02 December 2018

တောင်တန်းများနှင့် တွေ့ဆုံခြင်း

နယ်ခံ လိုက်ပို့ပေးတဲ့သူက ဘယ်တွေသွားချင်သလဲ မေးတဲ့အခါ ကျနော်တို့ ဖြေတာက တောင်တွေ ရေကန်တွေကို ကြည့်ချင်တယ်လို့ ဖြေကြတယ်။ ဒုတိယနေ့ကိုတော့ တောင်တွေနဲ့ တွေ့ဖို့ ခရီးစတယ်။ ရေခဲနေတဲ့ အစိတ်အပိုင်းတွေလည်း ရှိတော့ အဝတ်တွေနှစ်ထပ်သုံးထပ်ဝတ်၊ ဖိနပ်တွေ၊ ဦးထုပ်တွေ၊လက်အိတ်တွေပါ ထည့်တယ်...

တောင်ပေါ်ခရီးမစခင် အီတလီလူမျိုးတွေရဲ့ ဓလေ့စရိုက်ကိုပါ တစေ့တစောင်းလေ့လာခွင့်ရတယ်။ သူတို့ရဲ့ မိသားစုတွေအတွက် သင်္ချိုင်းမြေနေရာ ဝယ်ထားပြီး စနစ်တကျ ထားတဲ့အလေ့အကျင့်ပါ။ ပြီးတော့ ကျန်ရစ်သူတွေက နှစ်ရက်ခြားတခါ၊ ခရီးဝေးသွားခါနီးတခါ ခဏခဏလာကြည့် ဂရုစိုက်ကြတာမျိုးပါ။ ပန်းခြံလိုမျိုးလုပ်ထားတဲ့ သင်္ချိုင်းနေရာမို့ အတော်လေးကို သာယာပါတယ်။




သင်္ချိုင်းနားက သစ်ပင်အုပ်ဆိုင်းဆိုင်းမှာ မြူတွေဟာ ပိန်းပိတ်နေတယ်။ အရွက်တချို့ အရောင်စပြောင်းပြုနေခဲ့ပြီ။ အဲ့ဒီကနေ ကျနော် ဓါတ်ပုံရိုက်ချင်တယ်ဆိုတဲ့ သစ်ပင်တန်းကိုလိုက်ပို့ပေးတယ်။ အရောင်တွေပြောင်းနေခဲ့ရင် သိပ်လှမယ့်လမ်းကလေးပါ။ အစိမ်းရောင်လမ်းကလေးဟာ ခုတော့ ပြန်ကြည့်တိုင်း လွမ်းနေရမယ့်လမ်းလေး ဖြစ်နေခဲ့ပြီ။

တောင်တွေဆီကို နှစ်နာရီကြာ ကားမောင်းရပါတယ်။ တောင်နားမရောက်ခင် ကားတိုးဂိတ်မှာ ကော်ဖီသောက်ရင်း မနက်စာစားကြတယ်။ တဖြည်းဖြည်းတောင်တွေဆီနဲ့ နီးလာခဲ့ပြီ။ ကားနဲ့တက်လို့ရတဲ့ နေရာတခုအထိ တက်လာပြီးရင် သူတို့ဆီက တောင်တက်ဘတ်စ်ကားနဲ့ တောင်တွေဆီခရီးဆက်မယ်၊ တောင်ပေါ်က သိပ်လှတဲ့ရေကန်နှစ်ခုရယ် စက်ဘီးပြိုင်ပွဲလုပ်လေ့ရှိတဲ့ တောင်တက်လမ်းရယ်ကို ဓါတ်ပုံရိုက်ကြမယ်၊ တောင်ပေါ်မှာ ရှုခင်းကြည့်ရင်း ဒေသစာ စားကြမယ်လို့ စီစဉ်ထားတယ်။



တောင်ပေါ်သွားတဲ့ လမ်းတလျှောက်မှာ သစ်ပင်တွေ အရောင်ပြောင်းနေခဲ့ပြီ။ သိပ်လှတဲ့ ရွက်ဝါတွေ နီကြင်မှုတွေဟာ လွမ်းဆွတ်ဖွယ်တောင်တန်းတခုလုံးကို ဖုံးလို့။ နေရောင်ခြည်က ဖြတ်ခနဲလင်းတဲ့အခါ အရွက်တွေဟာ အမှောင်ထဲက အရွက်နဲ့ အလင်းထဲက အရွက်တို့ အချင်းချင်း ကခုန်နေကြတယ်။
တောင်ခြေကမ့်ကိုရောက်တော့ ကံမကောင်းစွာပဲ ရာသီဥတုကြောင့် တောင်ပေါ်တက်တဲ့ ကားခရီးစဉ် ရပ်နားသွားခဲ့ပြီတဲ့။ ကိုယ့်ခြေထောက်နဲ့ တက်ရင်တော့ ရတယ်ဆိုပြီး ရသလောက်တက်ကြတယ်။ တက်တဲ့ လမ်းတလျှောက် သစ်ရွက်တွေဟာ သိပ်ချစ်ဖို့ကောင်းတော့ ခဏရပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ တော်တော်နဲ့ရှေ့မရောက်ကြဘူး။ ဝတ်လာတဲ့အနွေးထည်တွေလည်း တလွှာပြီးတလွှာ ကျွတ်ကျကုန်ပြီ။ 




ဟိုးအဝေးက တောင်ထိပ်က ဘုရားကျောင်းလေးရောက်ရင် အဲ့ဒီရေကန်နှစ်ကန်ကို မြင်ရပြီတဲ့။ ဗိုက်မဆာပေမယ့် လူတွေက သိပ်မလှုပ်ချင်ကြတော့။ သေချာတယ် တောင်ထိပ်ကို ရောက်မှာ မဟုတ်ဘူး။ ရေခဲနေတဲ့ တောင်ထိပ်ပိုင်းအချို့မြင်ရပြီဆိုတော့ ပြန်ဆင်းလာခဲ့ကြတယ်။ 

ပြန်အဆင်းမှာ ကော်ဖီဆိုင်ထိုင်တော့ နေရောင်ကျသွားလို့ထင်တယ် လက်တွေပါ အေးခဲနေခဲ့ပြီ။ ချောကလက်ပူပူတခွက်မှာ သောက်ရင်း သူများတွေ ရေခဲမုန့်စားတာကို အံ့အားတသင့်ငေးနေမိတော့တယ်။

အဲ့ဒီကနေ ရေကန်တကန် အလာတုန်းက ဖြတ်သွားတာ ရေထဲက အရိပ်ကို ဓါတ်ရိုက်ချင်တယ်လို့ ခွင့်တောင်းထားတာကြောင့် အပြန်မှာ ရေကန်နား ခဏရပ်ပေးတယ်။ ရေကန်က အရိပ်ထဲမှာ သိပ်ကိုလှတယ်။ တခြား ဓါတ်ပုံဆရာတွေရဲ့ ပုံတွေ မြင်ကတည်းက အဲ့လိုမျိုး ရိုက်ဖူးချင်တာ ဆန္ဒပြည့်သွားပြီ။ ပုံမကောင်းတာတော့ သည်းခံကြည့်ပါ ငါ့ရှင်တို့.....

