Showing posts with label Japan. Show all posts
Showing posts with label Japan. Show all posts

07 March 2020

တနေ့တာ ကျိုတို

အလုပ်ကိစ္စနဲ့ ဂျပန်ကို ရောက်တုန်း ရှားရှားပါးပါး တနင်္ဂနွေပိတ်ရက် တရက်ရပါတယ်။ ကိုဘေးမှာတည်းတာဆိုတော့ မရောက်ဖူးသေးတဲ့ ကျိုတိုကို သွားဖို့ စီစဉ်တယ်။ ရောက်ဖူးပြီးသားဖြစ်တဲ့ စီနီယာက သူလိုက်ပို့မယ်ဆိုတော့ အိုခေပေါ့...

တကယ်တမ်းသွားရမယ့်နေ့မတိုင်ခင် မိုးကသည်းသည်းမည်းမည်းရွာတယ်။ နောက်နေ့လည်း မိုးရွာဦးမယ်လို့ မိုးလေဝသက ထုတ်ပြန်တယ်။ လိုက်ပို့မယ်ဆိုတဲ့ စီနီယာက မိုးရွာလို့ မလိုက်တော့ဘူးတဲ့။ ကျနော်ကတော့ စိတ်ထဲ ညွှတ်တာမို့ ကျိုတိုကို တယောက်တည်းထွက်လာလိုက်တယ်။ မစီးဖူးသေးတဲ့ ကျည်ဆန်ရထားလည်း စီးမယ်ဆိုပြီး ဟိုတယ်နားက ဘူတာမှာ လက်မှတ်ဝယ်လိုက်တယ်။ ကျည်ဆန်ရထားစီးဖို့ ရှင်းကိုဘေးကို သွားရသေးတာ။






ကိုုဘေးကနေ ကျိူတိုကို နာရီဝက်ပဲကြာပါတယ်။ ကျိုတိုကို ရောက်တာနဲ့ အရမ်းသွားချင်တဲ့ ဝါးတောအုပ်ကို ချီတက်တယ်။ တိုက်ရိုက်ရောက်မယ့် တိုးဘတ်စ်ကားကိုစီးသွားတယ်။ တနာရီလောက်ကြာမှ ကားမှတ်တိုင်ကိုရောက်တယ်။ ကားမှတ်တိုင်ကနေ တံတားတခုကို ကျော်ပြီး ဝါးတောဆီကို လျှောက်ရတယ်။ ဝါးတောကိုရောက်တော့ ဧည့်သည်တွေနဲ့ စည်ကားနေခဲ့ပြီ။ ဓါတ်ပုံထဲမှာသာ လူရှင်းပြီး လှပနေပေမယ့် အပြင်မှာတော့ လူအုပ်ကြားထဲရောက်နေတဲ့ ဝါးတောကိုပဲ မြင်ခဲ့ရတယ်။ 






ဝါးတောကအထွက်မှာ ပန်းခြံတခုထဲဝင်ရင်းကနေ ဘုရားကျောင်းတခုထဲကို ရောက်သွားတယ်။ မက်မုံပန်းတွေကို ရိုက်ရင်း ဘုရားကျောင်းအနားမှာ ထရိုင်ပေါ့နဲ့ ဓါတ်ပုံအေးဆေးရိုက်နေခဲ့မိတယ်။ နောက်မှ ဘုရားကျောင်းကတာဝန်ရှိသူ လာပြောမှ မြင့်မြတ်တဲ့ မြေနေရာမှာ ထရိုင်ပေါ့ ထောင်ခွင့်မရှိဘူးဆိုတာ သိခဲ့ရတယ်။ လာပြောတဲ့သူက ယဉ်ယဉ်ကျေးကျေးမို့ လိုက်နာရတဲ့ သူလည်း စိတ်ကျေနပ်ရတယ်။ 

ဘုရားကျောင်းကထွက်လာတော့ ဗိုက်ကဆာနေတာနဲ့ အနားက ဆိုင်တခုမှာ နေ့လည်စာစားဖြစ်တယ်။ ပြီးမှ နောက်ထပ်သွားလည်ရမှာတွေအတွက် အချိန်လုရမှာမို့ တက္ကစီကိုလက်ပြရတယ်။ နောက်တနေရာကတော့ ဒီနေရာမရောက်ရင် တိုကျိုမရောက်ဖူးလို့ ဆိုစမှတ်ဖြစ်ရတဲ့ ကင်ကကူဂျိ ဝါ ရွှေကျောင်းပါ။ 

