Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

08 September 2010

အိမ်ကိုလွမ်းလို့ ရထားမစီးချင်ဘူးဆို…

ငါ ရထားမစီးချင်တော့ဘူး……………..

ဟာ…….ဘာကြောင်ရပြန်တာလဲ။ ဂေါက်တောက်တောက်အတွေးတွေနဲ့ အရူးထပြန်ပါပြီ။

ဘာဖြစ်လို့လဲ ပလက်ဖောင်းပေါ်ကနေ ရထားသံလမ်းပေါ်ကို လူတွေ ခုန်ခုန်ချတဲ့ ဗီဒီယိုဖိုင်ကြောင့်လား။

ဒါမှမဟုတ် ရထားတံခါးတွေ မပွင့်လို့ ဘူတာမှာ ရထားတွေမရပ်ဘဲ မောင်းမောင်းထွက်သွားတာကို စိတ်နာလို့လား။

မဟုတ်မှလွဲရော ရထားသံလမ်းတွေ ပြုပြင်နေလို့ ရထားလမ်းတွေ ပိတ်ထားတဲ့ရက်က ကားကြပ်ကြပ်စီးလိုက်ရတာကြောင့်ပဲဖြစ်မယ်။

အကြောင်းပြချက်တွေ ဦးနှောက်ခြောက်ခံ ရှာမနေပါနဲ့။ မင်းတို့တွေပြောတာ တစ်ခုမှ မဟုတ်ဘူး။

ငါ ရထားမစီးချင်တဲ့ အကြောင်းက အိမ်ကိုလွမ်းလို့ပါ….

ဘာာာာာ လို့တပြိုင်တည်း သံပြိုင်ရွတ်လိုက်သံက နားထဲမှာ အိမ်ကို ပြန်နေကြ ကားရထားသံ ဘော်လိုလို ဗွမ်လိုလို လို့တောင်ကြားလိုက်မိတယ်………….

နေ့စဉ်မိုးလင်းတာနဲ့ သံလမ်းခွဲမှာ လာရပ်မယ့် ကားရထားကို စောင့်နေကြလေ။ ကြက်ခြင်းတွေ ဈေးခြင်းတွေနဲ့ တမြို့လုံး အုံနဲ့ကျင်းနဲ့ အပြိုင်အဆိုင်လုပြီးတက်ကြရတဲ့ အဲ့ဒီ ကားရထားလေး။ ခေါင်းတွဲအပါအဝင် သုံးတွဲပဲ ရှိပေမယ့် မြို့ရဲ့သွားရေးလာရေးအတွက် သူက မရှိမဖြစ်ရေသောက်မြစ်။

ပုံမှန်ဖြတ်သွား ဖြတ်လာ အမြန်ရထားတွေရှိတယ်။ သူတို့က မြို့ငယ်လေးမှာ ရပ်လေ့ရပ်ထမရှိဘူး။ ကျောက်တင်တဲ့ ရထားတွေရှိတယ်။ နှေးလွန်းလို့ နွားလှည်းတွေတောင် အသာလေးကျော်တက်နေကြ။ ရှေ့မှာပိတ်နေတဲ့ နွားလှည်းများတွေ့ရင် ကျောက်တင်လှည်းလားလို့ ခနိုးခနဲ့ ကဲ့ရဲ့ရသလောက်။အနီးအနား မြို့ကြီးတမြို့ကို သွားတဲ့ ရထားတစ်စင်းလည်း နေ့စဉ်ပြေးပါတယ်။ ဒါပေမယ့် ထိုင်ခုံလက်မှတ်တွေက ဂိတ်အစမှာကတည်းက ကုန်နှင့်ပြီ။ ထိုင်ခုံမဲ့နဲ့ လိုက်မယ်ဆိုတောင် ရထားလာတဲ့အချိန်က အဆင်မပြေပြန်ဘူး။ ဈေးသမား ကျောင်းသမား ရုံးသမားတွေ အတွက် ကားရထားရောက်လာနေကြ မနက်စောစောက အဆင်အပြေဆုံးလေ။

မနက်စောစော နှင်းတွေကြားမှာ ရထားတိုးဝှေ့စီးရတဲ့အရသာပေါ့။ ကြက်ခြင်းတွေက နံလိုက်တာဆိုပြီး နောက်တစ်တွဲကိုသွားလည်း နောက်ကြက်ခြင်းနဲ့ ညားမှာပါပဲ။ ကြက်ခြင်းသမားတွေ ရှောင်ချင်ရင်တော့ ခေါင်းတွဲကို သွားမှ ရမယ်။ ခေါင်းတွဲက စက်ခန်းဆိုတော့ ပူလိုက်တာ တကယ့်ငရဲလား အောက်မေ့ရတယ်။ ကြက်တွေပူပြီး ကိစ္စချောကုန်မစိုးလို့ ဒီခေါင်းတွဲတော့ ရှောင်ကြတယ်ဆိုပဲ။ ဈေးသည်တွေ တွဲကလည်း ဆူညံလို့ ဘဝဂ်လျှံနေမြဲ။ မင်းသားနဲ့ မင်းသမီးကစလို့ ဒီအပတ်ထွက်မယ့် နံပါတ်တွေ အကြောင်း ဘယ်ဘုန်းဘုန်းကတော့ ပြီးခဲ့တဲ့ အပတ်အတွက် အတိတ်တွေနမိတ်တွေပေးလိုက်တာ မှန်သပေ့ဆိုတဲ့အကြောင်းတွေ သောင်းပြောင်းထွေလာ။ သူတို့အချင်းချင်း ရန်များဖြစ်ကြည့် အယုတ္တ အနတ္တတွေဆိုတာ သင်တန်းဖွင့်ရင်တောင် ရလောက်ကဲ့။

အဲ့ဒီတော့ ဒီနေ့အပူခံမလား အနံ့ဆိုးဆိုးတွေကြားမှာနေမလား နားအဆူခံမလားဆိုတာ တွဲပေါ်မတက်ခင် ရက်ရာဇာ ပြဿဒါးရွေးရသလိုပါပဲ။ အလှည့်ကျလေး နေလိုက်တော့ သူ့ဟာနဲ့သူ နေသာထိုင်သာရှိသွားရော။ တစ်တွဲတည်း ဆက်တိုက်များ စီးနေမိရင် လူကိုက အညောင်းမိသလိုလိုကို ဖြစ်နေတတ်ပြန်တယ်။

ထိုင်စရာနေရာကော နေ့တိုင်းရသလားမေးရင် ဟင့်အင်းလို့ပဲငြင်းရမှာပါပဲ။ တိုးမှ မတိုးနိုင်ပဲ။ တွဲလေးသုံးတွဲကို မြို့လုံးကျွတ်ဆိုတော့ သကြားခဲတစ်ခဲ ပုရွက်အုံ ဝိုင်းအုံသလိုပါပဲ။ ရှဲခနဲ ရှင်းသွားတဲ့အချိန်က ရထားထွက်တဲ့အချိန်ပေါ့။ ဒါတောင် ဘေးနားက မျက်ရည်စမ်းစမ်းနဲ့ မခွဲနိုင်မခွာရက်တွေ မပါသေးဘူး။ သူတို့ကတော့ ထွက်ခါမှ ထွက်ရော မြင်နေရတဲ့ အခိုက်လေး သံသရာကြွေးတွေ ဆပ်နေတာပေါ့လေ။

ရထားထွက်သွားပြီးမှ မြို့လေးလည်း ပုံမှန်ပြန်ဖြစ်တယ်။ အိမ်ကိုပြန်တဲ့သူပြန်၊ ဈေးဝယ်တဲ့သူဝယ် မုန့်ဆိုင်တွေမှာ မနက်စာ စားတဲ့သူ စားနဲ့ အသက်ပြန်ဝင်လာတတ်တာ။ ဒါတောင် ရထားနောက်ကျလို့ အတင်းဝရုန်းသုန်းကားပြေးတဲ့သူတွေ တခါတလေ တွေ့ရပြန်သေး။

တကယ်တမ်း ရထားကြာချိန်က တစ်နာရီပျော့ပျော့ရယ်ပါ။ ဒါပေမယ့် လမ်းတစ်လျှောက်မှာ ရှောင်ပေးလိုက်ရတယ်ဆိုတဲ့ တခြားရထားတွေက လျှော်ကြိုးမှာသီထားတဲ့ ခရေပန်းတွေလို စီလို့ တန်းလို့။ ဒါကြောင့်နေမှာ တစ်နေ့ကို အသွားအပြန် နှစ်ကြောင်းပဲ ဆွဲနိုင်ရှာတယ်။


နေ့ခင်းတကြောင်း အပြန်ကတော့ သိုသိုသိပ်သိပ်ပဲ။ အပျိုလေးတွေ ဇာတ်ပွဲကြည့်ပြီး အိမ်ပြန်သလို မြို့ကလူတွေ မသိလိုက်မသိဖာသာ။ ချောင်ချောင်ချိချိ စီးချင်သူများ၊ ကိစ္စကြီးငယ် မရှိသူတွေကတော့ စိတ်အေးလက်အေး ဒီအချိန်ကိုရွေးကြတယ်။ ပူပြင်းတဲ့နေ့ခင်းကြီးနဲ့အတူ တကျွီကျွီမြည်နေတဲ့ ဒီရထားတကြောင်းက ပျင်းရိစရာကောင်းတယ်ဆိုတာ တစ်မြို့လုံးအသိ။

စိတ်လှုပ်ရှားစရာအကောင်းဆုံးက ညဖက် ရထားသိမ်းတဲ့ လမ်းကြောင်း။ ရထားတင်သိမ်းတာမှ မဟုတ်ပဲ အားလုံးရဲ့ ဘဝတွေကိုပါ ဆွဲသိမ်းလာခဲ့တာ။ မသိမ်းလို့လည်း မရတော့ဘူး တမြို့လုံးရဲ့ ခြောက်သွေ့မှုကို ပြန်ဆွဲယူလာတဲ့ ဘဝတွေနဲ့ ကြဲပက်ရမှာ။ ဘူတာရုံကအထွက် ယိုင်တိုင်တိုင် မီးတိုင်တွေကြားထဲမှာ မြို့လေးရဲ့ အပြိုင်အဆိုင် မီးခွက်တွေလည်း ထွန်းနေကြပြီ။ ဘယ်သူဘယ်ဝါ ပြန်လာချိန်ဆိုတော့ ညစာထမင်းဝိုင်းတွေလည်း လက်ဆေးဇလုံနဲ့ ခင်းလို့ကျင်းလို့။

ရထားဆိုက်ပြီဆိုတာနဲ့ ဘူတာရုံနားက မုန့်ဆိုင်တွေ မျက်နှာငယ်ရပြီ။ စီခနဲနေအောင် ရှေ့ဆုံးက ပြေးသွားသူတွေအားလုံးက တမြို့လုံးရဲ့ ဆွဲလည်းတွေလေ။ ဆိုက္ကားဆရာတွေကတော့ မျက်နှာတွေ တဝင်းဝင်းနဲ့ သူသူငှာငှာ ခေါ်ပါယူပါ ဖြစ်ကုန်ပြီပေါ့။ တယောက်စနှစ်ယောက်စနဲ့ စီးပွားဖြစ်မယ်မထင်ဆိုပြီး ခွာရှပ်ပြီး မတ်မတ်ကြီးစောင့်နေတဲ့ မြင်းပေါ်က မြင်းလှည်းဆရာလည်း အနောက်ဖက်ကမ်းကိုလို့ ကျယ်ကျယ်အော် တကြော်ကြော် ဖြစ်စပြုပြီ။

သိပ်မကြာခင် လူတွေပြိုဆင်းအလာ။ မြို့လေးလည်း အခုမှ မျက်လှည့်ပြလိုက်သလို ပွဲခင်းတစ်ခုအလား စည်စည်ကားကား။ ဒီမြို့ကို ရွာနဲ့တူသလေးလို့ ပြောလို့ဒေါသတလူလူထနေတဲ့ အပျိုမငယ်လည်း ဟောကြည့် ဟောကြည့် မြို့ကြီးပါတော်လို့ ပြောရင်းဆိုရင်း အမောက လည်ပင်းရောက်နေပြီ။ ကျုပ်မှာလိုက်တာ ပါသလားဆိုပြီး မျက်နှာထားတင်းတင်းနဲ့ မေးတဲ့ အိမ်ရှင်မ မျက်နှာလည်းဝင်းလက်လို့။ မြို့ကဝယ်လာတဲ့ ပစ္စည်းတွေကို ဒီအဆင်လေး လှတယ်နော် ဟိုဟာလေးက နောက်ဆုံးပေါ်လို့ မကြွားချင် ကြွားချင် ဈေးတော်လို့ပါရှင် ဆိုတဲ့ အမျိုးသမီးတွေလည်း လမ်းပေါ်မှာ ဖြူးလို့။ ဒီတခေါက် အရင်းပြုတ်ခဲ့ပြီလို့ ငိုသူကလည်းပါသေး။ ချဲထီထိုးလိုက်တာမလား လို့ ဗိုက်ခေါက်လိမ်ဆွဲပြီးမေးချင်စိတ်တွေနဲ့ ဘေးနားက အိမ်သူကို မပူနဲ့ မပူနဲ့ဆိုပြီး ဖြောင့်ဖြပေးချင်သူလည်း ရှိရဲ့။

ကိုးနာရီမစို့မပို့မှာ ရုံပိုင်ကြီးလည်း နားချင်ပြီထင်တယ်။ ဘူတာရုံဖက်က ဖျတ်ခနဲမီးတွေ ပိတ်သွားတယ်။ ဆီမီးခွက်တွေလည်း မကြာခင် ငြိမ်းတော့မှာပါ။ နောက်နေ့မနက်မိုးလင်းရင် ကားရထား ပြန်ဆင်းလာတော့မယ်………

အဲ့ဒါပြောတာ မြို့နဲ့ရထားနဲ့ တသားတည်းကျနေတဲ့နောက်

အိမ်ကိုလွမ်းလို့ ရထားမစီးချင်ဘူး ဆိုတဲ့ ငါ့ကို မင်းတို့ အပြစ်ဆိုချင်လည်း ဆိုကြပါတော့ကွာ……….

01 September 2010

နတ်သြဇာ ထညက်ခဲရယ်နဲ့ …..

ဒီအမယ်ကြီးနှယ်……..

မောင်ရင်လေးတို့ရယ် ကျုပ်ရန်ကုန်သွားမှာမို့ပါတော် သည်းညည်းခံကြပါတော်

တောင်းကြီးတောင်းငယ် အသွယ်သွယ်ဆင့်လို့ အမယ်ကြီးနှယ် အသက်ကိုမှ အားမနာ…..နောက်က အသံတွေကို ဂရုစိုက်မနေနိုင်ပေါင်။ ကျုပ်သားတွေ မြေးတွေ ရှိတဲ့ဆီကို ကျုပ်သွားနေတာကလား။ အငယ်ကောင် ဟိုဆောက်လုပ်ရေးမှာ အင်ဂျင်နီယာဖြစ်နေတဲ့သူ မွေးတာက နှစ်ယောက်တောင် မှ နှစ်ယောက်တောင်။ ဒါတောင် အကြီးကောင် ကုန်သည်လုပ်နေတဲ့သူက မွေးတဲ့ သုံးယောက် မပါသေးဘူး။ မွေးတုန်းကပဲ မြင်ဖူးလိုက်တယ် ရန်ကုန်နဲ့ ကျုပ်တို့တောက အလှမ်းကွာသကိုးတော့။ လှည်းတတန် လှေတတန် ကားတတန် ရထားတတန်ကျော့ခါမှ ရန်ကုန်ဆိုတာ မြင်ဖူးရသာ။ ခေါက်ခေါက်ခါခါ ကိုးကျင်းကိုးကျောင်း ချောင်းပေါက်အောင် သွားရအာင်လည်း မဖြစ်သေးဘူးဆိုတော့ ကွာမြဲကွာနေတော့သာရယ်။

ဒီလောက်ဝေးလံတဲ့ အရပ်မှာ နေရှာတဲ့ ကိုယ့်သွေးကိုယ့်သား ကိုယ်မြေးတွေကို ရွာနီးချုပ်စပ်က ရွာစာလေး ရာသီစာလေး ကျွေးချင်တာ။ သူတို့ကလည်း ကဒီးကဒီးမလာနိုင် ကျုပ်တို့ကလည်း စွတ်ကယ်စွတ်ကယ် မသွားနိုင်ဆိုတော့ တခေါက်ဆို ဆိုသလောက် ပေါက်ပေါက်မြည်အောင် သယ်သွားချင်တော့သာ။ ဒါပေသိ ကိုယ်ကသယ်နိုင်တောင် လမ်းက သယ်ချင်ကြတာ မှုတ်ဖူး။ ကားသမားတွေဆိုတာ ခံတောင်းလေး စကောပက်ပက်ကို တွင်းတစ်ခုလောက်အောက်မေ့သာ။ အမယ်ကြီး လေးရာတော့ပေးဗျာ၊ ငါးရာတော့ ပေးဗျာနဲ့ လုပ်သာ။

တောင်သူတွေပါမောင်ရယ် ဈေးရောင်းသွားသာ မဟုတ်ဘူးလို့ သားတွေဆီ သွားသာရယ်ပါ။ မြေးတွေလည်း လွမ်းလို့ပါတော် လို့ ငြီးငြီးငြူငြူလေးပြောမှ နှာလောက်လျှော့တာ။ ကျုပ်အကြောင်းသိတဲ့သူများပါလို့ကတော့ ဒီအမယ်ကြီးက တောသူဌေးတဲ့။ ရန်ကုန်မယ် သားနှစ်ယောက်တောင်ရှိတယ်။ သားတွေပေးတဲ့ ပစ္စည်းတွေ အိမ်မှာမနည်းမနော။ ပေါ့သေးသေးမမှတ်နဲ့ဆို ဘော်လီထဲ လက်နှိုက်ပြီး တောင်းသလောက်ပေးလိုက်သယ်။ မဟုတ်ရင် ကျုပ်သားတွေ ဂုဏ်ငယ်မှာ ပလေ နော့။

ခံတောင်းတွေ ဘာတွေများပါလို့လဲ မေးလို့ကတော့ အားရပါးရ ဖွင့်အပြပဲတော်။ ထန်းသီးကလည်း ကြွေချင်ပါတယ်ဆို ဒီကျီးကိုက ကံခေတယ်လေလို့ မမြင်ပါနဲ့။ ဟော…ဟောဒါက ကျုပ်အခင်းက ကျတဲ့ နှမ်းကို အိမ်မှာ ငညိုနဲ့ကြိတ်ထားတဲ့ ဆုံဆီ၊ မွှေးချက်ကယ် မှန်း တတို့လောက် မြည်းကြည့်စမ်းပ။ မြို့က ဆီတွေလို ဘာဆီညာဆီရောထားတာမျိုး မဟုတ်ဘူး စစ်သမှ စစ် စစ်လို့တောင်မြည်သတော့။

ဒါလေးက မြေပဲစိမ်းတွေတော်။ ကြော်ချင်လည်းကြော် လှော်ချင်လည်းလှော် သဘောရှိကရောဟိ။ ဟော့ဟိုနားက အကိုင်းထဲက ခရမ်းချဉ်သီး။ လတ်လတ်ဆတ်ဆတ် ငပိချက် များ ချက်လိုက်လို့ကတော့ တော် ဘာပြောကောင်းမလဲ။ ခရမ်းချဉ်သီးနားက ခရမ်းသီးတွေပ။ အလုံးကြီးတွေများ လှချက်လေ။ မတင်လေးတို့ လက်ဆောင်ပေးလိုက်တာ။ ရန်ကုန်က မောင်ကြီးတွေ မီးဖုတ်သုတ်စားဖို့တဲ့လေ။ နံနံပင်လေးတောင် ပါလိုက်သေး။

ခံတောင်းလေးမှာ ကျွတ်ကျွတ်အိတ်လေးနဲ့ သပ်သပ်စီချိတ်ထားတာ ရွာတောင်ပိုင်းက မိသန်းတို့ နတ်သြဇာတော့။ ကျုပ်သားတွေ ငယ်တုန်းက ဒီနတ်သြဇာမှ မစားရရင် တက်မတတ် ချက်မတတ်။ အခုတော့ မြေးတွေ အလှည့်ပေါ့။ နောက်တစ်ထုတ်က ရွာထိပ်က ငစိန်တို့ ထန်းတောက ထညက်ခဲ။ ချိုအီမွှေးနေတဲ့ အပြင် ခပ်ရှရှလေးနေသတော့။ သိပ်အများကြီး မပါလို့ ဒါတော့ မြည်းမနေပါနဲ့။ ကျုပ်မြေးတင် ငါးယောက်မို့ အယောက်စိအောင် ပေးဖို့အနိုင်နိုင်ရယ်။ အမယ်ကြီးစကား မယွင်းမှားတဲ့ ယုံသာယုံလိုက် ယုံသာယုံလိုက်ပါဆို။

လက်တစ်ဖက်က ခြင်းထဲလည်း အတင်းဖြဲမကြည့်ပါနဲ့လေ။ ကျုပ်ချွေးမ အချောအလှတွေအတွက် ရှင်မတောင်သနပ်ခါးမွှေး။ သစ်ပုလွေသားတွေ မဟုတ်ဖူး။ အံမယ် အညာသူစစ်စစ် ရှင်မတောင် မစစ်ရင် ဘယ်တော့မှ ပါးပေါ်မတင်ဘူး။ ရှင်မတောင်များ စစ်လို့ကတော့ မက်မက်စက်စက်ကို လိမ်းသာပါ။ အပွေးကိုကြည့် နှစ်ထပ်ပွေး အသားကို ကိုက်ကြည့် အပွေးကုန်တောင် အသားချည့်သွေးလိမ်း နွေခါဆို အေးသပေါ့။ တော်တို့ မိတ်ကပ်တို့ တို့ဖတ်ကြီးတွေ ဖို့မနေနိုင်ပေါင်။ မျက်နှာပူသတော်။ ဘယ့်နှာ ချွေးများပြန်ရင် မျက်နှာကြီးတွေများ ပြာလို့။ ထက်ထက်မိုးဦးလို မလှချင်နေပါစီ ရွှေဘိုသနပ်ခါးလိမ်းပြီး ဝါဝါညက်ညက်ဖြူရင်တော်ဘီ။

ကျုပ်သားကြီးက လိမ္မာချက်။ မွေးရကျိုး နပ်သပေါ့။ သူ့စီးပွားရေးကောင်းရှာတော့ အငယ်ကောင်ကျောင်းထားပေးတာလေ။ အမေ နားနားနေနေ နေတော့တဲ့လေ။ ပြောသာပြောရ ကျုပ်တို့က တောသမ မဟုတ်လား။ ငယ်ကတည်းက ကောက်စိုက်ပျိုးနှုတ်ထင်းခွေရေခပ် ဇယ်ဆက်သလို လုပ်ခဲ့တာဆိုတော့ ထိုင်နေရတဲ့အခိုက်များဆို ဟိုနားက ယားသလိုလို ဒီနားက ယားသလိုလို။ နေနိုင်ပေါင်အေ။ ငါ့လယ် င့ါယာအတွက် ထွန်တချက် ပျိုးတကြဲတော့ ပါရသေးတာပဲပ။

ဟောတော် ရန်ကုန် ရောက်ပြန်ပေါ့…

သားကြီးရေ သားငယ်ရေ မင်းတို့အမေ လာကြိုကြလေ။

အမလေး ဒါက ဘယ်သူ ဘယ်သူ အသားတွေများဖြူချက်ကယ်။ အခုတလော ပြောပြောနေတဲ့ ကိုရီးယားမင်းသား မင်းသမီးဆိုတာလေးတွေလား။ မှန်း…ငါ့သားကြီးတွေ ဝလို့ဖြိုးလို့။

သမီးတို့ဖို့ အမေသယ်လာတဲ့ ရှင်မတောင် သနပ်ခါးတွေ လိမ်းစမ်းပါအေ။ ဦးဆုံးခေါင်းဆုံးလိမ်းပစ်လိုက်အေ။ တောင်းထဲမှာဟေ့ တောင်းထဲမှာ။

အမေကလည်း ဒီအသီးအရွက်တွေ ရန်ကုန်မှာလည်း ရပါတယ်ဆိုဗျာ။ နောက်သယ်မလာပါနဲ့ အခုပဲကြည့် တောင်းပိဘာပိနဲ့ သယ်လာတော့ ညိုးလို့နွမ်းလို့။ ဒီမှာလည်း ဈေးမှာ ဝယ်ရင် ဒီ့ထက်လတ်ပါတယ်။

မင်းမို့ပြောရက်တယ်ကွယ်။ တို့ရွာက အသီးကွယ့် တို့ရွာက အသီးတွေ။ ပိုးသတ်ဆေးတွေ ဘာတွေကင်းတဲ့ မင်းတို့တွေ မွေးတဲ့ ရွာက အသီး။ ကျန်တဲ့အသီးတွေနဲ့ ယှဉ်လို့ ရပါမတဲ့လား။ သူရို့တွေ ဘယ်လိုစိုက်တယ် ဘယ်လိုပျိုးတယ် ကိုယ်မှ မသိပဲ။ ဘေးအန္တရာယ်များပါဘိ။ မင်းတို့ခေတ်ကြီးမှာ ဟိုဆေးဖြန်းလို့ ဆယ့်နှစ်ရာသီသီးရတာတဲ့ ဟိုဆေးသုံးလို့ အသီးတွေ အဆမတန်ကြီးရတာနဲ့။ သဘာဝကိုပြောင်းပြန်လှန်နေလို့ ဟော ရောဂါတမျိုး ဟော ရောဂါတမျိုး အသစ်အဆန်းတွေဖြစ်နေကြတာ မဟုတ်လား။ တို့တောမယ် မင်းရို့လောက် ကရိကထမများပေါင်။ အသက်ကြီးတဲ့သူတောင် ကိုယ့်ခြေကိုယ့်လက်နဲ့ စိုက်တုန်းပျိုးတုန်း ဓါးထမ်းပြီး ထင်းခွေတုန်းပ။

ဆီပုံးထဲက ဆီတွေ လှယ်ယူလိုက်ပါဦးသမီးရေ။ ခံတောင်းထဲမှာ ကလေးတွေ စားဖို့ နတ်သြဇာနဲ့ ထညက်ခဲ။ နတ်သြဇာကို မနက်ဘုရားတင်ဖို့ ဖယ်ပြီး ကျန်တာတွေ လေမသလပ်ခင် ကျွေးလိုက်စမ်းပါအေ။ ငါ့မြေးတွေ အားရပါးရစားကြပါစီ။

ဖယ်..ဖယ် ငါကိုယ်တိုင်လုပ်ပါတော့မယ်။

ရော့ရော့ လာ မြေးကြီးလာ နာမည်က ဘယ်သူ..

အာကာမင်းပါ

အမလေးတော် နာမည်တွေကလည်း မင်းသားနာမည်တွေပါလားဟဲ့

လက်ဖြန့် လက်ဖြန့် ဒါက ရွာမှာ နာမည်ကျော် နတ်သြဇာတဲ့တော်။

ဟင် အဖွားဟာကလည်း ဂျယ်လီလည်း မဟုတ်ဖူး

ဘာ ဘာ နင်ပြောတာဘာတဲ့။

ဒီမုန့်မကြိုက်ရင် ထညက်ခဲကျွေးမယ် အဖွားက။ ဒီထညက်ခဲကလေ…

သားက ချောကလက်ပဲစားချင်တာ…

အဲ့ဒီညနေ တညနေလုံး ကျုပ်လေ နတ်သြဇာ ထညက်ခဲနဲ့ လဲသွားတဲ့ အရာတွေကို စိတ်တွေနာပြီး ထမင်းကို မစားနိုင်တော့တာပါ.

လက်ထဲက နတ်သြဇာတွေလည်း ကျုပ်စိတ်တွေနဲ့ အတူ ကျိုးကြေလို့ပေါ့……………………………………..

