Showing posts with label TAG. Show all posts
Showing posts with label TAG. Show all posts

08 July 2010

ပုံပြင်နှင့် ချစ်ကျွမ်းဝင်မိသူ

အစ်မ မသက်ဝေ တဂ်၍ ရေးရပါသည်………………..အသွားစေခိုင်းသူ အစ်မ မသက်ဝေ လေးပစ်သူ ကျနော်မောင်ရွာသားပါခင်ဗျာ.အစ်မ မသက်ဝေ ကျေနပ်ပျော်ရွှင်နိုင်ပါစေ..

ဗေဒင်ကို ကျနော် ယုံကြည်လေ့မရှိပါဘူး။ ဒါပေမယ့် ကျနော့ ဘေးနားမှာ ယုံကြည်တဲ့သူ ရှိပါတယ်။ အခန့်မသင့်သည်လား သင့်သည်လား မသေချာပေမယ့် ကျနော့လက်နှစ်ဖက်ကို အဲ့ဒီ အမျိုးသမီးရှေ့မှာ ပြခဲ့မိတယ်။ တခဏအတွင်း နောက်တပတ်မှာ နိုင်ငံရပ်ခြားထွက်ရမယ် အစချီတဲ့ စကားကြားတော့ မျက်ခုံးပင့်မိပြန်ရော…သူဆက်ပြောတဲ့စကားတွေအပြီးမှာ မေးစရာရှိလားဆိုတော့ ကျနော်က ခေါင်းယမ်းပြတယ်။ အတူသွားတဲ့သူငယ်ချင်းက ကျနော့ကိုနောက်ချင်တာမို့ ဒီကောင်လူပျိုကြီးဖြစ်မှာ မဟုတ်လားဆိုတော့ အဲ့ဒီအမျိုးသမီးက ခေါင်းယမ်းခဲ့တယ်။ ဟုတ်တယ် ကျနော်လူပျိုကြီး မဖြစ်နိုင်ပါဘူး ကျနော် ပုံပြင်နဲ့ ချစ်ကျွမ်းဝင်နေမိခဲ့တာ ဘ၀တစ်ခုစာ ကြာခဲ့ပြီလေ…

မှတ်မှတ်ထင်ထင်က အိပ်ပျော်နေတဲ့ မင်းသမီးလေး။ မင်းသမီးလေးရဲ့ မွေးနေ့ပွဲကို အဖိတ်မခံရတဲ့ နတ်ဆိုးမကြီးရဲ့ ကျိန်စာ..အရွယ်ရောက်လို့ အပ်ထိုးမိရင် ထာဝရအိပ်ပျော်သွားပါစေတဲ့။ တတိုင်းပြည်လုံး အပ်ဆိုတာ မသုံးရအောင် အမိန့်ထုတ်ထားပါလျက် အမှုမဲ့အမှတ်မဲ့ဖွက်ထားမိတဲ့ အပ်တချောင်းကြောင့် မင်းသမီးလေး အိပ်ပျော်သွားခဲ့တာ။ သူမနဲ့အတူ တတိုင်းပြည်လုံး အိပ်ပျော်သွားခဲ့တာ ယနေ့ထက်ထိ။ ကျနော်သူမကို သွားနှိုးရဦးမယ်။ ကျနော့အနမ်းကို ရရင် သူမနိုးထလာမယ်။ ဒါပေမယ့် ကျနော်က Sherk တော့ မဟုတ်ဖူးနော်……ကျနော်က Sherk လောက်မလှလို့ပါ..

နောက်ထပ်မင်းသမီးလေးကတော့ လူတွေ သိပ်မသိနိုင်သေးတဲ့ မင်းသမီးလေးပါ။ နန်းကျဘုရင် တပါးရဲ့ သမီးတော်လေးပေါ့။ သူမတိုင်းပြည်ကနေ ထွက်လာတော့ သူမမှာ အလှဆုံးဝတ်စုံ သုံးစုံပါလာခဲ့ပါတယ်။ သူဆင်းရဲမဟန်ဆောင်ထားတဲ့ မင်းသမီးလေး ရဲ့ လက်စွမ်းပြ ဟင်းလက်ရာတွေရယ် သိပ်လှတဲ့ ရွှေရောင် ငွေရောင် မိုးပြာရောင် ၀တ်စုံသုံးစုံရယ်။ မင်းသမီးလေးက သိပ်ရဲရင့်တည်ကြည်ပြီး စိတ်သဘောထားလဲ ဖြောင့်မတ်တယ်။ အင်း ဒါကြောင့် ချစ်ရတာပါလေ။

မနှင်းဖြူလေးကိုလည်း မေ့ထားလို့မဖြစ်ပြန်ဘူး။ ရုပ်ဆိုးဆိုး ဘုရင်မကြီးလက်က လွတ်အောင် ရှောင်ပုန်းနေရတဲ့ သူလေး။ လူပုလေးတွေ လက်ထဲက ပြန်သွားခေါ်ရဦးမယ်။ ဟိုရုပ်ဆိုးမကြီး ပန်းသီးမကျွေးခင် အချိန်မှီ ကျနော် ရောက်ပါ့မလား။

သန်းခေါင်ယံမတိုင်ခင် ကပွဲသဘင်ထဲက ပျောက်ပျောက်သွားတဲ့ စင်ဒရဲလားလေးကော။ ရွှေဖရုံသီးလှည်းကြီး သူနဲ့ တူတူစီးမယ်လို့ ကြံစည်ထားခဲ့တာ။ ကျနော့ဆီ ချန်ထားရစ်ခဲ့တဲ့ ဖန်ဖိနပ်လေး တရံနဲ့ ကျနော့မှာတော့ အခုထိ ချာချာကိုလည်လို့..သူ့ကိုတော့ သနားချစ်နဲ့ ချစ်မိပြန်ရော..

ကျနော့အတွက် ကိုယ်ခန္ဓာပေါ်က အတောင်လေးတွေ နှုတ်ပြီး ရက်ကန်းရက်ပေးတဲ့ ကြိုးကြာမလေးကော။ သူ့ရဲ့လျှို့ဝှက်ချက်တွေ တွေ့သွားခဲ့လို့ ကျနော့ဆီကနေ ထွက်သွားခဲ့တာ နှစ်တွေ ချီကြာနေခဲ့ပြီ။ ပြန်လာခဲ့ပါတော့ ကြိုးကြာမလေးရေ..

ဝါးပင်တွေထဲမှာ မွေးဖွားခဲ့တဲ့ လစန္ဒာ မင်းသမီးလေးရေ။ သူပေးခဲ့တဲ့ မသေဆေးတွေကို ဖူဂျီယာမာတောင်မှာ မီးရှို့ခဲ့တာ သိမှ သိပါလေစ။ ဒီတခေါက် လကမ္ဘာပေါ်ကို သွားမယ့် ယာဉ်နဲ့ သူ့ဆီကို မဖြစ်ဖြစ်အောင် အရောက်လာမယ်ဆိုတာ ပြောချင်မိပြန်တယ်။

သစ္စာတရားကြီးမားတယ်ဆိုတဲ့ အင်းတော်ကြီးအိုင်က ရှမ်းမင်းသမီးလေးလည်း မကျန်ရစ်စေချင်ဘူး။ သစ္စာတရားအတွက် ကျိန်စာတွေ ဆိုခဲ့တဲ့ သူပေါ့..

ကျနော့မှာ ကျန်နေပါသေးတယ်..ဒါပေမယ့် စာမေးပွဲဖြေဆိုချိန်စေ့သွားတာမို့ ပုဒ်မနှစ်ချောင်းချခဲ့လိုက်ပါတယ်။ အထက်မှာ မပါသူတွေကို ကျနော့နှလုံးသားထဲမှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။ ကျနော်နဲ့ တူမတူကိုတော့ စာဖတ်သူတွေပဲ ချိန်ထိုးကြည့်ကြပါတော့ဗျာ...

စိတ်နဲ့ကိုယ်နဲ့ မကပ်လို့ သူရူးတယောက်လို့ ကျနော့ကို ပြောချင်ပြောနိုင်ပါတယ်။ ကျနော်က ကျိန်စာသင့်နေတဲ့သူတယောက် ပြီးတော့ ပုံပြင်နဲ့ ချစ်ကျွမ်းဝင်နေတဲ့သူတယောက်ဖြစ်နေတာမို့ ဘာဆို ဘာကိုမှ ကျနော် မငြင်းရဲတော့ပါဘူးလေ…………………


ဒီစာရေးဖို့ အတွေးလေးပေးတဲ့ သီချင်းလေးပါ။ သီချင်းကို လွန်ခဲ့တဲ့ တနှစ်လောက်က အစ်မတယောက် မျှဝေခဲ့တာပါ။ အဲ့ဒီအစ်မကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ခင်ဗျာ..



Fairy Tale
Years ago, when I was younger
I kinda liked a girl I knew
She was mine and we were sweethearts
That was then but then it's true

(Chorus)

I'm in love with a fairytale, even though it hurts
'Cause I don't care if I loose my mind
I'm already cursed

Every day we start a fighting
Every night we fell in love
No one else could make me sadder
But no one else could lift me high above

I don't know, what I was doing
When suddenly, we fell apart
Now a days, I cannot find her
But when I do, we'll get a brand new start

(Chorus)

I'm in love with a fairytale, even though it hurts
'Cause I don't care, if I loose my mind
I'm already cursed

She's a fairytale yeah even though it hurts
'Cause I don't care, if I loose my mind
I'm already cursed

22 June 2010

ငါးဆယ့်တစ်

တဂ်ထားတဲ့သူကတော့ မေ့လောက်ပါပြီ။ အကြွေးရှိရင် ကျောကုန်းပိုးထားသလို ဖြစ်နေတတ်တာမို့ အကြွေးကို မြန်မြန်ဆပ်လိုက်ပါတယ်။ ကျေပါနော် မအေးစိန်…

မျက်လုံးနှစ်ဖက်ဖွင့်ကတည်းက မျက်လုံးထဲမှ မြင်မြင်သမျှက အမြင်များ အားလုံး အကျုံးဝင်နေပါတယ်။ လောလောဆယ် စိတ်ထဲက မြင်နေတဲ့ အမြင်လေးတခုကို ချပြလိုက်ပါတယ်။ အမြင်တွေအားလုံးကို ရေးရရင် ဖတ်သူတွေ ထွက်ပြေးသွားမှာစိုးတဲ့အတွက် စာမပီ ဘာမပီ ရေးလိုက်တဲ့အမြင်လေးတခု သက်သက်ပါ……….

ဖရဲသီးတွေ ရမယ် ဖရဲသီးစိပ် ချိုချိုအေးအေး မွှေးမွှေး ရေဆာပြေ ရေငတ်ပြေတယ် ဖရဲသီးတွေ…

အထူးထုတ်တွေ ကံ့ကော်ရွှေပြည် ဘယ်ဟာ ယူမလဲ ဆယ်တန်း ကိုးတန်း မြန်မြန်ဝယ်ထားနော်

နိုင်ငံခြားငွေလဲမလား အစိမ်းလား အဖြူလား အပြာလား…

ဒီမှာ ခင်ဗျာ ငါးဆယ့်တစ်ကားဂိတ်ဘယ်နားမှာပါလိမ့်

ဟင် ငါးဆယ့်တစ်ကားဂိတ်က ဒီနားတ၀ိုက်မှာပါ။ ဒါပေမယ့် ဘယ်ကိုသွားမယ့် ငါးဆယ့်တစ်လဲ ပုလဲကိုလား ဝါယာလက်လား ကျောင်းထဲဝင်မှာလား ကျောင်းထဲမ၀င်တာလား

မဟာဗန္ဓုလ ပန်းခြံတ၀ိုက်မှာတော့ ငါးဆယ့်တစ်တွေချည်းပါ။

ထွက်တော့မယ့် ဟန်ရှိတဲ့ကားတစ်စင်းပေါ်တက်လိုက်မိတယ်။

ခရီးသွားရာ ကိုယ်ချင်းစာပါဗျာ။ အားလုံးအိမ်ပြန်ချင်နေကြတာ။ တလက်မ စီလောက်တိုးကြပါ။ ငယ်ငယ်တုန်းကလို သဘောထား။ အင်္ကျီအနီကြားနဲ့ အစ်ကိုကြီး အရှေ့ကို ၀င်ပါ အရှေ့မှာ အိန္ဒြာကျော်ဇင်ရှိတယ်။ ဟိုအန်တီကြီး တန်းကို အသေကိုင်ထားတယ် သိပ်ကြိုက်တယ်ဟုတ်လား သိပ်ကြိုက်နေရင် အဆင်းမှာ ထည့်ပေးလိုက်မယ်။ အခု တော့ အရှေ့နည်းနည်းကြွ။ ချောင်ချောင်စီးချင်ရင်တော့ ကိုယ်ပိုင်ကားဝယ်စီးပါ…ဘလာ ဘလာ ဘလာ ဘလတ်…

နောက်ကခရာတုပ်တာတောင် ကားကို ရှေ့တိုးနောက်ငင်လုပ်နေသေးတယ်။ ရွှေစပယ်ယာကလည်း မမောင်းသေးနဲ့ဦးဆရာ အရှေ့ကားနဲ့ ငါးမိနစ်ပဲကွာသေးတာ ထမင်းငတ်နေဦးမယ်။ ခင်ဗျားတို့ကလည်းဗျာ ပိုက်ဆံ အပြဲပေးတာပဲ အထူးအဆန်းနဲ့ ပြန်လဲချင်နေသေးတယ်။ ဒီအတိုင်းပဲ သုံးနေတာ နှစ်ချီနေပြီ။ ရော့အင့် နှစ်ရာတန်တွေပဲရှိတယ် ကျန်တဲ့ တစ်ရာ နောက်မှယူ။ ဆွဲတော့ ဆရာ ရှေ့ကနေ ဗိုက်ပူတွေ အကုန်,မ မသွားခင် တင်သွားရအောင်။

ရှေ့တမှတ်တိုင်မှာလည်း လူအုပ်ကြီးက စောင့်နေသေးတယ်။ ပွတာပဲဆရာရေ တိုးကြပါ တိုးကြပါ ငါးဖယ်တိုးလေး လုပ်ပါ။ ကိုယ်လေးတခြမ်းစောင်းလိုက်ရင် နောက်တယောက် ၀င်သာသေးတယ်။ စံပြက အဝေးကြီးလိုသေးတယ် နောက်မှ ထွက်လာခဲ့ အခု အပြင်ကလူတွေ အထဲဝင်ပါစေဦးဗျာ။ အပေါက်ပိတ်ရင် တယောက် အစိတ် အပေါက်ဖယ်ရင် တယောက်တဆယ်ပဲ ပေးပါ။

စံပြပါတယ် ဆရာရေ့။ အမေကြီးတွေဗျာ အပျိုတုန်းကလို ဆင်းပါ ခပ်သွက်သွက်။ နောက်ကားက လာတော့မယ်။ ကဲပါဗျာ မြန်မြန်လာ…

ဂျပန်ဆေးရုံနားမှာ ဘဲဥတွေဆရာ နှစ်ရာတန်တစ်ရွက်လောက် ချခဲ့မယ်။ လာလေရော့…

လာသမျှ ကားဖမ်းတားနေတာပါပဲလား။

ပဲခူးကလပ်ပါလား ဟယ်ပင်ပါလား ခင်ဗျားတို့ကလည်း ကိုယ်ဆင်းမယ့် မှတ်တိုင် ကြိုပြင်ထားတာ မဟုတ်ဖူး။ ခုံကနေမထချင်ကြဘူး။ ပါသေးတယ် ဆရာရေ ပါသေးတယ် ရွာက အမျိုးတွေ…

မြေနီကုန်းဆင်းမယ့် သူ ပြင်ထားပါ။ အခုထွက်လာပါ..

ဆရာရေ ရှေ့ကားက ခုမှထွက်သွားတာ စက်သတ်လိုက်ပါတော့။ ခရီးသည် စောင့်ရအောင် နောက်ဆယ်မိနစ်လောက်။

တဗြဲဗြဲနဲ့ ကလေးတွေက ငို ကိုယ်ချင်းစာ စိတ်ကို မရှိဘူး ဒီလောက် မွန်းသိပ်ကြပ်တောက်နေတာကို ကားက မထွက်တဲ့နိုင်ဘူးတော်။ ငိုမနေနဲ့ နင့်အဖေ ကားမဟုတ်ဘူး………….

ဟူး………………………………



ပင်ပန်းနေတဲ့ အရှိန်နဲ့ အိပ်ပျော်သွားခဲ့တယ်
အိပ်ရာကနိုးတော့ ဟာ အေးလိုက်တာ ဆိုပြီး သတိထားမိတော့ ခုံတန်းပေါ်မှာ ကျကျနန အိပ်ပျော်နေခဲ့တာကိုး။ ဘေးဘီကို ကြည့်တော့ Eunos MRT တဲ့။

ဒါက ဘယ်လိုဖြစ်တာလဲဆိုပြီး စပယ်ယာကို လိုက်ရှာတယ်။ စပယ်ယာ ဘယ်ရောက်နေပါလိမ့်။ အံမယ် ဒရိုင်ဘာ တစ်ယောက်တည်း မောင်းနေတာပါလား။ ဒရိုင်ဘာက လည်း အ၀တ်အစားအပြည့်အစုံနဲ့။ ပုဆိုးကို ပေါင်လည် ထိဝတ်ပြီး ဂီယာကို အတင်းထိုးနေတဲ့ပုံမဟုတ်တော့ဘူး။

အံမယ် ကားထိုင်ခုံတွေက ဘေးနှစ်ဖက်ကို ကပ်ထားတာ မဟုတ်ပဲ အစီအရီဘယ်ညာညီလို့ပါလား။ လက်ကိုင်ကွင်းတွေ ချိတ်ထားတဲ့ တန်းကလည်း ၀ါးလုံးတန်း အစားထိုးကုသမှု မခံယူရသေးပဲ အော် ဖြစ်နေသေးတာ။

အိုမှတ်တိုင်မှာ လူတွေ ကလည်း တန်းစီလို့ပါလား။ ဒရိုင်ဘာက နောက်ကိုတိုးကြဖို့ please ဆိုတဲ့ စကား သုံးနေတာပါကောလား။ ကားအ၀င်မှာ တီ တီဆိုပြီး ဖြစ်သွားတာ ဘာလုပ်ကြတာပါလိမ့်။ ပိုက်ဆံထည့်တဲ့ သေတ္တာလေးနဲ့ပါလား။ အလို အလို ထူးဆန်းလှချည့်။

ကားမှတ်တိုင်တွေအားလုံး ခေါင်မိုးလေးတွေနဲ့ ခုံလေးတွေနဲ့။ လမ်းတွေကလည်း ချောလို့ ပါလား။ ဂုံးကျော် တံတားတွေကလည်း ဟိုနားတစ ဒီနားတစ ငယ်ငယ်တုန်းက ဆော့ထားသလို လွယ်လင့်တကူ ချထားသလို။ PIE ဆိုတာ ဘာပါလိမ့်။ ကားတွေ အလျှိုလျှို ထွက်လာလိုက်ကြတာ။ ဟွန်းတီးသံတွေ သိပ်မဆူပါပဲ။

မဖြစ်သေးပါဘူး တတ်သလောက် မှတ်သလောက်နဲ့ Where is the conductor? ဆိုပြီးမေးတော့မှ ဘေးနားကလူတွေက ပုဆိုးကြီးနဲ့လူကို အထူးအဆန်းနဲ့ကြည့်နေကြတယ်။ You should ask the Captain. ဆိုတဲ့စကားကို မနေနိုင်မထိုင်နိုင် လူတယောက်က ပြောတော့ အင်း ရှေ့ကိုသွားမှ ဖြစ်မယ်ဆိုပြီး အတင်းတိုးသွားမိတယ်။ 35 ဒိုင်နာတွေလောက်မှ မကြပ်ပဲ အေးဆေး ချိုင်းပလေးပေါ့။ တချက်တလေ မတော်တဆ အသားချင်း ထိလိုက်မိတဲ့သူတွေဆီက ကျွတ်စ် ဆိုတဲ့အသံကြားတော့ အံသြမိတယ်။ သူတို့တွေကို 54ကားတွေ သာကေတကားတွေ သန်လျင်ကျောက်တန်းကားတွေ ပေါ်တင်ပေးလိုက်ရင် ဘယ့်နှယ့်နေမယ်မသိဘူးဆိုပြီး ဟိလိုက်မိသေးတယ်။

တိုးရင်းတိုးရင်း ကားဒရိုင်ဘာနားရောက်တော့ ဟယ်လို ဆိုပြီး ဘာညာသာရကာ မဆလာ နေကြာကွာစေ့ တွေမေးတော့ ဒီကားက Hougang ကို သွားနေတာတဲ့။ ရှေ့နားလေးမှာ ငါဆင်းမယ်လေဆိုတော့ နိုး နိုး နိုးတဲ့။ ဟာ မီးပွိုင့်မိပြီ တံခါးဖွင့်ပေးပါဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ကြည့်တယ်။ မီးပွိုင့်မှာ အတက်အဆင်းလုပ်ခွင့်မရှိဘူးတဲ့လေ။ လူအခွင့်အရေးတွေ ဆုံးရှုံးလိုက်တာများ။

မှတ်တိုင်ရှေ့တည့်တည့်ကို ရောက်မှ ကားတွေကို ရပ်တော်မူတယ်။ တကယ်က မြန်မြန်ထက်ထက်ဆင်း မြန်မြန်ထက်ထက်တင်ပေါ့ အခုတော့ ၀ှီးချဲနဲ့လူကိုတောင် ဒရိုင်ဘာက ကားကိုစက်သပ်ပြီး ကားပေါ်ကူတင်နေသေးတော့။ တကယ့်လူတွေပဲ…

လမ်းပေါ်မှာ ကင်မရာကြီးနဲ့လူတွေ့တော့ အင်းလျားကန်ဘောင်က ရုပ်ရှင်ရိုက်ကွင်းဆိုပြီး ငေးကြည့်သေးတယ်။ သူက ကားတွေကို ရိုက်နေတာ ဧကန္တတော့ နောက်ကားမှာ မင်းသားမင်းသမီးပါမယ်ထင်တယ်။

မထူးပါဘူးဆိုပြီး လိုက်သွားမိတာ တိုက်တွေ တာတွေ ငေးရင်းမောရင်း။ ပိုက်ဆံကောက်တာလည်း အခုထိလည်းမတွေ့သေးဘူး တွေးနေတုန်း လူတယောက် အရှေ့မှာ လာရပ်တယ်။ Can I check your Card? ဆိုတော့ ကြောင်တောင်တောင်နဲ့ ကြည့်ရင်း အတော်လေး စိတ်ညစ်ပြီး ချွေးတွေ ပြန်လာတယ်။

ဟို ဟို ဟို ဒီ ဒီ ဒီ ဆိုပြီး အစရှာလို့ ဖြေရှင်းလို့ မနိုင်တော့ဘူး။ ကယ်ကြပါဦးဗျာတို့……..

