27 April 2008

က်ေနာ္နဲ.ျမိဳ.ၾကီးျပၾကီး

လေယာဉ်ကဆင်းဆင်းချင်း ကွာခြားမှုတွေကို သတိထား မိပါတယ်။ စတင် သတိထားမိတာကတော့ အေးမြမွှေးပျံ့တဲ့ သဘာဝမဟုတ်တဲ့လေ။ ပြီးတော့ လမ်းလျှောက်စရာ မလိုလောက်အောင် ရွေ.လျားနေတဲ့ စက်လှေကား။ များပြားတဲ့ လေယာဉ်အဝင်အထွက် စာရင်းကို မိနစ်ပိုင်းတိုင်း Update လုပ်ပေးနေတဲ့ LCD တွေရယ်ရွာကအမျိုးတွေကို ပြရရင် အံမခန်းပဲနော်ဆိုတဲ့ စကားမျိုး အခါတစ်ရာမက ကြားရမှာအသေအချာပဲ။

လာကြိုကြတဲ့ သူငယ်ချင်းတွေနဲ. ပြန်လည်တွေ.ဆုံရတဲ့ နေ.လေးတစ်နေ.ပါ။ ပန်းစည်းနဲ.လာကြိုနေလို. အပျော်တွေစွက်ခဲ့ကြတဲ့ အချိန်ကာလလေးပေါ့။ သူငယ်ချင်းတို့ရေ ကျေးဇူးပါနော်။

Bus ကားစီးဖို့ တန်းစီကြရပါတယ်။ စနစ်တကျ ဆောက်လုပ်ပေးထားတဲ့ ခုံတန်းလေး တွေမှာပေါ့။ ကားမစီးခင်မှာ သူငယ်ချင်းက ကားစီးရမယ့် နည်းလမ်းတွေ ပြောပြပါတယ်။ ကျနော်တို.ဆီမှာလို ပိုက်ဆံပေးပြီး စီးရတာမျိုးမဟုတ်ဘူးလေ။ အကြွေပေးစီးရင် စီး၊ ဒါမှမဟုတ် ကတ်ပြာလေး တခုကို Plastic board လေး ပေါ် တင်ပြီးစီး ရတယ်တဲ့ လေ။ ရွာကကြီးဒေါ်သာဆို ညည်းတို.ဟာကလည်းအေ မူမပါသာနဲ.နေမှာ (မူမပါသာဆိုတာ အညာလေသံပါ)။ ပိုက်ဆံတွေ အဲဒီကတ်ထဲမှာရှိသတဲ့လေ။ မယုံပါဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနော်။ ဒါပေမယ့် Bus car ကို အဲဒီကတ်ပြားလေးနဲ. စီးခဲ့ရတယ်။ ကြောက်ကြောက်နဲ. ဖြစ်ပမလားပေါ့ အလဲ့ သူဟာသူတော့ ဖြစ်သွားသားပဲ။ တီလို.တစ်ချက်မြည်ပြီး ရသွားတယ်လေ။

ကားပေါ်ကဆင်းတော့ရောက်သေးဘူးတဲ့လေ။ Taxi စီးဖို့ လက်ပြလို်ုက်ရုံပဲ။ Taxi ပေါ်ရောက်တော့ ခါးပတ်ကြိုးတတ်ရမယ်တဲ့လေ။ စည်းကမ်းကလည်းအများသား။ Bangkok ခရီစဉ်တုန်းက အဖြစ်အပျက်လေး ကိုမြင်ယောင်ပြီး ပြုံးစစ ဖြစ်နေမိပါတယ်။ Bangkok က taxi မောင်းတဲ့ အမျိုးသမီး က ခါးပတ်ပတ်ပါ လို.ပြောတာကို ပိုက်ဆံပိုတောင်းတယ် ထင်နေမိတာ (Baht လို.ပဲကြားတာကို နော် အူတာ နတာ English ညံ့ဖျင်းတာ မပေါ်အောင် ဆင်ခြေပေးတာ) ။ ကားပေါ်မှာလမ်းကြောင်းတွေ စိတ်ရှည်လက်ရှည် ရှင်းပြနေတဲ့ သူငယ်ချင်းကိုငေးကြည့်ရင်း လိုက်လာမိတယ်။ ကိုယ်ကမမှတ်နိုင်အောင်ဉာဏ်နည်းတယ်ဆို တာသူမေ့နေပြီထင်တယ်။ အင်းလေ ၃နှစ်တောင်ရှိခဲ့ပြီပဲ။ အခန်းက ၇ ထပ်မှာထင်တယ် တော်တော်လေး လျှောက်ရသေးတယ်။ အိမ်ကိုဖုံးဆက်အပြီးမှာတော့ အိပ်ဖို့ ကြိုးစားကြည့်သေးတယ်။ အချိန်ကွာခြားချက်ပဲလား စိတ်လှုပ်ရှားလို.လား အများပြောကြတဲ့ အိပ်ရာပြောင်းတာကြောင့်လား အိပ်လို.ပျော်ခဲ့ဘူးလေတော်တော်နဲ့။

