13 March 2016

ဘရက်စတာဂီနဲ့ ပတ်ဝန်းကျင်


စတားဘတ်ကနေ တည်းတဲ့နေရာ ရောက်တဲ့အခါ ဝန်ထမ်းတယောက်ကု ဖုန်းခေါ်ခိုင်းပြီး ကားသမားကို ကျနော် အဆင်သင့်ဖြစ်နေပြီလို့ လှမ်းအကြောင်းကြားခိုင်းပါတယ်။ အဲ့ဒီတော့မှ ပထမစီစဉ်ထားတဲ့ ကားသမားမလာနိုင်တဲ့အကြောင်းနဲ့ တခြားတယောက် အစားထိုးထားတဲ့အကြောင်း သိရတယ်။ ဒါနဲ့ အစားထိုးတယောက်ကို ဖုန်းထပ်ခေါ်တော့ လာကြိုနေပြီ ဖြစ်တဲ့အကြောင်းပြောပါတယ်။





ကားသမားလာတာနဲ့ အသင့်ဖြစ်အောင် တည်ခိုခန်းရှေ့မှာ ထွက်စောင့်နေမိတယ်။ ကားပုံစံရယ် အရောင်ရယ် ပြောထားတာမို့ ရောက်လာတဲ့အခါ ကွက်တိပါပဲ။ ကားသမားနဲ့ လေဆိပ်ကို တနာရီခွဲလောက်မောင်းရင်း လမ်းမှာ အဆင်ပြေရင် ယူလာတဲ့ ပိုက်ဆံ မလောက်မှာစိုးလို့  ငွေထပ်လဲချင်တယ်လို့ ပြောရင်း လမ်းမှာ ကျနော်တို့ ငွေလဲကြပါတယ်။ လေဆိပ်ကို မရောက်ခင် သူငယ်ချင်းက သူ့လေယာဉ်တနာရီ နောက်ကျပြီးမှ ရောက်မယ်လို့ လှမ်းပြောနှင့်ပြီ။ မတတ်နိုင်တော့ဘူး လာရင်းလက်စနဲ့ လေဆိပ်ကိုပဲ ဦးတည်လိုက်ကြတယ်။

လေဆိပ်ရောက်ပြီး နာရီဝက်လောက်မှာ ကျနော့ သူငယ်ချင်းရောက်လာခဲ့တယ်။ စီစဉ်ထားတဲ့အချိန်ထက် တနာရီလောက် နောက်ကျပြီးမှ ကျနော်တို့ ခရီးစဉ်ကိုစခဲ့ရပါတယ်။ တော်တော်လေးမှောင်လာမှ လမ်းမှာ ညစာစားနားကြတယ်။ ရှေ့လျှောက်တောင်တက်လမ်း ဖြစ်လာပြီး မိုးတွေလည်း သည်းလာခဲ့တယ်။ မေမြို့ မြွေလိမ်မြွေကောက်လို တောင်တက်လမ်းတွေကြောင့် မြန်မာပြည်တောင် လွမ်းသွားမိသေးတယ်။

လေယာဉ်နောက်ကျတဲ့အပြင် မိုးတွေသည်းတာကြောင့် ဘရက်စတာဂီကို ရောက်တဲ့အခါ ည၁၁နာရီထိုးနေခဲ့ပြီ။ တည်းမယ့် အိမ်ရှင်ကလည်း စိတ်ပူစွာနဲ့ မက်ဆေ့တွေ ပို့ထားပါတယ်။ ၁၀နာရီလောက်ဆု သူတို့ ရေပူပိတ်တော့မှာမို့ ကျနော်တု့ ရောက်ခဲ့ရင် ရေပူစက် ပြန်နိုးဖို့ မဖြစ်နိုင်တဲ့အကြောင်း မက်ဆေ့ပို့ပေးထားခဲ့တယ်။ ရာသီဥတုက ၁၅ဒီဂရီမှာ မိုးတစိမ့်စိမ့်နဲ့ အေးလိုက်ချက်တော့.

