19 November 2017

တောင်ကုန်းများ၊ ဟော့ကိုင်းဒိုး (၃)

မနက်တော့ နောက်ကျမှ နိုးပါတယ်။ မနက်စာစားပြီးတာနဲ့ အထုတ်တွေသိမ်းတယ်။  တောင်ကုန်းတွေလည်ပြီးရင် ညနေမှာ ရထားနဲ့ ကာမီဖူရာနိုးကနေ အဆာဟိကာဝါမြို့ကို တန်းသွားမှာ ဖြစ်လို့  အိတ်တွေပါ တခါတည်း ယူလာခဲ့တယ်။

တောင်ကုန်းတွေသွားပြီးရင် အွန်ဆမ်ရေပူစမ်းစိမ်ကြမယ်လေဆိုပြီး တာကာဆန်က တဘက်တွေပါသယ်လာဖို့ သေချာမှာတယ်။ ဘီအဲအိက တောင်ကုန်းတွေကို မြင်ဖူးချင်လှပြီ။


လမ်းမှာ တာကာဆန်ရဲ့ လျှို့ဝှက်ရှုခင်းကို ကြည့်ခွင့်ရပါတယ်။ ပထမဆုံး ပန်းခင်းနဲ့အစပြုတဲ့ စိုက်ခင်းတွေအလယ် တောင်တန်းတွေအဆုံးသတ်ထားတဲ့ ရှုခင်းပါ။ ပြီးတာနဲ့ နာမည်ကျော် ရိုလာကိုစတာလမ်းကို ပို့ပါတယ်။ နှစ်ကီလိုမီတာရှည်တဲ့ ဒီလမ်းဟာ နာမည်ကျော်လောက်ပါပေတယ်။ လမ်းတဖက်တချက်က စိုက်ခင်းတွေကလည်း တမျှော်တခေါ်....

ရိုလာကိုစတာလမ်းကနေ နောက်ထပ် နာမည်ကျော် ခရစ္စမတ်သစ်ပင်ကို သွားကြည့်ကြတယ်။ နှင်းတွေဖုံးနေတဲ့ ရှုခင်းနဲ့ ဒီသစ်ပင်ရဲ့ ဓါတ်ပုံကိုမြင်ဖူးထားခဲ့ပေမယ့် အခုမျက်မြင်တွေ့နေရတဲ့ စိမ်းဝါရောင် ရှုခင်းဟာလည်း တမျိုးဆန်းသစ်စွဲငြိစေတာပါပဲ။ ရင်မှည့်နေတဲ့ ဂျုံခင်းနဲ့ စိမ်းစိုနေဆဲ စိုက်ခင်းနှစ်ခုဟာ စိတ်ထဲမှာ တလမ်းဆီသွားနေတဲ့ သူနှစ်ယောက် ဒါမှမဟုတ် ကျောချင်းကပ်ထားတဲ့ သုံးနဲ့လေးလိုပါ။
ခရစ္စမတ်သစ်ပင်ပြီးတာနဲ့ မိသားစုဆိုတဲ့ သစ်ပင်တန်းလေးကို သွားကြတယ်။ အပင်အမြင့်ဆုံးက အဖေ၊ ဒုတိယက အမေ၊အငယ်ဆုံးကတော့ ကလေးငယ်လေးတဲ့လေ.

မိသားစုသစ်ပင်တန်းကနေ ကြယ်ခုနှစ်လုံး စီးကရက်ဗူးရဲ့ မော်ဒယ်အဖြစ်နာမည်ကျော်ခဲ့တဲ့ သစ်ပင်ကိုသွားကြပြန်တယ်။ တောင်ကုန်းထိပ်မှာဆိုတော့ လေက ဟူးဟူးရားရားတိုက်နေတယ်။ ဦးထုပ်လွင့်သွားလိုက်ပြန်ကောက်လိုက်နဲ့ အတော်လေးအလုပ်ရှုပ်စေတဲ့တောင်ကုန်းပါ။

ကြယ်ခုနှစ်လုံးသစ်ပင်က အပြန် ကာမီဖူရာနိုမှာ curry pork noodle ဆိုင်မှာ သွားတန်းစီကြတယ်။ ဆိုင်အဝင်ဝမှာ ဖုံးနံပါတ်နဲ့ ဧည့်သည်အရေအတွက်ရေးပြီး အလှည့်ကျစောင့်ကြရတယ်။ အရသာအတော်ရှိပြီး မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်ပါတယ်။

