29 July 2013

လိပ်ပြာခွဲသူ




မခင်သီကို အတန်းထဲမှာ စတွေ့တွေ့ခြင်း သူလည်း အများတကာလို ကောက်ချက်ချမိသည်သာ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အဆင်းဖြင့် မခင်သီသည် သူတကာတို့၏ စိတ်နှလုံးကို ဆွဲသိမ်းနိုင်ပေလိမ့်မည်။ တတန်းလုံးမျှသာမက တကျောင်းလုံးကပါ နှစ်သက်ဖွယ်သော မခင်သီအကြောင်းကို မကြာခင် တဖွဖွပြန်ကြားသိသောအခါ အံ့သြရိပ်တစက်မှ မစွန်းထင်းခဲ့…..




မခင်သီ၏ သတင်းသည် တနေ့တကြားမွှေးပျံ့လို့သာနေသည်။ သဘောကောင်းသော မခင်သီ၊ ကူညီတတ်သော မခင်သီအဖြစ် ဆရာ၊ဆရာမများကပါ ချီးကျူးထောပနာ ပြုကြလေသည်။ ကျောင်းတွင်သာမက ရပ်ရွာထဲတွင်ပါ ယဉ်ကျေးသိမ်မွေ့သူ၊ မိန်းကလေးပီသသူ အဆင်းသာမက အချင်းပါ လှလေသည်ဟု ကျော်ကြား၍သာ လာတော့သည်။




မခင်သီနှင့် စာကြည့်တိုက်ထဲတွင် စ၍ ရင်းနှီးခဲ့ရသည်။ ကျနော် ဖတ်ချင်၍ မှတ်ခိုင်းထားသော စာအုပ်ကို မခင်သီက ငှားပြီးဖြစ်သော်လည်း ကျနော်ဖတ်ချင်မှန်းသိသည့်အတွက် ယူပါဟူ၍ ပေးလာသည်။ အားတုံ့အားနာဖြစ်မိပါလျက် စာအုပ်မြင်လျှင် မနေနိုင်သော ကျနော်ကလည်း စာအုပ်ကိုဆွဲယူမိပါတော့သည်။ ထိုနေ့မှစ၍ မခင်သီကို စိတ်ရောလူရော ရင်းနှီးလာသည် အထိ ခင်မင်မိခဲ့သည်။

စာဖတ်သူချင်းဖြစ်ရာ ဖတ်ထားသော စာများကို ဆွေးနွေးသည်သာမက စာရေးဆရာများအကြောင်းများဖြင့် ပြောမကုန်နိုင်သော စကားများဖြင့် တနေ့ထက်တနေ့ တိုးပွားလာမြဲ။ စာအုပ်များကိုပါကျော်လာသောအခါ အတွေးအမြင်၊ အယူအဆများ အထိ ပြန့်ပွားလာသည်။ သတိထားမိသည်မှာမခင်သီ..ချစ်သောမျက်စိဖြင့်ကြည့်သောကြောင့်ထင်သည် ပြောသမျှအကြောင်းအရာတိုင်းမှာ အတိုက်အခံဆို၍ တစက်ကလေးမျှ မရှိခဲ့။



ဤသည်ကိုလည်း တနှစ်ခွဲလောက်သော အချိန်ကာလကြာမှ သတိထားမိတော့သည်။ ဖြစ်ကြသည်မှာ…မခင်သီနှင့် တခုံထဲထိုင်သော မေနှင်းပင်။ မခင်သီဆီက ထမင်းဘူးထဲက ဟင်းများကို   မေနှင်းက ယူစားလေ့ရှိသည်တဲ့။ မခင်သီက တခွန်းတပါဒမျှ မပြောခဲ့။ မငြိုငြင်ဘူးလားလို့   ကျနော်မေးသောအခါ မခင်သီရဲ့ စိတ်ရင်းသည် ရှုံ့တွနေခဲ့လျက် အရှေ့တွင် မည်သို့မျှသဘောမထားသည့်နှယ်။ မခင်သီကို ကျနော် သတိထားမိသည်မှာ ထိုမှပင် ဖြစ်သည်…

