22 January 2009

လိမ္မော်သီးတွေ ပေါတဲ့ရာသီ

လိမ္မော်သီးတွေတောင်လိုပုံနေပြီ။ အိမ်ကိုသယ်ရတာတောင် မနိုင်မနင်းလေ။ ကျန်ကျောင်းကြွပ်ကြွပ်အိတ်တစ်လုံး တစ်လုံးကို နေ့တိုင်းသယ်နေရတာ။ အိမ်ကလူတွေကလည်း စားလို့တောင်မနိုင်တော့တဲ့ အချိန်။ လိမ္မော်တွေ ပေါတဲ့ ရာသီရောက်ပြန်ပါပကော….

ဘုံရုံမှာ တစ်လလောက်အလိုတည်းက ကျနော်တို့တွေ စလေ့ကျင့်နေကြရပြီလေ။ ဗုံသံတစ်စီစီနဲ့ လက်မောင်းအောင့် တစ်ကိုယ်လုံးနာအောင်ကျင့်ကြရတာ။ လူငယ်တွေဆိုတော့လည်း အပျော်အပါးနဲ့ ကုသိုလ်ရေးမို့ တတပ်တအားပါဝင်ကြတာပါပဲ။ ကျနော်တို့ကလို့ ရလာတဲ့ အလှူငွေနဲ့ ဘုံရုံကိုပြုပြင်ရမှာပါ။ ဘုံရုံမှာ တစ်နှစ်နှစ်စာလာဖတ်ကြတာက မနည်းမနော။ ကျောင်းလခလေး အနည်းအကျဉ်းသာကောက်ခဲ့တာမို့ ကျောင်းပြင်ဖို့က မလောက်ငှ။ နှစ်သစ်ကူးချိန် လာဘ်လာဘ ကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ တရုတ်အိမ်တော်တော်များများက ကျနော်တို့ နဂါးအဖွဲ့ရဲ့ အကကိုကြိုဆိုနေကြ လှူဒါန်းနေကြ။

လူကိုးယောက်ပါတဲ့နဂါးတစ်ကောင်ရဲ့ ကျောရိုးက သိပ်မရှည်လွန်းလှပါဘူး။ ကြီးမားလေးလံလွန်းတဲ့ ဦးခေါင်းကို လေးချင်လေးပါစေ အလှအပတွေမွမ်းမံ မျက်လုံးနှစ်စုံကိုလည်း မီးလုံးတွေနဲ့ အလှဆင်မပျက်။ ဗုံသံနဲ့ အတူ နဂါးကြီးနိုးထလာချိန်ကတော့ သိပ်ကိုကြည့်လို့ကောင်းပြီပဲပေါ့။ ရေလှိုင်းပုံတွေ အခုန်အကျော်တွေ အတိုးအဝှေ့တွေနဲ့ နဂါးတစ်ကောင်ရဲ့ သက်ဝင်မှုကို ပင့်သက်တွေနဲ့ လှုပ်ရှားပေးရတာ တစ်မျိုးတော့ စိတ်လှုပ်ရှားစရာ။ ရွဲဆရာရယ် နဂါးခေါင်းနဲ့ အမြီးရဲ့ တစ်လှည့်စီဦးဆောင်မှုအောက်မှာ စည်းချက်ညီ အလိုက်သင့် ကရတာလေ။ အလိုက်သင့်မဟုတ်လို့ကတော့ နှစ်လက်မ ပတ်လည် အသားတုတ်နဲ့ မျက်နှာနဲ့ မိတ်ဆက်ဖို့ကများနေတော့တာ။ ရွဲဆရာရဲ့ လက်နှစ်ဖက်ကိုလည်း သတိထားကြည့်ရပါသေးတယ်။ နဂါးကြီးရဲ့ ကကြိုးကကွက်တွေကို သူ့လက်ချောင်းတွေနဲ့ အကူးအပြောင်းလုပ်သွားခဲ့တာကိုး။

အပျော်ဆုံးအချိန်ကတော့ ရွဲဖျောက်တဲ့ အချိန်ပါပဲ။ ပျောက်သွားတဲ့ ရွဲလုံးကို တစ်ကိုယ်လုံး ဟိုရမ်းဒီရမ်းနဲ့ လိုက်ရှာရတဲ့ ကကွက်ပါ။ အားလုံးပင်ပန်းပင်မယ့် ဟေး လို့ တညီတညာတည်း အော်လိုက်ရင် တီးနေတဲ့ ဗုံသံနဲ့အတူ သွေးတွေက ဆူပွက်နေမြဲ။ ဘယ်လောက်ပင်ပန်းပါစေ ရွဲဖျောက်ပြီဆိုရင် လူတိုင်း ဝင်ကချင်နေကြပြီ။

နှစ်သစ်ကူးမတိုင်ခင်နှစ်ရက်လောက်တည်းက ကျနော်တို့ရပ်ကွက်ပတ်ပတ်လည် ကနေကြရပြီ။ ကျနော်တို့တွေ စိတ်ဝင်စားကြတာက အိမ်တိုင်းအိမ်တိုင်းက တရုတ်မချောချောလေးတွေရယ် အထုတ်နီနီလေးတွေရယ်ပါ။ အအေးပုလင်းတွေဆိုတာ မသောက်ချင်မှ အဆုံး ချောင်းဆိုးမှကို ရပ်ကြတော့တာ။ ချိုချဉ် ချောကလက်တွေလည်း လက်တွေနဲ့ ဆုပ်ဆုပ်လို့ ယူသွားလိုက်ကြတာ။ ကောင်းနိုးရာရာလေးတွေကို စားမယ်လို့ ခါးစည်းကြိုးမှာ စည်းထားပင်မယ့် မကြာခင်မှာ ပြုတ်ကျသွားတာက ခပ်များများ။ နောက်တော့ လမ်းတစ်လျှောက်က တွေ့သမျှကလေးငယ်တွေကိုပဲ ပြန်ဝေပေးလိုက်ကြတာပါပဲ။

စုစုပေါင်း ကဖြစ်ရင် ခုနှစ်ရက်လောက်ဆက်တိုက် ကပါတယ်။ မြို့ထဲကိုတော့ နှစ်ကူးပြီဆိုမှ ဝင်ပြီပေါ့။ တစ်ခြားနဂါးတစ်ကောင်နဲ့ဖြစ်ဖြစ် ခြင်္သေ့တွေနဲ့ဖြစ်ဖြစ် လမ်းမှာဆုံဖြစ်ရင်လည်း သူနိုင်ကိုယ်နိုင်အပြိုင်ကရတာ မမောနိုင်မပန်းနိုင်။ ကုက္ကိုင်းဘုံကျောင်းမှာကတဲ့နေ့လည်း ပျော်ရွှင်စရာတွေပါပဲ။ ယောကျ်ားလေးချည်း အယောက်သုံးဆယ်ဆိုတော့ တကယ့်ကို ဗရုတ်ဗရက်လည်း နိုင်လှပါတယ်။ ဒါပေမယ့် အမြင့်ကအန်ပေါင်းထုတ်ကို ယူရမယ်ဆိုလည်းလာခဲ့၊ ကျွဲကော်သီးခွဲခိုင်းမယ်ဆိုလည်း လာခဲ့ ဘက်တူရင်လူမရွေးဘူးဆိုတဲ့ လူတွေမို့ တကယ့်ကို အားရစေခဲ့တာပါ။

နေရာသိပ်ကျဉ်းရင်လည်း ကလို့ အဆင်မပြေပါဘူး။ ကကွက်ဖော်တဲ့နေရာမှာ အရမ်းဂရုစိုက်ရပါတယ်။ ပိုင်အိုးနီးယားလို နိုက်ကလပ်ရဲ့ အကကြမ်းပြင်က ကျနော်တို့ နဂါးအတွက် မအပ်စပ်ခဲ့ဘူးလေ။ တော်တော်များများက နိုက်ကလပ်ဆိုတာကို ပထမဆုံးရောက်ဖူးကြတာမို့ မျက်လုံးတော့ အကျယ်သားကလား။ တကယ်တမ်းနင်လားငါလား ကလို့ကောင်းတဲ့နေရာတွေက စံပြလမ်းမကျယ်ကြီးနဲ့ ရွှေသံလွင်ကားဝင်းပေါ့။ ရွဲဖျောက်လို့ ကောင်းမှကောင်း ခဏခဏဖျောက်နေတဲ့ ရွဲဆရာကို မကြာခဏဆဲဆိုနေကြရတော့တာ။

သူတို့တွေလည်းဘာသားတွေမို့လည်း လေးရက်က ငါးရက်ကျော်ရင် လက်တွေက မြှောက်မရချင်။ ခြေထောက်တွေက မကြွချင်တော့။ ဖိနပ်တွေထဲက အရည်ကြည်ဖုထနေတဲ့ ခြေထောက်တွေလည်း ခဏခဏပေါက်နေတာ။ ညတိုင်းလိမ်းတဲ့ဆေးတွေလည်း မနိုင်တော့။ နေ့တိုင်းစားရတဲ့ ထမင်းပေါင်းလည်း မကယ်နိုင်တော့။ ကတဲ့လူတွေပဲလားဆိုတော့ ဗုံတီးတဲ့လူလက်မှာလည်း အရည်ကြည်ဖုနဲ့။ မနက်မိုးလင်းလို့ မျက်နှာသစ်ရင်ကို မနည်းကြွအောင် မ,နေရတဲ့ လက်နှစ်ဖက်နဲ့ တကျွတ်ကျွတ်စုပ်သပ်ရင်း မနက် ၇နာရီအမီဆိုတာကို ကြိုးစားရတော့တာ။

ဒါပေမယ့် ဗုံသံကြားရင်ဖြင့် ဆူပွက်လာတဲ့ သွေးတွေနဲ့အတူ မိမိတာဝန်ကျရာနေရာကို အလိုအလျောက်လှုပ်ရှားကြစမြဲ။ ကနေတုန်းအခိုက်တော့ ဝေဒနာတွေ မေ့နေပြန်ရောလေ။

ဒီနှစ်တော့ ဗုံသံကြားရပြန်ဦးတော့မယ်။ ကျနော့ အဖွဲ့နဲ့များတွေ့ရင်တော့ တစ်ပွဲတစ်လမ်း အကဲတော့ စမ်းလိုက်ချင်သား…………

မနေ့က အိမ်ကိုရောက်လာတဲ့ လိမ္မော်တစ်ခြင်းရယ်၊ ရုံးက လိမ္မော်တစ်ပုံးရယ်က ကျနော့်ရင်ထဲက နဂါးကို လှုပ်နှိုးလိုက်တာမို့။

21 January 2009

မတမ်းတပါနဲ့

ဟိုးကောင်းကင်မှ
မိုးစက်တွေက
ရွာချင်သလိုရွာချတတ်ပါတယ်

တချို့ပက်မယ်
တချို့စင်မယ်
စောင်းချင်တဲ့ဘက်စောင်းမယ်
ဘေးထွက်ချင်လည်း ထွက်ပါလိမ့်မယ်

ဘယ်သူမို့
ဘယ်သို့ဆိုစေ
မရည်ရွယ်တာကြောင့်

တစ်ချက်တစ်ချက်
မိုးပက်တာနှစ်သက်ရင်လည်း
နှစ်သက်မယ်

တစ်ဝက်တစ်ပျက်နဲ့
စိတ်ပျက်ရင်လည်း စိတ်ပျက်မယ်

ဒါပေမယ့်
မိုးရွာနေတုန်းခဏမှာ
မိုးရေတွေနဲ့
တသားတည်းမဖြစ်တောင်
မိုးကောင်းကင်ကို
အပြစ်မတင်လိုက်ပါနဲ့

နောင်အခါ မိုးခေါင်မှ
မိုးပြန်ရွာဖို့ကို
မတမ်းတစေချင်လို့ပါ…..

18 January 2009

စိတ်

ဟူး….

လူတွေများပြောပါတယ်။ ငါးစိမ်းမြင်ရင် ငါးကင်ပစ်သတဲ့။ ချောင်းကိုပစ်ပြီး မြစ်ကိုရှာတတ်ကြတာချည်းပဲ။ မငြင်းနဲ့ သေချာတယ် အားလုံးအတူတူချည်းပဲ။ ကောင်းမိကောင်းရက် အစကတော့ ကျောလေးကိုင် ရင်လေးသပ်နဲ့ နောက်အသုံးမလိုတော့ ပစ်စလက်ခက်ပစ်လိုက်တာများ သံယောဇဉ်တစ်စက်မှ မရှိတဲ့အတိုင်း။ သူနဲ့ဘာမှ မပတ်သတ်ခဲ့ဘူးတဲ့အတိုင်း။ အတိတ်ဆိုတာကို ခပ်လွယ်လွယ် ပြည်ဖုံးကားမချနိုင်တဲ့ ကိုယ့်မှာသာရင်ကွဲပက်လက်…..

စဉ်းစားကြည့်ပါ။ အစကတော့ ကိုင်တွယ်တာကိုက ညင်သာချက်။ ငှက်မွှေးနဲ့ပွတ်နေသလား အောက်မေ့ရတယ်။ စကားပြောရင် ပါးနားကပ်ပြီး ခပ်တိုးတိုးလေးလာလာပြောတတ်တယ်။ တခါတလေဆို အနူးအညံ့လွန်ပြီး ကြားတောင်မကြားလိုက်ရဘူး။ ယုယကြင်နာတာတော့ ပြောမနေနဲ့တော့။ ဘယ်သူမှ လိုက်လို့ကှိုမမှီနိုင်အောင်။ ပထမဆုံးညကဆို သူ့မှာပျော်နေလိုက်တာများ ကိုယ်တိုင်တောင် အပျော်တွေကူးစက်ပြီး တော်တော်နဲ့ မအိပ်နိုင်ခဲ့ဘူး။

ဒါတင်ပဲလားဆိုတော့ ဟုတ်သေးပေါင်ဗျာ။ သွားလေရာလာလေရာလဲ တပူးတွဲတွဲ။ မပါရင်တောင် ခရီးရယ်လို့ဆက်မသွားဖြစ်သည်အထိ နောက်ကြောင်းပြန်လှည့် ခေါ်တတ်တာ။ ပြီးတော့ လူရှေ့သူရှေ့ဆို ဂုဏ်ယူဝင့်ကြွားစွာ လက်တွဲပြတတ်သေးတာ။ မမြင်သွားဘူးဆိုရင်တောင် မြင်ရတဲ့အထိ လှည့်ပြီးကို ပြတတ်တာလေ။

ဦးစားပေးဆိုလည်း ထိပ်ဆုံးက။ သူ့အပြင် ဒီ့ပြင်မရှိစေရ။ မျက်နှာတော်တစ်ချက်မညှိုးအောင် ထားတာပါ။ တစ်နေကုန်သူ့အနားမှာပဲနေ။ သူပြောသမျှနားထောင် သူခိုင်းသမျှကို လုပ်ပေးခဲ့တာ။ ထမင်းစားရင်တောင် နောက်ဆံတငင်ငင်နဲ့မို့ အစာအိမ်ဖြစ်မယ် ထမင်းကောင်းကောင်းစားပါဟဲ့လို့ သတိပေးနေရတာ။ ညအိပ်ရင်လည်း လက်ကလေးကိုင်လိုက် ခြေထောက်လေးကိုင်လိုက်နဲ့ ပိုးမွေးသလို မွေးနေတော့တာကိုး။ မိုးလင်းရင်လည်း ပထမဆုံးမြင်လိုက်ရမှ။

မကြာပါဘူး မကြာပါဘူး တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ၊ ကြာလာတာနဲ့ အမျှ မင်းသားခေါင်းဆောင်းအောက်က မူရင်းကပေါ်လာတော့တာကိုး။ ဆီလိုအပေါက်ရှာ အပြစ်မြင်လာတော့တာပါပဲ။ အနားကပ်ပြန်ရင်လည်း ပူတယ်ဖြစ်ပြန်ရော။ စကားတွေအရင်လို ပြောပြန်တော့လည်း နားညည်းပြန်သတဲ့။ အလုပ်ကပင်ပန်းရတဲ့ အထဲ အနှောင့်အယှက်ကလည်း ပေးသေးတယ်ဆိုပဲ။

ယုယုယယကိုင်တွယ်ဖို့နေနေသာသာ တွန်းဖယ်ပြီးတော့ကို နေတော့တာ။ ခေါ်လို့များ ထူးသံကို ကြည့်ပါဦး ဘာတုန်းတဲ့။ မေ့ချင်လည်းမေ့ ထားချင်တဲ့နေရာမှာ ဖြစ်သလိုကို ထားခဲ့တော့တာ။ ကျီးထိုးထိုး ခွေးစားစားဆိုပါတော့။ သူ့ဘက်ကအသုံးမလိုမချင်းလေ။