နတ်သြဇာဆိုတာ ဘာလဲလို့ မေးသူတွေ ပေါ်လာတာမို့ နတ်သြဇာဆိုတာ ပဲချောင်း၊ပဲထန်းလျက်ချောင်း (အလုံးလေးတွေ လည်း လုပ်တတ်ပါတယ်) ပါခင်ဗျာ
ထန်းလျက်ခဲကိုလည်း အညာလေသံပေါ်လွင်အောင် ထညက်ခဲလို့ စာလုံးပေါင်းထားပါတယ်

29 August 2010

သည်ပန်း သည်စခန်း (၂)


တကယ်တမ်းကျတော့ နှုတ်ခမ်းနီနဲ့တင် မရပ်နိုင်ပြန်။ မိမိနွယ် တစ်ယောက် အလှဆိုတာကို သိမြင်လာသလိုလို။ ကိုယ့်ကိုကိုယ် ပန်းချီဆရာလို့ထင်လိုထင်။ ခြယ်မယ်ဆိုတာချည်း။ ထိုအခါ……

စာရွက်တွေ သွားပေးတိုင်း ဦးကိုကိုက စာရွက်အပြင် မိမိနွယ်ရဲ့ လက်တွေကို စိတ်ဝင်တစားကြည့်တာကို သိလာရပြန်သည်။ အခန်းပြင်ထွက်လာပြီးမှ လက်သည်းနီဆိုးရစကောင်းတယ်လို့ စိတ်ထဲရောက်လာ။ ဦးကိုကို့ အမျိုးသမီး မမသက် လာတဲ့အခါတိုင်း တရှိုက်မက်မက်ကျန်နေခဲ့သော ရေမွှေးနံ့ကို ရှူရှိုက်ရင်း ဘယ်လိုမှ မဝယ်ဖြစ်နိုင်သည့် မိမိနွယ် အဖြစ်ကို အားမလိုအားမရ ဖြစ်ဖြစ်နေတတ်သည်။ အင်းလေ တနေ့နေ့ ပေါ့။ ငှက်တွေက ပျံရင်းနဲ့ သေကြတယ် မဟုတ်လား။

ထိုနှစ် Company Annual Dinner ညကိုတော့ သူဘယ်တော့မှ မမေ့တော့။ ပြင်းထန်မောပန်းစေသော ပြီးတော့လှိုက်မော တွယ်တာရစ်ငင်သော ဦးကိုကို၏ ရင်ခွင်။ စာအုပ်တွေဖတ်ရင်း ဇာတ်ကောင်ရူးတွေ မရူးစမ်းပါနဲ့လို့ ပြောရင်း သူမ တတိယဆိပ်ကမ်း ဆိုတဲ့ ဇာတ်ကောင် မဖြစ်စေရဘူးဆိုပြီး ငြီးငြူမိသည်။ ဦးကိုကို ကိုတော့ မြနန္ဒာတဖြစ်လဲ မမသက်၏ အရိပ်ထက် အေးမြသော မိမိရင်ခွင်နန်းကို ပေးထားချင်မိသည်။ မိမိနွယ် သည် ရန်ကုန်တစ်ဖက်ကမ်းက မိမိနွယ် မဟုတ်တော့။ မောင်ငယ်ကို ကျောင်းထားရန် အိမ်ကို ကျားကန်ပေးရန် ဆိုသော အကြောင်းပြချက်တို့ဖြင့် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတတ်ချင်ပြန်သည်။

အိမ်ပြန်ရခက်သည် အလုပ်များသည်ဆိုကာ ကျောက်မြောင်းဖက်မှာ တိုက်ခန်း တစ်ခန်းငှားနေဖြစ်သည်။ ပြီးတော့ ကွန်ပြူတာ သင်တန်းတက်ရင်း ကောင်လေးများနှင့် တရုံးရုံးဖြစ်နေတတ်ပြန်သည်။ ရုပ်ရှင်ရုံတိုင်းတွင် ဇာတ်ကားပြောင်းတိုင်း အဖော်အသစ်တစ်ယောက်မဟုတ်တစ်ယောက်နဲ့ မကြည့်မဖြစ်သွားကြည့်ဖြစ်မြဲ။ အွန်လိုင်းမှ တစ်ဆင့် မြင်မြင်ရာ ခင်မင်ရာချည်း ဖြစ်နေပြန်သည်။ မိမိနွယ်သည် မိန်းမတစ်ယောက် ပီပီသသဖြစ်တည်နေသည်ဟု ခံယူလျက်က မိမိစိတ်စေရာကို အတိုင်းမသိ ဖြစ်နေသည်။ သူမကိုယ် သူမ ခိုင်နဲ့များတူနေပြီလား လို့လည်း တွေးမိပြန်သည်။ မောင် ဆိုတာ ဘယ်သူဖြစ်နိုင်မလဲဆိုပြန်တော့ ဘယ်သူမှ သူ့ကို ဒီအတိုင်း ခပ်ဝေးဝေးက ကြည့်မနေကြပြန်။ ဒါပဲလေ ယောင်္ကျားတွေ အတွက် သူတို့လိုအပ်တာ ဒါပါပဲ လို့ခပ်တိုးတိုးညည်းမိသည်။ သူမကို သိပ်အညှာလွယ်တာပဲလို့ ပြောတဲ့ ပတ်ဝန်းကျင်ကို ငှက်ပျောသီး အခွံနွာစားရတာကမှ ခက်သေးတယ်လို့ လှောင်ရယ်မိပြန်သည်။

အိမ်ပြန်ရန် ခက်သည်မို့ နွမ်းလျအိမ်အပြန်ရက်များကို ဘယ်တော့မှ မရောက်ချင်။ အငယ်ကောင် ဂျီတီအိုင် တက်ဖို့ ကျောင်းရသည်ဆိုပြန်တော့ ဖူဖူလုံလုံ ပေးလိုက်နိုင်ပြန်သည်။ မနှစ်က အစ်ကိုကြီးဆုံးတော့ တစ်ခေါက်အိမ်ပြန်ရောက်သည်သာ။ အစ်မ အိမ်ထောင်ပြုတော့မယ် ဆိုသည်ကိုတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။ မိန်းမတယောက်ရဲ့ ဘဝပန်းတိုင်ဟာ အိမ်ထောင်တစ်ခု ကျဖို့ သက်သက်ပဲတဲ့။ မဒမ်ဆီဘူဘွားထင်ရဲ့ နှောင်ကြိုးမဲ့ အိမ်ထောင်တစ်ခုကို ပြုစကောင်းတယ်ဆိုတဲ့ အတွေး သူ့ခေါင်းထဲထည့်သွားတာ။ ဘာမဟုတ်တဲ့စာရွက်တွေ ဘွဲ့လက်မှတ်ဆိုတာတွေ အပါအဝင် လူ့ဘဝကို သိပ်ချုပ်နှောင်ကြတာပါပဲ။ သူမအတွက်တော့ လှောင်ချိုင့်မဲ့ ငှက်တစ်ကောင်လို။

နေ့စဉ်လုပ်ကိုင်နေရသော ပုံမှန်အလုပ်တို့က သူမကို လွယ်လွယ် ငြီးငွေ့စေပြန်သည်။ အလုပ်ထဲမှာ သူမကို စောင့်ကြည့်အကဲဖြတ်ဖို့ သူမရဲ့ ပြောင်းလဲမှုများကို လစာမယူပဲ အခမဲ့ မှတ်တမ်းတင်ကြသူတွေ များလာသည်။ အန်တီရီဆိုသော ဂုဏ်သရေရှိ အပျိုကြီး အဆိုးဆုံးဖြစ်မည်ထင်သည်။ သူဌေးနဲ့ သူမပတ်သတ်မှုကို တစိတ်တဒေသမဟုတ်တောင် အပြည့်အဝ သိထားပါလျက် မမသက်လာတိုင်း သူမကို ကော်ဖီသွားချခိုင်းတတ်သည်။ သူမအတွက် မမသက်ကို ရင်ဆိုင်ဖို့ ဘာကိုမှ စိုးရွံ့နေစရာမရှိ။ တူးတူးလက်ထဲက ယောင်္ကျားတစ်ယောက်ကို လုယူသွားတဲ့ ရှယ်လီလို မိန်းကလေးမှ မဟုတ်ပဲ။ တကယ်တမ်း အမျိုးစပ်လို့တောင် ရစကောင်းတယ်လို့ ခပ်ထေ့ထေ့ တွေးရင်း မထီတရီ ပြုံးတတ်စမြဲ။

မိမိနွယ်ရဲ့ လွတ်လပ်ရေးတွေကို ဦးကိုကိုက ငြိုငြင်စပြုလာသောအခါ၊ ပြီးတော့ ဦးကိုကိုတို့ မိတ်ဆွေတွေရဲ့ ညစာစားပွဲတွေမှာ သူ့မိတ်ဆွေယောင်္ကျားအများစုရဲ့ ပရောပရီ အကြည့်တွေကို မခံနိုင်တော့ဘူးလို့ ယူဆလာတဲ့အခါမှာတော့ ဒီအလုပ်ကနေ ကျောခိုင်းဖို့ ဖြစ်လာခဲ့တယ်။ မိမိနွယ် ဘာအလုပ်လုပ်ရမလဲ။ အငယ်ကောင်ကျောင်းမပြီးသေးဘူး။ အစ်မက ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည်ဖြစ်နေပြီ။

မိမိနွယ်ရဲ့ အချိတ်အဆက်တွေကို ရှာကြည့်တယ်။ မဆိုးဖူး ငယ်ငယ်က ဝါသနာပါတဲ့အကျင့်တစ်ခုက အလုပ်တစ်ခုကို ရစေသတဲ့လေ။ ကန်တော်ကြီးနားက ဟိုတယ်တစ်ခုမှာပါပဲ။ လှလှပပလေး ဝတ်ပြီး အလုပ်လုပ်နေရုံ။ ပြီးတော့ နေကုန်နေခမ်း မဟုတ်ပြန်။ ဘယ်လောက်ကောင်းတဲ့ အလုပ်လဲလေ။

အလုပ်လျှောက်တုန်းက ရီစရာတစ်ခု ဖြေခဲ့ရသေးတယ်။ အိမ်ထောင်ရှိသလားတဲ့။ ဟင့်အင်း မရှိဘူးဆိုတော့ ရည်းစားရောတဲ့ ဒါနဲ့ တချက်စူးစူးကြည့်ပြီး အင်း ရှိတယ်ထင်တယ်လို့ ဒါပေမယ့် တယောက်တည်း မဟုတ်ဘူးဆိုပြီး ဖြေခဲ့တာ။ အင်တာဗျူးတဲ့သူက ခပ်နောက်နောက်ပဲထင်ရဲ့ ဒါဆို မင်းချစ်တဲ့သူ မရှိသေးဘူးပေါ့ဆိုတဲ့ မှတ်ချက်ပေးတယ်။ အို ဟုတ်ပါရဲ့..အချစ်ဆိုတာ ဘယ်လိုပါလိမ့်. ဦးကိုကို ကိုချစ်မိတာ မဟုတ်ဘူးဆိုတာတော့ အသေအချာ နားလည်ခဲ့တယ်။ အချစ်အကြောင်း သူမကို သင်ကြားနိုင်သူ မရှိဘူးလို့ တထစ်ချ ယူဆပစ်လိုက်တယ်။

တကယ်က ကိုကိုလို့ သူမခေါ်တတ်တဲ့ ကိုပြည့်စုံနဲ့ မတွေ့ခင် အချိန်ကာလတစ်ခု မရောက်သေးလို့ဆိုတာ သူမှ မသိခဲ့တာလေ…………………

ဆက်ပါဦးမည်..

28 August 2010

သည်ကမ်း သည်သောင်(၁)




အရှေ့တွင် ရေပြင်ကျယ်ရှိသည်။ ရေပြင်ကျယ်ကို ဖြတ်ကျော်ပြီး လျှင် နယ်မြေအသစ်တွေ ရှိနေနှင့်သည်။ ကိုလမ်ဘတ်လို နယ်မြေအသစ်ကို ရှာဖွေတွေ့ရှိသူ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်……………………………

ရန်ကုန်မြို့တစ်ဖက်ကမ်းတွင် မိမိနွယ်ကို မွေးဖွားခဲ့သည်။ လက်တစ်ကမ်း အကွာတွင် ရှိသောရန်ကုန်နှင့် သူမ၏ဇာတိမှာ အတော်ပင်စိမ်းကားလွန်းသည်။ ပို၍စိမ်းကားစေသော အချက်များလည်း သူမတို့မြို့မှာ ခိုင်ခိုင်လုံလုံ ရှိနေပြန်သေးသည်။ မြို့နှင့်ထပ်တူ ထပ်မျှ ခံစားစိမ့်သောငှာ ရန်ကုန်တွင် အလုပ်သွားလုပ်လေသော သူမဖခင်ကို ရန်ကုန်နှင့် သူမတို့မြို့ကြား မြစ်တစ်စင်းက ခေါ်ငင်သွားစေခဲ့ခြင်းပင်။ ထို့အတွက် ဖခင်ကိုပင် မမြင်ဖူးလိုက်သော သူမအောက် မောင်အငယ်က မည်သို့မျှ မခံစားရ ဟု ဆိုနိုင်သည်။

ကျန်ရစ်သူ အိမ်သားငါးယောက်ဖြင့် ဖွဲ့စည်းထားသော အိမ်ထောင်တစ်ခုကို မီးတွင်းထဲမှာ ရုတ်တရက်သေဆုံးသွားသော ဖခင်အတွက် စိတ်ထိခိုက်ရာမှ စိတ်နှင့်ကိုယ် အစိုးမရတော့သော မိခင်မှ ကိုင်တွယ် အုပ်ချုပ်ရန် မစွမ်းသာပြန်။ အစ်ကိုအကြီးဆုံးနှင့် အမ တို့ ကျောင်းထွက်ပြီး ရရာအလုပ်ကို လုပ်ခဲ့ရသည်။ အဖေထားခဲ့တဲ့ အိမ်တိုင်ယိုင်နဲ့နဲ့ ပြိုပျက်မသွားစေဖို့ပဲလေ။

မိမိနွယ် အဝေးသင်တက်သည်။ ကျောင်းမြန်မြန်ပြီးမှ ဖြစ်မည်။ တွင်းနက်နက်နဲ့ ဆန်အိုးခပ်ရ ခက်သည့်အဖြစ်ကို မိမိနွယ် လွတ်ချင် ကျွတ်ချင်လှပြီ။ ငယ်စဉ်က ပင်ပန်းဆင်းရဲခဲ့သမျှအတွက် အစ်ကိုအကြီးဆုံး ကျန်းမာရေးက သိပ်မကောင်းချင်တော့။ သူ့ကိုလည်းနားစေချင် သို့သော် အငယ်ကောင် ဆယ်တန်း အတွက်လည်း ပူပန်ရပြန်သေးသည်။ မိမိနွယ် မြစ်တစ်စင်းလို အရှိန် အဟုန်အပြည့် စီးဆင်းပြီး အိမ်တစ်ခုလုံးကို မြစ်ဝကျွန်းပေါ်လို အဆီအနှစ်တွေ ပုံပေးချင်လှပါသည်။

စိတ်နာသည် စိမ်းကားရက်စက်သည်ဆိုပေမယ့် ရန်ကုန်ဆိုတဲ့ မြေကို ခြေချ ရပေဦးမည်။ အလုပ်ရှာရမည်။ မိမိနွယ် ဘွဲ့တစ်ခု ကိုင်လိုက်နိုင်ပြီ။ ပညာတတ်တစ်ယောက်အနေနှင့် အလုပ်ဆိုတဲ့ အရာထဲကို ခြေစုံပစ် ဝင်သင့်ဝင်ရမည်။

ကျောင်းနေဖက် သိမ့်ကို သူတို့အိမ်က တက္ကသိုလ် ဆရာမလုပ်ဖို့ တစ်အိမ်လုံး တိုက်တွန်းနေကြသည်။ သိမ့်က မိမိနွယ်ကို တိုင်ပင်တွယ်တာသလို ကြည့်နေခဲ့သည်။ မကြည့်နဲ့ သူငယ်ချင်း ငါ့အတွက် အိနြေ္ဒသိက္ခာ အပြည့်နဲ့ ဆရာမတစ်ယောက်အဖြစ် အိမ်က မလိုအပ်ဘူး။ အိမ်ရဲ့ စီးပွားရေးအတွက် ဆန်အိုးထမ်းလာတဲ့ သမီးတစ်ယောက်ဖြစ်မှ ရမယ်။ ခင်မင်မှုတွေ၊ သံယောဇဉ်တွေ ဆိုတာ ဘဝလမ်းစဉ်ထဲမှာ ခဏတဖြုတ်တက်လာတဲ့ ကြော်ငြာဆိုင်းဘုတ်လေးတွေပါပဲ။

အစမ်းခန့်သုံးသောင်းစပေးမည်။ အမြဲတမ်း ဝန်ထမ်းဖြစ်သွားပါက ခံစားခွင့်များနဲ့ အတူ သက်ဆိုင်ရာ အကျိုးအမြတ်ကို အချိုးကျ ခွဲဝေပေးမည် ဆိုသော အလုပ်ကို သူမ စိတ်ဝင်စားသည်။ သူဌေးဆိုသူရဲ့ အရေးပေးမှု အတွက် ဒီအလုပ်ကို သေချာပေါက်ရမည်ဆိုတာကို တွက်ဆနိုင်သည်။

ထို့ကြောင့်လည်း အလုပ်ဆင်းမည်ဆိုပါက နောက်လဆန်းတွင် လာဆင်းနိုင်ပါကြောင်း ဆက်သွယ်လာသောအခါ သူမ သိပ်မအံ့သြဖြစ်ပါ။ သူမ အလာစရိတ် အပြန်စရိတ်ကအစ အင်တာဗျူးသွားဖြေကတည်းက တွက်ချက်ထားနှင့်ပြီးဖြစ်သည်။ မနက်မိုးလင်းရင် အိမ်ကနေ ထမင်းချိုင့်ယူပြီး အလုပ်တက်မည်။ ခြိုးခြံခြိုးခြံ သုံးနိုင်လျှင် အငယ်ကောင့် ကျောင်းစရိတ်ကို ကာမိတော့မည်။ လုပ်ငန်းခွင် ဆင်တူဝတ်စုံ ဝတ်ရမှာမို့ အဝတ်အစားအတွက် ပူစရာ မရှိသော်လည်း ဝတ်စုံနှင့် လိုက်ဖက်မည့် ဖိနပ် ဝယ်ရဦးမည်။ ဒါ့အပြင် ကျောင်းသက်တမ်းတလျှောက် ဆောင်းလာခဲ့သော Dove ခေါက်ထီးက အတော်လေး ဟောင်းလှပြီ။ ဟောင်းလှပြီဆိုသည်မှာ တချို့အရွက်တွေ ထိပ်ဖျားမှာ သာရေးကွင်းနဲ့ ပတ်ချည်ထားရသည်အထိပင်။ ဟူးးးးးးးးးဆိုသော သက်ပြင်းရှည်ကို ချလိုက်မိသည်။ ပုံပြင်ထဲကလို ရွှေဟင်္သာ အိမ်ရှေ့လာနားလည်း အကောင်းသား၊ ဒါမှ မဟုတ် မိုးပေါ်က ကျောက်သံပတ္တမြားတွေ ရွာကျလာလည်း မဆိုးဘူးလို့ တွေးဖြစ်အောင် တွေးလိုက်သေး။

ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး လုပ်ငန်းခွင်ကို ဝင်ခဲ့သည်။ တရုံးလုံးနဲ့ မိတ်ဆက်ပေးအပြီး သူမ ထိုင်ရမည့် နေရာကို မြင်ရသည်။ ရုံးရဲ့ ပစ္စည်းအဝင်အထွက်တွေကို ထိန်းသိမ်းဖို့ ပြီးတော့ သူဌေးရဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ပေးဖို့ တာဝန်။

ပထမ တစ်လသည် လုံးလည် ချာလည်နဲ့ပင် ကုန်ချသွားသည်။ လခထုတ် အပြီး လစာ စာအိတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ ရုံးကအဖွဲ့တွေက လစာထုတ်ရက် ဈေးဝယ်ထွက်ရင်း ဒဂုန်စင်တာထဲက ဂျေဒိုးနတ်ဆိုင်ထိုင်ဖို့ အတင်းခေါ်တာကို မရ ရအောင် ငြင်းလာခဲ့တာ။ အိမ်ကိုရောက်တော့ အစ်ကိုကြီးနဲ့ အစ်မကို ကန်တော့ရင်း အဖေ့ကို သတိရမိပြန်သည်။ အဖေ ပထမဆုံး လစာရပြီး ရန်ကုန်က ပြန်လာတာ ဒီလိုပဲလားဆိုတာကို တွေးနေမိပြန်သည်။ နင်က ရန်ကုန်မှာ သွားလုပ်တာ ပြင်ပြင်ဆင်ဆင်လေး သွားဖို့ ဆိုပြီး မုန့်ဖိုး ပြန်ပေးတာကို အလိုက်သင့်လက်ခံလိုက်မိပြန်သည်။ ငြင်းမယ်လို့ စိတ်ကူးပေမယ့် ဘေးတစ်ခုံကျော်က သဇင့် နှုတ်ခမ်းနီရောင်လေးကို မြင်ယောင်ပြီး ခေါင်းယမ်းဖို့ မေ့နေခဲ့ပါသည်။

ဆက်ပါဦးမည်..

29 September 2009

အိပ်မက် မိုးတိမ်




ဒီနေ့ တိမ်တွေအရမ်းလှတာပါပဲ။ ကျမက တိမ်တွေကို ကြည့်ရတာ သဘောကျပါတယ်။ ပြာလွင်နေတဲ့ မိုးသားပြာပြာအထက်မှာ ဖြုစင်လွင့်မျောနေတဲ့ တိမ်တွေက သိပ်မက်မော ကြည်နူးစရာကောင်းတယ်လေ။ ကျမသိပ်သဘောကျတဲ့ တိမ်တွေကြားမှာ လွင့်မျောနေတုန်း ခဏမှာပဲ….

အသံတစ်ခုသဲ့သဲ့ကြားလိုက်မိတယ်။

သြော်….ဧည့်ခန်း စားပွဲပေါ်က မောင့်လက်ကိုင်ဖုန်းလေးဆီကပါလား..သူရေချိုးခန်းထဲ ၀င်နေတုံးလေ။ ရုံးကများလား ဘာရယ်မဟုတ်ပဲ ဖြတ်ခနဲ ကြည့်လိုက်မိတယ်။ အဲ့ဒီနောက်မှာ ကျမရဲ့ မိုးတိမ်ပြာတွေ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ရတယ်။ မျက်ဝန်းအိမ်က စီးလာတဲ့ အပူမြစ်နှစ်ချောင်းနဲ့ ကျမ လောင်ကျွမ်းနေခဲ့ပြီလေ။ မောင်ရေ…. တိုးဖွဖွ ခေါ်ရင်းက ရင်တွင်းမှာ နင့်နင့်သည်းသည်းနိုင်နေခဲ့ပြီ။ နာကျင်မှု အစုံနဲ့ တုန်တုန်ချိချိ လက်လှမ်းရင်း ဆွဲမိဆွဲရာ ဆွဲလိုက်ပြန်တော့ အတိတ်ကန်လန့်ကာ တစ်ခုဖြစ်နေပြန်သည်ပေါ့……..

နင်ဘယ်မှာ…..အဲ့အသံတစ်ခုက လျှပ်စစ်လှိုင်းထဲက စီးမျောခဲ့ပေမယ့် အခုအချိန်အထိ(ဘယ်သောအခါမှ) မေ့မရခဲ့ဘူး။ ကျမ စာသင်ပြတဲ့နေရာတွေကို သူသိထားတတ်တယ်။ ဒီနေ့ သူဖုံးခေါ်တော့ ကျမ နောက်ထပ် စာသင်ပေးရမယ့် အိမ်တစ်ခုကို ရောက်နေခဲ့ပြီ။ ဒီအိမ်နဲ့ဆို ငါနင့်ကို လိုက်ရှာနေတာ သုံးအိမ်မြောက်ပြီတဲ့။ ကဲ…ဆိုပါဦး ဘာကိစ္စလည်းဆိုတော့ ဘာရယ် မဟုတ်ဘူး မေးစရာ တစ်ခုရှိလို့ပါတဲ့။ နောက်တော့ ထုံးစံအတိုင်း ပြောရင်းဆိုရင်း စကားစတွေ များသည်ထက် များခဲ့သည်ပေါ့။

ပြီးတော့ ကျမရဲ့နားရက် အထူးသဖြင့် အပတ်စဉ် တနင်္ဂနွေတွေနေ့တိုင်းမှာ သူရောက်ရောက်လာ တတ်ပါတယ်။ သူ ဘာအတွက်လဲ။ သူဘာကြောင့်များ ချောင်းဖြစ်အောင် အို….ကျမမှ မြောင်းမဖောက်ခဲ့ပဲနော်။ ရက်သတ္တပတ်ရဲ့ ညနေခင်းတစ်ချို့မှာ မောင်လာနေတတ်တာကကော..

သူငယ်ချင်းတွေကပြောတယ် သူ နင့်ကို စိတ်ဝင်စားနေတယ်တဲ့လေ။ ဟုတ်လို့လားဟယ်လို့ မဖြစ်နိုင်ပါဘူးရယ်လို့ ရယ်သွမ်းသွေး ပြောခဲ့မိသေးတယ်။ တကယ်ဆို ဒီလောက် အိမ်ပေါက်စေ့ ရှာနေရလောက်အောင် နင်ပြောတဲ့ အကြောင်းအရာက အရေးမှ မကြီးခဲ့တာ။ ရိပ်မိတာပေါ့။

ဒါပေမယ့်လေ နောက်တော့လည်း ဗဒင်သီချင်းလိုပါပဲ။ ယိုင်ခဲ့ နွဲ့ခဲ့သည်ပေါ့။ အဲ့သည် အချိန် အဲ့သည်အခါတုန်းက နင်က တပြုံးပြုံးရယ်နဲ့ ငါလိုသမျှ ဖေးမခဲ့နိုင်တယ်။ ငါ့ဖက်ကတော့ ကျေးဇူးတွေတင်..မိုးမမြင်လေမမြင်ဖြစ်ရတာပေါ့။ အထင်ကြီးလေးစားခြင်းတွေကနေ အဲ့ဒီ အချစ်ဆိုတဲ့အရာတွေ ဆောက်တည်ခဲ့မိတယ်။ ငါ ဆောက်ခဲ့မိတာ တစ်ဘဝလုံးစာ အတွက်ပါ။

ကျွီခနဲ မြည်သံနဲ့အတူ ရေချိုးခန်းတံခါးပွင့်လာတော့မှ ကန့်လန့်ကာ ကြားက ထွက်ဖို့ သတိရတယ်။ ကျမပါးပြင်က မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ပေမယ့် မမှီနိုင်တော့ပြီ။

ဟင်….မိုးငယ် ဘာတွေဖြစ်လို့လဲ။ မနက်စောစော ငိုနေတယ်။ အိမ်ကိုလွမ်းလို့လား…။ ရုံးပိတ်ရက်မှာ ပျော်ပျော်ရွှင်ရွှင်နေရမှာ ဘာစိတ်ညစ်စရာ ရှိနေလို့လဲ…။

ဒီမေးခွန်းတွေကို ဖြေဖို့ အားယူရင်း သုတ်လက်စ မျက်ရည်ကြားမှာ ထပ်ကာထပ်ကာ ရွာနေမိတဲ့ မိမိုးငယ်ပါလေ။ မောင်…လို့ တစ်ခွန်းပြောလိုက်…ပြောမထွက်တဲ့ စကားသံတွေနဲ့ လက်ထဲက မောင့်ဖုန်းလေးကို ထိုးပြရင်း SMS ဖတ်ကြည့်ပါလို့ တစ်ဖြည်းဖြည်း တိုးသွားတဲ့လေသံ နဲ့ အင့်ခနဲရှိုက်မိပြန်တယ်။

ထူးဆန်းအံ့သြတဲ့အကြည့်နဲ့ သူ့လက်ကိုင်ဖုန်းကိုသူ ပြန်စိုက်ကြည့်နေရင်းက..သြော်လို့ တစ်ခွန်းညည်းတယ်။ ဟုတ်တယ် မိုးငယ်ကို မောင်ပြောမလို့ပဲ ဒါပေမယ့် မိုးငယ်စိတ်ညစ်နေမှာစိုးလို့ မောင်ပြောမထွက်ခဲ့ဘူး။ မောင်တို့ အလုပ်နဲ့ပတ်သတ်ပြီး သဲသဲဆိုတဲ့ မိန်းကလေးက မောင့်ကို အခုလို SMS တွေ ပို့နေတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းကပဲ။ မောင်က မောင်က မောင့်မှာ လက်ရှိရည်းစားနဲ့ လို့ သူ့ကိုအတန်တန်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူက သူဖက်က ပို့တာတော့ ပို့ပါရစေ။ ဒီဖက်က တုန့်ပြန်စရာမလိုပါဖူးတဲ့။ သူ…မောင့် ဆီက ဘာမှမမျှော်လင့်ပါဘူး သူ့ရဲ့ တစ်ဖတ်သတ် ခံစားချက်ကလေးကို နားလည်ပေးပါတဲ့။

ကျမ မျက်ဝန်းက မျက်ရည်တွေနဲ့ သူ့ရဲ့ မျက်ဝန်းတစ်စုံတို့ ဆုံဖြစ်ကြတယ်။ ပြီးတော့ မိနစ်ပိုင်းလောက် ကျမတို့ ငြိမ်သက်သွားကြတယ်။ ကျမ ဘာပြောရမလဲ။ ဒီနှစ် အောက်တိုဘာလ အကုန်လောက်မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ ကျမတို့ အတွက် ဘာစကားတွေ ပြောသင့်သလဲ။

မိုးငယ်….မောင် မိုးငယ်ကိုပဲ လက်ထပ်ယူမှာပါ။ ပြီးတော့ မောင် သူ့ကို စိတ်မ၀င်စားပါဘူးကွာ။ ဟင့်….အင်း ကျမတိုးတိုးလေး ငြင်းမိတယ် ထင်တယ်။ မောင်…မိုးငယ် မောင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြပါလို့ တောင်းဆိုမိခဲ့တယ်။ မိုးငယ်ရင်ထဲကိုလည်း ဝင်ကြည့်စေချင်တယ်။ မောင့်ရင်ထဲကိုလည်း မိုးငယ် ဝင်ကြည့်ခဲ့ချင်ပါတယ်။

နောက်တော့ ကျမ မောင့်ဆီက သဲသဲဆိုတဲ့ မိန်းကလေးရဲ့ ဆက်သွယ်မှုတွေကို သိလာရပါတယ်။ အဲ့ဒီအတွက် ကျမကျေနပ်ခဲ့သလို ဝမ်းနည်းနာကျင်ခဲ့ရပါတယ်။

လပိုင်းလောက်မပြည့်ခင်မှာတော့ မောင့်ဆီက သဲသဲဆိုတဲ့ အသံတစ်ခုကို စကြားရတယ်။ မောင့်ရဲ့ အိမ်ပြန်ချိန်တွေ နောက်ကျတတ်လာတယ်။ မောင်…..ဆယ်နေဆူကဲပူ သလိုပါပဲ။ တွေးမိတိုင်း နောက်ကျိကျိ တက်လာတဲ့ ဒီဦးနှောက်နဲ့ ဒီနှလုံးသားကို မိုးငယ် ဘယ်သွားထားရမလဲ။ မောင်ပြောတော့ မိုးငယ်ပဲဆို…(ဆိုဖီယာလောရင့်ကြီးဆို ပြီးပြောရအောင် ကျမတို့က လက်မထပ်ရသေးဘူးလေ)။

