Showing posts with label Italy. Show all posts
Showing posts with label Italy. Show all posts

05 March 2020

ရောမနဲ့ စင်္ကာပူကို လဲရမယ့်နေ့

ဒီနေ့ညနေ လေယာဉ်နဲ့ စင်္ကာပူကို ပြန်ရမယ်။ရောမမြို့ကို စင်္ကာပူနဲ့ လဲရမယ့်နေ့။ မနက်ကို အစောကြီးထကြတယ်။ အစောကြီး ထရခြင်း အကြောင်းအရင်းက ရေပန်းတခုကိုသွားကြည့်ချင်လို့ပါ.....
ရထားတွေစဆွဲမယ့် အချိန်ကိုမှန်းပြီး ဟိုတယ်ကနေ အစောကြီးထလာကြတယ်။ ရောမမြို့က အမှောင်ထဲမှာ ချမ်းချမ်းအေးအေးနဲ့ အိပ်မောကျနေတုန်း။ နာမည်ကျော် ထရာဗီ ရေပန်းဟာ ရုပ်ရှင်ကားတွေထဲမှာလည်း ပါခဲ့ဖူးတာမို့ ရောမကိုလည််ပတ်သူတိုင်း မရောက်မဖြစ် ဓါတ်ပုံမရိုက်မဖြစ် နေရာတခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လူပြတ်တယ်လို့မရှိပဲ အမြဲ ရှုပ်ယှက်ခတ်နေတတ်တယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်များတာမို့ လုယက်မှုလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ နေရာတခုအဖြစ် ထင်ရှားပြန်သေးတယ်။

ဘူတာကနေထွက်တာနဲ့ ရေပန်းကို မြေပုံကနေလိုက်ရှာတယ်။ လမ်းလေးတွေဟာ သိပ်ချစ်စရာကောင်းတယ်။ သောက်ရေယူဖို့ ရေပန်းငုတ်တိုင်တွေလည်း ရှိနေသေးတယ်။ ရေပန်းကိုရောက်တော့ သူလိုကိုယ်လို ဧည့်သည်တွေ တချို့ရောက်နေပြီ။ဒါပေမယ့် သိပ်မများသေးတာမို့ ခပ်သွက်သွက်ဓါတ်ပုံရိုက်ကြတယ်။ လူရှင်းနေတဲ့ ရေပန်းပုံကို လိုချင်ရင် မနက်အစောကြီးထဖို့ လိုပါတယ်။


နောက်တနေရာအဖြစ် ကျနော်သွားချင်တဲ့ ရောမရှေးဟောင်း ဘုရားကျောင်း ပန်သီယွန်လို့ အမည်ထွက်မယ်ထင်တဲ့ ကျောင်းကိုသွားတယ်။ ပြုပြင်မွမ်းမံနေတာမို့ အထဲကို ဝင်ခွင့်မရဘဲ အပြင်ကနေပဲ ဓါတ်ပုံရိုက်ခွင့်ရတယ်။ သူ့အရှေ့က ရေပန်းလည်း အတော်လှတယ်။

ပန်သီယွန်ပြီးတာနဲ့ ဟိုတယ်ပြန်လာကြတယ်။ ဟိုတယ်မှာမနက်စာစား။ ရေမိုးချိုးပြီးတာနဲ့ ဟိုတယ်ကနေ ချက်အောက်လုပ်လိုက်ကြတယ်။ အိတ်တွေကို ဟိုတယ်မှာထားခဲ့ပြီး ရောမမြို့ပတ်ကားနဲ့လည်ကြမယ် စိတ်ကူးထားတယ်။ ကံမျက်နှာသာမပေးတော့ကားပေါ်ရောက်ပြီး သိပ်မကြာခင် မိုးက အသည်းအသန်ရွာတယ်။အပေါ်ထက် အမိုးပွင့်မှာ ခဏပဲ ထိုင်နိုင်တယ်။ လက်တွေဟာ ထုံကျင်အေးစက်လာတယ်။မြို့တပတ်ပြီးတဲ့ အထိ မိုးကမစဲသေးဘူး။ ကားဂိတ်ကို ပြန်ရောက်တဲ့အခါ နောက်တကား ပြန်ပြောင်းစီးကြတယ်။ ကားလက်မှတ်က တနေ့လုံးစာဆိုတော့ အမုန်းစီးပဲ။

ပထမတခေါက် ကားပေါ်ကနေ ဘယ်တွေကို သွားကြည့်မလဲဆိိုပြီး ကြည့်ထားကြတယ်။ ဒုတိယကား ခရီးတဝက်လောက်မှာ မိုးစဲစပြုတာမို့ ကားပေါ်က ဆင်းပြီး လျှောက်ကြည့်ကြတယ်။ ရောမမြို့က တကယ့်ကို ကြီးကျယ် ခမ်းနားတာပါကလား.....