ပြန်နေတဲ့ လမ်းမှာ ပိန်းပိတ်အောင်မှောင်လာတယ်။ ညနေလေးနာရီလောက်ဆို တအားအိပ်ချင်သွားပြီး အဲ့အချိန်ကျော်သွားတာနဲ့ သိပ်မအိပ်ချင်တော့ဘူး။ တည်းတဲ့အိမ်ရောက်တာနဲ့ အိပ်လိုက်ရင် တချိုးတည်း အိပ်ပျော်သွားတာတခုပဲ..........

27 November 2018

မီလန်မြို့နဲ့ ဟိုဟိုဒီဒီ

သောကြာနေ့ည ရုံးကနေ အိမ်ကိုပြန် အထုတ်ယူပြီး လေဆိပ်ကိုတခေါက်ပြန်ဆင်းတယ်။ ထင်တဲ့အတိုင်း လေဆိပ်သွားတဲ့လမ်းက ကြပ်နေတော့တယ်။ လေယာဉ်ချိန်စောနေသေးတာမို့ ခပ်ဖြေးဖြေးပဲ မောင်းဖို့ ကားဆရာကို သတိပေးရတယ်။

စင်္ကာပူကနေ ဒူဘိုင်းကိုသွားတဲ့ လေယာဉ်က A380 နှစ်ထပ်လေယာဉ်အမျိုးအစားပါ။ ပထမဆုံး စစီးဖူးတာမို့ စူးစမ်းစိတ်အပြည့်နဲ့။ လေယာဉ်ကြီးတခုလုံး လူအပြည့်ပါပဲ။ အဲမရိတ်လေယာဉ်ရဲ့ ဝန်ဆောင်မှုက အတော်လေးပြည့်စုံပါတယ်။ ရုပ်ရှင်ကားတွေက မနည်းမနောဆိုတော့ ၇နာရီခရီးကို အေးဆေးဖြစ်သွားပြီပေါ့။ လေယာဉ်ပေါ်မှာ အင်တာနက်ပါရတော့ ပိုအဆင်ပြေပြီပေါ့။ 20MB အထိ အလကားပေးသုံးထားတာမို့ လုံလောက်တဲ့ ပမာဏပါပဲ။

အိပ်လိုက်ရုပ်ရှင်ကြည့်လိုက်နဲ့  ဒူဘိုင်းကို မနက်စောစော ဆိုက်ပါတယ်။ ဒူဘိုင်းမှာ နောက်ထပ်စီးရမယ့် လေယာဉ်နေရာကို ပြောင်းရတယ်။ ဓါတ်လှေခါးလေးငါးခုလိုက်ဘေးတိုက်ဟာ တခု တခုအကျယ်က ကျနော့အိပ်ခန်းလောက်ရှိတာမို့ ဒူဘိုင်းလေဆိပ်ရဲ့ ခန်းနားမှုကို အတော်လေးသိသာစေပါတယ်။ အသွားခရီး ဒူဘိုင်းမှာလေယာဉ်ပြောင်းချိန် သိပ်မရှိပါဘူး၊ ခရီးသွားဖော်ကိုရှာ နောက်လေယာဉ်စီးရမယ့် ဂိတ်ကိုရောက်တော့မှ ကော်ဖီသွားသောက်ကြတယ်။ နောက်လေယာဉ်ကတော့ ပုံမှန်လေယာဉ် Boeing 777 ပါ။ အိပ်မပျော်တာမို့ တလမ်းလုံး ရုပ်ရှင်ကြည့်သွားခဲ့တာ လေယာဉ်ဆိုက်ခါနီးတနာရီအလိုလောက်မှ ခဏအိပ်ပျော်သွားတယ်။ 

မီလန်လေဆိပ်ကတော့ ဒူဘိုင်းလေဆိပ်နဲ့ယှဉ်ရင် သေးသေးလေးပါ။ သူတို့နိုင်ငံသားတွေက စက်နဲ့ဝင်သွားကြပြီး နိုင်ငံခြားသားတွေအတွက် ကောင်တာ လေးခုလောက်ပဲဖွင့်ထားတာ တော်တော်လေး တန်းစီလိုက်ကြရတယ်။ အရေးထဲ အရာရှိက အသစ်ထင်ရဲ့ မြန်မာနိုင်ငံကို မသိတာကြောင့် ပတ်စပို့ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေတယ်။ ဗီဇာ စာရွက်ကိုလည်း မရှာတတ်လို့ဘေးနားက တယောက်ကို မေးနေသေးတယ်။ နောက်ဆုံးမှ ဘာလုပ်တာလဲတဲ့ အလည်လာတာလို့ ပြောလိုက်တော့ တခါ ပြန်စစ်ပြန်ရော။ မိနစ်နှစ်ဆယ်လောက်ကြာမှ ဝင်ခွင့်ဗီဇာထုပေးလိုက်တယ်။ ဟူး......

လေဆိပ်ထဲမှာ အိတ်ရှာတော့ အိပ်ပျောက်နေတယ်။ ခရီးဖော်အိတ်ကရနေပြီ။ ကျနော့အိတ်က အပေါ်က အိတ်ခွံစွပ်လာတာမို့ သူတို့ လေကြောင်းလိုင်းကိုပါ အကူအညီတောင်းပြီး ရှာခိုင်းတယ်။ တကယ်က အိတ်ခွံယူထားခံလိုက်ရပြီး အိတ်ချည်းသပ်သပ်ပဲ ကျန်တော့တာမို့ ကျနော်ရှာမတွေ့ပဲဖြစ်နေတာ.