အိမ်ပြန်ရောက်ရင်လည်း လက်ကိုင်ဖုန်းထဲက သိုးသိုးသဲ့သဲ့ အသံတွေကို မိုးငယ်ကြားရတယ်။ နှုတ်ခမ်းကို ကိုက်ထားမိပေမယ့် ရင်ထဲက ၀ုန်းဒိုင်းကြဲမှုတွေ စကားလုံးတွေ အဖြစ် ပြိုကျလာခဲ့တယ်။ ဘယ်လိုဖြစ်ရတာလဲ မောင်ရယ်….။ ခဏကွာ မောင် သဲသဲရဲ့ အပြောအဆို ချွဲနွဲ့မှုတွေမှာ သာယာမိသွားတယ်။ ဒါပေမယ့် မောင် မိုးငယ်ဖက်မှာ အမြဲရှိနေမယ်။ စဉ်းစားကြည့်ပါဦးမောင်…. ကျမ ဘယ်နှလုံးသားနဲ့ ပြုံးပြုံးလေး နေပေးရမလဲ။

ညတာများတော့ အိပ်မက်ရှည်သတဲ့မောင်။ ကျမသိတာပေါ့ မောင်ရယ်။ နုတယ် နွဲ့တယ် ငယ်တယ် သွက်တယ်လေ။ ကျမကလေ ချစ်တယ်ဆိုတဲ့ စကားလုံးကို နှလုံးသားမှာထားပါတယ်။ နှုတ်ခမ်းဖျားနဲ့ တစ်အားမကြွားတတ်ပါဘူးမောင်။ မောင် ရဲ့စိတ်တွေ သဲသဲဆိုတဲ့ ကမ်းတစ်ဖက် လှမ်းလို့နေခဲ့ပြီဆိုတာ ကျမသိပါတယ်။ လှေနံနှစ်ဖက်နင်းတယ်လို့ ကျမ မဆိုချင်ဘူးမောင်။ ကျွမ်းလုအောင် နာတဲ့အသည်းနဲ့ ကျမ အဲ့ဒီလှေကို ပဲ့မကိုင်ပါရစေနဲ့။

အချစ်ဆိုတဲ့ စကားလုံးကို ရေလဲသုံးနေမှ တကယ်ချစ်တာတဲ့လား။ အရင်တစ်ခါ မောင်ကိုပြောခဲ့ဖူးတဲ့ ကျမရဲ့ ချစ်ခင်မှုက မောင့်ကိုအထင်ကြီးခဲ့တာက မြစ်ဖျားခံတယ်ဆိုတာနဲ့ အချစ်မဟုတ်တော့ဘူးလို့ ဘာလို့ပြောရက်ခဲ့တာလဲမောင်။

မောင့်တွဲခဲ့ဖူးတဲ့ ရည်စားဟောင်းအကြောင်းကို ကြားရတုန်းက ကျမနားလည်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျမအရင်က လူတစ်ယောက်ကို စိတ်ဝင်စားခဲ့ဖူးတယ်ဆိုတာနဲ့ မောင်က ကျမရဲ့ ချစ်ခြင်းတွေကို မယုံကြည်နိုင်တော့ဘူးတဲ့လား။

တစ်ရက်တော့ သဲသဲရဲ့ ဇွတ်အတင်း တောင်းဆိုမှု (ဒါမှ မဟုတ်ရင် မောင်အမည်တပ်ခဲ့တဲ့ လူမှုရေးအရ) မောင်တို့ တွေ့ဆုံကြမယ်တဲ့။ ကျမကိုနှစ်သိမ့်တဲ့ စကားများလား မသိပေမယ့် အသေအချာ မှတ်မိနေတာက သူတို့နှစ်ယောက်ရဲ့ နောက်ဆုံး ဆုံတွေ့ခြင်းပါတဲ့လေ။ ပြီးတော့ ဒီမိန်းကလေးကို ကျမလည်းတွေ့ချင်မိတယ်။ ကျမတွေ့ချင်မိတဲ့အကြောင်းအရင်းက မကြာခင်မှာ လက်ထပ်ပါတော့မယ်လို့ ၀န်ခံထားတဲ့ ချစ်သူရှိတဲ့ ယောင်္ကျားတစ်ယောက်ကို ချဉ်းကပ်နေတဲ့ မိန်းကလေးတစ်ယောက်မို့ မြင်ဖူးချင်မိတယ်။ သူ့ကိုလည်း လေ့လာချင်မိတာပါ။

ကျမချစ်တဲ့ တိမ်တွေ အရိပ်အယောင်မျှ မရှိအောင် မည်းမှောင်နေတဲ့ ကောင်းကင်ပြင်နဲ့အတူ ကျမနဲ့ သူမဆုံတွေ့ဖြစ်ခဲ့တယ်။ ရထားသံတွေကပဲ ဆူညံစေခဲ့သလား ကျမဘာကိုမှ မကြားနိုင်အောင် ဖြစ်ခဲ့မိတယ်။ ကျမလေ သူတို့နှစ်ယောက်တွေ့ဆုံတာကို နောက်ကွယ်ကနေပဲ ငေးနေမိတာပါ။ ပြီးတော့ တိုးတိုးလေး အောက်ကို ငုံ့ပြီးရွတ်မိတယ် မောင့်ကို စိတ်ချ ယုံကြည်ချင်လိုက်တာ။ ဒါပေမယ့် စောင့်နေတဲ့ Taxi stand မှာ မတ်မတ်ရပ် နေတဲ့ မောင့်ရင်ခွင်ထဲ သူမ ခေါင်းတိုးဝင်လိုက်တဲ့အခါ ကျမ ဆောက်တည်ရာမဲ့လာတယ်။ အိုး ကျမမှာ ခံနိုင်ရည် အားမရှိတော့ဘူးလေ။

စိုနေတဲ့ မျက်ဝန်းတစ်စုံနဲ့ အနားကို ချဉ်းကပ်ရင်း ထိန်းချုပ်ထားပါလျက် ရင်ဘတ်ထဲက ပွင့်ထွက်လာတဲ့ အသံနဲ့အတူ မောင့်ကိုယ်ပေါ်က သူမရဲ့ လက်ကို ဖယ်လိုက်မိတယ်။ ကျမ ဖယ်ခွင့်ရှိတယ်မလားဟင် မောင်။ ပြီးတော့ ကျမမေးမိတယ်။ ညီမလေးရယ် အဲ့လောက်ချစ်သလားကွယ်လို့။ ပြာပြာသလဲ ဖြေလို့ထင်ပါရဲ့ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလိုပါပဲ။ ဒီနေ့ နောက်ဆုံးမို့ပါတဲ့။ ဟုတ်သလားမောင်….

နောက်တော့ စကားအခြေအတင်ဖြစ်နေတဲ့ ကျမတို့ နှစ်ယောက်နဲ့ ဝေးရာကို သူမ ထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီဝန်းကျင်မှာ သူမကို ဘယ်လိုမှ ပြန်လည်ရှာမတွေ့ခဲ့တာမို့ပါ။ အဲ့ဒီညနေက ကျမတွေ့လိုက်ရတဲ့မောင်က သူစိမ်းတစ်ယောက်ဖြစ်နေခဲ့ပြီ။ ရက်စက်ပြင်းထန်တဲ့ စကားလုံးတွေနဲ့အတူ မောင့်ရဲ့ အမူအယာတွေတိုင်းက ကျမကို အထပ်ထပ်အခါခါ နာကျင်စေခဲ့တာပါ။

အိမ်ပြန်ရောက်တော့ ပွင့်ပွင့်လင်းလင်းရှိတတ်တဲ့ ကျမက မောင့်ကို မေးမိတယ်။ ဘယ်လိုလဲ မောင်။ အပြင်မှာ ခပ်ချောချော မိန်းကလေးတွေ တွေ့ရင် မောင့်ကို ကျမကိုယ်တိုင် ပြနေကျလေ။ ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းကိုလည်း ကျမမေးနေကျလေ။ ဒါကြောင့်လည်း မောင်က ကျမကိုပြောတတ်တယ် မိုးရယ် မိန်းကလေးမဆန်လိုက်တာကွယ်တဲ့။
ယုံကြည်မှုဆိုတဲ့ စကားလုံးကို ပျောက်ဆုံးစေခဲ့တာ မောင်ကိုယ်တိုင်ပါပဲ။ မောင့်ကို အမှန်အတိုင်းပြောပြဖို့ရယ် ဖြစ်ပျက်ခဲ့သမျှကို လက်ခံပါ့မယ်လို့ကျမပြောခဲ့သလို မောင်ကလည်း တစ်ချို့အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ရှေ့နောက်မညီညွတ်တာတွေ များသည်ထက်များလာတယ်မောင်။ ကျမယုံကြည်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မောင်ပြောတဲ့ တစ်ချို့အကြောင်းအရာတွေက နားထောင်လို့ သိပ်ကောင်းသည်ပဲလေ။ မယုံရဲတော့ဘူးမောင်ရယ်........

ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းမှာတော့ ကျမမှာ ဒဏ်ရာတွေ ပိုစေခဲ့တာပါပဲလေ။ ကျမတို့ သုံးယောက်တွေ့ဆုံ ရင်း ဒီအမယ်ဘုတ်ချည်ခင်ထွေးကို ရှင်းမယ် ကြံမိတယ်။ မောင့်ဆီက ခမ်းနားလှပတဲ့ အဖြေတစ်ခုထွက်လာခဲ့တယ်.. အခုအချိန်မှာ မောင်လက်ထပ်ချင်တဲ့သူက သဲသဲ၊ မောင်လက်ထပ်သင့်တဲ့သူက မိုးငယ်။ တဆိတ် လောဘမကြီးလွန်းဘူးလား မောင်ရယ်။

ကျမတို့ လက်ထပ်မယ့်အရေးကို ဆွေးနွေးခဲ့ကြတုန်းက.. မောင်က တစ်ခုခုမေးခဲ့တယ်။ အဲ့ဒီမေးခွန်းအတွက် နောင်တမရဘူးလားဟင်။ ဘာတဲ့ မောင်တို့ လက်ထပ်ပြီးရင် မိုးငယ်ဖက်က မောင့်ကို ဘာတွေလုပ်ပေးနိုင်မလဲ ဟုတ်လားမောင်။ မောင် မမြင်မသိမရှိအောင်နေခဲ့တာလား။ မိုးငယ်တို့ သူငယ်ချင်းတွေ တစ်အိမ်တည်းစုနေကြတာ လွန်ခဲ့တဲ နှစ်နှစ်တာ ကာလကပါမောင်။ မောင့် အတွက် ချက်ပြုတ်ကျွေးမွေးနေတာတွေ။ စားပွဲပေါ်လက်တင် စားခဲ့တဲ့ မောင်က မသိဘူးတဲ့လားဟင်။ အ၀တ်တွေလျှော် မီးပူတိုက်ထားသမျှကို အဆင်သင့်လက်လျှို ၀တ်တတ်တဲ့ မောင်တစ်ယောက် မေ့တတ်လိုက်တာလွန်ပါရောလား။ သူငယ်ချင်းတွေက ပြောကြတယ်မောင် မိမိုး နင်ဟာလေ အိမ်ထောင်သည်တာဝန်ကို သမီးရည်းစားဘ၀ကတည်းက ယူနေခဲ့ရပြီတဲ့။ မောင့်ကို ပေးတဲ့ သူတို့အမြင်ကို မောင်ကြားရဲတယ်ဆိုရင် မိုးငယ်ပြောပြမယ်။ မောင်ကတော့…မောင်ကတော့ အိမ်ထောင့်တာဝန်ကို မယူပဲ လင်ယောင်္ကျားတစ်ယောက်လို စည်းစိမ်ယူနေခဲ့တဲ့ သူတဲ့မောင်ရဲ့။ ထိုက်တန်တယ်မဟုတ်လားဟင်…..အစောက မောင့်မေးခွန်းကို ကျမက ပြန်မေးရမှာလေ မောင်ရဲ့။ အခုတော့….

လမိုက်ညတစ်ညကိုတော့ ဘယ်တော့မှ မေ့ရမှာ မဟုတ်တော့ပါဘူး။ အဲ့ဒီညက လမသာတဲ့အပြင် ကောင်းကင်ပြင်တစ်ခုလုံး အုံ့ဆိုင်း မှုန်မှိုင်းနေခဲ့တယ်။ တတွတ်တွတ်ပြောနေတဲ့ မောင်တို့ရဲ့ ဆက်သွယ်မှုကို ကျမက အမှတ်မထင် ညဥ့်အတော်နက်ပြီ ညီမလေးရေ လို့ လှမ်းဟန့်လိုက်မိခဲ့တယ်။ အဲ့ဒီနောက် ကျမရလိုက်တဲ့ နာကျင်မှုက အသားပြင်နှစ်ခုပေါ်တင် မဟုတ်ခဲ့ဖူးမောင်။ နှလုံးသားထဲမှာ တဆစ်ဆစ်နာကျင်ခဲ့ရတာပါ။ အချစ်ဝင်ခဲ့သူမို့ အပြစ်မတင်ပါဘူးမောင်ရယ်။ ကိုယ့်ထိုက်နဲ့ကိုယ်ကံမို့ ဒဏ်ရာကို မြိုသိပ်ခဲ့ပါတယ်။

နောက်ဆုံးဆိုတဲ့ အကြိမ်ပေါင်းများစွာနောက်မှာ မောင်တို့ရဲ့ တွေ့ဆုံခြင်းက အကြိမ်ပေါင်းများစွာ။ ဘယ်သူကမှ ဘယ်အရာကို ဖန်တီးတာမဟုတ်ပါပဲ။ ကျမလည်း မှန်တစ်ချပ်လို့ နေတိုင်းကျကွဲနေမိတယ်။ အစိပ်စိပ်အမွှာအမွှာကြားမှာ ရှာဖွေ ကြည့်နေရင်း ကျမကိုယ်တိုင်လည်း ပျောက်ဆုံးနေတတ်ပါတယ်။

ချစ်မိတဲ့ ကျမ အပြစ်ရှိသည်တဲ့လား မောင်

မောင် သာယာနေတဲ့ အဲ့ဒီဝန်းကျင်က ကျမ ဖန်တီးပေးလို့ မရဘူးလားမောင်

သဲသဲရယ် ၀ဲဂယက်တွေကိုမှ ဖန်ဆင်းရက်တယ်

မိုးကောင်ကင်ထဲက မိုးတိမ်ဖြူဖြူလေးတွေက ကျမ အိပ်မက်ပါ။ ဒါပေမယ့် မိုးတွေ တစ်အားရွာခါနီးရင်တော့ မိုးတိမ်တွေပျောက်ကွယ်သွားတတ်ပါတယ်။ အခုလည်း မိုးတွေ မရွာခင် တိမ်ဖြူတစ်စကို လွတ်ထွက်မသွားအောင် ကျမ…..ကျမ ဖက်ထားချင်ပါတယ်……… ကျမအရမ်းနှစ်သက်ခဲ့ဖူးတဲ့ သီချင်းခေါင်းစဉ် လေးအတိုင်း ကျမမြတ်နိုးတွယ်ရစ် သိပ်ချစ်ရပါသော ကျမရဲ့ ရင်ခုန်ဘက်လူမောင်နဲ့အတူ ဒီမိုးတိမ်ဖြူ အိပ်မက်တွေဆီက မနိုးထပါရစေနဲ့လား မောင်ရယ်.....................................
ကျနော့ရဲ့ပေါ့ဆမှုကြောင့် မမသီရိရဲ့ ကဗျာလေးတစ်ခုနဲ့ ခေါင်းစဉ်ခြင်းတိုက်ဆိုင်သွားပါတယ်။ အဲ့ဒီအတွက် မမသီရိကို အနူးအညွှတ်တောင်းပန်အပ်ပါသည်ခင်ဗျာ။ မမသီရိရေးထားတဲ့ ကဗျာလေးနဲ့ ဆက်စပ်ခံစားလို့ရအောင် ကဗျာလေးကို ခွင့်တောင်းပြီးဖော်ပြထားပါတယ်။

ဖမ်းဆုပ်ယူချင်မိပေမဲ့..
အဲဒါက အိပ်မက်တိမ်တွေ….….
ယုယဖူးချင်တာပေါ့
ရူးမတတ်အချစ်တွေနဲ့
နှလုံးလှတဲ့ချစ်သူကို…
မျက်ဝန်းညိုတွေထဲမှိုင်းညို့
ဒဏ်ရာတချို့နဲ့ ကြေကွဲနေ၀မ်းမနည်းပါနဲ့ ချစ်သူရေ….လို့….
သူ့လက်ကလေး ကိုဆုပ်
်သူ့ပုခုံးလေးကိုမှီ..
သူ့ကျောလေးသိုင်းဖက်..
ကော်ဖီတစ်ခွက် အတူသောက်
အာရုဏ်အလင်းတွေပဲရောက်တဲ့ မနက်ခင်းတွေသာ
သူ့ဥယျာဉ်ကမ္ဘာလေးထဲ ဖြစ်စေချင်…
ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို……….….
ခုများတော့လဲ
ရင်တခွင်လုံး ချုံးချုံးချ အလွမ်းတွေနဲ့
တဆစ်ဆစ် နာကျင်ရုံကလွဲ
.......
အော်……ကွယ်……
ဖမ်းဆုပ်ယူချင်မိပေမဲ့.....
အဲဒါက အိပ်မက်မိုးတိမ်တွေ…………။

17 June 2009

နံရံရဲ့ တစ်ဖက်တစ်ချက်

အရင်တုန်းက ပိတောက်နွေဆိုတဲ့ စာပေရပ်ဝန်းတစ်ခုကို မိတ်ဆက်ပေးခဲ့ဖူးတယ်။ အဲ့ဒီစာပေရပ်ဝန်းလေးက မထင်မှတ်ပဲ ရပ်တန့်ပျောက်ကွယ်သွားပါတယ်။ အဲဒီစာပေရပ်ဝန်းမှာ ၀တ္ထုတိုတစ်ပုဒ်နဲ့ ဆောင်းပါးသုံးပုဒ် ကျနော်ရေးခဲ့ဖူးပါတယ်။ စာတွေပျောက်သွားမှာစိုးလို့ ဒီဘလော့မှာ ပြန်တင်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

နံရံဆိုတာ အရာရာကိုပိုင်းခြားပစ်ဖို့တဲ့လား။ တစ်ဖက်တစ်ချက်မှာကိုယ်စီရှိနေတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသလို ခံစားချက်တွေကိုလည်း မမြင်နိုင်စွမ်းတော့။

တစ်ကယ်တမ်းတော့ နံရံရဲ့ တစ်ဖက်တစ်ချက်မှာရပ်နေခွင့်တွေကို သူတို့ကိုယ်တိုင်ကပဲရွေးချယ်ခဲ့တာပါ။ နံရံရဲ့တစ်ခြားဘက်က ဘာတွေရှိနေခဲ့ပြီး ဘာတွေဖြစ်ပျက်ခဲ့ပြီလဲ ဘယ်သူမှမသိ………

ကျောင်းနောက်ဆုံးနှစ် လေ့လာရေးခရီးစဉ်က ဟိုးနယ်အဝေးက စက်ရုံတစ်ခုတဲ့။ နှင်းစက်ညိုနာမည်စာရင်းစာရွက်ကို လက်နဲ့ဖွဖွတို့ ကြည့်မိတယ်။ အင်းဒီခရီးစဉ်ကို လိုက်မှဖြစ်မယ်။ စာတွေ့တွေထက် လက်တွေ့တွေကို သူအမြဲစိတ်ဝင်စားနေကြလေ။ နယ်အဝေးကို အိမ်ကလွှတ်ပါ့မလား။ အင်းရအောင်လိုက်ဖို့ဆုံးဖြတ်ပြီးနေပြီပဲ နောင်ခါလာနောင်ခါဈေးပေါ့။

ပြည့်စုံအောင်……ပါလာတဲ့အထုပ်တွေကို စစ်နေတယ်။ အားလုံးစုံပြီလား။ ခရီးအတူသွားရမယ့် လူစာရင်းကို တစ်ချက်စစ်တယ်။ အားလုံးဆုံပြီပဲ။ ကားသမားကလည်း ညနေ ၅နာရီခွဲပြီမို့ သူ့ခရီးစဉ်ကို စထွက်လိုက်တယ်။ အဲဒီနယ်မြေက အားလုံးအတွက်အစိမ်းသက်သက်။ ဒါပေမယ့် စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့။

ခရီးစဉ်တစ်လျှောက်လုံး သွားရင်းလာရင်း စားရင်းသောက်ရင်း အားလုံးရင်းနှီးသွားစေတယ်။ အင်း ဒါပေမယ့် နှင်းစက်ညိုဆိုတဲ့ကောင်မလေးက တစ်မျိုးပဲ။ အားလုံးနဲ့ကွဲထွက်နေလေရဲ့။

ကားလမ်းခရီးပြီးပြန်တော့ ရေလမ်းခရီးစဉ်။ သောင်ပြင်ကိုဖြတ်ရတော့ မိန်းကလေးတွေရဲ့ အထုတ်တွေကို ယောင်္ကျားလေးတွေက ကူညီသယ်ပေးကြတယ်။ သူ……….နှင်းစက်ညို ဘယ်သူ့ကိုမှမကြည့် ကိုယ့်အထုတ်ကို ရအောင်ဆွဲနေလေရဲ့။ ကျနော်ကူဆွဲပေးရမလားဆိုတော့ ပါးလျတဲ့နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ရင်း ရပါတယ်တဲ့။

စက်ရုံကလာကြိုတဲ့ကားနဲ့ စက်ရုံမြေကိုခြေချလိုက်ရတယ်။ ခြောက်သွေ့ဒေသဖြစ်တာမို့ ပူလောင်မှုကိုစတင်ခံစားနေရပြီ။ ထနောင်းပင်ကြီးတွေကိုလည်း မမြင်ဖူးလို့ အထူးအဆန်းကြည့်နေကြတယ်။ ထနောင်းရွက်သုတ်ဆိုတာ ဒီကမှဟုတ်ပါလေစ။ အားပါးပါး ကြီးကျယ်ခမ်းနားတဲ့စက်ရုံကြီးပါလား။ ၈၀၁နဲ့ ၈၀၂ မှာ ယောင်္ကျားလေး အဆောင် မိန်းကလေးအဆောင်အဖြစ်ခွဲထားပေးတယ်။ အထုတ်တွေကို နေသားတကျ ချအပြီးမှာ စက်ရုံမှူးနဲ့တွေ့ရတယ်။ ခင်ဗျားတို့တွေ လိုအပ်တာကို အားမနာပဲ အကူအညီတောင်းပါဆိုပြီး လာတွေ့သွားတယ်။ မနက်ဖြန်မှ စက်ရုံထဲကို စ၀င်ကြရမယ်လေ။

ရောက်ရောက်ချင်းညမှာပဲ နှင်းစက်ညိုအတွက် အထူးအဆန်းတွေစတင်ခဲ့တယ်။ အဲဒီညက သူအိပ်မက်မက်ခဲ့တယ်။ ဒီအိပ်မက်က ခဏခဏမက်တဲ့အိပ်မက်။ သူ့အနားမှာ မြွေတွေဆော့ကစားနေတယ်ဆိုတဲ့အိပ်မက်။ အိပ်မက်ထဲမှာတော့ သူပျော်ရွှင်စွာ ကစားနေတယ်တဲ့။ အပြင်မှာတော့ သူ့မှာကြောက်လန့်နေခဲ့တာ။ ပြန်အိပ်လို့မရတော့ အဆောင်ရှေ့ဝရန်တာကို ထွက်မိတယ်။ ၈၀၁က ကောင်လေးတွေလည်း မအိပ်ကြသေးဘူးဆိုတဲ့အသိနဲ့ သူမ အထဲပြန်ဝင်လိုက်တယ်။

ပြည့်စုံသတိထားမိလိုက်တယ်။ ချပ်ခနဲ တံခါးကြားက ထွက်လာတဲ့အလင်းရောင်ကြောင့် အမှောင်ကနေ သတိထားမိလိုက်တာပါ။ အရိပ်အရဆိုရင်တော့ သေချာတယ် ဒါ…နှင်းစက်ညို။ တခုခုများလားဆိုတဲ့ အတွေးတွေမဆုံးခင်မှာ အလင်းရောင်ကပျောက်သွားပြန်တယ်။ ဒီကောင်မလေးဟာ ပုစ္ဆာဆန်လွန်းလှတယ်။ ဒါပေမယ့် များများသိပ်မတွေးနိုင်ပဲ ပင်ပန်းမှုအရှိန်နဲ့ အိပ်ပျော်သွားခဲ့ရတယ်။

နောက်နေ့ လာကြိုတဲ့ဖယ်ရီကားနဲ့ အားလုံးလူစုံတက်စုံ စက်ရုံကိုချီတက်ကြတယ်။ ညကအိပ်ရေးပျက်ခဲ့ပေမယ့် တက်ကြွတဲ့စိတ်နဲ့မို့ သိပ်မသိသာခဲ့။ ပထမဆုံး ဂိတ်၁ကနေ၀င်လာပြီးပြီးချင်း ဘယ်ဘက်က စက်ရုံဆေးခန်း ၊ ညာဘက်က Admin ဌာန။ ပထမတစ်ရက်ကတော့ Admin မှာပေါ့။ Admin ရဲ့ အောက်ထပ်မှာ စက်ရုံတစ်ခုလုံးရဲ့ ဆက်သွယ်ရေး တယ်လီဖုံးခုံထိုင်ထားတာတွေ့ရတယ်။ ယောင်္ကျားလေးတွေရဲ့ မျက်လုံးတွေက အဲဒီအခန်းကို စိတ်ဝင်စားနေကြလေရဲ့။ ထမင်းစားဖို့ကို ရုံးကသက်သာထမင်းဆိုင်မှာ စားကြရတယ်။ ကျောင်းသားလေးတွေဆိုပြီး ထမင်းဆိုင်က အဒေါ်ကြီးက ဟင်းဖတ်များများခပ်ထည့်ပေးနေတယ်။ ၀န်ထမ်းတွေကလည်း ထမင်းချိုင့်လေးတွေနဲ့။ ၀န်ထမ်းမိသားစုရဲ့နွေးထွေးတဲ့ဆက်ဆံရေးကို မြင်လိုက်ရတယ်။ ထမင်းဟင်းဝယ်မစားပေမယ့် စားပွဲ တိုင်းအတွက် ဟင်းချိုလေးတွေ ထည့်ပေးနေလေရဲ့။

ညနေအိမ်ပြန်ချိန်မှာတော့ ကိုယ်ရလာတဲ့လေ့လာမှုတွေကို တစ်ယောက်တစ်ပေါက် ပြောရင်း ပြန်တင်ဖို့စာတမ်းတွေကို ပြင်ဆင်နေခဲ့တယ်။ အားလုံးမင်သက်စေတဲ့ ခေါင်းစဉ်တွေကို နှင်းစက်ညိုက တစ်ချက်ချင်း ၀ှက်ဖဲတွေဆွဲထုတ်သလို ထုတ်လာခဲ့တယ်။ အဲဒီညကလည်း သူအိပ်မက်မက်ပြန်တယ်။ သူဘာလုပ်ရမလဲ။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတစ်ခုကို နောင်တနဲ့ ညည်းညူတတ်တဲ့ အထဲမှာ သူကိုယ်တိုင်မပါဝင်တာတော့ အခက်သားလား။

ဒုတိယ တတိယနေ့တွေမှာ စက်ရုံရဲ့ cooker နဲ့ boiler ဌာနများမှာ အပိုင်းလိုက်တာဝန်ယူလိုက်ကြတယ်။ ခင်မင်စရာကောင်းတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ဘ၀လေးတွေဟာနေသားတကျ။ စက်ရုံရှပ်ဒေါင်းဖြစ်တာနဲ့ ဟိုလူဒီလူ ဌာနတစ်ခုနဲ့တစ်ခု ၀ိုင်းဝန်းဖြေရှင်းလိုက်ကြတာ အားကျပျော်ရွှင်စရာကောင်းလှပါတယ်။ ချွေးတွေကျအောင် ပြေးလွှားနေကြပေမယ့် မောတယ်လို့မညည်းညူတတ်ကြ။

လေးရက်မြောက်ကိုတော့ Lab ဌာနက အပျိုကြီးတွေရှိတဲ့နေရာကိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်နေကြတဲ့ အပျိုကြီးတွေက တကယ်ကိုခင်မင်စရာကောင်းလှပါတယ်။ ဒါပေမယ့် နှင်းစက်ညိုက ဘယ်စကားဝိုင်းကိုမှဝင်မလာသလို ဘေးကနေရယ်မောဖို့ကို Lab အခန်းထဲက စမ်းသပ်မှုတွေလောက်တောင် စိတ်မ၀င်စားခဲ့သလို။ ပြည့်စုံအောင်တို့ကတော့ အပျိုကြီးတွေရဲ့ လက်ဖက်သုပ်ကိုတောင် ၀ိုင်းဝန်းစားသောက်နေကြပြီ။

ငါးရက်မြောက်ကတော့ ရေသန့်ဌာနပေါ့။ သူတို့က စက်ရုံပင်မနဲ့ ဝေးတဲ့တခြားတစ်နေရာမှာပါ။ ဧရာဝတီမြစ်နဲ့ကပ်ပြီးဆောက်ထားခဲ့တာလေ။ မြစ်ကြောင်းထဲက သင်္ဘောတွေကို ကြည့်နေရတာ အသစ်အဆန်းတွေလိုပါပဲ။ အားလုံးငေးနေတုန်းမှာ နှင်းစက်ညိုတစ်ယောက် အိပ်မက်ယောင်သလို မြစ်ကမ်းဘက်ကို လျှောက်သွားတာ တွေ့လိုက်ကြတယ်။ မိန်းကလေးအဖော်တွေက လိုက်ခေါ်မှပြန်ပါလာတော့တယ်။ သူ့ဘာသာလည်းဝေခွဲမရဖြစ်တဲ့ ပုံစံမျိုးနဲ့။ ဒါပေမယ့် သူ့ဆီက ဘာဆိုဘာမှ ပြောမလာခဲ့။ မေးခွန်းတို့မေးမယ်ဆိုတော့လည်း သူ့ကိုမေးဖို့ဘယ်သူမှမမေးဝံ့ကြ။

