24 February 2019

ဖီရန့်ဇေနဲ့ တွေ့ဆုံခြင်း ပထမရက်


ဗင်းနစ်ကထွက်လာတဲ့အခါ ဒီတခါဦးတည်တဲ့မြို့က ဂျူးလိယက်ဆီဇာ တည်ထားခဲ့တဲ့ ဖီရန့်ဇေတဲ့။ တော့စကားနား နယ်မြေရဲ့ တံခါးပေါက် ပြီးတော့ ရီနေးဆွန့် အနုပညာတွေရဲ့ မွေးရပ်ဇာတိပါ။ ပြတိုက်ပေါင်းမြောက်များစွာနဲ့ နာမည်ကျော် ဖီရန့်ဇေမြို့ကို ရောက်ဖို့ စိတ်လှုပ်ရှားနေမိတော့တယ်...

ဖီရန့်ဇေကို ရောက်တော့ နေ့လည်စာစားချိန်။ နယ်ခံက သေချာမှာလိုက်တယ် ဘူတာနားမှာ တရုတ်ဆိုင်ရှိတယ် သိပ်စားကောင်းတာတဲ့။ ဘူတာရှေ့လမ်းကိုကူးပြီး မက်ဒေါ်နယ်ဘေးနားမှာ တရုတ်ဆိုင်ရှိတယ်။ ဆိုင်က ကျယ်ကျယ်လွင့်လွင့်နဲ့ အရသာရှိပါတယ်။ အချိုမုန့်တော့ ပါတာပေါ့လေ။
ကားငှားပြီး တည်းမယ့် Airbnb ကိုသွားကြတယ်။ အိမ်က ဆန်တာကိုးရင်ပြင်နားမှာပါ။ အိမ်ရှင်က သူလည်း လာစောင့်ပြီး အခန်းသော့ပေးမယ်တဲ့။ အိမ်အောက်ရောက်တော့ သူကို ခဏစောင့်ရတယ်။ အိမ်က ရှေးတုန်းကအိမ် ပြီးတော့ ကျနော်နေဖူးချင်တဲ့ မီးလင်းဖိုနဲ့ ဝဲလင်းတိုင်။ ဓါတ်လှေခါးမရှိပဲ လေးထပ်မြောက်မှာဆိုတော့ အထုတ်တွေနဲ့ တက်ပေါ့လေ...

အိမ်ရဲ့ အပြင်အဆင်ကတော့ အရမ်းမိုက်ပါတယ်။ စကားပြောဆို ခဏနားပြီးတာနဲ့ ပြန်ဆင်းလာကြတယ်။ ဒေးဗစ်ကိုကြည့်မယ်ပေါ့။ လျှောက်ရင်း ဘယ်တွေရောက်မှန်းမသိ ရောက်တဲ့နေရာတွေကလည်း ဓါတ်ပုံရိုက်ချင်စရာတွေချည်း။ သားရေဂျာကင်ဝယ်မယ်ဆိုပြီးလည်း ဆိုင်တွေ ဝင်ကြည့်ကြသေးတယ်။ ဈေးတွေက မနည်းမနော. ထက်ဝက်ဈေးချပေးမယ်ဆိုတာချည်း သားရေစစ် မစစ်တော့ မသေချာဘူး။


လျှောက်သွားရင်း အာနိုးမြစ်ကမ်းထိရောက်သွားတယ်။ အားနိုးမြစ်ထဲ လှေလှော်နေတာတွေတွေ့တယ်။ ရေထဲက အရိပ်တွေ လိုက်ဖမ်းနေမိတော့တယ်။ ဖီရန့်ဇေမှာ တံတားတွေ အများကြီးပဲ။ ဒါပေမယ့် နာမည်ကြီးတဲ့ ရောမခေတ်လက်ကျန် ပွန့်တီဘက်ချီယို တံတားကတော့ စစ်အတွင်းက ဂျာမန်တို့မဖျက်ဆီးလို့ တခုတည်း ကြွင်းကျန်ရစ်တယ်. အခုတော့ တံတားပေါ်မှာ ရွှေဆိုင်တွေနဲ့ တန်ဖိုးတွေကြီးလွန်းမက ကြီးပြီး ခရီးသည်တိုင်း မလျှောက်မဖြစ် လျှောက်ရတဲ့ တံတားတခုဖြစ်နေခဲ့ပြီ။



