23 June 2017

လွမ်ပရာဘန်သို့မဟုတ် တောင်တန်းမြေ

ဒီနှစ် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် လေးရက်ရယ် အလုပ်က ပိတ်ရက်တရက်ရယ် အားလုံးပေါင်း ငါးရက်ဖြစ်သွားတယ်။ ဒါနဲ့ ခရီးတခုတော့သွားမှပါလေ ဆိုပြီး ကြည့်တော့ လေယာဉ်လက်မှတ် ဈေးအသက်သာဆုံးက စလုံး ၃၆၀နဲ့ မနီလာပဲရှိတယ်။ မနီလာမြို့ထက် ဖိလစ်ပင်းရဲ့ တခြားနေရာတွေကို သွားဖို့ ပိုစိတ်ဝင်စားတာ။ ဘန်ကောက်လို နေရာမျိုးတောင် ဘတ်ဂျက်လေယာဉ်လိုင်းတွေက စလုံး၇၀၀ကျော်နေလေရဲ့။ မထင်မှတ်ပဲ Changi website ထဲမှာ Laos အဲလိုင်းကနေ ဈေးချတယ်ဆိုတာ သွားတွေ့မိတယ်။ ဆက်သွယ်ကြည့်တဲ့အခါ လွမ်ပရာဘန်ကို စလုံး ၃၂၀ပဲ ကျပါမယ်။ ပုံမှန်ဈေးက ၆၀၀၊ ၇၀၀လောက်ရှိပါတယ်။ Silk Air က မနှစ်ကစပြီး ပျံသန်းနေပေမယ့် ၅၀၀၊၆၀၀ လောက် အမြဲဖြစ်နေတတ်တယ်။ တကယ်တမ်း ကျနော့ကို လွမ်ပရာဘန်က ဓါတ်ပုံတပုံက ဖမ်းစားထားတာ မနှစ်ကတနှစ်လုံးပါ။ အဲ့ဒီဓါတ်ပုံထဲက ရေတံခွန်ဟာ လွမ်ပရာဘန်မှာ ရှိနေခဲ့တာ.....

ဒါနဲ့ ခရီးထွက်ရင် ခေါ်ပါဆိုတဲ့ လူတွေကို လက်တို့ပါတယ်။ ပုံမှန်က တယောက်တည်း အမြဲသွားတတ်တယ်။ ခွင့်မယူချင်တာ၊ ခွင့်မရတာ၊ အလုပ်မအားတာ၊ဘတ်ဂျက်ကျော်သွားတာ ဆိုတဲ့ ဆင်ခြေတွေရှိတဲ့ သူငယ်ချင်းတွေကို မခေါ်တတ်ပါဘူး။ လက်တို့လိုက်ရင် လိုက်မှာ သေချာတဲ့ သူတွေကို ခေါ်ရတာ ပိုအားရှိတယ်။ သူတို့ကလည်း အိုကေဆိုပြီး လေယာဉ်လက်မှတ် ဖြတ်ဖို့ ပိုက်ဆံကိုလွှဲလိုက်ကြတယ်။ ဈေးချထားတဲ့ လက်မှတ်လိုချင်ရင် တပတ်အတွင်း လေယာဉ်လက်မှတ်ဖို့ ဘဏ်ကနေ လွှဲပေးရမယ်ဆိုတာကြောင့် ခပ်မြန်မြန်ပဲလွှဲလိုက်ကြတယ်။ သွားမှာက ဇန်နဝါရီလကုန်ပါ။ လေယာဉ်လက်မှတ်ကို နိုဝင်ဘာလ ၂၀၁၆ထဲက ကြိုဝယ်ထားတာ။ နိုဝင်ဘာ ၁၄ရက်နေ့ လေယာဉ်လက်မှတ်ရလာတဲ့အခါ လက်မှတ်ပေါ်မှာ ၃၇၅ကျပ်လို့ပါတယ်။ သူငယ်ချင်းက မေးပါတယ်။ ပိုက်ဆံများထပ်ပေးရမလား မသိဘူးနော်တဲ့။ ကျနော်ကတော့ ဒါ ဈေးချထားတာလေ သူတို့ပြောတဲ့ဈေးပဲ ပေးလိုက်တာ၊ ဈေးနှုန်း မကိုက်ရင် ဘယ်လိုလုပ် လက်မှတ်ထုတ်ပေးမလဲလို့ ဖြေမိတယ်။

