ဒီအသက်အရွယ်ရောက်ရင် ချစ်သူတစ်ယောက် ရှိကိုရှိရမယ်လို့ ပညတ်ထားခဲ့ဖူးပါသလား။ ဘေးနားမှာတစ်ယောက်မှမရှိတိုင်း ကျနော်ဟာ ပျော့ညံ့သူ ထုံထိုင်းသူ အသုံးမကျသူတစ်ယောက်ဖြစ်ရရိုးလား။ ဘ၀ဆိုတာကို တစ်ယောက်ထဲမဖြတ်သန်းသင့်ဘူးလို့အကြံပေးတိုင်းကော လက်ခံသင့်ပါသလား။ ခင်ဗျားတို့ မသိတဲ့အရာတစ်ခုက ကျနော်ချစ်သူတစ်ယောက် ကောက်ရဘူးတယ်ဆိုရင်ကော….
သူ့ကို တစ်နေရာမှာ အမှတ်မထင်တွေ့လိုက်တာပါ။ ဟင့်အင်းစသိတုန်းကတော့ နှစ်ယောက်စလုံးမသိလိုက်မသိဘာသာပေါ့။ သူကကျနော့ဆီကို အကြောင်းတစ်ခုကြောင့် ရောက်လာခဲ့တယ်။ ပြီးတော့ပြောသွားသေးတယ် နောက်ထပ်လာခဲ့မယ်တဲ့။ ကျနော်စဉ်းစားတယ် သူနောက်ထပ်လာစရာ အကြောင်းမှမရှိတာ။ သူလာမယ်ဆိုတော့လည်း တားစရာအကြောင်းက ခြေခြေမြစ်မြစ်မရှိပြန်။
နောက်ခြောက်လ မေ့လောက်တဲ့အချိန်တခုမှာသူရောက်လာတယ်။ အရင်လိုပဲ နူးညံ့သိမ်မွေ့မှု အပြည့်နဲ့ပေါ့။ အဲဒီနေ့က ကျနော်တို့ညစာစားအပြီးမှာ စကားစမြည်ပြောရင်း သီချင်းတစ်ပုဒ်ကို သူထဖွင့်တယ်။ သူပြောတယ် သူ့သူငယ်ချင်းပေးထားတဲ့ စန္ဒရားခွေလေး။ တီးလုံးကပဲစွဲဆောင်ခဲ့စေသလား ညနေကပဲမြူဆွယ်ခဲ့စေသလား သူကျနော့ကို ရုတ်တရက်ထနမ်းခဲ့တယ်။ ကျနော့ပယောဂလုံးဝမပါခဲ့ဖူးဆိုတာတော့ ကျနော်လိပ်ပြာသန့်စွာ ငြင်းခဲ့နိုင်ပါတယ်။ ပြင်းပြပူနွေးတဲ့ အနမ်းတွေနောက်မှာ ရမ္မက်တွေက ဆက်တိုက်လိုက်ဖို့ကြိုးစားနေတယ်။ အသက်ရှူမိသလား မရှူမိသလားမစဉ်းစားနိုင်တော့ မောပန်းနေတာတစ်ခုကို ခံစားချက်အသစ်တစ်ခုလို တုန်လှုပ်စွာခံစားနေရတယ်။ ခုချိန်ထိ ပြန်တွေးမိတိုင်းရှက်ရွံ့ပူနွေးစွာ ပါးနှစ်ဖက်က ရဲတက်လာမြဲ။ နားရွက်နှစ်ဖက်နီလာရင် လူတွေက ကျနော်ရှက်နေပြီဆိုတာ သိနိုင်တာပဲနော်။ အရှိန်တက်လာတဲ့ကျနော့ကို သူရုတ်တရက်တွန်းပြီး မဖြစ်နိုင်ဘူးလို့တစ်ခွန်းပြောတယ်။ ပြီးတော့မှ ဧည့်ခန်းကခုံမှာသွားထိုင် နေတယ်။ သူ့မှာအတွေ့အကြုံရှိပုံရပါတယ်။ နောက်ပိုင်းသူ အချိန်တိုင်းပြန်ပြောနေကြက နင်မနမ်းတတ်သေးဘူးတဲ့။ အရာရာမှာ ရှေ့ဆောင်ဖို့ကြိုစားနေတဲ့ကျနော် သူရှေ့မှာ ကလေးတစ်ယောက်လိုဖြစ်နေမိတယ်။ အဲဒီညနေခင်းတစ်ခုမှာ ကျနော်တို့မကြေညာပဲ တရားဝင်ချစ်သူနှစ်ဦးဖြစ်ခဲ့ကြတယ်။
နောက်နေ့ညများစွာမှာတော့ သူနဲ့ကျနော် ရင်ခွင်တစ်လှည့်စီ ခိုဝင်အိပ်စက်မိခဲ့ကြတယ်။ ဘ၀အမောတွေကို ပြန်ပြောဖြစ်ကြရင်းပေါ့။ ဒါပေမယ့် တခါတလေ မနမ်းတတ်တဲ့ကျနော့ကို အနမ်းသင်ပေးတတ်တာကလွဲရင် ရှေ့ဆက်ဖို့သူခွင့်မပြုခဲ့။ သူရဲ့နူးညံ့တဲ့ဆံပင်လေးတွေကို ဆော့ကစားဖို့တော့ သူလှိုက်လျောတတ်ပါတယ်။ ဘာကြောင့်ရယ်မသိ ကျနော့ဟာ သူ့ရှေ့မှောက်မှာ ပီဘိကလေးငယ်လို ဖြစ်နေမိတတ်တယ်။ အချစ်ဆိုတဲ့သင်ခန်းစာကို သူစတင်သင်ကြားချိန်မှာတော့ ကျနော်တော်တော်တုန်လှုပ်ရပြန်ရော။ စ, စချင်းသူပြောတာက “ငါ့မှာ ချစ်သူလက်ရှိ ရှိနေတယ်တဲ့” ကဲ ဘာဆက်လုပ်ကြမလဲ။ သူက နှစ်ယောက်စလုံးကသူ့ကို ချစ်တာလိုလားပါတယ်တဲ့။ လောဘကြီးလိုက်တာများဗျာ။ ဘယ်ယောက်ျားတစ်ယောက်ကများ အဲလို အချစ်ကိုရှယ်ယာခွဲ ချစ်နိုင်မှာတဲ့လဲ။ ကျနော်ဘယ်လောက်ထိ ရှက်ရွံ့နာကျင်ရတယ်ဆိုတာတော့ မပြောပါနဲ့တော့။ မျက်နှာကို လက်နဲ့ဖြတ်ရိုက်လိုက်တာက သက်သာပါအုန်းမယ်။သူကတော့ အေးအေးဆေးဆေးပဲ။ နင်က ငါ့မောင်လေးတစ်ယောက်လိုပါပဲတဲ့။
အဲဒီနောက်မှာတော့ ကျနော်သူ့ကို အဆက်ဖြတ်ဖို့ကြိုးစားကြည့်မိတယ်။ ကျနော့မျက်ရည်တွေကို ကျနော်ရက်မရှည်ချင်တော့ အောင်မြင်တဲ့မျက်နှာပေးနဲ့ လက်ပိုက်စောင့်နေတဲ့ သူ့ရင်ခွင်ကို ပြန်ဝင်ခဲ့ရစမြဲ။ သူဟိုတစ်ယောက်နဲ့ဘယ်အချိန်မှာတွေ့လဲ ဘာတွေလုပ်နေလဲ ကျနော်မတွေးချင်။ တွေးလိုက်တိုင်း ကျနော့ဘယ်ဘက်ရင်အုံက အမြဲနာကျင်ခဲ့မြဲ။ တခါခါနာကျည်းမိတယ်။ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတဲ့မေးခွန်းကို မေးဖို့အားယူရင်း နောက်တွန့်နေမိပြန်ရော။ တကယ်တော့ မပြတ်သားသူဟာကိုယ်ကိုတိုင်ပါပဲလား။
အိပ်မက်ဆိုးညတွေကို ဆက်တိုက်မက်ချင်သူဟာလည်းကိုယ်တိုင်ဖြစ်နေပြန်တယ်။ မတုန်မလှုပ်ပုံမှန် နေတတ်တာက သူပါပဲ။ တကယ်ကို အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်တတ်တာက သူ့ပုံမှန်ထင်ပါတယ်။ အနမ်းတွေကလည်းပုံမှန်လေ။ နမ်းနေရင်း မသတီစိတ်နဲ့ (အဲဒီနှုတ်ခမ်းတစ်စုံဟာ ကိုယ်တစ်ဦးတည်းပိုင်မဟုတ်ဆိုတဲ့ အသိနဲ့) ကျနော်ရပ်တန့်မိတိုင်း သူကမသိချင်ယောင်ဆောင် အိပ်လို့ပျော်နေတတ်ပြန်ရော။ သူလာမအိပ်တဲ့ညတွေကျရင် ကျနော်စိတ်က ဟိုတစ်ယောက်ရင်ခွင်မှာသူရောက်နေပြီလား အခုဆိုသူနမ်းနေပြန်ပြီလားလို့ ပူပန်နေမိပြန်တယ်လေ။ သူကပြောတတ်ပါသေးတယ် "နင်သိပ်တကိုယ်ကောင်းဆန်တယ်" တဲ့လေ။
ကျနော်စိတ်ဆိုးတိုင်းသူလုပ်နေကြ အကျင့်တွေက လမ်းထိပ်က ထမင်းဆိုင်မှာ ထမင်းလိုက်ကျွေးတတ်တာ။ ကျနော်ပုဇွန်ချဉ်သုတ်နဲ့ ဘဲသားပေါင်းကြိုက်တယ်ဆိုတာ သူသိနေတတ်ပြန်တယ်။ ပြီးတော့သူဖွင့်တတ်တဲ့သီချင်းက “ဖြေးဖြေးသတ်ပါ ငါ့ကို ဖြေးဖြေးသတ်ပါငါ့ကို” ဆိုတဲ့သီချင်းကို မအိပ်မချင်းဖွင့်တတ်တယ်။
သူနဲ့ကျနော်က တကယ်တမ်းတော့ဆန့်ကျင်ဘက်တွေ။ ကျနော်စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အချိန်မှာ သူက ဂိမ်းဆော့နေတတ်တာမျိုး။ ကျနော်ကသိပ်ကောင်းတဲ့ကားဆို သူက ဟာသကားလောက်တန်ဖိုးမထားတတ်တာမျိုး။ ကျနော်သိပ်ကြိုက်ပါတဲ့ သီချင်းတွေဆိုရင် သူကနားထောင်လို့မကောင်းတတ်တာမျိုး။ လက်ဘက်ရည်သောက်ရင် ကော်ဖီလိုက်သောက်တတ်တာမျိုးတွေကအစ။
အဲဒီတော့ ချစ်သူတစ်ယောက်ကောက်ရဖူးတယ်ပေါ့ဗျာနော့…………….