နောက်တနေ့မှာတော့ သူငယ်ချင်းတယောက်ရဲ့ မွေးနေ.ပွဲကို သူငယ်ချင်း အားလုံးနဲ့ဆုံဖို့ သွားဖြစ်ခဲ့ပါတယ်။ ပြီးတော့မှ သူတို့လိုက်ပို့တဲ့ နေရာလေးတွေပေါ့။ အိမ်ပြန်အရောက်မှာတော့ လုပ်ငန်းစဖို့ ပြင်ရပါတော့တယ်။ အဲဒါကတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေးရာဇဝင်(ကိုကြီးငဲ သီချင်းမဟုတ်ပါ) ပြင်ဆင်ရပါတယ် First Impression ဆိုတော့လည်း တတ်စွမ်းသလောက်ပေါ့ ဒါမှInterview ခေါ်မှာဆိုတော့လည်း လုပ်ထားမှ။ စလျှောက်တုန်းက Interview တွေမရဘူးဗျ။ သူငယ်ချင်းတွေနဲ့ စစ်ခိုင်းကြည့်တေ့ာမှ Yahoo email ရဲ. Problem ဆိုတာတွေ့ ရတော့တယ်။ ကျနော်. Attachment တွေကို ဖွင့်လို့ မရမှန်းသိလိုက်ရချိန်က တပတ်အကြာမှာပါ။

နောက်တပတ်မှာတော့ Interview နှစ်ခုကို တရက်ထဲမှာရရှိခဲ့ပါတယ်။ ပထမဆုံးခြေလှမ်း (မကြီးတင်ဇာမော် သီချင်းဟုတ်ဘူးလေ) ကို ယုံကြည်ချက်တွေ အပြည့်နဲ့ပေါ့။ တကယ်တော့ အဲဒီအလုပ်တွေမရခဲ့ပါဘူးလေ။ ၁၃ခုလောက်ဖြေအပြီး အလုပ်တခုတော့ ကံကောင်းထောက်မရရှိ ခဲ့ပါတယ်။ ကျနော့်သူငယ်ချင်းရဲ့ အားပေးစကားအရဆိုရင် ၁လထဲနဲ့ အလုပ်ရမယ်ထင်ခဲ့တာကိုးတဲ့ ဒီကိုအထင်သေးတာကိုးတဲ့။ ဟုတ်တယ်နော် ကျနော် လွယ်လွယ်ရမယ် ထင်ခဲ့သလားမသိ။ ၁လ ပြည့်ဖို. ၂ ရက်လောက်အလို မှာတော့ သူငယ်ချင်း က ICA မှာ ကိုယ်တိုင်လိုက် သက်တမ်းတိုးပေးလို့ နောက် ၁လ အောင်မြင်စွာ ရရှိခဲ့ပါတယ်။