စားသောက်ပြီးတဲ့အခါ ရေပြာကန်ကို ဦးတည်ကြပြန်တယ်။ ရေပြာကန်ဟာ သဘာဝအတိုင်းဖြစ်လာတဲ့ကန်မဟုတ်ပေမယ့် ခရီးသွားတိုင်းရဲ့ စိတ်ဝင်စားမှုကို ရစေတဲ့နေရာတခုပါ။ Window Background အနေနဲ့ တခုတ်တရ ရွေးချယ်ခြင်းခံရတဲ့ ရေပြာကန်ဟာ တကယ်လည်းအပြင်မှာ လှပါပေတယ်။ ရောက်ကတည်းက ထရိုင်ပေါ့ချပြီး ဓါတ်ပုံရိုက်လိုက်တာ နာရီဝက်ကျော်တဲ့အထိ အဲ့ဒီနေရာမှာ မရွှေ့တဲ့ ကျနော့ကို တာကာဆန်က ရယ်ကျဲကျဲလုပ်ပြီးကြည့်နေလေရဲ့။


ရေပြာကန်မှာ စိတ်ကြိုက်ရိုက်ပြီးတဲ့အခါ ရေတံခွန်ကို ပို့မယ်ဆိုတော့ သိပ်စိတ်မဝင်စားခဲ့ကြဘူး။ တကယ်တမ်း တံတားပေါ်ကနေ ရေတံခွန်ကို မြင်ရတဲ့အခါမှာတော့ ခုန်ချချင်စိတ်တောင်ပေါက်ပါတယ်။ ရေဟာ ကြည်ပြာလဲ့နေတာကြောင့် အသည်းထဲကို တန်းခနဲငြိသွားပါတော့တယ်.
 ရေတံခွန်ကနေ မီးတောင်ရှင်ဖြစ်တဲ့ တိုကချိတောင်ခြေကိုသွားတယ်။ တောင်ခြေမှာ တောင်တက်ဖို့လုပ်တဲ့သူတွေကို တွေ့ရတော့ တောင်တက်ချင်စိတ်ဖြစ်မိတယ်။ တိုကချိတောင်ရဲ့ အမြင့်ဆုံးထိပ်ပိုင်းတွေမှာ ရေခဲတွေရှိနေတုန်းပဲ။ နှင်းကို အပြင်မှာ မမြင်ဖူးသေးတဲ့ ကျနော်တို့ဟာ နှင်းတွေနဲ့ ဝေးနေတုန်းပဲ။ တိုကချိတောင်ခြေနားမှာ နာရီဝက်လောက် လမ်းလျှောက်ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြတယ်။ တကယ်က ရေပူစမ်းဝင်ကြဖို့ အားသန်နေကြပြီ။ ရေပူစမ်းက သဘာဝအတိုင်းဖြစ်ပြီး အပြင်ဖက် တောင်တန်းတွေကိုမြင်ရတဲ့ နေရာမှာ စိမ်လို့သိပ်ကောင်းပါတယ်။ ရေပူစမ်းစိမ်ရင်း တာကာဆန်နဲ့ စကားစမြည်ပြောကြတယ်။ တာကာဆန်ရဲ့ ဘဝတစေ့တစောင်းကို မြင်ရတဲ့အခါ မြန်မာပြည်က လူတွေကို ပြန်မြင်ယောင်မိပြီး စိတ်မကောင်းဖြစ်မိသေးတယ်။
၄၅မိနစ်လောက်စိမ်ပြီးတဲ့အခါ နွားနို့ပုလင်းလေးတွေကိုင်ပြီး ကာမီဖူယာနိုးကို ရထားစီးဖို့ ပြန်လာကြတယ်။ လမ်းမှာ မြေခွေးတွေ့လို့ ဓါတ်ပုံရိုက်ကြသေးတယ်။ ဘူတာရုံမှာ တာကာဆန်ကို နှုတ်ဆက်တော့ ရက်ပိုင်းလေးခင်ကြပေမယ့် အချိန်အကြာကြီးသိခဲ့ကြသူတွေလို ခံစားမိတာကြောင့် စိတ်မကောင်းကြဘူး။

ကာမီဖူရာနိုးဘူတာမှာ ဒီရာသီမှာပဲ ဆွဲပေးတဲ့ ပန်းကြည့်တဲ့ရထားလက်မှတ်ကို ယူလိုက်တယ်။ ပုံမှန်ရထားတွေလို မဟုတ်ပဲ ထိုင်ခုံတွေကို ပြတင်းပေါက်ဖက် လှည့်ထားတာမို့ လမ်းတလျှောက်မြင်ကွင်းဟာ အတိုင်းသား. 