နောက်နေ့ရုံးပိတ်ရက် အားလုံးကို အနီးအနားဒေသန္တရ ဗဟုသုတရအောင် ရုံးက အန်တီငယ်က လိုက်ပို့ပေးမယ်တဲ့။ သူတို့တွေ သွားဖြစ်တာက စက်ရုံမိသားစုဈေးလေးဆီကို။ ဈေးထဲမှာ မနက်စာစားခဲ့ကြတယ်။ အညာမုန့်ဟင်းခါးကလည်း ကောင်းတာပါပဲ။ နောက်တစ်ခုက စက်ရုံဘေး ရွာထိပ်က ကိုးတောင်ပြည့်ဘုရားလေးတစ်ဆူဆီကိုပေါ့။ ဘုရားလေးနားမှာ ရေကန်ငယ်လေးတစ်ခု။ အန်တီငယ်ပြောတာတော့ ဒီဘုရားလေးက အလောင်းစည်သူတည်ခဲ့တာတဲ့။ ကန်လေးကတော့ ဖောင်တော်ဆိုက်တဲ့နေရာတဲ့။ ဘုရားလေးက လရောင်ကို ဌာပနာပြီးတည်ခဲ့တာဆိုပဲ။

ဘုရားထိပ်က ညောင်ပင်အထိ လမ်းလျှောက်လာခဲ့တယ်။ လမ်းနားက သစ်ပင်ကြီးတွေက လေအလာမှာ တရွှီးရွှီးနဲ့မြည်နေကြလေရဲ့။ နှင်းစက်ညို စိတ်မှာတစ်ခုခုခံစားလာရသလိုပဲ။ ဘုရားအရှေ့မုဒ်ဝက ညောင်ပင်ကြီးကိုရောက်တော့ အန်တီငယ်က ဒီညောင်ပင်ကြီးကို ဟိုးဗုဒ္ဓဂါယာ ဘုရားပွင့်တဲ့နေရာကနေယူလာတာတဲ့။

သိပ်ကိုကြီးမားနေပြီဆိုတော့ အချိန်တော်တော်ကြာ ခဲ့ပြီပေါ့။ ဟေ့အားလုံး ဒီမှာကြည့်စမ်း အုတ်ချပ်ကြီးတွေတဲ့….ဘုရားတည်တဲ့ခေတ်က ရှေးဟောင်းအုတ်ချပ်ကြီးတွေလေ။ အိုးသိပ်ကိုကြီးမားကျယ်ပြန့်တဲ့အုပ်ချပ်ကြီးတွေဆိုပြီး အပြေးအလွှားသွား ကိုင်ကြည့်ကြတယ်။ အဲဒီအချိန်မှာ အားလုံးကို ဦးစားပေး ကိုင်ခွင့်ပေးထားပြီးနောက် ပြိုင်တူကိုင်လိုက်မိကြတာက နှင်းစက်ညိုနဲ့ ပြည့်စုံအောင်။ မိုက်ခနဲတစ်ချက်ဖြစ်ပြီး နှင်းစက်ညိုတစ်ယောက် ဘာကိုမှမသိနိုင်ခဲ့တော့။ အုတ်တစ်ချပ်ရယ် နှင်းစက်ညိုရယ် ပြည့်စုံအောင်ရယ်။

နှင်းစက်ညိုသတိရလာတဲ့အချိန်ကျတော့ သူရောက်ရှိနေတာက စက်ရုံမိသားစု ဆေးရုံမှာပေါ့။ ဘေးနားမှာ သူငယ်ချင်းတွေနဲ့။ နှင်းဘာမှမဖြစ်ပါဘူးနော်လို့ မေးလိုက်တဲ့ ပြည့်စုံအောင်ကို စတွေ့လိုက်ရပါတယ်။ အင်းလို့တစ်ချက်ဖြေရင်း အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ သဘာဝလွန်အဖြစ်အပျက်တွေပဲလား။ လက်တွေ့ဆန်တဲ့ နှင်းစက်ညို တစ်ယောက် ယုံကြည်ဖို့ ဆိုတာမလွယ်။ ညအိပ်ရေးပျက်တာတွေများနေလို့ဖြစ်မှာပါလို့ ကိုယ့်ဘာသာကောက်ချက်ချလိုက်တယ်။

ကျန်တဲ့လူတွေသိချင်စိတ်ပြင်းပြနေတဲ့ အဲဒီအဖြစ်အပျက်တွေကို နှင်းစက်ညိုတစ်ယောက် တူးဖော်ဖို့မကြိုးစားချင်။ အားလုံးပြီးဆုံးတဲ့နေ့အထိ မသိချင်ယောင်ဆောင် သွားခဲ့တယ်လေ။

ပြည့်စုံအောင်တစ်ယောက်ကတော့ ဘုရားသမိုင်းကိုရှာဖွေဖို့ကြိုးစားနေလေရဲ့။ သေးငယ်တဲ့ဘုရားတစ်ဆူ မထင်မရှားဆိုတော့ လွယ်တော့မလွယ်။

နံရံရဲ့ တစ်ဖက်တစ်ချက်မှာ ကိုယ်စီရပ်နေကြတဲ့ သူတို့တွေအတွက် ကျနော်တို့တွေကတော့ ပရိသတ်အဖြစ်ကြည့်နေရတော့မှာပါ။ နံရံရဲ့တစ်ဖက်မှာဘာတွေရှိမှာပါလိမ့်……………..

စာဖတ်သူတွေကို လျှို့ဝှက်ခဲ့တာမဟုတ်ပါဘူး။ ဒီလိုကိစ္စရပ်တွေမှာ အမြင်တွေ အယူအဆတွေကွဲလွဲတတ်ကြပါတယ်။ ရှိကောင်းရှိနိုင်သလို ကြုံကောင်းလည်း ကြုံနိုင်ကြမှာပါ။ မေကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို ၀တ္ထုလေးအဖြစ် ဖြည့်စွက်ထားခဲ့တာပါ။ မေကြုံတုန်းကတော့ ရှေးဟောင်းမြို့ငယ်လေးပါ။ မြင်ကွန်းဆိုရင် သိမယ်ထင်ပါတယ်။ အခုလည်း ယုံကြည်သူတွေက မိမိယုံကြည်သလို ဇာတ်လမ်းကို သိမ်းပေးနိုင်သလို။ မယုံကြည့်သူတွေကလည်း မယုံကြည်သလို ဇာတ်လမ်းကို ခံစားနိုင်ပါတယ်။ ဇာတ်လမ်းကို ကျနော်လိုချင်တဲ့ပုံစံမသိမ်းပဲ ဖွင့်ပေးထားခဲ့တာပါ။ စာဖတ်တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။

16 April 2009

အလွမ်းရာသီ

“၀ုန်း….ဗွမ်း အမလေး အပေါ်က ရေနဲ့ပက်တယ်……”

အသံတွေဆူညံနေပြန်တော့ လူကိုလှုပ်နိုးလိုက်သလိုပဲ ဆတ်ခနဲ သတိပြန်ရလာတယ်။ ဒီိလမ်းကို လျှောက်ရပြန်ပြီတဲ့လေ။ အတွေးထဲက အလွမ်းရထားက ဘယ်အထိတောင် မိုင်ထောင်ချီလွင့်နေခဲ့တယ်မသိ။ တကယ်ကိုမသိခဲ့ပါလေ…..

မပီပြင်မှုန်ဝါးနေပေမယ့် အရိပ်တစ်ချို့ကထင်ဟပ်ဆဲမို့ အဖြူအမည်းအနေနဲ့တော့ ပြန်တွေးလို့ရနေဆဲ။ ဟောဒီစစ်ကိုင်းတောင်ရိုးတစ်လျှောက်ကို သင်္ကြန်တွင်းကာလ တက်ဖူးကြရင်ဖြင့် လမ်းဘေးတစ်ဖက်တစ်ချက် နံရံစည်းရိုးတွေထဲက ရေတွေပက်ကြတာကို သိကြမယ်ထင်ပါတယ်။ ဘုန်းကြီးကျောင်းသား အမောင်ငယ်တစ်ယောက်လည်း စစ်ကိုင်းတောင်ရောက်စ နှစ်ကနေ နေခဲ့တဲ့သက်တမ်းတစ်လျှောက် အဲ့ဒီအပျော်ထဲမှာ အသေအချာကိုနစ်ဝင်ခဲ့တာပေါ့။

“ဟဲ့အမောင်ငယ် ကျောင်းဝန်းထဲ တံမြက်စည်းပြောင်အောင်လှည်း ပြီးရင်ရေတွေဖြည့်နော်” ဆိုတဲ့ ဆရာတော် ပြောနေကျ စကားကို မြေ၀ယ်မကျ ဘုရား တင်ပါ့ဘုရားရယ်ထူးရင်း ဒီမြေမှာပဲ ကြီးပြင်းခဲ့ရတယ်။ တကယ်တမ်းတော့ အမောင်ငယ်ဆိုတာ မိဘတွေမျက်ကွယ်ပြုပြီးတဲ့နောက် ဘကြီးဘုန်းကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ရတာမဟုတ်လား။ မိရယ်ဖရယ်မရှိတဲ့နောက်မှာတော့ ဘကြီးဘုန်းဘုရား သည်သာ ကိုးကွယ်အားထားရာ။ ဒီအရပ်သည်လည်း သူ့အတွက် မွေ့လျော်ကြီးပြင်းရာပေါ့။ ဘုရားရိပ်တရားရိပ်အေးရိပ် သည်မြေဇေယျာသာ သူ့အတွက် တွယ်တာစရာဖြစ်ခဲ့သည်ကော။

အမောင်ငယ်အမှတ်မမှားဘူးဆိုရင် အဲဒီနှစ်က မြစ်ပြင်ကျယ်မှာ သောင်တွေထွန်းစ ပြုလာတဲ့နှစ်။ ဧရာဝတီ ဇလာဝိုင်းကို အမောင်ငယ်ငေးမောနေတတ်ပြီလေ။ တွေးတောတတ်စပြုခဲ့ပြီ။ အမောင့်ကို တယောတီးသင်ပေးတဲ့ ဘကြီးတင်မောင်ကြောင့် ရာသီဘွဲ့တွေကြားမှာ လှုပ်ရှားသက်ဝင် ရင်ခုန်နေတတ်ခဲ့ပြီလေ။ နှင်း…ငွေရောင်ဖြူစွ တူစွသံသာလေ..နေခြည်ပုလဲနုတော့ စုကာဖြန်းတော့ လန်းဆန်းစိုပြေ…သြော်..နှင်းပျောက်တဲ့နွေ၊ ၀ဿန်ခါမှီလရာသီ..မှိုင်းတွဲ့သိုင်းဖွဲ့လို့ ဟန်ချီ မင်းလွင်ဆီ မြူခိုးတွေက ဖြိုးဖြိုးပျပျ ရွှေလသည်…ကြိုတင်ကာမာန်တင်းကာပ အသူရာသိကြားမင်းက စစ်ခင်းကာပြိုင်ကြသည်၊ရယ်လို့ ရေရွတ်မြည်တမ်းတတ်နေခဲ့ပြီ။

ဘာရယ်ညာရယ် ရော်ရမ်းလွမ်းတမ်းတရတဲ့ နွေညရဲ့ တစ်ညမှာတော့ ဆွမ်းဦးပုညရှင်စေတီပါးမှာ တစ်ယောက်တည်း ၀တ်ပြုပြီး ညတစ်ညရဲ့ အလှကို ထိုင်ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ “ရွှေမင်းဝံ ထံတော်ပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်း ပြည့်စေသားလို့ မြတ်ဘုရားထံဆုပန် ဆုပန်ချွေ” ဆိုတဲ့ အသံချိုချိုအေးအေး က နားထဲကိုဝင်လာခဲ့မိတော့တယ်။ တောချောက်တောင်ချောက်တယ်ဆိုရအောင်လည်း ဟောဒီမြေက ဘုရားဝတ္တကမြေ။ ဘယ်ချောင် ဘယ်စခန်းဆီက မှန်းဆလို့မရနိုင်လောက်အောင် ပျောက်ဆုံးနေခဲ့သည်လေ။ အဲဒီညက အမောင်ငယ် အိပ်ရာဝင်နောက်ကျခဲ့သည်ပေါ့။

မြတ်လေးပန်းတွေ ငုံဖူးတဲ့ ညအလယ်မှာ မွေးဖွားခဲ့သည်မို့ သူမနာမည်က မြတ်လေးငုံတဲ့။ မြတ်လေးငုံ တို့မိဘတွေက ရှေးရိုးဆန်တဲ့ တောင်သူကြီးမျိုးတွေ။ စည်းကမ်းကြီးသော မိဘများလက်အောက်တွင်ကြီးပြင်းရသည်မို့ မြတ်လေးငုံရဲ့ သင်္ကြန်တွင်းကာလ ဌာနေသည် ဟောဒီစစ်ကိုင်းချောင်က ဖွားလေး ဇရပ်ဖြစ်ခဲ့တာ ရွှေရင်သိမ်းသစ် ၁၆နှစ်မတိုင်ခင်ကတည်းပါ။

အဲသည်ညက ညရဲ့ဖမ်းစားမှုအောက်မှာပဲ မြတ်လေးငုံ အလွမ်းသီချင်းတစ်ပုဒ်ကိုဆိုညည်း မိသည်ကောလေ။ ဒေါ်လေးငယ် သီချင်းတက်လေတိုင်း စီးဝါးလိုက်ပေးရတတ်တဲ့ မြတ်လေးငုံရဲ့ အဆိုကလည်း စီးလွတ်ဝါးလွတ်ပေမယ့် စိတ်ထဲက စီးဝါးကို လိုက်ရင်း ဆိုတတ်ခဲ့လေတယ်။

အကယ်၍မြတ်လေးငုံသာ ဆွမ်းမလောင်းဖြစ်ခဲ့ရင်။ အင်း အဲဒီအတွေးမျိုး တကယ်တော့မတွေးချင်ခဲ့ပါဘူးလေ။ အာရုဏ်တက် တုံးမောင်း ခေါက်သံအပြီးမှာ ဆွမ်းလောင်းဖို့အဆင်သင့်ပြင်ရင်း သံဃာတော်တွေ တန်းစီကြွမယ့်အရပ်ကို မျှော်ကြည့်မိတယ်။

အေးချမ်းတဲ့ မနက်ခင်းအလှကို ဆွမ်းလောင်းလှူတဲ့ကုသိုလ်စိတ်နဲ့ စတင်ခဲ့တဲ့မနက်ပေါ့။
မြန်မာမိန်းကလေးပီပီ ပုဝါကို ကိုယ်မှာပတ်လျှိုရင်း ဆွမ်းဟင်းခွက်တွေ လောင်းဖို့ အားသန်နေတုန်း တောင်ပြန်လေအဝှေ့မှာ မေ့ပုဝါလွင့်ပါလေရော။ လွင့်လေတဲ့ ရင်ခတ်ပုဝါက တိုက်ဆိုင်တယ်ဆိုရလေမလား အမောင်ငယ်ခြေသလုံးကြားကို ပတ်ငြိတွယ်ခဲ့လေတယ်။

အို….ကျွန်မပုဝါလေးလို့ တစ်ချက်လွှတ်ခနဲ ထွက်သွားပြီးတဲ့နောက် မိန်းကလေးငယ်ခမျာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာပါတယ်။ အမောင်ငယ်ခမျာလည်း အားနာနာနဲ့ ခြေထောက်က ပုဝါကို ကမန်းကတန်းငုံ့ဖြေပြီး ရော့ပါခင်ဗျာ လို့ပြန်ပေးဖြစ်ခဲ့တယ်။ မြတ်လေး ကျေးဇူးတင်ပါတယ်လို့ပြောအပြီး ဇရပ်ထဲကိုပဲ ၀င်ခဲ့လိုက်တယ်။ ကြောက်လန့်တာလား ရှက်ရွံ့တာလား မသိတဲ့ စိတ်အစုံနဲ့ပေါ့။ စိတ်လှုပ်ရှားမှုကြောင့်ထင်ပါရဲ့ အမောင်ငယ့်စိတ်မှာ မှတ်ထားလိုက်မိတာက သူမနာမည် မလေးဖြစ်သွားတဲ့အထိလေ။

အချိန်လေးအတော်ကြာတော့မှ ဟိုတစ်ည အသံရှင်ဟာ မလေးပါလားလို့ သိလာရတယ်။ အဆိုအတီးတွေ ၀ါသနာပါကြလေတော့ စည်းနဲ့ဝါးကနေ သစ္စာတိုင်အထိ သီချင်းတွေ တိုင်ပင်ဆွေးနွေးဖြစ်ကြလေတယ်။ အပြင်လောကနဲ့ သိပ်မထိတွေ့ရလေတဲ့ မလေးအတွက် လောကမြေအလှဘွဲ့တွေကို အမောင်ငယ်က ဖွဲ့ဆိုပြခဲ့တာပေါ့။ မလေးသိပ်ရောက်ဖူးချင်တဲ့ မြသိန်းတန်စေတီရဲ့ အလှ။ သီတာခုနှစ်တန်ဆိုတဲ့ လှိုင်းတွေကြားမှာ ကောင်းကင်ပြာနဲ့ ဘုရားဖြူ။ ပြီးတော့ ပန်းချီသိပ်ဆွဲချင်မိတဲ့ ပုထိုးတော်ကြီး။ ပုထိုးတော်ကြီးပေါ်က မျက်စိတဆုံး အံ့သြမကုန်နိုင်တဲ့ သဘာဝရှုခင်းတွေ။ ဟုတ်လေသလားမသိတဲ့ ဘုရားကြီးမပြီးခင် အစောင့်ခြင်္သေ့ရုပ်ကြီးတွေပြီးသွားခဲ့လို့ ပြိုပျက်စီးခဲ့လေတယ်ဆိုတဲ့ စကားတွေကလည်း မလေးအတွက် စိတ်ဝင်စားဖွယ်အတိ။ ကြီးမားလေးလံလှတဲ့ မင်းကွန်းခေါင်းလောင်းကြီးနဲ့ သိပ်ကိုလှပတဲ့ မိုးမိတ်ကုန်းမြေ။ ရွှေကြက်ယက် ရွှေကြက်ကျနဲ့ ဧရာဝတီမြစ်ပြင်ကျယ်ထဲက ငှတ်ခတ်သမားတွေအကြောင်း၊ သစ်သားတိုင်တွေနဲ့ ရှည်လျားခန့်ညားနေတဲ့ ဦးပိန်တံတားနဲ့ မယ်ဇယ်တန်း မရောက်ဖူးလေသမျှ နားသောတနဲ့ ခရီးနှင်ခဲ့ရတာ အမောင်ငယ်ကြောင့်ပါလေ။

နှစ်ဆန်းတစ်ရက်နေ့ ပြီးရင်တော့ မြတ်လေးငုံ မူရင်းအရပ်ကို ပြန်ရတော့မယ်။ ဘယ်တော့မှ မမေ့တော့မယ့် အတက်နေ့ညမှာ ဆိုဖြစ်ခဲ့တဲ့သီချင်းက “နှစ်ကိုယ်တူချစ်သမျှတွေ အလိုတူရှစ်ဆကဲနေ ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ ဒီပါလုံးတစ်မိုးအောက်နှစ်ယောက်အတူနေ “ ဆိုတဲ့သီချင်းဖြစ်နေခဲ့တယ်။ အပေါင်းအဖော်ရယ်လို့ မရှိလေတဲ့ မြတ်လေးငုံဘ၀မှာ အမောင်ငယ်သည် ပိဘီသူငယ်ချင်းတစ်ယောက် မောင်ဘွားတစ်ယောက်နှယ်။

ငယ်ရွယ်သူတွေ မတွေးခဲ့ပေမယ့် တွေးကြောက်လေတဲ့ မြတ်လေးငုံမိဘများကတော့ ကြားရတဲ့ သတင်းအရပ်ရပ်အတွက် မှတ်ချက်တွေ တသီကြီးပေး ဆွေးနွေးချက်တစ်လှေကြီးနဲ့ နောင်နှစ်မှသည် ဘယ်သောခါမှ မြတ်လေးငုံကို ဟောဒီအရပ်ကို ခြေချခွင့်မပေးခဲ့တော့။ အဆိုအတီးဝါသနာပါကြသူခြင်းမို့ အဲဒီအတက်ည ဆိုမိခဲ့တဲ့ နှစ်ကိုယ်တူချစ်သမျှသီချင်းက အသက်ဝင်လှသည်တဲ့လေ။ ပတ်ဝန်းကျင်မြင်ကွင်းကျယ်က ဘောင်ခတ်ခဲ့သည်ကော။

ရုပ်ရှင်ဆန်ဆန် ၀တ္ထုဆန်ဆန် အကြောက်အကန်ငြင်းဆန်ပြီး အိမ်မပြန်ချင်တဲ့ မလေးငုံမဟုတ်ခဲ့သလို။ မလေးကို ဘယ်မှ မခေါ်သွားရဘူးလို့ အပြင်းအထန် တားမြစ်မယ့် အမောင်ငယ်လည်း မဟုတ်ခဲ့။ မလေးကလည်း ဇေယျာမြေကို ပြန်မရောက်ခဲ့သလို အမောင်ငယ်ကလည်း မလေးရှိရာ လိုက်မရှာခဲ့ပါဘူး။

ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်း အမောင်ငယ်တစ်ယောက် မလေးငုံလာမယ့် လမ်းကို မှန်းမျှော်ပြီးစောင့်ခဲ့တယ်။ သံယောဇဉ်ဆိုတဲ့ အမှတ်ကလေးနဲ့ စောင့်ခဲ့တာ ခွဲခွာပြီး အနှစ်လေးဆယ်ပြည့်တဲ့ အထိ တစ်နှစ်မှ ဟောဒီဇေယျာမြေကို မရောက်ဖြစ်တာမရှိခဲ့။

အခုလည်းလေးလေးသွဲ့သွဲ့ ခြေလှမ်းတွေနဲ့ ဇေယျာသောင်ကမ်းကို မှန်းကြည့်နေမိပြန်ပြီ။ မန္တလေး City FM က ဂန္တ၀င်အသံလွင့်အစီအစဉ်က လေထဲကနေလွင့်လာပြန်တယ်။ ခေါင်းကိုဆတ်ခနဲ ဖြစ်စေတဲ့ ဒီအသံ ဒီဟန် “ရွှေမင်းဝံ ထံတော်ပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်း ပြည့်စေသားလို့ မြတ်ဘုရားထံဆုပန် ဆုပန်ချွေ” ဆိုတဲ့သီချင်းသံ။

ဒီအသံနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ အလွမ်းရာသီတွေ ကြာခဲ့ပါပြီလေ……………

22 March 2009

မိုးပျံပူဖောင်း လွှတ်ခြင်း


“မြတ်ဘ၀မှာ ဒုတိယအကြိမ်ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်တွေ ဘယ်လောက်ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်” တဲ့…..

ဒါ သူနောက်ဆုံးကျနော့ဆီ ရေးတဲ့စာထဲမှာပါတဲ့ စကားလှလှလေးပေါ့။ အချစ်ဆိုတဲ့ စကားလုံးကို တစ်စောင်လုံးမှာ သူရေလဲသုံးခဲ့တာ။ ကျနော် တစ်ခွန်းတော့ ပက်ပက်စက်စက် ပြောလိုက်ချင်တယ် အချစ်ဆိုတဲ့ စကားလုံး မင်းနဲ့မတန်ဘူးလို့။ မင်းသိထားတဲ့အချစ်က သိပ်ကို ပူလောင်တဲ့ ရမ္မက်တွေပဲ ရှိတဲ့အချစ်။ ခန္ဓာကိုယ်ချင်းနီးစပ်မှ မင်းထင်တဲ့ အချစ်မဟုတ်ဘူး။ လောကမှာ မင်းမသိသေးတဲ့ မင်းနဲ့မထိုက်တန်သေးတဲ့ အချစ်တွေအများကြီး ရှိနေသေးတယ်လို့။

မောင်...လို့ ကျနော့ကို သူစခေါ်တော့ ကျနော် အံ့သြမိတယ်။ မြတ်.....မင်းတကယ် ဆုံးဖြတ်ပြီးပြီလားဆိုတော့ အင်းလေတဲ့။ မင်းရဲ့ ဇာတ်လမ်းတွေကော ဆိုတော့ မျက်လုံးလေးစင်းပြီး သြော် အပျော်တွေပါမောင်ရယ်တဲ့ မြတ်က မောင့်ကိုပဲ တကယ်မေတ္တာရင်းမှန်ပါ မောင်ကြီးရှင့်ဆိုပြီး တဟင်းဟင်းနဲ့ မင်းသမီးစတိုင်ဖမ်းခဲ့သေးတာကို မှတ်မိသေးတယ်။

မင်းနိုင်ငံခြားကို ထွက်တော့မယ်ဆိုတဲ့ အသံကြားတော့ ဘယ်လိုလဲမြတ်ရယ် မောင်နဲ့ပဲနေမယ်ဆို မြန်မာပြည်ကို သိပ်သိပ်ချစ်တတ်သူပါဆိုတော့။ မောင်မသိပါဘူးမောင်ရယ်… မြတ်သူငယ်ချင်း ဆုလဲ့တို့လေ ဟိုမှာ အဆင်ပြေနေကြတယ် ပြီးတော့ မြတ်ကိုလည်း လှမ်းကြွားတယ်။ ပိုက်ဆံတွေအိမ်ကို သိန်းချီပို့နိုင်ပြီတဲ့ ၀တ်ထားစားထားတွေလည်း Branded တွေ။ မြတ်မခံချင်လွန်းလို့ပါမောင်ရယ်။ တစ်ခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ မိဆုလဲ့တို့လောက်တော့ မြတ်ကအသာလေး ကျောနိုင်တယ်ဆိုတာလေး ပြပြီးရင် ပြန်လာမှာပါတဲ့။ မြတ်ကမောင့်ကို ကျောရရုံကြံတာမဟုတ်ပါဘူး တကယ့်အတည်ပါ ဆိုပြီး ပြန်စနောက်ခဲ့သေးတာကို။

အေးလေ မင်းဘ၀တက်လမ်းအတွက် ကြိုးစားချင်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ မကြိုးစားချင်ခဲ့ဘူး။ စိတ်ထဲမှာတော့ စိတ်မချနိုင်တာအမှန်။ မင်းနဲ့ခွဲရမှာမို့ စိုးထိတ်နေမိတာပါလေ ဆိုပြီး ဖြေရင်း လွတ်သွားတဲ့လက်နှစ်ဖက်ကို လေယာဉ်ကွင်းက အပြန်မှာ ချွေးစို့သည်အထိ ဆုပ်ကိုင်မိတယ်လေ။

သိပ်မကြာခင်မှာပဲ အောင်မြင်လှတဲ့ မြတ်ရဲ့သတင်းတွေက အလုံးအရင်းပေါ့။ အပျော်အပြက်တွေလား အတည်အတန့်တွေလား မသိနိုင်လောက်အောင်ရှုပ်ယှက်ခပ်နေခဲ့သည်ကော။ ဖုံးဆက်တိုင်းပြန်ပြောတတ်တာက ဒီရပ်ဝေးမှာ သူတို့ရဲ့ အကူအညီလိုအပ်တယ်တဲ့။ မြတ်တစ်ယောက်တည်း မဖြစ်နိုင်ဘူးလေ တကယ့်ကိုရိုးရိုးသားသား ခင်ကြတာပါတဲ့။

ရိုးရိုးသားသားခင်မင်တယ်ဆိုတဲ့ သူတွေရဲ့ ရင်ခွင်ထဲမှာ မင်းလိုအပ်တဲ့ အကူအညီဆိုတာ တကယ်ရခဲ့ရဲ့လား မြတ်။ မင်းလိုချင်သမျှ ဖြစ်ထွန်းခဲ့တယ်တဲ့လား မြတ်။ ငိုပြခဲ့ရဲ့လား။ ပျော်ပြခဲ့တယ်လား။ အရင်းကဘာလဲ အမြတ်ကဘာတဲ့လဲ။ သူတို့ဘာလိုချင်လို့ ချဉ်းကပ်တယ်ဆိုတာ မင်းမသိဘူးလို့ မငြင်းဆန်လိုက်ပါနဲ့ မင်းကိုယ်တိုင်က ပေးအပ်ချင်နေတာလို့ မောင်မစွပ်စွဲပါရစေနဲ့။ မြတ်ရေ ပူလောင်တဲ့ ချစ်ခြင်းတွေ ဘာအတွက်လိုအပ်ခဲ့တာလဲ။ တည်ငြိမ်တဲ့ ဘ၀တစ်ခုကို စွန့်လွှတ်ပြီး မင်းဘာအတွက် စတေးနေခဲ့တာလဲ။ မင်းနောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစု မင်းဘ၀အဆင့်အတန်း ဘာကိုမှ ထောက်ထားငဲ့ညှာစရာ မရှိတော့ဘူးတဲ့လား။ ပညာဆိုတဲ့ အသိနဲ့ ချွှန်းအုပ်လို့ မနိုင်လောက်အောင် အကျင့်သိက္ခာမဲ့ခဲ့တယ်လားကွာ။

သူထွက်သွားအပြီး တစ်နှစ်အပြည့်မှာ စာတစ်စောင်နဲ့အတူ သူ့ရဲ့ မျက်ရည်ဆိုတာတွေထည့် ပေးခဲ့တယ်။ သူ့ဘ၀အသစ်မှာပဲ ပျော်ပါရစေတော့တဲ့။ ပြီးတော့
“မြတ်ဘ၀မှာ ဒုတိယအကြိမ်ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်တွေ ဘယ်လောက်ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်”……

အဲဒီနေ့ညနေကစပြီး ညနေတိုင်းမှာ ကျနော်မိုးပျံပူဖောင်းတွေ ၀ယ်ပြီး လွှတ်တင်ခဲ့တယ်။ မိုးပျံပူဖောင်းလေးတွေ ပျံတက်တာကို စောင့်ကြည့်တယ်။ တစ်လုံးပြီး တစ်လုံးတန်းစီပြီးတော့ပေါ့။ အရောင်စုံတွေဖြစ်တတ်ပေမယ့် အဖြူရောင်ဆိုတာ တစ်လုံးမှ မပါခဲ့။ အခုနောက်ပိုင်း ပုံစံအစုံနဲ့ ရတော့ ကျနော်အထူးသဖြင့် ၀ယ်မိတာက အသည်းပုံ မိုးပျံပူဖောင်းလေးတွေပေါ့။

ဒါပေမယ့် သူတို့အောက်ပြန်မကျခင် ကျနော် အိမ်ကို အမြန်ပြန်ခဲ့တယ်။ အိမ်ကို အမြန်ပြန်ခဲ့တယ်……..