ညအိပ်တော့လည်း ဝေးဝေးမှာနေတဲ့။ ဖြစ်နိုင်ရင်အသံမထွက်နဲ့ မလှုပ်နဲ့ဆိုပဲ။ အသံလေးများထွက်လိုက်ရင် အိပ်ရေးပျက်တယ်ကွာ အလုပ်ရှုပ်လိုက်တာဆိုပြီး အော်ညည်းတတ်သေးတာ။ အားမနာပါးမနာနော်။

သူများကို လက်တွဲပြဖို့နေနေသာသာ အိမ်ထဲကအိမ်ပြင်ကို မထွက်ရတာ။ အလုပ်လုပ်ချိန်လေးတောင် မတတ်နိုင်လွန်းလို့သာ လူရှေ့က ဖြတ်ခွင့်ရတာ။ ပြီးရင်မာန်မဲတာခံရမလားမသိဘူး။ အလိုက်ကန်းဆိုးမသိဘူးဆိုပြီးလေ။

အမှားများလုပ်မိလို့ကတော့ မျက်နှာညိုပုပ်ပြီး ဆောင့်အောင့်တော့တာပါပဲ။ ဒါလေးတောင်မှားရသလား ဒါလောက်တောင်မသိဘူးလား မလုပ်ပေးနိုင်ရကောင်းလားဆိုပြီးလေ။ ငှက်မွှေးကနေ ကျားလျှာအကူးအပြောင်းက တကယ့်ကို ခံရခက်လွန်းပါတယ်။

နောက်တော့ သူကပဲ စကားစပြောလာတယ်။ လမ်းခွဲကြရအောင်တဲ့။ ကဲဘယ်လိုလုပ်မလဲ မကြည်ဖြူတော့ပါဘူးဆိုတဲ့ သူနဲ့ ဘယ်လိုဆက်နေရမှာလဲ။ သူ့နှလုံးသားမှာမှ မရှိနိုင်တော့တာ။ ဖက်တွယ်ထားလို့လဲ အပိုပါပဲလေ။ သူကပြောသေးတယ်။ စိတ်မပူပါနဲ့တဲ့ မင်းအတွက်ကောင်းမယ်ထင်တာလေး ငါစီစဉ်ပေးလိုက်မှာပါတဲ့။ တစ်ဝမ်းတစ်ခါးလှဖို့ မင်းမပူပင်ရအောင်တဲ့။

ရက်ရက်စက်စက် သူများနောက်ကို ထည့်ရက်လိုက်တာ။ သူမလိုတော့ဘူးဆိုရင်တောင် သူ့အနားမှာ အရိပ်လေးပဲမြင်ရမြင်ရ အသံလေးပဲကြားရကြားရ ရနံ့လေးပဲရှူရရှူရ ရသေ့စိတ်ဖြေလေးတော့ နေမဟဲ့ဆိုပြီးအားခဲထားမိတာ။ အခုတော့ ငါစီစဉ်တဲ့အတိုင်းလိုက်သွားလိုက်ပါတဲ့။ ကောင်းစေချင်လို့စီစဉ်တာပါဆိုတော့ ဘယ်လိုငြင်းရတော့မလဲ။ ချည်ပြီးတုပ်ပြီးဖြစ်နေပြီလေ။

အခုလည်း နောက်တစ်ယောက်က သူနဲ့စတွေ့တုန်းကလိုညင်သာတဲ့ အကြင်နာတွေနဲ့ ကယုကယလုပ်နေပြန်ပြီ။ ဘယ်နေ့မှာတော့ အချစ်တွေမမြင်ပဲ အပြစ်တွေဝင်မလဲဆိုတာ စိုးထိတ်နဲ့တိုးတိတ်ကြောက်လန့်နေရတော့တာ…..


Sony Ericsson မှသည် Nokia အကူးအပြောင်းအမှတ်တရ

17 January 2009

တောင်ပံနှစ်ဖက်ရဲ့ ပျံသန်းခြင်း

အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ။ ပေးဆပ်ခြင်း ရယူခြင်း အိုး ပြောမကုန်နိုင်တဲ့ ဖွဲ့ဆိုခြင်းတွေအောက်မှာ အချစ်ဆိုတဲ့အရာကိုယ်တိုင်ကော သူ့ကိုယ်သူ သိရှိနိုင်ရဲ့လား။

ငြိမ်း

ငြိမ်းရဲ့ ဘ၀မှာ အလိုအပ်ဆုံးအရာဟာ ဘ၀အတွက်အောင်မြင်မှုတစ်ခုလို့ ငြိမ်းယူဆခဲ့တယ်။ တစ်ချို့အရာတွေအတွက် ငြိမ်းမှားကောင်းမှားလိမ့်မယ်။ ထိုက်တန်တဲ့အကျိုးအပြစ်တွေ ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ငြိမ်းပျော်ပါတယ်……………

မင်းညို

ကျနော့အတွက်တော့ တစ်ဘ၀လုံးစာ သူ့ကိုချစ်ခဲ့တာ။ သူလိုအပ်မယ်ထင်တဲ့ အရာတွေ အားလုံးအတွက် ကျနော်ကြိုးစားခဲ့တာ။ တကယ်တမ်းကျနော် သတိလွတ်သွားမိတာက သူလိုအပ်နေတဲ့ အချိန်မှာ သူ့ဘေးနား ကျနော်ရှိမနေခဲ့တာပါ………

တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံတွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။ စုံခတ်ပြီဆိုရင်ဖြင့် ဆုံနိုင်ခွင့်တွေနည်းခဲ့ပြီဆိုတာ သိပ်သေချာနေပြီလေ။

ဒီပတ်ဝန်းကျင်မှာ ငြိမ်းနဲ့မင်းညိုဆိုရင် မသိသူမရှိသလောက်ပါပဲ။ သီရေတာတွေ တစ်လျှောက် ပေါက်နေတဲ့ မြက်ပင်လေးတွေကိုတောင် မေးကြည့်လို့ရနိုင်ကောင်းတယ်။ သစ်ပင်တွေအားလုံးက ပြုံးကြည့်နေကြရတဲ့ ဒီနှစ်ယောက်ကို တစ်ကျောင်းလုံးကလည်း သိနိုင်ပါတယ်။ သိပ်ချစ်ကြတယ်လို့ အများကသတ်မှတ်ကြတယ်ဆိုတဲ့ သီချင်းက သူတို့အတွက်များလေလား။

နောက်ဆုံးနှစ်ပြီးပြီဆိုတော့ ဘ၀ဆိုတဲ့ ဇာတ်ခုံမှာ အလျင်းသင့်သလို ၀င်ရပြီပေါ့။ ဇာတ်ဆရာရယ်မင်းအလိုကျ ဖြူဖြူကျော်သိန်းဆိုသလို တောင်ပံနှစ်ဖက်နဲ့ပေါ့။

နှစ်ယောက်တစ်ဘ၀တည်ဆောက်ဖို့အတွက် မင်းညိုဆိုတဲ့ ကောင်လေးတစ်ယောက် ဟိုးအဝေးမှာ စီးပွားရှာထွက်ခဲ့တယ်။ ငြိမ်းဘ၀ကို လှပစွာတည်ဆောက်ပေးချင်တယ်တဲ့လေ။ ဝေးလံတဲ့အရပ်ဒေသမှာ မိဘအတွက် ငြိမ်းအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရာအားလုံးကို မင်းညိုကျော်ဖြတ်ခဲ့တယ်။ ငြိမ်းရယ် ပင်ပန်းတယ်ဆိုပေမယ့် ရှေ့ရေးဆိုတဲ့ အိပ်မက်နဲ့ ကိုယ်အရာရာကို ကျော်ဖြတ်နိုင်ခဲ့တယ်တဲ့လေ။ ရပ်ဝေးဒေသရဲ့ အခက်အခဲကြမ်းတမ်းမှုတွေအားလုံးကို ခါးစည်းကြိတ်မှိတ်လို့လေ။

ငြိမ်းဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးအတွက် နောက်ထပ် ပညာတွေဆက်သင်ကြားခွင့်ရလိုက်တယ်တဲ့လေ။ ဖြစ်နိုင်ရင် မင်းညိုဆိုတဲ့ ကောင်လေးနဲ့ တစ်နေရာထဲမှာ နေချင်လိုက်တာလို့ တဖွဖွပြောနေပင်မယ့် တစ်ချို့အရာတွေက ရွေးချယ်ခွင့်မရှိဘူးလေ။

ဘ၀ဆိုတဲ့အရာကို အလျားလိုက်ဖြတ်သန်းသင့်သလား ဒေါင်လိုက်ဖြတ်သန်းသင့်သလား ဘယ်လိုသိနိုင်မလဲ။ ကြုံရာကျရာ ပေါ့။ ငိုဆိုငို ရယ်ဆိုရယ်….

ကျောင်းတက်ရပြီဆိုတော့ ကျောင်းရဲ့ ဗာဟီရတွေနဲ့ ရှုပ်ယှက်ခက်နေခဲ့ပြီပေါ့။ စာမေးပွဲ အကြီးအငယ်တွေနဲ့ အနားနားမှာ ပတ်ချာလည် လို့။ ရွာစားတစ်ယောက်လို ဗုံတွေပတ်လည်ဝိုင်းနေတဲ့ ပုံစံမျိုးပါ။ ဘယ်အပိုင်းကို စတီးရမှာပါလိမ့်။ နေရာဒေသ အကျွမ်းဝင်ဖို့ ဘာသာစကား အခက်အခဲ ကျောင်းစာတွေရဲ့ နက်နဲမှု။ ငြိမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် တကယ့်ကို စွန့်စားခန်းကြီးလို။

တကယ်တမ်း ဒီခြေလှမ်းကို လှမ်းတော့ သမရိုးကျခြေလှမ်းလေးလို့ပဲ အများကသတ်မှတ်ကြတာ။ လိုအပ်လို့လဲ လှမ်းခဲ့တာပါလေ။ မလှမ်းလို့မဖြစ်တဲ့ အခြေအနေမို့ပါ။ နောက်တော့ ကိုယ်လှမ်းမိတဲ့ ခြေလှမ်းတွေ နောက်က ခြေရာတွေကို ပြန်မကောက်ခဲ့မိဘူး။ ခြေထောက်မှာ ဗွက်တွေစင်မှ သတိထားမိတယ်။ ရွှံ့ဗွက်ထဲကို လျှောက်နေမိပါပကောလား။ နောက်ပြန်လှည့်မယ်ဆိုတော့ အလယ်တည့်တည့်ရောက် နေမိပြန်တယ်။

မင်းညိုကြားနေရတယ်။ ငြိမ်းရယ် ခြေလှမ်းတွေ ပျက်နေသတဲ့။ ရင်တွေ ဆယ်နေလိုပူပင်မယ့် ငြိမ်းကို ယုံကြည်တယ် စိတ်ချတယ်လို့ ပြောရင်း အားတင်းမိတယ်။ တစ်ယောက်နဲ့တစ်ယောက် တည်ဆောက်လာကြတဲ့ နားလည်မှုဆိုတာ ကာလတိုမျိုးမှမဟုတ်ခဲ့တာ။

ငြိမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်ရမလဲ။ ပတ်ဝန်းကျင်က စကားတင်းဆိုကြတယ်။ ဘေးနားက မေးငေါ့ကြတယ်။ မိန်းမငယ်တစ်ယောက်အတွက် အထူးသဖြင့် သူ့ဘ၀ကို အဝေးကနေကြည့်ပြီး ဝေဖန်မယ့်လူတွေအတွက် ဘယ်လိုဖြေရှင်းရမလဲ။ ကိုယ့်ဝမ်းနာကိုယ်သာသိတယ်မဟုတ်ပါလား။ မင်းညိုရေ ငြိမ်း…စိတ်ညစ်နေပြီ…

ငြိမ်း ဒီစာကိုရေးဖို့ ချီတုံချတုံ ဖြစ်နေရတယ်။ စာရွက်ကို ဖြန့်လိုက် ဖောင်တိန်ကို ရမ်းလိုက်နဲ့ တမနက်ခင်းလုံးကုန်နေခဲ့ပြီ။ စာရွက်ကိုင်လိုက်တိုင်း သိသာစေတဲ့ လက်နှစ်ဖက်ရဲ့ တုန်ခါမှုအောက်မှာ နှလုံးသားလည်း ဆတ်ဆတ်ခါနေခဲ့တာပါ။

သို့/

မင်းညို

ဒီစာကိုလွယ်လင့်တကူရေးထွက်ရက်တယ်လို့ အပြစ်မဆိုပါနဲ့နော်။ ဒီကသတင်းတွေကို နင်လည်းကြားမှာပါ။ ငါမငြင်းရဲသလို ဖြေရှင်းချက်လည်း မပေးပါရစေနဲ့တော့။ ဖြစ်နိုင်ရင် ငါ့ကို နင့်ဘ၀ထဲက ထွက်ခွင့်ပေးလိုက်ပါတော့။

ငြိမ်း


ဒီစာကိုဖတ်ရမယ်လို့ မျှော်လင့်ထားခဲ့ပြီးသားပါ။ တစ်နေ့နေ့တော့ ဒီလိုဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ပေါ့။ ငြိမ်း….ငါနင့်ကို အပြစ်မတင်ရက်ပါဘူး။ အရာအားလုံးကို ငါလက်ခံလိုက်ပါပြီ။ လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာကိုး။



တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံတွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။ စုံခတ်ပြီဆိုရင်ဖြင့် ဆုံနိုင်ခွင့်တွေနည်းခဲ့ပြီဆိုတာ သိပ်သေချာနေပြီလေ။


ဒီဇာတ်လမ်းလေးက ပုံမှန်ဇာတ်လမ်းလေးပါ။ အပြင်မှာတကယ်ဖြစ်ပျက်မှုအများဆုံးပေါ့။ ကာယကံရှင်တွေကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား ဆိုတာ ကန့်လန့်ကာနောက်ကွယ်ကနေမှသာ သိမြင်နိုင်တာပါ။ တစ်ဖက်တည်းကြည့်ပြီး အမှားအမှန်ကို မဆုံးဖြတ်ကြစေချင်ဘူး။ တကယ့်ကို နားလည်မှုကြီးစွာနဲ့ ပွင့်လင်းရိုးသားစွာ ဆွေးနွေးခဲ့ရင်ကော။ ခတ်နေတဲ့ တောင်ပံတွေ ဆုံနိုင်ခွင့် ရှိပါစေလို့သာ ဆန္ဒပြုနေမိတော့တာ…..