ကားဂိတ်ရောက်မှ ရှင်းဆိုပြီး ဘေးနားကလူတွေ ချုပ်ပြီး ခေါ်သွားတယ်။

ရောက်ပါတော့ မြန်မြန်.....

ဟေ့လူ ဟေ့လူ ဆိုပြီး ပခုံးကိုပုတ်မှ သတိရတယ်။ အလုပ်ဆင်းရမယ့် အမှတ်သုံးလမ်းမကြီးပေါ်က အထည်ချုပ်စက်ရုံရှေ့ကို ကားကရောက်နေပြီ။ ဂိတ်လည်းဆုံးနေပြီ။ ဟိုရက်တွေက ညဆင်းတွေဆင်း ဒီမနက် ဖယ်ရီမမှီလို့ လိုင်းကားစီးလာရတဲ့အဖြစ်။

ငါးဆယ့်တစ်ကားပေါ်က အဖြစ်တွေကတော့……………………

25 December 2009

ကော်ဖီခွက် ပုရွက်ဆိတ်၊ ရဲတိုက် နှင့် ဆေးမင်ရည် စုပ်ထိုး………………


အသက်ကလေးရလာတော့ ဟိုက ဒီက မေးကြပါတယ်။ ဘယ်တော့စားရမလဲ။ တီးတီးတိုးတိုး သဖန်းပိုးနဲ့ သီတင်းကျွတ်တော့မည် သီတင်းကျွတ်တော့မည်တဲ့။ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် အမေ့သား ဘယ်တော့ ရေတိမ်နစ်မယ်မသိသေး….

ကြားဖူးနားဝရှိတဲ့ ပုံနှစ်ခုက

ရုံးက အစ်ကိုကြီးတစ်ယောက်က ပြောတဲ့ ဥပမာက ကော်ဖီခွက်နဲ့ ပုရွက်ဆိတ်တွေ…………….
လူပျိုလေးတွေက ခွက်နှုတ်ခမ်းက ပုရွက်ဆိတ်တွေနဲ့ တူကြတယ်တဲ့ ခွက်ထဲက ကော်ဖီကို ပူမှန်းမသိ အတင်းခွက်ထဲခုန်ဆင်းမယ်ချည်းဆိုပဲ။

Supplier အစ်ကိုတစ်ယောက်ပြောတာက အိမ်ထောင်ပြုတာကို ရဲတိုက်တစ်ခုနဲ့ ဥပမာပြုတယ်။ အိမ်ထောင်မပြုရသေးတဲ့ သူတွေက ရဲတိုက်ထဲကို ၀င်ချင်ကြသတဲ့။ ၀င်ချင်ဆို ရဲတိုက်ကြီးကလည်း တယ်ခမ်းနား ကြီးကျယ်တာကိုး။ အိမ်ထောင်ပြုပြီးသူတွေကတော့ ရဲတိုက်ထဲကလူတွေတဲ့ ရဲတိုက် အပြင်ဘက်ကို ဖြစ်နိုင်ရင်ပြေးထွက်ချင်ကြတယ်တဲ့လေ။

အိမ်ထောင်ပြုခြင်းနဲ့ စပ်လျဉ်းပြီး အိမ်ထောင်တစ်ချို့အကြောင်းကို တွေးမိသွားစေခဲ့တယ်။

က

မေက မောင့်မျက်နှာတစ်ရွာထင်ပြီး လိုက်လာခဲ့ပြီ။ မောင်တို့ဆီမှာက မောင်နှမ ဆယ့်သုံးယောက်။ မေက ရွှေဘုံစံမင်းသမီး ရွှေလင်ပန်းနဲ့အချင်းဆေး မင်းမွေးသလို မွေးထားတဲ့ သမီး။ မောင်တို့က ဦးလေးတွင်ခုံမှာ မိသားစု တွေ ၀ိုင်းလုပ်ဝိုင်းစားပေါ့။ ဆင်းတယ်ရဲတယ် မေဘယ်မမှုပေမယ့် သောက်ဟယ်စားဟယ် မောင်တို့ အသိုင်းအ၀ိုင်းမှာ မေ့တွက်တာ နေရာခက်လှတယ်။ ကျန်တဲ့အချိန် စင်းလုံးချော ကောင်းလေတဲ့ မောင့်အသွေး၊ သေရည်တွေ ၀င်ရင်တော့ သွေးဆိုးတွေဖြစ်နေခဲ့သည်တဲ့။ ဒီသေရည်သောက်သည့်အချိန်တိုင်း စကားတွေများ ရန်တွေဖြစ် နောက်ဆုံး လက်တွေပါသည်အထိ။ အကြိမ်ကြိမ်ပြိုကွဲမယ်လို့ ကြံစည်မိတဲ့ အိမ်ထောင်ရေးတစ်ခုပေါ့။ ဒါပေမယ့် သားလေး မွေးပြီးတဲ့ နောက်မှာတော့ မောင်ပြောင်းလဲသွားခဲ့တယ်။ အစစအရာ ပြောင်းလဲမှုတွေနောက်မှာ မောင့်ရဲ့ အရိပ်ဟာ မေ့အတွက် အေးရိပ်သာဖြစ်စေခဲ့တယ်။ နွေးထွေးတဲ့ မောင့်လက်တစ်စုံဟာမေ့အတွက် ဘယ်အရာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားတစ်ရပ်ပါ။ အခုအခြေအနေကို မြင်ကြတဲ့ သူတိုင်းက ငြိမ်းချမ်းလေခြင်း ကံကောင်းလေခြင်းဆိုပြီး မေ့ကို အားကျချီးမွမ်းကြတယ်။ တကယ်ဖြတ်ခဲ့ဖူးတဲ့ မေ့ဘ၀ ခရောင်းတောကာလကို သူတို့ မသိခဲ့ကြပါဘူး။ သူတို့မြင်ရတဲ့ ကာလက ရွှေရောင်လွှမ်းတဲ့ မေ့တိုင်းပြည်ဖြစ်နေခဲ့ပြီလေ။

ခ

ကျွန်ကုလား မယားတောသူ၊ ဒီစကားပုံကို ဘာဖြစ်လို့ ယုံမိပါလိမ့်။ မရွှေအေးတို့က ဟိုးတောဆိုမှ တောထဲက။ ကားလမ်းခရီးဆိုတာတောင် ဖြစ်ဖြစ်ြမည်အောင် သွားဖို့ ခက်ခဲဘိခြင်း။ လေယာဉ်ခရီးကျတော့လည်း ငွေရေးကြေးရေးက မတတ်နိုင်ရင် လေယာဉ်ဆိပ်သွားဖို့တောင် အနိုင်နိုင်။ မရွှေအေးတို့ အိမ်ထောင်ကျတော့ ယောင်နောက် ဆံထုံးပါ ရန်ကုန်မြေကို ခြေချပြီပေါ့။ သူပြောနေကျ စကားက ကိုယ်တွေတုန်းက တောမှာနေလို့ နိမ့်ကျခဲ့သတဲ့။ သူ့သားသမီးတွေ မနိမ့်ကျအောင် ရန်ကုန်မြေက တလက္မမှ မရွှေ့ချင်ဘူးဆိုပဲ။ အိမ်လခလား ယောက္ခမပေးလိမ့်မယ်။ ဆန်နဲ့ဆီိ ယောက္ခမပေးလိမ့်မယ်။ မရွှေအေးဘာလုပ်နေလဲ ဟုတ်လား။ အားတယ်ကို မရှိပါဘူး အိမ်ရှေ့က ပူတော့ အိမ်နောက် ပြောင်းအိပ် အိမ်နောက်က ပူတော့ အိမ်ရှေ့ပြောင်းအိပ် နေ၀င်မိုးချုပ် အလုပ်တွေသိပ်ရှုပ်ပေါ့။ မရွှေအေးတို့ကျေးဇူးရှင် ယောက္ခမကို ဘယ်လိုထားသလဲ သိလား။ သူရန်ကုန်တက်လာရင် မြန်မြန်ပြန်အောင် လုပ်တာပေါ့။ နားဆူတယ်လေ။ လိုအပ်တဲ့ ငွေကြေးအကူပဲယူမယ် ယောက္ခမ အပူမယူလို။ သူတို့သားအမိတွေကြား ရန်တိုက်ပေးလိုက်တယ်။ အိမ်က နွားကလည်း မရွှေအေးပြောသမျှ ယုံတယ်လေ။ ခပ်ပါးပါးပါပဲ တစ်ချက်နှစ်ချက် ပုတ်လိုက်ရင် ဘွားတော်ကြီး အိမ်ပြန်ခရီးပေါ့။

ဂ

တံခါးနောက်ကွယ်က အဖြစ်တွေကို ဘယ်သူမှ သိကြမယ်မဟုတ်ဖူး။ ကိုကိုက သိပ်ချစ်တယ်တဲ့။ ယုံပါတယ် ကျွန်မယုံပါတယ် ကိုကို ကျွန်မကို သိပ်ချစ်တယ်ဆိုတာ အခုတော့ ကျွန်မသိပြီလို့ ပြောရမတတ်အောင်ကို ယုံပါတယ်။ ယောင်္ကျားလေးတွေနဲ့ မပတ်သတ်ရဖူး။ သူငယ်ချင်း ယောင်္ကျားလေးတွေနဲ့ ချက်တင်မှာ စကားပြောတာ ဖုံးပြောတာတောင် လက်မခံနိုင်ဖူးတဲ့လေ။ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း မိန်းကလေးတွေချည်းဖြစ်ရမတဲ့။ ဖုန်းတဂွမ်ဂွမ်ဆက် ယောင်္ကျားလေးအသံတစ်ခုများကြားရင် အခုချက်ချင်း ပြန်ခဲ့ရမတဲ့။ ဘယ်လောက်မွန်းကြပ်လိုက်သလဲ ကျွန်မဘ၀က ဘယ်လောက် ကျဉ်းကျပ်သလဲ။ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဒီလို ဘောင်တစ်ခုနဲ့ နေရမယ်ဆို လှောင်အိမ်ထဲက ငှက်တစ်ကောင်နဲ့ထပ်တူ ဖြစ်နေတော့မပေါ့။ အကယ်၍များ စကားတွေများကြပြီဆိုရင် လမ်းခုလတ်မှာ သန်းခေါင်သန်းလွဲဖြစ်လည်း ကျွန်မကို မငဲ့ကွက် ထားခဲ့ရက်ပြန်တယ်။ ဒီထက်ပိုပြီး မိန်းကလေးပီပီ အနိုင်ယူစိတ်နဲ့ ကိုကို့အသားကို လက်သည်းချွန်တစ်ချက်ဆွဲမိရင် ကျွန်မမျက်နှာ အညိုအမည်းထင်ပြန်တယ်။ ဒါ သိပ်ချစ်တာတဲ့လား ကိုကိုရယ်။ အကျဉ်းထောင် တစ်ခုလို ငရဲခန်းတစ်ခုလို ဖြစ်နေတဲ့ အိမ်ထောင်ဆိုတဲ့အရာကို ရှင်တို့များ အားကျနေမိသလား။ လွတ်လပ်စွာ ကိုယ်သွားချင်တဲ့နေရာကို သွားလာနေကြတဲ့ အိမ်ထောင်မရှိသေးတဲ့ ကျွန်မ သူငယ်ချင်းတွေကို မြင်ရင် အတောင်ဖြတ်ခံထားရတဲ့ ငှက်တစ်ကောင်လို ကျွန်မ လှောင်အိမ်ထဲက အတောင်တကြွကြွ ဖြစ်နေဆဲပါလေ…………

ဃ
…..

င
……

.
.
.
.
.

.
.
အ

သံတူကြောင်းကွဲ မျိုးစုံသော အိမ်ထောင်ရေးတွေ အက္ခရာတစ်အုပ်စာ မက ရှိပါလိမ့်မည်။

အိမ်ထောင်ပြုဖို့ဆိုရင် ကျနော် ပထမဆုံးစဉ်းစားမိတဲ့ အချက်က နားလည်မှုဆိုတာပါပဲ။ အပြန်အလှန်နားလည်မှုရှိပြီး ကျနော့လက်ကို ထာဝရတွဲသွားမယ့်သူက ကျနော့အိမ်ထောင်ဖက်ဖြစ်မှာပါ။ တစ်ဖတ်သတ်ကြည့်ပြီး မိမိလိုအင်ဆန္ဒကို ရှေ့တန်းတင်ကြမယ်ဆိုရင် သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမယ်လို့ ကျနော် မမြင်မိပါဘူး။

အခုအချိန်ထိမရင့်ကျက်နိုင်သေးတဲ့ ကျနော်လို လူတစ်ယောက် အိမ်ထောင်ရေးဆိုတဲ့ အမြင်ကို ဆွေးနွေးနိုင်ဖို့ သိပ်ခဲယဉ်းလွန်းပါတယ်။

ကျနော် အိမ်ထောင် ဘယ်တော့ပြုမလဲ…ဟုတ်ကဲ့ အိမ်ထောင်ပြုဖို့ အခွင့်အခါ ကြုံကြိုက်ရင် အိမ်ထောင်ပြုဖြစ်ပါလိမ့်မယ်။ ကျနော့အသက်လား ငယ်ပါသေးတယ်။ ဘာမှတောင် မဘာရသေးလို့ လူအများဆူလည်း ခဏပေါ့။ ခလေးပဲရှိသေးတာကိုး။ မယုံရင် အမေ့ကိုမေးကြည့်ကြပါ…………………

24 December 2009

ခြေလှမ်းသစ်

နေ့စဉ်နေ့တိုင်း ခြေလှမ်းတွေတော့ လှမ်းမြဲလှမ်းနေတာပါပဲ။ ပုံမှန်ခြေလှမ်းတွေကြားမှာ နေသားကျနေခဲ့ပြီ။ ခြေလှမ်းသစ်လှမ်းဖို့ ဟမ်……………လိုအပ်တယ်လား……………………….

ဒီပုံမှန်ခြေလှမ်းတွေနဲ့ တစ်နှစ်ပြည့်တော့ အစ်ကိုတစ်ယောက်က မေးတယ် ဘာလုပ်မှာလဲတဲ့။ ဘာလုပ်ရမလဲ ကိုယ့်ကို ကိုယ်မေးဖို့ လိုအပ်နေခဲ့ပြီ။ ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ အား…. ခေါင်းတွေပူလာပြီ။ အခု မကြီးဝါက နောင်ငါးနှစ်အတွက် မေးပြန်ပြီ။

ဒီနိုင်ငံမှာ အလုပ်လုပ်တဲ့နောက် ဒီနိုင်ငံမှာ ဆက်နေသင့်သလား။

Permenant Resident (PR) လျှောက်သင့်သလား။

Citizen ပြောင်းသင့်သလား။

ဒါမှ မဟုတ် တတိယနိုင်ငံတစ်ခုကို ကူးရမလား (အမေရိကား၊ သြစတြေးလျား စသည်…)

ဥမကွဲ သိုက်မပျက်နေဖို့ ရွှေပြည်ကြီးကို ပြန်သင့်သလား။

PR ကကော လျှောက်တိုင်းရမှာတဲ့လား။ PR ရရင်ကော ဘာတွေထူးခြားလာမလဲ ငါးနှစ် နေထိုင်ခွင့် ပြီးတော့ အချိန်မရွေးအလုပ်ထွက်နိုင်ခွင့်လက်မှတ်တစ်ခု ကိုင်ဆောင်နိုင်တာထက် ဘာမှ ပိုလာမှ မဟုတ်တဲ့အပြင် CPF (Central Provident Fund) လစဉ် အဖြတ်ခံရမှာတော့ သိပ်သေချာပါတယ်။

အခုလတ်တလောမှာ PR တွေကို Citizen ဖြစ်အောင် တွန်းအားတွေ များလာသလိုတွေ့လာရတယ်။ ကျောင်းလခတွေ တိုးလာတာ အပြင် PR နဲ့ Citizen ခံစားမှု မညီမျှခြင်း စတဲ့အချက်တွေက Citizen ပြောင်းဖို့ အဓိက စဉ်းစားစေတဲ့အချက်တွေပါပဲ။ ပြည်ပခရီးတွေ အထွက်များတဲ့သူဆို ခြားနားချက်တွေကို ပိုသိမှာပါလေ။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတော့လည်း ကိုယ့်ရွာက ကြက်ဖ သူတပါးရွာမှာ ကြက်မပေါ့။ နိုင်ငံသားစွန့်လွှတ်ဖို့ အခုအထိတော့ အစီအစဉ်မရှိသေးပါဘူး။ တို့ပြည်ကိုချစ်လွန်လွန်းလို့ အတင်းဖက်တွယ် ပြောရအောင် အပြင်ကိုရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မတင့်တယ်ဖူးထင်ပါရဲ့။

နောက်ထပ်နိုင်ငံကူးဖို့ ဘယ်လိုကူးရမလဲ။ ဟိုဟိုဒီဒီ ခပ်လွယ်လွယ် သွားနိုင်လောက်အောင် ခိုင်ခန့်တဲ့ ပညာအရည်အချင်းကလည်း မပြည့်ဝလေတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပြီလေ။ ကျောင်းဆက်တက်ခြင်းနဲ့ ကူးဖို့။ ဟင့်အင်း မပြောပါနဲ့ ပညာရေးက ဆုံးခန်းတိုင်ပြီထင်တယ် တော်ပြီလေ သေစာရှင်စာ ဖတ်တတ်နေမှပဲ။

တကယ်သွားဆိုရင်တော့ သွားချင်မိတယ် အမေရိကား။ သူများ ကားလို့ ကားတာပါ ကိုယ်တိုင်က ရောက်ဖူးလို့ မှ မဟုတ်ပဲ။ လျားမယ်ဆိုလည်း လျားမယ်လေ သူများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိဆိုတာ ကျနော်မှ အစစ်။ လျားသာ လျားချင်တာ အဖြစ်တော့ တယ်မရှိ။ အခုအချိန်အထိ ဘာကိုမှ မပြင်ဆင် မလေ့လာ။ ဒုံရင်းက ဒုံရင်းဆိုတော့…..ဘာဖြစ်သေးလဲ တစ်နေ့တစ်လံ ကား လျား ဘယ်ရွေ့မလဲပေါ့။ ရှေ့တိုးမယ့် ရွာသား နောက်ခြေလှမ်း ကိုးဆယ်ဆုတ်ပစ်လိုက်တယ်။ လှုပ်သာ လူးသာ ရှိအောင်ပါ ကျနော် ၀တာ လူမသိစေအောင်လည်း ပါတာပေါ့။ နောက်မှ ဦးတည်ချက်လွဲတော့လည်း GPRS မကောင်းတာကြောင့်လို့ ပဲ အပြစ်ဖို့တော့မယ်။

ပြန်မယ်ဆိုရင်ကော… ဒီအချက်ကတော့ တော်တော်လေး စဉ်းစားစရာတွေကို ပေးပါတယ်။ ဘာလုပ်မလဲ ဘယ်လိုနေမလဲဆိုတာက စတာကနေ အင်တာနက် သုံးလို့မရရင် နေနိုင်ပါ့မလား။ အခုလိုဒေါင်းလုပ် လုပ်လို့နှေးနေရင်တောင် စိတ်မရှည်တာ ဟိုမှာ စိတ်ရှည်ပါ့မလား။ ဒေါ့ကွန်းတွေတောင် ဖွင့်ရခက်တဲ့နေရာမှာ ဘလော့စပေါ့ဒေါ့ကွန်းကို ဘယ်လို ရေးမလဲ။ ဖယောင်းတိုင်တွေ မီးစက်သံတွေ ခြင်တွေနဲ့ တစ်သားတည်းမဖြစ်ခင် အိပ်ရေးဘယ်လောက်ပျက်ဦးမလဲ၊ အရင်လို ရေတင်ဖို့ မနက်လေးနာရီထနိုင်ပါဦးမလား၊ ၂၀၇ ၂၀၄ ဘတ်စ်ကား ကြပ်ခြင်းနဲ့ ၃၅ ၅၁ စပယ်ယာတွေရဲ့ အဆိုအငေါက် ကို ခံနိုင်ပါ့မလား အဆုံး အားလုံးကို တွေးတောနေမိတယ်။

ကြီးကြီးကျယ်ကျယ် စီးပွားရေးတွေလုပ်ဖို့ စိတ်ကူးယဉ်ထားတာတွေတော့ ရှိပါတယ်။ အကယ်၍များဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ….

၁။ စာအုပ်ဆိုင် (အရောင်းဆိုင် ဖြစ်ဖြစ် အငှားဆိုင်ဖြစ်ဖြစ်ပါ ဖတ်ရင်းရောင်း ရောင်းရင်းဖတ်ဖို့ပါ)
၂။ အခွေအငှားဆိုင် (ကားကောင်းလေးတွေ စုချင်လို့ ဘာကားကောင်းလဲ မမေးပါနဲ့)
၃။ ဖက်ရှင်ဆိုင် (ကိုယ်လည်းဝတ် သူများတွေလည်း ၀တ်ပေါ့၊ ရိုးရာဖျင်ကြမ်း ပုဆိုး ဖက်ရှင်ပါ)
၎။ စားသောက်ဆိုင် ကောင်းကောင်း (ကုသိုလ်လည်း ရ ၀မ်းလည်း ၀ ဆိုတာမို့)
၅။အင်တာနက်ဆိုင် (ကိုယ်တိုင် ဆိုင်ဖွင့်ရင် ဆိုင်ပိတ်ချိန်ပူစရာမလိုတော့ဖူးဆိုတော့ တစ်ချက်ခုတ် လေးငါးချက်ပြတ် သတိ -မခင်ဦးမေ လက်မခံပါ)

လူကုန်ကူးဖို့ လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်သွားနိုင်တယ်။ တနေ့ကပဲ customer တစ်ယောက် marketing ပြန်ဆင်းသွားတယ် မြန်မာပြည်က လူတွေ ဒီကို သွင်းချင်လို့ဆိုပဲ။ စိတ်ဝင်စားရင် လက်တို့လိုက်ပါတဲ့။

ရည်ရွယ်တဲ့လမ်းဟာ ဘယ်လောက်ဝေးဝေးကွယ် ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ် ပထမဆုံးဒီခြေလှမ်းဟာ အို နောက်ဆုံးတော့ ပန်းတိုင်ရောက် နိုင်မယ်…………သီချင်းသံ သဲ့သဲ့ကြားတယ်။ ဘယ်နားကပါလိမ့်…

အခုတော့ ဘယ်ခြေစလှမ်းရမလား ညာခြေစလှမ်းရမလား အဆုံးအဖြတ်အတွက် ခေါင်းပန်း လှန်ဖို့ နှစ်ထပ်စေ့ တစ်စေ့ ရှာနေတုန်း……………..

