28 July 2008
ဆော်လမွန်ငါးတို့အပြန်
ကိုကြီးခင်ဝမ်းရဲ့ သီချင်းလေးပေါ့။ နားထောင်ခဲ့ဖူးပေမယ့် ဘာမှန်းကသိခဲ့တာမဟုတ်။ ဟိုတလောက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ စာအုပ်တစ်အုပ်ဖတ်တော့မှ ဆော်လမွန်ငါးတွေရဲ့ အပြန်လမ်းကို သိရတော့တယ်။ ဆော်လမွန်ငါးတွေက မွေးဖွားရာ အရပ်ကနေ ရေကြည်ရာမြက်နုရာကို ရွေ့ပြီးနေထိုင်ကြတယ်တဲ့။ ဒါပေမယ့် တချိန်ကြရင် သူတို့မွေးဖွားတဲ့ အရပ်ကို မရောက်ရောက်အောင် ပြန်ကြတယ်တဲ့လေ။ ငါးလေးတွေတောင် ကိုယ့်နေရပ်ကို ပြန်ကြသေးရင် ကျနော်တို့ကော……….
ဘာလိုလိုနဲ့ ၂၈-၀၇-၂၀၀၈ ဒီနေ့ဆို ကျနော် ဒီအရပ်ကိုရောက်တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပကော။ သူ့အရပ်နဲ့သူ့ဇာတ် လိုက်လျောညီထွေဖြစ်အောင် ကခဲ့ရတဲ့ ကျနော့ရဲ့ ဇာတ်လမ်းတွေကလည်း အမျိုးမျိုး လူ့ဘ၀ဇာတ်ခုံကလည်း အမျိုးစုံအောင်ကခိုင်းခဲ့တာကိုး။ ကြုံဆုံရတာတွေကို ဘ၀သင်ခန်းစာတွေအဖြစ် ခံယူရင်း
မငိုမိအောင် နေခဲ့ရတယ်။ အားကိုတင်းအံကိုခဲပြီး ခေါင်းငုံ့ခံခဲ့ရတဲ့ ရက်တွေက ငရဲတွင်းလိုပါပဲ။ ဘာပဲပြောပြော ငါရပ်တည်ခဲ့တယ် ငါရပ်တည်နိုင်ခဲ့ပါလားဆိုပြီး မိုင်တိုင်တွေကို ပြန်ကြည့်နေမိတာပါပဲ။ အားပေးခဲ့ ဖေးမခဲ့ ဝေဖန်ခဲ့ ကဲ့ရဲ့ခဲ့တဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်လျက်ပါ။
စလာမိတဲ့ရက်တွေက အူကြောင်ကြောင် ခုထိလည်းအူကြောင်ကြောင်။ အနေအစားကလည်းပုံမှန်။ ကျဉ်းကျပ်တဲ့စိတ်တွေပေါ်တိုင်း ပြန်ချင်တဲ့အမေ့အိမ် ကလည်း ခုထိ။ အလုပ်အကိုင်အဆင်ပြေလား ဆိုတော့လည်း အိုကေပေါ့။ အဆင်မပြေဘူးလား ဆိုတော့လည်း အင်းပေါ့။ ဘာတွေတတ်မြောက်လာလဲ ဆိုတော့ လက်ဆုပ်လက်ကိုင်ပြစရာ မရှိ။ ဘယ်အချိန်အပျော်ဆုံးလဲဆိုတော့ လစာထုတ်တဲ့ရက်တွေရယ် သောကြာနေ့ညနေတွေရယ်ပေါ့။ ဘ၀မှာခဏခဏပြန်အရချင်ဆုံး အချိန်တွေပေါ့။ တန်ခိုးရှင်တစ်ယောက်နဲ့များ ရင်းနှီးရင် ဆုတောင်းလိုက်မယ့် ပြန်လိုချင်တဲ့နေ့ရက်တွေပါ။