16 January 2009

မြို့တစ်မြို့ အလွမ်း

အဲဒီမြို့လေးက ကျနော့မြို့လေးမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီမြို့လေးကို ကျနော်ချစ်ခဲ့တယ်။ မြို့ကလေးကိုယ်တိုင်ကိုက ချစ်စရာကောင်းနေခဲ့တာ။ တကယ်…

အဲဒီမြို့လေးကို အမှတ်ထင်ထင်ရှိသွားတာ ကိုးတန်းအောင် ဆယ်တန်းမတက်ခင်ပေါ့။ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို အိမ်ပြန်ပို့ရင်းနဲ့ ဒီမြို့လေး ကျနော့်ရင်ဘတ်ထဲ တိတ်တိတ်လေး ၀င်နေခဲ့တာ။ မြို့အ၀င်လေးမှာ ဘုရားလေးတစ်ဆူရှိတယ်။ ဘုရားအောက်ခြေနားက စက်ကန်တွေကလည်း လွမ်းဆွတ်ဖွယ်။ ဒီဘုရားလေးနဲ့ ဒီစက်ကန်တွေမှာ ပုံပြင်တွေရှိတယ်လေ။ ဘုရားလေးပေါ်ကနေ ရှုခင်းတွေကို မျှော်ကြည့်မိရင်း နာမည်ကျော်ကြားလှတဲ့ အဲဒီချစ်ဇာတ်လမ်းကို စိတ်ကူးယဉ်ကြည့်မိတတ်တယ်။

လမ်းကလေးတွေကလည်း တကယ့်ကို မြတ်နိုးဖွယ်။ သစ်ပင်သစ်ရွက်တွေနဲ့ ဝေလွင်နေလေရဲ့။ ကျနော်ကြိုက်နှစ်သက်တဲ့ ပထမဆုံးဖတ်ဖူးခဲ့တဲ့ ၀တ္ထုစာအုပ်ထဲက မြို့လေးကို အပြင်မှာ ရင်းရင်းနှီးနှီးတွေ့လိုက်ရတာလေ။ ရွက်ကြွေတွေ တွေ့တိုင်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ ကျနော့အနားရောက်လာသလို ခံစားရတတ်တယ်။ ဒါပေမယ့် ရွက်ဝါကြွေတွေကို ဖယောင်းတိုက်ပြီး ကျနော်မသိမ်းခဲ့ပါဘူး။

ကျနော်တို့နေတဲ့ ရေနံဝင်းထဲက အထွက်ပေါက်မှာ နေ့လည်တိုင်း ငှက်ပျောသီးကောက်ညှင်းထုတ်သွားစားရတာကိုလည်း ကျနော်ကြိုက်ပါတယ်။ ရေနံဝင်းထဲက အိမ်ကြီးတွေကလည်း ပုံပြင်ထဲက အိမ်ကြီးတွေလို ရှိနေတတ်တယ်။ အခန်းတွေ အများကြီး ဖွဲ့စည်းမထားတဲ့ အိမ်အကြီးကြီးတွေနဲ့ အိမ်ဝန်းကျင်က စားပင်သစ်ပင်တွေက တကယ့်ကိုလိုက်ဖက်နေပြန်တယ်။ ဒီပတ်ဝန်းကျင်ကို ပြောင်းဖို့ ဖေ့ကို ပြောတိုင်း အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားရတတ်တယ်။ ဒီမြို့လေးက ကျနော်နဲ့ အဝေးမှာပဲနေချင်ဟန် တူပါရဲ့။

သူငယ်ချင်းက ဆယ်တန်းအတွက် ကျူရှင်တွေတက်နေတဲ့ အချိန်မှာ ကျနော်က ခက်ဆစ်လေးတွေ ကျက်ရင်း မြို့လေးနဲ့ ရင်းနှီးဖို့ ကြိုးစားမိတယ်။ သူမနက်စောစော သွားရတဲ့ အချိန်တိုင်း မြို့လေးက လမ်းတွေကို လမ်းလျှောက်ရင်းပေါ့။ ဆယ်တန်းမှာ မက်တဲ့ အိပ်မက်ထဲမှာ ဒီမြို့လေးလည်း ပါနေတတ်တယ်လေ။ အိပ်မက်ဆိုတာ မပီပြင်ဝိုးတ၀ါးပါပဲ။

ညနေဖက် သူငယ်ချင်းကျူရှင်က ပြန်လာရင် ကျနော်တို့နှစ်ယောက် စက်ဘီးတစ်စင်းနဲ့ ပတ်နေမိပြန်ရော။ လမ်းထိပ်က ရေခဲသုပ်ရယ် ကြံရည်ရယ်တစ်လှည့်စီ နဲ့ မြို့ကလေးက အချောအလှတွေကို ငေးရင်း သံစဉ်တွေ တိုးတိတ်ဖွဲ့ဆိုတတ်တယ်။ အပြန်လမ်းကတော့ ပြန်နေကြ ကောင်စီလမ်းကပဲပေါ့။ ကောင်စီလမ်းထဲမှာ ကျနော့သူငယ်ချင်းရဲ့ နှလုံးသားရှိတယ်ဆိုပဲ။ တစ်ခါမှ မတွေ့ရတတ်ပင်မယ့် တစ်ရက်မှ လမ်းထဲက ဖြတ်ပြန်ဖို့ကို မပျက်ကွက်ခဲ့ဘူးလေ။

ဆယ်တန်းတက်ဖို့အချိန်ကျလာတော့ ခဏတဖြုတ်သွားခဲ့တဲ့ မြို့လေးကနေ ကျနော်ခွဲခွာလာရတယ်။ ဧည့်သည်ဆိုတော့ အချိန်တန်ရင် ပြန်ရပြီပေါ့။

နောက်ပိုင်းကာလတွေမှာ မကြာခဏ မြို့ကလေးဆီကို ရောက်ဖြစ်တယ်။ အရင်လို ရက်ကြာရှည်နေဖို့ တစ်ခါမှ မကြုံခဲ့ဘူး။ အခေါက်တိုင်း သုတ်သီးသုတ်ပြာနဲ့ ပြန်ခဲ့တာချည်းပဲ။ တခါတလေလည်း မိုးကြီးချုပ်မှ အစ်ကို့ကို ဂျီကျပြီးလိုက်ပို့ခိုင်းတတ်တယ်။ တစ်ညသား ကားပျက်ပြီး လမ်းတ၀က်နေ ကားကြုံနဲ့ အိမ်ကို ပြန်ခဲ့ရဖူးတယ်။

မြို့ကလေးက ကျနော့ဇာတိမြို့လေးလည်း မဟုတ်ပါဘဲ ဘယ့်နဲ့ကြောင့် စိတ်ထဲစွဲနေရတာပါလိမ့်။ ပဉ္စလက်ဆန်တဲ့ အတတ်တွေနဲ့ များ ဖမ်းစားထားလေသလား။ တစ်ခုခုတော့ ဆက်စပ်နေမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမြို့လေးကို ယနေ့ထက်ထိ ကျနော်မေ့လို့မရသေးလို့ပါ………………………

15 January 2009

ချစ်ခြင်းစေရာ

စွန်းချင်စွန်း
ပေချင်ပေ
မင်းပါးက
သနပ်ခါးတွေ
ငါ့ပုခုံးထက်ကနေ
နှလုံးသားထိ
စွန်းထင်းပစေ

မျောချင်မျော
လွင့်ချင်လွင့်
အပြစ်ကင်းတဲ့
ချစ်ခြင်းတွေ
ငါ့ဘေးနားကနေ
အသွေးအသားထိ
စီးဆင်းပစေ

ဒီခရီး

တကယ်တမ်းက နှစ်နာရီခွဲသာသာ ခရီးလေး။ ခဏတာဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဒီခရီးက ပြီးသွားနိုင်တာ။ ဒါပေမယ့် ဒီခရီးအတွက် စခဲ့တာ လွန်ခဲ့တဲ့ နှစ်လ နိုဝင်ဘာထဲက။ ဒါပေမယ့် အခုအချိန်အထိ မပြီးနိုင်မစီးနိုင်ရှိနေတုန်း။

လေယာဉ်လက်မှတ် ၀ယ်ရခက်တယ်ဆိုလို့ နိုဝင်ဘာထဲက ဆိုင်တွေကို ဖုံးဆက်။ တော်တော်နဲ့မရဘူးလေ။ Booking တင်ရုံနဲ့ မရနိုင်ဘူးတဲ့ ပိုက်ဆံသွင်းပေးပါဆိုတော့ ကဲ လာလေရော့ပေါ့။ နောက်တစ်ရက်ကျတော့ တင်ထားတဲ့ နှစ်ရက်လုံးကျပါပြီ လက်မှတ်လာထုတ်ပါတဲ့။ မြန်သားကလား။ အင်းငွေမျက်နှာတော်တော်ကြီးတာကိုး။ စောနေတဲ့ တစ်ရက်ကို ပြန်ဖျက်လိုက်မိတယ်။ အခုတော့ပြန်လိုချင်နေပြန်ရော။ ရတုန်းက မယူထားမိတာ နာလိုက်တာဗျာ။ နို့မို့ဆို တစ်ရက်စောပြီး ပြန်ရောက်နေမှာ။ ပေးလိုက်ရတဲ့ ပိုက်ဆံက မနည်းပေမယ့် ပြန်ရလိုက်တာက တကယ့် စာရွက်အပိုင်းလေးရယ်ပါ။ ပျောက်သွားရင် ပြန်ထုတ်ပေးဦးမတဲ့။ E ticket ဆိုသကိုး အဲ့လို။

လေယာဉ်လက်မှတ်ပြီးပြန်တော့ ဟိုက ဒီက မှာတဲ့ ဟိုတစ်စ ဒီတစ်စ အတိုအထွာလေးတွေ။ ကိုယ့်ဘာသာလည်း ကောင်းနိုးရာရာ အသုံးတည့်မယ်ထင်တာလေးတွေ ဘယ်သူ့အတွက် ဘယ်ဝါ့အတွက် ဆိုပြီးဝယ်နေမိပြန်ရော။ ဒီမနက် ဖုံးဆက်တဲ့အထိကို မှာကြတုန်း။

ပြီးတော့ ပေးစရာရှိလေတဲ့ အခွန်အခများ ပေးဆောင်ခြင်း။ မရှိမဲ့ ရှိမဲ့လေးတွေခြစ်ခြုပ်ပြီး ပေးစရာရှိတာပေးပေါ့လေ။ အလုပ်ထဲက အသိတစ်ယောက်ပြောသလို ၀င်တာက တစ်ခါတည်း ထွက်တာက သိပ်များတာပဲဆိုသလို။ အင်း…ဟုတ်တော့လည်း ဟုတ်သား လခထုတ်ပြီး အားလုံးနှုတ်လိုက်ရင် လက်ကျန်က မရှိတော့။ ယူထားမိတဲ့ အကြွေးတွေက အကြွေးပူမဟုတ်လို့ တော်ပါသေးရဲ့။ မဆပ်နိုင်ရင်တော့ နောင်ဘ၀မှပဲ ဆပ်တော့မယ်လို့ ပြောရတော့မှာပါပဲ။

ဟိုက သူငယ်ချင်းတွေကလည်း ဘယ်လိုလဲ အိမ်တန်းပြန်မယ်ဆိုလို့ စိတ်မကောင်းကြဘူး။ သူတို့အတွက် အချိန်ပေးစေချင်ကြတယ်။ ခရီးတို ခရီးရှည်များလဲ သူတို့နဲ့ ထွက်စေချင်တယ် ထင်ပါရဲ့။ Platform ပေါ်က သူငယ်ချင်းကလည်း IC ပွဲရှိတယ် သွားကြည့်မယ်ဆိုပြီး လှမ်းချိန်းနေပြန်သေး။ မကြည့်ရတာလည်း ကြာတော့ ကြည့်တော့ကြည့်ချင်သား အရင်က ဗေထိဆို ရှေ့ကဖြစ်နေကြလေ။

ဖေက ခွင့်မရလေတော့ အလုပ်ကိုတန်းပြန်ရဦးမယ်။ မိသားစုတွေ့ဆုံပွဲနဲ့အတူ ခရီးရှည်ကြီးတစ်ခု ထွက်ဖို့ စီစဉ်ထားကြလေရဲ့။ မွေးရပ်မြေကိုလည်း တစ်ခေါက်လောက်တော့ ရောက်ဖြစ်အောင် ပြန်ချင်သေးတယ်။ အဖွားဆုံးပြီးကတည်းက ပြန်မရောက်တော့တာ နှစ်ကာလ ကြာရှည်ခဲ့ပြီ။ ပျက်စီးနေတဲ့ ဘိုးဘွားတွေဆောက်ထားတဲ့ အိမ်ကိုလည်း မကြည့်ချင်တော့တာပါလိမ့်မယ် ထင်တယ်။ ပြန်ပြင်ပေးချင်တယ်ဆိုပေမယ့် ဒီခေတ်ကြီးထဲမှာ လွယ်တာမှမဟုတ်တာ။ စိတ်ထဲမှာပဲတေးထားရတာလေ။ ဥုံဖွလို့ လုပ်လို့ရရင်လည်း ကောင်းမိကောင်းရဲ့။

ဖြစ်နိုင်ရင် အကုန်လုံးနဲ့ ပြန်ဆုံချင်မိတယ်။ တစ်နှစ်ခွဲကျော်ပြီဆိုတော့ တစ်နှစ်ခွဲစာ စကားတွေပြောဖို့ ရှိနေရင်ရှိနေမှာလေ။ တစ်ချို့ဆို အဲဒီတစ်နှစ်ခွဲအတွင်းမှာ ပျောက်ကွယ်သွားကြပြီ။ ဖြစ်ပျက်တွေက သိပ်များတော့ up-to-date လုပ်ရဦးမှာ။ ကိုယ်တိုင်လည်း ဘယ်တော့ ပျောက်ကွယ်မလဲမှ မသိနိုင်တာ။

ယူစရာ၊ သယ်စရာရှိတဲ့ စာရွက်စာတမ်းကနေ စပြီး လုပ်စရာရှိတာတွေကို လုပ်ရဦးမယ်။ မပြီးသတ်ခဲ့တဲ့ အလုပ်တွေကိုလည်း ပြတ်အောင် လုပ်ရမယ်။ မှာစရာတွေ မှာရဦးမယ်။ လွှဲစရာရှိတာတွေ လွှဲဖို့ ပြင်ဆင်ရသေးတယ်။

ပြီးတော့ ဒီဘလော့လေး။ အရိပ်တကြည့်ကြည့် တမြတ်တနိုးနဲ့ စက္ကန့်တိုင်း နာရီတိုင်းလောက် စောင့်ကြည့်နေမိတဲ့ ဒီဘလော့လေး ကျနော့ ရင်လှိုက်ပိုးလေးလေ။ ဘယ်လိုထားခဲ့ရမလဲ။ ဟိုမှာတော့ ပြန်ဖွင့်လို့ရပြီဆိုပါတယ်။ ဒါပေမယ့် ကွန်ယက်တွေနဲ့ ဝေးလံလွန်းတဲ့ ကျနော့ရွာလေးမှာ ဘလော့ဂင်းလို့ ဘယ်ရမှာလဲ။ ကျနော်စာတွေရေးနေတယ်လို့ ပြောရင်တောင် ဖေနဲ့မေက ရီကြမှာ။ သူတို့ကို ဘယ်လိုရှင်းပြရမလဲတောင်မသိ။ သူတို့အကြောင်းတွေ ဒီလိုရေးနေတာသိရင် လက်ခံပါ့မလား။

တစ်နာရီခွဲနဲ့ ပြီးဆုံးသွားမယ့် ဒီခရီးလေးကို ရက်ပေါင်းများစွာကြာသည် အထိ ညတာတွေရှည် အိပ်မက်တွေများနေမိတာ။ တကယ်တမ်းတော့ တကယ့်ကို ခဏလေးပါ ခဏတာလေးပါ…………

14 January 2009

အလောင်းတော်ကဿပခရီး

ခရီးသွားတဲ့ အကြောင်းကို မရေးဖြစ်တာကြာပါပြီ။ ခရီးတွေ သွားဖို့စီစဉ်ရင်း အမှတ်တရ ခရီးစဉ် တစ်ခုကို ပြန်တွေးမိပြန်ရော။ မရွယ်ဘဲစော်ကဲမင်းဖြစ်သလို မစီစဉ်ပါဘဲ သွားဖြစ်ခဲ့တဲ့ ခရီးစဉ်တစ်ခု ပြီးတော့ တကယ်ဗရုတ်ဗရက်နဲ့ ကြုံခဲ့ရတဲ့ခရီးစဉ်တစ်ခုပါ။

တောင်ကြီးက အမျိုးတွေ နွေရာသီအပျင်းပြေဆင်းလာကြတုန်းပေါ့။ ၇တန်းဖြေအပြီး ၈တန်းအတက်ကာလ။ ထုံးစံအတိုင်း အနောက်ဖက်ကမ်းကို သွားကြဖို့စီစဉ်တော့ နေ့လည် ၁၁နာရီထိုးရော့မယ်။ အစကတည်းက ညောင်ပင်အိုင်ဆရာတော်ကို ဖူးမယ် ပြီးတော့ ဖိုးဝင်းတောင် ရွှေဘတောင်ကိုကူးမယ်ပေါ့။ ညောင်ပင်အိုင်ကိုရောက်တော့ ဆရာတော်ဆီက သက်သက်လွတ်ကို မလွတ်တမ်းစားဖြစ်ခဲ့သေးတာ။ အဲဒီအချိန် ဆရာတော်က ၀စီပိတ်ကျင့်နေတယ်ထင်ပါတယ်။ ဆရာတော် တရားကျင့်တဲ့ ဂူကိုလည်း စပ်စပ်စုစု ရောက်ဖူးတယ်ရှိအောင်သွားခဲ့သေး။

သိပ်ကိုလှတဲ့ ရွှေဘတောင်တစ်လျှောက် ငေးနေဖို့ လက်မနှေးခဲ့ပြန်ဘူး။ ကျောက်တောင်တွေကို ထွင်းထားလိုက်ကြတာ။ ဓါတ်ပုံတွေရိုက်လို့ကောင်းတဲ့နေရာဆိုတာ သေချာတယ်။ ဘုရားပုထိုးတွေ သိပ်များတဲ့ မြေဆိုတာ မငြင်းနိုင်အောင် ဖိုးဝင်းတောင်က ပြနေတော့တာကိုး။ အရမ်းကိုဆော့တဲ့ မျောက်တွေကလဲ တောင်ကြောတစ်လျောက် တွဲလောင်းခို။ ကျနော်တို့ရောက်တော့ တောင်ပေါ်ကမဆင်းတာမို့ မျောက်စာရောင်းသူတွေမှာ သူတို့ ကျေးဇူးရှင်တွေကို တကြော်ကြော်ခေါ်လိုက်ရတာ။