(စာဖတ်သူတွေပါ ၀ိုင်းဆွေးနွေးပေးမယ် အကြံဥာဏ်ပေးကြမယ်ဆိုရင်တော့ နောနော် ပါခင်ဗျာ)

01 November 2009

နောင်နှစ်နှစ် မတိုင်ခင်မှာ……….

နောင်နှစ်နှစ်မှာ ကမ္ဘာပျက်တော့မယ်တဲ့….

ဘယ်သူပြောတာလဲ။ ဘာတွေလဲ။

ကျနော်စောင့်နေတာလည်း နောင်နှစ်နှစ်အတွက်ပဲ။ ကျနော်နေခွင့်ရခဲ့တာလည်း နောင်နှစ်နှစ်တည်းအတွက်ပဲ။ နောက်နှစ်နှစ်ပြီးရင် ကျနော့ ကမ္ဘာ မရှိတော့ပါဘူး…

ဒါပေမယ့် နောင်နှစ်နှစ် အထိမစောင့်လိုက်ရပါပဲ ကျနော့ကမ္ဘာ ပြိုပျက်သွားခဲ့တာ။ ဝုန်းခနဲမြည်လိုက်သလား ဟင့်အင်း ဘာသံမှကို မကြားလိုက်ရဘူး။ တိုးတိုးလေးကြားတဲ့ အသံတစ်ခု…မဖြစ်နိုင်ဘူး..ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

နှစ်နှစ်တာကာလပြီးရင် ကျနော့ကမ္ဘာပျက်မယ်ဆိုတာ ကျနော်ကြိုသိနေခဲ့ရတယ်။ မတွေးချင်ဘူးဆိုတဲ့အသိနဲ့ ခေါင်းကိုယမ်းလိုက်တိုင်း ပါးနှစ်ဖက်မှာ မြစ်တွေဖြစ်ဖြစ်သွားတယ်။ ဒီကမ္ဘာကို စတည်ဆောက်ခဲ့ကတည်းက ပြိုကွဲဖို့မှ မဟုတ်ခဲ့တာ။ ကြိုသိတဲ့နောက် နေ့နေ့ညညတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ။ အနားက တစ်စုံတစ်ခုကိုလှမ်းဆွဲဖို့ ကြိုးစားတယ်။ ကံဆိုးတယ် ရေနစ်သူ ဝါးကူလို့ထိုးတတ်တယ် မဟုတ်လား….

သေမှာကိုကြောက်လို့မဟုတ်ပါဘူး။ သေခြင်းကို ရင်ဆိုင်ဖို့အသင့်ပြင်ပြီးသားပါ။ ဒါပေမယ့် နှလုံးသားစိတ်အလိုကိုတော့ မထိန်းချုပ်နိုင်ခဲ့ဖူး။ တရားကိုလက်ကိုင်ထားပေမယ့် နှလုံးသားတရားကို နာကြားဖို့ချည်းဖြစ်ဖြစ်နေပြန်တယ်။

အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် ကမ္ဘာမပျက်ခင်မှာပဲ ကျနော်သေပါရစေလို့။ ဘာဖြစ်လို့လည်းဆိုတော့ မခွဲခွာနိုင်လို့ပါပဲ။ ဘယ်အရာကိုမှ မစွန့်လွှတ်နိုင်လို့ပါ။ ပုထုဇဉ်ပီပီ ကိလေသာ အမိုက်မှောင်မှာ ချောင်ကြိုက်နေတုန်းလေ။ ဖြစ်နိုင်ရင် အလိုချင်ဆုံးဆုက အဲ့ဒီနှစ်နှစ်တာကာလ မတိုင်ခင် ကျနော်ဒီကမ္ဘာပေါ်က ပျောက်ဆုံးသွားဖို့ပါပဲ။

အခုတော့ အချိန်မစေ့ခင် ကမ္ဘာက ပြိုနှင့်ခဲ့ပြီ။ ကမ္ဘာပြိုပြီဆိုမှတော့ ကျနော်အသက်ရှင် ကျန်ခဲ့ပါဦးတော့မလား။ မပြိုခင်ကတည်း ဆုတောင်းပင်မယ့် ဆုတောင်းကလည်း မပြည့်ဝခဲ့။ အင်းလေ ဆုတောင်းတိုင်း ပြည့်တယ်ဆိုတာကလည်း ရှားပါးဘိချင်း။ တောင်းခဲ့ဖူးတာပေါ့ ဆုတွေ အသက်နဲ့တွက်စစ်ရင်တောင် အသက်ရဲ့ အဆပေါင်း အထောင်အသောင်း။ ဘယ်နှစ်ခုများ ပြည့်ဝခဲ့ဖူးသလဲ။

အချိန်ရရင် ဘာတွေပြင်ဆင်မိမလဲ။ သေချာတယ် ကျနော်ဘာကိုမှ ပြင်ဆင်မိမှာ မဟုတ်ဘူး။ ကျနော်လုပ်ချင်တဲ့ အကြောင်းအရာတစ်ချို့ကို လက်ကျန်ဆယ်ရက်နဲ့ကျနော်ဆိုတဲ့ ပို့စ်လေးမှာ ရေးခဲ့ဖူးပါတယ်။ တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာ ဘယ်သူက ဆန်းစစ်ပေးမတဲ့လဲ။ ကမ္ဘာပြိုပြီဆိုမှတော့ ဒီအရာတွေကို ဘယ်သူမှ လှည့်ကြည့်နိုင်တော့မှာ မဟုတ်ပါဘူး။

မေးခွန်းတွေ ဒီမေးခွန်းတွေကို ဖြေဖို့ အင်အား ကျနော့မှာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာကို ကျနော့နောက်ဆုံးထွက်သက်နဲ့ ရေးနေရလို့ပါ။ ဖတ်ရတာ အဆင်မပြေဘူးဆိုရင် ကျနော်တောင်းပန်ပါတယ်။ သေခါနီးကမှူးရှူးတိုးရေးတာမို့ သွေးပျက်နေတာကို အတိုင်းအသားမြင်ရမှာမို့ပါ။ စာအဆင်ချောဖို့ အကြောင်းအရာအဆင်ပြေဖို့….ဘာကို မှ မတွေးဆနိုင်တော့ဘူး။ အသိဥာဏ်လေးရှိနေတုန်းမှာ ဖျတ်ခနဲပေါ်တာလေးတွေ ရေးပါရစေ………

အားလုံးဟာ ဖြစ်တတ်ပျက်တတ်စမြဲပါ။ ဘယ်တော့ပျက်မလဲဆိုတာကို စောင့်နေရတာ ကျနော့ဘ၀တစ်ခုပါ။ ပျက်လာခဲ့ရင် ခံနိုင်ရည် မရှိဖို့က ရှစ်ဆယ်ရာခိုင်နှုန်းလောက်များပါတယ်။ တရားမချပါနဲ့ ကျနော်တရားမရနိုင်ပါဘူး။ ကျနော်လည်း ဘယ်သူ့ကိုမှ တရားမချပါဘူး။ ကိုယ်တိုင်တရားမရနိုင်တဲ့နောက် ဘယ်သူ့ကို ဖြေသိမ့်ပေးနိုင်မှာတဲ့လဲ။

ဖြစ်နိုင်လား မဖြစ်နိုင်လား စိတ်ပူနေတဲ့သူတွေကိုလည်း တစ်ခုတော့ ဆိုခဲ့ချင်ပါတယ်။ ကျနော်တို့ဘာသာတရားအရ နောင်ဘုရားတစ်ဆူပွင့်ဖို့ ကျန်နေပါသေးတယ်။ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်မယ့် ဘုရားမတိုင်ခင် ကမ္ဘာ ပျက်မယ်ဆိုတာတော့ မဖြစ်နိုင်လောက်ဘူးလို့တော့ ယူဆမိပါတယ်။ ဒီအချက်ကလည်း ကွဲလွဲနိုင်ပါတယ်လေ။

နောင်နှစ်နှစ်မတိုင်ခင် ကျနော့ကမ္ဘာက ပြိုနှင့်ခဲ့တာမို့ နောင်နှစ်နှစ်ကို ကျနော်မရောက်မသိ မရှိနိုင်တော့ပါဘူး။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ကျနော်ဒီကမ္ဘာနဲ့အတူ လိုက်ပါ ပျောက်ဆုံးသွားပါတော့မယ်။ နောင်နှစ်နှစ် အထိ အားလုံးနဲ့အတူ မစောင့်နိုင်တဲ့အတွက်တော့ အပြစ်မတင်ကြလောက်ပါဘူးနော်…………..

ကျနော့ရဲ့ Y နဲ့ရ

ဒီပို့စ်ကို facebook မှာ ကဗျာဆရာကိုမောင်လေးလင်းဒီပ ကပထမဆုံး TAG ပါတယ်

ဒုတိယအနေနဲ့ ကိုမိုးကုတ်သားက ရေးပေးပါဆိုပြီး TAG ပြန်တယ်

တတိယကတော့ အမတန်ခူးက ထပ်မံ TAG ပြန်တာမို့.......


Y


1. What is your name : Ywar Thar Lay

2. A four Letter Word : Yarn

3. A boy's Name : Yuri

4. A girl's Name : Yuki

5. An occupation : Yawning Person

6. A color : Yellow

7. Something you'll wear : Yesterday Clothes

8. A food : Yakisoba

9. Something found in the bathroom : You.. Yourself

10. A place : Yugoslavia

11. A reason for being late : You…(because of you…)

12. Something you'd shout : Yeah... Yellow Card…

13. A movie title : You've Got Mail

14. Something you drink : Yogurt

15. A musical group : yachts

16. An animal : Yak

17. A street name : York Street

18. A type of car : Yaris

19. The title of a song : You are my no. one

20. A verb : Yelling (to the Boss)

ရ


1. What is your name : ရွာသားလေး (၀ိုင်တီယူ)

2. A four Letter Word : ရရစားစား

3. A boy's Name : ရိမ်မိုး

4. A girl's Name : ရနံ့

5. An occupation : ရွာသူကြီး

6. A color : ရွှေအိုရောင်

7. Something you'll wear : ရိုးတိုက်ထုတ် ၀တ်စုံ

8. A food : ရှမ်းစာ

9. Something found in the bathroom : ရေ

10. A place : ရွာတန်းရှည်

11. A reason for being late : ရှင်းမရအောင် ရှုပ်နေလို့

12. Something you'd shout : ရွှေး ရွှေး ပြန်ပေတော့…

13. A movie title : ရတနာပုံ (ကြည်ကြည်ဌေးကို ကြိုက်လို့)

14. Something you drink : ရေသန့်…

15. A musical group : ရွှေသံစဉ်

16. An animal : ရေမြင်း

17. A street name : ရေနံ့သာ

18. A type of car : ရိုးလ်စ်ရွိုက်

19. The title of a song : ရာသီပြောင်းချိန် (လွမ်းတယ်တစ်အားပဲ)

20. A verb : ရွာလည်နေသည်၊ရေချိုးနေသည်(အထဲဝင်မလာနဲ့နော်)


ကူညီခေါင်းစားပေးတဲ့ လမ်းမတော်က အမကြီးခပ်ချောချော သဘောကောင်းကောင်းကိုလည်း ကျေးဇူးအထူးတင်အပ်ပါတယ်ခင်ဗျာ.......

22 October 2009

အခန်းတွေ………..

တနေ့က အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူရုံးခန်းအဟောင်းလေးကို ခဏပြန်ရောက်တုန်း ငေးနေတယ်တဲ့။ ပြီးတော့ ကြည့်နေရင်း ၀မ်းနည်းနေခဲ့တယ်တဲ့လေ။ ရုံးအသစ်ကို ပြောင်းပြီးပြီ မဟုတ်လား ဘာအတွက် ၀မ်းနည်းစရာလိုလဲဆိုတော့ နေရာဟောင်းလေးမှာ အမှတ်ရစရာတွေ အများကြီး ရှိခဲ့တာလို့ ပြန်ဖြေခဲ့တယ်။ ပြောနေရင်း ကျနော်နေထိုင်ခဲ့ဖူးတဲ့ အိမ်ခန်းလေးတွေကို အမှတ်ရလာမိပြန်ရော…

စက်ရုံမြေကို ခြေချတော့ လိုင်းကြမ်းဆိုတဲ့ အရပ်မှာ ယာယီနေခဲ့ရတယ် သုံးနှစ်ကျော်လေးနှစ်ထဲမှာပေါ့။ နောက်တော့ ၄၀၀စကေးဆိုတဲ့ ရပ်ကွက်ကို ရွှေ့ရပြန်ရော။ သူက နှစ်ခန်းတွဲ အိမ်လေးတွေ အိပ်ခန်းဆိုလို့ နှစ်ခန်းပဲပါခဲ့တာ။ အိပ်ခန်းတစ်ခန်းမှာ အစ်ကိုဝမ်းကွဲနဲ့ တူတူနေခဲ့ရတာပါ။ အခန်းကျဉ်းလေးပေမယ့် အိမ်နောက်က သင်္ဘောပင် အိမ်ရှေ့က နှင်းဆီခင်း စံပယ်ရုံနဲ့ ဇီးချိုသီးပင်တွေနဲ့ ပျော်ရွှင်ဖွယ်အတိ။ အိမ်ရှေ့ ရေမြောင်းကျော်တဲ့ သစ်သားတံတားလေးနဲ့ ပြီးတော့ အဲ့နေရာမှာ ထိုင်ပြီး ရွှေသွေးတေဇ မိုးသောက်ပန်း လာဝေမယ့် စာတိုက်ကလူကို မျှော်နေကြလေ။

ဘေးကပ်ရပ်အခန်းက အန်တီစမ်းစမ်းသွယ် ဦးပေါ်တို့ လင်မယား၊ နောက်တစ်တိုက်မှာ ဦးမြငြိမ်းနဲ့ အကြီးတို့သားအမိ၊ ပြီးတော့ ဦးဥာဏ်ဝင်းနဲ့ အန်တီဖြူတို့ လင်မယားတို့လေ။

လေးလုံးတွဲတိုက်တန်းလျားလေးမို့ ပီဘီမိသားစုလေးလို။ ငယ်တုန်းက အကြီးဆီမှာ မုန့်သွားစားလေ့ရှိပြီး မုန့်ယူပြီးရင် တိုက်ကွယ်မှာ ပုန်းနေတတ်တယ်တဲ့။ မုန့်ကုန်ရင် အကြီးဆီပြန်လာပြီး လက်ဖြန့်လေ့ရှိတဲ့ ကျနော်ပေါ့။ အဲ့ဒီတန်းလျားမှာ ကလေးကလည်း ကျနော်တစ်ယောက်တည်း ရှိနေခဲ့တာမို့ အခွင့်အရေးတွေ တစ်ပုံကြီးလေ။

အကြီးတို့နဲ့အတူ ထမနဲထိုးကြတဲ့နေ့။.ဦးဥာဏ်ဝင်းက အာလူးဆနွင်းမကင်းလုပ်ကျွေးတဲ့နေ့၊ အန်တီစမ်းစမ်းသွယ်တို့ ပီလောပီနံ မုန့်လုပ်တဲ့နေ့၊ အိမ်က သာကူမုန့်ဖက်ထုပ်လုပ်တဲ့နေ့တွေကိုတော့ ဘယ်လိုမှ မေ့လို့မရတော့။ အန်တီဖြူ သားဦးလေးမွေးတဲ့ညကိုလည်း မမေ့နိုင်ခဲ့။ အလွတ်ရတဲ့ သံဗုဒ္ဓေဂါထာကို အထပ်ထပ်အခါအခါ ရွတ်ရင်း သူတို့အိမ်ရှေ့ပက်လက်ကုလားထိုင်မှာ အိပ်ပျော်သွားခဲ့တာ။ မိုးလင်း အိပ်ရာနိုးတော့ ကလေးချစ်တဲ့ ကျနော် ကလေးကို အပြေးအလွှားရှာခဲ့တာ။ ကလေးလည်း မရှိ ကလေးအမေလည်း မရှိ။ အမေက ဆေးရုံမှာ ကလေးက မရှိတော့ဘူးဆိုတော့ တရှိုက်ရှိုက်ငိုလိုက်ရတာတွေ ဘယ်တော့မှ မမေ့။

ဒီအခန်းလေးကနေ ရွှေ့တော့ သုံးတန်းမတက်ခင်ပေါ့..
ဒုတိယ အခန်းက အိပ်ခန်းလေးခန်း နဲ့ ၄၅၀စကေးမှာပါ။ ကျနော်တို့ ညီ အစ်ကိုနှစ်ယောက်ကတော့ တစ်ခန်းတည်းမှာ နေနေခဲ့ပြီး တစ်ခန်းကို ဘုရားခန်း တစ်ခန်းကိုတော့ စတိုခန်းလုပ်ခဲ့တယ်။ ၄၅၀ စကေးအိမ်တွေက ကျွန်းလျှာထိုးခင်းတွေဆိုတော့ မေ့အကြိုက်တွေပေါ့။ တိုက်လိုက်ရတဲ့ ကြမ်းတွေဆိုတာ အစ်ကိုဝမ်းကွဲခြေထောက်ကို ညှောင့်ထိုးပြီး အလျားလိုက်ဝင်တော့မှ ရပ်သွားခဲ့တာ။ အိမ်က ချိုင့်တစ်ခုထဲမှာ ကျနေသလိုပါ။ လမ်းပေါ်ကနေ သေချာမမြင်ရဘူးလေ။

နောက်တစ်ခုက အိမ်ခြံစည်းရိုးခတ်ရင်း တူရွင်းနဲ့ ဆောင့်မိလို့ ဖေခေါင်းပေါက်သွားခဲ့တယ်။ ဗေဒင်တွေဘာတွေ မေးတတ်တဲ့ မေက အညာကိုသွားတုန်းက မေးခဲ့တဲ့ ဗေဒင်ကို ယုံချင်သလိုလိုဖြစ်လာရော။ ပစ္စည်းထွက်ရင် ထွက် မထွက်ရင် ခြေနှစ်ချောင်းထွက်မယ်တဲ့လေ။

မကြာပါဘူး အရေးအခင်းမတိုင်ခင်တစ်ပတ်အလိုမှာပဲ အိမ်ရှိပစ္စည်း အကုန် အခိုးခံလိုက်ရတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က အန်တီဘေဘီ့ မွေးနေ့ပေါ့။ ကျနော်တို့ကိုလှူမယ် တန်းမယ် စုထားတွေလေးတွေ ရေစုန်မျောခဲ့တာပေါ့။

သူခိုးက ကျနော်တို့ အိပ်ခန်းလေးထဲကနေ တစ်ဆင့်ဝင်လာခဲ့တာပါ။ ပြတင်းပေါက်မှာ သံတိုင်တွေကာထားတာမို့ ပြတင်းပေါက် အပေါ်ဖက် လေ၀င်ပေါက်ငယ် မှန်ကိုခွဲပြီး အထဲက တံခါးချက်ကို လက်နဲ့လျှိုပြီး ဖွင့်ဝင်ခဲ့သွားခဲ့တာ။ အစီအရင်တွေ လုပ်ခဲ့တယ်လို့ လူကြီးတွေက ပြောခဲ့ဖူးတယ်။ အခန်းထဲဝင်လိုက်တိုင်း တစ်ကိုယ်လုံးကြက်သီးတွေ တဖြန်းဖြန်းထခဲ့ရတာ လူတိုင်းလေ။

ဒီအခန်းလေးက ၀မ်းနည်းကြေကွဲ ထိတ်လန့်ဖွယ်တွေကို ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိမ်အသစ်ကို မရမက ပြောင်းလိုက်ကြပါတယ်။

အိမ်အသစ်က အခန်းမှာတော့ ကိုးတန်းအထိ နေလိုက်သည်အထိ ရှည်ကြာခဲ့တယ်။ သီးပင်စားပင် စိုက်လို့မရတဲ့ ပက်ကြားအက်မြေမို့ မေ့အကြိုက်စံပယ်ပင် သုံးပင်လားပဲ စိုက်ဖြစ်ခဲ့တယ်။ အိမ်နောက်ဖက်က ဘောစကိုင်းပင်တွေနဲ့ ပေါက်ပန်းဖြူတွေကတော့ စီရီလို့ မစိုက်ပါပဲ အပြိုင်းအရိုင်းပေါက်နေလိုက်ကြတာ။

အရေးအခင်းကာလမှာလည်း ကျနော်တို့အိမ်မှာ မိသားစုတွေ ၅ခုလောက်စုပြီးနေခဲ့ကြသေးတယ်။ အရေးဟဲ့အကြောင်းဟဲ့ဆို ဖေက စက်ရုံထဲမှာ ၂၄နာရီတာဝန်နဲ့ ပိတ်မိနေခဲ့တာမို့ ပတ်ဝန်းကျင်မိသားစုတွေနဲ့ပဲ ပေါင်းစုနေခဲ့ရတာ။

လေးတန်း ကနေ ကိုးတန်းအထိ အဲ့ဒီအခန်းလေးထဲမှာ အစ်ကိုဝမ်းကွဲနဲ့ အပြိုင်စာကျက်ခဲ့ရတာတွေ။ ရန်ဖြစ်ခဲ့တာတွေ။ မနက်အိပ်ရာထ ထမင်းအိုးတစ်ယောက်တစ်လှည့်တည်ခဲ့ကြတာတွေ။ အခန်းလေးက သာပြောပြနိုင်ရင် လွမ်းတော့ အလွမ်းပြေနိုင်မယ်ထင်ရဲ့။

ဒီအခန်းလေးကိုတော့ ကျနော်နှုတ်မဆက်ပဲ ခွဲခွာခဲ့ရပါတယ်

အလွမ်းတစ်ခုခုကို လွမ်းပေးပါလို့ ကိုအောင်ဖြိုးက တဂ်ထားပါတယ်။ နောက်ထပ် နေခဲ့ဖူးတဲ့အခန်းတွေကို လွမ်းပါဦးမယ်ခင်ဗျာ…