ခြေထောက်လည််း ညောင်း လူလည်း ပင်ပန်းပြီဆိုတော့ မှ ဟိုတယ်ကို ပြန်အထုတ်ယူကြတယ်။ ဟိုတယ်ကနေ ဘူတာကို ကားငှားပြီးဆင်းတယ်။ ဘူတာကနေ လေဆိပ်ကို လီယိုနာဒိုအမြန်ရထားနဲ့ လေဆိပ်ဆင်းကြမယ်။ ဘူတာရောက်တဲ့အခါ ရထားလက်မှတ်ကောင်တာ ရှာမတွေ့ပဲ ဖြစ်နေခဲ့တယ်။ ပုံမှန်ရထားလက်မှတ်ကောင်တာတွေမှာ ဝယ်လို့မရတာမို့ ဘူတာထဲမှာ ပတ်ချာလည်နေသေးတယ်။ နောက်တော့ ဝန်ထမ်းဝတ်စုံနဲ့ တယောက်ကိုမေးတဲ့အခါ သူက သီးသန့်အခန်းတခုနဲ့ လက်မှတ်ကောင်တာတွေကို လိုက်ပြပြီး ကော်ဖီဖိုးပါတောင်းပါလေရော။ မြန်မာပြည်က လက်ဖက်ရည်ဖိုးတောင်းတဲ့ ယဉ်ကျေးမှုဟာ ရောမကဆင်းလာတာများလား...

ကော်ဖီဖိုး ငါးယူရိုပေးလိုက်တာနဲ့ ရထားလက်မှတ်ရသွားတယ်။ ဘူတာစင်္ကြန်ကို ရှာတဲ့အခါမှာ ရောမမြို့ရဲ့ သရုပ်အမှန်တခုကို ခံစားလိုက်ရပြန်သေးတာ။ ခရီးသွားဖော်ကို ဘူတာထဲက အမျိုးသမီးက စင်္ကြန်ဆိုပြီး ဓါတ်လှေခါးတခုကို ဦးဆောင်ခေါ်သွားတယ်။ ကျနော်လည်း ခရီးသွားဖော် ပါသွားတာမို့ ကြောင်တောင်တောင်နဲ့ နောက်ကလိုက်သွားမိနေတယ်။

ကံကောင်းတာကြောင့် ဖြစ်မယ် အစောက လက်မှတ်ဝယ်ပေးတဲ့ ဘိုးတော်က ကျနော်တို့စီးရမယ့် ရထားစင်္ကြန်ကို လက်ညိုးထိုးပြတယ်။ ဒါနဲ့ ခရီးသွားဖော်ကို ပြန်ဆွဲ ဓါတ်လှေခါးထဲ မဝင်ပဲ စင်္ကြန်ထဲ ဝင်လာလိုက်တော့တယ်။ ဟိုအမျိုးသမီးကဘာတွေလဲ မသိဘူး အော်နေခဲ့လေရဲ့။  သူ့နောက်များ လိုက်သွားရင် ဘာတွေ အလိမ်ခံရမလဲ နောက်မှ တွေးမိပြီး ရင်တွေထိတ်နေကြတာ။ နောက်ဆုံး ရထားထွက်ပြီး လေဆိပ်ကို ရောက်မှပဲ ဟင်းချနိုင်တော့တယ်။ ဒီခရီးမစခင် အခုလိုမျိုး အလိမ်အညာ အလုအယက်တွေနဲ့ ကြုံဆုံရတဲ့ အနောက်နိုင်ငံရောက် ခရီးသွားတွေအကြောင်း ဖတ်ခဲ့ဖူးတာမို့ စိုးရိမ်စိတ်နဲ့ ပြင်ဆင်သတိပေးဖြစ်ခဲ့တယ်။ အခုလိုမျိုး အပျောက်အရှ အဆုံးအရှုံးမရှိ ခရီးကို အောင်အောင်မြင်မြင် သွားနိုင်ခဲ့တာမို့ စိတ်သက်သာအေးချမ်းသွားတော့တာ.