ဒီညတော့ အဆာဟိကာဝါဆိုတဲ့မြို့လေးမှာ ခဏနားမယ်။ ဘူတာရုံနားက Business Hotel လေးကိုပဲ ရွေးထားတယ်။ ဘူတာရုံအရှေ့က ကားလမ်းမကို ဖြတ်ကူးလိုက်တာနဲ့ ဟိုတယ်ကို ရောက်ပြီလေ။  ဟိုတယ်ရောက်တဲ့အခါ တာကာဆန်အိမ်က အခန်းကျယ်ကျယ်ကို လွမ်းသွားကြတယ်။ အထုတ်တွေချပြီးတာနဲ့ ဘူတာနားက ကွင်းပြင်ကျယ် ဈေးရောင်းပွဲမှာ ညစာသွားစားကြတယ်။ ဈေးနှုန်းချိုသာပြီး လတ်ဆတ်တဲ့ ပင်လယ်စာတွေပါ။ ပြီးတာနဲ့ ကော်ဖီဆိုင်ထိုင် အေရွန်မောထဲက ဈေးဆိုင်တွေ ပတ်ကြည့်ကြတယ်။ ဒီနေ့ ခရီးစဉ်များသွားတာကြောင့် ပင်ပန်းပြီး စောစောအိပ်ရာဝင်လိုက်ကြတော့တယ်...

14 November 2017

လာဗင်ဒါ ဟနမိ၊ ဟော့ကိုင်းဒိုး (၂)








မနက်သုံးနာရီအတိမှာ ကျနော် နိုးလာခဲ့တယ်။ ခန်းဆီးကို ပိတ်ထားလည်း နေ့ခင်းတမျှ လင်းချင်းနေခဲ့တော့ ကျနော် ပြန်အိပ်လို့ မရတော့။ လေးနာရီလောက်မှာတော့ အိပ်မရမယ့်အတူတူဆိုပြီး ကင်မရာဆွဲရင်း လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမမှားရအောင် တဖြောင့်တည်းသော လမ်းမှာ တောင်တွေဆီကို ဦးတည်ပြီးလျှောက်ခဲ့တယ်။ အိမ်လေးတွေတိုင်းမှာ ပန်းရုံကလေးတွေနဲ့ သေသေသပ်သပ်လေးရှိနေတဲ့ မြို့ငယ်လေးက နေချင့်စဖွယ်။ ဘုရားကျောင်းကလည်း စောလွန်းလို့ တိတ်ဆိတ်ငြိမ်သက်လို့။
လမ်းမှာလမ်းလျှောက်ထွက်လာတဲ့ ဘော်ဒါတယောက်နဲ့ တွဲပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ 

၈နာရီမှာ ပန်းကြည့်ခရီးစဉ် စမှာဆိုတော့ ငါးနာရီခွဲမှာ ပြန်လျှောက်လာခဲ့တယ်။ အခန်းပြန်ရောက်တာနဲ့ ပေါင်မုန့်မီးကင်၊ ကော်ဖီဖျော်ရင်း ကင်မရာ ဓါတ်ခဲစတာတွေ စစ်တယ်။ ၈နာရီမှာ နောက်ထပ် ဆယ်မိနစ်လောက်နောက်ကျမယ်လို့ တာကာဆန်က မက်ဆေ့ပို့တယ်။ နောက်ဆယ်မိနစ်လောက်မှာ စထွက်ကြတယ်။ ပထမဆုံးပို့တာက Tomita Farm ပါ။






နှစ်နာရီလောက်ပဲဆိုတဲ့ ဒီပန်းခြံမှာ နှစ်နာရီခွဲကို မနည်း ဇွတ်တွန်းတွန်းတိုက်တိုက် လည်ခဲ့ရပါတယ်။ ပန်းတွေဟာ လှလွန်လွန်းလို့ သက်ပြင်းတွေ အကြိမ်ကြိမ်ချမိတယ်။ မလုပ်မနေဖြစ်တဲ့ လာဗင်ဒါ ရေခဲမုန့်နဲ့ ပန်းခင်းကိုလည်း ဓါတ်ပုံရိုက်တယ်။ နှစ်နာရီကြာတဲ့အခါ မပြီးသေးတာမို့ နောက်နာရီဝက်ထပ်တိုးမယ်လို့ တာကာဆန်ကို မက်ဆေ့ပို့ရတယ်။ ပြန်ထွက်လာတဲ့အခါ တာကာဆန်က ရယ်ကျဲကျဲလုပ်နေလေရဲ့။





