27 July 2008

လွမ်းရစ်လေသော ရုပ်ရှင်ရုံ

ဝေးလံချောင်ကျတဲ့ စက်ရုံဝန်ထမ်းမိသားစုတွေအတွက် အပန်းဖြေဖို့ဆိုတာ တစ်လနှစ်ခါသာပြပါတဲ့ ဒီရုပ်ရှင်ရုံ။

တစ်ခါပြရင်တစ်ဇာတ်ကားကို သောကြာညရယ် တနင်္ဂနွေညရယ် နှစ်ကြိမ်ပြ ပေးတတ်တယ်။ ဘာဖျော်ဖြေမှုရယ်မှမရှိတတ်တဲ့ ဒီနေရာမှာ သောကြာည ကြည့်ပြီးရင်လည်း နှစ်ထပ်ရှိမှတ်မိဆိုပြီး တနင်္ဂနွေနေ့မှာလည်း ပြန်ကြည့်ကြတာပဲ။ ကြည့်ပြီးတဲ့နောက်တနေ့ဆို ဇာတ်ကားသာပြီးသွားရော လူတွေရဲ့ပါးစပ်ဖျားမှာ ဇာတ်လမ်းရော ဇာတ်ကောင်တွေရော ကျန်ခဲ့မြဲ။ စျေးထဲမှာ ကျောင်းခန်းထဲမှာ အလုပ်ကအစည်းအဝေးခန်းထဲမှာ အထိပေါ့။

ရုပ်ရှင်ရုံဆိုလို့ ခန်းနားကြီးကျယ်တယ်မထင်လိုက်ပါနဲ့။ ဘောလုံးကွင်းရဲ့ဒေါင့်မှာ သစ်သားဘောင်ကြီးထောင် ပြခါနီးညနေကြမှ ပိတ်ကားအဖြူရောင် ခပ်နွမ်းနွမ်းကိုပဲ နောက်ခံလုပ်ပြီး ထိုးထားတဲ့တဲလေးထဲကနေ စက်အဟောင်းလေး ချောက်ချက်ချောက်ချက်နဲ့ပြတဲ့ ဗလာပွဲပါ။ အားလုံးက မြက်ခင်းပြင်မှာ ကိုယ့်အိမ်ကယူလာတဲ့ဖျာ၊ ထိုင်ခုံလေးတွေချပြီးကြည့်ရတာပါ။ ဒါပေမယ့် မုန့်စျေးတန်းကတော့ရှယ်။ တောကတက်လာတဲ့ စျေးသည်လေးတွေပါလာတတ်တယ်။ စားရခဲတဲ့ မုန့်လေပွေကစပြီး နေ့တိုင်းစားရတတ်တဲ့ ဒေါ်ရွှေကြီးရဲ့ အုန်းနို့မုန့်လက်ဆောင်း၊ ထညက်မုန့်လက်ဆောင်းအထိ၊ ခေါက်မုန့်သည်တွေကလည်းရှိ ဒေါ်ဝိုင်းအကြော်တဲကလည်း စည်စည်ကားကားပေါ့။ ရုပ်ရှင်မကြည့်ဖြစ်ရင်တောင် မုန့်လာစားကြတာဆိုတော့ အားလုံးစည်းစည်းလုံးလုံး တွေ့ရတတ်တယ်။ မကြည့်တတ်တဲ့ ကလေးတွေကလည်း ဒီအချိန်မှာ လူကြီးတွေအဆူအဆဲလွတ် ဆော့ချင်တိုင်းဆော့။ အိမ်မှာနေခဲ့တဲ့ လူတွေဆိုရင်လည်း လေတချက်အတိုက်အမှာ ရုင်ရှင်ကားဘက်က အသံတွေကြားရင်နားစွင့်ကြစမြဲ။

ဗမာကားတစ်လှည့် နိုင်ငံခြားကားတစ်လှည့်ပြတတ်လေရဲ့။ တခါတလေအသံမကြား တခါတလေ ရုပ်ကမပီပင်မယ့် ရုင်ရှင်ကြည့်လာမပြတ်ကြ။ ပိတ်ကားဝါးဝါးဆိုလည်း အပြစ်တင်ကြတာမဟုတ်။ ဒါမှမရှိရင် ဘာမှမရှိတဲ့နောက် ဒါအကောင်းဆုံးပဲမဟုတ်ပါလား။ ဘယ်သူကမှ မငြူစူခဲ့။

