28 December 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၆)


ကာကေကနေ ပြန်လာတဲ့အခါ ပါရာကိုဆိုတဲ့ ဘုရားတွေဆီကို လိုက်ပို့ပါတယ်။ ပါရာကို ဘုရားတွေဟာ သဲကျောက်၊ ထုံးကျောက်တွေနဲ့မဟုတ်ပဲ အုတ်အနီရောင်တွေနဲ့ ဆောက်လုပ်ထားတယ်။ ရှီဗ နတ်ဘုရားကိုကိုးကွယ်ဖို့ ဆောက်လုပ်ထားပြီး ခေတ်ဦး ၉ ရာစုမှာ ပထမဆုံး တည်ဆောက်ထားတဲ့ စေတီရယ်လို့ သမိုင်းသုတေသီတွေက အတည်ပြုထားပါတယ်။
သဲကျောက်ပေါ်မှာ သုံးဆူတစ်တန်းနဲ့ နှစ်တန်းရှိကာ ခြောက်ဆူတိတိတည်ထားပြီး အလည်ရှေ့ဆုံးစေတီဟာ အမြင့်ဆုံးဖြစ်တယ်။ အရှေ့ဆုံးတန်းကတော့ တည်တဲ့ မင်း၊ သူ့အဖိုးနဲ့အဖေကို ကိုယ်စားပြုပြီး နောက်အတန်းဟာ သူတို့ရဲ့ ဇနီးကြင်ယာတွေအတွက်လို့ ရည်တယ်။ ပါရာကို စေတီတွေမှာ ဘန်တီဆာရီ ပြီးရင် အနုပညာလက်ရာတွေ ဒုတိယအရှိဆုံးနေရာပါ။



ပါရာကိုကနေ ထွက်လာတဲ့အခါ အနီးဆုံး ဘခုံး ဆိုတဲ့ ဒုတိယမြောက်တည်တဲ့ စေတီဆီကိုသွားကြတယ်။ ဘခုံးစေတီရဲ့ ကြီးမား ကျယ်ပြန့်မှုကတော့ အပေါ်ကို တက်ကြည့်လေ သိသာလေပါပဲ။ ဘခုံးစေတီဟာ ပိရမစ်ပုံ အခြေပြုထားပြီး အန်ကောဝပ်မှာ ရှိတဲ့စေတီတွေအတိုင်း တောင်မြင့်ပုံစံ ဆောက်လုပ်ထားပါတယ်။  ဘောရောဘုဒေါက တည်ဆောက်ပုံအတိုင်း အထပ်မြင့်တွေ၊ တံခါးတွေ တုပထားတယ်လို့လည်း ယူဆထားကြတယ်။

ဘခုံးစေတီမှာ အပျက်အစီးတွေ တော်တော်များပါတယ်။ ကျန်ရှိတဲ့ အနုလက်ရာလေးတွေ အမှတ်တရ ဓါတ်ပုံရိုက်ယူလာခဲ့တယ်။

အဲ့ဒီနေ့တနေ့လုံး ကုန်သွားပြီး အဲ့ဒီနေ့ညစာကို ကျနော့တိုးဂိုက်က ထမင်းလိုက်ကျွေးပါတယ်။ သူတို့ရဲ့ ရိုးရာဆိုင်မှာ တကယ်တမ်း စားရတော့ ငပိရည် တို့စရာကို သူတို့ဆီမှာ အဓိကဟင်းအနေနဲ့ စားကြတာတွေ့ရတယ်။ ငပိရည်မှာ ဝက်သား ကြက်သား စသည် ကိုယ်နှစ်သက်ရာ ထည့်ချက်ကြတယ်။ ပြီးတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ နဲ့ စားခဲ့ရတာ အားရစရာပါပဲ။
နောက်တနေ့ မပြန်ခင် ကျနော် တောင်းဆိုထားတဲ့ မိုးပျံပူဖောင်းစီးဖို့ပါပဲ။ ပုဂံကလို ဂတ်စ်နဲ့ ဖြည့်ပြီး ရွှေ့လျားတဲ့ ပူဖောင်းမဟုတ်ပါဘူး။ စက်သီးနဲ့ တပ်ဆင်ထားတဲ့ အပေါ်တည့်တည့်ကိုပဲ တက်နိုင်တဲ့ ပူဖောင်းပါ။ ယူအက်စ် နှစ်ဆယ်ပေးရတယ်ထင်ပါတယ်။ ရောက်တုန်းရောက်ခိုက်လေး ဆိုပြီး လုပ်ချင်တာ လုပ်ခဲ့တယ်ဆိုပါတော့။
မနက်စောစောမို့ ထင်တယ်။ ကျနော်တယောက်တည်း စီးမယ့်သူ ရှိပါတယ်။ ရင်လိုက်သည်းဖို တက်သွားတာမျိုးမဟုတ်တော့ အေးအေးဆေးဆေး ဓါတ်ပုံ ရိုက်တော့တာပေါ့။ ကင်မရာအသေးလေးနဲ့မို့ ပုံတွေက စိတ်တိုင်းမကျပါဘူး။ 
ဟိုးအဝေးက အန်ကောဝပ်ကို ကျုံးနဲ့အတူမြင်လိုက်ရတဲ့အခါ ကျနော်တို့ မန်းနေပြည်တော်ကိုတောင် သွားသတိရမိတယ်။

တိုးဂိုက်က မပြန်ခင် မှတ်ချက်လေး ပေးပါဆိုတော့ တကယ်တမ်း ငါမပြန်ချင်ဘူးလို့၊ အကယ်၍များ ငါ့နိုင်ငံအပြင် တခြားနေချင်တဲ့ နိုင်ငံပြောပါဆိုရင် မင်းတို့နိုင်ငံနဲ့ ဟောဒီ ဆီရမ်ယိကိုပဲ လက်ညှိုးထိုးတော့မယ်လို့ ပြောလိုက်တယ်။ 

အချိန်တန်တော့လည်း အိမ်ပြန်ကြရတာပါပဲ။ နောက်တခေါက် ပြန်လာဦးမယ်လို့ ကျနော် ပြောခဲ့ပေမယ့် အခုထိတော့ ထပ်မရောက်ဖြစ်သေးဘူး။ တနေ့တလံပေါ့ အန်ကောဝပ်ရယ်........