လေဆိပ်ထဲမှ အခွန်ပိုက်ဆံထုတ်ပြီး ရတဲ့ပိုက်ဆံနဲ့ ရေခဲမုန့်စားကြတယ်။ ရောမကနေ ဒူဘိုင်းတဖြတ်ရောက်တော့ ဒူဘိုင်းမှာ ကော်ဖီသောက် စျေးဝယ်ကြပြန်တယ်။ ယူရိုပိုက်ဆံနည်းနည်းပိုတာတွေကို စျေးဝယ်ကြတယ်။ ဒူဘိုင်းကနေ စင်္ကာပူ ခရီးမှာတော့ ထိုင်ခုံတတန်းလုံး ဘေးလူမရှိတာမို့ အေးဆေးအိပ်ပြီးတော့ လိုက်လာနိုင်တယ်။ အဲ့ဒီနေ့မှာပဲ ရောမကို စင်္ကာပူနဲ့ မလဲချင်လည်း လဲခဲ့ရတော့တာပါပဲ........

28 February 2020

လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်


ဒုတိယနေ့ကိုတော့ စိန့်ပီတာ ရင်ပြင်ကို မြင်ရတဲ့ စိန့်ပီတာ ဘုရားကျောင်းရဲ့ ခေါင်မိုးထိပ်ဆုံးကို တက်ကြမယ်။ ရောမမြို့ရဲ့ နေထွက်ချိန် နေဝင်ချိန်ရှုခင်းတွေကို အလှဆုံးပုံဖမ်းနိုင်တဲ့ နေရာလို့ သိထားသော်လည်း ရာသီဥတုက တိမ်ထူနေတာကြောင့် ဒီဘဝအတွက်တော့ ရွာသားလက်လျော့ခဲ့ရတယ်။
မနက်စောစော ရောက်သွားတာတောင် ဝင်ဖို့ တန်းစီနေတဲ့ အတန်းက အတော်လေး ရှည်နေပြီ။ လုံခြုံရေးတွေကိုဖြတ်ပြီးတဲ့အခါ ဘုရားကျောင်းထဲ မဝင်သေးပဲ ဘေးနားက ဓါတ်လှေခါးလက်မှတ်ဝင်ဝယ်တယ်။ပြီးတော့ ဓါတ်လှေခါးနဲ့ ပထမအဆင့်လှေခါးထစ်တချို့ကို ကျော်ချခဲ့တယ်။ ဒုတိယအဆင့်​ လှေခါးထစ်ပေါင်း ၃၂၀ ကို ကြောင်လိမ်လှေခါးလို ခပ်ကျဉ်းကျဉ်းလေးနဲ့ တထစ်ချင်း တိုးဝင်သွားရတယ်။ အထပ်မြင့်ရောက်လေ လှေခါးဘေးနှစ်ဖက်ဟာ ကျဉ်းလာလေပဲ။ 



အပေါ်ရောက်တော့ အပြင်ထွက်လိုက်တာနဲ့ သိပ်လှတဲ့ ရှုခင်းနဲ့အတူ ခရီးသွားဘဝတူတွေဟာ စီးပြီးကြိုနှင့်တယ်။ တိုးရင်းဝှေ့ရင်း နေရာကောင်းတခုယူပြီး ဓါတ်ပုံကို စိတ်ရှိလက်ရှိ ရိုက်နေမိခဲ့တယ်။ အဝိုင်းတပတ် ပြည့်အောင်ပတ်ရင်း လမ်းအားလုံးဟာ ရောမမြို့သို့ ဦးတည်တယ်ဆိုတဲ့ အဆိုကို တွေးနေမိစေတယ်။






အောက်ကို ပြန်ဆင်းလာတဲ့အခါ စိန့်ပီတာဘုရားကျောင်းကို ဝင်ကြည့်ကြတယ်။ ခရစ်ယာန်ဘာသာတွေရဲ့ အထွတ်အမြတ်နေရာဖြစ်တဲ့ဒီဘုရားကျောင်းရဲ့ ကြီးမြတ်လှပတွေဟာ အံ့ချီးမကုန်အောင်ပါပဲ။ ပုပ်ရဟန်းမင်းကြီး အဖူးမျှော်ခံ ကြွမယ့်နေဖြစ်တာကြောင့် ခရစ်ယာန်ဘာသာဝင် ခရီးသွားတွေ တိုးကြိတ်နေကြတယ်။ ကျနော်တို့ကတော့ ဘုရားကျောင်းတခွင် ပတ်ပြီး ဓါတ်ပုံရိုက်ပြီး ပြန်ထွက်လာကြတယ်။ 

