30 October 2017

လွန်ဘော့ခရီးစဉ် (၃)




ဟိုတယ်မှာ မနက်စာ စားပြီးတာနဲ့ Check out လုပ်ပြီး မိုနီကာတို့ကို စောင့်ကြတယ်။ သူတို့ရောက်တာနဲ့ ရင်ဂျာနီကို ဦးတည်သွားကြတယ်။ ဒီမနက် ကောင်းကင်ပြာနဲ့ တိမ်တွေက ရာသီဥတုသာယာကြောင်းကို ပြနေကြပြီ။ တောင်ကုန်းထိပ်က ရှုခင်ကောင်းတဲ့ နေရာမှာ ဆင်ဂီဂီကမ်းခြေကို လှမ်းဓါတ်ပုံရိုက်တယ်။ ပြီးတာနဲ့ လမ်းက သိပ်လှတဲ့ ကမ်းခြေမှာ ခဏရပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။



နောက်ထပ်လမ်းမှာပဲ ရင်ဂျာနီကိုမြင်ရတဲ့ ယာခင်းထဲဆင်းပြီး ဓါတ်ပုံရိုက်ကြပြန်တယ်။

တောင်ပေါ်ရောက်တာနဲ့ ကော်ဖီသောက် ခဏနား တောင်ပေါ်က တိုးဂိုက် Mr. Nice one နဲ့ မိတ်ဆက်ပေးတယ်။ ရေတံခွန်ခရီးကို အဒီးပဲလိုက်လာမှာဖြစ်ပြီး မိုနီကာကတော့ ကျန်နေရစ်မယ်ဆိုတော့ မှာစရာရှိတာတွေကို အယောက်စီတိုင်းမှာတာ အမေက ခလေးတွေကို စိတ်မချလို့မှာနေသလိုမျိုး။ ပျော်ပျော်ပါးပါး တောနက်ထဲကို လှိမ့်ဆင်းလာကြတယ်။ ပိတ်ရက်မို့ ဒေသခံခရီးသွားတွေက အများကြီး။ မှတ်မှတ်ရရ ကရင်နှစ်သစ်ကူးနေ့။ အမှတ်မထင် ကရင်ပုဆိုးဝတ်လာမိတယ်။ ရေတံခွန်မှာ ရေဆင်းချိုးရင် အဝတ်အစား ချွတ်ရလွယ်အောင် ပုဆိုးဝတ်လာတာ။ တောင်တွေတက်လိုက်ဆင်းလိုက် အေးကျဉ်နေတဲ့ ရေတွေထဲဖြတ်လိုက်နဲ့ နာရီဝက်ကျော်ကျော် လေးဆယ့်ငါးမိနစ်လောက်မှာ ရေသံကိုသဲ့သဲ့ကြားရတယ်။ ရေတံခွန်က နှစ်ခုဖြစ်ပြီး ပိုမြင့်တဲ့ ရေတံခွန်ဆီ အရင်သွားကြတယ်။ လူတွေက ကြပ်ခဲနေတာပါပဲ။ ရေကအေးစိမ့်နေတာကြောင့် ခဏပဲ ရေထဲမှာ နေနိုင်တယ်။








ပထမဖြတ်ကျော် လာတဲ့ ရေတံခွန်ဆီ ပြန်လျှောက်တယ်။ ရေတံခွန်နောက်ကနေ လမ်းလျှောက်သွားရတာ စိတ်လှုပ်ရှားစရာ သိပ်ကောင်းပါတယ်။ ရေကအေးလွန်းလို့ ငယ်သံပါအောင် အော်မိခဲ့တယ်။

ရေတံခွန်က အပြန်လမ်းမှာ တိုးဂိုက်က ဒတ်ခ်ျတွေဆောက်ထားတဲ့ ရေသွင်းမြောင်းကနေ လျှောက်မလား အမှောင်ထဲမှာ လမ်းလျှောက်ရဲသလားတဲ့။ လာထား လျှောက်မယ်ဆိုပြီး သီချင်းတကြော်ကြော်နဲ့  အမှောင်ထမြှာ လျှောက်ကြတယ်။ အဒီးကတော့ အမှောင်ခန်းတွေ ကြောက်တတ်တာမို့ အပြင်ပုံမှန်လမ်းကနေပဲ လျှောက်လာတယ်။ တောင်တက်နေကြမဟုတ်တော့ သူ့အတွက် ဒီခရီးက အတော်လေး ပင်ပန်းရှာတယ်။ ရေငုပ်ကျွမ်းကျင်သူက တောင်တက်မှာ မရတော့ဘူးတဲ့လေ



