11 October 2010

မိနီ နေမကောင်းသည့်အကြောင်း အမေသိစေလိုသည်

မနေ့က အမေနဲ့ဖုန်းပြောဖြစ်သည်။ သားကို လာရောက်ပြုစုလိုသောအမေ့ဆန္ဒကို နားလည်လက်ခံပါသည်။ သို့သော် လက်ရှိရပ်တည်မှုတခုဖြင့် ခေါင်းငြိမ့်ချရန်လည်း မလွယ်။ အဆိုပါအဖြစ်အပျက်သည် အဖေ့ထံ ရောက်သွားသောအခါ တော့သားက ကျုပ်ကို မခေါ်ချင်ဘူးတော့ ဆိုတာနဲ့ အဆုံးသတ်သွားသည်။ သူက ပုဒ်မနှစ်ချောင်းကို အလွယ်တကူ ချသွားသော်လည်း ကျနော့နားစည်တွင်တော့ စည်ကွဲမတတ် ကျန်နေရစ်ပါသည်..

ယနေ့ သူငယ်ချင်းအိမ်ကို ပုံမှန် တနင်္ဂနွေ စိတ်ကျောင်းထွက်နေကြအတိုင်း သွားဖြစ်သည်။ ပြီးခဲ့တဲ့ တနင်္ဂနွေက သွားသောအခါ အံ့သြစရာနဲ့ ကြုံခဲ့ပါသည်။ အံ့သြစရာဆိုတာက မိနီ (Minnie)။ တံခါးအဝင်ဝမှာ ခုန်ပေါက်ပြေးလွှားရင်း မြူးထူးနေသော မိနီ။ ချစ်စရာမိနီပါတကား။ ချွဲတတ်သည် မြူတတ်သည် ကလူတတ်သည်။ သူ့ကို စမည့် ကစားမည့်သူများ ဆိုပါက ပက်လက်ကလေးလှန်ပေးပြီး မျက်လုံးလေး ပေကလပ်ပေကလပ် ကြည့်တတ်ပေသည်။ သူနှင့် ဆော့မည်ဆိုရင်လည်း တောင်ခုန်မြောက်ခုန်နဲ့ တကယ့် ပီဘိ သမီးငယ်လေးတယောက်လို တီတီတာတာ လုပ်တတ်ပေသည့် မရွှေမိနီ။ ကိုယ်လုံးက ကစ်တုတ်နေပြီး ခြေချောင်းတိုများဖြင့် ဖွဲ့စည်းထားသော မိနီအလှ။

ဒီတပတ် တံခါးဖွင့်မယ်ပြင်တော့ မိနီက လာနှုတ်ဆက်ခြင်းမရှိ။ ဟယ် ဒီခလေး ဘယ်များ ပြေးလွှားနေပါလိမ့် စိတ်ထဲစွဲမိသည်။ အင်း လမ်းလျှောက် အောက်ဖက်ဆင်းတာလည်း ဖြစ်နိုင်မည်ဟု ယူဆလိုက်သေးသည်။

သူငယ်ချင်းနဲ့တွေ့တော့ မိနီ နေမကောင်းသည့် သတင်းကြားပြီးပြီလား ဟုဆိုလာသည်။ ဟေ ဟိုရက်က ငါနဲ့ဆော့နေတာ အကောင်းပါ မိနီဘာဖြစ်တာလဲလို့ အံအားတသင့်နဲ့ မေးမိပြန်သည်။ မိနီနေမကောင်းလို့ ဆေးခန်းသွားပြတာ ဗိုက်ထဲက တခုခုဖြစ်တယ်လို့ ပြောလိုက်တယ်ဟု ပြန်ပြောသည်။ မိနီဆေးရုံ တက်ရမည်တဲ့လေ။ ယနေ့ မိနီ ဆေးခန်းပြစရိတ် ငါးရာကျော်ကျတယ်လို့လည်း တခုတ်တရပြောလာသည်။ ခွဲမယ်စိတ်မယ်ဆိုရင် ဒီ့ထက်ပိုကုန်ကျမယ်လို့လည်း ဆရာဝန်က ကြိုအသိပေးလိုက်ပါသည်တဲ့။

တကယ်က မိနီက အဲ့ဒီအိမ်မှာ ဧည့်သည်။ သူ့အရှင်တွေ ခရီးသွားလို့ ခဏထားခဲ့တာလို့ဆိုတယ်။ အရင်အခေါက်တွေကလည်း မိနီက လာနေကြတဲ့။ ဒီ့အရင်က မိနီနဲ့ ကျနော်မဆုံဖြစ်တာနေမှာပါ။ အခုက အရှင်တွေလည်း မရှိဆိုတော့ မိနီကို ထိန်းသိမ်းစောင့်ရှောက်သူတွေက အရင်စိုက်ပြီး ကုသပေးထားသည်တဲ့။

မိနီကို ဆေးရုံတင်လိုက်ရသည်။ ဆေးရုံတင်စရိတ် တရက်ကို တထောင်ကျော်။ ယနေ့နဲ့ဆို သုံးရက်ရှိသွားပြီတဲ့။ မိနီလေး ပထမအကြိမ်ဆေးကုသမှုခံယူအပြီးမှာ ဗိုက်ကြီးကယ်လာပြီး အခြေအနေမကောင်းပါတဲ့။ အခု ကျောက်ကပ်တွေ အလုပ်မလုပ်တော့လို့ ဆရာဝန်က ပြောလာခဲ့ပြီ။ ခွဲစိတ်မယ်ဆို တစ်သောင်းကျော်ကျော်ကုန်မယ်လို့လည်း ပြောလာခဲ့ပြီ။ ပြန်ကောင်းလာဖို့လည်း အာမ မခံသေး။

မိနီအရှင်တွေကို ဆက်သွယ်လို့လည်း မရသေး။ ဆေးဆက်ကုရမလား ဒါမှ မဟုတ် ဆရာဝန်တွေပြောသလို မိနီလေး ခံစားမှုကနေ ကင်းဝေးဖို့ ဆေးပဲထိုးလိုက်ရမလား ခေတ္တအုပ်ထိန်းသူတွေမှာလည်း ဆုံးဖြတ်ရခက်နေပြန်သည်။ ကုန်ပြီးငွေသုံးထောင့်ငါးရာအပြင် နောက်ထပ် မည်မျှ ထပ်လိုက်ရမည်ကိုလည်း ဘယ်သူမှ အတပ်မပြောနိုင်။

မိနီလေးရဲ့ အရှင်တွေကို ဖုန်းလိုက်ဆက်သော်လည်း ဆက်သွယ်မှု ပြင်ပကိုရောက်နေပြန်သည်။ မေးလ်ပို့တော့လည်း မေးဖွင့်စစ်ဟန်မတူ။ မိနီလေးကို ဘယ်လိုလုပ်ရမလဲ…

မိနီလေးသည် မိနီလေးသာ ဖြစ်ပါသည်။ မိနီလေးကိုမွေးမြူထားသူတွေ အတွက် မိသားစုဝင်တဦးအဖြစ်လည်း အလေးအနက်ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ခေတ္တအုပ်ထိန်းသူတွေက မိနီလေးအတွက်ဆုံးဖြတ်ဖို့ ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပြန်ပါသည်။

ကျနော့အမေသည် ကျန်းမာရေးမကောင်းပါ။ မွေးရာပါ နှလုံးရောဂါ ရှိပြီး၊ မျိုးရိုးအမွေ သွေးတိုး နှင့် နောက်ဆုံးပေါ် ဆီးချိုတို့ကို ရတနာတိုက်တခုလို တရှိုက်မက်မက် မွေးမြူထားရသူသာ ဖြစ်ပါသည်။ ထိုအထဲကမှ ခေါင်းနာ သွားနာ မျက်စိနာတို့သည်လည်း မကြာမကြာ ဖြစ်တတ်၍ အနာရောဂါဟူသမျှတို့ကို သူမှမစလျှင် မည်သူမျှ မပေါက်ရအောင်အထိ ဆုတောင်းကောင်းသူ တယောက်ဖြစ်ပါသည်။ ဆေးရုံဆေးခန်းများမှာ သူနဲ့ အကျွမ်းတဝင်ရှိလွန်းလှပါသည်။ ဆရာဝန်အားလုံးနှင့်ရင်းနှီးပြီး တိုကင်ယူစရာမလိုပဲ ဆေးခန်းထဲ တိုက်ရိုက်ဝင်သွားနိုင်သည့် လက်မှတ် ရရှိထားသူလည်း ဖြစ်ပါသည်။

သို့ဖြစ်ရာ အထက်ပါ မိနီလေး နေမကောင်းသည့် အဖြစ်အပျက်တို့ကို သားကိုကျွေးမွေးပြုစုလိုသော စိတ်ဖြင့် ခြောက်လ တနှစ်လာနေမည်တကဲကဲ ဖြစ်နေသော ကျနော့မွေးသမိခင် ကျေးဇူးရှင်အား သိစေလိုပါသည်…………….အမေ့ကို သားချစ်ပါသည်။

26 September 2010

သို့သော်

စူးစူးနစ်နစ်ပါပဲ
သို့သော်
စိုက်လိုက်မတ်တပ်ပါပဲ
သို့သော်
မမေ့မလျော့ပါပဲ
သို့သော်
တည်မြဲနေဆဲပါပဲ
သို့သော်
ပျောက်ကွယ်လျက်ပါပဲ
သို့သော်
လုပ်သင့်လုပ်ထိုက်ပါသည်
သို့သော်
အသိအမြင်ရှိပါသည်
သို့သော်
သုံးသပ်ခဲ့ပါသည်
သို့သော်
မှားမှန်းသိပါသည်
သို့သော်
.......

....

သို့သော်
..

.
သို့သော်.............

24 September 2010

ဘာအလိုရှိပါသလဲခင်ဗျာ

ဈေးရောင်းနေကြမို့ထင်ရဲ့
နိစ္စဒူဝ (နေ့တဒူဝ) ဘာအလိုရှိပါသလဲခင်ဗျာလို့တွင်တွင်ရွတ်လို့
မျက်နှာချင်းဆိုင်မိတာနဲ့
ဘာအလိုရှိပါသလဲခင်ဗျာကိုဖြစ်နေပြီ
ကိုယ်လိုချင်တာဟိုဟာလေ ဒီဟာလေ
တောင်တောင်မြောက်မြောက်ထိုးချင်တိုင်းထိုးတဲ့လက်ညိုးတွေရဲ့နောက်
ငါဘယ်လောက်လိုက်နိုင်မလဲ
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတဲ့ ညွှန်ကြားချက်တွေအောက်မှာ
ငါဘယ်လောက်တရွတ်တိုက်ပါမလဲ
တခါဆက်ဆံဆယ်ခါလန်ဆိုပြီး ပြန်သွားသူလဲရှိရဲ့
ကူညီမှုအစုစုအတွက် အပြုံးတပွင့်ကိုရက်ရက်ရောပေးကမ်းပြီး
အတော်လေးလုံလောက်ပြီလို့ ထင်သူလဲရှိရဲ့
သတွေစတွေလတွေ ပုံအောပြီးကောင်းချီးပေးသူလည်းရှိရဲ့
နေ့တိုင်းရွတ်နေတဲ့ ဘာအလိုရှိပါသလဲခင်ဗျာကို
အသံက နည်းနည်းမာပြန်သတဲ့
ခပ်ဖျော့ဖျော့ရွတ်ပြန်တော့ တက်တက်ကြွကြွမဟုတ်ပြန်ဘူး
နည်းနည်းဖော့ဆိုပြန်တော့ စိတ်မပါလက်မပါဖြစ်ပြန်ရော
ပုံမှန်ပြောကြည့်မယ်လေဆိုတော့ သူများနဲ့ပုံစံမတူစေနဲ့တဲ့
ပါးပါးလေးလေဆိုတော့ ကျားကျားလျားလျားရွတ်စမ်းပါတဲ့
ဌာန်နဲ့မာန်နဲ့ဆိုပြန်တော့ အသံကိုက ဆောင့်ကြီးအောင့်ကြီး
ရင်ထဲမှာ နစ်နစ်နာနာနဲ့နင့်နင့်သီးသီးဖြစ်လာတဲ့နောက်
ငယ်စိတ်နဲ့ခွန်းတုံ့ပြန်ဖို့ ပါးစပ်ကိုပြင်
ဇောနဲ့မို့တကြွကြွနှုတ်ခမ်းတွေကြားမှာ
အားရပါးရ တခွန်းဆိုတခွန်း အော်ကြီးဟစ်ကျယ်
ကဲ...ပက်ပက်စက်စက်ပြောပစ်လိုက်တယ်

ဘာအလိုရှိပါသလဲခင်ဗျာ လို့…………

18 September 2010

18-Sept-2010 Second Shipment :P
































Thanks for whoever helping in this shipment.

13 September 2010

ခရီးစဉ်တစ်ခု၏ အစ


ဟုတ်တယ် အဲ့ဒါ ခရီးစဉ်တစ်ခုရဲ့ အစပဲ။ ဘာလို့ ကောင်းသောခရီးဖြစ်ပါစေလို့ မပြောနိုင်ရမှာလဲ။ ငိုကြွေးနေရုံနဲ့ ဒီခရီးစဉ်ကို ပယ်ဖျက်ဖို့ ဘယ်သူကမှ မတတ်နိုင်ခဲ့ပဲ။ ဒါတကယ်တမ်းတော့ ခရီးစဉ်တစ်ခုရဲ့ အစပါပဲ……..

တို့ရဲ့ အလုပ်က ခရီးသွားလုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့် အလုပ်ခေါ်တဲ့ ကြော်ငြာမှာ စာလုံးပေါင်း မှားနေခဲ့တယ် ခရီးတော့ခရီးစဉ်ပဲ တကယ်က လူတယောက်ရဲ့ နောက်ဆုံးခရီးပါ…

လူတယောက်ရဲ့ နောက်ဆုံး shopping တစ်ခုကို ကျန်တဲ့သူတွေက ဘာလို့ မဖြည့်ဆည်းပေးလိုက်နိုင်ရမှာလဲ…

မင်းဘယ်လိုဖြစ်ပြီး ဒီလုပ်ငန်းထဲကို ဝင်ရောက်ခဲ့တာလဲ…အဲ့ဒီမေးခွန်းရဲ့ အဖြေကို သိပ်စိတ်ဝင်စားမိတယ်။ ငါ့ရှေ့မှာ လူတယောက်ရဲ့ နောက်ဆုံးခရီးကို သူဌေး ပြုလုပ်ပေးခဲ့တာကို မြင်လိုက်တယ်။ အဲ့ဒီအချိန်ကစပြီး ငါ့ရဲ့နောက်ဆုံးခရီးကိုလည်း သူပို့ပေးတာမျိုး ဖြစ်ချင်ခဲ့တယ်။ ဒါကြောင့်ဒီအလုပ်ထဲကို ရောက်နေခဲ့တာ…….

မကောင်းတဲ့အနံ့တွေ ရနေခဲ့တယ်။ နင်တို့ဘာတွေ စားထားလဲ။ ဟို အမည်းရောင်ဝတ်ထားတဲ့ လူဆီကနေ အနံ့တွေရနေခဲ့တယ်။

သူ့ကို နှုတ်မဆက်နဲ့….ငါနဲ့မဆိုင်ပေမယ့် မင်း တခြား အလုပ်တစ်ခုပြောင်းဖို့ အကြံပေးပါရစေ….

မကိုင်နဲ့ လူသေတွေကို ထိထားတဲ့လက်နဲ့ ငါ့အသားကိုမထိနဲ့………..အခုအလုပ်ကနေ ချက်ချင်း ထွက်မလား၊ ဒါမှ မဟုတ် ငါ့မိဘ အိမ်ကို ပြန်ရမလား…….

အခုငါ့မှာ ကိုယ်ဝန်ရှိနေပြီ။ သားသမီးကို ငါလုပ်တဲ့အလုပ်က ဒီအလုပ်ပါကွာလို့ နင်ပြောရဲမလား။ ဒီအလုပ်လုပ်တဲ့သူရဲ့ သားသမီး အဖြစ် ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နှာပြမလဲ..

ဒါတွေအားလုံးက သူ့အတွက် ဘေးပတ်ဝန်းကျင်ရိုက်ခတ်မှုတွေပါပဲ။ ပတ်ဝန်းကျင်တစ်ခုမှာ ရိုက်ခတ်မှုတွေက မျိုးစုံနော်။ သူ့ကို နားလည်ပေးဖို့ကော ဘယ်သူတွေက ကြိုးစားခဲ့သလဲ။ ကျနော်တို့ လူတယောက်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး အဲ့လိုနားလည်ပေးရကောင်းတယ်လို့ စဉ်းမှ စဉ်းစားကြပါရဲ့လား။ သူရင်ဆိုင်နေရတဲ့ ခက်ခဲမှု အတိမ်အနက်ကိုကော ဘယ်သူတွေက တိုင်းတာပြီး စာနာပေးသင့်တယ်လို့ ယူဆခဲ့ဖူးသလဲ။ အပေါ်ယံရှပ်ပြီး သုံးသပ်နေကြ ဝေဖန်မှုတွေ အတွက် ကျနော် တကယ့်ကိုပဲ အရှက်ရမိစေခဲ့တယ်။ အဝတ်အစားကိုကြည့်ပြီး ဝေဖန်တာ၊ ပုံစံအနေအထားကို ကြည့်ပြီး စိတ်ချယုံကြည်လိုက်တာ ဘဝအတွေ့အကြုံတွေက ပေးတဲ့ သင်ခန်းစာတွေ အရဆို အဲ့ဒီဝေဖန်မှုတွေရဲ့ အနှစ်သာရက ကျီးအာသီးလိုပဲ။ တခဏအတွင်းမြင်ရတဲ့ အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်ရင် တကယ့် အစစ်အမှန်တွေ ပျောက်ဆုံးသွားတတ်တယ်လေ။

သူလုပ်နေတဲ့ အလုပ်အတွက် တကယ့်ကို နှစ်နှစ်ကာကာကြီးဖြစ်နေခဲ့တာ ကြည့်ပြီး ကြည်နူးမိပါတယ်။ လူတယောက်ရဲ့ နောက်ဆုံးခရီးမှာ သူနဲ့အတူ သူ့ပတ်ဝန်းကျင်က လူတွေ စိတ်ချမ်းသာတာကို မြင်ရတော့ ဒီခရီးစဉ်တစ်ခုကို ဖြောင့်ဖြူးစေမှာပါပဲ။

ဒီဇာတ်ကားမှာ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကို ချပြထားခဲ့တယ်။ လူတွေရဲ့အရှေ့မှာ အသက်မရှိတဲ့လူတယောက်ရဲ့ခန္ဓာကိုယ် သန့်ရှင်းခြင်း အဝတ်လဲခြင်းဆိုတာတွေကိုတောင် အရှက်ဆိုတဲ့အရာတွေ ဖုံးကွယ်ပြီး ပြသသွားခဲ့တာ။ အသက်ရှိလျက် အရှက်ဆိုတဲ့ စကားလုံးကို နားလည်ရကောင်းမှန်းမသိတဲ့ လူတွေအတွက် တကယ့်ကို အတုယူလေ့လာဖို့ကောင်းပါတယ်။ မိမိလူမျိုး ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာတွေ…စသည်ဖြင့်ပါ။

ပြီးတော့ မိဘနဲ့သားသမီးဆိုတဲ့ သံယောဇဉ်ကြိုးတွေ။ သူ့ဖခင်က တကယ်ပဲ တခြားမိန်းမတယောက်အတွက် သူတို့ကိုစွန့်ပစ်သွားခဲ့တာလား။ ယောက်ျားတယောက်ကို စိတ်ဝင်စားလို့ မိမိသားသမီးကို စွန့်ပစ်ခဲ့တဲ့ မိန်းမတယောက်ရဲ့နာကျင်မှု။ ငါလေ ငါလေသူ့ကို အရမ်းတွေ့ချင်ပါတယ်ဆိုပြီး အရုပ်ကြိုးပျက်ဖြစ်သွားတဲ့ ပုံစံတွေ။ သူ့အဖေ ကိုမြင်ရင်တောင် အဖေပါလို့ မမှတ်မိနိုင်တော့တဲ့ သားတယောက်ရဲ့ စိတ်ဒဏ်ရာ။ ပြီးတော့ အဆင့်ဆင့် ကူးသယ်လာခဲ့တဲ့ stone letter။

အတင်းဆုပ်ထားတဲ့ လက်ကိုဖြည်တဲ့အခန်းက ဇာတ်ရှိန်အမြင့်ဆုံးပဲဖြစ်မှာပါ။ သေခါနီးအထိ မလွှတ်တမ်းဆုတ်ကိုင်နေခဲ့တာ ဘာများပါလိမ့်။ လက်ကိုဖြည်နိုင်တဲ့ အခါမှာ လှိုက်ခနဲ ဖြစ်သွားတဲ့ စိတ်က roller coaster စီးတာထက် အဆပေါင်းများစွာသာနေခဲ့တယ်။ သူငယ်ငယ်တုန်းက သူ့အဖေကို ပေးခဲ့တဲ့ ကျောက်တုံးလေးတစ်ခု။ အဲ့ဒီတော့မှ သူရဲ့တင်းမာနေတဲ့ စိတ်တွေ အရည်ပျော်ကျလာပုံပါပဲ။

လူ့ဘဝကို ရောက်လာတုန်းက ကိုယ်ရဲ့ ငိုကြွေးခြင်းနဲ့ အစပြုခဲ့ရတယ်။ လူ့ဘဝက ပြန်ထွက်သွားတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ငိုကြွေးခြင်းနဲ့ အဆုံးသတ်ပြန်တယ်။ လူ့ဘဝဆိုတာ ငိုကြွေးခြင်းနဲ့ စပြီး ငိုကြွေးခြင်းနဲ့ ဆုံးတာပါပဲလား..

ပြီးတော့ နေရာတိုင်းမှာ ရှိနေတဲ့ လူတွေရဲ့ တန်ဖိုးတွေ။ သူတောင်းစားမို့ သုဘရာဇာမို့ လူတွေက အဖက်မလုပ်ချင် ဖြစ်တတ်ကြပြီး တနေ့ သူတို့ကို လိုအပ်လာဦးမှာဆိုတာကို မေ့လျော့နေခဲ့ကြပုံပဲ။ ငါ ဆရာဝန်ကြီး ငါ အင်ဂျင်နီယာကြီးဆိုပြီး ရာထူးဂုဏ်သိမ်တွေနဲ့ မောက်မာဝံ့ကြွားပြီး ကျန်တဲ့လူတွေကို လူမထင်ဘူးဆိုတဲ့ အမြင်တွေအတွက် သံဝေဂတွေ ရစေမယ်ထင်မိတယ်။

ဇာတ်ကားကြည့်ပြီးပြီးချင်း စိတ်ထဲ အဖြစ်ချင်းဆုံးတစ်ခုခုကိုပြောပါလို့ မေးလာခဲ့ရင် ကျနော့ ပတ်ဝန်းကျင်တစ်ခုလုံးက Have a nice trip လို့ လှိုက်လှိုက်လှဲလှဲပြောလာမယ့် ခရီးစဉ်တစ်ခု ကို အစပြုချင်လိုက်တာလို့ ဖြေမိမယ်ထင်ပါတယ်……………

11 September 2010

လျှောတံခါးတစ်ချပ်၏ နောက်ကွယ်


တကယ်တမ်းက တံခါးချပ်တွေ အများကြီး ကိုယ်စီကိုယ်ငှ ရှိနေကြတာပါ။ ကျနော်တိုးဝင်ကြည့်မိသွားတာက လျှောတံခါးတစ်ချပ်ရဲ့ နောက်ကွယ် ကိုပါပဲ……………..