တိုးမိတ ပြီးတဲ့အခါ ဆာအိကနိုဆတို ပန်းခြံကိုလည်တယ်။ ဒီပန်းခြံမှာတော့ လယ်ထွန်စက်ကားနဲ့ ပတ်ကြည့်ဖြစ်ခဲ့ကြတယ်။ ပန်းရောင်စုံတောင်ကုန်းတွေဟာ အားလုံးရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူလိုက်သလိုပါပဲ။ နေကြာခင်းနဲ့ ဓါတ်ပုံရိုက်၊ ပန်းခင်းရောင်စုံနဲ့ဓါတ်ပုံရိုက် အားလုံးသော ပရိတ်သတ်ဟာ ကိုယ်စီကိုယ်စီ အလုပ်တွေ ရှုပ်နေကြတော့တယ်။ 
ဆာအိကနိုဆတို ကအပြန်လမ်းမှာ အလာတုန်းက ဖြတ်လာတဲ့ ဂျုံခင်းတွေနားမှာ ခဏရပ်ပေးဖို့ ပြောကြတယ်။ စိမ်းတလှည့် ဝါတချီ ဒီရှုခင်းဟာလည်း သဘာဝအလှတရားပါပဲ။

နေ့လည်စာကို ကာမီဖူရာနိုးက နာမည်ကျော် ဝက်သားထမင်းဆိုင်မှာ စားကြတယ်။ သုံးထပ်သားကိုကင်ထားတာဖြစ်ပြီး အရသာ သိပ်ကောင်းပါတယ်။ ဆိုင်ကိုတော့ တာကာဆန်ကပဲ ရွေးချယ်ပေးတာပါ။



နေ့လည်စာ စားပြီးတာနဲ့ Lavender east ကို ချီတက်တယ်။ ဒီပန်းခြံက တိုးမိတရဲ့ လက်ခွဲဖြစ်ပြီး လာဗင်ဒါချိန်မှာပဲ ဧည့်သည်လက်ခံပါတယ်။ ကျန်တဲ့အချိန်မှာ ဧည့်သည် လက်မခံပါဘူးလို့ဆိုပါတယ်။ ဒီမှာတော့ ပန်းခင်းထဲမှာ ဆယ်ဘီးကားလိုမျိုးကားကို ဘေးနှစ်ဖက်ဖွင့်ပြီး ပန်းကြည့်ဖို့ ဖြည်းဖြည်းချင်းမောင်းပေးနေတယ်။ 
အဲ့ဒီကနေမှ ချိုအီလာဗန်ဒါပန်းခြံကိုထပ်သွားတယ်။ ဒီပန်းခြံက ဆောင်းတွင်းမှာ နှင်းလျှောစီးတဲ့နေရာဖြစ်ပြီး နှင်းလျှောစီးသမားတွေ တောင်ပေါ်တက်ဖို့ ကေဘယ်ကားလေးတွေရှိတယ်။ အခုအချိန်တော့ ပန်းကြည့်ရင်းစီးဖို့ပဲ။ သွားခဲ့သမျှပန်းခြံထဲမှာ လာဗန်ဒါ ပန်းခင်းထဲကို ပေးဝင်တာရယ်၊ လာဗန်ဒါ ရနံ့ကို သင်းနေအောင် မွှေးတာ ဒီပန်းခြံတခုတည်းပါ။ ကျန်တဲ့ပန်းခြံတွေကို ရနံ့ထုတ်ထားပြီးဖြစ်တာကြောင့် ပန်းကို ကြည့်ရုံပဲ။  ပန်းခင်းထဲ ဝင်အိပ်ပြီး ဓါတ်ပုံရိုက်ခံတယ်။ အခန်းပြတင်းပေါက်ကို ဒီအနားသာ ထားလိုက်ရင် အနံ့တွေ မွှေးနေမှာပဲ တွေးနေမိတယ်။
နောက်ဆုံး တာကာဆန်ပို့တဲ့ ပန်းခြံမှာတော့ ကျနော်တို့ ငြိမ်သက်သွားကြပြီ။ တနေ့လုံး ပန်းတွေချည်းပဲဆိုတော့ ရိုးအီသွားကြပြီ။ ပန်းတွေထဲကို မလျှောက်တော့ပဲ သစ်တောထဲကို လျှောက်တယ်။ ပြီးတော့ မယ်လွန်နဲ့ ရေခဲမုန့်စားပြီး မျက်စိနဲ့ပဲ ခံစားနေကြတော့တယ်။


အပြန်လမ်းမှာ တာကာဆန်က သူ့ရဲ့ လျှို့ဝှက် ရှုခင်းနေရာကို သီးသန့်လိုက်ပြသေးတယ်။ သူလည်း ဓါတ်ပုံ ရိုက်တာ ဝါသနာပါတယ်ဆိုတော့ ကျနော်တို့တွေ လိုင်းတူသွားကြတော့တာ။ စိမ်းတဝက် ဝါတဝက်နဲ့ ကျေးလက်ရှုခင်းဟာ မျက်ဝန်းထဲမှာ အခုထက်ထိ စွဲနေတုန်းပဲ။ ဖူရာနိုးမြို့ကို အပေါ်စီးကနေမြင်ရတဲ့ တောင်ပေါ် စားသောက်ဆိုင်ကိုလည်း ခေါ်သွားခဲ့တယ်။ အဲ့ဒီကနေ အပြန် ဟနမိ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတော့တယ်.

