Showing posts with label ချစ်သောမြေ. Show all posts
Showing posts with label ချစ်သောမြေ. Show all posts

28 April 2020

လန်နာတိုင်းပြည် ရှာဖွေခြင်း သိမ်း


မိုင်းလားမြို့ဟာ စည်တာတော့ အတော်ကိုစည်ပါတယ်။  တရုတ်အငွေ့အသက်တွေ ပိုများသလားလို့ ထင်မိတယ်။ မြန်မာပြည်ထဲက တရုတ်မြို့တော် တခုလိုပါပဲ။ ကျနော့စိတ်ထဲမှာ ရင်းနှီးမှု ရှိမနေခဲ့တာကို ဝန်ခံပါရစေ။
မိုင်းလားက အပြန်လမ်းမှာ ဓါတ်ပုံတွေ တသီချည်း ရိုက်တော့တာပေါ့။

ဆီလူးက တောင်ကုန်းတွေဟာ ကြံရယ် စပါးရယ် နှံစားပြောင်းရယ်နဲ့ အရောင်တွေ ဆေးခြယ်ထားတဲ့ တောင်ကုန်းတွေဖြစ်နေတယ်။ လမ်းက ခင်းနေတုန်းမို့ မြေသားက ပျော့နေတယ် အောက်က မြေထက်မြင့်နေတာမို့ ထရိုင်ပေါ့ထောက်ပြီး ရိုက်လို့ အဆင်မပြေခဲ့ဘူး။








မိုင်းယန်းကို ရောက်တဲ့အခါ အလာတုန်းက လဖက်ရည်ဆိုင်မှာ လဖက်ရည်ဝင်သောက်ကြတယ်။ ပြီးတော့ လမ်းတလျှောက် ဓါတ်ပုံတွေ ဆင်းဆင်းရိုက်တယ်။


ရွှေတောင်ကြားလို့ကျနော် နာမည်ပေးခဲ့တဲ့ တောင်ကြားဟာ သိပ်ကိုလှတယ်။ ဟိုးတောင်ထိပ်က တဲအိမ်လေးတွေဟာ တိမ်တွေကြားမှာမို့ နတ်ဘုံနတ်နန်းလိုပါ။

ကိုဝင်းဇော်ရဲ့ လောဘမြစ်ဆိုတဲ့နေရာမှာလည်း ဓါတ်ပုံဆင်းရိုက်ကြတယ်။ ဟိုးတောင်ပေါ်ကနေ အေးအေးချမ်းချမ်း စီးဆင်းလာတဲ့ ချောင်းရေဟာ ကြည်လင်နေတာပါပဲ။ ဒါပေမယ့် တောင်အောက်က ရွှေတွေကျင် လုပ်ငန်းသုံးကြာတာမို့ နောက်ကျိနေတဲ့ ရေနဲ့ ဆုံတဲ့နေရာပါ။ ကြည်နေတဲ့ရေဟာ နောက်ကျိမှုထဲရောယှက်သွားပြီး ကြည်လင်မှုတွေ ပျောက်ဆုံးသွားပြီ။ ဒါဟာ လောဘမြစ်ပဲတဲ့...

အသွားတုန်းက မစားဖြစ်ခဲ့တဲ့ ထမင်းဆိုင်မှာ နေ့လည်စာဝင်စားကြတယ်။ ကိုဝင်းဇော်က ကျွေးတာမို့ကျေးဇူးတင်ရတယ်။ ပြီးတော့ ဝါးပိုးကို ပထမဆုံးစားဖူးခဲ့တာလည်း ဖြစ်ပါတယ်။





လန်နာတိုင်းပြည်ဆိုတာ စပါးခင်းများနဲ့ စိမ်းလန်းသောတိုင်းပြည်လို့ အနက်အဓိပ္ပါယ်ရတယ်။ အခုသွားတဲ့ခရီးစဉ်တခုလုံးမှာ စပါးခင်းတွေနဲ့ စိမ်းလန်းနေတဲ့ ရှုခင်းတွေ အများကြီးပါ။ အခု မိုင်းယန်းကနေ ကျိုင်းတုံအပြန်လမ်းမှာလည်း စပါးခင်းတွေချည်း။ သေချာပါတယ် ကျနော်ရောက်နေတဲ့ ဒီဒေသဟာ လန်နာတိုင်းပြည်ရဲ့ တစိတ်တဒေသဆိုတာပါ။