အပေါ်ကဓာတ်ပုံလေးက lovinghugs.com ကကူးလာတာပါ။
6 comments:
ပို့စ်ကို စဖတ်တော့ ထုံးစံအတိုင်း ကိုရွာသားလေးကို စချင်စိတ်ကြောင့် ပြုံးစိစိနဲ့ပါ။ ဖတ်လည်းပြီးသွားရော သတိထားမိတော့ မျက်နှာပေါ်မှာ အပြုံးမရှိတော့ဘူး။ စိတ်ထဲမှာလဲ ငိုချင်သလိုလိုနဲ့။ အဲဒီလို ချစ်သူမျိုးကို ဘယ်သူမှ ကောက်မရပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။
သူငယ်ချင်းရွာသားရေ...
ရွာသားရဲ့ အတကယ်အဖြစ်အပျက်လား၊ စိတ်ကူးရင်လားလို့ ဝေခွဲမရအောင် ဆွဲခေါ်သွားတဲ့ ဒီ ၀တ္ထုလေးကို ကြိုက်တယ်ကွာ။
ချစ်ခြင်းဆိုတာက “ချစ်နေသူ”နဲ့ “အချစ်ခံရသူ” နှစ်ဦးနှစ်ဖက် ကျေနပ်နေကြမယ်ဆိုရင် ဒီလို ချစ်သူတယောက် ကောက်ရဖူးလည်း ....
အင်း ...စာအုပ်ထဲက ပညာရှိတွေကပြောကြတယ် ၊၊ နားလည်ရအခက်ဆုံးနဲ့ဝေဖန်ပိုင်းခြားဖို့အခက်ဆုံးအရာ က"အချစ်အကြောင်း"ပါတဲ့ ၊၊ ခံစားရှုမြင်တဲ့ သူတွေအပေါ်ကိုလိုက်ပြီး အမျိုးမျိုးကွဲပြားတတ်လို့ပါတဲ့ ၊၊ ကဲ..ကိုရွှာသားလေးရေ .. ဘယ်လိုမြင်လဲဗျ ....
ကျွန်နော်တော့ ရှောင်ပြေးပီ ၊၊....ဟက် ဟက်
ပျော်ရွှင်ပါစေဗျာ ၊၊
ဆွဲဆောင်မှုရှိတဲ့ပို့စ်လေးပါ။အပြီးထိဖတ်ချင်လောက်အောင်ဆွဲဆောင်သွားနိုင်တယ်နော်...။ရေးတတ်လိုက်တာ။မမရွှေပြည်သူပြောသလိုပဲအဲဒီလိုချစ်သူမျိုးကိုဘယ်သူမှကောက်မရပါစေနဲ့လို့ဆုတောင်းမိတယ်...
အော်.. တွေးကြည့်မှ ရင်ထဲ တဆစ်ဆစ်နာရတဲ့ အဖြစ်။
သူ့အပြစ်၊ ငါ့အပြစ်.. ဘယ်သူ့ အပြစ်မှ မဟုတ်။
ဒီ စာလေးက ရင်ဘတ်ကို ဆွဲ ရမ်း သွားဘီ။ ဖတ်တာ နားအုံးမယ်။
ဆွဲဆောင်မှုကောင်းတဲ့စာလေးပဲ
ဖတ်ရင်းနဲ့  ရွာသားလေးရဲ့ တကယ့်အဖြစ်လေးလား
လို့ တောင်ထင်မိတယ် ပြီးမှ ၀တ္ထုတိုဆိုတာကိုတွေ့ လိုက်တယ် အင်း နူးညံ့စွာ ဖူးပွင့်တဲ့ မြနှင်းဆီတပွင့်ပေါ့ (အခြေတည်ဖြစ်တဲ့ စိတ်ခံစားမှုလေးတခုများ ရှိနေခဲ့လားလို့  စဉ်းစားမိတယ်)
Post a Comment