29 September 2009

အိပ်မက် မိုးတိမ်




ဒီနေ့ တိမ်တွေအရမ်းလှတာပါပဲ။ ကျမက တိမ်တွေကို ကြည့်ရတာ သဘောကျပါတယ်။ ပြာလွင်နေတဲ့ မိုးသားပြာပြာအထက်မှာ ဖြုစင်လွင့်မျောနေတဲ့ တိမ်တွေက သိပ်မက်မော ကြည်နူးစရာကောင်းတယ်လေ။ ကျမသိပ်သဘောကျတဲ့ တိမ်တွေကြားမှာ လွင့်မျောနေတုန်း ခဏမှာပဲ….

အသံတစ်ခုသဲ့သဲ့ကြားလိုက်မိတယ်။

သြော်….ဧည့်ခန်း စားပွဲပေါ်က မောင့်လက်ကိုင်ဖုန်းလေးဆီကပါလား..သူရေချိုးခန်းထဲ ၀င်နေတုံးလေ။ ရုံးကများလား ဘာရယ်မဟုတ်ပဲ ဖြတ်ခနဲ ကြည့်လိုက်မိတယ်။ အဲ့ဒီနောက်မှာ ကျမရဲ့ မိုးတိမ်ပြာတွေ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ရတယ်။ မျက်ဝန်းအိမ်က စီးလာတဲ့ အပူမြစ်နှစ်ချောင်းနဲ့ ကျမ လောင်ကျွမ်းနေခဲ့ပြီလေ။ မောင်ရေ…. တိုးဖွဖွ ခေါ်ရင်းက ရင်တွင်းမှာ နင့်နင့်သည်းသည်းနိုင်နေခဲ့ပြီ။ နာကျင်မှု အစုံနဲ့ တုန်တုန်ချိချိ လက်လှမ်းရင်း ဆွဲမိဆွဲရာ ဆွဲလိုက်ပြန်တော့ အတိတ်ကန်လန့်ကာ တစ်ခုဖြစ်နေပြန်သည်ပေါ့……..

နင်ဘယ်မှာ…..အဲ့အသံတစ်ခုက လျှပ်စစ်လှိုင်းထဲက စီးမျောခဲ့ပေမယ့် အခုအချိန်အထိ(ဘယ်သောအခါမှ) မေ့မရခဲ့ဘူး။ ကျမ စာသင်ပြတဲ့နေရာတွေကို သူသိထားတတ်တယ်။ ဒီနေ့ သူဖုံးခေါ်တော့ ကျမ နောက်ထပ် စာသင်ပေးရမယ့် အိမ်တစ်ခုကို ရောက်နေခဲ့ပြီ။ ဒီအိမ်နဲ့ဆို ငါနင့်ကို လိုက်ရှာနေတာ သုံးအိမ်မြောက်ပြီတဲ့။ ကဲ…ဆိုပါဦး ဘာကိစ္စလည်းဆိုတော့ ဘာရယ် မဟုတ်ဘူး မေးစရာ တစ်ခုရှိလို့ပါတဲ့။ နောက်တော့ ထုံးစံအတိုင်း ပြောရင်းဆိုရင်း စကားစတွေ များသည်ထက် များခဲ့သည်ပေါ့။

ပြီးတော့ ကျမရဲ့နားရက် အထူးသဖြင့် အပတ်စဉ် တနင်္ဂနွေတွေနေ့တိုင်းမှာ သူရောက်ရောက်လာ တတ်ပါတယ်။ သူ ဘာအတွက်လဲ။ သူဘာကြောင့်များ ချောင်းဖြစ်အောင် အို….ကျမမှ မြောင်းမဖောက်ခဲ့ပဲနော်။ ရက်သတ္တပတ်ရဲ့ ညနေခင်းတစ်ချို့မှာ မောင်လာနေတတ်တာကကော..

သူငယ်ချင်းတွေကပြောတယ် သူ နင့်ကို စိတ်ဝင်စားနေတယ်တဲ့လေ။ ဟုတ်လို့လားဟယ်လို့ မဖြစ်နိုင်ပါဘူးရယ်လို့ ရယ်သွမ်းသွေး ပြောခဲ့မိသေးတယ်။ တကယ်ဆို ဒီလောက် အိမ်ပေါက်စေ့ ရှာနေရလောက်အောင် နင်ပြောတဲ့ အကြောင်းအရာက အရေးမှ မကြီးခဲ့တာ။ ရိပ်မိတာပေါ့။

ဒါပေမယ့်လေ နောက်တော့လည်း ဗဒင်သီချင်းလိုပါပဲ။ ယိုင်ခဲ့ နွဲ့ခဲ့သည်ပေါ့။ အဲ့သည် အချိန် အဲ့သည်အခါတုန်းက နင်က တပြုံးပြုံးရယ်နဲ့ ငါလိုသမျှ ဖေးမခဲ့နိုင်တယ်။ ငါ့ဖက်ကတော့ ကျေးဇူးတွေတင်..မိုးမမြင်လေမမြင်ဖြစ်ရတာပေါ့။ အထင်ကြီးလေးစားခြင်းတွေကနေ အဲ့ဒီ အချစ်ဆိုတဲ့အရာတွေ ဆောက်တည်ခဲ့မိတယ်။ ငါ ဆောက်ခဲ့မိတာ တစ်ဘဝလုံးစာ အတွက်ပါ။

ကျွီခနဲ မြည်သံနဲ့အတူ ရေချိုးခန်းတံခါးပွင့်လာတော့မှ ကန့်လန့်ကာ ကြားက ထွက်ဖို့ သတိရတယ်။ ကျမပါးပြင်က မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ပေမယ့် မမှီနိုင်တော့ပြီ။

ဟင်….မိုးငယ် ဘာတွေဖြစ်လို့လဲ။ မနက်စောစော ငိုနေတယ်။ အိမ်ကိုလွမ်းလို့လား…။ ရုံးပိတ်ရက်မှာ ပျော်ပျော်ရွှင်ရွှင်နေရမှာ ဘာစိတ်ညစ်စရာ ရှိနေလို့လဲ…။

ဒီမေးခွန်းတွေကို ဖြေဖို့ အားယူရင်း သုတ်လက်စ မျက်ရည်ကြားမှာ ထပ်ကာထပ်ကာ ရွာနေမိတဲ့ မိမိုးငယ်ပါလေ။ မောင်…လို့ တစ်ခွန်းပြောလိုက်…ပြောမထွက်တဲ့ စကားသံတွေနဲ့ လက်ထဲက မောင့်ဖုန်းလေးကို ထိုးပြရင်း SMS ဖတ်ကြည့်ပါလို့ တစ်ဖြည်းဖြည်း တိုးသွားတဲ့လေသံ နဲ့ အင့်ခနဲရှိုက်မိပြန်တယ်။

ထူးဆန်းအံ့သြတဲ့အကြည့်နဲ့ သူ့လက်ကိုင်ဖုန်းကိုသူ ပြန်စိုက်ကြည့်နေရင်းက..သြော်လို့ တစ်ခွန်းညည်းတယ်။ ဟုတ်တယ် မိုးငယ်ကို မောင်ပြောမလို့ပဲ ဒါပေမယ့် မိုးငယ်စိတ်ညစ်နေမှာစိုးလို့ မောင်ပြောမထွက်ခဲ့ဘူး။ မောင်တို့ အလုပ်နဲ့ပတ်သတ်ပြီး သဲသဲဆိုတဲ့ မိန်းကလေးက မောင့်ကို အခုလို SMS တွေ ပို့နေတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းကပဲ။ မောင်က မောင်က မောင့်မှာ လက်ရှိရည်းစားနဲ့ လို့ သူ့ကိုအတန်တန်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူက သူဖက်က ပို့တာတော့ ပို့ပါရစေ။ ဒီဖက်က တုန့်ပြန်စရာမလိုပါဖူးတဲ့။ သူ…မောင့် ဆီက ဘာမှမမျှော်လင့်ပါဘူး သူ့ရဲ့ တစ်ဖတ်သတ် ခံစားချက်ကလေးကို နားလည်ပေးပါတဲ့။

ကျမ မျက်ဝန်းက မျက်ရည်တွေနဲ့ သူ့ရဲ့ မျက်ဝန်းတစ်စုံတို့ ဆုံဖြစ်ကြတယ်။ ပြီးတော့ မိနစ်ပိုင်းလောက် ကျမတို့ ငြိမ်သက်သွားကြတယ်။ ကျမ ဘာပြောရမလဲ။ ဒီနှစ် အောက်တိုဘာလ အကုန်လောက်မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ ကျမတို့ အတွက် ဘာစကားတွေ ပြောသင့်သလဲ။

မိုးငယ်….မောင် မိုးငယ်ကိုပဲ လက်ထပ်ယူမှာပါ။ ပြီးတော့ မောင် သူ့ကို စိတ်မ၀င်စားပါဘူးကွာ။ ဟင့်….အင်း ကျမတိုးတိုးလေး ငြင်းမိတယ် ထင်တယ်။ မောင်…မိုးငယ် မောင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြပါလို့ တောင်းဆိုမိခဲ့တယ်။ မိုးငယ်ရင်ထဲကိုလည်း ဝင်ကြည့်စေချင်တယ်။ မောင့်ရင်ထဲကိုလည်း မိုးငယ် ဝင်ကြည့်ခဲ့ချင်ပါတယ်။

နောက်တော့ ကျမ မောင့်ဆီက သဲသဲဆိုတဲ့ မိန်းကလေးရဲ့ ဆက်သွယ်မှုတွေကို သိလာရပါတယ်။ အဲ့ဒီအတွက် ကျမကျေနပ်ခဲ့သလို ဝမ်းနည်းနာကျင်ခဲ့ရပါတယ်။

လပိုင်းလောက်မပြည့်ခင်မှာတော့ မောင့်ဆီက သဲသဲဆိုတဲ့ အသံတစ်ခုကို စကြားရတယ်။ မောင့်ရဲ့ အိမ်ပြန်ချိန်တွေ နောက်ကျတတ်လာတယ်။ မောင်…..ဆယ်နေဆူကဲပူ သလိုပါပဲ။ တွေးမိတိုင်း နောက်ကျိကျိ တက်လာတဲ့ ဒီဦးနှောက်နဲ့ ဒီနှလုံးသားကို မိုးငယ် ဘယ်သွားထားရမလဲ။ မောင်ပြောတော့ မိုးငယ်ပဲဆို…(ဆိုဖီယာလောရင့်ကြီးဆို ပြီးပြောရအောင် ကျမတို့က လက်မထပ်ရသေးဘူးလေ)။

အိမ်ပြန်ရောက်ရင်လည်း လက်ကိုင်ဖုန်းထဲက သိုးသိုးသဲ့သဲ့ အသံတွေကို မိုးငယ်ကြားရတယ်။ နှုတ်ခမ်းကို ကိုက်ထားမိပေမယ့် ရင်ထဲက ၀ုန်းဒိုင်းကြဲမှုတွေ စကားလုံးတွေ အဖြစ် ပြိုကျလာခဲ့တယ်။ ဘယ်လိုဖြစ်ရတာလဲ မောင်ရယ်….။ ခဏကွာ မောင် သဲသဲရဲ့ အပြောအဆို ချွဲနွဲ့မှုတွေမှာ သာယာမိသွားတယ်။ ဒါပေမယ့် မောင် မိုးငယ်ဖက်မှာ အမြဲရှိနေမယ်။ စဉ်းစားကြည့်ပါဦးမောင်…. ကျမ ဘယ်နှလုံးသားနဲ့ ပြုံးပြုံးလေး နေပေးရမလဲ။

ညတာများတော့ အိပ်မက်ရှည်သတဲ့မောင်။ ကျမသိတာပေါ့ မောင်ရယ်။ နုတယ် နွဲ့တယ် ငယ်တယ် သွက်တယ်လေ။ ကျမကလေ ချစ်တယ်ဆိုတဲ့ စကားလုံးကို နှလုံးသားမှာထားပါတယ်။ နှုတ်ခမ်းဖျားနဲ့ တစ်အားမကြွားတတ်ပါဘူးမောင်။ မောင် ရဲ့စိတ်တွေ သဲသဲဆိုတဲ့ ကမ်းတစ်ဖက် လှမ်းလို့နေခဲ့ပြီဆိုတာ ကျမသိပါတယ်။ လှေနံနှစ်ဖက်နင်းတယ်လို့ ကျမ မဆိုချင်ဘူးမောင်။ ကျွမ်းလုအောင် နာတဲ့အသည်းနဲ့ ကျမ အဲ့ဒီလှေကို ပဲ့မကိုင်ပါရစေနဲ့။