ကျိုင်းတုံပြန်ရောက်တဲ့အခါ ကိုဝင်းဇော်က သူတို့ကားဂိတ်ကိုဝင်တယ်။ ကျနော်ကတော့ အနားက စော်ဘွားဂူကို ဓါတ်ပုံဝင်ရိုက်ပါတယ်။ တံခါးတော့ ပိတ်ထားတာမို့ ခြံစည်းရိုး အပေါက်ထဲကနေပဲ ရိုက်ခဲ့ပါတယ်။

ဟိုတယ်ပြန်ရောက်တဲ့အခါ ကျနော်တို့အခန်းကို နောက်ဧည့်သည်မရောက်တာမို့ ပထမအခန်းပဲ ပြန်ရတယ်။ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေကို ဓါတ်ပုံတွေပြရင်းသူတို့က ခရီးသွားစာရေးသူဆို စျေးချပေးမယ်ဆိုပြီး စျေးအတော်ချပေးပါတယ်။














နောက်နေ့မနက်စာကို စျေးထဲမှာ ဝက်သားလုံးခေါက်ဆွဲစားရင်း ဝက်အူချောင်းနဲ့ ဒုက္ခတွေ ဝယ်ကြတယ်။ စျေးထဲမှာ အေးအေးဆေးဆေး ဓါတ်ပုံရိုက်ကြတယ်။ ဖက်နဲ့ထုတ်ထားတဲ့ ပဲကောက်ညှင်းတွေပါ ဝယ်ပြီး လေယာဉ်ပေါ်က ပေးတဲ့ မုန့်တွေမစားပဲ ပဲကောက်ညှင်းနဲ့ ဝက်အူချောင်းကို ဟဲဟိုးလေဆိပ်အဆင်းမှာ စားဖြစ်ကြတယ်။

လန်နာတိုင်းပြည်ဟာ အခုအချိန်ထိများရှိနေခဲ့ရင် ဆန်ရေစပါးပေါများနေမလား၊ ဗုဒ္ဓဘာသာပဲ ဒီ့ထက်ပိုပြီး ထွန်းကားနေမလား၊ ပြည်သူပြည်သားတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့သူ စာနာတတ်သူ တွေ ယနေ့ခတ်လူတွေထက်ပိုများနေမလားဆိုတဲ့ အတွေးတွေဟာ ဟဲဟိုးကနေ ရန်ကုန်လေဆိပ်ဆင်းသည်အထိ ကပ်လျက်ပါနေခဲ့တော့တယ်....

20 April 2020

လန်နာတိုင်းပြည် ရှာဖွေခြင်း စ




ဒီခရီးစဉ် တခုလုံးရဲ့ အဓိကနေရာဖြစ်တဲ့ လန်နာတိုင်းပြည် အကြွင်းအကျန် ဘုန်းကြီးကျောင်း နှစ်ကျောင်းပဲဖြစ်ပါတယ်။ ရှေးဟောင်းအတိုင်း မပြုမပြင်ပဲကျန်ရစ်တာမို့ သမိုင်းကို အထင်းသား မြင်ရတယ်။ ကျနော့အိပ်မက်ထဲက ကျောင်းတော်မို့ ကျနော်က သိပ်သွားချင်တယ်။ တကယ်တမ်း သွားမယ်ဆိုတော့ အခက်အခဲတွေကများပါတယ်။ ကိုစိုုင်းအပါအဝင်နယ်ခံတော်တော်များများက မသွားကြဖို့ ဝိုင်းဖျက်ကြပါတယ်။

ဝမ်ရှန်ဝမ်ညှက် လို့ အမည်တွင်တဲ့ လွယ်ရွာတွေဟာ ကျိုင်းတုံ နဲ့ မိုင်းလား ကြားထဲမှာပဲ ရှိပါတယ်။ ကျိုင်းတုံကနေ တနာရီခွဲ နှစ်နာရီလောက်သွားရင် ရွာကိုတက်တဲ့ တောင်ခြေရင်းကို ရောက်ပါတယ်။ တောင်ခြေကနေ တောင်တက်ခရီး တနာရီခွဲလောက် တက်ရင် ဒီရွာနှစ်ရွာကို ရောက်နိုင်တယ်။ ဒါပေမယ့် ကျိုင်းတုံနဲ့ မိုင်းလား တိုက်ရိုက်လမ်းဟာ ပိတ်ထားတာ ကြာခဲ့ပြီ။ အများပြည်သူ ဖြတ်သန်းသွားလာခွင့် မရှိတာမို့ ဒီပုံမှန်လမ်းက သွားခွင့် မရှိတော့ပါ။