ကိုးတန်းဖြေအပြီး ဆယ်တန်းကို မုံရွာမှာပဲ တက်ဖြစ်ခဲ့တယ်။ အိမ်က အရှေ့အိမ် အနောက်အိမ်နှစ်ခုမှာ။ ကျနော်နေဖြစ်ခဲ့တာ အနောက်အိမ်က အဖီလေးထဲမှာပါ။ အဖီလေးထဲကနေထွက်တာနဲ့ စာသင်ခန်းမလေ။ မုံရွာဆောင်းကလည်း အေးလွန်းတယ်။ အဖီလေးက အိမ်မကြီးနဲ့ ခွဲနေတာမို့ တိုက်လိုက်တဲ့လေကလည်း တ၀ုန်းဝုန်း။ အခုတော့ အနောက်အိမ်ကလေးရောင်းလိုက်တဲ့နောက် အခန်းဟောင်းလေးကိုတောင် ပြန်မတွေ့နိုင်တော့ပြီလေ။ ပိတောက်ပင်တွေနဲ့အတူ အခန်းဟောင်းလေးကိုတော့ လွမ်းမိပါသေးတယ်။

ဆယ်တန်းဖြေအပြီး အိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ရန်ကုန်ကို ထွက်ဖြစ်ခဲ့တယ်။ ရန်ကုန်မှာ ပထမဆုံးခြေချဖြစ်တာက တောင်ဥက္ကလာပမှာပါ။ ၁၂ရပ်ကွက် မာဃလမ်းဆို သိမယ်ထင်ပါတယ်။ အိမ်ရဲ့ ထပ်ခိုးလေးမှာ နေခွင့်ရခဲ့တယ်။ အခန်းရယ်လို့ မမြည်ပေမယ့် အမှတ်တရတော့ ဖြစ်စေခဲ့ပါတယ်။

နှစ်နှစ်တာကာလလွန်ပြန်တော့ ရေကြည်ရာ မြက်နုရပြန်ရော။ ဒီတစ်ခေါက်ရွှေ့ဖြစ်တာ ကြည့်မြင်တိုင် ဟုမ်းလမ်းက အန်တီထွေးတို့ အဖွားလေးတို့ အိမ်ကိုပါ။ ကွမ်းအစ်တစ်ကားကားနဲ့ အဖွားလေးက တူသားတစ်ယောက်လို ဆုံးမပြုစုစောင့်ရှောက်ရှာတယ်။ ကွန်ပြူတာ ပထမနှစ်၊ နည်းပညာ တက္ကသိုလ် ပထမနှစ် ပြီးသည် အထိ အဲ့ဒီ အခန်းထဲမှာပါပဲ။ မှော်ဘီကျောင်းကို တက်ဖို့ မနက်ငါးနာရီကထခဲ့ရပြီး မှော်ဘီက အပြန် ကွန်ပြူတာကျောင်းကိုတန်းဝင်။ အိမ်ပြန်ချိန်က ညဆယ်နာရီတွေ။ လေယာဉ်ထက်မလျော့တဲ့ အမြန်နဲ့ ၃၅ ကားဒိုင်နာတွေနဲ့ သီရိမင်္ဂလာဈေးအရှေ့က ဖြတ်ပြန်ရတဲ့ ညတွေကိုလည်း မမေ့မလျော့။ သင်တန်းနှစ်ဖက်အပြင် ကျောင်းစရိတ်အတွက် စာသင်ရပြန်သေးတယ်။ အိမ်ကချည်း ထောက်ပံ့ဖို့လည်း မဖြစ်နိုင်ပေတာမို့ ကိုယ့်ဝမ်းနာ ကိုယ်သာသိခဲ့တဲ့ အချိန်တွေပါပဲ။

ကွန်ပြူတာ ဖြေခါနီးမေးခွန်းဟောင်းတွေ မိတ္တူဆွဲဖို့ အသွား 99 ဆိုတဲ့ မိတ္တူဆိုင်မှာ ချော်လဲခဲ့တယ်။ ပုံမှန်ချော်လဲတာပေမယ့် အုတ်စွန်းနဲ့ ဆောင့်ခဲ့တာကြောင့် ကျောရိုးမထဲက အာရုံကြောတစ်ခု ညှပ်သွားခဲ့ပါရော။ အထိုင်အထ ခြေကြွလို့မရတဲ့အထိ။ ဒေါက်တာ ကံထွန်းနဲ့ ပြရင်း မခွဲခင် treatment မျိုးစုံနဲ့ လူပိန်ကလေးဘ၀ကနေ လူ၀၀ကြီးဆီကို ဒီနည်းနဲ့ ရောက်ခဲ့တာပါပဲ (အကြောင်းရှာတာ ဒီမှာ သွားတွေ့တော့တယ်)။

တစ်နှစ်ပြည့်ပြန်တော့ အန်တီထွေးက အသည်းရောဂါနဲ့ဆုံးပြန်ရော။ မကြာပါဘူး ညီအစ်မနှစ်ယောက်တည်းရှိတာမို့ ဖွားလေးကလည်း အန်တီထွေးနောက်ကို လိုက်ရှာတယ်။ နှစ်ယောက်စလုံးရဲ့ အသက်ကို မမှီလိုက်နိုင်ဘူး။ ကျေးဇူးရှင်တွေမို့ ကျေးဇူးဆပ်ခွင့်ကြုံချင်ခဲ့မိတယ်။ ဒါပေမယ့် မဖြစ်နိုင်ပြန်ဘူးလေ။

အန်တီထွေးဆုံးပြီးနောက်မှာပဲ ကျနော်နဲ့အတူ လာနေဖူးခဲ့တဲ့ အစ်ကိုဝမ်းကွဲ အိမ်ကို ရွှေ့ရပြန်တယ်။ အဆောင်နေချင်တယ်လို့ ပူဆာခဲ့ပေမယ့် အိမ်က ခွင့်မပြုခဲ့ဘူးလေ။ အစ်ကိုဝမ်းကွဲက အိမ်ထောင်ကျပြီး ရန်ကုန်ကိုရွှေ့လာတာမို့ ရေကန်အသင့်ကြာအသင့် ဖြစ်ခဲ့တာပါပဲ။

အစ်ကိုတို့တိုက်ခန်းလေးက ရုရှားသံရုံးနားက တောရပ်ရွာလေးလို ဖြစ်နေတဲ့ ၀န်ထမ်းအိမ်ရာလေးပါ။ ကျောင်းတွေချည်းတက်နေရတဲ့နောက် အိမ်မှာနေတဲ့အခိုက်ဆို အပြင်ကို မထွက်ဖြစ်တော့သလောက်ပါ။ ဒုတိယနှစ်မှာ စာသင်တာတွေကိုရပ်ပစ်ခဲ့တယ်။ စာတွေများပြီး ကိုယ်တိုင်လည်း ဆိုင်းဝိုင်းဆရာလိုပါပဲ။ ဟိုစာအုပ်ပြေးကိုင်လိုက် ဒီစာအုပ်ပြေးကိုင်လိုက်နဲ့ စာအုပ်တွေ ပတ်ချာဝိုင်းနေလို့ပါ။ အိပ်ခန်းလေးနှစ်ခုပဲပါတဲ့ ဒီအခန်းလေးမှာ ကျနော့အတွက် အခန်းက ဘုရားခန်းပဲပေါ့။ အစ်ကိုတို့ အိပ်ခန်းမှာတော့ ထပ်ခိုးလေးတစ်ခု လုပ်ပေးထားတယ် ဧည့်သည်သောင်သယ် လာရင် တည်းရခိုရအောင်လို့ပါ။

တစ်နှစ်ကျော်ကျော်လောက်နေပြီးတော့မှ နောက်ထပ် ပုလဲလမ်းနားက လိုင်းခန်းတစ်ခုကို ရွှေ့ခဲ့ကြတယ်။ အခန်းအသစ်က ဧည့်ခန်းလေးနဲ့ ကျနော့်အိပ်ခန်းသက်သက်အပြင် မီးဖိုချောင် ရေချိုးခန်းနဲ့ သန့်သန့်ရှင်းရှင်းလေးပါပဲ။

လိုင်းခန်းတွေအားလုံးမှာ သန့်ရှင်းပြိုင်ဖို့ အရွေးခံရတာမို့ မရီးနဲ့ ကျနော့မှာ အတော်လေး ပင်ပန်းခဲ့ကြတယ်။ သန့်ရှင်းအောင် လှနေအောင် လုပ်နေရတာက မဆုံးတော့ဘူးလေ။ ဒါ့အပြင် အဲ့ဒီ အိမ်လေးမှာပဲ တူကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ဒီအခန်းလေးမှာတော့ ကျောင်းပြီးတဲ့ အထိ နေဖြစ်ခဲ့ပါတယ်။

ကျောင်းပြီး အိမ်ကိုပြန်တော့ အိမ်က ၈၀၀စကေးကို ရောက်နေခဲ့ပြီ။ ၄၅၀ စကေးအိမ်ကို နှုတ်မဆက်ပဲခွဲခွာခဲ့ရတယ်ဆိုတာ ကျနော်အိမ်မှာ မရှိတုန်းအခိုက်မှာ အိမ်ပြောင်းခဲ့ကြလို့ပါပဲ။ အိပ်ခန်းခြောက်ခန်းတွဲအိမ်ကြီးမှာ မိသားစုသုံးယောက်တည်းမို့ ပျင်းရိငြီးငွေ့ဖွယ်အတိ။ အိမ်က တောင်ကုန်းတစ်ခု ရဲ့ ထိပ်တည့်တည့်မှာ တစ်လုံးတည်း အထီးကျန်စွာ။ ဆူးပုပ်၊ ဂွေးတောက်၊ ဒန့်ဒလွန်၊ သပြေ၊ သရက်၊ သလဲသီးပင်တွေအပြင် ကန်စွန်းခင်းတစ်ခင်းကလည်း အရန်သင့်။ ဇွန်းပန်းတစ်ရုံ၊ ဇီဇ၀ါ နှစ်ပင်၊ စံပယ် အိုးပုတ်ကြီး အိုးပုတ်လေးတွေ အပြင် မာလကာ အူနီအူဖြူတွေနဲ့ စားဖွယ်အစုံအလင်ပေါ့။ နောက်ထပ် စိုက်ဖြစ်တာက ငှက်ပျောပင်တွေပါပဲ။ ဒီအခန်းက အခုအချိန်ထိ ဧည့်သွားဧည့်လာဖြစ်နေဆဲလေ။

ပုလဲလမ်းအိမ်မှာ အေးအတူ ပူအမျှနေနိုင်မယ်မျှော်လင့်ပေမယ့် နောက်ဆုံးတော့လည်း ကံကိုပဲ ပုံခဲ့ပါတယ်။ ကျောင်းပြီးကာစ အလုပ်မရသေးတဲ့အခိုက်အတန့်တစ်ခုမှာပဲ နေထိုင်ခဲ့ရတာ။ ခေါင်းရင်းအခန်းက ဖိုးသောကြာတို့ မိသားစု ခြေရင်းအခန်းက အန်တီတို့ ကိုတော့ မကြာခဏ သတိတရဖြစ်မိတတ်ပါတယ်။ လူဆိုတာက အချိန်တစ်ခုမှာပဲ ဆုံဖြစ်တတ်ကြကလား။

ဒီတစ်ခါတော့ ရန်ကုန်ကိုပြန်တော့ အိမ်ရဲ့ ခွင့်ပြုချက်နဲ့ ခပေါင်းဆောင်မှာ သွားနေခွင့်ရခဲ့ပါတယ်။ ကျနော့ အခန်းက အခန်းနံပါတ်ကိုးနဲ့ မျက်နှာချင်းဆိုင်အခန်းကတော့ ကျနော်တို့ မီးဖိုချောင်ဖြစ်ခဲ့တယ်။ ပထမဆုံးအလုပ်တစ်ခုကို စလုပ်ခွင့်ရခဲ့တာ ဒီအဆောင်ကပါ်။ တစ်လအပြည့်မှာ နောက်ထပ် အလုပ်တစ်ခု နောက်ထပ်တစ်လအပြည့်မှာ နောက်ထပ်တစ်ခုကို ပြောင်းဖြစ်ပြန်တယ်။ အဆောင်နေဘ၀ကို ကျောင်းပြီးမှပဲရခဲ့တာပါ။ ရေမီးမပူရတဲ့ ဘ၀မို့ ကျောင်းထဲကို လမ်းလျှောက်ဝင်ရတာတို့ ဆက်သွယ်ရေးရုံးမှာ ဖုံးတစ်ခုထဲကို ဆရာမတွေနဲ့ လုဆက်နေရတာတွေကို မေ့တေ့တေ့ပါပဲ။ ဆရာတွေမူးလာရင် အင်္ဂလိပ်လိုတွေပြောကြာတာတွေ သီချင်းတွေဆိုတာတွေ ရန်လိုက်ရှာကြတာတွေ အထူးအဆန်းတွေဖြစ်ခဲ့ပါသေးတယ်။ အမှတ်အရဆုံးက table tennis ခုံကို မိုးလင်းမိုးချုပ်ရိုက်ဖြစ်တာပါပဲ။ ပျော်စရာတွေကလည်း ဝေးဝေးလံလံဆိုတော့ ဒီတစ်ခုရယ် ရုပ်ရှင်ကြည့်တာရယ်ပဲ လုပ်ဖြစ်နေတော့တယ်။ စာရေးဖို့တိုက်တွန်းတဲ့ ကိုထွန်းကိုနဲ့လည်း အဆောင်မှာပဲ ဆုံဖြစ်ခဲ့တာပါပဲ။ ငွေရေးကြေးရေး ပြဿနာတွေကြောင့် အဆောင်ကဆရာတွေ ပြဿနာတက်ပါတယ်။ ဒီနောက် သူ့လူကိုယ်လူရယ် ရှုပ်ထွေးကြပြန်တာမို့ အဆောင်ကနေခွာဖို့ဖြစ်လာခဲ့တယ်။ အဆောင်က မခွာခင်မှာ နောက်ထပ် အလုပ်သစ်တစ်ခုကို လှမ်းဖို့ ဖြစ်နေခဲ့ပြီလေ။

အဆောင်ကနေထွက်လာတော့ အိမ်ကို ဆွမ်းခံကြွတဲ့ ဆရာတော် အကူအညီနဲ့ ဗိုလ်ချိုလမ်းက အိမ်ခန်းကို ပြောင်းဖြစ်တယ်။ မီးပျက်ခဲတဲ့ ရပ်ကွက်မို့ ကျနော့အတွက်တော့ အဆင်ပြေတာပေါ့။ ပြောင်းတုန်းကတော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ။ ဒါပေမယ့် နောက်ပိုင်း သူငယ်ချင်းရဲ့ လူမှုရေး ပြဿနာ အရှုပ်တွေကြောင့် သူ့ကို အိမ်ကနေပြောင်းခိုင်းလိုက်ရတယ်။ အဲ့ဒီအခန်း ငှားခက သုံးသောင်းခွဲမို့ အခု ဒီက အခန်းခတွေနဲ့နှိုင်းစာရင် တော်တော်လေး ကွာဟတာကိုး။ ဘယ်သူ့ ဘယ်သူနဲ့မှလည်း မဆက်စပ်ချင်တော့တာနဲ့ အခန်းတစ်ခုလုံးမှာ တစ်ယောက်တည်းပဲ နေဖြစ်ခဲ့ပါတယ်။ ရတဲ့လစာတော့ အိမ်ကို မစို့မပို့ပဲရောက်တော့တာပေါ့။ အငြိမ်မနေနိုင်တဲ့နောက် နောက်ထပ်ကျောင်းတစ်ခု တက်ဖို့ ကြိုးစားမိပြန်ရော။ ကျောင်းလခကို လခတွေထဲက မဖြစ်ဖြစ်အောင် စု ဟိုကဆွဲဒီကဆွဲနဲ့ သင်တန်းတစ်ခုကို တက်ခဲ့ပြန်တယ်။ ဒီအခန်းလေးက ရန်ကုန်မှာ ကျနော်နေခဲ့ဖူးတဲ့ နောက်ဆုံးအခန်းလေးပါ။ ဒီအခန်းလေးကနေမှ ဟောဒီ အပြင်ကို ထွက်လာဖြစ်ခဲ့တာ။ အခန်းအရှေ့က ဆောက်သီးမတို့ အ၀ါးတို့ရဲ့ စောင့်ရှောက်မှုကိုလည်း မမေ့မလျော့ပါပဲ။

နောက်ထပ် မှောင်ကွယ်နေတဲ့ အခန်းလေးတစ်ခုရှိပါသေးတယ်။ ဒီအခန်းလေးကိုတော့ နာကျင်မှုနဲ့ အမှောင်ချထားပါရစေ။ အဲ့ဒီအခန်းလေးမှာ အလင်းရောင်မရှိသလို ကျနော့ကိုလည်း အသက်ရှူကြပ်စေတာမို့ပါ။

နေထိုင်ဖြစ်ခဲ့တဲ့ အခန်းမဟုတ်ပေမယ့် အလုပ်လုပ်တဲ့ ကျနော့ အလုပ်ခန်းကိုလည်း ကျနော် သတိရမိပါသေးတယ်။ Executive က Plant extension နဲ့ project ကိုအရွှေ့ ကျနော်က ယာယီတာဝန်ယူလိုက်တဲ့အခန်းငယ်လေးပါပဲ။ တစ်ချို့ညတွေမှာ ဒီအခန်းလေးမှာပဲ နေ့နေ့ညည အလုပ်တွေလုပ်နေမိတတ်တယ်။ လကုန်ရက် report တွေ ပြီးဖို့ ၀န်ထမ်းလစာတွေ တွက်ဖို့ စတဲ့ မဆုံးနိုင်တဲ့ စာရင်းဇယားတွေနဲ့ လုံးလည်ချာလည်လိုက်နေခဲ့တာ။ တစ်ချို့မနက်ခင်းတွေမှာ ခုံပေါ်မှာ အလုပ်လုပ်ရင်း အိပ်ပျော်နေခဲ့တာမို့ လိုင်းထဲက ကလေးတွေက မိုးလင်းပြီဆိုတာ အခန်းတံခါးကိုခေါက်နှိုးမှ သိရတတ်တာလေ။ ဒါကြောင့်ဒီအခန်းလေးကို မနေဖြစ်ပေမယ့် သံယောဇဉ်က ဖြစ်မိပြန်ရော။

အပြင်ကို စရောက်လတော့ ပထမဆုံးနေဖြစ်တာ သူငယ်ချင်းရဲ့ Angmokio က အခန်းမှာပါ။ အလုပ်ရပြီး ၁လမပြည့်ခင်မှာ woodland က အခန်းလေးကို ရွှေ့ဖြစ်ခဲ့တာပါ။ woodland က အခန်းလေးကတော့ ပထမဆုံးအလုပ်နဲ့အတူ ရုန်းကန်မှုတွေကို ဖြစ်စေခဲ့တယ်။ ရောက်ခါစမို့ အပြင်ကလည်း မသွားနိုင် (ငွေရေးကြေးရေး အခက်အခဲတွေကြောင့်ပါ)၊ အလုပ်ကလည်း ပင်ပန်း (ခြောက်ရက်အလုပ် အပြင် ကိုယ်ကာယကို စိုက်ထုတ်ရတဲ့ အလုပ်မျိုးမို့ပါ) တာမို့ အခန်းကိုရောက်ရင် အခန်းအပြင်ကို မထွက်မိတော့။ စာအုပ်စင်မှာ ရှိတဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်။ သူငယ်ချင်းပေးလိုက်တဲ့ ကွန်ပြူတာအဟောင်းကြီးနဲ့ ရုပ်ရှင်ကြည့်။ သူငယ်ချင်းတွေ အလည်လာ ဒါတွေနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးစေခဲ့တယ်။ အေးအေးချမ်းချမ်း အတူနေသူတွေမို့ အိမ်ရှင်ကသာ ပိုက်ဆံကို တစ်အားတိုးမတောင်းရင် ဘယ်လောက်ဝေးလံတယ်ပြောပြော ကျနော် အဲ့ဒီအခန်းမှာပဲ နေဖြစ်ဦးမှာပါ။ ပျော်ရာမှာ မနေ တော်ရာမှာ နေရတယ်ဆိုတာကြောင့် အခုနောက်ဆုံး အခန်းကို ရွှေ့ရပြန်တာပါပဲလေ။

လက်ရှိ အခန်းမှာ နေဖြစ်ခဲ့တာ တစ်နှစ်လောက်ရှိရောပေါ့။ ဒီအခန်းမှာလည်း ဒီအခန်းအလျောက်ပါပဲ။ ဘယ်အချိန်မှာ ဒီအခန်းက ပြောင်းရဦးမယ်ဆိုတာ မသိတတ်နိုင်ပြန်ဘူး။

တစ်ခေါက်တစ်ခေါက် ပြောင်းရတယ်ဆိုတာလည်း လွယ်လွန်းတယ် မဟုတ်ဘူးလေ။ သိမ်းရဆည်းရ ထုပ်ရပိုးရ ပြီးတော့ သူုငယ်ချင်းတွေကိုလည်း အကူအညီတောင်းရသေးတာ။ သူကလည်း အားဦးမှ ကိုယ့်ကို ကူညီနိုင်မှာလေ။ ဒီတော့ ပြောင်းဖို့ အရေးဆို ၀န်လေးနေမိတယ်။ ဒါပေမယ့် တစ်ရွာမကောင်း သူကောင်းမဖြစ်ပြန်လို့ နှလုံးသွင်းပြီး ပြောင်းစရာရှိ ပြောင်းရပြန်တာပေါ့။

နေခဲ့ဖူးတဲ့အခန်းတွေထဲမှာ တစ်ချို့ သတိရစရာ အမှတ်ရစရာ ပျော်ရွှင်စရာတွေကိုပေးပါတယ်။ တစ်ချို့ကတော့ နာကျင်စရာ ထိခိုက်စရာ ကြေကွဲစရာတွေကို ပေးပါတယ်။ ကိုယ်ကိုတိုင်က လူ့ဘ၀ဆိုတဲ့ အခန်းတစ်ခုထဲမှာ နေ, နေခဲ့တာမို့ ဒီအခန်းကိုလည်း ဘယ်အချိန်မှာ ပြောင်းရမလဲဆိုတာ ကိုယ်တိုင်တောင် မသိနိုင်ပြန်ဘူး။ သံယောဇဉ်အလွမ်းတွေနဲ့ အခန်းတွေကို ပြန်ကြည့်မိတော့ တော်တော်ကို များလှပါပကောလား…………………………………………………………………………

13 September 2009

ယမန်နေ့ည စက်ရပ်သတင်း

အထူးသတင်းမှာ ယမန်နေ့ညက ခရမ်းရောင်လွင်ပြင်ရှိ ကမ်းပါးတစ်ခု ပြိုသွားခြင်းနှင့် အနီရောင်လွင်ပြင်မှ ပေါင်ကျိုးသွားသူနှစ်ယောက် ဖြစ်ပွားခဲ့သည့် သတင်း…..