ဖိုးဝင်းတောင် ဘုန်းကြီးကျောင်းက အဆင်းမှာ ဒီခရီးဆက်ဖို့ အစပြုတော့တာ။ အစတည်းကနေ့ချင်းပြန်ခရီးမို့ အဝတ်အစားပိုလည်းမပါ။ ပိုက်ဆံလည်း သိပ်များများစားမထည့်ခဲ့။ တောင်ကြီးကလူတွေက မပူပါနဲ့ လိုက်သာလိုက်ခဲ့ ရောက်ဖူးတယ် ရှိအောင် သွားမယ်လေဆိုတော့ မငြင်းနိုင်ကြဘူးလေ။ ဘယ်သူမှ မရောက်ဖူးတာမို့ လည်းပါသပေါ့။ သင်္ကြန်မတိုင်မှီ အိမ်ပြန်ရောက်ပြီးရောဆိုပြီး။

ညဖက်အေးအေးလူလူ ခရီးဆက်ခဲ့ကြတယ်။ ခရီးရှည်လာတာနဲ့ အမျှ ပူပြင်းမှုက သိသာလာတယ်။ ရွာတွေရှိပေမယ့် ရေရှားဒေသဆိုတာကိုး။ နောက်တော့ ရေလျှံတွင်း ကိုးဆယ့်ကိုးခုဒေသကို ဖြတ်တော့ ရေချိုးချင်လို့ ကလေးတွေ အားလုံးဂျီကျတော့ ခဏရပ်ပြီး အဲဒီတွင်းတွေနားမှာ အေးမျှတဲ့ ရေကို ချိုးခဲ့ကြသေးတာ။ ထမင်းဆိုင်ရှာရတာ အိမ်သာရှာရတာကလွဲရင် ကျန်တာအိုကေ။

တဖြည်းဖြည်း တောကလည်းနက်လာတယ်။ ဒီဒေသက နယ်မြေကြမ်းသလို တောကောင်တွေလည်း ရှိတတ်တယ်တဲ့။ သင်္ကြန်စကျနေပြီဆိုတော့ ရွာတွေက ရေထွက်ပက်ကြတယ်။ အပိုမပါတဲ့ ဝတ်စုံတွေ ရေစိုလိုက်ပြန်ခြောက်လိုက်ပေါ့။ တောထဲဝင်ခါနီး နောက်ဆုံးရွာ ဖြစ်တဲ့ ကပိုင်ရွာ(ဒီရွာပြီးရင် လူနေအိမ်ခြေသိပ်မရှိတော့ဘူး) အဝင်မှာတော့ ကားဘီးထဲက မီးခိုးတွေထွက်လာတယ်။ သူတို့ရွာကလည်း ကလေးတွေ ဝါးလုံးနဲ့ကားကိုတားပြီးရေပက်ကြတာ။ ကားမှန်ဖွင့်ပြီး ကားဘီးကို ရေပက်ပေးပါပြောဖို့ကြိုးစားတာ ဘယ်လိုမှကို မအောင်မြင်ဘူး။ ခေါင်းထွက်တာနဲ့ မျက်နှာကိုရေနဲ့ ဝိုင်းပက်ကြတာ။ စကားပြောခွင့်ကိုမရှိခဲ့ဘူး။ နောက်ဆုံးကားထိုးရပ်တဲ့နေရာက တရွာလုံးကိုရေဝေနေတဲ့ ရေစက်အရှေ့တည့်တည့်မှာ။ အဲဒီတော့မှ တရွာလုံးထွက်ပြီးကားကို ရေလောင်းကြတော့တာ။

ကားပြန်ကောင်းပြီဆိုတော့ ရွာထဲက လူကြီးတစ်ယောက်က အလောင်းတော်ကဿပ ဆင်စခန်းကိုလိုက်ချင်ပါတယ်ဆိုတာနဲ့ ခေါ်ခဲ့ရပါတယ်။ သူက ကလေးတွေ စကားပြောဆင်ခြင်ပါနဲ့ တတွတ်တွတ်ပြောရင်း နောက်တစ်ခါကား ပျက်ရင်ပူစရာမလိုဘူးတဲ့။ သူ့စခန်းကဆင်တွေနဲ့ ဆွဲခိုင်းမယ်ဆိုပဲ။ မကြာပါဘူးကားက တော်တော်လေးတောနက်ထဲသွားအပြီးမှာ ထိုးရပ်သွားပါတော့တယ်။ မှောင်စကလည်းပျိုးလာပြီ။ ကားပေါ်ပါလာတဲ့ အရေးပေါ်မီးချောင်းကို ထွန်းထားရင်း လမ်းဘေးမှာ ရပ်နေရတယ်။ ကလေးငယ်တွေကတော့ အိပ်ငိုက်နေပြီလေ။ လူကြီးတွေက တောကောင်တွေရှိတဲ့ အရပ်မို့ စိုးရိမ်စပြုလာပြီ။ လူနေအိမ်ခြေလည်းမနီး ဘယ်လိုမှဆက်သွယ်အကူအညီတောင်းစရာလည်း မရှိတာမို့ တကယ့်ကို အတိဒုက္ခနဲ့ပေါ့။

ဘုရားတရားကျေးဇူးကြောင့်ထင်ပါရဲ့ ဟိုးတစ်မိုင်နှစ်မိုင်လောက်မှာ လူသံကားသံကြားလာရတယ်။ တကယ်တမ်းဒီလမ်းကို ညဘက် ဘယ်သူမှမလာနိုင်ဘူးလေ။ အစ်ကိုက ပြေးသွားပြီး အကူအညီတောင်းရှာတယ်။ ရွာလူကြီးရဲ့ ခြောက်တောင့်ထိုးဓါတ်မီးကြီး ပါလာလို့တော်ပါသေးရဲ့။ ထူးဆန်းတိုက်ဆိုင်စွာရောက်လာတဲ့ ကားက လမ်းပြင်တဲ့အဖွဲ့ကားပါ။ ကျနော်တို့ရဲ့ ပျက်နေတဲ့ ကားကိုဝိုင်းဆွဲကြရင်း ကပိုင်ရွာကို နောက်ပြန်ဆုတ်ခဲ့ရတာ။

ရွာအထိရောက်အောင်မသွားပဲ ရွာအထွက်က သစ်စခန်းမှာကျနော်တို့ကိုထားခဲ့တယ်။ လူတစ်ယောက်ပဲရှိတဲ့ သစ်စခန်းကျယ်ကြီးထဲမှာ ကျနော်တို့တွေ တည်းခိုခဲ့ရပါတယ်။ ပျက်သွားတဲ့ ကားအင်ဂျင်ကိုပြင်နိုင်တာ ညောင်ပင်ကြီးက စက်ဆရာတွေပဲတတ်နိုင်တယ်ဆိုလို့ ညောင်ပင်ကြီးကို ကားကြုံနဲ့ အစ်ကို့ကိုလွှတ်လိုက်ရတယ်။ ရှားပါးတဲ့တောရွာကြောင့်လား သင်္ကြန်ရက်တွင်းမို့လား စျေးဆိုတာ မရှိတာမို့ ကျနော်တို့အဲဒီရက်အတွင်းမှာ မငြီးမငွေ့စားနေရတာက ပဲပုတ်ချက် ပဲပုတ်ကြော် တစ်လှည့်စီလေ။ အိပ်လို့ကောင်းလိုက်တာမပြောပါနဲ့တော့။

ညောင်ပင်ကြီးက စက်ဆရာတွေကားပြင်နေတုန်းမှာ စက်ဆရာတွေခေါ်လာတဲ့ ကားနဲ့ ကျနော်တို့ ခရီးဆက်ခဲ့ပြန်တယ်။ စိတ်တော့မလျှော့သေးဘူး။ လမ်းတစ်လျှောက် ချောင်းတွေကို အဖြတ်မှာ ခရီးသွားကားအချင်းချင်း ဘေးချင်းကပ်ရပ်ပြီး ချောင်းရေနဲ့ပက်ကြတာ တစ်မျိုးတော့ ပျော်စရာကောင်းတယ်။

နာမည်ကျော်တဲ့ ပြာပုံ၁၂ကွေ့ကလည်း ကျော်လောက်ပါပေတယ်။ လမ်းဘေးဝဲယာက အုပ်ဆိုင်းစိမ်းစိုတဲ့ သစ်တောရယ် ကျေးငှက်သံတွေရယ်တကယ့် သာယာနာပျော်ဖွယ်ပါပဲ။ သစ်ပင်မြင့်တွေဆီက သစ်ခွပင်တွေကိုလည်း ကားရပ်တိုင်း ခူးခိုင်းရတာ မနားတမ်း။ ခြေချစရာမရှိတော့ပြီဆိုမှ ရပ်တော့တာ။

အနီးအနားရွာတွေက အဲဒီခရီးကို ခြေကျင်သွားကြတာတဲ့။ သွားလိုက်ကြ နားလိုက်ကြ စားလိုက်ကြနဲ့ တော်တော်ပျော်စရာကောင်းမယ့်ပုံပါပဲ။ ခုနောက်ပိုင်းလည်း ပွဲတော်ချိန်ဆို သွားနေကြတုန်းလို့ဆိုပါတယ်။ တစ်ယောက်စနှစ်ယောက်စတော့ အထုပ်လေးတွေ ခေါင်းပေါ်ရွက်တာတွေ့ရတတ်တယ်။

တောတောင်အရိပ်မှာ မင်သက်ရင်း ဆင်စခန်းကိုရောက်ခဲ့ရတယ်။ စီးဖူးတယ်ရှိအောင်စီးကြမယ် ဆိုပြီး စင်ပေါ်ကနေစောင့်ကြရတယ်။ ကျနော့တို့ ဆင်ကအမ,လေးဗျ။ ပြီးတော့ နာမည်က ချစ်စနိုးပေးထားတာ စိုးမြတ်သူဇာတဲ့။ ဆင်မယဉ်သာဆိုတဲ့အတိုင်း အိပဲ့အိပဲ့နဲ့ တောလမ်းလေးတစ်လျှောက် သွားရှာတယ်။ ဗြုန်းဆို မှီထားတဲ့ နောက်ကျောက သစ်ပြားက ပြုတ်ထွက်သွားသေးတယ်။ အောက်များကျသွားလို့ကတော့ ဆင်နင်းခံရရင် တော်တော်အညောင်းပြေသွားမယ်။ ကံကြီးတယ်ခေါ်ရမလား လုံးလုံးမမှီရသေးခင် ပြုတ်သွားလို့။

အပေါ်ကဘုရားကို ဦးချပြီး အောက်ထဲကိုဆင်းဖို့ပြင်ဆင်ကြတယ်။ လှေကားတွေက ရေတွေကြောင့်လား ရေညှိတွေတက်လို့။ လင်းနို့ချေးနဲ့ကလည်း လေအဝှေ့မှာ ဘယ်လိုမှရှောင်လို့မရ။ ဆင်းလိုက်တက်လိုက်အပြီးမှာ ကျောက်တံခါးရှေ့ကို ရောက်ပါတော့တယ်။ ရွှေချထားတဲ့ ကျောက်တံခါးနောက်မှာ ရှင်မဟာကဿပ ကိုယ်တော်မြတ်ရှိပါတယ်။ အခွင့်သင့်ပါက တံခါးပွင့်တာနဲ့ ကြုံတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဂူထဲကိုဖြတ်စီးသွားတဲ့ ချောင်းတစ်လျှောက် မိမိကပ်ချင်တဲ့ လှူဖွယ်တွေကို ပန်းကန်နဲ့ထည့်ပြီး မျောလိုက်ရင် တစ်ဖက်ထွက်ပေါက်မှာ ပန်းကန်ပဲ ပြန်ပါလာတယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်စမ်းသပ်ချိန်မရလိုက်ဘူး။ ဒီနေ့ပဲ ပြန်ရမှာမို့ ခပ်သွက်သွက်ဖူးခဲ့ရတာ။ ရှင်သူငယ်ပေါက်ဆိုတာကိုလည်း ကြည့်ဖြစ်အောင်တော့ ကြည့်ခဲ့ပါသေးတယ်။ အခွင့်များရရင် အဖော်ကောင်းနဲ့ အထဲကို သွားကြည့်ချင်သေးတာ။ ရွှေဥမင်က ပုဂံထိပေါက်တယ်ဆိုတဲ့လမ်းလိုမျိုး ဟုတ်မဟုတ် စူးစမ်းချင်စိတ်နဲ့ပါ။

သစ်စခန်းကို ပြန်ရောက်တော့ ကားက ပြင်ဆင်လို့ ပြီးနေခဲ့ပြီ။ တစ်ခါတည်း ကားနှစ်စီးအပြိုင်မောင်းပြီး ပြန်လာခဲ့တယ်။ ညောင်ပင်ကြီးဆိပ်ရောက်တော့ ညကြီးမိုးချုပ်ရေပက်နေသေးတော့တာ။ လှေသမားတွေကို မနည်းတောင်းပန်ပြီး မပက်ဖို့ ပြောရတယ်။ ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့လေ။

အိမ်ပြန်ရောက်တော့ အတွေ့အကြုံတွေ ဖောင်ဖွဲ့ပြောရင်း ရီလိုက်ကြ မောလိုက်ကြ။ သြော်……ခရီးဆိုတာ အခက်အခဲတွေနဲ့လည်း တွေ့ကြံုရတတ်တာကိုး။ တစ်ခါတစ်လေလည်း မစီစဉ်ပဲ ခရီးတစ်ခုကို သွားဖြစ်ခဲ့တတ်ပါလား။ ခရီးစဉ်တိုင်းကလည်း အဆင်ပြေချောမွေ့နေတတ်တာမျိုးချည်းပဲလည်း မဟုတ်ဘူးလေ။ စိတ်လှုပ်ရှားစရာတွေ ကိုလည်း ပေးစွမ်းတတ်တာကိုး။ အခက်အခက်ကြံုခဲ့တာမို့ ခရီးမထွက်တော့ဘူးလားလို့ဆုံးဖြတ်ဖို့နေနေသာသာ ခရီးဆက်ဖို့ချည်းဖြစ်နေတော့တာ…

13 January 2009

ဘာကြောင့်လဲ



တကယ်တမ်းတော့
အဖြေသိသလို
အဖြေမရှိသလို
သိချင်ပါလျက်
မညှိချင်သလို

မီးဆိုလည်း
ပူစရာမလို
ရေဆိုလည်း
အထပ်မြင့်ရယ်မို့
မိုးမလင်းခင်
ရေစက်ကယ်
မဖွင့်ခဲ့ရပါဘူး

ဖွဲမီးရယ်နဲ့
လေယပ်လို့
ထမင်းမြန်မြန်ကျက်အောင်
တဖျတ်ဖျတ်ရယ်နဲ့
မခပ်ခဲ့ရဘူး

ကား ၊ရထား
ကျပ်ကျပ်ရယ်နဲ့
မတ်တပ်ကယ်ရပ်
စီးရပင်မယ့်
တိုးကြိတ်လို့
ငါးပိသိပ်
ငါးချဉ်သိပ်ရယ်
မကြုံခဲ့လေဘု


အများတကာလို
ခါးမှာဟန်ပို
ချိတ်တတ်ကြတဲ့
တီတာတာ
လက်ကိုင်ဖုန်းလည်း
ခပ်လွယ်လွယ်
သုံးရပါလျက်

မိုင်ပေါင်းတွေ
အသင်္ချေဝေးလည်း
လက်တကမ်းကွာ
မြင်ယောင်ပေးအောင်
အွန်လိုင်းကမ္ဘာ
သူဖန်ဆင်းလဲ

ဘာကြောင့်ရယ်မသိ
မဗျိုင်းရယ်
မေ့သင့်ပါရက်
ဗန်းထဲက
ဇီးသီးမှည့်
မိုးပက်ကာ
ပိုးတက်မှာ
စိုးတာကြောင့်
ပြန်ရုပ်ဦးမယ်……….

