08 July 2008

ဗမာပြည်သည်တို့ပြည် ဗမာစာသည်တို့စာ……အမျိုးပျောက်မှာစိုးကြောက်ပါသည်


ဒီစာလေးကိုရေးချင်တာကြာလှပါပြီ။ ဒါပေမယ့် အကြောင်းပဲမတိုက်ဆိုင်တာလား မသိလိုက်မသိဖာသာပဲနေမိတာလားမသိ ရေးဖို့ စိတ်ကမပါ။ အခုတော့ နေ့လည်က မကေသွယ့်ဘလော့က စာကြွေးတွေ တဖြည်းဖြည်းဖတ်ရင်း အဲဒီခေါင်းစဉ်လေးနဲ့ ဖတ်ရတော့မှ ကျနော် ရေးသင့်ပါလားလို့ ခံစားလာရတယ်။ ရေးမှဖြစ်မယ်လို့လည်း စိတ်ကစေ့ဆော်နေပြန်တော့………

လွန်ခဲ့တဲ့ တစ်လလောက်ကပါ မိတ်ဆွေတစ်ယောက်ရဲ့အိမ်တက်အလှူ ကိုသွားရတယ်။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ဆုံဖြစ်ကြတယ်။ တစ်ချို့က ကျနော်အလုပ်မှာဆုံလိုက်ရတယ်။ တစ်ချို့ကတော့ အဲဒီနေ့ကမှတွေ့ဖူးတာပါ။ အဲဒီထဲမှာ မိသားစုတစ်စုပါတယ် ကလေးလေးနှစ်ယောက်နဲ့ပါ။ တစ်ယောက်က ၈နှစ်လောက်ရှိပြီထင်ပါတယ်။ နောက်တစ်ယောက်က ၆နှစ်လောက်ဖြစ်မယ်။ နှစ်ယောက်လုံးက ယောက်ျားလေးတွေ။ အကြီးလေးက ဖြူဖြူချောချောလေး။ အငယ်ကညိုစိမ့်စိမ့်နဲ့ ပီဘိ ကလေးအရွယ်။ ထုံးစံအတိုင်းကလေးချစ်တတ်တဲ့လူဆိုတော့ အနားသွားပြီး သားသားနာမည်ဘယ်လိုခေါ်လဲ အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ ကလေးနှစ်ယောက်လုံးက တုပ်တုပ်မလှုပ် အင်းမလုပ်အဲမလုပ်ဆိုတော့ မေးတဲ့ကိုယ်ကိုတိုင်ကြောင်သွားတယ်။ အဲဒီတော့မှ သူ့တို့လေးတွေအမေက အားနာလို့ထင်ပါရဲ့ ကျနော့ကိုလာပြောတယ် သူတို့ကမြန်မာလိုသိပ်မပြောချင်ကြဘူးတဲ့ လေ။ အဲဒါနဲ့သူတို့တွေက ဒီမှာမွေးတာလားဆိုတော့ ဟုတ်ဘူးတဲ့ အကြီးကောင်လေး ၄နှစ် အငယ်လေး ၂ နှစ်သားကပြောင်းလာတာတဲ့။ သူတို့ကျောင်းမှာက မြန်မာလို မသင်တော့ မြန်မာစကားမပြောချင်ကြဘူးတဲ့ဗျာ။ အစ်မကမြန်မာလိုပြောစေချင်တယ်တဲ့ ဆုံးမရလွယ်အောင်လို့တဲ့။ သူတို့က အိမ်မှာ မြန်မာလိုပြောရင်မသိချင်ယောင်ဆောင်နေကြတာတဲ့။ဒါနဲ့သူတို့တွေ ဘုရားကော ရှိခိုးတတ်လားဆိုတော့။ ပို့တယ်လေ ဗုဒ္ဓ ဘာသာသင်တန်းပို့တယ်တဲ့ နွေကျောင်းပိတ်ရက်ဆိုရင်တဲ့။ ကျနော်ဝမ်းသာလို့မှမဆုံးသေး ဒါပေမယ့် ကျောင်းကလည်း အင်္ဂလိပ်လိုပဲ သင်တော့ ဘုရားရှိခိုးတာလဲ အင်္ဂလိပ်လိုပဲရွတ်တယ်တဲ့။ အမ်မလေး ကျနော်လည်း အင်္ဂလိပ် ဗားရှင်း ကျက်ထားအုံးမှ မတော် မရွတ်တတ်တာနဲ့ ဘာသာရေးက ဒီထက်ဝေးရရင်ခက်ရချည်ရဲ့။ အဲဒါနဲ့ ကလေးနှစ်ယောက်လုံးကို အင်္ဂလိပ်လိုမေးတော့မှ ရှောရှောရှူရှူ ဖြေကြတယ်ဗျာ။ ကျနော်နဲ့ တူတူနေတဲ့ အိမ်က အစ်ကိုကြီးတစ်ယောက်ရဲ့ကလေးလေးကို သူအဖိုးအဖွားတွေက ဗမာစာမေ့မှာစိုးလို့ ပြန်လွှတ်ဖို့ပြောတော့ ကျနော့စိတ်ထဲမှာ တော်တော်ပိုပါလားထင်နေမိတာ အခုမှ တကယ်ပါလားလို့ ဖြစ်ရတယ်။