ဒုတိယကမ္ဘာစစ်ပြီးကာစ ဂျပန်နိုင်ငံကို အခြေပြုထားတဲ့ ဇာတ်ကားတစ်ကားပါ။ အိမ်ထောင်ရှင် မိန်းမတစ်ယောက်ရယ် သူမရဲ့ ယောက်ျား စာရေးဆရာတစ်ယောက်ရယ် သူမရဲ့ အလှမှာ မူးယစ်နေတဲ့ ယောင်္ကျားနှစ်ယောက်ရယ် အကြောင်းလေးတစ်ခုပါ။

ဇာတ်လမ်းအစမှာ အရက်ဆိုင်က ငွေတွေကိုလုယက်ယူငင်လာတဲ့ စာရေးဆရာရဲ့ မောကြီးပန်းကြီး ပြေးလွှားတဲ့ ခြေသံတွေနဲ့ ညတစ်ညကို လှုပ်နိုးထားခဲ့တယ်။ ဆိုင်ရှင် အဘိုးကြီးအဘွားကြီးကို သုံးနှစ်တာ လှည့်စားထားခဲ့တဲ့ မိမိယောက်ျား ရဲ့ ပြစ်မှုအတွက် တိုးလျှိုးတောင်းပန်ရတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အခက်အခဲကို ဒီလျှောတံခါးတွေကနေတစ်ဆင့် မြင်လိုက်ရင်းက နေ လျှောတံခါးနောက်ကွယ်ကိုပါ ချောင်းကြည့်မိသွားခဲ့တာပါ။

မိမိယောက်ျားရဲ့ အကြွေးတွေကိုဆပ်ဖို့ အရက်ဆိုင်ငယ်လေးမှာ အလုပ်သမလေးအဖြစ် အမှတ်မထင် လုပ်လိုက်တဲ့ သူမလုပ်ရပ်အတွက် ဆိုင်ရှင်လင်မယားကို အံ့အားတသင့်ဖြစ်စေခဲ့ပါတယ်။ သူမရဲ့ အလှအပ ချက်ချက်ချာချာ ရှိမှုတွေကြောင့် ဆိုင်မှာ စားသုံးသူများလာတဲ့အတွက် ဆိုင်ရှင်လင်မယားက သူမကို လက်မလွတ်နိုင်ခဲ့သလို သူမကလည်း ဆုကြေးတွေရလာတဲ့ အတွက် အိမ်ရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို ကျားကန်လာနိုင်တယ်။ ဆုကြေးတွေကို ဆိုင်ရှင်အဘွားကြီးကိုပေးရမလားလို့ မေးလိုက်တဲ့အခန်းကတော့ သူမရဲ့ ရိုးသားမှုကို မှတ်တမ်းတင်လိုက်တာပဲဖြစ်မှာပါ။ ဆုကြေးတွေကို သူမပဲယူပါဆိုတာနဲ့ ပျော်သွားတဲ့အပျော်ကို ကြည့်နေတဲ့သူကို ကူးစက်စေတာမို့ သူမကို စွဲလမ်းမိတဲ့ စားသုံးသူ တွေကို အပြစ်မတင်မိတော့ဘူး။

ဒီဆိုင်လေးကိုကြည့်နေရင်း ရန်ကုန်က မြဆိုတဲ့ အရက်ဆိုင်လေးကို မြင်ယောင်လာမိစေတယ်။ အရက် ရောင်းရတဲ့ မိန်းမငယ်လေးတွေရဲ့ ဘဝကို မြင်ခဲ့စေတဲ့ အဲ့ဒီဆိုင်လေးကို သတိရသွားတယ်။ ရန်ကုန်မှာ ရောင်းအားအကောင်းဆုံး နံပါတ်တစ် ဆိုင်တစ်ခုက ခန့်ခန့်ညားညား ကြီးကြီးကျယ်ကျယ် မဟုတ်ပဲ ဆိုင်ကျဉ်းကျဉ်းလေးနဲ့ လမ်းကျဉ်းလေးတစ်ခုထဲမှာ ဖြစ်နေခဲ့တယ်။ မူးယစ်ပျော်ပါးနေတဲ့ ယောက်ျားတွေရဲ့ကြားမှာ ပွတ်သီးပွတ်သပ် အလုပ်လုပ်ရတဲ့ မိန်းမငယ်လေးတွေအတွက် အတော့ကို ခက်ခဲစေမှာ အမှန်ပါပဲ။

လုယူခဲ့တဲ့ ငွေကြွေးက မင်းတို့သားအမိကိုပေးဖို့ ဆိုတဲ့ စကားတစ်ခုနဲ့ သူမကို ကျေနပ်နှစ်သိမ့်စေပါ့မလား။ ဒါပေမယ့် ငွေတွေကို ဘားက ကောင်မလေးတွေကို ခရစ်စမတ်လက်ဆောင်ပေးဖြစ်ခဲ့တယ်ဆိုတာအထိကော ခွင့်လွှတ်နိုင်ရဲ့လား။ ကျနော်သာဆိုဘယ်လိုမှ ခွင့်မလွှတ်နိုင်တာကတော့ သူမရထားတဲ့ဆုကြွေးတွေ အကုန်လုံး ယူသွားပြီး ငါ အပြင်မှာ အလုပ်သွားလုပ်တော့မယ်ဆိုပြီးထွက်သွားတာကိုပါပဲ။ ဒါ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်ရဲ့ ရပ်တည်မှုတဲ့လား။

ကိုယ့်မိန်းမ မဟုတ်တဲ့ တခြားမိန်းမတွေနဲ့ အချစ်တွေ အများကြီး ဖြစ်တည်နေတဲ့ ယောက်ျားတစ်ယောက်က သူ့မိန်းမကို သူ့စိတ်နဲ့နှိုင်းယှဉ်ပြီး သံသယစိတ်တွေ ဝင်ခဲ့တဲ့အထိတော့ အတော်လေး လွန်နေခဲ့ပြီထင်တယ်။ မျောက်မထားတယ်ဆိုတဲ့ စွပ်စွဲချက်အပြီးမှာ သူမကိုစွဲလန်းနေတဲ့ မက်ကင်းနစ်လေးကို အိမ်ခေါ်ပြီး သူမရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့အထိတော့ မဖြစ်စေသင့်ဘူးထင်တယ်။

သူမနဲ့ပတ်သက်ပြီးနောက်ထပ် ယောက်ျားနှစ်ယောက် အကြောင်းကို ပြသထားခဲ့တယ်။ တယောက်က ငယ်ရွယ်တဲ့ မက်ကင်းနစ်လူငယ်၊နောက်တစ်ယောက်က တော့ အရင်က ချစ်သူဟောင်း။ အဲ့ဒီနှစ်ယောက်လုံးရဲ့ အတ္တကိုလည်း ယှဉ်ပြီးချပြထားခဲ့တယ်။

ခင်ဗျားက ကျနော့အချစ်ဦးပါ၊ ကျနော့မှာ အမွေအနှစ်တွေ ရစရာရှိတယ် ၊ ကျနော်ခင်ဗျားကို ပျော်အောင်ထားနိုင်တယ် ခင်ဗျားကျနော့နောက်လိုက်ခဲ့ပါဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ရူးနှမ်းတဲ့အချစ်။ မြသန်းတင့်ရဲ့ မမကို သတိရမိစေတယ်။ သူ့ကို မမလို မမိုက်မဲပါစေနဲ့လို့ ဆုတောင်းမိတယ်။

ဘဏ်သူဌေးတစ်ယောက်ရဲ့ သမီးတစ်ယောက်နဲ့ ယူခါနီးအထိ သူမကို မမေ့နိုင် ပါဘူးဆိုတဲ့ ချစ်သူဟောင်း။ တကယ်က သူ့အတွက် ပုဝါလေး ခိုးယူမိတဲ့အတွက် ရဲစခန်းမှာ မိန်းမတန်မဲ့ ဖြေရှင်းနေတဲ့ အချိန် သူဟာ ဥပဒေကျောင်းသားမို့ ပြစ်မှုတွေနဲ့ မငြိစွန်းချင်ဘူး ဆိုတဲ့ တကိုယ်ကောင်းစိတ်နဲ့ ဥပေက္ခာပြု လျစ်လျူရှုရက်ခဲ့တဲ့သူ။ ပြီးတော့မှ သူ ဘယ်တော့မှ မေ့မရပါဘူးလို့ဆိုတဲ့ အချစ်က တကယ်တော့ ရီစရာသိပ်ကောင်းလွန်းပါတယ်။

သူမ ကံဆိုးလွန်းတယ်တဲ့။ ဟုတ်မှာပါပဲ။ သူမ ရဲ့ ယောက်ျားဖြစ်သူက တခြားမိန်းမတယောက်နဲ့ love suicide လုပ်သွားတယ်လို့ သိရတဲ့အချိန် တကယ့်ကို ပင်ပန်းစေခဲ့မှာ။ ချစ်သူဟောင်းက ရှေ့နေမို့ အားကိုးတကြီး ဖုံးဆက်မိခါမှ ငါရဲ့ ဝန်ဆောင်ခက သိပ်ဈေးကြီးတယ် မင်းတတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားက ကောက်ရိုးတစ်မျှင်ကိုပျောက်ဆုံးစေခဲ့မှာ အသေအချာ။

စိတ်အလှုပ်အရှားဆုံး ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းနှစ်ခန်းက သူမယောက်ျားကို ထောင်မှာသွားတွေ့တဲ့အခန်း။ အသက်ရှင်ကျန်ရစ်တဲ့အတွက် ဂုဏ်ယူရမှာလား၊ မင်းနဲ့အတူ လိုက်ပြီး စာနာနားလည်ပေးရမလား မသိနိုင်တော့ဘူးဆိုပြီး သူမရင်ဘတ်ကို ဖွင့်ပြခဲ့တယ်။ မိန်းမတယောက် နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေရင် မျောက်မထားတယ်ဆိုတဲ့ စကားလုံးနဲ့ပြောသလို ကိုယ့်ယောက်ျားကို တခြားမိန်းမက ခိုးယူခံသွားရရင်ကော ဘယ်လိုစကားလုံးပြောရမလဲ။ အစက ငါ့ကိုချစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူနေခဲ့မိတာ အခုတော့ လက်ထပ်ခဲ့တာ တစ်ခုကလွဲရင် ဘာမှ ငါ့မှာ မကျန်ရစ်တော့ပါလားဆိုတဲ့ မေးပြောလေး တွေနဲ့ပါ။

နောက်တစ်ခန်းကတော့ သူ့ယောက်ျားသောက်ခဲ့တဲ့ ဆေးပုလင်းကို ကိုင်လိုက်တဲ့အခန်း။ သေခြင်းတရားဆိုတာကို သူမကိုယ်တိုင်ရှာဖွေတော့မလို့။ လက်ထဲက ဆေးတွေ ပါးစပ်ထဲ မထည့်လိုက်ဖို့ ဖြစ်နိုင်ရင် လက်ကိုဆွဲထားချင်မိတယ်။

ဂျပန်ကားတွေကို ကြည့်ဖြစ်ရင် သူတို့ရဲ့ မျက်လုံးတွေနဲ့ သရုပ်ဆောင်မှုကို အဓိကထားကြည့်ဖြစ်တယ်။ မြန်မာဇာတ်ကားတွေလို မင်းသမီးက အတင်းလှပအောင် ပြုပြင်ထားတာမျိုးမဟုတ်ပဲ ရိုးရိုးလေးနဲ့ လှအောင် ရိုက်ထားတာကိုလည်း နှစ်ခြိုက်မိပါတယ်။ ပြီးတော့ မှန်တွေ မီးတွေထိုးထားတာ မဟုတ်ပဲ အလင်းအမှောင်တွေကို ကောင်းကောင်းနိုင်နင်းစွာ စီစဉ်ထားတာကိုလည်း သဘောကျမိတယ်။ ပြီးတော့ ဇာတ်ကားတစ်ခုလုံးမှာ သုံးသွားတဲ့အရောင်တွေ။ အရောင်တွေကနေ ဇာတ်ဝင်ခန်းတွေကို ပံ့ပိုးပေးနေသလို စိတ်ကို ဆွဲဆောင်နေကြသလားလို့။

ဇာတ်ကားသာ ပြီးသွားရော မင်းသမီးရဲ့ အနတ ဆိုတဲ့ သူမယောက်ျားကို ခေါ်တဲ့အသံလေးက စိတ်ထဲမှာ တသသ စွဲပြီးကျန်နေခဲ့တယ်။ မကောင်းဆိုးဝါးကြီးလို့ပဲထင်ထင် ငါတို့အားလုံး အတူတကွ နေရရင် တော်ပါပြီဆိုတာလေးနဲ့ ဇာတ်လမ်းကိုသိမ်းထားခဲ့တယ်။

တံခါးတွေ အများကြီးရှိမှာပါပဲ။ တံခါးတွေရဲ့ နောက်ကွယ်မှာ အခုလို အဖြစ်အပျက်တွေလည်း ရှိနေခဲ့မှာပါပဲ။ တံခါးတွေရဲ့ နောက်ကွယ် အကုန်လုံးကို လှပ်မကြည့်ချင်ခဲ့ပေမယ့် တံခါးချပ်တွေရဲ့နောက်ကွယ်တိုင်းမှာ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝတွေ ရှိနေစေချင်တဲ့ စိတ်တော့ ရှိနေခဲ့တယ်……………..

09 September 2010

ပြင်းပြင်းပြပြ သတိရနေခဲ့ပါသည်

သဲမြေအတွင်းက
ရေဖြန်းပြီးသကာလ
အချိန်အခါအသင့်မှာ
အညှောင့်တလူလူထလာတဲ့
ပဲပင်ပေါက်တွေလို

ပုလင်းထဲက
အတင်းရုန်းကန်ကြွတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
ပုလင်းဖုံးအဖွင့်မှာ
တဆူဆူ တဖြန်းဖြန်းနဲ့
တခါတခါ ပန်းထွက်တတ်တဲ့
လေပူစီပေါင်းတွေလို

မိုးဦးကျ
ပွင့်နေမြဲ နေရာမှာ
တားမရ ဆီးမရ
ငွားငွားစွင့်ပွင့်တတ်တဲ့
မှိုပွင့်တွေလို

မြေသားကို
တစတစ ထိုးဖောက်လို့
မကြောက်မရွံ့
အားရပါးရ ပေါ်ထွက်လာမြဲ
မျှစ်စို့ပေါက်ကြီးတွေလို

လက်ကောက်ဝတ်က
ရပ်တန့်မရအောင်
တဆစ်ဆစ်နဲ့တိုးနေတဲ့
သွေးခုန်နှုန်းလို

ကိုယ် မင်းကို အဲ့ဒီလို…..

အတိဿယဝုတ္တိတွေ သိပ်များတယ်ထင်ရင် ဖတ်ပြီးတာနဲ့ မေ့ပစ်ဖို့ပါပဲ…..

08 September 2010

အိမ်ကိုလွမ်းလို့ ရထားမစီးချင်ဘူးဆို…

ငါ ရထားမစီးချင်တော့ဘူး……………..

ဟာ…….ဘာကြောင်ရပြန်တာလဲ။ ဂေါက်တောက်တောက်အတွေးတွေနဲ့ အရူးထပြန်ပါပြီ။

ဘာဖြစ်လို့လဲ ပလက်ဖောင်းပေါ်ကနေ ရထားသံလမ်းပေါ်ကို လူတွေ ခုန်ခုန်ချတဲ့ ဗီဒီယိုဖိုင်ကြောင့်လား။

ဒါမှမဟုတ် ရထားတံခါးတွေ မပွင့်လို့ ဘူတာမှာ ရထားတွေမရပ်ဘဲ မောင်းမောင်းထွက်သွားတာကို စိတ်နာလို့လား။

မဟုတ်မှလွဲရော ရထားသံလမ်းတွေ ပြုပြင်နေလို့ ရထားလမ်းတွေ ပိတ်ထားတဲ့ရက်က ကားကြပ်ကြပ်စီးလိုက်ရတာကြောင့်ပဲဖြစ်မယ်။

အကြောင်းပြချက်တွေ ဦးနှောက်ခြောက်ခံ ရှာမနေပါနဲ့။ မင်းတို့တွေပြောတာ တစ်ခုမှ မဟုတ်ဘူး။

ငါ ရထားမစီးချင်တဲ့ အကြောင်းက အိမ်ကိုလွမ်းလို့ပါ….

ဘာာာာာ လို့တပြိုင်တည်း သံပြိုင်ရွတ်လိုက်သံက နားထဲမှာ အိမ်ကို ပြန်နေကြ ကားရထားသံ ဘော်လိုလို ဗွမ်လိုလို လို့တောင်ကြားလိုက်မိတယ်………….

နေ့စဉ်မိုးလင်းတာနဲ့ သံလမ်းခွဲမှာ လာရပ်မယ့် ကားရထားကို စောင့်နေကြလေ။ ကြက်ခြင်းတွေ ဈေးခြင်းတွေနဲ့ တမြို့လုံး အုံနဲ့ကျင်းနဲ့ အပြိုင်အဆိုင်လုပြီးတက်ကြရတဲ့ အဲ့ဒီ ကားရထားလေး။ ခေါင်းတွဲအပါအဝင် သုံးတွဲပဲ ရှိပေမယ့် မြို့ရဲ့သွားရေးလာရေးအတွက် သူက မရှိမဖြစ်ရေသောက်မြစ်။

ပုံမှန်ဖြတ်သွား ဖြတ်လာ အမြန်ရထားတွေရှိတယ်။ သူတို့က မြို့ငယ်လေးမှာ ရပ်လေ့ရပ်ထမရှိဘူး။ ကျောက်တင်တဲ့ ရထားတွေရှိတယ်။ နှေးလွန်းလို့ နွားလှည်းတွေတောင် အသာလေးကျော်တက်နေကြ။ ရှေ့မှာပိတ်နေတဲ့ နွားလှည်းများတွေ့ရင် ကျောက်တင်လှည်းလားလို့ ခနိုးခနဲ့ ကဲ့ရဲ့ရသလောက်။အနီးအနား မြို့ကြီးတမြို့ကို သွားတဲ့ ရထားတစ်စင်းလည်း နေ့စဉ်ပြေးပါတယ်။ ဒါပေမယ့် ထိုင်ခုံလက်မှတ်တွေက ဂိတ်အစမှာကတည်းက ကုန်နှင့်ပြီ။ ထိုင်ခုံမဲ့နဲ့ လိုက်မယ်ဆိုတောင် ရထားလာတဲ့အချိန်က အဆင်မပြေပြန်ဘူး။ ဈေးသမား ကျောင်းသမား ရုံးသမားတွေ အတွက် ကားရထားရောက်လာနေကြ မနက်စောစောက အဆင်အပြေဆုံးလေ။

မနက်စောစော နှင်းတွေကြားမှာ ရထားတိုးဝှေ့စီးရတဲ့အရသာပေါ့။ ကြက်ခြင်းတွေက နံလိုက်တာဆိုပြီး နောက်တစ်တွဲကိုသွားလည်း နောက်ကြက်ခြင်းနဲ့ ညားမှာပါပဲ။ ကြက်ခြင်းသမားတွေ ရှောင်ချင်ရင်တော့ ခေါင်းတွဲကို သွားမှ ရမယ်။ ခေါင်းတွဲက စက်ခန်းဆိုတော့ ပူလိုက်တာ တကယ့်ငရဲလား အောက်မေ့ရတယ်။ ကြက်တွေပူပြီး ကိစ္စချောကုန်မစိုးလို့ ဒီခေါင်းတွဲတော့ ရှောင်ကြတယ်ဆိုပဲ။ ဈေးသည်တွေ တွဲကလည်း ဆူညံလို့ ဘဝဂ်လျှံနေမြဲ။ မင်းသားနဲ့ မင်းသမီးကစလို့ ဒီအပတ်ထွက်မယ့် နံပါတ်တွေ အကြောင်း ဘယ်ဘုန်းဘုန်းကတော့ ပြီးခဲ့တဲ့ အပတ်အတွက် အတိတ်တွေနမိတ်တွေပေးလိုက်တာ မှန်သပေ့ဆိုတဲ့အကြောင်းတွေ သောင်းပြောင်းထွေလာ။ သူတို့အချင်းချင်း ရန်များဖြစ်ကြည့် အယုတ္တ အနတ္တတွေဆိုတာ သင်တန်းဖွင့်ရင်တောင် ရလောက်ကဲ့။

အဲ့ဒီတော့ ဒီနေ့အပူခံမလား အနံ့ဆိုးဆိုးတွေကြားမှာနေမလား နားအဆူခံမလားဆိုတာ တွဲပေါ်မတက်ခင် ရက်ရာဇာ ပြဿဒါးရွေးရသလိုပါပဲ။ အလှည့်ကျလေး နေလိုက်တော့ သူ့ဟာနဲ့သူ နေသာထိုင်သာရှိသွားရော။ တစ်တွဲတည်း ဆက်တိုက်များ စီးနေမိရင် လူကိုက အညောင်းမိသလိုလိုကို ဖြစ်နေတတ်ပြန်တယ်။

ထိုင်စရာနေရာကော နေ့တိုင်းရသလားမေးရင် ဟင့်အင်းလို့ပဲငြင်းရမှာပါပဲ။ တိုးမှ မတိုးနိုင်ပဲ။ တွဲလေးသုံးတွဲကို မြို့လုံးကျွတ်ဆိုတော့ သကြားခဲတစ်ခဲ ပုရွက်အုံ ဝိုင်းအုံသလိုပါပဲ။ ရှဲခနဲ ရှင်းသွားတဲ့အချိန်က ရထားထွက်တဲ့အချိန်ပေါ့။ ဒါတောင် ဘေးနားက မျက်ရည်စမ်းစမ်းနဲ့ မခွဲနိုင်မခွာရက်တွေ မပါသေးဘူး။ သူတို့ကတော့ ထွက်ခါမှ ထွက်ရော မြင်နေရတဲ့ အခိုက်လေး သံသရာကြွေးတွေ ဆပ်နေတာပေါ့လေ။

ရထားထွက်သွားပြီးမှ မြို့လေးလည်း ပုံမှန်ပြန်ဖြစ်တယ်။ အိမ်ကိုပြန်တဲ့သူပြန်၊ ဈေးဝယ်တဲ့သူဝယ် မုန့်ဆိုင်တွေမှာ မနက်စာ စားတဲ့သူ စားနဲ့ အသက်ပြန်ဝင်လာတတ်တာ။ ဒါတောင် ရထားနောက်ကျလို့ အတင်းဝရုန်းသုန်းကားပြေးတဲ့သူတွေ တခါတလေ တွေ့ရပြန်သေး။

တကယ်တမ်း ရထားကြာချိန်က တစ်နာရီပျော့ပျော့ရယ်ပါ။ ဒါပေမယ့် လမ်းတစ်လျှောက်မှာ ရှောင်ပေးလိုက်ရတယ်ဆိုတဲ့ တခြားရထားတွေက လျှော်ကြိုးမှာသီထားတဲ့ ခရေပန်းတွေလို စီလို့ တန်းလို့။ ဒါကြောင့်နေမှာ တစ်နေ့ကို အသွားအပြန် နှစ်ကြောင်းပဲ ဆွဲနိုင်ရှာတယ်။