နာမည်ကြီးနေရာဆိုတော့ ခရီးသွားဧည့်သည်တွေဟာ အုံခဲနေတယ်။ ဝင်ခွင့်ရဖို့ တန်းစီစောင့်ကြရတယ်။ အတော်လေးကိန်းခမ်းကြီးတဲ့ နေရာလို့ ပြောနိုင်တယ်။ ဧည့်သည်တွေကို တနေရာတည်းမှာ စုပြုံမနေစေပဲ အစောင့်တယောက်က နေရာချ ကြီးကြပ်နေတယ်။ မြေပေါ်မှာ ထိုင်လိုက်တာမျိူး ဒူးထောက်တာမျိုးလည်း ခွင့်မပြုဘူးဆိုတာ တွေ့ခဲ့ရတယ်။




ရွှေကျောင်းတော်ကို အားရပါးရ ဓါတ်ပုံရိုက်ပြီးတဲ့အခါ သူ့အနောက်က ပန်းခြံထဲကိုလူအုပ်နဲ့ ရောထွေး လျှောက်ကြည့်ဖြစ်တယ်။ အဲ့ဒီကနေမှ ထွက်ပေါက်ဖြစ်ပြီး ထွက်ပေါက်နားမှာ ဆုတောင်း ဝတ်ပြုသူတွေနဲ့ ဆုတောင်းကဒ်ပြားတွေကို မြင်ခဲ့ရတယ်။

ရွှေကျောင်းပြီးတာနဲ့ ငွေကျောင်းဖြစ်တဲ့ ဂျင်ကကုဂျိကို ဆက်သွားဖြစ်တယ်။ စိတ်ထဲက ငွေကျောင်းက ဧည့်သည်ပဲနည်းလို့လား နောက်က တောတောင်ရိပ်ကြောင့်လား သူ့ကို ပိုနှစ်သက်မိတယ်။ ငွေကျောင်းကပိုရိုးရှင်းပါတယ်။ ငွေကျောင်းအနောက်ဖက်တောင်ပေါ်က ကျောင်းနဲ့အတူ ကျိုတိုမြို့တစိတ်တဒေသကို ကြည့်ခွင့်ရတယ်။

အချိန်က သိပ်မကျန်တော့တာမို့ခပ်သွက်သွက်သွားလာခဲ့ရတာ တကယ်တော့ အေးအေးချမ်းချမ်း လည်သင့်တဲ့နေရာတွေပါ။ ငွေကျောင်းကနေ ကိုဘေးကို ရထားပြန်စီးဖို့ အဆင်အပြေဆုံးဖြစ်တဲ့ ဖူရှိမိအင်အာရိကို အပြေးသွားရတယ်။ မိုးနည်းနည်းကျလာတာနဲ့ အနားက စတိုးဆိုင်မှာ ထီးဝယ် ထီးတချောင်းနဲ့ တလမ်းလုံး ရှုပ်ယှက်တွေခပ်နေတော့တယ်။ ဂျပန်ရုံးက ညစာစားဖို့ မက်ဆေ့လမ်းပို့တယ်။ မမှီနိုင်လောက်တော့ဘူး မိုးချုပ်မှ ရောက်မယ်လို့ ပြောပြီး ငြင်းလိုက်ရသေးတယ်။








တိုင်လုံးနီနီတွေနဲ့ ဓါတ်ပုံဆရာတွေအကြိုက် ဖူရှိမိအင်အာရိကတော့ လူနဲ့တိုင်လုံး မသည်းကွဲအောင်ကို များပါတယ်။ အညာက ဘုရားပွဲလိုမျိုးကြိိတ်ကြိတ်တိုးစည်တာပါ။ လူလစ်တဲ့အချိိန် မနည်း စောင့်ပြီး စိတ်ကြိုက်ပုံရအောင် ရိုက်ရတယ်။ ရိုက်နေတုန်းလူဖြတ်သွားတတ်တာမို့ အချိန်အတော်လေးကြာအောင် စောင့်ခဲ့ရပါတယ်။ 

တောင်ပေါ်ထိတက်ချင်ပေမယ့် အခွင့်မသာပါဘူး။ မိုးလည်းရွာတာမို့ ခဏနေတာနဲ့ အမှောင်က ရုတ်ခနဲကျလာတယ်။ နာရီဝက်လောက်ပဲ အထက်ကို တက်ပြီး ပြန်ဆင်းလာ။ရထားလက်မှတ်ကို ရိုးရိုး ရထားလက်မှတ်နဲ့ အိုဆာကာကို ဖြတ်ပြီး ကိုဘေးကို ပြန်လာခဲ့တယ်။ ကိုဘေးဟိုတယ်နားက ဘူတာမှာပဲ ညစာကို စားရင်း ကျိုတိုကို နောက်တခေါက်အေးအေးဆေးဆေး သွားလည်ဖြစ်အောင် လည်ဦးမယ်လို့ စိတ်ထဲကနေ တေးထားမိပြန်ရော...