ဆိုတော့ ကျိုင်းတုံကနေ မိုင်းလားကို မိုင်းယန်းဖက်ကနေ ပတ်ပြီး သွားရမယ်။ မိုင်းလားက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမို့ မြန်မာပြည်ဖက်က လုံခြုံရေး ဂိတ်နှစ်ခု၊ မိုင်းလားဖက်က ဂိတ်နှစ်ခု စုစုပေါင်း လေးခုကို ဖြတ်ကျော်ရမယ်။ မြန်မာဖက်က ဂိတ်တွေကို ဖြတ်ရင် မှတ်ပုံတင်ပြရမယ်။ တခြား အပိုင်းလေးတွေလည်း ရှိတော့ ရှိတာပေါ့လေ။ နိုင်ငံခြားသား ဖြတ်သန်းသွားလာခွင့် မရှိဘူးတဲ့လေ။ကျိုင်းတုံကနေ မိုင်းလားကို ကားနဲ့ လေးနာရီမောင်းရမယ်။ ပြီးတော့ မိုင်းလားကနေ ဝမ်ရှန်ဝမ်ညှက်ကို နောက်ထပ် နှစ်နာရီလောက်မောင်းရမယ်။ ဂိတ်နှစ်ခု ထပ်ဖြတ်ရမယ်။ သေချာတာကတော့ ကျိုင်းတုံကနေ နေ့ချင်းပြန်ခရီး မဖြစ်နိုင်တာပါပဲ။ ဂိတ်တွေက ညရှစ်နာရီမှာ ပိတ်ပြီး လမ်းမှာ တည်းခိုစရာ မရှိပါဘူး။ မိုင်းလားမှာ တညအိပ်မှပဲရမယ်လို့ ကားဆရာက သေချာရှင်းပြတယ်။ ဝမ်ရှန်ဝမ်ညှက်ထိသွားရမှာမို့ ကားခလည်း စျေးပိုပေးရတယ်။ ရောက်မှတော့ သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျနော်က ကားဆရာဆီက ကတိတခုတော့ တောင်းတယ် ဒီဘုန်းကြီးကျောင်းနှစ်ကျောင်းကို မရောက်ရောက်အောင် ပို့ပေးပါမယ်ဆိုတဲ့ ကတိပါ။

ကားဆရာနာမည်က ကိုဝင်းဇော်တဲ့။ အညာသားပေမယ့် ရှမ်းလိုရော တရုတ်လိုရော ကျွမ်းနေခဲ့ပြီ။ အညာမှာမွေးပြီး ကျိုင်းတုံမှာ ကြီးပြင်းတာမို့ ကျိုင်းတုံသား ဖြစ်နေပြီး အခါသူချောချောလေးပါ ယူထားတာတဲ့ဗျား။ မနက်စောစော ထွက်ဖို့ကို ကျနော်တို့ အဆင်သင့်ဖြစ်နေပေမယ့် သူက ရောက်မလာခဲ့ဘူး။ ခရီးသွားလို့ အချိန်မတိကျရင် မကြိုက်တဲ့ကျနော်က ဖုန်းအခေါက်သုံးဆယ်လောက် သူ့ကို ခေါ်နေခဲ့ပြီ။ တနာရီခွဲလောက်နောက်ကျပြီးမှ ရောက်လာတယ်။ လူကတော့ ခပ်ပျော်ပျော်နေတတ်ပုံပါပဲ ဘောလုံးပွဲကြည့်ပြီး ဖုန်းပိတ်အားကုန်သွားတာမို့ မနက်မနိုးတာကို အသေအချာတောင်းပန်ပါတယ်။ သေချာပေါက် ဘုန်းကြီးကျောင်းတွေအထိ ကားနဲ့ ပို့ပေးမယ်လို့ပါ အထပ်ထပ်ပြောတယ်။

မိုးစင်စင်လင်းမှ ကျိုင်းတုံကနေထွက်ခဲ့တယ်။မြို့ထွက်ဂိတ်ကို ဖြတ်ပြီးတဲ့အခါ တောဖက်ကို တဖြည်းဖြည်းဆင်းလာတယ်။ နောက်ဂိတ်တခု ရောက်တော့ မှတ်ပုံတင်တွေ ပြရပါတယ်။ ဆင်းပေးရဦးမလားဆိုတော့ မလိုဘူးတဲ့ လာစစ်တဲ့ သူက သဘောကောင်းပါတယ် အညာသားပဲမို့ စကားပြောဆို မိတ်ဆက်ခဲ့ကြသေးတယ်။ 