အိမ်ရှင်နာမည်က မေရီတဲ့။ မေရီက အတော်လေး နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အခန်းကို လိုက်ပြပြီးတဲ့အခါ မနက်၆နာရီ နေထွက်မှာ ဖြစ်ပြီး နေထွက်ရှုခင်းကို ခေါင်မိုးပေါ်ကနေ ကြည့်လို့တဲ့ အကြောင်းနဲ့ ခေါင်းမိုးပေါ်ကို ဘယ်လိုတက်ရကြောင်း စိတ်ရှည်လက်ရှည် လိုက်ပြတယ်။ ပင်ပန်းလွန်းတာကြောင့် ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတယ်. မနက်နေထွက်ချိန်ကြည့်ဖို့ နှိုးစက်ကို လေးနာရီခွဲပေးလိုက်ပြီ...












မနက်နှိုးစက်မြည်တာနဲ့ မျက်နှာသစ်ပြီး ခေါင်မိုးပေါ်ကို တက်ပြီး နေထွက်တာ စောင့်ကြည့်နေခဲ့တယ်။ တောင်တွေကြားထဲက ဘရက်စတာဂီရဲ့ နေထွက်ရှုခင်းဟာ မြူတွေကြားက သိုင်းဝိုင်းလှပနေခဲ့တယ်။ ဆင်ဘာရက်တောင်ကတော့ မြူတွေတအားပိတ်နေတာမို့ ထင်ထင်ရှားရှား မမြင်ရပါဘူး။ ရောင်နီတွေ ပျို့လာတာပဲ မြင်လိုက်ရပြီး နေလုံးကိုလည်း မမြင်ရတာမို့ အောက်ဆင်းပြီး ရေချိုးဖို့ လုပ်တယ်။ ကားသမား မလာခင် မေရီဆီကပဲ မနက်စာဝယ်စားဖြစ်ပါတယ်။ ဖျော်ပေးတဲ့ ကော်ဖီ အနံ့ အရသာကို ကြိုက်တာမို့ တယောက်ကို ကီလိုဝက် ဒေသထွက် အာရဘစ်ကော်ဖီမှုန့်ကို ဝယ်ခဲ့ကြတယ်။



ကားသမားရောက်လာတဲ့အခါ ကျနော်တို့ရဲ့ နေ့ကို စတင်ခဲ့ပါတယ်။ ပထမဆုံး ဆင်ဘာရက်တောင်ပေါ်ရှုခင်းကို သွားကြည့်ဖို့ပါပဲ။ ရှုခင်းတွေနဲ့ အေးမြလတ်ဆတ်တဲ့ လေထုဟာ နေ့သစ်တခုစဖို့ ခွန်းအားအသစ်တွေဖြစ်စေတာပေါ့။
 










တောင်ပေါ်ကဆင်းတော့ ဒေသထွက်သစ်သီးတန်းကို သွားကြတယ်။ သစ်သီးတန်းဟာ တကယ့်ကို သီးနှံရောင်စုံတွေနဲ့ စွဲဆောင်အားကြီးလှပါတယ်။ ဟိုအသီးလေး မြည်းကြည့်ပါဦး ဒီဟာလေး စားကြည့်ပါဦးနဲ့ ရောင်းသူ ဝယ်သူအသံတွေဟာ ဆူညံလို့။ စပျစ်သီးလေးလည်းလိုချင်၊ ထောပတ်သီးလေးလည်း လိုချင်၊ သရက်သီးလေးလည်း လိုချင်နဲ့ စိတ်တော်တော် ပြတ်နိုင်မှ ပြန်ထွက်လာနိုင်တော့တယ်။









နောက်တနေရာကတော့ ရွှေတိဂုံကို ပုံစံတူဆောက်ထားတဲ့ ဘုရားသွားဖူးကြပါတယ်။ ဘုရားကိုသွားတဲ့ လမ်းက ပြီးခဲ့တဲ့အပတ် မိုးဆက်တိုက်ရွာထားတာကြောင့် လမ်းကဆိုးနေတာ တကြောင်း၊ တစီးသွားကားလမ်းသာ ဖြစ်တာကြောင့် တကြောင်း ဘုရားကို ရောက်ဖို့ တနာရီလောက် မောင်းရတယ်။ ပိတ်ရက်ဖြစ်တာမို့ ဘုရားဖူးကားတွေဟာ တန်းစီနေတယ်။ ဘုရားရှေ့ ဆီမီးပူဇော်သူတွေလည်း များပြားလှပါတယ်။ သစ်သားပေါ်မှာ ဘုရားပုံတော်တွေ ထွင်းထုထားတာတဲ့ လက်ရာတွေကတော့ အံ့မခန်းသေသပ်နေတာကို ဖူးမျှော်ခဲ့ရတယ်။

