စာဖတ်ခြင်း အပြင် ကျနော့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကုန်ဆုံးစေသော ၀ါသနာတစ်ခုမှာ ရုပ်ရှင်ကြည့်ခြင်းပါ။ ဒီတစ်ပတ်တော့ ကျနော်ကြည့်ဖြစ်တဲ့ ရုပ်ရှင်လေးက အနီရောင်ကျောက်ဆောင်ပါတဲ့ ဒါရိုက်တာကလည်း ကျနော်ကြိုက်တဲ့ John Woo ပြီးတော့ ကျနော်တို့အေးရှား မှာ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၈၀ဆိုတော့ ဒီဇာတ်ကားက အတော်ကို ကြည့်သင့်တယ်လေ။ တကယ်တမ်းက ရုံမှာတင်သမျှကားတိုင်းကို ကြည့်ချင်နေမိတာကိုတော့ ဒီဆင်ခြေလေးနဲ့ ဖုံးဖိထားတာပါ။
ဇာတ်လမ်းစပြပြခြင်းတိတ်ဆိတ်ခြင်းနဲ့ နူးညံ့သိမ်မွေ့မှုကို ဖော်ပြထားပါတယ်။ မကြာပါဘူးရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘီလူးဝင်လာတယ်ဆိုရင်ပဲ သူနဲ့လိုက်ဖက်မယ့် နောက်ခံတီးလုံးတွေ သူ့ကိုလူတွေက သာမက ငှက်ကလေးကတောင် ကြောက်လန့်ရတယ်ဆိုတာ ဒါရိုက်တာက ပြထားပါတယ်။ ဘုရင်ကိုခြောက်လှန့်ခြင်းနဲ့ စစ်ကို စတင်ခိုင်းလိုက်တဲ့အထိ သူ့ရဲ့ ရဲတင်းမှု ပိုင်နိုင်မှုတွေက သိသာစေပါတယ်။
စစ်တစ်ခုဖြစ်လာတယ်ဆိုတိုင်း စစ်ပြေးဖြစ်ရတဲ့ ပြည်သူတွေက အတိဒုက္ခနဲ့ ရင်ဆိုင်ရစမြဲပေါ့။ ကျနော့အဖိုးအဖွားတွေရဲ့ စစ်ပြေးကာလတွေကို ပုံပြင်တွေလိုပဲ နားထောင်ခဲ့ရတာ ဆိုတော့ အဲလိုဒုက္ခဆိုတာ ကြောက်ဖို့ကောင်းတယ်လောက်သာ သိခဲ့ရပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ နိုင်ငံ့အရေးအခင်းကြတော့ တကယ်ကို ဖရိုဖရဲနိုင် ကြောက်မက်ဖွယ်နိုင်လှပါလားလို့သိလာရတယ်။ ဒါပေမယ့် ဒီကားထဲက အုပ်ချုပ်သူ လူပေ့ကတော့ မိမိရဲ့ရင်သွေးနဲ့ဇနီးမယားတွေ ရွာတစ်ရွာမှာ ပိတ်မိနေလို့လာပြောတဲ့ အချိန်မှာတောင် ကယ်ဆယ်ဖို့ ဂရုမစိုက်နိုင်အားပဲ ရှေ့မှာလဲကျနေတဲ့ စစ်ပြေးမိသားစုထဲက ကလေးလေးကို ပြေးပွေ့လိုက်တဲ့ သူ့ကို မလေးစားပဲမနေနိုင်အောင် ရိုက်ပြထားပါတယ်။ အပြင်မှာကော တကယ်ရှိနိုင်ပါ့မလားဟင်။ စစ်ပြေးတွေကို ကာကွယ်ဖို့ ကိုယ့်အသက်တွေကို စတေးပြီး ကာကွယ်တဲ့စစ်သားတွေကို ကြည့်ပြီး အကြိမ်ကြိမ် သက်ပြင်းချခဲ့ရပါတယ်။