ကျောင်းနံရံကပ်စာစောင်များ ရေးကြသောအခါ သူသူငှာငှာ ရေးသောစာများကို မရေးလိုကြောင်း ကျနော့ကို ဖွင့်ဟလေသည်။ သူများပေးသော ခေါင်းစဉ်ကို ရေးခြင်းထက် မိမိရင်မှ ဖြစ်သောစာများကိုသာ သီဖွဲ့ခြင်းကို ပိုခုံမင်ကြောင်းပြောရာ ကျနော်မှလည်း အားရ၀မ်းသာ ထောက်ခံခဲ့သည်။ သို့သော် နံရံကပ်စာစောင်တွင် မခင်သီရေးသောစာသည် ထိုခေါင်းစဉ်အောက်မှာ လှပခမ်းနားစွာ ရှိနေလေသောအခါ တခြားကျောင်းသူကျောင်းသားများကဲ့သို့ လက်ခုပ်တီး၍ အားပေးရမလား၊ သူ့ကိုပဲ မေးခွန်းမေးရမလား ဇဝေဇ၀ါ…




ကျနော်ရေးသော အကြောင်းအရာများထဲမှ တချို့သော အကြောင်းအရာများကို မခင်သီက မနှစ်သက်ဟုဆိုရာ ကျနော့မှာ အကြောင်းပြချက်မဲ့စွာ။ လူဆိုသည်မှာ လူတကိုယ် အကြိုက်တမျိုးမို့ သူ မကြိုက်နှစ်သက်ကြောင်း ပြောသည့်အခါ လက်ခံလိုက်ရုံသာ..သို့သော် မခင်သီသည် ကိုသုတနဲ့ ထိုအကြောင်းအရာကို အချီအချဆွေးနွေး၍ နှစ်သက်ခုံမင်ကြောင်း ပြသည်ကို မျက်ဝါးထင်ထင် မြင်မိသည်၌ စိတ်နှလုံးသည် နောက်ကျိ၍လာပေတော့သည်။ မခင်သီသည် တမျိုးပါတကား..နောက်တနှစ် နံရပ်ကပ်စာစောင်တွင် သူကိုယ်တိုင်က ထိုအကြောင်းကို ရေးလေရာ ကျနော့မှာသာ အံ့သြမင်သက်ဖြစ်လျက် ဖတ်မိသည်...

ထိုမှတ၀..ကျနော်နှင့် ကြိုက်နှစ်သက်ခြင်းတူသည်ဟူသော အရာများကို အတန်းထဲမှ ကိုဇော်ဇော်၊ မသော်တာတို့ဖြင့် သူဆွေးနွေးလေသောအခါ မတူညီသည်များကို ထပ်ခါထပ်ခါ ကြားလာရပြန်သည်။ နားလည်ရခက်သော မခင်သီပါပေ။ မခင်သီနှင့် လူတိုင်း ရင်းနှီးသောကြောင့် မခင်သီ၏ အကြောင်းအခြင်းအရာများသည် ပြောသောစကားများမှတဆင့် တယောက်စကား တယောက်နား ကြားတတ်သည်ကို သူသတိမပြုမိလေသလော…




ကျောင်းမှ နောက်တလ နံရံကပ်စာစောင်အတွက် ဆွေးနွေးပွဲကို တက်ရန် မခင်သီကို တခုတ်တရ ဖိတ်ကြားသောအခါ မခင်သီက နေအတော်မကောင်းပါသဖြင့်ဟု အကြောင်းပြန်သဖြင့် ကျနော်တယောက်တည်း သွားဖြစ်ခဲ့သည်။ နောက်တနေ့ နံနက် ကိုမောင်ထွန်းတို့ ဘောလုံးပွဲကို မခင်သီမှ  လာရောက်အားပေးသွားကြောင်း တတန်းလုံး ပြောကြလေသောခါ ကျနော့မှာ ကြောင်စီစီ ဖြစ်ရပြန်သည်။ နေအတော်မကောင်းဘူး မဟုတ်လား။