ဝမ်ရှန်ဝမ်ညှက် မရောက်တော့မှာစိုးလို့ လမ်းမှာ ကားကိုအမြန်မောင်းတယ်။ မိုင်းယန်းရောက်မှ ခဏရပ်ပြီး မနက်စာစားတယ်။ခေါက်ဆွဲဆိုင်ရှေ့က လက်ဖက်ရည်ဆိုင်လေးက သောက်လို့ သိပ်ကောင်းတာမို့ ညွှန်းပါရစေ။ ဆိုင်နာမည်က ဆမ်ရှဲန် ကဖီးပါ။

မိုင်းယန်းကနေ မိုင်းလားကိုအသွားလမ်းက နည်းနည်းကြမ်းတယ်။  အရင်လမ်းဟောင်းရှိပေမယ့် အဖြောင့်တိုင်း လမ်းအသစ်တခုကို ဖောက်လုပ်နေတာမို့ ဖုန်တွေဟာ တသောသောပဲ။ ဖုန်တွေကြားထဲနေ ဆီလူးတောင်ကုန်းတွေကို​ ဖြတ်ခနဲငေးကြည့်ပြီး အီတလီက တော့စကားနားတောင်ကုန်းတွေကို သတိရမိစေတယ်။ အချိန်လုနေရတာမို့ အပြန်ကျမှ အေးဆေးဓါတ်ပုံရိုက်မယ်လို့ တေးထားကြတယ်။ ဆီလူးနားက ဂိတ်က အစောင့်ဟာ ခရီးသည်ကားတိုင်းကို မစစ်ဆေးခင် အလေးပြုပါတယ်။ သူတို့ရဲ့ ဆိုင်းဘုတ်မှာ ပြည်သူကို လေးစားရမယ်လို့ အထင်အရှားရေးထားတာကိုး။ မိုင်းလား အဝင်ဂိတ်ကတော့ ကျနော်တို့ လမ်းဆင်းလျှောက်ပေးရပါတယ်။ ဦးထုပ်နဲ့ နေကာမျက်မှန် ချွတ်ပေးဖို့ တောင်းဆိုတာလည်း ကြုံခဲ့ရတယ်။ အဲ့ဖက်လမ်းကတော့ တကယ့်တရုတ်ပြည်လမ်းပါပဲ။

မိုင်းလားကို နေ့လည်ကျမှ ရောက်တယ်။ ကိုဝင်းဇော်လူကြုံသယ်လာတဲ့ ပစ္စည်းတွေ မိုင်းလားမှာ ချပြီးတာနဲ့ ခရီးဆက်ကြတယ်။ လမ်းကျမှ ကိုဝင်းဇော်ငယ်ငယ်လေးကတည်းက ဒီနားက ရွာတရွာမှာ အလုပ်လာလုပ်တယ်ဆိုတာကိုသိရတယ်။ တလမ်းလုံး သူ့မိတ်ဆွေတွေချည်းပါပဲ။ ရွာတွေဆိုပေမယ့် အိမ်ကြီးရခိုင်တွေနဲ့ သူတို့အစိုးရက ဆောက်ပေးထားတာလို့ သိရတယ်။

မိုင်းလားကနေ ကျိုင်းတုံဖက် လမ်းဟောင်းကို အသွားမှာ သူတို့ ဂိတ်တခုကို ဖြတ်ရတယ်။ ပြီးတာနဲ့ တောဟာ နက်သည်ထက်နက်လာတယ်။ တောင်တွေလည်း အထပ်ထပ်မို့ ရှုခင်းကို ကားပေါ်ကနေ ငေးနေရုံပဲ။ စိုင်းဆိုင်မောဝ် သီချင်းအဟောင်းတွေနဲ့ သွားခဲ့ရတဲ့ ရှမ်းပြည်လမ်းဟာ အခုအချိန်ပြန်တွေးမိရင်တောင် လွမ်းစရာ အပြည့်ပါ။