ရေတံခွန်တွေက ပြန်လာတဲ့အခါ ဒီခရီးစဉ်ရဲ့ အဓိကဇာတ်ဆောင် Rinjani Lodge မှာတည်းမယ်။ ဟိုတယ်မှာ အထုတ်တွေချပြီးတဲ့အခါ ရေကူးကန်ထဲဆင်းဖို့ ပြင်နေပြီ။ ရင်ဂျာနီတောင်ကိုနောက်ခံထားပြီး ရေကူးချင်တဲ့ အာသီသပြေပြီလေ။ သိပ်မမှောင်ခင်မှာ ရေကူးကန်က ပြန်တက်လာပြီး ဗိုက်ဖြည့်ရအောင် ဟိုတယ်က စားသောက်ဆောင်ကိုလာကြတယ်။ အခုလို ဟိုတယ်သေးသေးလေးမှာ အစားအသောက် အဲ့ဒီလောက် ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် အံ့အားသင့်စေခဲ့တယ်။

နောက်တနေ့မနက် ကျနော် သွားချင်တဲ့ နေရာတွေကို ထပ်သွားဖို့ မနက်အစောကြီး လာခေါ်မယ်။ တောင်အောက်ပြန်ဆင်းပြီး နောက်ထပ်တောင်ကျောတခုကနေ သွားရမှာမို့ မနက်၇နာရီ လာခေါ်မယ်လို့ တိုးဂိုက် မှာသွားခဲ့တယ်လေ...................

14 October 2017

လွန်ဘော့ခရီးစဉ် (၂)


မနက်မိုးလင်းတော့ ကောင်းကင်တခုလုံး မှောင်မည်းနေပြီ။ လှိုင်းတွေ ပုတ်တဲ့အသံကို အဝေးမှာရှိတဲ့ အခန်းကနေတောင် အတိုင်းသားကြားနေရတယ်။ ရင်ဂျာနီတောင်မှာ မိုးတွေသည်းနေခဲ့ပြီ။ ဒီညတောင်တက်ခရီးစဉ် မလုပ်ဖြစ်တာ ကောင်းသွားတယ်။ နေ့လည်မှာ ဟိုတယ်ပြောင်းပေးမယ်ဆိုပြီး မိုနီကာက ဖုန်းခေါ်လာတယ်။ ဒါနဲ့ပဲ သိပ်တည်းချင်ကြတဲ့ Qunci Villa ကိုရွှေ့တယ်။ တလွဲမဖြစ်ရင် မနေနိုင်တဲ့ ခရီးသွားတယောက်ဆိုတော့ ထုံးစံအတိုင်း လွဲတယ်။ တောင်တက်ခရီးဖျက်တာ သေချာပြီဆိုတော့ Qunci Villa ကိုတည်းဖို့လုပ်တယ်။ ဈေးတွေချထားတယ်ဆိုပြီး ပျော်ပျော်ကြီး ယူလိုက်တာ။ တကယ်က ဇန်နဝါရီနဲ့ ဒီဇင်ဘာ လမှားပြီးယူခဲ့တာလေ။ ဟိုတယ်ဧည့်ကြိုက ချက်ချင်းအခန်းလွတ်ရှာပေးပြီး ဒီနေ့ဟိုတယ်ခန်းခပေါက်ဈေးကို ထပ်ဆောင်းပေးးလို့ရပါတယ် ဆိုပြီး ဝန်ဆောင်မှုပေးပါတယ်။ ဧည့်သည်ကို ဘယ်လို နေချင်စိတ်ပေါက်အောင် လုပ်ရမယ်ဆိုတာ သင်ကြားထားပြီးသား။ ဟိုတယ်ဈေးနှုန်းက များပါတယ်။ ပင်လယ် မြင်ရတဲ့ အခန်း တညကို စလုံး ၂၅၀လောက်ကျတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ဝန်ဆောင်မှုနဲ့ဆို ပေးပျော်တယ်။ 