အသေအချာပဲ မသိလို.လား မှားယွင်းရွေးချယ်ခဲ့သလား company ၁ခုကကျနော့်ကို ရွေးချယ်ခဲ့ပါတယ်။ Weighing machine company ပါ။ Title က တော့ Service engineer တဲ့။ လစာကတော့အနှိမ်ခံလစာနဲ့ပါ။ OT ပေးမယ် ခံစားခွင့်တွေ ရှိတယ်ပေါ့ဗျာ။ ချက်ချင်းလက်မခံသေးပဲ ၂ပတ်လောက်စောင့်ခဲ့ပေမယ့် အဲဒီအလုပ်နဲ့ပဲ ကံစပ်တယ်ထင်တယ်။ Monday မှာ Spass application ကို online က နေ တင်ပေးလိုက်ပါတယ်။ Thursday မနက်ခင်းမှာတော့ ph call တခုစောစီးစွာ ရရှိခဲ့ပါတယ်။ ကျနော့် Spass approved ဖြစ်သွားပြီတဲ့ ရုံးကို အခုချက်ချင်းလာခဲ့ပါတဲ့လေ။ ရေကမန်းကတမ်းချိုးပြီး MRT ကိုပြေးရတယ်။ MRTမှာ Card ပြားလေးထဲကို ပိုက်ဆံ ထည့်ဖို့ကြိုစားမိတယ်။ ကိုယ့်မှာရှိနေတဲ့ ၅ ဒေါ်လာကိုထည့်ကြည့်တယ်။ ပြန်ထွက်လာတယ်လေ။ ပိုက်ဆံကို ဟိုဖြန့်ဒီဖြန့်လုပ်ပြီး ပြန်ထည့် ကြည့်တယ်။ ရဘူးဗျ ပြန်ထွက်လာတယ်။ တောသားတော့ အခက်တွေ့နေပြီ။ စိတ်လျှော့ပြီး customer service မှာပဲ ထည့်ခိုင်းရတော့တယ်။ နောက်မှသိရတာက ၁၀ဒေါ်လာ အနည်းဆုံး ထည့်ရမယ်တဲ့လေ။ ဟဲ ဟဲ အဲလောက်ကိုနုံတာပါဆို။

Company ကိုရောက်တော့ ဆေးစစ်ဖို့စာရွက်တွေ ထုတ်ပေးပြီး မြန်မြန်ထက်ထက် စစ်ခိုင်းပါတော့တယ်။ တကယ်တမ်းသူတို့ လျှောက်ပေးခဲ့တဲ့ Post က Assistant Engineer Post ပါ။ တည်မိတဲ့ ဘုရား ဘာပဲနားနားပေါ့ဗျာ။ တကယ်တော့ အလုပ်စဖို့ အဆင်သင့် မဖြစ်သေးဘူးလေ။ အလုပ်နဲ့နီးတဲ့ အိမ်ရှာရအုံးမယ်လေ ပြီးရင်အိမ်ပြောင်းရမှာပေါ့။ စာရွက်စာတမ်းတွေ စပေးကတည်းက Admin က ပြောပါတယ် Passport သက်တမ်းတိုးရမယ်ထင်တယ်တဲ့။ ကျနော်ငြင်းခဲ့တယ် အို မဖြစ်နိုင်ဘူး သက်တမ်းတိုးရင် ပိုက်ဆံပေးရမှာလေ။ အလုပ်မစရသေးဘူး ပိုက်ဆံပေးရမယ်ဆိုတော့ မပေးချင်ဘူးပေါ့ဗျာ ရှိမှ မရှိတာကိုး။ MOM Officer ကလည်း တကယ်ပဲ သက်တမ်းတိုးခိုင်းခဲ့ပါတယ်။ မရှိမဲ့ရှိမဲ့ Passport သက်တမ်းတိုးဖို့ ၃၀၀ ရယ် အခွန် ၆လစာရယ်နဲ့ ဝမ်းနည်းမှတ်တမ်းစာရင်း ဝင်သွားပါတော့တယ်။ စိုင်းစိုင်းရေ စကားလေး ခဏသုံး ပရစေနော်။ အားလုံးပြီးလို့ Office ကို ဖုန်းခေါ်တော့ မနက်ဖြန်အလုပ်လာဆင်းရမယ်တဲ့။ မဆင်းချင်ဆင်းချင်နဲ့ သွားဆင်းရပါတယ်။ စဆင်းကာစ ၂ ရက်ကတော့ ထိုင်ခိုင်းထားတာပေါ့နော်။ ရုံးကအစ်ကိုကြီးတစ်ယောက်ရဲ့ ဖားပုံပြင်ထဲကလိုပေါ့ (Philipine မဟုတ်ပါ) သူပုံပြင်လေး က ဖားတွေကို ရေထည့်ထားတဲ့ အိုးလေးထဲ ထည့်ထားပေးတယ်တဲ့ ဖားတွေကလဲ ပျော်ရွှင်နေတာပေါ့နော် ပြီးမှမီးဖိုပေါ်တင်ပြီး မီးအေးအေးလေး နဲ့ နွေးတေးတေးလေး ဖြစ်လာတော့ ရေပူရေအေးရတဲ့ Five star hotel ဆိုပြီးပျော်နေမှာပေါ့ တော်တော်လေး မီးအရှိန်တက်လာတော့ ဖားတွေပြန်ထွက်လို့ မရတော့ဘူးတဲ့လေ။ အဲလို််မျိုး