ရေမိုးချိုး ခဏနားပြီးတာနဲ့ ညစာစားဖို့ ထွက်ကြတယ်။ တာကာဆန်ဆီက စက်ဘီးငှားပြီး အေးအေးဆေးဆေး ဒီမြို့ငယ်လေးကို စနည်းနာကြတယ်။ သွားရင်းလာရင်း တွေ့လိုက်တာကတော့ ခေါက်ဆွဲဆိုင်ပါ။ ၈နာရီထိုးရင် ဆိုင်ပိတ်တော့မယ်ဆိုလို့ အပြေးအလွှားမှာရတယ်။ လူဆီမှာ မှာရတာမဟုတ်ဘူး စက်မှာသွားပြီး အော်ဒါမှာရမှာတဲ့လေ။ တကယ်တော့သား မြို့ရောက်ပါပဲ။ စက်ထဲကို ပိုက်ဆံထည့်ပြီး ခလုပ်နှိပ်မှာပြီးတဲ့အခါ ပြန်အမ်းငွေထွက်မလာလို့ စိတ်ပူပြီး စက်ကိုပွစိပွစိပြောနေတုန်းမှာပဲ စက်ထဲက ပြန်အမ်းငွေထွက်လာတော့တယ်။ ခေါက်ဆွဲစားပြီးတဲ့အခါ ကော်ဖီဆိုင်ဝင်ကြတယ်။  တနေ့လုံးမယ်လွန် နှစ်ခါစားပြီးပြီပေမယ့် ကော်ဖီဆိုင်မှာ ထပ်စားဖြစ်ကြသေးတယ်။ ဒီညတော့ လမ်းမပျောက်တော့ပဲ အခန်းကို ပြန်ရောက်ကြတယ်။ နောက်တနေ့ တောင်ကုန်းတွေကို သွားကြမယ်ဆိုတဲ့အသိနဲ့ အိပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အိပ်မပျော်တာနဲ့ မထူးဘူးဆိုပြီး လမ်းထလျှောက်တယ်။ ပင်ပန်းအောင်လျှောက်ပြီး အိပ်ပစ်လိုက်မှအိပ်ပျော်သွားတော့တယ်.....

11 November 2017

ဟော့ကိုင်းဒိုး ခရီးစဉ် (၁)

လွန်ဘော့က ပြန်လာတဲ့အခါ နောက်နှစ်ခရီး ဟော့ကိုင်းဒိုးကိုသွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဟော့ကိုင်းဒိုးသွားလည်ရမယ့်အချိန် ခွင့်ယူလို့ရမယ့် အချိန်တွေကြည့်ပြီးတဲ့နောက် ရုံးမှာ ခွင့်တင်တယ်။ ခွင့်ကျတာနဲ့ တပြိုင်နက် လေယာဉ်လက်မှတ်ကိုဝယ်ဖြစ်တယ်။ တခါမှ မစီးဖူးသေးတဲ့ JAL ကို စီးမယ်လို့ သဘောတူကြတယ်။ အသွားအပြန်စလုံး ၈၉၀နဲ့ လက်မှတ်ဖြတ်ခဲ့တယ်။ Sapporo တိုက်ရိုက်မရှိတာမို့ Tokyo Transist နဲ့ပါ။ နာရီတာနဲ့ ဟိနဒ လေဆိပ်ကြားမှာ ဗျာများနေရသေးတယ်။ များသောအားဖြင့် နိုင်ငံတကာလေကြောင်းတွေက နာရီတာမှာ ရပ်တယ်။ ပြည်တွင်းခရီးစဉ်တွေက ဟိနဒက ပြန်ထွက်တယ်။ ဟိနဒကို ဆိုက်တဲ့လေယာဉ်ကိုပဲ ရွေးဖြစ်ခဲ့တယ်။ လေယာဉ်လက်မှတ်ကို ၁လပိုင်းကတည်းက ဝယ်ထားခဲ့တာဆိုတော့ မစောလွန်းဘူးလားလို့ မေးစရာပါပဲ။ တကယ်တမ်း ရက်နီးလာလေ ဈေးက ပိုများလာလေ ဖြစ်တတ်တာမို့ပါ။

