19 September 2017

လွန်ဘော့ခရီးစဉ် (၁)

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ရုံးကပိတ်ရက်များခဲ့တယ်။ ခွင့်သုံးရက်ယူလိုက်ရင် ပိတ်ရက်ဆယ်ရက်ရသွားတယ်။ အိမ်ကိုလည်း သုံးခေါက်ပြန်ပြီးဆိုတော့ အိမ်မပြန်ပဲ ရတောင့်ရခဲ ပိတ်ရက်ရှည်ရှည်မှာ နားနားနေနေ သွားဖို့ စီစဉ်တယ်။ ဒီဇင်ဘာပိတ်ရက်ဆိုတော့ အာရှမှာ ခရီးသွားရာသီ ဈေးတွေက မိုးထိုးနေတော့တယ်။ ဗီယက်နမ် မွေ့နီ ဒါလက် နာ့ထရမ်း သွားမယ်လုပ်လိုက်၊ ဟိုသွားမယ် ဒီသွားမယ်လုပ်လိုက်နဲ့ အဆုံးသတ်မှာတော့ ပင်လယ်ရော တောင်ရောရှိတဲ့ လွန်ဘော့ကို စီစဉ်ဖြစ်သွားခဲ့တယ်။ 

ဒီဇင်ဘာပိတ်ရက်မို့ လေယာဉ်ခတော့ဈေးနည်းနည်းကြီးတယ်။ Silk Air နဲ့သွားပြီး အသွားအပြန် စလုံး ၄၆၈ကျပ်ပါ။ မသွားခင် ထုံးစံအတိုင်း ခရီးစဉ်အတွက် လေ့လာတယ်။ သွားချင်တဲ့နေရာတွေကို ဓါတ်ပုံတွေနဲ့ သိမ်းထားတယ်။ လေ့လာရင်းနဲ့ များသည်ထက်များလာ လောဘဆိုတာ အတောမသတ်ဘူးမဟုတ်လား။ အဓိကသွားနေချင်တဲ့ ဟိုတယ်ရဲ့ တည်းခကလည်း ဒီရာသီမှာ နှစ်ဆ။ မတတ်နိုင်ဘူးလေနော့ ကိုယ်တွေက သွားဖို့ စီစဉ်ပြီးပြီပဲ။ ခုနှစ်ရက်စာ ခရီးရှည်ကို အေးဂျင့်တော်တော်များများ စုံစမ်းဖြစ်ပါတယ်။ နောက်ဆုံး Authentic Lombok နဲ့မှ အိုကေသွားတယ်။ မေးလ်ပေါင်း အစောင်ငါးဆယ်လောက်ပို့တာလို့ လူချင်းဆုံကြတဲ့အခါ သူတို့က ကျနော့ကိုနောက်ပါတယ်။ အထစ်အငေါ့မရှိ သေချာချင်သူဆိုတော့ သူတို့ကိုတွန်းအားပေးသလို ဖြစ်တယ်ထင်ပါရဲ့။

အသွားခရီးစဉ်က အဆင်ပြေပါတယ်။ တခုပဲ မေ့တတ်တဲ့ကျနော့အကျင့်၊ ထရိုင်ပေါ့နဲ့ ကင်မရာကြားထဲက Adapter လေး အိမ်က စာအုပ်စင်မှာ တင်ထားတာ ယူမလာမိဘူး။ ထရိုင်ပေါ့ပဲပါလာတာမို့ ချန်ဂီလေဆိပ်ထဲမှာ လိုက်ရှာမိသေးတယ်။ သူ့ချည်းပဲတော့ ဘယ်သူမှ မရောင်းကြဘူး။ စိတ်လျှော့ စိတ်လျှော့......

လေယာဉ်ပေါ်မှာ ရေခဲမုန့်ကျွေးတော့ ပျော်မိတယ် လေယာဉ်က ခရီးသည်သိပ်မပါလို့ ချောင်ပါတယ်။ လေယာဉ်ပေါ်ကနေ ရင်ဂျာနီတောင်ကို မြင်ခဲ့ရသလို နေဝင်ချိန်ရှုခင်းကလည်း ရင်သပ်ရှုမော မိန်းမူးစရာပါပဲ။

လေဆိပ်ရောက်တဲ့အခါ တိုးဂိုက်ကို ရှာမတွေ့ဘူး။ အပြင်ထွက်လိုက်တာနဲ့ လူအုပ်ကြီးက ဆီးကြိုတယ်။ ဆိုင်းဘုတ်တွေ လိုက်ဖတ်တော့လည်း မတွေ့။ အစောင့်စစ်သားက လူအုပ်နားမကပ်ပါနဲ့ ဆိုပြီး ဆွဲခေါ်တယ်။ နောက်တော့ သူကပဲ တိုးအေးဂျင့်ကို ဖုန်းဆက်ပေးတယ်။ တိုးဂိုက်ကလည်း အဲ့ဒီနားမှာ စောင့်နေတယ်လို့ပြန်ဖြေတယ်။ အဲ့ဒီမှာ စတွေ့တော့ပါပဲ....