နေမဝင်ခင် ဒေးဗစ်ကြေးရုပ်ထုရှိတဲ့ ပန်းခြံကိုအပြေးအလွှားသွားတက်ကြတယ်။ သစ်ရွက်ကလေးပဲ ကာထားတဲ့ ဒေးဗစ်ဟာ လူတိုင်းအကြည့်အောက်မှာ ဝတ်လစ်စလစ်ရပ်မြဲရပ်နေတယ်။ ဒီနေရာကနေ ဖီရန့်ဇေမြို့ရဲ့ နေဝင်အလှဟာ အံ့သြ မကုန်နိုင်အောင်ပဲ။ မိန်းခလေးငယ်ကနေ မိန်းမပျိုဖြစ်လိုက် ရင့်ကျက်တဲ့ မိန်းမသူကြီးဖြစ်လိုက် အလင်းအမှောင်ကြားမှာ ဖြိုးခနဲဖျတ်ခနဲ ပြောင်းသွားလိုက်တာ.....





ပန်းခြံတခုလုံးပြည့်မတတ် ဧည့်သည်တွေကလည်း များပြားလိုက်တာ။ စုံတွဲတွေ Pre wedding ဓါတ်ပုံရိုက်သူတွေ၊ နယ်ခံဈေးသည်တွေ၊ စတန့်ထွင်စက်ဘီးစီးနေသူတွေနဲ့ မုန့်ရောင်းသူတွေ လွန်းထိုးနေတော့တယ်။

နေဝင်ချိန်မိန်းမောပြီးတဲ့အခါ စိမ့်နေအောင်အေးလာတယ်။ အာရှမှာတုန်းက နေရိပ်အောက်မှာ လမ်းလျှောက်ဖို့ ကြိုးစားသမျှဟာ အီတလီမှာ နေရောင်အောက်လျှောက်ဖို့ ကြိုးစားရတဲ့အခြေအနေ။ အိမ်ပြန်ရင်းလမ်းတွေမှားလိုက် ပတ်ချာလည်လိုက်ပဲ။ အိမ်အနားက မုန့်ဆိုင်မှာ ပေါင်မုန့်ဝယ်လာခဲ့တယ်။ ညနေစာကို အိမ်မှာပဲ စားကြတယ်။ ပြီးတော့အဝတ်တွေလျှော်မယ်ပေါ့။ အီတလီရဲ့ ဥပဒေသစ်တခုက နိုဝင်ဘာမရောက်မချင်း အပူပေးစက်တွေ မဖွင့်ရဘူးတဲ့။ ဒါပေမယ့် စိမ့်နေအောင်အေးတော့ အပူပေးစက်ကို ဖွင့်ရတယ်။ အိမ်ရှင်ကိုလည်း အကြောင်းကြားထားတယ်။ အဝတ်လျှော်ကြတယ် စက်နဲ့လျှော်တာပေမယ့် အဝတ်ပြီးတဲ့အခါ စက်ကို ဘယ်လိုဖွင့်ရမလဲ မသိကြဘူး။ အီတလီလိုပဲ ရေးထားတော့ မှားနှိပ်မိရင် အဝတ်တခေါက်ပြန်လျှော်ရင်း မိုးလင်းကုန်လိမ့်မယ်...

စက်က အဝတ်တွေလျှော်ရင်း အင်တာနက်ကနေ ပြတိုက်နှစ်ခုရယ် ဘုရားကျောင်းရယ် လက်မှတ်တွေဝယ်တယ်။ တန်းစီးရင် ဈေးသက်သာပေမယ့် နောက်တရက်ပဲ အချိန်ရှိတော့တာမို့ skip the line လက်မှတ်တွေဝယ်ဖြစ်တယ်။ သိပ်လောဘမကြီးပဲ ပြတိုက်နှစ်ခုပဲကြည့်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ တကယ်က ပြတိုက်တွေချည်းကြည့်ရင်တောင် တလလောက်နေရမလိုပါ....