အမေချက်ကျွေးနေကြ ဟင်းတွေကို First Food တွေနဲ့တော့မနှိုင်းယှဉ်နိုင်။ အိမ်အလုပ်တွေ ကိုယ်တိုင်လုပ်ရတိုင်း အမေ့ကို ပြေးပြေးမြင်နေမိတယ်။ အိမ်မှာဆိုသူပဲ ဒိုင်ခံလုပ်။ မနက်ပန်းတွေ ရေထလောင်းဖို့လည်း အိပ်ရေးမက်တဲ့ကျနော်က ပျက်ကွက်။ ပန်းတွေခူးပါဆိုတော့လည်း အိပ်ရာကမထသေး။ ဆွမ်းတော်ကပ်ဆိုတော့ အိပ်ချင်မူတူး။ ငါ့သားက ဒါလေးကြိုက်တယ်ဟဲ့ဆိုပြီး လက်ရှောင်ပြီးအရိုးအရင်းသာကိုက်နေတတ်တဲ့ အမေက ဒီမှာရှိမနေ။
ခုများတော့ နှိုးစက်သံကြားရင် မထချင်ထချင်ကုန်းရုန်းထ။ ၀ုန်းဒိုင်းကြဲနေတဲ့မနက်ခင်းတွေမှာ အင်္ကျီကို ကမန်းကတန်းလျှိုသွားရမြဲ။ မနက်စာဆိုတာ အမေကြော်နေကြ ထမင်းကြော်ကို ဇိမ်ခံစားဖို့အခွင့်အရေးဆိုတာပြန်ရနိုင်ပါတော့မလား။ ကော်ဖီဆိုတာ အပူကြီးကို မနည်းမျိုချနေကြလေ။ ရုံးပြန်လာတော့လည်း ညစာ ညစာ ကိုယ့်ဝမ်းပူဆာမနေသာဆိုတော့လည်း ချက်ရင်ချက်ပေါ့။ ၀ယ်စားပြန်တော့လည်း အပိုငွေကကုန်ပြန်ရော။
အဖေရဲ့ ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဆိုသံတွေက ဒီမှာကြားနေကြ you…..first day you are working in here? ဆိုတဲ့အသံတွေကြားမှာ နားဝင်ချိုရကောင်းမှန်း သိလာရတယ်။ အခန်းအေးလို့တံခါးပိတ်ပေးမယ့်လူမရှိ။ စောင်ခြုံပေးမယ့်လူမရှိ။ ဖျားနာရင် ချွေးသုတ်ပေးတဲ့အဖေက ဒီနေရာမှာရှိမနေပြန်။
ဒီကလုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောဖြစ်တဲ့အခါ အဖေအလုပ်လုပ်တဲ့ စက်ရုံမြေမှာ ငယ်ငယ်တုန်းကလို အဖေ့တပည့်တွေနဲ့ ပျော်ပျော်ပါးပါးနေရတဲ့အချိန်တွေကို သတိရမိတယ်။ ကျနော့ကို ပခုံးပေါ်မှာထမ်းသွားတတ်တဲ့ ဦးဇော်ကြီးတို့ ဦးဝင်းတင့်စိုးတို့ ကျနော့ကို စာဖတ်တတ်အောင်လေ့ကျင့်ပေးတဲ့ဦးမျိုးကျော်တို့ကို သတိရမိတတ်တယ်။
တနေ့တာသွားလိုက်ရင် တနိုင်ငံလုံးကုန်သွားနိုင်တဲ့ ဒီနေရာမှာ အဝေးက ကျနော့မြေကို အတွေးနဲ့ပြန်ဖြစ်နေတာက ခဏ ခဏ။ တောင်ကြီးဆိုလည်းသွား ငပလီ ချောင်းသာဆိုလည်းသွား ပုဂံမြေ ကျိုက်ထီးရိုးဆိုလည်းဖူးပေါ့။ ခရီးသွားတာကိုနှစ်သက်တဲ့ကျနော့အတွက် ဒီမြေဟာ အကျယ်ချုပ်မိနေသလိုပါပဲ။ အတုအယောင်တွေပေါတဲ့ ဒီမြေမှာ ကိုယ့်နိုင်ငံက သဘာဝအစစ်အမှန်တွေကိုတောင့်တနေမိတယ်။ တကယ်တော့ဒီကျိန်စာက ကိုယ်ကိုတိုင်ခတ်ခဲ့တာဆိုတော့ နာကျင်မှုဆိုတာမညည်းတွားသင့်ဘူးနော်။