ငါးမိနစ်လောက်အကြာမှာ ခပ်ပျာပျာလျှောက်လာတဲ့ ပိန်ပိန်ပါးပါး တရုတ်မတယောက် ကျနော်တို့ဆီကိုလာပါတယ်။ သူ့နာမည်က မိုနီကာ သူနောက်က ကပ်ပါလာတာကတော့ ကားဆရာ ရေငုပ်ဆရာ အဒီးပါ။ သူတို့ကို လေဆိပ်အစောင့်က မစောင့်ခိုင်းပဲ တွန်းလွှတ်တာကြောင့် ခပ်ဝေးဝေးမှာ သွားစောင့်နေရတယ်လို့ ဆိုပါတယ်။ ဟိုတယ်ကို မဝင်ခင် ဘာလုပ်ချင်သေးလဲ မေးတော့ Adapter လေးရှာဖို့ Mataram က တခုတည်းတော့ ရှော့ပင်းမောလ်ကို လိုက်ပို့တယ်။ သူတို့ဆီမှာလည်း သူ့ချည်း မရောင်းဘူးဆိုတော့ ဒီဘဝအတွက်တော့ နှမလက်လျှော့....


ခရီးစဉ်ကို ထပ်ပြီးညှိနှိုင်းကြတယ်။ ရာသီဥတုကြောင့် တောင်ပေါ်မှာ အိပ်မယ့် အစီအစဉ်ပျက်သလောက်ဖြစ်နေပြီ။ စနူးကလင်းလုပ်ဖို့လည်း လှိုင်းလေငြိမ် မိုးမရွာတဲ့ အခြေအနေမှာ မှ ဖြစ်နိုင်မယ်လို့ပြောပါတယ်။ ဒီနေ့တော့ ရာသီဥတု သာယာတာမို့ နောက်နေ့ကို စနူးကလင်း လုပ်ကြမယ်။ အဲ့ဒီညကိုတော့ ဟိုတယ်မှာပဲ ညစားစားဖြစ်တော့တယ်။ ဟိုတယ်က Living Asia Resort မှာ တညကို စလုံး ၈၄ကျပ်မနက်စာအပါ Discount ရပါတယ်။ အကြိုက်ဆုံးကတော့ အမိုးပွင့် ရေချိုးခန်းပါ.



နောက်နေ့ မနက်စောစောကို ကမ်းခြေမှာ လမ်းထလျှောက်ကြတယ်။ ဘာလီက တောင်ကို လှမ်းမြင်နေရတယ်။ ဟိုတယ်က ကမ်းခြေမှာ ရေကူးလို့ အဆင်မပြေပါဘူး။ ဟိုတယ် ရေကူးကန်ဘေးမှာ မနက်စာစားပြီး တိုးဂိုက်ကို စောင့်ကြတယ်။ ဒီနေ့သွားမှာ Secret beach ပါ။ လူသွားများတဲ့ Gili islands တွေကို မသွားပဲ သီးသန့် ဒီကမ်းခြေကို စီစဉ်ပေးပါတယ်။ ဆိပ်ကမ်းကို ရောက်ဖို့ တော်တော်လေးမောင်းရပါတယ်။ ကားလမ်းက ကမ်းရိုးတန်းတလျှောက်ဆိုတာ့ ရှုခင်းက သိပ်သာယာပါတယ်။ ကမ်းသာယာကနေ ငပလီကို သွားခဲ့ဖူးတဲ့ လမ်းကို သတိရမိတယ်။ 