ရွာသားလေးရဲ့နောက်ဆက်တွဲ ဖားဘဝလေးကို ဆက်ရေးပါအုံးမယ်နော်။
photo is copy from goggle search!

ယောက်ျား/မိန်းမ (sharing from my fri)

၁) အောင်မြင်သော ယောက်ျား ဆိုသည်မှာ ကိုယ့်မိန်းမ သုံးသည်ထက် ပို၍ရှာနိုင်သောသူ ဖြစ်သည်။အောင်မြင်သော မိန်းမ ဆိုသည်မှာ ထိုသို့သော ယောကျာ်းမျိုးကို ရှာနိုင်သောသူ ဖြစ်၏။
၂) ယောက်ျားများသည် အိပ်ယာထလာလျှင် အိပ်ယာဝင်ခဲ့သည့် အချိန်ကဲ့သို့ပင် ကြည့်ကောင်းနေမြဲ ဖြစ်သည်။မိန်းမများကား ညအချိန်တွင် တနည်းတဖုံ ယိုယွင်းသွားတတ်လေသည်။
၃) ယောက်ျားတစ်ယောက်သည် ၁ ကျပ်တန် ပစ္စည်း ကို ကြိုက်နှစ်သက်လျှင် ၂ ကျပ်ဆိုလျှင်လည်း ပေးဝယ်သည်။မိန်းမ တစ်ယောက်သည် ၂ ကျပ်တန်ပစ္စည်းကို မနှစ်သက်လျှင် ၁ ကျပ်ပေးဝယ်သည်။
၎) မိန်းမသည် ယောက်ျားကို သူ ပြောင်းလဲလိမ့်မည် ဟု မျှော်လင့်ပြီး လက်ထပ်သည်။ သို့ရာတွင် သူ မပြောင်းလဲပေ။ယောက်ျားသည် မိန်းမကို သူမ မပြောင်းလဲဟု မျှော်လင့်ပြီး လက်ထပ်သည်။ သို့ရာတွင် သူမ ပြောင်းလဲ သွားသည်။
၅) ဘ၀တွင် ယောကျာ်း က မိန်းမကို နားမလည်နိုင်သော အချိန် ၂ ခုရှိသည်။ လက်မထပ်မှီအချိန်နှင့် လက်ထပ်ပြီးအချိန်။
၆) မိန်းမ တစ်ယောက်သည် လက်မထပ်မီ အချိန်အထိ သူမ၏ အနာဂတ်ကို စိုးရိမ်ပူပန်သည်။ယောကျာ်းတစ်ယောက်သည် မိန်းမမယူခင် အချိန်ထိ သူ၏ အနာဂတ်ကို စိုးရိမ်ပူပန် စရာမလိုပေ။
၇) ယောက်ျားတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် နေလိုလျှင် သူ့အား များများနားလည်ပေးပြီး နည်းနည်းချစ်ပါ။မိန်းမတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင်နေလိုလျှင် သူမအား များများ ချစ်ပြီး လုံးဝ နားလည်ပေးရန် မကြိုးစားပါနှင့်။
၈) လက်ထပ်ပြီးသော ယောက်ျားတိုင်းသည် မိမိတို့၏ အပြစ်များကို မေ့ဖျောက်ပစ်သင့်သည်။ အကြောင်းအရာ တစ်ခုတည်းကို လူနှစ်ယောက် က မှတ်မိနေခြင်းသည် အကျိုးမရှိပေ။
၉) မိန်းမများသည် စကားများ အငြင်းပွါးခြင်းတစ်ခု၏ နောက်ဆုံးစကားကို ပြောသူများ ဖြစ်ကြသည်။ ထိုစကားနောက် ထပ်ပြောသော ယောကျာ်းတို့၏ စကားများသည် နောက်ထပ် အငြင်းပွါးမှု တစ်ခု၏ အစဖြစ်သည်။
၁၀) မိန်းမများသည် လက်ထပ်ခြင်းကို ချစ်ဇာတ်လမ်း၏ အစဟု ယူဆကြသော်လည်း ယောကျာ်းများကား လက်ထပ်ခြင်းကို ချစ်ဇာတ်လမ်း၏ အဆုံးဟု ယူဆကြကုန်၏။