နိုဝင်ဘာ ၂၂ရက်နေ့မှာတော့ ပထမလေယာဉ်လက်မှတ် ပို့ပေးတဲ့သူက ကျနော်တို့သွားမယ့်နေ့ဟာ တရုတ်နှစ်သစ်ကူးဖြစ်တာမို့ တယောက်ကို ထပ်ဆောင်း ၅၅ကျပ်ပေးရမယ်လို့ စာပို့လာတယ်။ တရုတ်နှစ်သစ်ကူးဆိုတာ တခြား ဘာသာရေးပွဲတော်လို လမင်း၊နေမင်းကိုကြည့်ပြီးမှ အလိုက်သင့်လုပ်ရတာမျိုး မဟုတ်ပဲ ရက်တွေသတ်မှတ်ပြီးသားတွေပါ။ တနှစ်လောက်အလိုကတည်းက အလွယ်တကူသိနှင့်ပြီးသား ဒီပိတ်ရက်ကို လက်မှတ်ဖြတ်ပြီးမှ ထပ်ဆောင်းငွေပေးရမယ်ဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဒါကြောင့် မပေးနိုင်ဘူးလို့ အကြောင်းပြန်လိုက်တယ်။ United Airline ရဲ့ဆွဲချတဲ့အဖြစ်အပျက်တွေ မဖြစ်သေးဘူးဆိုတော့ ကျနော်တို့ကတော့ ခပ်မာမာပဲ။ တခြားသူငယ်ချင်းတယောက်ကတော့ Expedia ကနေဝယ်ခဲ့ပြီး စလုံး၂၉၀ပဲ ပေးရတယ်။ ကျနော်တို့လို အခြေအတင်တွေတောင် ဖြစ်စရာမလိုခဲ့ဘူး။

ဟိုတယ်ကိုလိုက်ရှာတော့ ကြမ်းခင်း အခန်းကျယ်ကျယ်မှာ နေချင်လို့ မနည်းလိုက်ရှာရပါတယ်။ Rendezvous Boutique Hotel ကို နောက်ဆုံးမှာ စိတ်ကြိုက်ရွေးလိုက်တယ်။  ငါးညကိုမှ တယောက်ကို စလုံး ၁၇၅ကျပ်ပဲ ပေးရတယ်။ ညဈေးနဲ့လည်း နီးတယ်တဲ့...

ပြီးတော့ ခရီးစဉ်၊ တောင်တက်ချင်တဲ့ သူနဲ့ စလုံးမှာ လမ်းမလျှောက်ချင်တဲ့သူတွေရဲ့ အလည်တည့်တည့်မှာ ကျနော်ပါ။ နှစ်ဖက်စလုံးကို မျှသွားအောင် တောင်တက်နှစ်ရက်ခရီး တရက်ကိုလေးနာရီ၊ City tour တရက်၊ Free & Easy တရက် လုပ်ပေးလိုက်မှ အတော်ဖြစ်သွားကြတယ်။ ခရီးစဉ်ကိုတော့ My Laos Home ဆိုတဲ့ အေးဂျန့်ဆီကနေ ဝယ်တယ်။ တရက်ကို ယူအက်စ် ၅၀နဲ့ သုံးရက်စာ တယောက်ကို ၁၅၀ကျပါတယ်။ တခြားနိုင်ငံတွေထက် ဈေးနည်းနည်းပိုကြီးတယ်။ ဈေးလျှော့မပေးပဲ ကျနော်တို့ကို လေဆိပ်လာကြိုပေးမယ်လို့ စီစဉ်ပေးခဲ့တယ်။
လေယာဉ်က ဗီယက်တိုင်းမှာ တထောက်နားပါတယ်။ဗီယက်တိုင်းမှာ လေယာဉ်ခရီးစဉ် တနာရီ နောက်ကျနေခဲ့တယ်။ လွမ်ပရာဘန်ကို နေဝင်ပြီးမှပဲ ရောက်ပါတော့တယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး တောင်တွေ အင်မတန်ပေါပါတယ်။  ခရီးဆောင်အိတ်တွေ ထွက်လာဖို့ အတော်လေးစောင့်လိုက်ရတယ်။ အပြင်မှာ တိုးဂိုက်နဲ့တွေ့ပြီး ဟိုတယ်ကိုမောင်းပို့ပေးတယ်။ တိုးဂိုက်က အတော်လေးရှင်းပြချင်တဲ့ ပုံပေါက်သလို၊ တလမ်းလုံးသူငယ်ချင်းကလည်း မေးခွန်းတထောင်နဲ့ အတော်လေး အဆင်ပြေလာကြတယ်။

ဟိုတယ်ခန်းက ကျယ်ကျယ်လွင့်လွင့်ပါ။ အထုတ်တွေချပြီးတာနဲ့ ညစာစားဖို့ ညဈေးဖက်ကို ထွက်ကြတယ်။ ဟိုတယ်မှာ မြေပုံတောင်းတော့ ဟိုတယ်က ပြန်ပြောတယ် ဒီမှာ လမ်းပျောက်တယ်ဆိုရင် လွမ်ပရာဘန်မှာ ပထမဆုံးသော လမ်းပျောက်တဲ့ ဧည့်သည် မင်းတို့ဖြစ်သွားမယ်တဲ့...