03 December 2017

တိုယကု အူစုဇန်၊ ဟော့ကိုင်းဒိုး (သိမ်း)

ခရီးစဉ်တလျှောက်လုံး ဒီတညပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တာလို့ ပြောရမယ်။ နောက်အတော်ကျမှ နိုးလာလို့ပါ။ မနက်စာစားဖို့ သွားတဲ့အခါ မနက်ကလည်း ညစာလိုပဲ ဟင်းမျိုးစုံလင်နေတာပါပဲ။ ဗိုက်ကားအောင် ထပ်စားတာပေါ့ ဘယ်နေမလဲ..

စားပြီးတာနဲ့ အထုတ်တွေသိမ်း ဟိုတယ်ကနေ Check out လုပ်တယ်။ တိုယဆိုတဲ့ ကန်ကိုသွားကြမယ်။ ပန်းတွေ၊ တောင်တွေ၊ ပင်လယ်၊ ရေပူစမ်းနဲ့ နောက်ဆုံး ရေကန်ဆိုတော့ သဘာဝတရားတွေ ပြည့်စုံသလောက်ဖြစ်နေပြီပေါ့။ ဒီဟိုတယ်ကနေ တိုယကုကိုသွားတဲ့ ဘတ်စ်ကားတွေရှိပါတယ်။ ဘတ်စ်ကားက မနက်နဲ့နေ့ခင်းနှစ်ကြိမ်ပဲထွက်တာကြောင့် ကျနော်တို့နဲ့ အချိန်မကိုက်ဘူးဖြစ်သွားတယ်။ ဒါကြောင့် ဘူတာကိုပဲ တက္ကစီနဲ့ပြန်၊ ရထားနဲ့ တိုယရဲ့ အနီးဆုံးဘူတာကိုသွားကြတယ်။ တိုယဘူတာကနေ ဟိုတယ်ကို တက္ကစီနဲ့ပဲပေါ့။

ဟိုတယ်က အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ပုံပါပဲ။ ဧည့်ကြိုတွေကလည်း ဧည့်သည်ကို ဂရုတစိုက်ကြိုဆိုကြတယ်။ကလေးတွေကိုလည်း သီးသန့်တရေးတယူ ဂရုစိုက်ကြတာတွေ့ရတယ်။ Check in ဝင်ချိန်စောနေသေးတာမို့ အိတ်တွေ အပ်ခဲ့ပြီး နေ့လည်စာစားဖို့နေရာ ဘယ်ကို သွားလည်ရမယ်ဆိုတာကို သေချာရှင်းပြကြတယ်။ ရွေးလိုက်တာကတော့ တောင်ပဲပေါ့....

ဟိုတယ်နားက စားသောက်ဆိုင်မှာ နေ့လည်စာစားကြတယ်။ နေ့လည်စာစားရင်း တောင်ပေါ်ကို ဘယ်လိုကားစီးရမလဲဆိုတာ မေးမိတယ်။ စားပြီးတဲ့အခါ ကားဂိတ်ကိုသွားဖို့အတွက် ဆိုင်ရှင်က ကားဂိတ်အထိလိုက်ပို့ပေးတာကို အံ့သြမိခဲ့ရပါတယ်။ ကားဂိတ်မရောက်ခင် ဂျပန်အဖွားနှစ်ယောက်က လာလာ ဒီမှာဝင် လက်ဆေး အသက်ရှည်တယ်ဆိုပြီး လက်ဆေးရေပူစမ်းကန်လေးကို ခေါ်ကြတယ်။ ဖော်ရွှေခင်မင်ဖို့ ကောင်းတဲ့ ဒေသခံတွေပါပဲ။