လေယာဉ်လက်မှတ်ဝယ်ပြီးတဲ့အခါ ခရီးစဉ်ကို စစဉ်းစားရတယ်။ ခရီးစဉ်အတွင်း သွားချင်တဲ့ နေရာတွေနဲ့ ဘယ်လိုချိတ်ဆက်သွားရမယ်ဆိုတာ စီစဉ်ရတယ်။ ခရီးစဉ်သေချာပြီဆိုတော့မှ တည်းမယ့် ဟိုတယ်လိုက်ရှာတယ်။ လာဗန်ဒါ ပန်းပွင့်တဲ့အချိန်မို့ ဟိုတယ်တွေက နှစ်ဆလောက်ဈေးတက်နေခဲ့ပြီ။ တချို့မြို့တွေမှာ Airbnb၊ တချို့မြို့မှာ Japanican ပြီးတော့ Agodaနဲ့ အဆင်ပြေသလို ဟိုတယ်တွေကို ဘွတ်ကင်တင်ပါတယ်။ နေစရာ ရပြီဆိုတော့မှ တနေရာကနေ တနေရာကို ဘယ်လို သွားမလဲ ဟိုမှာ ဘယ်လို လည်ပတ်မလဲဆိုတာ အတွက် လေ့လာတယ်။ ကားငှားပြီး ကိုယ်တိုင်မောင်းသွားရင် အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် မြန်မာပြည်က နိုင်ငံတကာလိုင်စင်ကို အသိအမှတ်မပြုတာကြောင့် ကားငှားဖို့ အစီအစဉ်ကို ဖျက်ရတယ်။ နောက်ဆုံး JR Pass 7 days ကိုပဲ ဝယ်ဖြစ်ခဲ့တယ်။ အရေးအကြီးဆုံး အင်တာနက်အတွက် Changi Recommends ကနေ အိတ်ဆောင် အင်တာနက်ကို တနေ့ စလုံးငါးကျပ်နဲ့ ငှားခဲ့တယ်။ 

ဗီဇာကိုတော့ မသွားခင်တလလောက်မှပဲ လျှောက်ဖြစ်တယ်။ အဓိကလိုအပ်ချက်တွေကတော့ သံရုံးက ညွန်ကြားထားတဲ့အတိုင်းပါပဲ။ အလုပ်ကဗီဇာတခုတင်စရာရှိတာနဲ့ အေးဂျန့်နဲ့ပဲ  တခါတည်း နှစ်ခုလုံး တင်ခိုင်းလိုက်ပါတယ်။ အပြီးအစီး ၈၅ ကျပ်ကျပါတယ်။ တကယ်တမ်းသွားရခါနီးတော့ အလုပ်တွေရှုပ်နေတာနဲ့ ခရီးဆောင်အိတ်တောင် သေချာ မထုတ်နိုင်ဘူး။ သွားမယ့်ရက် နီးလေ အလုပ်ထဲမှာလည်း စိတ်မပါပဲ ခရီးကိုပဲ စိတ်ရောက်နေခဲ့တယ်။

ကျနော့လေယာဉ်က မနက်၁နာရီလေယာဉ်ပါ။ လေယာဉ်ပေါ်မှာ အိပ်ပြီးလိုက်သွားရုံပါပဲ။ ကံကောင်းတာက ဘေးခုံမှာ တယောက်မှ မရှိတာမို့ အေးအေးဆေးဆေး အိပ်လိုက်သွားတယ်။ မနက်နိုးတာနဲ့  မနက်စာကျွေးဖို့ ပြင်ဆင်နေကြပြီ။

မနက်စာစားပြီး တနာရီကျော်ကျော်လောက်မှာ ဟိနဒလေဆိပ်ကိုဆင်းပါတယ်။ ဟိနဒ နိုင်ငံတကာ လေဆိပ်ကနေ ပြည်တွင်းလေဆိပ်ကို ဘတ်စကားနဲ့ကူးတယ်။ သူငယ်ချင်းက ရောက်နှင့်နေပြီးသားမို့ သူကပဲ လမ်းပြပြီးခေါ်လာတယ်။ အိတ်အပ်ရမယ့် ကောင်တာမှာ မိသားစု တစုနဲ့ အလုပ်တွေရှုပ်နေတာမို့ စိတ်ကလောနေခဲ့တယ်။ နောက်ဆုံးတခြားကောင်တာက လှမ်းခေါ်ပြီး Check in ဝင်ပေးခဲ့တယ်။ ၁၀နာရီမှာ ရောက်ပြီး ၁၁နာရီခွဲမှာ ပြန်ထွက်တာမို့ တော်တော်လေး ကသီပါတယ်။ နေ့လည်စာလည်းလွတ်ခဲ့တယ်။ တနာရီခွဲကျော်ကြာမယ့် လေယာဉ်ဆိုတော့ တခုခုတော့ ကျွေးမှာပဲထင်ထားခဲ့တာ တကယ်တမ်း အအေးပဲတိုက်တာမို့ မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရပါတယ်။