အဝတ်တွေလှန်းပြီး ညစာစားပြီးတဲ့အခါ အပူပေးစက်တခုက အလုပ်မလုပ်ဘူး။ ရေချိုးခန်းထဲမှာ ရပေမယ့် အိပ်ခန်းထဲမှာ မပူဘူးဖြစ်နေတယ်။ စောင်ကို ခေါင်းမြီးလုံအောင်ခြုံ လူကိုလည်း ပုဇွန်တုပ်ကွေးနဲ့ ဖီရန့်ဇေရဲ့ ပထမညဟာ ကုန်သွားတော့တယ်.........

22 February 2019

ငယ်အိပ်မက်မြို့တော် နံပါတ်နှစ်

ငယ်ငယ်ကတည်းက ကျနော့မှာ အိပ်မက်မြို့တော်နှစ်ခုရှိခဲ့ဖူးတယ်။ ပထမတခုကို နှစ်ခေါက်တိတိရောက်ဖူးခဲ့ပေမယ့် ဒုတိယတခုကတော့ ရောက်ဖြစ်မယ်ဆိုတာ သိပ်မသေချာခဲ့ဖူး။ ဝေးလံတဲ့ ဒီအနောက်အရပ်ကို ရောက်ဖြစ်မယ်ဆိုတာ အိပ်မက်ထဲမှာပဲ ရှိခဲ့တာ မဟုတ်လား...

မီလန်က အသိမိတ်ဆွေက မနက်ခင်း ဘူတာအထိလိုက်ပို့ပေးတယ်။ ဒီကနေ ကျနော်တို့ ကိုယ်တိုင်လျှောက်ရမယ့် ခရီးစဉ်စပြီ။ ရထားလက်မှတ်တွေကိုတော့ ခရီးမလာခင်ကတည်းက ကြိုဝယ်ထားတာမို့ ဈေးအတော်သက်သာတယ်။ ရထားက အရှိန်အတော်မြန်ပေမယ့် သိပ်မလှုပ်ခါဘူး။ ရထားပေါ်မှာ မုန့်တခု၊ ကော်ဖီသို့ အအေးတဗူးကျွေးတယ်။ အင်တာနက်လည်းရတယ်ဆိုလို့ ချိတ်ဆက်စမ်းသပ်နေသေးတယ်။ တခုပဲ မြေအောက်လှိုဏ်ခေါင်းတွေထဲ ဖြတ်သွားတဲ့အခါ နားတွေ အူပြီး ခေါင်းမူးလာတတ်တာပဲ။

မီလန်ကနေ ဝေးဝေးသွားပြီး ရထားလမ်းတဖက်တချက်မှာ ရေတွေတွေ့လာတဲ့အခါ ကျနော်ရောက်ချင်တဲ့ နေရာကို ရောက်လုပြီ။ ဘူတာထဲ ရထားဝင်သွားတဲ့အထိ မသေချာသေးဘူး။ ဘူတာထဲက ကော်ဖီဆိုင်မှာ မုန့်နဲ့ ကော်ဖီကို နေ့လည်စာစားပြီးမှ ဘူတာထဲကထွက်တယ်။ ဘူတာအပြင်က ရေပြင်နဲ့အတူ မော်တော်တွေကိုတွေ့ရပြီ။ ဒီမော်တော်တွေစီးပြီး ကျနော်သွားချင်တဲ့ မြို့ကို လည်ရမှာတဲ့လေ...

မာကိုပိုလိုရဲ့ မွေးရပ်ဇာတိလို့ ယူဆရတဲ့ ဟောဒီဗင်းနစ်ဟာ ကျနော့ရဲ့ ငယ်ငယ်ကတည်းက အိပ်မက်မြို့တော် နံပါတ်နှစ်ပါ။ ကျနော်တို့တည်းမယ့် ဟိုတယ်က စိန့်မာကိုရင်ပြင်နဲ့ နီးတဲ့နေရာမှာဆိုတော့ အနီးဆုံး မော်တော်ဆိပ်ကို သွားကြတယ်။ ပထမဆုံးတွေ့ရတဲ့အခက်အခဲကတော့ အိတ်တွေကို သယ်ရတဲ့အချိန်ပါပဲ။ ချောစုခင်နဲ့ ဘင်လာဒင် အဲ့မှာစတွေ့တယ်။ ဗင်းနစ်က ရေပေါ်မြို့ဖြစ်တာမို့ တနေရာနဲ့ တနေရာကို တံတားတွေ တံတားပေါင်းများစွာ ချိတ်ဆက်ထားတာဆိုတော့ကာ အိတ်တွေဆွဲပြီး တံတားတွေ တစင်းပြီးတစင်း ဟိုတယ်မရောက်မချင်း တက်လိုက်ဆင်းလိုက်နဲ့ ဖြစ်နေမယ့်ပုံသာ  မြင်ယောင်သာကြည့်ပါတော့..

