26 August 2018

ဟွာဟင် တဖြစ်လည်း ပရမ်ဘူရီ

အလုပ်က စနေနေ့ထိလုပ်ရမလို သောကြာနေ့ပဲ ပြီးတော့ မလိုနဲ့ သောကြာနေ့ ညနေအထိ ဂဏန်းမငြိမ်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး Customer ကို သေချာရှင်းပြပြီး စနေနေ့ကို လွတ်ငြိမ်းချမ်းသာခွင့်ရသွားတယ်။ သောကြာနေ့ ညအထိ ဘယ်သွားရမလဲ ဘာလုပ်ရမလဲ ဘာမှ မစီစဉ် မဆုံးဖြတ်ထားခဲ့သေးပါ။ တောင်ပေါ်သွားမလား ပင်လယ်သွားမလားနဲ့ တွေဝေသူတယောက်။

နောက်ဆုံးတော့ ဟွာဟင်ဆိုတဲ့ ပင်လယ်ကမ်းခြေကိုသွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီတော့မှ ဟိုတယ်ကို ဘွတ်ကင်တင်ဖို့ လိုက်ရှာတယ်။ ခရီးသွားဧည့်သည်တွေ အများအပြားရှိတဲ့ လူစည်တဲ့နေရာတွေရှောင်ရင်း ကျနော် တွေ့မိတဲ့ ဟိုတယ်သေးသေးလေးကို မျက်စိကျနေခဲ့တော့တယ်။ အဆုံးသတ်မှာတော့ ကျနော်အဲ့ဒီဟိုတယ်ကိုပဲ ရွေးဖြစ်ခဲ့တယ်။
မနက်အိပ်ရာထ မနက်စာစားပြီးတာနဲ့ ဟိုတယ်ကနေ check out လုပ်တယ်။ ကားဂိတ်ကို ရောက်တော့ ကားလက်မှတ်တွေကုန်နေပြီတဲ့ ညက လက်မှတ်ဖြတ်ထားရမှာ။ ကားဂိတ်ကို ရောက်ချိန် ကိုးနာရီ လက်မှတ်က ၁၂နာရီမှပဲရတော့မယ်။ ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး လက်မှတ်ဖြတ်ပြီး ကားဂိတ်မှာပဲ ငုတ်တုပ်ထိုင်နေတယ်။ ကားခက ဘတ် ၁၈၀ပါ။ ၁၁နာရီကျော်လောက်မှ ကားလာတယ်ဆိုပြီး လာခေါ်တယ်။ ဒါပေမယ့် ကားက တက်လို့မရတာနဲ့ နောက်ကားထပ်စောင့်ရတယ်။

ဟွာဟင်ကို ရောက်တော့ နှစ်နာရီခွဲပြီ။ ကားဂိတ်မှာ မိတ်ဖွဲ့ခဲ့တဲ့ ဒေသခံက ကျနော့ဟိုတယ်ကို သွားဖို့ ကားငှားပေးမယ်လို့ ပြောပါတယ်။ အဲ့ဒီအထိ ကျနော့ဟိုတယ်ကို ဟွာဟင်မှာပဲလို့ ကျနော်ထင်နေခဲ့သေးတယ်။ တကယ်တမ်းကားငှားတဲ့အခါ ကားခက ဘတ်ငါးရာတောင်းတယ်။ ဘတ်တရာ့ရှစ်ဆယ် သုံးနာရီခရီးနဲ့ ငါးရာတန် နာရီဝက်ခရီးပဲဆိုပါတော့။ ဈေးဆစ်တော့ လေးရာ့ငါးဆယ်နဲ့ရပါတယ်။ ဟွာဟင်ကနေ နာရီဝက်ကျော်ကျော် ထပ်မောင်းရတဲ့ ပရမ်ဘူရီပါ။ 

ကျနော်တည်းမယ့်ဟိုတယ်ရောက်တော့ သုံးနာရီခွဲပြီ။ နေ့လည်စာလည်း စားမလာလို့ဗိုက်ကဆာနေတော့တယ်။ ဟိုတယ်နာမည်က Pranburi Earth တဲ့။ ကားဆရာက မသိလို့ ကျနော်က လမ်းညွှန်ပြပေးနေရသေးတယ်။ မြို့နဲ့ အလှမ်းဝေး တောအုပ်ထဲမှာ ဆောက်ထားတဲ့ ဟိုတယ်သေးသေးလေးပါ။