ဆပိုရိုလေဆိပ်ကို အချိန်မှီိရောက်ပါတယ်။ အထုတ်တွေယူပြီးတဲ့အခါ JR လက်မှတ်ရုံးကိုသွားတယ်။ ရထားချိန်လိုသေးတာမို့ reserved seat ယူပြီးတာနဲ့ ဆပိုရိုလေဆိပ်မှာပဲ  နေ့လည်စားစားကြတယ်။ စားပြီးတာနဲ့ ရထားဆီကို ပြန်ဆင်းကြတော့ စာအုပ်ထဲမှာ ညှပ်ထားခဲ့တဲ့ ရထားလက်မှတ်ကို မေ့ပြီး ပျောက်တယ်ထင်နေမိတယ်။ စားသောက်ဆိုင်ပြန်သွားမေးတော့လည်း မကျန်ခဲ့ဘူးတဲ့။ နောက်မှ သတိရပြီး စာအုပ်ထဲက ပြန်တွေ့တယ်။ အသက်ကြီးပြီးကော..

ရထားနှစ်ဆင့် ပြောင်းပြီး ဖူရာနိုးကိုသွားတယ်. တာကီကာဝါဆိုတဲ့ ရထားဘူတာမှာတော့ ရထားပြောင်းချိန် ငါးမိနစ်ပဲရပါတယ်။ ပလက်ဖောင်းပြောင်းရမှာရယ် ဘယ်ပလက်ဖောင်းလဲဆိုတာရယ် ရှာရမှာမို့ တကယ်မလွယ်ပါဘူး။ ရထားဝန်ထမ်းအဖိုးတယောက်က ဖူရာနိုးသွားမှာ မလားဆိုပြီး ကူပြောင်းပေးပါတယ်။ ဓါတ်လှေခါးကို ခလုတ်နှိပ်ပေးပြီး သူက လှေခါးကနေ တက်ပါတယ်။ သွားရမယ် ပလက်ဖောင်းရောက်တော့ ရထားကို စောင့်ခိုင်းထားပါသေးတယ်။ သူမှ မကူညီရင် သေချာပေါက် ရထားလွတ်သွားပြီ။ ကျေးဇူးတွေတင်ရင်း တာဝန်ကျေ ကူညီတတ်တဲ့ ဂျပန်အဖိုးကြီးကို အလေးပြုမိတယ်။



နယ်ပိုင်းရောက်လာလေလေ ရှုခင်းတွေက စိုက်ခင်းတွေနဲ့ ပြည့်လာလေလေပါပဲ။ စနစ်တကျ ထိန်းသိမ်းထားတဲ့ သစ်တောတွေကို ရထားလမ်းတလျှောက်လုံးငေးနေမိတယ်။ ဖူရာနိုးကို ရောက်တဲ့အခါ တည်းဖို့ စီစဉ်ထားတဲ့ အိမ်ရှင် တာကာဆန်က ကားနဲ့လာကြိုပါတယ်။ အိမ်ခန်းနှစ်ခန်းရှိတဲ့ တိုက်ခန်းမှာ ကျနော်တို့က တခန်းယူထားပါတယ်။ ဧည့်ခန်း ရေချိုးခန်းနဲ့ အိမ်သာကို ဘုံအဖြစ် မျှသုံးရမှာပါ။ ရေခဲသေတ္တာထဲမှာ လဖက်ရည်၊ကော်ဖီနဲ့ မနက်စာအတွက် ပေါင်မုန့်နဲ့ ကြက်ဥတွေပါ ထားပေးပါတယ်။ ဖူရာနိုးဟာ မြို့ငယ်လေး ဖြစ်တာကြောင့်  မနက်စောစော ဆိုင်တွေ မဖွင့်တတ်ပါဘူး။ တည်းတဲ့သူတွေ မနက်စာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ တာကာဆန်ရဲ့ စေတနာက အသိအမှတ်ပြုစရာပါပဲ။

အထုတ်တွေချပြီးတာနဲ့ တာကာဆန်နဲ့ ဖူရာနိုး ခရီးစဉ်ကို ညှိနှိုင်းကြတယ်။ တာကာဆန်က ဓါတ်ပုံခရီးစဉ် စီစဉ်ပေးမယ်ဆိုတာကြောင့် ကျနော်တို့သွားချင်တဲ့ နေရာတွေကို လှမ်းပြောထားပြီးပြီ။ သီးသန့်ခရီးစဉ် ဆယ်နာရီအတွက် တယောက်ကို ယန်းခုနှစ်ထောင် စလုံး ၈၅ကျပ်လောက် ကျပါတယ်။ မလာခင် ဈေးစုံစမ်းထားတာက တရက်ကို ယူအက်စ် ၂၅၀လောက်ဆိုတော့ အခုဈေးက အတော်လေးသက်သာပါတယ်။ ပထမနေ့ကိုပန်းကြည့်မယ်၊ ဟနမိနေ့ အဖြစ်ရွေးလိုက်ပြီး ဒုတိယနေ့ကိုတော့ တောင်ကုန်းများကို ရွေးလိုက်တယ်။