အချစ်ဆိုတဲ့ စကားလုံးကို ရေလဲသုံးနေမှ တကယ်ချစ်တာတဲ့လား။ အရင်တစ်ခါ မောင်ကိုပြောခဲ့ဖူးတဲ့ ကျမရဲ့ ချစ်ခင်မှုက မောင့်ကိုအထင်ကြီးခဲ့တာက မြစ်ဖျားခံတယ်ဆိုတာနဲ့ အချစ်မဟုတ်တော့ဘူးလို့ ဘာလို့ပြောရက်ခဲ့တာလဲမောင်။

မောင့်တွဲခဲ့ဖူးတဲ့ ရည်စားဟောင်းအကြောင်းကို ကြားရတုန်းက ကျမနားလည်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျမအရင်က လူတစ်ယောက်ကို စိတ်ဝင်စားခဲ့ဖူးတယ်ဆိုတာနဲ့ မောင်က ကျမရဲ့ ချစ်ခြင်းတွေကို မယုံကြည်နိုင်တော့ဘူးတဲ့လား။

တစ်ရက်တော့ သဲသဲရဲ့ ဇွတ်အတင်း တောင်းဆိုမှု (ဒါမှ မဟုတ်ရင် မောင်အမည်တပ်ခဲ့တဲ့ လူမှုရေးအရ) မောင်တို့ တွေ့ဆုံကြမယ်တဲ့။ ကျမကိုနှစ်သိမ့်တဲ့ စကားများလား မသိပေမယ့် အသေအချာ မှတ်မိနေတာက သူတို့နှစ်ယောက်ရဲ့ နောက်ဆုံး ဆုံတွေ့ခြင်းပါတဲ့လေ။ ပြီးတော့ ဒီမိန်းကလေးကို ကျမလည်းတွေ့ချင်မိတယ်။ ကျမတွေ့ချင်မိတဲ့အကြောင်းအရင်းက မကြာခင်မှာ လက်ထပ်ပါတော့မယ်လို့ ၀န်ခံထားတဲ့ ချစ်သူရှိတဲ့ ယောင်္ကျားတစ်ယောက်ကို ချဉ်းကပ်နေတဲ့ မိန်းကလေးတစ်ယောက်မို့ မြင်ဖူးချင်မိတယ်။ သူ့ကိုလည်း လေ့လာချင်မိတာပါ။

ကျမချစ်တဲ့ တိမ်တွေ အရိပ်အယောင်မျှ မရှိအောင် မည်းမှောင်နေတဲ့ ကောင်းကင်ပြင်နဲ့အတူ ကျမနဲ့ သူမဆုံတွေ့ဖြစ်ခဲ့တယ်။ ရထားသံတွေကပဲ ဆူညံစေခဲ့သလား ကျမဘာကိုမှ မကြားနိုင်အောင် ဖြစ်ခဲ့မိတယ်။ ကျမလေ သူတို့နှစ်ယောက်တွေ့ဆုံတာကို နောက်ကွယ်ကနေပဲ ငေးနေမိတာပါ။ ပြီးတော့ တိုးတိုးလေး အောက်ကို ငုံ့ပြီးရွတ်မိတယ် မောင့်ကို စိတ်ချ ယုံကြည်ချင်လိုက်တာ။ ဒါပေမယ့် စောင့်နေတဲ့ Taxi stand မှာ မတ်မတ်ရပ် နေတဲ့ မောင့်ရင်ခွင်ထဲ သူမ ခေါင်းတိုးဝင်လိုက်တဲ့အခါ ကျမ ဆောက်တည်ရာမဲ့လာတယ်။ အိုး ကျမမှာ ခံနိုင်ရည် အားမရှိတော့ဘူးလေ။

စိုနေတဲ့ မျက်ဝန်းတစ်စုံနဲ့ အနားကို ချဉ်းကပ်ရင်း ထိန်းချုပ်ထားပါလျက် ရင်ဘတ်ထဲက ပွင့်ထွက်လာတဲ့ အသံနဲ့အတူ မောင့်ကိုယ်ပေါ်က သူမရဲ့ လက်ကို ဖယ်လိုက်မိတယ်။ ကျမ ဖယ်ခွင့်ရှိတယ်မလားဟင် မောင်။ ပြီးတော့ ကျမမေးမိတယ်။ ညီမလေးရယ် အဲ့လောက်ချစ်သလားကွယ်လို့။ ပြာပြာသလဲ ဖြေလို့ထင်ပါရဲ့ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလိုပါပဲ။ ဒီနေ့ နောက်ဆုံးမို့ပါတဲ့။ ဟုတ်သလားမောင်….

နောက်တော့ စကားအခြေအတင်ဖြစ်နေတဲ့ ကျမတို့ နှစ်ယောက်နဲ့ ဝေးရာကို သူမ ထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီဝန်းကျင်မှာ သူမကို ဘယ်လိုမှ ပြန်လည်ရှာမတွေ့ခဲ့တာမို့ပါ။ အဲ့ဒီညနေက ကျမတွေ့လိုက်ရတဲ့မောင်က သူစိမ်းတစ်ယောက်ဖြစ်နေခဲ့ပြီ။ ရက်စက်ပြင်းထန်တဲ့ စကားလုံးတွေနဲ့အတူ မောင့်ရဲ့ အမူအယာတွေတိုင်းက ကျမကို အထပ်ထပ်အခါခါ နာကျင်စေခဲ့တာပါ။

အိမ်ပြန်ရောက်တော့ ပွင့်ပွင့်လင်းလင်းရှိတတ်တဲ့ ကျမက မောင့်ကို မေးမိတယ်။ ဘယ်လိုလဲ မောင်။ အပြင်မှာ ခပ်ချောချော မိန်းကလေးတွေ တွေ့ရင် မောင့်ကို ကျမကိုယ်တိုင် ပြနေကျလေ။ ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းကိုလည်း ကျမမေးနေကျလေ။ ဒါကြောင့်လည်း မောင်က ကျမကိုပြောတတ်တယ် မိုးရယ် မိန်းကလေးမဆန်လိုက်တာကွယ်တဲ့။
ယုံကြည်မှုဆိုတဲ့ စကားလုံးကို ပျောက်ဆုံးစေခဲ့တာ မောင်ကိုယ်တိုင်ပါပဲ။ မောင့်ကို အမှန်အတိုင်းပြောပြဖို့ရယ် ဖြစ်ပျက်ခဲ့သမျှကို လက်ခံပါ့မယ်လို့ကျမပြောခဲ့သလို မောင်ကလည်း တစ်ချို့အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ရှေ့နောက်မညီညွတ်တာတွေ များသည်ထက်များလာတယ်မောင်။ ကျမယုံကြည်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မောင်ပြောတဲ့ တစ်ချို့အကြောင်းအရာတွေက နားထောင်လို့ သိပ်ကောင်းသည်ပဲလေ။ မယုံရဲတော့ဘူးမောင်ရယ်........

ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းမှာတော့ ကျမမှာ ဒဏ်ရာတွေ ပိုစေခဲ့တာပါပဲလေ။ ကျမတို့ သုံးယောက်တွေ့ဆုံ ရင်း ဒီအမယ်ဘုတ်ချည်ခင်ထွေးကို ရှင်းမယ် ကြံမိတယ်။ မောင့်ဆီက ခမ်းနားလှပတဲ့ အဖြေတစ်ခုထွက်လာခဲ့တယ်.. အခုအချိန်မှာ မောင်လက်ထပ်ချင်တဲ့သူက သဲသဲ၊ မောင်လက်ထပ်သင့်တဲ့သူက မိုးငယ်။ တဆိတ် လောဘမကြီးလွန်းဘူးလား မောင်ရယ်။

ကျမတို့ လက်ထပ်မယ့်အရေးကို ဆွေးနွေးခဲ့ကြတုန်းက.. မောင်က တစ်ခုခုမေးခဲ့တယ်။ အဲ့ဒီမေးခွန်းအတွက် နောင်တမရဘူးလားဟင်။ ဘာတဲ့ မောင်တို့ လက်ထပ်ပြီးရင် မိုးငယ်ဖက်က မောင့်ကို ဘာတွေလုပ်ပေးနိုင်မလဲ ဟုတ်လားမောင်။ မောင် မမြင်မသိမရှိအောင်နေခဲ့တာလား။ မိုးငယ်တို့ သူငယ်ချင်းတွေ တစ်အိမ်တည်းစုနေကြတာ လွန်ခဲ့တဲ နှစ်နှစ်တာ ကာလကပါမောင်။ မောင့် အတွက် ချက်ပြုတ်ကျွေးမွေးနေတာတွေ။ စားပွဲပေါ်လက်တင် စားခဲ့တဲ့ မောင်က မသိဘူးတဲ့လားဟင်။ အ၀တ်တွေလျှော် မီးပူတိုက်ထားသမျှကို အဆင်သင့်လက်လျှို ၀တ်တတ်တဲ့ မောင်တစ်ယောက် မေ့တတ်လိုက်တာလွန်ပါရောလား။ သူငယ်ချင်းတွေက ပြောကြတယ်မောင် မိမိုး နင်ဟာလေ အိမ်ထောင်သည်တာဝန်ကို သမီးရည်းစားဘ၀ကတည်းက ယူနေခဲ့ရပြီတဲ့။ မောင့်ကို ပေးတဲ့ သူတို့အမြင်ကို မောင်ကြားရဲတယ်ဆိုရင် မိုးငယ်ပြောပြမယ်။ မောင်ကတော့…မောင်ကတော့ အိမ်ထောင့်တာဝန်ကို မယူပဲ လင်ယောင်္ကျားတစ်ယောက်လို စည်းစိမ်ယူနေခဲ့တဲ့ သူတဲ့မောင်ရဲ့။ ထိုက်တန်တယ်မဟုတ်လားဟင်…..အစောက မောင့်မေးခွန်းကို ကျမက ပြန်မေးရမှာလေ မောင်ရဲ့။ အခုတော့….

လမိုက်ညတစ်ညကိုတော့ ဘယ်တော့မှ မေ့ရမှာ မဟုတ်တော့ပါဘူး။ အဲ့ဒီညက လမသာတဲ့အပြင် ကောင်းကင်ပြင်တစ်ခုလုံး အုံ့ဆိုင်း မှုန်မှိုင်းနေခဲ့တယ်။ တတွတ်တွတ်ပြောနေတဲ့ မောင်တို့ရဲ့ ဆက်သွယ်မှုကို ကျမက အမှတ်မထင် ညဥ့်အတော်နက်ပြီ ညီမလေးရေ လို့ လှမ်းဟန့်လိုက်မိခဲ့တယ်။ အဲ့ဒီနောက် ကျမရလိုက်တဲ့ နာကျင်မှုက အသားပြင်နှစ်ခုပေါ်တင် မဟုတ်ခဲ့ဖူးမောင်။ နှလုံးသားထဲမှာ တဆစ်ဆစ်နာကျင်ခဲ့ရတာပါ။ အချစ်ဝင်ခဲ့သူမို့ အပြစ်မတင်ပါဘူးမောင်ရယ်။ ကိုယ့်ထိုက်နဲ့ကိုယ်ကံမို့ ဒဏ်ရာကို မြိုသိပ်ခဲ့ပါတယ်။

နောက်ဆုံးဆိုတဲ့ အကြိမ်ပေါင်းများစွာနောက်မှာ မောင်တို့ရဲ့ တွေ့ဆုံခြင်းက အကြိမ်ပေါင်းများစွာ။ ဘယ်သူကမှ ဘယ်အရာကို ဖန်တီးတာမဟုတ်ပါပဲ။ ကျမလည်း မှန်တစ်ချပ်လို့ နေတိုင်းကျကွဲနေမိတယ်။ အစိပ်စိပ်အမွှာအမွှာကြားမှာ ရှာဖွေ ကြည့်နေရင်း ကျမကိုယ်တိုင်လည်း ပျောက်ဆုံးနေတတ်ပါတယ်။