အချိန်ကိုကြည့်တော့ နေ့လည်စာ စားချိန်မမှီတော့ဘူး။ ၁၂နာရီမှာ ကိုလက်ဆီယမ်အေရီနာကို ဝင်ကြည့်ဖို့ လက်မှတ်ဝယ်ထားတာကိုး။ ကိုလက်ဆီယမ်တိုးက အတော်လေး ဗရမ်းဗတာ နိုင်ပါတယ်။ ချိန်းထားတဲ့အချိန် ရောက်အောင် ကျနော်တို့ သွားပေမယ့် တိုးဂိုက်က မရောက်သေးပါဘူး။ တိုးက ဝတ်စုံနဲ့လူလာခေါ်တော့လည်း ၁၂နာရီမှာ မဝင်ရသေးပဲ တိုးဂိုက်စောင့်တာလား တခြား ဧည့်သည်စောင့်တာလား မသေမချာနဲ့ ကိုလက်ဆီယမ်ရှေ့မှာ မတ်တပ်ရပ်ခိုင်းထားခဲ့တယ်။ 

အစားထိုး တိုးဂိုက်လား တခြားက တိုးဂိုက်လား တယောက်ယောက်တော့ ကျနော်တို့ကို အဖွဲ့တွေဖွဲ့ပြီး ဝင်ဖို့ ခေါ်လာတယ်။ တန်းစီစရာမလိုပဲ တခြားဝင်ပေါက်ကနေ ကျော်ဝင်ရပါတယ်။ ဒီတိုးဂိုက်က အတော်လေး ဆရာလုပ်ပါတယ်။ ဟိုဟာ မလုပ်ရ ဒီဟာမလုပ်ရ သူ့စကားနားမထောင်ရင် လူတွေကြားထဲ အော်ငေါက်သေးတယ်။ လာအိုတုန်းက တိုးဂိုက်လိုလူမျိုးပါပဲ။

သူရှင်းပြမယ့် အချက်အလက်တွေက အင်တာနက်မှာ ရှာကြည့်လို့ရပါတယ်။ အဓိက သူရှင်းပြတဲ့အချက်တွေကလည်း ဂလက်ဒီယေတာကားထဲမှာ အမှားတွေပါတယ်ဆိုတဲ့ အရာကိုပဲ ထောက်ပြနေခဲ့တာ။ 




သူ့စိတ်တိုင်းကျ တနာရီခွဲနောက်က တောက်လျောက်လိုက်ပြီးတဲ့အခါ ခရီးစဉ်ပြီးသွားပြီ။ အပေါ့အပါးလည်း အဲ့ကျမှ ပေးသွားတယ် တကယ့်ကျေးဇူးရှင်ပါပဲ။ သူ့လက်က လွတ်ပြီဆိုတာနဲ့ တော်တော်လေး ပျော်သွားကြတယ်။ ဒါတောင် နောက်ကနေ ဟိုမှာဒီမှာ မှာနေသေးတာ။ တမတ်တပ်တပ်နဲ့ဆိုတော့ ခါးတွေညောင်းနေတာမို့ ခဏထိုင်ဖို့နေရာရှာကြတယ်။ 

အညောင်းပြေပြီဆိုတော့ ကိုလက်ဆီယမ်ကို စိတ်တိုင်းကျပတ်တယ်။ အပေါ်ထပ်တွေ တက်တာတို့ မြေအောက်ထဲ ဆင်းတာတို့ဟာ နောက်ထပ်တိုးတွေ သပ်သပ်ရှိသေးတာပဲ။ တကယ်တမ်း ပြီးပြည့်စုံအောင်လည်မယ်ဆိုရင် နေ့တဝက် ဒါမှမဟုတ် တနေကုန်လောက် အချိန်ပေးရမယ်။ 



ကျောင်းသားလေးတွေ လေ့လာရေးထွက်ရင်း ပန်းချိီဆွဲနေကြတာလည်း တွေ့ရတယ်။ အရင်ခမ်းနားတုန်းက စကျင်ကျောက်ဖြူတွေနဲ့ ဘယ်လောက်များ ဟိတ်ဟန်ကြီးလိုက်မလဲဆိုတာ အပိုင်းအစပဲ ကျန်တော့တဲ့ စကျင်ကျောက်နံရံ ရုပ်ထုတွေက ပြန်ပြောနေကြသေးတာ။