အိတ်တွေကိုထားခဲ့ပြီး နေ့လည်စာ စားဖို့ မိုနီကာတို့က လိုက်ပို့ပေးတယ်။  မစားခင် ရိုးရာ အနှိပ်ခန်းဝင်ကြမယ်ဆိုပြီး သွားကြတယ်။ တနာရီ အနှိပ်ခံကြတယ်။ အသားတွေနာပြီး ကျန်ခဲ့တယ် အညောင်းမပြေပါဘူး။ ကောင်းတယ်ဆိုတဲ့ ထမင်းဆိုင်မှာ နေ့လည်စာစားတယ်။ ဟင်းတပွဲကို နှစ်ယောက်သုံးယောက်စားလောက်တယ်။ အရသာ စိတ်ထဲသိပ်မတွေ့လှဘူး။
ဟိုတယ်ကို Taxi နဲ့ ပြန်လာကြတယ်။ တည်းရမယ့် အခန်းကို ခင်ဖို့သိပ်ကောင်းတဲ့ ဝန်ထမ်းက လိုက်ပို့ပါတယ်။ သွားတဲ့လမ်းတလျှောက် စကားပြောစနောက်ပြီး ခေါ်သွားတာ ဝေးဝေးလျှောက်နေရတာကို မေ့သွားတယ်။ ပုံမှန် Tip ပေးလေ့မရှိတဲ့ ကျနော်တို့တောင် ပေးမိစေခဲ့တယ်။ ဘယ်လောက်ကောင်းတဲ့ ဝန်ဆောင်မှုလဲနော်။ Villa က ပင်လယ်ကို တစိတ်တပိုင်းပဲမြင်ရသေးတယ်။ အပြည့်မြင်ချင်ရင် နောက်ထပ် နှစ်ဆလောက် ပေးရမှာ။ အခန်းထဲမှာ ပျော်ပျော်ပါးပါး ဓါတ်ပုံရိုက်ကြတယ်။ ပြီးတာနဲ့ ရေကူးကန်ကို ဦးတည်တယ်။ ရေကူးဖို့ အဝတ်အစားလဲတော့မှ မနေ့က ရေငုပ်ကောင်းတာ ကျောတပြင်လုံး နေလောင်ပြီး အရေခွံတွေ အချပ်လိုက်ကွာနေတာ သတိထားမိတော့တယ်။









ခရီးစဉ်လည်း မရှိတော့ အေးအေးညောင်းညောင်း ရေကူးလိုက် အအေးသောက်လိုက် ဓါတ်ပုံရိုက်လိုက်ပဲ။ ဟိုတယ်မှာ ရေကူးကန် သုံးကန်ရှိပါတယ်။ ခလေးရေကူးကန်၊ ဆေးလိပ်သောက်တဲ့သူတွေအတွက် သီးသန့်ကန်၊ ဆေးလိပ်မသောက်တဲ့သူတွေအတွက် သီးသန့်ကန်။ ကျနော်တို့က ဆေးလိပ်မသောက်တဲ့ကန်မှာ ကူးတယ်။ တချို့ မသိတာလား သတိမထားမိတာလား ဆေးလိပ်သောက်ကြရင် ဝန်ထမ်းကောင်လေးတွေက သေချာရှင်းပြပြီး ရေကူးကန် ပြောင်းခိုင်းတာမို့ ကျေးဇူးတင်မိတယ်။ ဘယ်လောက်တောင် ရေစိမ်ကောင်းလည်းဆိုရင် ရေစကူးတဲ့အချိန်ကနေ နေဝင်ချိန်အထိ သုံးနာရီလောက် ကြာတယ်။  နေဝင်ပြီ ကောင်းကင်မှာ တိမ်တောက်တဲ့အချိန်မှ အခန်းကိုပြန်ကြတယ်။

ညစာကို ဟိုတယ်မှာပဲ စားမယ်ဆိုပြီး ဟိုတယ် စားသောက်ဆိုင်ကို ရောက်တဲ့အခါ တွေ့ရတဲ့ Menu ကြောင့် အံ့အားသင့်စေခဲ့တယ်။ မြန်မာမုန့်ဟင်းခါးဆိုတာ ရတယ်တဲ့လေ။ ဘယ်လိုမှ မျှော်လင့်မထားတာ အသေအချာပဲ။ ဟိုတယ်စားဖိုမှူးက ချင်းမိုင်ကနေ ပြောင်းလာတာဖြစ်ပြီး ဒီမုန့်ဟင်းခါးကို အထူးတလည် ထည့်သွင်းသွားခဲ့တာ ဟိုတယ်ရဲ့ Signature dish တောင်ဖြစ်နေခဲ့ပြီလို့ စားပွဲထိုးလေးက ရှင်းပြတယ်။ မူလထည့်သွင်းခဲ့သူ စားဖိုမှူးက မရှိတော့ပေမယ့် နောက်ဆက်ခံသူတွေက ဆက်လက်အမွေဆက်ခံထားဆဲ။ စမ်းစားကြမယ်ဆိုပြီး မှာလိုက်တယ်။ ပဲနဲ့ဆန်လှော်မုန့်နဲ့ ချက်တာမဟုတ်တော့ အရည်ကျဲကျဲဟင်းရည်မှာ ငှက်ပျောအူဖတ်လေးတွေနဲ့ တမျိုးဆန်းပါတယ်။

နောက်နေ့မနက်မှာ ဟိုတယ်ထပ်ပြောင်းမယ်။ ပင်လယ်ပြီးတော့ တောင်တွေဆီကိုပေါ့.....