ဟိုတယ်ရောက်တော့ ကိန်းကြီးခမ်းကြီးဟိုတယ်က သူ့Check in ချိန်မရောက်သေးတာမို့ အိတ်ပဲ ယူထားပေးတယ်။ ဗင်းနစ်ကို ရောက်တာနဲ့ ဂွန်ဒိုလာ စီးဖူးချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့စတယ်။ ရောက်တဲ့အချိန်မှာ ဗင်းနစ်မြို့သားတွေ နေ့လည်စာစားချိန်ဆိုတော့ ဂွန်ဒိုလာစီးဖို့ နောက်ထပ် တနာရီလောက်စောင့်ရမယ်တဲ့။

မထူးဘူးဆိုပြီး စိန့်မာကို ရင်ပြင်ကိုသွားတယ်။ စိန့်မာကို ရင်ပြင်ရောက်တော့ ခရီးသွားတွေ အတော်များသား။ ရေခဲမုန့်စားကြတယ်။ ရေထဲက ရောင်ပြန်ဟပ်နေတဲ့ ဘုရားကျောင်းပုံရိပ်ကို ဖမ်းကြတယ်။ ဘုရားကျောင်းထဲဝင်ဖို့ တန်းစီရင်း အနားရောက်တော့မှ ကျောပိုးအိတ် တခေါက်ပြန်အပ်ရမယ်ဆိုတာနဲ့ မဝင်တော့ပဲ အနီးအနားပဲ ပတ်ကြတယ်။




စီးချင်နေတဲ့ ဂွန်ဒိုလာလေး စီးရတဲ့အခါ ဘဝဟာ ကျေနပ်ပြည့်စုံသွားတယ်။ ဂွန်ဒိုလာပေါ်ကနေ ဆင်းပြီး ကမ်းနားကိုသွားရင်း နာမည်ကျော် ဘူရားနိုးကို သွားဖို့ အကြံပေးလိုက်တဲ့ နယ်ခံမိတ်ဆွေကြောင့် ဘူရားနိုးကို သွားမယ့်သင်္ဘောလက်မှတ်ဖြတ်တယ်။ သင်္ဘောချိန်မရောက်ခင် အနားက စားသောက်ဆိုင်မှာ နေ့လည်စာစားရင်းစောင့်ပေါ့။





သင်္ဘောချိန်ရောက်တော့ ဘူရားနိုးသွားဖို့ တက်ကြွနေခဲ့ပြီ။ လမ်းမှာ သုံးလေးနေရာရပ်ပြီး ထမင်းတအိုးချက်လောက် အကြာမှာ ဘူရားနိုးမှာ ဆိုက်တယ်။ အရောင်စုံနေတဲ့ ဘူရားနိုးမြို့ဟာ နာမည်ကျော်လောက်အောင်လှတယ်။ နေ့လည်ပိုင်းပဲဖြစ်လို့လား ဧည့်သည်နည်းချိန်ဖြစ်နေဟန်တူတယ်။ ကျနော်တို့စိတ်ကြိုက် ဓါတ်ပုံတွေရလို့ အတော်လေး လာရကျိုးနပ်တယ်ပြောရမယ်။






ဘူရာနိုးကနေ လေးနာရီ သင်္ဘောနဲ့ဗင်းနစ်ကို ပြန်တယ်။ ဒါမှ ဗင်းနစ်ရဲ့ နေဝင်ချိန်ကို သင်္ဘောပေါ်ကနေ သေချာမြင်ရမှာတဲ့။ သင်္ဘောပေါ်ကနေ ဗင်းနစ်မရောက်ခင် နေလုံးနီနီ ညနေစောင်းသွားတာကို လက်ညောင်းအောင် ခလုပ်တွေနှိပ်ပြီးကြည့်မိတယ်။ လေကလည်းတိုက် စိမ့်နေအောင်အေးလာတယ်။ လမ်းညွှန်ပေးလိုက်တဲ့ နယ်ခံကိုလည်း စိတ်ထဲက ကျေးဇူးတွေတင်ကြတယ်။