19 December 2014

အိုဘယ့် အစိမ်းတို့မြေ....တို့မြေ

စာအုပ်အညွှန်းရေးသားရန်အတွက် ခွင့်ပြုချက်တောင်းရန် မလိုပါ... အဆိုပါစာသားအားကိုးဖြင့် ဤစာကိုရေးသည်။
အိုဘယ့် အစိမ်းတို့မြေဆိုတဲ့ အသံက တဖြည်းဖြည်း စာဖတ်သူတွေကြားမှာ ညံညံဆူလာနေပြီ။ သူက ခေါင်းလောင်းတလုံးလား၊ ဒါမှ မဟုတ် စနက်တံကို အချိန်ကိုက် ဖြုတ်လိုက်မယ့် ချိန်ကိုက်ဗုံးတခုလား မသေချာ။ သေချာတာကတော့ စာဖတ်သူ အသိုင်းအဝိုင်းတခုလုံးကိုတော့ လှုပ်ခတ်သွားစေခဲ့ပြီ။

ရန်ကုန်ကို မေလမှာ ပြန်တုန်းက ဒီစာအုပ်ကို စင်တွေပေါ်မှာ တွေ့မိသလား မသေချာပါ။ တကယ်တမ်း ဆရာငြိမ်းအေးအိမ်ဆီက စာအုပ်နဲ့ပတ်သတ်တဲ့ အညွှန်းကို မြင်ရတဲ့အခါ၊ သူ့ပို့စ်အောက်က ကော့မန့်တွေကြောင့် ကိုယ်တိုင်လည်း အစိမ်းရောင်ဖြစ်ချင်လာခဲ့ပြီ။ စိမ်းချင်ပေမယ့် စိမ်းချင်တိုင်းလည်း မစိမ်းနိုင်။ စာအုပ်များ ရောင်းကုန်နေပြီ၊ ငါတို့စာပေမှာ ကျန်ကောင်းကျန်နိုင်မလား နီးစပ်ရာ သူငယ်ချင်းတွေကို အပူကပ်သည်။ မရပါ....မစိမ်းတဲ့နိုင်သေး။

စက်တင်ဘာ တခေါက်ပြန်သောအခါ ကိုယ်တိုင် စိမ်းမယ်ဟဲ့ဆိုပြီး တမြို့လုံးကို ပိုက်စိပ်တိုက်လိုက်ရှာသည်။ မတွေ့ ဘယ်ချောင် ဘယ်ကြိုကြားမှာမှ မတွေ့ပါ။ နောက်နှစ်ပတ်မှာ ပြန်ထုတ်မယ်ဟု စာအုပ်ဆိုင်က အားပေးသည်။ နောက်နှစ်ပတ်မှာ ရန်ကုန် ပြန်မရောက်နိုင်တာ သေချာသည်။ ရန်ကုန်ပြန်သမျှ လူကြုံတိုင်းနဲ့ မှာသည်။ ရန်ကုန်က အသိတွေကို ဝယ်ခိုင်းသည်။ အိုဘယ့် အစိမ်းတို့မြေ ဟုပင် လိုက်ညည်းနေရသည်။ ပညတ်သွားရာ ဓါတ်သက်ပါသည်ကိုး။

နောက်ဆုံး လက်ထဲကို ကိုကြီးဖိုးသင်္ကြန် စလုံး အလည်အပတ်ခရီးမှာ ရသည်။ လွယ်လွယ်ကူကူ ရသည်တော့ မဟုတ်။ ဆရာသမားက စလုံးရောက်ကတည်းက ငါးရှဥ့် ဖြစ်သွားသည်။ သူ့နေသည့် မြေနီကုန်းနဲ့က မဝေးလှ။ သွားယူချင်သော်လည်း ဆွမ်းတော် မချသေးလို့ အိမ်ရှေ့က တောင်းကလေးနဲ့ မျှော်နေရသည့် သူဖုန်းစားလို လည်ပင်းတရှည်ရှည်နဲ့။ သုံးလေးရက်လောက် နေမှ လက်ထဲကို ရောက်လာသည် စိတ်ကိုဒုန်းဒုန်းချလိုက်ပြီ။ တော်သေး အစိမ်းတို့မြေက အပုပ်နံ့ မထွက်သေး။

နေ့ချင်းပြီး စိမ်းပလိုက်သည်။ မနက်လေးနာရီ တိတိမှာ ဖတ်လို့ ပြီးတယ်။ 

ပါစကယ်ခူးသွယ်

သွယ်ဆိုတဲ့ စကားလုံးကြောင့်ထင်တယ် နာမည်ကြားတာနဲ့ စာရေးသူဟာ မိန်းကလေးလား လို့ မေးကြတာများတယ်။ စာရေးသူကြားရင် ရီမယ် (သွယ်ဆိုတာ ပဒေါင်ဘာသာစကားအရ အသိဥာဏ်ကို ကိုယ်စားပြုတယ်တဲ့)။ သူရေးတဲ့ မူရင်းစာကို ခုချိန်ထိ မဖတ်ရသေး။ စာအုပ်ဝယ်မယ်လို့ လုပ်တော့ စာအုပ်ဆိုင်တွေမှာ မရှိတော့ပါ။ မှာရင်တော့ ရမယ်ဆိုတယ်။ မှာမယ် မှာမယ်နဲ့ မှာတဲ့စခန်းနဲ့ မနီးစပ်နိုင်သေးဘူးဖြစ်နေတယ်။