ဟိုတယ်ကနေ ဆယ်မိနစ်မပြည့်ခင် ညဈေးကိုရောက်တယ်။ လာအို သုံးငွေ KIP ကိုအဲ့ဒီရောက်မှ လဲကြတယ်။ ကျနော်က ယိုးဒယားငွေ လက်ကျန်ရှိတာနဲ့ပဲ လဲလိုက်တယ်။ ပိုက်ဆံ လက်ထဲရောက်တာနဲ့ ညဈေး အဝင်က မုန့်လင်မယားလို မုန့်ကို ဝယ်စားတယ်။ ဈေးတန်းတဆုံး သွားကြတယ်။ အဆုံးနားမှာ အသီးဖျော်ရည်တခွက်ကို ယူအက်စ် နှစ်ကျပ်နဲ့ရောင်းတာ ဆွဲကြပြန်တယ်။ ဗိုက်ဆာနေပြီဆိုတော့ ညဈေးထဲက စားသောက်ဆိုင်တန်းကိုပဲ ဦးတည်လိုက်ကြတော့တယ်။ ငါးကင်၊ ဝက်သားကင်၊ ကြက်သားကင် ကိုယ်စားချင်တာကိုယ်ဆွဲလာကြတယ်၊ ထမင်းတော့ မစားပဲ ကောက်ညှင်းကိုပဲ အဓိက စားကြတယ်။ ဝါးလုံးတန်းထိုင်ခုံတွေမှာလည်း စားသောက်သူတွေ ပြည့်နှက်နေတယ်။ နေရာလွတ်တခုကိုဝင်ထိုင်ရင်း ယိုးဒယားက တယောက်တည်းလာတဲ့ ဧည့်သည်နဲ့အဖွဲ့ကျသွားကြတယ်။ ငါးကင်တွေတောင် လဲစားကြတဲ့အထိပါပဲ။ စားသောက်ပြီးကြတဲ့အခါ ညဈေးဆိုင်ခန်းတွေ သိမ်းနေကြပြီ။ နောက်နေ့မနက်ကို တောင်တက်ခရီးစမှာမို့ ရေမိုးချိုးပြီးတာနဲ့ နားလိုက်ကြတော့တယ်......

18 June 2017

ဘူရာခိုင်းနဲ့ Island hopping


နောက်တနေ့ မနက် ဆယ်နာရီမှာ Island Hopping နဲ့ Snorkeling လုပ်ဖို့ ချိန်းထားခဲ့ပြီးပြီ။ ဆယ်နာရီမှာ လုပ်မယ်လို့အချိန်ကိုတော့ မနေ့ညက မအိပ်ခင်မှာ လှမ်းအကြောင်းထားပါတယ်။ မနက်စာစားပြီးတာနဲ့ Dmall ကို ဟိုတယ်က ကားနဲ့ သွားကြတယ်။ ကျနော်တို့ ရောက်တဲ့အချိန်မှာ ပထမချိန်းထားတဲ့ စက်လှေက ခရီးစဉ်က ပြန်မလာသေးတာကြောင့် နောက်တစင်းကို နာရီဝက်စောင့်ရတယ်။ စောင့်နေတုန်းမှာ ဆေးသွားဝယ်ပြီးသောက်ထားလိုက်တယ်။ အဆင်ပြေသွားတာပေါ့..
စက်လှေရောက်တာနဲ့ ချက်ချင်းထွက်ကြတယ်။ ပထမဆုံး Ilig Iligan Beach မှာရပ်ပေးပါတယ်။ သန္တာကျောက်တန်းတွေ သဘာဝအတိုင်းရှိနေဆဲမို့ သိပ်ကိုလှတဲ့နေရာတခုပါ။