နေ့ခင်းတကြောင်း အပြန်ကတော့ သိုသိုသိပ်သိပ်ပဲ။ အပျိုလေးတွေ ဇာတ်ပွဲကြည့်ပြီး အိမ်ပြန်သလို မြို့ကလူတွေ မသိလိုက်မသိဖာသာ။ ချောင်ချောင်ချိချိ စီးချင်သူများ၊ ကိစ္စကြီးငယ် မရှိသူတွေကတော့ စိတ်အေးလက်အေး ဒီအချိန်ကိုရွေးကြတယ်။ ပူပြင်းတဲ့နေ့ခင်းကြီးနဲ့အတူ တကျွီကျွီမြည်နေတဲ့ ဒီရထားတကြောင်းက ပျင်းရိစရာကောင်းတယ်ဆိုတာ တစ်မြို့လုံးအသိ။

စိတ်လှုပ်ရှားစရာအကောင်းဆုံးက ညဖက် ရထားသိမ်းတဲ့ လမ်းကြောင်း။ ရထားတင်သိမ်းတာမှ မဟုတ်ပဲ အားလုံးရဲ့ ဘဝတွေကိုပါ ဆွဲသိမ်းလာခဲ့တာ။ မသိမ်းလို့လည်း မရတော့ဘူး တမြို့လုံးရဲ့ ခြောက်သွေ့မှုကို ပြန်ဆွဲယူလာတဲ့ ဘဝတွေနဲ့ ကြဲပက်ရမှာ။ ဘူတာရုံကအထွက် ယိုင်တိုင်တိုင် မီးတိုင်တွေကြားထဲမှာ မြို့လေးရဲ့ အပြိုင်အဆိုင် မီးခွက်တွေလည်း ထွန်းနေကြပြီ။ ဘယ်သူဘယ်ဝါ ပြန်လာချိန်ဆိုတော့ ညစာထမင်းဝိုင်းတွေလည်း လက်ဆေးဇလုံနဲ့ ခင်းလို့ကျင်းလို့။

ရထားဆိုက်ပြီဆိုတာနဲ့ ဘူတာရုံနားက မုန့်ဆိုင်တွေ မျက်နှာငယ်ရပြီ။ စီခနဲနေအောင် ရှေ့ဆုံးက ပြေးသွားသူတွေအားလုံးက တမြို့လုံးရဲ့ ဆွဲလည်းတွေလေ။ ဆိုက္ကားဆရာတွေကတော့ မျက်နှာတွေ တဝင်းဝင်းနဲ့ သူသူငှာငှာ ခေါ်ပါယူပါ ဖြစ်ကုန်ပြီပေါ့။ တယောက်စနှစ်ယောက်စနဲ့ စီးပွားဖြစ်မယ်မထင်ဆိုပြီး ခွာရှပ်ပြီး မတ်မတ်ကြီးစောင့်နေတဲ့ မြင်းပေါ်က မြင်းလှည်းဆရာလည်း အနောက်ဖက်ကမ်းကိုလို့ ကျယ်ကျယ်အော် တကြော်ကြော် ဖြစ်စပြုပြီ။

သိပ်မကြာခင် လူတွေပြိုဆင်းအလာ။ မြို့လေးလည်း အခုမှ မျက်လှည့်ပြလိုက်သလို ပွဲခင်းတစ်ခုအလား စည်စည်ကားကား။ ဒီမြို့ကို ရွာနဲ့တူသလေးလို့ ပြောလို့ဒေါသတလူလူထနေတဲ့ အပျိုမငယ်လည်း ဟောကြည့် ဟောကြည့် မြို့ကြီးပါတော်လို့ ပြောရင်းဆိုရင်း အမောက လည်ပင်းရောက်နေပြီ။ ကျုပ်မှာလိုက်တာ ပါသလားဆိုပြီး မျက်နှာထားတင်းတင်းနဲ့ မေးတဲ့ အိမ်ရှင်မ မျက်နှာလည်းဝင်းလက်လို့။ မြို့ကဝယ်လာတဲ့ ပစ္စည်းတွေကို ဒီအဆင်လေး လှတယ်နော် ဟိုဟာလေးက နောက်ဆုံးပေါ်လို့ မကြွားချင် ကြွားချင် ဈေးတော်လို့ပါရှင် ဆိုတဲ့ အမျိုးသမီးတွေလည်း လမ်းပေါ်မှာ ဖြူးလို့။ ဒီတခေါက် အရင်းပြုတ်ခဲ့ပြီလို့ ငိုသူကလည်းပါသေး။ ချဲထီထိုးလိုက်တာမလား လို့ ဗိုက်ခေါက်လိမ်ဆွဲပြီးမေးချင်စိတ်တွေနဲ့ ဘေးနားက အိမ်သူကို မပူနဲ့ မပူနဲ့ဆိုပြီး ဖြောင့်ဖြပေးချင်သူလည်း ရှိရဲ့။

ကိုးနာရီမစို့မပို့မှာ ရုံပိုင်ကြီးလည်း နားချင်ပြီထင်တယ်။ ဘူတာရုံဖက်က ဖျတ်ခနဲမီးတွေ ပိတ်သွားတယ်။ ဆီမီးခွက်တွေလည်း မကြာခင် ငြိမ်းတော့မှာပါ။ နောက်နေ့မနက်မိုးလင်းရင် ကားရထား ပြန်ဆင်းလာတော့မယ်………

အဲ့ဒါပြောတာ မြို့နဲ့ရထားနဲ့ တသားတည်းကျနေတဲ့နောက်

အိမ်ကိုလွမ်းလို့ ရထားမစီးချင်ဘူး ဆိုတဲ့ ငါ့ကို မင်းတို့ အပြစ်ဆိုချင်လည်း ဆိုကြပါတော့ကွာ……….

06 September 2010

အိုင်ဖုန်းသုံးစွဲသူများအတွက် iMyanmar



တိုးတက်လာတဲ့ နည်းပညာနောက်မှာ ကျနော်တို့လည်း တောက်လျှောက် တရွတ်တိုက်ပါနေကြတယ်။ ထွင်သူက ထွင်တယ်. ပြင်သူက ပြင်တယ်။ အိုင်ဖုန်း သုံးစွဲသူ များလာတဲ့အထဲမှာ ကျနော်တို့ မြန်မာတွေလည်း တနေ့ထက်တနေ့ များသည်ထက် များလာပါလိမ့်မယ်။

ပထမဆုံး 3GS OS 3.1.2 တုန်းက Jailbreak လုပ်ပြီး ဂိမ်းတွေ မြန်မာစာတွေ ထည့်သွင်းအသုံးပြုကြတယ်။ ဒါပေမယ့် ဖုန်းဘက်ထရီ ကုန်သွားခဲ့ရင် ဖုန်း shutdown ကျသွားရင် ကွန်ပြူတာနဲ့ ပြန်လည် ချိတ်ဆက်ဖို့ လိုအပ်နေပြန်တယ်။ ခရီးသွားလာနေတုန်းဆို ကွန်ပြူတာနဲ့ ဝေးကွာနိုင်တာမို့ ဘက်ထရီ အကုန်မြန်တဲ့ ဒီဖုန်းနဲ့က သိပ်အဆင်မပြေလှဘူး။ သုံးစွဲသူတွေကို နောက်ဆံတင်းစေခဲ့တယ်လို့ ဆိုနိုင်တယ်။

သိပ်မကြာပါဘူး ဖုန်း ဆော့ဖ်ဝဲအသစ်တွေ ထပ်ထွက်လာတယ်။ အမှတ်မထင်ပဲဖြစ်ဖြစ် အမှတ်တမဲ့ပဲဖြစ်ဖြစ် ဆော့ဖ်ဝဲတွေ update လုပ်လိုက်မိရင် Jailbreak လုပ်ထားတာ ကုန်သွားပါရော။

တစ်တောင်ထက် တစ်တောင်မြင့်မြင့်လာတဲ့ ဒီခေတ်ကြီးမှာ ဆော့ဖ်ဝဲအသစ်တွေကို ကျော်ဖြတ်နိုင်တဲ့ Jail break တစ်ခုထွက်လာပြန်တယ်။ ဒီတခေါက်တော့ ဖုန်းပိတ်သွားခဲ့ရင် ကွန်ပြူတာနဲ့ ပြန်လည်ချိတ်ဆက်စရာ မလိုအပ်တော့တာတွေ့လာရတယ်။

ဒါပေမယ့် အိုင်ဖုန်း Jailbreak လုပ်ဖို့ မလုပ်ဖို့ဆိုတာလည်း ဖုန်းပိုင်ရှင်တွေက စဉ်းစားနေကြဆဲ။ warranty ကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းအချက်တစ်ခုတည်းနဲ့ မလုပ်ဖူးလို့ ငြင်းဆိုသူတွေလည်း ရှိတယ်။ မိမိကိုယ်တိုင် မလုပ်တတ်လို့ ဒါမှမဟုတ် အခကြေးငွေပေးပြီး လုပ်ရမှာဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနောက်မှာ အိုင်ဖုန်းကိုင်ဆောင်ပြီး Jailbreak မလုပ်သူတွေ အများအပြားရှိနေပါသေးတယ်။

နောက်တစ်ခေါက် ဆော့ဖ်ဝဲ ဗားရှင်း အသစ်ထွက်လာပြန်တယ်။ OS 4 နောက်ပိုင်းမှာ Jail break လုပ်ရင် မြန်မာလို မြင်ရပေမယ့် မြန်မာလို ရိုက်လို့ မရပြန်ဘူး။

အဲ့ဒီကြားထဲကမှ iPhone4 က ဈေးကွက်လိုအပ်ချက်အရ ပေါ်ထွက်လာခဲ့တယ်။

ပြီးတော့ iMyanmar… တနေ့ကတော့ တွေ့လိုက်တယ်။ ကိုယ်နဲ့ အကျွမ်းမဝင်သလိုပဲ မသိလိုက်မသိဖာသာ နေမိတယ်။ ဒီနေ့တော့ ကိုယ်နဲ့ ထိတွေ့လာရပြီ။ တီထွင်သူတွေကိုလည်း (itune မှာတော့ Alfred Thet လို့တွေ့ရပါတယ်) ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောချင်ပါတယ်။

အိုင်ဖုန်းတွေကို Jailbreak မလုပ်ပဲ မြန်မာစာ ဖတ်ရှုဖို့ iMyanmar ကို intalll လုပ်လိုက်ရုံပါပဲ။ iMyanmar ကို itune မှာ အလကား ရယူနိုင်ပါတယ်။

ဖုန်းကို Jailbreak မလုပ်ပဲ မြန်မာလို ဖတ်ရှုလိုသူတွေအတွက် လိုအပ်တဲ့ application တစ်ခုပါပဲ။ ကျနော်စမ်းသပ်သုံးစွဲကြည့်သလောက်တော့ မြန်မာလို ရိုက်ဖို့ keyboard မတွေ့မိသေးဘူး။ ပြီးတော့ iMyanmar ကို ထည့်သွင်း ဖို့ OS ဗားရှင်းက 4နှင့်အထက်ဖြစ်ရပါမယ်။

မြန်မာစာချစ်သူ အားလုံး iMyanmar ကျေးဇူးနဲ့ မြန်မာလို မြင်ရပြီပေါ့ဗျာ………..


ပုံများကို သက်ဆိုင်ရာ webstie မှ ကူးယူထားခြင်းဖြစ်ပါသည်။

05 September 2010

metro boulot dodo နဲ့ ခွဲခွာခြင်း တနင်္ဂနွေ

ပြင်သစ်စကားတစ်ခုပါ။ ကျောင်းတက်တုန်းက မိမိရဲ့နေ့စဉ် လူနေမှုဘဝကိုရေးခိုင်းတိုင်း ဒီစကားလုံး ကို သတိရမိတယ်။ သာမန်လုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေကို ဖော်ပြတဲ့စကားလုံး တစ်ခုပါပဲ။ နေ့စဉ်ရထားစီးတယ် ခရီးသွားတယ် အလုပ်လုပ်တယ် ပုံမှန်ပဲ။

ဒီတနင်္ဂနွေ ကိုတော့ သမရိုးကျ မဖြတ်ကျော်စေခဲ့ပဲ လုပ်ရိုးလုပ်စဉ်တွေကနေ ခွဲထွက်ပစ်လိုက်ပါတယ်။ သွားခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ ညွှန်းဆိုမှုကြောင့် Thai Festival ကိုရောက်ဖြစ်သွားတယ်။ ဘယ်နေရာမှာရှိတယ်ဆိုတာကိုတော့ အခွန်သွားဆောင်ဖူးတဲ့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ထိုင်းသံရုံးမြက်ခင်းပြင်မှာပဲ ကျင်းပတာဖြစ်ပါတယ်။

ပထမဆုံး ဝင်ဝင်ချင်းက အမှတ်တရပစ္စည်းတွေ silver 925 တွေရောင်းတဲ့ဆိုင်တန်းပါ။ ညာဖက်တောင်ပံမှာတော့ အဝတ်အစား နဲ့ပတ်သက်တဲ့ ဆိုင်ခန်းတွေခင်းကျင်းထားပြီ။ ဘယ်ဖက်တောင်ပံကတော့ ကျနော်တို့အကြိုက် အစားအသောက်တွေ ရောင်းချပေးနေတာပါ။ ပြီးခဲ့တဲ့ တစ်ရက်ကပဲ သူငယ်ချင်းတစ်ယောက်က မေးပါတယ် ဒီနိုင်ငံမှာ အရှေ့တိုင်းနိုင်ငံအသီးသီးရဲ့ အစားအသောက်တွေ အပြိုင်အဆိုင် ရောင်းချနေပါလျက် ယိုးဒယားအစားအစာက ဘာလို့တွင်တွင်ကျယ်ကျယ် လူတိုင်းလက်ခံနေတာလဲ လို့ မေးလာပါတယ်။ သူ့မေးခွန်းကို ဖြေဆိုဖို့ ကျနော်တို့ ဘယ်ဖက်တောင်ပံကို ပထမဆုံး ဦးတည်လိုက်ကြပါတယ်

ဆိုင်ခန်းတွေ အများအပြားကြားထဲမှာ ကိုယ်ဘာစားရမလဲ စဉ်းစားတဲ့အလုပ်ဟာ အတော်လေး လက်ဝင်ပါတယ်။ သူများတွေ တန်းစီနေရင် ဟိုဟာလေးလည်း စားချင် ဒီဟာလေးလည်း စားချင်နဲ့ နောက်ဆုံးတော့ သူငယ်ချင်းတွေ လူစုခွဲပြီး ကိုယ်ကြိုက်တာ ကိုယ်ဆွဲလာခဲ့တယ်။ ပြီးမှ စုပုံစားဖို့ပါ။

ယိုးဒယားသင်္ဘောသီးထောင်းနဲ့ ပဲကြာဇံသုတ်က မပါမဖြစ်ပါ.

ကျနော်နဲ့ ယိုးဒယားသင်္ဘောသီးထောင်းမှာ သမိုင်းကြောင်းတွေ ရှိပါသည်။ ယိုးဒယား သင်္ဘောသီးထောင်းကို ပထမဆုံးစားဖူးတော့ ကျောင်းစာမေးပွဲတစ်ခုအတွက် သူငယ်ချင်းတွေ စာစုကျက်နေချိန်ဖြစ်၏။ စာတွေကျက်လိုက် အစားတွေစားလိုက် လုပ်နေကြအတိုင်း စုရပ်ကို မလာခင် City Mart မှာ ဈေးဝယ်တော့ ယိုးဒယားသင်္ဘောသီးထောင်းတွေ ဝယ်လာသည်။ ဗိုက်ဆာလို့ စားမယ်ဆိုတော့ စပ်လိုက်သည်မှာ မျက်ရည်တောက်တောက်ကျသည်အထိ။ အစပ်ကြိုက်သည့် သူငယ်ချင်းက ငြုတ်သီးစိမ်းတွေ ထပ်ထောင်းထည့်ထားလိုက်သေးသည်။ အဖတ်တွေ မစားနဲ့ အရည်ပဲသောက်ဆိုတော့ အင်းလေ ထန်းလျက်ခဲနဲ့ သကြားပါတာ အရည်ကတော့ချိုလောက်တယ်ဆိုပြီး အားရပါးရသောက်လိုက်ကာမှ သကြား နှစ်ဇွန်းလောက် ပါးစပ်ထဲပစ်ထည့်ရသည်အထိ ခံလိုက်ရဖူးသည်။ ကျနော် အဲ့ဒီလောက် အသည် တုံးသည်မှာ သမိုင်းကြောင်းနှင့်ပင်ဖြစ်ပါသည်..



ဝက်သားသုံးထပ်သားတွေကို ကြွပ်ကြွပ်ရွရွကြော်ထားတာလည်း ပါတယ်

ဒူရင်းသီး သရက်သီး အချိုပွဲ


ပီလောပီနံအချိုပွဲ


သရက်သီးထောင်း


အရောင်တွေစုံနေတဲ့ မုန့်လက်ဆောင်း


မှိုကြော်တွေလည်း ပါရဲ့

ဆင်းဂါးဘီယာတွေလည်း ဟောတလုံး ဟောတလုံး

အသီးတွေကို အလှဆင်နေတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ မုန်လာဥနီတစ်လုံးအရှုံးထားပြီး လေ့ကျင့်ဖို့ စိတ်ကူးထားပါတယ်။ ဖြစ်မဖြစ်တော့ မသေချာပါ။ စိတ်မရှည်တာနဲ့ ကိုယ့်လက်ကို အရင်လှီးဖို့တော့ ၈၅ ရာခိုင်နှုန်းသေချာပါတယ်။




ပြီးတော့ ဗိုက်တွေလည်း အတော်ပြည့်ပြီ။ ဆိုင်ခန်းတွေ စုံတကာစေ့အောင် ၊ဗိုက်လည်းချောင်အောင် ပတ်ကြ။ ဟိုဟာလေးလည်း လိုချင် ဒီဟာလေးလည်း လိုချင်နဲ့ စိတ်တွေကို အတော်လေး ချုပ်နှိမ်ရပါသည်။ ပင့်ကူလေးတကောင်တော့ လူတစ်ယောက်ကိုခြောက်ဖို့ မှတ်တမ်းတင်ခဲ့ပြန်သည်။


တနင်္ဂနွေနေ့သည် ဤသို့ဤနှယ် လှပစွာ ပြီးဆုံးသွားသည်.

တနင်္လာနေ့ ရောက်ပြန်ပြီ

metro boulot dodo ကိုရှောင်လွှဲရန် မဖြစ်နိုင်တော့………….

အသည်းကွဲခြင်း

မင်းနဲ့ငါ
ဖိနပ်နှစ်ဖက်ပေါ့
မိုးမြေဆုံးထိ
ဘယ်တစ်ဖက်ညာတစ်ဖက်
မခွဲတူမကွာ
ရွက်ကုန်ဖွင့်လွှင့်မယ်
ဘာညာစုံတကာစီအောင်
စာစီနေတုန်း
အပြင်မှာ
ချွတ်ထားတဲ့
ဖိနပ်တစ်ရံ
ဘယ်သူသုတ်သွားမှန်းမသိခဲ့

အချစ်ရေ

အဲ့နေ့ကစလို့ပေါ့

ငါ့အသည်းတွေကွဲသွားခဲ့တာ……..

01 September 2010

နတ်သြဇာ ထညက်ခဲရယ်နဲ့ …..

ဒီအမယ်ကြီးနှယ်……..

မောင်ရင်လေးတို့ရယ် ကျုပ်ရန်ကုန်သွားမှာမို့ပါတော် သည်းညည်းခံကြပါတော်

တောင်းကြီးတောင်းငယ် အသွယ်သွယ်ဆင့်လို့ အမယ်ကြီးနှယ် အသက်ကိုမှ အားမနာ…..နောက်က အသံတွေကို ဂရုစိုက်မနေနိုင်ပေါင်။ ကျုပ်သားတွေ မြေးတွေ ရှိတဲ့ဆီကို ကျုပ်သွားနေတာကလား။ အငယ်ကောင် ဟိုဆောက်လုပ်ရေးမှာ အင်ဂျင်နီယာဖြစ်နေတဲ့သူ မွေးတာက နှစ်ယောက်တောင် မှ နှစ်ယောက်တောင်။ ဒါတောင် အကြီးကောင် ကုန်သည်လုပ်နေတဲ့သူက မွေးတဲ့ သုံးယောက် မပါသေးဘူး။ မွေးတုန်းကပဲ မြင်ဖူးလိုက်တယ် ရန်ကုန်နဲ့ ကျုပ်တို့တောက အလှမ်းကွာသကိုးတော့။ လှည်းတတန် လှေတတန် ကားတတန် ရထားတတန်ကျော့ခါမှ ရန်ကုန်ဆိုတာ မြင်ဖူးရသာ။ ခေါက်ခေါက်ခါခါ ကိုးကျင်းကိုးကျောင်း ချောင်းပေါက်အောင် သွားရအာင်လည်း မဖြစ်သေးဘူးဆိုတော့ ကွာမြဲကွာနေတော့သာရယ်။

ဒီလောက်ဝေးလံတဲ့ အရပ်မှာ နေရှာတဲ့ ကိုယ့်သွေးကိုယ့်သား ကိုယ်မြေးတွေကို ရွာနီးချုပ်စပ်က ရွာစာလေး ရာသီစာလေး ကျွေးချင်တာ။ သူတို့ကလည်း ကဒီးကဒီးမလာနိုင် ကျုပ်တို့ကလည်း စွတ်ကယ်စွတ်ကယ် မသွားနိုင်ဆိုတော့ တခေါက်ဆို ဆိုသလောက် ပေါက်ပေါက်မြည်အောင် သယ်သွားချင်တော့သာ။ ဒါပေသိ ကိုယ်ကသယ်နိုင်တောင် လမ်းက သယ်ချင်ကြတာ မှုတ်ဖူး။ ကားသမားတွေဆိုတာ ခံတောင်းလေး စကောပက်ပက်ကို တွင်းတစ်ခုလောက်အောက်မေ့သာ။ အမယ်ကြီး လေးရာတော့ပေးဗျာ၊ ငါးရာတော့ ပေးဗျာနဲ့ လုပ်သာ။

တောင်သူတွေပါမောင်ရယ် ဈေးရောင်းသွားသာ မဟုတ်ဘူးလို့ သားတွေဆီ သွားသာရယ်ပါ။ မြေးတွေလည်း လွမ်းလို့ပါတော် လို့ ငြီးငြီးငြူငြူလေးပြောမှ နှာလောက်လျှော့တာ။ ကျုပ်အကြောင်းသိတဲ့သူများပါလို့ကတော့ ဒီအမယ်ကြီးက တောသူဌေးတဲ့။ ရန်ကုန်မယ် သားနှစ်ယောက်တောင်ရှိတယ်။ သားတွေပေးတဲ့ ပစ္စည်းတွေ အိမ်မှာမနည်းမနော။ ပေါ့သေးသေးမမှတ်နဲ့ဆို ဘော်လီထဲ လက်နှိုက်ပြီး တောင်းသလောက်ပေးလိုက်သယ်။ မဟုတ်ရင် ကျုပ်သားတွေ ဂုဏ်ငယ်မှာ ပလေ နော့။