အခန်းများများစားစား မရှိပေမယ့် သေသပ်စနစ်ကျ ဆောက်ထားတဲ့ ဟိုတယ်လေးပါ။ ရေကူးကန်လေးရှိတယ်၊ ချစ်စရာ မီးဖိုချောင်လေးလည်းရှိတယ်။ အခန်းထဲမှာလည်း လိုအပ်တဲ့အသုံးအဆောင်တွေနဲ့ လုံလောက်တဲ့ အလင်းရောင်ရအောင်စီမံထားတယ်။ အိပ်ရာဘေးနားက ပြတင်းပေါက်အစုံရယ် ခြေရင်းက နံရံမှာ မြုပ်ထားတဲ့ ပုလင်းတွေက အစ စိတ်ကူးကောင်းတဲ့တည်ဆောက်သူကို ချီးကျူးမိပါတယ်။ ကော်ဖီမစ်မဟုတ်ပဲ ကော်ဖီမှုန့် စစ်တဲ့ ဖစ်တာတွေနဲ့ လုပ်ပေးထားတာကိုတော့ မနှစ်သက်ပဲ မနေနိုင်တော့...

ဟိုတယ်မှာပဲ နေ့လည်စာစားဖြစ်တယ်။ ပြီးတာနဲ့ ဟိုတယ်တခုလုံးကို ဓါတ်ပုံလှည့်ရိုက်ပြီး ခဏနားတယ်။ ရေကူးကန်မှာ ရေဆင်းကူးတယ်။ ညနေမှောင်လာတော့ ဟိုတယ်က စက်ဘီးငှားပြီး ကမ်းခြေတလျှောက်စက်ဘီးစီးတယ်။ နောက်နေ့လျှောက်သွားဖို့ ကားငှားဖို့လိုက်ရှာတာ တနေရာမှ မတွေ့ခဲ့ဘူး။ ညနေစာကို ကမ်းခြေအရှေ့က ဆိုင်မှာ ဝင်စားတယ်။ ဂဏန်းမရဘူးဆိုလို့ အံ့သြနေမိတယ်။ တကယ်ဆို ပင်လယ်စာက အလျှံပယ်ဖြစ်နေရမှာ မဟုတ်လား...

ဟိုတယ်ပြန်ရောက်တော့ ကျနော်ကားငှားချင်တယ်လို့ ပြောတဲ့အခါ သူတို့ ကြိုးစားပမ်းစား ရှာပေးကြတယ်။ ကျနော်တို့ချင်း Goggle translator နဲ့ စကားပြောကြရတယ်။ ကားသမားကို ဆက်သွယ်လို့ မရလို့ မနက်မှ ထပ်ဆက်ပေးမယ်လို့ပြောပါတယ်။ ဟိုတယ်ပိုင်ရှင်လည်း ဖုံးဆက်ပြီး ကျနော်သွားချင်တဲ့ နေရာတွေကို သေချာမေးတယ်။ ဂရုတစိုက်စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ရတယ်.



ကားသမားရရင် ကျနော့ကို မနက် ၇နာရီမှာ လာနိုးဖို့ပြောထားတယ်။ ကျနော်စချင်တဲ့အချိန်က မနက်၈နာရီခွဲပါ။ သူတို့လာနိုးတယ် ကားသမား ၈နာရီခွဲမှာ ရောက်မယ်တဲ့။ ညက စားချင်တဲ့ မနက်စာကို စာရွက်ထဲမှာ ရွေးပေးထားတာမို့ မနက်စာက အဆင်သင့်ဖြစ်နေပြီ။ ပုဇွန်ဆန်ပြုတ်၊ ဝက်အူချောင်းကြက်ဥမွှေကြော် တွေအပြင် ပေါင်မုန့် ကော်ဖီ အသီးအနှံတွေဟာ မနက်စာအဖြစ် လုံလောက်တာထက် ပိုပါတယ်။












