

ဒီနေ့ ရွာမှာရှိတဲ့ သူ့ရည်းစား ဆိုင်ကယ်မှောက်လို့ဆုံးပြီတဲ့။ အဲဒီအမကြီးအိမ်က သူနဲ့သဘောမတူလို့ အိမ်ပြန်မလာခိုင်းဘူးတဲ့။ သူထင်တာ သူ့ဆီလိုက်လာရင်း လမ်းမှာမှောက်တာဖြစ်မယ်။ အိမ်ကတော့ မပြောရဘူးတားထားတာတဲ့။ သူငယ်ချင်းတွေဆီက သိလာတာတဲ့။ အဲဒီတည်းက သူဆောက်တည်ရာမရဖြစ်နေတာ။ သူက သရဲဆိုသိပ်ကြောက်တာလေ။ ညဘက် အပြင်ထွက်ရင်အဖေါ်ပါမှ ထွက်တာ။ သူပြောပြမှ အားလုံးက အလယ်ကိုရွှေ့ရွှေ့လာကြတယ်။ ကြောက်စိတ်ကလည်း ကိုယ်စီနဲ့ပေါ့။

အဲဒါမျိုးတွေ တကယ်ရှိလားမရှိလားမသိပါ။ ယုံလားလို့မေးရင်လည်း မယုံတာက ခပ်များများ။ ကြုံလာရတဲ့ ညကျတော့လည်း ယုံရမလိုပါပဲ။ မယုံတ၀က်ယုံတ၀က်နဲ့ ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ခဲ့ရတာကိုယ်ပါ ဆိုတဲ့ညပေါ့။

ဘယ်လိုလဲ


လမ်း
ဖြောင့်ချင်လည်းဖြောင့်မယ်
ကောက်ချင်လည်းကောက်မယ်

ခရီး
တိုချင်လည်းတိုမယ်
ရှည်ချင်လည်းရှည်မယ်

ပန်းတိုင်
နီးချင်လည်းနီးမယ်
ဝေးချင်လည်းဝေးမယ်

ခလုတ်ကန်သင်း
နည်းချင်လည်းနည်းမယ်
များချင်လည်းများမယ်

မိုင်တိုင်
မိုင်တိုင်တွေလည်း
နည်းရာက များလာနိုင်သလို
များရာကလည်း နည်းလာနိုင်တယ်။

လျှောက်ရဲဖို့ပဲလိုတယ်……

16 August 2008

ကမ္ဘာကျော်

ကမ္ဘာကျော် တကယ်ကို ကမ္ဘာကျော်လောက်ပါပေရဲ့ သူ့နာမည်ကိုက ကမ္ဘာကျော်။ နာမည်အရင်းမေးရင်တောင် သိတဲ့သူမရှိ။ ကမ္ဘာကျော်ဆိုရင် အာလုံးသိပါတယ်။

အလုပ်ထဲကို စ၀င်ဝင်ချင်း သူနဲ့စတွေ့တာပါပဲ။ အီလက်ထရွန်းနစ်နဲ့ ပြီးတယ်ဆိုတော့ ဆိုင်ရာဆိုင်ရာ စက်တွေမှာ အဆိုင်းချတော့ စကြတာက အဲဒီ ပုလင်းစစ်တဲ့စက်။ ပုလင်းတွေကို ဘာမှမဖြည့်ခင် ကောင်းမကောင်းစစ်တဲ့စက်ပေါ့။ စက်က ပုလင်းရဲ့ အပေါ်နဲ့အောက်ကိုပဲ စစ်နိုင်တာဆိုတော့ ဘေးဘက်တွေကို စစ်ဖို့က လူတွေနဲ့ထိုင်ကြည့်ရတာပေါ့။ အဲဒီထိုင်ကြည့်တဲ့ အလုပ်ကို ကမ္ဘာကျော်ကလုပ်ပါတယ်။

စ၀င်လာချင်း ကျနော်တို့ ဘယ်ရာထူးနဲ့ဝင်တယ်ဆိုတာ ဘယ်သူမှမသိခဲ့။ ဘယ်ရာထူးမယ့်သင့်တော်မယ်ဆိုတာ အလုပ်ထဲဝင်ပြီးမှ ဆုံးဖြတ်မယ်လို့ CE ကပြောခဲ့တာကိုး။ အဲဒီတော့ operator လဲဖြစ်နိုင်တယ်လေ။

အဲဒီတော့ ကမ္ဘာကျော်တို့ လို နေ့စားတွေနဲ့ operator တွေဆိုတာ ရင်းနှီးခင်မင်ကြတာပေါ့။ စလိုက်နောက်လိုက်။ ဟိန်းလိုက်ဟောက်လိုက်ပေါ့။ နိဒါန်းချီနေတာနဲ့ကို လိုရင်းကို မရောက်တော့။ ကဲ….

ကမ္ဘာကျော် ဆိုတာနှယ်နှယ်ရရ မဟုတ်ဘူး။ နောက်ကျတတ်ရင် အလုပ်ထဲမ၀င်ရဆိုတာနဲ့ ပေကပ်ပြီးလမ်းမမှာ မတ်တပ်ရပ်နေတတ်တဲ့ လူမျိုး။ သနပ်ခါးလိမ်းမလာပါနဲ့ ဆို ပါးပါးလေးလိမ်းလို့ရတယ်မဟုတ်လားဆိုတာမျိုး။ ခင်ဗျားတို့တွေ မျက်လုံးပြူးသွားမယ့် ကမ္ဘာကျော်ရဲ့ လုပ်ရပ်ရှိနေသေးတယ်။ သူလည်း လောကီသားဆိုတော့ ချစ်တတ်တယ်လေ။ သူချစ်တာက ဒီလို………. ကောင်လေးတွေကို ရည်စားစာပေးတာဗျ။ သူကစပေးတာနော်။ ရေးတာတော့ အကျ။ မြှောက်ပေးကြတာလဲ ပါမှာပေါ့လေ။

အင်းရည်းစားစာသာ ရေးတာ shift record sheet မှာဖြည့်ရင်တော့ တလွဲ။ သိလားလို့မေးရင် အင်းအင်းအင်းပဲ။ နောက်မှာတော့တစ်မျိုး။ သွားဆူလိုက်ရင်တော့ ငိုပြီသာမှတ်ပေတော့။ သူစိတ်ဆိုးရင် ဘယ်သူ့ကိုမှ စကားမပြောတော့။ ပုလင်းစစ်တဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကတော့ တိတ်ဆိတ်ငြိမ်သက်သွားတော့တာပဲ။

ကျနော့အကျင့်ကလည်း တစ်မျိုး။ ညဆင်းကျရင် မအိပ်တတ်။ လိုင်းထဲမှာပတ်နေတော့တာ။ အိပ်နေတဲ့လူတွေ့ရင် မကြိုက်။ တာဝန်ကျေပွန်အောင်မလုပ်ပဲ အိပ်နေလို့လေ။ အလုပ်ဝင်စဆိုတော့လေ။ နောက်တော့လည်း သူတို့တွေရဲ့ အခက်အခဲ ကိုသိလာရတော့ ခွင့်လွှတ်နားလည်ပေးရတာပါပဲ။ ဆူတော့မဆူမိ။ ကျနော်လုပ်တဲ့ အကျင့်က ကျနော်ရထားတဲ့ ကော်ဖီမစ်လေးတွေကို အိပ်ငိုက်နေတဲ့ လူကိုသွားပေးခိုင်းလိုက်တာပါပဲ။ လိုင်းထဲက လူတွေကသိတယ် ကော်ဖီထုတ်ရပြီဆိုရင် အိပ်ငိုက်နေလို့ဆိုတာ။

ကမ္ဘာကျော်တို့ကတော့ ကျနော်ညဆင်းကြတဲ့ အချိန်တိုင်း အိပ်ငိုက်ချင်ယောင်ဆောင်တယ်တဲ့လေ။ ဘာလို့လဲဆိုတာ သိတယ်ဟုတ်။ အင်းရည်ရွယ်ရင်းကို သိရင်တော့ ရီမိမှာမဟုတ်ဘူး။ သူက ကျနော့ဆီကရတဲ့ ကော်ဖီမစ်တွေစုပြီး ဆယ်ထုပ်ပြည့်ရင် ပြန်သွင်းတယ်လေ။ သူ့အမေကို အိမ်ပြင်ဖို့ ပိုက်ဆံစုပေးနေတယ်တဲ့။ အဲလိုဆိုတော့လည်း အဟုတ်။

နောက်တစ်ခုက ကျနော်တို့မှာ ISO Audit ရှိတယ်လေ။ စစ်ခါနီးတိုင်း အားလုံးကို စာသင်ပေးရတယ်။ စာသင်ရင်း သူတို့တွေမေးခွန်းတွေဖြေတတ်အောင် လေ့ကျင့်ပေးရတယ်လေ။ အဲဒီအချိန်မှာတော့ ကမ္ဘာကျော်တို့ ခုံအောက်ဝင်နေသလား မသိအောင်ငြိမ်သက်မြဲ။ သူ့ကို စာမေးမှာစိုးလို့ မျက်လုံးချင်းမဆုံအောင် သူ့မှာကြိုးစားလိုက်ရတာ။ စာများမေးမိလို့ကတော့ လိုင်းထဲကကြက်တူရွေး ဒီနေ့ပဲ လျာအဖြတ်ခံလိုက်ရတဲ့ရုပ်နဲ့။ မသိချင်ယောင်ဆောင်နေလိုက်တာ။ အဲဒီနေ့မျိုးဆို သူ့နာမည်က ကမ္ဘာကျော်မဟုတ်တော့။ သူ့မှာနာမည်ရှိတယ်တဲ့။ နာမည်အရင်းမခေါ်လို့ဆိုပဲ။

ကျနော်ပြောနေတာနဲ့ သူ့ရဲ့စိတ်အခြေအနေ ဘယ်လိုဆိုတာသိနိုင်လောက်ပါတယ်နော်။ သူ့ကျောင်းအတန်းကိုတော့ ၈တန်းအထိတော့တက်ဘူးတယ်ပြောတာပဲ။ ကျောင်းဆက်မတက်နိုင်တော့တဲ့ လူတွေက အပုံအပင်ဆိုတော့ သူတို့တွေအတွက်မထူးဆန်းတော့။

ကမ္ဘာကျော်ဆိုတဲ့ အညတရလေးလည်း အလုပ်မှာလုပ်နေသေးလား မသိတော့။ ခုတော့ ကျနော်က အဝေးမှာဆိုတော့………….ကမ္ဘာကျော်ဆိုပြီး အော်မခေါ်နိုင်တော့။

အညတရရုပ်ပုံလွှာ

ကျနော်ပန်းချီမဆွဲတတ်ပါဘူး။ ဒါပေမယ့် ပုံဖော်ကြည့်ချင်တယ်…..

ကိုယ်တိုင်က အညတရတစ်ယောက်ဆိုတော့ အညတရဘ၀တွေကို စိတ်ဝင်စားပါတယ်။ ဆရာမြသန်းတင့်လည်းရေးဖူးတယ်ထင်တယ်။

ညနေခင်းတစ်ခု ရုံးကအပြန်မှာ အရင်အလုပ်က ညီတစ်ယောက် ဖုံးဆက်ခေါ်တာနဲ့ အပြေးအလွှားပြန်အလာပေါ့။ ဘတ်စ်ကားပေါ်ကိုတက်တော့ အရမ်းကြပ်နေခဲ့ပြီ။ အောက်မှာ ရပ်နေဖို့လည်းမဖြစ်နိုင်တော့တာမို့ အပေါ်ထပ်တက်လိုက်ရတယ်။ အပေါ်မှာလည်း နေရာမရှိခဲ့။ ဖြစ်သလိုပဲ လှေကားနားက နေရာလေးမှာ ကပ်သပ်ရပ်လိုက်ရတယ်။

ညီငယ်ကလည်း သူစောင့်နေတဲ့နေရာကို ရောက်ခါနီးပြီလားလို့ ဖုံးဆက်မေးတော့ ကျနော်က နောက် ၄၅ မိနစ်လောက်မှရောက်မှာပါလို့ ရယ်ကျဲကျဲ ပြောလိုက်ရတယ်။ နောက်နားက ဟုတ်တယ်အစ်ကိုတဲ့ ၄၅ မိနစ်တော့ အသာလေးပဲတဲ့။ အိုး သူလည်းဗမာပဲကိုး။ အဲဒီကစလို့သူနဲ့စကားပြောဖြစ်တယ်။

စစချင်းတော့ ဘယ်လောက်ကြာပြီလဲ အဆင်ပြေလား ဘာလားပေါ့။ သူကတော့ အဆင်မပြေဘူးအစ်ကိုတဲ့။ အစ်ကိုတို့ကတော့ ပြေမှာပါဗျာတဲ့။ ကျနော်က WP နဲ့လုပ်နေတာတဲ့။ ရောက်နေတာ ၂ နှစ်ရှိပြီဆိုပဲ။ ပိုက်ဆံစုမိပြီလားဆိုတော့ မချိုမချဉ်လေးပြုံးရှာတယ်။ သူ့အသက်ကို မေးကြည့်တော့ ၂၂ တဲ့။ အသက် ၂၀ထဲက ထွက်လာရတာပေါ့။ နောက်တော့…

ကျနော်က မြင်းခြံသားတဲ့။ မိဘနဲ့အငယ်နှစ်ကောင်က ဟိုမှာဘဲ အငယ်တွေက ကျောင်းတက်တုန်းတဲ့။ တလမှ ၄သိန်းလောက်ရတာတဲ့။ အိမ်ကို ၂ သိန်းပုံမှန်ပို့ရတယ်တဲ့။ ၂သိန်းလောက်မှ အိမ်စရိတ်က ကာမိမှာတဲ့။ အမေ့ကလည်းနေသိပ်မကောင်းဘူးတဲ့။ အလုပ်ပြောင်းချင်တာ တော်ကြာအလုပ်ပြုတ်နေမှာစိုးလို့တဲ့။ ဒီမှာ အလုပ်ပြုတ်ရင် ဟိုမှာငုတ်တုတ်နေကြရမှာတဲ့။ အလုပ်ကပုံမှန်မရှိဘူးတဲ့။ အလုပ်မရှိရင်လစာ မရဘူးပေါ့။ သူတို့ အလုပ်က နာရီနဲ့ပေးတာတဲ့။ ပြီးတော့ သူက အဝေးသင်နဲ့ ဘွဲ့ရပြီးသားတဲ့။ ဒီမှာကျောင်းဆက်တက်ချင်လိုက်တာတဲ့။ စရိတ်ကလည်းကြီး အချိန်ကလည်းပေးရမှာ။ မဖြစ်နိုင်ပါဘူးအစ်ကိုရာတဲ့။ ထမင်းစားဖို့တောင်အနိုင်နိုင်။ အိမ်ကတော့အထင်ကြီးနေမှာပဲ ငါ့သားနိုင်ငံခြားမှာ လုပ်နေတာပေါ့။ တယ်ဟုတ်ပါလားပေါ့။ ဒီမှာ ကြုံတွေ့နေရတဲ့ တကယ့်အခက်အခဲတွေကို ဘယ်ပြောဖြစ်မှာလဲအစ်ကိုရာတဲ့။အဆင်ပြေလား အဆင်ပြေတယ်ပေါ့။ခုတစ်လော အလုပ်မရှိလို့ သူဌေးဆီလာပြီး လေယာဉ်လက်မှတ်ခ လာတောင်းတာပါတဲ့။ ခွင့်ရရင်ပြန်မယ်တဲ့။ ဟိုပြန်ပြီး ဘွဲ့လက်မှတ်လေးထုတ် ဒီပြန်လာပြီး အလုပ်ပြောင်းချင်လိုက်တာတဲ့။