ဒါပဲလားဆိုတော့ ဟိုတစ်လောက အသိတစ်ယောက်ရဲ့ ကလေးအလည်လာပါတယ်။ သူအဖေက ပူဆာလွန်းလို့ဆော့လွန်းလို့ဆိုပြီး ငါရိုက်လိုက်ရလို့ပဲ ပြောရသေးတယ် ကလေးက အမေရဲခေါ်ပေးသားကို ရိုက်တော့မယ်ဆိုလို့ သူ့သားကို မြန်မာပြည်အမြန်ပြန်ပို့လိုက်ရတယ်တဲ့လေ။ တကယ့်ငိုအားထက်ရယ်အားသန်အဖြစ်။

ကလေးတွေပဲလားဆိုတော့ ကျနော်တို့သူငယ်ချင်းတစ်ယောက်လည်း ရှိသေးတယ်။ လူများတဲ့အရပ် လူထူ ဧရိယာဆိုရင် ဗမာလိုမပြောတော့ဘူး။ ဗမာလို့သိမှာစိုးလို့တဲ့လေ။ ကျနော်တို့တော့အရွဲ့တိုက်ပြီး သူ့နဲ့သွားတိုင်း လူများရင် ဗမာလိုအကျယ်ကြီးပြောဖြစ်ကြသေးတယ်။ ထိုင်းကိုသွားတုန်းက အဖြစ်အပျက်လေးကို သတိရမိပါသေးတယ်။ ကျနော်တို့ဘန်ကောက်မြို့ကြီးမှာ ဈေးလျှောက်ဝယ်တုန်းပေါ့ ခရီးဆောင်အိတ်ဝယ်မယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ဟိုမေးဒီမေးနဲ့ ပြောဖြစ်ကြတုန်း ရောင်းတဲ့ကောင်မလေးက အစ်ကိုတို့ဗမာတွေလားတဲ့။ ကျနော်တို့ စကားပြောတဲ့အသံထွက်က အများနဲ့မတူ တမူကွဲထွက်နေလို့တဲ့လေ။ ဒါပေမယ့် အစ်ကိုတို့ပြောရင် အင်္ဂလိပ်လိုပဲပြောပေးပါတဲ့ ဆိုင်ရှင်က ဗမာလိုပြောရင်မကြိုက်လို့တဲ့။ ကျနော်တို့တွေ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ကြပါတယ်။ သူခမျာ ကိုယ့်လူမျိုးလာလို့စကားအားရပါးရပြောချင်ပေမယ့် အခွင့်မသာရှာဘူးလေ။