ကျနော်စသွားချင်တဲ့နေရာက ပါရာနန့်ကွန်းဂူပါ။ ပရမ်ဘူရီကနေ နာရီဝက်လောက် ကားမောင်းရတယ်။ ပြီးတော့ မော်တော်ဘုတ်နဲ့ ဆယ်မိနစ်လောက်စီးပြီး ကျွန်းရဲ့ အခြားဖက် ကမ်းခြေကိုရောက်တယ်။ တခြားလူမစောင့်ချင်တာနဲ့ တယောက်တည်း လှေတစင်းဆိုတော့ ဘတ်လေးရာအသွားအပြန်ပေးရတယ်။ ဝင်ကြေးကတော့ဘတ်နှစ်ရာပေးရပါတယ်။ ကမ်းခြေကနေ နာရီဝက်လောက် တောင်ပေါ်ကိုတက်ရတယ်။ မညီညာတဲ့ ကျောက်တုံးတွေခင်းထားတဲ့ တောင်တက်လမ်းပါ။ ဆယ်နာရီခွဲကိုရောက်ချင်တဲ့ ကျနော့အတွက် မနားပဲ တောက်လျှောက်တက်ရတယ်။ အသက်ကိုမှန်မှန်ရှူရင်း မောဟိုက်နေပေမယ့် ဇောကြောင့် ဆယ်နာရီမခွဲခင်မှာ ဂူထဲကိုရောက်တယ်။







ဆယ်နာရီခွဲမှာ ဒီထဲက နန်းတော်ငယ်ပုံစံ အဆောက်အဦးပေါ်မှာ ဖြာကျမယ့် နေရောင်ကို ဓါတ်ပုံရိုက်ယူချင်ခဲ့တာ။ တခါတလေ ကိုယ်လိုချင်တာနဲ့ ဖြစ်နေတာက တခြားစီမဟုတ်လား။ အဲ့ဒီနေ့က မိုးအုံ့ပြီး ရွာနေလို့ နေရောင်ဖြာကျနေတာကို မရလိုက်ပါဘူး။ ဒီအဆောက်အဦးကို ဘုရင်နံပါတ်ငါး အလည်လာခြင်း အထိမ်းအမှတ်အဖြစ် ၁၉ရာစုမကုန်ခင်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဘုရင်နံပါတ်ငါး နံပါတ်ခုနှစ်နဲ့ နံပါတ်ကိုးတို့ လာရောက်လည်ပတ်ခဲ့တဲ့ သမိုင်းဝင်အဆောက်အဦးဖြစ်ပါတယ်။

ဘုရင်နံပါတ်ငါးနဲ့ နံပါတ်ခုနှစ်တို့ရဲ့ လက်မှတ်ကိုလည်း ကျောက်ဂူနံရံမှာ တွေ့နိုင်ပါတယ်။

ကျောက်ဂူထဲကနေ ၁၁နာရီလောက်မှာ ပြန်ထွက်ပြီး တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ ဟိုတယ်ကနေ ၁၂နာရီမှာ ပြန်ထွက်ပေးရမယ်။ မော်တော်ပြန်စီးရမှာနဲ့ ကားမောင်းရမယ့်အချိန်ပေါင်းရင် တနာရီလောက်တော့ အသာလေးကြာမယ်လေ။ အဆင်းမှာ ခရီးသွားတွေ အများကြီးနဲ့ဆုံပါတယ်။ နည်းနည်းလေးနောက်ကျရင် ဓါတ်ပုံအေးဆေးရိုက်လို့ရမှာ မဟုတ်ဘူး။ အားလုံးက ဂူထဲမှာ အလင်းရောင်ရှိလားဆိုတဲ့မေးခွန်းကိုပဲ မေးကြတယ်။ တကယ်က ဂူအမိုးက အလင်းဟာ ပြည့်စုံလောက်ငှပါတယ်။

ဟိုတယ်ရောက်တာနဲ့ ရေချိုးအထုတ်သိမ်းရတယ်။ ပြန်ထွက်လာတော့ ကားဆရာက ထမင်းသွားစားတယ်တဲ့ ဟွာဟင်ကို ဘယ်အချိန်သွားမလဲဆိုတော့ အခုလေပြောမှ ကမန်းကတမ်း ပြန်လာကြတယ်။ ဟွာဟင်မှာ sea space ဆိုတဲ့ ကမ်းခြေက ရှော့ပင်းမောမှာ နေ့လည်စာစားမယ်။ ကားဆရာလင်မယားနှစ်ယောက်ဟာ အဲ့ဒီနေရာကို အတော်ရှာရပါတယ်။ နေရာတည့်တည့်ရောက်တာတောင် သူတို့မသိသေးလို့ ကျနော်က ရောက်ပြီလေ ဆိုတော့မှ ရီကြတယ်။ ရိုးသားတဲ့ သူတွေပါပဲ။