နောက်တနေရာအဖြစ် Crocodile Island မှာ ရပ်ပေးပါတယ်။ ဒီနေရာက ငါးတွေက လက်ထဲက ပေါင်မုန့်ကို မကြောက်မရွံ့ တိုးဝင်တွယ်ကပ်စားကြတာ။ အတော်လေး ယဉ်ပါးနေတဲ့ပုံပါပဲ။ 
Crocodile Island ကနေ ခွာတော့ Crystal cove Island ကိုသွားကြတယ်။ အဲ့ဒီမှာ ရေက အရမ်းကြည်ပြီး သိပ်ကိုလှတဲ့ ကျွန်းတခုပါပဲ။ ကျွန်းထဲမှာ ပြင်ဆင်ထားတဲ့အရာတွေကို ဝင်ကြည့်မယ်ဆို ဝင်ကြည့်ခွင့် ပီဆို၂၅၀ပေးရမှာဖြစ်ပါတယ်။ သဘာဝအတိုင်းမဟုတ်ပဲ ပြင်ဆင်ထားတဲ့အရာတွေမို့ ကျနော်တို့ မကြည့်ခဲ့ကြဘူး။ ကမ်းစပ်မှာပဲ ဓါတ်ပုံရိုက်ပြီးပြန်လာကြတယ်။ အဲ့ဒီနေ့က လှိုင်းအတော်ကြီးတာမို့လန်ကာဝီခရီးစဉ်တုန်းက အသည်းငယ်တဲ့ ကျနော့ဘော်ဒါနှစ်ယောက်ကို သွားသတိရမိတယ်။
ဒီတခါတော့ ဆေးအစွမ်းထင်ပါတယ်။ ခေါင်းမမူး မအန်ခဲ့ပါဘူး။ ဒီနေ့တော့ ပင်လယ်စာစားကြမယ်ဆိုပြီး ကမ်းကပ်တာနဲ့ ပင်လယ်စာ စားဖို့သွားကြတယ်။ ပင်လယ်စာမှာ နာမည်ကျော်တဲ့ Dlipapa ကိုတမျှော်တခေါ်လိုက်ရှာရတယ်။ စားသောက်ဆိုင်မှတ်ပြီးလိုက်ရှာတာ တကယ်က Sea food Wet Market ဖြစ်နေတယ်။ အဲ့ဒီဈေးထဲက လတ်လတ်ဆတ်ဆတ်ဝယ် အနားပတ်ပတ်လည်က စားသောက်ဆိုင်တွေမှာ အလေးချိန်နဲ့ချိန် ဟင်းချက်ခပေးပြီး စားကြသောက်ကြတဲ့ ထုံးစံ။ ဂဏန်းချက်နဲ့ ငါးကင်ပဲ စားလို့ အဆင်ပြေတယ်။ ကျန်တာတွေက လန်ကာဝီပင်လယ်စာဆိုင်ကို မမှီပါဘူး။









နေ့လည်စာစားပြီးတာနဲ့ ဒီနေ့ ညနေခင်းကို နေဝင်ရှုခင်းကြည့်ဖို့ နောက်ထပ်ကမ်းခြေတခုမှာ စီစဉ်ထားတယ်။ ပူကာကမ်းခြေကို ပီဆို၂၅၀နဲ့ တုပ်တုပ်စီးပြီး သွားကြတယ်။ ကမ်းခြေကစားသောက်ဆိုင်မှာ ထောပတ်သီးတခွက်နဲ့ နေဝင်ချိန်ကို မျှော်ရတယ်။ လမ်းလျှောက်သူတွေ၊ဘော်လီဘောပုတ်သူတွေနဲ့ ငါးဖမ်းစက်လှေတွေကြောင့် ကမ်းခြေက အသက်ဝင်နေတယ်။ တိမ်ထူတဲ့ နေ့ဖြစ်တာကြောင့် နေတဖြည်းဖြည်း ဝင်လာတာကို ကောင်းကင်အရောင် တိမ်အရောင်ကနေပဲ သိရတယ်။ နေလုံးကြီးကိုတော့ မမြင်လိုက်ရပါဘူး။ ဘာပဲပြောပြော လှိုင်းပုတ်သံတွေနဲ့ ငြိမ်သက်နေတဲ့ အရပ်တခုမှာ အေးအေးဆေးဆေး ရှိခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းတခု တိုးတာပေါ့လေ.
ကမ်းခြေက ပြန်တော့ Boracay Toilet ဆိုတဲ့ ဆိုင်ကိုဝင်တယ်။ Station 1 မှာရှိပါတယ်။ ဝန်ထမ်းတွေက ဖော်ရွေကြတယ်။ ဈေးနည်းနည်းကြီးတာ ဆိုင်အပြင်အဆင်ကြောင့်ဖြစ်မယ်။ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် ဟလိုဟလို ဆိုတဲ့ အစာကို မြည်းစမ်းကြည့်ပါတယ်။ ဖါလူဒါလိုပုံစံပါပဲ ဒါပေမယ့် ဖါလူဒါက ပိုကောင်းတယ်။




စားသောက်ဆိုင်ကနေ Dmall ကိုပြန်သွားတယ်။ Fire Dance ကနေတာကို ငေးကြပြန်တယ်။ နာမည်ကျော် Lechon meat ကိုဝယ်ပြီး ဟိုတယ်ပြန်လာကြတယ်။ နည်းနည်းအချိန်စောသေးတယ် မနေ့ကလိုပဲ အနှိပ်ခံကြမလား ဆိုပြီး အနှိပ်ခံကြပြန်ရော...