စာရေးသူဟာ ဒိုင်ယာရီရေးသူများလား။ ဒီလောက်အထိ ပြည့်စုံတဲ့ ခရီးရှည်ကြီးကို ချပြတဲ့ မှတ်ဥာဏ်ကို ပထမဆုံး ဦးညွှတ်ပါရစေ။ ဒီစာအုပ်ထဲကနေ တိုင်းရင်းသားတွေရဲ့ ဗမာတွေအပေါ်အမြင်က သူငယ်ချင်း တိုင်းရင်းသားတွေ အမြင်နဲ့ ထပ်တူပါပဲ။ အင်္ဂလိပ်လူမျိုးတွေကတောင် ဗမာတွေထက် ပိုကောင်းသေးတယ်။ ဟုတ်မယ် ဗမာတွေက ဗမာတွေအပေါ်မှာလည်း အဲ့ဒီလိုပါပဲလို့ ပြန်ပြောချင်ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်အောက်မှာ တိုင်းရင်းသားတွေလို ဗမာတွေက မနေခဲ့ရတော့ အင်္ဂလိပ်တွေ ပိုကောင်းတယ်လို့ မသိတာပါ။ တိုင်းရင်းသားအများစု ကိုးကွယ်တဲ့ဘာသာတွေ ပြောင်းကုန်ကြတာ ဘာများထူးဆန်းတာလိုက်လို့။ ချင်းပြည်က ချင်းလူမျိုးတွေ မျိုးနွယ်စုလိုက် နိုင်ငံရပ်ခြားကို ကူးပြောင်းကုန်တယ်။ ချင်းတွေ အသာစီးတယ် ထင်နေဦးမယ် ဟိုးရှေးခေတ်က ချင်းပြည်သွားတဲ့ လမ်းနဲ့ ခုခေတ်ချင်းပြည်သွားတဲ့ ဘာများ ထူးခြားသွားလဲ ဆိုတဲ့အချက်တခုနဲ့တင် ဗမာတွေ စာမေးပွဲကျတယ်။ ချင်းပြည်ရောက်ဖူးလို့ မဟုတ်ပါဘူး။ ကိုယ်တိုင်ရောက်ဖူးအောင် သွားဖို့ကို ခက်ခက်ခဲခဲ ဖြစ်နေလို့ပါ။ ချင်းပြည်မှလား ဆိုတော့ မြိတ်ကျွန်းစုလည်း ထိုနည်းလည်းကောင်း၊ ခါကာဘိုရာဇီဆိုလည်း ထိုနည်းလည်းကောင်း၊ ကျိုင်းတုံ တာချီလိတ်ဆိုတော့လည်း ထိုနည်းလည်းကောင်း...............

သင့်လူ

အိုဘယ့်အစိမ်းတို့ မြေကို မရတဲ့အခါ မိုက်ကယ်ကေနဲ့ တေးဆိုငှက်ကို ပဲ ဝယ်လာခဲ့တယ်။ မိုက်ကယ်ကေမှာတင် စကားအသုံးအနှုန်းတွေကို ကြိုက်နေပြီ။ တေးဆိုငှက် ကိုဖတ်တော့ တော်တော်လေး နစ်ဝင်နေပြီလေ။ ဘာသာပြန်ရေးသူ တယောက်ပေမယ့် ဘာသာပြန်သူရဲ့ ရေးဟန်ကိုယ်က သူ့ရဲ့ အာဘော်ကို အတော်လေး ဖော်ဆောင်ပါတယ်။ အဖတ်ချင်ဆုံး အစိမ်းတို့မြေကို ရဖို့ အဲ့ဒီစာအုပ်နှစ်အုပ်က  အဓိက တရားခံ။

မျိုးနွယ်စုလေးတခုဆီကနေစပြီး စီးတဲ့ မြစ်ချောင်းလေး တခုအကြောင်းပါ။ မြစ်ချောင်းလေး စီးဆင်းရာတလျှောက် တရွတ်ထိုးသီပြီး ကွေ့ရင် ကွေ့တဲ့အကြောင်း၊ ရေလာနည်းတဲ့အကြောင်း၊ တချို့အရပ်တွေရေစီးသန်ခဲ့ပုံ၊ လှိုင်းတွေ ထန်ခဲ့ပုံ၊ မုန်တိုင်းကို အဖြတ် ........ဟိုးနောက်ဆုံး ငွေရောင် အနားသပ်ကမ်းစပ်ထိအောင် ဆရာသင့်လူရဲ့ စကားလုံးတွေ ကနေ မြစ်ချောင်းကလေးနဲ့ လိုက်စီးတယ်။ မြစ်ချောင်းကလေး တလျှောက်က မြင်ကွင်းတွေကတော့ တိုးယိုးပေါက်လို့။ တချို့ မသိလိုက် မမြင်လိုက်ဖူးတဲ့ နေရာတွေကိုတောင် ပြတင်းပေါက် ဖွင့်မကြည့်ပဲ သိစေခဲ့တယ်။