အားလုံးအစီအစဉ်ကျပြီဆိုတော့ ဒီနေ့ညနေ ဘာလုပ်မလဲ ဆိုတာ တာကာဆန်ကမေးတယ်။ ကျနော်သွားချင်တာ Ningle Terrace ပါလို့ ပြောလိုက်တဲ့အခါ တာကာဆန်က  တက္ကစီနဲ့သွားရင် ဈေးကြီးတယ် သူလိုက်ပို့ပေးမယ်လို့ပြောလာတယ်။ အသွားကိုတော့ သူ့မှာ ကိစ္စရှိလို့ သူ့ သူငယ်ချင်း ပို့ပေးမယ် အပြန်ကိုတော့သူလာကြိုမယ်လို့ စီစဉ်ပေးတယ်။ ဒါနဲ့ပဲ အဲ့ဒီမှာ ကော်ဖီသောက်ချင်တဲ့ ဆန္ဒပြည့်မြောက်သွားပါတော့တယ်။

Ningle Terrace ကအပြန် ညစာစားဖို့ကိုတော့ တာကာဆန့်သူငယ်ချင်း ဘားကို လိုက်ပို့ပေးတယ်။ Robato ဆိုတဲ့ ရှေးရိုးရာ ဘားလေးကို လွန်ခဲ့တဲ့အနှစ်ငါးဆယ်က အဖေက စတည်ခဲ့တာဖြစ်ပြီး အခုလက်ရှိ တာကာဆန့် သူငယ်ချင်းက ဆက်ခံ အလုပ်လုပ်နေခဲ့တာကြောင့် အရင် ဂျပန်ခေတ်ရှေးရိုးပုံလေးအတိုင်းဖြစ်နေခဲ့တာ။ အဲ့ဒီဘားမှာပဲ ဆိုင်ရှင်က သူငယ်ချင်းမျက်နှာနဲ့ ကျနော်တို့ကို မယ်လွန်သီး အလကားခွဲကျွေးလိုက်တာဖြစ်ပြီး အဲ့ဒီမယ်လွန်သီးကို အသည်းစွဲသွားတာပဲဖြစ်ပါတယ်။

ဘားကအပြန် ဖုန်းကနေ ဂူဂယ်အားကိုးနဲ့ ပြန်မယ်ဆိုတဲ့ လူတတ်ကြီးတွေ ဒုက္ခနဲ့ လှလှတွေ့ပါတယ်။ ငါလူလည်ပါ ဆိုတာတွေ မြေပုံက ဂျပန်စာနဲ့ပဲ တက်လာတဲ့အခါ မလည်နိုင်တော့ပါ။ လမ်းနာမည်တွေလည်း မဖတ်တတ် ဘယ်ကွေ့ရမလား ညာကွေ့ရမလားလည်း မသိ ဝေးသွားလိုက် နီးလာလိုက်နဲ့ ပတ်ချာလည်နေပါတော့တယ်။  မနေနိုင်တဲ့အဆုံး လမ်းသွားတယောက်ကို မေးတော့ သူလည်း မသိဘူးဆိုပြီး အနားလာသမျှလူတွေကို လှမ်းခေါ်အကူအညီတောင်းပါတယ်။ အင်္ဂလိပ်လိုမေးရင် ပြန်မဖြေတတ်ကြဘူးဆိုတဲ့ ဂျပန်လူမျိုးတွေ ဒီမြို့မှာတော့ အလွန်တရာကူညီကြပါတယ်။ ဖုန်းထဲကနေ ဘာသာပြန်ပြီး ကျနော်တို့နဲ့ ဆက်သွယ်တယ်။ ခပ်ငယ်ငယ် အမျိုးသမီးတယောက်က စက်ဘီးယူလာပြီး ကျနော်တို့ကို လိုက်ပို့ပေးပါတယ်။ တည်းတဲ့နေရာ ရောက်တဲ့အခါ ကောင်းသောညပါဆိုတာကို ဖုန်းထဲကနေ ဘာသာပြန်ပြီး နှုတ်ဆက်သွားပါတယ်။

စိမ့်နေအောင် အေးလာတဲ့ညမှာ လေအေးပေးစက်မလိုပဲ စောင်ခြုံပြီး အိပ်ကြရတယ်။ နွေဦးပေါက် ဂျပန်ဟာ ညတာတိုမယ်မှန်း မသိခဲ့တဲ့အချိန်ပေါ့........