မနက်စောစော ဟိုတယ်မှာ Check out လုပ်ပြီး မနက်စာစားတယ်။ ကိုးနာရီခွဲမှာ စီစဉ်ထားတဲ့အတိုင်း လာကြိုပါတယ်။ ကား၊ သင်္ဘော နဲ့ ကားနှစ်နာရီ စီးပြီးတဲ့အခါ ကာလီဘို လေဆိပ်ကိုရောက်ပါတယ်။ ကာလီဘိုကိုရောက်တာနဲ့ မိုးသည်းသည်းမည်းမည်း ရွာပါတော့တယ်။ ကာလီဘိုလေဆိပ်မှာ ပီဆို၇၀၀ လေဆိပ်ခွန်ဆောင်ဖို့ ငွေချန်ကြပါလို့ သွားမယ့်ခရီးသည်တွေကို သတိပေးချင်ပါတယ်။ တချို့က ငွေအကုန်သုံးတတ်ကြတာမို့ ဒုက္ခရောက်နေကြတာ တွေ့ခဲ့ရလို့ပါ။

မိုးစက်တွေကြားကနေပဲ ဘူရာခိုင်းကို လက်ပြနှုတ်ဆက်လိုက်ပါတော့တယ်.........


16 June 2017

ဘူရာခိုင်း နဲ့ ရေငုပ်ခြင်း


မနက်စာ စားပြီးတာနဲ့ Infinity pool မှာ ရေသွားကူးကြမယ်ဆိုပြီးထွက်လာတာ ရေကူးကန်မှာ လူများနေတာနဲ့ ကိုယ်ပိုင်ကမ်းခြေကို ရောက်သွားတယ်။ ကမ်းခြေက သဲဖြူဖြူ ရေကလည်း ကြည်နေတာပါပဲ။ ငါးရောင်စုံတွေကိုမြင်နေရပြီး သန့်ရှင်းတဲ့ ပင်လယ်ပါပဲ။ သီးသန့်ကမ်းခြေဖြစ်တာမို့ လူတွေနဲ့ ကြပ်ခဲမနေပဲ အေးအေးဆေးဆေးရှိနေခဲ့တယ်။ ကမ်းခြေမှာ ရေကူးပြီးတာနဲ့ အခန်းကိုပြန်ကြတယ်။ ဟိုတယ်က Shuttle Bus နဲ့ Dmall ကိုဆင်းတယ်။ ရေငုပ်မှာမို့ ဗိုက်ပြည့်အောင်ထိ မစားပဲ ပေါ့ပေါ့ပါးပါးကို ရွေးလိုက်ကြတယ်။

ချိန်းထားတဲ့ အချိန်ရောက်တဲ့အခါ သင်တန်းဆရာ ဂျန်ဂျန်က ကျနော်တို့ကို ကြိုတယ်။ ပစ္စည်းကိရိယာတွေအကြောင်း တဆင့်ပြီးတဆင့် အသေးစိတ်ရှင်းပြတယ်။ တယောက်နဲ့တယောက် ဆက်သွယ်ရမယ့် အချက်ပြပုံတွေပြောပြပြီးတဲ့အခါ ရေတိမ်မှာ လေ့ကျင့်ခန်း စတယ်။ ပထမ BCD ကိုလေထုတ် လေသွင်းကနေ စလေ့ကျင့်တယ်။ နောက်ထပ် အသက်ရှူကိရိယာထဲ ရေဝင်ခဲ့ရင် အသက်ပြင်းပြင်းရှူထုတ်ခြင်းဖြင့် ရေကိုထုတ်တာ ပြီးတော့ လျှာနဲ့ ရေဝင်ပေါက်ကိုပိတ်ပြီး ခလုတ်နှိပ်ပြီး ရေထုတ်တာ၊ အသက်ရှူကိရိယာ တခြားသူနဲ့ မတော်တဆ တိုက်မိပြီး လွတ်ထွက်သွားခဲ့ရင် ဘယ်လို ပြန်ရှာယူရမယ်ဆိုတာအထိ မရမခြင်း ကျင့်ခိုင်းတယ်။ နောက်ထပ်လေ့ကျင့်ခန်းတွေကတော့ မျက်နှာမှန်ကာထဲကို ရေဝင်သွားခဲ့ရင် ပြန်ထုတ်ဖို့၊ ရေအောက်ဖိအားကြောင့် နားအူလာရင် ဘယ်လိုလုပ်မလဲဆိုတာတွေပါ ပါပါတယ်။
အားလုံးအဆင်သင့်ဖြစ်သွားတဲ့အခါ လှေဆီကိုချီတက်ကြတယ်။ ကမ်းခြေနဲ့ ခပ်လှမ်းလှမ်းကိုရောက်တဲ့အခါ ဂျန်ဂျန်က သူတို့ရုံးကိုရောက်ပြီဆိုပြီး အရင်ဆင်းသွားတယ်။ ကျနော်တို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးတဲ့အခါ တယောက်ချင်းဆီကို နောက်ပြန် ဇောက်ထိုးရေထဲထိုးချခိုင်းတယ်။ တခါတည်းရေအောက်ကို တိုက်ရိုက်ရောက်သွားပြီး လူက အလိုက်သင့်အလျားသင့်ဖြစ်အောင် ခဏစောင့်ပေးတယ်။ ပြီးတာနဲ့ ရေအနက် ငါးမီးတာကိုခေါ်သွားပြီး ငါးရောင်စုံတွေနဲ့ ဓါတ်ပုံရိုက်ပေးပါတယ်။