ရထားအပြင် ဘတ်စ်ကားတွေလည်းပဲ အချိန်အတိအကျပါပဲ။ သူ့အချိန်ဇယားအတိုင်းမှတ်တိုင်ကိုလာပါတယ်။ ဘတ်စ်ကားက အူစုဇန် တောင်ခြေထိရောက်တယ်။ တောင်ခြေကနေ Cable car နဲ့ တောင်ပေါ်ကိုတက်ရမယ်။ မသွားခင်မှာ ဦးထုပ်ဝယ်တယ် ပြီးတော့မယ်လွန်တခြမ်းဆီစား နွားနို့ပူပူတပုလင်းဆီသောက် ပြီးမှ တောင်ပေါ်တက်တယ်။







တောင်ပေါ်ကနေ မြို့ရယ် တိုယရေကန်ကို သေချာမြင်နေရတယ်။ တောင်ပေါ်မှာ တောင်တက်လမ်းတခုနဲ့ နည်းနည်း တက်ကြတယ်။ ခပ်ဝေးဝေးတော့ မသွားကြတော့ဘူး။ တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ မယ်လွန်တခါထပ်စားကြတယ်။ ဘတ်စ်ကားကို စောင့်ရင်း မစောင့်နိုင်တာနဲ့ တက္ကစီနဲ့ပြန်လာကြတယ်။ တက္ကစီသမားကို နေကြာခင်းတွေနားမှာ ခဏရပ်ပေးပါ ဓါတ်ပုံရိုက်ချင်လို့ဆိုတော့ အေးအေးဆေးဆေး ရိုက်ပါ သူစောင့်ပေးမယ်တဲ့လေ။ သဘောရှိ ကရောဟိပဲ..







ဟိုတယ်ရောက်တာနဲ့ အထုတ်တွေ အခန်းထဲထည့်ထားပြီးပြီ။ ဟိုတယ်အခန်းက အနောက်တိုင်းပုံစံပါ။ အခန်းကနေ ရေကန်ကိုမြင်နေရတယ်။ ခဏနားပြီးတာနဲ့ အွန်စမ်ကို သွားကြတယ်။ အွန်စမ်ကနေ ပြန်လာတဲ့အခါ သီချင်းနားထောင် ဓါတ်ပုံတွေ လဲလည်ကြတယ်။ ညနေစောင်းမှ ညစာစားတက်လာကြတယ်။ ညစာပြင်ဆင်ထားတာကို မြင်ရတဲ့အခါ အရမ်းအံ့သြမိတယ်။ စလုံးဟိုတယ်တွေထက် ဘူးဖေးတွေက အပုံကြီးသာတယ်။ ရှုခင်းကောင်းတဲ့ စားပွဲကို ပေးတယ်။ မကြာခင်မှာ နေဝင်တော့မှာမို့ တိမ်တွေကို မှန်တံခါးချပ်တွေကနေ ညစာစားရင်း ကြည့်နေခဲ့တယ်။


ညစာစားပြီးတာနဲ့ အခန်းထဲမှာ ခဏနားပြီးတာနဲ့ ရေကန်စပ်ကို ဆင်းလာကြတယ်။ အပြင်မှာ အတော်အေးနေပြီ။ တိုယရေကန် ခရီးသွားဧည့်သည်တွေအတွက် ဒီရာသီအတွက် အထူး ညတိုင်း မီးပန်းဖေါက်ပေးတာကို ခရီးသွားတိုင်းက ဂရုတစိုက်စောင့်ကြည့်ကြတာပါပဲ။ ထရိုင်ပေါ့ထောက်ပြီး မီးပန်းဖေါက်တာကို ငေးရင်း သတိရမှ ခလုတ်နှိပ်မိတယ်။ မီးပန်းကို ဟိုတယ်သုံးလေးခု အကွာမှာ နောက်တခေါက် စုစုပေါက် သုံးကြိမ်လောက်ဖေါက်ပေးသွားပါတယ်။

အခန်းထဲရောက်တာနဲ့ ခဏအတွင်း အိပ်ပျော်သွားကြတယ်။ မနက်စောစော အလင်းရောင်လာတာနဲ့ ကျနော် နိုးနေခဲ့ပြီ။ သူငယ်ချင်းက မနိုးသေးတာမို့ မနက်စောစော လူရှင်းချိန် အွန်စမ်ကို တက်သွားတယ်။ မနက်နဲ့ည ယောကျာ်းလေး မိန်းကလေး အွန်စမ်ဖက်ပြောင်းလိုက်တာမို့ ရှုခင်းနောက်တခုကို မြင်ရတယ်။ အွန်စမ်က ဆင်းတာနဲ့ သူငယ်ချင်းလည်း နိုးပြီဆိုတော့ မနက်စာ သွားစားကြတယ်။