အစားအသောက်တွေကလည်း ပေါတော့ပေါပါတယ်။ အဆင်သင့်စားနိုင်တဲ့ဆိုင်တွေက ရုံးတွေ အိမ်တွေ အောက်မှာ ရှိလေရဲ့။ ဒါပေမယ့် ကိုယ့် ဗမာလျှာနဲ့တည့်ဖို့ကမလွယ်။ မနက်စောစော အုန်းနို့ခေါက်ဆွဲလေး မုန့်ဟင်းခါးလေး အီကြာကွေးလေး စားချင်ပင်မယ့် ခေါက်ဆွဲပြုတ်နဲ့ပေါင်မုန့်က လွဲရင် တခြားမရှိခဲ့။ ဦးရေခဲမုန့်ဟင်းခါးလေးစားပြီး ငှက်ပျောသီးကောက်ညင်းထုတ်လေးတွေ ဆွဲရတဲ့ရက်တွေကို တမ်းတမိတာ အခါခါ။ ရေကျော်က ဘိန်းမုန့်စားမလား မြေအိုးမြီးရှည်စားမလား အီကြာကွေးကို ကြွပ်ကြွပ်ကျော်တာ စားမလား ပြီးရင်ထောပတ်သီးသောက်မလား ရွေးချယ်ရခက်တဲ့ရက်တွေက ဝေးကွာလွန်း။ မင်းလမ်းက ရခိုင်မုန့်တီကို ကိတ်စနဲ့ငါးဖယ်ထည့်ပြီးခပ်စပ်စပ်စားချင်တာလည်း တဒုက္ခ။ အင်းလျားလမ်း Happy က ခေါက်ဆွဲပြုတ်တွေရယ် ပျားရည်ဆမ်းငှက်ပျောသီးကြော်ကို သတိရတာလည်းအမှန်။ ပြီးတော့မြေနီကုန်းက ၀က်သားဒုက်ထိုးဆိုင်ရယ် ၀က်သားသုတ်နဲ့ ၀က်နံရိုးကြံမဆိုင်ရယ်က တလုပ်ကယ် ၀,၀ စားလိုက်ချင်ပါသေးရဲ့။
ဒီနေရပ်မှာ အသီးအနှံကလည်း ပေါပါရဲ့။ တစ်နှစ်လုံး လိုချင်တာအကုန်ရနိုင်တယ်လေ။ ဒါပေမယ့် အရသာကတော့ မမျှော်လင့်နဲ့။ ဒီအသီးပါလားဆိုပြီးစိတ်ထဲက ခံစားပြီးသာ စားပေတော့။ ဘာမှမဆိုင်လေတဲ့ ကျနော်တို့မြေက အသီးတွေရဲ့စစ်မှန်တဲ့အရသာကို တချိန်မှာတော့ ပြန်စားရဖို့ အားမွေးထားတယ်။
ဘယ်လောက်တိုးတက်တယ်ပြောပြော ဘယ်လိုပဲကြီးကျယ်ခမ်းနားတယ် ပြောပြော စိတ်ဓာတ်ပိုင်းဆိုင်ရာ ယဉ်ကျေးဖို့လိုနေသေးတဲ့ (ကျနော့အမြင်ပါလေ မှားကောင်းမှားနိုင်တာပေါ့) လူတွေရဲ့ ကြားမှာနေရတိုင်း ကျနော့ရွာကလူတွေကို အောက်မေ့သတိရစိတ်နဲ့ မျက်ရည်ဝဲရမြဲ။
ပြန်ချင်တိုင်းပြန်ဖို့ကြတော့လည်း ရန်ကုန်-မန္တလေးပြန်သလို လက်မှတ်လေးဝယ်ပြီး ကောက်ထည့်ပြန်လို့ရရင်ဟုတ်သေးရဲ့။ ခွင့်ကလည်းပေးဦးမှ။ ခုတလော စီနီယာ သုံးယောက်က နောက်လကနေစပြီး တစ်လခွင့်ယူသွားပြီဆိုတော့ ဝေးပါသေးတယ်။ ပြီးတော့ အရမ်းအရမ်းကို အရေးကြီးပါတဲ့ ပြည်တော်ပြန်ခွန် မပါသွားလို့ကတော့ ဘာတွေဆက်ဖြစ်ကြမလဲ မတွေးရဲ။
ဆောင်စရာပိုက်ဆံကလည်းမရှိသေးဆိုတော့ ဒီနှစ်အတွက်တော့ ဒီမောင်လက်လျော့ရတော့မှာပေါ့။
ကျနော်သာ ဆော်လမွန်ငါးလေးများဖြစ်ရင်လေ သြော် ဆော်လမွန်ငါးဖြစ်ရင်လေ………………………
The above photo is copied from fotosearch website.