(အမိမြေဆိုရင် သစ်ပင်သစ်ရွက်လည်းချစ်တတ်ပါတယ်၊
ဖုန်ထူတယ်ပြောပြော လတ်ဆတ်တဲ့လေကို နှစ်သက်ပါတယ်၊
ပူလွန်းတယ်ထင်ထင် အညာနွေကို ကြိုက်ပါတယ်၊
ပြန်ရခါနီးလို့ ညတိုင်းစိတ်လှုပ်ရှားစွာ အိပ်မပျော်တဲ့အတွက်)

12 January 2009

ကျနော်နဲ့ ရုပ်မြင်သံကြား

ကျနော်စသိတဲ့ လေးထောင့်ပုံးလေးက အရုပ်တွေမြင်ရတယ်လေ။ သစ်သားလေးထောင့်ပုံးလေးပေါ့။ Toshiba (made in japan) ဆိုတဲ့ စာတမ်းလေးနဲ့။ စက်ရုံစတည်တော့ သယ်လာခဲ့တာ ၀န်ထမ်းတွေအတွက် ဖျော်ဖြေရေး။




ဝန်ထမ်းရပ်ကွက်တွေက ၁၅၀စကေး၊ ၂၁၀စကေး၊ ၄၀၀စကေး၊ ၄၅၀စကေး၊ ၈၀၀စကေး အရင်တုန်းက ရတဲ့လစာပေါ်မှာအခြေခံတဲ့ ရပ်ကွက်လေးတွေ။ ဆင်တူအိမ်လေးတွေနဲ့လေ။ တစ်ခြားအရပ်ကလူ လာလည်လို့ကတော့ မျက်စိလည်မြဲ။ ရပ်ကွက်တစ်ခုစီအတွက် အဲဒီလေးထောင့်ပုံလေးတစ်လုံး ကနေ နှစ်လုံးလောက်အထိ ထားထားပေးပါတယ်။ ဇာတ်ကားကောင်းပြီဟေ့ဆို နေရာဦးပေရော့။ ပါချီပါချက်အဲဒီ ရုပ်မြင်သံကြားစက်ကလေးတွေ တဖြည်းဖြည်းနဲ့ ချို့ယွင်းလာတော့ ဟိုဘက်ကပုတ် ဒီဘက်ကပုတ် ဟိုကျူးနင်းလေးလှည့် ဒီကျူးနင်းလေးလှည့်။ ဆီပျောက်မီးပျောက်ကယ်နဲ့ ပိန်မသာလိမ်မသာရယ်ပါ။ ဒါပေမယ့် အကြည့်မပျက်ခဲ့ကြဘူး။ ဇာတ်ကားမလာခင် အမျိုးသမီးတွေက စကားပြော ကျနော်တို့ ကလေးတွေကတော့ လူစုပေးထားတဲ့ ကစားကွင်းပေါ့ဗျာ။

ကျနော်ကလည်း ဘမျိုးဘိုးတူ ချိုကလေးနဲ့လေ။ ဘမျိုးဘိုးတူဆို ကျနော့အမေက ရွှေမန်းတဲ့ဆိုရင် လက်မှတ်ဖြတ်ပြီးသားတဲ့ဗျ။ မကြည့်ရလို့ကတော့ အိမ်ရှိပစ္စည်းကုန်အောင်ဖျက်ခဲ့တယ် ဆိုတာကိုး။ ဖေကကော ရုပ်ရုင်မကြည့်ရလို့ ငိုတဲ့စတိုင်လေးနဲ့ နာမည်တွင်သွားတာက မောင်ဖင်ဆောင့်ငိုတဲ့ဗျား။ ဆိုတော့ လာသမျှကား ပိတ်ကားပေါ်အရုပ်ထင်ကောင်းတယ် ဖြစ်အောင် ကျနော်ကလည်း ကြည့်တော့တာပါပဲ။ Air wolf လိုကားမျိုးဆို တီးလုံးကိုအလွတ်ရတဲ့အထိ စွဲလမ်းတာ။ ကျောင်းသွားကျောင်းပြန် နောက်ခံတီးလုံးက အဲဒီတီးလုံးဗျ။ မသိရင် ဟယ်လီကော်ပတာကြီးပဲ မောင်းနေသလိုလို။ တကယ်တမ်းက ရာဘာဖိနပ်ကို အ၀ိုင်းဝိုင်း ၀ါးခြမ်းပြားတွေကို သားရေပင်နဲ့လုပ်ထားတဲ့ ကိုယ်တိုင်လုပ်မော်တော်ကားလေးပါ။

၁၉၉၀ နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ ရပ်ကွက် လေးထောင့်ပုံးလေး လုံးဝပျက်သွားခဲ့ပါတယ်။ ပြန်ပြင်ဖို့ကလည်း မလွယ် အသစ်ကလည်း ၀ယ်မပေးနိုင်ပြန်။ အဲဒီအချိန်မှာ ငွေကြေးတတ်နိုင်တဲ့လူတစ်ချို့ ဆီမှာတော့ လေးထောင့်ပုံးလှလှလေးတွေ ရှိနေပြန်ရော။

အိမ်နားက လူဝကြီးတွေအိမ်က (တစ်မိသားစုလုံးကို ၀တာပါ) သူတို့ အိမ်မှာ လာကြည့်ပါဆိုတော့ ဘယ်နေလိမ့်မလဲ ညတိုင်းနီးပါးလောက်ကို သွားကြည့်ဖြစ်တာ။ နောက်တော့ ကျနော့ကြောင့် သူတို့ အိပ်ရေးပျက်ရတယ် အလိုက်မသိတတ်ဘူးဆိုမှပဲ ကျနော့ခြေလှမ်းတွေကို ရပ်လိုက်ရတယ်။ အဲလောက် အတာ နတာ။

ဗွီဒီယိုတွေထွန်းကားတော့ ဈေးလေးသေးသေးလေး ထဲက သုံးဆိုင်သော ရုံရဲ့ အပြိုင်အဆိုင်ကားတွေကြားမှာ ရွေးရခက်ကြီး ဖြစ်ရမြဲ။ ဘယ်လောက်တောင်ကြည့်ခဲ့သလဲဆိုတော့ သူငယ်ချင်းတစ်ယောက်တောင် ရလိုက်တဲ့အထိ။ ရုံပိုင်နဲ့ ရင်းနှီးသွားတာလေ။

မြ၀တီစလွှင့်တော့ နောက်တစ်အိမ်က ထပ်မံဖိတ်ခေါ်ပြန်ရော။ ကားတွေ သီချင်းတွေကလည်းကောင်းဆိုတော့ အိမ်မှာနေတဲ့ အချိန်ထက် လေးထောင့်ပုံးလေရှေ့မှာနေတဲ့အချိန်က ပိုများနေတတ်တယ်။ စာမေးပွဲတွင်းလည်း ဦးနှောက်ဆေးတယ်ဆိုပြီး ကြည့်တာပါပဲ။

ကျနော်တို့ရဲ့ ပထမဆုံး ကိုယ်ပိုင် လေးထောင့်လေးက Daweoo ဆိုတဲ့ တံဆိပ်လေးပါ။ ၀န်ထမ်းတွေကို ပေးတဲ့ Gasကို ဖေကလျှောက်ရပါတယ်။ ရပြီလာထုတ်ပါဆိုတော့ ပျော်ကြတာပေါ့ဗျာ။ မေကတော့ ပိုက်ဆံမလောက်ခဲ့ရင် ဘိုးဘွားပိုင်ပစ္စည်းလေး နည်းနည်း ထည့်မယ်ပြောပါတယ်။ ဒါပေမယ့် တကယ်တမ်း သူ့လက်က ဘာမှထွက်မလာဘူး။ သူရွတ်နေကြက ရှေးပစ္စည်းတွေတဲ့လေ။ ဖေရန်ကုန်ကပြန်လာတော့ အဲဒီလေးထောင့်ပုံးလေး နဲ့ဗျ။ ရောင်းလို့ရတဲ့ သုံးသောင်း (နောက်မှ အများကြီးတန်ဖိုးရှိတာ သိလိုက်ရတာပါ၊ တောသူတောင်သားဆိုတော့ ရန်ကုန်မှာလည်း နေဖို့အစီအစဉ် မရှိ ဘာမရှိ ရောင်းလိုက်တာပဲ အေးပါတယ်နဲ့ ရောင်းခဲ့လိုက်တာ) ဖေ့သူငယ်ချင်းက စိုက်ပေးလိုက်တဲ့ ငွေလေးနဲ့ ၀ယ်လာခဲ့တာ။

စည်းကမ်းကြီးတဲ့ ဖေကတော့ တစ်လက်ကိုင်တရိုတသေလေ။ ဖေ့တပည့်တစ်ယောက်ပြန်ဝယ်သွားတော့ကို တော်တော်လေးကောင်းနေသေးတာ။

အခုတော့ အရင်လို မှန်ဘီလူးခုံးတွေ မဟုတ်တော့ဘူးတဲ့။ LCDတွေ ပြီးတော့ HDV ဆိုတာတွေလည်း ဖြစ်လာတယ်။ တိုးတက်လာတဲ့ နည်းပညာပိုင်းနဲ့အတူ အိမ်တိုင်းအိမ်တိုင်းမှာ လေးထောင့်ပုံးကိုယ်စီနဲ့။ အိမ်ထဲဝင်မကြည့်ဖြစ်ရင်တောင် ခေါင်မိုးပေါ်က ငါးကြင်းရိုးကို ကြည့်ရင်သိနိုင်တယ်လေ။ တစ်ချို့ ဒယ်အိုးကြီးတောင်လှန်လို့။

ဒါပေမယ့် ကျနော်လွမ်းနေမိတာက အရင်လို သစ်သားပုံးလေးရယ် ကျနော့်ကစားဖော်တွေရယ်။ ခုတော့ တစ်အိမ်တစ်လုံးနဲ့ ၀ါးအစည်းပြေသလိုပဲ။ တစ်အိမ်တည်းသား ကျနော်တောင်မှ အခုရုပ်မြင်သံကြားမကြည့်ဖြစ်တာ ကြာပြီ…….

10 January 2009

အနီရောင်ကျောက်ဆောင် ဇာတ်သိမ်း


အစရှိရင် အဆုံးရှိရသတဲ့။ ကိုယ်ကစမိပြီဆိုတော့ အဆုံးတော့သတ်ပေးရဦးမှာပေါ့။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာတာပါ။ တစ်ကယ်တမ်းက ဒီကားကိုမလာခင်ကတည်းကို ကြည့်ချင်နေတာ။ အဲဒီလို စိတ်နဲ့တော့ ခက်ပါသေးတယ်။




ဒီအပိုင်းမှာတော့ ၀ူဘုရင်ငယ်ရဲ့ ညီမက အများကြီး ဇာတ်သယ်သွားခဲ့တာ။ ရန်သူ့စခန်းမှာ သူလျှိုလုပ်ပြီး တကယ့်အရေးကြီးတဲ့ စစ်စခန်းမြေပုံကို သူဆွဲပေးနိုင်ခဲ့တာလေ။ တကယ်ကို အသုံးဝင်တဲ့ မိန်းမဥာဏ်လေးနဲ့ မကြောက်မရွံ့ သူမို့ တတ်လည်းတတ်နိုင်ပါပေတယ်။

စစ်ဖြစ်လာရင် တရားမျှတသော စစ်ဆင်နွှဲတဲ့သူရှိသလို အနိုင်ရရေး ဦးစားပေးတဲ့ သူတွေလည်း ရှိတတ်တာကိုး။ ကိုယ့်ဘက်က အားနည်းချက်ကို သူများဘက်ကိုလည်း ရောက်ရအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံစည်တတ်ကြတယ်လေ။

လောကမှာ လူဆိုတဲ့ အသိနဲ့ ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် အတိဒုက္ခရောက်လာရင် ကိုယ်လက်မလောင်ပင်မယ့် ၀င်ရောက်ပူဆွေးခံစားတတ်သူတွေ ရှိသေးတယ်ဆိုတာကိုလည်း ကျိုးယုရဲ့ ဇနီးက ပြသခဲ့ပါတယ်။ လက်သည်းဆိတ်မှ လက်ထိပ်နာတတ်ကြတာက များတယ်လေနော်။ လူ့အသက်တစ်ချောင်းရယ်မို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမယ်ဆိုရင် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျနော်တော့ နှမြောမိတာပါပဲ။ အသက်တစ်ချောင်းနောက်မှာ အသက်ပေါင်းများစွာက ပူဆွေးနေရမှာလေ။ အများအတွက်အသက်စွန့်သွားလို့၊ ဘယ်လို လောကကိုကောင်းကျိုးပြုသွားလို့ ဆိုတဲ့ ကန့်သတ်ချက်တွေကို မေ့ထားပြီးမှပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်လောက်ဆိုးသွမ်းတဲ့လူပဲ ဖြစ်ဖြစ် သူ့မှာကောင်းမွန်တဲ့ အရာတစ်ခု သူ့အတွက် အသုံးဝင်တဲ့နေရာတစ်ခု မလွဲမသွေ ရှိကိုရှိနေလို့ပါပဲ။

ရိုးသားတဲ့လူဆိုတာလည်း ရှိနေတတ်တာပဲနော်။ ဘယ်လောက်တောင် ရိုးအ,သလဲဆို သူလျှိုကိုတောင်မှ သူငယ်ချင်းကောင်းလို့ထင်နေတဲ့အထိလေ။ နောက်ဆုံးအဲဒီရိုးအ,မှုနဲ့ပဲ သူ့အသက်ကို လွယ်လွယ်စွန့်လွှတ်သွားခဲ့ရတာ။ ဒါပေမယ့် သူ့မျက်နှာလေးက အမြဲအေးချမ်းနေတာပဲ။ သေတာတောင် ပြုံးပြုံးလေး သေသွားခဲ့တာလေ။

မိတ်ဆွေအတုအယောင်တွေကလည်း ပေါမှပေါပဲ။ ရာထူးဂုဏ်ရှိန်ဝါအတွက် မိတ်ဆွေဆိုတဲ့ အဆင့်ကို လွယ်လွယ်လေးဖျက်နေကြပါကလား။ တစ်ယောက်နဲ့တစ်ယောက်ပြန်လည် အသုံးချနေကြတဲ့သူတွေကို မိတ်ဆွေတွေလို့ ခေါ်သင့်ရဲ့လားဟင်။ ဖြစ်နိုင်ရင်တော့ အဲလိုမိတ်ဆွေတုဆိုရင် မတွေ့ချင် မဆုံချင်မိဘူး။ ဆုတောင်းတိုင်းကလည်း ပြည့်မှာမှ မဟုတ်ပဲ။

အသိဥာဏ်ပညာ က အရာရာမှာ တကယ့်တန်ဖိုးအစစ်အမှန်။ မိမိမှာရှိတဲ့ အသိကြောင့် တစ်ချို့ အခက်အခဲကြီးကြီးမားမားတွေ လွယ်လွယ်ကူကူ အောင်မြင်သွားတတ်ကြတယ်လေ။ ကျူးလျန်ဆိုတဲ့ ပညာရှိကြောင့် လွယ်လင့်တကူရလိုက်တဲ့ မျှားတွေက လိုတာထက်တောင်ပိုနေသေးတာကိုး။

ပြီးတော့ လောကကြီးရဲ့ ပြောင်းလဲတတ်တဲ့ သဘောသဘာဝ။ အခုရှိနေပင်မယ့် နောင်ရှိချင်မှ ရှိတတ်တာမျိုး။ အခြေအနေ အချိန်အခါကို လိုက်ပြီးပြောင်းလဲနေတဲ့ သဘာဝကို အလိုက်အထိုက်နေတတ်အောင် တော်တော်လေး လေ့ကျင့်ယူရပါလိမ့်မယ်။

နောက်ထပ်အရေးကြီးတာက သေနင်္ဂဗျူဟာ။ ဘယ်လိုနည်းနဲ့ ဘယ်လိုစနစ်တကျ လုပ်ဆောင်မယ်ဆိုတဲ့ နည်းပညာ အုပ်ချုပ်မှု သေ၀ပ်မှု စသည် စသည်။ ချောင်ချောင်းရဲ့ နေမကောင်းတဲ့ သူ့လူတွေကို လှုံဆော်တဲ့ အခန်းလေးကိုလည်း တော်တော်လေး သဘောကျမိတယ်။ ခေါင်းဆောင်ပီပီ ကိုယ်လိုချင်တဲ့ အရာကို မရောက်ရောက်အောင် ငါခေါင်းဆောင်ပဲ ငါပြောတာလုပ်ဆိုပြီး ဇွတ်အတင်းသွတ်သွင်းတာမဟုတ်ပဲ စိတ်လိုလက်ရအင်တိုက်အားတိုက် ဖြစ်အောင်လှုံ့ဆော်တဲ့နည်းလမ်းကိုပါ။

ဒီစစ်ပွဲရဲ့ ဦးတည်ချက်ကိုက မိန်းမတစ်ယောက်အတွက်တဲ့။ အခုလည်း ဒီမိန်းမချောတစ်ယောက်ရဲ့ လှည့်ဖျားမှု အောက်မှာ ချောင်ချောင်းတစ်ယောက် ရှုံးနိမ့်ခဲ့ရတာပါပဲ။ သူသောက်ခဲ့မိတဲ့ ရေနွေးကြမ်းတစ်ခွက်ရဲ့ တန်ဖိုးက သိပ်ကိုကြီးမားလွန်းတယ်။

စွန့်လွှတ်အနစ်နာခံခြင်း။ သိပ်ကို ကြီးကျယ်မြင့်မြတ်တဲ့ စကားလုံးပေါ့။ ပြည်သူပြည်သားတွေအတွက် စွန်လွှတ်အနစ်နာခံဖို့ ကိုယ့်အသက်ကို စတေးရဲတဲ့ မိန်းမတစ်ယောက်ကိုတော့ ချီးကျူးသင့်တယ်။ ဒါပေမယ့် သူ့ကို နှစ်ဖက်အမြင်နဲ့သုံးသပ်ရမယ်ဆိုရင် တစ်ဖက်က ပြည်သူပြည်သားတွေကိုကယ်ခဲ့တဲ့ မြင့်မြတ်သူတစ်ယောက်။ နောက်တစ်ဖက်က ချစ်ခြင်းမေတ္တာတရားကို အသုံးချပြီး လှည့်စားခဲ့သူတစ်ယောက်။ လောကကြီးမှာ အမြင်တွေက များကိုများတယ်လေ။