ချစ်မိတဲ့ ကျမ အပြစ်ရှိသည်တဲ့လား မောင်

မောင် သာယာနေတဲ့ အဲ့ဒီဝန်းကျင်က ကျမ ဖန်တီးပေးလို့ မရဘူးလားမောင်

သဲသဲရယ် ၀ဲဂယက်တွေကိုမှ ဖန်ဆင်းရက်တယ်

မိုးကောင်ကင်ထဲက မိုးတိမ်ဖြူဖြူလေးတွေက ကျမ အိပ်မက်ပါ။ ဒါပေမယ့် မိုးတွေ တစ်အားရွာခါနီးရင်တော့ မိုးတိမ်တွေပျောက်ကွယ်သွားတတ်ပါတယ်။ အခုလည်း မိုးတွေ မရွာခင် တိမ်ဖြူတစ်စကို လွတ်ထွက်မသွားအောင် ကျမ…..ကျမ ဖက်ထားချင်ပါတယ်……… ကျမအရမ်းနှစ်သက်ခဲ့ဖူးတဲ့ သီချင်းခေါင်းစဉ် လေးအတိုင်း ကျမမြတ်နိုးတွယ်ရစ် သိပ်ချစ်ရပါသော ကျမရဲ့ ရင်ခုန်ဘက်လူမောင်နဲ့အတူ ဒီမိုးတိမ်ဖြူ အိပ်မက်တွေဆီက မနိုးထပါရစေနဲ့လား မောင်ရယ်.....................................
ကျနော့ရဲ့ပေါ့ဆမှုကြောင့် မမသီရိရဲ့ ကဗျာလေးတစ်ခုနဲ့ ခေါင်းစဉ်ခြင်းတိုက်ဆိုင်သွားပါတယ်။ အဲ့ဒီအတွက် မမသီရိကို အနူးအညွှတ်တောင်းပန်အပ်ပါသည်ခင်ဗျာ။ မမသီရိရေးထားတဲ့ ကဗျာလေးနဲ့ ဆက်စပ်ခံစားလို့ရအောင် ကဗျာလေးကို ခွင့်တောင်းပြီးဖော်ပြထားပါတယ်။

ဖမ်းဆုပ်ယူချင်မိပေမဲ့..
အဲဒါက အိပ်မက်တိမ်တွေ….….
ယုယဖူးချင်တာပေါ့
ရူးမတတ်အချစ်တွေနဲ့
နှလုံးလှတဲ့ချစ်သူကို…
မျက်ဝန်းညိုတွေထဲမှိုင်းညို့
ဒဏ်ရာတချို့နဲ့ ကြေကွဲနေ၀မ်းမနည်းပါနဲ့ ချစ်သူရေ….လို့….
သူ့လက်ကလေး ကိုဆုပ်
်သူ့ပုခုံးလေးကိုမှီ..
သူ့ကျောလေးသိုင်းဖက်..
ကော်ဖီတစ်ခွက် အတူသောက်
အာရုဏ်အလင်းတွေပဲရောက်တဲ့ မနက်ခင်းတွေသာ
သူ့ဥယျာဉ်ကမ္ဘာလေးထဲ ဖြစ်စေချင်…
ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို……….….
ခုများတော့လဲ
ရင်တခွင်လုံး ချုံးချုံးချ အလွမ်းတွေနဲ့
တဆစ်ဆစ် နာကျင်ရုံကလွဲ
.......
အော်……ကွယ်……
ဖမ်းဆုပ်ယူချင်မိပေမဲ့.....
အဲဒါက အိပ်မက်မိုးတိမ်တွေ…………။

25 September 2009


သိပျတိုးတကျတာပဲ။ သိပ်မြန်တာပဲ။ ဟိုက်ယား….တယ်ဟုတ်ပါလားကွ။ ဒီလောက်တောင်သေးငယ်သွားပြီတဲ့လား။ အို…ဘာတဲ့ အပြာရောင်အလင်းတန်းနဲ့ ကြည့်တော့ ကိုယ်တိုင် ဇာတ်လမ်းထဲရောက်နေသလို ုဆိုပါလား။ ဟော…အသစ်ပေါ်ပြန်ပြီတဲ့။ အဲ့ဂလောက်မြန်နေပြီတဲ့လား……စသည့် တစက္ကန့်မှသည် တစက္ကန့်အပြောင်းတိုင်းအတွက် ထွက်ပေါ်လျက်ရှိသော တိုးတက်ထွန်းကားနေသည့် နည်းပညာခေတ်ကြီးထဲမှ ကျနော်အတွက် တစေ့တစောင်းလေးပါပဲ။

ပြီးခဲ့တဲ့ အပတ်က အိုင်တီပြပွဲတစ်ခုကအစ ကျနော့ကွန်ပြူတာနဲ့ external hardisk နှစ်ခုစလုံးက မီးနီအပြ။ ကွန်ပြူတာက 150GB နဲ့ external က 320 GB မလောက်တဲ့ဘူးတဲ့ခင်ဗျ။ သိမ်းထားတဲ့ ရုပ်ရှင်တွေနဲ့ ရိုက်ထားသမျှ စုဆောင်းထားတဲ့ ဓါတ်ပုံတွေက များသည်ထက်များလာခဲ့သည်ကော။ ခရီးတစ်ခါထွက်ရင် ဓါတ်ပုံဖိုင်က 4GB လောက်တော့ ခပ်ပျော့ပျော့။ ဆိုတော့…ဆိုတော့

ကိုဗီလိန်ရေ ကျနော့်အတွက် 500GB တစ်လုံးလောက်ဆွဲခဲ့ပါလို့ မှာမိရော။ အသစ်ရလာတဲ့ အထဲကို ရုပ်ရှင်တွေထည့်။ အဟောင်းလေးထဲကို ဓါတ်ပုံတွေ ရှိသမျှအကုန်ထည့်။ မတော် ကွန်ပြူတာပျက်သွားမခက်လား ဆိုပြီးတော့ပေါ့ဗျာ။ နှစ်ညလောက် ပြောင်းလိုက်ရတယ် ဟိုရွှေ့လိုက် ဒီရွှေ့လိုက် ဟိုနားစီလိုက် ဒီနားညှိလိုက်ပေါ့ဗျာ။ လိုက်ကာမှာ ဇာအနားလေး အပြီးသတ်တပ်မလို့ တွန့်နေတုန်း ဗြုန်းဆို………..

ကွန်ပြူတာက အဟောင်းကောင်လေးကို သိတော့ဘူးတဲ့ဗျာ။ ကဲကဲ ကွန်ပြူတာကို အစက ပြန်စ ပြန်ကြည့်။ သကောင့်သားက စိုးစဉ်းမှ မရှိတော့။ အခန်းထဲက ကဗျာဆရာကြီးစက်မှာလည်း စမ်းကြည့် မရှိ။ ဒုက္ခနဲ့ လှလှတော့ တွေ့ပြီ။ ဘုရားစာရွတ်ရင် ကောင်းသွားမလား အာ…ပေါက်ပေါက်ရှာရှာ တောင်တွေးမြောက်တွေးတွေ ဖြစ်ကုန်ပြီ။ ဘယ်လိုလုပ်ရမလဲ။ ကုန်ပြီ…ကုန်ပြီ ရူးသွပ်မှုတွေ အားလုံးကုန်ပြီလေ။ အဲ့ဒီ ဓါတ်ပုံတွေအကုန်လုံးက ရွှေပြည်ပြန်တုံးက ပုံတွေ၊ ခရီးထွက်ခဲ့တဲ့ပုံတွေ၊ ကြိုကြားကြိုကြား ရိုက်ဖြစ်တဲ့ပုံတွေ၊ ဟိုတစ်စ ဒီတစ်စတွေ။ အခုတော့ အားလုံး ပလုံ (အသံတောင်မမြည်လိုက်ပါဘူးလေ)။

ကျနော်သုံးနေကျက Western Digital တံဆိပ်ပါ။ ဆွဲမိဆွဲရာ ကောက်ရိုးတစ်မျှင်ကို ကောက်ဆွဲဖို့ သုံးနေကျ Google ကနေ service center ကိုရှာမိရော။ တွေ့ပါပြီလေ ရုံးနဲ့သိပ်မဝေးပါလားပေါ့။ ထမင်းစားချိန် ရုံးက အစ်ကိုကြီးကို အကူအညီတောင်းပြီး လိုက်ပို့ခိုင်းခဲ့မိတယ်။ ဒီဘက်လှေကားက လေးထပ်အထိပဲ။ ဟိုဘက်လှေကားက ခုနှစ်ထပ်အထိတက်။ အပေါ်လည်းရောက်ရော ကျနော်တို့က wireless တွေပဲ service လုပ်တာပါတဲ့။ WD နဲ့ပတ်သတ်မှု အလျဉ်းမရှိပါ အခုလိုမျိုးမှားပြီးရောက်လာတာ များပြီတဲ့။ သူတို့ရွှေ့သွားတာ လွန်ခဲ့တဲ ငါးနှစ်ကပါတဲ့။ ခဏဆိုပြီး သက်ဆိုင်ရာ လိပ်စာကိုရှာပေးနေတော့တယ်။ တော်ပါသေးတယ် ကူညီတတ်တဲ့သူမို့ မတော် မောင်းထုတ်လွှတ်လည်း ခံရမှာလေ။

ရေဆုံးမြေဆုံးလိုက်တတ်တဲ့အကျင့်အတိုင်း လိပ်စာအသစ်ကိုရောက်အောင်သွားခဲ့တယ်။ မှတ်လာခဲ့တဲ့ လိပ်စာက နှစ်ထပ်မှာမို့ နှစ်ထပ်ကိုတက်ပြန်တော့ Receptionist is out for lunch, kindly contact the listed no. for assistant. အင်းခေါ်ပေါ့ ဘေးနားက ဖုံးကလေးနဲ့ service department ကိုခေါ်။ ပြီးတော့ ဘလာဘလာပြော မင့်hardisk serial no. ပြော အားလုံးလည်းပြီးသွားရော တစ်ထပ်ကို ပြန်သွားပဲတဲ့။ သေဟဲ့နန္ဒိယ…..

တန်းစီစောင့်တဲ့လူတွေကြားထဲမှာ ကိုယ်လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ပြုံးပြံုးရွှင်ရွှင်ပဲ အမည်းရောင်တော့မရှိတော့ဘူး အပြာရောင်လက်ခံတယ်မဟုတ်လားဆိုတော့ ကျနော်မေးမိတယ်။ ငါ့ဒေတာတွေကောလို့။ သူတို့က ဒေတာတွေ ပြန်မဖော်ပေးပါဖူးတဲ့။ ကိုယ့်ဖာသာ ဖော်မယ်ဆို ဒေတာဖော်တဲ့ နေရာတွေက ဒီမှာပါတဲ့ ဆိုပြီး စာရင်းလေးထုတ်ပေးတယ်။ ဒေတာအရင်ဖော်ပြီးမှ အသစ်တစ်လုံးလာထုတ်ပါတဲ့။ အင်းလို့ပဲပြောပြီး ဆန်ပြုတ်သောက်လာခဲ့တယ်။

ညနေဆင်းမှ အနီးအနားမှာရှိတဲ့ ဒေတာဖော်တဲ့ နေရာကိုပြေး၊ ခြောက်နာရီခွဲဆို ပိတ်မှာမို့ပါ။ hardisk ကို ပြင်မယ့်လက်ထဲထည့်လိုက်ပြီးတော့မှ ဟူးလို့ သက်ပြင်းချမိတယ်။ ဘယ်အရာတွေကို အဓိက ရှာပေးရမလဲဆိုတော့မှ JPEG တွေပါလို့ ကျေးဇူးပြုပြီး အကုန်နီးပါးရအောင် လုပ်ပေးပါလို့ တောင်းပန်ပြုံးလေးနဲ့ပေါ့။ မချိသွားဖြဲဆိုတာ ဒါမျိုးနေမှာပါလေ။

ပေးပြီးတဲ့နေ့ကစပြီး ဆက်သွယ်နိုး ဆက်သွယ်နိုး ချစ်သူဖုံးကိုမျှော်သလိုမျိုး ဖုံးကိုလှမ်းကြည့်ရတာ ခဏခဏ၊ ချစ်သူစာ လာလိမ့်နိုး မေးလ်ဖွင့်စစ်ရတာလည်း ခဏခဏ။ မနေနိုင်လို့ မနက်က ဖုံးဆက်တော့မှ ဖုံးပြန်ဆက်မယ်တဲ့။ ထမင်းစားချိန်မှာပဲ မျှော်လေတဲ့ဖုံးက ခေါ်ပေတော့မယ်။ 60% လောက်ပြန်ရမယ် ဆယ်ရက်လောက်တော့ ကြာပြီး…..သူပြောလိုက်တဲ့ တခဏမှာတင် ဘာကိုမှ မကြားနိုင်အောင်ပါပဲ အဲ့ဒီအတွက် S$500.00ကျပါမယ်တဲ့ဗျာ။ ကဲ……………..