ဒါနဲ့ အလုပ်မရှိရင်ဘာနဲ့စားလဲဆိုတော့ သူတို့ရုံးက အသိတွေနဲ့ အချိန်ပိုင်းအလုပ်လုပ်ပါတယ်တဲ့။ နာရီပိုင်းပဲပေါ့။ အခန်းတွေပြင်တာ မီးကြိုးတွေဆွဲတာ လုပ်တာလေအစ်ကိုတဲ့။ ကျနော့ဘွဲ့လက်မှတ်ထုတ်လာပြီးရင်တော့ သင့်တော်တဲ့ အလုပ်လေး ရနိုင်ကောင်းပါတယ်နော်တဲ့။

တကယ်လို့ အလုပ်မရှိလို့ ဟိုပြန်ရရင်ရော ဘာလုပ်မလဲဆိုတော့။ အရင်တုန်းကလုပ်ခဲ့ဖူးတဲ့ ပန်းရံပဲလုပ်မယ်လေအစ်ကိုတဲ့။ ကျနော်တို့အရပ်မှာ အဲဒါအလုပ်ပေါတယ်တဲ့။ ကဲ...........ကျနော့အလုပ်မှာ ဘွဲ့ရ နေ့စား အလုပ်ကြမ်းလာလုပ်နေတဲ့လူတွေတွေ့နေကြလေ။ လာပြန်ပြီနောက်တစ်ယောက်ပေါ့။

အင်း ဒီနိုင်ငံမှာ သူတို့နိုင်ငံသားတွေ ဘွဲ့ရမပြောနဲ့ ဒစ်ပလိုမာနဲ့ ပြီးရင်တောင်မှ အလုပ်ကောင်းကောင်းရနေကြပြီ။ သူလိုဘွဲ့ရဆိုတော့ နှမြောစရာပါ။ ဟိုမှာ ကျနော့လက်အောက်က ဘွဲ့ရလေးတွေလည်း ရလှ ၃သောင်း ၄သောင်းပေါ့။ ခုတော့ရှိသမျှလူငယ်တွေအားလုံး အပြင်ထွက်မယ်ဆိုတာချည်း။ ဒါကို ဦးနှောက်ယိုစီးမှု တိုင်းတပါး အထင်ကြီးမှုလို့ခေါင်းစဉ်တပ် တလွဲဆံပင်ကောင်းလိုက်ပြီး နိုင်ငံရဲ့ လူငယ်တွေ အဝေးမှာရောက်နေကြ ၊ ကိုယ့်နိုင်ငံရဲ့ ပျက်စီးမှု ဆုတ်ယုတ်မှုတွေကို အဟုတ်ကြီးလုပ်ပြီးထိုင်ကြည့်နေ ၊ ရှေ့ကနေလည်း မသွား နောက်ကနေလည်းမလိုက်ချင် ဘေးတိုက်တောင်မှ တွန်းထိုးပြီးတိုက်ချင်နေတဲ့ ဂဏန်းတွေဆိုတော့လည်း ခက်သားလား….....

14 August 2008

အံမ၀င်ခြင်းလား မှားယွင်းခြင်းလား


တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် အထပ်ထပ်အခါအခါ ကြုံတိုင်းကြုံတိုင်း အသစ်လို ဖြစ်လျက်ပြန်လည် မှားယွင်းနေဆဲ။

စကတည်းကပြောပြီးပါပကော ကျနော်က ရွာသားလေးပါလို့။ ကျနော်တို့ရွာမှာ အဲလိုမျိုးလုံးဝမှမရှိ။ ရွာမှာဆယ်တန်းသာအောင်ခဲ့ရော လူကူးမျဉ်းကျားဆိုတာမရှိ။ နောက်တော့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကိုတဲ့ယောင်လည်လည်ဆိုတဲ့ သီချင်းအတိုင်း သူများအကူအညီနဲ့ ရန်ကုန်မြေကို ခြေချခဲ့ရတယ်။ ရောက်စကတော့ ဒီရွာသားလမ်းမကူးတတ်ဘူးဆိုပြီး နေတဲ့အိမ်က ရီတာပေါ့။ ၀ှီးကနဲဖြတ်ဖြတ်သွားတဲ့ ကားတွေကြားမှာ ဘယ်လိုလုပ်ကူးတတ်ပါ့မလဲ။ နောက်တော့လည်း တဖြည်းဖြည်း အေးဆေးဖြစ်သွားတာပါပဲ။ လမ်းအလည်က ကူးမလား ၊ မျဉ်းကျားက ကူးမလား အိုရတယ် မီးပွိုင့် က အမြဲမီးပျက်နေတော့ အသက်ကို ဖက်နဲ့ထုပ် အရှက်ကို မျက်နှာပေါ်တင် မတော်ရင် ကားသမားတွေက ဆဲသွားတတ်သေးတာလေ။ သတိဆိုတဲ့နေအိမ်ကို လမ်းမမှာတည်ပြီး ကူးသွားတတ်လာပါတယ်။ ဒါပေမယ့် ကျနော်မြင်ဖူးတဲ့လူကူးမျဉ်းကျားတွေက တချို့လည်းပျက်လို့ တချို့လည်းနေရာရွှေ့တယ်ပြောတာပါပဲ။ ကျနော်တို့လူမျိုးတွေ တော်တာကတော့ ပြောမနေနဲ့ မျဉ်းကျားရွှေ့တာပဲလား မျဉ်းတွေပဲပျက်နေတာလား ဘာအမှတ်အသားမှမရှိတဲ့ လမ်းပေါ်ကို မျဉ်းကျားရှိသယောင်ယောင်နဲ့ ကူးတတ်တယ်ဗျ။ အရင်တုန်းက ဒီနားမှာပါဆိုတာက လာသေးသဗျ။ သူများပြောတာမဟုတ်ပါဘူး ကျနော်ကိုယ်တိုင်က အဲလို။

ဒီရောက်တော့ဗျာ မျဉ်းကျားက နှစ်မျိုးဗျာ။ တချို့က အစင်းအစင်း တစ်ချို့ က ဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်စည်းပဲ ပစ်ထားတယ်။ အမ်ဘယ်လိုမျိုးပါလိမ့်ပေါ့။ သူငယ်ချင်းက ရှင်းပြတာက မျဉ်းဖြူကြားဆိုရင် ဘာမှဂရုစိုက်စရာမလို ဘူးတဲ့။ မျက်စိမှိတ်တောင်ကူးလို့ရသတဲ့။ မျဉ်းနှစ်ဘက်ပိတ်ထားတာကတော့ လူကူးမီးစိမ်းမှကူးတဲ့။ ခလုပ်လေးလဲနှိပ်ရတယ်ဆိုပဲ။ ပြီးတော့ မီးစိမ်းရင်လည်း အသံထွက်ပေးသေးတာဗျ။ ကျနော့အသိတစ်ယောက်ကပြောတာကတော့ အဲဒါပြေးပြေးပြေးလို့ အော်တာတဲ့။ ဟုတ်မှာ အားလုံးကလည်း ပြေးနေကြတာကိုး။ အင်းဆင်မယဉ်သာလျှောက်နေလို့ကတော့ လမ်းတ၀က်မှာပဲ ကိစ္စချောမလား အသိဖြူဖြူကြီးတွေနဲ့ပဲ မိတ်ဆက်ရမလား။

ဖြစ်တာကဒီလိုဗျ။ အရမ်းကို သတိကောင်းသလားမသိပါဘူး။ မျဉ်းကျားဆိုတာနဲ့ လူက သတိအနေအထားနဲ့စရပ်မိတယ်။ ပြီးတော့မှ ဘယ်ကြည့်ညာကြည့် နောက်ကြည့်ပေါ့။ ရှင်းပြီဆိုမှကူးတတ်တာ။ ကားလာတာမြင်လို့ကတော့ ကူးလက်စခြေထောက်ကို နောက်ပြန်ရုပ် ပလက်ဖောင်းပေါ်အတင်းပြန်တက်။ အမေပေးထားတဲ့ အသက်လည်း ရှည်ချင်သေးတာကိုး။ အဲလိုမျိုး အလေ့အကျင့်အကောင်းတွေရှိခဲ့တာ။ အသက်ကို ဥာဏ်စောင့်ပေါ့ဗျာ။

ခုတော့ ကျနော်နဲ့နေ့စဉ် ပြဿနာဖြစ်နေတာက အစင်းအစင်းကောင်။ ဒီကောင်နဲ့က ဘယ်လိုမှမအပ်စပ်။ စဉ်းစားကြည့်ဗျာ။ ကားတွေကလည်း သွားချင်ရင်သွားနေနိုင်တယ်။ လူတွေမြင်ရင်တော့ စည်းနားမရောက်ခင် ရပ်တော့ရပ်ရှာကြသား။ ဒီကရွာသားက ခက်တာက အရင်အတိုင်းပဲ ကားမြင်တာနဲ့ ဘရိတ်ကိုပြေးအုပ်တော့တာ။ တုန့်ကနဲ တုန့်ကနဲနေအောင်။ ကားကလည်းရပ်ပေးရဲ့သားနဲ့လေ။ ကားသမားကလည်းသွားမလားဆိုပြီး စောင့်နေ။ ကျနော်ကလည်း ကျနော့အလေ့အကျင့်အတိုင်း စည်းနားမှာကားရပ်နေရင် မသွားတတ်။ သူစောင့်ကိုယ်စောင့်ပေါ့။ နောက်တော့ မှားမှန်းသိတဲ့ ကျနော်က စပ်ဖြဲဖြဲရုပ်နဲ့ ကားသမားကို ရီပြရင်းကူးရတော့တာပါပဲ။

တနေ့လည်းမဟုတ် နေ့စဉ်ဆိုတော့ အံမ၀င်တာများလား လွဲပဲလွဲချော်နေသလားလို့ပေါ့။ အဆုံးသတ်စဉ်းစားမိတာကတော့ တကယ်လို့ အံဝင်သွားခဲ့ပြီးတော့မှ ရန်ကုန်ပြန်ရောက်သွားခဲ့ရင် အဲလိုမျိုးအကျင့်ပါပြီး ကားကစောင့်မှာပါလေဆိုပြီး စိတ်ချလက်ချ ကူးလိုက်မိရင်တော့ အနိစ္စသဘောနဲ့ကိစ္စချောမှာ သေချာပေါက်ဆိုတော့ အံမ၀င်အောင်ပဲ နေလိုက်ပါတော့မယ်လေ ဆိုပြီး။ တခါတလေ အံမ၀င်တာက ခပ်ကောင်းကောင်း။

13 August 2008

စက်ရုံမိသားစု ထုပ်ဆီးတိုးပွဲ သို့မဟုတ်


ထူးထူးဆန်းဆန်း တခါမှမကြားဖူးတဲ့ အစီအစဉ်။ စက်ရုံမိသားစု ထုပ်ဆီးတိုးပွဲဆိုပါလား။ ရပ်ကွက်အလိုက် ပါဝင်ဆင်နွှဲရန်တဲ့ အမှတ် ၁ နှင့် အမှတ် ၂ ကို ပူးပေါင်းပါဝင်ရန်တဲ့။ စက်ရုံဝန်ထမ်းမိသားစု အားလုံး အုံးအုံးကြွက်ကြွက်။

ကျနော်က အမှတ် ၂ ရပ်ကွက်ကပါ။ နဂိုတည်းက အားကစားနဲ့ပါတ်သတ်ခဲ့ဖူးတဲ့ အမေက အော်တို အမှုဆောင်လူကြီးဖြစ်ခဲ့သလို အမေပါပြီဆိုမှတော့ ကျနော်မပါလို့မရတော့။ လူရွေးခြင်း……..အမေ့ရဲ့ ထည်ဝါတဲ့အသံနဲ့ “ဟေ့ မပါမနေရအမိန့် စုမော်ထွက် မြင့်မြင့်ရီထွက် သိန်းမဖြူထွက်နဲ့” လုပ်လိုက်တာ ရပ်ကွက်ထဲမှာရှိသမျှ သွက်လက်သော ငယ်ရွယ်သော အပျို အရွယ်မှသည် အိမ်ထောင်သည်အဆုံး တစ်သင်းစာမပြည့် , ပြည့်အောင်ဖြည့်လိုက်တယ်။ ဒါပေမယ့် ခေါင်သူကြီးကမရှိ။ ခေါင်သူကြီးက အရေးအကြီးဆုံး အမေကိုယ်တိုင်ဝင်ဖို့ကလည်း သူ့ကျန်းမာရေးအရ ဘယ်လိုမှမဖြစ်နိုင်။ ခေါင်သူကြီးဘယ်သူလုပ်မလဲ?

ဒီအခက်အခဲကို အမှတ်မထင်ပဲ အောင်မြင်ခဲ့ပြန်တယ်။ အမှတ် ၁ ရပ်ကွက်ရဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်အဖြစ် ဒုလက်ထောက်စက်ရုံမှူးကတော် အန်တီစုက ဒီတာဝန်ကို ယူခဲ့တယ်။ အားလုံးမှာ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ အန်တီစုက သက်သေထူခဲ့တယ်လေ။ တော်လိုက်တဲ့ အန်တီ သူ ဒီလောက်ကစားတတ်မယ်ဆိုတာ ဘယ်သူကယုံမှာလဲ။

လူရွေးပြီတော့ Fun ကိစ္စ၊ တစ်အိမ်တက်ဆင်း အလှူခံ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဆိုတာ ထည်လဲသုံးပြီး အေးဓမြတိုက်ခဲ့တာ။ “ဟေ့…..အားလုံးထပ်တူထပ်မျှထည့်ဝင်ရမယ်” ဆိုပြီး အခြေခံ သတ်မှတ်ပြီးအားလုံးကို ထည့်ဝင်စေခဲ့တာ။ မဆိုးတော့မဆိုးပါဘူး ဘယ်အိမ်ကမှ မဆဲမဆို ခွေးနဲ့ ရှူးမတိုက်လွှတ်လိုက်ဘူး။ နောက်ကွယ်မှာမဲ့ပြီး ကျန်ခဲ့ရင်တော့ လွန်တာရှိဝန္တာမိပေါ့။

အားလုံးငြိမ်ပြီ ဆိုတော့ လေ့ကျင့်ရေး။ လူတိုင်းရဲ့ဆုံမှတ် ရပ်ကွက်အလိုက်ပေးထားတဲ့တီဗွီရှိတဲ့ အိမ်ဘေးမှာပေါ့။ ဒါမှပြေးမလွတ်မှာ။ ဒါတောင် အကြောင်းအမျိုးမျိုးပြ ဟိုနားကနာတာတာ ဒီနားက အောင့်တောင့်တောင့်ဆိုပြီး ရှောင်ပြေးတဲ့လူနဲ့ ကလေးအမေတွေလည်းပါတာမို့ ကလေးကငိုသေးကစိုဆိုပြီး ပါမစ်အပြည့်နဲ့ ဘေးထိုင်ပြီး နို့ချိုတိုက်ကျွေး ကျန်းမာရေးဆောင်ပုဒ်ကို အကောင်အထည်ဖော်လိုဖော်။ သပဒပေါင်းစုံကိုဖြစ်နေတော့တာ။ အဲဒီထဲမှာမှ ရလီဗင်ဝင်ပေးရတဲ့ ကျနော်တို့သူငယ်ချင်းတစ်စု။ “နင်တို့တွေ စတန်းဘိုင်စောင့်နေရမယ် “ဆိုလို့ တီဗီလေးပြေးကြည့်လိုက် လာပါတော့လို့အော်ခေါ်ရင်ပြန်ပြေးလိုက်ပေါ့။

သူတို့တွေ လေ့ကျင့်တာက နည်းနည်း ကျနော်တို့တွေ စည်းတားပေးရတာကများများ။ ညနေဆို ရေဖြန်းပေးရတာနဲ့ ကျောက်ခဲတွေ ဖယ်ပေးရတာနဲ့ ထမင်းမြန်မြန်စားပြီး ကွင်းရှိတဲ့အရပ်ကို တန်းစီချီတက်ကြရတာက နေ့တိုင်း။

