13 June 2018

မဲ့ခလောင်နဲ့ ကျနော်

တကယ်က သောကြာနေ့ အလုပ်ပြီးတာနဲ့ ခရီးတခု သွားကြဖို့ သူငယ်ချင်းနဲ့ စီစဉ်ထားပြီးသား။ ပုံမှန်အလုပ်ပြီးတာနဲ့ စလုံးပြန်နေကြကို ဒီတခေါက် နောက်ထပ်နှစ်ရက်တိုးပြီး ခရီးသွားဖို့အတွက် နေခဲ့ဖြစ်တယ်။ လုပ်သလိုမဖြစ်တဲ့ လောကကြီးအကြောင်းလည်း သိသားပဲမဟုတ်လား။ သောကြာနေ့ညနေ ပြီးရမယ့်အလုပ်ဟာ စနေနေ့အထိ လုပ်ဖို့ဖြစ်လာရော။ စီစဉ်ထားတာတွေ အားလုံးပျက်ရောဆိုပါတော့လေ။ စနေနေ့ညနေသူငယ်ချင်းနဲ့တွေ့တော့မှ နောက်နေ့ဘယ်သွားကြမလဲ ကနေပြန်စကြတယ်။ ဓါတ်ပုံရိုက်ချင်တဲ့ ကျနော်က မဲ့ခလောင်ဈေးကို ပြဖြစ်တယ်။ သူငယ်ချင်းက ရှာပြုပြီးတဲ့အခါ စိတ်ဝင်စားတယ် သွားကြမယ်ကအစ ဒီခရီးဟာဖြစ်လာတယ်။
မနက်အိပ်ရာနိုး ရေမိုးချိုးပြီးတာနဲ့ ထွက်လာတော့ မနက်ခုနှစ်နာရီကျော်ပဲရှိသေးတယ်။ Sky Train ပေါ်မှာတောင် လူသိပ်မကြပ်သေးဘူး။ online မှာကြည့်ဖြစ်တော့ ဗစ်ထရီမိုးနြူးမော့ကနေ မီနီဘတ်စ်စီးရမယ် ဆိုတယ်။ အဲ့ဒီကိုရောက်တဲ့အခါ ကားက မရောက်သေးဘူး။ ထိုင်ခုံမှာ ခဏစောင့်ပါဆိုလို့ အနားက 7/11မှာ မနက်စာ ဝယ်စားရင်းစောင့်ကြတယ်။ ကားလာပြီဆိုတော့ ကားပေါ်တက်ပြီးစောင့်ကြပြန်တယ်၊ ကားက ခရီးသည်စောင့်နေတာ မနက်ရှစ်နာရီခွဲလောက်ရှိပြီ။ ဆယ်မိနစ်လောက်ရှိတော့မှ ကားသမားက မဲ့ခလောင်ကို ဒီကားမရောက်ဘူးတဲ့။ ဒီကနေ ဘယ်ကားမှ မရောက်ဘူးတဲ့။ ဒါပေမယ့် ဆိုင်တိုင်မိုင်ကားဂိတ်ကို ပို့ပေးမယ် အဲ့ဒီကနေမှ မဲ့ခလောင်ကိုသွားမယ့်ကား ထပ်စီးရမယ်ဆိုတယ်။ 
အဲ...ပေါက်လက်စနဲ့တော့ မထူးတော့ပါဘူး ဆိုင်တိုင်မိုင်ကို လိုက်သွားတယ်။ ဆိုင်တိုင်မိုင်ကားဂိတ်ရောက်တော့ ကိုးနာရီဆယ်မိနစ်ရှိနေပေါ့။ မဲ့ခလောင်သွားမယ့်ကားက ၉ နာရီလေးဆယ့်ငါးမိနစ်မှတဲ့ ခရီးက တနာရီပဲကြာမှာပါဆိုတော့ အေးအေးဆေးဆေး..