ဝန်ခံချက်- စိတ်ကူးယဉ်သက်သက် ဖန်တီးမှုများသာ ဖြစ်ပါသည်ခင်ဗျာ။

05 March 2009

နှောင်ကြိုးရစ်ငင်


ဟင့်အင်း ကျနော်အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် မင်းကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး။ အကယ်၍ကခဲ့တယ် ဆိုရင်လည်း ကြိုးတွေကြောင့်ဆိုတာတော့ မင်းသိထားစေချင်တယ်။ တစ်ဆိတ် အဲဒီကြိုးတွေကို ကျနော်မုန်းတယ်….

မြေနီကုန်းကိုကျော်လာပြီးတဲ့ နောက်ထပ်တစ်မှတ်တိုင်မှာ ကျနော်ဆင်းဖြစ်ခဲ့တယ်။ အကယ်၍ အဲဒီနေ့ကတည်းက ကျောင်းသားရေးရာကို မရောက်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် မထက်မြတ်ကိုအပြင်ထွက်နေတာနဲ့များ ကြုံကြိုက်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ အခါတစ်ရာမက တွေးခဲ့ဖူးတယ်။

ကျောင်းသားရေးရာ အရှေ့မှာထိုင်ရင်း ဖြည့်ရမယ့်စာရွက်ကို အပြန်ပြန်အလှန်လှန် ဖတ်နေမိတာ။ Nom ဆိုတဲ့နေရာမှာ နာမည်ထည့်ရမယ်လို့ထင်တာပါပဲ။ စာလုံးတွေအားလုံးကို လုံးစေ့ပတ်စေ့ နားမှမလည်နိုင်တာနော်။

ဘောပင် ခဏလောက်ငှားပါလားဆိုတဲ့အသံနဲ့ လက်ကမ်းလာတာမြင်မှ မော့ကြည့်လိုက်မိတယ်။ ခပ်ရှရှ အသံနဲ့ မိန်းမတစ်ယောက်ပါလား။ ငှားမယ်မဟုတ်လား ကိုယ်မေ့လာလို့ကွာလို့ အပြောလေးမဆုံးခင် ကူညီတတ်နေကြ ကျနော့လက်ထဲက ဘောပင်ကို သူ့ဘက်ပေးလိုက်ပြီးသားဖြစ်နေပြီ။

ကျနော်တက်ဖြစ်တဲ့ အတန်းက W1 weekend အတန်းပါ။ စနေ တနင်္ဂနွေ ညနေဘက် သုံးနာရီမှ အတန်းစတတ်တယ်လေ။ အတန်းထဲကို မရောက်ခင် စာကြည့်တိုက်ရဲ့ ဘေးကနေအဖြတ် အပေါ်လှေကားကနေ ရိပ်ခနဲ တစ်ချက်တွေ့လိုက်ရတယ်။ လှေကားပေါ်မှာ လူနှစ်ယောက်ထိုင်နေခဲ့တာ။

အတန်းထဲကို ၀င်တော့ ထုံးစံအတိုင်း နောက်ဆုံးခုံမှာပဲ နေရာ ယူမိပြန်ရော။ ဖတ်စာအုပ်တွေ စဝေတော့မှ သတိထားမိတယ်။ မနေ့က အမျိုးသမီး အတန်းရဲ့ ရှေ့ဆုံးညာဘက်ထောင့်မှာပါလား။ သူ့ဘေးမှာ အသားဖြူဖြူ စကားသံခပ်ဝဲ၀ဲနဲ့ အမျိုးသားတစ်ယောက်။ စာအုပ်ရဲ့ စာမျက်နှာတွေကို စစ်ရင်း စောစောက အရာတွေအားလုံး ကျနော့ရှေ့က လွင့်ထွက်သွားခဲ့တယ်။

A အာ b ဗေ c စေ d ဒေ ရွတ်သံတွေကြားမှာ သူမရဲ့ အသံက ထူးခြားနေပြန်ရော။ Bonjour! မင်္ဂလာပါလို့ သူမပြောတဲ့အသံက သိပ်ပီလွန်းပါလား။ သူမဥာဏ်ထက်မြက်တယ်ဆိုတာရယ် ဒီစာတွေကို သင်ထားပြီးသားဆိုတာရယ်ကို တော်တော်လေးကြာမှ သိလိုက်ရတာ သူသိပ်ပြီး ရိုးအလွန်းနေခဲ့ သလားလို့။

သိပ်မကြာတဲ့ အချိန်ပိုင်းတစ်ခုမှာ သူ့ဘေးနားက အရိပ်လေး ပျောက်သွားပြန်တယ်။ ဒီတစ်ခါလည်း နောက်ကျမှ သိရပြန်တာက အဲဒီအသားဖြူဖြူနဲ့လူ သြစတြေးလျမှာ ကျောင်းသွားတက်တယ်ဆိုပဲ။ သူတို့လူကြီးချင်း သဘောတူထားတယ်လို့ အဲဒီလူက ပြောခဲ့ဖူးတယ်ဆိုလား။ သူမကို တစ်ချိန်မှာ ပြန်ပြောတော့ သူမက မငြင်းပဲ သူမရဲ့ ထုံးစံအတိုင်း တဟားဟား အော်ရယ်ခြင်းနဲ့ အဆုံးသတ်ပစ်ခဲ့တာ။ အဲဒီထဲက မင်းရဲ့ လှောင်ရယ်သံတွေကို ကျက်မိသင့်တယ်။

အခုထိမှတ်မိနေတဲ့ နေ့ကတော့ ရှားပိကန်တင်းမှာပေါ့။ အဲဒီနေ့က L’opera က စားဖိုမှူးက ချိစ် တွေရဲ့ အကြောင်းရှင်းပြတဲ့နေ့။ အမျိုးမျိုးသော ချိစ်တွေရဲ့ အကြောင်းကို စိတ်ဝင်တစားနားထောင် ငေးမောနေတုန်း နောက်ကနေ စကားလှမ်းပြောသံသဲ့သဲ့ကြားလိုက်မိတယ်။ မင်းမေးရိုးနောက်က မှဲ့အနီလေးက ချစ်စရာလေးနော်တဲ့။ ကဲ ကျနော့ကို ဘယ်လောက်အထိရှက်ရွံ့သွားစေခဲ့သလဲ။ အားလုံးရှေ့ကို အာရုံစိုက်နေတဲ့အချိန်မှာ သူမကျနော့ကို ကြည့်နေခဲ့တာပါလား။

အခန်းထဲက ကိုကျော်စွာတစ်ယောက် အခန်းရဲ့ဟိုဘက်ဒေါင့်ကို ငေးငေးနေပါတယ်ဆိုပြီး မေးမိတော့ အမောပြေလေ အမောပြေတဲ့။ လားလား အမိပါပဲလား တယ်လည်း ဟုတ်နေတဲ့ အခြေအနေ။ ကိုယ်တိုင်တွေ့လို့ အဲဒီအဖြစ်အပျက်လေးပြန်မေးရင်လည်း မောင်တစ်ယောက်ကို အစ်မတစ်ယောက်က နင်ဘာမှမသိသေးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်ကြည့်နေခဲ့သေးတယ်။

မင်းပုံစံကို မပြင်တော့ဘူးလားဆိုတဲ့ မေးခွန်းကိုမေးမှ ကိုယ်ကိုကိုယ် ပြန်သတိထားမိတယ်။ ကျနော်ဘာများဖြစ်နေခဲ့လို့ပါလိမ့်။ မင်းဘာကြောင့် အင်္ကျီဖြူတွေပဲ ၀တ်နေရတာလဲ။ ပြီးတော့ ကချင်ပုဆိုးလေးတွေပဲ ၀တ်နေရတာလဲ ဆိုမှ သဘောပေါက်တော့တယ်။ ကျနော့ရဲ့ ၀တ်စားဆင်ယင်မှုကို ပြောတာကိုး။ ဟင့်အင်း ကျနော်ဒါမျိုးပဲ ၀တ်တတ်လို့ပါဆိုတော့ နှာခေါင်းကို ရှုံ့ပြီး ပြန်လှည့်ထွက်သွားခဲ့ပြန်ရော။

ဘာဖြစ်လို့ ကျနော့နားကို ရောက်ရောက်နေတာလဲ။ ကျနော့ကို ပြုပြင်ချင်တာလား ?????

မင်းအတွက်ဆိုတဲ့ ပြက္ခဒိန်တစ်ခု။ သာမာန်မဟုတ်တဲ့ ကိုယ်တိုင်လက်နဲ့ လုပ်ထားတဲ့ ပြက္ခဒိန်တစ်ခုဆိုတာ မြင်ယုံနဲ့သိသာစေခဲ့တာ။ ရက်တွေကို လေးထောင့်ပုံ ပလတ်စတစ်လေးနဲ့ ရွှေ့လို့ရအောင် ဘယ်လိုများလုပ်ခဲ့ပါလိမ့်။ အပေါ်ဆုံးက ပုံလေးက ကျနော်တို့ အတန်းရဲ့ အမှတ်တရ ဓါတ်ပုံလေးနဲ့လေ။ ပုံထဲမှာတော့ လက်ပိုက်ပြီး အခန့်သားရပ်နေတဲ့ သူမမျက်နှာနောက်မှာ ဒီပြက္ခဒိန်ရဲ့ လျှို့ဝှက်ချက်တွေ မြင်နေခဲ့မိရင်ကောင်းမှာ။

Écoute(listening) မရတဲ့ ကျနော့ အတွက် တိတ်ခွေတွေနားထောင်ဖို့၊ သူမသိပ်ကြိုက်တဲ့ စာကြည့်တိုက်အပေါ်က ရုပ်ရှင်ပြခန်းလေးထဲမှာ ရုပ်ရှင်ပြရင်ကြည့်ဖို့ အမြဲ တိုက်တွန်းခဲ့တယ်။ လင်းရဲ့ အဲဒီ စာကြည့်တိုက်ကနေ အပေါ်ကိုတက်တဲ့ ဒီလှေကားလေးကို ကိုယ်အရမ်းချစ်တယ်လို့ ဘာဖြစ်လို့ တစ်ဖွဖွပြောခဲ့ပါလိမ့်။

Écouteတင်မကဲပဲ écrit (writing) မှာလဲ စာရေးဖို့ မစွမ်းပြန်ဘူး။ စာရေးဖို့ နေနေသာသာ verd form တွေနဲ့ကို ပတ်ချာလည်နေတော့တာ။ အတိတ်တွေ ပစ္စုပန်တွေအပြင် အထီးတွေ အမတွေကလည်း ပါနေတော့ ဥာဏ်နည်းတဲ့ ကျနော့အတွက် တကယ့်ကို အခက်အခဲ။ သူမ ရှိနေလို့သာပေါ့။ အင်းလေ တကယ်တော့လည်း သူမရဲ့ တည်ရှိမှုကို အသိအမှတ်ပြုသင့်ပါတယ်လေ။

combien de langue parlez vous? (How many languages can you speak?)ဆိုတော့
အဟဲ (Only four) ပါဆိုတော့ ကျနော့မျက်ခုံးတွေအပေါ်ကို ပင့်ကုန်ပါရောလား။ မိန်းမတစ်ယောက်ရဲ့ ဘ၀အတွက် လိုအပ်ချက်တွေက ဘာတွေပါလိမ့်။

ကိုယ့်မှာ သူငယ်ချင်းမရှိဘူးတဲ့ ငယ်ငယ်တည်းကဆိုပဲ။ ဘာလို့များလဲ။ မသိဘူးလေတဲ့ ဆယ်တန်းတုန်းက သူငယ်ချင်းတွေကလည်း အောင်စာရင်းနဲ့အတူ ပျောက်သွားကြတယ်တဲ့။ ဒါဆိုဘေးနားကလူတွေရောဆိုတော့ အပျော်တွေပါ လင်းရာတဲ့။ တတ်လည်းတတ်နိုင်ပါပေတယ်။

သူမပျောက်သွားတဲ့ တစ်ပတ်နှစ်ပတ်မှာ ကျနော့အတွက် ကျောင်းတက်ရက်တွေက ပျင်းရီငြီးငွေ့ဖွယ်ကောင်းနေပြန်ရော။ တစ်ခြားသူတွေရှိနေတတ်ပင်မယ့် စကားနည်းတဲ့ ကျနော့အတွက် မိတ်ဆွေဖြစ်ချင်တဲ့သူက ရှားပြန်ရော။ အမျိုးမျိုးမြင်တတ်သူတွေရဲ့ ကြားမှာ ကျနော်တို့ရဲ့ ရင်းနှီးမှုက အရောင်စုံနေခဲ့ပြီ။ ဒါပေမယ့် ကျနော့အင်္ကျီတွေ အဖြူရောင်ပါပဲ။

ကျောင်းပြန်တက်တဲ့နေ့က ထူးထူးခြားခြား ကျောင်းမှာ Performance ပြတဲ့နေ့လေ။ ကျောင်းကြီးတစ်ခုလုံးကို ကြိုးတွေနဲ့ သိုင်းချည်ထားတာပေါ့။ အခုအချိန်ထိ ဘာအဓိပ္ပါယ်လည်း မသိခဲ့။ ကျနော် သိလိုက်တာကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး သူမ မျက်ရည်ကျနေခဲ့တာကိုပါပဲ။ တကယ်ပြောတာ အမြဲမာရေကျောရေ နိုင်လှတဲ့ လူတစ်ယောက် မျက်ရည်ကျတယ်ဆိုတာ မယုံနိုင်အောင်လောက်အောင်လေ။ တစ်ချို့လူတွေက အထဲကနူးညံ့မှုကို မမြင်လွယ်အောင် အပြင်ဘက်မှာ မာကျောခက်ထန်တတ်ကြသတဲ့။ သူတို့ရဲ့ ကြောက်ရွံ့မှုက သူတို့ကြောက်တတ်တာကို လူတွေသိမှာစိုးလို့ သတ္တိကောင်းဖို့ကြိုးစားရင်း သတ္တိကောင်းသူများအဖြစ် ထင်မြင်လာစေသတဲ့။ သူမလည်း အဲလိုမျိုးများလား။

ငိုစရာရှိခဲ့သလို ပျော်စရာတွေလည်း ရှိခဲ့ဖူးပါတယ်။ ကျနော်တို့ လှည်းတန်းက အပြန် ကျောင်းရှေ့ကို တက္ကစီငှားပြီးပြန်ခဲ့တဲ့နေ့ပေါ့။ ကျနော်တို့ကျောင်းနာမည်လည်း ပြောလိုက်ရော မင်းတို့အဲဒီကျောင်းကလားတဲ့။ အဲဒီကို ငှားစီးတဲ့လူတွေရော သူတို့အချင်းချင်းကော မျက်စေ့ မျက်စေ့ဆိုပြီး ပြောတတ်ကြတယ်နော်လို့ ပြောတော့ ကျနော်တို့နှစ်ယောက် ကားဆရာကိုလည်း အားနာ ရီကလည်းရီချင် မနည်းအောင့်အီးပြီး ကားပေါ်က အပြေးဆင်း ကျောင်းက လုံခြုံရေးဂိတ်ရှေ့မှာ တဟားဟားနဲ့ အော်ရယ်ခဲ့ကြဖူးသေးတယ်လေ။ တကယ်တော့ အဲဒီနေ့ရက်တွေက ရွှေရောင်နေ့ရက်တွေပါ နေ……။

နေ တကယ်တော့ ကျနော့ရဲ့ စာမျက်နှာအတော်များများကို နေ,ဖတ်ခွင့်ရခဲ့တာပါ။ အကုန်လုံးမဖတ်ပဲ ကျော်ဖတ်သွားတာရှိနိုင်သလို၊ ဖတ်ပြီးပင်မယ့် မသိချင်ယောင်ဆောင်ခွင့်လည်း ရှိပါတယ်။ စာမျက်နှာတွေကတော့ ဒီနေ့အထိ တစ်ရွက်မှ မဆုတ်မပြဲ တည်ရှိနေဆဲပါ။

ရင်းနှီးခင်မင်ခြင်းမှသည် ကျနော့အတွက် နေဆိုတဲ့ မှတ်တိုင်တစ်ခုက ပြတ်ပြတ်ထင်ထင်ရှိလာပြီဆိုခါမှ နေရယ်။ ဟိုတစ်ခါ တစ်ပတ်နှစ်ပတ်ပျောက်သွားတုန်းက သွားဖြေခဲ့တဲ့ ဂျပန်နိုင်ငံက စကောလားရှစ်နဲ့ ဟိုမှာ နှစ်ပေါင်းများစွာ သွားရတော့မယ်ဆိုတဲ့ သတင်းနဲ့ ကျနော့ကို လှုပ်နိုးခဲ့တယ်။ နောက်တစ်ပတ်ကစပြီး ဂျပန်စာသင်တန်းမှာပဲ အချိန်ပြည့်ရှိမယ်ဆိုပြီး အနားက ပြန်ထွက်သွားပြန်ရော။

လင်းရယ် သံယောဇဉ်ဆိုတာ မရှိသင့်ဘူးတဲ့။ တကယ်တမ်း ဒီလိုမျိုးမဖြစ်သင့်ဘူးမဟုတ်လားဟင်တဲ့။ တို့နှစ်ယောက်ရဲ့ သူငယ်ချင်းအဖြစ်ကို ဒီလိုမျိုး ခွဲရမယ်လို့ မထင်ထားချင်ဘူး။ မဟုတ်ဘူး တကယ်တော့ အဲဒါတွေကို ကိုယ်ကြိုသိပါတယ်။ ဒါပေမယ့် လင်းရယ်..ကိုယ်လင်းကို ဒုက္ခပေးမိပြီထင်ပါရဲ့ လို့ မငိုပဲ မရွှင်တဲ့ မျက်နှာနဲ့ ပြောခဲ့ဖူးတယ်။

ဒါပေမယ့် ကျနော် ပြန်ပြောမိခဲ့တဲ့ စကားက

ဟင့်အင်း ကျနော်အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် မင်းကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး။ အကယ်၍ကခဲ့တယ် ဆိုရင်လည်း ကြိုးတွေကြောင့်ဆိုတာတော့ မင်းသိထားစေချင်တယ်။ တစ်ဆိတ် အဲဒီကြိုးတွေကို ကျနော်မုန်းတယ်….

တောက် တစ်ချက်ခေါက်ပြီးတဲ့နောက် နေဆိုတဲ့ မိန်းမတစ်ယောက် ကျနော့အနားက ထာဝရပျောက်ဆုံးသွားခဲ့ပါတယ်။

တကယ်တမ်း သံယောဇဉ်ဆိုတာ နဲ့ ကျနော်တို့ ရပ်တန့်နေမှာတဲ့လား။ ပြီးတော့ ကျနော်က သူ့ကို ယုံကြည်နိုင်ပါ့မလား။ သူမရဲ့ အပျော်အပျက်တွေကြားမှာ ကျနော့ကို ဘယ်နေရာမှာ ထားမှာတဲ့လဲ။ ကျနော်ကကော သူမ ပေးတဲ့ နေရာတစ်ခုမှာ ကျေနပ်ပျော်ရွှင်နေမှာတဲ့လား။ မဖြစ်နိုင်ဘူးထင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် အတ္တတွေ လောဘတွေ မာနတွေနဲ့ ရှင်သန်နေတတ်ကြတာလေ။

အဲဒီညနေ က ကျနော့ ဒိုင်ယာရီထဲမှာ စာတစ်ချို့ ချရေးဖြစ်ပါတယ်။

နှောင်ကြိုးရစ်ငင်
ချစ်ကြင်ချင်လည်း
ခင်သူ မ၀ံ့
မဆင်ရဲ

ပြီးတော့ အောက်ဆုံးနားမှာကပ်ပြီး

au revoir

နောက်နေ့မှာလည်း အင်္ကျီအဖြူရောင်လေးဝတ်ပြီး ကျနော်ကျောင်းတက်ခဲ့ပါသည်။ အတန်းထဲမှ လူများထူးဆန်းသလို အကြည့်ကိုလည်း ကျနော် သတိထားမိပါသည်။

ထိုနေ့မှစ၍ ကျောင်းတွင် ချည်ထားခဲ့သောကြိုးများ လုံးဝမရှိတော့ပါ။ ကျနော်သိပ်ကြိုက်သွားမိတဲ့ သီချင်းလေးက Celine Dion ရဲ့ je t’aime encore ဆိုတာပါပဲ။


ရှေ့ဆက်ရန်မရှိတော့ပါ

17 January 2009

တောင်ပံနှစ်ဖက်ရဲ့ ပျံသန်းခြင်း

အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ။ ပေးဆပ်ခြင်း ရယူခြင်း အိုး ပြောမကုန်နိုင်တဲ့ ဖွဲ့ဆိုခြင်းတွေအောက်မှာ အချစ်ဆိုတဲ့အရာကိုယ်တိုင်ကော သူ့ကိုယ်သူ သိရှိနိုင်ရဲ့လား။

ငြိမ်း

ငြိမ်းရဲ့ ဘ၀မှာ အလိုအပ်ဆုံးအရာဟာ ဘ၀အတွက်အောင်မြင်မှုတစ်ခုလို့ ငြိမ်းယူဆခဲ့တယ်။ တစ်ချို့အရာတွေအတွက် ငြိမ်းမှားကောင်းမှားလိမ့်မယ်။ ထိုက်တန်တဲ့အကျိုးအပြစ်တွေ ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ငြိမ်းပျော်ပါတယ်……………

မင်းညို

ကျနော့အတွက်တော့ တစ်ဘ၀လုံးစာ သူ့ကိုချစ်ခဲ့တာ။ သူလိုအပ်မယ်ထင်တဲ့ အရာတွေ အားလုံးအတွက် ကျနော်ကြိုးစားခဲ့တာ။ တကယ်တမ်းကျနော် သတိလွတ်သွားမိတာက သူလိုအပ်နေတဲ့ အချိန်မှာ သူ့ဘေးနား ကျနော်ရှိမနေခဲ့တာပါ………

တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံတွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။ စုံခတ်ပြီဆိုရင်ဖြင့် ဆုံနိုင်ခွင့်တွေနည်းခဲ့ပြီဆိုတာ သိပ်သေချာနေပြီလေ။

ဒီပတ်ဝန်းကျင်မှာ ငြိမ်းနဲ့မင်းညိုဆိုရင် မသိသူမရှိသလောက်ပါပဲ။ သီရေတာတွေ တစ်လျှောက် ပေါက်နေတဲ့ မြက်ပင်လေးတွေကိုတောင် မေးကြည့်လို့ရနိုင်ကောင်းတယ်။ သစ်ပင်တွေအားလုံးက ပြုံးကြည့်နေကြရတဲ့ ဒီနှစ်ယောက်ကို တစ်ကျောင်းလုံးကလည်း သိနိုင်ပါတယ်။ သိပ်ချစ်ကြတယ်လို့ အများကသတ်မှတ်ကြတယ်ဆိုတဲ့ သီချင်းက သူတို့အတွက်များလေလား။

နောက်ဆုံးနှစ်ပြီးပြီဆိုတော့ ဘ၀ဆိုတဲ့ ဇာတ်ခုံမှာ အလျင်းသင့်သလို ၀င်ရပြီပေါ့။ ဇာတ်ဆရာရယ်မင်းအလိုကျ ဖြူဖြူကျော်သိန်းဆိုသလို တောင်ပံနှစ်ဖက်နဲ့ပေါ့။

နှစ်ယောက်တစ်ဘ၀တည်ဆောက်ဖို့အတွက် မင်းညိုဆိုတဲ့ ကောင်လေးတစ်ယောက် ဟိုးအဝေးမှာ စီးပွားရှာထွက်ခဲ့တယ်။ ငြိမ်းဘ၀ကို လှပစွာတည်ဆောက်ပေးချင်တယ်တဲ့လေ။ ဝေးလံတဲ့အရပ်ဒေသမှာ မိဘအတွက် ငြိမ်းအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရာအားလုံးကို မင်းညိုကျော်ဖြတ်ခဲ့တယ်။ ငြိမ်းရယ် ပင်ပန်းတယ်ဆိုပေမယ့် ရှေ့ရေးဆိုတဲ့ အိပ်မက်နဲ့ ကိုယ်အရာရာကို ကျော်ဖြတ်နိုင်ခဲ့တယ်တဲ့လေ။ ရပ်ဝေးဒေသရဲ့ အခက်အခဲကြမ်းတမ်းမှုတွေအားလုံးကို ခါးစည်းကြိတ်မှိတ်လို့လေ။

ငြိမ်းဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးအတွက် နောက်ထပ် ပညာတွေဆက်သင်ကြားခွင့်ရလိုက်တယ်တဲ့လေ။ ဖြစ်နိုင်ရင် မင်းညိုဆိုတဲ့ ကောင်လေးနဲ့ တစ်နေရာထဲမှာ နေချင်လိုက်တာလို့ တဖွဖွပြောနေပင်မယ့် တစ်ချို့အရာတွေက ရွေးချယ်ခွင့်မရှိဘူးလေ။

ဘ၀ဆိုတဲ့အရာကို အလျားလိုက်ဖြတ်သန်းသင့်သလား ဒေါင်လိုက်ဖြတ်သန်းသင့်သလား ဘယ်လိုသိနိုင်မလဲ။ ကြုံရာကျရာ ပေါ့။ ငိုဆိုငို ရယ်ဆိုရယ်….

ကျောင်းတက်ရပြီဆိုတော့ ကျောင်းရဲ့ ဗာဟီရတွေနဲ့ ရှုပ်ယှက်ခက်နေခဲ့ပြီပေါ့။ စာမေးပွဲ အကြီးအငယ်တွေနဲ့ အနားနားမှာ ပတ်ချာလည် လို့။ ရွာစားတစ်ယောက်လို ဗုံတွေပတ်လည်ဝိုင်းနေတဲ့ ပုံစံမျိုးပါ။ ဘယ်အပိုင်းကို စတီးရမှာပါလိမ့်။ နေရာဒေသ အကျွမ်းဝင်ဖို့ ဘာသာစကား အခက်အခဲ ကျောင်းစာတွေရဲ့ နက်နဲမှု။ ငြိမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် တကယ့်ကို စွန့်စားခန်းကြီးလို။

တကယ်တမ်း ဒီခြေလှမ်းကို လှမ်းတော့ သမရိုးကျခြေလှမ်းလေးလို့ပဲ အများကသတ်မှတ်ကြတာ။ လိုအပ်လို့လဲ လှမ်းခဲ့တာပါလေ။ မလှမ်းလို့မဖြစ်တဲ့ အခြေအနေမို့ပါ။ နောက်တော့ ကိုယ်လှမ်းမိတဲ့ ခြေလှမ်းတွေ နောက်က ခြေရာတွေကို ပြန်မကောက်ခဲ့မိဘူး။ ခြေထောက်မှာ ဗွက်တွေစင်မှ သတိထားမိတယ်။ ရွှံ့ဗွက်ထဲကို လျှောက်နေမိပါပကောလား။ နောက်ပြန်လှည့်မယ်ဆိုတော့ အလယ်တည့်တည့်ရောက် နေမိပြန်တယ်။

မင်းညိုကြားနေရတယ်။ ငြိမ်းရယ် ခြေလှမ်းတွေ ပျက်နေသတဲ့။ ရင်တွေ ဆယ်နေလိုပူပင်မယ့် ငြိမ်းကို ယုံကြည်တယ် စိတ်ချတယ်လို့ ပြောရင်း အားတင်းမိတယ်။ တစ်ယောက်နဲ့တစ်ယောက် တည်ဆောက်လာကြတဲ့ နားလည်မှုဆိုတာ ကာလတိုမျိုးမှမဟုတ်ခဲ့တာ။

ငြိမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်ရမလဲ။ ပတ်ဝန်းကျင်က စကားတင်းဆိုကြတယ်။ ဘေးနားက မေးငေါ့ကြတယ်။ မိန်းမငယ်တစ်ယောက်အတွက် အထူးသဖြင့် သူ့ဘ၀ကို အဝေးကနေကြည့်ပြီး ဝေဖန်မယ့်လူတွေအတွက် ဘယ်လိုဖြေရှင်းရမလဲ။ ကိုယ့်ဝမ်းနာကိုယ်သာသိတယ်မဟုတ်ပါလား။ မင်းညိုရေ ငြိမ်း…စိတ်ညစ်နေပြီ…

ငြိမ်း ဒီစာကိုရေးဖို့ ချီတုံချတုံ ဖြစ်နေရတယ်။ စာရွက်ကို ဖြန့်လိုက် ဖောင်တိန်ကို ရမ်းလိုက်နဲ့ တမနက်ခင်းလုံးကုန်နေခဲ့ပြီ။ စာရွက်ကိုင်လိုက်တိုင်း သိသာစေတဲ့ လက်နှစ်ဖက်ရဲ့ တုန်ခါမှုအောက်မှာ နှလုံးသားလည်း ဆတ်ဆတ်ခါနေခဲ့တာပါ။

သို့/

မင်းညို

ဒီစာကိုလွယ်လင့်တကူရေးထွက်ရက်တယ်လို့ အပြစ်မဆိုပါနဲ့နော်။ ဒီကသတင်းတွေကို နင်လည်းကြားမှာပါ။ ငါမငြင်းရဲသလို ဖြေရှင်းချက်လည်း မပေးပါရစေနဲ့တော့။ ဖြစ်နိုင်ရင် ငါ့ကို နင့်ဘ၀ထဲက ထွက်ခွင့်ပေးလိုက်ပါတော့။

ငြိမ်း


ဒီစာကိုဖတ်ရမယ်လို့ မျှော်လင့်ထားခဲ့ပြီးသားပါ။ တစ်နေ့နေ့တော့ ဒီလိုဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ပေါ့။ ငြိမ်း….ငါနင့်ကို အပြစ်မတင်ရက်ပါဘူး။ အရာအားလုံးကို ငါလက်ခံလိုက်ပါပြီ။ လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာကိုး။



တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံတွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။ စုံခတ်ပြီဆိုရင်ဖြင့် ဆုံနိုင်ခွင့်တွေနည်းခဲ့ပြီဆိုတာ သိပ်သေချာနေပြီလေ။


ဒီဇာတ်လမ်းလေးက ပုံမှန်ဇာတ်လမ်းလေးပါ။ အပြင်မှာတကယ်ဖြစ်ပျက်မှုအများဆုံးပေါ့။ ကာယကံရှင်တွေကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား ဆိုတာ ကန့်လန့်ကာနောက်ကွယ်ကနေမှသာ သိမြင်နိုင်တာပါ။ တစ်ဖက်တည်းကြည့်ပြီး အမှားအမှန်ကို မဆုံးဖြတ်ကြစေချင်ဘူး။ တကယ့်ကို နားလည်မှုကြီးစွာနဲ့ ပွင့်လင်းရိုးသားစွာ ဆွေးနွေးခဲ့ရင်ကော။ ခတ်နေတဲ့ တောင်ပံတွေ ဆုံနိုင်ခွင့် ရှိပါစေလို့သာ ဆန္ဒပြုနေမိတော့တာ…..