အိတ်ရပြီဆိုတော့ လာကြိုတဲ့သူတွေကို ဖုန်းခေါ်ရတယ်။ လေဆိပ်အပြင်ဖက်က စောင့်နေတဲ့ကားလေးနဲ့ ကျနော်တို့ရဲ့ အိတ်အကြီးတွေနဲ့တော့ ကွက်စတိပဲ။ လာကြိုတဲ့သူတွေ ဘာမှ မစားရသေးတာမို့ Macdonald ဆိုင်မှာ မနက်စာစားကြတယ်။ ပြီးတာနဲ့ သူတို့မြို့ကိုသွား အထုတ်တွေထားပြီးတာနဲ့ မီလန်ကို ပြန်ထွက်ကြတယ်။


မီလန်မြို့အဝင်နားက ဘူတာမှာ ကားထားပြီး နေ့လည်စာစားကြတယ်။ အီတလီရဲ့ ပထမဆုံး နေ့လည်စာကတော့ အီတလီပင်လယ်စာခေါက်ဆွဲပါပဲ။ တပွဲကိုတယောက်တည်း စားမကုန်လို့ ဒီအတိုင်းထားခဲ့ရတယ်။ နောက်တခါဆို တပွဲမှာ နှစ်ယောက်အသာလေး စားလို့ဖြစ်တယ်။ ပြီးတော့ ရထားနဲ့ခရီးဆက်တယ်။ တနေကုန်စီးလို့ရတဲ့လက်မှတ်က တစောင်ကို လေးယူရိုခွဲပါ။ စီးချင်တိုင်းစီး အားမကုန်ဘူး သိပ်ကောင်းတဲ့ ရွှေဘက်ထီပါပဲ။





ပထမဆုံးသွားတဲ့နေရာကတော့ အေစီနဲ့အင်တာရဲ့ အိမ်ကွင်း ဆန်စီးရိုးပါပဲ။ ဘောလုံးကွင်းကိုသွားတဲ့ လမ်းက သစ်ပင်တန်းဟာ ဆောင်းဦးပေါက်သစ်ရွက်တွေ အရောင်ပြောင်းစ ပြုနေခဲ့တာကြောင့် လှလို့နေတယ်။ ကွင်းနားမရောက်ခင် ဂရက်ဘတီတွေကိုလည်း ဟိုတစဒီတစတွေ့နေရတယ်။ ကွင်းထဲတော့ ဝင်မကြည့်ဖြစ်ခဲ့ပါဘူး။ ကွင်းအပြင်ကနေ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ အမှတ်တရပစ္စည်းရောင်းတဲ့ နေရာကနေ ကွင်းထဲကို ချောင်းကြည့်ကြတယ်။ ရောင်းနေတဲ့ ပစ္စည်းတွေကတော့ ဈေးတွေကြီးလို့ ကိုင်ပြီး ပြန်ချ...




ဆန်စီးရိုးကနေ ရထားစီးပြီး မြို့ထဲကို ပြန်လာကြတယ်။ မီလန်မြို့စားရဲ့ နန်းတော်ကို ဝင်ကြည့်တယ်။ နန်းတော်ဟာ ၁၇ရာစုနှစ်လောက်တုန်းက ဥရောပမှာ အကြီးမားဆုံးနန်းတော်ဖြစ်ခဲ့ဖူးတယ်တဲ့။ အခုတော့ ရှေးဟောင်းအနုပညာတွေစုဝေးပြီး ပြသတဲ့ ပြတိုက်တခုအဖြစ် ရပ်တည်နေပါတယ်။ နန်းတော်အပေါ်ကို တက်ပြီး ဓါတ်ပုံရိုက်ကြတယ်။

နန်းတော်အနောက်က ပန်းခြံထဲကို ရောက်တဲ့အခါ တော်တော်နဲ့ ပြန်မထွက်ဖြစ်ကြတော့ဘူး။ သူတို့နိုင်ငံသားတွေလည်း ပန်းခြံထဲမှာ နေစာလှုံနေကြတာနဲ့ စာအုပ်ဖတ်နေကြတာ မျိုးစုံပါပဲ။ သစ်ရွက်တွေ နေရောင်ခြည်တွေဟာ အတော်လေး သက်ဝင်လှုပ်ရှားနေကြတယ်။

ပန်းခြံကနေထွက်ပြီး အရမ်းစည်ကားတဲ့လမ်းမကို ဖြတ်ပြီးလမ်းလျှောက်ကြတယ်။ ပြီးတော့ အထင်ကရဖြစ်တဲ့ မီလန်မြို့ရဲ့ ဘုရားကျောင်းကို သွားကြည့်ကြတယ်။ ဘုရားကျောင်းထဲကို မဝင်ပဲ ဘုရားကျောင်းအရှေ့ကနေ နေဝင်ပြီး အရောင်ပြောင်းသွားတာကို ထိုင်ကြည့်ကြတယ်။ ဒီဘုရားကျောင်းကိုလာကြည့်ရင် လက်ပတ်တွေ လာရောင်းတာကို အရေးမစိုက်ဖို့ နယ်ခံက အထပ်ထပ်မှာပါတယ်။ များသောအားဖြင့်တော့ လူမည်းတွေ ရောင်းကြတာပါ။ ဟေ့ ဟေ့လို့ ခေါ်ရင်လည်း လှည့်မကြည့်ဖို့ စကားပြန်မပြောဖို့ သေချာမှာထားခဲ့တယ်။ တကယ်တမ်း ကိုယ်တွေက စုတ်တီးစုတ်ပြတ်မို့ထင်တယ် ဘယ်သူမှ အဖက်မလုပ်ကြပါဘူး :)



ဘုရားကျောင်းထဲ ဝင်ကြည့်ဖို့ မလုပ်ကြပဲ ဘုရားကျောင်းနားက ရှောပင်းမောကို ဖြတ်လျှောက်ကြတယ်။ နယ်ခံဆီက ငါးမျက်စိကိုငှားပြီး ခေါင်မိုးလှလှကို ဓါတ်ပုံရိုက်တယ်။ ရှောပင်းမောကို ကျော်လာတဲ့ ပန်းခြံထဲမှာ နာမည်ကျော် လီယိုနာဒိုရဲ့ ရုပ်ထုကို အမှတ်တရရိုက်ယူလာတယ်။ အီတလီနဲ့ ဒီလူဟာ ကျောချင်းကပ်ကို အမြဲပါနေတော့တာကိုး။