ဟိုတယ်ရောက်တော့ ဂျပန်ကဟိုတယ်တွေလို အခန်းထဲကို အိတ်တွေထည့်ပေးထားတာမျိုးမဟုတ်ပဲ ကျနော်တို့လာမှ အခန်းကိုလိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးပါ။ ဟိုတယ်က ဓါတ်လှေခါးဆိုတာ ဘုရားစူးဓါတ်လှေခါး။ လူတယောက် အထုတ်တထုတ်ပဲ ဆန့်တယ်။ အခန်းကို ရောက်ဖို့ နောက်ထပ်လှေခါးနှစ်ဆင့် ထပ်တက်ရတာမျိုး။ အခန်းထဲမှာ ခဏနား ရေချိုးပြီးတာနဲ့ ဒီညတော့ ညစာ ကောင်းကောင်းစားမယ်ဆိုပြီး မစ်ချယ်လင်းစတားရတဲ့ စားသောက်ဆိုင်မှာ သွားစားကြတယ်။ နည်းနည်းနဲ့လှလှပပတွေ ခင်းကျင်းလာတာလေးတွေ စားလို့သိပ်ကောင်းပါတယ်။ :P




တနေကုန်ခြေတိုအောင်လျှောက်မှတော့ ဟိုတယ်ပြန်ရောက်တာနဲ့ တိုက်ပွဲကျပြီပေါ့။ မနက်လည်း စောထချင်သေးတာဆိုတော့ ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ အိပ်ပျော်သွားတော့တယ်။ မနက်ငါးနာရီလောက်မှာ နိုးလာတယ်။ ညကတည်းက အသင့်ပြင်ထားတဲ့ ကင်မရာပစ္စည်းတွေ ထမ်းပြီး စိန့်မာကိုရင်ပြင်ကိုသွားတယ်။ ကိုယ်ရောက်တာ စောမယ်ထင်ထားတာ ကိုယ့်လို ရူးသွပ်သူတွေ နှစ်ယောက်သုံးယောက်လောက် ရောက်နှင့်နေတာတွေ့မိတယ်။

ဟိုတယ်ပြန်ရောက်တော့ အထုတ်တွေသိမ်းပြီး မနက်စာစားမယ်ဆိုပြီး ဆင်းသွားတယ်။ မနက်စာက ၇နာရီမှ ပြင်ဆင်ကျွေးမှာတဲ့လေ။ ဟိုတယ်ကနေ ဘူတာကို သင်္ဘောဖယ်ရီက တနာရီလောက်ကြာမယ် ကျနော်တို့ ဖြတ်ထားတဲ့ ရထားလက်မှတ် က မနက်ကိုးနာရီ။ ဘုရင့်နောင်ဖောင်ဖျက်ရတော့မယ်။ ကဲ...မနက်စာကိုမေ့လိုက်ပါတော့ မခင်ညို...

မနက်စာတင်လားဆိုတော့ အိတ်တွေချပေးဖို့လည်း လူမရှိပါဘူးတဲ့ခင်ဗျာ။ ၇နာရီထိုးမှဆိုတော့ နေလိုက်တော့။ ကိုယ့်အိတ်ကိုဆွဲ ဗင်းနစ်ရောက်ရောက်ပဲ။ ဒီဟိုတယ်နဲ့ မိတ်ပျက်ပြီ....


သင်္ဘောဖယ်ရီနဲ့ ဘူတာကို လာရင်း မနက်နေထွက်တဲ့ ရှုခင်းကိုမြင်လိုက်ရတဲ့အချိန် အားလုံးကို မေ့ပစ်သွားနိုင်ပြီ။ မနက်စာ မစားပဲထွက်လာမိတာတောင် ကျေးဇူးတွေ ပြန်တင်နေမိတယ်။ ဘူတာရောက်မှ အလာတုန်းက မဝင်မိဖြစ်တဲ့ ကော်ဖီဆိုင်မှာ မုန့်စားတယ်။ ရောင်းတဲ့သူက အတော်လေး စိတ်မရှည်တာတွေ့ရတယ်။ မှာပြီး ပိုက်ဆံသွားရှင်းရမှာဆိုတာကို ပထမဆုံးလာစားဖူးတဲ့သူက ဘယ်သိမလဲ။ ဒါလေးရှင်းပြရတာတောင် သူ့မှာ အတော်ပင်ပန်းသွားမယ်။ ဥရောပဟာ အောချစရာတွေ အများကြီးပဲ။