25 August 2008

မြင်ကွင်းများ….


ဟောဒီတံတားကြီး မရှိခင်တုန်းက ဟောဒီတံတားကြီး မရှိခင်တုန်းကပါ။ ကျနော်တို့ရဲ့အဓိက သယ်ယူပို့ဆောင်ရေးက စက်လှေကြီးတွေပေါ့။ စက်လှေကြီးတွေစီးရတာ ရေစုန်မှာဆိုတော်သေးတယ် ရေဆန်ဆိုရင်တော့ တမေ့တမော ကြာမှကြာ။ အဲဒီတော့………..

ကမ်းနားကိုရောက်ဖို့ အတော်လျှောက်ရတယ်။ စက်လှေဘယ်တော့ထွက်မလဲဆိုတော့ မကြာခင်ထွက်တော့မယ်တဲ့။ ဒါနဲ့တက်လိုက်တယ်။ ကုန်းဘောင်သေးသေးလေးကိုတော့ လှုပ်လီလှုပ်လဲ့နေအောင် တက်ရင်း ကြိုးတံတားဆိုတာကို စဉ်းစားနေမိသေးတယ်။ အပေါ်ကလည်းနေပူမှာဆိုတော့ အောက်ထပ်ပဲ ၀င်သွားမိတယ်။ စက်လှေထဲဝင်ဝင်ချင်း အမှောင်ကို အလင်းကလာတဲ့သူမို့ လှေကားဆင်းစမှာ ခဏရပ်လိုက်ရသေးတယ်။ နောင်ကြီးရလားဗျတဲ့ ခေါင်းတိုက်မယ်သတိထားတဲ့ အနားကကလေးတစ်ယောက်က မေးတယ်။ အညာသားဆိုတာ အဲလိုမျိုး ကူညီဖို့အဆင့်သင့်။

အေးသွားတဲ့ လှေဝမ်းအောက်မှာ ပြတင်းပေါက်ကိုရွေးမိတယ်။ အရှေ့နားမှာ အဒေါ်ကြီးတွေ။ အနောက်ဖက်နားဆီက ကာလသားသမီးငယ်တွေ ဆိုတော့ အလယ်နားမှာပဲ ရွေးလိုက်တယ်။ ပြတင်းပေါက်ကနေ ကုန်သည်တွေကိုစောင့်နေတဲ့ ကုန်ထမ်းသမား/သမလေးတွေကို ကြည့်နေမိတယ်။ ခေါင်းခုစုတ်လေးကို ယပ်ခပ်သလို ခပ်နေရင်း ပူတယ်လို့မညည်းပေမယ့် အပူကို သိနေတယ်လေ။ ကျနော့ကိုပေး ကျမကိုပေး ဆိုပြီး အော်ဟစ်နေကြတာလည်း သူတို့စီးပွားရေး။ အိတ်ကြီးအိတ်ငယ်တွေကို ၀ုန်းကနဲဒိုင်းကနဲ သယ်လိုက်တာများ တကယ့်ကို စက်ရုပ်တွေအလား။ တစ်ယောက်နဲ့တစ်ယောက် မေးနေကြသေးတယ် နင့်ဒီနေ့ နေ့တွက်ကိုက်ပြီလားတဲ့။ အဖြေတွေကို ကျနော်လျစ်လျူရှုလိုက်မိတယ်။ မကြားရဲလို့ဆိုရင်ပိုမှန်မယ်။ လေးလံတဲ့ အထုတ်တစ်ထုတ်သယ်မှ သုံးလေးကျပ်ရရှာကြတာလေ။ အထုတ်သယ်ရဖို့အရေးကလည်း ဆယ်ယောက်လောက်စုပြုံလုနေတာ အလှူမှာ ပိုက်ဆံလုကောက်သလိုပဲ။

အနားမယ် ကလေးတွေက တ၀ုန်းဝုန်းနဲ့ရေလာချိုးနေတယ်။ အေးချမ်းလိုက်ကြတာ။ အပူရှပ်မယ်တို့ဘာတို့ ဆုံးမမယ့်သူလည်းမတွေ့။ မာမာချာချာရှိကြလေဟန်တူပါရဲ့။

သြော်သေသေချာချာမကြည့်မိလို့ကိုး သူတို့အုပ်ထိန်းသူတွေထင်ပါရဲ့ ရေစပ်မှာ တဗိုင်းဗိုင်းနဲ့ အ၀တ်လျှော်နေကြတာ။ အခုလေ ငါတို့အိမ်က အီလန်ဆိုလားဘာဆိုလား ထက်ထက်ကြော်ငြာတာနဲ့ လျှော်တာ ဆိုတာကြားလိုက်မိတယ်။ အရင်တုန်းကဘာနဲ့များလျှော်ခဲ့ပါလိမ့်။ အိမ်ကအ၀တ်တွေလား သူများအ၀တ်တွေလားဆိုတာလည်း ဘယ်သူသိနိုင်မှာလဲ။

ခဏနေတော့ ကုန်သည်တွေတက်လာကြပြီ။ ဟဲ့ဖြည်းဖြည်းချပါ နင်တို့လုပ်လိုက်ရင်အဲလိုပဲ ကြက်သွန်တွေတော့ နာတော့မှာပဲ။ ရှမ်းပြည်ကကြက်သွန်တွေ ဒီအထိတောင်ခရီးဆန့်ခဲ့တာကိုး။ အင်း ခေတ်ကြီးက လုပ်စားလို့မကောင်းတော့ပါဘူး။ ဟိုတစ်ခေါက်ဝယ်ခဲ့တဲ့ဈေး မရတော့ဘူးလေ။ ခုတော့ကိုယ်ရောင်းနေတဲ့ဈေးနဲ့ ပြန်ဝယ်ခဲ့ရတယ်။ နင်တို့ကလည်း တခေါက်နဲ့တခေါက်စက်လှေစီးခကို နင်းတက်နေတဲ့တော့ပဲ ဆိုတဲ့စကားကို စက်သမားလေးကလည်း အမရာ ကျနော်တို့လည်းဘယ်တက်ချင်ပါ့မလဲ စက်လှေက ရေနဲ့မောင်းလို့ရတာမဟုတ်ဘူးဗျ ဆိုပြီး အပေါ်ပိုင်းဗလာနဲ့တိုနေအောင်ဝတ်ထားတဲ့ ပုဆိုးကို နဲနဲမရင်း ကြက်သွန်အိတ်တွေကို နည်းနည်းချင်းတိုးခိုင်းနေတယ်။ နောက်ထပ်ကုန်တွေလာဦးမယ်မဟုတ်လား။

ဟဲ့………ဟဲ့ ငါ့ကိုခေါ်ကြပါဦးဆိုပြီး မြို့ကြီးသူလား မြို့ကြီးသူယောင်ဆောင်ထားတဲ့ အရွယ်လတ်လတ်မိန်းမနှစ်ယောက်ကိုလည်း တွေ့လိုက်ရသေးတယ်။ ကုန်ထမ်းသမလေးတွေ ကုန်ထုတ်တွေနဲ့ တက်တုန်းက ကျယ်ပါတယ်ဆိုတဲ့ ကုန်းဘောင် သူတို့နဲ့တွေ့မှ တော်တော်လေးကျဉ်းတယ်ထင်ပ။ အလှအပတွေကို ပြင်ဆင်ပြီး ယဉ်စစလျှောက်လာပေမယ့် ကုန်ထုတ်တွေကို ကျော်ရမယ်ဆိုတော့ ထမိန်ကိုမရပြန်တယ်။ ရှက်ကိုးရှက်ကန်းယောင်ဆောင်ကြပြန်သေးတယ်။ အခုဝတ်ထားတာ ရှမွိုင်းလေ ရှမွိုင်း ဂျင်းမှိုတက်ကဘယ်လို မေသဉ္ဇာဦးကလေ ဘယ်ကားထဲမှာ ပါတိတ်ဝမ်းဆက်ကို ဘယ်ပုံချုပ်ဝတ်တာ။ မင်းသားဘယ်သူကို ဘယ်လိုကြိုက်တာ စသည့်စကားတွေပြောရင်း တချက်တချက် လက်ကိုင်ပုဝါလေး နဲ့ပါးစပ်ကိုပိတ်ရင်း ညိုးညိုးညင်းညင်းရီသံတွေ မကြားတကြား။

မျက်စိကိုပတ်တီးနဲ့ပိတ်ထားတဲ့ အဖွားအိုကို လက်တွဲရင်း လူငယ်လေးတစ်ယောက် ရောက်လာပြန်တယ်။ ဆေးရုံပြပြီးပြန်လာဟန်တူပါရဲ့။ လွယ်အိတ်ခပ်နွမ်းနွမ်းလေးထဲမှာ ထမင်းချိုင့်လေးနဲ့။ ဖွားအေကို ထမင်းခွံ့ကျွေးဖို့ပြင်ဆင်နေလေရဲ့။ ဆရာဝန်ကြီးက နောက်တစ်ခေါက် ပတ်တီးဖြည်ပြီးရင်ပျောက်ပါပြီတဲ့။ သူတို့စုဆောင်းထားတဲ့ ပဲနှမ်းလေးတွေ ကုန်လောက်ပြီထင်ပါရဲ့။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး စာဆိုရှိတယ်မဟုတ်လား။

နည်းနည်းကြာ တော်တော်လေးကြာပြီဆိုမှ ကမ်းကခွာဖို့ ကုန်းဘောင်ဖြုတ်တယ်။ ၀ါးလုံးကိုထိုးရင်းစက်လှေကိုကမ်းကခွာတယ်။ ဒလက်ဒလက်ဆိုတဲ့အသံနဲ့ ပန်ကာမော်တာကိုစလည်ရင်း မျှော်တော်ဇောနဲ့ မောရတဲ့ ခရီးကိုစတယ်။ မြစ်တစ်ဖက်က မြသလွန်ကို လက်အုပ်ချီတဲ့လူတွေလည်း ချီကြတယ်။ စကားတွေပြောလက်စ လူတွေကလည်း အဆက်မပြတ်ပြောရင်း။ စက်သံဆူညံလာတော့ သူတို့အသံတွေကိုလည်း အလိုက်သင့်မြှင့်တင်ရင်းပေါ့။

မြစ်ရဲ့ တစ်ဖက်တစ်ချက်ကမ်းတွေကိုငေးကြည့်ရင်း မကြာခင်မှာပဲ ရွာတစ်ရွာရောက်ပြန်တယ်။ ဟဲ့သာအေးရေ မယ်တင်တို့ပြောလိုက်ပါ ငါတို့ပြန်လာပြီ ဟေးးးးးးးးးး။ ဆိုတာမျိုး။ မြေပဲလှော် ချိုတယ်မွှေးတယ် ကြက်သွန်ဖြုနဲ့လှော်တဲ့မြေပဲလှော် ဆိုတာက တစ်သံ။ ဒါးလှီးမုန့်ဆိုတာနဲ့ လှေပေါ်က ကလေးတွေ ရဲ့ အပြိုင်တောင်းဆိုသံက တစ်မျိုး။ တခြားအရပ်တွေမှာမမြင်ဘူးတဲ့ လှည်းပေါ်မှာ တိုင်ကီကြီးတင်ပြီး ရေတိုက်ဆင်းလာတဲ့ ရွာအသီးသီးကိုလည်းမြင်တွေ့ရတတ်တယ်။ အလယ်ပိုင်းမိုးနည်းဒေသပေမို့ ဒီမြစ်ကြီးက အားထားစရာ။

ပြန်ထွက်လာရင်း ငါးဖမ်းလှေတစ်စွန်းတစ်စ ကိုမြင်ရပြန်တယ်။ ပိုက်ကွန်ပစ်သူကပစ်ပေါ့။ လှေပေါ်မှာ ငါးစာချိတ်နေတဲ့ ရေတွေခပ်ထုတ်ပေးတဲ့ ကလေးတွေကို ကျောင်းမတက်ဘူးလားလို့မေးစမ်းချင်မိတယ်။ သူတို့တွေပြန်လာရင် ငါးတွေပါမပါစစ်မယ့်အိမ်ရှင်မလည်း မျှော်နေတော့မှာပဲ။ ငါးတွေရပါစေလို့ဆုတောင်းပေးရင် အကုသိုလ်အားပေးဖြစ်နိုင်မလားစဉ်းစားမိပြန်တယ်။ ရွာရောက်မှပဲ ဘုန်းကြီးကို ခေါင်းစားခိုင်းတော့မယ်ဆိုပြီး အတွေးကိုဖြတ်လိုက်တယ်။

ကုန်တင်တဲ့ တခြားစက်လှေတွေကို လည်း ပြောင်းပြန်တစ်ချို့ အတည့်တစ်ချို့ ဆုံရပြန်သေးတယ်။ အင်းအနယ်နယ်အရပ်ရပ်ကို စုန်ဆင်းနေကြပြီပေါ့။ ကုန်စည်တွေစီးဆင်းရင်း ဈေးတွေကလည်း တက်သည်ထက်တက်ရင်း။ ဘာလို့ပါလိမ့်။

တစ်ယောက်ဆင်း တစ်ယောက်တက်ဆက်လက်ထွက်ခွာဆိုတဲ့ ကျနော်တို့စက်လှေကြီး ခရီးစဉ်မဆုံးခင်မှာ ကျနော်ဆင်းရမယ့် ဆိပ်ကို ရောက်ပြီ။ အထုတ်လေးတွေကို ပြင်ရင်း မင်းလှခံတပ်ကြီးကိုငေးမိပြန်ရော။ သမိုင်းဝင်ခံတပ်ကြီး တ၀က်လောက် ရေထဲပြိုကျပျက်စီးခဲ့ပြီ။ လာကြိုမယ့်သူတွေကို ပြတင်းပေါက်က လက်ပြရင်း နောက်ပြန်ကြည့်မိတယ် ကျနော်ရော ဘယ်သူ့မြင်ကွင်းထဲမှာ ပါနေပါလိမ့်…………

ဓါတ်ပုံလေးက www.molon.de ကနေကူးယူဖော်ပြတာပါ။

21 August 2008

လာရာလမ်းကို အမောင်ပြန်ခဲ့မယ်


အမောင်ဆိုတာ လူငယ်လေးတစ်ယောက်ပါ။ သူလည်းသူများတွေလို ပုခုံးနှစ်ဖက်ကြားထဲ ခေါင်းပေါက်ပြီး တိုးတက်ချင်သူ အောင်မြင်ချင်သူပေါ့။ ပြောစမ်းပါ ဘယ်လူငယ်တွေက မတိုးတက်ချင်ဘူးလဲဆိုတာ။ အမောင်လျှောက်ဖို့ရွေးချယ်ခဲ့တဲ့ လမ်းတစ်ခုရဲ့ အစ..

သူငယ်ချင်းတွေက ပြောတယ် “ငမောင် အဲဒီမှာဘာလုပ်နေတာလဲတဲ့ သတ္တိမရှိဘူးလားတဲ့ မိန်းကလေးတွေတောင် လှုပ်ရှားအောင်မြင်နေကြပြီတဲ့ နင်မို့လို့ မျက်စိပိတ်နားပိတ်နေနိုင်တယ်တဲ့“ ။ပြောကြပါ သူငယ်ချင်းတို့ရယ် ကိုယ့်ဝမ်းနာကိုယ်သာသိပေတော့မပေါ့။ သူများတွေကိုလည်း ဒုက္ခမပေးချင် သေချင်တဲ့ကျားတောပြောင်းဆိုတာရယ် တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာရယ်က အမောင့်ကို ရွေးချယ်ရခက်စေခဲ့တယ်။

နောက်တော့ မဖြစ်မနေ အကြောင်းတစ်ခုကြောင့် အမောင် လမ်းတစ်ခုကိုရွေးလိုက်ရတယ်။ ရောဂါသည် အမေ့ကို တစ်သက်တာ ပြုစုဖို့အရေးက အမောင်အခု ရှာနိုင်တဲ့ ငွေကြေးထက် များနေခဲ့ပြီလေ။ မွေးကျေးဇူးဆပ်ဖို့အရေး အမောင် ခြေလှမ်းတွေပြင်ရပြန်တယ်။ ဟိုကချေး ဒီကချေးနဲ့ အမောင့်ရဲ့ခြေလှမ်းသစ် စနိုင်ခဲ့တယ်။

အမောင်လေ ရဲရဲကြီးလျှောက်ခဲ့မိတယ် လမ်းကြောင်းတစ်ခုပေါ်ကို။ ဒီရောက်တော့ သူငယ်ချင်းတွေက ဖေးဖေးမမ ကူညီကြပါတယ်။ အလုပ်ရှာဖို့အရေး သွားရေးလာရေးစားရေးသောက်ရေး နေရေးထိုင်ရေးတွေပေါ့။ အမောင်စတွေ့ရတာက မသိနားမလည် အမောင်တို့တွေကို လူမျိုးတူပေမယ့် ဇာတ်တူသားစားဖို့ဝင်မလေးတဲ့သူတွေပေါ့။ အလုပ်ရစေရမယ် ခုဘယ်လောက်ပေးဆိုတာတွေလေ။ မရှိမဲ့ရှိမဲ့ထဲက တချို့တ၀က်လောက် ပါသွားတယ်ဆိုရင် အမောင် နုံအလို့လို့ အပြစ်မတင်ပါနဲ့နော်။ မျက်စိသူငယ်နားသူငယ်နဲ့ ဒီအရပ်မှာ အမောင်တို့ အတွက် အစိမ်းသက်သက်လေ။

ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲပြောရမလား အမောင်အလုပ်တစ်ခုကို ကံကောင်းထောက်မစွာ ဖမ်းဆုပ်လိုက်မိတယ်။ အလုပ်က ကြမ်းကြမ်းတမ်းတမ်းလုပ်ရတဲ့အလုပ်ပေါ့။ ညည်းညူဖို့အချိန်မပေးအား အိပ်ပြန်ရောက်တဲ့အချိန်က သူများတွေ တရေးနိုးရင်ရလောက်တဲ့အချိန်။ စနေ တနင်္ဂနွေ ဆိုတာ မရှိ။ တခါတလေတော့ ရှားရှားပါးပါး တစ်ရက်တစ်လေနားရတတ်ပါတယ်။

တလကနေ နှစ်လပေါ့။ ပင်ပန်းမှုကို အမောင်ချွေးသိပ်ခဲ့တယ်။ အမောင့်ရဲ့ လမ်းစရိတ် ကုန်ကျစရိတ် တွေကို အမောင်ကာမိခါနီးပြီလေ။ မကြာခင်မှာ အမေ့ဆီကို အမောင့်ချွေးနဲစာလေးပို့ရတော့မယ်။ ကြိုးစားထားကွလို့ လက်ရုံးဆန့်ပြီးကြုံးဝါးနေမိတယ်။

အခုတော့ဗျာ။ ကံဆိုးမောင်သွားရာ မိုးလိုက်လို့ရွာဖြစ်လေသလားမသိ။ အမောင်တို့ လုပ်ငန်းက စီးပွားရေးကျလို့ နိုင်ငံခြားသားအလုပ်သမားလျော့တဲ့အထဲမှာ အမြဲတမ်းဝန်ထမ်းမဖြစ်သေးတဲ့ အမောင်တစ်ယောက် မှောက်လျက်လဲမိပါတော့တယ်။

အမောင်ဘာဆက်လုပ်ရမလဲ။ အမောင်ဘာလုပ်သင့်သလဲ။ လောကကြီးကိုပဲ အပြစ်တင်ရမှာလား။ အမောင့်ကံကိုပဲ အပြစ်ပုံချရမှာလား။ သူများတွေရဲ့ ရွှေထီးဆောင်းပုံပြင်တွေဟာ အမောင့်အတွက်တော့ ကျိန်စာအသစ်တွေဖြစ်စေခဲ့ပြီ။ အမောင့်လိုကျိန်စာတွေ ကြုံဖူးကောင်းကြုံဖူးသူတွေ ရှိနိုင်ပါလိမ့်မည်။ သို့သော် ကျဆုံခြင်းမှန်သမျှသည် အများအားကျသော အတုယူဖွယ်ကောင်းသော အောင်မြင်မှုတို့နောက်တွင် မှေးမိန်ပျောက်ပျက်သွားရစမြဲ။

နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပါသည် အမောင်လာရာလမ်းကိုပြန်တော့မည်………………

20 August 2008

ကျနော် ကော်ဖီဘာကြောင့်သောက်ဖြစ်သလဲ


ကော်ဖီ ကော်ဖီ တစ်နေ့ နှစ်ခွက်သောက်ကိုသောက်ရမယ်။ မသောက်ခဲ့ရင်ကော….. အဲဒီနေ့မှာ ရင်ဘတ်ထဲမှာ ဟာတာတာ။ မလေးရေ ကော်ဖီတွေနေ့တိုင်းသောက်ပါတယ်ကွာ။

မလေးနဲ့ဆုံခဲ့တာက ကော်ဖီဆိုင်မှာဆိုရင် ဒီဇာတ်လမ်းက ပုံမှန်။ ကျနော်တို့တွေက သာမန်ဆိုမှတော့ ပုံမှန်ပဲပေါ့။ ကျနော့ရဲ့ထူးဆန်းတဲ့ အကျင့်က ကော်ဖီကို အရသာတွင်မကပဲ ကော်ဖီဆိုင်ရဲ့ အပြင်အဆင် စိတ်ကူး ဆိုင်မှာဖွင့်တတ်တဲ့ သီချင်းစသည်ဖြင့် ခံစားရွေးချယ်တတ်သည်လေ။ အဲဒီတော့ တမြို့လုံးကကော်ဖီဆိုင်တွေမှာ အနည်းဆုံးတစ်ခေါက်လောက်တော့ ရောက်ဖူးတတ်ပါသည်။

ဆုံဖြစ်ခဲ့တဲ့နေ့က တနင်္ဂနွေနေ့။ ဘုရားကျောင်းကအပြန် မိုးကရွာလာတယ်။ တွယ်စီးလာတဲ့ကားကနေ နီးစပ်ရာမှတ်တိုင်တစ်ခုမှာ ခုန်ဆင်းပြီး မိုးခိုဖို့ ဘေးဘီကိုလိုက်ကြည့်နေမိတယ်။ ရုတ်တရက်တွေ့လိုက်မိတာက အမိုးစိမ်းစိမ်းလေးတွေ အောက်မှာ သစ်သားခေါက်ကုလားထိုင်လေးတွေ။ အား…….သိပ်ကို ဆွဲဆောင်မှုရှိပါလား။ အနားကို လျှောက်ကြည့်မိတော့ အိုး……မှန်ချပ်တွေနောက်မှာ မလေးရယ်လို့ မပီပြင်သေးတဲ့ ရုပ်ထုလေးက ငြိမ်သက်နေခဲ့တယ်။ မလေးကို ကိုယ်အစက အ၀တ်ဝတ်ထားတဲ့ ဒမ်မီရုပ်ကလေးမှတ်နေမိတာ။ ဆံပင်ရှည်တွေကို နောက်ကနေ ကြိုးလေးတစ်ခုနဲ့ ချည်ထားပြီး မျက်နှာလေးနောက်မှာ အိုက်အိုက်လေးဖြစ်နေတာလေ။ ဖတ်နေတဲ့စာရွက်လေးကို ဗျတ်ခနဲလှန်လိုက်တော့မှ အရုပ်မဟုတ်ပါလားဆိုပြီး အသက်ကိုပြင်းပြင်းရှူမိတယ်။

အဝေးကကြည့်ရုံနဲ့အားမရတော့ ဆိုင်ထဲကို ခြေလှမ်းပြင်မိတယ်။ ရင်သပ်ရှုမောသွားရတယ် တီးလုံးလေးတွေ ပေါ့။ ကျနော်ရူးသွပ်ပါတဲ့ Instrumental song လေးတွေ အဆိုမပါတီးလုံးသက်သက်တွေ။ တဖြည်းတဖြည်းသဘောကျလာတာက နံရံတွေ ထိုင်ခုံတွေ။ စားပွဲလေးတွေအလည်မှာ မှန်တွေလေ။ မှန်တွေရဲ့အောက်မှာ သဲတွေခင်းထားပြီး ခရုခွံလေးတွေ နဲ့ခင်းကျင်းထားလေရဲ့။ ကဗျာဆန်ဆန်တာကတော့ စိမ်းပြာရောင် မီးအုပ်ဆောင်းလေးတွေ အောက်က အခင်းအကျင်းတွေအားလုံး။ မလေးဆိုတဲ့သက်ရှိရုပ်ထုလေးပါအပါအ၀င်။

အရုပ်ကလေးလှုပ်လာခဲ့တယ်။ Menuစာအုပ်လေးကို ကျနော့ရှေ့မှာ ချပြီး ခဏပြန်ထွက်သွားတယ်။ စာဖတ်ချိန်ပေးလိုက်တာပေါ့။ တခြားဆိုင်တွေလို ဘေးနားမှာ ရပ်နေတာ ဘာမှာမလဲ ဘာမှမလဲ တရပ်စပ်မေးနေတာမျိုးမဟုတ်။ ၅မိနစ်လောက်ကြာတော့ ခပ်ယဉ်ယဉ်လေးလျှောက်လာတယ်။ ကျနော်လည်း ကော်ဖီအပူတစ်ခွက်မှာလိုက်ရင်း မသိမသာလေး လိုက်ကြည့်နေမိတယ်။ အင်း ကော်ဖီဆိုရင် တစိမ့်စိမ့် အရသာခံသောက်တတ်တဲ့ကျနော့အတွက် အရသာက တကယ်ကို ဆွဲမက်ဖွယ်။ တီးလုံးလေးရယ် အပြင်အဆင်ရယ် ပြီးတော့ မလေးရယ်ပေါ့…

နောက်ရက်တွေ အဆင်ပြေတဲ့နေ့တွေမှာ အဲဒီကော်ဖီဆိုင်လေးကို ရောက်မိနေတတ်တာပေါ့။ ကြာကြာထိုင်ဖြစ်တတ်တာမို့ စာဖတ်ဝါသနာပါတဲ့ ကျနော် ဖတ်လက်စ စာအုပ်လေးတွေကို အဲဒီမှာ ကော်ဖီနဲ့ မျှောချတတ်တယ်လေ။ မထင်ပါပဲ ၀ါသနာကြောင့် မလေး ဆီက ပန်းပွင့်လေးတွေကြွေကျလာတယ်။ ယူက မြသန်းတင့်ဖတ်တယ်လားတဲ့။ တို့လည်းကြိုက်တယ်တဲ့။ ဆရာက လေးစားဖို့ကောင်းတယ်နော်တဲ့။ ဂျာနယ်ကျော်မမလေးလဲ တို့ကြိုက်တယ်တဲ့။ နည်းနည်းရင်းနှီးလာတော့ ဖတ်ထားတဲ့စာတွေ ဆွေးနွေးဖြစ်ကြတယ်။ မော်ကလေ အဲဒီဇာတ်ထဲမှာသိပ်သနားဖို့ကောင်းတာပဲနော်၊ ဝေကဘာလို့ ငြိမ်ခံနေတာလဲ မသိဘူး ဒီလူကြီးကလည်း သိပ်ချုပ်ချယ်တာပဲ၊ ဦးချစ်မောင် လိုလူမျိုးရှာလို့တွေ့ပါတော့မလားဆိုတာမျိုးတွေနဲ့။

နောက်တော့ နောက်တော့ စာအုပ်တွေ ငှားဖြစ်ကြတယ်။ ကြိုးတွေ တစ်ပတ်ပြီးတစ်ပတ်ရစ်ခဲ့ကြတယ်။ ကျနော်က မလေးမျက်နှာပေါ်က ဆံခြည်မျှင်သွေးကြောတွေကို ရေတွက်ခဲ့မိသလို ကျနော့ ရဲ့ဆံပင်ဖြူတွေကိုလည်း မလေးက ရေတွက်ခဲ့တယ်လေ။ ကျနော့အတွက် မလေးဟာ ကော်ဖီဖြစ်ခဲ့သလို ကော်ဖီဟာလည်းမလေးဖြစ်ခဲ့တယ်။

ဒါပေမယ့် မလေးရယ် ဇာတ်တစ်ကွက်လို စာရေးဆရာတွေကို ရေးခိုင်းပြီး ကိုယ်သိမ်းချင်သလို ပြီးပါပြီလို့ စာတမ်းထိုးလို့ရတာမဟုတ်ဘူးလေ။ မလေးလည်းသိပါတယ်။လူငယ်တစ်ယောက်ရဲ့ဘ၀အိပ်မက်ဆိုတာကို မမက်ပါနဲ့လို့မလေးက မတားခဲ့သလို မလေးကလည်း အိပ်မက်ထဲကို မ၀င်လာခဲ့။ အင်း မလေးမှာလည်း မလေးအကြောင်းနဲ့ကိုး။ သိပ်ချစ်ဖို့ကောင်းတဲ့မလေးက သူချစ်တဲ့မြေက ကလေးတွေကို ကိုယ်ထူကိုယ်ထ စာသင်ပေးသတဲ့။ နောက်တော့ တခြားအဖွဲ့အစည်းတစ်ခုကနေ မလေးတို့ကို အကူအညီပေးခဲ့တယ်။ ကိုယ်ထူကိုယ်ထဖြစ်တာမို့ မလေးတစ်ယောက် ဂျင်ဂျင်လည်အောင် အလုပ်တွေလုပ်ခဲ့ရတယ်။ မလေးကို ကူညီတတ်တဲ့ ကျနော်ကလည်း မလေးခေါ်ရင် အဆင်သင့်ဖြစ်နေခဲ့တယ်။ ချစ်စရာကောင်းတဲ့ ကလေးတွေရဲ့ အနာဂါတ်အတွက် မလေးတစ်ယောက် ဆေးစပ်လို့ ဆွဲနေတုန်းမှာ…ကျနောစီစဉ်ထားတဲ့ အိပ်မက်က အကောင်အထည်ပေါ်ခဲ့တယ်လေ။ မလေးရယ် အိပ်မက်ရယ် ကော်ဖီရယ်။

မငိုခဲ့မိဘူးထင်တယ်။ မလေးကလည်း အချိန်တန်ရင် ပြန်လာခဲ့တဲ့ မလေးကော်ဖီတစ်ခွက်နဲ့စောင့်နေမယ်တဲ့။

မလေးရယ် ကော်ဖီတွေအေးကုန်ပါ့မယ်……………

13 August 2008

စက်ရုံမိသားစု ထုပ်ဆီးတိုးပွဲ သို့မဟုတ်


ထူးထူးဆန်းဆန်း တခါမှမကြားဖူးတဲ့ အစီအစဉ်။ စက်ရုံမိသားစု ထုပ်ဆီးတိုးပွဲဆိုပါလား။ ရပ်ကွက်အလိုက် ပါဝင်ဆင်နွှဲရန်တဲ့ အမှတ် ၁ နှင့် အမှတ် ၂ ကို ပူးပေါင်းပါဝင်ရန်တဲ့။ စက်ရုံဝန်ထမ်းမိသားစု အားလုံး အုံးအုံးကြွက်ကြွက်။

ကျနော်က အမှတ် ၂ ရပ်ကွက်ကပါ။ နဂိုတည်းက အားကစားနဲ့ပါတ်သတ်ခဲ့ဖူးတဲ့ အမေက အော်တို အမှုဆောင်လူကြီးဖြစ်ခဲ့သလို အမေပါပြီဆိုမှတော့ ကျနော်မပါလို့မရတော့။ လူရွေးခြင်း……..အမေ့ရဲ့ ထည်ဝါတဲ့အသံနဲ့ “ဟေ့ မပါမနေရအမိန့် စုမော်ထွက် မြင့်မြင့်ရီထွက် သိန်းမဖြူထွက်နဲ့” လုပ်လိုက်တာ ရပ်ကွက်ထဲမှာရှိသမျှ သွက်လက်သော ငယ်ရွယ်သော အပျို အရွယ်မှသည် အိမ်ထောင်သည်အဆုံး တစ်သင်းစာမပြည့် , ပြည့်အောင်ဖြည့်လိုက်တယ်။ ဒါပေမယ့် ခေါင်သူကြီးကမရှိ။ ခေါင်သူကြီးက အရေးအကြီးဆုံး အမေကိုယ်တိုင်ဝင်ဖို့ကလည်း သူ့ကျန်းမာရေးအရ ဘယ်လိုမှမဖြစ်နိုင်။ ခေါင်သူကြီးဘယ်သူလုပ်မလဲ?