ကိုလက်ဆီယမ်ကနေ ထွက်တော့မှ နေ့လည်စာ စားဖို့ ဆိုင်လိုက်ရှာကြတယ်။ အနားက ကော်ဖီဆိုင်တဆိုင်မှာ စပတ်ဂတီနဲ့ ကော်ဖီဆွဲကြတယ်။ နည်းနည်းလည်း မှောင်တော့မယ်ဆိုတော့ စိန့်ပီတာဖက် ပြန်သွားပြီး ညရှုခင်း ဓါတ်ပုံရိုက်ဖို့ သွားကြပြန်ရော။





ရိုက်ရင်း ရိုက်ရင်း မိုးအတော်လေး ချူပ်မှ ဟိုတယ်ကို ပြန်လာကြတယ်။ ထုံးစံအတိုင်း spa ကိုဝင် တနေကုန် ခြေတိုအောင် လျှောက်ခဲ့သမျှကို အညောင်းဖြေကြရတယ်။ ဒီညတော့ အထုတ်တွေ စနစ်တကျ ပြန်ထုတ်ကြရမယ်။ မနက်ဖြန် ရောမမြို့ကို စင်္ကာပူနဲ့ မလဲချင်လည်း လဲရတော့မှာပဲ.....

12 January 2020

ရောမ တဖြစ်လည်း ဗာတီကန်


တကယ်တမ်း ရောမသွားလည်တာလား ဗာတီကန်ကိုလား ကျနော်လည်း သိပ်မသည်းကွဲဘူးဖြစ်နေခဲ့တယ်။ ဒုတိယနေ့ကို ဗာတီကန်ပြတိုက်ဝင်ဖို့ လက်မှတ်ဝယ်ဖြစ်တယ်။ ကျနော်တို့ မရောက်ခင် ရာသီဥတုကြောင့်လား အကြောင်းတခုခုကြောင့်လား သေချာမသိပါ၊  ပြတိုက်တွေ ပိတ်ထားတာကြောင့် ပြတိုက်ဝင်ကြည့်မယ့် ဧည့်သည်တွေဟာ ပြတိုက်ရှေ့မှာ ပုရွက်ဆိတ်အုံလိုပါပဲ။ 
ဗာတီကန်ပြတိုက်ဟာ ကမ္ဘာ့အကြီးမားဆုံးပြတိုက်တခုမှာ အပါအဝင်ဖြစ်ပြီး နံပါတ်လေးခုမြောက် ဧည့်သည် အဝင်ဆုံးပြတိုက်အဖြစ်ရပ်တည်တယ်။ လတိုင်းရဲ့ နောက်ဆုံး တနင်္ဂနွေနေ့ နဲ့ ကြုံကြိုက်ခဲ့ရင် ပြတိုက်ကိုဧည့်သည်တွေအတွက် အလကားဝင်ကြည့်ခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ဖို့ရာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို မြင်ရမယ်ဆိုတာလည်း ကြိုတင်ပြင်ဆင်ထားရမယ်။



ပြတိုက်ဝင်ဖို့ ဝယ်ထားတဲ့ လက်မှတ်ကိုတောင် အေးဂျန့်ဆီကနေ တန်းစီပြီး ယူခဲ့ရတယ်။  လက်မှတ်ထုတ်ပြီး အချိန်စောနေသေးတာကြောင့် အရှေ့က ကော်ဖီဆိုင်မှာ ကော်ဖီသောက်ကြတယ်။ အချိန်နီးလာမှ ပြတိုက်ရှေ့ ပြန်လာကြတယ်။ ဒါတောင် မိနစ်နှစ်ဆယ်လောက်စောနေသေးလို့ အစောင့်က ပေးမဝင်ဘူး။ အရှေ့က အမှတ်တရပစ္စည်းဆိုင်မှာ စျေးဝယ်ရင်းစောင့်ကြတယ်။