အော်လိုက် ငေါက်လိုက်နဲ့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ လေ့ကျင့်နေကြတဲ့ အဖွဲ့ကြီး ပြိုင်ပွဲဝင်ရက်က တဖြည်းဖြည်းနီးကပ်လာပြီ။ လှေခွက်ချည်းကျန် အလံမလှဲ အားကြိုးမာန်တက်ကြိုးစားခဲ့တဲ့သူတွေ ရင်ဆိုင်တွေ့မယ်လဲဆိုရော ဖင်ထိုင်မေ့ချင်ချင်ဖြစ်လာကြပြီ။ ထုံးစံအတိုင်း အမျိုးသမီးတွေဆိုတော့ ကြွက်စီကြွက်စီ။ နင်က ဟို နေရာမှာနေ ငါက အရန်နေရာနေမယ် ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။ အားလုံးကလည်း ကိုယ့် အကြောင်းပြချက်ကိုယ်စီကိုင်လို့ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ တစ်ချိန်လုံး ဘေးကနေ ဘယ်သူဘာကောင်းတယ် ဘယ်သူက ဘယ်နေရာမှာ အံဝင်တယ်ဆိုတာ အကဲဖြတ်နေတဲ့ အမေက နင်ဘယ်နေရာသွား နင်က ဘယ်လိုလုပ်ဆိုပြီး ညွှန်ကြားလေတော့မှ မရွှေချောတွေ အပြောရပ်တော့တယ်။

ပထမဆုံးပြိုင်ပွဲက တာထွက်ကောင်းသွားပါတယ်။ ချွေးထွက်များခဲ့တော့ အားလုံးကလည်း တက်ညီလက်ညီ။ ခေါင်သူကြီးကလည်း ဇတ်ခနဲဆွဲလိုက်တာနဲ့ ဟောတစ်ယောက် ဟောတစ်ယောက်။ စ, စချင်းပွဲက အမှတ် ၄ ရပ်ကွက်နဲ့ပါ။ စည်းတစ်ခုတိုင်းမှာဒိုင်တွေ တစ်ဖက်တစ်ချက်စီရပ်လို့။ တစ်ခုခုဆိုတာနဲ့ ၀ီစီကို ရွှီကနဲမှုတ်တော့တာပါပဲ။ အဲ စည်းတစ်စီတိုင်းမှာလည်း ကျနော်တို့ရပ်ကွက်ကလူတွေက “ ပြေး ပြေး တုပ်တုပ်တုပ် ဟိုဘက်ပြေး ဒီဘက်ပြေး နောက်မှာ နောက်မှာ မ၀င်နဲ့ မ၀င်ပါနဲ့ဆို “ အမျိုးစုံအောင် အော်ကြလေရဲ့။ သူတို့ကိုယ်တိုင် ကွင်းထဲ ၀င်မဆော့ရုံတမယ်။ အောင်မြင်ခဲ့တာပေါ့ အဲဒီပွဲ။

ဒုတိယပွဲက အမှတ်၆ နဲ့ပါ။ အမှတ် ၆က လည်းတော်တော်ပြင်ဆင်လာပုံရပါတယ်။ ဟန်အပြည့်နဲ့။ သူတို့ဘက်က အန်တီရွှေကြီးတို့လို ဈေးသည်တွေပါ ပါတာဆိုတော့ ဟိတ်ဟန်အပြည့်။ အားမာန်အပြည့် အော်လိုက်တာလဲ ဓါတ်စက်တောင် ထိုင်ငိုရမလို။ ငြင်းလိုက်ခုန်လိုက်တာလဲ အခု Green day တို့ ကိုင်ဇာတင်မုံတို့ ခုန်ပေါက်တာထက် အဆတရာ သာတယ်။ ဘာပဲပြောပြော ခေါင်သူကြီးအစွမ်းနဲ့ တုန်တုန်လှုပ်လှုပ်ဖြစ်ပြီး သွေးပျက်နေတဲ့ နောက်လိုက်တွေ အားလုံး အလိုက်သင့်ဆွဲခေါ်ရင်း ပန်းတိုင်ဆီကို ရောက်စေခဲ့တယ်။ သြော်ခေါင်းဆောင်ဆိုတာ ဒီလိုပါလားလို့တွေးခဲ့ရတယ်။

တတိယပွဲ နာမည်ကျော်တဲ့အမှတ် ၅ ရပ်ကွက်။ လူညီတယ်တဲ့။ လစ်ရင်လစ်သလို လုပ်တတ်တဲ့။ ကဲ တစ်ပွဲတစ်လမ်း အကဲစမ်းကြတာပေါ့ ဆိုပြီး ဟိုဘက်ဒီဘက် နှစ်ဘက်ပေါင်း စိန်ခေါ်ပွဲ။ အားလုံးကလည်း စိတ်ဝင်စားကြတယ်။ ဒိုင်တွေကလည်း ကမ္ဘာကျော် ၀င်ဘယ်တန်ကွင်းလိုမျိုး အားလုံး ဂရုတစိုက်လုပ်ကြတဲ့ပွဲ။

စပါပြီ။ ၀ီစီမှုတ်လိုက်တာနဲ့ သူတို့အဖွဲ့က စထိုးရတယ်။ လစ်ခနဲ လစ်ခနဲ ပြေးသွားတဲ့ အပျိုမတစ်ယောက်ကို ခေါင်သူကြီးက မိလိုက်တယ်။ မိမိချင်း ပွဲထုံးစံအရ လက်ကိုမြှောက်ပြီး ရပ်လိုက်တယ်။ ဒါပေမယ့် အဲဒီကောင်မလေးက သူ့ကို မထိပါဘူးဆိုပြီးဇွတ်ငြင်းတော့တာပဲ။ အားလုံးက ဘယ်မြင်နိုင်မှာလဲ။ ခုလိုမျိုး ကင်မရာတွေနဲ့ အနီးကပ်ရိုက်ပြီး ပြန်ကြည့်ရမယ်ဆိုလဲဟုတ်သေး။ နောက်တခေါက်မှာတော့ ကျနော်တို့ခေါင်သူကြီးက မရတော့ ဘူး အဲဒီကောင်မလေးရဲ့ အင်္ကျီကို မိမိရရဆုတ်ကိုင်ထားတော့တာပဲ။ အဲဒါပဲ သူကျွမ်းကျင်ပါတယ်ဆိုနေ။

နောက်တစ်ခေါက် ကျနော်တို့ဘက်ကထိုးအလှည့် အားလုံး ၀ုန်းဒိုင်ကြဲတော့တာပဲ။ ကျားကုန်ဆိုတာဒီပွဲ။ အားလုံးခြေကုန်လက်ပမ်းကျနေပြီ။ အန်တီဖြူက အရမ်းမောလာလို့ လူလဲချင်တယ်ဆိုတော့ စည်းကြပ်ဒိုင်က လဲခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ဒိုင်ချုပ်ကမမြင်လိုက်ဘူးတဲ့။ စောနက မကျေပွဲကို အမှတ် ၅ က အပြတ်ချဲတော့တာပဲ။ စည်းကြပ်ဒိုင်ကိုလဲ လာဘ်စားတယ်ပေါ့။ ငြင်းကြ ခုန်ကြ အိုး တကယ့်ကို ၀က်ဝက်ကွဲ။ နောက်တော့ ဘာဆက်ဖြစ်ကြမလဲ။

ဒိုင်တွေအားလုံးခေါင်းချင်းဆိုင်ပြီး အဆုံးသတ်ကို ဆုံးဖြတ်ကြတယ်။ ဒိုင်တွေဆိုတာ စက်ရုံက၀န်ထမ်းတွေပဲလေ။ နောက်ဆုံးမှာ အားလုံးအေးချမ်းစွာပြီးဆုံးကြဖို့ နောက်ထပ်ခိုက်ရန်မဖြစ်ပွားဖို့ ကျနော်တို့ရဲ့ ထူးထူးဆန်းဆန်း တခါမှမကျင်းပ ခဲ့ဖူးတဲ့ ထုပ်ဆီးတိုးပွဲကို ဒိုင်ပွဲရပ်အဆုံးသတ်ခဲ့ပါတယ်။

ပွဲသာပြီးသွားရော ကျနော်တို့က မပြီးကြသေး ကျောင်းက သူငယ်ချင်းတွေနဲ့ ငါတို့ရပ်ကွက်ကဘယ်လို နင်တို့ ရပ်ကွက်က ညစ်ပတ်တာ ဘယ်လိုလုပ်တာ အပြိုင်အဆိုင် ပြောဆို ရန်ဖြစ်ကြ စကားမပြောကြနဲ့။ ကျနော်တို့ တင်ပဲလားဆိုတော့ မဟုတ်သေးဘူး အန်တီဖြူတို့ ညီအစ်မတွေ သူတို့တွေက ရပ်ကွက်မတူကြလေတော့ စကားတောင်မပြောနိုင်မဆိုနိုင်ဖြစ်ခဲ့ကြတယ်ဆိုပဲ။

အဲဒီနှစ်က စလို့ နောက်ထပ်ဘယ်တော့မှ ရောက်မလာတော့တဲ့ ကျနော်တို့ရဲ့ ထုပ်ဆီးတိုးပွဲ သို့မဟုတ်…………………


ဓာတ်ပုံလေးကို ဒီက ယူထားတာပါ www.goldenlandpages.com/hotspots/games/htauk.jpg

12 August 2008

ပေးစာတစ်စောင် နဲ့ မိတ်ဆက်ခြင်း

ကျွန်မနေတဲ့မြို့လေးက ပင်လယ်ကမ်းစပ်မြို့လေးပါ။ အေးချမ်းသာယာပြီး လယ်ယာစိုက်ပျိုးးရေးကို အဓိကစီးပွားရေးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ လယ်သမားကြီးတွေကိုယ်တိုင် မိမိလယ်ထွက်စပါးကြိတ်ခွဲပြီး ဈေးကို လာရောက်ရောင်းချလို့။ သူတို့ရဲ့လုပ်အားကရလာတဲ့ အသီးအပွင့်တွေစားသုံးလို့။ လှုမယ်တန်းမယ် သားသမီးတွေအတွက် လိုအပ်တာတွေ စီစဉ်ပေးမယ်။ ခုကသင်္ကြန်အပြီးဆိုတော့ မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ သူတို့လေးတွေ ကျောင်းတက်ရင် လိုတာလေးတွေ လိုက်ဝယ်ပေးပြီး အိမ်ကိုပြန်လာလို့ပေါ့။ ကလေးတွေကလည်း လိုချင်တာလေးတွေရတယ် ဆိုတော့ပျော်လိုက်တဲ့ဖြစ်ခြင်း။ ဟင်းကောင်းကောင်းလေးချက်လို့ ပျော်ပျော်ပါးပါးမိသားစုတွေ စားသောက်လို့။ စပါးဈေးကလည်း တော်တော်လေးကောင်းလာပြီဆိုတော့ အိမ်မှာကျန်နေသေးတဲ့ နောက်ထပ်စပါးကြိတ်ခွဲရောင်းချဖို့ အစီအစဉ်ဆွဲလျက် ဆူဆူညံညံပျော်ပျော်ပါးပါးနဲ့။ ရာသီဥတုကလည်း အုံ့အုံ့မှိုင်းမှိုင်း သင်္ကြန်မိုးကလည်း မကြာမကြာရွာရာကနေမရပ်တော့။ ဖြစ်နေကြဆိုတော့လည်း မကြာခင်တိတ်မယ်ပေါ့။ မိုးတွင်းတဆက်တည်းတော့ မဖြစ်လောက်ဘူးထင်ပါတယ်။ မိုးတွေရွာနေလို့ လုပ်စရာလေးတွေတောင် ခဏရပ်ထားရတယ်။ မှတ်မှတ်ရရအဲဒီနေ့က အိမ်မှာ ကွမ်းခြံအသစ်ပြန်စိုက်တဲ့နေ့ပါ။ မိုးထဲရေထဲမနားနိုင်ပဲ ကျွန်မရဲ့ဖေဖေကပြီးအောင်စိုက်လို့။ အဲဒီညမှာပဲ ပြင်းထန်သော နာဂစ်လေမုန်တိုင်း စတင်တိုက်ခတ်ခဲ့ပါတယ်။ ပထမတော့ လေတစ်ခုပဲပြင်းပြင်းထန်ထန်။ နောက်တော့ရှိသမျှသွပ်တွေအကုန်လန်ပြီးတော့ ကျွန်မတို့တွေအရမ်းကို ကြောက်ရွံ့လာကြပါတယ်။ အသက်၈၀ကျော်ပြီဖြစ်တဲ့ ဖွားဖွားတောင်မကြုံခဲ့ဘူးတော့ ဘာတွေလုပ်လို့ ဘာတွေကိုင်ရမှန်းမသိ။ ကြောက်နေတာကလွဲလို့ ဘာမှမလုပ်တတ်ကြတော့။ ဒီအချိန်မှာပဲ လေကပိုပြင်းထန်လာပြီး အိမ်တစ်ခုလုံးကိုဆွဲခါလိုက်တော့ ကျွန်မတို့ တစ်အိမ်လုံး ဆင်းပြေးကြပါတယ်။ အိမ်အောက်လဲအရောက် အိမ်ကလည်းပြိုအကျ ရေကလည်း တရဟောတက်လာပါတော့တယ်။ အချိန်ကည၂း၀၀။ လေမိုးဒဏ်ခံ နေရတာ ၇နာရီ၈နာရီနီးပါးရှိပြီ။ စိုရွှဲပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေကြပါပြီ။ မျက်နှာချင်းဆိုင်တိုက်အိမ်ကို စပြေးကြတော့ ရေကခါးလောက်ပဲရှိသေးပါတယ်။ အိမ်လုံးလိုက်မျှောလာတာတွေ သစ်လုံးတွေ အမှိုက်တွေ ပိတ်နေလို့ မနည်းရှင်းလင်းခဲ့ပြီး မိသားစုလိုက်တွဲပြီးကူးရပါတယ်။ ရေစီးကပြင်းလွန်းလို့ တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်မသွားအောင် တအားတွဲထားကြရပါတယ်။ မျက်နှာချင်းဆိုင်အိမ်ရောက်ဖို့ကို နာရီဝက်ကျော်ကြာခဲ့ပါတယ်။ အဲဒီအိမ်ရဲ့လှေကားကို ကိုင်မိတဲ့အချိန်မှာ ရေကလည်ပင်းကိုရောက်နေပါပြီ။ နောက်ထပ်၅မိနစ်လောက်သာနောက်ကျခဲ့ရင်တော့ ကျွန်မတို့မိသားစုအဖြစ်ကမတွေးဝံ့စရာပါ။ အမြင့်မှာရှိတာဆိုတော့ ဒီအိမ်လေးဆီကို ပတ်ဝန်းကျင်က တော်တော်များများပြေးလာကြပါတယ်။ အိမ်လေးရှိလို့သာပါ တိုက်အိမ်လေးဆိုတော့ နည်းနည်းလေဒဏ်ခံနိုင်ပါတယ်။ အသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အိမ်ရဲ့အပေါ်ပိုင်းတစ်ခုလုံးတော့ ဘာာမှမရှိတော့ပါ။ မနက်မြန်မြန်လင်းပါစေ။ မှောင်ထဲမှာ ပြင်းထန်တဲ့လေတိုးသံကြီးက အလွန်ကြောက်စရာကောင်းပါတယ်။ မနက်လင်းခါနီးလေ လေကပြင်းထန်လေ ကျွန်မတို့နေတဲ့ အိမ်ကလေးက လေဒဏ်ကိုအံမတုနိုင်တော့။ ကျွန်မတို့ ထပ်ပြီး နောက်ထပ်ခိုင်ခံ့မယ်ထင်တဲ့ အိမ်ကိုရွှေ့တော့ မနက်၅း၀၀နာရီ။ ရေကပြန်မကျသေး။ လေကလဲတိုက်ဆဲ။ ရေတက်တော့တာ မြန်ခဲ့တာပြန်ကျတော့ ဖြည်းဖြည်းချင်း။ လမ်းတွေပိတ်ဆို့နေ သစ်ပင်တွေပြိုလဲနေလို့ ပတ်ဝန်းကျင်ကိုတောင် မမှတ်မိတော့ပါ။ ရေက နောက်တစ်နေ့ရောက်မှ ကျသွားပါတယ်။ အဲဒီ၂ရက်၃ရက်လုံးလုံး အ၀တ်အစိုတွေနဲ့ လဲစရာမရို စားစရာနတ္ထိ။ နေ့ခင်းမှာရေထဲဆင်းနေ ညကျမှမပြိုသေးတဲ့ အိမ်ပေါ်စုတက်အိပ်ပေါ့။ ဘယ်ကမှ ကျွန်မတို့မြို့လေးအကြောင်းမသိကြ။ ဘယ်သတင်းဌာနကမှ မထုတ်ပြန်ပါ။ ရေကျသွားမှ တွေ့ရတာတွေက မရေတွက်နိုင်သော လူသေတွေ တိရိစ္ဆာန်အသေတွေ။ အကူညီဘာမှမရှိ သွေးပျက်ဖွယ်ကြုံထားရတော့ လူတွေကပြူတီးကြောင်တောင်။ သောက်စရာရေမရှိ။ ကားလမ်းတွေပိတ်နေလို့ ဘယ်ကမှလည်းမလာနိုင်။ အလောင်းတွေကလည်း ဒီအတိုင်း တစ်မြို့လုံးနံစော်လို့။ ၃ရက်မြောက်ညနေမှာတော့ ဖျာပုံသွားဖို့ကား၅စီးနဲ့ လူတစ်စုက လမ်းတစ်လျှောက်ရှင်းလာရင်း ကျွန်မတို့မြို့လေးကို ရောက်လာခဲ့ပါတော့တယ်။ ဒီတော့မှ ဆိုင်ကယ်တွေ နောက်ထပ်ရောက်လာနိုင်ပြီးသိကြရပါတယ်။ သေသူအများစုက လယ်ယာလုပ်ကိုင်ကြတဲ့ လယ်ကွင်းထဲမှာ နေထိုင်ကြတဲ့မိသားစုများပါ။ ရေကြောင့်လွတ်အောင်မပြေးနိုင်ခဲ့ကြပဲ သေဆုံးခဲ့ရခြင်းပါ။ သူတို့ကိုသာ ကြိုအသိပေးနိုင်ခဲ့ရင် ဒီထက်တော့ အသက်ရှင်နိုင်မယ်လို့ယုံကြည်ပါတယ်။ မသေသင့် မသေထိုက်တဲ့ လူ့အသက်တွေရယ်ပါ။ အုပ်ချုပ်သူတွေကတော့ အဲဒီသတင်းကို ကြိုသိလို့ မြို့ရဲ့အခိုင်ဆုံးသော တိုက်အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ လာရောက်သတင်းယူတဲ့အခါမှာလည်း သေသည်ထက် ထက်ဝက်လျော့ပြောရန်လည်း ညွှန်ကြားခဲ့ပါတယ်။ အဆိုးဝါးဆုံးကတော့ အဖြစ်မှန်ကိုဖုံးကွယ်လို့ လိမ်ညာနေခြင်းပါပဲ။ အကူညီမပေးရင်တောင် သတင်းလေးပေးခဲ့ရင်ဖြင့် ကျွန်မတို့မြို့လေးရဲ့ သုဿန်မှာ နေရာတွေလောက်နိုင်ခဲ့မှာပါ။