ရထားတွဲထိုးတဲ့ စင်္ကြန်နံပါတ်မထွက်သေးဘူး။ ကော်ဖီဆိုင်လည်း မထိုင်ကြတော့တာမို့ ပလက်ဖောင်းမှာ အိတ်တွေကာပြီး ထိုင်စောင့်ကြတယ်။ ပလက်ဖောင်းမင်းသားပေါ့လေ။ စင်္ကြန်နံပါတ်ထွက်လာတော့ ပြေးရသေးတယ်။ ကိုယ့်စောင့်နေတဲ့ဖက်မဟုတ်ဘူး တခြားဖက်တဲ့။ အနွေးထည်တွေ ထည့်ပြီးလေးနေတဲ့အိတ်နဲ့ ကျောပေါ်က ကင်မရာအိတ်နဲ့ ပြေးဟယ်လွှားဟယ် ဒီခရီးမှ မပိန်ရင် ဘယ်ခရီးပိန်မှာလဲပြော....

17 February 2019

လာဂိုဒီကိုမို Lago di Como


နယ်ခံမိတ်ဆွေတွေကို နောက်တနေရာလိုက်ပို့ခိုင်းထားတာ လာဂိုကိုမိုပါ။ Y ပုံစံရှိတဲ့ ဒီရေကန်ဟာ ကမ္ဘာအရပ်ရပ်က အနုပညာရှင်တွေ ချမ်းသာသူတွေကြားမှာ နာမည်ကျော်ကြားခဲ့တာ အခုမှ မဟုတ်ပဲ ရိုမန်ခေတ်ကတည်းကလို့ သိရတယ်။ သဘာဝကို နှစ်သက်တဲ့ ကျနော်တို့လို ခရီးသွားတွေ အသွားအလာများတဲ့ ရေကန်တခုလည်း ဖြစ်ပါတယ်။

တည်းတဲ့ အိမ်ကနေ မီလန်ကို ပြောင်းရမယ့် မနက်ဖြစ်တာမို့ အထုတ်တွေ သိမ်းဆည်းရင်း အပြင်ထွက်မယ့် အချိန်က နည်းနည်းနောက်ကျနေပြီ။ တည်းတဲ့မြို့လေးကနေ မီလန်ကို ရထားစီးကြတယ်။ မီလန်ရောက်မှ မနက်စာ ကော်ဖီသောက်ရင်းမုန့်စား။ မီလန်က ဘူတာကြီးကို မြို့တွင်းလျှပ်စစ်ကားလေး စီးပြီးထပ်သွားကြရတယ်။ ဘူတာကြီးနားက တည်းမယ့်အိမ်မှာ အထုတ်တွေဝင်ထားခဲ့တယ်။ မီလန်ကနေ ကိုမိုကိုရထား ထပ်စီးတာ နောက်ထပ် နှစ်နာရီနီးနီးလောက်ကြာပါတယ်။

ကိုမိုရောက်တော့ နေ့လည်စာ စားဖို့ထက် တောင်ပေါ်တက်ဖို့အားသန်နေတယ်။ ရထားပေါ်ကနေ တောင်ပေါ်တက်တဲ့ ရထားကိုမြင်ပြီး အဲ့ဖက်ကို ပြေးကြတော့တယ်။ ရထားစောင့်နေရင်း ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီဟာ နေ့လည်စာဖြစ်သွားကြတယ်။ တောင်ပေါ်တက်တဲ့ ရထားဟာ ပီနန်းက ရထားလိုပါပဲ။ တော်တော်မြင့်မြင့်ကို တက်သွားတယ်။ တောင်ပေါ်ရောက်တော့ ရှုခင်းကောင်းတဲ့ နေရာမှာ ဓါတ်ပုံရိုက်ကြတယ်။ ငြိမ်းချမ်းနေတဲ့ ရေကန်ကြီးနားက အိမ်လေးတွေကလည်း ချစ်ဖို့ကောင်းတယ်။