ငါးမီးတာကနေမှ တဖြည်းဖြည်း ဆယ့်နှစ်မီတာအထိ တဖြည်းဖြည်း ခေါ်သွားပါတယ်။ ရှစ်မီတာလောက်ရောက်တဲ့အခါ ပါလာတဲ့ Gopro ရေအောက်ကင်မရာက အိမ်မပါတဲ့အတွက် အလုပ်မလုပ်တော့ပဲ ရပ်သွားတယ်။ ရေအောက်ကြမ်းပြင်မှာ Nemo ငါးလေးတွေနဲ့ ဆုံဖြစ်ခဲ့တယ်။

အချိန်ပြည့်တဲ့အခါ ရေအနက်ကနေ ရေတိမ်ကို တဖြည်းဖြည်း ပြန်ခေါ်လာတယ်။ ဒီတခေါက် ရေထဲမှာ မအန်ချင်ပဲ အဆုံးထိရေငုပ်လိုက်နိုင်တယ်။ အပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ထုံးစံအတိုင်း အန်ပါတော့တယ်။ ဂျန်ဂျန်ကတော့ ကျနော့မှာ Sea sickness ရှိတာလို့ပြောပြီး နောက်တခါ ပင်လယ်ထဲမဆင်းခင် တနာရီ ဆေးကြိုသောက်ဖို့၊ တကယ်လို့ မူးလာခဲ့ရင်လည်း အနီးဆုံးကို မကြည့်ပဲ အဝေးကရှုခင်းတွေ အစိမ်းရောင်တွေကို ကြည့်ပါလို့  အကြံပေးခဲ့တယ်။


အဲဒီညနေကိုတော့ နေဝင်ရှုခင်းကြည့်ရင်း ညစာစားကြမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်။ ဒါနဲ့ နေဝင်ရှုခင်းကြည့်လို့ကောင်းတဲ့ Spider house ကိုသွားကြတယ်။ ညနေ လေးနာရီကျော်မှာ ဆိုင်ကိုရောက်ပေမယ့် ရှုခင်းကြည့်လို့ကောင်းတဲ့ နေရာတွေ အကုန်ပြည့်နေခဲ့ပြီ။ ဒီဆိုင်မှာ ရေထဲကိုခုန်ချလို့ရတဲ့နေရာ ရှိသလို၊ရေလယ်ခေါင်မှာ နားခိုဆော့ကစားဖို့ နေရာတွေလည်း ရှိတာမို့ စည်ကားတာနေမယ်။ ဇွဲနဲ့ စောင့်ကြည့်ရင်း နေရာလွတ်တွေရွှေ့ရင်း နေလုံးဝင်တာ မမြင်ရပဲ တိမ်တွေကို အလင်းရောင်နဲ့ ဆေးရောင်ခြယ်သွားတာပဲ မြင်လိုက်ရတော့တယ်။

မှောင်ပြီဆိုတော့ ဟိုတယ်ကိုပြန်လာကြတယ်။ ဟိုတယ်ပြန်ရောက်တော့ ငြိမ်ငြိမ်မနေနိုင်ကြသေးဘူး။ ရေငုပ်ထားတာ ပင်ပန်းတယ် အနှိပ်ခံကြမယ်ဆိုပြီး ဟိုတယ်က ဝန်ဆောင်မှုကို အခန်းထဲ လှမ်းခေါ်တယ်။ တနာရီကို ပီဆို၇၅၀နဲ့ အေးအေးဆေးဆေး ဇိမ်ခံလိုက်ကြသေးတယ်။ နှိပ်တာကတော့ အင်ဒိုနီးရှားထက်ကောင်းပြီး ယိုးဒယားကိုတော့ မမှီသေးဘူး......