လူငယ်တွေ တော်တော်များများလာတဲ့ ဒီနေရာဟာ ပင်လယ်ပြင်ကို မျက်နှာမူပြီး စားသောက်လိုသူတွေအတွက် အတော်လေး အဆင်ပြေတယ်။ ဂဏန်းကြာဇံနဲ့ ဖရဲသီးတခွက်ပဲသောက်ခဲ့တယ်။ သုဝဏ္ဏဘူမိလေဆိပ်ကိုသွားမယ့် ကားက သုံးနာရီမှာ လက်မှတ်ဖြတ်ထားတာမို့ နှစ်နာရီမှာ အဲ့ဒီနေရာကနေ ပြန်ခဲ့တယ်။

ကားဂိတ်ကိုသူတို့လိုက်ပို့တယ်။ ဒီမနက် ကားငှားခက ဘတ်၁၂၀၀ပါ။ မနည်းမများပဲဆိုပါတော့။ ကားဂိတ်ရောက်တော့ ကျနော်သွားချင်တဲ့ ကားကို လိုက်ရှာတဲ့အခါ ဒီကားဂိတ်မဟုတ်ဘူး လေဆိပ်နားမှာတဲ့။ ဒါနဲ့ ဘယ်လိုလုပ်ရမလဲဆိုတော့ ကားငှားသွားတဲ့ ကျနော့အချိန်က ကပ်နေပြီ နာရီဝက်ပဲကျန်တော့တယ်။ တက္ကစီသမားက ဘတ်၃၀၀တဲ့ ဈေးမဆစ်နိုင်ဘူး။ ဒီကားလွဲရင် လေယာဉ်လည်း လွဲနိုင်တယ်လေ။

ကားဆရာက အမြန်မောင်းရှာတယ်။ နာရီဝက်လောက်တော့ ထပ်မောင်းရတယ်။ ကားဂိတ်ကိုရောက်မှ လူလည်း သက်ပြင်းချနိုင်တော့တယ်။ VIP ကားပါ ကားခက ဘတ်၃၁၉ ကျပ်ပါ အွန်လိုင်းကဖြတ်တာမို့ ငါးဆယ်ပိုပေးရတာ။

ဒီရင်ခုန်လိုက်မောမှုက ဒီလောက်နဲ့ ရပ်မသွားသေးဘူး။ ကားပေါ်မှာ အိပ်နေရာက နိုးလာတဲ့အခါ ကားလမ်းပိတ်နေတာကို တွေ့ရပြန်တယ်။ ကျနော့ လေယာဉ်ချိန်က ၈နာရီ အခုငါးနာရီခွဲနေပြီ ကျနော်က ဘန်ကောက်ကို မရောက်သေးဘူးလေ။ ဖုန်းနဲ့ကြည့်တော့ လမ်းက အတော်ပိတ်နေတာကိုမြင်ရတယ်။ ဝူးးးး မှီမှ မှီပါ့မလား...

ကားလမ်းချောင်သွားလိုက် ပြန်ကြပ်လိုက်နဲ့ နောက်ဆုံး လေဆိပ်အမြန်လမ်းပေါ်ကိုစတက်တော့ ခြောက်နာရီထိုးပြီ။ လေဆိပ်ကို ခြောက်နာရီ နှစ်ဆယ်မှာဆိုက်တယ်။ မှီသေးတယ် တော်ပါသေးရဲ့..အထုတ်အမြန်ဆွဲပြီး check in ဝင်တန်းစီရတယ်။ နောက်တခေါက် ဝေးဝေးလံလံသွားရင် စောပြီး ပြန်တက်လာမှ ဖြစ်မယ်........