26 April 2008

report card (sharing from my fri)

အမေ..သူ့သမီးအခန်းကို ဖြတ်သွားစဉ်.. အိပ်ရာခင်းကို.. သပ်သပ်ရပ်ရပ်ခေါက်ထားပြီး.. အားလုံးသန့်သန့်ရှင်းရှင်း ဖြစ်နေတာမြင်တော့ အံသြသွားသည်... အိပ်ရာဘေးက.. မှန်တင်ခုံပေါ်မှာ.. စာအိတ်တခု ထောင်ထားတာ တွေ့သွားသည်။ ..အမေသို့.. လို့ရေးထားသည်..။ သူမ..တုန်လှုပ်စွာဖြင့်.. စာအိတ်ကိုဖောက်ပြီး.. စာကိုဖွင့်ဖတ်လိုက်သည်...။ အမေ သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ.. အရမ်းလည်း နောင်တရတယ်..၀မ်းလည်းနည်းတယ်..။...သမီး..သမီးရည်းစားနဲ့.. ခိုးရာလိုက်သွားပြီ.. အမေ...သမီးတော့.. တကယ့်ကိုသမီးချစ်တဲ့လူကိုတွေ့ပြီ... သူက..သူရဲ့နားကွင်း.. ဆေးမင်ကြောင်..နဲ့ သူဝတ်တဲ့..အ၀တ်အစားနဲ့.. တကယ်ကိုပဲ ကြည့်လို့ကောင်းတယ်..။ ...ဒါပေမဲ့.. သမီး.. သူ့နောက်လိုက်သွားတာ.. ဒါတခုတည်းကြောင့် မဟုတ်ဘူး..အမေ..သမီးမှာ.. ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်. သမီးတို့ ပျော်ပျော်ရွင်ရွင် နေကြရမှာတဲ့..။ ..တောထဲမှာ.. သူပိုင်တဲ့..တဲလေး ရှိတယ်တဲ့..။ သူက..သမီးနဲ့အတူ.. ကလေးတွေ အများကြီး လိုချင်တယ်တဲ့....။ .သူကသမီးတို့.. ဆေးခြောက်တွေ.. ကိုကင်းတွေကိုစိုက်ပြီး.. အသက်မွေးကြမယ်တဲ့လေ..။ ...အဲဒီ့အချိန်အတွင်းမှာ.. သမီးတို့.. အေအိုင်ဒီအက်စ်ကို.. ကုလို့ရမယ့်.. ဆေးပေါ်လာပါစေလို့.. ဆုတောင်းမယ်.. ဒါမှ..သမီးရည်းစား မြန်မြန်သက်သာမှာ..။ သမီးတို့အတွက်.. စိတ်မပူပါနဲ့အမေ..။ ..သမီးက.. အခုဆို.. ၁၅နှစ်တောင်ရောက်နေပြီ.. ကိုယ်ကိုယ့်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ.. သမီးသိပါတယ်..။ တနေ့နေ့ကြရင်.. အမေတို့ဆီ.. သမီးတို့ပြန်လာပြီး.. အမေ့မြေးလေးတွေကို.. လာပြမှာပါ.. အမေ့ရဲ့..သမီး.. ဂျူလိုင်..