သတင်းအစုံအလင်မှာ…………………………

ခရမ်းရောင်လွင်ပြင်တိုင်းပြည်မှ မင်းသမီးလေးတစ်ပါးနှင့် သူမ၏ အုပ်ထိန်းသူ ရံရွေတော်ကြီးတို့သည် တိုင်းပြည်အနီးဝန်းကျင်မှ နတ်ဆရာမကြီးထံတွင် မင်းသမီးလေး၏ ကံကြမ္မာကို တွက်ချက်ကြရာမှ အဆိုပါ ကိစ္စ စတင်ခဲ့ပါသည်။

ထိုနတ်ဆရာမကြီးမှ မင်းသမီးလေး၏ ရှေ့ရေးအတွက်ရင်လေးစွာ ထူးဆန်းလှစွာသော အဆိုပါ တန်ပြန်မှုတစ်ခုကို ယမန်နေ့ညကပြုလုပ်ရမည်ဟု ညွှန်ကြားလိုက်ပါသည်။ သို့ဖြစ်ရာ အုပ်ထိန်းသူ ရံရွေတော်ကြီးသည် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသကာလ လိုအပ်သော အစီအရင်များ ပြုလုပ်စီမံခဲ့ပါသည်။


အနှီ အစီအရင်မှာ လကွယ်ည သန်းခေါင်ယံအချိန်တွင် မင်းသမီးလေးမှ နောင်လာမည့် အညံ့များပျောက်ပျက်စေခြင်းငှာ မင်းသမီးလေးနှင့် လုံးဝလုံးဝ မအပ်စပ်သော ဆင်းရဲနွမ်းပါးခြင်း အတိပြီးသည့်ဝတ်စုံ (မြင်တွေ့လိုက်သူများ အဆိုပါဝတ်စုံကို သေချာပေါက်သိပါသည်) ကိုဝတ်ဆင်ကာ လက်ထဲတွင်လည်း ဖွတ်ဂလိဒင်္ဂါး စိုးစဉ်းမျှ မရှိအောင်နေ၍ ခေတ်သစ် Gipsy စတိုင်ဖြင့် မနက်အာရုဏ်မတက်ခင်အထိ နန်းတော်ပြင်ပတွင် နေထိုင်ရမည်ဟု ဆိုပါသည်။


သို့ဖြစ်ရာ ရံရွေတော်ကြီးမှ သင့်ရာသင့်ရာ နှိပ်စက်လိုသူများ (ချစ်ခင်လွန်းအားကြီး၍ ကောက်တော်မူသည်ဟုလည်း ဆိုရာ၏) ကိုစီစစ်ရွေးချယ်ရာ အနီရောင်လွင်ပြင်အရပ်မှ လူရွှင်တော်တစ်ယောက်(ခပ်တည်တည်နေတတ်တဲ့လူရွှင်တော်ဟုဆိုပါသည်) နှင့် အဆိုပါလူရွှင်တော်၏ အစ်မတော်လူမိုက်(အခုထိမိုက်မဲနေတုန်း)ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သည်။

ဤမျှ ထူးခြားဆန်းကြယ်သော သတင်းကိုယူရန် အကျွန်သတင်းထောက်မှ နန်းတော်သို့အရောက်တွင် မူလက အစီအစဉ်တွင်မပါဝင်ခဲ့သော အနီရောင်လွင်ပြင်မှ စားဖိုမှူးတစ်ယောက်ကိုပါ ထပ်မံတွေ့ရှိခဲ့ရပါသည် (မြင်ကတည်းက ဒယ်အိုးကြီးကိုင်ထားလို့ စားဖိုမှူးအဖြစ်ယူဆခဲ့ရပါသည်)။

ရွှေနာရီမှ သန်းခေါင်းယံမောင်းမတီးခင် စီစဉ်ထားသည့်အတိုင်း နန်းတော်ပြင်ပသို့ ကြွချီတော်မူလာခဲ့ပါသည်။ ခေတ်သစ် Gipsy စတိုင်အဖြစ် ကော်ဖီတစ်ဂျား ရေနွေးတစ်ခရားနှင့် တိုလီမုတ်စ မြေပဲလှော် ပေါင်မုန့်ကိတ်မုန့်များအပြင် နန်းပြင်နန်းရပ် ဆက်သွယ်ရန် မိုဘိုင်းဖုန်းများ ကိုယ်စီကိုယ်စီကိုင်ဆောင်ကာ တခမ်းတနားစုတ်ပြတ်စွာ သွားရောက်ခဲ့ကြသည်မှာ မြင်သူရင်နင့်စရာကောင်းလှပါတော့သည်။

ထိုနောက်ရံရွေတော်ကြီးမှ ရွှေကြိုးတော်မေ့ကျန်ရစ်သည်ဟု သတိပေးတော်မူသဖြင့် နန်းတော်သို့တစ်ဖန်ပြန်လည် ၀င်ရောက်ကာ ရွှေကြိုးတော်ကိုယူရင်းတစ်ဆက်တည်း နန်းတော်သုံး မင်းသမီး၏လက်စွဲတော် မှတ်စုစာအုပ်ကို ယူဆောင်လာခဲ့ပါသည်။ အဆိုပါ မှတ်စုစာအုပ်ဖြင့် နန်းပြင်အရပ်တွင် မင်းသမီး၏ မျိုးတော်အပေါင်းဆွေရှစ်သောင်းကို ဆက်သွယ်ရန်ကြိုးစားသော်လည်း Gipsy များ၏နေရပ်ဖြစ်ပါသဖြင့် ဆက်သွယ်၍ မရခဲ့သည်မှာ အသည်းနာစရာကောင်းလှပါသည်။ မဟုတ်ပါက မင်းသမီးလေး၏ ရင်နင့်ဖွယ်ဖြစ်ရပ်များကို မျက်ဝါးထင်ထင်တွေ့မြင်ရမည်မှာ မုချဧကန်ပင်။


သို့သော်လည်း ရပ်ဝေးပေါင်ကျိုးသူနှစ်ယောက်အဖြစ် အနီရောင်လွင်ပြင်အရပ်မှ ရည်းစားစကားမပြောတတ်သူ လူပြိုရံတစ်ဦး၊ အစိမ်းရောင်လွင်ပြင်အရပ်မှ ရလိုရလို မြို့စားကြီးတစ်ဦးတို့သည် မင်းသမီးအား အဝေးမှပင် မင်းသမီးအပါးစက္ကန့်မခြားခစားလိုပါကြောင်း အားပေးစကားများ အဆက်မပြတ်ပြောကြားကာ သူတို့လုပ်ချင်သည်များကို နေရင်းအရပ်၌ပင် အိနြေ္ဒမပျက်လုပ်ကိုင်နေခဲ့သည်ကိုလည်း တွေ့ရှိရပြန်ပါသည်။


ထိုမှ မင်းသမီးအား အနီရောင်အရပ်ဒေသမှ လူရွှင်တော်က စတင်ဖြေဖျော်ရာ အကျွန် သတင်းထောက်အဖို့ မကြုံစဖူးထူးကဲစွာ ရယ်မောမိ၏။ အကျွန်၏ရယ်မောခြင်းကြောင့် နန်းတော်နံရံများတုန်ခါမည်ကို စိုးရွံ့သည်ကတစ်ကြောင်း၊ အဆိုပါလူရွှင်တော်ကိုယ်တိုင်မှ ထိန်းချုပ်ရန်ခက်ခဲသည်ဟု တင်ပြသည်က တစ်ဖုံ၊ Gipsy စတိုင်အပြည့်ဖမ်းလိုသည်က အဓိကဖြစ်သည်မို့ မူလ စခန်းချရာနေရာမှ ထို့ထက်ဝေးလံသော အရပ်ဆီ ထွက်ခွာရမည်ဟု အမိန့်တော်ရှိပြန်သည်။


ထပ်မံရှာဖွေတွေ့ရှိသောနေရာသစ်မှာ တစ်တိုင်းတစ်ပြည်သားတို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခု၏ ဘေးတွင်ဖြစ်၏။ စခန်းချလို့မှ မဆုံးခင် ရံရွေတော်ကြီးမှ ပြောသင့်ပြောထိုက်သည်များကို စတင်ပြောကြားရာတွင် ရံရွေတော်ကြီး၏ အသံနောက်တွင် နောက်ထပ်အသံများ ထပ်ချပ်မကွာလိုက်ပါလာပြန်သည်။ ထို့အတွက် ကြောက်ရွံ့ခြင်းကြီးစွာ ဖြစ်တော်မူသဖြင့် ထိုအရပ်သည် စခန်းချရန် မသင့်လျော်ပြန် ဟုသတ်မှတ်၏။

ခရမ်းရောင်လွင်ပြင်ရှိ နာမည်ကြီး၍ လူသူအရောက်ပေါက်နည်းလှသော ပန်းဥယျာဉ်တစ်ခုမှာ ယခုရောက်ရှိနေရာမှ မနီးမဝေး နှစ်လံအကွယ် သုံးပြသာသာခရီးတွင်ရှိသည်ဟုဆိုပြန်၏။ အံ့သြမကုန်သော ခရီးကြမ်းတို့ကို ဖြတ်သန်းလိုသော ရွှေမင်းသမီးနဲ့ အပေါင်းအပါများသည် မကြောက်မရွံ့ နောက်မတွန့်ပဲ ရှေ့သို့သာ ချီကြကုန်၏။

သန့်ရှင်းမွှေးကြိုင်လှသော ပန်းခြံသို့အရောက်တွင် သယ်ဆောင်ခဲ့ခြင်းအလျဉ်းမရှိသော နူးညံ့လှသည့် သားမွှေးအခင်းတို့ကို ဆင်ယင်ခင်းကျင်းတော်မူခဲ့သည်။ ထိုမှတစ်ဝ စက်နာရီကို ကြည့်တော်မူသော် အစီအစဉ်၏ ၃၅ရာခိုင်နှုန်းသာ ပြီးသေးသည့် အဖြစ်ကို မှတ်တော်မူ၏။ နောက်ဆုံးစခန်းချရာ အဖြစ် ကွန်ဖမ်းယူကာ ရောက်တတ်ရာရာ စကားများဖြင့် ဟိုအကြောင်းဒီအကြောင်းသောင်းပြောင်းထွေလာများကို ပြောကာ ပါလာသမျှ အာဟာရတို့ကို တဇွတ်ဇွတ်နှင့် ပြွတ်ပြွတ်မြည်အောင်စားကြပါတော့သည်။

ပြောသမျှအကြောင်းအရာများအား အနှစ်ချုပ်ရသော် အကြွေးတောင်းခြင်းဆိုသည်တစ်မျိုး၊ ရထားမောင်းခြင်းဆိုသည်တစ်ခု၊ ချယ်ရီပန်းအရပ်မှ မဟာမိတ်များ လာသွားသည့် ခရီးစဉ်က တစ်ဖုံ၊ တမြန်နေ့ညတွင်ကျင်းပခဲ့သော ဇီးသီးတော ညီလာခံအကြောင်းတစေ့တစောင်း၊ မင်းသမီးအား တစ်အားချစ်ပါလျက် ပျက်ကွက်ကြသည့် ဆိုင်ရာဆိုင်ရာတို့ကို လွမ်းဆွေးခြင်းက တစ်လီ၊ ယနေ့ညတွင်ကျင်းပမည့် သက်ကြီးပူဇော်ပွဲ တစ်ခုအပါအ၀င် ထောင့်စုံအောင် ဆွေးနွေးကြသည်ကို မှတ်သားခဲ့ရပါသည်။

ထိုသို့သော အစီအစဉ်ကျင်းပနေချိန်တွင် ရပ်ဝေးရပ်နီးမှ စပျစ်သီးရှောက်သီးများ လိမ့်လာသည်ကိုလည်း အနီရောင်လွင်ပြင်အရပ်မှ လူရွှင်တော်က မှတ်သားထားသည်ကို တိုက်ဆိုင်စွာ တွေ့ရှိရပြန်ပါသည်။

စက်နာရီအာရုဏ်မတက်ခင် စားဖိုမှူးကြီး အပါအ၀င် အပေါင်းအပါများ အန္တရယ်နဲ့ ကြုံတွေ့နေရပါသဖြင့် မတိမ်းမစောင်းဗိန်းမောင်းတီးကာ လှပသာယာသော ပန်းဥယျာဉ်ကို ကျောခိုင်းခဲ့ကြပါတော့သည်။

နန်းတော်မ၀င်ခင် နန်းတော်ဝရှိ လုံခြုံရေးစခန်း၌် တစ်ထောက်နားခိုရင်း နန်းတော်အတွင်း သတင်းများ စနည်းနာခဲ့ကြပါသေးသည်။ မင်းသမီး၏လုံခြုံရေးကို ရှေ့ရှုကာ အချိန်တော်အခါမလင့် နန်းတော်တွင်းသို့ တိုးတိုးတိတ်တိတ် ပြန်လည်ဝင်ရောက်ခဲ့ကြပါသည်။

ထို့နောက် အစီအစဉ်ဖြစ်မြောက် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ခက်ခဲစွာ ချက်ပြုတ်ရသော လက်ဖက်ထမင်းကို ရံရွေတော်ကြီးမှ အားရပါးရလက်တော်ဖြင့် သုတ်ကျွေးခဲ့သည်မှာ နှစ်ထောင်းအားရရှိလှပါသည်။

အကျွန်သတင်းထောက်မှာ သတင်းများယူရသည်က ပင်ပန်းခြင်းကြီးစွာဖြစ်လျက် နန်းတော်ထိုင်ဖုံတွင် ခေတ္တခဏမှေးစက်ပျော်ခဲ့သည်ဖြစ်ရာ ထိုကာလအတွင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကိုတော့ လစ်လပ်ခဲ့ရပြန်ပါသည်။ သို့သော် နိုးလျင်နိုးခြင်း ရွှေမင်းသမီးမှ ပါးစပ်ဆိုင်းဖြင့် မောင်းတော်တီးနေသည်ကိုတော့ မပျက်ကွက်အောင် မှတ်ခဲ့ပြန်ပါသေး၏။

ယမန်နေ့ညက အံ့မခန်းဖွယ်သော စက်ရပ်သတင်းကို ယခုမနက်နိုးထချိန်မှ စ၍ ပြန်လည်ရေးသားစီကုံးကာ သတင်းစောင့်စားသူတို့ စိတ်ကျေနပ်စေဖို့ သတင်းအမှန်များဖြင့် ထုတ်ပြန်လိုက်ပါကြောင်း…………………….


ညီမငယ်တစ်ယောက် Tag တဲ့ ပျော်ရွှင်စရာ အချိန်ကာလ (Happy moment) ဆိုတဲ့ ပို့စ်လေးပါ။ ဟာသဥာဏ် နည်းပါသဖြင့် ဖတ်၍မကောင်းပါက ထမင်းသိုးဟင်းသိုး ပို့စ်လေးအဖြစ် မှတ်ယူစေချင်ပါသည်။ ကျေနပ်ပျော်ရွှင်နိုင်ပါစေခင်ဗျာ…………………..

30 August 2009

Yor are my number one

You're My No.1

I've kissed the moon a million times
Danced with angels in the sky
I've seen snowfall in the summertime
Felt the healing of the powers above

I've seen the world from the highest mountain
Tasted love from the purest fountain
I've seen lips that spark desire
Felt the butterflies a hundred times

I've even seen miracles
I've felt the pain disappear
But still haven't seen anything
That amazes me quite like you do

You bring me up when I'm feeling down
you touch me deep you touch me right
You do the things I've never done
You make me wicked you make me wild
'Cause baby, you're my #1

I've sailed in a perfect dream
I've seen the sun make love to the sea
I've kissed the moon a million times
Danced with angels in the sky

I've even seen miracles
I've seen the tears disappear
But I still haven't seen anything
That amazes me quite like you do

12 August 2009

အရောင်များနှင့် ကစားခြင်း

ညီရေ ဓါတ်ပုံတွေကြည့်ချင်တယ်ဆိုလို့ အရောင်နဲ့ပတ်သတ်ပြီး လက်တည့်စမ်းထားတာလေးတွေ တင်ပေးလိုက်ပါတယ်။ စာအနေနဲ့ ရေးဖြစ်မယ်ဆိုရင်တော့ နောက်များမှ ရေးပေးပါမယ်ခင်ဗျာ။

ကျနော့မှာ အရောင်စုံနဲ့ လက်သည်းနီပုလင်းတွေ မရှိတာမို့ ကင်မရာမှာပါတဲ့ user defined setting ထဲက WB shift/BKT Function သုံးပြီး အရောင်လေးတွေ ပြောင်းရိုက်ထားတာလေးတွေ တင်ပေးလိုက်ပါတယ်။

တစ်ခါတစ်ခါ အရာဝတ္ထုတစ်ခုတည်းအပေါ်မှာတင် ခံစားချက်တွေပြောင်းသွားစေတတ်တာ ဒီအရောင်တွေရဲ့ ညှို့ယူနိုင်စွမ်းတွေကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်



















ဘာရယ်မဟုတ်ပါဘူး အရောင်စုံ အရုပ်ကလေးတွေပါ....












ညီရေ ပျော်ရွှင်ကျေနပ်မယ်ထင်ပါတယ်ဗျာ


04 August 2009

ဆူးတစ်ပင်အကြောင်း


ဒီအကြောင်းကို ရေးဖို့ တကယ့်ကို ချီတုံချတုံ ဖြစ်ရပါတယ်။ TAG တွေကို တာဝန်တစ်ခုလိုပဲ တတ်နိုင်သလောက် မြန်မြန်ရေးပေးနေကြလေ။ ကျနော်က အိမ်စာပါရင် မနေတတ်ဘူးခင်ဗျ။ ဒီပို့စ်ကို ရေးဖို့တော့ အတော် တွန့်ဆုတ်ပါတယ်။ ရေးဖို့ မရေးဖို့ ချိန်ဆရင်း တောင်းဆိုသူကလည်း အလေးထားရတဲ့ အစ်မတစ်ယောက်မို့ ရေးပေးလိုက်ပါတယ်ခင်ဗျာ…..

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဆူးတစ်ပင်အကြောင်းပါ။ ဆူးတစ်ပင်လုံးကို သူကိုယ်တိုင်ပဲ စိုက်ပျိုးမိခဲ့တာ။ အခုတော့ အမှတ်တရပေါ့…………………………………….

ကျောင်းစတက်တဲ့ သူငယ်တန်းမှာ သူ ဒုတိယဆု ရခဲ့တယ်။ နေကြာပန်းတံဆိပ်စောင်လေးတစ်ထည်၊ ရွှေဝါဆပ်ပြာ နှစ်တုံး၊ စက်မှု ၁ ထုတ် ကြွေ ပန်းကန် အ၀ါရောင် တစ်ချပ် ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ။ ကျောင်းအုပ်ဆရာမကြီးနာမည်က ဒေါ်သိန်းသိန်းဆွေ။ အခုအထိ အဲ့ဒီ နေကြာပန်း စောင်ကလေး ရှိသေးတယ်။

မေကပြောတယ် ဘာကြောင့် ပထမ မရသလဲတဲ့။ ငါ့သိက္ခာကျသတဲ့။ သူများလည်း ထမင်းစားတယ် နင်လည်း ထမင်းစားတယ်။ ဘာကြောင့် သူများရတဲ့ ပထမ နင်မရခဲ့သလဲ။ ဝေးပါသေးတယ် ဒါနဲ့များ ဆရာဝန်ဖြစ်ချင်သတဲ့။

ဆတ်ဆတ်ခါနာတဲ့ စိတ်နဲ့ ဆူးတစ်ပင်ကို စပျိုးခဲ့မိတာ။

နောက်တစ်နှစ်ကနေစပြီး နှစ်တိုင်းကို မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ။ သူက စကားလုံးတွေရဲ့ ထိရှမှုကို နှလုံးသားနဲ့နာကြားခဲ့တာ။ စကားလုံးတိုင်းကို အခုထက်ထိမှတ်မိနေအောင် နာကျင်ခဲ့ရတာပါ။

လေးတန်းနှစ်မှာ ဆူးပင်ပိုမိုရင့်သန်စေခဲ့တယ်။ အဲ့အကြောင်းကို ဒီမှာရေးခဲ့ဖူးပါတယ်။ ပြီးတော့ ဖေနဲ့မေက သူ့ကို ကတိတစ်ခုပေးခဲ့ဖူးတယ်။ သူက ကတိတွေပေးပြီး လုပ်မပေးခဲ့ရင်လည်း မကြိုက်တတ်ပါဘူး။ သူတို့အလိုဆန္ဒတွေကို နှစ်တိုင်းဖြည့်နိုင်ခဲ့ရင် အဲ့ဒီ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အသေအချာ ဘောင်ခတ်ပေးမတဲ့လေ။ ဒါပေမယ့် ယနေ့ထက်ထိ ယနေ့ထက်ထိ လုပ်မပေးခဲ့ကြပါဘူး။ သူ မကျေမနပ်ပြောတိုင်း အခုထိ မမေ့နိုင်သေးပဲကိုးဆိုပြီး ရယ်မောပစ်လိုက်ကြတယ်။

အထက်တန်းကျောင်းမရှိသေးတဲ့ စက်ရုံမြေမှာမို့ ကိုးတန်းကိုတော့ အထက်မင်းလှအထက်တန်းကျောင်းကို ပြောင်းခဲ့ရတယ်။ ကိုယ့်ရွာကြက်ဖ သူများရွာ ကြက်မတဲ့။ နှိမ်လိုက်ကြတာလည်း မပြောပါနဲ့တော့ဗျာ။ အစမ်းစာမေးပွဲ အမှတ်တွေ မထွက်ခင် အထိပေါ့။ အမှတ်ထွက်လာပြီးတဲ့နောက် မုန်းတီးတဲ့ မျက်လုံးတွေကို နေ့တိုင်း ရင်ဆိုင်ခဲ့ရတယ်။ အခန်းဝင်ဝင်ချင်း ဒေါင့်စွန်းမှာ ထိုင်တာမို့ လွယ်အိတ်နဲ့တစ်မျိုး စကားနဲ့တစ်သွယ် မျက်စောင်းနဲ့အမျိုးမျိုး ရန်စသွားခဲ့ကြတာ။ သူများရပ်ရွာ ကျောင်းတက်ရတာလည်း ဆူးပင်ကို ရင့်သန်စေခဲ့တာပါပဲလေ။