နာဂစ်ကြောင့်သေဆုံးသွားခဲ့ရတဲ့ မိသားစုများနဲ့မြို့သူမြို့သားများ အားလုံးအတွက်
ဘဝဆက်တိုင်း ဒီအဖြစ်ဆိုးများနဲ့ ကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းပေးလျက်

ဒီစာလေးကို ကျနော်ရေးတာမဟုတ်ပါဘူး။ အမတစ်ယောက်က ဖော်ပြပေးပါဆိုပြီး မေးလ်နဲ့ ပို့ပေးလိုက်တာပါ။

အားလုံးမေ့နေလောက်ပြီထင်ပါတယ်။ ခဏတစ်ဖြုတ်ကူညီမှုတွေအပြီးမှာ လဲပြိုခဲ့ရတဲ့ ဧရာဝတီကို ပြန်လည်အားဖြည့်ဖို့လိုအပ်နေပါသေးတယ်။ ခုတစ်လော ပြန်လည်လှုပ်ရှားနေတဲ့ အသင်းအဖွဲ့တစ်ခုကို မိတ်ဆက်ပေးပါရစေ။ နှမ်းတစ်လုံးဖြစ်ရင်လည်း ဆီကြိတ်လို့ရအောင် ကျနော်တို့စုစည်းပေးနေပါကြောင်းအသိပေးပါရစေခင်ဗျာ။

Dear Contributor,
First of all, we would like to thank you for your contribution. As you know, Green Rays (our team) has launched an emergency appeal for monthly donation (10 dollars per month) to support Nargis vitcims (farmers) over the next six months. As the planting season was coming to close, we were in a rush to collect the first batch of funds within two weeks after our group was informed. Within that short period of time, we were able to collect S$3356 from over 200 contributors. The Myanmar Club Singapore and RIT Alumni Singapore have also donated 700 tins of paddy seeds.
From distribution point in Myanmar, our partners have been working tirelessly to distribute 1000tins of paddy seeds to 119 farmers from Kamakalu and nearby villages in BogalayTowwnship. This will help the farmers to grow about 650 acres of paddy fields, enabling these hundreds of families to restart their livinghood. Although we are just scraping the tip of the ice berg, together with our effort, your donation means a lot to them and at least we have made some differences.
The detail report will be posted on our blog ( www.green-rays.blogspot.com ) soonest. Meanwhile please find the attached photos of paddy seeds donation.

Please do visit our blog often for the latest updated information. Currently, you can view donor list as well as our aim.
Your contribution for the month of August will go into the funds to provide fertilizer and essential tools for farmers.
In order to distribute fertilizer in time, we are trying to collect donation by the 17th of August.
Please kindly contact your fundraiser for your donation.

We, on behalf of the cyclone victims, will be very grateful to you if you can be part of our team raising funds among your friends. You are warmly welcome.
We thank you again for your kindness and generous contribution.
Sincerely,
Green Rays Team
"TOGETHER WE REBUILD THEIR FUTURE"

သံသယ

ဒီဇာတ်လမ်းမှာ
နင်ကလည်း ကေသီမဟုတ်နိုင်
ငါကလည်း မိုးဝေမဟုတ်ခဲ့

ဒါပေမယ့်
ခြေထောက်ကိုစမ်းစမ်းနေမိတာ
အဲဒါငါ့ သံသယ


ဖတ်ခဲ့ဖူးသောဝတ္ထုတစ်ပုဒ်ဆီသို့

11 August 2008

The edge


ပြီးခဲ့တဲ့ တနင်္လာနေ့က ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာစားရင်း ထုံးစံအတိုင်း ရောက်တတ်ရာရာ စကားတွေကို ပြောကြရင်း စကားလေးတစ်ခုက အမှတ်ထင်ထင်ရှိစေခဲ့တယ်။ ရင်ဘတ်သူငယ်ချင်းဆိုပါလား…..

ဒီဇာတ်ကားဟောင်းလေးကို ပြီးခဲ့တဲ့အပတ်ကမှ မင်းသားကြီးကြိုက်လို့ကြည့်မိတာပါ ။ ဇာတ်ကားလေးနာမည်က The edge တဲ့။ ဇာတ်လမ်းစစချင်းက လေယာဉ်ပေါ်မှာ။ သူကတော့ စာအုပ်ဖတ်ရင်းလိုက်ပါလာတယ်။ စာအုပ်နာမည်က Lost in the wild။ ကျန်တဲ့လူတွေက နောက်တစ်ယောက်ရဲ့လက်က နာရီကို စိတ်ဝင်စားနေကြတယ်။ နာရီကအသစ်လေ အချိန်နှစ်ခုကိုမြင်ရပြီး LA နဲ့ NY ရဲ့ ကွာခြားချက်သုံးနာရီကို ဒီနာရီမှာ တခါတည်း ကြည့်လို့ရတယ်တဲ့။

သူတို့ရောက်သွားတဲ့နေရာက Alaska ဆိုတဲ့ ရေခဲပြင်တွေရှိတဲ့အရပ်။ ရောက်သွားတဲ့သစ်လုံးအိမ်လေးက ချစ်စရာလေး။ စစခြင်း ချားလ်စ် ရဲ့ ဥာဏ်ပညာကို စမ်းသပ်တဲ့ပွဲလေးပေါ့။ ချားလ်စ်က Billionaire လေ ဒီခရီးကို သူ့ရဲ့ဇနီးသည် မော်ဒယ် ဓာတ်ပုံရိုက်ဖို့အတွက်လိုက်ပါပေးတာ။ အားလုံးပင်ပန်းနေတာမို့ နားကြဖို့ပြောရင်း မီးဖိုထဲမှာ တံခါးတွေ ဖွင့်မထားမိဖို့ စားကြွင်းစားကျန်တွေ မထားမိဖို့ အိမ်ရှင်ကသတိပေးပြီး အားလုံးကို နားခိုင်းလိုက်တယ်။

ချားလ်စ်တို့ဇနီးမောင်နှံ အခန်းထဲမှာပေါ့ ချားလ်စ်က သူ့ဇနီးကို သူ့အတွင်းရေးမှူးက ဘာ့ကြောင့်စာအုပ်လေးပေးလိုက်တာလဲသိလားလို့မေးလိုက်တော့ သူ့ဇနီးက မသိဟန်ဆောင်ပြီး sandwich စားချင်တယ် သွားယူပေးလို့ခိုင်းလိုက်တယ်။ သူသွားယူတော့ မီးဖိုချောင်တံခါးတွေကလည်းပွင့် စားကြွင်းစားကျန်တွေနဲ့ တံခါးဂျက်ကို ကမန်းကတန်းပြေးထိုးလိုက်ရတယ်။ sandwich ယူပြီးပြန်ထွက်အလာ ၀က်ဝံတစ်ကောင်ကို ဘွားကနဲအတွေ့ ကြောက်လန့်ပြီး ပက်လက်လန်လဲတော့မှ ဆောရီးချားလ်စ်ဆိုပြီး ၀က်ဝံရုပ်အောက်က ရောဘတ်မျက်နှာပေါ်လာတော့တာကိုး။ အားလုံးက Happy Birthday လို့အော်ကြပြီး ချားလ်စ်ကို လက်ဆောင်တွေပေးကြတယ်။ ရောဘတ်က ဓါးလက်ဆောင်ပေးတော့ သူတို့ဆီက ထုံးစံတစ်ခုကိုတွေ့ရတယ်။ မိတ်ဆွေအချင်းချင်းဓါးလက်ဆောင်ပေးရင် အကြွေစေ့လေး စတိ ပြန်ပေးရတယ် မဟုတ်ရင် အဲဒီဓါးက မိတ်ဆွေဆိုတဲ့ကြိုးကို ဖျက်တတ်သတဲ့။

နောက်နေ့ ဓာတ်ပုံရိုက်ကြတော့ ချားလ်စ်ရဲ့မျက်ဝန်းတွေမှာ ရောဘတ်နဲ့ သူ့ဇနီးမစ်ကီတို့ရဲ့ ရင်းနီးမှုကို မနှစ်မြှို့သလိုပဲ။ မစ်ကီနဲ့ရိုက်ဖို့ ငှားထားတဲ့ မော်ဒယ်က မလာနိုင်တာမို့ ရောဘတ်က တကယ့်မုဆိုးနဲ့ရိုက်ချင်ပါတယ်တဲ့။ မုဆိုးကိုသွားခေါ်ဖို့ ချားလ်စ်ကိုပါ အပါခေါ်ခဲ့တယ်။ ၀က်ဝံလိုက်ထွက်နေတယ်ဆိုတဲ့ မက်ဆေ့ကို ရအပြီး စိတ်အားထက်သန်နေတဲ့ ရောဘတ် ၀က်ဝံလိုက်တဲ့နေရာကို ပါသွားချင်ခဲ့ပြန်တယ်။ လမ်းခုလတ်မှာတော့ ရောဘတ်နဲ့ ချားလ်စ်ရဲ့ အချေအတင်စကားပွဲ။ သိပ်သတ္တိကောင်းတဲ့ ချားလ်စ်က မင်းငါ့ကို ဘယ်လိုသတ်ဖို့ကြံစည်ထားလဲလို့မေးလိုက်တာပါပဲ။

အဲဒီခရီးစဉ်မှာ မတော်တဆဖြစ်ပြီး လေယာဉ်ပျက်ကျခဲ့တယ်။ ဘယ်သူမှာမရှိတဲ့ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်ဖို့ကြိုးစားရတဲ့ လူသုံးယောက်ပေါ့။ အသိပညာဆိုတာ အဲဒီမှာအသုံးချရတယ်ဆိုတာ ချားလ်စ်က ကောင်းကောင်းကြီး သက်သေပြခဲ့တယ်။

နောက်တော့ စိတ်လှုပ်ရှားစရာအပြည့်နဲ့ လူနဲ့ဝက်ဝံတိုက်ပွဲ။ ဒုတိယတိုက်ပွဲမှာတော့ သူတို့ရဲ့ ရဲဘော်ရဲဘက်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်။ နောက်ထပ်အသက်ရှင်ဖို့ ခွန်အားမရှိတော့တဲ့ ရောဘတ်ကို ချားလ်စ်က မြှင့်တင်ပေးနေရတယ်။ ကိုယ်ကိုတိုင် စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ သူများကို မြှင့်တင်ပေးနိုင်ပါ့မလားလို့တွေးနေမိတယ်။ နောက်ဆုံးမှာတော့ အသက်နဲ့ရင်းပြီးတိုက်ခဲ့လို့ ၀က်ဝံကြီးကိုအောင်နိုင်ခဲ့တယ်။

မြစ်ချောင်းလေးနဲ့ စခန်းအဟောင်းတစ်ခုကိုအရောက် ရေနွေးကြိုဖို့ မီးမွှေးရမယ်။ လိုနေတဲ့လောင်စာကို သူ့ဇနီးပေးတဲ့ အိတ်ဆောင်နာရီဗူးလေးထဲက ထုတ်ဖို့ကြိုးစားမိတယ်။ အမှတ်မထင် တွေ့လိုက်ရတာက ဈေးဝယ်တဲ့ပြေစာလေး။ ပြေစာလေးမှာ အိတ်ဆောင်နာရီလေး အပြင် လက်ပတ်နာရီလေး ပါ ပါနေခဲ့တယ်။ လက်ပတ်နာရီလေးမှာထွင်းခိုင်းတဲ့စာသားလေးက “ To bob from Mickey for all the nights” တဲ့။ ကျနော်သာသူ့နေရာမှာဆို ဘယ်လောက်များဆူပွက်လိုက်မလဲ။ ချားလ်စ် က အဲဒီကိစ္စကို အစဖော်တော့ ရောဘတ်က သူ့ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဥာဏ်ကို သုံးတတ်တဲ့ချားလ်စ် ဘယ်သေလိမ့်မလဲ။ ရောဘတ်သာ ထောင်ချောက်ထဲကျခဲ့ရတယ်။

ရောဘတ်ကိုလက်လွတ်စပယ်ပစ်မထားခဲ့ဘဲ ပြုစုစောင့်ရှောက်ခဲ့တဲ့ ချားလ်စ်ရဲ့စိတ်ဓာတ်ကတော့ လေးစားအတုယူစရာပါ။ ကနူးလှေကလေးကိုသုံးပြီးမြစ်ရိုးတစ်လျှောက်ဆန်တက်ခဲ့တယ်။ ရောဘတ်တစ်ယောက် သူပြုတဲ့အကုသိုလ်နဲ့ အသက်ကုန်ခါနီးမှာ ချားလ်စ်ကို သူ့ဇနီးက သူပိုင်ဆိုင်တဲ့ငွေကြေးတွေအတွက်လက်ထပ်ခဲ့တယ်ဆိုတာ ဖွင့်ပြောသွားခဲ့တယ်။