နည်းပညာများ၏ နောက်ကွယ်ကို ခဏဝင်ကြည့်မိတယ်။ မလွယ်ပါဘူးကွယ်။ နှမြောတသ သုံးကြိမ်ရွတ်ယုံပဲပေါ့။ အင်း ဒုက္ခ ဒုက္ခ ဒုက္ခ ဓါတ်ပုံရိုက်ချင်တဲ့ ဒုက္ခ………………………………..အနတ္တ အနတ္တ အနတ္တ ဘယ်အရာမှ မမြဲပါလား။ ဒေါသ ဒေါသ ဒေါသ ဓါတ်ပုံဆိုတဲ့အသံကြားတိုင်း ဒေါသ ဒေါသ ဒေါသ ဖြစ်နေမိတော့တာပါပဲ....


မရေးဘူးလို့စဉ်းစားတာပါပဲ ဒါပေမယ့် ရင်ထဲလည်း ပြည့်ကြပ်နေပြန်တော့ ကွမ်းစာလေးဖြစ်ပြန်ပေါ့။ မကောင်းဘူးလို့လည်း မယူဆလိုက်ပါနဲ့ဗျာ ကျနော်လို ခပ်တုံးတုံးလူမျိုးမှ ဖြစ်တတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓါတ်ပုံ မရိုက်တော့ဘူးလားလို့ တော့ လာ မမေးပါနဲ့ ရိုက်ဦးမှာပါ။ ပုံအဟောင်းတွေအကြောင်းတော့ မေ့ထားလိုက်ကြပါစို့ရဲ့.....

22 September 2009

ကျနော်နဲ့ စက်ဘီး

ဘာရယ်မဟုတ်ပါဘူး စက်ဘီးကို တစ်နေ့လုံးစိတ်ထဲရောက်နေလို့ပါလေ။ ငယ်တုန်းက စီးတဲ့စက်ဘီးပြီးတော့နောက်ထပ် ဝယ်တဲ့ တရုတ်ဘိန်း(ဘီး) အပြာရောင်လေးပါပဲ။ ဒီနေ့တော့ အဲ့ဒီဘိန်း(ဘီး)လေး အကြောင်း ခေါင်းထဲမှာ ရောက်လာတော့တာနဲ့……

စက်ဘီးအဟောင်းလေးကို ရောင်းပြီးတဲ့နောက် လူကြီးစီး (မိန်းမစီးလို့လည်း ခေါ်ကြတယ်) တရုတ်စက်ဘီးလေးကို အိမ်က ဝယ်လာခဲ့ပါတယ်။ စက်ဘီးဆိုတာမျိုးက သေးသေးကြီးကြီး စီးနည်းအတူတူပါပဲလား။ ဟ တယ်ဟုတ်ပါလား ဒါတောင် ဂျပန်ဘိန်း(ဘီး) မဟုတ်သေးလို့တဲ့။ ဂီယာဆိုတာများ ပါရင် ပိုမိုက်ဆိုပါရောလား။ ဂီယာက ဘယ်နားမှာပါလိမ့်။ ဂီယာအကြီးနဲ့ ဂီယာအသေးဘယ်ဟာက ပိုမြန်သလဲဆိုတဲ့ မေးခွန်းတစ်ခုကိုတောင် သတိရမိသေးတော့။

စက်ဘီးက ကျနော်တို့နယ်ကလူတွေအတွက် ခြေထောက်တစ်ချောင်းပါပဲ။ လိုင်းကားတွေလည်း မရှိ၊ အခုခေတ်လို လွယ်လွယ်ကူကူခွစီးနိုင်တဲ့ မော်တော်ဆိုင်ကယ်တွေလည်း မရှိလေ။ မော်တော်ဆိုင်ကယ်ဆိုတာ ဌာနခွဲမှူးလောက်မှ စီးရတာ။ suzuki လေးတွေပေါ့ ဂျပန်တွေ စက်ရုံလာတည်ကတည်း ယာဉ်တွေပါ ထည့်သွင်းလာကြတာတဲ့။ ငါးချိတ်တွေ အီတူးသောင်စင် (ခေါ်နေကြလေးတွေ ပက်ပက်စက်စက်လေး ခေါ်ခွင့်ပေးပါဗျာ အားရပါးရရှိအောင်လို့ပါ) တွေကတော့ ဌာနမှူးတွေအတွက်။ လင့်ရိုဗာ ခါးပတ်ကြားနဲ့ ဂရင်းကားကတော့ စက်ရုံမှူးအတွက်တဲ့ဗျ။ ကားနံပါတ်တွေနဲ့ ကားပိုင်ရှင်နာမည်တွေပါ တွဲထားတတ်သေးတာ။ ဝန်ထမ်းတွေ shift ferry က ရိမ်းဂျားကားတွေ။ ၈၀၀စကေးက ဝန်ထမ်းသားသမီးတွေ ကျောင်းကြိုပို့က မိုက်ခရိုဘတ်ဆိုတဲ့ ပေါင်မုန့်ကားပေါ့။ ကျနော့အတွက်ကတော့ စက်ဘီးကလေးပါပဲ။

ကျောင်းနဲ့ အိမ်နဲ့က ကုန်းနှစ်ကုန်းခြားပါတယ်။ လမ်းလျှောက်ရင်လည်း ဖြစ်သလို စက်ဘီးနဲ့လည်း ဖြစ်ပါတယ်။ နေ့လည်ထမင်းပြန်စားမယ်ဆိုရင်တော့ စက်ဘီးလေးနဲ့မှ အဆင်ပြေတယ်လေ။ နေကပူပူ လမ်းသာလျှောက်ပြန်ရရင်တော့မချောင်ဘူးပေါ့ဗျာ။ ဘာကြောင့် နေပူတာကိုနေ့လည်စာပြန်စားသလဲ ဟုတ်လား။ ထမင်းဗူးမထုတ်ချင်လို့ပေါ့ဗျာ။ အိမ်မှာက မေတစ်ယောက်တည်းလေ ပြီးတော့ ပြီးတော့ ဖေတို့ကို(အစ်ကိုဝမ်းကွဲတစ်ယောက် အိမ်မှာကျောင်းလာနေပါတယ်) ထမင်းဗူးထည့်ပေးလိုက်တဲ့နောက် ကျန်တဲ့အရိုးအရင်းလေးထဲက ကျနော့ထမင်းဗူးထပ်ထည့်ရင် မေက ဘာသွားစားမလဲ။

ခက်တာက ကျနော်။ တစ်ချို့ရက်တွေ သူငယ်ချင်းတွေနဲ့ စကားတပြောပြောနဲ့ ကျောင်းဆင်းပြီဆို သူတို့နဲ့ လိုက်သွားမိတတ်တယ်။ သူတို့တွေ လမ်းလျှောက်ပြန်ရင် ကျနော်လည်း လမ်းလျှောက်ပြန်မိပြန်ရော။ အိမ်ရောက်တော့မှ မေက စက်ဘီးကောဆိုတော့ ဟာ မေ့ကျန်ခဲ့ပြန်ပေါ့။ တစ်ခါတစ်လေ လွယ်အိတ်ထဲက စာအုပ်တွေထုတ်ရင်း စက်ဘီးသော့မြင်မှ သတိရတယ်။ ကျောင်းမှာ မေ့ခဲ့ပြန်ပြီလေ။

အဲ့လို ကျနော်က အမြဲမေ့လည်း ကျောင်းမှာပဲ အမြဲစောင့်စောင့်နေတတ်တဲ့ စက်ဘီးကလေးမှဗျာ။ အိမ်နားက ဦးလေးတစ်ယောက် ဈေးသွားမယ်ဆိုပြီးငှားသွားတဲ့နောက် နောက်ပြန်ဆုတ်လာတဲ့ ကားက တက်ကြိတ်သွားခဲ့တယ်။ အရှေ့က ဆင်စွယ်နှစ်ချောင်းကျိုးသွားတယ်ပြောတယ်။ အဲ့ဒီဦးလေးကြီးက အလျော်မတောင်းပဲ စက်ဘီးကို ပြန်ပြင်ခိုင်းခဲ့တာ။ ကျိုးသွားတဲ့စက်ဘီးတစ်ခုက ဘယ်လိုလုပ်စီးကောင်းတော့မှာလဲ။

ဒါပေမယ့် အဲ့ဒီစက်ဘီးလေးနဲ့ ကိုးတန်းအထိ မခွဲတမ်းအတူတူပေါ့။ ဆယ်တန်းနှစ်ခွဲလာခဲ့ရတဲ့နောက် သိပ်ပြီးထိတွေ့ခဲ့တယ် မရှိတော့ဘူး။ ရန်ကုန်မှာကျောင်းတက်နေတဲ့အချိန် အစ်ကိုဝမ်းကွဲက စက်ဘီးလေးကို လိုချင်တယ်သူ့ရုံးကို အသွားအပြန်လုပ်လို့ရတယ်ဆိုပြီး နယ်အိမ်ကနေမှာယူခဲ့တယ်။ ရန်ကုန်မှာ စက်ဘီးစီးဖြစ်တဲ့အချိန်က မြေနီကုန်းက သင်းပျံ့ကြေးအိုးဝယ်တဲ့အချိန် ဒါမှ မဟုတ် အခွေဆိုင်က အခွေငှားတဲ့အချိန်နှစ်ခုတည်း။ ကျန်တဲ့အချိန်က ဘတ်စ်ကားနဲ့ပဲပေါ့။

စက်ဘီးစီးလို့မရတော့တဲ့ ရပ်ကွက်တစ်ခုကိုရွှေ့အပြီးနောက်မှာတော့ အိမ်ရှေ့မိုးရေထဲမှာ ဆက်တိုက်ရပ်ထားခဲ့တဲ့ စက်ဘီးကလေးက သံချေးတွေတက်စပြုလာပြီ။ စီးမယ့်သူလည်း မရှိ လေမရှိလို့ ပြားနေတဲ့ ဘီးတွေက တဖြည်းဖြည်း ယိုယွင်းလာခဲ့ပြီ။ နောက်ဆုံး တစ်စုံတစ်ယောက်က ငွေတစ်သောင်းနဲ့ ဝယ်ချင်တယ် ဖြစ်လာပါရော။ ဆိုတော့ ကိုယ့်အတွက် အသုံးမဝင်မယ့်အတူတူ အသုံးတည့်သူလက်ထဲကို ထည့်ဖြစ်ခဲ့တယ်။

ဒီရောက်တော့ အလုပ်နဲ့အိမ်က ကားမှတ်တိုင် ခုနှစ်ခုပဲဝေးတာမို့ စက်ဘီးစီးမယ်စိတ်ကူးဖြစ်သေးတယ်။ သူငယ်ချင်းတွေက ၀ိုင်းတားကြတယ်။ ဘာမှတ်နေလဲတဲ့။ ကားတွေက မြန်ကမြန်နဲ့။ တစ်လောက လမ်းဒေါင့်မှာ ကားတိုက်လို့ မြန်မာအင်ဂျင်နီယာကောင်မလေး ဆေးရုံတက်ပြီး ကုလိုက်ရတယ်ဆိုလား ဘာလား။ အစကတည်းကမှ ကြောက်တတ်ပါဘိသနဲ့ စက်ဘီးဝယ်မယ့်အရေး ဝေးပြန်ရောပေါ့။

အဲ့နောက်တော့ ကျနော်နဲ့စက်ဘီး မတွေ့ဖြစ်တော့ဘူး။ ကျနော်လည်း သူ့ကိုမေ့ပစ်ခဲ့တာ။ ဒီနေ့တစ်နေ့လုံးတော့ သူ့ကို သတိရလို့………စက်ဘီးလေးရေ…..ဘယ့်နှယ်စီးရပါ့………..

နွယ်တစ်ပင်သို့


ကိုယ်တိုင်ကိုက နွယ်တစ်ပင်လို
တွယ်ရစ်နှောင်ဖွဲ့လွန်းလို့
နငယ်မြင်ရင်တောင်
ဝေးအောင်နေမိတယ်

မထင်မှတ်ပါဘူး
ကိုယ်တိုင်ပျိုးမိသည်က
နွယ်တစ်ပင်

အစဉ်ပျိုးသူနဲ့
ဒီနွယ်တစ်ပင်
နှောင်တွယ်ငင်လို့
ရင်ခွင်မှာလည်း
တစ်ရစ်ထက်တစ်ရစ်
တိုးလို့သာဝင်

နွယ်တစ်ပင်ရယ်
အပွင့်ရယ်
ပွင့်နေမှပဲ
နွယ်ပျိုးသူ
ဒီလူတစ်ယောက်
နွယ်ကြိုးမျှင် တစ်ပင်လောက်နဲ့တောင်
လုံလောက်ပါတယ်

ကိုယ်တိုင်ကိုက
တွယ်ရစ်နှောင်ဖွဲ့လွန်းပါလျက်
ဒီတွယ်တာနွယ်ကြိုးကိုဖြင့်
သွေမဖယ်
နောင်အဆက်ဆက်
ထပ်ထပ် ချည်မဆုံး…….