ခြေတိုအောင် လျှောက်ခဲ့ရတဲ့ မီလန်ရဲ့ ညနေအဆုံးသတ်ကတော့ အစောက လူကြီးရဲ့ ပန်းချီလက်ရာ ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲကိုကြည့်ဖို့ပါ။ နှစ်ပတ်လောက် လက်မှတ်ကြိုယူရပြီး လက်မှတ်ခက တယောက်ကို ၁၂ ယူရိုပါ။ ပန်းချီကားပြတဲ့ နေရာကို မဝင်ခင် ကျောပိုးအိတ်ကို အပ်ရသေးတယ်။ အထဲက ကြည့်နေတဲ့ လူတွေကုန်မှ တံခါးပေါက်က သူ့အလိုလိုပွင့်လာတယ်။ ဓါတ်ပုံရိုက်ခွင့် လုံးဝမပေးပါဘူး။ နောက်ဆုံးညစာစားပွဲ ပန်းချီကားဟာ လီယိုနာဒိုရဲ့ လက်ရာပါဆိုတာ အတော်လေး ငြင်းခုံခဲ့ပြီးမှ လက်ခံ ကြေငြာခဲ့တာလို့ သိရတယ်။ အရှေ့တည့်တည့်ကနေ အားရအောင် ကြည့်ပြီးတဲ့အခါ နောက်ကို ဆုတ်ကြည့်တော့ ပန်းချီကားထဲက အရုပ်တွေက နောက်ကလိုက်ပါလာသလို ခံရတယ်။ 3D ပုံစံရုပ်ကြွတွေဖြစ်အောင် ၁၄ရာစုကတည်းက ဆွဲခဲ့တဲ့ သူ့ရဲ့ အနုပညာဖန်တီးမှုကတော့ အံ့သြစရာပါပဲ။

ပန်းချီကားကို တဖွဖွပြောနေရင်း နယ်ခံရဲ့ ဗီဒီယိုဖိုင်တင်ထားတဲ့ ပြိုင်ပွဲကို ဝင်အားပေးတယ်။ အားပေးတယ်သာ ဆိုတယ် ပင်ပန်းပြီး ခဏခဏ အိပ်ပျော်နေလို့ မနည်း ပြန်ပြန်ထရတယ်။ ပထမတရက် သံပတ်ကတော့ အကုန်ပဲဆိုပါတော့.....

25 November 2018

မာကိုပိုလိုအား လက်စားချေခြင်း

အာရှကို ခရီးသွားရှာဖွေ နယ်မြေချဲ့ထွင်ခဲ့တဲ့ မာကိုပိုလို ကိုလက်စားချေဖို့ ဆိုတာ အတော်လေး လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာပြည်အထိ နယ်မြေချဲ့ထွင်ခဲ့တဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်ပြီး လည်ပတ်ဖို့ဆိုတဲ့ စိတ်ကူးက တော်တော်နဲ့ မရခဲ့ပါဘူး။ သမိုင်းမှာ သင်ခဲ့ရတဲ့ မာကိုပိုလိုအကြောင်းကတော့ ငယ်ငယ်ကတည်းက စိတ်ထဲမှာ ရှိနေခဲ့တာ အမှန်ပါ။

အရှေ့တိုင်းကိုပဲ ခရီးသွားရင်း အရှေ့တိုင်းမှာပဲ သွားချင်တဲ့နေရာတွေ ထပ်ထပ်တိုးလာ လောဘက အတောမသပ်ဖြစ်နေခဲ့ပါတယ်။ အနောက်ဖက်ကို သွားဖို့တော့ ဗီဇာ၊ လေယာဉ်စရိတ်၊ ကုန်ကျစရိတ်တွေအတွက် တွေးရင်း မစီစဉ်ဖြစ်အောင် အမြဲပဲ နောက်တွန့်နေခဲ့တာ။ ဒီနှစ်ပိုင်းတော့ အသိတွေထဲ ရုတ်တရက် နေမကောင်းဆုံးပါး၊ ကိုယ်တိုင်လည်း ကျန်းမာရေးက ငယ်ငယ်တုန်းကလို မကောင်းသလိုလို ဖြစ်လာတဲ့အခါ အနောက်ဖက်ကို ခရီးသွားဖို့ စပြီး စဉ်းစားလာကြတယ်။ အနောက်ဖက်ကို ဝေးဝေးလံလံသွားမယ်ဆိုတော့ ဘယ်ကို သွားမလဲ တိုင်ပင်ကြတဲ့အခါ မာကိုပိုလိုကို လက်စားချေဖို့ ဖြစ်လာခဲ့ပါတယ်။

ခရီးစဉ်၊လေယာဉ်၊ဗီဇာ၊ အာမခံ စတာတွေကို အင်တာနက်မှာ အကြိမ်ကြိမ်ဖတ်ရှုလေ့လာတယ်။ အီတလီမှာ ရှိနေတဲ့ နယ်ခံ၊ ခရီးသွားဖူးတဲ့ အစ်ကိုတယောက်ဆီကို အကြိမ်ကြိမ်မေး။ ပထမဆုံး ခရီးစဉ် အကြမ်းထွက်လာပြီးတဲ့နောက် လေယာဉ်လမ်းကြောင်း ဘယ်လေကြောင်းနဲ့သွားမလဲ စလေ့လာတယ်။ လေကြောင်းကို ရွေးတဲ့အခါ လေယာဉ်ချိန်၊ Luggage အလေးချိန်နဲ့ လက်မှတ်ခကို လေကြောင်းလိုင်း review တွေနဲ့ ချိန်ဆပြီး ရွေးရတယ်။ ခရီးသွားရက် ညှိနှိုင်းပြီး ရုံးက ခွင့်ကျတာနဲ့ လေယာဉ်လက်မှတ်ကို ဝယ်တယ်။ ကျနော်တို့ ရွေးချယ်လိုက်တဲ့ လေကြောင်းလိုင်းက Emirate လေကြောင်းလိုင်းပါ။ ဒူဘိုင်းမှာ တဆင့်ခံပြီး အသွားအပြန် စလုံး ၁၂၆၀လောက်ကျပါတယ်။ တိုက်ရိုက်ပျံသန်းတဲ့ စင်္ကာပူလေကြောင်းလိုင်းရှိပေမယ့် စလုံး၁၈၀၀လောက်ဆိုတော့ ဘတ်ဂျက်အရနဲ့တင် မရွေးချယ်ဖြစ်တော့ဘူး။

လေယာဉ်လက်မှတ်ပြီးတဲ့အခါ ဗီဇာလျှောက်ဖို့ ပြင်ရတယ်။ ဗီဇာမရခင် လေယာဉ်လက်မှတ် မဝယ်မနေရ ဝယ်ရပါတယ်။ ဗီဇာမကျခဲ့ရင်ဆိုတဲ့ ဖောင်ကိုတော့ ကြိုဖျက်ထားရတာပေါ့လေ။ ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို သူတို့ check list ထဲကအတိုင်း သေချာ ဖတ်ပြီး စပြီးပြင်ဆင်ပါတယ်။ ဟိုတယ်booking တွေကို အလွယ်တကူ ပြန်ပြင်ဖျက်လို့ရတဲ့ Booking.com ကနေတင်ပါတယ်။ နီးလာတဲ့အခါမှ အစီအစဉ်အတိုင်း ကျနော်လိုချင်တဲ့ ဟိုတယ်တွေကို တခေါက်ပြန်တင်တယ်။ Insurance ကို NTUC ကနေ ၁၀၄.၆၅ကျပ်နဲ့ဝယ်ခဲ့တယ်။ ဘဏ်စာရင်း သုံးလစာကို ဘဏ်ကို သွားထုတ်တဲ့အခါ တလကို ၂၀ပေးရပါတယ်။ သုံးလစာ ထုတ်တာမို့ ၄၀ဈေးချပေးခဲ့တယ်။ 