ထပ်ခါထပ်ခါ ခံရဖန်များသောအခါ ကျနော့အတွက် မခင်သီ၏ လှည့်ကွက်များသည် ရိုးစင်း၍လာပေသည်။ တခြားသူများကို ပြောလေသော် အများချစ်သော မခင်သီကို အပြစ်တင်ကြမည် မဟုတ်ချေ။ အားလုံးနှင့် သင့်တင်လျောက်ပတ်သော မခင်သီလိုလူမျိုးကား ရှားပါးသည် မဟုတ်ပါလော။ နှစ်လိုသည်ဖြစ်စေ၊ မနှစ်မြို့သည်ဖြစ်စေ မခင်သီသည် ပြုံးလျက်နေမြဲ။




နောက်ဆုံး ကျနော်မြင်သည်မှာ မခင်သီသည် လိပ်ပြာများစွာ ခွဲနိုင်သူဖြစ်သည်။ လူတယောက်ချင်းဆီ၏ အကြိုက်ကိုလိုက်၍ တကောင်ချင်း သူ၏ စိတ်လိပ်ပြာများကို ခွဲချပစ်လိုက်နိုင်သည်။ သင် မခင်သီနဲ့ တွေ့ဖူး၍ နှစ်သက်သဘောကျသွားခြင်း မရှိလျှင် ထူးခြားသော လူထူးလူဆန်းဖြစ်နိုင်ပါသည်။ ကျနော်ကတော့ မခင်သီ၏ လိပ်ပြာများ ဆင်မတူ ရောင်ကွဲရုံသာမက များသည်ထက် များလာသည်ကို တနေ့တခြား ရေတွက်၍ ကျေနပ်နေလေသည်....





26 July 2013

ချန်အမ်း၊ ဒ,ယန်နဲ့ စစ်သည်တော်များ







လေဆိပ်ထဲဝင်တာနဲ့ ဘေဂျင်းထက်အေးမြမှုက သိသိသာသာ။ မိုးကလည်း ရွာတာမို့ စိမ့်နေအောင်အေးတာ။ လေဆိပ်ထဲမှာ မိုးယိုနေတာကို ခံထားတဲ့ပုံလေးကိုလည်း အမှတ်တရ ရိုက်ခဲ့သေးတယ်။ ချန်အမ်းလေဆိပ်ဟာ ရောက်ခဲ့တဲ့ဘေဂျင်းက လေဆိပ်နှစ်ခုထက် ပိုသန့်ရှင်း၊ သပ်ရပ်တယ်။



ပထမဆုံးတွေ့တာက ဆိုင်းဘုတ်ကိုင်ထားတဲ့ ကားသမားပါ။ ကျေးဇူးရှင်ဂိုက်ကြီးတော်က သန့်စင်ခန်းသွားနေသတဲ့။ စောင့်ရတာ ကြာပေါ့လို့တောင် ညည်းနေသေးတာ။ လေဆိပ်နဲ့ မြို့ဟာ အတော်လေးဝေးပါတယ်။ ဟိုတယ်ကို ရောက်တော့ ၁၁နာရီကျော်ပြီ။ သူငယ်ချင်းက ဗိုက်ဆာတယ်ဆိုတော့ ဟိုတယ်ကနေ ထီးတွေငှားပြီး ထွက်ကြတယ်။ ဘော့က အပြင်မထွက်နဲ့လို့ မှာလိုက်တယ် မဟုတ်လား။