တနာရီခွဲလောက် မောင်းလာပြီးတဲ့အခါ ကမ်းခြေကို ရောက်တယ်။ အဲ့ဒီမှာ စက်လှေနဲ့ အဆင်သင့်စောင့်နေပေးတယ်။ စက်လှေထိုးခွဲပြီး ဝင်ရောက်သွားတဲ့ ရေကြည်ကြည်၊ကောင်းကင်ပြာနဲ့ တောင်တန်းတွေ အားလုံးကို ရင်ခုန်စွာနဲ့ ကြည့်နေမိတယ်။ မကြာခင်မှာ စနူးကလင်း စတော့မယ်လေ. မငုပ်ခင်မှာ ရေကူးတတ်တဲ့ ကျနော့ကို အသက်ကယ်အင်္ကျီမဝတ်ပဲ ကူးဖို့ တိုက်တွန်းတယ်။ ဒါနဲ့ပဲ အသက်ကယ်အင်္ကျီမဝတ်ပဲ ပထမဆုံး ကူးဖြစ်သွားတယ်။


တိုးဂိုက် မိုနီကာက စေ့စပ်သေချာပြီး ဂရုစိုက်ပါတယ်။ ပင်လယ်ထဲက ပလတ်စတစ်အိတ်တွေကိုလည်း သူနဲ့အတူ ကူပြီးဆယ်ပေးဖြစ်တယ်. တခြားစက်လှေတွေ သန္တာကျောက်တန်းပေါ် ကျောက်ဆူးချတာကိုလည်း အမုန်းခံပြီးသွားပြောတယ်။ သဘာဝကိုချစ်မြတ်နိုးသူတွေဟာ သဘာဝကိုလည်း ထိန်းသိမ်းတတ်ကြရမယ်။ ဒါမှလည်း ဂေဟစနစ်မပျက်ယွင်းပဲ သဘာဝအတိုင်းပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ ခရီးသွားတဲ့သူတိုင်းဟာ အခုလို ထိန်းသိမ်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲနော်။

သုံးနေရာလောက် စနူးကလင်း လုပ်ပြီးတဲ့အခါ ထမင်းစားနားပါတယ်။ ထုံးစံအတိုင်းကျနော်က ခေါင်းမူးနေပြီး ထမင်းစားလို့ မရဖြစ်နေတယ်။ ထမင်းစားနားပြီးတဲ့အခါ သီးသန့်ကမ်းခြေက သစ်ပင်အောက်မှာ တရေးအိပ်ကြတယ်။ နိုးလာတော့ Sea horse နဲ့ White star fish တွေရှာကြပြန်တယ်။






ညနေ သိပ်နောက်မကျခင် လှိုင်းတွေထန်မလာခင် ပြန်လာခဲ့ကြတယ်။ ကမ်းခြေမှာ ဒေသခံတွေ ရေကူးနေကြတယ်။ အထိမ်းအမှတ်ပွဲတခုလုပ်ပြီး ချောတိုင်တက်နေတာကို ဓါတ်ပုံရိုက်ယူခဲ့တယ်။



အပြန်လမ်းမှာ လမ်းကွေ့တနေရာကနေ ပင်လယ်ဟာ လှလွန်းလို့ ခဏရပ်ပြီး ဓါတ်ပုံရိုက်တယ်။ 


ဟိုတယ်ကို မပြန်ခင် ခရစ်စ်နဲ့ တွေ့ဖို့ သူတို့ Homestay ရှိတဲ့နေရာကို သွားကြတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ချောင်ကြိုချောင်ကြားလေးထဲမှာ Hidden Jem လေးလိုပဲ သပ်သပ်ရပ်ရပ်ရှိနေတယ်။ စကားပြောကောင်းတဲ့ ခရစ်စ်က ကျနော်တို့ကို ဟိုတယ်လိုက်ပို့ပေးတယ်။ လေတွေတိုက်လှိုင်းတွေကြီးလာတဲ့ ညနေမို့ နောက်နေ့ခရီးစဉ် မသေချာဘူးလို့ ဆိုပါတယ်။ 

ဟိုတယ်ပြန်ရောက်တော့ မိုးအတော်လေးချုပ်နေပြီ။ ဓါတ်ပုံတွေ ကွန်ပြူတာထဲ ပြောင်းထည့်ရင်း အဲကွန်းက မအေးတာလား ရာသီဥတုက ပူတာလား မသိဖြစ်နေမိတယ်။ တကယ်က အဲကွန်းပျက်ပြီးအခန်းထဲကို လေမအေးတော့တာပါ။ ဟိုတယ်က ပြင်တဲ့သူ လွှတ်ပေးမယ်ပြောပါတယ်။ သေသေချာချာ ပြင်ပြီးတာက ည၁၁နာရီကျော်မှ။ လူက တနေ့လုံး ပင်ပန်းလာလို့ အိပ်ငိုက်နေပေမယ့် သူတို့ပြင်ပြီးတဲ့အထိ စောင့်ပေးနေရတယ်။ ဟိုတယ်အခန်းကို သန့်ရှင်းရေးလုပ်ကတည်းက တခါတည်း စစ်ပေးသင့်တာ...