စင်္ကာပူ REP က ခရီးကအပြန် ခြောက်လအနည်းဆုံးကျန်ရမယ်လို့ဆိုတယ်။ ကျနော့ အတွက် တလပဲကျန်တာမို့ သက်တမ်းတိုးရပါတယ်။ ပုံမှန်ဆို အွန်လိုင်းကနေ လွယ်လင့်တကူတိုးရပေမယ့် သုံးလထက်ကျော်ပြီး ကြိုတိုးတာမို့ ICAကို ကိုယ်တိုင်သွားပြီး တိုးရတယ်။ အလုပ်နည်းနည်းပိုသွားတာပေါ့လေ.

စာရွက်စာတမ်းစုံပြီဆိုတော့ ဗီဇာတင်ဖို့ လုပ်ပါတယ်။ တင်မယ်ဆိုတော့မှ ဗီဇာတင်မယ့် VFS Global ကို အီတလီသံရုံးက ဗီဇာလုပ်ငန်း ရပ်ဆိုင်းပြီး နောက်ထပ် အသစ်တခုဖြစ်တဲ့ BLS International ကိုပေးပါတယ်။ BLS မှာ ရက်ရဖို့ သူတို့ System အလုပ်စတင်လုပ်တာ ခဏစောင့်ရပြန်တယ်။ သူတို့ဆီက ရက်ရတဲ့အခါ အလုပ်က နေ့လည်စာ စားချိန်မှာ သွားတင်ဖို့ ၁၂နာရီတိတိကို ယူလိုက်တယ်။ ၁၁နာရီခွဲမှာ သူတို့ရုံးကိုရောက်ပါတယ်။ ရှေ့က ဖိလစ်ပင်း အမျိုးသမီးကို စာရွက်စာတမ်းစစ်နေတာကို စောင့်ရပါတယ်။ ဟိုတယ် စာရွက်စာတမ်း မစုံတာရော တခြား စာရွက်စာတမ်း မစုံတာရော တိုင်ပတ်နေခဲ့တယ်။ ကောင်တာနှစ်ခုရှိပေမယ့် နှစ်ခုလုံးက အလုပ်မလုပ်ပဲ ရှိတဲ့ ကောင်တာတခုတည်းကလည်း သူနဲ့ နာရီဝက်ကျော်ကြာတဲ့အထိ မပြီးပဲရှိပါတယ်။ သူ့အလှည့်ပြီးတဲ့အခါ ကျနော့အလှည့်ကို ဆယ်မိနစ်မပြည့်ခင်ပြီးသွားတယ်။ လက်ဗွေနှိပ်တဲ့နေရာမှာတော့ စက်ကြောင့် ယူလို့မရပဲ လေးကြိမ်လောက်ယူရတယ်။ ထမင်းမစားပဲလာတာမို့ ကျနော်လည်း ဗိုက်ဆာပြီး စိတ်တိုနေခဲ့တယ်။ ဒါကြောင့် ကိုယ်တိုင် ပြန်လာထုတ်ဖို့ကို စိတ်ပျက်ပြီး ပိုက်ဆံပိုပေးပြီး ပို့ခိုင်းခဲ့တယ်။ တပတ်အကြာမှာ ဗီဇာကျမှပဲ သက်ပြင်းကို ချနိုင်တော့တယ်။

ခရီးသွားဖော်ရဲ့ ဗီဇာကျတာကိုစောင့်တယ်။ ကြားထဲမှာ ခရီးစဉ်ကို သေချာဆွဲတယ်။ ဘယ်နေ့ကိုဘယ်မှာ အိပ်မယ် တမြို့နဲ့တမြို့ ဘယ်လိုသွားမယ်ဆိုတာ စီစဉ်ရပါတယ်။ သူ့ဗီဇာကျပြီဆိုတာနဲ့ ဟိုတယ်တွေကို ဘွတ်ကင်တင်တယ်။ ရထားလက်မှတ်တွေဖြတ်တယ်။ အင်တာနက်အတွက် ဝိုင်ဖိုင်မယူတော့ပဲ ဆင်းကဒ် တကဒ်ဆီ Changi recommend ကနေ ဝယ်တယ်။ ၁၂GB ဒေတာနဲ့ မိနစ်၃၀၀၀ Europe နိုင်ငံအတွင်း ခေါ်ဆိုနိုင်ပါတယ်။ တကဒ်ကို ၃၈ကျပ်ဆိုတော့ သိပ်မဆိုးလှပါဘူး။

ဒီလိုနဲ့ပဲ မာကိုပိုလိုကို လက်စားချေနိုင်မယ့်နေ့ကို လက်ချိုးရေပြီး စောင့်နေခဲ့ပါတယ်။ မရောက်ခင်အထိ အလုပ်တွေကများ လူလည်း စိတ်မော လူမောဖြစ်နေတော့တာပါပဲဗျာ...

18 November 2018

ရန့်မင် နဲ့ ဈေးနေ့

မြိုဘကနေ ရန့်မင်ကိုပြန်လာပြီး ရန့်မင်မှာ တညအိပ်ကြတယ်။ နောက်နေ့မနက် အိပ်ရာနိုးတော့ ဒီနေ့က ရန့်မင်ဈေးနေ့တဲ့။ ဟိုတယ်ရှေ့က လမ်းမမှာ ကျနော်တို့အညာက ဘုရားပွဲလို လူတွေနဲ့ ပြည့်နေပြီ။ ဟိုးးးးရှေ့နားက လမ်းချိုးလေးမှာ ဈေးတဲ့.....