ခံတောင်းတွေ ဘာတွေများပါလို့လဲ မေးလို့ကတော့ အားရပါးရ ဖွင့်အပြပဲတော်။ ထန်းသီးကလည်း ကြွေချင်ပါတယ်ဆို ဒီကျီးကိုက ကံခေတယ်လေလို့ မမြင်ပါနဲ့။ ဟော…ဟောဒါက ကျုပ်အခင်းက ကျတဲ့ နှမ်းကို အိမ်မှာ ငညိုနဲ့ကြိတ်ထားတဲ့ ဆုံဆီ၊ မွှေးချက်ကယ် မှန်း တတို့လောက် မြည်းကြည့်စမ်းပ။ မြို့က ဆီတွေလို ဘာဆီညာဆီရောထားတာမျိုး မဟုတ်ဘူး စစ်သမှ စစ် စစ်လို့တောင်မြည်သတော့။

ဒါလေးက မြေပဲစိမ်းတွေတော်။ ကြော်ချင်လည်းကြော် လှော်ချင်လည်းလှော် သဘောရှိကရောဟိ။ ဟော့ဟိုနားက အကိုင်းထဲက ခရမ်းချဉ်သီး။ လတ်လတ်ဆတ်ဆတ် ငပိချက် များ ချက်လိုက်လို့ကတော့ တော် ဘာပြောကောင်းမလဲ။ ခရမ်းချဉ်သီးနားက ခရမ်းသီးတွေပ။ အလုံးကြီးတွေများ လှချက်လေ။ မတင်လေးတို့ လက်ဆောင်ပေးလိုက်တာ။ ရန်ကုန်က မောင်ကြီးတွေ မီးဖုတ်သုတ်စားဖို့တဲ့လေ။ နံနံပင်လေးတောင် ပါလိုက်သေး။

ခံတောင်းလေးမှာ ကျွတ်ကျွတ်အိတ်လေးနဲ့ သပ်သပ်စီချိတ်ထားတာ ရွာတောင်ပိုင်းက မိသန်းတို့ နတ်သြဇာတော့။ ကျုပ်သားတွေ ငယ်တုန်းက ဒီနတ်သြဇာမှ မစားရရင် တက်မတတ် ချက်မတတ်။ အခုတော့ မြေးတွေ အလှည့်ပေါ့။ နောက်တစ်ထုတ်က ရွာထိပ်က ငစိန်တို့ ထန်းတောက ထညက်ခဲ။ ချိုအီမွှေးနေတဲ့ အပြင် ခပ်ရှရှလေးနေသတော့။ သိပ်အများကြီး မပါလို့ ဒါတော့ မြည်းမနေပါနဲ့။ ကျုပ်မြေးတင် ငါးယောက်မို့ အယောက်စိအောင် ပေးဖို့အနိုင်နိုင်ရယ်။ အမယ်ကြီးစကား မယွင်းမှားတဲ့ ယုံသာယုံလိုက် ယုံသာယုံလိုက်ပါဆို။

လက်တစ်ဖက်က ခြင်းထဲလည်း အတင်းဖြဲမကြည့်ပါနဲ့လေ။ ကျုပ်ချွေးမ အချောအလှတွေအတွက် ရှင်မတောင်သနပ်ခါးမွှေး။ သစ်ပုလွေသားတွေ မဟုတ်ဖူး။ အံမယ် အညာသူစစ်စစ် ရှင်မတောင် မစစ်ရင် ဘယ်တော့မှ ပါးပေါ်မတင်ဘူး။ ရှင်မတောင်များ စစ်လို့ကတော့ မက်မက်စက်စက်ကို လိမ်းသာပါ။ အပွေးကိုကြည့် နှစ်ထပ်ပွေး အသားကို ကိုက်ကြည့် အပွေးကုန်တောင် အသားချည့်သွေးလိမ်း နွေခါဆို အေးသပေါ့။ တော်တို့ မိတ်ကပ်တို့ တို့ဖတ်ကြီးတွေ ဖို့မနေနိုင်ပေါင်။ မျက်နှာပူသတော်။ ဘယ့်နှာ ချွေးများပြန်ရင် မျက်နှာကြီးတွေများ ပြာလို့။ ထက်ထက်မိုးဦးလို မလှချင်နေပါစီ ရွှေဘိုသနပ်ခါးလိမ်းပြီး ဝါဝါညက်ညက်ဖြူရင်တော်ဘီ။

ကျုပ်သားကြီးက လိမ္မာချက်။ မွေးရကျိုး နပ်သပေါ့။ သူ့စီးပွားရေးကောင်းရှာတော့ အငယ်ကောင်ကျောင်းထားပေးတာလေ။ အမေ နားနားနေနေ နေတော့တဲ့လေ။ ပြောသာပြောရ ကျုပ်တို့က တောသမ မဟုတ်လား။ ငယ်ကတည်းက ကောက်စိုက်ပျိုးနှုတ်ထင်းခွေရေခပ် ဇယ်ဆက်သလို လုပ်ခဲ့တာဆိုတော့ ထိုင်နေရတဲ့အခိုက်များဆို ဟိုနားက ယားသလိုလို ဒီနားက ယားသလိုလို။ နေနိုင်ပေါင်အေ။ ငါ့လယ် င့ါယာအတွက် ထွန်တချက် ပျိုးတကြဲတော့ ပါရသေးတာပဲပ။

ဟောတော် ရန်ကုန် ရောက်ပြန်ပေါ့…

သားကြီးရေ သားငယ်ရေ မင်းတို့အမေ လာကြိုကြလေ။

အမလေး ဒါက ဘယ်သူ ဘယ်သူ အသားတွေများဖြူချက်ကယ်။ အခုတလော ပြောပြောနေတဲ့ ကိုရီးယားမင်းသား မင်းသမီးဆိုတာလေးတွေလား။ မှန်း…ငါ့သားကြီးတွေ ဝလို့ဖြိုးလို့။

သမီးတို့ဖို့ အမေသယ်လာတဲ့ ရှင်မတောင် သနပ်ခါးတွေ လိမ်းစမ်းပါအေ။ ဦးဆုံးခေါင်းဆုံးလိမ်းပစ်လိုက်အေ။ တောင်းထဲမှာဟေ့ တောင်းထဲမှာ။

အမေကလည်း ဒီအသီးအရွက်တွေ ရန်ကုန်မှာလည်း ရပါတယ်ဆိုဗျာ။ နောက်သယ်မလာပါနဲ့ အခုပဲကြည့် တောင်းပိဘာပိနဲ့ သယ်လာတော့ ညိုးလို့နွမ်းလို့။ ဒီမှာလည်း ဈေးမှာ ဝယ်ရင် ဒီ့ထက်လတ်ပါတယ်။

မင်းမို့ပြောရက်တယ်ကွယ်။ တို့ရွာက အသီးကွယ့် တို့ရွာက အသီးတွေ။ ပိုးသတ်ဆေးတွေ ဘာတွေကင်းတဲ့ မင်းတို့တွေ မွေးတဲ့ ရွာက အသီး။ ကျန်တဲ့အသီးတွေနဲ့ ယှဉ်လို့ ရပါမတဲ့လား။ သူရို့တွေ ဘယ်လိုစိုက်တယ် ဘယ်လိုပျိုးတယ် ကိုယ်မှ မသိပဲ။ ဘေးအန္တရာယ်များပါဘိ။ မင်းတို့ခေတ်ကြီးမှာ ဟိုဆေးဖြန်းလို့ ဆယ့်နှစ်ရာသီသီးရတာတဲ့ ဟိုဆေးသုံးလို့ အသီးတွေ အဆမတန်ကြီးရတာနဲ့။ သဘာဝကိုပြောင်းပြန်လှန်နေလို့ ဟော ရောဂါတမျိုး ဟော ရောဂါတမျိုး အသစ်အဆန်းတွေဖြစ်နေကြတာ မဟုတ်လား။ တို့တောမယ် မင်းရို့လောက် ကရိကထမများပေါင်။ အသက်ကြီးတဲ့သူတောင် ကိုယ့်ခြေကိုယ့်လက်နဲ့ စိုက်တုန်းပျိုးတုန်း ဓါးထမ်းပြီး ထင်းခွေတုန်းပ။

ဆီပုံးထဲက ဆီတွေ လှယ်ယူလိုက်ပါဦးသမီးရေ။ ခံတောင်းထဲမှာ ကလေးတွေ စားဖို့ နတ်သြဇာနဲ့ ထညက်ခဲ။ နတ်သြဇာကို မနက်ဘုရားတင်ဖို့ ဖယ်ပြီး ကျန်တာတွေ လေမသလပ်ခင် ကျွေးလိုက်စမ်းပါအေ။ ငါ့မြေးတွေ အားရပါးရစားကြပါစီ။

ဖယ်..ဖယ် ငါကိုယ်တိုင်လုပ်ပါတော့မယ်။

ရော့ရော့ လာ မြေးကြီးလာ နာမည်က ဘယ်သူ..

အာကာမင်းပါ

အမလေးတော် နာမည်တွေကလည်း မင်းသားနာမည်တွေပါလားဟဲ့

လက်ဖြန့် လက်ဖြန့် ဒါက ရွာမှာ နာမည်ကျော် နတ်သြဇာတဲ့တော်။

ဟင် အဖွားဟာကလည်း ဂျယ်လီလည်း မဟုတ်ဖူး

ဘာ ဘာ နင်ပြောတာဘာတဲ့။

ဒီမုန့်မကြိုက်ရင် ထညက်ခဲကျွေးမယ် အဖွားက။ ဒီထညက်ခဲကလေ…

သားက ချောကလက်ပဲစားချင်တာ…

အဲ့ဒီညနေ တညနေလုံး ကျုပ်လေ နတ်သြဇာ ထညက်ခဲနဲ့ လဲသွားတဲ့ အရာတွေကို စိတ်တွေနာပြီး ထမင်းကို မစားနိုင်တော့တာပါ.

လက်ထဲက နတ်သြဇာတွေလည်း ကျုပ်စိတ်တွေနဲ့ အတူ ကျိုးကြေလို့ပေါ့……………………………………..

နတ်သြဇာဆိုတာ ဘာလဲလို့ မေးသူတွေ ပေါ်လာတာမို့ နတ်သြဇာဆိုတာ ပဲချောင်း၊ပဲထန်းလျက်ချောင်း (အလုံးလေးတွေ လည်း လုပ်တတ်ပါတယ်) ပါခင်ဗျာ
ထန်းလျက်ခဲကိုလည်း အညာလေသံပေါ်လွင်အောင် ထညက်ခဲလို့ စာလုံးပေါင်းထားပါတယ်

30 August 2010

ပိန်းကြာဖက်ကို ရေမတင်သကဲ့သို့

ငယ်တုန်းက မနက်မိုးလင်းရင် အဖွားရဲ့ အစိန္တေယျ အစချီတဲ့ ဘုရားရှိခိုးပြီး၊ ဆွမ်းကပ်၊ သောက်တော်ရေချမ်းကပ်၊ ပန်းကပ်ပြီးရင် တပြည်လုံးမှာ ရှိတဲ့ တန်ခိုးကြီးဘုရားအဆူဆူကို တိုင်တည်ဆုတောင်းသံကို ကြေးစည်မထုမချင်း ကြားရတတ်ပါတယ်..

ဟိုးအထက်ချင်းတောင် ဆုတောင်းပြည့်စေတီက စလိုက်တာ အောက်ပြည်အောက်ရွာက ဘုရားပုထိုးကုန်အောင်ရွတ်ပါတယ်။ ကျနော်တို့တွေ သူ့ကို ကန်တော့တဲ့အခါများဆို ရေလိုအေးလို့ ပန်းလို့မွှေးပါစေ၊ အိမ်ပြန်ခါနီးကန်တော့ ရင် အန္တရာကင်း ဘေးရှင်းပါစေ၊ သွားလမ်းသာလို့လာလမ်း ဖြောင့်ပါစေ၊ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့၊ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ အဆင်းလှပါစေ၊ ပညာတတ်ကြီးဖြစ်ပါစေ ဆိုတာမျိုး ဆုတွေတသီတတန်းကြီးချွေလို့

ပြီးတော့ ဒီနေ့တနေ့လုံး စိတ်ထဲကရော ပါးစပ်ဖျားကပါ အကြိမ်ကြိမ် ရေရွတ်နေမိတဲ့….

အနာရောဂါမှန်သမျှတို့ ပိန်းကြာဖက်ပေါ် ရေမတင်သလို အရှင်းလျှောကျ ပျောက်ကင်းကြပါစေ….

29 August 2010

သည်ပန်း သည်စခန်း (၂)


တကယ်တမ်းကျတော့ နှုတ်ခမ်းနီနဲ့တင် မရပ်နိုင်ပြန်။ မိမိနွယ် တစ်ယောက် အလှဆိုတာကို သိမြင်လာသလိုလို။ ကိုယ့်ကိုကိုယ် ပန်းချီဆရာလို့ထင်လိုထင်။ ခြယ်မယ်ဆိုတာချည်း။ ထိုအခါ……

စာရွက်တွေ သွားပေးတိုင်း ဦးကိုကိုက စာရွက်အပြင် မိမိနွယ်ရဲ့ လက်တွေကို စိတ်ဝင်တစားကြည့်တာကို သိလာရပြန်သည်။ အခန်းပြင်ထွက်လာပြီးမှ လက်သည်းနီဆိုးရစကောင်းတယ်လို့ စိတ်ထဲရောက်လာ။ ဦးကိုကို့ အမျိုးသမီး မမသက် လာတဲ့အခါတိုင်း တရှိုက်မက်မက်ကျန်နေခဲ့သော ရေမွှေးနံ့ကို ရှူရှိုက်ရင်း ဘယ်လိုမှ မဝယ်ဖြစ်နိုင်သည့် မိမိနွယ် အဖြစ်ကို အားမလိုအားမရ ဖြစ်ဖြစ်နေတတ်သည်။ အင်းလေ တနေ့နေ့ ပေါ့။ ငှက်တွေက ပျံရင်းနဲ့ သေကြတယ် မဟုတ်လား။

ထိုနှစ် Company Annual Dinner ညကိုတော့ သူဘယ်တော့မှ မမေ့တော့။ ပြင်းထန်မောပန်းစေသော ပြီးတော့လှိုက်မော တွယ်တာရစ်ငင်သော ဦးကိုကို၏ ရင်ခွင်။ စာအုပ်တွေဖတ်ရင်း ဇာတ်ကောင်ရူးတွေ မရူးစမ်းပါနဲ့လို့ ပြောရင်း သူမ တတိယဆိပ်ကမ်း ဆိုတဲ့ ဇာတ်ကောင် မဖြစ်စေရဘူးဆိုပြီး ငြီးငြူမိသည်။ ဦးကိုကို ကိုတော့ မြနန္ဒာတဖြစ်လဲ မမသက်၏ အရိပ်ထက် အေးမြသော မိမိရင်ခွင်နန်းကို ပေးထားချင်မိသည်။ မိမိနွယ် သည် ရန်ကုန်တစ်ဖက်ကမ်းက မိမိနွယ် မဟုတ်တော့။ မောင်ငယ်ကို ကျောင်းထားရန် အိမ်ကို ကျားကန်ပေးရန် ဆိုသော အကြောင်းပြချက်တို့ဖြင့် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတတ်ချင်ပြန်သည်။

အိမ်ပြန်ရခက်သည် အလုပ်များသည်ဆိုကာ ကျောက်မြောင်းဖက်မှာ တိုက်ခန်း တစ်ခန်းငှားနေဖြစ်သည်။ ပြီးတော့ ကွန်ပြူတာ သင်တန်းတက်ရင်း ကောင်လေးများနှင့် တရုံးရုံးဖြစ်နေတတ်ပြန်သည်။ ရုပ်ရှင်ရုံတိုင်းတွင် ဇာတ်ကားပြောင်းတိုင်း အဖော်အသစ်တစ်ယောက်မဟုတ်တစ်ယောက်နဲ့ မကြည့်မဖြစ်သွားကြည့်ဖြစ်မြဲ။ အွန်လိုင်းမှ တစ်ဆင့် မြင်မြင်ရာ ခင်မင်ရာချည်း ဖြစ်နေပြန်သည်။ မိမိနွယ်သည် မိန်းမတစ်ယောက် ပီပီသသဖြစ်တည်နေသည်ဟု ခံယူလျက်က မိမိစိတ်စေရာကို အတိုင်းမသိ ဖြစ်နေသည်။ သူမကိုယ် သူမ ခိုင်နဲ့များတူနေပြီလား လို့လည်း တွေးမိပြန်သည်။ မောင် ဆိုတာ ဘယ်သူဖြစ်နိုင်မလဲဆိုပြန်တော့ ဘယ်သူမှ သူ့ကို ဒီအတိုင်း ခပ်ဝေးဝေးက ကြည့်မနေကြပြန်။ ဒါပဲလေ ယောင်္ကျားတွေ အတွက် သူတို့လိုအပ်တာ ဒါပါပဲ လို့ခပ်တိုးတိုးညည်းမိသည်။ သူမကို သိပ်အညှာလွယ်တာပဲလို့ ပြောတဲ့ ပတ်ဝန်းကျင်ကို ငှက်ပျောသီး အခွံနွာစားရတာကမှ ခက်သေးတယ်လို့ လှောင်ရယ်မိပြန်သည်။

အိမ်ပြန်ရန် ခက်သည်မို့ နွမ်းလျအိမ်အပြန်ရက်များကို ဘယ်တော့မှ မရောက်ချင်။ အငယ်ကောင် ဂျီတီအိုင် တက်ဖို့ ကျောင်းရသည်ဆိုပြန်တော့ ဖူဖူလုံလုံ ပေးလိုက်နိုင်ပြန်သည်။ မနှစ်က အစ်ကိုကြီးဆုံးတော့ တစ်ခေါက်အိမ်ပြန်ရောက်သည်သာ။ အစ်မ အိမ်ထောင်ပြုတော့မယ် ဆိုသည်ကိုတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။ မိန်းမတယောက်ရဲ့ ဘဝပန်းတိုင်ဟာ အိမ်ထောင်တစ်ခု ကျဖို့ သက်သက်ပဲတဲ့။ မဒမ်ဆီဘူဘွားထင်ရဲ့ နှောင်ကြိုးမဲ့ အိမ်ထောင်တစ်ခုကို ပြုစကောင်းတယ်ဆိုတဲ့ အတွေး သူ့ခေါင်းထဲထည့်သွားတာ။ ဘာမဟုတ်တဲ့စာရွက်တွေ ဘွဲ့လက်မှတ်ဆိုတာတွေ အပါအဝင် လူ့ဘဝကို သိပ်ချုပ်နှောင်ကြတာပါပဲ။ သူမအတွက်တော့ လှောင်ချိုင့်မဲ့ ငှက်တစ်ကောင်လို။

နေ့စဉ်လုပ်ကိုင်နေရသော ပုံမှန်အလုပ်တို့က သူမကို လွယ်လွယ် ငြီးငွေ့စေပြန်သည်။ အလုပ်ထဲမှာ သူမကို စောင့်ကြည့်အကဲဖြတ်ဖို့ သူမရဲ့ ပြောင်းလဲမှုများကို လစာမယူပဲ အခမဲ့ မှတ်တမ်းတင်ကြသူတွေ များလာသည်။ အန်တီရီဆိုသော ဂုဏ်သရေရှိ အပျိုကြီး အဆိုးဆုံးဖြစ်မည်ထင်သည်။ သူဌေးနဲ့ သူမပတ်သတ်မှုကို တစိတ်တဒေသမဟုတ်တောင် အပြည့်အဝ သိထားပါလျက် မမသက်လာတိုင်း သူမကို ကော်ဖီသွားချခိုင်းတတ်သည်။ သူမအတွက် မမသက်ကို ရင်ဆိုင်ဖို့ ဘာကိုမှ စိုးရွံ့နေစရာမရှိ။ တူးတူးလက်ထဲက ယောင်္ကျားတစ်ယောက်ကို လုယူသွားတဲ့ ရှယ်လီလို မိန်းကလေးမှ မဟုတ်ပဲ။ တကယ်တမ်း အမျိုးစပ်လို့တောင် ရစကောင်းတယ်လို့ ခပ်ထေ့ထေ့ တွေးရင်း မထီတရီ ပြုံးတတ်စမြဲ။

မိမိနွယ်ရဲ့ လွတ်လပ်ရေးတွေကို ဦးကိုကိုက ငြိုငြင်စပြုလာသောအခါ၊ ပြီးတော့ ဦးကိုကိုတို့ မိတ်ဆွေတွေရဲ့ ညစာစားပွဲတွေမှာ သူ့မိတ်ဆွေယောင်္ကျားအများစုရဲ့ ပရောပရီ အကြည့်တွေကို မခံနိုင်တော့ဘူးလို့ ယူဆလာတဲ့အခါမှာတော့ ဒီအလုပ်ကနေ ကျောခိုင်းဖို့ ဖြစ်လာခဲ့တယ်။ မိမိနွယ် ဘာအလုပ်လုပ်ရမလဲ။ အငယ်ကောင်ကျောင်းမပြီးသေးဘူး။ အစ်မက ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည်ဖြစ်နေပြီ။

မိမိနွယ်ရဲ့ အချိတ်အဆက်တွေကို ရှာကြည့်တယ်။ မဆိုးဖူး ငယ်ငယ်က ဝါသနာပါတဲ့အကျင့်တစ်ခုက အလုပ်တစ်ခုကို ရစေသတဲ့လေ။ ကန်တော်ကြီးနားက ဟိုတယ်တစ်ခုမှာပါပဲ။ လှလှပပလေး ဝတ်ပြီး အလုပ်လုပ်နေရုံ။ ပြီးတော့ နေကုန်နေခမ်း မဟုတ်ပြန်။ ဘယ်လောက်ကောင်းတဲ့ အလုပ်လဲလေ။

အလုပ်လျှောက်တုန်းက ရီစရာတစ်ခု ဖြေခဲ့ရသေးတယ်။ အိမ်ထောင်ရှိသလားတဲ့။ ဟင့်အင်း မရှိဘူးဆိုတော့ ရည်းစားရောတဲ့ ဒါနဲ့ တချက်စူးစူးကြည့်ပြီး အင်း ရှိတယ်ထင်တယ်လို့ ဒါပေမယ့် တယောက်တည်း မဟုတ်ဘူးဆိုပြီး ဖြေခဲ့တာ။ အင်တာဗျူးတဲ့သူက ခပ်နောက်နောက်ပဲထင်ရဲ့ ဒါဆို မင်းချစ်တဲ့သူ မရှိသေးဘူးပေါ့ဆိုတဲ့ မှတ်ချက်ပေးတယ်။ အို ဟုတ်ပါရဲ့..အချစ်ဆိုတာ ဘယ်လိုပါလိမ့်. ဦးကိုကို ကိုချစ်မိတာ မဟုတ်ဘူးဆိုတာတော့ အသေအချာ နားလည်ခဲ့တယ်။ အချစ်အကြောင်း သူမကို သင်ကြားနိုင်သူ မရှိဘူးလို့ တထစ်ချ ယူဆပစ်လိုက်တယ်။

တကယ်က ကိုကိုလို့ သူမခေါ်တတ်တဲ့ ကိုပြည့်စုံနဲ့ မတွေ့ခင် အချိန်ကာလတစ်ခု မရောက်သေးလို့ဆိုတာ သူမှ မသိခဲ့တာလေ…………………

ဆက်ပါဦးမည်..