16 September 2017

အရုဏ်ဆွမ်းလောင်းနဲ့ မြို့တပတ်စက်ဘီးခရီးစဉ်

ပြန်တဲ့လမ်းမှာ မနက်အရုဏ်ဆွမ်းလောင်းမယ့်အကြောင်းပြောဖြစ်တော့ တိုးဂိုက်က သူစီစဉ်ပေးမယ်တဲ့ တယောက်ကို ယူအက်စ်၁၅ကျပ်လောက်ကျတယ်ထင်တယ်။ ဆွမ်းလောင်းဖို့ ကြိုပို့လုပ်ပေးမယ် ဆွမ်းစီစဉ်ပေးမယ်၊ ဆွမ်းလောင်းဖို့နေရာဦးပေးထားမယ်တဲ့။ ဒါပေမယ့် သူ့စည်းကမ်းတွေတော့ တလှေကြီးပြောတာပေါ့။ အတိုအပြတ်မဝတ်ရဘူး၊ဆွမ်းလောင်းချိန်မှာ ဒူးထောက်လောင်းရမယ် (ထိုင်ခုံနဲ့ ထိုင်ပြီးလောင်းလို့လည်းရပါတယ် ဒါပေမယ့် ကျနော်တို့တော့ ဒူးထောက်လောင်းခဲ့တယ်)၊ စကားမပြောရဘူး၊ ဆရာတော်တွေကို မော့မကြည့်ရဘူး၊ လောင်းနေရင်း လွတ်သွားခဲ့ရင် နောက်တပါးကို စောင့်လောင်းရမယ် စသည် စသည်....



မနက်ငါးနာရီလောက်မှာ လာကြိုတယ်။ ကားက အရင်ရောက်နှင့်ပါတယ်။ မြန်မာဝတ်စုံပုဆိုးနဲ့မို့ တိုးဂိုက်လည်း ဘာမှ မပြောသာဘူး။ ဦးထားတဲ့ နေရာရောက်တော့ ခင်းပေးထားတဲ့ နေရာမှာ နေရာယူကြတယ်။ ကျနော်ကတော့ ကျနော့ ထရွိုင်ပေါ့နဲ့ကင်မရာကို ဘေးမှာ နေရာယူတယ်။ ဆွမ်းလောင်းဖို့ ဆွမ်းအုပ်လိုမျိုးကို သူတို့ရိုးရာ ဝါးတောင်းလေးတွေနဲ့ စီစဉ်ပေးထားပါတယ်။ ဆွမ်းကတော့ ကောက်ညှင်းပါ။ လက်ကလေးနဲ့ ဆုပ်ဆုပ်ပြီး မကြီးမသေး အနေတော်လေး ဆုပ်ပြီးလောင်းရတယ်။ ဆရာတော်တွေ တန်းစီကြွလာတဲ့အခါ လက်အုပ်ချီပြီးလောင်းပါတယ်။ ဆရာတော်တွေ ကြွတာမြန်တာမို့ ဆရာတော်တိုင်းကို လောင်းမမှီပါဘူး။ ကျောင်းတကျောင်းဆီ တန်းစီကြွတယ်ထင်ပါတယ်။ သံဃာတတန်းနဲ့ တတန်းနည်းနည်း စောင့်ရပါတယ်။

 ဆွမ်းလောင်းပြီးတဲ့အခါ ကမ်းနားက နာမည်ကျော် ခေါက်ဆွဲဆိုင်ကိုသွားပါတယ်။ ခေါက်ဆွဲဆိုပြီး မှာပေးတာ ဆန်ပြုတ်ဖြစ်နေလို့ ကျနော် မစားခဲ့ရဘူး။ ဂိုက်က အားနာလို့ သူက ဝက်သားမစားပေမယ့် ယူစားတယ်။ ကျနော့အတွက် ခေါက်ဆွဲ တခြားဆိုင်ကနေ မှာပေးပါတယ်။