ကိုးတန်းစာမေးပွဲမဖြေခင် သင်္ချာဆရာမ ဒေါ်အေးအေးကျော်က သူ့ဇာတိမုံရွာမှာ ဆယ်တန်းတက်ဖို့ အိမ်ကို တိုက်တွန်းခဲ့တယ်။ ဒါနဲ့ ဆယ်တန်းကို သူ့ဇာတိမြို့မှာ တက်ခဲ့ရပြန်တယ်။ မေက အထက ၁ ထွက်မို့တစ်ကြောင်း၊ ကျောင်းအုပ်ကြီးကလည်း သူ့ကို ငယ်ကတည်းက ထိန်းကျောင်းခဲ့ဖူးတဲ့ ဦးဆန်းဖြစ်တာတစ်ကြောင်း အထက ၁မှာ ထားမယ်ပြောတယ်။ အဒေါ်အကြီးဆုံးကတော့ သူလက်ရှိအလုပ်လုပ်နေတဲ့ အထက ၃မှာပဲ ထားရမယ်တဲ့။ လက်ရှိသူငယ်ချင်းတွေနဲ့ တက်နေတဲ့ ၀ိုင်းက အထက ၂၀ိုင်း။ တော်သေးတယ် သုံးကျောင်းပဲရှိလို့။ တက်ဖြစ်ခဲ့တာ အထက ၃ပါ။

သူ့အသိုင်းအ၀ိုင်းက ဆရာမ အသိုင်းအ၀ိုင်း။ အတန်းထဲ ၀င်သမျှ ဆရာဆရာမတွေက သူ့နာမည်ကို မသိဘူး။ ဘယ်သူ့သားလေး ဘယ်သူ့တူလေး ထပါဦးဆိုပြီး စာမေးတော့တာ။ လူလည်ခေါင် အရှက်မကွဲချင်တာနဲ့ ကျက်လိုက်ရတဲ့ စာတွေ။ နေ့လည် အိမ်ပြန် ထမင်းစားရင် ပန်းကန်ရှေ့ချပြီးတော့ ကို ကျက်ခဲ့ရတာ။ ကျောင်းပြန်တက်ရင် ဖြေရဦးမှာလေ။

စာမေးပွဲကြီးနီးလာတဲ့ ဆောင်းတွင်းတစ်ခုမှာပဲ BIO ဆရာမအိမ်မှာ ပြဿနာတစ်ခုဖြစ်ခဲ့ရတယ်။ သူစာမေးပွဲဖြေဖို့ သီးသန့်ဝယ်ထားတဲ့ စာရွက်တွေကို သူငယ်ချင်းတွေက သုံးပစ်ခဲ့ကြတယ်။ စိတ်ဆိုးလွန်းမက စိတ်ဆိုးပြီး စာမေးပွဲမဖြေပဲ အိမ်ပြန်လာခဲ့တယ်။ နောက်တော့ အဲ့ဒီစာသင်ဝိုင်းက ထွက်ပစ်ခဲ့တဲ့အထိ။

နောက်တော့ နီးစပ်ရာ ဆရာတွေက ဟိုဝိုင်းလာပါ ဒီဝိုင်းလာပါခေါ်ကြပေမယ့် ၀ိုင်းခေါင်းဆောင် အတန်းသားတွေက သူ့ကိုလက်မခံကြဘူးတဲ့။ အဆိုးဆုံးဝိုင်းကဆို သူ့ကို လက်ခံရင် သူတို့ ဒီဝိုင်းက ထွက်ပါမယ်ဆိုပဲ။ သူ့အတွက် ဆူးပင်ကြီးကို အကြီးကြီး ဖြစ်စေခဲ့တာပေါ့။ သူရဲ့ စိတ်က သူ့ကို ကြည်ဖြူစွာ လက်သင့်မခံတဲ့ အရပ်ဆို တစက္ကန့်တောင် မနေချင်ခဲ့ဘူးလေ။

ပြီးတော့ အဲ့ဒီနှစ်က သူ့ကျန်းမာရေး။ မေ့ဆီက အမွေကို သူမတောင်းပဲ ရခဲ့တယ်ထင်ပါတယ်။ အိပ်ဆေးတွေနဲ့ အဲ့ဒီဆေးတွေသောက်ရင်း ဒီနှစ်ကို မုန်းတီးနေခဲ့မိတယ်။ သူ့ကိုယ့်သူ သိလို့မဖြေပါရစေနဲ့ဆိုတော့ မေက အိမ်ရဲ့စီးပွားရေးက နောက်တစ်နှစ်ကျောင်းမထားနိုင်တော့ဘူးတဲ့။ ကဲ………

ရသလောက်အမှတ်ကလေးနဲ့ နှစ်သိမ့်ခဲ့ပါတယ်။ သူ သူ့ပြိုင်ဘက်တွေကို အရှုံးမပေးချင်ဘူး ဆိုတဲ့ စိတ်နဲ့ ရန်ကုန်မြေကို ခြေချခဲ့တယ်။ နယ်မှာ မရှိသေးတဲ့ ကွန်ပြူတာသင်တန်းကို တက်ခဲ့တယ်။ မြန်မာ့ကွန်ပြူတာ စင်တာဆိုတဲ့ အရပ်မှာပါ။ ယောင်လည်လည် တောသားလေးမို့ အားလုံးကအထင်သေးကြမှာပါ။ ဒါပေမယ့် အဲ့ဒီနှစ်မှာ သူဆုရခဲ့ပါတယ်။ ရခဲ့တဲ့ ဆုက နောက်တစ်နှစ်သင်တန်းကြေးပေါ့။

သူနေတဲ့ အိမ်က သူ့ကိုပြောတယ် NCC သင်တန်းမှာ ဂုဏ်ထူးရဖို့ အတော်ခက်သတဲ့။ နင်လိုလူမျိုး ဘယ်ဖြစ်နိုင်မှာလဲ တော်တော်ကို ထူးချွန်မှ ထက်မြက်မှတဲ့။ ဆူးတွေကို ချွန်အောင်လာသွေးနေကြ ပြန်တယ်။ နောက်တစ်ခေါက် သင်တန်းမှာ ဆုထက်ရပြန်တော့ ဆူးပင်ကို ချိတ်မိပြန်ရော။ IDCS ဆိုတဲ့ ခြေလှမ်းကို စလှမ်းမိပြန်ရော။ နေတဲ့ အိမ်က ကောင်းချီးပေးပါတယ်။ အကျနာမယ်တဲ့။ အဲ့ဒီ IDCS သင်တန်းတွေ ဆုံးတဲ့အထိ ပညာသင်စရိတ်ထောက်ပံ့ကြေး သူရခဲ့တယ်။ အတန်းဆုံးအောင် တက်ဖြစ်ခဲ့ပါတယ်။

IDCS သင်တန်းတက်ပြန်တော့လည်း သင်္ချာဆရာက သင်ရိုးစာအုပ်အစား ရှေ့ batch က the whole burma တစ်ယောက်ရဲ့ စာအုပ်ကို ကိုင်တယ်။ အဲ့ဒီစာအုပ်နဲ့ မတူရင် အဖြေမှန်မဟုတ်ဘူးဆိုပဲ။ သူက လက်မခံဘူးဆိုတော့ ဆရာက ပြောတယ် အဲ့ဒီ ကောင်မလေးက ၉၃မှတ်နဲ့ လက်ရှိ အမှတ်အများဆုံးရထားတဲ့သူတဲ့။ ဒါနဲ့ လက်ခံရရောလား။ ဆူးတွေကလည်း များလှချည်လားကွယ်ရို့။ သူသိပ်ကြိုက်တဲ့ သင်္ချာကို ၉၅ မှတ်ရအောင် ဖြေပြီး ဆူးပင်ကြီးကို ဘွားခနဲပြခဲ့ဖူးတယ်။

သူနောက်ထပ်ကျောင်းတစ်ခု အပြိုင်တက်ရပြီဆိုတော့ သူ့မှာ ဆူးပင်ကြီးကို ကြည့်မနေအားတော့ပါဘူး။ ကျောင်းနှစ်ကျောင်းကြားမှာ ဆူးတွေကို မေ့နေခဲ့ပြီလေ။ နှစ်ကျောင်းလုံး အောင်ဖို့အရေးထက် ဆူးပင်ကြီးက အရာမတွင်တော့ဘူးပေါ့။

သူအခု ဆူးတွေကို မေ့ပျောက်နေခဲ့တာ ကြာလှပြီ။ ဆူးပင်ကြီးရဲ့ အရိပ်နဲ့ ဆူးတွေကို မေ့နေခဲ့ပြီလေ။ အခုတော့ ဆူးတစ်ပင်အကြောင်း အမှတ်တရပါ………..

ကျနော်နဲ့ လောလောလတ်လတ်

တွေးနေမိတာက
အတွေးတွေက မဆုံးနိုင်ဘူး။ ဟိုတစ်စ ဒီတစ်စထဲမှာ…
..

ဘာတွေကိုတွေးနေမိခဲ့သလဲ တွေးနေရင်း အတွေးတွေ ပတ်ချာလည်နေပြန်တယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထိရှလွယ်လွန်းတယ်

ကျန်းမာရေး
အသံကြားတာနဲ့ MC ယူချင်နေမိတာ

ဟိုင်းဝေးလမ်းခရီးက ကျန်းမာရေးဆိုတာကို သတိရပြီး ပြုံးမိပြန်ရော

သာကေတက ကားမှတ်တိုင် မဟုတ်ဘူးနော်


ဖတ်ဖြစ်တဲ့စာအုပ်တွေက
တစ်အုပ်ထဲပါပဲ ဖတ်လို့မ၀သေးဘူး။ မဆုံးတဲ့ဇာတ်လမ်းဖြစ်စေချင်မိတာ မှားသလား


ရောက်နေဖြစ်တာက

စိတ်ရောက်နေတဲ့ နေရာက တစ်ခုတည်း

အပြင်မှာတော့ အရာပေါင်းထောင်သောင်းမက

ရေးဖြစ်နေတာက
အရည်မရ အဖတ်မရ

ကွမ်းစာလေးတွေပေါ့

တကယ်ရေးချင်တဲ့ စာမျက်နှာတစ်ခုက ဖွင့်လက်စ


နားထောင်ဖြစ်နေတာက
ပုံပြင်တစ်ပုဒ်ပါ

ပြောတဲ့သူက ပြောနေမှပဲဗျာ

ရွတ်နေမိတဲ့ကဗျာက
က ကဗျာလေး

ဘယ်လိုရေး

ဖြစ်ချင်နေတာက
ဖြစ်ချင်တိုင်းဖြစ်ခွင့်လေး ရချင်တယ်

စားဖြစ်နေတတ်တာက
ဖြိုသလစ်


သနားနေမိတာက
စိတ်ဆိုတဲ့ စကားလုံးကိုပါ

ဆန္ဒဆိုတဲ့ ဘောင်ထဲပိတ်မိနေလို့လေ

လွမ်းနေမိတာက
အသံတစ်ခုတည်းပါ စက္ကန့်မခြား ကြားနေချင်မိတာ

မေ့လျော့ပစ်နေမိတာက
ဘာလုပ်ရမယ်ဆိုတာကိုပါ

ခါးသက်နေမိတာက
ညဖက်အိပ်ချိန်တွေ (အိပ်ကို အိပ်ရမယ်လို့ ဘယ်သူသတ်မှတ်ခဲ့တာလဲ)

တမ်းတနေမိတာက
မနိုးတမ်းမက်ချင်မိတဲ့ အိပ်မက်တစ်ခုပါ

ကြိတ်ပြီးချီးကျူးနေမိတာက
မခံစားတတ်ဘူးဆိုတဲ့သူတွေ

ငါ့မှာတော့ အရာအရာတိုင်းအတွက် ရင်ဘတ်ကြီးဖွင့်လို့


ကြိတ်ပြီးအထင်သေးနေမိတာက

ခပ်ထူထူ ခပ်အအ ခပ်နန ခပ်နုံနုံ ကိုယ်လိုလူ (အဖြေမှန်သိလျက်နဲ့ ဒါမှားတယ်ဆိုရင်တောင် ယုံပါတယ်)


ဆန္ဒမရှိတဲ့နေရာ
ဆန္ဒရှိနေတဲ့နေရာ

ဆန္ဒရှိနေတဲ့ကိစ္စ
မျက်စိတစ်မှိတ်အတွင်း မေ့ပျောက်နိုင်စွမ်း (တစ်ချို့အရာတွေ လေးလံလွန်းတယ်)

မုန်းတီးနေမိတာက
အတ္တ

ချစ်နေတာက
ချစ်နေမိမှန်းမသိအောင် ချစ်နေတတ်တဲ့စိတ်ကလေး

စိတ်ပျက်နေမိတာက
အရာအားလုံးနောက်က မမြင်နိုင်တဲ့ အရာတွေ (မရှောင်နိုင်ခဲ့ဘူးလေ)

စွဲလန်းနေမိတာက
စွဲလန်းစေတဲ့အရာတွေပါ လောလောဆယ် သေချာတာက အပြာရောင်ပါ

လိုအပ်နေတာက

လိုအပ်တဲ့အရာက အနားမှာ ရှိမနေနိုင်ဘူးတဲ့ (အနားမှာ နေချင်တယ်လည်းဆိုပါလျက်....)

တောင်းနေမိတဲ့ဆု
မရှိခြင်းဆိုတဲ့ စကား မကြားပါရစေနဲ့

မဖြစ်နိုင်ဆိုတဲ့ အငြင်း မငြင်းပါရစေနဲ့

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငါ့ကိုဖုံးခေါ်ပါ၊ ထပ်တလဲလဲပြောပါ ငါကြားချင်လို့


ဝန်ခံချင်တာက
ပေါက်တတ်ကရတွေ ရေးခဲ့တယ် ဆိုတာ ရိုးသားစွာဝန်ခံပါရစေ……………….

ကိုအောင်သာငယ်နဲ့ မကြေးမုံမှ ပြိုင်တူ TAG ၍ ရေးရပါသည်....

15 June 2009

မျဉ်းပြိုင် မြို့နှစ်မြို့

အိပ်မက်မြို့တော်

ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက်ထဲကမြို့လေးတစ်မြို့။

ကျောင်းပြီးကာစ အလုပ်မရခင်စပ်ကြားမှာ Dangerous Beauty ဆိုတဲ့ ရုပ်ရှင်လေးကိုကြည့်မိတယ်။ ရင်ထဲကိုဝင်ရောက်စွဲငြိစေခဲ့တဲ့ ဇာတ်ကားလေးပါ။

မိန်းမလှလေးတစ်ယောက်ရဲ့ အချစ်နဲ့ ဘ၀။ သူချစ်ကျွမ်းဝင်တဲ့သူနဲ့ လွဲခဲ့ရတယ်။ သူ့မိခင်ရဲ့ အမွေကို ဆက်ခံဖို့ courtesan ဆိုတဲ့ ဘ၀ကိုရွေးချယ်ခဲ့ရတယ်။ courtesan ဆိုတာကလည်း လွယ်လွယ်မှတ်လို့။ လမ်းလျှောက်တာကအစ စကားပြောတာ ပြုံးတာ ရီတာအဆုံး ပုရိသတွေအသည်းကို ဆွဲလှုပ်နိုင်ဖို့ နည်းမျိုးစုံ သင်ရတော့တာပါပဲ။

လှပပြီး ဥာဏ်ပညာထက်မြက်တဲ့ သူ့အတွက် အရာအားလုံးကိုဖြတ်ကျော်နိုင်ရုံမကပါဘူး တစ်မြို့လုံးကို ကျော်ကြားသွားခဲ့တာပါ။ သူမနဲ့ ချစ်ပွဲဝင်လိုတဲ့ အရာရှိတွေ ပညာတတ်တွေ ချဉ်းကပ်သူတွေကြားမှာ ကျော်ကြားလွန်းလှတယ်။

ငယ်ချစ်နဲ့ပြန်ဆုံပြီး သူများတကာလိုပဲ ပျော်ပါးချစ်ခင်ခွင့်ရခဲ့ပေမယ့် ထာဝရပိုင်ဆိုင်မယ့် အချစ်မျိုးမဟုတ်ပါဘူး။ သူ့ချစ်သူက တကယ့် အထက်တန်းမျိုးရိုးကပေါက်ဖွားလာတာမို့ အချိန်တန်ပြီဆိုကတည်းက သူနဲ့ သင့်တော်သူဆိုသော အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ရက်သား ချခဲ့ပြီးလေ။ ဒီအတွက်ကြောင့်လည်း သူတို့နှစ်ယောက်ဝေးနေခဲ့ရတာ။ ပူဆွေးနေခဲ့ရတာပါ။

ဒီအချစ်ဇာတ်လမ်းလေးနဲ့အတူ ကျနော့ အိပ်မက်မြို့လေးက တကယ့်ကို ပီပြင်လာခဲ့တာပါ။ ရုပ်ရှင်နဲ့အတူ နောက်ခံမြို့လေးက ကျနော့ကို စွဲဆောင်ထားခဲ့တယ်။ မြို့လေးထဲမှာ လှေစီးကြတာလေးတွေ။ ရေပြာပြာလေးတွေနဲ့။ ကျနော့အိပ်မက်ထဲက မြို့လေးတစ်မြို့ ပီပီပြင်ပြင် အရုပ်ထင်နေခဲ့တာ။

အိပ်မက်ဆိုတာက အပြင်မှာလက်တွေ့ဖြစ်ချင်မှ ဖြစ်တတ်တာမျိုးလေ။ တကယ်တမ်းနေမယ်ဆိုရင်လည်း နေဖြစ်မယ်မထင်ပါဘူး။ မြို့လေးလှတာနဲ့ပဲ နေရရင် ကြာရှည်နေဖြစ်မယ်တော့မထင်။ ဒါပေမယ့် တစ်ခါတစ်ခေါက်တော့ ရောက်ဖူးတယ် ရှိအောင် သွားချင်မိတယ်။ အခါအခွင့်သင့်ရင်ပေါ့လေ။ အိပ်မက်ထဲက မြို့ရေ…….


ရည်ရွယ်တဲ့မြို့ငယ်

အနှစ်နှစ်ဆယ်ပို့စ်မှာရေးခဲ့ဖူးပါတယ်။ ကျနော် တစ်လလောက်နေခဲ့ဖူးတဲ့ မြို့လေးပါ။ နွေရာသီကျောင်းပိတ်ရက်တိုင်း ကျနော်က ဘုန်းကြီးကျောင်းသားပါ။ ဧ၀ံမေသုတံကို မရ မချင်း အိမ်မပြန်ရတဲ့။ သုစိပုဘာကိုလည်း ကြောင်ပုဇွန်စား ကျွပ်ကျွပ်ဝါးရမတဲ့။ ဆရာတော်ကို အဲ့ဒီမြို့ခံတွေက အလှူဖိတ်တာမို့ ဘုန်းကြီးကျောင်းသား ကျနော်က ကန့်လန့်ကန့်လန့်နဲ့ပါသွားခဲ့တာပါ။

အလှူက ချက်ကျွေးတဲ့ မုန်ညင်း ၀က်သားပါးပါး ဟင်းချိုကိုလည်း ကြိုက်သွားမိတယ်။ မနက်ခင်းမှာကျွေးတတ်တဲ့ တို့ဟူးကြော်နဲ့ ကော်ဖီကိုလည်း စွဲလမ်းတယ်။ ညနေတိုင်းလမ်းလျှောက်ဖြစ်တဲ့ ကန်တော်ကြီး ပတ်ဝန်းကျင်ကိုလည်း လွမ်းမိပါတယ်။

အမြဲလျှောက်သွားနေကျ ကျနော့ကို မြို့ခံတွေက လမ်းပျောက်မှာမပူပါနဲ့တဲ့။ ဒီမြို့မှာ အမြင့်ဆုံးသစ်ပင်က ဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိတာပါ။ နေရာတကာကကို မြင်သာထင်သာပါတယ်တဲ့။ အပင်ကိုမှန်းပြီး ရမ်းသာလျှောက်ခဲ့ပါ။ ကျောင်းပြန်ရောက်ဖို့ အလွယ်လေးဆိုပဲ။

ပြောမယ့်သာပြောတာပါ။ အဲ့ဒီမြို့လေးက ကျနော့ကိုဒဏ်ရာတွေပေးခဲ့ပါတယ်။ မြို့ကအပြန် လက်ဆောင် အဖြစ်ငှက်ဖျားလေး သေသေချာချာကို ထည့်ပေးခဲ့တာ။ မနက်မှာကောင်းပြီး ညမှာ အဖျားတွေတက် ချမ်းလွန်းလို့ ခိုက်ခိုက်တုန် ကမ္ဘာကြီးကလည်း သင်္ဘောမုန်တိုင်းမိသလို ပင်လယ်ထဲ ချာချာလည်နေသလား အောက်မေ့ရတယ်။ ကုတင်တိုင်ကိုင်တာတောင် လူက ယိုင်တိုင်တိုင်။ ခံရခက်တဲ့ ဝေဒနာမို့ ဒီမြို့ကို အစွဲပိုစေခဲ့သလားမသိ။

ဒါပေမယ့် စိတ်မနာနိုင်ပါဘူး။ အဲ့ဒီမြို့လေးမှာအခြေချဖို့ တိုင်ပင်မိခဲ့တယ်။ ဖြစ်နိုင်ရင်ပေါ့။ အေးဆေးတိတ်ဆိတ်ပြီး ချစ်စရာကောင်းတဲ့ မြို့လေးမှာ နေထိုင်ခွင့်ရဖို့ ရည်ရွယ်ထားပါတယ်။

အဲ့ဒီမြို့နှစ်မြို့က ကျနော်အနေချင်ဆုံးမြို့နှစ်မြို့ပါပဲဗျာ။ တစ်မြို့က အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် နေဖို့မဖြစ်နိုင်ပါဘူး။ နောက်တစ်မြို့ကတော့ အသက်ဆုံးတိုင် နေဖို့ရည်ရွယ်ထားတာမို့ မြို့လေးကို ၀င်ဖြစ်ခဲ့ရင် အလည်တစ်ခေါက်လာရောက်လှည့်ပါခင်ဗျာ………….

မမိုးခါးရေ ကျေနပ်ပျော်ရွှင်နိုင်ပါစေနော်……………….