17 September 2009

ထန်းပင်မြစ်မှသည် ယခင် ယခင် အတိတ်ဆီသို့

တစ်နေ့က အသိတစ်ယောက်နဲ့ စကားစမြည်ပြောတော့ သူ့အိမ်က ထန်းပင်မြစ်လူကြုံပေးလိုက်တဲ့အကြောင်းကို ရောက်ပါလေရော။ စားမလား လေးငါးချောင်းထဲက နှစ်ချောင်းလောက်တော့ ခွဲပေးနိုင်ကောင်းတယ်တဲ့။ သူနဲ့စကားပြောရင်း အိမ်ကို သတိရတဲ့စိတ်နဲ့ မိနစ်ပိုင်းလောက်ငေးနေမိပြန်တယ်။ အိမ်ကိုလွမ်းလိုက်တာလို့ စာရိုက်လိုက်တော့မှ ဆောရီး မရည်ရွယ်ပဲ လွမ်းအောင်လုပ်မိတယ်တဲ့။ လွမ်းသာလွမ်းရတာ ထန်းပင်မြစ်ဆိုတဲ့အရာကို ကျနော်ရှာမတွေ့တာ ကြာခဲ့ပြီ…………………

ဟိုး…ငယ်တုန်း ဆောင်းတွင်းတွေဆီကပါ။ ဦးဇော်ကြီး၊ ဦးဝင်းတင့်စိုး၊ ဦးအောင်ကြီး၊ ဦးမျိုးကျော်နဲ့ ဦးဇေယျတို့နဲ့ ကျနော်တို့မိသားစုတွေပေါ့။ ဦးဇော်ကြီးတို့ မြောင်က ညာတရာမုန့်ပါလာတတ်သလို ရာသီစာ ထန်းပင်မြစ်တွေလည်း ပါလာတတ်တယ်။ ဦးအောင်ကြီးတို့ ပခုက္ကူက ဆီးချိုမွှေးတွေနဲ့အတူ ထန်းပင်မြစ်တွေပါလာတတ်ပြန်တယ်။ ဒါမှမဟုတ် ခရီးတစ်ခုက ပြန်လို့ ထန်းပင်မြစ်လေးတွေ့တယ်ဆို အစည်းလိုက် ဆွဲလာတတ်ကြတာ။ အညာဆောင်းက အေးတော့ မီးလေးလှုံရင်း ထန်းပင်မြစ်လေးတွေဖုတ် နှမ်းဆီမွှေးလေးနဲ့ဆမ်း အကြမ်းအိုးလေးချ။ အဲ့ကာလတွေတုန်းကပါ။

အားလုံးစုရပ်က တစ်ခုတည်းသောဈေးလေးမှာ။ ပြီးရင်တော့ ၂၁၀ စကေးက ဦးဇော်ကြီးတို့အိမ်ကိုပေါ့။ အိမ်ရှေ့မှာ ဆောင်းတစ်တွင်းလုံးစာအတွက် ထင်းတုံးကြီးတစ်ခုထားတတ်တယ်။ တောင်ကုန်းတွေကြားက လျှိုတွေထဲကို ဖြတ်ရင် စိမ့်နေအောင်အေးသွားတတ်တယ်လေ။ ငယ်တုန်းကတော့ လျှိုတွေနားဖြတ်ရင် အတင်းပြေးတော့တာပါပဲ။ စိမ့်ခနဲ့ အေးသွားသလို ကြက်သီးမွှေးညှင်းတွေလည်း ထတတ်တာကိုး။ မှောင်ကလည်းမှောင်ဆိုတော့ ပြေးမယ်ဆိုတာချည်းပဲ။

လမ်းလျှောက်ရင်း စိတ်ပေါက်ရင် ဗလကောင်းတဲ့ ဦးဝင်းတင့်စိုးကို ကျနော့ကို လက်နှစ်ဖက်နဲ့မြှောက်ခိုင်းတယ်။ အခုတစ်ခေါက်ပြန်တော့ အပေါ်ကိုမြှောက်ပေးဆိုတော့ အားရပါးရ ရီတယ်။ မင်းက ငါ့ကို ပြန်မြှောက်ရမှာကွတဲ့။

ဦးဇော်ကြီးတို့ အိမ်ကိုဝင်တာနဲ့ အမေကြီးက သားတို့လာ လာကြ လာကြ မလာတာ ကြာပါပကောအေလို့ပြောနေကြ။ ဂြိုလ်တုမရေ နင့်ကြီးကြီးတော့ လာပဟေ့ဆိုတာနဲ့ မေက မျက်ခုံးလှုပ်ပြီ။ ကလေး မုန့်ဖိုးတောင်းတော့မယ်လေ။ ဦးဇော်ကြီးကတော့ ပန်းချီဆွဲချင်ဆွဲနေမယ်။ သီချင်းရေးချင်ရေးနေမယ် ကဗျာတွေလည်း စပ်ချင်စပ်နေပါလိမ့်မယ်။ ညည်းတို့မောင်ကို အိမ်ထောင် စောစောမပြုဖို့ နားချကြပါဦးအေဆိုတော့ ဖေက မျက်လုံးစပြူးပြီ။ ဦးဇော်ကြီးက အသက် သုံးဆယ်ကျော်ပြီလေ။ အမတို့လာရင်စားဖို့မုန့်သွားဝယ်တာ ဒီနေ့ မုန့်သည်တွေကတော် တစ်ယောက်မှ မထွက်ဖူးဆိုတဲ့ အန်တီမမြသိန်းအသံကိုလည်း ကြားရပါလိမ့်မယ်။ မြမြသိန်းတို့များ ဟိုဘက်အိမ် ဒီဘက်အိမ်ပေမယ့် ဒီနေ့မှ မြင်ဖူးသတော် ဆိုပြီး အမေကြီး အငေါ်တူးသံကလိုက်ပါစမြဲ။ အရီးကလည်း ကျုပ်က အနောက်ဖက်ကမ်း (မြင်ကွန်း) သွားသွားနေရလို့ပါ၊ အမရေ ဘ၀တွေများဆိုးချက်တော် အခုအိမ်မှာ အဖွားကြီးကိုပါ တင်ထားရပြန်ပြီလို့ ညည်းညူရင်းဖြေပါလိမ့်မယ်။ သူက သိပ်စကားတတ်တယ်လေ။

ပြီးတော့မှ မီးလေးလှုံရင်း ထန်းပင်မြစ်တွေကို တစ်ချောင်းပြီး တစ်ချောင်းထည့်။ မွှေးလာတဲ့ ထန်းပင်မြစ်လေးတွေ မီးမကျွမ်းခင် မီးထဲကထုတ်။ ပြီးတော့မှ ဘေးနားက အမျှင်တွေကိုခွာ ထန်းပင်မြစ်ဝါ၀ါနွေးနွေးလေးတွေကို ဆီလေးနဲ့ဆမ်း။ အိုး…လွမ်းလိုက်တာများဆိုဗျာ။ စိတ်လိုလက်ရ ရှိကြရင် ခပ်ဆဆလေးထုထားတဲ့ ထန်းပင်မြစ် စီးစီးပိုင်ပိုင်ကလေးပေါ့။

မိုးအတော်မှောင်လာပြီး ညဉ့်နက်ပြီဆိုမှ ပြန်ခဲ့ကြတယ်။ ထန်းပင်မြစ်နဲ့အတူ ဖောင်ဖွဲ့အောင်ပြောခဲ့ကြတဲ့စကားတွေက အများသား။

နှစ်တွေနဲ့အတူ အရာတွေအားလုံး ပါးလျားကုန်ကြပြီ။ အကျင့်စာရိတ္တတွေအပြင် မေတ္တာတရားတွေ ရိုးသားခြင်းတွေ ခင်မင်မှုတွေ အားလုံးက အချိန်ကာလဆိုတဲ့ ယန္တာရားအောက်မှာ ပျောက်ဆုံးသွားကြတယ်။

အိမ်တစ်အိမ်မှာ အနည်းဆုံးဆိုင်ကယ်တစ်စီးစီနဲ့ ဇိမ်ခံပစ္စည်းတွေ လူတိုင်းတန်းတူရှိနေကြပြီ။ အစ်ကိုရေ အစ်မရေဆိုပြီး အိမ်လာတဲ့သူက လက်ချိုးရေလို့ ရနိုင်တယ်။ အရင်တုန်းက အိမ်မှာ ဟင်းကောင်းချက်လို့ တစ်ခွက်တစ်ဖလားပို့တဲ့သူတွေ အခုဆို အိမ်လိပ်စာတောင် မှတ်မိရဲ့လား မသိနိုင်တော့။ လမ်းမှာတွေ့ရင်တောင် ပခုံးချင်းတိုက်သွားနိုင်လောက်ပြီ။

အရာဝထ္တုတိုင်းဟာ မတည်မြဲတတ်ကြပါဘူး။ ပျောက်ဆုံးကုန်တတ်ကြပါတယ်။ ပျောက်ပျက်လွယ်တတ်ကြပါတယ်။ ပျောက်ဆုံးကုန်တဲ့အရာတွေကိုလည်း အမြဲအောက်မေ့တသ ဖြစ်တတ်ကြပါတယ်။ အခုကျနော်လည်း ထန်းပင်မြစ်မှသည် ဘယ်တော့မှ ပြန်လည်မရနိုင်တော့တဲ့ ယခင် ယခင်အတိတ်ဆီကို လွမ်းဆွတ်တမ်းတမိနေပြန်ပါရောလား………………

16 September 2009

မျှဝေခြင်းနှင့် စပ်လျဉ်း၍

အစားကောင်းစားရင် ချစ်သူခင်သူတွေကို သတိရသတဲ့။ သိပ်မှန်တဲ့စကား မေကဆို ငါ့သားလေး စားစေချင်လိုက်တာဆိုတာ တဖွဖွ ရွတ်နေတတ်တာလေ။ သားကြိုက်တဲ့ဟင်း သားကြိုက်တဲ့ မုန့်နဲ့ပေါ့။ ဒီလိုပါပဲ မိတ်ဆွေတွေမှာလည်း ကော်ဖီသောက်ရင်း ကော်ဖီကြိုက်တဲ့ သူတွေကို သတိရ၊ ဂဏန်းစားရင်း ဂဏန်းစားတဲ့ သူတွေကို သတိရ၊ ခရီးသွားရင်း သူတို့တွေ ပါရင်ကောင်းမှာလို့ တမ်းတမ်းတတ ရှိတတ်ကြတယ်။

စာပေတွေ ဖတ်တော့လည်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဖတ်စေချင်ပြန်ရော။ ကျနော် ဘာကြောင့်စာအုပ်တွေ ၀ယ်စုသလဲဆိုတာ အရင်းခံက မျှဝေချင်လို့ပါ။ စုဆောင်းထားသမျှကို ကျနော်တစ်ယောက်တည်းသာ ခံစားနေရင် အကျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော့ စာအုပ်တွေကို ခင်မင်ရင်းနှီးတဲ့သူတွေကို ငှားတတ်ပါတယ်။ မျှဝေခြင်းရဲ့ အကျိုးအပြစ်တွေလည်း ရှိတာပေါ့ဗျာ။ ငှားသွားတဲ့ သူတွေထဲမှာ စာအုပ်တွေကို သေသေချာချာ ကိုယ်တွယ်ဖတ်ရှုတဲ့သူပါသလို၊ စာအုပ်တွေ ပျက်စီးအောင် ကိုယ်တွယ်တတ်တဲ့သူတွေလည်း ပါတတ်ပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မျှဝေမှုကို ကျနော်ဆက်လက်လုပ်နေခဲ့ပါတယ်။

တကယ်တော့ မျှဝေမှုဆိုတာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါပဲ။ ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုကို မိုးလင်းလို့ ကျနော် email ဖွင့်တိုင်း တွေ့ရတတ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေက ဟိုကစာ၊ ဒီကစာ၊ ဖတ်လို့ကောင်းသမျှ၊ နားထောင်လို့ကောင်းသမျှ၊ သတင်းထူး၊ ဖြစ်ရပ်ဆန်း၊ ဒါလေးတွေသိသင့်တယ်၊ ဒါမျိုးတွေရှောင်ရမယ် ဆိုတဲ့ စာလေးတွေက ပို့ထားကြတယ်လေ။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ကျနော်ကိုယ်တိုင်လည်း ဖတ်သင့်တာဖတ် မှတ်သင့်တာ မှတ်ပြီးရင် လာထား contact list ထဲက လူကုန် select all လုပ်ပြီး forward လုပ်ချလိုက်တာပေါ့။