မနက်စာစားပြီးတာနဲ့ ဟိုတယ်နားဝန်းကျင်ကို လမ်းလျှောက်တယ်။ မိုမိဂျိ မေပယ်ပင်အောက်မှာ ဓါတ်ပုံရိုက်ကြတယ်။ ပြီးတာနဲ့ ဟိုတယ်ကိုပြန်ပြီး သီချင်းနားထောင် ခဏနား။ ဟိုတယ်ကနေ လေဆိပ်ကို တိုက်ရိုက် ဘတ်စ်ကား လက်မှတ်ဝယ်ထားတာမို့ ဘတ်စ်ကားချိန်မတိုင်ခင် ဟိုတယ်ကနေ Check out လုပ်ပါတယ်။ ခရီးသည် အတော်များများက ဆိုင်ရာဒေသအသီးသီးကို သွားကြတာဆိုတော့ စုရပ်လိုမျိုး ထိုင်ခုံတွေမှာ သေချာ နေရာချပေးတယ်။ ဟိုတယ်ဝန်ထမ်းတွေက ကားလာပါတော့မယ်ဆိုတာကို ဆယ်မိနစ်လောက်အလိုမှာ လာသတိပေးတယ်။ ကားလာတာနဲ့ အိတ်တွေကို လာဆွဲကြတယ်။ ခရီးတော်တော်များများကို သွားခဲ့ဖူးပါတယ် ဒါပေမယ့် ကားပေါ်ကနေ ဟိုတယ်ဝန်ထမ်းတွေ ခါးညွှတ်ပြီး နှုတ်ဆက်ကြတဲ့ မြင်ကွင်းကို ပထမဆုံး မြင်ဖူးတာပါပဲ။

တိုယရေကန်တဲ့ တခြားတဖက်ခြမ်းအထိ ကားက ပတ်မောင်းသွားတယ်။ လမ်းမှာ ဟိုတယ်တချို့ရဲ့ ခရီးသည်တွေကို ဝင်ခေါ်ပြီးတာနဲ့ လေဆိပ်အထိ တောက်လျှောက်မောင်းတယ်။ လေဆိပ်ရောက်တာနဲ့ အိတ်တွေကို သေချာချပေးတယ်။








တကယ်တမ်း တယောက်ကို စလုံးနှစ်ထောင်လောက်ကုန်မယ်လို့မှန်းပြီး လေးထောင်လောက် ငွေလဲလာခဲ့တယ်။ ယန်းခုနှစ်ထောင်လောက် လက်ထဲမှာ ကျန်နေခဲ့သေးတယ်။ ဒါနဲ့ ဈေးဝယ်စရာရှိတာ ဝယ်ကြမယ်ဆိုပြီး လေဆိပ်ထဲမှာ ပတ်ကြတယ်။ ချိစ်ရေခဲမုန့်ဆိုတာလေးလည်း စားကြတယ်။ Curry ထမင်းနဲ့ဟင်းလည်း တန်းစီလိုက်ကြသေးတာ။အဆုံးသတ်ကိုတော့ စတားဘတ်ကော်ဖီပေါ့။

နယူးချစ်တိုဆဲ လေဆိပ်ကနေ တိုကျို၊ တိုကျိုမှာလေဆိပ်နှစ်ခုကြား အကူးမှာ ညစာကို မက်ဒေါ်နယ်က ဝက်သားဟမ်ဘာဂါကို ဆွဲကြတယ်။ တိုကျိုကနေ သန်းခေါင်လေယာဉ်နဲ့ စလုံးကိုပြန်လာခဲ့တယ်။ စလုံးကို မနက် ခြောက်နာရီကျော်မှာ ရောက်တယ်။

ခရီးတွေတော်တော်များများထွက်ခဲ့ဖူးပေမယ့် ဒီဟော့ကိုင်းဒိုးခရီးကတော့ အစားအသောက်အရပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုအရပဲဖြစ်ဖြစ်၊ သဘာဝရှုခင်းတွေ အရပဲဖြစ်ဖြစ် ဒီနေ့ထက်ထိတော့ အမြဲ စိတ်ကူးထဲ စကားဝိုင်းထဲ အမြဲပါလာနေတုန်း....