27 May 2009

နောင်လာမယ့် အနှစ်နှစ်ဆယ်

ဆက်လက်တည်ရှိကောင်းတည်ရှိနေမယ် ဆိုရင် အနှစ်နှစ်ဆယ်ရဲ့အလွန်ဆိုတာကို မျှော်ကြည့်ပေးဖို့ တောင်းဆိုလာပြန်တယ်။ ဘယ်အရာမှမမြဲတဲ့ ဒီလောကမှာ အနာဂါတ်ကို တွက်ဆရတာလောက် ခက်ခဲတာရှိမယ်မထင်ဘူး။ ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်လွန်းလို့ ကြိုတင်ရင်ခုန်မှုဆိုတာကို တတ်နိုင်သလောက် မျက်စိမှိတ်ထားတာ ကြာပြီလေ။ အနာဂါတ်အိပ်မက်အဖြစ်ငယ်တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်လေးကိုပဲ ဖော်ပြခွင့်ပြုပါ။ ပြီးခဲ့တဲ့ တလလောက်က အဲ့ဒီအိပ်မက်အကြောင်းကို ဆွေးနွေးဖြစ်သေးတာမို့ ပူနွေးနေအုံးမယ်ထင်ပါတယ်။

သေချာတာကတော့ ကျနော်ချစ်တဲ့အမိမြေမှာ တစ်လနီးပါးလောက်နေခဲ့ဖူးတဲ့ ချစ်စရာကောင်းတဲ့မြို့လေးတစ်မြို့မှာပေါ့ဗျာ…

ကန်တော်ကြီးတစ်လျှောက် အေးမြလတ်ဆတ်တဲ့ လေထုကို ရှူရိုက်ရင်း အဲ့ဒီမနက်ခင်းလမ်းလျှောက်ချိန်တိုင်းကို အေးအေးဆေးဆေးမင်္ဂလာရှိစွာ ကျော်ဖြတ်မယ်။ ခပ်သုတ်သုတ်လျှောက်ရင်း အိမ်မှာ အဆင်သင့်ဖြစ်နေလောက်ပြီ ဖြစ်တဲ့ တို့ဟူးကြော်နဲ့ ကော်ဖီအတွက် အခုကတည်းက ဆာလောင်ချင်နေပြီ။ လမ်းတစ်လျှောက်က အသိမိတ်ဆွေတွေကို ကျနော် တည်ရှိနေသေးကြောင်း သက်သေပြချင်လည်း ပြတတ်ပါလိမ့်မယ်။

မနက်စာစားပြီးရင်တော့ သတင်းစာလေးဖြစ်ဖြစ် စာအုပ်လေးဖြစ်ဖြစ် ကော်ဖီတစ်ခွက်နဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းစာဖတ်နေမိမယ်။ တစ်ယောက်တည်း ခေါင်းခါ ခေါင်းညိမ့် ဒါမှမဟုတ် အခါအားလျော်စွာ စာဖတ်ရင်း ရယ်မောစရာတွေကို တဟားဟား အော်ရယ်ရင်း နံနက်ခင်းတွေကို အသက်သွင်းကောင်း သွင်းမိမယ်။

နေရောင်ခြည်နွေးနွေးလေးကျလာပြီဆိုရင်တော့ အမြတ်တနိုးစိုက်ပျိုးထားတဲ့ ပန်းခင်းတွေထဲမှာ ကျနော် ရေလောင်းချင်လောင်းမယ်၊ ပေါင်းသင်ချင်ပေါင်းသင်ပါလိမ့်မယ်။ ဒီပန်းခင်းလေးအပြင် သီးပင်စားပင်လေးတွေကိုလည်း ပျိုးမယ် စိတ်ကူးတယ်။ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားရတာကိုနှစ်သက်တာရယ် တနိုင်စိုက်ပျိုးရေး အဖြစ် ၀င်ငွေလေးတစ်ခု ရှိစေချင်တာရယ်ပါ။

နေ့လည်စာကို ပုံမှန်လေးပဲ ကျော်ဖြတ်မယ်။ ပြီးရင်တော့ တရေးတမော အိပ်စက်အနားယူချင်လည်း ယူမိပါလိမ့်မယ်။ စာတွေဖတ်ဖို့ အချိန်ပိုရမယ်လို့လည်း ယူဆမိတယ်။ ဘလော့..ဆက်ရေးဖြစ်ဦးမယ်လား။ အဲဒီအိမ်လေးကို အပြည့်အစုံကျနော် ပြင်ဆင်နိုင်ရင်ပေါ့လေ။

တခါတရံမှာတော့ ကျနော် နှစ်သက်တဲ့ ဓါတ်ပုံရိုက်ခြင်းအလုပ်ကိုလည်း အပေါင်းအသင်းတွေနဲ့ လုပ်ဖြစ်ပါလိမ့်မယ်။ ရေတံခွန်တွေ သဘာဝအလှတွေနဲ့ မြေပြန့်ဖက် ဆင်းဖြစ်တာမျိုးလည်း ရှိကောင်းရှိမယ်။ ခရီးသွားရင်းနဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်ဖို့ကို ခြေလက်တွေ သယ်နိုင်တုန်းမှာ သေချာပေါက်လုပ်ဖြစ်မှာပါ။ ငွေရေးကြေးရေး အဆင်ပြေခဲ့တယ်ဆိုရင်တော့ ပြည်တွင်းမှာချည်းမဟုတ်ပဲ ပြည်ပအနုပညာတွေကိုပါ လေ့လာခွင့်ရချင်မိတယ်။

ညနေဖက်နေအေးအေးမှာတော့ ကျနော်နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်ဖြစ်ပါလိမ့်။ အဖော်တစ်ယောက်ရှိရင်တော့ Table Tennis ရိုက်ဖြစ်မလားပဲ။ ဒါမှမဟုတ် ကျနော်မလုပ်ဖြစ်သေးတဲ့ Golf ရိုက်ခြင်းကိုလည်း လုပ်ဖြစ်ကောင်းလုပ်ဖြစ်နိုင်သေးတယ်။ ပြီးရင်တော့ ကျနော်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ချင်ထောင်မယ် ဆိုချင်လည်းဆိုမယ်။ ဖြစ်နိုင်သေးတာက ကျနော်ဂစ်တာတီးတတ်ခဲ့ရင်ပေါ့။ သီချင်းလေးတွေတီးရင်း ဆိုမိမယ်ထင်တယ်။

ညဖက်ဆိုရင်တော့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားတွေရဲ့ တရားတော်တွေကိုနာရင်း ၀ိပဿနာကို အားထုတ်ဖို့ ကြိုးစားဖြစ်ပါမယ်။ ချမ်းသာမှုအစစ် အမှန်ကိုတွေ့အောင်ရှာဖို့က ကိုယ်တိုင် အားထုတ်ရမယ်မဟုတ်ပါလားဗျာ။

ဒါတွေက နောင်လာမယ့်အနှစ်နှစ်ဆယ်မှာ ကျနော်ဖြတ်ကျော်ဖို့မက်ထားတဲ့ နေ့ရက်အိပ်မက်တွေပါပဲ။ ဖြတ်ကျော်မယ့်နေ့ရက်တွေထဲမှာ ကျနော်နဲ့အတူဖြတ်ကျော်ဖို့ ကျနော့မိသားစုဆိုတာလိုအပ်ပါတယ်။ တွဲလက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း အိပ်မက်တွေ ရှင်သန်ခွင့်ရမရကိုတော့ ကျနော်သိခွင့်မရှိပါဘူး။ ကဲ…ကိုဖိုးသင်္ကြန်ရေ ကိုရွားသားအကြီးကြီး အနှစ်နှစ်ဆယ် အလွန်ကို ကျွံကြည့်မိသွားပြီဗျာ။

ကိုယ်ကိုတိုင်ရဲ့ အနာဂါတ်ကိုကျော်ကြည့်ပြီးချိန်မှာ ကျနော်ခင်တဲ့သူတွေရော ဘာလုပ်ကြမလဲကျနော်သိချင်မိလာတယ်။ TAG တွေကိုဆက် TAG ဖို့ကျနော် မရဲပါဘူး။ ဒါပေမယ့် ကျနော်သိချင်တာမို့ လက်ဆင့်ကမ်းလိုက်ပါတယ်။ သိခွင့်ပေးမယ်ဆိုရင် ရေးပေးကြပါခင်ဗျာ။

၁။ နာမည်ကျော် ဘလော်ဂါအမကြီး
၂။ မြသီလာအလွမ်းတွေကြားက ဆရာမ
၃။ ကျနော့ကို အိမ်လွမ်းအောင်အမြဲလုပ်တတ်တဲ့အမကြီး
၎။ အချက်အလက်လေးတွေနဲ့သေသပ်စွာရေးတတ်တဲ့ အမကြီး
၅။ စာတွေဖတ်တိုင်း ရွှင်လန်းစေတတ်တဲ့ စာရေးကောင်းတဲ့ အမကြီး
၆။ တစ်ကျော့ပြန် ညီငယ်နဲ့ ညီမငယ်
၇။ ဂွကျကျ ကောင်လေးတစ်ယောက်
၈။ လမ်းကြမ်းကြမ်းမှာ တစ်ယောက်တည်း မလျှောက်ရဲတဲ့ညီငယ်
၉။ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်ပိုင်ရှင်
၁၀။သူ့စာတွေဖတ်ပြီးရင် ကျနော်စာရေးချင်အောင် ငယ်ဘ၀တွေတိုက်ဆိုင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်
၁၁။နာမည်ကျော် ရေဒီယိုအသံရှင်ပေါ့ဗျာ

23 May 2009

အ မယ် မင်း ရယ်မှ ပြောရတော့မယ်

ဟောဒီ နိုင်ခြံဂါးကို ရောက်တာ မကြာမတင်ဆို နှစ်နှစ်ပြည့်တော့မယ်။ ရောက်ပြီဆိုကတည်းက အားလုံးက အထင်ကြီးကြတယ်။ အထူးသဖြင့် မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေပေါ့။ ငွေပိုငွေလျှံတွေ စုမိဆောင်းမိသလောက်ရှိပြီလို့ ထင်ကြတယ်။ ရွှေပြည်ကြီးမှာထက် ပိုရတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် ကျားကြီး ခြေရာကြီးသတဲ့။ မကြီးဝါရယ် အမယ်မင်းရယ်မှ ပြောရတော့မယ်လို့တောင် ငိုချင်းသာ ချလိုက်ချင်ပါတယ်။

ထွက်လာခါနီးတော့ ဖေဂျပန်ပြန်လာတုန်းက စုထားတဲ့ ဒေါ်လာငါးရာရယ်၊ ကျနော်စုထားတဲ့ ဒေါ်လာနှစ်ရာရယ်၊ အသိတစ်ယောက်ချေးငှားလိုက်တဲ့ ဒေါ်လာငါးရာရယ်၊ မုန့်ဖိုးပေးလိုက်တဲ့ ဒေါ်လာတစ်ရာရယ်။ ဒါပဲပါခဲ့တယ်။ ဒီရောက်တော့မှ လေယာဉ်ခစိုက်ထားတဲ့ သူငယ်ချင်းကို အဲ့ဒီအထဲက ဖဲ့ရှင်းပေးခဲ့ရတာ။ ကျန်တာလေးတွေ ခြစ်ခြုပ်ရင်းပေါ့။ သူငယ်ချင်းက နေရေးစားရေးကို တာဝန်ယူပေးခဲ့တယ်။ အလုပ်ရမှ ပြန်ဆပ်ပေါ့။ အလုပ်မရခင်တစ်လကတော့ ပြင်ပသွားလာမှုတွေအတွက်ပဲ ကုန်ကျခဲ့ရတယ်။

အလုပ်မ၀င်ခင် ကျနော့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ဖြစ်လာပြန်ရော။ သက်တမ်းတိုး သုံးရာနဲ့ အခွန်ခြောက်လစာ ဆောင်မှ သက်တမ်းတိုးပေးတယ်။ အလုပ်မရသေးခင်အခွန်ဆောင်ဖို့ ပါလာတဲ့ ဒေါ်လာလေးတွေ ဖြော။ ဟိုသူငယ်ချင်းဆီကနည်းနည်း ဒီသူငယ်ချင်းဆီက နည်းနည်းပေါ့။

အောက်တိုဘာလ အလုပ်ရပြီဆိုတော့ သူငယ်ချင်းဆိုက်ထားတဲ့ အိမ်လခနဲ့ PUB ကြေးတွေ ပြန်ပေးဖို့စရပြီ။ စင်ကာပူဒေါ်လာ ၅၄၀ကျော်ပေါ့။ ပထမဆုံးရတဲ့လခက အကြွေးနဲ့ အိမ်လခ နောက်တစ်လစာ ပေးရင်း လက်ထဲမှာ မကျန်တော့။

အလုပ်ရပြီဆိုတော့ အိမ်ပြောင်းဖို့လုပ်ရတော့မယ်။ အလုပ်နဲ့လည်း မနီးမဝေး အဆင်ပြေမယ့် အိမ်ကိုရှာရင်း အစ်ကိုကြီးနှစ်ယောက်တည်း နေတဲ့အိမ်မှာနေဖြစ်ခဲ့တယ်။ မလေးချက်ပွိုင့်နဲ့ ကပ်ရပ်နားမှာပါ။ အလုပ်နဲ့ သိပ်မနီးပေမယ့် အဲ့ဒီအစ်ကိုကြီးတွေနဲ့ စကားပြောလို့ အဆင်ပြေတာရယ် အဓိကအချက်က စာအုပ်စင်ပါပဲ။ အစ်ကိုကြီးနှစ်ယောက်စုထားတဲ့ စာအုပ်စင်က ဒီအိမ်မှာ ကျနော်နေဖြစ်စေဖို့ခိုင်လုံတဲ့ အကြောင်းပြချက်တွေပေါ့။ ဒုတိယလအပြီးမှာ အိမ်စပြောင်းတော့ အိမ်လခ ၃၀၀နဲ့ စပေါ် ၃၀၀။ ၆၀၀ ပါသွားပြန်ရော။ အိမ်ပြောင်းပြန်တော့ ပစ္စည်းရွှေ့ဘာရွှေ့ ဟိုဟာဝယ် ဒီဟာဝယ် အသေးမစိတ်ပေမယ့် ၂၀၀လောက်တော့ အသာလေးလျှောခနဲ။ အဲ့ဒီအချိန်ထိ အိမ်ကို ငွေမပို့နိုင်သေးဘူး။

ဒုတိယလ လ၀က်လောက်မှာ အိမ်ကိုဖုန်းခေါ်ရင်း မေက ငိုပါတယ်။ မျက်စိမှာ တိမ်ဖြစ်လို့ ခွဲရမယ်စိတ်ရမယ်တဲ့။ လက်ထဲမှာလည်း ငွေမရှိဘူးတဲ့။ လေးငါးဆယ်သိန်းတော့ ကုန်မယ်ထင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ငွေက အခုအချိန်ထိ မပေါ်သေးဘူး။ အသိတစ်ယောက်ပေးလိုက်တဲ့ ဒေါ်လာငါးရာကို ပြန်မဆပ်သေးဘူးလို့ ပြောလိုက်တယ်။ ပြီးတော့ အဲ့ဒီငါးရာကိုပဲ လူကြုံနဲ့ထည့်ပေးလိုက်ရတယ်။ စိတ်ထဲမှာတော့မကောင်း။

တတိယလမှာတော့ ကျနော်အဲ့ဒီအလုပ်ကထွက်ချင်နေပြီ။ ဒါပေမယ့် ဒီမှာက နေထိုင်ခွင့်ပြဿနာကလည်း ရှိသေးတယ်။ လက်ရှိအလုပ်က ဘယ်လိုမှအဆင်မပြေ။ ကြာရင်ကျနော့ကျန်းမာရေးအတွက် ပိုဆိုးလာမယ့် အခြေအနေမို့ အလုပ်သစ်ရှာရပြန်တယ်။ သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ သူ့အလုပ်မှာ အင်တာဗျူးရခဲ့တယ်။ အင်တာဗျူးဖြေဖို့ တက္ကစီငှားရပြန်တယ်။ တစ်ရက်ဆေးခွင့်ယူရင်း လက်ကျန်ကမရှိတော့။ ဆေးခွင့်ယူရင် ဆေးခန်းက လက်မှတ်ပါရပါတယ်။ ဆေးခန်းပြရင် သုံးဆယ်လောက်က စကုန်တာလေ။

ပြီးတော့ အလုပ်သစ်ရှာဖို့ ကွန်ပြူတာတစ်လုံးကလည်း မဖြစ်မနေ၀ယ်ရပြန်ရော။ သူငယ်ချင်းက သူ့ခရက်ဒစ်ကဒ်သုံးပါဆိုပေမယ့် တကယ်တမ်းငွေရှင်းမယ်လည်းဆိုရော ပြဿနာကတက်ပါလေရော။ မထူးပါဘူး ချီးငှားလက်စရှိတာနဲ့ နောက်ထပ် နောက်ထပ်ပေါ့။

မျှော်တလင့်လင့်နေတုန်းမှာ အလုပ်သစ်ကိုရလိုက်ပါတယ်။ အလုပ်သစ်ကိုရွှေ့ဖို့ အခွန်ဌာနမှာ ၀င်ငွေအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဆောင်မှ အလုပ်ထွက်ခွင့်ပေးမယ်တဲ့။ ကဲ ပြောင်းရပြီးရော ဆောင်မယ်ဆိုပြီးဆောင်လိုက်တာ ၈၂၀ကျော် ကျတယ်။ ကျန်တာလေးနဲ့ ဘယ်လိုဆက်ရပ်တည်မလဲ။ အကြွေးပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင် ၂၀၀၇ခုနှစ်တစ်ခုလုံး မျောနေခဲ့တာ။

၂၀၀၈ခုနှစ် နှစ်ဦးပိုင်းမှာတော့ တစ်လချင်း နည်းနည်းစီ ဆပ်နိုင်သလောက် အကြွေးတွေကုန်အောင်ဆပ်တယ်။ ဒီကြားထဲ ပါတိတ်ပါတိတ်ဆိုလို့ အမေနဲ့အဖွားအတွက် ပါတိတ်နှစ်ထည်ပို့လိုက်တယ်။ အမေက အဒေါ်တွေကောဆိုတော့ ဒီတစ်ခေါက်တော့ ဆောရီးပါလို့။ အမေဖက်က အဒေါ်က သုံးယောက်။ အဖေဖက်က ငါးယောက် အမတွေညီမတွေမပါ မရီးတွေမပါ။ ချောကလက် ချောကလက်ဆိုတော့ သယ်ပေးမယ့်လူကြုံတောင်သယ်သေးတာပဲလေပေါ့။ ဟောတစ်ခေါက် ဟောတစ်ခေါက် အခေါက်ရေလည်းများရော လက်ပန်းလည်းကျလာရော။ ဒါပေမယ့် ကျနော်ပိုက်ဆံမလွဲနိုင်သေးဘူး။

ငွေစလွှဲတာက မေလကစပါတယ်။ ကိုနာဂစ်က အချစ်တော်ဝင်လိုက်တာ ကျနော့အဖိုးအိမ်ပြိုပါလေရော။ အဖိုးက အဲ့ဒီစိတ်နဲ့လေဖြတ်ပြီး အိပ်ရာထဲဗုန်းဗုန်းလဲသွားတယ်။ မေက မျက်စပစ်နေပြီ။ တစ်အိမ်လုံးတော့ မတတ်နိုင်သေးတာမို့ ငါးသိန်းလောက်နဲ့ကျေနပ်ပါဗျို့လို့။

စာရင်းချုပ်တော့၂၀၀၈ တစ်နှစ်လုံးမှာ ကျနော့လွှဲငွေ အိမ်အတွက် သိန်းငါးဆယ်ကျော်။ ဒါ့အပြင်အမက တူလေးကျောင်းစရိတ် ထောက်ပါဦးက နှစ်သိန်း။ တစ်ခြားကျနော်လှူဒါန်းငွေ တစ်သိန်း။ နာဂစ် စင်ကာပူတစ်ရာ။ ပစ္စည်းအနေနဲ့ ဖေ့မွေးနေ့ ဆီကို ကိုင်နက်တစ်နာရီ ၅၀၀တန်တစ်လုံး။ မေ့မွေးနေ့ ဆီကိုနာရီ ၁၅၀တန်တစ်လုံး။ ကင်မရာလိုချင်တယ်ဆိုလို့ Canon Ixus ၄၉၉တန်တစ်လုံး။ ဘဏ်ထဲမှာ ဘယ်တော့မှ ငါးရာထက်ကျော်အောင်မရှိခဲ့ဘူး။ ဖြတ်ပြန်ပဟ ဟောနှစ်ကျပ် ဟောနှစ်ကျပ်နဲ့ အတောမသတ်နိုင်လို့ လတိုင်းကို ထိုင်ကြည့်နေရတာပါပဲ။

၂၀၀၉နှစ်ဦးပိုင်းမှာ အလွမ်းတွေကို ဖြေဖို့ အိမ်ပြန်ခဲ့ပါတယ်။ ခြောက်လစာ ကြိုဆောင်ပြီးတာမို့ အခွန်ဆောင်တာက ရှစ်လစာ ၂၀၀၈ တစ်နှစ်လုံးစာ ဆောင်ခဲ့တယ်။ လေယာဉ်လက်မှတ်က ၅၅၀။ ငွေဈေးတွေက တစ်အားကျနေပြီ။ လက်ထဲမှာ ပိုက်ဆံကလည်း မရှိသေး။ ရုံးက ၁၃လစာလေးကိုမျှော်နေတာလေ။ ပိုက်ဆံလည်းဝင်ပြီဆိုရော ငွေကျဈေးနဲ့မိရော။ ခရီးသွားဖို့ စီစဉ်ပြီးတာမို့ ၁၅၀၀လွှဲလိုက်တယ်။ တောင်ဖက်ကအမျိုး မြောက်ဖက်ကအမျိုး မိုးပေါ်ကအမျိုး မြေအောက်အမျိုး မကုန်နိုင်တဲ့ ရွှေမျိုးတွေက မှိုလိုပွနေပါလား။ နာရီတဲ့ဟ အင်္ကျီအင်္ကျီ ခါးပတ်ခါးပတ် ဦးထုပ်လေးကော မုန့်လေးတွေပေါ့ ချောကလက်တော့ ပါပစေနော် ကလေးတွေက ဆော့စရာတဲ့ ဟေ့ကောင် ငါဖို့ ဟန်းဆက်တဲ့။ sansaung touch screenဖုန်းတဲ့။ တောင်းတတ်တယ်နော်။ ဟန်းဆက်အဟောင်းကို ပေးဖို့ ဟန်းဆက်အသစ်လဲရပြန်တယ်။ မင်းအမဖို့ ပိုက်ဆံအိတ် သိပ်အကောင်းကြီး မဟုတ်ပါဘူး တစ်သောင်း နှစ်သောင်းတန်ပေါ့တဲ့။ လေးလေး သားတို့ဖို့က ကားနော်တဲ့။ သားကတော့ Ben 10 မှတဲ့။ မေ့နေလို့ ရေဘင်မျက်မှန်ဆိုပဲ။ ကဲရပ်တော့မှာ မဟုတ်တဲ့ ဈေးဝယ်စာရင်းကို ကိုယ့်ဘာသာပဲ ရပ်ပစ်လိုက်တယ်။ စာရင်းချုပ်ရင် လေးငါးရာတော့ အသာလေးကျော်တယ်။ ကျနော့ကိုယ်ကျနော် ၀ယ်မိတာက ကင်မရာ ၁၃၀၀တစ်လုံး။ အများသားနော်။ စိတ်အလိုလိုက်တာ စိတ်အလိုလိုက်တာ။