ဝမ်ရှန်ဝမ်ညှက်တောင်ခြေအထိ ရောက်လာပေမယ့် ကျနော့စိတ်ကို ဒုန်းဒုန်းမချနိုင်သေးဘူး။ ခရီးစဉ် အောင်မြင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်က ရှိနေသေးတယ်။ တကယ်လမ်း တောင်တက်လမ်းက အတော်လေးမတ်ပြီး လမ်းတဝက်မှာ ဒုန်းခနဲနေအောင် အောက်ပိုင်းနဲ့ ဆောင့်တယ်။ ကားအသစ်ကလေး အောက်ပိုင်းနာသွားပုံပါပဲ။ ကိုဝင်းဇော်ကတော့ မျက်နှာမပျက်ပဲ အေးအေးဆေးဆေး ရောက်အောင် ပို့ပေးမယ်ဆိုတဲ့ ကတိကို တည်ခဲ့တယ်။










ပထမဆုံး ဝမ်ညှက်ရွာကို ရောက်ပါတယ်။ ရွာထိပ်မှာ ဟိုးရှေးတုန်းကအတိုင်း ဇရပ်ရှိပြီး လဖက်ရောင်းဖို့ ချိန်ခွင်ပါ ချိတ်ထားတာကို တွေ့ရတယ်။ ဇရပ်ပုံစံကိုက ရှေးဆန်နေခဲ့ပြီ။ ဝမ်ညှက်ကျောင်းက ဆရာတော်တွေ ကျောင်းထဲကို လိုက်ပြပါတယ်။  ကျောင်းပုံစံကို ကြည့်လိုက်တာနဲ့ လွန်ပရာဘမ်က ကျောင်းတော်တွေနဲ့ ပုံစံအတူတူပဲ။ ကျောင်းထဲက အမွှမ်းအပျောက်တွေ အရောင်ခြယ်စပ်မှုတွေဟာလည်း ထပ်တူနီးပါပဲ။ လန်နာတိုင်းပြည်ဆိုတာ တကယ်ခမ်းခမ်းနားနား ရှိခဲ့ဖူးတဲ့ သက်သေတွေ။ စောင်းတန်းထဲက ပန်းချီကားတွေ ပျက်စီးနေတာတော့ နှမြောစရာ အင်မတန်ကောင်းပါတယ်။










ဝမ်ညှက်ရွာကနေ ဆက်သွားရင် ဝမ်ရှန်ကျောင်းမှာ လမ်းက ဆုံးတယ်။ ဝမ်ညှက်က ပိုပြီး ရှေးဆန်ပြီး ဝမ်ရှန်ကတော့ ပိုပြီး ခမ်းနားတယ်။ နေရောင်အောက်မှာ ရွှေရောင်တောက်နေတဲဲ့ ကျောင်းကို မြင်ရတာ ကျက်သရေရှိလှတယ်။ ကျောင်းအပြင်ကနေ စိတ်ကြိုက် ဓါတ်ပုံရိုက်နေတုန်း ကျောင်းက ကိုရင်တွေလည်း ကွက်ကြည့် ကွက်ကြည့်လုပ်ကြတယ်။ မြန်မာလိုမတတ်ပဲ ဟယ်လို ဟောင်းအာယူဆိုတဲ့ စကားတတ်နေတာကြည့်ရင် နိုင်ငံခြားဧည့်သည် အသွားအလာများတယ်ဆိုတာ သိသာပါတယ်။ ကျောင်းထဲကို ဝင်ကြည့်တဲ့အခါ ရှေးဟောင်း ပစ္စည်းနဲ့ အပြင်အဆင်တွေအများအပြား ကျန်ရှိနေသေးတာမို့ အားလုံးကို စိတ်ဝင်တစား ကြည့်နေမိတော့တယ်။ စော်ဘွားနဲ့ စော်ဘွားကတော်ရဲ့ အလှူပုံးနှစ်ပုံးကိုလည်း အထပ်မှာ ချိတ်ဆွဲထားတာ တွေ့ခဲ့ရတယ်။ ကျောင်းအရှေ့အဆောင်ငယ် အပြင် ဧရာမကြေးစည် ပြီးတော့ အနောက်က မှိန်စပြုနေတဲ့ နံရံဆေးရေးပန်းချီတွေနဲ့ အဆောက်အဦးတွေ အရာအားလုံးက မြန်မာပြည်က တခြားဘုန်းကြီးကျောင်းတွေနဲ့ ဘယ်လိုမှ မတူတဲ့ အရာတွေပါ။ ဆရာတော်ကြွလာတဲ့အခါ ဆရာတော်ကို ဝတ်ပြုရင်း နဝကမ္မလှူပြီးဆရာတော်ရဲ့ ဆုပေးသံကြားထဲက ခရီးစဉ်ပြီးမြောက်အောင်မြင်ပြီမို့ ကြက်သီးထသည်အထိ ဝမ်းသာကြည်နူးခဲ့ပါတယ်။