PS: အမေ.. အပေါ်မှာရေးထားတာတွေ.. တခုမှ..မဟုတ်ဘူးသိလား..။ ..သမီးအခု.. သမီးသူငယ်ချင်းအိမ်မှာ..။ ...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က. အံဆွဲထဲက.report cardထက်.. ပိုပြီးဆိုးရွားတဲ့.. အရာတွေရှိတယ်ဆိုတာ.. သိစေချင်လို့ပါ..။ ..သမီးအိမ်ပြန်လို့.. စိတ်ချရပြီးဆိုရင်.. သမီးဆီဖုန်းဆက်လိုက်နော်......။

အိပ်မက်ဆိုးတစ်ခုအကြောင်း

အခုတစ်လော အရင်တုန်းကမက်ခဲ့ဖူးတဲ့ အိပ်မက်ဆိုးတစ်ခုကို ပြန်လည်သတိရနေပါတယ်။ ပြန်မက်ချင်လို.လား မေးရင် လုံးဝပြန်မမက်ချင်တာ သေချာပါတယ်။ ဘယ်သူက အိပ်မက်ဆိုးကို ပြန်မက်ချင်ပမလဲနော်။ ဒါပေမယ့်ရွေးချယ်ခွင့် မရှိတဲ့ အရာထဲမှာ အဲဒီအိပ်မက်ဆိုတာပါနေတာလဲ အမှန်ပဲလေ။
နှစ်နဲ.ချီပြီး ကြာကြာမက်ခဲ့တာဆိုတော့ လွယ်လွယ် ဘယ်မေ့နိုင်မှာလဲ။ ညတိုင်းမက်ခဲ့တာတော့ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ မက်ချင်တိုင်း မက်လို.မရသလို မမက်ဖြစ်အောင် တားဆီးလို့လည်း မရဘူးလေ။

စမက်ခါစကတော့ ပျော်စရာကောင်းမယ် စိတ်လှုပ်ရှားစရာကောင်းမယ် ထင်ခဲ့တာ။ အသစ်အဆန်းရတဲ့ ကလေးတစ်ယောက်လိုပေါ့။ နောက်ကွယ်က အတုအယောင်တွေ မာယာတွေကို မှမမြင်နိုင်ခဲ့တာ။ အိပ်မက်ရဲ့ စွဲဆောင်မှု နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိတော့တာပေါ့။

ပျော်စရာကောင်းတဲ့ လပေါင်းများစွာကို ဖန်ဆင်းပေးခဲ့တာတော့ ကျေးဇူးပါ။ နောက်မှာတော့ အမှောင်အတိပြီးတဲ့ ကာလတွေပါပဲ။ ကြောက်စရာကောင်းသော ထိတ်လန့်စရာ ကောင်းသော အိပ်မက်ဆိုးများနဲ့ ကြုံရချိန်မှာတော့ ပြန်လည်နှိုးထဖို့ ခဲယဉ်းနေခဲ့ပါပြီ။

လောကရဲ့နိယာမအတိုင်း အကောင်းအဆိုး ဆိုတာ ဒွန်တွဲမြဲ။ ကောင်းကွက်တွေပဲ ရွေးလို့မရရုံသာမက ဆိုးကွက်တွေကိုလည်း ဖယ်ထုတ်လို့ မရစကောင်း။ အဲဒီတော့ ဆိုးမှန်းသိတဲ့ အိပ်မက်တွေကို မက်လျက် ထိတ်လန့်တုန်လှုပ်လျက် နဲ့ တညမက်လိုက် တညအိပ်ပျော်လိုက် နေခဲ့ရတယ်။

အိပ်မက်က နိုးထလာချိန်မှာတော့ မမက်ချင်ဘူး နောက်မမက်တော့ဘူး လို.ဆုတောင်းမိပါတယ်။ နာကျင်ကြေကွဲစိတ် ရင်မှာအပြည့်နဲ့ အိပ်မက်နဲ့ဝေးရာကို ထွက်ပြေးဖို့ ကြိုးစားမိပြန်တယ်။ ရစ်ပတ်နှောင်တွယ်တဲ့ အဲဒီအိပ်မက်က ရုန်းထွက်ဖို့ မပေးခဲ့ပြန်ဘူး။ သံသရာဆိုတာ အိပ်မက်မှာလဲ ရှိတတ်တာပါလား။

နောင်တအပြည့်နဲ့ နိုးထရတဲ့ မနက်တွေ လက်ရေချိုးလို့ မရနိုင်တော့တဲ့ ကာလတစ်ခုမှာတော့ အိပ်မက်ဆိုးက လွတ်မြောက်နိုင်မယ့် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ ဇွတ်တင်းပြီး ကြိုးစားလိုက်တဲ့ အခါမှာတော့ ဇွဲရှိသူရဲ့အောင်ပွဲ ကို ရရှိခဲ့ပါတော့တယ်။