တနေ့က စလုံးတယောက်နဲ့ စကားစမြည် ပြောကြတဲ့အခါ သူက ကျနော်တို့ အုပ်ချုပ်သူအပိုင်းနဲ့ သူတို့ ပြုလုပ်ချက်တွေကို ဖြည်ပြတယ်။ ကျနော်ကတော့ အငြင်းအခုန်သမား မဟုတ်တာမို့ သူ့ကို တခွန်းတည်း ပြန်ပြောခဲ့ပါတယ်။ သူတို့ ဘာတွေပဲလုပ်ခဲ့ လုပ်ခဲ့ သူတို့လုပ်ခဲ့တာ ကျနော်တို့ နိုင်ငံသမိုင်းမှာ သူတို့နာမည်နဲ့ မော်ကွန်းထိုးထားပြီးသားလို့။ ဟုတ်တယ်လေ လူသတ်ခဲ့ရင် သူလူသတ်ခဲ့တယ်ဆိုတဲ့ အကြောင်းက ဘယ်မှာ လွယ်လွယ် ဖျောက်ဖျက် ပစ်နိုင်လို့တုန်း။

အိုဘယ့် အစိမ်းတို့မြေ ဆိုတာ ဘာသာပြန်တဲ့ ဆရာသင့်လူက ပေးထားတဲ့ နာမည်။ မူရင်း စာအုပ်နာမည်က  "From The Land of Green Ghosts" တချို့က မကျွတ်မလွတ်သော သူများရှိရာနယ်မြေလို့ ပြောကြတယ်။ ဟုတ်မှာပဲ အဲဒီ အစိမ်းရောင်ဝိညာဉ်တွေရဲ့ လောင်းရိပ်အောက်ကနေ အခုထိ ကျွတ်ကျွတ်လွတ်လွတ် ရှိသေးတာမှာ မဟုတ်တာ။

အိုဘယ့် အစိမ်းတို့မြေ ဆိုတာ တို့မြေပဲ။ တို့မြေအကြောင်းကို ပြန်ဖတ်ရတဲ့အခါ တို့မြေရဲ့ နွေးထွေးမှုနဲ့အတူ အငွေ့အသက်ကို ပြန်ရတယ်။ နာကျင်ခဲ့ဖူးတဲ့ အတိတ်ကို ပြန်တွေးမိတာမို့ စိတ်နှလုံးကို တအုံ့အုံ့ ကြေကွဲစေတယ်။ ဒါပေမယ့် ကိုယ်တိုင်က အစိမ်းရောင်တွေရဲ့ လောင်းရိပ်အောက်ကနေ မကျွတ်မလွတ် နိုင်သေးတဲ့ ဝိညာဉ်အရိပ်တခုပဲလေ။ အဲ့ဒီအစိမ်းတို့ မြေဟာ ကျနော်တို့မြေပါပဲ။

အိုဘယ့်.....အစိမ်းတို့မြေ............တို့မြေ

18 December 2014

အရောင်မှိန်သော အစင်းများနှင့်...

အဝတ်ဗီရိုကိုဖွင့်လိုက်တဲ့အခါ တခါဖူးမှ မဝတ်ဖူးပါသော အရောင်မှိန်သော အစင်းများနှင့် အင်္ကျီတထည်ကို တွေ့လိုက်မိတယ်။ မေးခွန်းတွေ ရှည်ရှည်ဝေးဝေးမေးတတ်တဲ့ ကိုယ်ဟာ အဲ့ဒီအင်္ကျီအကြောင်းကို မေးစရာတခုမှ ထွက်မလာ....

တကယ်တမ်း မေးမယ်ဆိုရင် ကိုယ်ကိုတိုင်မေးချင်မေး ဒါမှမဟုတ် အဝတ်ဗီရိုကို မေးကြည့်ဖို့ပဲ။ လွှင့်ပဲပစ်ရမလား၊ ဒီအတိုင်းပဲထားရမလား ဆိုတဲ့ဒွိဟစိတ်က ပေါ်လာတယ်။ ကျနော်ဝတ်လေ့ဝတ်ထရှိတဲ့ အရောင်မျိုးမဟုတ်တာမို့ ဘယ်တော့မှ ဝတ်မှာ မဟုတ်ဖူးဆိုပြီး လွှင့်ပစ်ရင်ကောင်းမယ်၊ ပြီးတော့ အဝတ်အစားမတတ်နိုင်တဲ့သူတွေအများကြီး ရှိနေသေးတယ်ဆိုတဲ့ စိတ်တခုနဲ့ ဒီအတိုင်းသိမ်းထားမလား ဆိုတဲ့ အတွေးတွေပါပဲ။

မီးခိုးမဆုံးအောင်တွေးနေတဲ့ အတွေးစဉ်တန်းထဲမှာ ဒီနေ့ အလုပ်ထဲမှာ အသုံးချလိုက်တဲ့ ဆိုနာဆိုတဲ့ စနစ်လေးအကြောင်းလည်း ပါတယ်။ ဆိုနာဆိုတဲ့ စနစ်လေးကို ဝေလငါးတွေမှာ အသုံးများတယ်။ အဲ့ဒီစနစ်ကို အလုပ်ထဲက နေရာတခုမှာ သုံးဖြစ်ခဲ့တယ်။  အရောင်မှိန်နေတဲ့ အင်္ကျီဟာ ပျောက်ကွယ်နေတဲ့ ပိုင်ရှင်ဆီ ပြန်ရောက်နိုင်ဖို့ ဆိုနာစနစ်ကို ကျနော် အသုံးပြုသင့်သလား.......