ပြီးတော့ တရုတ်ကားတွေရဲ့ထုံးစံအတိုင်း Hero ဆိုတာတွေအများကြီးပေါ့။ လူအများကြီး ၀ိုင်းတိုက်ပင်မယ့် အဲဒီတစ်ယောက်ကို မနိုင်ဘူးဆိုတာမျိုး။ နောက်ထပ်ပေးတဲ့ အတွေးက စစ်ပွဲရဲ့ နည်းပရိယာယ် အတက်အကျ အနိုင်အရှုံးဆိုတာတွေကို အဆုံးအဖြတ်ပေးတတ်တဲ့ နောက်ကွယ်က ပညာရှိတွေရဲ့ အခန်းကလည်း မသေး။ ကျူးလျန်ဆိုတဲ့ ပညာရှိက တစ်ခြားနယ်မြေက ၀ူဆိုတဲ့ဘုရင်ငယ်ကို စစ်ကူတောင်းပူးပေါင်းဖို့အတွက် သွားတွေ့အရေးဆိုတဲ့ အခန်းက စိတ်လှုပ်ရှားမှုအပြည့်ပေးစွမ်းစေပါတယ်။ သူရဲ့ စကားပြောနိုင်နှင်းမှု နဲ့ တည်ငြိမ်စွာ ဆွဲဆောင်စေခဲ့ပါတယ်။ သူ့ရဲ့စကားတစ်ခွန်းမှားလိုက်တာနဲ့ သူဒီအခန်းထဲက ပြန်မထွက်နိုင်မှာ အသေအချာပါပဲ။ သူနောက်ဆုံးပြောလိုက်တဲ့စကားက အရှင်ရဲ့ဓား မသုံးတာကြာပြီတဲ့ ဒီပွဲဟာအကောင်းဆုံးသွေးပူလေ့ကျင့်ခန်းဆိုတာလေးပါ။
နောက်တယောက်ကတော့ ကျိုးယုဆိုတဲ့စစ်သူကြီး။ သူ့စစ်တပ်က ကျွဲခိုးသွားလို့လာတိုင်တဲ့ အခန်း သူသိတယ် ခိုးတဲ့လူဘယ်သူလဲဆိုတာ။ ရွံတွေခြေထောက်မှာပေနေတဲ့တရားခံတွေကို ပျောက်သွားအောင် သူလုပ်လိုက်တဲ့ အကွက်လေး သိပ်ကို လှတာပါပဲ။ သေမိန့်ပေးမယ့်အစား အခွင့်အရေးပေးပြီး ဘ၀ကို ပြင်ဆင်ခိုင်းလိုက်တာလေး။ ခေါင်းဆောင်ကောင်းဆိုတာ အဲလိုမျိုးပေါ့။
ကျိုးယုနဲ့ ကျူးလျန်တွေ့ဆုံတဲ့အခန်း ဒါလည်းစိတ်ဝင်စားစရာကောင်းတာပါပဲ။ စတွေ့တာက မြင်းကလေးမွေးပေးတဲ့အခန်းပေါ့။ မင်းကဒါလည်းသိတာပဲလားဆိုတော့ ပညာရှိရှိပီပီ နည်းနည်းပါးပါးပဲသိတာပါလို့ပြန်ပြောတဲ့ သူတို့နှစ်ယောက်ရဲ့ အခြေအတင်က မပျင်းစေရပါဘူး။ ပြီးတော့ဝူဘုရင်ကို ကူပြောပေးဖို့ပြောတဲ့ပုံစံ သူတို့နှစ်ယောက်က ဂီတနဲ့စကားပြောသွားကြတယ်။ ဒီလိုနှစ်ဦးသဘောတူညီမှုယူပြီး တဲ့နောက်ကျူးလျန်မှာ ခွန်အားအပြည့်နဲ့ပေါ့။