အဆုံးသတ်မှာတော့ ချားလ်စ်တစ်ယောက်ထဲအသက်ရှင်ကျန်နေရစ်ခဲ့တာပါ။

ဇာတ်ကားဆုံးသွားပေမယ့် ကျနော့စိတ်ထဲမှာကျန်နေခဲ့တာက Wisdom ရယ် Friend ဆိုတာရယ်။ ဘယ်သူတွေက ကိုယ့်သူငယ်ချင်းအစစ်အမှန်တွေဖြစ်မလဲ ဘယ်သူတွေက ကိုယ့်ကိုတန်ဖိုးထားမလဲဆိုတာသာပါပဲ။




ပါဝင်တဲ့ဇာတ်ဆောင်များစာရင်းက


Anthony Hopkins
... Charles Morse


Alec Baldwin
... Robert Green


Elle Macpherson
... Mickey Morse

Harold Perrineau
... Stephen

Bart the Bear
... The Bear

L.Q. Jones
... Styles

Kathleen Wilhoite
... Ginny

David Lindstedt
... James

Mark Kiely
... Mechanic

Eli Gabay
... Jet Pilot

Larry Musser
... Amphibian Pilot

Brian Arnold
... Reporter

Bob Boyd
... Reporter

Kelsa Kinsly
... Reporter

Gordon Tootoosis
... Jack Hawk

ဖုန်တက်နေသော ဖုန်စုပ်စက်


ကျနော်လေ
ရှက်လွန်းလို့
ပုန်းနေရတယ်

10 August 2008

မရှိတော့သော ရှပ်အင်္ကျီ တစ်ထည်

ရှပ်အင်္ကျီလေးတစ်ထည် ပါ။ ဒါပေမယ့် ကျနော့ရဲ့ သမိုင်းမှာသူလည်း မှတ်တိုင်တစ်ခုလို။ ခုတော့ သူမရှိတော့။ သူမရှိမှတော့ သူနဲ့ပတ်သတ်တဲ့အကြောင်းတွေလည်း မရှိလေတော့။ သြော်မရှိလေတော့……

ဆယ်တန်းအောင်စ။ ငယ်ရွယ်တုန်း အချစ်ဆိုတဲ့ သင်ခန်းစာ စဖို့ရင်ခုန်သံတွေကို လေ့ကျင့်သင်ကြားတုန်း။ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့တယ် ဆို သမရိုးကျ ဆန်နေမလား။ ကျနော်တို့ ချစ်ခဲ့ကြတယ်။ ချစ်သူတို့ရဲ့ထုံးစံတွေအတိုင်း လက်တွဲပြီးလျှောက်ခဲ့ဖူးတယ်ပေါ့။ နှစ်ယောက်အတူထိုင်ခဲ့ဖူးတယ်။ ခပ်တုံးတုံး ဒီကောင်က မနမ်းတတ်ခဲ့ဘူးလေ။ အနမ်းဆိုတာ ရဲ့နောက်က ရင်ခုန်စရာတွေကို လည်း မသိခဲ့။ ဘယ်တုန်းကမှ မသိခဲ့။

ညနေတိုင်း ကျနော်သူ့ကို ကျူရှင်က ကြိုပြီးပြန်အလာ။ သွားကြိုတိုင်း ကျနော်နင်းတဲ့ စက်ဘီးနောက်က သူ့ကိုတင်နင်းမြဲ။ ကိုထီးရဲ့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးဆိုတဲ့ သီချင်းကို ဆိုရင်း ကုန်းတက်တွေကိုနင်းတိုင်း သူကဟားတိုက်ရယ်မောရင်းက ဆင်းပြီးတွန်းပေးမြဲပေါ့။

နယ်အဝေးကို ကျောင်းသွားတက်ရမယ်ဆိုတော့ ကျနော်တို့တွေ နှုတ်ဆက်စကားတွေကို ပြောဖြစ်ကြတယ်။ သူရောကျနောရော လွမ်းမျက်ရည်တွေကျခဲ့ကြတယ်။ သူက ကျနော့ ကျောကို ဖက်ပြီး ရှိုက်ကြီးတငင်ငိုကျွေးခဲ့တယ်။ သူ့ပါးက သနပ်ခါးတွေရယ် မျက်ရည်တွေရယ် ရွှဲရွှဲစိုခဲ့တဲ့ ကျောပြင်မှာ။ ကိုယ်ကိုတိုင်လည်းတချက်တချက်သိမ့်သိမ့်ခါအောင်ရှိုက်နေမိတယ်။ အဲဒီညက တညလုံးမအိပ်ပဲ ကျနော်ဆိုနေမိတဲ့သီချင်းက ဝေးနေတဲ့အချိန်ဆိုတဲ့သီချင်းလေးပေါ့။

အဲဒီနေ့က ၀တ်ခဲ့တဲ့ ရှပ်အင်္ကျီလေးကို မလျော်ပဲသိမ်းထားခဲ့တယ်။ ကျောင်းတက်တော့ ပါအောင်သယ်ပြီး အလွမ်းပြေထုတ်နမ်းခဲ့ရတယ်။ ပါးကသနပ်ခါးနံ့တွေ စွဲနေတုန်းလေ။ တခြား ရှပ်တွေ ဟောင်းနွမ်းလို့ပေးပစ်ခဲ့ပေမယ့် အဲဒီအင်္ကျီလေးကတော့ ကျနော့ဆီမှာအမြဲရှိခဲ့တယ်။ ဘာကြောင့်လဲလို့မမေးပါနဲ့။

တလောက အိမ်ကိုဖုံးဆက်တော့ အမေက သားရယ်တဲ့ သားသေတ္တာတွေရှင်းလိုက်တယ်တဲ့။ မ၀တ်တာကြာနေတဲ့ အ၀တ်တွေဆွေးမယ့်အတူတူ လှူလိုက်တယ်တဲ့။ တခြားအ၀တ်တွေအတွက် မနှမြောပေမယ့် ကျနော့ရဲ့ သိမ်းထားတဲ့ ရှပ်လေး ပါသွားပြီ။

သနပ်ခါးနံ့ပိုင်ရှင်တောင် ကျနော့အနားမှာ မရှိနေနိုင်တော့တာ။ အဲဒီအင်္ကျီမရှိတော့ကော ဘာဆန်းသလဲ။ ကျနော့အတွက် သမုဒယကြိုးတွေ ပိုပတ်မနေနိုင်တော့။ ကိစ္စပြီးရောပေါ့နော်။

ပြောမယ့်သာပြောနေတာ သနပ်ခါးနံ့တွေ ကခုတောင် ရလာသလိုလိုနဲ့…………………..

08 August 2008

နှစ်ညောင်းကြာရှည် မမေ့ပေ သြဂုတ်လရဲ့အိပ်မက်ရှည်

၉နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ နူးညံ့တဲ့နုလုံးသားထဲ အမြစ်တွယ်စေခဲ့ အစဉ်အမြဲခြောက်လှန့်ခဲ့သော အိပ်မက်ရှည်…….

အဲဒီနှစ်က ဟောဒီလတစ်လလုံးကို ရွက်ဆုတ်ပြက္ခဒိန်လို ဆွဲဆုတ်လို့ရရင်သိပ်ကောင်းမှာ။ ဆုံးရှုံးမှုတွေက ဘယ်လိုမှအစားထိုးမရနိုင်တော့လေ။ တတိယတန်းအောင်ပြီး စတုတ္ထတန်းနှစ်ဝက်လောက်မှာပေါ့။

အန်တီဘေဘီမွေးနေ့ စားပြီးပြန်အလာ။ ချိုင့်ထဲမှာရှိနေတဲ့ ကျနော်တို့အိမ်နံပါတ်က ၈၈။ လမ်းလျှောက်လာတဲ့ အဖေတို့မရောက်ခင် စက်ဘီးကို အပြင်းနင်းလာတော့ ကြိုရောက်နေတာနဲ့ စက်ဘီးကိုထောက်ပြီးရပ်စောင့်နေမိတယ်။ အိမ်သော့က သူတို့လက်ထဲမှာလေ။

အဖေတို့ရောက်လာတော့ အိမ်သော့ကို ဖွင့်ရင်း အဖေကရှေ့က၀င်သွားတယ်။ စက်ဘီးကိုရပ်နေတာနဲ့နောက်ကလိုက်ဝင်လာရတယ်။ ခဏနေတော့ အဖေက အမေ့ကို မီးတွေအားလုံးမှိတ်ထားတဲ့ကြားက မျက်စိကိုပါပိတ်လိုက်တယ်။ ပြီးတော့ မေကြီးစိတ်ကို ခိုင်ခိုင်ထားဆိုပြီး မီးပြန်အဖွင့် မြင်ကွင်း။ အဲဒီမြင်ကွင်းကို နောက်တခေါက်ကြည့်စရာမလိုအောင် အသည်းထဲစွဲသွားတာ။ သေတ္တာတွေ အားလုံးဟောင်းလောင်းဖြစ်နေပြီး ရှုပ်ယှက်ခပ်နေတဲ့ မြင်ကွင်းပေါ့။

သူတို့တွေ ကျနော်တို့ညီအစ်ကို နှစ်ယောက်ရဲ့ အိပ်ခန်း ပြတင်းပေါက်အပေါ် ရှပ်တာကနေ မှန်ကိုခွဲလက်နှိုက်ပြီးဝင်လာခဲ့တာ။ နမိတ်ဦးလားမသိ ကုတင်ပေါ်တင်ထားတဲ့ ကျနော့လွယ်အိတ်လေးထဲက အိမ်ပုံစံ ချွန်စက်လေးကလည်း ကျိုးကျေလို့။ အဲဒီကမှတဆင့် ရေချိုးခန်းတံခါးကိုဖွင့်ပြီး နောက်လူတွေဝင်လာကြပုံစံရှိရဲ့။ ရှိသမျှ အရာအားလုံးကို ယူငြင်သွားကြတယ်လေ။

နှလုံးရောဂါအခံရှိတဲ့ အမေ နေရာမှာ ပုံရက်သားလဲကျသွားတယ်လေ။ ကျနော်တို့ညီအစ်ကိုတတွေကို ရှင်ပြုဖို့ သူတို့ညီအစ်မတွေ ငွေစုနေတာတဲ့။ ကျနော်က ကျနော်တို့မြို့က ၀င်းခင်းတာမြင်တိုင်း ရှင်လောင်းလှည့်ချင်တယ်လို့ ပူဆာနေကြလေ။ မင်းညီမင်းသားဝတ်စုံတွေ ၀တ်ပြီးလှည့်လာတဲ့ ရှင်လောင်းလှည့်ပွဲကို ဘေးကနေ သားရေကျနေတာကြာခဲ့ပြီ။ အဲဒီနေ့ကစလို့ ရှင်လောင်းလှည့်ချင်တယ်ဆိုတဲ့ စကားကျနော့ပါးစပ်က ထွက်မလာတော့ဘူး။

အရပ်ကလူတွေက ၀ိုင်းဝန်းအကူအညီပေးကြပါတယ်။ စားစရာ ၀တ်စရာမှအစပေါ့။ သက်ဆိုင်ရာက လာရောက်စစ်ဆေးပါတယ်။ ပြီးတော့ ပြန်လိုချင်ရင် one table ပေးပါတဲ့။ ကိုယ်ကိုတိုင်တောင်သူများ အထောက်အပံ့နဲ့စားနေရတဲ့ ကျနော်တို့ ပြန်မလိုချင်တော့ပါဘူးဆိုပြီး နိဗ္ဖာန ပစ္စယောဟောတုလိုက်ရတာပါပဲ။

အဖွားကအပြေးလေးလိုက်လာတယ် ငွေထုပ်ကလေးပိုက်လို့ပေါ့။ ပြီးတော့သူ့ရဲ့ အစွဲ အိမ်တွင်းမတင်လို့ဘာမတင်လို့ဆိုပြီး သူ့စိတ်ကြိုက်တွေလုပ်နေတော့တာပါပဲ။

အဆိုးဆုံးကတော့ ကျောင်းဝတ်စုံမရှိတဲ့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်။ ကျောင်းမတက်ချင်လောက်အောင်ပါပဲ။ မေးခွန်းတွေကိုလည်း တရစပ်ဖြေနေရတယ်။ သနားတဲ့အကြည့်နဲ့ကြည့်နေကြတဲ့မျက်ဝန်းတွေကို ရင်ဆိုင်နေရတယ်။ ကျောင်းကနေခွင့်ယူထားလိုက်ကြတယ်။

မကြာပါဘူး အဲဒီည ဆယ်နာရီ ရှစ်ကားတွေသွားချိန် ကားဟွန်းသံမကြားရပဲ မီးရောင်တွေမြင်ရတယ်။ လူတွေလှုပ်လှုပ်နဲ့။ ကျနော်တို့တွေ အိမ်ရဲ့ မီးဖိုချောင်အကူးကနေ ချောင်းကြည့်နေရတယ်။ ဘာဖြစ်မှန်းမသိဘူးလေ။ အော်သံတွေလည်း ကြားနေရပေမယ့် မသဲကွဲဘူးလေ။ တနေရာနဲ့တနေရာ တောင်ကုန်းလေးတွေလို အနိမ့်အမြင့်မတူညီတော့။

အဖေကတော့ပြောတယ် နေ့လည်က ချောက်စက်ရုံက ထမိန်နဲ့ ကျောက်ပြင်ပို့လိုက်တယ်တဲ့။ ဘာမှန်း သေချာနားမလည် ခဲ့ဘူး။ စကားလုံးအသစ် အဆန်းက သပိတ်မှောက်တာဆိုလား ဘာဆိုလား။ ဘာအတွက် ဘာကြောင့်ဆိုတာလဲ မေးလို့မရ။ ခလေးဆိုတာနဲ့ပဲ လုံလောက်တဲ့ ငြင်းချက်နဲ့ မေးခွန်းတိုင်းပယ်ချခံနေရတယ်။

နောက်တော့ သပိတ်မှောက်တာ လူတွေတန်းစီနေတာပဲ။ သူတို့တွေ ဓမ္မာရုံမှာ နေရာယူလိုက်ကြတယ်တဲ့။ ပျော်စရာကောင်းမှာပဲလို့တွေးနေမိတယ်။ ကျောင်းတွေလည်းပိတ်လိုက်ကြပြီလေ။ ခလေးဆိုတော့ ကျောင်းပိတ်လိုက်တာကိုပဲ ပျော်နေမိတာ အဲဒီရဲ့အကျိုးဆက်တွေ ကိုယ့်ဘ၀တွေကို ရိုက်ခတ်မယ်လို့မတွက်တတ်သေး။

ထမင်းထုတ်တွေပေးရမယ်တဲ့။ သေသေချာချာ ကျကျနန ချက်ပေးကြတယ်။ သူတို့ ဘာအတွက်လှုပ်ရှားနေတယ်ဆိုတာ မသိပေမယ့်လေ။ ဟင်းကောင်းကောင်းထုတ်ပေးကြနဲ့ ဟင်းထုတ်ရတဲ့သူတွေကလည်း ဘာဟင်းမှန်းမသိပေမယ့် တက်ကြွလက်ကြွယူကြတယ်တဲ့လေ။ ဈေးနားကသူငယ်ချင်းတွေကတော့ သပိတ်မှောက်တဲ့ အထဲပါသလိုလို ဂျင်ပေါက်တမ်းဆော့သလို ၀င်စို့ထွက်စို့လုပ်နေကြလေရဲ့။ သူတို့တွေ ပြန်ပြန်ပြောပြတာတော့ ပြောစရာအကောင်းသား။