28 August 2010

ချစ်ခြင်းမေတ္တာများဖြင့် ၂၈-၈-၂၀၁၀

For books will lost and books will damage but I go on buying them...:P

ငယ်တုန်းက ကျက်ခဲ့ဖူးတဲ့ကဗျာကို ဖျက်လိုက်မိပြီ။ စာအုပ်တွေပျောက်လည်း နောက်ထပ်တော့ ဝယ်နေဦးမှာပါပဲ ဘယ်တော့မှ မရပ်ဘူး..
ဒါပထမအသုတ်ရောက်လာတဲ့ စာအုပ်စာရင်းပါ။












ကျနော့အစ်မ ကိုယ်တိုင်ပြုတ်ပြီး ဆီဆမ်းပေးလိုက်တဲ့ ဒညင်းသီး။ ဘယ်အသီးနဲ့မှ မလဲနိုင်ဘူး။
မနှစ်ကလည်း တင်ဖူးတယ်။ ဒညင်းသီး မစားဖူးတဲ့သူရှိတယ်ဆိုလို့ မမြင်ဖူးတဲ့သူပေါ်နေမစိုးလို့ တင်ပေးလိုက်ပါတယ်။
ဒညင်းသီး မစားဖူးတဲ့သူကို ရုံသွင်းပြဖို့ ရည်ရွယ်ထားပါတယ်။ စိတ်ဝင်စားရင်လက်တို့လိုက်ပါ။ ဆယ်ယောက်ကျော်ရင် ရုံနေရာ အတည်ကြေငြာပါမယ်...

ကိုရုပ်ဆိုးနဲ့ မဥမ္မာအား ကျေးဇူးအထူးတင်လျှက်

နောက်ထပ် ကျေးဇူးတင်ထိုက်သူ တစ်ဦးကို အမည်ဖော်ပြလို့မရပါသော်လည်း ကျေးဇူးတင်ရှိပါကြောင်း...

သည်ကမ်း သည်သောင်(၁)




အရှေ့တွင် ရေပြင်ကျယ်ရှိသည်။ ရေပြင်ကျယ်ကို ဖြတ်ကျော်ပြီး လျှင် နယ်မြေအသစ်တွေ ရှိနေနှင့်သည်။ ကိုလမ်ဘတ်လို နယ်မြေအသစ်ကို ရှာဖွေတွေ့ရှိသူ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်……………………………

ရန်ကုန်မြို့တစ်ဖက်ကမ်းတွင် မိမိနွယ်ကို မွေးဖွားခဲ့သည်။ လက်တစ်ကမ်း အကွာတွင် ရှိသောရန်ကုန်နှင့် သူမ၏ဇာတိမှာ အတော်ပင်စိမ်းကားလွန်းသည်။ ပို၍စိမ်းကားစေသော အချက်များလည်း သူမတို့မြို့မှာ ခိုင်ခိုင်လုံလုံ ရှိနေပြန်သေးသည်။ မြို့နှင့်ထပ်တူ ထပ်မျှ ခံစားစိမ့်သောငှာ ရန်ကုန်တွင် အလုပ်သွားလုပ်လေသော သူမဖခင်ကို ရန်ကုန်နှင့် သူမတို့မြို့ကြား မြစ်တစ်စင်းက ခေါ်ငင်သွားစေခဲ့ခြင်းပင်။ ထို့အတွက် ဖခင်ကိုပင် မမြင်ဖူးလိုက်သော သူမအောက် မောင်အငယ်က မည်သို့မျှ မခံစားရ ဟု ဆိုနိုင်သည်။

ကျန်ရစ်သူ အိမ်သားငါးယောက်ဖြင့် ဖွဲ့စည်းထားသော အိမ်ထောင်တစ်ခုကို မီးတွင်းထဲမှာ ရုတ်တရက်သေဆုံးသွားသော ဖခင်အတွက် စိတ်ထိခိုက်ရာမှ စိတ်နှင့်ကိုယ် အစိုးမရတော့သော မိခင်မှ ကိုင်တွယ် အုပ်ချုပ်ရန် မစွမ်းသာပြန်။ အစ်ကိုအကြီးဆုံးနှင့် အမ တို့ ကျောင်းထွက်ပြီး ရရာအလုပ်ကို လုပ်ခဲ့ရသည်။ အဖေထားခဲ့တဲ့ အိမ်တိုင်ယိုင်နဲ့နဲ့ ပြိုပျက်မသွားစေဖို့ပဲလေ။

မိမိနွယ် အဝေးသင်တက်သည်။ ကျောင်းမြန်မြန်ပြီးမှ ဖြစ်မည်။ တွင်းနက်နက်နဲ့ ဆန်အိုးခပ်ရ ခက်သည့်အဖြစ်ကို မိမိနွယ် လွတ်ချင် ကျွတ်ချင်လှပြီ။ ငယ်စဉ်က ပင်ပန်းဆင်းရဲခဲ့သမျှအတွက် အစ်ကိုအကြီးဆုံး ကျန်းမာရေးက သိပ်မကောင်းချင်တော့။ သူ့ကိုလည်းနားစေချင် သို့သော် အငယ်ကောင် ဆယ်တန်း အတွက်လည်း ပူပန်ရပြန်သေးသည်။ မိမိနွယ် မြစ်တစ်စင်းလို အရှိန် အဟုန်အပြည့် စီးဆင်းပြီး အိမ်တစ်ခုလုံးကို မြစ်ဝကျွန်းပေါ်လို အဆီအနှစ်တွေ ပုံပေးချင်လှပါသည်။

စိတ်နာသည် စိမ်းကားရက်စက်သည်ဆိုပေမယ့် ရန်ကုန်ဆိုတဲ့ မြေကို ခြေချ ရပေဦးမည်။ အလုပ်ရှာရမည်။ မိမိနွယ် ဘွဲ့တစ်ခု ကိုင်လိုက်နိုင်ပြီ။ ပညာတတ်တစ်ယောက်အနေနှင့် အလုပ်ဆိုတဲ့ အရာထဲကို ခြေစုံပစ် ဝင်သင့်ဝင်ရမည်။

ကျောင်းနေဖက် သိမ့်ကို သူတို့အိမ်က တက္ကသိုလ် ဆရာမလုပ်ဖို့ တစ်အိမ်လုံး တိုက်တွန်းနေကြသည်။ သိမ့်က မိမိနွယ်ကို တိုင်ပင်တွယ်တာသလို ကြည့်နေခဲ့သည်။ မကြည့်နဲ့ သူငယ်ချင်း ငါ့အတွက် အိနြေ္ဒသိက္ခာ အပြည့်နဲ့ ဆရာမတစ်ယောက်အဖြစ် အိမ်က မလိုအပ်ဘူး။ အိမ်ရဲ့ စီးပွားရေးအတွက် ဆန်အိုးထမ်းလာတဲ့ သမီးတစ်ယောက်ဖြစ်မှ ရမယ်။ ခင်မင်မှုတွေ၊ သံယောဇဉ်တွေ ဆိုတာ ဘဝလမ်းစဉ်ထဲမှာ ခဏတဖြုတ်တက်လာတဲ့ ကြော်ငြာဆိုင်းဘုတ်လေးတွေပါပဲ။

အစမ်းခန့်သုံးသောင်းစပေးမည်။ အမြဲတမ်း ဝန်ထမ်းဖြစ်သွားပါက ခံစားခွင့်များနဲ့ အတူ သက်ဆိုင်ရာ အကျိုးအမြတ်ကို အချိုးကျ ခွဲဝေပေးမည် ဆိုသော အလုပ်ကို သူမ စိတ်ဝင်စားသည်။ သူဌေးဆိုသူရဲ့ အရေးပေးမှု အတွက် ဒီအလုပ်ကို သေချာပေါက်ရမည်ဆိုတာကို တွက်ဆနိုင်သည်။

ထို့ကြောင့်လည်း အလုပ်ဆင်းမည်ဆိုပါက နောက်လဆန်းတွင် လာဆင်းနိုင်ပါကြောင်း ဆက်သွယ်လာသောအခါ သူမ သိပ်မအံ့သြဖြစ်ပါ။ သူမ အလာစရိတ် အပြန်စရိတ်ကအစ အင်တာဗျူးသွားဖြေကတည်းက တွက်ချက်ထားနှင့်ပြီးဖြစ်သည်။ မနက်မိုးလင်းရင် အိမ်ကနေ ထမင်းချိုင့်ယူပြီး အလုပ်တက်မည်။ ခြိုးခြံခြိုးခြံ သုံးနိုင်လျှင် အငယ်ကောင့် ကျောင်းစရိတ်ကို ကာမိတော့မည်။ လုပ်ငန်းခွင် ဆင်တူဝတ်စုံ ဝတ်ရမှာမို့ အဝတ်အစားအတွက် ပူစရာ မရှိသော်လည်း ဝတ်စုံနှင့် လိုက်ဖက်မည့် ဖိနပ် ဝယ်ရဦးမည်။ ဒါ့အပြင် ကျောင်းသက်တမ်းတလျှောက် ဆောင်းလာခဲ့သော Dove ခေါက်ထီးက အတော်လေး ဟောင်းလှပြီ။ ဟောင်းလှပြီဆိုသည်မှာ တချို့အရွက်တွေ ထိပ်ဖျားမှာ သာရေးကွင်းနဲ့ ပတ်ချည်ထားရသည်အထိပင်။ ဟူးးးးးးးးးဆိုသော သက်ပြင်းရှည်ကို ချလိုက်မိသည်။ ပုံပြင်ထဲကလို ရွှေဟင်္သာ အိမ်ရှေ့လာနားလည်း အကောင်းသား၊ ဒါမှ မဟုတ် မိုးပေါ်က ကျောက်သံပတ္တမြားတွေ ရွာကျလာလည်း မဆိုးဘူးလို့ တွေးဖြစ်အောင် တွေးလိုက်သေး။

ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး လုပ်ငန်းခွင်ကို ဝင်ခဲ့သည်။ တရုံးလုံးနဲ့ မိတ်ဆက်ပေးအပြီး သူမ ထိုင်ရမည့် နေရာကို မြင်ရသည်။ ရုံးရဲ့ ပစ္စည်းအဝင်အထွက်တွေကို ထိန်းသိမ်းဖို့ ပြီးတော့ သူဌေးရဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ပေးဖို့ တာဝန်။

ပထမ တစ်လသည် လုံးလည် ချာလည်နဲ့ပင် ကုန်ချသွားသည်။ လခထုတ် အပြီး လစာ စာအိတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ ရုံးကအဖွဲ့တွေက လစာထုတ်ရက် ဈေးဝယ်ထွက်ရင်း ဒဂုန်စင်တာထဲက ဂျေဒိုးနတ်ဆိုင်ထိုင်ဖို့ အတင်းခေါ်တာကို မရ ရအောင် ငြင်းလာခဲ့တာ။ အိမ်ကိုရောက်တော့ အစ်ကိုကြီးနဲ့ အစ်မကို ကန်တော့ရင်း အဖေ့ကို သတိရမိပြန်သည်။ အဖေ ပထမဆုံး လစာရပြီး ရန်ကုန်က ပြန်လာတာ ဒီလိုပဲလားဆိုတာကို တွေးနေမိပြန်သည်။ နင်က ရန်ကုန်မှာ သွားလုပ်တာ ပြင်ပြင်ဆင်ဆင်လေး သွားဖို့ ဆိုပြီး မုန့်ဖိုး ပြန်ပေးတာကို အလိုက်သင့်လက်ခံလိုက်မိပြန်သည်။ ငြင်းမယ်လို့ စိတ်ကူးပေမယ့် ဘေးတစ်ခုံကျော်က သဇင့် နှုတ်ခမ်းနီရောင်လေးကို မြင်ယောင်ပြီး ခေါင်းယမ်းဖို့ မေ့နေခဲ့ပါသည်။

ဆက်ပါဦးမည်..

27 August 2010

ဒါဟာဘဝပါ

ဒီနေ့တနေ့လုံး အကြိမ်ကြိမ်နားထောင်နေတဲ့ သီချင်း။ စာသားတွေက ငြိတွယ်စေတယ် ပြီးတော့ အတီး..

ရေဒီယိုကို ဖွင့်ထားပါ
အသံတွေထဲမှာ တခုခုမင်းရနိုင်တယ်
အဆင်ပြေလာရင် ငိုလိုက်ပါ
ကိစ္စပေါင်းစုံ တံခါးခေါက် ထပ်ရောက်လာမယ့်
သေမင်းနဲ့ မင်းဟာ ငယ်သူငယ်ချင်းပါ
သူဟာမင်းကို အကောင်းဆုံး စောင့်ရှောက်ပါရဲ့
ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ
အမှောင်ရိပ်ထဲမှာ တယောက်ယောက်စောင့်ကြည့်နေမယ်

ဒါဟာ ဘဝပါ
မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
ဒါဟာ ဘဝပါ
အဖုံးဖွင့်ထားရင် မင်းအကြောင်း
မင်းတွေ့နိုင်တယ်
ဒါဟာ ဘဝပါ
ကလေးလေးတစ်ယောက်လို
ခြေထောက်ဆောင့် စိတ်ကောက်နိုင်တဲ့
ဒါဟာဘဝပါ
အဘိုးကြီးတစ်ယောက်လို
တုတ်ထောက် ရပ်စောင့်နိုင်ရဲ့

အစီခံတိုတွေ သွန်လိုက်ပါ
ပြာခွက်ထဲမှာ အတွေးနဲ့ထပ်ဖြည့်နိုင်တဲ့
ရီသံအတိုတွေ ယူလိုက်ပါ
လူတွေအကြောင်းကို အကောင်းနဲ့ ထပ်ဖြည့်နိုင်တဲ့
အသည်းကွဲဖူးရင် မှတ်ထားပါ
ရန်သူငါးပါးမှာ နောက်တယောက်ထပ်ဖြည့်နိုင်တယ်
Mechanic တယောက် ခေါ်ပြင်လိုက်ပါ
Congratulation မင်းကိုမင်းတွေ့မိမယ်

ဒါဟာ ဘဝပါ
မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
ဒါဟာ ဘဝပါ
အဖုံးဖွင့်ထားရင် မင်းအကြောင်း
မင်းတွေ့နိုင်တယ်
ဒါဟာဘဝပါ
ထမင်းစား အသက်ရှင် စဉ်းစားမှားယွင်းနိုင်တယ်
ဒါဟာ ဘဝပါ
စိတ်ကလွဲရင် အားလုံးသန့်ပြန့်နိုင်ရဲ့

မှန်တယ်ထင်ရင် ဆက်တွေးပါ
ဇာတာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့
အကူအညီလိုရင် ယူလိုက်ပါ
အပြင်ထွက်တွေးရင် အကောင်းပဲ ကြားရနိုင်တဲ့
မစဉ်းစားတတ်ရင်ကျော်လိုက်ပါ
ဒီသီချင်းကို မင်းလည်း နားငြီးနိုင်တယ်
စိတ်ထဲကအတိုင်း ဝန်ခံလိုက်ပါ
ငါတို့သွားမယ့်လမ်းမှာ တံတားတွေခင်းထားတယ်

ဒါဟာ ဘဝပါ
မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
ဒါဟာ ဘဝပါ
အဖုံးဖွင့်ထားရင် မင်းအကြောင်း
မင်းတွေ့နိုင်တယ်
ဒါဟာဘဝပါ
မင်းကလွဲရင် လူတိုင်းက ရိပ်မိပါရဲ့
ဒါဟာ ဘဝပါ
ရသလောက်နဲ့ နေရဲဖို့ ကြိုးစားနိုင်ရဲ့

26 August 2010

ကမ်းပါးအလွန်

ကမ်းပါးယံက တက်လာတဲ့ လေတွေတဖြူးဖြူး နဲ့ လွင့်လွင့်နေတဲ့ ဆံစတွေရယ် လေနဲ့အတူ တဖျပ်ဖျပ် ကိုယ်ကို ရိုက်ခတ်နေတဲ့ အင်္ကျီအနားတွေကြားမှာ လွင့်ပါမသွားအောင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ရတာ ခက်ခဲပါဘိခြင်း………….

တကယ်တော့ အဲ့ဒီလူကို သိသလားဆို ဘုရားစူးရစေ့ ဘယ်လိုမှ ဆက်စပ်စရာမရှိသလို ဘယ်လိုမှလည်း ပတ်သတ်စရာ မရှိတာမို့ လုံးဝဆို လုံးဝ ကိုမသိခဲ့။

တွေ့လိုက်တဲ့ခဏမှာပဲ ခြေဖျားလက်ဖျားတွေ အေးစက်နေခဲ့တယ်။ တကယ်ဆို အဲ့လောက်ထိ ဟုတ်တယ် တကယ်ဆို အဲ့လောက်ထိ မဖြစ်သင့်ဘူး။ စိတ်လှုပ်ရှားမိတိုင်း ပြုလုပ်နေကြ လက်ဖျားချင်း ချိတ်ဆက်မှုကို မသိသာအောင် ခြေတဖက်ချိတ်ထားတဲ့ ဒူးကို ဆွဲထားသလို ဟန်ဆောင်ပစ်လိုက်တယ်။ သေချာတယ် သရုပ်ဆောင်မကောင်းတာမို့ ဆက်ပဲ ထိုင်ရမလို၊ ဆင်းပဲပြေးရမလို ပြီးတော့ ပြိုတော့မလို ဖြစ်နေတဲ့ ကိုယ့်မျက်နှာကို ဘယ်လိုပဲကြည့်ကြည့် သိသာစေမှာပါပဲ။ တမုဟုတ်ခြင်း နှလုံးခုန် ရပ်ပစ်လိုက်ချင်မိတယ်။ ဖိနပ်ထဲမှာ ကုပ်နိုင်သမျှ ကုပ်ထားတဲ့ ခြေဖ၀ါးတွေရဲ့နာကျင်မှုတွေကိုတော့ ဘယ်သူမှ မမြင်နိုင်တာ သေချာနေပါတယ်။ နားထဲက လေတွေ တဟူးဟူးထွက်လာတာကို သိနေလျက် ပြီးတော့ အဲ့ဒီ အချိန်ကို ကိုယ်မသွားချင်ပဲ ပြန်ရောက်သွားပါတော့တယ်။

ဖွင့်လက်စ သီချင်းက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြန့်ကျဲလို့

ကိုယ့်အပေါ်မှာ ကိုယ့်ထက်မပိုရင် နေပါစေ တူညီတဲ့ တုန့်ပြန့်မှုလေးတော့ ရချင်မိတယ်..

ချန်းချန်းရေ အခုတော့ မင်း ငါ့ကို မထိန်းချုပ်နိုင်တော့ဘူး။

အဲ့ဒီအချိန်အခိုက်တန့်တစ်ခုကို နာကျင်မှုတွေနဲ့ တသက်စာ ဆွဲထားမိတဲ့ ပန်းချီကားတခု ဖြစ်စေမိခဲ့တယ်။ ပန်းချီကားက သက်ငြိမ်တွေ မဟုတ်လို့ လှုပ်ခတ်နေတဲ့ သွားလာနေတဲ့ လူတွေလည်း ပါခဲ့တာ။ အစောက တွေ့လိုက်တဲ့ လူက ပန်းချီကားထဲမှာ အမှတ်မထင် ဖြတ်သွား ဖြတ်လာတစ်ယောက်ပဲ။ သူကိုယ်တိုင်လည်း ဒီပန်းချီကားထဲမှာ ပါခဲ့တယ်ဆိုတာကို သိနိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှလဲ သိနိုင်မှာ မဟုတ်။ ကိုယ်ကလည်း သိခွင့်ပေးမှာ မဟုတ်ဘူးလေ။

ထိုင်နေတဲ့ စားပွဲဝိုင်းရဲ့ နောက်ဖက် စားပွဲဝိုင်းတစ်ခုမှာ အဲ့ဒီလူ ရှိနေခဲ့တယ်။ တကယ်က သူ ဘေးတစောင်းပဲ ထိုင်နေခဲ့တာပါ။ အဲ့ဒီထက်မပိုတဲ့ လူတယောက်ကို စိတ်ပန်းချီကားထဲမှာ ဆွဲနှစ်ပစ်ခဲ့တာ။

အခုတွေ့တော့လည်း သူက ကိုယ့်ဘေးကခုံမှာ ဘေးတစောင်းနဲ့မို့ အဲ့ဒီနာကျင်မှုတွေကို အတိုင်းသား ကိုယ်ပြန်ရနေခဲ့တယ်။ သူက ပြုလုပ်သူလည်း မဟုတ်ခဲ့ အပြုခံရတဲ့သူလည်း မဟုတ်ပေမယ့် ဇာတ်ပို့ဇာတ်ရံ တစ်ယောက်လို ဒီအဖြစ်အပျက်ကြီး ရင်ထဲကနေ ပြန်ပြီးနိုးထလာအောင် လုပ်နိုင်ခဲ့တယ်။ အသက်ရှူနေမိပေမယ့် လွတ်သွားတဲ့ အသိတရားနောက်ကို ကမှူးရှူးထိုးလိုက်နေခဲ့တာ။ တဖြည်းဖြည်း ဆုတ်သွားတဲ့ သွေးတွေကို ဖွင့်ထားတဲ့ ဘယ်ကိုသွားသွား ဘယ်ကိုရောက်ရောက် ထာဝစဉ်အမြဲတမ်း ရင်မှာ စိုးမိုးလို့ထားတယ် ဆိုတဲ့ သီချင်းတွေနဲ့ ပြန်စီးဆင်းစေဖို့ မတတ်နိုင်တော့။ အခန်းထဲမှာ သော့ချန်ခဲ့ပြီး တံခါးကို ပိတ်မိတဲ့နောက် အခန်းထဲလည်း ပြန်မဝင်နိုင် အိမ် အပြင်လည်း ပြန်မထွက်နိုင်တော့တဲ့ သူတစ်ယောက်လိုဖြစ်နေခဲ့တာ။

ဆင်းရမယ့် မှတ်တိုင်ကိုရောက်ပြီ။ ဘေးနားက သူငယ်ချင်းက ဆင်းမယ် ဆင်းမယ်ဆိုတော့ တရွတ်တိုက်လိုက်သွားမိတယ်။ မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့စုတ်ပြတ်နေခဲ့ပြီ။ တကယ်ဆို သေလူ ဖြစ်ခဲ့ပြီလေ။ နာကျင်မှုတွေနဲ့ အဲ့ဒီတွင်းထဲမှာ အကြိမ်ကြိမ် သေဆုံးနှင့်ပြီးပြီ။

မှတ်တိုင်မှာ ခဏထိုင်ရင်း အသက်ပြင်းပြင်းရှူတယ်။ သူငယ်ချင်းက မင်းဘာဖြစ်နေတာလဲတဲ့။ ကိုယ့်ကိုရှင်လျက်သေလူဖြစ်စေတဲ့ ဒီပန်းချီကားအကြောင်း သူ့ကို ကိုယ်ဘယ်လို ရှင်းပြမလဲ။

ကမ်းပါးတခုကနေ ကျားကုတ်ကျားခဲ ပြန်ပြန်တက်လာရတဲ့ ကိုယ့်အဖြစ်ကို သူ့ကို ဘယ်လို ပြောရမလဲ။ သူက အဲ့ဒီကမ်းပါးကို လိုက်ပြပါဆိုရင်ကော ဘယ်လို လုပ်ရပ။ လိုက်မပို့နိုင်လဲ လိပ်စာပေးပါဆိုရင် ဘယ်လိုညွှန်းဆိုရမှန်း ကိုယ်ကိုတိုင်တောင် မသိခဲ့။ ဖြူလွန်းလိုက် မှောင်လွန်းလိုက် ဒီကမ်းပါး တခုအကြောင်းကို ဘယ်သူမှ ကိုယ်ရှင်းပြလို့ နားမလည်နိုင်တာ သိပ်သေချာပါတယ်။

ဘယ်သူမှ မသိနိုင်သော၊ ဘယ်သူမှ မရောက်ရှိနိုင်သော ကမ်းပါးတခုပါ

ကိုယ်ကတော့


အဲ့ဒီကမ်းပါးကို ငေးတတ်ဖို့

ကမ်းပါးကနေ လွင့်ထွက်မသွားဖို့ အားယူရင်း

မကြာခဏ ကမ်းပါးအလွန်မှာ သွားသွားပြီး မတ်တပ်ရပ်နေသူတစ်ယောက်ရယ်ပါ……….