ဝူဘုရင်ကို ကျားတစ်ကောင်တောလိုက်စေခြင်းဖြင့် ရဲရင့်စေပြီး ကျူးနဲ့ကျိုးတို့ရဲ့ အကြံအစည်အထမြောက်အောင်မြင်စေခဲ့ပါတယ်။ လူပေ့ဆီကို ကျိုးယုတို့တစ်သိုက် လာတဲ့အချိန်မှာ လူပေ့က သူ့စစ်သားတွေစီးဖို့ မြက်တွေနဲ့ ဖိနပ်ထိုးနေခဲ့တာ သူ့စစ်သူကြီးတွေက သူတို့အရှင်က ဖိနပ်တွေထိုးပြီးသူတို့ အယောက်စီတိုင်းကို ကိုယ်တိုင်ပေးခဲ့တာဆိုပြီးဂုဏ်ယူဝင့်ကြွားစွာပြောတော့ အေးလေဒီလိုဘုရင်အောက်မှာ ဒီလိုသစ္စာရှိတဲ့လူတွေ ရှိတာဘာဆန်းလဲနော်။ ပြီးတော့စစ်သူကြီးတွေက ကလေးတွေကို စာသင်ပေးနေတဲ့အခန်းလေး။ ကလေးတစ်ယောက်ကထမေးတယ် သူတို့အခုတောင် ထမင်းနပ်မှန်အောင်မစားရသေးတာ စာသင်နေတာဘာလုပ်ဖို့လဲ ဆိုတဲ့မေးခွန်း ကျနော်တို့ရဲ့ မုန်းတိုင်းဒဏ်ခံကလေးငယ်တွေကော အဲလိုမေးခွန်းမျိုးမေးခဲ့ရင် ဘယ်လိုဖြေကြမှာလဲ ဆိုပြီးတွေးနေမိပါတယ်။
ထုံးစံအတိုင်း အဖွဲ့အစည်းနှစ်ခုပူးပေါင်းဖို့ဆိုတာ လွယ်လွယ်ကူကူမဟုတ်ခဲ့။ သူနဲ့ပူးပေါင်းခြင်းသည် သူ့လက်အောက်တွင်ခိုလှုံခြင်းမဟုတ်။ အဲဒီတော့သူတို့တွေ အငြင်းအခုံဖြစ်ကြရတာပေါ့။ ကျနော်တို့မှာရှိပြီးသားစကားပုံလိုပဲ ကျိုးယုက ဖိနပ်ထိုးနေတဲ့ မြက်ကလေးတွေကို ဥပမာပေးပြီး ပြေငြိမ်းစေခဲ့ပါတယ်။
ပြီးတော့စနစ်တကျ အကွက်ချတိုက်ခဲ့တဲ့ ပထမတိုက်ပွဲ။ စည်းလုံးခြင်းရဲ့အောင်ပွဲပေါ့။ ဒဏ်ရာရခဲ့တဲ့ ကျိုးယုကို ဆေးဆရာက ဆေးထည့်တော့ သူ့မိန်းမရဲ့လက်ကိုကိုင်ရင်း အံကြိတ်ခံလိုက်တာမြင်ရတော့ လူ့ဘ၀မှာ တွဲလက်တစ်ဖက်ရဲ့တန်ဖိုးဆိုတာကို မြင်လာရပါတယ်။ အောင်ပွဲခံတဲ့ပွဲမှာ ၀ူဘုရင်ငယ်က သူ့ရဲ့ညီမငယ်နဲ့ လူပေ့ကိုကမ်းလှမ်းရင်း ရွှေလမ်းဖောက်ဖို့ကြိုးစားခဲ့တယ်။ ညီမငယ်ရဲ့စကားကလည်း မှတ်သားစရာပါပဲ မိန်းမသားဆိုတာ အဲလိုမျိုး ကိုယ့်ဘ၀ကိုစတေးရမယ်တဲ့လား သူလည်းငှက်ငယ်လေးတွေလို လွတ်လွတ်လပ်လပ်နေချင်ပါတယ်တဲ့။သူ့မှာလည်း အစွမ်းအစရှိပါတယ်တဲ့။ ကျနော်တို့ရာဇ၀င်မှာလည်း အဲလိုမျိုးစတေးခံခဲ့ရတဲ့ မိန်းမသားတွေ အများကြီးရှိခဲ့ပါတယ်။
ဒါပေမယ့်ဗျာ ကြည့်လို့ကောင်းနေခါမှ ဆက်ရန်ဆိုတဲ့စာလေးပေါ်လာတော့ တော်တော်လေး စိတ်ညစ်သွားမိပါတယ်။ ကျနော်က အမြဲပဲသိချင်စိတ်ပြင်းပြနေကြ ဆိုတော့ တစ်ခါတည်းဇာတ်သိမ်းသွားဖို့ကိုပဲ ပိုလိုလားမိတယ်။ ဒုတိယပိုင်းကိုတော့ စိတ်မရှည်စွာပဲစောင့်နေရအုန်းမှာ ကဲ ကျောက်ဆောင်နီရေ လာပါတော့ကွာ မြန်မြန်………..