မီးရောင်စုံတွေနဲ့ ခေါင်းလောင်းမျှော်စင်ဟာ လှပသေသပ်နေတယ်။ သိပ်ဝေးဝေးလည်း မသွားနိုင်ဘူး။ ရာသီဥတုက လက်တွေတောင် အေးစက်ထုံကျင်စေတယ်။ အနားက ဆိုင်တခုမှာပဲ ရှိတာနဲ့ပဲစားတယ်။ ခေါက်ဆွဲကောင်းတယ်ဆိုလို့ ခေါက်ဆွဲစားချင်ပေမယ့် ဖက်ထုပ်နဲ့ပဲညားပြန်တယ်။







တညပဲအိပ်တာမို့ မိုးလင်းတာနဲ့ မနက်စာစားအပြီး ဟိုတယ်ကနေ တခါတည်း check out လုပ်ပြီးစောင့်နေရတယ်။ ကားသမားမြင်ရပေမယ့် ဂိုက်ကြီးတော် မလာသေး။ ကိုးနာရီစွန်းမှ ကြွလာတော့တယ်။ စသွားတာတော့ ဒ,ယန်ဆိုတဲ့ ဘုရားကျောင်းပါ။ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး မျှော်စင်ပုံစံဆောက်ထားတာပဲဖြစ်တယ်။ မြို့ရဲ့ အရပ်လေးမျက်နှာကို အပေါ်ကနေ ကြည့်ရဖို့ လှေခါးတွေကို ခြေထောက်နဲ့ တက်ပေါ့။ တထပ်ပြီးတထပ်တက်ရင်း လှပတဲ့ ချန်အန်းမြို့ကို မြင်နေရပြီ။





နောက်သွားမယ့်နေရာဟာ စစ်သည်တော်တွေရှိတဲ့နေရာ။ ကျနော် အရောက်ချင်ဆုံးနေရာတခုပါ။ မရောက်ခင် အဲ့ဒီအရုပ်တွေလုပ်တဲ့နည်းကိုလေ့လာဖို့ သူတို့ရဲ့ လက်မှုလုပ်ငန်းကိုလိုက်ပြပါတယ်။ ရှေးတုန်းက နည်းတွေကိုပဲသုံးပြီး ရွှံ့ရုပ်တွေကို လုပ်ယူတဲ့နည်းနဲ့ စီးပွားရေးစျေးကွက်ကို ချဲ့ထွင်တာပဲဖြစ်တယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီးထိ ပို့ဆောင်ပေးတယ်ဆိုမှတော့ လုပ်ငန်းက ကြီးပြီပေါ့။


တခုမှ မဝယ်ပဲ စစ်သည်တော်တွေရှိတဲ့နေရာကိုသာ ပို့ပါတော့လို့။ ရောက်ပြီဆိုတော့ ပန်းခြံတခုထဲကို ဖြတ်ပြီးဝင်ရတယ်။ မက်မွန်သီးမှည့်တွေကို ခူးစားလို့ရတယ်ဆိုလို့ ရေဗူးနဲ့ပစ်လိုက်တာ လေးငါးလုံး ကျလာလို့ ဂိုက်ကြီးတော်ပါ ပျော်သွားတယ်။ လတ်လတ်ဆတ်ဆတ်မို့ ချိုမွှေးနေတယ်။