ဘုန်းကြီးကျောင်းတွေကနေ လွယ်လူမျိုးတွေဆီကို တခေါက် ပြန်လှည့်ကြတယ်။ အလျားရှည်အိမ်ကြီးတလုံးမှာ မိသားစု လေးငါး ခြောက်စု ပေါင်းနေကြတဲ့ လွယ်လူမျိုးတွေရဲ့ အလေ့အထဟာ ထူးဆန်းပါတယ်။လက်ဖက်ခူးပြီး ရောင်းကြတဲ့ ရိုးသားသူ လွယ်လူမျိုးတွေရဲ့ အိမ်ကို ဝင်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ကြတယ်။ လက်ဖက် ခူးပြန်လာတဲ့ လွယ်အဖွားကိုလည်း ချစ်လို့ ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ကြသေးတာ.

တောင်ခြေက တောင်တန်းတွေနဲ့ အပြန်မှ အေးဆေး ဓါတ်ပုံရိုက်ဖြစ်တော့တယ်။

ကျောင်းကနေ ပြန်တော့ ကိုဝင်းဇော်က မိုင်းလားရဲ့ ကာစီနိုရွာကို ဝင်ပြတယ်။ အထဲ ဝင်ကြည့်ဖို့ စိတ်မဝင်စားကြတာမို့ ကားပေါ်ကနေပဲ တပတ်ပတ်ကြည့်ကြတယ်။ လေးထောင့်ပုံ အဆောက်အဦးတွေက ခမ်းခမ်းနားနားတွေပေမယ့် ဝင်ပေါက်တပေါက်သာ ရှိပြီး တံခါးပေါက်လုံးဝမရှိတာတွေ့ရတယ်။ ထွက်ပြေးလိမ်ညာတာမျိုးမဖြစ်အောင် ဆောက်လုပ်ထားတာလို့ ကိုဝင်းဇော်က ရှင်းပြပါတယ်။ မြန်မာလူမျိုး အများအပြားလာလုပ်နေကြပြီး ဝင်ငွေကောင်းတယ်လို့ ဆိုပါတယ်။

မိုင်းလားကို မိုးချုပ်မှ ဝင်လာဖြစ်တယ်။ ညမအိပ်တဲ့ မိုင်းလားမြို့ကို တပတ်လိုက်ပြရင်း နာမည်ကျော် ခေါက်ဆွဲကင်နဲ့ ကြက်ကင်တွေညစာစားကြတယ်။ ကျိုင်းတုံတုန်းကလိုစပ်မှာစိုးလို့ မြန်မာလိုပြောလို့ရလားလို့ မေးတော့ ဆိုင်က ဝန်ထမ်းတွေက မြန်မာတွေချည်းပါ။ အစပ်လျော့လို့မှာရင်း ရောက်လာတဲ့ ခေါက်ဆွဲကင်မွှေးမွှေးကို ဗိုက်ဆာဆာနဲ့ တွယ်ကြတယ်။ မိုင်းလားက ဟိုတယ်အသေးတခုမှာ တညအိပ်တယ်။ လမ်းပေါ်မှာ LED board တွေနဲ့ ကားတွေက ကြော်ငြာလှည့်နေတယ်။ အပြင်ထွက်ဖို့ စိတ်မပါတာမို့ မထွက်ဖြစ်ကြတော့ဘူး။ ပြတင်းပေါက်နေ တညလုံးဆူညံသံတွေ အနားက ဆောက်လုပ်ရေး လုပ်ငန်းက ပိုင်ရိုက်သံတွေကြားမှာပဲ ပင်ပန်းပြီး အိပ်ပျော်သွားတယ်။

မနက်ကို ခပ်စောစော ကိုဝင်းဇော်ကို ဖုန်းခေါ် သူညွှန်းတဲ့ ပလာတာဆိုင်မှာ မနက်စာစားပြီး ကျိုင်းတုံကို ပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာ ဓါတ်ပုံအေးဆေး ရိုက်မယ်လို့လည်း ပြောထားခဲ့တာ........