ဒီအခက်အခဲကို အမှတ်မထင်ပဲ အောင်မြင်ခဲ့ပြန်တယ်။ အမှတ် ၁ ရပ်ကွက်ရဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်အဖြစ် ဒုလက်ထောက်စက်ရုံမှူးကတော် အန်တီစုက ဒီတာဝန်ကို ယူခဲ့တယ်။ အားလုံးမှာ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ အန်တီစုက သက်သေထူခဲ့တယ်လေ။ တော်လိုက်တဲ့ အန်တီ သူ ဒီလောက်ကစားတတ်မယ်ဆိုတာ ဘယ်သူကယုံမှာလဲ။

လူရွေးပြီတော့ Fun ကိစ္စ၊ တစ်အိမ်တက်ဆင်း အလှူခံ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဆိုတာ ထည်လဲသုံးပြီး အေးဓမြတိုက်ခဲ့တာ။ “ဟေ့…..အားလုံးထပ်တူထပ်မျှထည့်ဝင်ရမယ်” ဆိုပြီး အခြေခံ သတ်မှတ်ပြီးအားလုံးကို ထည့်ဝင်စေခဲ့တာ။ မဆိုးတော့မဆိုးပါဘူး ဘယ်အိမ်ကမှ မဆဲမဆို ခွေးနဲ့ ရှူးမတိုက်လွှတ်လိုက်ဘူး။ နောက်ကွယ်မှာမဲ့ပြီး ကျန်ခဲ့ရင်တော့ လွန်တာရှိဝန္တာမိပေါ့။

အားလုံးငြိမ်ပြီ ဆိုတော့ လေ့ကျင့်ရေး။ လူတိုင်းရဲ့ဆုံမှတ် ရပ်ကွက်အလိုက်ပေးထားတဲ့တီဗွီရှိတဲ့ အိမ်ဘေးမှာပေါ့။ ဒါမှပြေးမလွတ်မှာ။ ဒါတောင် အကြောင်းအမျိုးမျိုးပြ ဟိုနားကနာတာတာ ဒီနားက အောင့်တောင့်တောင့်ဆိုပြီး ရှောင်ပြေးတဲ့လူနဲ့ ကလေးအမေတွေလည်းပါတာမို့ ကလေးကငိုသေးကစိုဆိုပြီး ပါမစ်အပြည့်နဲ့ ဘေးထိုင်ပြီး နို့ချိုတိုက်ကျွေး ကျန်းမာရေးဆောင်ပုဒ်ကို အကောင်အထည်ဖော်လိုဖော်။ သပဒပေါင်းစုံကိုဖြစ်နေတော့တာ။ အဲဒီထဲမှာမှ ရလီဗင်ဝင်ပေးရတဲ့ ကျနော်တို့သူငယ်ချင်းတစ်စု။ “နင်တို့တွေ စတန်းဘိုင်စောင့်နေရမယ် “ဆိုလို့ တီဗီလေးပြေးကြည့်လိုက် လာပါတော့လို့အော်ခေါ်ရင်ပြန်ပြေးလိုက်ပေါ့။

သူတို့တွေ လေ့ကျင့်တာက နည်းနည်း ကျနော်တို့တွေ စည်းတားပေးရတာကများများ။ ညနေဆို ရေဖြန်းပေးရတာနဲ့ ကျောက်ခဲတွေ ဖယ်ပေးရတာနဲ့ ထမင်းမြန်မြန်စားပြီး ကွင်းရှိတဲ့အရပ်ကို တန်းစီချီတက်ကြရတာက နေ့တိုင်း။

အော်လိုက် ငေါက်လိုက်နဲ့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ လေ့ကျင့်နေကြတဲ့ အဖွဲ့ကြီး ပြိုင်ပွဲဝင်ရက်က တဖြည်းဖြည်းနီးကပ်လာပြီ။ လှေခွက်ချည်းကျန် အလံမလှဲ အားကြိုးမာန်တက်ကြိုးစားခဲ့တဲ့သူတွေ ရင်ဆိုင်တွေ့မယ်လဲဆိုရော ဖင်ထိုင်မေ့ချင်ချင်ဖြစ်လာကြပြီ။ ထုံးစံအတိုင်း အမျိုးသမီးတွေဆိုတော့ ကြွက်စီကြွက်စီ။ နင်က ဟို နေရာမှာနေ ငါက အရန်နေရာနေမယ် ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။ အားလုံးကလည်း ကိုယ့် အကြောင်းပြချက်ကိုယ်စီကိုင်လို့ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ တစ်ချိန်လုံး ဘေးကနေ ဘယ်သူဘာကောင်းတယ် ဘယ်သူက ဘယ်နေရာမှာ အံဝင်တယ်ဆိုတာ အကဲဖြတ်နေတဲ့ အမေက နင်ဘယ်နေရာသွား နင်က ဘယ်လိုလုပ်ဆိုပြီး ညွှန်ကြားလေတော့မှ မရွှေချောတွေ အပြောရပ်တော့တယ်။

ပထမဆုံးပြိုင်ပွဲက တာထွက်ကောင်းသွားပါတယ်။ ချွေးထွက်များခဲ့တော့ အားလုံးကလည်း တက်ညီလက်ညီ။ ခေါင်သူကြီးကလည်း ဇတ်ခနဲဆွဲလိုက်တာနဲ့ ဟောတစ်ယောက် ဟောတစ်ယောက်။ စ, စချင်းပွဲက အမှတ် ၄ ရပ်ကွက်နဲ့ပါ။ စည်းတစ်ခုတိုင်းမှာဒိုင်တွေ တစ်ဖက်တစ်ချက်စီရပ်လို့။ တစ်ခုခုဆိုတာနဲ့ ၀ီစီကို ရွှီကနဲမှုတ်တော့တာပါပဲ။ အဲ စည်းတစ်စီတိုင်းမှာလည်း ကျနော်တို့ရပ်ကွက်ကလူတွေက “ ပြေး ပြေး တုပ်တုပ်တုပ် ဟိုဘက်ပြေး ဒီဘက်ပြေး နောက်မှာ နောက်မှာ မ၀င်နဲ့ မ၀င်ပါနဲ့ဆို “ အမျိုးစုံအောင် အော်ကြလေရဲ့။ သူတို့ကိုယ်တိုင် ကွင်းထဲ ၀င်မဆော့ရုံတမယ်။ အောင်မြင်ခဲ့တာပေါ့ အဲဒီပွဲ။

ဒုတိယပွဲက အမှတ်၆ နဲ့ပါ။ အမှတ် ၆က လည်းတော်တော်ပြင်ဆင်လာပုံရပါတယ်။ ဟန်အပြည့်နဲ့။ သူတို့ဘက်က အန်တီရွှေကြီးတို့လို ဈေးသည်တွေပါ ပါတာဆိုတော့ ဟိတ်ဟန်အပြည့်။ အားမာန်အပြည့် အော်လိုက်တာလဲ ဓါတ်စက်တောင် ထိုင်ငိုရမလို။ ငြင်းလိုက်ခုန်လိုက်တာလဲ အခု Green day တို့ ကိုင်ဇာတင်မုံတို့ ခုန်ပေါက်တာထက် အဆတရာ သာတယ်။ ဘာပဲပြောပြော ခေါင်သူကြီးအစွမ်းနဲ့ တုန်တုန်လှုပ်လှုပ်ဖြစ်ပြီး သွေးပျက်နေတဲ့ နောက်လိုက်တွေ အားလုံး အလိုက်သင့်ဆွဲခေါ်ရင်း ပန်းတိုင်ဆီကို ရောက်စေခဲ့တယ်။ သြော်ခေါင်းဆောင်ဆိုတာ ဒီလိုပါလားလို့တွေးခဲ့ရတယ်။

တတိယပွဲ နာမည်ကျော်တဲ့အမှတ် ၅ ရပ်ကွက်။ လူညီတယ်တဲ့။ လစ်ရင်လစ်သလို လုပ်တတ်တဲ့။ ကဲ တစ်ပွဲတစ်လမ်း အကဲစမ်းကြတာပေါ့ ဆိုပြီး ဟိုဘက်ဒီဘက် နှစ်ဘက်ပေါင်း စိန်ခေါ်ပွဲ။ အားလုံးကလည်း စိတ်ဝင်စားကြတယ်။ ဒိုင်တွေကလည်း ကမ္ဘာကျော် ၀င်ဘယ်တန်ကွင်းလိုမျိုး အားလုံး ဂရုတစိုက်လုပ်ကြတဲ့ပွဲ။

စပါပြီ။ ၀ီစီမှုတ်လိုက်တာနဲ့ သူတို့အဖွဲ့က စထိုးရတယ်။ လစ်ခနဲ လစ်ခနဲ ပြေးသွားတဲ့ အပျိုမတစ်ယောက်ကို ခေါင်သူကြီးက မိလိုက်တယ်။ မိမိချင်း ပွဲထုံးစံအရ လက်ကိုမြှောက်ပြီး ရပ်လိုက်တယ်။ ဒါပေမယ့် အဲဒီကောင်မလေးက သူ့ကို မထိပါဘူးဆိုပြီးဇွတ်ငြင်းတော့တာပဲ။ အားလုံးက ဘယ်မြင်နိုင်မှာလဲ။ ခုလိုမျိုး ကင်မရာတွေနဲ့ အနီးကပ်ရိုက်ပြီး ပြန်ကြည့်ရမယ်ဆိုလဲဟုတ်သေး။ နောက်တခေါက်မှာတော့ ကျနော်တို့ခေါင်သူကြီးက မရတော့ ဘူး အဲဒီကောင်မလေးရဲ့ အင်္ကျီကို မိမိရရဆုတ်ကိုင်ထားတော့တာပဲ။ အဲဒါပဲ သူကျွမ်းကျင်ပါတယ်ဆိုနေ။

နောက်တစ်ခေါက် ကျနော်တို့ဘက်ကထိုးအလှည့် အားလုံး ၀ုန်းဒိုင်ကြဲတော့တာပဲ။ ကျားကုန်ဆိုတာဒီပွဲ။ အားလုံးခြေကုန်လက်ပမ်းကျနေပြီ။ အန်တီဖြူက အရမ်းမောလာလို့ လူလဲချင်တယ်ဆိုတော့ စည်းကြပ်ဒိုင်က လဲခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ဒိုင်ချုပ်ကမမြင်လိုက်ဘူးတဲ့။ စောနက မကျေပွဲကို အမှတ် ၅ က အပြတ်ချဲတော့တာပဲ။ စည်းကြပ်ဒိုင်ကိုလဲ လာဘ်စားတယ်ပေါ့။ ငြင်းကြ ခုန်ကြ အိုး တကယ့်ကို ၀က်ဝက်ကွဲ။ နောက်တော့ ဘာဆက်ဖြစ်ကြမလဲ။

ဒိုင်တွေအားလုံးခေါင်းချင်းဆိုင်ပြီး အဆုံးသတ်ကို ဆုံးဖြတ်ကြတယ်။ ဒိုင်တွေဆိုတာ စက်ရုံက၀န်ထမ်းတွေပဲလေ။ နောက်ဆုံးမှာ အားလုံးအေးချမ်းစွာပြီးဆုံးကြဖို့ နောက်ထပ်ခိုက်ရန်မဖြစ်ပွားဖို့ ကျနော်တို့ရဲ့ ထူးထူးဆန်းဆန်း တခါမှမကျင်းပ ခဲ့ဖူးတဲ့ ထုပ်ဆီးတိုးပွဲကို ဒိုင်ပွဲရပ်အဆုံးသတ်ခဲ့ပါတယ်။

ပွဲသာပြီးသွားရော ကျနော်တို့က မပြီးကြသေး ကျောင်းက သူငယ်ချင်းတွေနဲ့ ငါတို့ရပ်ကွက်ကဘယ်လို နင်တို့ ရပ်ကွက်က ညစ်ပတ်တာ ဘယ်လိုလုပ်တာ အပြိုင်အဆိုင် ပြောဆို ရန်ဖြစ်ကြ စကားမပြောကြနဲ့။ ကျနော်တို့ တင်ပဲလားဆိုတော့ မဟုတ်သေးဘူး အန်တီဖြူတို့ ညီအစ်မတွေ သူတို့တွေက ရပ်ကွက်မတူကြလေတော့ စကားတောင်မပြောနိုင်မဆိုနိုင်ဖြစ်ခဲ့ကြတယ်ဆိုပဲ။

အဲဒီနှစ်က စလို့ နောက်ထပ်ဘယ်တော့မှ ရောက်မလာတော့တဲ့ ကျနော်တို့ရဲ့ ထုပ်ဆီးတိုးပွဲ သို့မဟုတ်…………………


ဓာတ်ပုံလေးကို ဒီက ယူထားတာပါ www.goldenlandpages.com/hotspots/games/htauk.jpg

10 August 2008

မရှိတော့သော ရှပ်အင်္ကျီ တစ်ထည်

ရှပ်အင်္ကျီလေးတစ်ထည် ပါ။ ဒါပေမယ့် ကျနော့ရဲ့ သမိုင်းမှာသူလည်း မှတ်တိုင်တစ်ခုလို။ ခုတော့ သူမရှိတော့။ သူမရှိမှတော့ သူနဲ့ပတ်သတ်တဲ့အကြောင်းတွေလည်း မရှိလေတော့။ သြော်မရှိလေတော့……

ဆယ်တန်းအောင်စ။ ငယ်ရွယ်တုန်း အချစ်ဆိုတဲ့ သင်ခန်းစာ စဖို့ရင်ခုန်သံတွေကို လေ့ကျင့်သင်ကြားတုန်း။ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့တယ် ဆို သမရိုးကျ ဆန်နေမလား။ ကျနော်တို့ ချစ်ခဲ့ကြတယ်။ ချစ်သူတို့ရဲ့ထုံးစံတွေအတိုင်း လက်တွဲပြီးလျှောက်ခဲ့ဖူးတယ်ပေါ့။ နှစ်ယောက်အတူထိုင်ခဲ့ဖူးတယ်။ ခပ်တုံးတုံး ဒီကောင်က မနမ်းတတ်ခဲ့ဘူးလေ။ အနမ်းဆိုတာ ရဲ့နောက်က ရင်ခုန်စရာတွေကို လည်း မသိခဲ့။ ဘယ်တုန်းကမှ မသိခဲ့။

ညနေတိုင်း ကျနော်သူ့ကို ကျူရှင်က ကြိုပြီးပြန်အလာ။ သွားကြိုတိုင်း ကျနော်နင်းတဲ့ စက်ဘီးနောက်က သူ့ကိုတင်နင်းမြဲ။ ကိုထီးရဲ့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးဆိုတဲ့ သီချင်းကို ဆိုရင်း ကုန်းတက်တွေကိုနင်းတိုင်း သူကဟားတိုက်ရယ်မောရင်းက ဆင်းပြီးတွန်းပေးမြဲပေါ့။

နယ်အဝေးကို ကျောင်းသွားတက်ရမယ်ဆိုတော့ ကျနော်တို့တွေ နှုတ်ဆက်စကားတွေကို ပြောဖြစ်ကြတယ်။ သူရောကျနောရော လွမ်းမျက်ရည်တွေကျခဲ့ကြတယ်။ သူက ကျနော့ ကျောကို ဖက်ပြီး ရှိုက်ကြီးတငင်ငိုကျွေးခဲ့တယ်။ သူ့ပါးက သနပ်ခါးတွေရယ် မျက်ရည်တွေရယ် ရွှဲရွှဲစိုခဲ့တဲ့ ကျောပြင်မှာ။ ကိုယ်ကိုတိုင်လည်းတချက်တချက်သိမ့်သိမ့်ခါအောင်ရှိုက်နေမိတယ်။ အဲဒီညက တညလုံးမအိပ်ပဲ ကျနော်ဆိုနေမိတဲ့သီချင်းက ဝေးနေတဲ့အချိန်ဆိုတဲ့သီချင်းလေးပေါ့။

အဲဒီနေ့က ၀တ်ခဲ့တဲ့ ရှပ်အင်္ကျီလေးကို မလျော်ပဲသိမ်းထားခဲ့တယ်။ ကျောင်းတက်တော့ ပါအောင်သယ်ပြီး အလွမ်းပြေထုတ်နမ်းခဲ့ရတယ်။ ပါးကသနပ်ခါးနံ့တွေ စွဲနေတုန်းလေ။ တခြား ရှပ်တွေ ဟောင်းနွမ်းလို့ပေးပစ်ခဲ့ပေမယ့် အဲဒီအင်္ကျီလေးကတော့ ကျနော့ဆီမှာအမြဲရှိခဲ့တယ်။ ဘာကြောင့်လဲလို့မမေးပါနဲ့။

တလောက အိမ်ကိုဖုံးဆက်တော့ အမေက သားရယ်တဲ့ သားသေတ္တာတွေရှင်းလိုက်တယ်တဲ့။ မ၀တ်တာကြာနေတဲ့ အ၀တ်တွေဆွေးမယ့်အတူတူ လှူလိုက်တယ်တဲ့။ တခြားအ၀တ်တွေအတွက် မနှမြောပေမယ့် ကျနော့ရဲ့ သိမ်းထားတဲ့ ရှပ်လေး ပါသွားပြီ။

သနပ်ခါးနံ့ပိုင်ရှင်တောင် ကျနော့အနားမှာ မရှိနေနိုင်တော့တာ။ အဲဒီအင်္ကျီမရှိတော့ကော ဘာဆန်းသလဲ။ ကျနော့အတွက် သမုဒယကြိုးတွေ ပိုပတ်မနေနိုင်တော့။ ကိစ္စပြီးရောပေါ့နော်။

ပြောမယ့်သာပြောနေတာ သနပ်ခါးနံ့တွေ ကခုတောင် ရလာသလိုလိုနဲ့…………………..

06 August 2008

ခမ်းခြောက်သွားခဲ့သော


ကမ္ဘာကြီးပူနွေးလာတာ ကျမတို့တွေကိုသိသာ စေပါတယ်။ သတင်းဌာန အားလုံးကထုတ်ပြန်နေကြတာကိုး။ ရှင်တို့သတိထားမိမလား မသိဘူး ပူနွေးလာတာနဲ့ အမျှ မြစ်တွေ ကန်တွေပါ ခမ်းခြောက်လာကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းဆိုလားဘာဆိုလား ၀ိုင်းဝန်းထိမ်းသိမ်းကြတယ်တဲ့။ လူသားတွေ မသိသေးတဲ့ အရေးကြီတဲ့ ခမ်းခြောက်မှုက ကျမကို ခြောက်လှန့်နေခဲ့တာ ကြာခဲ့ပေါ့။

အဲဒီနေ့က မကြီးက နေမကောင်းဘူးတဲ့။ ဘာဖြစ်မှန်းမသိဘူး မီးငယ်တဲ့။ ဆေးခန်းသွားချင်တယ် ရုံးဆင်းရင် ငါ့ကိုဝင်ခေါ်ပါတဲ့။ ဆေးခန်းကို ညီအစ်မနှစ်ယောက်ပြေးခဲ့ကြတယ်။ ဆရာဝန်မကပြောတယ် ခွဲရမယ်တဲ့။ ညီအစ်မနှစ်ယောက် လက်ချင်းကိုင်လိုက်မိတယ်။ ဆရာမရှေ့မှာ ဟန်မပျက်နေခဲ့ပေမယ့် ရင်ထဲမှာ တော့ နေဆယ်စင်း ကိုယ်စီ။

အပြန်မှာတော့ အိမ်ကိုတန်းမပြန်နိုင်ကြတော့ဘူး။ ကြုံလာတဲ့လောကဓံရိုက်ချက်ကို ကြံ့ကြံ့ခံဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ဘယ်သူ့ဆီက ဘယ်လိုယူရမလဲ။ အတိုးဘယ်လောက်ပေးရမလဲ တွက်နေတယ်။ ကျေအောင်ဆပ်ဖို့ ကျမတို့ဘယ်လိုနည်းလမ်းရှိမလဲ Brain storming လုပ်ကြရတယ်။ သောင်းဂဏန်းလောက်ပဲ လစဉ်ဝင်ငွေရှိပြီး အပြင်ဝင်ငွေမရှိတဲ့ အိမ်ကိုလည်းထောက်ပံ့နေရတဲ့ ၀န်ထမ်းညီအစ်မနှစ်ယောက်မှာ ဒီနည်းလမ်းကလွဲပြီးထွက်ပေါက်မရှိ။ ဆေးခန်းမှာ ကုန်ကျမယ့်ငွေက ၇ သိန်း ၈သိန်း ပတ်ဝန်းကျင်တော့ အသာလေး။ အို….လူမသေ ငွေမရှားတဲ့။

သူငယ်ချင်းတွေက ပြောကြတယ်။ အပြင်ဆေးခန်းမှာခွဲတာထက် ဗဟိုအမျိုးသမီးဆေးရုံမှာခွဲပါလားတဲ့။ ဟုတ်သားပဲ ဒီဆေးရုံက ပိုသက်သာမယ်ထင်တယ်။ ၀န်ထမ်းအချင်းချင်းဆိုတော့လေ။ တ၀က်လောက်သက်သာလဲ အသက်ရှူချောင်မယ်ဟဲ့ ဆိုပြီး မကြီးက အဲဒီမှာခွဲမယ်လို့ဆုံးဖြတ်လိုက်တယ်။

ဆေးရုံအစ။ ခွဲလူနာအတွက် အရေးပေါ်လိုအပ်ရင်တဲ့ သွေး ၂ ပုလင်းပေးရမယ်တဲ့။ သွေး ၂ ပုလင်း မပေးသေးရင်တော့ waiting list မှာ၂ ပတ်စောင့်ရပါမယ်။ အေးလေ တကယ်လိုအပ်လို့ပေါ့။ သွေး သွေးလို့ရွတ်ရင်းနဲ့လိုက်ရှာလိုက်တာ တခြားနေရက သွေး၂ ပုလင်းရလာခဲ့တယ်။ ခလုတ်တိုက်မိမတတ် ၀မ်းသာအားရ ပြေးအလာ သွေးဌာနက တခြားနေရာက သွေးလက်မခံပါဘူးတဲ့။ အဲဒါနဲ့ အရည်အချင်းပြည့်မှီ စိတ်ချရတဲ့ သူတို့ဌာနက သွေး ၂ ပုလင်းကို ပေါက်ဈေးနဲ့ဝယ်ပေးလိုက်ရပါတော့တယ်။

သွေးရပြီဆိုတော့ ခွဲမယ့်နေ့မှာ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ကြရပြန်ရော။ ပြင်ဆင်ကြရတယ်ဆိုတာ လူနာအတွက်တင်မဟုတ်ပါဘူး အရှေ့က ဆေးရုံအတွေ့အကြုံရှိသူများက ဒါလေးတော့လုပ်ဟေ့ ဒါလေးတော့ဆောင်ထား ဆိုတာလေးတွေပေါ့။

မကြီးခွဲခန်းထဲဝင်တဲ့နေ့။ ကတိုက်ကရိုက် ရုံးကလာခဲ့ရတာ uniform တောင်မလဲခဲ့ရဘူးလေ။ လူနာရှင် လူနာရှင်ဆိုလို့ ကျမအပြေးအလွှားသွားမိတယ်။ စိတ်ကလည်းပူတယ်လေ။ တကယ်က ကျမပေးထားတဲ့ သူတို့ ဒီတံဆိပ်ပဲလက်ခံတယ်ဆိုတဲ့ super ကော်ဖီမစ်က အထုတ်သေးဖြစ်နေလို့တဲ့။ စေတနာထားမှာပေါ့ လူတွေက အများကြီး တခြားလူတွေ ဘယ်လိုပေးလဲ ကြည့်ထားမှပေါ့တဲ့။ ကျမလေ လူတွေကြားထဲမှာ ရှက်လည်းရှက်မိပါတယ်။ သူကတော့မရှက်တဲ့အပြင် နို့ဆီတို့ သကြားတို့လည်းပါမှပေါ့တဲ့။ ကဲ…………..ကျမလည်း အထဲမှာ မျက်နှာငယ်နေရမယ့် မကြီးကို ငဲ့ညှာပြီး အထုတ်ကြီးဆိုလည်း အထုတ်ကြီးလိုက်ရပါတော့တယ်။

ခွဲခန်းထဲဝင်တော့မယ်။ ခွဲခန်းပတ်ဝန်းကျင်က ညင်သာစေဖို့ လူနာသက်တောင့်သက်သာရှိစေဖို့ နည်းနည်းပါးပါးမှသည် များများစားစား အပြင်၃ ယောက် အထဲ၃ ယောက်။ ခွဲခန်းထဲမှာသုံးဖို့ လိုအပ်တဲ့ပစ္စည်း တစ်စုံစာ အပြင် လိုအပ်သမျှ ထပ်ဝယ်ရုံပေါ့။ ပြန်ထွက်လာတော့ကော အ၀င်တုန်းကပေးထားတာက အ၀င်အတွက်ပဲတဲ့ အထွက်အတွက်မပါသေးဆိုတော့။ မကြီး သက်သက်သာသာဖြစ်စေဖို့ ပေးဦးဟဲ့နောက်တစ်ခေါက်။

ခွဲပြီးတော့ ကုတင်ပေါ်မှာ စောင့်ရတဲ့ဆရာမ အစောင့်မကျတဲ့ဆရာမတွေကို လည်းအလျဉ်းသင့်သလိုပေးရုံမက ဆရာမတွေ တာဝန်ကျတဲ့ အချိန်မှာ စားဖို့ အချိုအချဉ်မှသည် လိုသည်မရှိစေရ။ ပြီးပြီးချင်းခွဲခန်းထဲကအထွက် အဓိက ဆရာဝန်မကြီး မေ့ဆေးဆရာဝန်မကြီး လက်ထောက်မှသည် အစီအရီ တန်းစီပြီး နေမဆိုင်းညမဆိုင်း ခုချက်ချင်းကန်တော့ရန်တဲ့။ ကျမလေ ဆရာမ ၀င်းဝင်းလတ်စာအုပ်ထဲက ကိုသက်နိုင်တို့ အပြင်မှာရှိမယ်ထင်ခဲ့တာ။ ရှိရင်တော့ရှိမှာပေါ့လေ သူတို့က မြေလတ်မြို့လေးမှာမဟုတ်လား။

အဆုံးသတ်စာရင်းချုပ်တော့ အပြင်ခွဲခန်းမှာခွဲရင်ကုန်ကျမယ့်ငွေထက်မပိုရင်သာ နေမယ် တပြားမှမလျော့။ ပိုက်ဆံမရှိတဲ့လူတွေရော ငုတ်တုတ်ထိုင်ပြီးသေရတော့မလား။ ကြင်နာတဲ့စောင့်ရှောက်မှုဆိုတာ ငွေကြေးနဲ့ပဲချိန်စက်ဝယ်ယူရတော့မလား။ မကြီးတော့ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရလို့မဆုံး။ ကျမကတော့ ခေတ်ကိုပဲ အပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား ခြောက်ခမ်းသွားတဲ့ လူလူချင်းထားအပ်တဲ့မေတ္တာတရားတွေကိုပဲ အကြိမ်ကြိမ်နှမြောနေမိတော့တာ။

ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်လေးတစ်ခုကို ရေးဖွဲ့ထားပါသဖြင့် ခံစားနားလည်ပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံပါသည်။

05 August 2008

အင်္ဂါနေ့ ညနေ ၅နာရီတိတိ

တစ်ခါတုန်းကဆိုတော့ ကြာခဲ့ပြီလေ။ သို့ပေမယ့် ပူပူနွေးနွေးလိုပါပဲ………..

