13 July 2008

Online မုန်းသူတစ်ယောက်အကြောင်း

ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါဗျာ ကျုပ်ကတောရွာကပါ။ လျှပ်စစ်မီးဆိုတာလည်း မရှိ ညမှောင်ရင် ဘက်ထီနဲ့ ဖွင့်ရတဲ့ ဖန်ချောင်းကိုပဲ အားကိုးပြီးနေရတာပါ။ ခုတစ်လောဗျာ ကမ္ဘာကြီးကို ရွာကြီးလုပ်ပြီး အဲဒီ online ဆိုတာကြီးက ကျုပ်ပတ်ဝန်းကျင်မှာ ကြားနေရတာကြာလှပါပကော။ အဲဒါကြီးကြောင့်ပေါ့ဗျာ…….

ကျုပ်တူတွေတူမတွေမယ် ရန်ကုန်ကနေမှ အမြင်တွေကျယ် ဟိုတစ်ဖက်ခြမ်းကို လှမ်းသွားကြတယ်ဆိုရင်ပဲ မကြာမတင်မှာ ကျုပ်လိုက်ရတော့မယ်ဆိုသိလိုက်ပါတယ်။ ထင်နေတဲ့အတိုင်း ကျုပ်အစ်ကိုကြီးကနေ ကျုပ်ကို လိုက်လာဖို့ခေါ်လို့လိုက်သွားမိပါတယ်။ ဟိုမှာလည်း ကျုပ်အသိတွေရောက်နေတာ များလှပေါ့။ ရွာမယ်ဆို သူတို့အမျိုးတွေက သူတို့အကြောင်း ကြွားချက်။ ကျုပ်လည်း အစ်ကိုကြီးခေါ်တယ်ဆို လိုက်သွားတာပေါ့ ဘယ်နေလိမ့်မလဲ။

အာဟိုရောက်တော့ဗျာ ကျုပ်တူတွေတူမတွေက အင်တာနက်ဆိုတာကြီး ကျုပ်ကို သင်ပေးကြသဗျ။ ကွန်ပြူတာဆိုတာကြီး စိတ်ဝင်စားစရာအကောင်းသား ကြိုက်တာ အကုန်လုပ်လို့ရဆိုပဲ။ တစ်ချို့နေရာတွေမှာ တော်တော်အသုံးဝင်တယ်တဲ့။ ဟုတ်မှာပဲဗျ သူက လေးထောင့်ကြီးဆိုလည်းဟုတ် ပြားပြားလေးဆိုလည်းဟုတ် ဟုတ်နေတာပဲ။ ခလုတ်တချက်နှိပ်လိုက်တာနဲ့ အသံတွေလည်းထွက်သဗျ။

ကျုပ်အိမ်မှာ ပျင်းနေမှာစိုးလို့ဆိုပြီး အင်တာနက်မှာ ဘာတွေကြည့်လို့ရတယ် ကအစ ကျုပ်တူတွေတူမတွေက သင်ကြသဗျ။ အင်တာနက်က တရားလည်းနာလို့ရသလို ရုပ်ရှင်လည်း ကြည့်လို့ရသဗျ စာအုပ်တွေလည်း အီးဘုတ်ဆိုလားဘာဆိုလား ဖတ်လို့ရသဗျ။ ကျုပ်တော့ အားမရပေါင်ဗျာ။ စာအုပ်ဆိုတာ လက်ကြားထဲညှပ်ဖတ်လိုက်ချင်တာပါပဲ။ တရားဆိုလည်း ဆရာတော်တွေရှေ့ လက်အုပ်လေးချီပြီး နေသားတကျလေးနာလိုက်ရမှဗျ။ ခုတော့ ကွန်ပြူတာကြီးထိုင်ရှိခိုးပြီး နာရမလိုဆိုတော့ ခိုးလို့ခုလုပဲ။

အဲသာနဲ့ ရွာတုန်းက ကျောင်းတက်ဖက် သာအေးကိုကျုပ်က သာအေးရာမင်းကွာ ငါ့ဆီလည်းလာပါအုန်းကွာ ငါ့တစ်ယောက်တည်းပျင်းသဟဆိုတော့ သာအေးက ဟေ့ကောင်ဒီမှာတစ်နေရာနဲ့တစ်နေရာမလာနိုင်ဘူးကွ မင်းငါနဲ့တွေ့ချင်သပ ဆို online ပေါ်လာခဲ့တဲ့….ကဲ။ နောက်တစ်ယောက် ရွာထိပ်က မဘုမသမီး မိအေးကို ဟဲ့ကောင်မလေး နင်အားရင်ဖုန်းလေးဘာလေးဆက်ဆိုတော့ ဦးရီးကလည်း ဖုန်းဆက်တာ ပိုက်ဆံကုန်သတဲ့။ သမီးကိုတွေ့ချင်ရင် Gtalk ဆိုလားဘာဆိုလား စကားပြောလို့ရသတဲ့လာခဲ့တဲ့။ ကဲကဲနင်တို့နေကြတော့ ငါ့သူငယ်ချင်းကြီး ကြွက်နီက အမေရိကားမှာဆိုတော့ သူ့ဆီဖုန်းဆက်တော့လည်း သူငယ်ချင်းတဲ့ vzoဆိုတာကို တက်လာခဲ့တဲ့။ အဲမှ ရုပ်ပါမြင်ရသတဲ့ ကဲဗျာ စဉ်းစားသာကြည့်ကြပေတော့။