သိပ်စည်တဲ့ ဈေးနေ့ဟာ တကယ့်အညာဘုရားပွဲပဲ။ ထူးခြားတာက ဒေသခံလူမျိုးစုတွေဟာ သူတို့ လူမျိုးဝတ်စုံတွေကို ဝတ်ဆင်လာကြတာ။ အရောင်စုံ လူစုံ မျက်စိပသာဒဖြစ်နေခဲ့တော့တယ်။ ကိုယ်တွေအတွက် ထူးဆန်းတာ တခုက သားကောင်တွေ သယ်လာတဲ့ ပုံစံ အမျိုးမျိုးပါ။ ဝက်တွေကြက်တွေဘဲတွေဟာ သူတို့လက်ထဲမှာ အလိုက်သင့် ပါလာကြတယ်။

နောက်ထပ် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဈေးထဲက မုန့်မျိုးစုံ။ သူတို့ရိုးရာဒေသမုန့်တွေကိုလည်း ဒီဈေးနေ့မှာ မြည်းစမ်းဖို့အကောင်းဆုံးလေ။ ဝယ်လာတဲ့ မုန့်တွေ တိုးဂိုက်ကျွေးတဲ့ မုန့်တွေနဲ့ ဟိုတယ်ဘေးက ကော်ဖီဆိုင်မှာ မြည်းကြတယ်။ 


မုန့်စားရင်း လမ်း တဖက်က လူမျိုးရောင်စုံ ဈေးကိုသွားနေတာကို ဓါတ်ပုံရိုက်တယ်။ တချို့လည်း မြန်မြန်လျှောက်တယ်။ တချို့လည်း ရောင်းချပြီး ကုန်တာနဲ့ ပြန်သူကပြန်တယ်။ ဈေးနေ့ဟာ ဒီဒေသအတွက်တော့ အရေးပါတဲ့ နေ့တနေ့ပါပဲ။

ခဏနေတော့ ဟိုတယ်ကနေ Check out လုပ်ပြီး ဟနွိုင်းကို ပြန်ဆင်းလာကြတယ်။ လာတဲ့လမ်းအတိုင်းပြန်ခဲ့တဲ့နောက် နေ့လည်စာကို အလာတုန်းက စားတဲ့ဆိုင်မှာပဲ စားကြတယ်။ လမ်းမှာ လဖက်ခင်းတွေ ဝင်ကြည့်မလားလို့ မေးပြီး ကားရပ်ပေးပေမယ့် ခါးနည်းနည်း နာတာနဲ့ ကျနော် မလိုက်တော့ဘူး လို့ ငြင်းတော့ ကျန်တဲ့သူတွေလည်း မတက်တော့ဘူးဖြစ်ကုန်တယ်။ 

ဟနွိုင်းကိုရောက်တော့ မိုးချုပ်တော့မယ်။ စားနေကြ ဆိုင်မှာ ငှက်ပျောဖူးသုတ်စားမယ်ဆိုပြီးတက်ကြတယ်။ ကံဆိုးတော့ ငှက်ပျောဖူးသုတ်က ဒီနေ့မရဘူးတဲ့။ ညစားစားပြီး ထိုင်နေကြ ကော်ဖီဆိုင်မှာ ကော်ဖီဒိန်ချဉ်၊ ကြက်ဥကော်ဖီသွားဆွဲကြတယ်။ ပင်ပန်းပြီး ပြန်ရောက်တာနဲ့ အိပ်ကြတော့တယ်။

မနက်ကျနော်က အစောဆုံးထပြီးလေဆိပ်ဆင်းတယ်။ လေဆိပ်ရောက်တော့ သိပ်ကြိုက်တဲ့ ဒိန်ချဉ်တွေတွေ့တာနဲ့ လေးဗူးတကဒ်ဆွဲလာဖြစ်တယ်။ 

ဟနွိုင်းကို ဘယ်တော့ နောက်တခေါက် ပြန်ရောက်ဦးမယ် မသိတတ်သေးဘူး.....

26 August 2018

ဟွာဟင် တဖြစ်လည်း ပရမ်ဘူရီ

အလုပ်က စနေနေ့ထိလုပ်ရမလို သောကြာနေ့ပဲ ပြီးတော့ မလိုနဲ့ သောကြာနေ့ ညနေအထိ ဂဏန်းမငြိမ်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး Customer ကို သေချာရှင်းပြပြီး စနေနေ့ကို လွတ်ငြိမ်းချမ်းသာခွင့်ရသွားတယ်။ သောကြာနေ့ ညအထိ ဘယ်သွားရမလဲ ဘာလုပ်ရမလဲ ဘာမှ မစီစဉ် မဆုံးဖြတ်ထားခဲ့သေးပါ။ တောင်ပေါ်သွားမလား ပင်လယ်သွားမလားနဲ့ တွေဝေသူတယောက်။

နောက်ဆုံးတော့ ဟွာဟင်ဆိုတဲ့ ပင်လယ်ကမ်းခြေကိုသွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီတော့မှ ဟိုတယ်ကို ဘွတ်ကင်တင်ဖို့ လိုက်ရှာတယ်။ ခရီးသွားဧည့်သည်တွေ အများအပြားရှိတဲ့ လူစည်တဲ့နေရာတွေရှောင်ရင်း ကျနော် တွေ့မိတဲ့ ဟိုတယ်သေးသေးလေးကို မျက်စိကျနေခဲ့တော့တယ်။ အဆုံးသတ်မှာတော့ ကျနော်အဲ့ဒီဟိုတယ်ကိုပဲ ရွေးဖြစ်ခဲ့တယ်။
မနက်အိပ်ရာထ မနက်စာစားပြီးတာနဲ့ ဟိုတယ်ကနေ check out လုပ်တယ်။ ကားဂိတ်ကို ရောက်တော့ ကားလက်မှတ်တွေကုန်နေပြီတဲ့ ညက လက်မှတ်ဖြတ်ထားရမှာ။ ကားဂိတ်ကို ရောက်ချိန် ကိုးနာရီ လက်မှတ်က ၁၂နာရီမှပဲရတော့မယ်။ ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး လက်မှတ်ဖြတ်ပြီး ကားဂိတ်မှာပဲ ငုတ်တုပ်ထိုင်နေတယ်။ ကားခက ဘတ် ၁၈၀ပါ။ ၁၁နာရီကျော်လောက်မှ ကားလာတယ်ဆိုပြီး လာခေါ်တယ်။ ဒါပေမယ့် ကားက တက်လို့မရတာနဲ့ နောက်ကားထပ်စောင့်ရတယ်။

ဟွာဟင်ကို ရောက်တော့ နှစ်နာရီခွဲပြီ။ ကားဂိတ်မှာ မိတ်ဖွဲ့ခဲ့တဲ့ ဒေသခံက ကျနော့ဟိုတယ်ကို သွားဖို့ ကားငှားပေးမယ်လို့ ပြောပါတယ်။ အဲ့ဒီအထိ ကျနော့ဟိုတယ်ကို ဟွာဟင်မှာပဲလို့ ကျနော်ထင်နေခဲ့သေးတယ်။ တကယ်တမ်းကားငှားတဲ့အခါ ကားခက ဘတ်ငါးရာတောင်းတယ်။ ဘတ်တရာ့ရှစ်ဆယ် သုံးနာရီခရီးနဲ့ ငါးရာတန် နာရီဝက်ခရီးပဲဆိုပါတော့။ ဈေးဆစ်တော့ လေးရာ့ငါးဆယ်နဲ့ရပါတယ်။ ဟွာဟင်ကနေ နာရီဝက်ကျော်ကျော် ထပ်မောင်းရတဲ့ ပရမ်ဘူရီပါ။ 