ဒုတိယအကြိမ်မြောက် - ကမ်းပါးအလွန်ဆိုတဲ့ စကားလုံးကို မမသီရိရဲ့ ပို့စ်တစ်ခုမှာ အခုမှ သတိထားမိခဲ့တယ်။ ဒုတိယအကြိမ်မြောက်တိုက်ဆိုင်သွားခဲ့ခြင်းအတွက် မမသီရိကို credit ပေးလိုပါတယ် ခင်ဗျာ။

24 August 2010

စာအုပ်စာရင်း အသစ်

ကိုရုပ်ဆိုးရေ

စာအုပ်တွေလုပ်ပါဦးဆိုတော့ စာအုပ်စာရင်း ပြန်ပို့ပေးပါတဲ့။

တချို့တွေလည်းတိုး တချို့တွေလည်း လျော့လို့

မြသန်းတင့်
ရေပွက်ပမာ
ဓားတောင်ကို ကျော်၍
သုခမြို့တော်
မာယာဘုံ (လက်ဆောင်ရပါသည်)
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
ဘ၀တက္ကသိုလ် (လက်ဆောင်ရပါသည်)
မမ
စစ်နှင့်ငြိမ်းချမ်းရေး (လက်ဆောင်ရပါသည်)
လေရူးသုန်သုန်
မော်တော်ကားတစ်စင်း၏ အတ္ထုပတ္တိ
(လက်ဆောင်ရပါသည်)

နတ်နွယ်
မြန်မာပြည်မြောက်ပိုင်း

မောင်သိန်းဆိုင်
ရေနံသာခင်ခင်ကြီး

တက္ကသိုလ်ဘုန်းနိုင်
သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
တစ်ပြည်သူမရွှေထား
ချစ်သောကမ္ဘာမြေ
လွမ်းတေးမဆုံးစေနဲ့စောသခင်
ချစ်သောဤကမ္ဘာ
လွမ်း


ဂျာနယ်ကျော်မမလေး
သွေး
ရင်နင့်အောင်မွှေး
သူလိုလူ
မုန်း၍မဟူ (လက်ဆောင်ရပါသည်)
မာလာရီ

မစန္ဒာ
တိမ်ဖုံးပါလို့လမသာ (ရုပ်ရှင်ကိုပါစွဲလမ်းမိပါတယ်)
ကွက်လပ်ကလေးဖြည့်ပေးပါ
ဂျီဟောသူ
ဆဌဂံ
အရိပ် (ပျောက်ဆုံး)
ပန်းစကား
ဘ၀အိပ်မက်ပန်းအိပ်မက်
ဝတ္ထုတိုများ…
ငယ်သူမို့ မသိပါ

နုနုရည်အင်းဝ
ပြုံး၍လည်းကန်တော့ခံတော်မူ

မေတ္တာဦး
ရေခြားမြေခြားအတွေ့အကြုံများ

ရွှေဥဒေါင်း
ရူပကလျာဏီ ရူပနန္ဒီ
တစ်သက်တာမှတ်တမ်း
ဝတ္ထုတိုများ…

မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာရတနာ

ခင်နှင်းယု
မြကြာဖြူ
စိမ်းသင့်မှစိမ်း

နေနော်
ပျားရည်နှင်းစက်

ဝင်းဝင်းလတ်
အချစ်၏နောက်ဆက်တွဲစာမျက်နှာများ(ပျောက်ဆုံး)

နီကိုရဲ
စိတ်အိုင်ပက်သူ

ခင်ခင်ထူး
အညာသူအညာသားဆွေမျိုးများ
ပါးကွက်ကျား
လှည်းယဉ်ကျော့
ကြာဆစ်ကြိုး
ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
စပါယ်တင်မှဲ့ (ခင်ခင်ထူး၊ နေ၀င်းမြင့်)
ပိုးရည်တောင်စာ (ခင်ခင်ထူး၊ နေ၀င်းမြင့်)
လက်ရွေးစင်ဝတ္ထုတိုများ
ပဲသင်းကောက်
ပန်းကြာဝတ်မှုန်
ရက်ကန်းလွန်းဝတ္ထုတိုများ
ဈေးခြင်းတောင်း ၀တ္ထုတိုများ

ဂျူး
အမှတ်တရ
မရှိမဖြစ်မိုး
နံရံ၏အခြားတစ်ဖက်
ချစ်သူရေးတဲ့ကျမရဲ့ညတွေ
လရောင်ရဲ့အောက်မိုင်အဝေးမှာ
ကျမ၏သစ်ပင် (လက်ဆောင်ရပါသည်)
ကံကြမ္မာကိုမယုံကြည်ကြသူများ (လက်ဆောင်ရပါသည်)
ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
ကြာတော့သည်လည်းမောင့်စကား
မြစ်တို့၏မာယာ
ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
ရုပ်ရှင်ခံစားမှုဆောင်းပါးများ ၁၊ ၂၊ ၃
ကျမချစ်သောမြို့၊ နိုင်ငံ
မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်
တိမ်နဲ့ချည်တဲ့ကြိုး
စောင့်နေမယ်လို့မပြောလိုက်ဖူး
ကျမဖတ်ခဲ့ဖူးသောစာအုပ်များ
ကြယ်ကြွေတို့ရဲ့အတောင်ပံ
ကြေမွသွားသောတိမ်တိုက်များ
သူမင်းကိုဘယ်တော့မှ
နိုဝင်ဘာမိုး
ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့နှင့်အခြားဝတ္ထုတို
ဝထ္တုတိုများ…
(ပင်လယ်နဲ့တူသောမိန်းမများမရှိပါ)

လူထုဒေါ်အမာ
၁၂ပွဲဈေးသည်နှင့်ကျွန်မတို့အညာ

သိပံ္ပမောင်ဝ
စာပေ ယဉ်ကျေးမှု (လက်ဆောင်ရပါသည်)

ကြည်အေး
မောင် ကိုကိုနဲ့မြနန္ဒာ
ဝတ္ထုတိုပေါင်းချုပ်သစ်
မှန်၏မှောင်ရိပ် (ပျောက်ဆုံး)
ကြည်အေး၏ကဗျာများ (လက်ဆောင်ရပါသည်)
ဝတ္ထုတိုများအသစ်

မောင်ထွန်းသူ
ရဲတိုက် (လက်ဆောင်ရပါသည်)

မောင်ထင်
ငဘ

မင်းကိုနိုင်
နောက်ကြည့်မှန် (လက်ဆောင်ရပါသည်)

ပါရဂူ
စိတ္တရလေခါ
အမ္ဗပါလီ
သီပေါ၏မဟေသီ

ဂျူးနေ၀င်းမြင့်
ကမ္ဘာမြေရဲ့ ညနေခင်း

နေဝင်းမြင့်
ရေကန်သာကြာတိုင်းအေး
တောကျီးကန်း ၀တ္ထုတိုများ

ဇော်ဇော်အောင်
ဝေေ၀ရီရီ

မင်းခိုက်စိုးစန်
သုည
သူရဲဘောကြောင်တဲ့လူညံ့

၂၀ရာစုမြန်မာဝတ္ထုတို ၁၀၀
မြန်မာဝတ္ထုတို (၁၉၁၂-၁၉၆၄) ပ+ဒု

စာရေးသူမေ့နေတဲ့ စာအုပ်များ
သံနှင့်သွေး
မပိုကြေးမလိုကြေး (မူရင်းကတော့ Jeffrey Archer ပါ)

DAN BROWN
The Davinci Code (လက်ဆောင်ရပါသည်)

BarackObama
Dreams from my father (လက်ဆောင်ရပါသည်)

Ferdinand Dennis
The Sleepless Summer (လက်ဆောင်ရပါသည်)

22 August 2010

သုံးလွန်းမတင်ပင်မယ့် ရင်ထဲကကြိုး

သံယောဇဉ်
ငါလေ အပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်
သံယောဇဉ် သံယောဇဉ်
လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်…


ဒီကြိုးကတော့ မမြင်ရပေမယ့် ခိုင်ကျည်လွန်းတယ်။ အခုသီချင်းကိုမှ ခဏခဏနားထောင်ချင်လှပါချည်ရဲ့ ဆိုသူလည်းရှိရဲ့။

သူမက ကျနော့ဘဝကို အမှတ်မထင်ရောက်ရှိလာခဲ့သူ။ ပြီးတော့ သူ့ဖာသာနှုတ်ဆိတ် တိတ်တိတ် ထွက်ခွာသွားသူ။ မခေါ်ပဲလာပြီး မနှင်ပဲထွက်ပြေးသွားခဲ့သူပေါ့။ ကြွင်းကျန်ရစ်တဲ့ သံယောဇဉ်ဆိုတာကို ထည့်မတွက်တတ်တဲ့ မေတ္တာမဲ့သလိုမျိုးလား သူမစဉ်းစားတတ် လောက်ပါဘူး။ ကျနော့ကို အဲ့ဒီ ရုန်းထွက်ရ ခက်တဲ့ ကြိုးတွေထဲမှာ တစ်ဘဝလုံးစာ ပိတ်လှောင်ထားရက်သူ။ တကယ်တမ်း မေ့ဖို့ကြိုးစားရင်း မေ့ဖို့ခက်နေသူက ကျနော်ကိုယ်တိုင်။ အဆုံးသတ်တော့ ဒီကြိုးကို ပါးပါးမျှင်မျှင် အရာမထင်အောင် နေခဲ့ပါတယ်။ ဒါပေမယ့်လေ………သံယောဇဉ်

ပြည်လမ်းမ တစ်လျှောက်လုံးမှာ မိုးတွေ ခဏတဖြုတ်ရွာသွားခဲ့တယ်။ မဟာမြိုင်မှတ်တိုင်နားမှာ ဘာတွေဖြစ်သွားလဲ မသိနိုင်လောက်အောင် အလုပ်ထဲမှာ နှစ်မြုပ်နေလျက်။ နေ့လည်စာ အဆာပြေဖြစ်ဖြစ် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ မှန်တံခါးကို လှပ်တော့မှ။ အရှေ့မှာ သူ မိုးတွေစိုစိုရွှဲလို့ ကြွက်စုတ်ကလေး ရေနှစ်ထားသလို။ ကိုယ်ပေါ်က အမွှေးအမျှင်တွေ ဆီက ကျတဲ့ရေတွေလည်း ကြမ်းခင်းအဝတ်မှာ ရွှဲနစ်လို့။ တုန်နေအောင် ချမ်းနေပြီဆိုတော့

“ကိုမင်း ကိုမင်း ဒီခွေးလေးက ဘယ်ဆိုင်ကလဲ”

ဟိုဖက်ဆိုင်ကဆိုရအောင်လည်း ကိုက်တတ်တဲ့ခွေးပဲရှိတယ် ကြည့်ရတာ သခင်ပျောက်လာပြီထင်တယ်။

ကိုယ်ချင်းစာစိတ်နဲ့ ပြီးတော့ တုန်နေတဲ့သူမကို ကြည့်ရင်း သနားစိတ်တွေက ထိန်းမရတော့။ ရုံးက သန့်ရှင်းရေးလုပ်ဖို့ အဝတ်စုတ်တွေအကူနဲ့ စိုနေတဲ့ ရေတွေ ခြောက်သွားအောင်သုတ်ပေးမိတယ်။ နှာသီးခေါင်းနီနီလေးနဲ့ တစ်ကိုယ်လုံး ဖွေးဖွေးဆွတ်နေခဲ့တာကို အဲ့ဒီတော့မှ သတိထားမိတော့တာ။ သူ့သခင်လည်း ပျောက်လို့ စိတ်ပူနေရောပေါ့။ သူ အိမ်ပြန်တတ်ရင် ပြန်ပါစေလေ ဆိုပြီး ဆိုင်ရှေ့မှာ ထားရစ်ခဲ့တယ်။ တကယ်က ပြန်လာရင် တွေ့မှ တွေ့ပါတော့မလား လို့လဲ ဒွိဟစိတ်နဲ့ စိုးထိတ်မိပြန်ရော။

တညနေလုံး စောင့်ပေမယ့် အရှင်လည်း လာမရှာ သူကလည်း ဆိုင်ရှေ့ကနေတုပ်တုပ်မလှုပ်။ ရုံးဆင်းတော့ ဒီ အပူဘယ်သူ ဝေယူမလဲဖြစ်ကုန်ပြီ။ အငယ်လေးတွေလည်း ခေါ်တော့ခေါ်ချင်တယ် အိမ်မှာ နေရာမရှိဘူးတို့ အမေက မကြိုက်ဖူးတို့ ဆူညံပူညံသံလေးတွေ ထွက်လာတော့ အဆောင်မှာ နေတဲ့ ကျနော်က ခေါင်းခံတယ်ပဲ ပြောရမလား၊ ခဏနဲ့ပဲ ငြိတွယ်ခဲ့တယ် ပြောရမလား၊ ကားငှားပြီး အဆောင်ကို ခေါ်လာခဲ့တယ်။

အဆောင်က အခန်းလွတ်တစ်ခုမှာ ထားဖို့ စီစဉ်ပေမယ့် သူက ကျနော့ကို မျက်စိအောက်က အပျောက်မခံတော့။ အင်းလေ…ပထမ သခင်ကို ပျောက်သွားပြီးတဲ့နောက် သူလည်း ခိုးကိုးရာမဲ့ဖြစ်တဲ့ ဘဝကို လန့်ရှာပေမပေါ့။ ဒါနဲ့ ကျနော့အခန်းထဲမှာပဲ အခင်းလေး သေသေသပ်သပ်ခင်းပြီး သူ့ကို နေရာပေးလိုက်တယ်။ တညလုံး အသံထွက်နေတော့တာမို့ အဆောင်မှူးက မနက်မှာ အမိန့်စာထွက်ပါတယ်။ မင်းသူ့ကို သွားပစ်ပါတဲ့။ ဒါနဲ့ လှိုင်စျေးထဲမှာ သူ့ကိုသွားထားတယ်။ သူ့ကိုစွန့်ပစ်မယ်ဆိုတာ သိသလိုပါပဲ။ ဘယ်လိုမှ ချန်ထားရစ်ခဲ့လိုမရဘူး။ စျေးအရှေ့မှာ ကျနော်နဲ့ သူနဲ့ လုံးခြာပတ်ခြာကိုလည်လို့။ ဒါနဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ သူ့ကို ငုတ်တုတ်ထိုင်ခိုင်းပြီး ကျနော်က မသိမသာလေး စက်ဘီးနဲ့ လစ်လာတယ်။ ဒါပေမယ့် သူက အဆောင်ကို ပြန်ရောက်နှင့်နေပြီ။ နောက်ဆုံးတော့ အဆောင်မှူးလည်း လက်မြှောက်သွားခဲ့ပါတော့တယ်။ ညဖက် အသံသိပ်မထွက်စေနဲ့ကွာဆိုတဲ့ မှတ်ချက်လေးနဲ့ပေါ့။

စွန့်ပစ်ဖို့ ကြိုးစားခဲ့ဖူးသူ ကျနော့ကို သူဘယ်တော့မှ အလွတ်မပေးတော့ပါဘူး။ အဲ့ဒီအခက်အခဲကို မနက်မှာ လှလှကြီးရင်ဆိုင်ရတော့တာ။ ရုံးသွားဖို့ အခန်းထဲကထွက်တော့ သူက သူ့ကိုထားခဲ့မယ်ဆိုတာ သိနေတယ်နဲ့ တူရဲ့။ တအီအီကို အော်မြည်နေတော့တာ။ နောက်တော့ လမ်းတစ်လျှောက် သူလည်း ရုံးတက်မယ့်ပုံနဲ့ အခန့်သားလိုက်ပါ။ ဒါပေမယ့် ဘတ်စကားပေါ်ကို အပြေးအလွှားတက်ရင်း ကျနော်က ကားပေါ်ကနေ ပြန်တော့လို့ အော် သူက ကားနောက်ကနေ တကောက်ကောက်လိုက်။ စပယ်ယာက ကျနော်တို့နှစ်ယောက်လုံးကို မျက်စိနောက်နေပြီ။

တနေ့လုံးအလုပ်သာလုပ်နေခဲ့တယ် အဆောင်မှ ပြန်ရောက်ပါ့မလားလို့စိတ်တွေပူနေခဲ့တာ။ ညနေပြန်ရောက်တော့ ဝမ်းသာအားရ ပြေးလာတဲ့ သူ့ကို မြင်တော့မှ ဟင်းခနဲ သက်ပြင်းချနိုင်တယ်။ ညဖက်အဆောင်မှာ တီဗွီကြည့်တော့ သူက ခုံအောက်မှာ မကြည့်နိုင်ပြန်ဘူးလေ။ ပေါင်ပေါ်မှာ မေးတင်ပြီးကြည့်ရမှ။ လူတွေနဲ့ပွတ်သီးပွတ်သပ်လေး နေတတ်တဲ့ ဂရုစိုက် အရမ်းခံချင်တဲ့ကောင်ပေါ့။ ကိုယ်တင်မဟုတ်ပဲ အဆောင်ကလူတွေကလည်း ချစ်လာကြတယ်။ နာမည်ဘယ်လိုခေါ်လဲတဲ့။ ဟုတ်ပါရဲ့ နာမည်မှ မမှည့်ရသေးပဲ။ ဒါနဲ့ ဖွေးဖွေးဆွတ်အောင်ဖြူနေတဲ့ သူ့ကို စနိုးလို့ ကျနော်က နာမည်ပေးခဲ့တယ်။

နေသား အတော်ကျလောက်ပြီဆိုတော့မှ အလုပ်က ပြန်ရောက်တဲ့နေ့မှာ သူ့ကို ရှာမတွေ့တော့ဘူး။ မနက်က စျေးသွားတဲ့ လူတွေနောက်လိုက်သွားတယ်ပြောတယ်။ အဲ့ဒီနေ့ တနေ့လုံး သူပြန်မလာဘူးတဲ့။ အိပ်ရာလေးကို ကြည့်မိတယ်။ အင်း အဆောင်ကို မမှတ်မိစရာတော့ ဘာမှ မရှိဘူး။ မတော်တဆ ဘုရားဘုရား မတော်တဆတွေများ မကြားကောင်း မဆိုကောင်း။ ပျောက်သောသူရှာရင်တွေ့သတဲ့ တစ်နေ့တော့ သူပြန်လာမှာပါ လေလို့ ရသေ့စိတ်ဖြေလေးတွေး။

နှစ်ရက်လောက်နေတော့ အဆောင်က သူငယ်ချင်းတစ်ယောက်က သူ့ကို စျေးထဲက အသားဆိုင်တစ်ဆိုင်မှာ ကြိုးနဲ့ချည်ထားတာ တွေ့ခဲ့တယ်တဲ့။ ဒါနဲ့ ကိုထွန်းကို ကျနော့ကို အဲ့ဒီစျေးလိုက်ပို့ပေးပါလို့ပြောလိုက်တယ်။ ဟုတ်ပါရဲ့ သူ့ကို သံကြိုးနဲ့ ချည်နှောင်ထားခဲ့တာ။ သူဒါကြောင့် အဆောင်ကို ပြန်မလာနိုင်တာ။ စျေးထဲက လူဆိုးကောင်တွေနဲ့ ပြိုင်ကိုက်နေလို့ သူတို့က မွေးထားလိုက်တာတဲ့။ ကျနော် ပြန်ခေါ်သွားပါရစေဆိုတော့ သံကြိုးလေးရယ် ကျွေးထားတာလေးရယ် မစပါမောင်ရင်တဲ့။ ဒါနဲ့ အိတ်ထဲက ငွေငါးရာနဲ့ ပြန်ရွေးခဲ့ရတယ်။ ပျော်လိုက်တာလေ…

ဒီတစ်ခါ ရုံးသွားခါနီးတော့ ဒီအတိုင်းတော့ မထားခဲ့နိုင်တော့ဘူး။ ရေချိုးကန်ရဲ့ နောက်ဖက်မှာ ထမင်းစားဆောင် အဟောင်းရှိလေရဲ့။ ထမင်းစားဆောင် အဟောင်းမှာ ဘာဆိုဘာမှ မရှိတာမို့ သူ့ရဲ့ သံကြိုးလေးနဲ့ သံပန်းတွေမှာချည်ထားခဲ့တယ်။ ဆူညံအော်ဟစ်နေတော့တာပေါ့။ ဒီအတိုင်းက တော်သေးတယ် မဟုတ်လို့ မတော်တရော်တွေဖြစ်ရင် ငါပိုရင်ကျိုးမှာလို့ပဲ တွေးပြီး မျက်စိကို မှိတ်ပစ်လိုက်တယ်။ ဒါပထမရက်ပဲလေ။

ဇွဲကြီးတဲ့သူက မလျှော့ခဲ့ပြန်ဘူး။ တတိယရက်မှာတော့ ကြိုးကို သံပန်းမှာ ချိတ်အပြီးလှည့်အထွက် သူရဲ့ နေ့စဉ်ရုန်းအားကို မခံနိုင်တဲ့ သံကြိုးက ထောင်းခနဲ ပြတ်ပါလေရော။ ကြိုးပြတ််လျှင်ပြတ်ချင်း ကျနော့ဆီကို ပြေးလာတာ။ စကားသာပြောတတ်မယ်ဆို သူ့ကို မထားခဲ့ပါနဲ့လို့ တတွတ်တွတ်ပြောနေမယ် အောက်မေ့မိတယ်။ သံကြိုးကိုဆောင့်ရုန်းနေခဲ့တာမို့ လည်ပင်းမှာလည်း ရှရာတွေနဲ့။ သမီးရယ် ငါ့ရင်တွေ နာလှပါပြီလို့ပဲ ပြောမိတယ်။ ဆေးတွေ ထည့်ပေးရင်း အဲ့ဒီချည်ထားတဲ့ ကြိုးဆိုတဲ့ အရာတွေကို နာနာကျည်းကျည်း မုန်းလိုက်တာ မပြောပါနဲ့တော့။ နောင်တတွေ အကြိမ်ကြိမ်ရလို့ နောက်ကို ဘယ်တော့မှ မချည်နှောင်တော့ပါဘူးလို့ ကိုယ့်ဖာသာ ကတိတွေ အထပ်ထပ်ပေးတယ်။ နောက်နေ့က စပြီး သူ့ကိုလွတ်လွတ်လပ်လပ်ပဲ ထားခဲ့တယ်။ တခါတလေမှာ စေတနာနဲ့ ကောင်းအောင် လုပ်ပေမယ့် သူ့အတွက် လက်မခံနိုင်စရာတွေလည်း ရှိတတ်တာပဲကိုး။ အဲ့ဒီအတွက် သူက လက်ဖမိုးကိုမြင် ကိုယ်က လက်ဖဝါးကိုမြင်ပေါ့လေ။

အဆောင်ကလူတွေနဲ့ ရင်းနှီးနေတဲ့နောက် ကျနော်မရှိတုန်းမှာ အဆောင်ကလူတွေ သွားတဲ့နောက်ကို လိုက်နေတတ်တယ်။ လိုက်နေရင်း လိုက်နေရင်း တနေ့မှာတော့ သူ ကျနော့ကို နှုတ်မဆက်ပဲထွက်ခွာသွားပြန်တယ်။

စျေးဆိုင်တန်းကိုများ ပြန်ရောက်သွားမလား သွားရှာမိတယ် မတွေ့ပါဘူး။ လမ်းတလျှောက်မှာ ရှာမိတယ် မတွေ့ပြန်ဘူး။

အင်း သခင်အသစ်တွေ့သွားတာ ဖြစ်ပါစေ။ ဟုတ်တယ် ငါတို့ပထမဆုံးတွေ့တုန်းကလိုမျိုး ပုံစံပေါ့။ ဒါမှ ဝေဒနာက ဖြေသာမယ်လေ…….

တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေလတွေက အတော်ကြာပြီပဲ

ဘယ်ဆီကိုမင်းရောက်နေလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်း စဉ်းစားရင်းနဲ့ ငါ သတိရပါတယ်…………………


ပြီးခဲ့တဲ့တလောက အမ မသက်ဝေရဲ့ပို့စ်ကို ဖတ်ရတယ်။ သတိရပြန်တယ်။ မေ့ထားတာကြာခဲ့ပြီလေ။ တနေ့ညကတော့ ကျနော့နားကို ခွေးလေးတစ်ကောင် ရောက်လာတယ်။ ဓါတ်ပုံရိုက်မယ်ဆိုပြီး ဖုံးနဲ့ ချိန်လိုက်တော့ သူက အလိုက်သင့် ပို့စ်ပေးနေခဲ့တာ။ စနိုးကို ပိုပြီး လွမ်းလာတယ်။ သုံးလွန်းတင်ပြီး ကျစ်ထားတာမျိုး မဟုတ်ပေမယ့်၊ မြင်ရတာမျိုး မဟုတ်ပေမယ့် ရင်ထဲက ကြိုးက တစ်ချောင်းဆို တစ်ချောင်း ချည်နှောင်လွန်းလှချည်ရဲ့ကွယ်…

20 August 2010

မြားပစ်တတ်သွားတဲ့ သူတစ်ယောက်အကြောင်း

တလောက ဘုရားပွဲတွေ အကြောင်း ၀တ္ထုတိုလေးကို ဖတ်လိုက်ရတယ်။ ကျနော်နေခဲ့ဖူးတဲ့ ဒေသဆီက ဘုရားပွဲကို စိတ်ရောက်သွားပြန်ရော။ ကျနော်တို့ နားမှာ မြသပိတ်ဆိုတဲ့ ဘုရားတစ်ဆူ ရှိတယ်။ နှင်းတွေ ကျလေ့ရှိတဲ့ ဆောင်းတွင်းကြီးမှာ ဘုရားပွဲတော် အမြဲကျင်းပတတ်စမြဲ။ အနီးအနားတစ်ဝိုက်မှာ အစည်ကားဆုံးနဲ့ တစ်ခုတည်းသော ဘုရားပွဲပဲ ဆိုပါတော့။ မြသလွန်နဲ့ အလှမ်းမဝေးပေမယ့် တကယ်တော့ လမ်းပန်းခရီးစရိတ်ဆိုတာနဲ့ တွက်တော့ တည်းဖို့ခိုဖို့ အားလုံးပေါင်းရင် ဝန်ထမ်းတွေ အတွက် မထောင်းတာလှဘူး။ ဒီတော့ ဆောင်းအမှီဆိုတဲ့ သီချင်း မြန်မာ့အသံက လာပြီဆိုရင် မျှော်ရပါသော ဒီဘုရားပွဲတော် ချိန်ရောက်လုနီးပြီ…………….

ကျနော်တို့ ငယ်ငယ်တုန်းက စက်ရုံကနေ ကားတွေ စီစဉ်ပေးတတ်တယ်။ ရပ်ကွက်အလိုက် အလှည့်ကျ စီစဉ်ပေးပြီး ကျနော်တို့ ကလေးတွေကတော့ ဘယ်ရပ်ကွက်အလှည့်မဆို နေ့တိုင်း လိုက်ပါနေကြ။

ငယ်တုန်းက ဘုရားဖူးပြီးရင် ပွဲခင်းထဲက မုန့်တွေစားမယ် အရုပ်တွေဝယ်မယ်ပေါ့။ ရုံသွင်းတဲ့ ဇာတ်တွေလည်း အဆင်ပြေရင် ကြည့်မယ်ပေါ့။ ဒီလောက်ပဲ။

အရွယ်လေးနည်းနည်းရောက်လာတော့ ပိုက်ဆံဆိုတာကို မြင်တတ်လာပြီ။ ပြီးတော့ ဘုရားပေါ်ကဆင်းရင် အရုပ်တွေ မုန့်တွေဆီကို မဟုတ်တော့ပဲ တခြား လောင်းကစားဝိုင်းတွေဆီကို ဦးတည်တတ်လာပြီ။

အဲ့ဒီမှာပေါ့

ညာဖက်အခြမ်းက အသေးဂဏန်းတွေ တစ်ဆရမယ်

ဘယ်ဖက်အခြမ်းက ဂဏန်းကြီး နှစ်ဆ ရမယ်

အလယ်က နံပါတ်ခုနှစ် လေးဆ လျော််မယ်ဆိုတဲ့ နေရာ

သစ်သားပြားတစ်ခုပေါ်မှာ နံပါတ်တွေ ရေးပြီး အနည်းဆုံး မြားနှစ်ချောင်းပစ်ရတယ်။ မြားနှစ်ချောင်း မှန်သွားတဲ့ ဂဏန်းနှစ်ခုကို မူတည်ပြီး လျော်ကြေး အရှူံးအနိုင်ကစားတဲ့နေရာ။ တစ်ခုမှ မမှန်ခဲ့ရင်တော့ အရှုံးက သိသိသာသာပဲပေါ့။ ကိုယ်မပစ်တတ်ပဲ သူများပစ်တာကိုလည်း ထိုးလို့ ရပါသေးတယ်။

ပထမဆုံး ကံစပ်ချင်တော့ အိမ်က မုန့်ဖိုးပေးလိုက်တဲ့ ငါးကျပ်တန်လေးကို လက်ထဲကနေ ဖြေချရတယ်။ ပြီးတော့ သူများတွေ ညာဖက်ထိုးရင် ကိုယ်လည်း ညာဖက်လိုက်ထိုး၊ သူများတွေ ဘယ်ဆို ကိုယ်လည်း ဘယ်လုပ်လိုက်တာ။ အိတ်ထဲကို ငါးကျပ်တန်နှစ်ရွက် ဝင်လာလိုက် ထွက်သွားလိုက် ဝင်လာလိုက် ထွက်သွားလိုက်။ အိမ်ကလူကြီးတွေနဲ့ စုရပ်ကို ပြန်ရောက်ဖို့ ချိန်းထားတဲ့ အချိန် မရောက်ခင် လက်ထဲမှာ လေးဆယ်လောက်ဖြစ်သွားခဲ့တယ်။ ဘုရားပွဲခင်း၊ ဘာဆိုဘာမှ မသိတော့လောက်အောင် လောဘ အမှောင်က ဖုံးလို့။

အတောမသတ်တတ်တဲ့ လောဘဆိုတဲ့မီး ဆိုတော့ နောက်နေ့ စာသင်ချိန်တချိန်လုံးလည်း စိတ်ကူးထဲမှာ မြားလေး သွားတာလေးပဲ မြင်ယောင်တယ်။ ကျောက်သင်ပုန်းကိုတောင် သုံးခြမ်းခြမ်းပြီး လောင်းကြေးတွေ ထပ်လို့ပေါ့။

ညနေ ကျောင်းဆင်းပြီဆိုတာနဲ့ ဘယ်လဲဆို ဘုရားပွဲသွားမယ်။ စိတ်က ဘုရားပွဲမှာချည်း တဝဲလည်လည်။ ကားပေါ်မှာလည်း ဒီနေ့ ဘယ်လောက်နိုင်မလဲဆိုတာ စိတ်ထဲမှာ တွက်ဆနေတော့တာ။ ငါးကျပ်ကနေ လေးဆယ် လေးဆယ်ကနေ ဘယ်လောက်ပွားလာမလဲဆိုပြီး တွက်ရေးက စက်သူဌေးပေါ့ တွက်ကြည့်မှ စက်မရှိဖြစ်မယ့် အရေးကိုတော့ မတွေးတတ်သေးဘူးလေ။

ဘုရားကို ပေါက်ဆိန်ပေါက် သုံးခါပေါက်ပြီး စိတ်ထဲမှာ တနေကုန် ဖြစ်နေတဲ့ မြားပစ်ကွင်းကို ကဆုန်စိုင်းပြေးတော့တာ။ အေးတာလည်း သတိမရတော့ဘူး။ အနွေးထည်အောက်က ပူပူနွေးနွေး ခုန်နေတဲ့ နှလုံးရဲ့ စိတ်လှုပ်ရှားမှု အလျဉ်အောက်မှာ အရာ အားလုံးကို ကျော်လွှားဖို့ အဆင်သင့်။

ပစ်ကွင်းကို ရောက်တော့ လူတစ်ယောက်။ ဒီနေ့ သူကစားချိန်အတွင်း မည်သူမျှ လောင်းခွင့်မရှိတဲ့။ ခုနှစ်ဆိုတဲ့ အကွက် ကိုချည်းလောင်းပြီး ငွေတွေ သဲ့ယူနေလိုက်တာ။ ဒေါက်ခနဲ ဒေါက်ခနဲ မြားစိုက်သွားတိုင်း အားရပါးရကို ဖြစ်လို့။ သူ့ကျတော့ လက်က မှန်းထားတဲ့ အကွက်ကို ရွယ်ထားတဲ့အတိုင်း အပ်ချမတ်ချ။ တစ်ချောင်းဆို ဆိုသလောက် ရွှေချဖို့ ကောင်းတဲ့လက်။

လောင်းမယ်ဆိုတဲ့ အစီအစဉ် မဖြစ်မြောက်တဲ့နောက် သူမပြီးမချင်း ဘေးနားက ရင်သပ်ရှုမော ကြည့်နေခဲ့မိတယ်။ ပိုက်ဆံပုံအတော်လေး မြင့်လာပြီဆိုတော့ သူ့ ရပ်ပစ်လိုက်တယ်။ ပြီးတော့ အောင်ပွဲရ စစ်သူကြီးတစ်ယောက်လို မျက်နှာပေးနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်တယ်။ နောက်မှ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားလိုက်တာ သူ့နောက်ကို မနည်းလိုက်ရတယ်။ ဟောဟဲမြည်ပြီးလိုက်နေတဲ့ ကျနော့ကို တစ်ချက်လှည့်ကြည့်တယ်။ သူ့ပုံစံက ဂျစ်ကန်ကန်လိုပဲ။

ကျနော် ပိုက်ဆံတွေနောက် လိုက်တာ မဟုတ်ပါဘူး။ ကျနော် ကျနော် မြားပစ်တတ်ချင်လို့ပါလို့ ကြောက်ကြောက်လန့်လန့်လေး ပြောလိုက်တော့မှ လာလေ မင်းကို ငါလက်ဖက်ရည်တိုက်မယ်တဲ့ ပြီးတော့ ဘုရားစောင်းတန်းမှာ ထိုင်ပြီး အေးအေး ဆေးဆေး စကားပြောကြတာပေါ့တဲ့။

တကယ်က လက်ဖက်ရည်သောက်ချင်လို့မှ မဟုတ်ပဲ။ လက်ထဲရောက်နေတဲ့ ခွက်ကိုအားနာပါးနာနဲ့ တရှိန်ထိုးမော့ပစ်လိုက်တယ်။ သူကလည်း ကျနော့ အထာကို သိနေပုံပါပဲ။ လာကွာ ဆိုပြီး စောင်းတန်းဖက်ကို ပဲ ဦးတည်လိုက်ကြတယ်။

မင်းက ဘာသိချင်တာလဲ

မြားကို လိုချင်တဲ့နေရာကို ရောက်အောင် ဘယ်လိုပစ်ရသလဲ

လေ့ကျင့်ယူတာပေါ့ကွ

ဘယ်လိုလေ့ကျင့်ယူတာလဲ

နေ့တိုင်းလေ့ကျင့်ယူတာပေါ့

ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုဖြစ်အောင်လေ့ကျင့်ယူတာလဲ

အေးကွ ဒါတော့ ပြောရရင် အတော်လေးရှည်မယ်။ မင်းအသက်ဘယ်လောက်ရှိပြီလဲ

ကျနော် ဆယ့်နှစ်နှစ်ပါ။

မင်း လောကကြီးအကြောင်းကို ဘယ်သိနိုင်ဦးမလဲ…

ဗျာ……လောကကြီးနဲ့ မြားပစ်တာနဲ့က ဘယ်လို ပတ်သတ်လို့လဲ

အင်း…တိုက်ရိုက်မပတ်သတ်ပေမယ့် သွယ်ဝိုက်ပြီးတော့ ပတ်သတ်နေကြတယ်။

ဘယ်လိုဘယ်လို ခေါင်းရှုပ်သွားတာနဲ့ ခေါင်းမှာ နားရွက်လုံအောင်ဆောင်းထားတဲ့ ဆောင်းဦးထုပ်ကိုပါ ချွတ်ချလိုက်တော့ နားရွက်တွေ အေးခနဲကျဉ်သွားမိတယ်။

ငါ သိတတ်စ အရွယ်ကတည်းက ကူညီတတ်ခဲ့တယ်။ သူတစ်ပါး အရှေ့မှာ ဒုက္ခရောက်နေတာမြင်ရင် စိတ်ထဲက နေမရထိုင်မရ ဖြစ်မိတယ်။ အနွေးဓါတ်ရအောင် လက်နှစ်ဖက်ကို တွင်တွင်ပွတ်ရင်းက ဒါပေမယ့်ကွာ လောကကြီးက ငါ့ကို မတရားဘူးကွာ။ ငါပေးဆပ်တဲ့ အရာတွေနဲ့ ထိုက်တန်တဲ့ အရာတစ်ခုမပေးရင်တောင်မှ ငါ့ကို လက်တုန့်ပြန် ချေပဖို့ ငါနင်ကျင်အောင်လုပ်ဖို့ ဒီလူတွေကို ဖန်ဆင်းပေးခဲ့ဖို့ မကောင်းဘူး။ တကယ်ဆို သူတို့နဲ့ ထိုက်တန်တဲ့ စကားတစ်ခွန်းကို ငါရေရွတ်ချင်မိတယ်။ ဒါပေမယ့် ဒီစကားကို မရွတ်မိအောင်လည်း ဒီနေ့အထိ ထိန်းနေခဲ့တယ်။ ရွတ်လည်း မရွတ်ထိုက်ဘူးလို့ ငါယူဆတယ်။ ဒီတော့ ငါ့ရဲ့ စိတ်ထွက်ပေါက်အဖြစ် မြားတွေကို ပစ်လွှတ်နေခဲ့တယ်။ ပစ်လွှတ်ရင်းကနေ မြားတွေကို ပဲ့ကိုင်နိုင်တဲ့ အထိ ငါတတ်မြောက်ကျွမ်းကျင်လာခဲ့တာပေါ့……..

အဲ့ဒီဆောင်းတညနောက်မှာ ကျနော် လောကကြီးထဲကိုရောက်သွားခဲ့တာပါ။


ဦးလေးရေ………..

အခုကျနော် မြားပစ်တတ်နေပြီလေ………………..

တနေ့ကျ မင်းလည်း မြားတွေကို ပဲ့ကိုင်လာနိုင်ပါလိမ့်တဲ့လား ဗျာ …………

18 August 2010

စိတ်ထွက်ကျောင်းခြင်း

တကယ်ပါ
ဝေေ၀၀ါးဝါးပဲလေ
အရှေ့မှာ ဘာရှိမလဲ
သိမှ မသိပဲ
နောက်ကိုလည်း
ပြန်လှည့်မကြည့်သင့်
ပညာရှင်တို့ အကြံပေးကြတယ်

စနေတနင်္ဂနွေတွေ
စိတ်ဟောင်းလောင်း ဖြစ်နေတာ
ဘယ်လောက်ကြာပြီလဲ
သတင်းစာမဖတ်တဲ့နောက်
နောက်ကောက်ကျတယ် ပြောလေ
ပြောဦးပေါ့

အိမ်ဈေးတွေ တက်သတဲ့ ကျသတဲ့
လားလားမှ မအပ်စပ်လိုက်လေ
ကားဝယ်စီးမလား ဆိုင်ကယ်အသစ်တွေ
ဟားဟား နားလိုက်စမ်းကွာ
ပိတ်ထားတဲ့ စာမျက်နှာတွေမှာ
ဂူဂယ်လို့ အတင်းရိုက်တော့
ဘာထွက်ကျလာဦးမှာတဲ့လဲ

ဖုံးဆက်မယ်လို့
ခလုပ်ကိုနှိပ်တော့
အရေးပေါ်ဖုံးကိုသာ နှိပ်ရန်တဲ့
ရဲစခန်းကိုပဲ ဖုံးဆက်ပြီး
မြန်မြန်သာလာဖမ်းလှည့်လို့
ပြောလိုက်ချင်တယ်
ဒါပေမယ့် တစ်ဂဏန်းနှိပ်မရတဲ့
ဒီဖုန်းကြောင့်ပေါ့

ပြက္ခဒိန်ကို
လှမ်းဆွဲပြန်တယ်
အခါခါအပျင်းပြေဖို့
အရာရာ တနင်္ဂနွေ ဖြစ်စေချင်ပြန်ရော

စိတ်ထွက်ကျောင်းဖို့
စိတ်ခြေထောက်တွေဆန့်ထုတ်
စိတ်လမ်းကြောင်းကို ရှေ့ရှု
သြော်
စိတ်တွေ
ဝေလေလေ……….

15 August 2010

သံစဉ်နဲ့သီတဲ့ကြိုး



Listen! Can you hear?

The Music!

I can hear everywhere in the Wind, in the Air, in the Light. It’s all around us.

Evan Taylor


နားထောင်ကြည့်ပါ၊ မင်းကြားရလား..

သီချင်းသံကိုလေ.

လေထဲမှာ အလင်းထဲမှာ အသက်ရှူသွင်းလိုက်တိုင်းမှာ နေရာတိုင်းမှာ ငါကြားနေရတယ်။ သူတို့ ငါတို့ ပတ်ဝန်းကျင်မှာ ရှိနေတယ်…

အီဗန်က ၁၂နှစ်သားအရွယ်ပါ။ ပြီးတော့ သူနေရတာ မိဘမဲ့ဂေဟာမှာ။ ဒါပေမယ့် သူဘယ်တုန်းကမှ သူ့မိဘတွေ သူ့ကို စွန့်ပစ်ခဲ့တယ်လို့ မယုံကြည်ခဲ့ဖူး။ သူ့မိဘတွေဆီက သံစဉ်တွေကို သူအမြဲကြားနေခဲ့တယ်။ သူ့ကို တနေ့သူတို့လာခေါ်ကြလိမ့်မယ်…..

ဒါကြောင့် မွေးစားဖို့ အစီအစဉ်ကို အီဗန်လက်မခံချင်ခဲ့ဘူး။ အဲ့ဒီအတွက် သူတို့ဆွေးနွေးတဲ့အခန်းမှာ အီဗန်မျက်ရည်တွေ ကျခဲ့ရတယ်။ ဒါဟာထိတ်လန့်စရာမဟုတ်ဘူးလို့ ဖြောင်းဖြခဲ့ပေမယ့် သူမှာ မိဘတွေရှိတယ်ဆိုတာ သူခံငြင်းနေခဲ့တယ်။ ဒါဆို မင်းမိဘတွေကမင်းကို ဘယ်လိုခေါ်သလဲ မင်းကို အမြဲလာတွေ့သလားဆိုတော့ သူ့မှာ အဖြေမရှိဘူး။

သူ့ဆီကိုရောက်မလာတဲ့ မိဘတွေဆီကို သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ဒီသီချင်းတွေကနေ တဆင့် သူတို့တွေကို ခေါ်ယူမယ်လို့လည်း ယုံကြည်ခဲ့တယ်။ သူ့ဆက်သွယ်ရမယ့် လူရဲ့ လိပ်စာပျောက်သွားတဲ့နောက် ၀ါရှင်တန်မြို့မှာ သူအတွက် နားခိုရာ ပျောက်ပြီပေါ့။

မထင်မှတ်ပဲ လမ်းပေါ်မှာ ဂစ်တာတီးပြီးဖျော်ဖြေနေတဲ့ ကလေးတစ်ယောက်ကို မိတ်ဆွေဖွဲ့ခဲ့တယ်။ ပြီးတော့ သူ့အတွက် နားခိုရာတစ်ခု ဖန်တီးဖို့ပေါ့။ တကယ်တမ်း ဒီကလေးတွေရဲ့ နောက်ကွယ်မှာ သူတို့ကို သင်ကြားပေးပြီး လူညွှန့်ခူးစားနေတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။

အီဗန်ရဲ့ မွေးရာပါ အနုပညာအရည်အသွေးကို အဲ့ဒီလူတွေ့ရှိသွားတဲ့နောက် သူ့ဘဝပြောင်းလဲသွားခဲ့တယ်။ သူလည်း လမ်းပေါ်မှာ ဖျော်ဖြေရေးသမားတစ်ယောက် ဖြစ်ခဲ့ရပြီ။ နာမည်အရင်းကို ပြောရင် မူလ မိဘမဲ့ဂေဟာကို ပြန်ပို့ခံရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အီဗန်က နေ August Rush ဆိုတဲ့ နာမည်ကို တောင် ပြောင်းလဲပစ်ခဲ့ရတယ်။

နောက်တစ်ဆစ်ချိုးပြန်ပြီ။ ရှောင်တခွင်စစ်ဆေးရေး ရန်က ပုန်းရှောင်ရင်း အီဗန်တစ်ယောက် ဘုရားကျောင်းတစ်ခုရဲ့ အရိပ်မှာ ခိုလှုံခဲ့တယ်။ အီဗန့်ရဲ့ အနုပညာအရည်အသွေးကို အမှတ်မထင်တွေ့ရှိရာကစလို့ ဂျူးလိယက်ကျောင်းတော် ကြီးမှာ ပညာသင်ကြားခွင့်ကိုရခဲ့တယ်။

ပါရမီရှင် သူ့ရဲ့ သီချင်းကို ကျောင်းတော်ကိုယ်စားပြု ကျင်းပမယ့် Concert မှာ ထည့်သွင်း အသုံးပြုဖို့ အရွေးချယ်ခံရသည်အထိသူဟာ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ခြိမ်းခြောက်မယ့်သူ ပေါ်လာပြန်ပါရောလား။ လက်ဖျားငွေသီးစေတဲ့ အီဗန့်ကို ဘယ်လက်လွှတ်ချင်ပါ့မလဲ။