ဘာသာစကားတင်ပဲလားဆိုတော့ ဟိုတစ်လောက ရုံးက အစ်မကြီးက ပြောလာတယ်။ အစ်မကြီးက မန္တလေးသူဆိုတော့ ရောက်ခါစကလဲဖြစ်ပြန် မိတ်ကပ်ဆိုတာမလိမ်းဘဲ မြန်မာအမျိုးသမီးပီပီ သနပ်ခါးလေးနဲ့ ရုံးနေ့စဉ်တက်တယ်လေ။ ကားပေါ်မှာ တစ်ခြားမြန်မာတွေနဲ့တွေ့ တော့ မြန်မာမလေးတစ်ယောက်က သနပ်ခါးလိမ်းထားမှတော့ မြန်မာမှန်းသိမှာပေါ့တဲ့ သူတို့အချင်းချင်း အစ်မကို တွေ့တော့ ပြောကြတာတဲ့လေ။ အဲဒီစကားကြားတော့ ကျနော့မှာ ဒေါသထွက်လိုက်တာ အစ်မရာ တစ်ခါတည်းမေးလိုက်ရောပေါ့ မြန်မာမှန်းသိတော့ ဘာဖြစ်လဲ ဒါဟာရှက်စရာမှ မဟုတ်တာလို့ပြောလိုက်ရောပေါ့ လို့။

ကဲဗျာ ကျနော်တို့ ပြည်ကြီးက ဘယ်လောက်ပဲ မတိုးတက်ပါစေ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဘယ်လောက်ပဲ ဆင်းရဲပါစေ ဒီပြည်သူပြည်သားဖြစ်ရတာ ဂုဏ်ငယ်တာနဲ့ ပဲ အရိုးကို အရွက်ဖုံးကြရင်ဖြင့် တကယ် အမျိုးပျောက်မှာ စိုးကြောက် လှပါသည်………


7 comments:

kay said...

အင်း..ဒီပြသာနာ မျိုးတွေက..နောင်ဆို..ပိုပို တိုးလာ မှာပဲ ထင် ပါရဲ့နော်။ ဒါက လည်း..ကမ္ဘာကြီး ရဲ့ လားရာ တွေ..တန်ဖိုးတွေ.. ပြောစကားတွေ..ပြောင်းလာ တာ လည်းတပိုင်းပေါ့။ ဒီအထဲ မှာမှ - သနပ်ခါးလိမ်းလို့..ဗမာမှန်းသိမှာပေါ့ - ဆို တာ မျိုး ကတော့.. ဗမာ လူမျိုးတချို့ ရဲ့..မလိမ်မိုးမလိမ်မာ..နားမလည်မူ..ဟန်ဆောင်မူ တွေ ပဲလား လို့။
တို့ရေး တဲ့ စာ တပုဒ်က..တွန်းအားပေး တယ် ဆို လို့ လည်း.. ၀မ်းသာ မိပါတယ်။ ဒီစာ လေး ကိုလည်း..ဝေမျှ လိုက်ပါတယ်။

ခင်မင်လျက်-

ATN said...

သက်သက်ကြီး ဗမာလို မပြောချင်တဲ့ ကိစ္စတွေ အတွက်တော့ ပူမနေပါနဲ့ဗျာ။ ကျနော်ကတော့ ဗမာလို ပြောချင်လျက်နဲ့ အခြေအနေတွေကြောင့် ဗမာလို မပြောတတ်တဲ့ ကလေးတွေအတွက်ပဲ ပူပါတယ်။ ကျနော်ရေးထားတဲ့ တပုဒ် (http://aungthange.blogspot.com/2008/01/blog-post_30.html) နဲ့ ကိုယောဟန်အောင်ရေးထားတဲ့ တပုဒ် (http://yaw-han-aung.blogspot.com/2008/01/blog-post_27.html) ကို ဖတ်ကြည့်ပါဦး။ ဝေဖန်အကြံပေးမှုတွေကိုလည်း ကြိုဆိုလျက်ပါ။ ခင်မင်လျက်။

Anonymous said...