 ခေါက်ဆွဲဆိုင်က အပြန်ဈေးထဲကနေ ဖြတ်ပြီး ဟိုတယ်ကိုပြန်ကြတယ်။ အသီးအရွက် အသားငါး လတ်လတ်ဆတ်ဆတ်တွေနဲ့ စည်ကားတဲ့ ဈေးလေးပါပဲ။











ဟိုတယ်ပြန်ရောက်တာနဲ့ ပြန်ထွက်ကြတယ်။ စက်ဘီးနဲ့ မြို့ပတ်ကြမယ်။ စက်ဘီးငှားပြီး မြို့ထဲကိုထွက်လာတယ် မရောက်ဖြစ်သေးတဲ့ ဝါးတံတားနဲ့ မြစ်ဆုံကိုအရင်ဝင်တယ်။ ဝါးတံတားကို ဖြတ်ရင် ပိုက်ဆံပေးရပါတယ်။ ဝါးတံတားတဖက်ကမ်းက မြစ်ဆုံအထိ သွားတယ်။ မရောက်သေးတဲ့ Temple တွေကိုမြေပုံနဲ့ဝင်ကြည့်ကြတယ်။ နေ့လည်စာကို Tamarind ဆိုတဲ့ ဆိုင်မှာ ဝင်စားကြတယ်။ အရှေ့နဲ့အနောက် ရောစပ်ထားပြီး ဟင်းထဲမှာ ဟင်းစပ်အမယ်တွေစုံအောင်ထည့်ထားတာမို့ စားရတာဟုံနေခဲ့တယ်။ 

နောက်တနေရာအဖြစ် Utopia ဆိုတဲ့ဆိုင်ကလေး။ များသောအားဖြင့်တော့ အနောက်တိုင်းခရီးသည်တွေ အကြိုက်နေရာပေါ့။ မြစ်ရဲ့ဘေးမှာ အိပ်ပြီးအနားယူလို့ရတဲ့ ဆိုင်ပါ။ ပုံစံအမျိုးမျိုးနဲ့ အနားယူနေတဲ့ ခရီးသည်တွေကြားမှာ ခဏတာအိပ်စက်ဖြစ်ခဲ့တယ်။

တရေးနိုးလာတဲ့အခါ ဟိုတယ်ကိုပြန်ကြတယ်။ ခဏနား ရေမိုးချိုးပြီး ညစာကို Night market မှာပဲ စားလိုက်ကြတယ်။ ဈေးဝယ်စရာရှိတာတွေကို ထပ်ဝယ်ကြပြန်တယ်။ လာအိုပိုက်ဆံတွေက ပိုရင် ပြန်လဲဖို့ခက်တာမို့ ဖြစ်နိုင်ရင် အဲ့ဒီမှာ ပြန်လဲချင်လဲ ဒါမှမဟုတ် ကုန်အောင်သုံးဖို့ အကြံပြုချင်ပါတယ်။

ဒီတညပြီးရင် တောင်တန်းမြေကနေ ပြန်ကြရတော့မယ်။ မနက်အစောကြီး တိုးဂိုက်စီစဉ်ထားတဲ့ ကားလာကြိုမှာလေ။ အလင်းရောင်မလာခင် မှောင်နေတုန်းမှာ လွန်ပရာဘွန်ကနေခွာခဲ့ကြပြီ။ တောင်တန်းတွေတမျှော်တခေါ်ကြားမှာ စီးနေတဲ့ မဲခေါင်မြစ်ဟာ အရှိန်မပြတ် စီးနေတုန်းပေါ့..........

14 September 2017

တက်ဆဲရေတံခွန်တောင်တက်ခရီး

မြို့တပတ်ပတ်ပြီးတဲ့အခါ နောက်ရက်မှာ ရေတံခွန်နဲ့ တောင်တက်ခရီးပြန်စတယ်။ ဒီတခေါက် ရေတံခွန်ကိုတော့ တက်ဆဲဆိုတဲ့ ရေတံခွန်ကို သွားမယ် စီစဉ်တယ်။ တိုးဂိုက်က ဆင်စီးလို့ရမယ်ဆိုလို့ ကျနော့သူငယ်ချင်းကတော့ ပျော်နေလေရဲ့။ သူက ဆင်မမြင်ဖူးတဲ့အရပ်က လာတာပါဆိုပြီး နားလည်ပေးလိုက်ကြရတယ်။