ဘုရားဖူးပြီးတဲ့အခါ ကျနော်သွားချင်မြင်ချင်လှတဲ့ စီပီဆိုပီဆို ရေတံခွန်ကို သွားဖို့ပဲ။ လမ်းတလျှောက် ကော်ဖီစိုက်ခင်းတွေ၊ လိမ္မော်ခြံတွေ၊ ဘုရားကျောင်းတွေ အလီလီဖြတ်ပြီး စိမ်းလန်းတဲ့ တောင်တွေကို ခဏမြင်လိုက်ရတယ်။ သိပ်မကြာပါဘူး မိုးတွေသည်းလာပြန်တာကြောင့် ပတ်ဝန်းကျင်တခုလုံးမြုတွေ ဆိုင်းပြီး ကားအရှေ့ တတောင်လောက်ပဲ မြင်ရပါတော့တယ်။ ကားသမားက မြုတွေသာ မရှိရင် ဒီနေရာကနေ ရေတံခွန်ကို မြင်ရပြီဆိုတော့ စိတ်မှာ မချင့်မရဲ ဖြစ်မိတယ်။





နောက်ဆုံး ဒုတ်ဒုတ်ထိ ရောက်သည်အထိ ရေတံခွန်ကို ကျနော် မမြင်ရဘူး။ နောက်တခေါက်ရောက်ဖို့ ဒီခရီးက ဝေးလံလွန်းတာကြောင့် မြင်သာ မမြင်ရရင်တော့ ဒုက္ခပါပဲ။ ခဏစောင့်ရင်း ကျနော်တို့ နေ့လည်စာ စားကြရအောင်လို့ ဆုံးဖြတ်လိုက်တယ်။ ထမင်းစားပြီးလုပြီးခင်မှာပဲ မြူတွေ ရှင်းပြီး လင်းလင်းချင်းချင်းနဲ့ ကျနော့ စီပီဆိုပီဆိုကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ မြေအောက်စမ်းချောင်းကနေ စီးဆင်းလာတဲ့ ရေတံခွန်ဟာ မြူတွေကြားမှာ ကောင်းကင်ဘုံက မြစ်တစင်းလိုပါပဲ



ရေတံခွန်အောက်ခြေအထိ ဆင်းဖို့ တနာရီလောက် အချိန်ကြာတာမို့ လမ်းတဝက်လောက်အထိပဲ ကျေနပ်လိုက်ရတယ်။ ရေတံခွန်ကနေ မြင်ရတဲ့ ဒနုတိုဘကိုလည်း ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ ရေတံခွန်မှာ အချိန်အကြာကြီး မဖြုန်းနိုင်ပဲ နောက်ထပ် ဘတက်ဘုရင်ရဲ့ အိမ်တော်ကို သွားရဦးမယ်။ အဓိက ကတော့ ဒနုတိုဘကို သွားတဲ့ ဖယ်ရီ မှီဖို့ပါ။






ဘတက်ဘုရင်ရဲ့ အင်ပါယာဟာ ၁၆၂၄ကနေ ၁၉၄၇အထိ သက်ဝင်ခဲ့တယ်။ သူတို့ နေတဲ့အိမ်ဟာ ကျွန်းလုံး အလုံးနှစ်ဆယ်နဲ့ ဆောက်ထားတဲ့ အိမ်လုံးရှည်တခုပဲ။ အိမ်ထဲမှာတင် မီးဖိုတွေက မိသားစု လေးစုလောက်စာ အပြင် ရိုးရာအပြင်အဆင်တွေပါ ဖြည့်စွက်ထားတယ်။ အရောင်တွေကတော့ အဖြူ၊ အနီ၊ အနက်နဲ့ အဝါတွေကို ထင်ထင်ရှားရှားသုံးထားပါတယ်။ ကိုယ်ပိုင်စာယဉ်ကျေးမှုနဲ့ ဘတက်လူမျိုးတွေဟာ ရှေးကတည်းက ထင်ရှားကျော်ကြားပြီး၊ လူသားစားတဲ့လူမျိုးနွယ်စုလို့လည်း မှတ်တမ်းမှတ်ရာများမှာ တွေ့ရှိရတယ်။ 


ဘတက်နန်းတော်ကနေ ဒနုတိုဘ ဖယ်ရီကို မှီအောင် ကားကို အမြန်မောင်းပါတယ်။ ဖယ်ရီကို မှီမှမှီပါ့မလား....