ရုပ်ဝတ္ထုဆန်တယ်ပဲ ပြောပြော ကျုပ်တို့လိုတောသူတောင်သားက လူချင်းတွေ့လိုက်ရမှ အားရပါးရ ရှိသာရယ်။ တုံးဆိုတိုက် ကျားဆိုကိုက်မှကြိုက်တာရယ်။ ခုတော့ဗျာ online ဆိုတာကြီးရှိတာနဲ့ ကျုပ်မယ် သူငယ်ချင်း အသိမိတ်ဆွေက တကယ်မမြင်မကြားရတဲ့ အဲဒီဟာကြီးထဲမှာ ပြောဆိုဆက်ဆံနေရတာ စိတ်ကုန်ဖို့ကောင်းလိုက်တာ။ ကျုပ်တင်မကပဲ ရွာကလူတွေသွားပြောကြည့်ပါလား ကျုပ်နဲ့တစ်စိတ်ထဲတစ်ဝမ်းထဲနေမှာ။

ခုတော့ ကျုပ်ရွာသူရွာသားတွေလည်း အဆင့်မြင့်တာလား နိမ့်ကျသွားတာလား မသိ လူချင်းတောင်မတွေ့နိုင်ကြတော့ ဆက်သွယ်ရေးလွယ်ကူပါတဲ့ ဖုန်းဆက်ဖို့လည်း ခက်ခဲ။ ဘယ်လောက်တိုးတက်ခေတ်မီတယ်ပြောပြော ကျုပ်တို့ရွာလောက် ပျော်စရာမကောင်း။ အဲလိုပျော်စရာမကောင်းတာ အဲဒီ online ဆိုတာကြီးက ကျုပ်တို့ကြားမှာခံနေတာကြောင့်လို့ ကျုပ်တော့ထင်တာပဲ။ အဲဒီတော့ ကျုပ်သူ့ကို မမြင်ချင်မတွေ့ချင်လောက်အောင်ကိုမုန်းနေတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်မှာပါနော့ဗျာ…………………………………

5 comments:

ရွှေပြည်သူ (ShwePyiThu) said...

online ဆိုတာကို မမုန်းပါနဲ့ ဘကြီးရာ။ တချို့အတွက်ကျတော့ ဒါလေးမှမရှိရင် ဘ၀က အဓိပ္ပါယ်မရှိသလိုပါပဲ...း))

Anonymous said...

မမုန်းလိုက်ပါနဲ့ ဗျာ ဒါလေးရှိလို့  တော်သေးတာပေါ့ မဟုတ်ရင် ပျင်းလွန်းလို့  သေနိုင်တယ် ;) ဘကြီးတောသားကကော တကယ် မုန်းလို့ လား ။

Anonymous said...

ဟား ဟား
အွန်လိုင်းကိုမုန်းတယ်တဲ့လားဗျ....
ဟုတ်လို့လားကိုရွာသားလေး(YTU)ရယ်..
အမိနိုင်ငံနဲ့ဝေးနေရတဲ့လူတွေအတွက်သူငယ်ချင်း
တွေနဲ့ဈေးသက်သက်သာသာဆက်သွယ်နိုင်ဖို့
အွန်လိုင်းဆိုတာကြီးရှိတာပဲကျေးဇူးတင်မိသဗျ.
ဟီး........:P

Mogok Thar said...

လာချင်ရင် အနီးလေးပဲ မို့......
အင်းး...
ဒါလဲ မရှိမကောင်း၊ ၇ှိမကောင်းတည့် ထဲမှာ ပါတယ်။

Unknown said...

ဖတ်ပြီး ပြုံးမိတယ် သဘောလည်းကျတယ် တကယ့်ရွာက ဦးကြီးတယောက်လာပြောနေသလို ခံစားရတယ် ရသမြောက်အောင်ရေးတတ်လိုက်တာ ခံစားတတ်လိုက်တာ (ဦးကြီးပြောသလိုလည်း မုန်းလို့  ဘယ်ဖြစ်မလဲ ကောင်းကွက် ဆိုးကွက်လေးတွေ ကတော့ ဒွန်တွဲနေတာပါပဲ) စကားမစပ် ရွာသားလေးရော အပြင်မှာ ဦးကြီးလိုပဲ ပြောတတ်လား
အင်း မျက်နှာဖုံး ၆၀ ကျော်လောက်ရှိတဲ့သူပဲ အဲလို ဘယ်ပြောမလဲနော့ ရောမရောက်တော့ ရောမလိုပေါ့