19 August 2018

၁၉ ရာစုနှစ်ဆီသို့ အလည်တခေါက်



တကယ်တမ်းမြို့ပြဆန်လွန်းတဲ့ ဘန်ကောက်မှာ အခုလို ရှေးကျတဲ့ အိမ်ရာတခုရှိနေလိမ့်ဦးမယ်လို့ တခါမှ မျှော်လင့်မထားမိဘူး။ ဒီတခေါက်အလုပ်အားတဲ့ အချိန်တိုလေးအတွင်းမှာ သိပ်မဝေးတဲ့ နေရာတခုဖြစ်တဲ့ ဒီဂေါ်ဖီထုပ်နန်းတော်ကို သွားဖြစ်ခဲ့ပါတယ်။ စွမ်ပက်ကပ်ဆိုတာ ဂေါ်ဖီထုပ်လို့ယိုးဒယားလို အနက်ရပါတယ်။ ဆိုတော့ ဂေါ်ဖီထုပ်နန်းတော်ပေါ့။

ပရာထိုင် BTS အနားမှာပဲရှိပါတယ်။ ဝင်ကြေးဘတ်တရာပေးရပြီး ရာသီဥတုပူလို့ ယပ်တောင်သေးသေးလေး တခုကို လက်ဆောင်အဖြစ်ပြန်ပေးပါတယ်။ ဝန်ထမ်းတွေကပဲ ဦးဆောင်ရှင်းပြပြီး ခေါ်ပေးသွားကြတယ်။

ဒီနန်းတော်ကို ပိုင်ဆိုင်သူက မင်းသား Chumbhotbongs Paribatra နဲ့ သူ့ရဲ့ ကြင်ယာတော်မင်းသမီး ဖြစ်ပြီး အမွေဆက်ခံသူ  တဦးတည်းသော သမီးတော် Marsi Paribatra တို့ပဲဖြစ်ပါတယ်။ ဖခင်မင်းသားနဲ့ အတူ ပြည်ပမှာ ကျောင်းတက်နေခဲ့တဲ့ သမီးတော်က ဒီနန်းတော်ကို ပြတိုက်အဖြစ် ပြသဖို့ ခွင့်ပြုစီစဉ်ခဲ့တယ်။ ယိုးဒယားတော်ဝင် အိမ်ရာများထဲက ပြတိုက်အဖြစ်ပထမဆုံး ပြသခဲ့တယ်လို့လည်း သိရှိရပါတယ်။ တရားရစရာ ကောင်းတာကတော့ သမီးတော်ဟာ ဒီစံနန်းတော်ကို ပြန်မရောက်ခဲ့တော့ပဲ အသက်၈၁နှစ်အရွယ် ပြင်သစ်ပြည်မှာ နေထိုင်ရင်း ကံကုန်ခဲ့ရှာပါတယ်။

မူလ နန်းတော်မှာ နေထိုင်ရာ အိမ်လေးလုံးရှိပြီး အားလုံးကို ကျွန်းသစ်နဲ့ဆောက်လုပ်ထားတာပဲဖြစ်တယ်။ မြောက်ပိုင်းထိုင်းနယ်မြေဖြစ်တဲ့ ချင်းမိုင်ရိုးရာ နှစ်ထပ်အိမ်တွေကို ချင်းမိုင်ကနေ ဆောက်ပြီး ရွှေ့ပြောင်းခဲ့တာပါ။ အိမ်တခုနဲ့တခု အပေါ်ထပ်မှာ သစ်သားလျှောက်လမ်းနဲ့ ချိတ်ဆက်ထားတာမို့  ဆင်းလိုက်တက်လို့ လုပ်စရာမလိုပဲ  ကြည့်ရှုနိုင်တယ်။

ပထမအိမ်တော်ကတော့ တူရိယာသံသာတေးညှင်းတွေရှိတဲ့ နေရာပါ။ ရိုးရာတူရိယာ ပစ္စည်းတွေ ကောင်းကောင်းလေ့လာလို့ရပါတယ်။ ဒုတိယနဲ့ တတိယအိမ်တော်တွေကတော့ သူတို့ အဓိက နေထိုင်ကြတဲ့ အိမ်တွေပဲဖြစ်လို့ ၁၇ရာစုနှစ်က ပန်းချီတွေ၊ ဗုဒ္ဓစာကျမ်းတွေအပြင် ဘုရားခန်း အိပ်ခန်းတွေကို တွေ့နိုင်တယ်။ စတုတ္ထအိမ်တော်မှာတော့ ဧည့်ခံပွဲကျင်းပလက်ခံတဲ့နေရာအဖြစ် ပြင်ဆင်ထားပါတယ်။