အကယ်၍ ကျနော်က အဲ့ဒီစနစ်ကို အသုံးပြုသည့်တိုင် ပိုင်ရှင်က မလိုအပ်တော့ဘူးဆိုရင်ကော..ကျနော့ ဆိုနာစနစ်ဟာ အဟောသိကံဖြစ်နေတော့မှာ။ ကျနော့ဆိုနာစနစ်ဟာ ပိုင်ရှင်ရဲ့ လိုအပ်မှု ပမာဏကိုတော့ တွက်ချက်မပေးနိုင်တာတော့ အသေအချာပါ။

အဲ့ဒီလိုနဲ့ ဒေါင်လိုက်စင်းမဟုတ်သော ကန့်လန့်စင်းများနှင့် အင်္ကျီတထည်ဟာ ကျနော် အိမ်ပြောင်းတိုင်း အကြိမ်ကြိမ်လိုက်ပါနေခဲ့တယ်။ လျှော်ဖွတ်ခြင်း အလျဉ်းမရှိသော်လည်း အချိန်ကာလ ပမာဏကြောင့်သော်လည်းကောင်း အစင်းများနှင့်အတူ အရောင်များပါ တဖြည်းဖြည်း မှေးမှိန်လာပါတယ်။ ကနဦးကတည်းက အရောင်ဖျော့နေခဲ့သလားတော့ ကျနော် သေချာ မမှတ်မိပါ.

ယခုလက်ရှိအိမ်မရောက်ခင် ကြားကာလ အိမ်တခုနဲ့တခု အကူးအပြောင်းကြားမှာ၊ ဝတ်လေ့မရှိသော၊ မတော်တော့သော အဝတ်များထည့်လေ့ရှိသော အဝတ်ပုံးတခုထဲကို ကျနော် မှတ်မှတ်ရပြောင်းထည့်လိုက်တယ်။ မဝတ်မယ့်အတူတူ အဝတ်ဗီရိုထဲမှာ ဘာလို့ထားနေတော့မှာလဲ။ 

တနေ့က အိပ်မက်ထဲမှာ အိမ်အဟောင်းက အဝတ်ဗီရိုကို သွားမြင်မက်တယ်။ အဝတ်ဗီရိုတခုလုံး အိမ်ပြောင်းပြီး ဖြစ်လို့ ဘာမှ မကျန်ရစ်တော့ပါ။ ဗီရိုအောက် ကြမ်းပြင်မှာ ခင်းထားခဲ့တဲ့ သတင်းစာနဲ့ ပြားနေ ကြေမွနေသော ပရုတ်လုံး အချို့သာ။ 

ဘာမှ မရှိတော့သော အဝတ်ဗီရိုကို သေချာရှင်းလင်းပေးပါလို့ အိမ်ရှင်က တတွတ်တွတ်မှာနေတယ်။ ခင်းထားတဲ့ သတင်းစာတွေကို လွှင့်ပစ်ဖို့ ယူလိုက်တဲ့အခါ၊ သတင်းစာထဲက ဓါတ်ပုံတပုံကို ကွက်ခနဲမြင်တယ်။ ကျောပေးရပ်ထားတဲ့ လူတယောက်ရဲ့ ဓါတ်ပုံပါ။

သတင်းစာထဲက ဓါတ်ပုံဟာ ဘာမှ မဟုတ်ပေမယ့် အဲ့ဒီလူဝတ်ထားတဲ့ အင်္ကျီဟာ အရောင်မှိန်နေတဲ့ အစင်းတွေနဲ့။ ကျနော် အဲ့ဒီလူကိုများ သိနေမလားဆိုတဲ့ စိတ်နဲ့ သေချာကြည့်တယ်။ သတင်းစာဟာ အပြားလိုက်ဖြစ်နေလို့ ကျနော် မျှော်လင့်သလို သူ့ကို မြင်ရတဲ့ မြင်ကွင်းမျိုး ရောက်မလာခဲ့ပါ။

သတင်းစာကို သဲကြီးမဲကြီး ကြည့်နေတုန်း မိုးတွေတအားသည်းလာလိုက်တာ ဆိုတဲ့ အခိုက်မှာ ကျနော် အိပ်မက်က လန့်နိုးတယ်။ ဒီသတင်းစာဆိုတာ ကျနော့အတွက် သဲလွန်စ တခုခုများ ဖြစ်နေမလား။  အင်္ကျီပိုင်ရှင်များ အကယ်၍ ပေါ်လာခဲ့ရင် ပြန်ပေးဖို့ ကျနော့ အဝတ်ပုံးကို သွားဖွင့်ကြည့်မိပြန်တော့ အဲ့ဒီ အင်္ကျီမရှိတော့ပါ။

အိမ်ပြောင်းပြီးကာလအတွင်း အင်္ကျီအဟောင်းများ ပေးပစ်သေးသလားဆိုပြီးတွေးကြည့်တော့လည်း မရှိပါ။ တခြားဘယ်သူများ လာယူနိုင်သေးသလဲဆိုတော့လည်း ဘယ်သူမှ မဖြစ်နိုင်ပြန်။ အဝတ်ဗီရိုထဲများ ပြန်ရောက်နေသေးသလားဆိုပြီး အဝတ်တွေအားလုံးကို ကုတင်ပေါ်တင် တထည်ချင်း ပြန်ထည့်သည့်တိုင် အံ့သြစရာကောင်းလောက်အောင် ပျောက်ဆုံးနေခဲ့သည်။

အရောင်မှိန်သော အစင်းများနှင့် အင်္ကျီတထည်သည် ကျနော် မသိသော နေရာ၊ အချိန်တခုတွင် ကျနော့ဆီမှနေ၍ ပျောက်ဆုံးခဲ့ချေပြီ။ အဆိုပါ အင်္ကျီရှင်ပေါ်လာခဲ့သော ကျနော် အသို့ရှင်းပြရမည်နည်း။ ကျနော် မလုပ်သော အမှားတခုအတွက် ကျနော့ကို အပြစ်ဆိုချင်လည်း ဆိုပါစေတော့။ ကျနော့မှာ မရှိသည့်အကြောင်းကို မရှိပါဟူသော အရာတခုမှတပါး တခြား ဖြေရှင်းချက် မပေးလိုပါ။

အကယ်၍များ ပိုင်ရှင်ပေါ်လာခဲ့ရင်......................