တည အိမ်နားက ကိုသန်းထွေး ဂစ်တာတီးတာကို ကျနော်တို့ညီအစ်ကိုသွား ဟစ်ကြတယ်။ သဘောကောင်းတဲ့ကိုသန်းထွေးက ကျနော်ဆိုလို့ရနိုင်မယ့် သီချင်းတွေ တီးပေးတယ်။ သံစဉ်မသိ စာသားမသိဆိုတော့ ဘုန်းကြီးစာအံသလိုဖြစ်ဖြစ်နေတဲ့ ကိုယ့်အသံကို ပြန်ကြားတော့ အခုချိန်မှာရယ်စရာအကောင်းသား။

နောက်နေ့ညနေ သပိတ်တပ်ကြီးချီတက်သွားကြတယ်ဆိုပဲ။ နောက်တော့ ၀ုန်းဒိုင်း ၀ုန်းဒိုင်းဆိုတဲ့ အသံတွေကြားနေရတယ်။ မလွန်တပ်ကလက်နက်ကြီးစမ်းရင်လည်း အဲဒီအသံတွေပဲဆိုတော့ အမှုမဲ့အမှတ်မဲ့နေမိတယ်။ နောက်တော့ နောက်တော့ နောက်တော့ မနေ့ညကသီချင်းတူတူဆိုခဲ့တဲ့ ကိုသန်းထွေး ဆုံးသွားတယ်တဲ့။ သူတို့တွေပစ်ကြ ခတ်ကြတယ်တဲ့ လက်ဗလာနဲ့ချီတက်တဲ့လူတွေ အတုန်းအရုန်း သေကုန်ကြတယ်တဲ့။

ကိုသန်းထွေးတို့အိမ်မှာ အလောင်းလုပွဲဖြစ်နေကြတယ်။ သပိတ်တပ်ရယ် မိသားစုဝင်တွေရယ်ပေါ့။ အင်အားများတဲ့သပိတ်တပ်က အနိုင်ရသွားခဲ့တယ်။ ကျဆုံးရဲဘော်တွေရဲ့ အလောင်းတွေကို ဘောလုံးကွင်းထဲမှာပဲ အလောင်းစင်ပြင်ထားလေရဲ့။ လေးစားရမယ်ဆိုတာထက် ကြောက်စိတ်ကသာကြီးစိုးနေခဲ့တယ်။

နောက်ရက်တွေကတော့ အိမ်အနီးအနားက လူတွေ ကျနော်တို့အိမ်မှာလာအိပ်ကြတယ်။ ကိုယ့်လုံခြုံရေးကိုယ်ယူရမယ်တဲ့။ မိသားစု ငါးစုလောက်ပေါင်းပြီးနေကြရတော့ ကျနော်တို့ခလေးတွေက စိတ်ညစ်ရမယ်လို့မထင်။ ကျနော့ရဲ့အဖေကတော့ အဲဒီအရေးအခင်းစဖြစ်တဲ့နေ့စလို့ စက်ရုံမရပ်အောင် စက်ရုံထဲမှာ ၂၄နာရီတာဝန်ယူထားတယ်။ ကျနော်တို့မိသားစုကို အဖေ့လုပ်ဖော်ကိုင်ဖက်တွေက စောင့်ရှောက်ခဲ့ကြရတယ်။ ကျေးဇူးပါ ဦးကြီးတို့ရေ။

နည်းနည်းငြိမ်သက်သွားတဲ့တနေ့မှာ ရုပ်မြင်သံကြားကစတင်ထုတ်လွှင့်ပြသတယ်။ ကျနော်တို့မမြင်ခဲ့ရသော မမြင်ခဲ့ဘူးသော အဖြစ်အပျက်တွေကိုပေါ့။ တိုင်းပြည်ရဲ့ပျက်စီးဆုံးရှုံးမှုတွေကို အနှမြောမရှိထိုင်ကြည့်နေခဲ့မိတယ်။ နောက်တစ်ခုကတော့ လှိုင်းကြီးလေထန်ဖြစ်ရပ်မှန် စကြည့်တုန်းကတော့ ကြည့်နေမိတာ နောက်တော့ အပြင်ကိုထွက်ပြီး အန်ရတဲ့အထိ အော့နှလုံးနာခဲ့ရတယ်။ နောက်ထပ်ဆိုတာမရှိချင် နောက်ထပ်ဆိုတာမကြည့်ချင်တော့။

ဝန်ထမ်းတွေ ဆန်နဲ့ဆီလာထုတ်ပါဆိုလို့သွားထုတ်ရတယ်။ ဆန်က မြေကြီးပေါ်ကကျုံးထားတဲ့ ဆန်၊ ဆီက အိုးအောက်မှာကပ်နေလို့ မည်းသည်းပြီးခါးသက်နေခဲ့တာ။ ခွန်နီကျော့ကိုမှ စားခဲ့တယ်ဆိုတဲ့လူတွေ ငိုကြတာပေါ့။ အဲဒီအချိန်မှာ ဘယ်သူတွေ ဘယ်လောက်ငတ်ပြတ်နေခဲ့မလဲနော်။

အေးအေးချမ်းချမ်း ခရီးသွားနိုင်ပြီဆိုတော့ အဖွားဆီကို ပြန်ခဲ့ကြတယ်။ ကျနော်တို့မြို့ကလေးလည်းသွေးစွန်းခဲ့တာပါပဲ။


ဘယ်သူတွေကအုပ်စိုးလို့ ဘယ်လိုအုပ်ချုပ်ခဲ့တယ် ဘာအတွက်ဆိုတာတွေ ဘာကြောင့်ဖြစ်လာရတယ် ဆိုတာတွေသိလာတဲ့ အချိန်မှာတော့ အနှစ်နှစ်ဆယ်ဆိုတဲ့ကာလကို ကျော်ခဲ့ပြီလေ။

သြဂုတ်လဆိုတာ နဲ့ ဘ၀အမှောင်တွေ ဆုံးရှုံးမှုတွေ သေဆုံးမှုတွေ အိပ်မက်ဆိုးတွေ မမေ့မပျောက်မက်နေခဲ့တာ နှစ်နှစ်ဆယ်ရှိပင်မယ့် မမေ့နိုင်သေး။ အလင်းရောင်ရယ်ပေးပါတော့………….

06 August 2008

ခမ်းခြောက်သွားခဲ့သော


ကမ္ဘာကြီးပူနွေးလာတာ ကျမတို့တွေကိုသိသာ စေပါတယ်။ သတင်းဌာန အားလုံးကထုတ်ပြန်နေကြတာကိုး။ ရှင်တို့သတိထားမိမလား မသိဘူး ပူနွေးလာတာနဲ့ အမျှ မြစ်တွေ ကန်တွေပါ ခမ်းခြောက်လာကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းဆိုလားဘာဆိုလား ၀ိုင်းဝန်းထိမ်းသိမ်းကြတယ်တဲ့။ လူသားတွေ မသိသေးတဲ့ အရေးကြီတဲ့ ခမ်းခြောက်မှုက ကျမကို ခြောက်လှန့်နေခဲ့တာ ကြာခဲ့ပေါ့။

အဲဒီနေ့က မကြီးက နေမကောင်းဘူးတဲ့။ ဘာဖြစ်မှန်းမသိဘူး မီးငယ်တဲ့။ ဆေးခန်းသွားချင်တယ် ရုံးဆင်းရင် ငါ့ကိုဝင်ခေါ်ပါတဲ့။ ဆေးခန်းကို ညီအစ်မနှစ်ယောက်ပြေးခဲ့ကြတယ်။ ဆရာဝန်မကပြောတယ် ခွဲရမယ်တဲ့။ ညီအစ်မနှစ်ယောက် လက်ချင်းကိုင်လိုက်မိတယ်။ ဆရာမရှေ့မှာ ဟန်မပျက်နေခဲ့ပေမယ့် ရင်ထဲမှာ တော့ နေဆယ်စင်း ကိုယ်စီ။

အပြန်မှာတော့ အိမ်ကိုတန်းမပြန်နိုင်ကြတော့ဘူး။ ကြုံလာတဲ့လောကဓံရိုက်ချက်ကို ကြံ့ကြံ့ခံဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ဘယ်သူ့ဆီက ဘယ်လိုယူရမလဲ။ အတိုးဘယ်လောက်ပေးရမလဲ တွက်နေတယ်။ ကျေအောင်ဆပ်ဖို့ ကျမတို့ဘယ်လိုနည်းလမ်းရှိမလဲ Brain storming လုပ်ကြရတယ်။ သောင်းဂဏန်းလောက်ပဲ လစဉ်ဝင်ငွေရှိပြီး အပြင်ဝင်ငွေမရှိတဲ့ အိမ်ကိုလည်းထောက်ပံ့နေရတဲ့ ၀န်ထမ်းညီအစ်မနှစ်ယောက်မှာ ဒီနည်းလမ်းကလွဲပြီးထွက်ပေါက်မရှိ။ ဆေးခန်းမှာ ကုန်ကျမယ့်ငွေက ၇ သိန်း ၈သိန်း ပတ်ဝန်းကျင်တော့ အသာလေး။ အို….လူမသေ ငွေမရှားတဲ့။

သူငယ်ချင်းတွေက ပြောကြတယ်။ အပြင်ဆေးခန်းမှာခွဲတာထက် ဗဟိုအမျိုးသမီးဆေးရုံမှာခွဲပါလားတဲ့။ ဟုတ်သားပဲ ဒီဆေးရုံက ပိုသက်သာမယ်ထင်တယ်။ ၀န်ထမ်းအချင်းချင်းဆိုတော့လေ။ တ၀က်လောက်သက်သာလဲ အသက်ရှူချောင်မယ်ဟဲ့ ဆိုပြီး မကြီးက အဲဒီမှာခွဲမယ်လို့ဆုံးဖြတ်လိုက်တယ်။

ဆေးရုံအစ။ ခွဲလူနာအတွက် အရေးပေါ်လိုအပ်ရင်တဲ့ သွေး ၂ ပုလင်းပေးရမယ်တဲ့။ သွေး ၂ ပုလင်း မပေးသေးရင်တော့ waiting list မှာ၂ ပတ်စောင့်ရပါမယ်။ အေးလေ တကယ်လိုအပ်လို့ပေါ့။ သွေး သွေးလို့ရွတ်ရင်းနဲ့လိုက်ရှာလိုက်တာ တခြားနေရက သွေး၂ ပုလင်းရလာခဲ့တယ်။ ခလုတ်တိုက်မိမတတ် ၀မ်းသာအားရ ပြေးအလာ သွေးဌာနက တခြားနေရာက သွေးလက်မခံပါဘူးတဲ့။ အဲဒါနဲ့ အရည်အချင်းပြည့်မှီ စိတ်ချရတဲ့ သူတို့ဌာနက သွေး ၂ ပုလင်းကို ပေါက်ဈေးနဲ့ဝယ်ပေးလိုက်ရပါတော့တယ်။

သွေးရပြီဆိုတော့ ခွဲမယ့်နေ့မှာ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ကြရပြန်ရော။ ပြင်ဆင်ကြရတယ်ဆိုတာ လူနာအတွက်တင်မဟုတ်ပါဘူး အရှေ့က ဆေးရုံအတွေ့အကြုံရှိသူများက ဒါလေးတော့လုပ်ဟေ့ ဒါလေးတော့ဆောင်ထား ဆိုတာလေးတွေပေါ့။

မကြီးခွဲခန်းထဲဝင်တဲ့နေ့။ ကတိုက်ကရိုက် ရုံးကလာခဲ့ရတာ uniform တောင်မလဲခဲ့ရဘူးလေ။ လူနာရှင် လူနာရှင်ဆိုလို့ ကျမအပြေးအလွှားသွားမိတယ်။ စိတ်ကလည်းပူတယ်လေ။ တကယ်က ကျမပေးထားတဲ့ သူတို့ ဒီတံဆိပ်ပဲလက်ခံတယ်ဆိုတဲ့ super ကော်ဖီမစ်က အထုတ်သေးဖြစ်နေလို့တဲ့။ စေတနာထားမှာပေါ့ လူတွေက အများကြီး တခြားလူတွေ ဘယ်လိုပေးလဲ ကြည့်ထားမှပေါ့တဲ့။ ကျမလေ လူတွေကြားထဲမှာ ရှက်လည်းရှက်မိပါတယ်။ သူကတော့မရှက်တဲ့အပြင် နို့ဆီတို့ သကြားတို့လည်းပါမှပေါ့တဲ့။ ကဲ…………..ကျမလည်း အထဲမှာ မျက်နှာငယ်နေရမယ့် မကြီးကို ငဲ့ညှာပြီး အထုတ်ကြီးဆိုလည်း အထုတ်ကြီးလိုက်ရပါတော့တယ်။

ခွဲခန်းထဲဝင်တော့မယ်။ ခွဲခန်းပတ်ဝန်းကျင်က ညင်သာစေဖို့ လူနာသက်တောင့်သက်သာရှိစေဖို့ နည်းနည်းပါးပါးမှသည် များများစားစား အပြင်၃ ယောက် အထဲ၃ ယောက်။ ခွဲခန်းထဲမှာသုံးဖို့ လိုအပ်တဲ့ပစ္စည်း တစ်စုံစာ အပြင် လိုအပ်သမျှ ထပ်ဝယ်ရုံပေါ့။ ပြန်ထွက်လာတော့ကော အ၀င်တုန်းကပေးထားတာက အ၀င်အတွက်ပဲတဲ့ အထွက်အတွက်မပါသေးဆိုတော့။ မကြီး သက်သက်သာသာဖြစ်စေဖို့ ပေးဦးဟဲ့နောက်တစ်ခေါက်။

ခွဲပြီးတော့ ကုတင်ပေါ်မှာ စောင့်ရတဲ့ဆရာမ အစောင့်မကျတဲ့ဆရာမတွေကို လည်းအလျဉ်းသင့်သလိုပေးရုံမက ဆရာမတွေ တာဝန်ကျတဲ့ အချိန်မှာ စားဖို့ အချိုအချဉ်မှသည် လိုသည်မရှိစေရ။ ပြီးပြီးချင်းခွဲခန်းထဲကအထွက် အဓိက ဆရာဝန်မကြီး မေ့ဆေးဆရာဝန်မကြီး လက်ထောက်မှသည် အစီအရီ တန်းစီပြီး နေမဆိုင်းညမဆိုင်း ခုချက်ချင်းကန်တော့ရန်တဲ့။ ကျမလေ ဆရာမ ၀င်းဝင်းလတ်စာအုပ်ထဲက ကိုသက်နိုင်တို့ အပြင်မှာရှိမယ်ထင်ခဲ့တာ။ ရှိရင်တော့ရှိမှာပေါ့လေ သူတို့က မြေလတ်မြို့လေးမှာမဟုတ်လား။

အဆုံးသတ်စာရင်းချုပ်တော့ အပြင်ခွဲခန်းမှာခွဲရင်ကုန်ကျမယ့်ငွေထက်မပိုရင်သာ နေမယ် တပြားမှမလျော့။ ပိုက်ဆံမရှိတဲ့လူတွေရော ငုတ်တုတ်ထိုင်ပြီးသေရတော့မလား။ ကြင်နာတဲ့စောင့်ရှောက်မှုဆိုတာ ငွေကြေးနဲ့ပဲချိန်စက်ဝယ်ယူရတော့မလား။ မကြီးတော့ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရလို့မဆုံး။ ကျမကတော့ ခေတ်ကိုပဲ အပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား ခြောက်ခမ်းသွားတဲ့ လူလူချင်းထားအပ်တဲ့မေတ္တာတရားတွေကိုပဲ အကြိမ်ကြိမ်နှမြောနေမိတော့တာ။

ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်လေးတစ်ခုကို ရေးဖွဲ့ထားပါသဖြင့် ခံစားနားလည်ပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံပါသည်။

ဘယ်တစ်ဖက်ညာတစ်ဖက်

ရှိနေတဲ့
ဘယ်ညာ
ဘယ်ကိုစလှမ်းရမလား
ညာကိုစလှမ်းရမလား
ထုံးတမ်းတွေ
အစဉ်အလာတွေ
ယဉ်ကျေးမှုတွေ
ဘာဆိုဘာမှမသိ
တကယ်ဆို
ချိုးဖောက်မိလားမသိတဲ့
ခြေလှမ်းတွေနဲ့
ငါလျှောက်နေတာ
ဘယ်ကိုလှမ်းလိုက်
ညာကိုလှမ်းလိုက်

05 August 2008

အင်္ဂါနေ့ ညနေ ၅နာရီတိတိ

တစ်ခါတုန်းကဆိုတော့ ကြာခဲ့ပြီလေ။ သို့ပေမယ့် ပူပူနွေးနွေးလိုပါပဲ………..

