10 July 2008

မဆုံးသေးတဲ့ လွမ်းတေးပုံပြင်

မမေ့ရက်လို့ယနေ့ထက်တိုင်ပါလေ……………………………………………………..............ကိုမောင်ရေ မိခိုင်လေလွမ်းလွန်းလို့ကြေကွဲရပေါင်းများလှပါပကော။ မယုံနိုင်လောက်တဲ့အပြောင်းအလဲ တွေမှာ ကိုမောင်ရဲ့ချစ်ခြင်းတွေပါလိမ့်မယ်လို့ တစ်ခါမှ မတွေးဘူးလို့ ရူးမတတ်ပါလေ ရူးမတတ်ပါ။

ကျမဆိုတဲ့ မိန်းမသားတစ်ယောက်ကို ဆယ့်တစ်ယောက်မြောက်အဖြစ်ကျမ အမေက မွေးဖွားခဲ့ပါတယ်။ ဆယ်ယောက်ပြီးမှ နောက်တစ်ယောက်ဖြစ်တဲ့အတွက် ကျမကို အိမ်က ပိုပိုလို့ပဲ ခေါ်ကြတယ်လေ။ ကျမရဲ့ထူးချွန်ခြင်းတွေကတော့ ဖြတ်ထိုးဥာဏ်ကောင်းခြင်း အားကစားဆို ဘတ်စ်ကတ်ဘော ဘော်လီဘော ကြက်တောင် စက်ဘီးပြိုင် အမြန်နင်း အနှေးနင်း အားလုံးကိုရစေရမယ်။ ဘောလုံးလား ကျမက မြို့နယ်လက်ရွေးစင်ပေါ့။

ကျမကိုးတန်းအောင်ပြီး ဆယ်တန်းအတက်မှာ ကိုမောင်တို့ တပ်က ကျမတို့မြို့ ကို အရွေ့ပေါ့။ တဘက်ကတပ်ဝန်းထဲကို ကျမတို့ကန်နေတဲ့ ဘောလုံးလေးအရောက် ထုံးစံအတိုင်း လက်ခေါက်မှုတ်ပြီး ဘောလုံးကိုလက်ညိုးထိုးပြ ကောက်ခိုင်းလိုက်တဲ့ ကျမကို သူတအံ့တသြော ကြည့်နေတယ်လေ ဘာထူးဆန်းလို့လဲနော်။ အဲဒီနေ့ကစလို့ အားကစားလုပ်လို့အမြဲနောက်ကျ အိမ်ပြန်တဲ့ စက်ဘီးမြန်မြန်စီးတတ်တဲ့ ကျမနောက်က အရိပ်ကလေး စရောက်လာတယ်ပဲ ဆိုပါတော့။ အရပ်က ပုံမှန်မြန်မာယောက်ျားလေးထက် နဲနဲပုပင်မယ့် အသားဖြူဖြူဆိုတော့ တမျိုးကြည့်လို့ကောင်းနေရော။ မွန်လေးဖြစ်နေတာကလည်း ကျမအတွက် သူစကားပြောတာလေးက နားထောင်ကောင်းနေပြန်ရော။ ကျမတို့ကွင်းထဲမှာကစားရင် သူ မပီကလာပီကလာဆိုတတ်တာက မောင့်ဘ၀ကို စက္ကူလှေကလေးလို ရှေ့တိုးနောက်ဆုတ်မင်းကပြုရက်နိုင်တယ်ဆိုတဲ့ သီချင်းလေးပေါ့။ သူမို့အဲဒီသီချင်းဆိုရင် ကျမမှာတော့ ဆက်ဆော့လို့မရအောင် ရပ်တန့်သွားမြဲ။ ဖမ်းစားနိုင်လိုက်တာနော်။ ကိုမောင်တစ်ယောက်အနားရောက်နေပင်မယ့် ယောက်ျားလေးအပေါင်းအသင်းများတဲ့ ကျမအတွက် အိမ်ကတခါမှ စိတ်မပူဘူးလေ။

ကိုမောင်တို့တပ်ပြောင်းရမယ်ဆိုတော့ ကျမဆယ်တန်းစာမေးပွဲဖြေဖို့သိပ်မလိုတော့။ ဘယ်လိုလုပ်မလဲ မချစ်ဖူးတဲ့အချစ်ရူးဆိုတော့။ ဘာလုပ်ခဲ့တယ်ထင်လဲဟင်။ အို ဆယ်ကျော်သက်တွေရဲ့ အချစ်စွန့်စားခန်းအိပ်မက်ကို ကျမမက်ပြစ်လိုက်တာပေါ့။ ကျမလေ ကိုမောင့်နောက်ကို ကောက်ကောက်ပါအောင်လိုက်ခဲ့မိတာပါ။ အိမ်ပေါ်က အဆင်းက ထုံးစံအတိုင်းလေချွန်ခြင်းက ကျမတို့ရဲ့ အချိန်းအချက် အမှတ်အသားပေါ့။