30 November 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၅)


ဂိုက်က ရေတံခွန်နဲ့ ကာကေမြို့ဟောင်း တနေ့တာခရီးတခုခု ရွေးပါလို့ ပြောလာတဲ့အခါ ကာကေမြို့ဟောင်းကို ရွေးဖြစ်တယ်။ တကယ်တမ်းသွားချင်တာတော့ နှစ်နေရာလုံးပါ။ ကျနော်ပေးနိုင်တဲ့ ငွေကြေးပမာဏရယ်၊ ဂိုက်ပေးနိုင်တဲ့အချိန်ရယ်ပေါ်မှာ မူတည်ပြီး တခုကိုပဲ ရွေးခွင့်ရတယ်။ ကာကေကနေ ပါရပ်ဘီဟာဆီုတဲ့ နာမည်ကျော်ဘုရားကိုသွားချင်လှပါတယ်။ အခြေအနေမပေးတာက ယိုးဒယားနဲ့ စစ်ပွဲအသေးစား ဖြစ်နေတဲ့အချိန်မို့ သွားဖို့ အခွင့်မရခဲ့ပါဘူး။




မနက်စောစော ဟိုတယ်ကနေ ထွက်လာခဲ့တယ်။ ထုံးစံအတိုင်း သူတို့ဆီက လမ်းတွေဟာ ဖြောင့်ဖြူးလို့။ လမ်းဘေးက မြို့ငယ်၊ ရွာငယ်လေးတွေကို ဖြတ်တဲ့အခါ မြန်မာပြည်ကို လွမ်းဆွတ်ခြင်းက ပျံ့နှံ့စိမ့်ထွက်လာတယ်။ မွန်ပြည်နယ် ကျိုက်ထီးရိုးကိုသွားတဲ့ လမ်းနဲ့ အတော်လေးဆင်ပါတယ်။ ဈေးလေးတခုကိုပါ ဝင်ပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ကျနော်တို့ ဆီက ဈေးနဲ့ တော်တော်လေးတူတာမို့ အိမ်ကို ပြန်ရောက်သွားသလားတောင် အောက်မေ့ရပါတယ်။

၁နာရီကျော်လောက်မောင်းတောက်လျှောက် မောင်းလာပြီးတဲ့နောက် ကားသမားနဲ့ ဂိုက် မနက်စာစားဖို့ လမ်းဘေးဆိုင်တခုမှာ ရပ်တယ်။ ဂိုက်က မင်း ကားပေါ်မှာ နေချင်နေခဲ့နိုင်တယ်ဆိုတယ်။ ကျနော်က ဒေသခံတွေနဲ့ ရောနှောရတာမျိုးကိုကြိုက်တယ်လို့ ပြောလိုက်တဲ့အခါ လိုက်ခဲ့ပါလို့ခေါ်တယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးမို့ သန့်ရှင်းရေး အဆင်မပြေဘူးလို့ ပြောတဲ့အခါ ကျနော်က ပြုံးလိုက်မိတယ်။ သိပ်မကွာပါဘူးကွာဆိုတဲ့ အပြုံးပေါ့။ သူတို့က မနက်စာစားကြမှာမို့ ကျနော်ရော တခုခုစားချင်သေးသလားဆိုတော့ ကွေ့သယိုနဲ့ကော်ဖီလို့ ပြောမိတယ်။ စားမှာသေချာတယ်နော်လို့ စိတ်မချတဲ့လေသံနဲ့ထပ်မေးတယ်။ အားရပါးရ စားပြတဲ့အခါမှ သူ့ခမျာ သူ့မနက်စာကို ကောင်းကောင်းစားတော့တယ်။ ဒီလေးနဘမ်းဆိုင်လောက်ကတော့…

တိုးဂိတ်တခုကိုဖြတ်တဲ့အခါ အပေါ့အပါးသွားချင်သွားလို့ ပြောတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်သာတွေဟာ ခရီးသွားလုပ်ငန်းအောင်မြင်နေတယ်ဆိုတဲ့ ပြယုဂ်တခုပဲ။ 
ကာကေဟာ အေဒီ၉ရာစုနှစ်က မြို့တော်တခုပါ။ စေတီပေါင်းများစွာ ဆောက်လုပ်ခဲ့ပေမယ့် စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းမရှိတော့တဲ့ နေရာတခုဖြစ်နေခဲ့ပြီ။ ဂိုက်ရဲ့ရှင်းပြမှုအရဆို ဘာသာရေးစစ်ပွဲတွေနဲ့ မြို့တော်ကို ဆီယမ်ရိမရွှေ့ခင်မှာ ဖျက်ဆီးပစ်ခဲ့ပုံရတယ်လို့ ဆိုတယ်။ တကယ်လည်း အထည်အဝံ့ရှိခဲ့တဲ့ နေရာတခုဟာ အခုအချိန်မှာ မှေးမှိန်ပျောက်ကွယ်လို့နေခဲ့ပြီ။ စေတီပျက်များ ၊ မြေကြီးထဲမှာနစ်မြုပ်နေပြီး မမြင်တွေ့နိုင်သော ရှေးဟောင်းအမွေအနှစ်တွေ အများအပြားရှိနေဆဲ။ တချို့သောအဖိုးတန်အမွေအနှစ်တွေကတော့ တဦးတယောက်တည်းပိုင်ပြတိုက်တွေ၊ ကမ္ဘာအနှံ့မှာ ရောင်းချခြင်းခံရတဲ့ တရားမဝင် ကုန်ပစ္စည်းတွေဖြစ်လို့နေခဲ့ပြီ။
ဒါ့အပြင် အချို့သောနေရာတွေမှာ ပြည်တွင်းစစ်ရဲ့ အကြွင်းအကျန် မြေမြုပ်မိုင်းများ ကျန်ရှိနေသေးတယ်။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကာကေဟာ လာရောက်လည်ပတ်သူ နည်းပါးနေတတ်ပါတယ်။ အေးအေးဆေးဆေး လည်ပတ်လိုသူတွေအတွက်တော့ ကာကေဟာ လူစည်ကားတဲ့ အန်ကောဝပ်ကနေ ထွက်ပြေးလို့ရတဲ့ နှစ်နာရီကြာ အကွာအဝေး လက်တကမ်းမှာပါ။