စစ်ပွဲဆိုတာနဲ့ သူရဲကောင်းဆိုတာတွေက အမြဲပါနေကျ။ အသေအပျောက် ဆုံးရှူံးမှု ဒဏ်ရာအနာတစ်ရဆိုတာ ကလည်း ဒုနဲ့ဒေး။ အောင်နိုင်သူတွေကကော အဲဒါတွေကြည့်ပြီး ပျော်နိုင်ကြရဲ့လား။ စစ်ပွဲဆင်နွှဲတဲ့သူတိုင်းကို အသောကလို သံဝေဂတွေ ရစေချင်ပါတယ်။ အခုလက်ရှိ ဂါဇာစစ်ပွဲ တစ်ပွဲတော့နွှဲနေကြပြန်ပြီလေ။

ချစ်ခြင်းမုန်းခြင်းတွေရဲ့ အကျိုးဆက်ကြောင့် စစ်ပွဲတွေ ဖြစ်တည်ခဲ့ကြတာတဲ့။ ဒီလောကကြီးမှာ ချစ်ခြင်းမုန်းခြင်းတွေကလည်း မကင်းနိုင်လေတော့ အိမ်တွင်းစစ် ပြည်တွင်းစစ် ကမ္ဘာ့စစ်အထိ ရှိနေကြတုန်းပဲ။ ငြိမ်းအေးတဲ့ သာယာလှပတဲ့ ကမ္ဘာကြီးဖြစ်ဖို့ ဘာတွေများပေးဆပ်ကြရဦးမှာပါလိမ့်။ လူ့အသက်တွေ ဘယ်လောက်များများ ထပ်ပြီး စတေးရဦးမှာပါလိမ့်………………

09 January 2009

စာကလေးတစ်စောင်မှသည်


စာတွေရေးဖူးကြမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာမှသည် အရာအားလုံးအတွက် စာလေးတစ်စောင်တစ်လေတော့ ရေးဖူးကြမှာပါ။ မရေးဖူးဘူးဆိုလည်း ယုတ်ဆွအဆုံးဖတ်ဖူးကြမှာသေချာပါတယ်။ ဒီစာလေးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဖတ်ဖူးခဲ့တာပါ။ အခုတော့ အကြောင်းတိုက်ဆိုင်လို့ ပြန်လည်သတိရနေမိတယ်။

အခုလက်ရှိ လူအများစုက သိပ်အလုပ်ရှုပ်ကြပါတယ်။ စားဝတ်နေရေး အတွက်လှုပ်ရှားရုန်းကန် ကြရတာ ဆိုတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နဲ့ တကယ်ကို မတူတော့ပြီလားမသိ။ များသောအားဖြင့် အလုပ်အလုပ် ငွေ….ွငွေ မအားဘူး အချိန်မရှိဘူး ဆိုတဲ့ အသံတွေကြားမှာ တကယ့်ကို ပြောင်းလဲခဲ့တာလား ကျနော်မပြောနိုင်ခဲ့ဘူး။ ကျနော်မသိနိုင်တာက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အကြောင်းလေ။

စာလေးကို စာတိုက်ကနေပဲပို့လိုက်တာပါ။ စာလေးကို ဖတ်ပြီးပြီးချင်း ဖေငိုင်သွားခဲ့တယ်။ မေကြီးရေ ရွှေဇင်တော့ ဆုံးရှာပြီတဲ့။ ကလေးပီပီစူးစမ်းစွာ စာလေးကို သွားကိုင်ကြည့်မိတယ်။ ဒါပေမယ့် မဖတ်တတ်ခဲ့ဘူး။

ရွှေဇင်ဆိုတာ မြန်မာလူမျိုးမဟုတ်ပါဘူး။ ဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဂျပန်လူမျိုးတစ်ယောက်ပါ။ ခေါ်ရလွယ်အောင် သူတို့တွေကို မြန်မာနာမည်တွေကိုယ်စီပေးထားကြတာပါ။ ဒီစက်ရုံစတည်တော့ တည်ဆောက်ရေးအတွက် တာဝန်ပေးခြင်းခံရတဲ့ သူတွေထဲက တစ်ယောက်ပေါ့။ သူတို့ကျနော့ကို ချစ်ခင်စွာ ချိုချဉ်တွေ မုန့်တွေ ပေးခဲ့ဘူးတာတော့ မှတ်မိသေးတယ်။ အံဆွဲထဲမှာ အခုချိန်ထိ ရှိနေသေးတဲ့ ကျနော့ ကလေးဘ၀ဓါတ်ပုံတွေက သူရိုက်ပြီး ဂျပန်က ပို့ပေးလိုက်တာတွေပေါ့။

စက်ရုံကြီး ဆောက်လုပ်ပြီးစီးပြီဆိုတော့ ရွှေဇင်တို့တွေ နေရပ်ကို ပြန်သွားကြတယ်။ ဒါပေမယ့် နှစ်စဉ်မပြတ် ပို့စကတ်တွေ အမှတ်တရ စာတွေ သူ့ဆီက ရတတ်ပါတယ်။ တစ်ချို့ အရာရှိတွေ ဂျပန်ကို ပညာတော်သင်သွားလို့ သူနဲ့ဆုံဖြစ်ခဲ့ရင် ဖေ့အတွက် လက်ဆောင်ပစ္စည်းတွေ တခုတ်တရ သူထည့်ပေးတတ်တယ်။

အခုဒီစာကို သူ့ဇနီးက ပို့လိုက်တာပါ။ သူ့အမျိုးသားဟာ တောင်တက်ရင်းနဲ့ ရုတ်တရက်သေဆုံးသွားတဲ့အတွက် မိတ်ဆွေတွေအားလုံးကို အကြောင်းကြားအပ်ပါသည်တဲ့။ သူ့အမျိုးသားရဲ့ စာပို့နေကျ လိပ်စာတွေအားလုံးကို တန်းစီပို့လိုက်ဟန်တူပါတယ်။

ဒါဟာ သူ့အတွက် အလုပ်ပိုတစ်ခု ဖြစ်ပေမယ့် လုပ်သင့်လုပ်ထိုက်တာကို သူလုပ်ပေးလိုက်တာပါ။ ဘာသာလ၀ါစိတ်နဲ့ နေလည်း နေပေါ့။ အချိန်ပေး အလေးထားပြီး စာပို့ပေးတယ်ဆိုတာ တကယ့်ကို လေးစားစရာလို့ ကျနော်တော့ယူဆမိတယ်။ မှားကောင်းလည်း မှားနိုင်ပါတယ်။ များသောအားဖြင့် မအားမလပ်တဲ့ လူတွေကြားမှာနေမိတဲ့ သူဆိုတော့ သူများအတွက် အချိန်ပေးရတယ်ဆိုတာ တကယ့် အစိမ်းသက်သက်စကားလိုပါပဲ။

ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကို ငါးမိနစ်စာ အချိန်မျှဝေပေးပါဆိုတဲ့ စာလေးဖတ်ရတုန်းကလည်း ဒီစာလေးကို ပြန်သတိရမိသေးတယ်။ ကိုယ်ပိုင်တဲ့ အချိန်လေးတွေကို သတိတရ မျှဝေပေးဖို့ တတ်နိုင်သလောက်တော့ ကြိုးစားမိတာပါပဲ။ ဒါပေမယ့် အတ္တကြီးတဲ့ လူသားပီပီ အတ္တနောက်ကမှ ပရဖြစ်ဖြစ်သွားတတ်တော့ အမြဲတမ်းရယ်လို့ကံသေကံမ မပြောနိုင်ဘူးပေါ့။

ဘယ်သူမဆိုတော့ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေဆီက စာတွေ ဖုန်းတွေ မျှော်နေတယ်ဆိုတာတော့ သေချာပါတယ်။ စာလေးဖတ်လိုက်ရရင် ဖုန်းလေးပြောလိုက်ရရင်ကို ခွန်အားတွေ အင်အားတွေ ဖြစ်ဖြစ်သွားတတ်တယ်လေ။ စာရေးပျင်းတဲ့ ကျနော့လိုလူအတွက် (ဒီဘလော့ကစာတွေ ဒီလောက်တင်တာဆိုပြီး မမြင်ပါနဲ့ဗျာ တကယ်တမ်းအပြင်မှာ ကျနော်စာရေးဖို့ သေလောက်အောင်ကို ပျင်းတာပါ) ကျနော့ မိဘ မိတ်ဆွေတွေ အပေါ်မှာ ပျက်ကွက်ခဲ့ပေါင်းများလှပေါ့။

အခုလည်း ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်ရဲ့ “ဘ၀ကြီးကို ဘယ်လိုပျော်ရွှင်စွာ ဖြတ်ကျော်ရမလဲ ပျင်းရိငြီးငွေ့ဖို့ ကောင်းလိုက်တာ အလုပ်ပြီး အလုပ်ဆိုတဲ့ ဒီဘ၀” ဆိုတဲ့ ညည်းတွားသံကို စဉ်းစားရင်း ဒီစာလေးက ခေါင်းထဲကို အလိုလို ရောက်လာတာပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကျနော်တို့ဘ၀ကို ပျော်ရွှင်အောင် ကျနော်တို့ကြိုးစားသင့်တယ် ထင်တာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မိသားစုဆိုတာက ကျနော်တို့နဲ့ လက်တစ်ကမ်းအကွာမှာမရှိကြလို့ပါပဲ။

ပြီးတော့ ကျနော်တို့အနားမှာရှိနေတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျနော်တို့ တန်ဖိုးထားလေးစားစေချင်မိတယ် ဖြစ်နိုင်ရင်ပေါ့လေ…..

07 January 2009

ပြတ်လုပြတ်ခင် ကြိုးတစ်ချောင်း

ကြိုးတစ်ချောင်းက ပြတ်လုပြတ်ခင်လေးမှာပါ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဖြစ်အောင် တဲတဲလေးကျန်နေတဲ့ကြိုးတစ်ချောင်းပါ။ ကြိုးဆိုတာ ပြတ်သွားရင် ပြန်ဆက်လို့လွယ်ပေမယ့် အထုံးတွေတော့ ကျန်နေတတ်တယ်လေ။

ဒီကြိုးရဲ့ တစ်ဖက်နဲ့တစ်ဖက် ဘာတွေများဆက်စပ်ကြတာပါလိမ့်။ ပြတ်လုပြတ်ခင်ဖြစ်ရတဲ့ အကြောင်းရင်းကကော။

မူလအစကတည်းက ကြိုးစကို ဆက်သွယ်မိတာ ညာဘက်ကပါ။ ဘယ်ဘက်ကတော့ သူလာဆက်သွယ်လို့ အားနာစွာချိတ်ဆက်မိပုံပါပဲ။ ဘယ်ဘက်အတွက် ညာဘက်ပို့သမျှပေါ့။ ဘယ်ဘက်ကတော့ ခပ်တည်တည် ခပ်တင်းတင်းပါပဲ။ ညာဘက်ဆီကနေ အလိုအလျောက်မတောင်းဆိုရပါပဲ ကျလာတတ်တဲ့ အရာတွေအတွက် သူဘာပူစရာလိုမှာလဲ။ တကယ်ကို အဆင်ပြေချောမွေ့နေတာပေါ့။

ဒါပေမယ့် တစ်ဖက်သတ် ဆင်းနေရတဲ့ကြိုးလေး ကြာရှည်လေးမြင့်တော့ တရားသဘောကိုဆောင်ချင်လာတယ်။ တစ်ချိန်လုံးတစ်ဖက်ထဲကိုပဲ သုံးနေရတော့ နာလာတယ်ထင်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သွားလာနေရတဲ့ လမ်းကြောင်းတစ်လျှောက် ကြိုးလေးက ပါးသည်ထက်ပါးလာတယ်။ လေးလံတဲ့အရာတွေမှသည် ပေါ့ပါးတဲ့အရာတွေအထိ။ အစကတော့ သိပ်မသိသာဘူးပေါ့။ နောက်တော့လည်း ကြိုးမျှင်လေးတွေ ဟိုတစ်စ ဒီတစ်စ ပြတ်လာခဲ့တယ်။

ဇက်ခနဲတော့ ပြတ်မသွားခဲ့ပါဘူး။ ဘယ်ဘက်လိုတဲ့အရာတွေ ဒီနေ့အထိ ညာဘက်က ပို့ပေးနေပါသေးတယ်။

ပြတ်တောက်သွားခဲ့ရင် ဘယ်လိုနေမလဲဆိုတဲ့ အခြေအနေကို ဘယ်ဘက်က စဉ်းစားမိလား မသိပါဘူး။ ညာဘက်ကတော့ ဘာလုပ်ရမလဲတွေးနေမိသေးတယ်။ တကယ်တော့ မတွေးသင့်ဘူးထင်တာပဲနော်။ ကျနော်သာ ညာဘက်ဆိုရင်တော့ မြန်မြန်ပြတ်ပါစေဆုတောင်းမိမလားပဲ။

အခုတလော လေတွေကလည်း သိပ်တိုက်ပါတယ်။ ကြိုးလေးကလဲ ဟိုရမ်းရမ်း ဒီရမ်းရမ်းနဲ့။
ပြတ်နိုး ပြတ်နိုးပါပဲ။ ပြတ်လုပြတ်ခင်ကြိုးလေးတွေ ဘယ်အချိန်မှာများ ပြတ်မှာပါလိမ့်။ မပြတ်ပဲကော ဆက်လက်ဖြစ်တည်နေမှာလား။ အခုတော့……………

06 January 2009

ဖိနပ်တစ်ဖက်ရဲ့ ဒိုင်ယာရီ

ဖိနပ်တစ်ဖက်အကြောင်းကို ဒိုင်ယာရီစာအုပ်ထဲမှာ ရက်စွဲတွေနဲ့ မှတ်သားခဲ့တာမဟုတ်ပါဘူး။သိပ်တန်ဖိုးကြီးတဲ့ ဖိနပ်လည်းမဟုတ်ဘူးလေ။ သူလိုကိုယ်လို ရာဘာကြက်ပေါင် ဖိနပ်လေးတစ်ဖက်ပါပဲ။ ဒါပေမယ့် ဒီဖိနပ်ရဲ့နောက်မှာ ဒဏ်ရာတွေရှိသလို နာကြင်မှုတွေလည်း ရှိနေပြန်တယ်။

သားရယ် ဒီနှစ်တော့ ဒီဖိနပ်လေးပဲစီးပါအုံး ဖေ့စကားကိုကြားတော့ ဖိနပ်ကိုပြန်ကြည့်မိတယ်။ အတန်းထဲကလူတွေရဲ့ ဖိနပ်လှလှလေးတွေကို မြင်ယောင်ရင်း ခေါင်းညိတ်ဖို့ လေးလံနေပြန်ရော။ နှစ်အစမှာ ဖိနပ်အသစ်နဲ့ကျောင်းတက်ရတော့မယ်ဆိုတဲ့ အပျော်ကို လွယ်လွယ်ပဲ ဇာတ်သိမ်းလိုက်ရတော့မတဲ့လား။ သူ့သူငယ်ချင်းတွေက အပြိုင်အဆိုင်ကြွားလာတဲ့ အခါ သူဘယ်လိုရင်ဆိုင်ရမလဲ။ ကုန်ဈေးတွေအရမ်းတက်တာပဲ ဟင်းတွေလျှော့ချက်မှဖြစ်တော့မယ်ဆိုတဲ့ မေ့ရဲ့ စကားကိုကြားယောင်ရင်း ဟင့်အင်း သားကို အသစ်တစ်ရံ ၀ယ်ပေးပါဆိုတဲ့ စကားကို ကြိတ်မှိတ်မြိုချခဲ့ပြန်ရော။

လျှောက်နေတဲ့ လမ်းတွေတိုင်းမှာ အသက်မရှိတဲ့ ဖိနပ်ကိုပဲမဲနေမိတော့တာ။ ဘာဖြစ်လို့ ဖင်ဖျားပဲပါးပါးသွားရတာလဲ။ စိတ်နာနာနဲ့ ဖိလျှောက်ပေမယ့် ပြတ်ပဲမပြတ်နိုင်ဘူး။ ငါ့နှယ်နော်…..

