30 April 2020

မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ ပ

မဇ္ဇိမ ဒေသကို မိသားစုလိုက်ခရီးသွားချင်တဲ့ စိတ်ကူးဟာ မေ့ရဲ့ စိတ်ကူးပါ။ အသက်အရွယ်ရလာတာကြောင်း၊  ချွတ်ယွင်းလာတဲ့ ကျန်းမာရေးကြောင့် တကြောင်း သူတို့ တွေ ခရီးသွားနိုင်လာနိုင်တုန်း ဒီခရီးစဉ်ကို စီစဉ်ဖြစ်တယ်။ လူကြီးတွေ ဖြစ်တာကြောင့် ကိုယ့်ဖာသာစီစဉ်ပြီး သွားတာမျိုး မလုပ်ဖြစ်တော့ပဲ သက်တောင့်သက်သာဖြစ်မယ့် တိုးတခုခုနဲ့ သွားဖို့ စဉ်းစားမိတယ်။ ဒီခရီးသွားလာဖူးသူတွေကို မေးစမ်းပြီး အရင်အလုပ်က အမတယောက် ညွှန်းတဲ့ ကုမ္ပဏီတခုကို ဆက်သွယ်ကြည့်တယ်။ ဘယ်လို သွားချင်သလဲ ဘယ်တွေ သွားချင်သလဲဆိုတဲ့ မေးခွန်းတွေ ဖြေပြီးတဲ့အခါ အဲ့ဒီတိုးက မမိုးဆီကနေ ခရီးစဉ်အကြမ်းနဲ့ မှန်းဆကုန်ကျစရိတ်ထွက်လာတယ်။ အားပါးပါး စျေးက အများသား။ လိုက်မယ့် ခရီးသည် အရည်အတွက်ရယ်၊ တည်းချင်တဲ့ ဟိုတယ် အမျိုးအစားပေါ် မူတည်ပြီး စျေးက ကွဲပါတယ်။ ၇ညအိပ် ရှစ်ရက်ခရီးကို ပျမ်းမျှတော့ တယောက် ယူအက်စ် ထောင့်သုံးရာကျော်လောက်ရှိမယ်။ နှစ်ကုန်ခါနီးမှ သွားမှာဆိုတော့ နည်းနည်းလည်း အချိန်လိုနေသေးတာနဲ့ အဲ့ဒီမှာ ခဏရပ်ထားလိုက်တော့တယ်။ မမိုးကတော့ သူနဲ့ မသွားဖြစ်ရင်တောင် ခရီးစဉ်နဲ့ ပတ်သက်တာ သိချင်သမျှကို အားမနာတမ်းမေးပါလို့ ပြောရှာတယ်။

မမိုးရဲ့ ခရီးသွားလုပ်ငန်းက အကြီးအကျယ် ကြော်ငြာပြီး လုပ်ကိုင်နေတာမဟုတ်ပါဘူး။ ဒီလိုပဲ ခင်ရာခင်ရာ မိတ်ဆွေအချင်းချင်း လက်တို့ပြီး လုပ်တဲ့လုပ်ငန်းပါ။ ဒါပေမယ့် သူ့ဆီက ခရီးစဉ် စာရွက်ရတဲ့အခါ  ခရီးတခုကို သေချာ စီစဉ်သူဆိုတာ မြင်သာသွားပြီ။ ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးစရာပြုစရာ ဘာမှ မကျန်အောင်ကို ထည့်ပေးထားတယ်။ အကယ်၍ ခရီးစဉ်ဖျက်ခဲ့တာ မကျေနပ်လို့ တိုင်ကြားလိုတာက အစ စာရွက်ထဲမှာ ပြည့်ပြည့်စုံစုံ ထည့်ပေးထားတယ်။ 

မြန်မာပြည်က တိုးတွေက နီးမှ စျေးထွက်တာလို့ဆိုပါတယ်။ ထူးဆန်းတာက လေကြောင်းလိုင်းတွေမှာ ဒီခရီးစဉ်လေယာဉ်လက်မှတ်တွေ ကိုယ့်ဟာကို ဝယ်လို့မရဘူးနော်။ အဆန်းတွေချည်း။ တိုးတွေက တခါတည်း စင်းလုံးပျောက် ဝယ်ထားတာတဲ့လေ။ ဩဂုတ်လဆန်းမှာတော့ အသိအမက ဆက်သွယ်လာတယ်။ လေယာဉ်လက်မှတ်စျေးတွေချတယ်တဲ့။ တယောက်ကို ၇၀လောက် ချတယ်ဆိုတော့ အတော်လေး သက်သာတယ်ပြောရမယ်။ ခရီးစဉ်ကို ပြောကြဆိုကြ စျေးတွေလည်း ဆစ်ပေါ့။ တယောက်ကို ယူအက်စ် ၁၂၅၀နဲ့ သုံးယောက်စာ စီစဉ်လိုက်တယ်။ တခြားလူလိုက်ချင်ရင် နောက်ထပ် နှစ်ယောက် သုံးယောက်လောက်တော့ ထည့်လို့ရပါတယ်လို့ ပြောလိုက်တယ်။ လိုအပ်တဲ့ ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းတွေ၊ ပတ်စပို့တွေ ပို့ပေးရတယ်။ 