ပြတိုက်လေးခုရှိတဲ့အနက် နံပါတ် ၁ ပြတိုက်ကို စဝင်တယ်။ ဒါပြီးရင် ထမင်းစားသွားမယ်လို့ဆိုတော့ ခပ်မြန်မြန်သွားမလား အောက်မေ့တယ် အထဲရောက်တော့ ဗိုက်ဆာတာတောင် မေ့လျော့။ ဒီပြတိုက်ဟာ အရုပ်တွေအများဆုံးပဲ။ ဘုရင့်ရဲ့ သချင်္ ိုင်းစောင့်တပ်ဟာ တကယ့်ကို ခမ်းနားလွန်းစွာ။ များလွန်းတဲ့ အရုပ်တွေ။ မျက်နှာ၊ ဆံပင်၊ ဖိနပ်၊ ဝတ်စုံ၊ မြင်းအမြီး ကအစ အသေးစိတ် စနစ်တကျ ပြုလုပ်ထားပြီး တရုပ်နဲ့တရုပ်မတူအောင် လုပ်ထားနိုင်စွမ်းရှိတဲ့ သူတို့ကို မချီးကျူးပဲမနေနိုင်။ ပြီးတော့ စစ်သည်တော်တွေ အားလုံးမှာ ကိုယ်ပိုင်နံပါတ်တွေနဲ့ထားပြီး ကိုယ်လက်အင်္ဂ ါမပြည့်မစုံမခြင်း ပြတိုက်ရဲ့ အနောက်နားမှာ သူတို့ကို မတ်တပ်ရပ် စောင့်ခိုင်းထားပါတယ်။

ဒီစစ်သည်တော်တွေကို ရေတွင်းတူးရာကနေ စတွေ့တဲ့ လယ်သမား ဆယ်ဦးဟာလည်း အခုဆို မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးဖို့ ထိုင်စောင့်နေရတဲ့အထိ နာမည်ကျော်ကြီးတွေဖြစ်လို့။ ဘုရင့်အုတ်ဂူကိုတော့ ရှာမတွေ့သေးဘူး ဒါမှမဟုတ် မရှာပဲဆိုင်းငံ့ထားတယ်လို့ ဆိုတယ်။ တချို့နေရာတွေမှာ အဖိုးတန်ပစ္စည်းတွေ တွေ့ရတဲ့အပြင် အဆိပ်လိုမျိုး၊ ကျိန်စာဆန်ဆန်တွေနဲ့ အခုထိ ပုံပြင်ထဲကလိုမျိုး ဇာတ်လမ်းတွေနဲ့ အတူရှိနေသေးတယ်။

စစ်သည်တော်တွေရဲ့ အရုပ်တွေတင်မကပဲ စစ်ဗျူဟာအခင်းအကျင်းကိုပါ လေ့လာနိုင်တယ်။ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ တကယ့် လက်နက်တွေဖြစ်တဲ့အပြင် အခုထက်ထိ ချွန်မြနေသေးတာမို့ စုဆောင်း သိမ်းဆည်းထားတယ်လို့သိရတယ်။



ပြတိုက်နံပါတ် ၁ကိုကျော်တော့ ဗိုက်တွေ တကျုတ်ကျုတ်စာနေပြီ။ ဒီတခါ တဝက်က ဘူးဖေးစနစ်တဲ့။ လက်နဲ့ဆွဲဆန့်ပြီးလုပ်တဲ့ ခေါက်ဆွဲကို ဟင်းအနှစ်နဲ့တွဲတဲ့အခါ နှစ်ပန်းကန်တောင် ထယူရတဲ့အဆင့်ကို ရောက်တယ်။ ပေါက်စီ၊ အသီးအနှံနဲ့ တခြားတိတို့တိတို့လေးတွေကိုလည်း ကိုယ့်စိတ်ကြိုက်ယူပြီးစားနိုင်တယ်။ သတိတခုတော့ပေးပါမယ် ရွံတတ်တယ်ဆိုရင် အဲ့ဒီ စားသောက်ဆိုင်ထဲမှာ သန့်စင်ခန်းမသွားပါနဲ့။