ဟုတ်တယ် အစ်ကိုရေ့ ဒီလိုမျိုးတွေက နိုင်ငံခြားရောက် မြန်မာတော်တော် များများကြုံရတာပါပဲ တစ်ခါခါ ဒေါသထွက်မိသလို တစ်ခါခါကျ စိတ်မကောင်းဘူးး နောက်ဆုံးတော့ သူတို့ ကိုနားလည်ပေးလိုက်တော့တယ် ။ အခြေနေနဲ့  အချိန်ခါက အဲ့လူတွေရဲ့ စိတ်ကိုပြောင်းလဲသွားစေနိုင်တယ်လို့  ထင်မိတာပါပဲ ညီတော့ ဘာပဲဖြစ်ဖြစ် မြန်မာ စကားနဲ့  မြန်မာလို ပြောရတာကို နှစ်သက်တယ် ကိုယ့်ကိုယ်ကိုတော့ ပျောက်ပျက်မှာမဟုတ်ဘူးလေ ယုံကြည်ပါတယ် ။

ရွှေပြည်သူ (ShwePyiThu) said...

အကြိမ်ပေါင်းများစွာ တွေးဖူးတဲ့ အတွေးတွေပါ ကိုရွာသားလေးရေ။ သူငယ်ချင်းထဲက အိမ်ထောင်သည်တွေလည်း သားသမီးယူတော့မယ် ဆိုရင် အဲဒီကိစ္စကို တော်တော်စဉ်းစားကြပါတယ်။ နိုင်ငံရပ်ခြားမှာ ကြီးပြင်းတဲ့ကလေးကတော့ မြန်မာစာ မြန်မာစကားနဲ့ အတိုင်းအတာတစ်ခုထိ ဝေးပြီး တိုင်းပြည်ချစ်စိတ်လည်း နည်းသွားမှာပါပဲ။ တကယ်ကို ၀မ်းနည်းစရာကြီးပါ။ နောက်လူကြီးတွေ ကိစ္စ။ ကိုရွာသားလေးပြောသလို လူမျိုးတွေ ကြုံဖူးသလို မြန်မာဖြစ်ရက်နဲ့ မြန်မာအချင်းချင်း ဖုန်းဆက်ရင်တောင် အင်္ဂလိပ်လိုမေးတဲ့လူတွေ ကြုံဖူးပါရဲ့။ စိတ်လည်း ကုန်မိပါရဲ့။ လူငယ်တွေ ဘာသာစကား လေ့လာတဲ့အခါ သူငယ်ချင်းအချင်းချင်း လေ့ကျင့်ပြောတာမျိုးကို လက်ခံပေမယ့် စောစောကလို လူမျိုးတွေတွေ့ရင်တော့ အရမ်းစိတ်ပျက်တာပါပဲ။ ခံစားချက်နဲ့ တိုက်ဆိုင်သွားလို့ စာလည်းရှည်သွားပါပြီ။ မြန်မာစာ မြန်မာစကားကို မြန်မာတိုင်း တန်ဖိုးထားနိုင်ကြပါစေ။

ကိုရုပ်ဆိုး said...