12 June 2017

ဘူရာခိုင်းကမ်းခြေ

ခရီးတခု သွားကြမယ်လေဆိုပြီး စဉ်းစားတော့ တခါမှ မရောက်ဖူးသေးတဲ့ ဖိလစ်ပိုင်ကို တွေးမိတယ်။ ဖိလစ်ပိုင်မှာ အဓိကသွားချင်တဲ့ နေရာတွေ ရှိပေမယ့် ခွင့်ရက်နဲ့ ကုန်ကျစရိတ်တွေ ထည့်တွက်လိုက်တဲ့အခါ ဘူရာခိုင်းဆိုတဲ့ ကမ်းခြေကို ရွေးမိကြတယ်။ ဘူရာခိုင်းက Trip Advisor မှာ မနှစ်က အကောင်းဆုံးကမ်းခြေ ဆုရထားတဲ့  ကမ်းခြေတခုပါ။ အသွားအပြန်လေယာဉ်လက်မှတ် စလုံး ၁၈၀လောက်ကျပါတယ်။ ခရီးသွားထားတဲ့ မိုင်တွေနဲ့ ပြန် Claim လိုက်တဲ့အခါ ကျနော်ပေးလိုက်ရတာ ၈၀ပါ။
ဘူရာခိုင်းကိုသွားတဲ့ လေဆိပ်နှစ်ခုရှိပြီး ကျနော်တို့ သွားတဲ့ Tiger Air က Kalibo ကာလီဘိုလေဆိပ်မှာ ဆိုက်ပါတယ်။ လေယာဉ်ခရီးစဉ်က လေယာဉ်ချိန်ထက် နှစ်နာရီကျော်မှ ထွက်ပါတယ်။ အကြောင်းကြားထားခြင်း ခရီးသည်ကို စနစ်တကျ ဖြေဆိုခြင်း မရှိလို့ Tiger Air ကို ကွန်ပလိန့်တက်ခဲ့သေးတယ်။ နှစ်နာရီကျော်နောက်ကျတဲ့အတွက် နေဝင်ချိန်ရှုခင်း ကြည့်မယ့် အစီအစဉ်ကို ဖျက်ပစ်လိုက်ရတယ်။



ကာလီဘိုကို ရောက်တဲ့အခါ Reveiw တွေဖတ်ထားတဲ့အတိုင်း South West Agency ကနေ Door to Door Transfer Package ကိုပဲ ဝယ်လိုက်တယ်။ လေဆိပ်ကထွက်တာနဲ့ အမိုးလေးအောက်မှာ လူတွေဝိုင်းပြီးဆွယ်ကြလိမ်မယ့်။ တချို့ကတော့ ဈေးချပေးတယ် ကျနော်တို့ကတော့ အနောက်တောင်မှ အနောက်တောင်ပဲ။ ဝယ်ပြီးတာနဲ့ ကျနော်တို့ကို သူတို့ အနောက်တောင် တံဆိပ်စတစ်ကာပေါ်မှာ ဟိုတယ်နာမည်နဲ့ ကပ်ပြီး သူတို့လူတွေက ခရီးစဉ်တလျှောက်ခေါ်သွားတယ်။ကာလီဘိုကနေ ကားနှစ်နာရီမောင်းပြီး ကာတီကန်သင်္ဘောဆိပ်ကို ရောက်တယ်။ ကာတီကန်ကနေ ၁၅မိနစ် သင်္ဘောစီးသွားရင် ဘူရာခိုင်းကမ်းခြေကိုရောက်ပါတယ်။ ကမ်းခြေကိုရောက်တဲ့အခါ နောက်ထပ် ကားနဲ့ ဟိုတယ် ဧည့်ကြိုကောင်တာအထိ လိုက်ပို့ပေးတဲ့ Package ပါ။ တယောက်ကို အသွားအပြန် ပီဆို ၂၅၀၀ပေးရပြီး အပိုထပ်ဆောင်း မပေးရတော့ပါဘူး။ တော်တော်လေးလည်း စနစ်တကျ ချိတ်ဆက်ပြီး သွားရလာရ အဆင်ပြေခဲ့တယ်။