ကျနော်တည်းမယ့်ဟိုတယ်ရောက်တော့ သုံးနာရီခွဲပြီ။ နေ့လည်စာလည်း စားမလာလို့ဗိုက်ကဆာနေတော့တယ်။ ဟိုတယ်နာမည်က Pranburi Earth တဲ့။ ကားဆရာက မသိလို့ ကျနော်က လမ်းညွှန်ပြပေးနေရသေးတယ်။ မြို့နဲ့ အလှမ်းဝေး တောအုပ်ထဲမှာ ဆောက်ထားတဲ့ ဟိုတယ်သေးသေးလေးပါ။










အခန်းများများစားစား မရှိပေမယ့် သေသပ်စနစ်ကျ ဆောက်ထားတဲ့ ဟိုတယ်လေးပါ။ ရေကူးကန်လေးရှိတယ်၊ ချစ်စရာ မီးဖိုချောင်လေးလည်းရှိတယ်။ အခန်းထဲမှာလည်း လိုအပ်တဲ့အသုံးအဆောင်တွေနဲ့ လုံလောက်တဲ့ အလင်းရောင်ရအောင်စီမံထားတယ်။ အိပ်ရာဘေးနားက ပြတင်းပေါက်အစုံရယ် ခြေရင်းက နံရံမှာ မြုပ်ထားတဲ့ ပုလင်းတွေက အစ စိတ်ကူးကောင်းတဲ့တည်ဆောက်သူကို ချီးကျူးမိပါတယ်။ ကော်ဖီမစ်မဟုတ်ပဲ ကော်ဖီမှုန့် စစ်တဲ့ ဖစ်တာတွေနဲ့ လုပ်ပေးထားတာကိုတော့ မနှစ်သက်ပဲ မနေနိုင်တော့...

ဟိုတယ်မှာပဲ နေ့လည်စာစားဖြစ်တယ်။ ပြီးတာနဲ့ ဟိုတယ်တခုလုံးကို ဓါတ်ပုံလှည့်ရိုက်ပြီး ခဏနားတယ်။ ရေကူးကန်မှာ ရေဆင်းကူးတယ်။ ညနေမှောင်လာတော့ ဟိုတယ်က စက်ဘီးငှားပြီး ကမ်းခြေတလျှောက်စက်ဘီးစီးတယ်။ နောက်နေ့လျှောက်သွားဖို့ ကားငှားဖို့လိုက်ရှာတာ တနေရာမှ မတွေ့ခဲ့ဘူး။ ညနေစာကို ကမ်းခြေအရှေ့က ဆိုင်မှာ ဝင်စားတယ်။ ဂဏန်းမရဘူးဆိုလို့ အံ့သြနေမိတယ်။ တကယ်ဆို ပင်လယ်စာက အလျှံပယ်ဖြစ်နေရမှာ မဟုတ်လား...

ဟိုတယ်ပြန်ရောက်တော့ ကျနော်ကားငှားချင်တယ်လို့ ပြောတဲ့အခါ သူတို့ ကြိုးစားပမ်းစား ရှာပေးကြတယ်။ ကျနော်တို့ချင်း Goggle translator နဲ့ စကားပြောကြရတယ်။ ကားသမားကို ဆက်သွယ်လို့ မရလို့ မနက်မှ ထပ်ဆက်ပေးမယ်လို့ပြောပါတယ်။ ဟိုတယ်ပိုင်ရှင်လည်း ဖုံးဆက်ပြီး ကျနော်သွားချင်တဲ့ နေရာတွေကို သေချာမေးတယ်။ ဂရုတစိုက်စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ရတယ်.



ကားသမားရရင် ကျနော့ကို မနက် ၇နာရီမှာ လာနိုးဖို့ပြောထားတယ်။ ကျနော်စချင်တဲ့အချိန်က မနက်၈နာရီခွဲပါ။ သူတို့လာနိုးတယ် ကားသမား ၈နာရီခွဲမှာ ရောက်မယ်တဲ့။ ညက စားချင်တဲ့ မနက်စာကို စာရွက်ထဲမှာ ရွေးပေးထားတာမို့ မနက်စာက အဆင်သင့်ဖြစ်နေပြီ။ ပုဇွန်ဆန်ပြုတ်၊ ဝက်အူချောင်းကြက်ဥမွှေကြော် တွေအပြင် ပေါင်မုန့် ကော်ဖီ အသီးအနှံတွေဟာ မနက်စာအဖြစ် လုံလောက်တာထက် ပိုပါတယ်။












ကျနော်စသွားချင်တဲ့နေရာက ပါရာနန့်ကွန်းဂူပါ။ ပရမ်ဘူရီကနေ နာရီဝက်လောက် ကားမောင်းရတယ်။ ပြီးတော့ မော်တော်ဘုတ်နဲ့ ဆယ်မိနစ်လောက်စီးပြီး ကျွန်းရဲ့ အခြားဖက် ကမ်းခြေကိုရောက်တယ်။ တခြားလူမစောင့်ချင်တာနဲ့ တယောက်တည်း လှေတစင်းဆိုတော့ ဘတ်လေးရာအသွားအပြန်ပေးရတယ်။ ဝင်ကြေးကတော့ဘတ်နှစ်ရာပေးရပါတယ်။ ကမ်းခြေကနေ နာရီဝက်လောက် တောင်ပေါ်ကိုတက်ရတယ်။ မညီညာတဲ့ ကျောက်တုံးတွေခင်းထားတဲ့ တောင်တက်လမ်းပါ။ ဆယ်နာရီခွဲကိုရောက်ချင်တဲ့ ကျနော့အတွက် မနားပဲ တောက်လျှောက်တက်ရတယ်။ အသက်ကိုမှန်မှန်ရှူရင်း မောဟိုက်နေပေမယ့် ဇောကြောင့် ဆယ်နာရီမခွဲခင်မှာ ဂူထဲကိုရောက်တယ်။