အင်း ... ဒီကိစ္စက ဖြေရှင်းရခက်တဲ့ကိစ္စဗျ။ ကလေးတွေက အရွယ်မရောက်သေးခင်မှာပဲ နိုင်ငံခြားမှာ ကြီးတယ်ဆိုတော့ ပြောရခက်တယ်။ ဗမာပြည်မှာနေပြီး နိုင်ငံခြားသားဆန်ဆန်နေတဲ့ လူတွေတောင်ရှိသေးတာဆိုတော့ :(
တတ်နိုင်သရွေ့ မိဘတွေက မြန်မာတွေရှိတဲ့ အသိုင်းအ၀ိုင်းကို ခဏ, ခဏသွားပြီး၊ အိမ်ရဲ့ လက်လှမ်းမီရာမှာ မြန်မာပြည်ရဲ့ပုံတွေ၊ စာအုပ်တွေ (ဥပမာ ... စင်္ကာပူမှာ မတွေ့နိုင်တဲ့ ရှုမျှော်ခင်းပုံတွေ၊ ရှင်ပြု အလှူလှည့်တဲ့ပုံတွေ၊ ...) ထားပေးသင့်တယ်လို့ အကြုံပြုချင်တယ်ဗျာ။

Unknown said...

ကလေးတွေဆိုတာ မိဘအုပ်ထိမ်းမှုအောက်မှာ
ရှိတယ်လေ ဒီတော့ အုပ်ထိမ်းမှုကျွမ်းကျင်လိမ်မာတဲ့ မိဘတွေရဲ့ သားသမီးတွေကတော့ ဒီလောက်ထိဆိုးဝါး စရာဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်တယ် (ဘာလို့ လဲဆိုတော့ အသိမိတ်ဆွေမိသားစုဆိုရင် မြန်မာလိုလည်းတတ်အောင်သင်တယ် ဘုရားကန်တော့တာကအစ ဘေးကမိဘကနေ သင်ပေးတယ် ပြီး မိဘ၂ပါးကို ကန်တော့စေတယ် ကလေးငယ်လေးကအစသင်ပေးတယ် မြန်မာလိုရော Eng လိုပါ နားလည်အောင်ရှင်းပြတယ်ဆုံးမတယ်) ဒီမိသားစုလိုမျိုးလေးသာဆိုရင် စိတ်သိပ်ပူစရာ မလိုတော့ဘူးပေါ့ အင်း မြန်မာလို့ သိမှာစိုးတာကလည်း မိန်းကလေးတချို့ က လိုက်အနှောက်အယှက်ပေး တာခံရမှာစိုးလို့ ရယ် တချို့ ကတော့ ဘာမှန်းမသိတဲ့ အထင်သေးခံရမှာ ကြောက်လို့ ရယ်လို့  ထင်မိတယ် ဘယ်လိုပဲဖြစ်ဖြစ် အမျိုးပျောက်မှာတော့ စိုးကြောက်မိပါတယ်

ဇွန်မိုးစက် said...

ပိုစ့်ကောင်းလေးပါ။ တို့လည်း မြန်မာပြည်ကိုချစ်တယ်၊ မြန်မာစာကို လေးစားတယ်။ ရွာသားပြောတဲ့ ကလေးမျိုးတွေ ဒီမှာ အများကြီးတွေ့ရတယ်။ အုပ်ထိန်းသူမိဘနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ တို့အတွေ့အကြုံအရဆို လုပ်အားပေးကျောင်းမှာ မိဘကို ပစ္စည်းပစ်ပေးတဲ့ မြန်မာကလေးတောင်ရှိတယ်။ အမြင်မတော်လို့ကတော့ မိဘရှေ့ဘဲ ဆုံးမလိုက်တယ်။ ဆရာမတွေကိုလည်း နင်နဲ့ငါပြောလို့ မနည်းဆုံးမရတယ်။ သူတို့လေးတွေကို မြန်မာစာသင်ပေးရတာ တော်တ်ာစိတ်ရှည်ရတယ် ရွာသားရေ။
သြော်..တို့လည်း သနပ်ခါးလိမ်းပြီးရုံးတက်တာ ဒီနေ့ထိပဲ။ (မိတ်ကပ်ကတော့ ခုချိန်ထိ မလိမ်းတတ်တာ:D) မြန်မာမှန်းသိလည်း သိပစေပေါ့၊ တို့ကတော့ don't care.