မနက်စောစော ဂိုက်ကလာခေါ်ပါတယ်။ မြို့နဲ့ ခပ်ဝေးဝေးနေရာ ချောင်းစပ်တခုနားမှာ ကားကိုရပ်ပြီး ချောင်းကို စက်လှေနဲ့ ကူးရမှာဆိုတော့ ပျော်သွားကြတယ်။ ဒါပေမယ့် စက်လှေစီးချိန်သိပ်မကြာလိုက်ဘူး။ ဟိုတဖက်ကမ်းမှာ ဆင်စခန်းရှိတယ်ဆိုတော့ သူငယ်ချင်း မျက်လုံးတွေ အရောင်တောက်သွားကြတယ်။ ပြီးတော့မှ တက်ဆဲရေတံခွန်မှာ ဆင်စီးရမယ်ဆိုတာ ၈၀ရာခိုင်နှုန်းပဲ သိပ်မသေချာဘူးဆိုတော့ သူတို့နှစ်ယောက် အဆင်မပြေတော့ဘူး။ သူငယ်ချင်းက တက်ဆဲရောက်တဲ့အထိ မျက်နှာသေနဲ့လိုက်လာတယ်။ 










တက်ဆဲသွားတဲ့လမ်းမှာ ရွာတရွာ ဖြတ်ပါတယ်။ တခါတလေ အေးဆေးတောင်တက်ခရီးလာသူတွေက ဒီမှာ ညအိပ်နားကြသတဲ့။ အိမ်လေးတွေ အဖြစ်ဆောက်ထားတဲ့ တည်းခိုစရာနေရာကို ဂိုက်က လိုက်ပြတယ်။ရွာထဲမှာ ခဏနားကြတယ်။ ကလေးတွေ ကြောင်တွေကို ဓါတ်ပုံရိုက်မိတယ်။ ကလေးတွေနဲ့ စနောက်နေပြီးတော့မှ အဲ့ဒီအိမ်ဟာ အသုဘအိမ်ဆိုတာ နောက်ကျမှ သိခဲ့ရတယ်။ 

တက်ဆဲကို ရောက်တော့ အဖွဲ့နှစ်ဖွဲ့ ကွဲသွားတယ်။ တက်ဆဲမှာ ဆင်စီးတာ၊ ဆင်နဲ့ရေချိုးတာ လုပ်လို့ရသလို မီဂါဇစ်လည်းစီးလို့ရပါတယ်။ ဆင်စီးချင်တဲ့ သူငယ်ချင်းက တဖွဲ့။ ဆင်းစီးရတော့မယ်ဆိုမှ သူ့ခမျာ ပြုံးပျော်လာနိုင်တော့တယ်။ ဆင်မစီးတဲ့ ကျနော်တို့က ရေတံခွန် အထက်နားကို ဆက်သွားတယ်။ မိုးတွင်းမဟုတ်လို့ ရေတံခွန်က သိပ်မလှပါဘူး။ အထက်နားက ရေတံခွန်သေးသေးလေးမှာ ရေကြည်နေတာနဲ့ ဓါတ်ပုံရိုက်ကြတယ်။ 



အောက်ကို ပြန်ဆင်းလာ ဆင်စီးပြန်လာတဲ့သူနဲ့ ရေတံခွန်မှာ ရေကူးကြတယ်။  ရေကူးပြီးတာနဲ့ နေ့လည်စာ ထမင်းစားကြတယ်။ ဂိုက်ပြင်ဆင်သယ်ဆောင်လာတဲ့ ထမင်းဟင်းတွေအပြင် ဆိုင်က တခြား ပူပူနွေးနွေး ဟင်းတွေပါ မှာစားလိုက်ကြသေးတယ်။  စားသောက်ပြီးတာနဲ့ နောက်တခေါက် တောင်တက်ခရီး ပြန်ထွက်တယ်။ 

တောင်တက်ခရီးအဆုံးသတ်က ချောင်းစပ်နားမှာပါ။ ဒီချောင်းစပ်ကနေ မနက်က လာတဲ့နေရာကိုစုန်ဆင်းသွားမယ်။ ပြီးတာနဲ့ ဟိုတယ်ကို ပြန်ပို့ဖို့။ လမ်းမှာ စပ်စုရင်း နောက်နေ့မနက်အတွက် ကိုရွှေဂိုက်က သူတာဝန်ယူမယ် ဖြစ်သွားပါလေရော။ နောက်နေ့မှာ မနက်အရုဏ်ဆွမ်းလောင်းမယ် ပြီးတာနဲ့ စက်ဘီးနဲ့ ကိုယ့်ဟာကိုသွားကြမယ်စီစဉ်ထားတာပါ......