အချိန်ကျတာနဲ့ ကားထွက်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က ဘတ်စ်ကားလိုပဲ လမ်းမှာ ခရီးသည်စောင့်ခေါ်တယ်၊အတင်အချလုပ်တယ်၊ တနာရီပဲဆိုတဲ့ခရီးဟာ ၁၂နာရီခွဲမှ မဲ့ခလောင်ကားဂိတ်ကို ရောက်တယ်။ လမ်းမှာတုန်းက ရထားမှီပါ့မလား စိတ်ပူနေတဲ့ ကျနော်တို့ကို ကားသမားအန်တီကြီးက ရီတယ်။ သူတို့အတွက်တော့ ရထားမမှီလည်း ဘာအရေးလည်းပေါ့။ ရထားမမှီတော့ဘူး  ရထားကြီးထွက်လို့ သွားပြီ ...လွဲပြီ....



ရောက်လက်စနဲ့ မဲ့ခလောင်ဈေးကိုဝင်တယ်။ သံလမ်းဟိုဖက်ဒီဖက် ဈေးဗန်းတွေ အပြိုင်အဆိုင်ထိုးထွက် ရောင်းနေကြတယ်။ ရထားလာတဲ့အချိန် အမိုးတွေ ဈေးဗန်းတွေ ရုပ်သိမ်းကြတာဟာ ဒီဈေးရဲ့ ထူးခြားချက်တဲ့။ အခုတော့ ဒီထူးခြားချက်ကို ကြည့်ဖို့ ဓါတ်ပုံရိုက်ဖို့ အလွဲကြီးလွဲခဲ့ပြီ။ နောက်ရထား လာမယ့်အချိန်က ၂နာရီ မှဖြစ်ပြီး ကျနော့လေယာဉ်ကွင်းချိန်းက လေးနာရီဆိုတော့ ရထားလာတဲ့အထိ စောင့်ဖို့ မဖြစ်နိုင်တော့ဘူး။ သံလမ်းကိုဆုံးအောင် လျှောက်ပြီးတာနဲ့ ဘူတာကို ဓါတ်ပုံပြန်ရိုက်ကြတယ်။

နေ့လည် ၁နာရီစွန်းစွန်းမှာ ကားငှားပြန်ကြမယ်ဆိုပြီး ကားလိုက်ရှာကြတယ်။ ကားခက ဘတ်၁၅၀၀တဲ့။ အလာတုန်းက အန်တီကားသမားက သူနဲ့ ပြန်လိုက်ခဲ့တဲ့။ တက္ကစီစီးလို့ရတဲ့နေရာမှာ ချပေးမယ်ဆိုပြီး တယောက်ကို ဘတ်၆၀ပဲတောင်းပါတယ်။

နောက်ထပ်၁နာရီလောက်စီးပြီးတဲ့အခါ လမ်းပေါ်မှာ တက္ကစီတွေ မြင်လာတယ်။ ကားကိုရပ်ပေးပြီး ဒီကနေ တက္ကစီနဲ့ သွား ပိုမြန်တယ်တဲ့။ တကယ်ပဲနေ့လည် နှစ်နာရီခွဲမှာ အခန်းကို ပြန်ရောက်တယ်။ နေ့လယ်စာစားဖို့ အချိန်မမှီတာနဲ့ လမ်းမှာ မစားခဲ့ရဘူး။ ဝယ်ထားတဲ့ ဒူးရင်းမင်းဂွတ်ကြက်မောက်သီးတွေစားပြီး လေဆိပ်ကိုတန်းဆင်းတယ်။ ဘန်ကောက်လမ်းဟာ နာမည်ကျော်အောင် ကားပိတ်တာမို့ ခပ်လန့်လန့်ပဲ။ တကယ်တမ်းကျတော့ နာရီဝက်ပဲ ကြာတယ်။ လေးနာရီမထိုးခင် ရောက်တာမို့ Check in ဝင်ပြီးတာနဲ့ လေဆိပ်ကော်ဖီိဆိုင်မှာ ခဏထိုင်ကြတယ်။

မဲ့ခလောင်ဈေးနဲ့ ရထားကို လွဲသွားတဲ့ အကြောင်းကို ပြန်ပြောဖြစ်ကြရင်း။ နောက်တခေါက် ရထားမှီအောင် ပြန်သွားကြဖို့ကိုလည်း တခါတည်း သဘောတူလိုက်ကြတယ်။ အကယ်၍များ ဈေးထဲ ရထားဖြတ်နေတဲ့ ဓါတ်ပုံတက်လာခဲ့ရင် ဒီတခေါက်တော့ မလွဲတော့ဘူးဆိုတာ သဘောပေါက်လိုက်ကြဖို့ပါပဲ......