ကာကေမှာ အထင်ကရ ကျန်နေသေးတာကတော့ ပါရာဆပ်သွန်နန်းဦးဘုရားပါ။ ကျုံးတွေမုခ်ဦးတွေကို ဖြတ်ပြီးတဲ့အခါ မြင်ရတဲ့အရာက ပိရမစ်ပုံစံ ခုနှစ်ဆင့်အဆောက်အဦးဖြစ်ပြီး အောက်ခြေအုတ်ဖိနပ်ကတင် ကျနော့တရပ်မက မြင့်နေခဲ့တယ်။ ကြီးမားတဲ့အခုလို အဆောက်အဦးကြီးကို ဆောက်လုပ်ခဲ့တဲ့ ရှေးဗိသုကာပညာရပ်ဟာ အံ့သြစရာမကောင်းဘူးလား။ ယခင်က အပေါ်ထိတက်လို့ ရပေမယ့် စနစ်တကျထိန်းသိမ်းပြုပြင်မှု မရှိတာကြောင့် ပျက်စီးသည်ထက်ပျက်စီးလာတာမို့ ယခုအခါအပေါ်ကိုတက်လို့ မရတော့ပါ။ တက်ပြီးကြည့်လိုက်ရင် ကာကေမြို့တခုလုံးကို အပေါ်စီးကနေ မြင်ရမှာ..အခုတော့....



တခြား ဘုရားငယ်လေးတွေကိုပါ လျှောက်ကြည့်ဖြစ်တယ်။ အပြိုအပျက်တွေကများသလို မြေမြုပ်မိုင်းသတိပေးဆိုင်းဘုတ်တွေလည်း ဟိုတစ ဒီတစ။

ပုဂံကလို ဈေးရောင်းသူတွေ အများကြီးရှိပါတယ်။ ဂိုက်ဆီကနေ ကျနော် သင်ထားတဲ့ စကားတခွန်းက " သေအော ကွန်" ကျေးဇူးတင်ပါတယ် မလိုပါဘူးလို့။ ပြီးတော့ ဒေသခံလို အယောင်ဆောင်နေလိုက်တဲ့အခါ သူတို့တွေ မသိလိုက်မသိဖါသာ လိုက်မရောင်းကြတော့ဘူး။ သူတို့ ဆီက ဘုရားပရဝုဏ်သန့်ရှင်းရေး လုပ်တဲ့သူတွေရဲ့ လစာဟာ တလကို ယူအက်စ် ၉၀ဆိုတယ်. လောက်ငှပါ့မလား မသိဘူးနော်။


ကာကေကနေ ပြန်ထွက်လာတဲ့အခါ ဘန်မီလာ (ကြာပန်းရေကန်)ဘုရားကို ဝင်တယ်။ အပြိုအပျက်တွေက များသလို ကြီးမားကျယ်ပြန့်တဲ ဘုရားပရဝုဏ်တလျှောက် သစ်သားလျှောက်လမ်းတခုကို စနစ်တကျ လုပ်ထားတာ ဧည့်သည်တွေအတွက် အတော်လေးကောင်းပါတယ်။ 
 

ဘန်မီလာဟာ အနုသုခုမစုဝေးရာနေရာတခုပါ။ ဗိရှနု၊ ရှိဗားနဲ့ ဗုဒ္ဓ ရုပ်ထုတွေကိုတွေ့နိုင်သလို ရာမယဏဇာတ်တော် အခင်းအကျင်းကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ အပျက်အစီးတွေကြားကတောင် ဒီလောက် ခမ်းနားနိုင်သေးရင် ဟိုအရင်တချိန်ကဆိုတဲ့ အရာဟာ အရာအထောင်မကအောင် ကြီးကျယ်မှာ အသေအချာပါပဲ။


ဆီယမ်ရိမြို့တော် အန်ကောသွန်တည်ဆောက်စဉ် အသုံးပြုတဲ့ သဲကျောက်တုံးတွေကို ဘန်မီလာကနေ ရေမြောင်းတခု ဆောက်လုပ်ပြီး ပို့ဆောင်ခဲ့တယ်လို့ အထောက်အထားအများရ သိရှိရပါတယ်။ ဘန်မီလာဟာ နွံအိုင်ထဲက ကြာတပွင့်ပါ။ ပျက်စီးမှုတွေအများအပြားကြားကနေ သူ့အလှတရားကို ပွင့်ပြရင်း ခရီးသည်တွေရဲ့ စိတ်အာရုံကို ညှို့ယူထားနိုင်နေဆဲ.......