အင်္ဂလိပ်ကိုလည်းမကျွမ်းကျင် တရုတ်စာလည်းနားမလည်ဆိုတော့ ကိုယ်နားလည်သလို ခံစားရမိသလို ရေးလိုက်တာပါ အမှားအယွင်းအတိမ်းအစောင်းများရှိရင် ထုံးစံအတိုင်း မသိနားမလည်ရွာသားလေးဆိုပြီး…………

ကြော်ငြာလေးကြည့်ချင်ရင်တော့ http://www.youtube.com/watch?v=WDqamjm8lc4 ကို သွားပါဗျာ..
China Film Group/Avex Entertainment/Chengtian Entertainment/CMC Entertainment/Showbox/Lion Rock Prods.Cast: Tony Leung, Takeshi Kaneshiro, Hou Yong, Hu Jun, Zhang Fengyi, Chang Chen;
Director: John Woo;
Screenwriters: John Woo, Khan Chan, Kuo Cheng, Sheng Heyu;
Producer: Terence Chang, John Woo;
Executive producers: Han Sanping, Masato Matsuura, Wu Kebo, Ryuhei Chiba, Chin-wen Huang, Wootaek Kim, Jeongchun Ryu;
Directors of photography: Lu Yue, Zhang Li;
Production/costume designer: Tim Yip;
Music: Taro Iwashiro;
Editors: Angie Lam, Yang Hongyu, Robert A. Ferretti;
Action director: Corey Yuen;
Sales: Summit Entertainment, Mei Ah (Hong Kong).

7 comments:
ကိုရွာသားလေး ရေးထားပုံအရဆိုရင် ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားတစ်ကားပါပဲ။ ဇာတ်ကားကောင်းတိုင်းမှာ စဉ်းစားစရာတွေ သင်ခန်းစာယူစရာတွေ အမြဲပါဝင်နေတာပဲနော်။ ဒုတိယပိုင်းကြည့်ပြီးရင်လည်း ပြန်ပြောပြပါဦး ကိုရွာသားလေးရေ...
တရုတ်ကားတွေကြည့်ပြီး တစ်ယောက်တည်း သိုင်းတွေ ကျင့်နေလားမသိ..... အစ်ကိုကြီး ဘာသိုင်းတွေ ကျင့်နေလဲ ညီ့ကိုလည်းပြောပြ :)
European Film Festival သွားကြည့်ခဲ့ကြ တာတောင် ပြန်ပြီး အမှတ်ရလာတယ်။
ရှဲ ရှဲ (ဆီဒယ်အိုးထဲမှာ အကြော် ကြော်လို့ မြည်သံမဟုတ်) တရုပ်လို ကျေးဇူးတင်ကြောင်း ပြောကြည့်တာပါ ရွာသားစစ်စစ်ရာ ...
ကိုရွာသားလေးလည်း အဲဒီကားကြိုက်တယ်လား...ရသမြောက်တဲ့ကားလေးပါ
နော်.နောက်တစ်ခါကိုစောင့်ကြည့်ရမှာမို့စိတ်မရှည်
တာတစ်ခုပါပဲ
ှဇာတ်ကားကို ကြည့် ကြည့်မယ်
အဲ အရှည်ကြီးဆိုရင်တော့ ဇာတ်သိမ်းပိုင်းကို ကျော်ကြည့်လိုက်မှာပဲ
ပြန်ပြီးဖတ်သွားတယ်
ဖတ်လို့ ကောင်းတယ် နားလည်အောင်ရေးထားတဲ့အတွက် ဇာတ်ကားကို မကြည့်တော့ဘူး (အသိ ပညာပေး အယူအဆလေးတွေ ပါထည့်ပေးထားလို့  ကျေးဇူးပါ) ကိုယ်တိုင်ကြည့်ရင် တောင် အဲလို တွေးမိမှာမဟုတ်ဘူး ဇာတ်သိမ်းပိုင်း ကို ဆက်ဖတ်ပါမယ်
Post a Comment