ကျနော့အလုပ်က စူပါမားကတ်တစ်ခုက စာရေးလေးပါ။ အလုပ်က မနက်ဆိုင်းနဲ့နေ့လည်ဆိုင်းဆိုပြီး နှစ်ဆိုင်းဆင်းရတယ်။ များသောအားဖြင့်ကျနော်ကျတတ်တာက နေ့လည်ဆိုင်း။

ကျနော့အဓိက အလုပ်က ရှေ့ကအရောင်းကောင်တာတွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေ ဖြေရှင်းဖို့ ပြီးတော့ ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေက မှာတဲ့ (ကျူနာငါးဘယ်နှစ်ဘူး၊ ဖူဂျီပန်းသီးဘယ်နှစ်လုံး၊ ကျူးလစ်ပန်းက ဘယ်နှစ်ပွင့်) စသည်တို့ကို မှတ်ပြီးစီစဉ်ပေးရတာပါ။ အဲဒီတော့ ရုံးခန်းထဲက ဖုံးကကျနော်မဖြစ်မနေဖြေနေရတာပေါ့။

အဲဒီညနေက ပိုတိတ်ဆိတ်သလိုပါပဲ။ အိပ်မငိုက်အောင်ဂရုစိုက်နေတဲ့အချိန် ဖုံးသံတစ်ခုက လူကိုဇတ်ကနဲ လှုပ်နိုးလိုက်သလိုပါပဲ။ ယောက်ယက်ခတ်သွားတဲ့ စိတ်တွေကို Good afternoon ဆိုတဲ့ကျနော့ အိပ်ချင်မူးတူးသံအဆုံးမှာ ငြိမ်သက်သွားစေခဲ့တယ်။ တိုးဖွတဲ့လေတိုးသံက ကျနော့အတွက်ထူးဆန်းလွန်းတယ်။ ဆောရီးနော် ဖုံးမှားသွားတယ်ဆိုတဲ့အသံကို ကြားတာတောင်ကျနော်ဖုံးမချလိုက်မိဘူး။

နောက်နေ့ညနေတိုင်းမှာဖုံးစောင့်နေမိတယ်ထင်တယ်။ သတိထားမိတာပါ selling floor ပေါ်မှာအရင်လို လတ်လျားလတ်လျားမနေမိတော့တဲ့အပြင် Toilet ထဲဝင်မယ်ဆိုရင်တောင် cordless ကိုသယ်ဖြစ်အောင်သယ်သွားနေမိတာပါ။ အဲဒီတပတ်လုံး ဖုံးမလာခဲ့ဘူးဗျ။

နောက်တပတ်မှာတော့ မျှော်တုန်းမျှော်ဆဲပေါ်ခဲလိုက်တာ ဗျာ။ ဖုံးသံကြားတိုင်းပြေးရလွန်းလို့ခြေတွေတောင်တိုနေပြီ။ ဘယ်သူမှမကိုင်မိအောင် ကြိုးစားနေမိတာ ရုံးကလူတွေတောင်ရိပ်မိကုန်ပြီ။ ရှက်ကန်းကန်းနဲ့ ဆင်ခြေပေးနေမိတာက customer ဖုံးလွဲသွားမှာစိုးလို့ဆိုပြီး။ တကယ်တမ်းမဟုတ်ဘူးဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ နောက်တပတ်လည်း သူဆက်တယ်ဗျ။ သူထပ်ပြောသွားတာက အရင်လိုပဲ ဆောရီးဖုံးမှားသွားတယ်ဆိုတာပါပဲ။
အသံအနိမ့်အမြင့် အို…....အားလုံးဟာ ကျနော့ကို တစိုက်မတ်မတ်ရူးသွပ်စေခဲ့တယ်။ အိမ်ပြန်ညအိပ်နေရင်းတောင် Good afternoon လို့ ယောင်မိလို့ အစ်ကိုက အလုပ်ကို ဒီလောက်ခင်တွယ်ရလားဆိုပြီး ဆူနေသေးတယ်။ တကယ်တမ်း မရိုးသားတဲ့ကျနော်က တိတ်တိတ်လေး ငြိမ်နေလိုက်ရတယ်။

ဘာလို့ ဘာလို့ မြင်တောင်မမြင်ဘူးပဲနဲ့ ဒီလောက်စိုးမိုးနိုင်ရတာလဲ။ ဖုံးလေး ၂ ခါပဲနားထောင်မိပါတယ် အရမ်းကို ရူးသွပ်သွားတယ်ဆိုတာ ကိုယ့်ကိုတောင်မယုံနိုင်ခဲ့။ နောက်ပိုင်း နေ့လည်ပိုင်းဆင်းဖို့ မန်နေဂျာကို သွားပြောတော့ သူကတောင် အံအားသင့်နေသေးတယ်။ UFL တက်ချင်တယ်
ဦးသာနိုးတက်ချင်တယ် ဆိုပြီး အမြဲတမ်းနေ့လည်ပိုင်းဆင်းဖို့ ငြင်းခဲ့တဲ့ လူက မင်းမှဟုတ်ရဲ့လားကွာဆိုပြီး။

နောက်ပိုင်းရက်တွေမှာလည်း သူဆက်ပါတယ်။ ဆက်တိုင်းလည်း သူပြောနေကျစကားကိုပဲပြောသွားတယ်။ ဖုံးနံပတ်ကိုမေးမယ်ဆိုလည်း မေးဖို့ အချိန်မရခဲ့။ ကျနော့နှုတ်ဆက်စကား အပြီးမှာ သူ့ပုံမှန်ပြောနေကျ စကားကို ပြောပြီးရင် လိုင်းက ပြတ်တောက်သွားမြဲ။ အဲဒီအချိန်တုန်းက IDD တွေကြည့်လို့မရတာ ကျနော့အတွက် အကြီးအကျယ်နစ်နာစေခဲ့တာပါပဲ။

တရုံးလုံးက ကျနော့ကို ထူးထူးဆန်းဆန်းသတ္တ၀ါတစ်ကောင်လိုကြည့်ကြတယ်။ ကျနော့သူငယ်ချင်းတွေကလည်း ရူးပါ့ကွာလို့ အားပေးတယ်။ ကျနော့အိမ်ကလည်း နေ့လည်ပိုင်းချည်းဘာလို့ဆင်းနေတာလဲ ဆိုတာသိချင်နေကြလေရဲ့။

နှစ်လအကြာမှာတော့ ကျနော့ အလုပ်က မန္တလေးမှာဆိုင်ခွဲဖွင့်တယ်။ ကျနော့ကိုလည်း ဟိုမှာ ကြီးကြပ်သူအဖြစ် ရာထူးတိုးနယ်ပြောင်းလုပ်လိုက်တယ်။ အားလုံးက ၀ိုင်းဝန်း ချီးကျူးအားကျနေချိန်မှာ ကျနော်က ကိုယ့်အပူနဲ့ကိုယ်။ ဘယ်ကို ဘယ်လိုလုပ်ပြီး ဆက်သွယ်အကြောင်းကြားရမလဲ။ အမည်တစ်ခုတောင်သိခွင့်မရှိတဲ့ လူတစ်ယောက်အဖြစ်။

မဖြစ်မနေ သွားရတဲ့ ဒီခရီးကို နောက်ဆံတင်းစွာပဲ ကျနော်သွားခဲ့ရတယ်။ ကျနော့စိတ်က ဘယ်မှာကျန်ခဲ့လဲဆိုတာ ပြောစရာမလိုလောက်ပါဘူးနော်။

အဲဒီနေ့က စလို့ ကျနော်လေ ကျနော်………………….

အင်္ဂါနေ့ ညနေ ၅ နာရီတိုင်းမှာ Good Afternoon လို့ ရွတ်နေခဲ့မိတာ ဒီနေ့အထိ။

03 August 2008

မရှိမဖြစ်သူ

သူမရှိရင်မနေတတ်တော့။ ရုံးဆင်းပြန်လာရင် သူ့ကိုတွေ့ရမှ။ သူနဲ့လုံးလားထွေးလားနေရင်း အိပ်ရာသာဝင်ခဲ့ရတယ် တညလုံးအချိန်ကုန်ဆုံးလည်း မမှုခဲ့။ မျက်စိပွင့်လို့ မိုးလင်းတိုင်းလည်း သူ့ကို မြင်လိုက်ရမှ။ အဲလောက်ထိ………

အစကအဲလောက်ထိ သူ့ကိုမစွဲမက်သေး။ သူကဆွဲဆောင်အားတော့ရှိတယ်လေ။ စိတ်ဝင်စားစရာ အပြည့်။ ရင်ခုန်စရာတွေအပြည့်။ လိုချင်တာတွေ သိချင်တာတွေတိုင်းအတွက် သူ့မှာအဖြေအဆင်သင့်ရှိတယ်။ ဓာတ်ခဲကြော်ငြာသလိုသာကြော်ငြာရရင် EverReadyဖြစ်နိုင်တယ်။

သူနဲ့များဝေးရင်ဆိုတဲ့အတွေးကို မြူမှုန်လောက်တောင် မထင်စေ မမြင်စေခဲ့တာသူပဲပေါ့။ သူ့နောက်မှာ နောက်ထပ်အသစ်ဆိုတာ မရှိအောင်အထိလေ။ စွမ်းချက်တော့ ပြောမနေနဲ့။

တခါတလေ သူကပျောက်သွားတတ်သေးတယ်။ ပျောက်သွားရင်တော့ ဒီမှာအရူးမီးဝိုင်းပါပဲ။ ဖုန်းဆက်ပါအုံးဟ ရှာပေးကြပါဦးဟ နဲ့ ဟိုအကူအညီတောင်း ဒီဖြေရှင်းခိုင်းနဲ့ ရှုပ်ယှက်ခပ်နေတော့တာပါပဲ။ သူပြန်ရောက်လာမှာပဲ အေးအေးဆေးဆေး အိပ်နိုင်တော့တယ်။

ကျနော်သာ အိမ်ပြန်သွားရင် သူနဲ့တွေ့ရတော့မှာမဟုတ်ဘူး။ သူ့ကို တခါတလေမှတွေ့မြင်ရမယ်ဆို ဘယ်လောက်လွမ်းဆွေးစရာကောင်းလိုက်မလဲ။ နေ့စဉ်မပြတ် ကျနော့အနားမှာသူနေခဲ့တာဆိုတော့။ စားလည်းသူ့စိတ် သွားလည်းသူ့စိတ်ပါဗျာ။

သူ………သူ ဒီလောက်တမ်းတမ်းစွဲဖြစ်ရတဲ့သူ…………..

02 August 2008

နောက်လာတဲ့မောင်ပုလဲ

နောက်တယောက်
မရိုးမအီမချင်း
နောက်တယောက်
ပုံစံတူ
ပြစ်မှုတွေ
ကြိုးစားမယ့်
နောက်တယောက်
ရှေ့မရောက်ခင်အထိတော့
ခေါင်းဆောင်းကိုမဖွင့်
ဘယ်သင်းကိုမဆို
လိုက်လျောနိုင်တယ်
ဘယ်သို့ကိုမဆို
ကြည်ဖြူနိုင်တယ်
ဘယ်ပုံကိုမဆို
ယုံပေးနိုင်တယ်
တရက်နှစ်ရက်
ထိုမှသည်
တစ်ပတ်နှစ်ပတ်
နွယ်တွေလိုတွယ်ရစ်တယ်
သံယောဇဉ်ကိုတပြပြနဲ့
နုနယ်တယ်ဆိုပြီး
ငိုပြတယ်
အားနွဲ့တယ်ဆိုပြီး
ဗိုလ်ကျတယ်
ဂရုစိုက်ခံချင်တယ်လဲ
ဆိုသေး
အနားမကပ်အောင်
တရစပ်ကလည်း
မန်းမှုတ်သေး
အဲဒါနဲ့
မောင်ပုလဲတွေများလာကြောင်းပေါ့။

ဂုဏ်ယူစမ်းပါ မင်းမြန်မာ


မဝေလေးရဲ့ “ဒေါသဖြစ်ဝမ်းနည်းခဲ့ရတဲ့အဖြစ်ကလေးတစ်ခု” နဲ့သက်ဆိုင်မယ်ထင်ပါတယ်။ ကျနော်လည်းကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် ဂုဏ်ယူခဲ့ပါတယ် ကျနော့လူမျိုးအတွက်။ ကျနော့အဖြစ်က….

ပြီးခဲ့တဲ့အပတ်က အသုံးအဖြုန်းကြီးတဲ့ ကိုယ့်ကိုကိုယ် နည်းနည်းနောင်တရပြီး ပိုက်ဆံစုမလားစဉ်းစားရင်း ဘဏ်အကောင့်တစ်ခုဖွင့်ဖို့သွားခဲ့တယ်။ ရုံးကလည်းခွင့်ယူပြီးတာမို့ တစ်လက်စတည်း ဆံပင်လည်းညှပ်ရင်း အနီးအနားက ဘဏ်တစ်ခုကို ၀င်လိုက်မိတယ်။ စ၀င်ဝင်ချင်း အစောင့်ကမေးတယ် ဘဏ်အကောင့်ဖွင့်ဖို့လား ပိုက်ဆံပါလား နိုင်ငံကူးလက်မှတ်ပါလား အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားပါလားပေါ့။ အားလုံးစုံတယ်ဆိုတော့ ထုံးစံအတိုင်း တုံကင်နံပါတ်လေးထုတ်ပေးတယ်။ ၁၀၂၃ တဲ့ လက်ရှိ ၁၀၂၂ ဆိုတော့ ရှေ့ကတစ်ယောက်ပဲရှိတယ်ပေါ့။ အတော်ပဲသိပ်မစောင့်ရတော့ဘူး။ ကျနော်ရောက်ရှိချိန် ၁၂:၃၀ pm။

ဒါပေမယ့် ရှေ့ကလည်း အနီရောင်စာအုပ်လေးမှာ မြန်မာနိုင်ငံတံဆိပ်လေးနဲ့။ သူ့ကို ပြောဆိုပြီး ဘဏ်စာရေးမ တရုတ်မလေးက အခန်းတစ်ခုထဲဝင်သွားတယ်။ အင်းအမှုမဲ့အမှတ်မဲ့နဲ့ တစ်နာရီကျော်လောက်ကြာသွားတယ်။ ပြီးတော့မှသူထွက်လာတယ် ပြီးတော့အဲဒီဦးကြီးကိုမေးတယ် “ရှင့်နိုင်ငံမှာ အစိုးရဌာနမှာ ရာထူးကြီးကြီးနဲ့လုပ်နေပါသလားတဲ့” သူမေးချင်တာကို သူတိုက်ရိုက်မေးလို့မရလို့ ဝေ့လည်ကြောင်ပတ်မေးနေတယ် ဟိုဦးကြီးကလည်း ဘာမေးမှန်းမသိဘူးလေ နောက်တော့ သူ့ဘာသူပဲ ဆုံးဖြတ်လိုက်တယ်ထင်တယ် စာရွက်စာတမ်းတွေထုတ်ပေးလိုက်တယ်။ အဲဒီတော့ ၂:၁၀ pm။