တည မိုးတွေရွာတဲ့ အဲဒီည။ ဒီအရပ်မှာ မိုးရွာရင်လမ်းတွေပျက်လောက်တဲ့အထိရွာတာ။ ဝန်ထမ်းတွေကို ကြိုတဲ့ဖယ်ရီဆိုရင် ရွှံ့ထဲမှာ လွန်ဆွဲပွဲတွေ အကြိမ်ကြိမ်။ မိုးရွာပြီဆိုရင် ဘယ်သူမှအပြင်မထွက်တော့။ တစ်အိမ်နဲ့တစ်အိမ်ဆိုတာ လုံးဝမမြင်ရတော့။ အဲလိုမိုးတွေရွာအပြီး မနက်ခင်းတခုမှာပဲ အားလုံးကြားလိုက်သလို အားလုံးပဲအပြေးအလွှားလာကြည့်ကြတယ်။ လစဉ်မပြတ်တင်ဆက်ခဲ့တဲ့ ဘောလုံးကွင်းဒေါင့်က ရုပ်ရှင်စက်ကလေး မရှိတော့ဘူးတဲ့လေ။ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြတာ ကွင်းထဲမှာ ဘောလုံးပွဲရှိတဲ့နေ့ထက်မလျော့တဲ့ ဆူညံမှုမျိုးနဲ့ပေါ့။ မိုးတွေရွာတာကို အခွင့်ကောင်းယူပြီး အာမခံသော့ကြီးကိုတောင်ချိုးဖျက်ပြီး ခိုးယူသွားလိုက်ကြတာလေ။ ရုပ်ရှင်အရမ်းကြိုက်တဲ့ ကြီးဒေါ်သန်းဆို ဆဲလိုက်ဆိုလိုက်တာမပြောပါနဲ့။ နတ်ကတော်ကိုထွန်းကတော့ သူခိုးတွေကို သူ့နတ်တွေနဲ့တိုက်မတဲ့။ ဆေးဆရာကိုဘအေးကတော့ ဘုရားရိုက်ပါလိမ့်မယ်တဲ့။ တစ်ချို့တွေကတော့ စက်ရုံကလူကြီးတွေ မပြချင်တော့လို့ ပြန်သိမ်းသွားတာတဲ့။

ဘယ်သူတွေဘာပဲဖြစ်ဖြစ် အဲဒီနေ့ကစလို့ ဟောဒီစက်ရုံတစ်ဝိုက်မှာ ရုပ်ရှင်ဆိုတာ မကြည့်ခဲ့ရတာ ဒီနေ့အထိ………………

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

တကယ့်အဖြစ်အပျက်လား ကိုရွာသားလေးရေ... စိတ်ထဲမှာ မကောင်းဘူး။ ရုပ်ရှင်ကြိုက်တဲ့ အဲဒီစက်ရုံဝန်ထမ်း မိသားစုတွေအတွက်...

RePublic said...

ကိုရွှာသားလေး အရေးတွေတက်လာတယ်ဗျ ၊၊ပီပြင်လာတယ် ၊၊ ဆက်ရေးဗျာ ၊၊ အားပေးလျက်ပါ ၊၊

Unknown said...

မျက်လုံးထဲကို ကွက်၂ကွင်းမြင်အောင် ရသမြောက်အောင်ရေးတတ်တယ်
ပိုပြီးမြင်တာက မုန့် လေပွေ (အင်းမုန့် လေပွေတမ်းချင်းလေးပြန်ရေးမယ်) မုန့် လေပွေလေးကို သဲလေး ကောက်ရိုးအမှိုက်သေးသေးတွေခါ ပဲဆီမွှေးမွှေးလေးဆမ်းပြီး ကျွပ်၂ကျွပ်၂နဲ့ စားလိုက်ရရင် ဘာနဲ့ မှကိုမလဲနိုင်ဘူး မွှေး၂လေး တခါတလေ ထန်းညက်ရည်လေးနဲ့ ဆမ်းစားတာလေးလည်း ကောင်းတာပဲ တခါတလေ မုန့် လေပွေတွေအများကြီးဝယ် အမှုံလေးတွေခါ ပြီး ကြေအောင်ခြေ ကြက်သွန်နီ ခရမ်းချဉ်သီး ပါးပါးလှီး ဆား ဟင်းချိုမှုန့်  ပဲဆီလေးနဲ့  သုတ်စားတာလေးကလည်း သိပ်ကောင်းတာပဲ (ပြောရင်းစားချင်လိုက်တာနော်) ဒါမှမဟုတ် မုန့် လေပွေသည်ကို မုန့် လေပွေမဖြစ်ခင် အစိုဘ၀ မုန့် လေပွေကိုမှာ ပြီး စော၂ကလို သုတ်စားရင်လည်း သိပ်ကောင်းတာပဲ တခါတလေ နှမ်းလေးတွေဖြူးထားတဲ့ မုန့် လေပွေဆိုရင် ပိုတောင်မွှေးသေး (ဟယ် သိပ်ရှည်သွားပြီ ကိုယ်ငတ်တာ လူသိကုန်ပြီ)

Unknown said...

ဒီတခေါက် ပြန်ဖြစ်ရင် အဲ့မုန့် လေပွေလေး ရှာဝယ်ခဲ့ပေး ပါလား (လွှတ်ပြီး ကျေးဇူးတင်မိမှာပဲ) သယ်ရတာဝန်ကျယ်တယ်လို့ များ မပြောပါနဲ့ အေ ချေပြီးယူလာခဲ့ အဲ ဒါပေမယ့် ပလတ်စတစ်နဲ့ တော့ လုံအောင် ထုတ်လာခဲ့ ပျော့မသွားအောင် နည်း၂ဖြစ်၂ပေါ့ (စိတ်ကြီး အမှတ်ကြီး ပေမယ့် စိတ်ကောင်းတော့ ရှိတာပဲနော့ ၀ယ်ခဲ့နော်)