ဘူရာခိုင်းမှာ တည်းမယ် ဆိုရင် အဓိက သုံးနေရာရှိပါတယ်။ Station 1, Station 2, Station 3 သုံးနေရာရှိပြီး၊ နံပါတ် နှစ်က အစည်ကားဆုံးပဲ။ Night life, Shopping နဲ့ စားသောက်ဆိုင်တွေ စုထားတဲ့နေရာပါ။ နံပါတ်၁မှာတော့ ကလပ်တွေ Pubတွေနဲ့ ညမှာ ဆူဆူညံညံရှိတတ်တယ်။ နံပါတ်သုံးကတော့ အငြိမ်ဆုံးအတိတ်ဆုံးနဲ့ Resort တွေအများဆုံးရှိတဲ့နေရာ။ ကျနော်တို့ကတော့ သုံးနေရာလုံးနဲ့ မနီးမဝေး ကိုယ်ပိုင်ကမ်းခြေရှိတဲ့ Resortကို ရွေးခဲ့တယ်။ Villas ပေါင်း ၂၀ရှိပြီး ရေကူးကန် ၅ခုနဲ့ ကြီးမားတဲ့ Resort ပါ။
နာမည်က Fairways & Blue Water ပါ။ တညကိုနှစ်ယောက်ခန်း တခန်း တညအတွက် စလုံး ၁၁၇ကျပ်ကျပြီး မနက်စာပါ ပါတယ်။ ဟိုတယ်ကနေ နံပါတ်နှစ် ကမ်းခြေနေရာရှိတဲ့ Dmall နေရာကို မနက်ကိုးနာရီကနေ ညနေ ခြောက်နာရီအထိ တနာရီကြားတခါ Shuttle bus နဲ့ပို့ပေးတယ်။ ညနေ ခြောက်နာရီနေ ဆယ်နာရီအထိ နာရီဝက်ကြားတခါ ကားအကြိုအပို့လုပ်ပေးတယ်။ ဟိုတယ်အတွင်း တနေရာနဲ့တနေရာ ရေကူးကန်၊ ကိုယ်ပိုင်ကမ်းခြေ သွားချင်ရင်တော့ ၂၄နာရီ ကားအကြိုအပို့ရှိပါတယ်။ Villa မှာရှိတဲ့ ဟိုတယ်ဝန်ထမ်းတွေကို ဘယ်သွားချင်တယ်ဆိုတာ ပြောပြီး လာကြိုမယ့် ကားကို ထိုင်စောင့်ရုံပဲ အရမ်းအဆင်ပြေတယ်လေ။ ကျယ်ပြန့်တဲ့ မြေနေရာနဲ့ ဟိုတယ်ဝန်ထမ်းတွေ အများအပြားခန့်ထားပြီး သန့်ရှင်းသပ်ရပ်နေတာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုရဲ့ လက္ခဏာပဲ မဟုတ်လား။

တခုပဲ ချိန်းထားတဲ့ အချိန်နဲ့တော့ ကပ်ပြီး ကားကို မစီစဉ်ပါနဲ့။ နေ့လည် ၁၂နာရီ အားလုံး Check out လုပ်တဲ့အချိန်ဆို ဧည့်သည်ပမာဏက များတာမို့ ကားကို နာရီဝက်လေးဆယ့်ငါးမိနစ်လောက်စောင့်ရတတ်လို့ပါ။ Dmall သွားမယ့် ကားမှာ လူပြည့်သွားပြန်ရင်လည်း နောက်ထပ် တနာရီလောက် ထပ်စောင့်ရမှာမို့ ချိန်းထားတဲ့အချိန်ထက် ဝိရီယနည်းနည်း စောဖို့ လိုပါတယ်။

ဟိုတယ်ရောက်တော့ မှောင်မည်းနေခဲ့ပြီ၊ဟိုတယ်မှာ အထုတ်ချပြီးတာနဲ့ Dmall ကိုသွားမယ့် ကားကို စောင့်ကြတယ်။ နောက်နေ့မှာ Scuba Diving လုပ်ဖို့အတွက် ဒီနေ့စီစဉ်ရမယ်လေ။ ပြီးတော့ ညစာစားရမယ်။ ဟိုရောက်တော့ ဆိုင်တွေ တော်တော်များများ ပိတ်ကုန်ပါပြီ။ ဖွင့်နေဆဲ တကယ်က သူတို့ ဘီယာသောက်နေလို့ နောက်ကျနေဟန်တူပါတယ် Boracay Scuba Inc မှာ ဝင်စုံစမ်းတယ်။ Fun Diving ၄၅မိနစ်စာကို ပစ္စည်းအစုံအလင်အပြင် ရေအောက်ကင်မရာနဲ့ပါ မှတ်တမ်းတင်ပေးမယ် တယောက်ကို ပီဆို ၂၇၀၀နဲ့ အလုပ်ဖြစ်သွားပါတယ်။ လက်စနဲ့ တခါတည်း နောက်နေ့ Snorkeling အတွက်ပါ မေးကြတယ်။ Island Hoping နဲ့ပေါင်းပြီး သီးသန့် စက်လှေတစင်းထွက်ပေးမယ် အပြီးအစီး ၂၅၀၀ ဆိုတော့ လုပ်ချင်တဲ့ အဓိက အရာတွေ အကုန်ရခဲ့ပြီပေါ့။
ညစာကိုတော့ ဆိုင်မပိတ်သေးခင် Smoke ဆိုတဲ့ ရိုးရာဆိုင်လေးမှာ စားကြတယ်။ ဖိလစ်ပိုင်ထုံးစံ ဝက်သားတွေချည်းပါပဲ အီဖေကိုယ်အကြိုက်ပေါ့။ ညစာစားပြီး ဟိုတယ်ကို တုပ်တုပ်နဲ့ပြန်ကြတယ်။ ပီဆို၁၀၀ပဲပေးရပါတယ်။ မနက်ရေငုပ်သွားမှာမို့ ဟိုတယ်ရောက်တာနဲ့ ရေချိုးပြီး တချိုးတည်း အိပ်လိုက်ကြတယ်.....