သဘာဝအလှနဲ့ အတူ ဒီရေကန်ကြီးမှာ အပြိုင်ဆောက်ထားကြတဲ့ ကမ္ဘာ့ကြွယ်ဝချမ်းသာသူ၊ နာမည်ကျော် အနုပညာရှင်၊ စီးပွားရေးပညာရှင်တွေရဲ့ Villa တွေဟာ ကန်လုံးအပြည့်ရှိနေတယ်။ ကျနော်တို့ကို လိုက်ပို့တဲ့ လှေသမားက ဘယ်အိမ်က ဂျော့ကလူနေးအိမ်၊ ဘယ်အိမ်ကတော့ ဗားဆေ့ရဲ့အိမ်၊ ဘယ်အိမ်ကတော့ ဘယ်သူ့အိမ်စသည်ဖြင့် လက်ညှိုးထိုးပြောပြနေတာ လိုက်မမှတ်မိနိုင်အောင်ပါပဲ။ တချို့နေရာတွေက ရေလမ်းကပဲလာလို့ရပြီး တချို့ကတော့ ဟိုတယ်ပိုင်ဓါတ်လှေခါးနဲ့မှ ဆင်းတက်လို့ရတဲ့ တညကို ဒေါ်လာထောင်ချီ သောင်းချီတည်းခတွေ...သေချာတာကတော့ ကိုယ်တွေ အနားမကပ်နိုင်တဲ့ ဟိုတယ်တွေပေါ့။

လာဒီကိုမိုရေကန်တပတ် မပြည့်ခင် နေရောင်က ကျလာပြီ။ ကမ်းကိုတက်ပြီးတာနဲ့ ညစာစားဖို့ လိုက်ရှာကြတယ်။ပထမတော့ ခေါက်ဆွဲပူပူလေးစားချင်တယ်ဆိုပြီး ဂျပန်ဆိုင်ကို သွားချောင်းကြတယ်။ ဂျပန်ဆိုင်က ခြောက်နာရီခွဲမှ ဖွင့်မယ်ဆိုတော့  အနားက ကော်ဖီဆိုင်တခုမှာပဲ ပေါင်မုန့်နဲ့ကော်ဖီပဲ အဆာပြေစားဖြစ်တယ်။

ဘူတာမှာ ရထားလက်မှတ်ဝယ်ပြီး မီလန်ကိုပြန်တယ်။ မီလန်ရောက်တော့ တရုတ်ထမင်းဆိုင်မှာ ဝင်ဆွဲကြတော့တယ်။ ခေါက်ဆွဲကျော်တပွဲဟာ နှစ်ယောက်စားတောင် မကုန်ဘူး။ တယောက်တပွဲမှာမိတော့ အပေါ်ယံပဲရှပ်စားနိုင်ကြတော့တယ်။  စိတ်ချမ်းသာစရာ အကောင်းဆုံးက Airbnb ပိုင်ရှင်က အဝတ်တွေ လျှော်ထားပေးတဲ့အပြင် သေချာ လှမ်းထားပေးတာကိုပါပဲ။ သူ့အိမ်က ဘူတာဘေးကပ်ရပ် အခန်းထဲကနေ ရထားတွဲတွေ အဝင်အထွက်ကိုပါ မြင်ရပါတယ်။ အိမ်ခန်းနှစ်ခန်း ဧည့်ခန်းကိုလည်း အိပ်ခန်းလုပ်လို့ရပြီး အခန်းတွေအဖြစ်သီးသန့်တံခါးပိတ်လို့လည်း ရပါတယ်။ ကော်ဖီစက် မုန့်တွေနဲ့ တည်းတဲ့သူတွေအတွက် စဉ်းစားပြီး ပြင်ဆင်ပေးထားတာ ချစ်ဖို့ကောင်းတဲ့ အိမ်ရှင်ပါ။

ပင်ပန်းလာတာရယ် နောက်နေ့မနက်စောစော ရထားစီးရမှာဆိုတော့ ရောက်တာနဲ့ရေချိုးပြီး ကိုယ့်အခန်းကိုဝင် အိပ်လိုက်ကြပါတော့တယ်....