အရင်ရုံးမှာတုန်းကဆို တနေ့ကို ကျနော့ဆီက စာ ၅စောင်လောက် ပို့နေကျလေ။ ကျနော် ပို့တတ်တာက အပြင်mailက ကောင်းနိုးရာရာလေးတွေ ပြီးတော့ NGO သူငယ်ချင်းတွေဆီက Vacancy လေးတွေပါပဲ။

နောက်တော့ ဘလော့လေးတစ်ခုဆောက် စာတွေရေးဖြစ်တယ်။ ဘလော့လေးရဲ့ အစမှာ forward ကရတဲ့ တစ်ချို့ စာလေးတွေ တစ်ချို့ ဗီဒီယို ဖိုင်လေးတွေ တစ်ချို့ ကာတွန်းလေးတွေကို တင်မိတယ်။ စာလေးတွေနဲ့တွဲပြီး ပုံလေးတွေတင်ဖို့ ကြိုက်လို့ စုဆောင်းထားတဲ့ ဓါတ်ပုံလေးတွေကို သုံးမိခဲ့တယ်။ အဲ့ဒီအချိန်က copy right ဆိုတာ မသိခဲ့ဘူး။ စာရေးသူတစ်ယောက်ရဲ့ ခံစားချက်ကို တိတိကျကျ မသိနိုင်ခဲ့ဘူးလေ။

နောက်ပိုင်း အမပန်ဒိုရာတို့ တစ်ခြားစာရေးသူတွေရဲ့ စာတွေကို ဖတ်ရတယ်။ ပြီးတော့ ကျနော့စာတွေကို တစ်ခြားဆိုဒ်တစ်ခုမှာ ခွင့်မတောင်းပဲ ဖော်ပြခံခဲ့ရတဲ့ အချိန်မှ နားလည်လာခဲ့ရတယ်။ လက်သည်းဆိတ်မှ လက်ထိပ်နာတတ်တာပါကလား။

နားလည်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်သိပ်ကြိုက်လို့ forward လုပ်ချင်ရင် google ထဲကနေ မူရင်းစာရေးသူရဲ့ လင့်ကိုရှာပါတယ်။ ပြည်တွင်းမှာ မလွယ်ပင်မယ့် ပြည်ပကလူတွေအတွက် လွယ်ပါလိမ့်မယ်။ ခေါင်းစဉ်ကို မြန်မာလို ရိုက်ထည့်လိုက်ရုံပါပဲ။ ရှာတွေ့တဲ့လင့်နဲ့တကွ စာရေးသူရဲ့ အမည်ကိုပါ ထည့်ပြီး pdf ကိုပြောင်းပါတယ်။ ပြီးမှ forward လုပ်လိုက်တယ်။ word ဖိုင်ဆိုရင် ကူးယူဖော်ပြရတာ သိပ်လွယ်လွန်းသလားလို့ပါ။ ဒါပေမယ့် pdf ကိုလည်း ပြင်လို့ရတာမို့ တကယ်တမ်းတော့ ထိရောက်တယ်မဆိုနိုင်ပါဘူး။ လုပ်ချင်သပ ဆို လုပ်လို့ရတဲ့ နည်းတွေ အများကြီးလေ။

ပြီးတော့ စာရေးတဲ့သူအချင်းချင်း forward လုပ်ခဲ့လို့ မူရင်းစာရေးတဲ့သူကို ဖော်ပြထားခြင်းမရှိခဲ့ရင်၊ မနေနိုင်မထိုင်နိုင် စာရေးပြီး အထက်ကနည်းကို သုံးဖို့ စာပြန်မိတတ်တယ်။ တစ်ချို့လည်း လက်ခံသလို တစ်ချို့လည်း စာအရှည်ကြီးပြန်လာတယ်။ တစ်ချို့ကလည်း နောက်မပို့တော့ဘူးဆိုပြီး ဘာမှကို ပြန်မပြောတော့ဘူး။ ဟုတ်တော့လည်း ဟုတ်သား စေတနာနဲ့ပို့ကာမှ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့ ဆရာပြန်လုပ်နေတာကိုးနော့။

များသောအားဖြင့် ကြုံတွေ့ကြရတာက forward mail ကနေ ရတဲ့စာတွေမို့ မူရင်းစာရေးသူတွေ ပျောက်သွားတတ်တာပါ။ forward mail ကရတဲ့စာမို့ ကြိုက်နှစ်သက်စွာ ပြန်လည်ဖော်ပြတတ်ကြပါသေးတယ်။ မူရင်းစာရေးသူက ဘယ်သူမှန်းမသိနိုင်လောက်အောင် များပြားလှတဲ့ ပို့စ်တွေကိုလည်း တွေ့ရပါလိမ့်မယ်။ တစ်ယောက်အစ တစ်ရာအဆုံးဆိုတော့လည်း ခက်သားနော်။

forward email နဲ့ပတ်သတ်ပြီး နောက်တစ်ခုကတော့ BCC ပါပဲ။ contact list ထဲက ပါသမျှလူအကုန်ဆိုတော့ email သုံးတဲ့ကာလ ကြာမြင့်မှုကို လိုက်ပြီး လူတွေကအများကြီးနေမှာ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သိကြတာမဟုတ်။ ပတ်ဝန်းကျင်မတူတဲ့ ဒေသမတူတဲ့ သူတွေလေ။ တစ်ချို့ကလည်း အပေါင်းအသင်း မိတ်ဆွေ ပေါစေလိုကြောင်း၊ တစ်ချို့ကလည်း စကားပြောဖို့၊ တစ်ချို့ကလည်း ခေတ်မှီအောင်လို့၊ တစ်ချို့ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ Gtalk ဆိုတဲ့အပိုင်း မှာ invite လုပ်လာကြပြန်ရော။ အရင်တုန်းကတော့ လက်ခံစကားပြောဖြစ်တယ်။ တစ်ခေါက်ကနေ တစ်ခေါက် တစ်ယောက်ကနေ တစ်ယောက် စကားပြော အဆင်မပြေတာတွေ တွေ့လာရပြန်တယ်။ လူချင်းမရင်းနှီးတဲ့အပြင် မျက်နှာချင်းဆိုင်ပြီး စကားမပြောရတဲ့နောက် ဘာမျက်နှာမှ ထောက်ထားစရာမလိုတော့ ပြောချင်တာတွေ ပြောကြပြီပေါ့။ သူတို့ကိုလည်း အပြစ်မဆိုတော့ပါဘူး။ ကြီးကျယ်တာတော့ မဟုတ်ပါဘူးဗျာ နောက်ထပ် ကိုယ်မသိတဲ့ account တွေဆို လက်မခံတတ်တော့ဘူး။ ရင်းနှီးတဲ့သူတွေကိုတော့ forward mail လုပ်ရင် BCC သုံးပေးပါလို့ ပို့မိပြန်ရော။ ဆရာလုပ်မိပြန်ပြီနော်…အဲ့ကတည်း forward ပို့တဲ့ list ထဲကနေ ကျနော့ကို ဖျက်ပစ်လိုက်ရော။ အဟဲ အောင်မြင်တာ…

မျှဝေခြင်းဖြင့် ကျနော်တို့ မသိခဲ့တာ သိသင့်သိထိုက်တာ ဆောင်ရန်ရှောင်ရန်တွေ သိလာရပါတယ်။ မျှဝေချင်တဲ့ စိတ်ကောင်းစေတနာကောင်းလေးနဲ့ လုပ်နေကျ မျှဝေခြင်းတွေ လုပ်ကြပါ။ ပြီးတော့ သင့်တော်မှန်ကန်တဲ့ မျှဝေခြင်းတွေဖြစ်ဖို့ကိုလည်း ကြိုးစားပေးကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ……………….

15 September 2009

လွမ်းတဲ့သစ်ပင်

လွမ်းလွန်လွန်းလို့တဲ့

လေတိုက် လေတိုင်း
လွမ်းလား လွမ်းရဲ့

နေထွက် လေတိုင်း
လွမ်းလား လွမ်းရဲ့

ချက်ခနဲမြည်သံ မကြားနိုင်မိအောင်
တိုးတိတ်တဲ့ စက္ကန့်အပြောင်းမှာ
အလွမ်းပေါင်း သိန်းသောင်းချီအောင် လွမ်းနေမိခဲ့

တခါလွမ်းတိုင်း တရွက်ကြွေရမယ်ဆို
အလွမ်း တွက်ရေရန် ခက်ပါဘိ

အရွက်တွေ ထပ်ကြွေစရာ မရှိတောင်
အမြစ်တွေ အဖျားအထိ
အကိုင်းမကျန် တပင်လုံး
တ၀ုန်းဝုန်းနဲ့ လွမ်းနေမိတယ်

အလွမ်းတွေသီးတဲ့ သစ်ပင်မို့………..

13 September 2009

ယမန်နေ့ည စက်ရပ်သတင်း

အထူးသတင်းမှာ ယမန်နေ့ညက ခရမ်းရောင်လွင်ပြင်ရှိ ကမ်းပါးတစ်ခု ပြိုသွားခြင်းနှင့် အနီရောင်လွင်ပြင်မှ ပေါင်ကျိုးသွားသူနှစ်ယောက် ဖြစ်ပွားခဲ့သည့် သတင်း…..


သတင်းအစုံအလင်မှာ…………………………

ခရမ်းရောင်လွင်ပြင်တိုင်းပြည်မှ မင်းသမီးလေးတစ်ပါးနှင့် သူမ၏ အုပ်ထိန်းသူ ရံရွေတော်ကြီးတို့သည် တိုင်းပြည်အနီးဝန်းကျင်မှ နတ်ဆရာမကြီးထံတွင် မင်းသမီးလေး၏ ကံကြမ္မာကို တွက်ချက်ကြရာမှ အဆိုပါ ကိစ္စ စတင်ခဲ့ပါသည်။

ထိုနတ်ဆရာမကြီးမှ မင်းသမီးလေး၏ ရှေ့ရေးအတွက်ရင်လေးစွာ ထူးဆန်းလှစွာသော အဆိုပါ တန်ပြန်မှုတစ်ခုကို ယမန်နေ့ညကပြုလုပ်ရမည်ဟု ညွှန်ကြားလိုက်ပါသည်။ သို့ဖြစ်ရာ အုပ်ထိန်းသူ ရံရွေတော်ကြီးသည် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသကာလ လိုအပ်သော အစီအရင်များ ပြုလုပ်စီမံခဲ့ပါသည်။


အနှီ အစီအရင်မှာ လကွယ်ည သန်းခေါင်ယံအချိန်တွင် မင်းသမီးလေးမှ နောင်လာမည့် အညံ့များပျောက်ပျက်စေခြင်းငှာ မင်းသမီးလေးနှင့် လုံးဝလုံးဝ မအပ်စပ်သော ဆင်းရဲနွမ်းပါးခြင်း အတိပြီးသည့်ဝတ်စုံ (မြင်တွေ့လိုက်သူများ အဆိုပါဝတ်စုံကို သေချာပေါက်သိပါသည်) ကိုဝတ်ဆင်ကာ လက်ထဲတွင်လည်း ဖွတ်ဂလိဒင်္ဂါး စိုးစဉ်းမျှ မရှိအောင်နေ၍ ခေတ်သစ် Gipsy စတိုင်ဖြင့် မနက်အာရုဏ်မတက်ခင်အထိ နန်းတော်ပြင်ပတွင် နေထိုင်ရမည်ဟု ဆိုပါသည်။


သို့ဖြစ်ရာ ရံရွေတော်ကြီးမှ သင့်ရာသင့်ရာ နှိပ်စက်လိုသူများ (ချစ်ခင်လွန်းအားကြီး၍ ကောက်တော်မူသည်ဟုလည်း ဆိုရာ၏) ကိုစီစစ်ရွေးချယ်ရာ အနီရောင်လွင်ပြင်အရပ်မှ လူရွှင်တော်တစ်ယောက်(ခပ်တည်တည်နေတတ်တဲ့လူရွှင်တော်ဟုဆိုပါသည်) နှင့် အဆိုပါလူရွှင်တော်၏ အစ်မတော်လူမိုက်(အခုထိမိုက်မဲနေတုန်း)ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သည်။

