22 July 2008

ထိုင်ခုံအမှတ် A15, သောကြာနေ့


ထိုင်ခုံလေးတစ်ခုပါပဲ။ သာမာန်ရိုးရိုးလေး။ သေချာတာတစ်ခုက သူ့နံပါတ်က A15။ နောက်ဆုံးခုံတန်းက ခုံတစ်ခုံပေါ့။ သူ့ကိုထာဝရအမှတ်ရစေတာ ဒီလိုဗျ…………

သာမာန်ဘွဲ့ရတဲ့ ကျနော်လိုလူတစ်ယောက်အတွက် နယ်ကနေရန်ကုန်ကိုတက်ပြီး အလုပ်လုပ်ဖို့ တက်လာတဲ့အခါ အခက်အခဲပေါင်းများစွာ။ ပထမက အလုပ်ရဖို့ နောက်တော့ နေရာထိုင်ခင်း ပြီးတော့ အဓိက,က အိမ်ကို ပိုက်ဆံပို့ပေးဖို့သာမက ကိုယ်ကိုတိုင်စားရေးသောက်တာ လောက်ငှရေး။ ပထမတော့အသိအိမ်မှာ ခိုကပ်ပြီး အလုပ်ရှာခဲ့ရတာပါ။ နေစရာပေးတဲ့ အလုပ်ဆိုရင် ဦးစားပေးလျှောက်ထားရန်။ ဒါနဲ့ အလုပ်တစ်ခု ရခဲ့တယ်ဆိုပါတော့။

တနေ့ အဲဒီနေ့ကစလို့ A15 ဟာကျနော့ကို အမြဲစွဲဆောင်ခဲ့တယ်။ အဲဒီနေ့ က Gladiator ပြတဲ့နေ့။ ဒီကားက နာမည်အရမ်းကြီးဆိုပဲ။ ထုံးစံအတိုင်း နိုင်ငံခြားကားတွေဆို အမှုမဲ့အမှတ်မဲ့ပဲနေခဲ့တာပါ။ စကားပြောတာတွေ နားမလည်မှတော့ ဘာတန်ဖိုးရှိမှာလဲနော်။ အဲဒီတော့လျစ်လျူရှုခဲ့တာတွေချည်းပဲ။ အဲဒီနေ့က မမှောင်ခင်မှာပဲ ဖြတ်ကနဲဆို အစ်မတစ်ယောက်ကို တွေ့လိုက်တယ်။ အသက်က သုံးဆယ်ဝန်းကျင်လောက်ထင်ပါတယ်။ သူ့ပုံစံက ကိုယ့်အိမ်ကို အပြင်ကပြန်လာတဲ့ ပုံစံမျိုးလေ။ ကျနော်ဆိုလာတာက ဒီပတ်ဝန်းကျင်ကို သူအကျွမ်းတ၀င်ရှိနေပုံပါ။ သူတည့်တည့်မတ်မတ်သွားထိုင်လိုက်တာက A15 ပါ။

မကြာပါဘူး ဇာတ်ကားစပြတော့လည်း ဇာတ်ဝင်ခန်းတိုင်းကို တစိုက်မတ်မတ် အာရုံအပြည့်စိုက်ပြီး ဟာခနဲ ဟင်ခနဲ အသံတွေထွက်ပြီး သူကြည့်နေတယ်။ ဟာချလိုက်ပါလား မင်းရဲ့နောက်မှာလေဆိုတာမျိုးကိုလည်း သူ့ဆီက ကြားရတတ်သေးတယ်။ အင်းလေ ဟုတ်တာပေါ့ မင်းမလာသင့်ဘူးဆိုတာလည်း သူပါဝင်သရုပ်ဆောင်နေသလိုမျိုး။ ကြည့်ရတာ အင်္ဂလိပ်စာကိုလည်း ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင် နားလည်နေပုံပဲ။