Subscribe to:
Post Comments (Atom)
10 comments:
ကိုရွာသားလေးရေ... ဆောလမွန်ငါးတွေကို အားကျမိပါတယ်။ ခံစားနေရတာတွေနဲ့ အားလုံးလိုလို တိုက်ဆိုင်နေတော့ ဖတ်ရတာ ၀မ်းနည်းလာတယ်။ တခါတခါ မတွေးပဲ တမင်နေမိတယ်။ တွေးမိရင် ခံစားရတာကြီးကို ရှောင်ချင်လို့ပါ။ တနေ့နေ့တော့ အိမ်ပြန်နိုင်ကောင်းပါရဲ့... တနေ့နေ့ပေါ့...
အဖြစ်တွေက စုံ ရေးထားတာလေးတွေက မေတ္တာတရားတွေ တွေ့ နေရတယ် နွေးထွေးနေတာပေါ့ ။ တစ်နေ့ ပေါ့ဗျာ ပြန်ရမှာပါ မဟုတ်ဘူးလား အားတင်ထား ဘရားသား ချီးစ်ယားးးးးးး ။
ပုံ/
ဆောလမွန်ငါးတွေထဲက ငါးပေါက်စတစ်ကောင်
အင်း..ဟုတ်တယ်နော်..
ဒီဘ၀ စမိတာလည်း ကိုယ်ပဲ..အလုပ်မရင် ဒီလပြန်ရတော့မယ်ဆို
ပျော်နေတာ..ကျွန်ဆက်ခံရဦးမယ်ဗျို့
ကျောင်းမပြီးခင်က ဂဒီးဂဒီးပြန်ထားတာ ဟုတ်သွားပြီ
အခွန် ကိစ္စ မေ့နေတယ်....
အစ်ကိုရေ တနေ့ကျပြန်ကြ
မယ်နော်
တစ်နေ့ပေါ့အစ်ကိုရယ်..
ရောက်မလာဘူးလို့တော့မပြောနိုင်ပါဘူး..
Hi Hi,
Salmon fish return home to spawn.. and they die lay.
don't want..don't want ..
don't want to be a salmon .
ha ha..
hey ur writing is not so bad !
Ganbatte frd..
ဟုတ်တယ်ဗျာ ၊၊ဒီလိုနဲ့ ရုန်းရင်ကန်ရင်း နာရီတွေ လတွေ နှစ်တွေ စားကုန်တယ်၊၊ ဘာပဲဖြစ်ဖြစ်လေ ...ဆော်လမွန်ငါး လေးတွေရဲ့ စိတ်ဓာတ်လို အမိမြေပြန်ဖို့ အမြဲသတိရပေါ့ဗျာ၊၊ ဆန္ဒ ၊ကာလအပိုင်းအခြား နဲ့ဘ၀အခြေအနေ ကိုအံတုနိုင်တဲ့ အခါလိုအင်တွေပြည့်လာမှာပါ .. ၊၊
ပြန်ချင်တယ် .. ပြန်ချင်တယ် ဒါပေမဲ့ အခွန်မဆောင်ချင်ဘူး ။ :(
ပြန်လာဖတ်တယ်။
ဆော်လမွန်ငါးတို့ အပြန် အင်း ဒီသီချင်းလေးကို ကြိုက်တယ် ခုတမ်းချင်းလေးကိုလည်း သဘောကျတယ် မျှော်လင့်နေသည် မဝေးတော့သည့် ရွှေပြည်သစ်ဆီပေါ့ (ပျော်ရာမှာမနေ တော်ရာမှာနေ နေရတဲ့ဘ၀တူတွေကို ကိုယ်ချင်းစာမိပါတယ်)
ရေကို ဆန်တက်
အိမ်အပြန် ခက်ပေမယ့်
မရောက်ရောက်အောင်ပြန်နိုင်တဲ့
ဆော်လမွန်ငါးပဲ ဖြစ်ချင်တယ် ။
(မဖတ်ဘူးသေးတော့ အသစ်ပဲ)
Post a Comment