ကျနော့အလှည့်။ ကျနော့နောက်မှာ ဒီနိုင်ငံသား လူငယ်လေးတစ်ယောက်ရယ် အဒေါ်ကြီးတစ်ယောက်ရယ်စောင့်နေသေးတယ်။ အဒေါ်ကြီးကတော့ နောက်နေ့မှ ပြန်လာမယ်ဆိုပြီး ဘွတ်ကင်တင်ပြီးပြန်သွားတယ်။ စောင့်နေတဲ့ ကောင်လေးကို ဘဏ်အရာရှိတစ်ယောက်ကလာ စကားပြောပေးနေတယ်။ ကျနော့ကိုတော့ ၁၀၀၀နဲ့စဖွင့်ရမယ်တဲ့။ သူ့ကိုတော့ ၅၀၀ ရှိရင်ရပြီဆိုပါလား။ အင်းလေ သူ့နိုင်ငံသားဆိုတော့ အခွင့်အရေးတော့ပိုပေးမှာပေါ့။ ကျနော်တို့ဆီမှာလည်း ကျနော်တို့က အခွင့်ထူးခံလူတန်းစားတွေ မဟုတ်လား (ရယ်ချင်ပက်ကျိ မဖြစ်ကြပါနဲ့နော်)။

ဘဏ်စာရေးမက စမေးတယ် အလုပ်နဲ့ပတ်သတ်တာဖွင့်မှာလားတဲ့ ကျနော်က မဟုတ်ဘူးကိုယ်ပိုင်ဆိုတော့ စာရွက်စာတမ်းအထောက်အထားတွေ တောင်းကြည့်တယ်။ ဒီမှာအလုပ်လုပ်တာကြာပလားတဲ့ ကျနော့နိုင်ငံကူးလက်မှတ်လည်းမြင်ရော သူလည်းစိတ်ညစ်သွားမယ်ထင်တယ်။ စိတ်မရှိနဲ့တဲ့ “ရှင်တို့နိုင်ငံသားတွေအတွက် အထူးအခွင့်အရေးပေးထားတယ်တဲ့ ကျမတို့မှာ ရှင်တို့ရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးရပါလိမ့်မယ်တဲ့” ဘာတွေစစ်ဆေးတယ်ဆိုတာတော့ သိလောက်ကြမယ်ထင်ပါတယ်။

နောက်တခေါက် အခန်းထဲဝင်အသွားက နောက်ထပ်တစ်နာရီပေါ့။ အဲဒီတစ်နာရီကို အီဖေကိုယ်က ဘာရမလဲ ရုံးကအစ်မကြီးဆီက ငှားထားတဲ့ ကြယ်နီရဲ့ ကိုတံငါစာအုပ်ထဲက ကိုဒေါင်းစိန်နဲ့ နှစ်ပါးသွားနေလိုက်တာပေါ့။ အရာရှိတစ်ယောက်ကတော့ ဟန်အပြည့်နဲ့စာအုပ်ဖတ်နေတဲ့ကိုယ့်ကို မရှုစိမ့်တော့ ဘာလုပ်နေတာလဲ ဘာညာပေါ့ လာမေးနေသေးတယ်။ မင်အပြည့်နဲ့ မေးလေးပဲထိုးပြလိုက်တယ် သူသဘောပေါက်မှာပါ။

ကံကောင်းတယ်ထင်တယ် ကြည့်ရတာ နာမည်တူ ရှာမတွေ့ခဲ့ဖူးထင်တယ်။ အောင်မြင်စွာပြန်ထွက်လာတယ်။ နာမည်လေးလုံးပေးခဲ့တဲ့ ဘကြီးဘုန်းကြီးကို ကျေးဇူးတင်ရမယ်။ နို့မို့ဆို…

ဘဏ်နဲ့ပတ်သတ်တာတွေ ရှင်းပြရင်း ကျန်သေးတယ်တဲ့ တခြားလူတွေမလိုပင်မယ့် မြန်မာလူမျိုးတွေအတွက်သီးခြား စာရွက်တစ်ရွက်ကျန်နေပါသေးတယ်တဲ့။ အဲဒီစာရွက်ကို သေချာဖတ်ပြီးလက်မှတ်ထိုးပေးပါတဲ့။ နားမလည်ပါးမလည်တော့ဖတ်လိုက်တာပဲ နောက်ဆုံးထင်တာတော့ မြန်မာလူမျိုးများ ဒီဘဏ်မှာ အမေရိကန်ဒေါ်လာ မအပ်နှံရ မထုတ်ပေးရလားပဲ။ ဘာဆိုင်တာမှတ်လို့ ဒီပိုက်ဆံဆို ဒီလာတုန်းက တစ်ခါလားကိုင်ခဲ့ဖူးတာ။ ကျေကျေနပ်နပ်ကြီးထိုးလိုက်တယ်။

နောက်ဆုံးတော့ ဘဏ်ကတ်လေးတစ်ခုရလာခဲ့တယ်။ အဲဒီအချိန်က ၃:၃၀ pm။ နောက်မှာစောင့်နေတဲ့ တလှေကြီးတော့ ပျင်းရိနေမှာပဲ။

ကျနော်တို့လူမျိုးတွေပဲ အထူးအခွင့်အရေးပေးထားတဲ့ ဒီ service မျိုးကိုခံယူရင်း အိမ်ကို မြောက်ကြွကြွနဲ့ပြန်လာခဲ့တာပေါ့ဗျာ။ ခင်ဗျားတို့ရော ဂုဏ်မယူဘူးလား ငါတို့မြန်မာ ဆိုပြီး……

ပြောပြပေးပါ ဧရာဝတီ


ကျုပ်တို့စက်ရုံက ဟောဒီမြစ်ဘေးမှာတည်ထားတာ။ ဆောက်တုန်းက မိတ်ဆွေဂျပန်တွေ အကူအညီနဲ့ အဲ့အချိန်တုန်းကတော့အရှေ့တောင်အာရှမှာ တတိယအကြီးဆုံးဆိုလားပဲ။ အဲဒီတော့ ဧရာဝတီမြစ်ကရေကိုပဲ သောက်ချိုးနေရတဲ့နောက် ဧရာဝတီဆိုတာ ကျုပ်တို့နဲ့တသားတည်းပေါ့။

စက်ရုံဆောက်ကာစတော့ သိပ်ကိုများပြားတဲ့ ကုန်ကြမ်းတွေနဲ့။ အဲဒီခေတ်က အစိုးရ၀န်ထမ်းဆိုတာ လောက်ငှတယ်လေ။ ကုန်ဈေးနှုန်းဆိုတာ ဖြုတ်လောက်တောင်ကြောက်စရာမကောင်းခဲ့တာ။ ခုများတော့…

ကုန်ကြမ်းတွေ ရှားပါးတာမပြောနဲ့တော့ ဟောဒီဧရာဝတီတောင် ခမ်းချင်ချင်မဟုတ်လား။ ထွန်းလာလိုက်တဲ့သောင်ပြင်ကြီးက ဟိုဘက်ကမ်းဒီဘက်ကမ်း ကပ်တော့မယ်။ တစ်ခေါက်တစ်ခေါက် ဟိုဘက်ကမ်းကူးချင်တိုင်း ဖြတ်ရတဲ့သောင်ပြင်က လူတွေကို ရွှေရင်ဆို့စေတယ်လေ။ ခေတ်ပျက်တော့မယ်လို့ပြောကြတာပါပဲ။ အဲဒီတော့ ရှားပါးလာတာဘာဆန်းလဲ။

ဆန်းတော့မဆန်းဘူးပေါ့။ ဒါပေမယ့် ကျုပ်တို့အတွက်က ကုန်ကြမ်းရှားပါးလာတာနဲ့အမျှ ကုန်ချောထုတ်ဖို့က နှောင့်နှေးကြန့်ကြာစေတယ်။ စက်တွေလည်ဖို့ဆိုတာ လုံလောက်တဲ့ကုန်ကြမ်းရှိမှလေ။ တကယ်တမ်းက စက်တစ်ခေါက်လည်ဖို့ လုံလောက်တဲ့ပမာဏမပြည့်ရင် ဒီစက်တွေက နွားတွေလို သေအောင်ရိုက်ပြီး ခိုင်းလို့ရတာမဟုတ်ဘူးဆိုတာ အပြင်လူတွေ ဘယ်သိနိုင်မှာလဲ။ ထားလိုက်ပါဗျာ စက်တွေလည်ရင်တော့ သိသာစေတာက ဟိုးကစွန့်ပစ်ပစ္စည်းတိုင်ကြီးက မီးတွေတောက်လာတာပါပဲ။ မိုးရွာလည်းမငြိမ်းဘူးလေ။ ပေါက်တတ်ကရစဉ်းစားမိတာက မီးမရတဲ့အရပ်တွေမှာ ဒီမီးတိုင်ကြီးထွန်းထားရရင် တော်တော်ဟုတ်မှာဆိုပြီး။

ကုန်ကြမ်းမပြည့်တော့ဘယ်လိုလုပ်မလဲ။ သတ်မှတ်တဲ့ ကုန်ချောကိုလည်း ထုတ်ပေးရမယ်လေ။ မဟုတ်ရင် ထုချေလွှာကို အခါတစ်သောင်းလောက်တင်ရမယ်။ DE တွေ PE တွေထိုင်ရမယ်လေ။ ကျုပ်တို့တွေဘာလုပ်ကြတယ်ထင်လဲ။ အပြင်ကကုန်ချောဝယ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက် ကုန်ကြမ်းကို စုပေါင်းစပ်ပေါင်းဝယ်ကြတယ်။ ထွက်လာတဲ့ ကုန်ချောကို အားလုံးဝေစားမျှစားပေါ့။ မြတ်တာပေါ့ဗျာ ဘာပြောမလဲ။ တမျိုးမထင်ပါနဲ့ ပြည်သူပိုင်ကုန်ချောတွေကလည်း ကုန်ကြမ်းနဲ့အချိုးကျတွက် မနစ်နာစေခဲ့ပါဘူး။ အားလုံးလည်းအဆင်ပြေ ချောမွေ့။

မဟုတ်ခဲ့ဘူး မဟုတ်ခဲ့ဘူးဗျ။ ကျုပ်တို့ထဲက အရာရှိတစ်ယောက်က သူရတဲ့ဝေစုကို မကျေနပ်နိုင်ခဲ့ဘူး။ အားလုံးတိုင်ပင်လုပ်ထားခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ အထက်ကို အသေအချာပစ်စာပို့ခဲ့တယ်။ ကျုပ်တို့ထင်ခဲ့တာ ပုံမှန်စစ်ဆေးရေးလောက်ပဲပေါ့။

ဘယ်ဟုတ်မှာလဲဗျာ။ ၀န်ကြီးဆိုတဲ့လူက တာဝန်မယူခဲ့ဘူးလေ။ ပြည်ထဲရေးကိုလက်လွှဲပေးတော့ အရာရှိတွေကို ကြက်ကလေးငှက်ကလေးတွေလို ဖမ်းတော့တာပါပဲ။ အားလုံးက၀ိုင်းဝန်းတောင်းပန်တော့မှ သူတို့ရဲ့ သထ္တုလက်ကောက်တွေကို ချွတ်ပေးတော်မူတယ်။ ကျုပ်တို့ ပတ်ဝန်းကျင်မှာ ဒီလောက်အကျဉ်းတန်အရုပ်ဆိုးတာ တစ်ခါမှမဖြစ်ခဲ့ဘူး။ သိမ်မွေ့နူးညံ့တဲ့ ပညာတတ်အသိုင်းအ၀ိုင်းမှာ အဲလိုစက်ဆုပ်ကြောက်ရွံ့ဖို့ကောင်းခဲ့တာကြောင့် အားလုံးဟာ စိတ်နှလုံးညှိုးချုံးခဲ့တာပေါ့။ ဘယ်နေ့ငါ့ကို ခေါ်စစ်မလဲဆိုတဲ့ ကျီးလန့်စာစားစိတ်နဲ့ပေါ့။

ပုံမှန်စစ်ဆေးလို့မရတော့ ခြိမ်းလိုက်ခြောက်လိုက် ကြိမ်းလိုက်မောင်းလိုက် မာန်လိုက်မဲလိုက်ပေါ့ဗျာ။ ဆဲဆိုမှုပေါင်းစုံနဲ့ ကျုပ်တို့ဟာ မြေကြီးထက် နိမ့်တဲ့အရပ်ကလူတွေဖြစ်ခဲ့ရတယ်။ ဘယ်လိုပဲစစ်စစ် အများပြည်သူပိုင်ပစ္စည်းတွေက စာရင်းဇယားနဲ့ အတိအကျ မယွင်းမှားခဲ့။ ကျုပ်တို့ထည့်ဝင်ခဲ့တဲ့အတွက် ကျုပ်တို့ပြန်ရတဲ့အမြတ်အစွန်းတွေက အလွဲသုံးစားမှုမြောက်ချင်လည်းမြောက်လိမ့်မယ်။ ဒါပေမယ့် ကျုပ်တို့ပိုမယူခဲ့ကြပါဘူး။ ပိုယူုခဲ့တယ်ဆိုရင်လဲ ရှားပါးတဲ့ခေတ်မှာ သားကောင်ဖြစ်ရတဲ့ ကျုပ်တို့်နောက်ကမိသားစုအတွက်ဆိုရင် မိုးကြိုးပစ်တာထန်းလက်နဲ့ကာလောက်နိုင်ကောင်းပါရဲ့။

ဘာမှမပြောပလောက်ပေမယ့်။ ကျုပ်တို့ရဲ့အရှက်တွေ ဂုဏ်သိက္ခာတွေ တစ်စက်မှမရှိစေခဲ့ဘူး။ နီရဲနေတဲ့မျက်နှာတွေနဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုရပ်တည်နေခဲ့ရတယ်ဆိုတာ ကိုယ်ချင်းစာနိုင်ကြပါ့မလားဗျာ။ ကျုပ်ရဲ့မိသားစုတွေကော ဘယ်လိုရင်ဆိုင်နေကြရပြီလဲကျုပ်မတွေးရဲ။

တနေ့ ကျုပ်တို့တွေ အာမခံနဲ့ထုတ်ပေးတဲ့နေ့။ ကျုပ်မိသားစုကိုခဏခွင့်တောင်းပြီး ကျုပ်ဧရာဝတီမြစ်ကမ်းဘေးကို တစ်ယောက်တည်းထွက်လာခဲ့တယ်။ ကျုပ်ဖွားအေကြီးပြောပြောနေတဲ့ မင်းခစားကမ်းနားသစ်ပင်ဆိုတဲ့ စကားကို ကြားယောင်ရင်း ကမ်းနားကသစ်ပင်တွေကို တ၀ကြီးလာကြည့်မိတယ်။ ဘယ်အပင်က ဘယ်နှစ်ကရေတိုက်စားလို့မရှိတော့ဘူးဆိုတာ ကျုပ်တို့တွေ မသိနိုင်ဘူးလေ။ ဒါပေမယ့် ဧရာဝတီကတော့ ပြောနိုင်လိမ့်မယ်ထင်တယ်။

ကျုပ်ဆုံးဖြတ်လိုက်တယ်။ ကျုပ်ရဲ့အကြောင်းကို ကျုပ်ရဲ့အဖြစ်ကို ဧရာဝတီကိုပဲပြောခိုင်းလိုက်တော့မယ်။ ဧရာဝတီရေ ပြောပြပေးပါနော်……………


မနှစ်ကစပြီး ထောင်ဆယ်နှစ်စီ ကျခဲ့ရသော၊ ဦးရီး ဘကြီးတွေလိုတရင်းတနှီး လက်မောင်းကိုဆွဲတွဲလွဲခိုခဲ့ဖူးသော အဖေ့ရဲ့လုပ်ဖော်ကိုင်ဖက် များကို ရင်နာလွမ်းဆွတ်မှုဖြင့်

ဓာတ်ပုံလေးက ဒီကယူတာပါ http://ngm.nationalgeographic.com/ngm/0605/feature5/gallery1.html