ကျောင်းဖွင့်တဲ့နေ့ရောက်တော့ တောက်ပတဲ့ သူငယ်ချင်းတွေကို ကြည့်ရင်း ကိုယ့်ကိုကိုယ် အရောင်မှိန်လိုက်တာလို့တွေးနေမိတယ်။ ခဏလောက်ဖြစ်ဖြစ် လူတွေမမြင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်မိတယ်။ ဘာဖြစ်လို့ ငါဒီလိုဖြစ်နေရတာလဲ။ သူများတွေလည်း ဒီကျောင်းမှာပဲ တက်ကြတာလေ။ ဒီအသိုင်းအ၀ိုင်းမှာပဲ ရှင်သန်ကြတာချင်းအတူတူ။ သူမသိတဲ့ အကြောင်းအရာတွေက ငွေကြေးတွေ ကြွယ်ဝချမ်းသာမှုတွေ။ သူရတတ်တဲ့ မုန့်ဖိုးဆယ်ပြားနဲ့ ဒေါ်ရွှေကြီးဆိုင်က ထန်းလျက် မုန့်လက်ဆောင်းလေးတစ်ခွက်ပဲ အမြဲသောက်ရတတ်တယ်။ တစ်ကယ်သူကြိုက်တာက ဖြူဖြူလွနေတဲ့ အုန်းနို့တွေကြား အစိမ်းရောင် မုန့်လက်ဆောင်းလေးတစ်ခွက်ပါ။

ကျောင်းကအပြန်လမ်းတစ်လျှောက်မှာ ဘေးဘီကိုလည်း မကြည့်မိဘူး။ ငုံ့ကြည့်ရင်း အားငယ်စိတ်နဲ့ ဖိနပ်အတွက် သူစိတ်မကောင်းခြင်းကြီးစွာ။

ဗြုန်းဆို မကောင်းတဲ့စိတ်တစ်ခု ၀င်လာခဲ့တယ်။ သွေးတွေဆူလာတယ်။ ဒါလုပ်သင့်တယ်လို့လည်း သူ့ဘာသာကောက်ချက်ချမိတယ်။ တစ်ကယ်တမ်းက လုပ်ကိုလုပ်မယ်လို့ သူဆုံးဖြတ်ပြီးသားလေ။

အိမ်ကိုပြန်ရောက်တော့ မျက်နှာကမကောင်းဘူး။ နဂိုတည်းကမှ ဟန်မဆောင်တတ်ဘူးလေ။ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် လိပ်ပြာမလုံတာရောပေါ့။ မကြာပါဘူး အိမ်ရှေ့ထွက်သွားတဲ့ မေ့ဆီက အသံတစ်ခုကြားရတယ်။ ဖေကြီးရေ တော့သားဖိနပ်ပြတ်သွားပြီ အသစ်ဝယ်ပေးလိုက်ဦးတဲ့ မနက်ဖြန်ကျောင်းတက်ရဦးမှာတဲ့။

နောက်တစ်နေ့မနက်ကို သူပျော်ရွှင်စွာကျောင်းသွားခဲ့တာပေါ့။ ဒါပေမယ့် အဲဒီနေ့မနက်က သားအဖနှစ်ယောက်ထမင်းချိုင့်ထည့် အပြီးမှာ အိမ်မှာ ဘာဟင်းမှ မကျန်ခဲ့တော့တာ သူသတိထားမိခဲ့တယ်။ အပျော်တွေလွန်ပြီး မေ့ကိုဘာမှ မမေးဖြစ်ခဲ့ဘူး။

မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်ရက်တွေမှာလည်း အဲဒီလိုပဲဆိုတာကိုပါ။

အခုဖိနပ်အသစ်တွေဝယ်လို့ ရနေပြီ။ အဲဒီဖိနပ်အသစ်တွေဝယ်ဖို့ အခွင့်အရေးကို ဖေနဲ့မေပျိုးထောင်ပေးတဲ့ ဘ၀နဲ့ရခဲ့တာ။ ဖိနပ်အသစ်တွေဝယ်တိုင်း ငယ်တုန်းက လုပ်ခဲ့မိတဲ့ အပြစ်က အတိတ်တစ္ဆေလိုပါပဲ။

မေနဲ့တွေ့ရင်တော့ အဲဒီတုန်းက ဟင်းဘာဖြစ်လို့မကျန်ခဲ့သလဲဆိုတာကို မေးဖြစ်အောင်မေးရအုန်းမယ်။ အံမယ် ကျုပ်က ငယ်ရာက ကြီးလာတာပါတော် ဒီဖိနပ်ဘာကြောင့်ပြတ်သွားတယ်ဆိုတာ သိတာမှ ဟိုဘက်ကမ်းတောင်လွန်နေသေးလို့များ မေက စရင် ရှက်ရှက်နဲ့ ရယ်နေမယ့် သူ့မျက်နှာကို တွေးရင်း အခုထဲက ရှက်နေပြန်ရော။

ဒီဖိနပ်တစ်ဖက်က အခုအချိန်ထိ ဒိုင်ယာရီထဲမှာပါ။ စာမျက်နှာပေါ်မတင်ပင်မယ့် ဒီဒိုင်ယာရီက သူ့အလိုလို ဖတ်နေမိတတ်တာ။ ရင်ဘတ်ထဲက ဒိုင်ယာရီမှာ တင်မိတာဆိုတော့လည်း…..

05 January 2009

ဖန်ခွက်နဲ့ပန်း တရားခွင်

သူတို့နှစ်ယောက်ရဲ့
ငြင်းခုံခြင်းက
အရည်ရွှေရည်က
စသတဲ့


ဖန်ခွက်ကပြောတယ်
ပန်းတွေကြောင့်
သူတို့အလုပ်ပိုရသတဲ့

ပန်းတွေကငြင်းတယ်
ဖန်ခွက်တွေရှိလို့
သူတို့တွေ
နာမည်ဆိုးနဲ့
ကျော်ရသတဲ့



အရည်ရွှေရည်က
ရှေ့နေအနေနဲ့
မေးခွန်းထုတ်တယ်
ဘယ်သူ
ငါ့အဖုံးကိုဖွင့်တာလဲတဲ့.....
ကဲ........ဖြေ

04 January 2009

တတိယ အကြိမ်သို့ ပထမဆုံးအခေါက်

မနှစ်ကရည်ရွယ်ထားပြီးမလုပ်ဖြစ်ခဲ့တဲ့ အလုပ်တစ်ခုကိုဒီနှစ်ထဲမှာ လုပ်ဖြစ်ခဲ့ပါတယ်။ ဒီအလုပ်ကို လုပ်ဖြစ်ဖို့ ကိုပင်ပုကျစ်ဂွရဲ့ စာတွေက တွန်းအားပေးခဲ့တာပါ။ ဒီတစ်ခါတော့ တစ်ကယ်လုပ်ဖြစ်ခဲ့ပါတယ် ကိုပင်ပုကျစ်ဂွရေ……

ဒီဇင်ဘာထဲက ညနေခင်းတစ်ခုအတွက်ပါ။ ကျနော်လုပ်သင့်တယ်လို့ အမြဲခံယူထားခဲ့တယ်။ ဒီဇင်ဘာလတစ်လလုံးက အဆင်မပြေခဲ့ဘူး။ ကြိုတင်စီမံထားရင် ဖြစ်နေကြအတိုင်း အဖျက်တွေအမျိုးမျိုး၊ အဆင်မပြေတာတွေ တစ်ခုပြီးတစ်ခုပေါ့။ မနေ့ကစနေနေ့မှာတော့ ဗြုန်းစားကြီးစီစဉ်ပြီး ၁၀နာရီ ၁၀နာရီကနေ ၁၀နာရီခွဲ။ နောက်တော့ ရောက်ကိုရောက်ဖြစ်ခဲ့တယ်။ ဘူတာကထွက်တာနဲ့ သွေးလှူဘဏ်။ စနစ်တကျတည်ဆောက်ထားတာပါ။ အရာအားလုံးက တစ်ကယ့်ကိုစနစ်တကျ။

ပထမဆုံး အခေါက်က မဖြစ်မနေဖြစ်သွားခဲ့တာ။ ရုံးမှာ Social & Recreation Club ဆိုတဲ့အသင်းရှိပါတယ်။ ကျနော့အထက်က စီနီယာတစ်ယောက်အထွက်မှာ ကျနော်က အလိုလို အသင်းဝင်ဖြစ်သွားခဲ့တာ။ အသင်းက ဦးစီးကျင်းပတဲ့ ဝန်ထမ်းများသွေးလှူပွဲဆိုတော့ အသင်းဝင်တွေက နာမည်စာရင်းထိပ်ဆုံးကပါ။ လှူတာတော့ အလယ်လောက်ကပေါ့။ သူတို့တွေက မှတ်တမ်းတင် ဗွီဒီယိုတွေရိုက် အင်တာတွေဗျူးဆိုတော့ နဂိုက ကင်မရာကြောက်တတ်တဲ့ကျနော်က နောက်ကပေါ့။ အရေးထဲ မြဝတီက ကင်မရာမန်းတွေကို သွားခေါ်ဖို့တာဝန်ပေးတာမို့ မြဝတီကို အပြေးအလွှား။ မြဝတီကျမှ တာဝန်ကျကင်မရာမန်းကိုရှာပြီး ပြန်ပြေးလာရတာလေ။ သွေးစစ်ရင်းမနေနိုင်တဲ့အကျင့်နဲ့ သွေးအုပ်စုဘယ်လိုခွဲခြားလဲဆိုတာ မေးရင်း ရောက်လာသမျှနောက်လူတွေကို လေ့ကျင့်စစ်ဆေးပေးခဲ့သေးတယ်။ သွေးလှူပြီးတော့လည်း ငြိမ်ငြိမ်ထိုင်မနေနိုင်ပြန်ဘူး။ လှူပြီးတဲ့လူတိုင်း မုန့်တွေ နို့ပုလင်းတွေ လက်ဆောင်တွေ မရမရှိရလေအောင် ဆော်သြရပြန်ရော။ တစ်ဖွဲဖွဲရောက်လာတဲ့ ကျနော့်ဌာနက ဝန်ထမ်းတွေကို စပြီး ဖောင်ဖြည့်တဲ့စီကနေ သွေးလှူကုတင်ပေါ်ရောက်တဲ့အထိ ရွှေကြိုလည်းလုပ်မိပြန်တယ်။ အကြောင်းကြောင်းကြောင့် မလှူလိုက်ရတဲ့လူတွေကိုလည်း နောက်တစ်ခေါက်လှူလို့ရပါတယ််ဆိုတာကို အားပေးရပြန်ပါတယ်။ ဘယ်လောက်တောင်မျက်စိနောက်သွားလဲမသိဘူး ဆရာမဒေါ်သီတာအောင်က နင်ငါတို့ဆီမှာအလုပ်လာလုပ်ပါလားလို့ ပြောတဲ့အထိ ဖြစ်သွားခဲ့တာ။

ဒုတိယအခေါက်ကတော့ စတိုဌာနက ကိုဘုရားဒါယကာ (တရားအကြောင်းဘုရားအကြောင်း ပြောတတ်လွန်းလို့ ဒီနာမည်ပေးထားတာ) အစာအိမ်ပေါက်လို့ အရေးတကြီးသွေးလိုခဲ့ပါတယ်။ ရုံးကသွေးလှူစာရင်းကနေ သွေးအုပ်စုတူတဲ့လူတွေစာရင်းတောင်း သူတို့ကို နိုးဆော်ခဲ့တယ်။ မြောက်ဥက္ကလာပဆေးရုံကြီးမှာ သွေးပုလင်းမရှိတော့အောင်ပြတ်လပ်ခဲ့တဲ့အချိန်ပါ။ အဲဒီတော့ အားလုံးကို မေးလ်ပို့ လှူနိုင်မယ့်လူတွေကိုစုပြီး ရုံးကအပြန်မှာသွားရောက်လှူဒါန်းခဲ့တာပါ။ သွေးလိုတဲ့လူနာရှင်တွေကလည်း ကျနော်တို့ကိုကြည့်ပြီး ဘာသွေးလှူမှာလဲဆိုတာ တတွတ်တွတ်မေးနေတာ။ သိပ်ကိုလိုအပ်နေပုံပါပဲ။ သွေးတစ်ပုလင်းမှမရှိဘူးဆိုတော့ တကယ့်အရေးပေါ်ဆို ဘယ်လိုလုပ်ကြမလဲ ကျနော်တွေးပူမိပါသေးတယ်။ လူ့အသက်တစ်ချောင်းက ဒီလိုကိစ္စတွေအတွက်နဲ့ ဆုံးရှံူးရမယ်ဆိုရင် မထိုက်တန်ဖူးလေနော်။

အခုတတိယအကြိမ်ကိုတော့ မနေ့ကလှူဖြစ်ခဲ့တာ။ ကျနော်တို့မြန်မာတွေ လာရောက်လှူဒါန်းပုံရှိဟန်တူပါရဲ့။ နပ်စ်မလေးက မြန်မာလို နေကောင်းလား မင်္ဂလာပါလို့ နှုတ်ဆက်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ဆိုတဲ့ စာတမ်းလေးကပ်ပေးလိုက်တာကြောင့် အားလုံးက အဆင်ပြေလား ခေါင်းမူးလား ဘာဖြစ်သလဲလာမေးနေကြပြန်တယ်။ အိုကေပါတယ်ဆိုတာကို ခဏခဏပြန်ပြောဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ အရင်အခါတွေလို လှုပ်ခွင့်မရလိုက်ပါဘူး နာရီတွေ မိနစ်တွေ တိကျစွာမှတ်သားပြီး ၁၀မိနစ်အတိမှ ကုတင်ပေါ်ကထခွင့်ပေးလို့ပါ။

ဘာပဲဖြစ်ဖြစ် မနှစ်ကမလုပ်ဖြစ်ခဲ့တာကို ဒီနှစ်မှာတော့ လုပ်ဖြစ်ခဲ့ပါပြီ။ ဒုတိယတစ်ခေါက်က မတ်လ ၂၈ရက်နေ့ဆိုတော့ နောက်တစ်ခေါက်ဘယ်တော့ဖြစ်နိုင်မလဲဆိုတာတော့ ကျနော်လည်း သေချာမသိပြန်ဘူး။ အနည်းဆုံးတစ်နှစ်တစ်ခေါက်တော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီစာလေးကနေ စာဖတ်သူတွေပါ လှူဒါန်းချင်စိတ်ပေါက်သွားခဲ့မယ်ဆိုရင်တော့ ကျနော့အတွက် အခေါက်ပေါင်းများစွာ ဖြစ်သွားမှာပါဗျာ။ ဟုတ်တယ်ဟုတ်…..

03 January 2009

ကျနော့အိပ်မက်


တကယ်တမ်းက
အတူမခွဲစတမ်းပေါ့
နောက်မှာလည်း
တို့လိုပဲတဲ့
ဒါပေမယ့်
တကယ်တမ်းတော့
မပီပြင်ကာ
မှုန်ဝါးတဲ့
မထင်မရှား
အိပ်မက်ဆိုတာ
..................