အီဗန်တစ်ယောက် ဘ၀ဟောင်းကို ပြန်မသွားချင်သော နုနယ်တဲ့ အသိစိတ်နဲ့ လမ်းဘေး ဖျော်ဖြေရေးသမားဘဝမှာပဲ နစ်မြုပ်မလား၊ မိဘတွေ ကို သူ့ရဲ့ဂီတသံစဉ်တွေနဲ့ သူ့ဆီကို ဆွဲခေါ်နိုင်မလားဆိုတာ သိချင်တဲ့စိတ်နဲ့ တစ်ကားလုံးမှာ ကျနော်လည်း လိုက်ပါနစ်ဝင်မိတယ်။

ပြီးတော့ အလေးအနက်ထားနေမိတာ မိဘနဲ့သားသမီးကြားမှာ ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေရောပေါ့။ တကယ်ဆို ဘယ်သူဘယ်ဝါမှန်း မြင်ဖူးခဲ့တာ မဟုတ်ဘူးလေ။ အမေက မွေးပြီးကတည်းက မမြင်ဖူးလိုက်တာ အဖေကဆို ရှိနေတယ်ဆိုတာတောင် သိလိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ မသိစိတ်တွေချင်း ဆက်သွယ်နေကြတယ်။ မိဘတွေဆီက ဂီတကြိုးတွေက သားသမီးကိုပါ ချည်နှောင် ရစ်ပတ်ဆွဲငင်နေကြသတဲ့လေ။

အစကနေအဆုံး ကျနော့ကို ခေါ်သွားတာ အီဗန်ပါပဲ။ သူရီရင် ကျနော်လည်း ရီနေမိတယ်။ တခါတခါ ရီလိုက်ရင် သူ့ပါးက ပါးချိုင့်လေးနဲ့ ခပ်တည်တည်လေး သရုပ်ဆောင်သွားတာ တကယ့် ပါရမီရှင်ပါပဲ။ ဂစ်တာကို ပလက်ကင် ခေါက်တဲ့အခန်းမှာဆို သူ့လိုပဲ ကိုယ်လည်း တက်ကြွလို့။ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့အခန်းဆို ကျနော့မှာ အားမလိုအားမရတွေ ဖြစ်နေမိတာ။ နှုတ်ဆက်နေရင်းနဲ့ သိများသိကြတော့မလားလို့ စိတ်ထဲကနေ တွန်းအားတွေ ပေးနေမိတယ်။ ဘယ်သိနိုင်ပါ့မလဲ အဖေဆိုတာ ဘယ်သူမှန်းမသိတဲ့ကလေးရယ် သားဆိုတာရှိနေမှန်းမသိတဲ့ အဖေရယ်ကို ကျနော်က အတင်းဆုံပေးချင်နေမိတာ။

ထုံးစံအတိုင်းလူတွေရဲ့ အတ္တတွေ မိဘမဲ့ဂေဟာက ကလေးချင်းအတူတူ မင်းက ဘာလို့ မင်းမိဘတွေဆီက အသံကို ကြားနေရတာလဲဆိုတဲ့ မကျေမချမ်းအသံတွေ။ ပြီးတော့ သမီးကို အတင်းအောင်မြင်စေချင်တဲ့ လိုင်လာ့ရဲ့ အဖေရဲ့ အတ္တ။ ကလေးတွေကို သင်ကြားပေးပြီး သူ့စီးပွားရေးကို ရှာစားနေတဲ့ Wizard ရဲ့ ဝိသမလောဘ။

အရာအားလုံးကို ဖုံးလွှမ်းသွားတာတော့ တကယ့်သံစဉ်ဂီတတွေပါပဲ။ ဇာတ်ကားတစ်ခုလုံး နောက်ခံသီချင်းတွေနဲ့ ပြီးတော့ ရောစပ်ထားတဲ့ Rock နဲ့ Classical Music။ ဇာတ်ဝင်ခန်းတွေကို ပြိုင်ပြီးပြရင်း တီးလုံးတွေကို မသိမသာ ရောစပ်ထားတာလေးတွေ။ အသံကောင်းကောင်းထွက်တဲ့ ရုပ်ရှင်ရုံမှာ Digital system နဲ့ အဖန်ဖန် အထပ်ထပ် ပြန်ကြည့်ချင်စိတ်သာ ဖြစ်ပေါ်နေမိတော့တယ်။

ဒါပေမယ့် အီဗန်ကတော့ ပြောပါတယ်...

The Music is all around us. I have to do is Just listen.

သီချင်းတွေက ငါတို့ အနီးအနားမှာပါ။ ငါတို့ နားထောင်ဖို့ပဲလိုအပ်တာပါ….

14 August 2010

ကြယ်ရူးသူ


ဟိုး…ငယ်စဉ်တုန်းက ပေါ့

ကြယ်တွေ ကို ရေတွက်လို့ မရဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆတဲ့ ခလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ညတိုင်းကောင်းကင်ကို မော့ကြည့်ပြီး မငုံ့စတမ်းရေတွက်ဖူးတယ်။ ဒီညမဟုတ်တောင် နောက်တညပေါ့လို့ မလျှော့တဲ့ ဇွဲနဲ့။ မိုးရွာတဲ့ညတွေနဲ့ ကြယ်ပျောက်တဲ့ညတွေမှာ စောစောအိပ်ရုံပဲပေါ့။ ကြည့်နေရင်း ကြည့်နေရင်းက ကြယ်တွေနဲ့ယဉ်ပါးလာခဲ့တယ်။ ဒါ့ထက်မက ကြယ်တွေကို မူးယစ် စွာ စွဲလမ်း လာခဲ့တယ်။ ကြယ်တွေက ညို့ယူနိုင်စွမ်းသတဲ့။

ကြယ်တွေကို ရေတွက်ရင်း တချို့ကြယ်တွေ ပျောက်ဆုံးသွားကြတာကို သူတွေ့ရှိလာရတယ်။ အဲဒီအခိုက်အတန့်မှာ သူအတော်လေး ထိတ်ထိတ်လန့်လန့်ဖြစ်သွားခဲ့တယ်။ ကြယ်တွေက ဘယ်ကိုရောက်သွားခဲ့တာလဲ။

တစ်ည သူစောင့်ကြည့်နေတုန်းမှာ ကြယ်တစ်ပွင့်ကြွေတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။ အဲ့ဒီကြယ်ကြွေတဲ့ အလင်းတန်းနောက်ကို ကမှူးရှူးထိုး သူပြေးလိုက်သွားခဲ့တယ်။

သူ့မျက်ဝန်းထဲမှာ အလင်းတန်းဆုံးသွားခဲ့ပြီ။ ကြယ်ကြွေတဲ့နေရာကို စိတ်ထဲမှာ ရအောင်မှတ်တယ်။ ညကုန်ဆုံးသွားသည်အထိ သူ အဲ့ဒီနေရာကို မရောက်နိုင်သေးဘူး။ ဘယ်ရောက်နိုင်ပါ့မလဲ ကြယ်ကြွေသွားတဲ့ နေရာက သူနဲ့ဘယ်လောက် ဝေးလံတယ်ဆိုတာတောင် သူမှ မသိနိုင်ပဲ။

မိုးလင်းလို့ နေမင်းကြီးပြူထွက်လာတော့ သူဟာ အတော်လေးခြေကုန်လက်ပမ်းကျနေခဲ့ပြီ။ နေထိုင်ရာအရပ်နဲ့လည်း ဝေးကွာလွန်းမက ဝေးကွာသွားပြီ။ ပြန်လှည့်ဖို့ နောက်ဆံမတင်းပဲ အရှေ့ကိုပဲ မည်းပြီး ဆက်လက်ချီတက်နေခဲ့တယ်။

ညတိုင်းမဟုတ်တောင် ညတွေအတော်များများမှာ ကြယ်တွေ ကြွေခဲ့တယ်။ အဲ့ဒီလိုကြွေလိုက်တိုင်း သူရဲ့ မူလလားရာကနေ ကြယ်ကြွေတဲ့ဆီကို ရွှေ့ရွှေ့သွားစေခဲ့တယ်။ ဒါကို သူမသိလိုက်တော့ဘူး။ သူသိတာ ကြွေသွားတဲ့ ကြယ်တွေတိုင်းအတွက် ရင်နှင့်အမျှ နှမြောတဿခြင်းသက်သက်။

နေခင်းတခုမှာ လူတယောက်ရဲ့ လက်က ဖျတ်ခနဲလက်သွားတဲ့ အလင်းရောင်တစ်ခုကို သူ့ကြယ်တစ်စင်းပါဆိုပြီး သူဟာ အတင်းပြန်လည်တောင်းဆိုခဲ့တယ်။ အဲ့ဒီလူကလည်း သူ့အဖိုးတန်လက်စွပ်ကို လုယူတယ်လို့စွပ်စွဲသလို၊ သူကလည်း ကောင်းကင်ကနေ ကြွေကျသွားတဲ့ ကြယ်ကလေးကို ခိုးယူထားတဲ့လူလို့ အပြင်းအထန် ငြင်းခုံကြပါလေရော။ တကယ်တမ်းက သူ့က ဖြတ်သွားဖြတ်လာတစ်ယောက်မို့ ဘယ်သူမှ သူ့ကို အယုံအကြည်မရှိကြပါဘူး။ အဲ့ဒီအချိန် သူ့ကို တခြားနေရာဒေသတွေမှာ မြင်ဖူးသူတစ်ယောက်က သူ့နာမည် တစ်ခုကို တီးတိုးရေရွတ်ခဲ့တယ်..

ဟာ… ဒီလူက ကြယ်ရူးပဲတဲ့…

ကြယ်ရူး ကြယ်ရူး အင်း..အဲ့ဒီနာမည်နဲ့ အခုအဖြစ်အပျက်ကို ဆက်စပ်ကြည့်ကြတယ်။ နောက်ဆုံးတော့ သူ့ကို လှောင်ပြောင်တဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။

မဟုတ်ဘူး မဟုတ်ဘူး မင်းတို့ထင်သလို မဟုတ်ဘူး။ သွေးရူးသွေးတန်း ငြင်းချက်ထုတ်ပေမယ့် ဘယ်သူမှ လက်ခံပေးနိုင်မှာမှ မဟုတ်ပဲ။ ဒီနယ်မြေတ၀ိုက်မှာ သူ့ကို သိတဲ့သူ တယောက်မှ မရှိ။ သူ့ကို ထောက်ခံပေးမယ့် သူမရှိ။ သူ့ရဲ့ အမှန်တရားတွေ ဒီနေရာ ဒီလူတွေကြားမှာ ပျောက်ရှကုန်တယ်။ သူသိပ်မြတ်နိုးတဲ့ ကြယ်တွေကို အားကိုးတကြီး ကြည့်တော့ အလင်းရောင်မှ မပျောက်ခဲ့သေးပဲ။ အဲ့ဒီတော့ သူပဲ ထပ်ပြီး ထပ်ပြီး ဝေးရာဆီကို ဆက်ပြေးတော့တာ။

အမှောင်သိပ်သည်းတဲ့ ညဖက်ရောက်ပြန်တော့ သူ ရောက်သွားတာ နောက်ထပ်နေရာသစ်တခု ဆီမှာ။ သူလိုလူတယောက်အတွက် ဒီလိုအဖြစ်အပျက်တွေ နောက်ထပ် ဖြစ်ပျက်နေဦးမှာပါပဲ။ သူနဲ့ သဟဇာတဖြစ်ဖို့ နေရာတစ်ခု ဘယ်မှာရှိနိုင်မလဲ။

သူ့ကို ကူညီဖို့ လူတစ်ယောက် မထင်မှတ်ပဲ ကောင်းကင်ပေါ်က ကျလာခဲ့တယ်။ သူ့အတွက် ချစ်မြတ်နိုးဖွယ် ကြယ်တွေ ဆောင်ယူပေးလာတဲ့သူမို့ သူက ကောင်းကင်ပေါ်က လာတယ်ချည်း တဖွဖွ ရွတ်ဆိုနေခဲ့တာ။ ကျေးဇူးတွေ အထပ်ထပ်တင်လို့ နေ နေတုန်းမှာ အဲ့ဒီလူလည်း သူ့ဆီကနေ ကြယ်တွေကြွေသွားသလို ပျောက်ဆုံးသွားပြန်တယ်။ သူ မပျောက်ဆုံးခင်မှာ သူ့လက်ထဲကို ပုလင်းလေး သေးသေးလေးထည့်သွားခဲ့တာ။ အဲ့ဒီပုလင်းလေးထဲမှာ သူချစ်တဲ့ ကြယ်တွေလေ။ ပြီးတော့ သူ့ကို တိုးတိုးလေး ပြောသွားသေးတယ်။ ကောင်းကင်ပေါ်က ကြွေကျတဲ့ ကြယ်တွေ အကုန်လုံး ဒီပုလင်းလေးထဲကို အလိုလို ရောက်လာပါလိမ့်မယ်တဲ့လေ။

ဝမ်းသာအားရ ပုလင်းလေးကို ယူပြီး လူတွေကို ခေါင်းမော့ပြီး ပြောလိုက်တယ်။ တွေ့လား ငါက ကြယ်ရူးမဟုတ်ဘူးကွ။ ကြွေကျတဲ့ ကြယ်တွေကို စုဆောင်းတဲ့ သူ။ မဟုတ်ဘူး မဟုတ်ဘူး ကြွေကျတဲ့ ကြယ်တွေကို ဒီပုလင်းထဲရောက်လာအောင် ဖန်ဆင်းနိုင်တဲ့ သူ။

ီအဲ့ဒီမှာ သူ့တာဝန်ပြီးဆုံးပြီလို့ သူယူဆပြီးနောက် သူ့နေရပ်ကို ပြန်ဖို့ သူ ပြင်ဆင်ခဲ့တယ်။ သူနေရပ်ကို ပြန်မရောက်သွားခဲ့ဘူး။

ဒီနေ့ အဲ့ဒီလူ သေဆုံးသွားခဲ့တယ်။

သူ့လက်ထဲမှာ ကြယ်လေးတွေ။ မဟုတ်ဘူး သူ့ပတ်ဝန်းကျင် တစ်ခုလုံးမှာ ကြယ်တွေပါ။ မဟုတ်သေးဘူး သူကိုယ်တိုင်ကလည်း ကြယ်လေး တစ်လုံးဖြစ်သွားတယ် ဟုတ်တယ် မဟုတ်လား..........

ကျေးဇူးတင်ခြင်း - မနှစ်တုန်းက ကြယ်တွေထည့်ထားတဲ့ ပုလင်းလေးတစ်လုံးကို စိတ်ရှည်လက်ရှည် လုပ်ပြီး လက်ဆောင်ပေးခဲ့တဲ့ ညီမငယ်တစ်ယောက်ကို ကျေးဇူးတင်ပါတယ်။

13 August 2010

ပြဇာတ်အခင်းအကျင်း

တကယ်ဆို ဘယ်ပြဇာတ်ကိုမှ မကြည့်ဖူးခဲ့ဖူးဘူး။ နာမည်ကျော်ပြဇာတ်တွေဆိုတာက ဝေလာဝေး။ တခန်းရပ်ပြဇာတ်တွေနဲ့လည်း မရင်းနှီး။ ပြဇာတ် သရုပ်ဆောင်တွေနဲ့ ရင်းနှီးဖို့ဆိုတာ ဗြဟ္မာ့ ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းတို့ ဆုံခဲသလိုမျိုး။

ဒါပေမယ့်

ဒါပေမယ့် အမှတ်မထင် မနေ့ညက ပြဇာတ် အခင်းအကျင်းတခုနဲ့ ဆုံဖြစ်ခဲ့တယ်။ ထူးထူးထွေထွေ မဟုတ်ပါဘူး သာမန်ပါပဲ။ မမြင်ဖူးရင် မူး မြစ်ထင်တတ်တယ်မဟုတ်လား။ နောက်ခံ ပိတ်ကားတွေကို စတင်ပြုလုပ်ရတာကိုက စိတ်ဝင်စားဖို့ ကောင်းနေပြီ။ တိုက်တွေ တာတွေ နဲ့ပိတ်ကားတစ်ခုရှေ့မှာ နွားလှည်းတွေကိုယ်စီမောင်း နေတဲ့ ပြကွက်မျိုး မတော်တဆ ဖြစ်ခဲ့ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်လာမယ်ထင်တယ်။ ဒူးနေရာဒူး တော်နေရာတော် ဆိုသလို အရှေ့က ကွန်ကရစ်ယဉ်ကျေးမှုနဲ့ လိုက်တဲ့ နောက်ခံပိတ်ကားတစ်ခု ဖြစ်ဖို့ ပြီးတော့ အစီအစဉ်အတိုင်း ကျလာဖို့ဆိုတာက ပြဇာတ်တစ်ခုမှာ အရေးပါနေသတဲ့လေ။ ပိတ်ကားတွေ နောက်ကို လိုက်ရင်း……

ပိတ်ကားတွေကို အတင်အချလုပ်ပေးတဲ့သူ…….

သူကသာ မှားပြီးများ ချပေးခဲ့ရင်…လိုက်ကာမဖွင့်ခင်လေးတော့ ပြင်ဆင်ချိန်တခုရမှာပေါ့။ အကယ်၍ သတိမထားမိပဲ လိုက်ကာအဖွင့်နဲ့ ကြုံ။ အင်း…ပရိတ်သတ်က နားလည်ခွင့်လွတ် ပေးနိုင်ကောင်းပါရဲ့။

ပြဇာတ်သရုပ်ဆောင်တွေရဲ့ ပြင်ဆင်မှုတွေကိုလည်း မြင်ခဲ့ရတယ်။ အံမယ်….သူတို့က ရီလို့မောလို့။ တကယ်က ဒီနေ့ကရမှာ အငိုပြဇာတ်မဟုတ်လား။ သားတစ်ယောက်ကသေ နောက်တစ်ယောက်ကို စွန်ချီ၊ လင်ကို မြွေကိုက်၊ မိဘတွေအိမ်က မီးလောင် အဲ့ဒီဇာတ်ဘာတဲ့။ ပါးစပ်ဖျားလေးတင် မေ့နေတာပါ။ လုံးလုံးကြီးအငိုဖြစ်ရမှာ အခုတော့ သူက လှောင်လို့ ပြောင်လို့။ သူစ, ကတဲ့အချိန်က ကြောက်ဒူးတုန်နေတတ်ခဲ့သမျှ အခုတော့ အငြိမ့်သား လက်ဖျားလေးနဲ့ပဲ ကရမလား၊ ခြေဖ၀ါးလေးနဲ့ ထိုင်မသိမ်းကို ဆင်မယဉ်သာ ယမ်းလိုက်ရမလား။ ပြီးတဲ့ ဇာတ်ထုပ်တုန်းက မျက်နှာချေတွေ အတင်းဖို့ပြီး ငိုလိုက်တော့မှ အကြောင်းလိုက်ဖြစ်သွားတဲ့ မျက်နှာတွေ အကြောင်းကို ကသောကမျော ပြန်လည်ဖောက်သည်ချနေလေရဲ့။ ဇာတ်စင်ပေါ်နဲ့ ဇာတ်စင်နောက်ရဲ့ ကွာခြားချက်က အနုပညာလုံးလုံးပဲ။ သူတို့ရဲ့ဖန်ဆင်းမှု မှာ တကယ့်ကို ထင်မထားတဲ့အချက်တွေ အများကြီး။ လှိမ့်နေအောင် ငိုသွားတဲ့ မင်းသမီးက ဇာတ်စင်နောက်မှာ ပြုံးဖြီးဖြီးကြီးဖြစ် သွားတတ်တယ်လေ။ မီးရောင်ရဲ့ အလင်းအမှောင်ကြားမှာတကယ်ပဲ ပြောင်းလဲမှုကြီးတွေ ဖန်ဆင်းပေးနိုင်စွမ်းသလား။

ဇာတ်ရုပ်တွေနဲ့ သရုပ်တူအောင် ဆောင်ရင်း သရုပ်ဆောင်တွေ ဖြစ်သွားကြတာပါပဲ။ အထင်မသေးနဲ့ဆရာ ပြဇာတ်မှာ အကယ်ဒမီရှိရင် အကယ်ဒမီရလောက်အောင် သရုပ်ဆောင်ကောင်းသူတွေ ရှိပါရဲ့။ ဇာတ်စင်ပေါ်မှာ အချစ်ကြီးသူ တစ်ယောက်ဆိုပါစို့ ၊ အချစ်ကိုကိုးကွယ်တတ်သူလိုလို ဘာလိုလို၊ အပြင်မှာတော့ ရွက်ကျပင်ပေါက်လို တရွာတကျီဆောက်လို့။ စင်ပေါ်မှာ ကြမ်းပိုးကနေ သန်းကြီးမ၊ သန်းကြီးမကနေ လိပ်၊ လိပ်ကနေ ပုရွက်ဆိတ်၊ ပုရွက်ဆိတ်နေ ဖြုတ် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာကိုး။ ပရိတ်သတ်က ကတော့ ပြဇာတ်တလျှောက်လုံး သူပြောသမျှ ယုံမိမှာပါပဲ။ ဇာတ်စင်ပေါ်မှာနဲ့ ဇာတ်စင်နောက်မှာ ဘာများ ခြားနားသလဲဆို ပြောပြီးပါပကော ပြောင်မြောက်တဲ့ အနုပညာပါ။

သရုပ်ဆောင်တွေနဲ့ အချီအချ လုပ်ရင်း ပရိတ်သတ်ရဲ့ နှလုံးဘဝင်ကို သိမ်းသွင်း တဲ့သူတွေက တီးမှုတ်သူတွေပေါ့။ အသုဘ အခမ်းအနားကို နားပန်းဆံ တီးလုံးနဲ့ လုပ်ပေးလိုက်ရင်တော့ ငိုချင်းချမယ့်သူ ဘယ်အပေါက်က မျက်ရည်ယိုရမလဲ ဖြစ်သွားမယ်။ နရီ စည်း ချက်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ကလည်း လိုသေး။ မဟုတ်ရင် လူရွှင်တော်တွေ သေနတ်ပစ်ခန်းလို ပစ်ဆိုတဲ့အချိန် မဒိုင်းပဲ တခြားအချိန်ဒိုင်းခနဲ မြည်မှ ဟုတ်ပေ့လေ။ သရဲကားကို အသံဖျောက်ပြီး စမ်းကြည့်ပါ ကြောက်စရာကောင်းရင် ပြောချင်တိုင်းပြော။

အချိန်းအချက် အဲ့ဒီခလုတ်တွေကို စီစဉ်ညွှန်ကြားသူ။ သူကတော့ ဒီပြဇာတ်သာမက စင်ပေါ်ကအရာ အားလုံးနဲ့ အသက်ဆိုင်ဆုံး။ သူ့လက်ညိုးတချက်နဲ့ စည်းချက်တွေလည်း ပါသွားတယ်။ အငိုတွေ အရှိုက်တွေ အငင်တွေ အရီတွေ အရွှမ်းတွေ အသောတွေ မျောချင်တိုင်းမျောနေကြတယ်။

ဟင် ရောင်နီတောင်လာတော့မယ် အခင်းအကျင်းတွေ ကြည့်ရင်း မိုးစင်စင်လင်းတော့မှာပါကလား။

နေဦးလေ ကားလိပ်ကြီး အတင်းချနေကြပြီ။

ဟင့်အင်း တခါမှ မကြည့်ဖူးလို့ ကြည့်ပါရစေဦး…………