နောက်တစ်ခေါက် ဥရောပရုပ်ရှင်ပြပွဲ ပြင်သစ် ဂျာမနီ အီတလီ အင်္ဂလိပ်ဇာတ်ကားတွေပြတဲ့အချိန်။ ဇာတ်ကားနာမည်ကိုတော့ ကျနော်မမှတ်မိတော့ဘူး အင်္ဂလိပ်ကား အိုင်ယာလန်ဘက်ကဇာတ်လမ်းလေး ကလေးလေးနဲ့ခွေးလေး။ သူအဖေက စစ်ထဲမှာကျသွားတဲ့ဇာတ်လမ်း အတိအကျတော့ မမှတ်မိတော့ဘူး ကြည့်တဲ့လူတိုင်းပြောကြတာက စကားပြောတာနားမလည်ဘူး သိပ်ဝဲတာပဲဆိုတာရယ် အဲဒါကြောင့် အင်္ဂလိပ်ကားကို အောက်ခြေမှာစာတမ်းထိုး ထားပေးတယ်ဆိုတာရယ်ပဲမှတ်မိတော့တယ်။ အဲဒီနေ့ကလည်း A15 မှာအစ်မရယ် ကြည့်နေပြန်တယ်။ နောက်တစ်ကားက ပြင်သစ်ကား ကလေးလေးနဲ့ လေယာဉ်ပျံလေးနဲ့ကား။ ကလေး,လေး နဲ့သူအဖေရဲ့ စိတ္တဇနယ်လွန်ဇာတ်လမ်း အစ်မရယ်လေ နောက်ဆုံးဇာတ်သိမ်း သားအစ်ဖနှစ်ယောက်တွေ့ကြတဲ့အခန်းမှာ ငိုလိုက်တာကျနော်တွေ့မိတယ်။ အဲဒါလည်း A15 မှာပဲ။

နောက်ထပ် နေ့များမှာလည်း အစ်မကို A15မှာတွေ့ရတတ်တယ်။ တွေ့ရတဲ့ ရက်တိုင်းက သောကြာနေ့ရယ် ထိုင်ခုံနံပါတ်က A15 ရယ် ထူးခြားစွာတွဲနေတတ်တယ်။ ဘာကြောင့်မှန်းမသိ အစ်မမလာတဲ့ရက်တွေဆိုရင်လည်း A15 ကိုပဲစောင့်ကြည့်နေမိတတ်တယ်။ ရုံထဲမှာ စကားပြောသံကြားတိုင်း အစ်မများဖြစ်နေမလားဆိုပြီး ရှာမိတတ်ပင်မယ့် အဲဒီနေ့သောကြာနေ့မဟုတ်ရင်ရယ် ပြီးတော့ စကားသံက A15 ကမဟုတ်ဘူးဆိုရင် အစ်မမဟုတ်တာသေချာတယ်လို့ တပ်အပ်ပြောနိုင်လောက်တဲ့အထိ စွဲလမ်းနေတဲ့ တန်းပြကောင်လေးတစ်ယောက်ရှိတယ်ဆိုရင်……..

3 comments:

ကိုရုပ်ဆိုး said...

ရွာသားရေ ... A15 မှာ ငါလည်း ထိုင်ဖူးတယ်နော် .. သောကြာနေ့တော့ မဟုတ်ဘူး။ :)

ရွှေပြည်သူ (ShwePyiThu) said...

အဟွတ် အဟွတ် (ခုတလော ချောင်းကလည်း တော်တော်ကို ဆိုးပါတယ်လေ...း)) အစ်ကိုရုပ်ဆိုး A15 မှာ ထိုင်တာကိုတော့ သတိထားမိမယ် မထင်!

Unknown said...

အစွဲအလန်းလည်း ကြီးတတ်တယ်ပေါ့
ဒီလို စာစုလေးဖြစ်လာဖို့ အတွေးလေးကိုလည်း နှစ်သက်မိတယ် ဖတ်လို့ ကောင်းတဲ့ဝတ္တုတိုလေးပဲ