ဤမျှ ထူးခြားဆန်းကြယ်သော သတင်းကိုယူရန် အကျွန်သတင်းထောက်မှ နန်းတော်သို့အရောက်တွင် မူလက အစီအစဉ်တွင်မပါဝင်ခဲ့သော အနီရောင်လွင်ပြင်မှ စားဖိုမှူးတစ်ယောက်ကိုပါ ထပ်မံတွေ့ရှိခဲ့ရပါသည် (မြင်ကတည်းက ဒယ်အိုးကြီးကိုင်ထားလို့ စားဖိုမှူးအဖြစ်ယူဆခဲ့ရပါသည်)။

ရွှေနာရီမှ သန်းခေါင်းယံမောင်းမတီးခင် စီစဉ်ထားသည့်အတိုင်း နန်းတော်ပြင်ပသို့ ကြွချီတော်မူလာခဲ့ပါသည်။ ခေတ်သစ် Gipsy စတိုင်အဖြစ် ကော်ဖီတစ်ဂျား ရေနွေးတစ်ခရားနှင့် တိုလီမုတ်စ မြေပဲလှော် ပေါင်မုန့်ကိတ်မုန့်များအပြင် နန်းပြင်နန်းရပ် ဆက်သွယ်ရန် မိုဘိုင်းဖုန်းများ ကိုယ်စီကိုယ်စီကိုင်ဆောင်ကာ တခမ်းတနားစုတ်ပြတ်စွာ သွားရောက်ခဲ့ကြသည်မှာ မြင်သူရင်နင့်စရာကောင်းလှပါတော့သည်။

ထိုနောက်ရံရွေတော်ကြီးမှ ရွှေကြိုးတော်မေ့ကျန်ရစ်သည်ဟု သတိပေးတော်မူသဖြင့် နန်းတော်သို့တစ်ဖန်ပြန်လည် ၀င်ရောက်ကာ ရွှေကြိုးတော်ကိုယူရင်းတစ်ဆက်တည်း နန်းတော်သုံး မင်းသမီး၏လက်စွဲတော် မှတ်စုစာအုပ်ကို ယူဆောင်လာခဲ့ပါသည်။ အဆိုပါ မှတ်စုစာအုပ်ဖြင့် နန်းပြင်အရပ်တွင် မင်းသမီး၏ မျိုးတော်အပေါင်းဆွေရှစ်သောင်းကို ဆက်သွယ်ရန်ကြိုးစားသော်လည်း Gipsy များ၏နေရပ်ဖြစ်ပါသဖြင့် ဆက်သွယ်၍ မရခဲ့သည်မှာ အသည်းနာစရာကောင်းလှပါသည်။ မဟုတ်ပါက မင်းသမီးလေး၏ ရင်နင့်ဖွယ်ဖြစ်ရပ်များကို မျက်ဝါးထင်ထင်တွေ့မြင်ရမည်မှာ မုချဧကန်ပင်။


သို့သော်လည်း ရပ်ဝေးပေါင်ကျိုးသူနှစ်ယောက်အဖြစ် အနီရောင်လွင်ပြင်အရပ်မှ ရည်းစားစကားမပြောတတ်သူ လူပြိုရံတစ်ဦး၊ အစိမ်းရောင်လွင်ပြင်အရပ်မှ ရလိုရလို မြို့စားကြီးတစ်ဦးတို့သည် မင်းသမီးအား အဝေးမှပင် မင်းသမီးအပါးစက္ကန့်မခြားခစားလိုပါကြောင်း အားပေးစကားများ အဆက်မပြတ်ပြောကြားကာ သူတို့လုပ်ချင်သည်များကို နေရင်းအရပ်၌ပင် အိနြေ္ဒမပျက်လုပ်ကိုင်နေခဲ့သည်ကိုလည်း တွေ့ရှိရပြန်ပါသည်။


ထိုမှ မင်းသမီးအား အနီရောင်အရပ်ဒေသမှ လူရွှင်တော်က စတင်ဖြေဖျော်ရာ အကျွန် သတင်းထောက်အဖို့ မကြုံစဖူးထူးကဲစွာ ရယ်မောမိ၏။ အကျွန်၏ရယ်မောခြင်းကြောင့် နန်းတော်နံရံများတုန်ခါမည်ကို စိုးရွံ့သည်ကတစ်ကြောင်း၊ အဆိုပါလူရွှင်တော်ကိုယ်တိုင်မှ ထိန်းချုပ်ရန်ခက်ခဲသည်ဟု တင်ပြသည်က တစ်ဖုံ၊ Gipsy စတိုင်အပြည့်ဖမ်းလိုသည်က အဓိကဖြစ်သည်မို့ မူလ စခန်းချရာနေရာမှ ထို့ထက်ဝေးလံသော အရပ်ဆီ ထွက်ခွာရမည်ဟု အမိန့်တော်ရှိပြန်သည်။


ထပ်မံရှာဖွေတွေ့ရှိသောနေရာသစ်မှာ တစ်တိုင်းတစ်ပြည်သားတို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခု၏ ဘေးတွင်ဖြစ်၏။ စခန်းချလို့မှ မဆုံးခင် ရံရွေတော်ကြီးမှ ပြောသင့်ပြောထိုက်သည်များကို စတင်ပြောကြားရာတွင် ရံရွေတော်ကြီး၏ အသံနောက်တွင် နောက်ထပ်အသံများ ထပ်ချပ်မကွာလိုက်ပါလာပြန်သည်။ ထို့အတွက် ကြောက်ရွံ့ခြင်းကြီးစွာ ဖြစ်တော်မူသဖြင့် ထိုအရပ်သည် စခန်းချရန် မသင့်လျော်ပြန် ဟုသတ်မှတ်၏။

ခရမ်းရောင်လွင်ပြင်ရှိ နာမည်ကြီး၍ လူသူအရောက်ပေါက်နည်းလှသော ပန်းဥယျာဉ်တစ်ခုမှာ ယခုရောက်ရှိနေရာမှ မနီးမဝေး နှစ်လံအကွယ် သုံးပြသာသာခရီးတွင်ရှိသည်ဟုဆိုပြန်၏။ အံ့သြမကုန်သော ခရီးကြမ်းတို့ကို ဖြတ်သန်းလိုသော ရွှေမင်းသမီးနဲ့ အပေါင်းအပါများသည် မကြောက်မရွံ့ နောက်မတွန့်ပဲ ရှေ့သို့သာ ချီကြကုန်၏။

သန့်ရှင်းမွှေးကြိုင်လှသော ပန်းခြံသို့အရောက်တွင် သယ်ဆောင်ခဲ့ခြင်းအလျဉ်းမရှိသော နူးညံ့လှသည့် သားမွှေးအခင်းတို့ကို ဆင်ယင်ခင်းကျင်းတော်မူခဲ့သည်။ ထိုမှတစ်ဝ စက်နာရီကို ကြည့်တော်မူသော် အစီအစဉ်၏ ၃၅ရာခိုင်နှုန်းသာ ပြီးသေးသည့် အဖြစ်ကို မှတ်တော်မူ၏။ နောက်ဆုံးစခန်းချရာ အဖြစ် ကွန်ဖမ်းယူကာ ရောက်တတ်ရာရာ စကားများဖြင့် ဟိုအကြောင်းဒီအကြောင်းသောင်းပြောင်းထွေလာများကို ပြောကာ ပါလာသမျှ အာဟာရတို့ကို တဇွတ်ဇွတ်နှင့် ပြွတ်ပြွတ်မြည်အောင်စားကြပါတော့သည်။

ပြောသမျှအကြောင်းအရာများအား အနှစ်ချုပ်ရသော် အကြွေးတောင်းခြင်းဆိုသည်တစ်မျိုး၊ ရထားမောင်းခြင်းဆိုသည်တစ်ခု၊ ချယ်ရီပန်းအရပ်မှ မဟာမိတ်များ လာသွားသည့် ခရီးစဉ်က တစ်ဖုံ၊ တမြန်နေ့ညတွင်ကျင်းပခဲ့သော ဇီးသီးတော ညီလာခံအကြောင်းတစေ့တစောင်း၊ မင်းသမီးအား တစ်အားချစ်ပါလျက် ပျက်ကွက်ကြသည့် ဆိုင်ရာဆိုင်ရာတို့ကို လွမ်းဆွေးခြင်းက တစ်လီ၊ ယနေ့ညတွင်ကျင်းပမည့် သက်ကြီးပူဇော်ပွဲ တစ်ခုအပါအ၀င် ထောင့်စုံအောင် ဆွေးနွေးကြသည်ကို မှတ်သားခဲ့ရပါသည်။

ထိုသို့သော အစီအစဉ်ကျင်းပနေချိန်တွင် ရပ်ဝေးရပ်နီးမှ စပျစ်သီးရှောက်သီးများ လိမ့်လာသည်ကိုလည်း အနီရောင်လွင်ပြင်အရပ်မှ လူရွှင်တော်က မှတ်သားထားသည်ကို တိုက်ဆိုင်စွာ တွေ့ရှိရပြန်ပါသည်။

စက်နာရီအာရုဏ်မတက်ခင် စားဖိုမှူးကြီး အပါအ၀င် အပေါင်းအပါများ အန္တရယ်နဲ့ ကြုံတွေ့နေရပါသဖြင့် မတိမ်းမစောင်းဗိန်းမောင်းတီးကာ လှပသာယာသော ပန်းဥယျာဉ်ကို ကျောခိုင်းခဲ့ကြပါတော့သည်။

နန်းတော်မ၀င်ခင် နန်းတော်ဝရှိ လုံခြုံရေးစခန်း၌် တစ်ထောက်နားခိုရင်း နန်းတော်အတွင်း သတင်းများ စနည်းနာခဲ့ကြပါသေးသည်။ မင်းသမီး၏လုံခြုံရေးကို ရှေ့ရှုကာ အချိန်တော်အခါမလင့် နန်းတော်တွင်းသို့ တိုးတိုးတိတ်တိတ် ပြန်လည်ဝင်ရောက်ခဲ့ကြပါသည်။

ထို့နောက် အစီအစဉ်ဖြစ်မြောက် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ခက်ခဲစွာ ချက်ပြုတ်ရသော လက်ဖက်ထမင်းကို ရံရွေတော်ကြီးမှ အားရပါးရလက်တော်ဖြင့် သုတ်ကျွေးခဲ့သည်မှာ နှစ်ထောင်းအားရရှိလှပါသည်။

အကျွန်သတင်းထောက်မှာ သတင်းများယူရသည်က ပင်ပန်းခြင်းကြီးစွာဖြစ်လျက် နန်းတော်ထိုင်ဖုံတွင် ခေတ္တခဏမှေးစက်ပျော်ခဲ့သည်ဖြစ်ရာ ထိုကာလအတွင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကိုတော့ လစ်လပ်ခဲ့ရပြန်ပါသည်။ သို့သော် နိုးလျင်နိုးခြင်း ရွှေမင်းသမီးမှ ပါးစပ်ဆိုင်းဖြင့် မောင်းတော်တီးနေသည်ကိုတော့ မပျက်ကွက်အောင် မှတ်ခဲ့ပြန်ပါသေး၏။

ယမန်နေ့ညက အံ့မခန်းဖွယ်သော စက်ရပ်သတင်းကို ယခုမနက်နိုးထချိန်မှ စ၍ ပြန်လည်ရေးသားစီကုံးကာ သတင်းစောင့်စားသူတို့ စိတ်ကျေနပ်စေဖို့ သတင်းအမှန်များဖြင့် ထုတ်ပြန်လိုက်ပါကြောင်း…………………….


ညီမငယ်တစ်ယောက် Tag တဲ့ ပျော်ရွှင်စရာ အချိန်ကာလ (Happy moment) ဆိုတဲ့ ပို့စ်လေးပါ။ ဟာသဥာဏ် နည်းပါသဖြင့် ဖတ်၍မကောင်းပါက ထမင်းသိုးဟင်းသိုး ပို့စ်လေးအဖြစ် မှတ်ယူစေချင်ပါသည်။ ကျေနပ်ပျော်ရွှင်နိုင်ပါစေခင်ဗျာ…………………..

11 September 2009

ဘလော့ဆိုသည်မှာ

တစ်လောက အရိုးရဲ့ ဆိုသည်မှာ စာအုပ်ကိုဖတ်အပြီး၊ ကျနော့ခေါင်းထဲက အတွေးတွေနဲ့ ဒီစာကိုရေးမိပြန်တယ်……ကျနော့အတွက် ဘလော့ဆိုသည်မှာ….