ကျနော့အလုပ်က စူပါမားကတ်တစ်ခုက စာရေးလေးပါ။ အလုပ်က မနက်ဆိုင်းနဲ့နေ့လည်ဆိုင်းဆိုပြီး နှစ်ဆိုင်းဆင်းရတယ်။ များသောအားဖြင့်ကျနော်ကျတတ်တာက နေ့လည်ဆိုင်း။

ကျနော့အဓိက အလုပ်က ရှေ့ကအရောင်းကောင်တာတွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေ ဖြေရှင်းဖို့ ပြီးတော့ ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေက မှာတဲ့ (ကျူနာငါးဘယ်နှစ်ဘူး၊ ဖူဂျီပန်းသီးဘယ်နှစ်လုံး၊ ကျူးလစ်ပန်းက ဘယ်နှစ်ပွင့်) စသည်တို့ကို မှတ်ပြီးစီစဉ်ပေးရတာပါ။ အဲဒီတော့ ရုံးခန်းထဲက ဖုံးကကျနော်မဖြစ်မနေဖြေနေရတာပေါ့။

အဲဒီညနေက ပိုတိတ်ဆိတ်သလိုပါပဲ။ အိပ်မငိုက်အောင်ဂရုစိုက်နေတဲ့အချိန် ဖုံးသံတစ်ခုက လူကိုဇတ်ကနဲ လှုပ်နိုးလိုက်သလိုပါပဲ။ ယောက်ယက်ခတ်သွားတဲ့ စိတ်တွေကို Good afternoon ဆိုတဲ့ကျနော့ အိပ်ချင်မူးတူးသံအဆုံးမှာ ငြိမ်သက်သွားစေခဲ့တယ်။ တိုးဖွတဲ့လေတိုးသံက ကျနော့အတွက်ထူးဆန်းလွန်းတယ်။ ဆောရီးနော် ဖုံးမှားသွားတယ်ဆိုတဲ့အသံကို ကြားတာတောင်ကျနော်ဖုံးမချလိုက်မိဘူး။

နောက်နေ့ညနေတိုင်းမှာဖုံးစောင့်နေမိတယ်ထင်တယ်။ သတိထားမိတာပါ selling floor ပေါ်မှာအရင်လို လတ်လျားလတ်လျားမနေမိတော့တဲ့အပြင် Toilet ထဲဝင်မယ်ဆိုရင်တောင် cordless ကိုသယ်ဖြစ်အောင်သယ်သွားနေမိတာပါ။ အဲဒီတပတ်လုံး ဖုံးမလာခဲ့ဘူးဗျ။

နောက်တပတ်မှာတော့ မျှော်တုန်းမျှော်ဆဲပေါ်ခဲလိုက်တာ ဗျာ။ ဖုံးသံကြားတိုင်းပြေးရလွန်းလို့ခြေတွေတောင်တိုနေပြီ။ ဘယ်သူမှမကိုင်မိအောင် ကြိုးစားနေမိတာ ရုံးကလူတွေတောင်ရိပ်မိကုန်ပြီ။ ရှက်ကန်းကန်းနဲ့ ဆင်ခြေပေးနေမိတာက customer ဖုံးလွဲသွားမှာစိုးလို့ဆိုပြီး။ တကယ်တမ်းမဟုတ်ဘူးဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ နောက်တပတ်လည်း သူဆက်တယ်ဗျ။ သူထပ်ပြောသွားတာက အရင်လိုပဲ ဆောရီးဖုံးမှားသွားတယ်ဆိုတာပါပဲ။
အသံအနိမ့်အမြင့် အို…....အားလုံးဟာ ကျနော့ကို တစိုက်မတ်မတ်ရူးသွပ်စေခဲ့တယ်။ အိမ်ပြန်ညအိပ်နေရင်းတောင် Good afternoon လို့ ယောင်မိလို့ အစ်ကိုက အလုပ်ကို ဒီလောက်ခင်တွယ်ရလားဆိုပြီး ဆူနေသေးတယ်။ တကယ်တမ်း မရိုးသားတဲ့ကျနော်က တိတ်တိတ်လေး ငြိမ်နေလိုက်ရတယ်။

ဘာလို့ ဘာလို့ မြင်တောင်မမြင်ဘူးပဲနဲ့ ဒီလောက်စိုးမိုးနိုင်ရတာလဲ။ ဖုံးလေး ၂ ခါပဲနားထောင်မိပါတယ် အရမ်းကို ရူးသွပ်သွားတယ်ဆိုတာ ကိုယ့်ကိုတောင်မယုံနိုင်ခဲ့။ နောက်ပိုင်း နေ့လည်ပိုင်းဆင်းဖို့ မန်နေဂျာကို သွားပြောတော့ သူကတောင် အံအားသင့်နေသေးတယ်။ UFL တက်ချင်တယ်
ဦးသာနိုးတက်ချင်တယ် ဆိုပြီး အမြဲတမ်းနေ့လည်ပိုင်းဆင်းဖို့ ငြင်းခဲ့တဲ့ လူက မင်းမှဟုတ်ရဲ့လားကွာဆိုပြီး။

နောက်ပိုင်းရက်တွေမှာလည်း သူဆက်ပါတယ်။ ဆက်တိုင်းလည်း သူပြောနေကျစကားကိုပဲပြောသွားတယ်။ ဖုံးနံပတ်ကိုမေးမယ်ဆိုလည်း မေးဖို့ အချိန်မရခဲ့။ ကျနော့နှုတ်ဆက်စကား အပြီးမှာ သူ့ပုံမှန်ပြောနေကျ စကားကို ပြောပြီးရင် လိုင်းက ပြတ်တောက်သွားမြဲ။ အဲဒီအချိန်တုန်းက IDD တွေကြည့်လို့မရတာ ကျနော့အတွက် အကြီးအကျယ်နစ်နာစေခဲ့တာပါပဲ။

တရုံးလုံးက ကျနော့ကို ထူးထူးဆန်းဆန်းသတ္တ၀ါတစ်ကောင်လိုကြည့်ကြတယ်။ ကျနော့သူငယ်ချင်းတွေကလည်း ရူးပါ့ကွာလို့ အားပေးတယ်။ ကျနော့အိမ်ကလည်း နေ့လည်ပိုင်းချည်းဘာလို့ဆင်းနေတာလဲ ဆိုတာသိချင်နေကြလေရဲ့။

နှစ်လအကြာမှာတော့ ကျနော့ အလုပ်က မန္တလေးမှာဆိုင်ခွဲဖွင့်တယ်။ ကျနော့ကိုလည်း ဟိုမှာ ကြီးကြပ်သူအဖြစ် ရာထူးတိုးနယ်ပြောင်းလုပ်လိုက်တယ်။ အားလုံးက ၀ိုင်းဝန်း ချီးကျူးအားကျနေချိန်မှာ ကျနော်က ကိုယ့်အပူနဲ့ကိုယ်။ ဘယ်ကို ဘယ်လိုလုပ်ပြီး ဆက်သွယ်အကြောင်းကြားရမလဲ။ အမည်တစ်ခုတောင်သိခွင့်မရှိတဲ့ လူတစ်ယောက်အဖြစ်။

မဖြစ်မနေ သွားရတဲ့ ဒီခရီးကို နောက်ဆံတင်းစွာပဲ ကျနော်သွားခဲ့ရတယ်။ ကျနော့စိတ်က ဘယ်မှာကျန်ခဲ့လဲဆိုတာ ပြောစရာမလိုလောက်ပါဘူးနော်။

အဲဒီနေ့က စလို့ ကျနော်လေ ကျနော်………………….

အင်္ဂါနေ့ ညနေ ၅ နာရီတိုင်းမှာ Good Afternoon လို့ ရွတ်နေခဲ့မိတာ ဒီနေ့အထိ။

23 July 2008

မမေ့ရက်လို့ယနေ့ထက်တိုင်

နန်းဆိုတဲ့မိန်းကလေး မခေါ်ဘဲလာ မနှင်ဘဲပြေးလေပြီ။ ခုတော့ဘယ်ဆီမယ်မသိ……………….

မနက်ခင်းကျောင်းတက်ရက်တစ်ခု မိုးရွာပြီးစ လောကတစ်ခုလုံးက စိမ်းစိုလန်းဆန်းလျက်။ အားလုံးတန်းစီဖို့ရပ်နေတဲ့ ကျောင်းရှေ့ကွင်းပြင်မှာ ရုတ်တရက် အားလုံးတိတ်ဆိတ် ငြိမ်သက်သွားပါတယ်။ အထူးအဆန်းနဲ့ မျက်ဝန်းတွေရဲ့ အဆုံးသတ်ရှိရာကြည့်မိတော့ ဂျပန်ဆံတောက်လေးနဲ့ပန်းပွားလွယ်အိတ်အမည်းရောင်လေးနဲ့ ပါးမှာလည်း ခပ်ပါးပါး ပါးကွက်ကလေးက ဖြူမလိုဝါမလို။အလို.......ထူးထူးဆန်းဆန်း ပုံတော်ဖိနပ်လေးနဲ့။ ဒီနေရာဝန်းကျင်မှာ ဘယ်မိန်းမငယ်မှ ပုံတော်မစီးစဖူး။ သေချာတယ် တခြားအရပ်က ကျောင်းပြောင်းလာတာပဲနေမှာ။ လွယ်အိတ်ကြိုးကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်း သိုးသူငယ်ရဲ့အပြစ်ကင်းတဲ့ မျက်ဝန်းတွေနဲ့ ဒီိနံနက်ခင်းတစ်ခုလုံးကို သူအပိုင်ရသွားလေရဲ့။

သူနာမည်ကနန်းခင်ငယ်။ တကယ်ကိုကျော်ကြားပါတဲ့ နန်းခင်ငယ်။ ဆံပင်အရွေ့ လေအဝှေ့မှာတောင် ငေးယူရပါတဲ့နန်းခင်ငယ်။ ကိုးတန်းအခန်းပတ်လည်သာမက ဆယ်တန်းက အစ်ကိုကြီးတွေပါရစ်သီရစ်သီလာရောက်ရတဲ့အထိ။

နန်းကိုစသိတာက ဆရာမဒေါ်ခင်ကျော်ကအစ။ “သားကြယ်စင် ကျောင်းနောက်ကျနေတဲ့ သမီးနန်း ကို စာတွေကူးဖို့ကူညီပေးလိုက်ပါတဲ့”လေ။ ထုံးစံအတိုင်း ကိုယ့်ရဲ့ မှတ်စုစာအုပ်တွေထုတ် စာသင်ချိန်မပါသေးတဲ့မှတ်စုတွေ ကူးဖို့ပေးမိတယ်။ သူကတော့ သူရဲ့ ကျော်ကြားလှတဲ့ အပြစ်ကင်းတဲ့မျက်ဝန်းတစ်စုံနဲ့ ကျနော်ကို ကြည့်နေလေရဲ့ သြော်နန်းငယ် မင်းဝေဒနာတွေပေးရက်တယ်။

စာအုပ်တွေကူလူးဆက်သွယ်ရင်း ကျနော်တို့ရင်းနှီးခဲ့ကြတယ်။ နန်းရဲ့ ရှားပါးတဲ့အပြုံးတွေကို တိတ်တခိုးငေးရတဲ့အခိုက် သူငယ်ချင်းတွေကကြိတ်စကြတာ အခါတစ်ရာမကတော့။ ဒါပေမယ့် နန်းငယ်မသိချင်ယောင်ဆောင်ခဲ့တယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက နန်းငယ်မှာ ကျနော်ကလွဲလို့ သူငယ်ချင်းအပေါင်းအသင်းမရှိ။ ဦးလေးအိမ်မှာ နေ,နေရတယ်ဆိုတာကလွဲရင် သူ့အကြောင်းကို ဘာဆိုဘာမှမသိ။ နန်းတစ်ယောက်နဲ့တင်လုံလောက်နေပြီဆိုတော့ အဲဒီအရာတွေက စိတ်ဝင်စားစရာမကောင်းခဲ့။

နန်းဆီမှာ ငယ်ရွယ်တဲ့မိန်းမပျိုတွေမှာ ရှိတတ်တဲ့ တက်ကြွမှုတွေမရှိခဲ့။ ကျနော်တွေ့ရတတ်တာက တခါတလေ ငိုင်တွေသွားတတ်တဲ့ သူ့အပြုအမူတွေ။ တခါတရံမှာတော့ တစုံတခုကို စိုးထိတ်ကြောက်ရွံ့မှုတွေနဲ့ တုန်လှုပ်နေတတ်ပြန်တယ်။ အဓိပ္ပါယ်မဖော်တတ်လေတော့ နန်းရယ် တကယ်တမ်းဆို ကျနော်သိသင့်ပါတယ်လေ သိသင့်ပါတယ်။

နေမညိုခင် စာမေးပွဲမဖြေခင်တစ်ရက် အဲဒီနေ့ကပန်းတွေလည်းမပွင့်ပါဘဲနဲ့ နန်းကို ကျနော်ချစ်တယ်လို့ပြောလိုက်မိတယ်။ နန်းလိုလူတစ်ယောက်အတွက် ဒီလိုချစ်စကားအပြောခံရတာ မထူးဆန်းလို့လားမသိ သူတုံဏိဘာဝေလုပ်နေတယ်လေ။ ပြီးတော့ သူက ကျနော့ကို “ကြယ်စင်ဆိုဆိုနေတဲ့ ဟိုသီချင်းလေးဆိုပြပါလားတဲ့” ။ ကျနော်ဆိုဆိုနေတတ်တဲ့ သီချင်းက “တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ နှစ်ကိုယ်တူမှန်းတဲ့ အနာဂါတ်ချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်” ဆိုတဲ့သီချင်း။ ကျနော်ဆိုတဲ့အခါတိုင်း သူလွမ်းလွမ်းဆွေးဆွေးကြည့်နေတတ်တယ်လေ။

စာမေးပွဲဖြေတဲ့တစ်လျှောက်လုံး နန်းကျနော့အနားမှာပါ။ စာတူတူကျက်ရင်း ကိုယ်မသိတာသူ့မေး သူမရှင်းတာကိုယ်တွက်ပြနဲ့ပေါ့။ အနေနီးလေ ဝေဒနာကြီးလေဆိုတာ သိကြမှာပါနော်။ ကျနော်ဆုံးဖြတ်ထားတယ် စာမေးပွဲနောက်ဆုံးနေ့ မှာ နန်းဆီက အဖြေရအောင်တောင်းမယ်ဆိုပြီး။

စာမေးပွဲနောက်ဆုံးနေ့ ကျနော်တို့နှစ်ယောက်လုံးဖြေနိုင်ကြပါတယ်။ အပျော်တွေအပြည့်နဲ့ပြန်လာတဲ့လမ်းမှာ ဘယ်အချိန်စပြောရမလဲ ကျနော်တွက်ဆနေမိတယ်။ နန်းရယ် အချစ်ဆိုတာ ကိုယ့်အတွက်နန်းနဲ့တွေ့မှ ဖြစ်တည်စေခဲ့တာပါ။ နန်းမြင်နိုင်ရဲ့လားဟင်။

ဗြုန်းဆို နန်းဘေးနားမှာ ကားတစ်စင်းလာရပ်တယ်။ ကားပေါ်မှာ နန်းနဲ့ခပ်ဆင်ဆင်တူတဲ့ အဒေါ်ကြီးတစ်ယောက် ဆင်းလာပြီး “မိနန်းငယ် နင်မိုက်လိုက်တာဟယ်” လို့ဂရုဏာဒေါသသံအပြည့်နဲ့ပြောပြောဆိုဆိုပဲ နန်းကို လက်ဆွဲပြီးတခါတည်းကားပေါ်တက်သွားတယ်။ ကြောက်ရွံ့နေတဲ့နန်းမျက်ဝန်းတွေက ကျနော်တခါတခါ တွေ့ရတတ်တဲ့ မျက်ဝန်းတွေ။ အဲဒီမျက်ဝန်းတွေ။ ငေးငိုင်ပြီးကျန်ခဲ့တယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့။ နန်းကို ချစ်တာရယ် သနားတယ်ဆိုတာရယ်ပဲသိခဲ့တာ။

အဲဒီနေ့ကစလို့နန်းပျောက်ဆုံးသွားခဲ့တာ ဒီနေ့ထက်ထိ။ နန်းရယ် မင်းရက်စက်တယ်။ တချက်လောက်တော့ ပြန်ပြောခဲ့ဖို့သင့်ပါတယ်။ ကိုယ့်ကိုမုန်းရင်ဖြင့်မုန်းတယ်ပေါ့။ အဖြေတခုခုတော့ပြောခဲ့သင့်ပါတယ်လေ။

အကြောင်းစုံကို မသိရခင်မှာတော့ နန်းဟာ အသည်းစားဘုရင်မလိုလို ဘာလိုလို။ တကယ်တမ်းတော့ နန်းဟာ သနားစရာအကောင်းဆုံး ဓားစာခံတစ်ယောက်ဆိုတာ သိခဲ့ရတယ်။ မထင်မှတ်ပဲသိလိုက်ရတဲ့ အဲဒီအကြောင်းအရာတွေကို ဖြင့်မမေ့ရက်လို့ ယနေ့ထက်တိုင် ရင်ထဲမှာသိမ်းဆည်းထားမိတယ်။

နန်းဆိုတဲ့မိန်းကလေးက ဇာတိကအောင်ပန်းကတဲ့လေ။ ရှမ်းတောင်တန်းတွေရဲ့တနေရာမှာ နန်းတို့မိသားစုနေခဲ့ကြတယ်တဲ့။ နန်းမှာမောင်လေးတစ်ယောက်ရှိသလို နန်းအဖေနဲ့အမေက ရိုးရိုးအေးအေး ခြံစိုက်စားကြသတဲ့။ အေးချမ်းသာယာတဲ့ နန်းတို့ဘ၀လေးထဲကို နန်းရဲ့ ဦးရီးဝင်လာတယ်ဆိုရင်ပဲ ကံကြမ္မာဆိုးတွေပါ သယ်ဆောင်လာခဲ့တယ်လေ။

အလောင်းအစားဝါသနာပါတဲ့ ဦးရီးရဲ့အကျင့်က ဘယ်တော့မှပျောက်ပျက်မှာမဟုတ်။ ဖဲရိုက်ရမလား ဂျင်ကိုင်မလား စတဲ့ အရာအားလုံးကို တပ်မက်ပါတဲ့ ဒီဦးရီး။ ရွာနီးချုပ်စပ်ကို ကစားပွဲလိုက်ရှာပြီးသွားနေတတ်တဲ့ ဦးရီးပြန်လာတဲ့ တညနေ။ ဆိုးဝါးလွန်းတဲ့ညနေ။ ရက်စက်လွန်းတဲ့ညနေ။ အဲဒီညနေ မရှိခဲ့ရင်လေ သိပ်ကောင်းမှာ။

မိသားစုအားလုံးဆုံနေတဲ့ ထမင်းစားဝိုင်းလေး စတင်ပြီးသိပ်မကြာဘူး။ ၀ုန်းဒိုင်းဆိုတဲ့အသံပဲကြားလိုက်ရတယ် ထမင်းစားပွဲလေးလည်း မှောက်နေပြီ။ လက်ကာနေတဲ့ ဦးရီးကို ဓားနဲ့ပိုင်းလိုက်တာဖြတ်ခနဲတွေ့လိုက်ရတယ်။ ပြီးတော့ ဦးရီးကိုကယ်ဖို့ပြေးသွားတဲ့ နန်းရဲ့အဖေ။ ပြီးတော့အဖေ့ကို မလုပ်ဖို့ရှေ့က ကာလိုက်တဲ့ အမေ။ အမေ့ကျောမှာပိုးထားတဲ့ နန်းရဲ့မောင်လေး အို…………မှောင်လွန်းတဲ့ညနေ။

ဦးရီးကို ကစားဝိုင်းမှာမကျေနပ်လို့တဲ့ အသက်ကိုရန်ရှာကြတာ နန်းတို့မိသားစု တွေအဆစ်ပါသွားကြတယ်။ နန်းတစ်ယောက် ဘယ်လိုဖြစ်ကျန်ခဲ့မလဲနော်။ အဲဒီအဖြစ်အပျက်ကြောင့် နန်းရဲ့ ကြောက်ရွံ့ခြင်းတွေ အပြင် သွေးပျက်စေခဲ့တဲ့အတွက် နုနယ်တဲ့ နှလုံးသားဟာအနာတရ ရရှိခဲ့တယ်။ နန်းအတွက် ကျိန်စာတစ်ခုဖြစ်စေခဲ့တာက နန်းတစ်ယောက် ဒီတစ်သက်အိမ်ထောင်ပြုလို့မရတော့ဘူးတဲ့လေ။ ဒါကြောင့်နန်းအဒေါ်က အပြင်လောကနဲ့မထိတွေ့စေချင်လို့ ကျောင်းမတက်နဲ့လို့ပြောတာကို နန်းတစ်ယောက်အကြောက်အကန်ငြင်းခဲ့တာမို့ ကျောင်းတက်ခွင့်ပြုလိုက်ကြတာ။ ကျနော်နဲ့နှစ်ယောက်တွဲတွေ့တော့ လုပ်ရက်လိုက်တာလို့ပြောပြီး နန်းကိုအဝေးပို့လိုက်ကြတယ်ဆိုတာကို နောက်မှသိလိုက်ရတာပါ။

နန်းရယ် ကျနော်ချစ်ခဲ့တာ နန်းကို ရယူပိုင်ဆိုင်လိုစိတ်တခုတည်းနဲ့ မဟုတ်ဘူးဆိုတာနန်းသိအောင်ပြောချင်ပေမယ့် ပြောခွင့်မသာခဲ့လို့ ဒီဇာတ်လမ်းလေးကို မမေ့ရက်လို့ယနေ့ထက်တိုင်အောင်ပါလေ ယနေ့ထက်တိုင်အောင်ပါ…….

22 July 2008

ထိုင်ခုံအမှတ် A15, သောကြာနေ့


ထိုင်ခုံလေးတစ်ခုပါပဲ။ သာမာန်ရိုးရိုးလေး။ သေချာတာတစ်ခုက သူ့နံပါတ်က A15။ နောက်ဆုံးခုံတန်းက ခုံတစ်ခုံပေါ့။ သူ့ကိုထာဝရအမှတ်ရစေတာ ဒီလိုဗျ…………

သာမာန်ဘွဲ့ရတဲ့ ကျနော်လိုလူတစ်ယောက်အတွက် နယ်ကနေရန်ကုန်ကိုတက်ပြီး အလုပ်လုပ်ဖို့ တက်လာတဲ့အခါ အခက်အခဲပေါင်းများစွာ။ ပထမက အလုပ်ရဖို့ နောက်တော့ နေရာထိုင်ခင်း ပြီးတော့ အဓိက,က အိမ်ကို ပိုက်ဆံပို့ပေးဖို့သာမက ကိုယ်ကိုတိုင်စားရေးသောက်တာ လောက်ငှရေး။ ပထမတော့အသိအိမ်မှာ ခိုကပ်ပြီး အလုပ်ရှာခဲ့ရတာပါ။ နေစရာပေးတဲ့ အလုပ်ဆိုရင် ဦးစားပေးလျှောက်ထားရန်။ ဒါနဲ့ အလုပ်တစ်ခု ရခဲ့တယ်ဆိုပါတော့။

တနေ့ အဲဒီနေ့ကစလို့ A15 ဟာကျနော့ကို အမြဲစွဲဆောင်ခဲ့တယ်။ အဲဒီနေ့ က Gladiator ပြတဲ့နေ့။ ဒီကားက နာမည်အရမ်းကြီးဆိုပဲ။ ထုံးစံအတိုင်း နိုင်ငံခြားကားတွေဆို အမှုမဲ့အမှတ်မဲ့ပဲနေခဲ့တာပါ။ စကားပြောတာတွေ နားမလည်မှတော့ ဘာတန်ဖိုးရှိမှာလဲနော်။ အဲဒီတော့လျစ်လျူရှုခဲ့တာတွေချည်းပဲ။ အဲဒီနေ့က မမှောင်ခင်မှာပဲ ဖြတ်ကနဲဆို အစ်မတစ်ယောက်ကို တွေ့လိုက်တယ်။ အသက်က သုံးဆယ်ဝန်းကျင်လောက်ထင်ပါတယ်။ သူ့ပုံစံက ကိုယ့်အိမ်ကို အပြင်ကပြန်လာတဲ့ ပုံစံမျိုးလေ။ ကျနော်ဆိုလာတာက ဒီပတ်ဝန်းကျင်ကို သူအကျွမ်းတ၀င်ရှိနေပုံပါ။ သူတည့်တည့်မတ်မတ်သွားထိုင်လိုက်တာက A15 ပါ။

မကြာပါဘူး ဇာတ်ကားစပြတော့လည်း ဇာတ်ဝင်ခန်းတိုင်းကို တစိုက်မတ်မတ် အာရုံအပြည့်စိုက်ပြီး ဟာခနဲ ဟင်ခနဲ အသံတွေထွက်ပြီး သူကြည့်နေတယ်။ ဟာချလိုက်ပါလား မင်းရဲ့နောက်မှာလေဆိုတာမျိုးကိုလည်း သူ့ဆီက ကြားရတတ်သေးတယ်။ အင်းလေ ဟုတ်တာပေါ့ မင်းမလာသင့်ဘူးဆိုတာလည်း သူပါဝင်သရုပ်ဆောင်နေသလိုမျိုး။ ကြည့်ရတာ အင်္ဂလိပ်စာကိုလည်း ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင် နားလည်နေပုံပဲ။

နောက်တစ်ခေါက် ဥရောပရုပ်ရှင်ပြပွဲ ပြင်သစ် ဂျာမနီ အီတလီ အင်္ဂလိပ်ဇာတ်ကားတွေပြတဲ့အချိန်။ ဇာတ်ကားနာမည်ကိုတော့ ကျနော်မမှတ်မိတော့ဘူး အင်္ဂလိပ်ကား အိုင်ယာလန်ဘက်ကဇာတ်လမ်းလေး ကလေးလေးနဲ့ခွေးလေး။ သူအဖေက စစ်ထဲမှာကျသွားတဲ့ဇာတ်လမ်း အတိအကျတော့ မမှတ်မိတော့ဘူး ကြည့်တဲ့လူတိုင်းပြောကြတာက စကားပြောတာနားမလည်ဘူး သိပ်ဝဲတာပဲဆိုတာရယ် အဲဒါကြောင့် အင်္ဂလိပ်ကားကို အောက်ခြေမှာစာတမ်းထိုး ထားပေးတယ်ဆိုတာရယ်ပဲမှတ်မိတော့တယ်။ အဲဒီနေ့ကလည်း A15 မှာအစ်မရယ် ကြည့်နေပြန်တယ်။ နောက်တစ်ကားက ပြင်သစ်ကား ကလေးလေးနဲ့ လေယာဉ်ပျံလေးနဲ့ကား။ ကလေး,လေး နဲ့သူအဖေရဲ့ စိတ္တဇနယ်လွန်ဇာတ်လမ်း အစ်မရယ်လေ နောက်ဆုံးဇာတ်သိမ်း သားအစ်ဖနှစ်ယောက်တွေ့ကြတဲ့အခန်းမှာ ငိုလိုက်တာကျနော်တွေ့မိတယ်။ အဲဒါလည်း A15 မှာပဲ။

နောက်ထပ် နေ့များမှာလည်း အစ်မကို A15မှာတွေ့ရတတ်တယ်။ တွေ့ရတဲ့ ရက်တိုင်းက သောကြာနေ့ရယ် ထိုင်ခုံနံပါတ်က A15 ရယ် ထူးခြားစွာတွဲနေတတ်တယ်။ ဘာကြောင့်မှန်းမသိ အစ်မမလာတဲ့ရက်တွေဆိုရင်လည်း A15 ကိုပဲစောင့်ကြည့်နေမိတတ်တယ်။ ရုံထဲမှာ စကားပြောသံကြားတိုင်း အစ်မများဖြစ်နေမလားဆိုပြီး ရှာမိတတ်ပင်မယ့် အဲဒီနေ့သောကြာနေ့မဟုတ်ရင်ရယ် ပြီးတော့ စကားသံက A15 ကမဟုတ်ဘူးဆိုရင် အစ်မမဟုတ်တာသေချာတယ်လို့ တပ်အပ်ပြောနိုင်လောက်တဲ့အထိ စွဲလမ်းနေတဲ့ တန်းပြကောင်လေးတစ်ယောက်ရှိတယ်ဆိုရင်……..