ပြန်မမက်ချင်တော့တဲ့ အိပ်မက်ဆိုးကို မမေ့နိုင်သေးတာမို့ ပြန်မမက်ဖြစ်အောင်ပဲ ဆုတောင်းနေရပါတယ်။ အိပ်မက်ဆိုတာ တားမြစ်ခွင့်မရှိတာမို. ဆုတောင်းရင်းနဲ့သာ……

ခံစားမှုတစ်ခုအတွက်
၂၅-၀၄-၂၀၀၈

24 April 2008

ကျွန်တော်နဲ.အိပ်မက်ခရီးစဉ်အစ

အိပ်မက်ခရီးလို့ ပဲထားပေးပါ။ တကယ်ကို ဒီခရီုးဖြစ်လာဖို့ ၈၅% မဖြစ်နိုင်လို.ပါ။ ရန်ကုန်ကို စလာကတည်းက ဒီခရီုးမျိုး မသွားပါဘူးလို့ နှုတ်ကတိပေးခဲ့ရလိုပါ။ ဒါကြောင့် အိပ်မက်ခရီးလို့ ပဲထားပေးပါ။

ကားအနီကြီးနဲ့ ၂ နှစ်တာ ခရီးအပြီးမှာ အိပ်မက်ခရီးစဉ်အစပြု ဖြစ်တည်ခဲ့ပါတယ်။ အဲဒီက သူငယ်ချင်းမောင်နှမရဲ့ အကူအညီနဲ့ပါ။ July 28 ခရီးစဉ်စဖို့ပါ။ ခရီးစဉ်သွားဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်စရာတွေကို တစ်ယောက်တည်း ယောက်ယပ်ခပ်အောင် တက်သုတ်ရိုက် စီစဉ်ရပါတော့တယ်။ ဒီခရီုးစဖို့အားပေးတဲ့ မေမေလည်း လာရောက်ကူညီခဲ့ရတယ်။ ဒါပေမယ့် အမြဲကံမကောင်းတဲ့ ကျွန်တော်က သွားဖို့တစ်ပတ်အလိုမှာ အပြင်းအထန် ဖျားပါတော့တယ်။ ဆေးခန်းသွားလိုက် မသက်သာလိုက်နဲ့ပေါ့။ ရင်တထိတ်ထိတ်နဲ့ စီစဉ်ပြီးသားခရီးစဉ်ပျက်ခဲ့ရင် ဘာလုပ်ရပ ဆိုပြီး စဉ်းစားရကြပ်နေခဲ့ရတယ်။ Plan B ဆိုတာလဲမရှိခဲ့တော့ ဘုရင့်နောင် ဖောင်ဖျက််ကိန်းပဲ။ သေချာတယ်။

သွားခါနီး ၂ရက်အလိုမှာတော့ သားအမိနှစ်ယောက် မနက်စာစားရင်း စိတ်မကောင်း ဖြစ်ကြရသေးတယ်။ နီးရင်မတည့်ကြပေမယ့် ဝေးမယ်ဆိုတယ်တော့လည်း ဒီလိုဖြစ်ကြရ သေးတယ်နော်။ အဖေရောက်လာတော့ နှစ်ယောက်ပေါင်း သိမ်းဆည်းကြပါတော့တယ်။ ပွစိပွစိနဲ့ အမေကတော့ ကြိုတင် မသိမ်းဆည်းရ ကောင်းလားပေါ့။ နေမကောင်းသေးတဲ့ ကိုယ့်ကတော့ ခေါင်းထောင်ကြည့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။

မနက်ဖြန်လို သွားရတော့မယ့် ဒီနေ့လိုညနေခင်းအချိန် Check list နဲ. အားလုံးကို တိုက်စစ်ကြည့်တဲ့ အခါမှာတော့ ဖျားနေတဲ့လူ တခါတည်း အဖျားပျောက်ချင်စိတ် ပေါက်သလောက်ပါပဲ ခေါင်းနပန်းလည်း ကြီးလာပါတော့တယ်။ Air Ticket နဲ့ Passport ကပျောက်ဆုံးနေခဲ့ပြီ။ ပြောင်လက််ရှင်းသန့်နေတဲ့ တအိမ်လုံးမှာ မျှော်လင့်ချက်မှ မရှိုနိုင်တော့တာ။ သေချာတာကတော့ ခရီးစဉ်ဖျက်မလား ရက်ရွှေ့ရမလား။ ဟင်းတွေချက်နေတဲ့မေမေ လူကြုံလာပေးတဲ့လူတွေကို ဘယ်လိုပြောရပ။