အိမ်နံပါတ် ၅ကနေ၈ အထိကတော့ နောက်မှ ထပ်ဖြည့်စွက်ထားတာပါ။ ရာမယဏဇာတ်တော်သမိုင်းနဲ့ ခေါင်းဆောင်းအမျိုးမျိုး၊ စုဆောင်းထားတဲ့ ပင်လယ်ထွက်ပစ္စည်းအမျိုးမျိုး၊ ကမ္ဘာအရပ်ရပ်က ပန်းကန်ခွက်ယောက် မျိုးစုံကို ခင်းကျင်းပြသထားတယ်။



အားလုံးထဲမှာ အလှဆုံး အထင်ရှားဆုံးကတော့ ယွန်းပန်းချီအိမ်ပါပဲ။ ၁၇ရာစု လက်ရာဖြစ်တဲ့ဒီအိမ်က အယုဒ္ဓယက ဘုန်းတော်ကြီးကျောင်းပဲဖြစ်ပါတယ်။ ယိုယွင်းပျက်စီးနေတဲ့ ဒီအိမ်ကို ဝယ်ယူပြုပြင်ပြီး ကြင်ယာတော် မင်းသမီးရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ်ပေးခဲ့တာပါ။ အနက်ရောင်သစ်ဆေးပေါ်မှာ ရွှေရေးထင် ကနုတ်ပန်းချီတွေကတော့ ရာမယဏဇာတ်တော်နဲ့ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ရေးခြယ်ထားပါတယ်။ နှစ်ထပ်အိမ်ပုံစံဖြစ်ပြီး အတွင်းအိမ်ရဲ့ နံရံတွေကိုလည်း သစ်သားပန်းပုတွေ ထုဆစ်ထားတာမို့ ကျနော်အနှစ်သက်ဆုံး အိမ်ပဲဖြစ်နေခဲ့တယ်။ သေချာစနစ်တကျဓါတ်ပုံရိုက်ယူချင်ပေမယ့် အိမ်အားလုံးရဲ့ အတွင်းပိုင်းကို ဓါတ်ပုံရိုက်ခွင့်မပေးထားပါဘူး။


ယွန်းပန်းချီအိမ်ရဲ့ ဘေးမှာတော့ ဘုရင်စီးတော်လောင်းလှေရှိပါတယ်။ တော်ဝင်အခမ်းအနားတွေမှာ အသုံးပြုခဲ့တဲ့ ဘုရင့်လောင်းလှေဖြစ်တာမို့ သမိုင်းဝင်ပစ္စည်းအဖြစ် တခုတ်တရအဖြစ်ထားရှိပါတယ်။

နောက်ထပ် ကျနော်အနှစ်သက်ဆုံး နေရာကတော့ ပန်းခြံထဲက ချောင်းဘေးနာမှာ ရှိတဲ့ ထမင်းစား စားပွဲရှည်ပဲဖြစ်ပါတယ်။ စိမ်းနေတဲ့ ပတ်ဝန်းကျင်တခုလုံးဟာ ပြောင်လက်နေတဲ့ ကျွန်းစားပွဲပေါ်မှာ ရောင်ပြန်ကျနေခဲ့တယ်။ ရှည်လျားတဲ့ စားပွဲတလျောက် ကိုယ်ကြိုက်နှစ်သက်တဲ့ ထမင်းဟင်းတွေနဲ့ မိသားစု စုံစုံညီညီသာ စားလိုက်ရရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတဲ့ အတွေးကို ရစေခဲ့တယ်။

နန်းတော်ကိုလေ့လာဖို့အတွက် နေ့တဝက်လောက် ဒါမှမဟုတ် ငါးနာရီလောက်ပဲ လိုပါတယ်။ ဘန်ကောက်ရဲ့ လူရှုပ်အောင်စည်တဲ့ နေရာတွေကို ညည်းငွေ့ပြီး ၁၉ ရာစုနှစ်ဆီကို အလည်တခေါက်များ သွားချင်ခဲ့ရင် ဒီနန်းတော်ပြတိုက်လေးကိုတော့ တခေါက်လောက် သွားကြည့်သင့်တယ်ထင်ပါတယ်.....