02 January 2009

ရေထဲကအပြာ


ရေထဲမှာပြာနေတယ်
ပြာလဲ့လဲ့ထင်နေတယ်
မဟုတ်ဘူး
ပြာနေတာ
ရေပြင်မဟုတ်ဘူးလေ
ရောင်ပြန်ဟပ်နေတဲ့အလင်းပါ။

ရေပြင်က
ရေပြင်ပါ
အပြာကအလင်းပါ
ရေပြင်မှာ
လာထင်တဲ့အပြာလွင်ကို
မရောထွေးလိုက်ပါနဲ့

ရေထဲကအပြာပါ
ရေပြင်အပြာမဟုတ်ရပါ။

ရေထဲကအပြာ

နှင်းခြေရာ

ဇန်န၀ါရီလမှာ နှင်းတွေကျတတ်တယ်။ သိပ်သိပ်သည်းသည်း မဟုတ်ပေမယ့် နှင်းတွေကျနေတယ်ဆိုတာကို မှန်ပြတင်းပေါက်ကနေ မြင်ရတတ်တယ်လေ။ နှင်းစက်တွေမှုန်မှုန်ကျပြီးရင် လူသူမဖြတ်တဲ့ နေရာတွေမှာ မသိမသာလေး နှင်းတွေ ကျန်ရှိနေတတ်လေရဲ့။ မင်းဖြတ်သွားခဲ့တယ်ဆိုတာ နှင်းခြေရာတွေကနေ တစ်ဆင့် မြင်ခဲ့ရတာပါ။ မငြင်းနဲ့နော် နေလာရင် နှင်းခြေရာတွေ ပျောက်မှာကို သိသိနဲ့ မငြင်းလိုက်ပါနဲ့။ မျက်စိမှောက်တယ်ပြောချင်လည်းပြောလိုက်ပါ နှင်းခြေရာရှင်ရယ် ငြင်းတော့မငြင်းလိုက်ပါနဲ့…

မင်းကလေ သုတ်ခနဲ ထွက်ပြေးသွားတတ်တဲ့လေပြေလိုပဲ တစ်ချက်တစ်ချက် ငါ့ရင်ကို တိုက်ခတ်သွားတတ်တယ်။ မင်းရောက်လာတာကို အစက ငါမှမမြင်မသိခဲ့တာ။ မင်းဆီက ၀င်သက်ထွက်သက်ကို တစ်ချက်တစ်ချက် ငါရတတ်တယ်။ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ သစ်ရွက်ခြောက်တွေကို နင်းသွားတဲ့ခြေသံလား သဲ့သဲ့တော့ ငါကြားမိတတ်တယ်။ ဒါပေမယ့် အကောင်ပလောင်လေးတွေ လျှောက်သွားနေတယ်ပဲ စိတ်ထဲကတွေးနေမိတာ။

အနံ့အသက်ဆန်းဆန်း တစ်ခုလည်းငါခံစားမိခဲ့တယ်။ သစ်ပင်တွေက ထွက်တဲ့ အနံ့တွေလို့ပဲ စိတ်မှာစွဲနေခဲ့တာ။ အနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ထင်မိလို့ ဖျတ်ခနဲ လှည့်ကြည့်မိတာလည်း မရေမတွက်နိုင်အောင်ပါပဲ။ လုံအောင်ပုန်းနေသူကို ဘယ်လိုလုပ်တွေ့နိုင်မှာလဲနော်။ မင်းကတော့ လုံခြုံတဲ့ တစ်နေရာကနေ ငါ့အဖြစ်ကို ဟားတိုက်ရယ်နေသတဲ့လား….ဟင်။

မသိုးမသန့် စိတ်ထဲမှာဖြစ်လာတိုင်း ငါလုပ်နေကြ ဘုရားစာကို ရှေ့နောက် အကြိမ်ပေါင်းများစွာ ရွတ်ခဲ့ပါရဲ့။ စိတ်ထဲမှာတော့ ရှင်းမသွားခဲ့ဘူး။ မင်းဘာလိုချင်ခဲ့တာလဲ။ င့ါကို ခြောက်လှန့်ယုံသက်သက်တဲ့လား။ မင်းရဲ့ ပျော်ရွှင်မှုအတွက်တဲ့လား။ ဟား………..မင်းတော်တော်လေး တတ်နိုင်ပါလား။ မင်းရသွားတဲ့ ပျော်ရွှင်မှုအတွက် ငါ့ဖက်က ပေးဆပ်ရတာတွေကို ထည့်တွက်ခဲ့သင့်ပါတယ်လေ။ ငါလေ..ငါလေ မင်းရဲ့ ခြောက်လှန့်မှုတွေ အတွက် သွေးပျက်မတတ် ကြောက်လန့်ခဲ့ရတာ။ အနှစ်နှစ်အလလ မင်းငါ့ကို ခြောက်လှန့်ခဲ့တာလေ။ ဟောဒီ ဇန်န၀ါရီနှင်းစက်တွေကို မြင်တိုင်း အလဲလဲ အပြိုပြို။ နှင်းတွေနဲ့အတူ မင်းရောက်လာတတ်စမြဲမို့။

ကံကောင်းထောက်မစွာ ဇန်န၀ါရီလရဲ့ နေ့ရက်တစ်ချို့မှာသာ နှင်းကျတတ်တာပါ။ နေ့တိုင်း မကျတတ်တာတော့ ငါ့အတွက် ဘုရားသခင်ရဲ့ ခွင့်လွတ်မှုတစ်ခုပါပဲ။ မဟုတ်ရင် ငါဟာနေ့တိုင်းရူးသွပ်နေရမှာ။

ဝန်ခံစရာတစ်ခုတော့ ရှိပါတယ်။ ငါ့နားရွက်ထဲကို မင်းဖွဖွလေး စကားပြောတိုင်း ငါကြည်နူးမိတယ်။ တကယ်ပြောတာ။ မင်းပြောတဲ့ စကားသံကိုက ညင်သာမှုအပြည့်နဲ့။ အဲဒီအချိန်တွေက မင်းစိတ်ကောင်းရှိတဲ့ အချိန်တွေဖြစ်မယ်ထင်တယ်နော်။ ဘာဖြစ်လို့ မင်းဘာဖြစ်လို့ အကြင်နာဆိုတာကို မခံစားတတ်ခဲ့တာပါလိမ့်။ ထည့်မတွက်ရလောက်အောင်အထိ ငါဟာ သေးဖွဲသိမ်နုပ်နေပြီလားဟင်။

မင်းဟာဆော့ကစားတတ်ပါလားလို့ သိလိုက်တဲ့ အချိန်မှာ ငါဟာတော်တော်လေး နောက်ကျနေခဲ့ပြီ။ မင်းရှိနေတယ်ဆိုတာကို သိပြီး အချိန်အတော်ကြာနေခဲ့ပြီ။ ငါဟာ မင်းအတွက်ခံစားတတ်နေခဲ့ပြီ။ မင်းရဲ့ ဖြစ်တည်မှုအတွက် ငါနှလုံးသွင်းမိသွားပြီ။ မင်းမရှိလည်း ငါဟာ လိုက်ရှာနေချင်ခဲ့တာ။ ခြေရာတွေကို ကောက်ရင်း မင်းရဲ့ လာရင်းအစစ်အမှန်ကိုလည်း ငါသိပ်သိချင်နေခဲ့တာ။

တစ်ချက်လောက်ဖြစ်ဖြစ် အရိပ်အယောင်ပြခဲ့ရင် ငါကျေနပ်ခဲ့မှာ။ သစ်ရွက်ကလေးတွေလှုပ်ပြတာ၊ လေတစ်ချက်အဝှေ့မှာငါနားကိုကပ်ကပ်လာတတ်တာ၊ အသံတွေအမျိုးမျိုးပေးခဲ့တာတွေဟာ ငါ့အတွက် မင်းရဲ့ ခြောက်လှန့်မှုတွေဖြစ်ခဲ့တယ်။ နှင်းစက်ခြေရာတွေကတော့ သေချာတဲ့ အမှတ်အသားတွေပေါ့။ မင်းမဖျောက်ဖျက်ခဲ့ပေမယ့် နေရောင်လာရင်တော့ ငါမတွေ့နိုင်တော့ပြီလေ။

ရက်စက်တယ်လို့ ငါမဆိုရက်ပါဘူး။ တစ်ခုလောက်ပဲ ငါတောင်းဆိုချင်တာပါ။ ဇန်န၀ါရီရောက်တိုင်း ငါ့ရင်ဘတ်ထဲက နှင်းစက်ခြေရာတွေမရောက်ရှိရလေအောင် တစ်ချက်လောက် ကူညီပေးပါ။ နေရောင်လာရင် ဒီခြေရာတွေ ပျောက်မယ်ဆိုတာသိပေမယ့်။ ဒီခြေရာတွေ မရှိခဲ့အောင် မရှိရလေအောင် မင်းတစ်ချက်လောက်ကူညီပေးပါ။ မင်းခြေရာတွေ မချန်ရစ်ခဲ့ပါဘူးလို့တော့ မငြင်းလိုက်ပါနဲ့နော်။ နှင်းစက်တွေပေါ်က ခြေရာတွေက ငါ့ရင်ဘတ်မှာ အတိုင်းသားထင်ကျန်ရစ်ခဲ့ပြီ။ မင်းမနင်းခဲ့ဘူးဆိုပေမယ့် ကြွင်းကျန်ရစ်တဲ့ ဒီခြေရာတွေက အထင်းသားလေ…………..နေရောင်မလာခင်အထိပေါ့

မနေ့ညက

မနေ့ညက ဘာတွေလုပ်ခဲ့ပါလိမ့်။ ပျော်စရာတွေရှာနေခဲ့တာပါလား။ ရုံးကနေ ညနေ ၄နာရီမှာပြန်လာခဲ့တယ်။ တစ်နေ့လုံး သူငယ်ချင်းတွေကို ဖုံးဆက်မိတယ်။ ဒီညဘာလုပ်ဖြစ်မလဲဆိုပြီး။ ဒီည လုပ်ဖြစ်ခဲ့ပါတယ် ကောင်းမယ်ထင်တာတွေ လုပ်ဖြစ်ခဲ့တယ်ထင်တာပါပဲ။

ရုံးကအစ်မကြီးက သူ့အိမ်မှာ ကောက်ညှင်းပေါင်းနဲ့ အကြော်စုံစားရင်း နှစ်သစ်ကိုကြိုကြမယ်ဆိုပါတယ်။ သူ့အိမ်ကိုရောက်တော့ ၆နာရီကျော်နေပြီ။ အကြော်ပွဲကစနေပါပြီ။ ထုံးစံအတိုင်း MIT ကအစ်ကိုကြီးတွေ အစ်မကြီး တွေ့ဆုံပွဲပါ။ မိန်းကလေးတွေက မီးဖိုချောင်မှာကြော်။ အမျိုးသားတွေကတော့ အိမ်ရှေ့မှာ စားရင်းသောက်ရင်း TV ကြည့်။ တစ်ပွဲပြီးတစ်ပွဲလာတဲ့ အကြော်ပွဲတွေမကုန်မချင်း။ ကျနော့ ရည်ရွယ်ရင်း သီချင်းဆိုချင်တဲ့ကိစ္စ မအောင်မြင်ခဲ့ပါဘူးခင်ဗျာ။ အဆိုတော်ကို ကြောက်လို့ တီးဝိုင်းဆရာက မလာရဲဘူးတဲ့ဗျာ။

နောက်တော့ ကိုဇင်ယော်ဆိုတဲ့ အစ်ကိုကြီးကို ခေါ်ပါဗျာလို့တောင်းပန်တယ်။ သူတို့နဲ့လိုက်ချင်လို့ပါဆိုတာ မခေါ်ဘူးဗျာ ထားပစ်ခဲ့တယ်။ (စတာနော် ပျံမပြေးချင်တဲ့ကိုဇင်ယော်)။ ကိုကြီးဝီကလည်း သူတစ်ယောက်တည်း အပျော်ရှာပါတယ်။ ညီရွာသား ညီရွာသားဆိုပြီး အမြဲထားခဲ့ပါတယ်။ အစကတော့ မပြောဘူးလို့ပဲ အခုတော့ စိတ်အရမ်းနာလို့ပါခင်ဗျာ။

သူငယ်ချင်းတစ်ယောက်က ဓါတ်ပုံရိုက်ချင်တယ် ကင်မရာယူလာမယ်ဆိုတော့ အဲဒီ countdown ဘက်ကို ဦးလှည့်ရပြန်ပါတယ်။ နဂိုတည်းက အိမ်မပြန်ချင်တာနဲ့တော့ တွေ့ပြီလေ။ ဒါနဲ့ countdown လုပ်မယ့်နေရာရောက်တော့ သူငယ်ချင်းက သူ့မှာကိစ္စမပြတ်သေးလို့ပါတဲ့။ ဆိုတော့ ပတ်လို့ရတဲ့နေရာမှာ သုံးလေးပတ်လောက်ပတ်လိုက်သေးတယ်။ မနေနိုင်တဲ့အကျင့်နဲ့ ဈေးတွေဝယ်မိပြန်ရော။ လျှော့ဈေးဆိုတာကိုးဗျ။ မရတော့ဘူး မျက်စိပိတ်မှဖြစ်မယ်ဆိုပြီး Starbuck ကိုဦးလှည့်ထွက်ခဲ့ရတယ်။ ဆိုင်ထဲမှာ အမှာကောင်းလို့ အအေးနှစ်ခွက်နဲ့ ငွေ ၁၁ ကျပ်ရှင်းခဲ့ရပြန်ရော။ အဲလိုတတ်ယောင်ကားလုပ်မိတာလေ။ အအေးကိုမကုန်ကုန်အောင် သောက်ရင်း ဆိုင်ထဲမှာ စောင့်ပေါ့။

သူငယ်ချင်းလာတော့ ၁၁:၄၅မိနစ်ဖြစ်တော့မယ်။ များပြားလှတဲ့လူအုပ်ကြားမှာ တိုးရင်းဝှေ့ရင်း တစ်နေရာစာကို အမိအရယူလိုက်ရတယ်။ ရိုက်ခါနီးတော့မှ ဓါတ်ခဲကကုန်နေပြီ။ သူများတွေကလည်း အော်နေပြီ။ အမြန်လဲ ပြီးတော့ Lens ကလည်း အဆင်မပြေပြန်။ တစ်ခါအမြန်မြန်လဲ။ ကဲ စဖောက်ပြီဆိုတော့ အလင်းက ချိန်လို့မရ တကယ့်ကိုးလို့ကန့်လန့်။ အခုဓါတ်ပုံကိုကြည့် အဲလိုမျိုးတော်တာ။

ဖုံးကွယ်ထားသောလက်ရာအမှန်များ.....





ပြီးသွားပြီဆိုတော့မှ ပြန်ကြည့်ဖြစ်တယ်။ တော်တော်ညံ့ပါလားနော်။ အကောင်းဆုံးဆိုတဲ့ ပုံလေးတွေကို ကြယ်ရောင်စုံတဲ့ညအဖြစ် မျှဝေခဲ့တယ်။ မကောင်းတာတွေကိုတော့ ဖျက်ပစ်မလို့။ အဲလို…

အိမ်ပြန်ုဖို့လမ်းလျှောက်ရင်း လက်တဲ့စမ်းတာလေးတွေလည်း မျှဝေပေးလိုက်ပါတယ်။ လမ်းလျှောက်နေတဲ့လူတွေ ရေထဲက အရောင်တွေ။ ပြီးတော့ လမ်းမီးတိုင်လေးတွေ။ ညဘက်ရှုခင်းတွေ။ လက်တည့်စမ်းနေမိတော့တာ။







ပြီးတော့ကျနော့အတွက် အလွမ်းပြေမယ့် နေရာလေးမှာ ထိုင်ခဲ့တယ်။ အရိပ်အယောင်လေးပဲဖြစ်ဖြစ် အငွေ့အသက်လေးပဲဖြစ်ဖြစ် နှစ်သစ်မှာ ကျနော်နဲ့အတူရှိစေချင်တယ်လေ။

နောက်ဆုံးရထားနဲ့ အိမ်ကိုပြန်ခဲ့တယ်။ ဆင်းရမယ့်ဘူတာရောက်တော့ အိပ်ပျော်ရာက လန့်နိုးလာလို့တော်ပါသေးရဲ့။ လမ်းလျှောက်ရင်း ဗိုက်ကဆာလာတာမို့ အိမ်နားမှာပဲ ကြက်ဥပလာတာစားရင်း ကိုဇင်ယော်ကို နှုတ်ဆက်ပါတယ်။ ဆန္ဒမပြည့်သွားတဲ့ ဇင်ယော်လည်း တော်တော်လေး ကဲခဲ့ပုံပါပဲ။ နောက်တော့နှစ်ယောက်စလုံး ဖုန်း ဘက်ထရီကုန်သွားတာမို့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။

အိမ်ကိုရောက်တော့ မအိပ်ချင်တော့ပြန်ဘူး။ ဓါတ်ပုံတွေ တင်ရင်း စာတွေဖတ်ရင်း နှစ်သစ်ကူးကို လိုက်နှုတ်ဆက်နေမိတယ်။ အရမ်းငိုက်လာမှ သတိထားမိတော့ မနက်၎:၄၅ ရှိနေပြီလေ။ ၁ရက်နေ့မနက်ခင်း ကို အိပ်စက်ခြင်းနဲ့ကြိုဆိုလိုက်တာ နေ့လည် ၁၂:၃၀ မှ ပြန်သတိရလာတယ်။ သြော်နှစ်သစ်ရောက်ပြီပဲ……………………ဗိုက်ဆာတာဗျို့ဆိုပြီး စအော်မိတယ်.....


ဘကြီးဦးလေးက ရေးပေးပါဆိုလို့ ရေးပါတယ်….

01 January 2009

ကြယ်ရောင်စုံတဲ့ည

ကြယ်ရောင်စုံတဲ့ည တစ်ခုနဲ့ဆုံခဲ့ရပါတယ်။ အမိမြေက တောင်ကြီးမီးပုံးပျံပွဲလေးကို ပြန်သတိရမိတယ်။ ညမီးကျည်တွေ တစ်လုံးပြီးတစ်လုံးလွှတ်နေသလို ခံစားရပါတယ်။ နှစ်သစ်ကိုကြိုဆိုတဲ့ ချစ်စရာ ကြယ်ရောင်စုံတဲ့ညလေးကို မျှဝေပေးလိုက်ပါတယ်။ ရနိုင်သလောက်ကြိုးစားပြီး ရိုက်ခဲ့ပေမယ့် မကျွမ်းကျင်လေတဲ့ဓါတ်ပုံရိုက်ခြင်းအနုပညာကို ပုံတွေတိုင်းမှာ တွေ့မြင်နိုင်ပါတယ်ခင်ဗျာ…