အစ်ကို ဆီကိုဖုံးဆက်ပြီး ညတွင်းချင်းကားနဲ့ လိုက်ဖို.ပြင်ကြတယ်။ တနေ့ကအိမ်ကို ပို့လိုက်တဲ့ကားနဲ့ အဲဒီဟာတွေ ပါသွားတယ်တဲ့။ ကားဂိတ်ကို ဖုံးဆက်ပြီး ရှာခိုင်းတဲ့ အခါမှာတော့ ကံကောင်းစွာပဲ မေမေပြောတဲ့ ပုံးထဲမှာပဲ ရှာတွေ့ခဲ့ပါတယ်။ ရှာအတွေ့ကောင်းပေမယ့် တွေ့တဲ့အချိန်က ညနေ ၆နာရီဆိုတော့ မကွေး ရန်ကုန် ကားတွေ တောင်တွင်းလောက် ရောက်ရော့မယ်။ လာပေးနိုင်မယ့် လက်ရွေးစင်နှစ်ယောက်ကို ရွေးထုတ်ပြီး ဖုံးဆက်ရပါတယ်။ ကားငှားလာဖို့ မှာလိုက်ပေမယ့် မှီမှမှီပမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ်။ စေတနာ အကျိုးပေးတယ်ပဲ ပြောရမလား သူငယ်ချင်းတွေကို ဒံပေါက်စားစေချင်တာကြောင့် ညနေ Flight နဲ. စီစဉ်ထားတာ အတော်ပဲ ဖြစ်သွားပါတယ်။ ကျေးဇူးရှင် နှစ်ယောက် ရောက်လာချိန်က ၁၀နာရီထိုးနေခဲ့တာမို့ မနက် Flight ဆို သေချာပေါက် ကျန်ခဲ့မှာပါပဲ။ အားလုံးပဲ သက်ပြင်းကိုယ်စီ ချနိုင်ကြပါတော့တယ်။

ဆွေမျိုးတသိုက်နဲ့ ပျော်ပျော်ပါးပါး လေဆိပ်သစ်ကြီးမှာပေါ့။ အခုမှပြုံးဖော်ရကြပြီး တဖြတ်ဖြတ် ဓာတ်ပုံ ရိုက်နေတာကတော့ ထုံးစံအတိုင်း မေမေပဲပေါ့ ။ ခဏကြာလို့ Check in အဝင်မှာတော့ စိတ်ပူသလောက် ရှိသမျှ စုံစေ့အောင် ထည့်ပေးလိုက်တဲ့ မေမေရယ် အားလုံးကိုအားနာပြီး ပေးသမျှလူကြံု သယ်လာတဲ့ ကျွန်တော်ရယ် အခက်ကြံု ရပါတော့တယ်။ သယ်နိုင်တဲ့ဝန်ထက် ပိုနေတာက ၁၀ ကီလိုတဲ့လေ။ ဘယ့်နှာလဲပေါ့။ အထုတ်တွေကို လည်းပြန်မထုတ်ချင်နဲ. စဉ်းစားရကြပ်နေတုန်း ဗြံုးဆို နောက်ထပ်ကျေးဇူးရှင်တယောက် ရောက်လာပါတယ်။ ကျွန်တော့ဆရာမရဲ့သား ငယ်ငယ်တုန်းက စာပြပေးခဲ့ဖူးတဲ့ ကလေးက လေဆိပ်မှတာဝန်ကျ ဝတ်စုံပြည့်နဲ့လေ။ ဘာပြောကောင်းမလဲ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ အဆင်ပြေတယ်ဆိုပါတော့။

စမိတဲ့အိပ်မက် တခုကို အဆုံးထိ မက်ရအုံးမယ်။ တကယ်တော့ ဒါဟာကိုယ့်အိပ်မက်ရဲ့ အဆုံးသတ် မဟုတ်ခဲ့တာမို. ဆက်မက်ရအုံးမယ်။ ဆက်မက်ရအုံးမယ်………..

၂၈-၀၇-၂၀၀၇ အမွတ္တရ