ကိုမောင်ရယ် လှိုက်ဖိုရင်ခုန်ခြင်းနဲ့ တစ်ကယ်ကို တစ်မျက်နှာတစ်ရွာထင်ပြီး လိုက်လာခဲ့တာပါ။ အိမ်မှာလည်း အခန့်သားထမင်းစားပွဲရှေ့ရောက်စားခဲ့တဲ့ ကျမ ထမင်းဟင်းမချက်တတ်တာ ဘာဆန်းလဲနော်။ ဒါပေမယ့် ကိုမောင်ရယ် ကိုမောင်က ကျမချက်တဲ့ဟင်းကို တမြတ်တနိုးလက်ဆုံစားချင်တယ်ဆိုတာ မသိလို့ပါလေ။ ငယ်ရွယ်သေးတဲ့ ကျမအတွက် အိမ်ထောင်တစ်ခုထိန်းသိမ်းဖို့ လင်သားကို ပြုစုစောင့်ရှောက်ဖို့ဆိုတာတွေကိုပါ မသိတတ်ခဲ့တာ အပြစ်တစ်ခုပါ ကိုမောင်ရယ်။

သားဦးလေးမွေးတော့ ပြောကြတယ် ကိုမောင်ရယ် သားဦး အင်္ဂါမမွေးရာတဲ့ ဟုတ်လားဟင် ကျမတို့အတွက်အဲဒီကျိန်စာဟာ တကယ်ပဲလားဟင်။ အဲဒီကျိန်စာကို ယူဆောင်လာတာ ကိုမောင်ကိုယ်တိုင်ပဲ မဟုတ်လားဟင်….။

ဒုတိယကလေးကိုယ်ဝန်ကြီးမှာကိုမောင် တို့ရှေ့တန်းထွက်ရတယ်နော်။ မီးတွင်းထဲမှာ ကိုမောင်ရှေ့တန်းမှာ ကျသွားပြီဆိုလို့ ဟောဒီက မိခိုင်လေ တကယ်ကို ရူးသွပ်သွားခဲ့ရတာတွေဟာ ကိုမောင့်ကိုချစ်လို့ဆိုတာ ကိုမောင်သိနိုင်ရဲ့သားနဲ့နော် ။ မိခိုင်ရဲ့မိဘတွေကို အကြောင်းကြားပြီး ပြန်ခေါ်ခိုင်းလိုက်တယ် ကိုမောင်ရက်စက်လိုက်တာနော်။ ကျမကိုထားရစ်ခဲ့တယ်။ နောက်ထပ်နောက်ထပ် အချစ်သစ်နဲ့တဲ့။ အို……ကျမကို ကျမကို ရူးမတတ်ချစ်ခဲ့ရတဲ့ ကျမကို သူမို့ထားရစ်ခဲ့တယ်။
ဟောဒီမြစ်ကမ်းဘေးမှာ ထိုင်ပြီး စီးဆင်းသွားတဲ့ မြစ်ပြင်ကြီးကို မှာလိုက်ရတာ အမော ကို့မောင်ကို ပြောပေးပါ မိခိုင်ကို မြန်မြန်လာခေါ်ပါလို့။ အခုကိုမောင်ဆိုနေကြ သီချင်းလေးကို မဆုံးတမ်းဆိုနေတယ်လေ………အလွမ်းတွေနေပေါ့………………

4 comments:

ကိုရုပ်ဆိုး said...

ကြိုးစားထားညီလေးရေ။ ဖတ်လို့တကယ်ကောင်းတယ်။
အဆုံးသတ်မှာ အကိုတောင် လွမ်းကျန်ရစ်တယ်။

ရွှေပြည်သူ (ShwePyiThu) said...

ကိုရွာသားလေးရေ... ဘာပြောရမှန်းတောင် မသိဘူး။ မတရားလိုက်တဲ့ ဇာတ်လမ်းလေး။ သြော် လောကကြီးမှာ တခါတခါ မတရားတာကိုက သဘာဝတစ်ခုလို့ ဖြစ်နေတော့... ထားလိုက်ပါတော့လေ။ အရေးအသားကတော့ လက်ဖျားခါပါတယ်...

Mogok Thar said...

မိခိုင်
ညည်း ကလေး နှစ်ယောက်ကို ဘယ်သူနဲ့ ထားခဲ့မှာလဲ။
ညည်းကလေး နှစ်ယောက်အတွက် ညည်း အားတင်းထားပါ။

(ဖတိလို့ကောင်းတယ်။စာလေးက တိုနေလို့ အားကိုမရဘူး)

Unknown said...

စိတ်ထဲမှာ တခုခု ခံစားပြီး ကျန်ရစ်အောင် ရေးတတ် တာပဲ သင်ခန်းစာယူစရာလေးနဲ့ တွဲပြီးရေးထားတဲ့ အတွက် ပိုပြီးသဘောကျမိတယ် ဒီလိုလေးတွေ နောက်လည်း ဆက်ရေးပါလို့  ဆန္ဒပြုပါတယ်