ဘလော့ဆိုတဲ့အဓိပ္ပါယ်ကို သေချာမသိခင်မှာပဲ ဒီဘလော့ ဆိုတဲ့ အရာထဲကို ကျနော်ရောက်နေခဲ့မိပြီ။ ကျနော်သိတာက စာရေးချင်တာတစ်ခုတည်းသက်သက်။ ကောမန့်ဆိုတာ ဘာလဲ၊ Tag ဆိုတာ ဘာလဲ၊ ဆီပုံးဆိုတာ ဘာလဲ မသိခဲ့။ HTML code တွေနဲ့လည်း အကျွမ်းမ၀င်ခဲ့။

စာစရေး,စက စာရေးနေတာတစ်ခုပဲ။ ကိုယ့်ရေးတဲ့စာလေး ချောဖို့အရေး၊ စာလေးတွေ တင်မယ်၊ ခံစားချက်တွေ အတွေးတွေမျှဝေမယ် ဆိုတဲ့ စိတ်ကလေးပဲရှိခဲ့တယ်။ နောက်တော့ ဆီပုံးဆိုတာ ထည့်ဖို့ကောင်းတယ် ဖြစ်ပြန်ရော။ ပြီးတော့ ဘယ်ကနေလာခဲ့တယ်ဆိုတာ သိဖို့၊ hit ဘယ်နှစ်ခေါက်ရှိပြီလဲ coding လေးတွေထည့်လာပြန်တယ်။ သီချင်း player လေးတွေလည်း ထည့်မိပြန်ရော။ နောက်တော့ နောက်တော့ တဖြည်းဖြည်းတိုးလာတဲ့ စာရေးသူ မိတ်ဆွေတွေအတွက် လည်စရာလင့်လေးတွေ အသစ်တင်တိုင်း မပျက်မကွက်ဖတ်ရင်း မိုးအလင်းညတွေ မရေနိုင်တော့။

စာရေးခြင်းတစ်နှစ်ကျော်ကာလမှာ ကျနော်လုပ်နေတဲ့ ဘလော့ဆိုတဲ့ အရာကို ပြန်သုံးသပ်ဖို့ စဉ်းစားမိခဲ့တယ်။

ကျနော်ဘလော့ရေးနေတာ ဘာအတွက်လဲ?
(ကျနော့အတွက်တော့ ဒုတိယ ဘ၀တစ်ခုလိုပါပဲ၊ တစ်ခါတစ်လေ ရင်ဖွင့်မယ်၊ တစ်ခါတစ်လေ အော်ဟစ်ငိုယိုမယ်၊ တစ်ခါတစ်လေ ဟားတိုက်ရယ်မောမယ်။ သူများရပ်ရွာမှာနေရင်း အမေ့အိမ်ကို လွမ်းတဲ့အလွမ်းတွေအစား မေ့မေ့ပျောက်ပျောက် ဘလော့ဆိုတဲ့အရာနဲ့ အစားထိုးခဲ့တယ်။)

ကျနော်ဘယ်လောက်အချိန်ပေးခဲ့သလဲ?
(ကျနော့အထင် တနေ့တာလုံးရဲ့ 90% လောက် ဘလော့မှာ ကျနော်ရှိနေခဲ့တယ်။)

ကျနော်ဘာတွေရေးဖြစ်ခဲ့သလဲ?
(စုံနေတာပဲ ဘာတွေရေးမိမှန်းကို မသိအောင်ပါပဲ၊ ခံစားချက်တွေရော၊ ရုပ်ရှင်ခံစားမှုတွေရော….။ ကိုယ့်ဖာသာကိုယ် တပ်ဖြစ်တဲ့ ခေါင်းစဉ်တွေနဲ့ တည်းဖြတ်သူမဲ့တဲ့ စာမျက်နှာတွေ အတားအဆီးမဲ့စွာ..)

ကျနော်ဘယ်သူတွေနဲ့တွေ့ဖြစ်ခဲ့သလဲ?
(ဒီတစ်ခုအတွက်တော့ ကျေနပ်တယ်။ ကျနော် တစ်ခါမှ မမြင်ဖူးတဲ့သူတွေနဲ့ ဆုံဖြစ်ခဲ့တယ်၊ အပြင်မှာ တွေ့ဆုံဖို့မလွယ်ကူနိုင်တဲ့ သူတွေ( မမိုးချိုသင်းတို့၊ ဆရာ မမေငြိမ်းတို့လို စာမျက်နှာတွေပေါ်မှာ ထင်ရှားခဲ့သူတွေ၊ စာမျက်နှာတွေပေါ်မှာစာတွေ မရေးဖြစ်ကြပေမယ့် ဘလော့စာမျက်နှာမှာ စာရေးသိပ်ကောင်းတဲ့ လူတွေနဲ့ အွန်လိုင်းမှာ ဆုံဖြစ်ခဲ့တာမျိုးပါ ၊ သူတစ်ပါးတွေအတွက်လွယ်ကူကောင်း လွယ်ကူနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်လိုလူမျိုးအတွက် ခက်ခဲပါတယ်)

ကျနော့အတွက် အကျိုးအမြတ်?
(အတ္တနောက်က ပရလိုက်တာပါ။ လူတိုင်း ကိုယ်ကျိုးကို အရင်ကြည့်မိကြပါလိမ့်မယ်။ ကော့မန့်ဆိုတာ ဘာမှန်းမသိတဲ့နေရာကနေ သြော် ကော့မန့်လေးတွေ မက်မောလာပြန်တယ်။ နောက်တော့ လာလည်တဲ့သူတွေနောက်ကို လိုက်မိပြန်ရော။ ဟာ..ဒီလူတွေလာလည်ပါလား ဒါပေမယ့် ခြေရာလည်း မချန်ဘူးကော။ လူ့,အလိုများနော်။ ဒီနေ့လာလည်သူအရေအတွက် ဟို့လူဘလော့ကများလှပါလား ငါ့ဘလော့ကျနည်းနည်းလေးနဲ့ လောဘဇောတွေ အတောမသတ်ပြန်ဘူး။ ကျနော်ပေးထားတဲ့ အချိန်တွေနဲ့ ကျနော်ပြန်ရတဲ့ အရာတွေကို ချိန်ထိုးဖို့ သတိမရပါဘူး။ ကျနော့ကိုစိုးမိုးထားတာက ကောမန့်ရယ် လာလည်သူအရေအတွက်ဆိုတာတွေရယ်ပါပဲ။)

ကျနော့ရဲ့ စာအရေးအသား
(တစ်လောက ဘလော့က ညီမတစ်ယောက်ရဲ့ အစ်မဆီက ပွင့်ပွင့်လင်းလင်း ရိုးသားစွာပြောသံကို ကြားယောင်မိတယ်။ ဘာတွေကို ရေးမှန်းမသိဘူးတဲ့ ဒီမြို့ဆို ဒီမြို့လို့ရေးပေါ့ သွယ်ဝိုက်ကွေ့ပတ်ပြီးတော့ နားလည်ရခက်စွာ ရေးတာမို့ ဖတ်လက်စကို ရပ်ပစ်ခဲ့ရတာတဲ့။ တစ်ချို့က ခံစားချက်စကားစုလေးတွေကို ကြိုက်နှစ်သက်တယ်။ တစ်ချို့က ခရီးသွားဆောင်းပါး၊ တစ်ချို့က ရုပ်ရှင်ခံစားမှု၊ တစ်ချို့ကတော့ ကျနော်က စကားပြေပိုအားသန်သလိုပဲတဲ့။ များသောအားဖြင့် ကျနော့အတွေးတွေကို တစ်ခြားတစ်ခုခုနဲ့ ထင်ဟပ်ပြီးရေးလေ့ရှိပါတယ်။ သို့ပေမယ့် အရေးမတတ်တော့ လိပ်ပတ်မလည်သလို ဖြစ်နေဟန်တူပါရဲ့။ ဝမ်းစာကလည်း မပြည့်၊ အခြေခံကလည်း မပိုင်နိုင်တော့ ကိုယ့်အပြစ်ကိုပဲ ရှက်ရှက်နဲ့ ဝန်ခံရတော့မှာပါပဲ။ ကျနော်ရေးတော့သာ သွယ်ဝိုက်ရေးတတ်တာပါ ကိုယ်တိုင်ကျ အခုထိ ခွန်သာကို ပုစ္ဆာတစ်ပုဒ်လို ရေးခဲ့တဲ့အတွက် လိပ်ခဲတည်းလည်း ဖြစ်နေတုန်း။ အခွင့်သင့်ရင် သူသေလူလား လူရှင်လားဆိုတာ မေးချင်မိတယ်လေ)

ကျနော်မြင်မိတဲ့ ကော့မန့်ပေးသူများ
(တစ်ချို့ဘလော့တွေဆို စာရေးကောင်းပါတယ်။ ကော့မန့်မရတတ်ကြဘူး။ စာရေးသက်နုတာလည်း ဖြစ်နိုင်သလို၊ ဘလော်ဂါတွေနဲ့ မရင်းနှီးတာလည်း ဖြစ်နိုင်ပါတယ်။ မှန်တဲ့အတိုင်း ပြောရမယ်ဆိုရင်တော့ အသွားအလာရှိတဲ့ ဘလော့အချင်းချင်းကသာ ကော့မန့်ပေးလေ့ရှိတယ်ဆိုတာပါပဲ။

နောက်ထပ်တစ်မျိုးက ကော့မန့်ဦးတာပါ။ အရင်ဆုံးကော့မန့်ပေးတဲ့သူဖြစ်ဖို့ နံပါတ်တစ်အော်ကြတာပေါ့ဗျာ။ ရေးထားတဲ့ စာကို ဖတ်မဖတ်တော့ မသိပါဘူး။ နံပါတ်တစ်အော်ပြီး ပြန်သွားကြတာပါပဲ။

နောက်တစ်ခုကတော့ အဖွဲ့လေးတွေပါပဲ။ ကိုယ်နဲ့နီးစပ်ရာ နီးစပ်ရာချင်း ပေါင်းစည်းကြတာပေါ့ဗျာ။ ရင်ဘတ်ချင်းနီးစပ်သူများဆိုပါတော့။ သူတို့အချင်းချင်းတော့ ရေးသမျှအပုဒ်အတိုင်း ပေးကြတာချည်းလေ။ ကျနော်လည်း အဲ့အထဲပါမယ်ထင်တယ်ခင်ဗျ။

စာမရေးပဲ စာဖတ်သူသတ်သတ်နဲ့ ကော့မန့်တွေပေးကြတာ။ စာဖတ်နာသူ၊နားလည်ခံစားပေးသူတွေရှိသလို၊ ကိုယ်လိုရာဆွဲ ကိုယ့်အမြင်နဲ့ သူ့အမြင် မျဉ်းပြိုင်ဆွဲကြသူတွေလည်း ရှိတတ်ပြန်တယ်။ အပြုသဘောဆောင်တဲ့ ကော့မန့်လေးတွေ ဖြစ်ဖို့ ဆန္ဒပြုမိတယ်။

နောက်ထပ်တွေ့တဲ့သူတွေက Reader ကဆွဲဖတ်တဲ့သူတွေ။ ဘလော့ကိုလာလည်စရာမလိုသလို ကော့မန့်လည်းပေးစရာမလိုဘူးထင်ပါရဲ့။ နီးစပ်ရင်တော့ တစ်မျိုးပေါ့၊ မနီးစပ်တော့လည်းတစ်မျိုးပေါ့။ အင်းလေ ဖတ်လို့ မကောင်းလို့ မဟုတ်ပါဘူး ဘလော့သွားရမှာ အလုပ်ရှုပ်လို့ Reader ကဖတ်ရင်း ကော့မန့်ပေးဖို့ မေ့ခဲ့တယ်ဆိုပါစို့ရဲ့လေ..သေချာပြန်သုံးသပ်တော့ ကျနော်ရေးထားတာတွေက အရည်မရ အဖတ်မရတွေဆိုတာတွေကို ကိုယ်တိုင်မေ့လျော့လို့…အဲ့လို)

လောလောဆယ်ကျနော်တွေးမိမြင်မိသမျှ ဘလော့ဆိုသည်မှာ လေးပါပဲ… ညံ့ဖျင်းနုံအစွာ ရေးတတ်သူဖြစ်လို့ အပြောမတတ်တော့ ဆဲသလို ဖြစ်နေမှာလည်း စိုးပါတယ်။ ရိုးအစွာရေးခဲ့ကြောင်းနှင့် ကျနော့အပြစ်များသာဖြစ်ပါကြောင်း ကြိုတင်ဝန်ခံပါတယ်ခင်ဗျာ….

ထပ်ဖြည့်ပေးသွားမယ်ဆို ကျေးဇူးအရင်တင်ထားပါမယ်ခင်ဗျာ