လေဆိပ်ရောက်ပြီဆိုမှ ဟင်းချနိုင်တယ်။ ဒါတောင် ကီလို သုံးဆယ်ပိုနေလို့ ငွေသုံးဆယ် ထွက်သွားခဲ့သေးတာ။ တတ်နိုင်ဘူးလေကွယ်ရို့။ လက်နှစ်ဖက် ကျောနှစ်ဖက်နဲ့ ပခုံးတွေလည်းပြည့်နေပြီလေ။

ဟိုရောက်တော့လည်း နိုင်ခြံဂါးပြန်ကြီးပေါ့။ လူကြုံတွေစောင့်ပေး အမျိုးတွေကိုပေး။ ပြီးတော့ မနားတမ်းခရီးရှည်ထွက်။ သားရယ် မေ့အမနှစ်ယောက်ခေါ်ချင်တယ်ဆိုတော့လည်း ဟုတ်ကဲ့ပေါ့။ မင်းအစ်ကိုလည်း ခေါ်မယ်လေသားရယ် အကူရတာပေါ့လည်း ခေါင်းညိတ်ပေါ့။ အားလုံးရှစ်ယောက်ပါတဲ့ ခြောက်ရက်ကြာခရီးရှည်တစ်ခုကို ပတ်စာခွာဖျာသိမ်း စရိတ်ငြိမ်းပို့လိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက်က လိုလိုမယ်မယ် ငွေပိုဆယ်သိန်းပေးထားခဲ့တယ်။ ငွေပိုဆိုတာနဲ့ မျက်စောင်းကထိုးနေကြပြီ။ အိမ်လခက ဟိုဟာက ဒီဟာကနဲ့ မဖြစ်ချေဘူး မေတို့ဖေတို့ ဘာလိုချင်သလဲဆိုတော့ တီဗွီဖလက်တဲ့။ ၃၂လက္မဈေးကျနေတယ်ဆိုပြီး ၈သိန်း ၇သောင်း ၀ယ်လိုက်တယ်။ ကုန်သွားအေးရော။

ဇာတိပြန်ရောက်တော့ အဖိုးအဖွားတွေဆောက်ခဲ့တဲ့ အိမ်ကြီး ပျက်စီးနေပြီ။ တစ်အိမ်လုံးဖြို ပြန်ဆောက်မှ ဖြစ်မှာ။ အဲ့လောက်တော့ မတတ်နိုင်ဘူးဆိုတော့။ ခြံစည်းရိုးလေး ပြန်ကာဖို့တဲ့။ အင်း ဟိုဖက်အမျိုးပေးရင် ဒီဖက်အမျိုးပေးမှ မျှတမယ်မဟုတ်လား။ ဟုတ်ကဲ့ ကျနော် ဟိုရောက်ရင် သုံးသိန်းပို့လိုက်ပါမယ်နော်….နော်လို့။

ပြန်ခါနီး ရန်ကုန်မှာသုံးဖို့ ကျနော့လက်ထဲ နှစ်သိန်းထည့်ထားပေးတယ်။ ဒါအကုန်ပဲတဲ့။ သုံးသောင်းဖိုးစာအုပ်တွေဝယ်လိုက်တယ်။ မသယ်နိုင်လို့ ဖြစ်နိုင်ရင် ဆိုင်လိုက်မ,လာချင်မိတယ်။ တို့တိ တို့တိနဲ့ လေဆိပ်ဝင်ကာနီး ပေါင်ပို သုံးသောင်းပေးအပြီး လေးထောင်ပဲကျန်တော့တယ်။

အခုလည်း အိမ်ကို တစ်ခုခုဝယ်ပေးမယ် ပိုက်ဆံစုခွင့်ပေးပါလို့။ အိမ်စရိတ်ဆိုပြီး နှစ်လ ငါးသိန်းပုံမှန်ပို့ပေးတယ်။မဟုတ်ရင် အမျိုးတွေတောင်းသမျှ အကုန်ကျ။ ကြိုကြားကြိုကြား Tricel တို့ ဓါးကြီးတို့က ဖေါက်ထွက်သွားသေးတာ။

ကျနော့အိမ်ကလူတွေက လခတွေ အများကြီးဆိုတာကိုပဲ မြင်ကြတယ်။ အိမ်လခက ဟိုကမိသားစု တစ်လစာစားစရိတ်လောက်ရှိတယ်ဆိုတာကို မသိကြဘူးလေ။ ကျန်တဲ့ အထွေထွေစရိတ်တွေကတော့ PUB (Public Utilities Bill) လို့ခေါ်တဲ့စရိတ်။ အင်တာနက်၊ ဖုန်းခ၊ အိမ်ကိုခေါ်တဲ့ ဖုန်းကဒ်တွေ (မြန်မာငွေခြောက်ထောင်လောက်ကို မိနစ်နှစ်ဆယ်ကျော်ပဲ ရတယ်၊ ဖုန်းတစ်ကဒ်က ထမင်း နှစ်နပ်တော့ စားလို့ရသေးတယ်)။ တစ်ပတ်တစ်ခေါက်ဆက်ပါဆိုတာကို နှစ်ပတ်တစ်ခေါက်ဆက်ဖြစ်တယ်။ ကြားထဲမှာ ကိစ္စကြီးငယ်ရှိရင်တော့ဆက်ဖြစ်ပါတယ်။ သွားလာမှုစရိတ် အပြင်ထွက်လိုက်ပြီဆိုတာနဲ့ အနည်းလေး မြန်မာငွေခြောက်ရာကျော်ကစထွက်နေပြီ။ တစ်လအသုံးစရိတ်က ရှစ်ရာနဲ့တစ်ထောင်ကြားမှာ။ အိမ်ကိုလွှဲအပြီး လက်ထဲမှာ ဗလာမဖြစ်ရုံတမယ်။

ဒီလ ဒီကအခွန်ကလည်းဆောင်ရဦးမယ်။ အိမ်ကိုပြောတော့ အခွန်ကဆောင်ပြီးသား မဟုတ်လားတဲ့။ ဒါကဒီဘက်ကလေဆိုတော့ အဲ့လိုဆောင်ရသေးလားတဲ့။ ပီအာဖြစ်ရင် လစာထဲက စီပီအက်ဖ်ဆိုတာက ထပ်ဖြတ်ဦးမယ် လစာနည်းသွားရင် သွားပြီ။ ပြီးတော့ မေတို့လည်းအလည်လာချင်သေးတယ်တဲ့။ လေယာဉ်စရိတ်၊ စားစရိတ်၊ နေစရိတ်အားလုံးပေါင်းရင်၂၀၀၀လောက်တော့ အသာလေးကုန်မှာ။ ခဏတော့ ရှန်တိန်လုပ်ထားပါလို့။ မင်းအစ်ကိုကို အဲ့ဒီခေါ်လေဆိုတာလည်းရှိသေးဗျ။ ၃၂သိန်းတဲ့ပွဲခ။

မဲဆောက်က ညီငယ်တစ်ယောက်က အွန်လိုင်းမှာအမြဲပြောတယ်။ အစ်ကိုတို့အဆင်ပြေတယ်နော်တဲ့။ ဥစ္စာပေါတယ်ဆိုပဲ။ ဟဲဟဲ ဟဲဟဲနဲ့ သွားပဲဖြဲပြလိုက်တယ် ရင်ထဲကမချိတင်ကဲကို သူမမြင်ပါစေနဲ့။

ကဲ…..လာကြဦးမလား နိုင်ခြံဂါး………..

ပေးရလို့ ကမ်းရလို့ ဒီစာမျိုးရေးတာမဟုတ်ပါဘူးခင်ဗျာ။ ပျော်လည်းပျော်စေ သိလည်းသိစေဆိုတဲ့စိတ်ရင်းနဲ့ပါ။ စေတနာမှန်လို့ကတော့ ဟိုဆုတောင်းလေးထဲကလို ညာဘက်က တစ်ဆုပ်ကြဲလို့ ဘယ်ဘက်က တစ်လှည်းဝင်ပါစေ။

21 May 2009

ရွာသားလေး နဲ့ ၀ိုင်တီယူ

ကျနော့ ဇာတိမြေက မုံရွာမြို့ပါ။ မွေးဖွားရာဒေသကနေ ဝေးတဲ့ အရပ်ဒေသတွေမှာပဲနေခဲ့ရတယ်။ ဘယ်ဇာတိလဲ လို့ဆိုတဲ့ မေးခွန်းတိုင်း အတွက်ဖြေလိုက်တိုင်း မုံရွာကပါ ပြောမိတယ်။ သြော် ဘယ်ရွာက ဆိုပြီး ပြန်မေးကြပြန်ရော။ အဲဒီတော့……

ဘလော့လေးစလုပ်တော့ မရွှေပြည်သူက အစ်ကိုဘယ်နာမည်ယူမလဲဆိုတော့။ ခေါင်းထဲစဉ်းစားမိတာက ချစ်တဲ့ဇာတိမြေကိုလည်းပါစေချင်တယ်။ ပြီးတော့ ဒီရောက်တဲ့ လူတွေတိုင်း ရွှေပြည်ကြီးကို ပြန်ရင် ရွာပြန်မယ်။ ရွာမှာက ဘယ်လိုနဲ့ ပြောတတ်ကြတယ်လေ။ ဒါနဲ့ ပြည်သူပြည်သားအဖြစ် ဂုဏ်ယူစွာလည်း တစ်ကြောင်း…

ကျနော်ကြီးပြင်းတဲ့ အရပ်က ဟိုးဝေးလံတဲ့ တောကြိုအုံကြားက စက်ရုံမြေလေးပါ။ ဆိုတော့ တော်ရုံတန်ရုံ သိသင့်သိထိုက်ပါတယ်ဆိုတာတောင် မသိတဲ့ ခပ်ထူထူ ခပ်အူအူ ထုံထုံ နုံနုံ နန အတီးအတ ထဲကပါ။ ဘယ်လောက်နုံလည်းဆို ရန်ကုန်ပထမဆုံးရောက်ဖူးတဲ့အခေါက်ပေါ့…..

ကျနော့အမှတ်မမှားရင် ကျနော့အသက်၅နှစ်ကျော်ကျော်ဖြစ်မယ်။ ရန်ကုန်မြို့ကြီးကိုတဲ့ ယောင်လည်လည်ဆိုပါတော့ဗျာ။ မေက ရန်ကုန်မှာကျောင်းတက်တာဆိုတော့ ရန်ကုန်ကိုစကျွမ်း။ ကရ၀ိတ်ကို လိုက်ပို့ပေးမယ် ရေခဲမုန့်သိပ်ကောင်းတယ်တဲ့။ ကရ၀ိတ်ကို ချီတက်ကြရောပေါ့ဗျာ။ ကရ၀ိတ်ကိုရောက်တော့ ကျနော်ကြည့်တယ်။ သေသေချာချာကိုကြည့်တာနော်။ အဲ့…မှန်တွေအပြည့်ကာလို့။ အပေါ်မော့ကြည့်တော့ အချွန်တွေ အတက်တွေနဲ့။ ပြီးတော့ အောက်ကို ငုံ့ကြည့် ပြန်တော့ ကော်ဇောတွေကို အကျခင်းလို့။ အထဲကိုဝင်မယ်လည်းဆိုရော မေ,နေဦးလေလို့ ဖိနပ်လေးကောက်ချွတ်တယ်။ ပေး..မေ့ဖိနပ်လည်းပေးဆိုတော့ မေတို့တွေ ကြောင်သွားကြတယ်။ ဟုတ်တယ်လေ…ဘုန်းကြီးကျောင်းထဲဝင်ရင် ဖိနပ်ချွတ်ရတယ်လေ ဆိုတော့မှ အားလုံးကျနော့ကို ၀ိုင်းဟားကြတယ်။ ကျနော်မှတ်ထားတာက ရွာက ဘုန်းကြီးကျောင်းတွေမှာသာ ကော်ဇောခင်းတတ်တာ အချွန်အတက်တွေနဲ့ ဆောက်ကြတာ ပြီးတော့ မှန်ဗီရိုကြီးတွေအကြီးကြီးတွေနဲ့လေ။ အဲ့လောက် ထူအတဲ့ အတွက် မှတ်မှတ်ယယ ဖြစ်အောင် ရွာသားလေးလို့ ဘလော့နာမည်ကိုပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် ရွာသားလေးဆိုတဲ့နာမည်က ယူထားပြီးဖြစ်နေတယ်။ မရွှေပြည်က ပြန်မေးတယ် အစ်ကို နာမည်အသစ်ရွေးပေးပါတဲ့။ ဘယ်လိုလုပ်ရပါ့။ ရွာသားလေးဆိုတဲ့ ပညတ်နဲ့ အများကြီးစဉ်းစားထားပြီးသားလေ။ နောက်တော့ ကိုကို(စက်မှုတက္ကသိုလ်)၊ အိအိခင်(နည်းပညာတက္ကသိုလ်) တို့လို….

တကယ်က ကျနော့မှာ အန်ချင်စရာကြီး လုပ်ဖို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဖေ့ကို ကြည့်ပြီး မလုပ်တော့ဘူးရယ်တွေးမိခဲ့တယ်။ ၀ါသနာပါမိတာကလည်း တစ်ခြားလေ။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ…

ဆယ်တန်းကို ကံစွတ်ပြီး အဲ့ဒီနှစ်က အောင်ခဲ့တယ်။ ဒါပေမယ့် ရမှတ်ကတော့ အားရစရာမရှိ။ ရည်ရွယ်ထားတာတော့ ဖြစ်လာမယ့်အကြောင်း လုံးဝမရှိတော့။ ဆယ်တန်းအောင်တော့ မဟာစည်မှာ ကိုရင်ဝတ်ရင်းကနေ ရန်ကုန်မှာ ကွန်ပြူတာ တက်ဖို့ အကြောင်းကဖန်လာပြန်တယ်။ ကျနော်နေတဲ့ တောင်ဥက္ကလာအိမ်က တစ်အိမ်လုံးနီးပါး ၀ိုင်အိုင်တီကပါ။ အစ်ကိုတစ်ယောက်က လက်ရှိတက်နေဆဲ။ ၉၆-၉၇ ခုနှစ်ကျောင်းတွေပိတ်ထားဆဲကာလပါ။ အစ်ကိုနယ်ကို အလည်လာတုံးကလည်း သူ့သူငယ်ချင်း ၀ိုင်အိုင်တီက အစ်ကိုကြီးတွေနဲ့အတူတူ။ သူတို့ကို ရွှေစက်တော်ပို့ရင်း ညတိုင်းနီးပါး လက်ဖက်ရည်ဆိုင်မှာ ကျောင်းကို လွမ်းတယ်ဆိုတဲ့ အကြောင်းတွေ ကျောင်းအကြောင်းတွေ ပျော်ရွှင်စရာ တက်ကြွနေတဲ့သူတို့ မျက်နှာတွေကို ငေးမောနေခဲ့ရတာပေါ့။ ရန်ကုန်ရောက်တော့ အစ်ကိုက ကျောင်းကို ခေါ်သွားတယ် နွေအေးမှာ ကြာစွယ်ဟင်းချိုနဲ့ဝက်သားဟင်းအချိုချက်ကျွေးတယ်။ ပြီးတော့ သြဘာလမ်းဆိုတာကို ရှင်းပြတယ်။ ဦးလူပေါဂိတ် ဆင်းရဲသားဂိတ်တွေကို ပြတယ်။ တိုင်လုံးကြီးတွေအောက်ကနေ ကျောင်းကြီးရဲ့ ခမ်းနားမှုတွေက အတိုင်းသားလေ။ ပြီးတော့ သူပြောပြတဲ့ အကြောင်းအရာ အသစ်တွေက စိတ်လှုပ်ရှားမှုနဲ့ နားထောင်လို့သိပ်ကောင်းနေခဲ့တယ်..တကယ်။ အိပ်မက်တွေ မက်တော့တာပေါ့။

ကျောင်းလျှောက်လွှာတွေခေါ်တော့ ပထမဦးစားပေးက စက်မှုပေါ့ (ရန်ကုန် မန္တလေးနဲ့ ပြည်သုံးခုထဲပါ)၊၊နောက်တော့ သွားဆေး၊ သစ်တောနဲ့ ကွန်ပြူတာနဲ့ ဘလာ ဘလာတွေပေါ့။

ကျောင်းတွေ ချပေးပြီဆိုတော့ ကျနော်နဲ့ ကွန်ပြူတာတက်နေတဲ့ သူငယ်ချင်းတွေက စက်မှုကနေ ကွန်ပြူတာကို ရွှေ့ကြတယ်။ ကျောင်းထဲကို တစ်ခေါက်ရောက်ပြန်တယ်။ ကျောင်းမှာ ကျနော်တို့နာမည်တွေ ရှိနေပြီ။ ဟေး…..ဒီကျောင်းကြီးမှာတက်ရတော့မယ်ပေါ့။ ပြီးတော့မှ ကျနော်တို့ကို နှစ်ခြမ်းခွဲလိုက်ပြန်တယ်။ မှော်ဘီနဲ့သန်လျင်တဲ့။ ဟာ…ဒါဆို ဘယ်လိုလုပ်မလဲ။ အဝေးကို ကျောင်းတက်ဖို့က မဖြစ်နိုင်ပြန်ဘူး။ ကျနော့မှာ လက်ရှိတက်လက်စ သင်တန်းတွေနဲ့။

ပြီးတော့ ကြားနေတဲ့ ကောလဟလ။ စက်မှုတက္ကသိုလ်ဆိုတာမရှိတော့ဘူးတဲ့။ သူငယ်ချင်းအဖေက အဝေးသင်ကဆိုတော့ သူ့ကို အကူအညီတောင်းတယ်။ သူက ကျနော်တို့ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးရုံးကို လွှတ်လိုက်တယ်။ ရုံးကိုရောက်တော့ အဆင့်ဆင့်မေးစမ်းကြည့်တာ ဆရာမမိုးမိုးအင်းလျား နာမည်ကြီး ၀တ္ထုတစ်ပုဒ်လို ဖြစ်သွားပါတယ်။

အဆညကို သွားခဲ့တယ်။ ကျောင်းပြောင်းတော့မယ်။ မြို့ထဲက မပြောင်းမယ့် ကျောင်းတစ်ခုခုမှာတက်မှ ဖြစ်မယ်။ မပြောင်းရွှေ့မယ့် ကျောင်းတွေထဲမှာ လက်ရှိတက်နေတဲ့ သင်တန်းတွေနဲ့ အနီးစပ်ဆုံးက ကွန်ပြူတာတဲ့(ကွန်ပြူတာက မပြောင်းရဘူးလို့ ကြားတာပါဗျာ)။ ကွန်ပြူတာက အဲ့ဒီနှစ်က ဆေး၊ စက်မှုပြီးရင် တတိယ၀င်ခွင့် အမှတ်အများဆုံး။ အဆညက အရာရှိက ကျနော့ကို ပေးမပြောင်းသေးဘူး။ သားရယ် စဉ်းစားပါတဲ့။ ဒုတိယကို ၀င်ခွင့်ရရဲ့သားနဲ့တဲ့။ လူတိုင်း အင်ဂျင်နီယာဖြစ်ချင်ပေမယ့် ဖြစ်ခွင့်မရတဲ့သူတွေအများကြီး။ အမှတ်တွေမှီရဲ့သားနဲ့ စဉ်းစားပါသားရယ်တဲ့။

အဆညရုံးရှေ့မှာ ချီတုံချတုံဖြစ်ပြန်ရော။ တွေဝေတတ်ပါတယ်ဆိုမှ တက်ပါမယ်လို့ အိပ်မက်တွေထားခဲ့တယ်ဆိုမှ။ အဲ့ဒီမှာ ခင်မင်စရာကောင်းတဲ့အမကြီးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကျနော်က သူ့ကို တ,ကျယ်လို့ခေါ်ပါတယ်။ ငါလည်းကျောင်းလာပြောင်းတာတဲ့ အခုမပြောင်းတော့ဘူးဟာ အင်ဂျင်နီယာပဲလုပ်တော့မယ်တဲ့။ ဘာပဲဖြစ်ဖြစ် ဒီကျောင်းပဲတက်မယ်တဲ့။ ဟာ..အဖော်တစ်ယောက်ရပြီဆိုတော့ ကျနော့အကျင့်အတိုင်း ဦးလေး ကျနော်မပြောင်းတော့ဘူးဗျာဆိုပြီး တစ်ချိုးတည်း ပြန်လာတယ်။ နောက်ဘယ်တော့မှ မလာတော့ဘူးဆိုပြီး။

တကယ်တော့ နောက်ထပ် ထပ်သွားခဲ့ရပါတယ်။ ကျောင်းတွေ တက်ဖို့ ရက်တွေနီးလာတော့ ကျနော့ကို ပို့တဲ့စာက မရသေးဘူး။ နယ်ပဲပြန်တက်ရမှာမို့ ကျနော့ကိုစာမပို့တာလားဆိုပြီး ယောက်ယပ်ကိုခပ်နေခဲ့တာ။ အဆညကိုတစ်ခေါက်သွားရပြန်ရော။ ဒီတစ်ခေါက်တော့ အဆညနဲ့တင်မရပ်တော့ဘူးဗျ။ နောက်ထပ် နတ်မောက်လမ်းကို လိုက်ပါတဲ့။ နတ်မောက်ရောက်တော့ ဟိုပြေးလိုက် ဒီပြေးလိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက် ဆိတ်ဟိုဒင်းလိုပါပဲ။ အိမ်ကပဲစောင့်ပါတဲ့။ စာတွေက ပို့လိုက်ပြီတဲ့။ ဖြစ်နိုင်ရင် ဖုန်းချလိုက်သလို ဂလောက်တောင်မြည်မလားမသိဘူး စိတ်ရှည်လက်ရှည် နှစ်ခွန်းပဲ ဖြေတယ်။ အမ အမဆိုတာတောင် ပြန်လှည့်မကြည့်တော့ဘူး။ သိပ်အလုပ်ရှုပ်နေတာ သူ့မှာ ခေါက်ဆွဲသုပ် ပန်းကန်နဲ့လေ။

အိမ်ရောက်တော့ အမောတကော ရေပြေးသောက်တယ်။ စာက အိမ်ရောက်နေပြီတဲ့။ တက်ရမယ့်ကျောင်းက မှော်ဘီတဲ့။

အဲဒီကနေ ၀ိုင်တီယူ ဖြစ်လာတာပေါ့ဗျာ….

ကိုနေညိုရင့်ရေ အဲ့လောက်ဆို တော်တော်ရှည်သွားပြီ..ဟုတ် :)