ဆယ်နာရီခွဲမှာ ဒီထဲက နန်းတော်ငယ်ပုံစံ အဆောက်အဦးပေါ်မှာ ဖြာကျမယ့် နေရောင်ကို ဓါတ်ပုံရိုက်ယူချင်ခဲ့တာ။ တခါတလေ ကိုယ်လိုချင်တာနဲ့ ဖြစ်နေတာက တခြားစီမဟုတ်လား။ အဲ့ဒီနေ့က မိုးအုံ့ပြီး ရွာနေလို့ နေရောင်ဖြာကျနေတာကို မရလိုက်ပါဘူး။ ဒီအဆောက်အဦးကို ဘုရင်နံပါတ်ငါး အလည်လာခြင်း အထိမ်းအမှတ်အဖြစ် ၁၉ရာစုမကုန်ခင်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဘုရင်နံပါတ်ငါး နံပါတ်ခုနှစ်နဲ့ နံပါတ်ကိုးတို့ လာရောက်လည်ပတ်ခဲ့တဲ့ သမိုင်းဝင်အဆောက်အဦးဖြစ်ပါတယ်။

ဘုရင်နံပါတ်ငါးနဲ့ နံပါတ်ခုနှစ်တို့ရဲ့ လက်မှတ်ကိုလည်း ကျောက်ဂူနံရံမှာ တွေ့နိုင်ပါတယ်။

ကျောက်ဂူထဲကနေ ၁၁နာရီလောက်မှာ ပြန်ထွက်ပြီး တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ ဟိုတယ်ကနေ ၁၂နာရီမှာ ပြန်ထွက်ပေးရမယ်။ မော်တော်ပြန်စီးရမှာနဲ့ ကားမောင်းရမယ့်အချိန်ပေါင်းရင် တနာရီလောက်တော့ အသာလေးကြာမယ်လေ။ အဆင်းမှာ ခရီးသွားတွေ အများကြီးနဲ့ဆုံပါတယ်။ နည်းနည်းလေးနောက်ကျရင် ဓါတ်ပုံအေးဆေးရိုက်လို့ရမှာ မဟုတ်ဘူး။ အားလုံးက ဂူထဲမှာ အလင်းရောင်ရှိလားဆိုတဲ့မေးခွန်းကိုပဲ မေးကြတယ်။ တကယ်က ဂူအမိုးက အလင်းဟာ ပြည့်စုံလောက်ငှပါတယ်။

ဟိုတယ်ရောက်တာနဲ့ ရေချိုးအထုတ်သိမ်းရတယ်။ ပြန်ထွက်လာတော့ ကားဆရာက ထမင်းသွားစားတယ်တဲ့ ဟွာဟင်ကို ဘယ်အချိန်သွားမလဲဆိုတော့ အခုလေပြောမှ ကမန်းကတမ်း ပြန်လာကြတယ်။ ဟွာဟင်မှာ sea space ဆိုတဲ့ ကမ်းခြေက ရှော့ပင်းမောမှာ နေ့လည်စာစားမယ်။ ကားဆရာလင်မယားနှစ်ယောက်ဟာ အဲ့ဒီနေရာကို အတော်ရှာရပါတယ်။ နေရာတည့်တည့်ရောက်တာတောင် သူတို့မသိသေးလို့ ကျနော်က ရောက်ပြီလေ ဆိုတော့မှ ရီကြတယ်။ ရိုးသားတဲ့ သူတွေပါပဲ။


လူငယ်တွေ တော်တော်များများလာတဲ့ ဒီနေရာဟာ ပင်လယ်ပြင်ကို မျက်နှာမူပြီး စားသောက်လိုသူတွေအတွက် အတော်လေး အဆင်ပြေတယ်။ ဂဏန်းကြာဇံနဲ့ ဖရဲသီးတခွက်ပဲသောက်ခဲ့တယ်။ သုဝဏ္ဏဘူမိလေဆိပ်ကိုသွားမယ့် ကားက သုံးနာရီမှာ လက်မှတ်ဖြတ်ထားတာမို့ နှစ်နာရီမှာ အဲ့ဒီနေရာကနေ ပြန်ခဲ့တယ်။

ကားဂိတ်ကိုသူတို့လိုက်ပို့တယ်။ ဒီမနက် ကားငှားခက ဘတ်၁၂၀၀ပါ။ မနည်းမများပဲဆိုပါတော့။ ကားဂိတ်ရောက်တော့ ကျနော်သွားချင်တဲ့ ကားကို လိုက်ရှာတဲ့အခါ ဒီကားဂိတ်မဟုတ်ဘူး လေဆိပ်နားမှာတဲ့။ ဒါနဲ့ ဘယ်လိုလုပ်ရမလဲဆိုတော့ ကားငှားသွားတဲ့ ကျနော့အချိန်က ကပ်နေပြီ နာရီဝက်ပဲကျန်တော့တယ်။ တက္ကစီသမားက ဘတ်၃၀၀တဲ့ ဈေးမဆစ်နိုင်ဘူး။ ဒီကားလွဲရင် လေယာဉ်လည်း လွဲနိုင်တယ်လေ။

ကားဆရာက အမြန်မောင်းရှာတယ်။ နာရီဝက်လောက်တော့ ထပ်မောင်းရတယ်။ ကားဂိတ်ကိုရောက်မှ လူလည်း သက်ပြင်းချနိုင်တော့တယ်။ VIP ကားပါ ကားခက ဘတ်၃၁၉ ကျပ်ပါ အွန်လိုင်းကဖြတ်တာမို့ ငါးဆယ်ပိုပေးရတာ။

ဒီရင်ခုန်လိုက်မောမှုက ဒီလောက်နဲ့ ရပ်မသွားသေးဘူး။ ကားပေါ်မှာ အိပ်နေရာက နိုးလာတဲ့အခါ ကားလမ်းပိတ်နေတာကို တွေ့ရပြန်တယ်။ ကျနော့ လေယာဉ်ချိန်က ၈နာရီ အခုငါးနာရီခွဲနေပြီ ကျနော်က ဘန်ကောက်ကို မရောက်သေးဘူးလေ။ ဖုန်းနဲ့ကြည့်တော့ လမ်းက အတော်ပိတ်နေတာကိုမြင်ရတယ်။ ဝူးးးး မှီမှ မှီပါ့မလား...

ကားလမ်းချောင်သွားလိုက် ပြန်ကြပ်လိုက်နဲ့ နောက်ဆုံး လေဆိပ်အမြန်လမ်းပေါ်ကိုစတက်တော့ ခြောက်နာရီထိုးပြီ။ လေဆိပ်ကို ခြောက်နာရီ နှစ်ဆယ်မှာဆိုက်တယ်။ မှီသေးတယ် တော်ပါသေးရဲ့..အထုတ်အမြန်ဆွဲပြီး check in ဝင်တန်းစီရတယ်။ နောက်တခေါက် ဝေးဝေးလံလံသွားရင် စောပြီး ပြန်တက်လာမှ ဖြစ်မယ်........