29 November 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၄)






အန်ကောဝပ်ကနေထွက်လာတဲ့အခါ ဓါတ်ပုံတွေထဲမှာ အများအပြားတွေ့ရတဲ့ ဘေယွန်မျက်နှာများဆီကို သွားဖြစ်တယ်။ ၁၂ရာစုနှောင်းပိုင်း ၁၃ရာစု အစောပိုင်းမှာတည်ထားခဲ့တဲ့ ဘေယွန်က ဗုဒ္ဓဘာသာအဓိကဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘာသာရေးရောယှက်မှုတွေ ဝင်လာခဲ့တယ်။


နံရံပန်းချီကားတွေအတွေနဲ့ အရှေ့ဖက်မှာ ကြည်းတပ်စစ်ချီလာတဲ့ပုံ တောင်ဖက်မှာ ရေတပ်ပုံစသည်ဖြင့် စစ်အင်အားကို ပြထားတာတွေ့ရတယ်။ ပန်းချီကားတွေကနေ ချမ်းပလူမျိုးတွေနဲ့ ကူးလူးဆက်ဆံနေပုံတွေ တွေ့ရခြင်းဖြင့် ဒီပန်းချီကားတွေဟာ တကယ့်သမိုင်းကို ပြောပြနေနိုင်ခဲ့တယ်။



မျက်နှာတွေကို နှစ်ဖက်ဒါမှမဟုတ် လေးဖက်လေးတန် တွေ့ရမှာဖြစ်ပြီး အဲ့လိုမျိုး ၄၉ခုရှိခဲ့ပုံရပေမယ့် အခုအခါ ၃၇ခုပဲ ကျန်ရစ်ပါတော့တယ်။ စုစုပေါင်း မျက်နှာအရေအတွက် ၂၀၀ရှိသော်လည်း တချို့မှာ အပြည့်အစုံအဖြစ် မရှိနိုင်တော့တာ နှမြောစရာပါ။ တဆက်တည်း ထုလုပ်ထားတာမျိုးမဟုတ်ပဲ အထပ်လိုက်ကျောက်တုံးတွေနဲ့ ဒီမျက်နှာ ၂၀၀ကို ဘယ်လိုများ ဆောက်လုပ်ခဲ့ပါလိမ့်…


ဘေယွန်ကနေကျော်လာတဲ့အခါ ဘဖွန်ဆိုတဲ့ တောင်ပုံစံစေတီကိုသွားဖြစ်တယ်။ အဆောက်အအုံကို ရောက်ဖို့ လျှောက်ရတဲ့ တံတားရှည်ရှည်ကနေတင် ဟိုအရင်တုန်းက ဆိုတဲ့အတွေးကို တွေးစေမိတယ်။ တံတားအောက်မှ ရေတွေနဲ့ ကြာမျိုးငါးပါးစုံတဲ့ မြင်ကွင်းမျိုးကို စိတ်အာရုံမှာ ဖြတ်ကနဲပေါ်တယ်။ ၂၀ရာစုလောက်ကစလို့ ပျက်စီးမှု ကြီးကြီးမားမားရှိနေခဲ့ပြီး ပြင်သစ်ပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ သေချာတက်ရောက်ကြည့်ရှုခွင့် ပိတ်ထားတာမို့ ရသလောက်တော့ တက်ကြည့်ခဲ့သေးတယ်။

အနားဝန်းကျင်က ဘုရင့်ပန်းခြံတော်ကိုလည်း ပတ်ကြည့်ဖြစ်တာပေါ့။ ရေကန်တွေနဲ့ ဘုရင်အပန်းဖြေတယ်ဆိုတဲ့ အဆောက်အဦးရဲ့ အပေါ်ဆုံးအထိကိုတက်ကြည့်ခဲ့သေးတယ်။ အပေါ်စီးကနေ လေသာပြတင်းကိုဖွင့်လိုက်တဲ့အခါ သားသမင်တွေ၊ ပန်းမာန်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံကို သူသေချာပေါက် ငေးနေခဲ့မှာပါ. 


ပန်းခြံကိုဖြတ်ပြီး ဗိုလ်ရှုသဘင်အဖြစ် ဆောက်ထားတဲ့ ဆင်ခံဗိုလ်ရှုသဘင်ကို သွားတယ်။ နှစ်မီတာခွဲအမြင့်နဲ့ မီတာသုံးရာကျော် ရှည်လျားတဲ့ ဒီဗိုလ်ရှုသဘင်တလျှောက်မှာ အရုပ်တွေအရုပ်တွေဆိုတာ တန်းစီနေတာပဲ။ ဘုရင်က အဲ့ဒီဗိုလ်ရှုသဘင်ကနေ တပ်တွေချီလာတာ၊ ကချေသည်တွေ ဖျော်ဖြေတာကို ကြည့်လေ့ရှိသတဲ့လေ။



ထမင်းစားနားပြီးတဲ့အခါ တုပ်တုပ်ဆရာနဲ့ ကျနော် နှစ်ယောက်တည်း မရောက်ဖြစ်သေးတဲ့ ဘုရားတွေကိုပတ်တယ်။ မိုးရွာလာတာမို့ ခဏပဲသွားနိုင်ပြီး ဟိုတယ်ကိုပဲပြန်နားဖြစ်ပါတယ်။ နောက်တနေ့  ကာကေမြို့ဟောင်းကို သွားဖို့ စောစောလာခေါ်မယ်လို့ပြောထားတာမို့ ညဖက် အပြင်မထွက်ဖြစ်တော့ပါ....