ဗိုက်ပြည့်တဲ့အခါ ကျန်တဲ့ ပြတိုက် သုံးခုကို လှည့်ပါတယ်။ တချို့နေရာတွေမှာ မတူးဖော်သေးပဲ ထားတာကိုတွေ့ရပြီး။ တကယ်တမ်းတူးဖော်စမှာ တွေရတဲ့အရုပ်တွေဟာ လူ့အသားအရောင်အတိုင်းလုပ်ထားတာဖြစ်ပြီး အရောင်တွေပါ ပါတယ်လို့သိရတယ်။ ပတ်ဝန်းကျင်လေထုကြောင့် အရောင်တွေဟာ ပြောင်းလဲသွားတာမို့ အခုဆို အရောင်မပြောင်းလဲတဲ့ နည်းပညာရမှ ကျန်တဲ့ အရုပ်တွေကို တူးဖော်မှာဖြစ်တယ်လို့ ဂိုက်ကြီးတော်က ရှင်းပြတယ်။


နောက်ဆုံး ပြတိုက်မှာတော့ မင်းမိဖုရားတွေ လိုက်ပါစီးနင်းဖို့ကြေးရထားနှစ်စင်းကို ရှာတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီခေတ်ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုကို ကိုယ်စားပြုစေခဲ့တယ်။ ရထားပေါ်ကထီးရိုးကို တည်ဆောက်ထားတဲ့ နည်းပညာဟာ တကယ့်ကို စိတ်ဝင်စားစရာ။ ပုံမှန်ထီးရိုးမျိုးမဟုတ်ပဲ ထီးရိုးကို နေရောင်ကိုလိုက်ပြီး စောင်းလှည့်လို့ရသလို၊ အရေးကြုံရင် လက်နက်အဖြစ်ပါ သုံးလို့ရတဲ့အထိ ထည့်သွင်းစဉ်းစားထားတာပါ။








စစ်သည်တော်တွေကို ကျောခိုင်းပြီးတဲ့အခါ ချန်အန်းမြို့ရဲ့ နာမည်ကျော် မြို့ရိုးဆီကိုပါ။ အခုခေတ်မှာတော့ ရှီအမ်းလို့ လူသိများကြတယ်။ မြို့ရိုးနဲ့ ခေတ်သစ်မြို့ပြဟာ ကျုံးလေးတခုပဲခြားတယ်။ နှစ်ပေါင်းများစွာက မြို့ရိုးဟာ ထုနဲ့ထည်နဲ့။  မြို့ရိုးတပတ် စက်ဘီးပတ်စီးကြမယ်လို့ ဂိုက်ကြီးတော်က ပြောတဲ့အခါ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လုံး မငြင်း။ စက်ဘီးစီးရင်း ဓါတ်ပုံရိုက်ရင်းဆိုတော့ မြို့ရိုးရဲ့ သုံးဖက်ကိုပဲ ရောက်ပြီး တပတ်ပြည့်အောင် ပတ်လို့မရလိုက်ဘူး။ ရထားလက်မှတ်က နှစ်နာရီအကြိုမှာ ထုတ်ရမှာဆိုတော့ ရောက်တဲ့နေရာကနေရပ်ပြီး ပြန်လှည့်ကြရတယ်။ တကယ်ဆို အဲ့ဒီမြို့မှာ နောက်တရက်နှစ်ရက်လောက် ထပ်နေစရာ လည်ပတ်ဖို့ နေရာတွေ အများကြီးကျန်နေသေးတယ်။ ခွင့်ကမရဘူးကွယ် စိုင်းပြန်ရဦးမယ်…






ဘူတာကို ရောက်တဲ့အခါ လူတွေကများပြားစွာ။ ဝင်ခွင့်ရဖို့ အပြင်မှာ တန်းစီရသေးတာ။ ရထားထွက်ဖို့ နှစ်နာရီလိုသေးပေမယ့် ဂိုက်ကြီးတော်က ဘိုင်ဘိုင်လုပ်လိုလှပြီ။ ဘော့နဲ့ယှဉ်လိုက်တော့ စေတနာဆိုတဲ့ အရာပါမလာတာ သိပ်သိသာတယ်။



 ည..ရထားကြီး ပျော်ပျော်စီးရပါတော့မယ်