20 July 2008

ဒီနေ့အတွက်လိုအပ်ချက်…

တခုခုတော့လိုပါတယ်။ ဘာလိုမှန်းတော့မသိ ထမင်းလည်းစားထားပါရဲ့နဲ့ ဆာသလိုလိုဘာလိုလို။ တကယ်တော့ စိတ်လိုအင်တစ်ခုပါလေ…..

ငယ်ငယ်သိတတ်စအရွယ် ၀န်ထမ်းမိသားစု ရပ်ကွက်ထဲမှာဆိုတော့ ဒီနေ့ဆို ဥသြဆွဲတတ်လေရဲ့။ ဘာမှန်းမသိတိုင်းမေးနေကြက မေ့ဘာလို့ဆွဲတာလဲပေါ့။ မေးခွန်းတွေကို ကြိုတင်ပြင်ဆင်ထားတတ်တဲ့မေက သားရယ်ဒီနေ့အာဇာနည်နေ့လေ။ အာဇာနည်ဆိုတာက အစချီပြီး အဆုံးသတ်တော့ မျက်ရည်ဝိုင်းလျက်သား။ ရက်စက်လိုက်ကြတာဆိုပြီးရယ် ဗိုလ်ချုပ်ကို သနားတယ်ဆိုပြီး ကျွတ်တသတ်သတ်ရယ်နဲ့ပေါ့။

နဲနဲအရွယ်ရောက်လာ သိတတ်စအချိန် ရုပ်မြင်သံကြားဆိုတာက ပေါ်ထွန်းစ။ တစ်ရပ်ကွက်တစ်လုံး သစ်သားပုံးလေးထဲက ရုပ်မြင်သံကြားစက်ကလေးထဲမှာ အာဇာနည်နေ့ အခမ်းအနားဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရတတ်တယ်။ တက်ညီလက်ညီ ချီတက် အားလုံးက အလေးပြု ပန်းခွေတွေကိုယ်စီကိုင်ပြီး အာဇာနည်မိသားစုဝင်တွေ အစီစဉ်တကျ။ ပြီးတော့ပြီးတော့ပေါ့။

ဘာလို့ရယ်မသိ ကိုယ့်အာဇာနည်ကုန်းကို သူများက ဗုံးခွဲဖျက်ဆီးခဲ့ဖူးတယ်ဆိုတာလည်း တော်တော်လေးကြာမှ သိခဲ့ရတယ်။ အသိဥာဏ်ဆိုတာ ဗဟုသုတအပြင် ရှာဖွေရပါလားဆိုတာ သိပေမယ့် အပျင်းကြီးတဲ့လူတစ်ယောက်ဆိုတော့ ဘယ်တော့မှ မတိုးတက်နိုင်။

နောက်နှစ်တစ်နှစ်အရောက်မှာတော့ သူ့ကို ကျနော်တို့စတွေ့ကြရတယ်။ သမိုင်းဆိုတဲ့စာအုပ်ထဲကနေ သူကတကယ့်အပြင်ကို ရောက်လာခဲ့တယ်။ အံ့သြရင်ခုန်ခြင်းအပြည့်နဲ့ သူ့ကို စောင့်နေမိတယ်။ စောင့်နေမိတယ်ဆိုတာ ရုပ်မြင်သံကြားက လွှင့်နေတဲ့အခမ်းအနားကို ကြည့်ရင်းပေါ့။ ခြေလှမ်းမှန်မှန်နဲ့ ယုံကြည်မှုအပြည့်နဲ့နင်းချလာတဲ့ ခြေလှမ်းတိုင်းက သူ့လိုပဲလှပ သေသပ်နေခဲ့တယ်။ မျက်ဝန်းတွေကလည်း သိပ်စူးရှထက်မြက်လှပါလား။ အို…..သူ့လှုပ်ရှားမှုတွေက ပန်းချီကားတစ်ချပ်လို အသက်ဝင်နေလျက် အားလုံးသောလူတွေကလည်း စောင့်ကြည့်နေလျက်။

သူဟာသူ့ယုံကြည်ချက်တွေအတွက် အားလုံးနဲ့ဝေးနေရပြန်တယ်။ အဲဒီတော့ ကျနော်နှစ်တိုင်း သူ့ကိုမြင်ချင်တိုင်း နှစ်စဉ်မပြတ် ဒီအခမ်းအနားကို စောင့်ကြည့်နေရတာပေါ့။

ဒီနှစ်တော့ ကျနော်မကြည့်လိုက်ရတော့ဘူးလေ။ အခုလည်း အခမ်းအနားကပြီးသွားပြီဆိုတော့ ကျနော့ စိတ်အဆာပြေဖို့ ကြံဖန်ရှာဖွေကြည့်ရအုံးမှာပေါ့။ ကဲ………

1 comment:

Unknown said...

ငယ်ငယ်တုန်းက နယ်မှာနေရတဲ့အချိန် ဒီနေ့ ရောက်တိုင်း ဆန်စက်တွေကနေ ဥသြဆွဲပေးတယ် အဲဒီ့အချိန်တုန်းကဆို ရေချိုးနေရင်းနဲ့ တောင် ၂ မိနစ် ငြိမ်၂လေး ရပ်ပြီး အလေးပြုခဲ့တယ် ခုထက်ထိတိုင် မမေ့နိုင်ပါ