ဝင်လို့ရပြီဆိုတော့ skip the line လက်မှတ်မို့ တန်းစီစရာ မလိုပဲ အေးဆေးဝင်လာတယ်။ ပန်းချီကားတချို့ကို ဖြတ်လာရပြီးရင် အီဂျစ်ပြတိုက်ကိုရောက်တယ်။ အီဂျစ်မရောက်ဖူးထားတို့ သေချာ ပတ်ကြည့်ကြတယ်။ မမ်မီရုပ်အလောင်းတွေပါ သေချာ ပြထားပါတယ်။ ပြတိိုက်ကို ဘာကြည့်မယ် ညာကြည့်မယ်ဆိုပြီး ဦးတည်ချက်နဲ့ လာတာ မဟုတ်တော့ ခြေဦးနဲ့ဒူးတည့်ရာ လျှောက်ကြည့်ကြတယ်။








အီဂျစ်ပြတိုက်ကနေ ဟိုဒီလျှောက်သွားရင်းရုပ်တုတွေ တသီချည်း ရှိတဲ့နေရာ New Wing ကိုရောက်သွားတယ်။ တစိမ့်စိမ့် ထိုင်ကြည့်စရာ ကောင်းတဲ့ ဒီအရုပ်တွေကြားမှာ အချိန်အတော်လေးကြာခဲ့ကြတယ်။







ပြီးတော့ အပေါ်တက်လိုက်အောက်ဆင်းလိုက်သွားရင်း သိပ်လှတဲ့  ခေါင်မိုး ပန်ချီကားတွေကို ရောက်ပြီး နတ်ကရာ ကျီးမော့ကြပြန်ရော။ အရမ်းကို ရင်သပ်ရှုမော ကြိတ်ကြိတ်တိုး လျှောက်သွားရတဲ့ အီတလီနိုင်ငံ မြေပုံ Gallery of Maps ဆိုတဲ့နေရာမှာ အစောင့်ကသာ အတင်း မောင်းမထုတ်ရင် ရှေ့တောင် ဆက်တိုးမိမယ်မဟုတ်ပါဘူး။

ဓါတ်ပုံရိုက်ခွင့်မရတဲ့ Sistine Chapel ကိုပါ အမှတ်မထင်ရောက်သွားခဲ့တယ်။ ရှေးလူတွေရဲ့ ဖန်တီးမှု အနုပညာဟာ အံ့မခန်းချီးကျူးဖွယ်ပါ။

နောက်ဆုံးကျနော် အသည်းအသန်ရှာတဲ့ လှေခါးဟာ ပြတိုက်အထွက်မှာ ရှိနေခဲ့တယ်။ ပထမရိုးရှင်းတဲ့ လှေခါးကို ၁၉၃၂လောက်မှာ လှပခမ်းနားစွာ ထပ်မံပြုပြင်ခဲ့တယ်။ ဓါတ်ပုံ ဆရာအတော်များများရဲ့ လက်ရာကို မြင်ဖူးတာမို့ အရမ်းရင်းနှီးနေခဲ့တဲ့ ဒီလှေခါးကို အပြင်မှာ မြင်ရတော့ အတော်လေး စိတ်ကျေနပ်စေပါတယ်။

ပြတိုက်ကနေ ထွက်လာတဲ့အခါညနေ သုံးနာရီလောက်ဖြစ်နေပြီ။ စိန့်ပီတာရင်ပြင်ကိုသွားပြီး ညနေနေဝင်ချိန်ကို စိန့်ပီတာအပေါ်ကနေတက်ကြည့်ဖို့ လုပ်ပေမယ့် တက်ဖို့ တန်းစီနေတဲ့ လူတန်းကို မြင်တော့ စိတ်လျှော့သွားတယ်။








ဘယ်သွားမလဲဆိုပြီး နောက်ဆုံး ဂလက်တီယေတာကွင်းကို သွားငေးကြတယ်။ အနားက Palatine hillပေါ်တက်ကြတယ်။ တောင်ကုန်းပေါ်က ဘုရားကျောင်းကို ခဏသွားကြည့်ကြတယ်။ အပြာရောင်ညနေခင်းမှာ ကိုလက်စီယမ်နဲ့ ရိုမန်တိုင်လုံးတွေကို ဓါတ်ပုံရိုက်ကြတယ်။လမ်းတဖက်ကနေဖြတ်သွားတဲ့ ကားတွေနဲ့ ကိုလက်စီယမ်ကွင်းကြီးကို ဓါတ်ပုံရိုက်ပြီးမှဟိုတယ်ပြန်ကြတယ်။

ဟိုတယ်ရောက်တော့ တနေ့လုံးညောင်းသမျှ Spa အခန်းထဲမှာ ချွေးထုတ်အညောင်းဖြေ ကြရတော့တယ်....