စာရွက်စာတမ်းတွေ ပေးတော့မှ စတွေ့တော့တာပဲ။ အမေ့ပတ်စပို့က သက်တမ်း၇လလောက်ပဲကျန်တော့တယ်။ အိန္ဒိယဖက်အခြမ်းက ပြဿနာမဟုတ်ပေမယ့် နီပေါဖက်အဝင်မှာတော့ အခက်အခဲဖြစ်နိုင်တယ်လို့ မမိုးကဆိုတယ်။ သက်တမ်းတိုးရလည်း သိပ်မခက်တာမို့ သူပဲတိုးဖို့စီစဉ်ပေးတယ်။ အသက်ခြောက်ဆယ်ကျော် ဘုရားဖူးတွေအတွက် သာသနာရေးဝန်ကြီးဌာနမှာပဲ စုရပ်လုပ်ပြီး သက်တောင့်သက်သာဖြစ်အောင် တိုးပေးတယ်လို့ပြောပါတယ်။ ပတ်စပို့ရုံးကို တန်းစီပြီးတိုးရမှာထက်စာရင် တော်သေးတာပေါ့။ ပတ်စပို့အသစ်ရလာတဲ့အခါ ပတ်စပို့ပေးရင်း ခရီးဆောင်အိတ်နဲ့ ဘုရားဆင်းတုတွေပူဇော်ဖို့ မမိုးက လာပေးသွားခဲ့တယ်။

ခရီးစဥ်နီးလာတော့ လူကြုံကောင်းတာနဲ့ လိုက်လာတဲ့ ဘုရားဖူးနောက်ထပ်လေးယောက်ဖြစ်သွားတယ်။ အစက ကျနော်တို့ မိသားစု အပါ ငါးယောက်ပဲဆိုတော့ နောက်ထပ် နှစ်ယောက် လိုက်ဖို့ အဆင်ပြေမပြေ မမိုးက လှမ်းမေးတယ်။ ကျနော်က အဆင်ပြေပါတယ်လို့ ပြန်ပြောလိုက်တယ်။ လူထပ်တိုးလာတာမို့ ခရီးစရိတ်လည်း လျော့ကျသွားတယ်။ တယောက်ကို ယူအက်စ် ၁၁၈၀ အထိ လျော့ကျသွားပါတယ်။ ကားကိုတော့ တန်ပို ဆယ့်သုံးယောက်စီးကို စီစဉ်ထားတယ်လို့လည်း အကြောင်းကြားတယ်။

ဒီဇင်ဘာလထဲရောက်လာတဲ့အခါ မမိုးက ဗိုင်ဗာမှာဂရုတခုလုပ်ပြီး ခရီးသည်တွေအကုန်လုံးကို တခါတည်းဆက်သွယ်ပါတယ်။ ခရီးစဉ်အတွက် လိုအပ်တဲ့ အရာတွေကို အဲ့ကနေ တနေ့ပြီးတနေ့ မှာပါတယ်။ အနွေးထည်သယ်လာပါ၊ ပိုက်ဆံလဲမလာပါနဲ့၊ ခြေအိတ်များများ သယ်လာပါဆိုတာကနေ မဇ္ဇိမရဲ့ ရာသီဥတုသတင်း နိုင်ငံရေး အခြေအနေထိပါတယ်။ ဒီဇင်ဘာ ဆယ်ရက်ကျော်လာတဲ့အခါ ဒလိုင်းလားမားရဲ့ ခရီးစဉ်ကြောင့် ကျနော်တို့ရဲ့ ခရီးစဉ်မှာ အခက်အခဲအချို့ ရှိလာနိုင်တယ်ဆိုတာမျိုးအထိ သေချာ အကြောင်းကြားပေးတယ်။တယောက်ချင်းဆီတိုင်းရဲ့ ဗီဇာစာရွက်တွေနဲ့ လေယာဉ်လက်မှတ်တွေကိုလည်း အဲ့ထဲမှာ ပို့ပေးထားတယ်။

ရန်ကုန်ကနေ ခရစ္စမတ်နေ့မှာ ကျနော်တို့ရဲ့ မဇ္ဇိမ ခရီးစဉ်စပါတယ်။ လေဆိပ်ကိုရောက်ပြီး သိပ်မကြာခင်မှာ မမိုးရဲ့ သားနဲ့သမီးရောက်လာတယ်။အထုတ်တွေ အပ်ဖို့နဲ့ ဗီဇာစာရွက်တွေကို ထုတ်ပေးတယ်။ လေဆိပ်တခုလုံး ဘုရားဖူးခရီးသည်တွေနဲ့ ပြည့်လို့။ ဝတ်စုံဆင်တူတွေ၊ အိိတ်ဆင်တူတွေ၊ ဦးထုတ်ဆင်တူတွေနဲ့ ဘုရားဖူးတိုးအကြီးကြီးတွေက အပြိုင်အဆိုင် ကြော်ငြာကြတယ်။ ကျနော်တို့အဖွဲ့လူစုံတာနဲ့ ချက်ကင်ဝင်ပေးတယ်။ မမိုးသမီးလေးက လေဆိပ်အထွက် ကျနော်တို့အဖွဲ့ကို ဓါတ်ပုံရိုက်ပြီး မမိုးကို လှမ်းပို့အကြောင်းကြားတယ်။ မမိုးက ဟိုဖက်လေဆိပ်ကနေ ကြိုနေမှာဖြစ်ပါတယ်။

အင်မီဂရေးရှင်ကို ဝင်တော့ အဖွဲ့ထဲက အန်တီတယောက်ကကျနော့အရှေ့က။ အရာရှိက ဗီဇာစာရွက်တောင်းတာ သူမသိပဲဖြစ်နေတယ်။ ဒါနဲ့ အစောက မမိုးသမီးလာပေးထားတဲ့ စာရွက်ထုတ်ပြလိုက်ပါလို့ ပြောမှ ဪဆိုပြီး အိတ်ထဲက ထုတ်ပြတယ်။ မမိုးကသေချာ စီစဉ်ပေးတာမို့ လေယာဉ်အရှေ့ပိုင်းခုံတန်းမှာ မိသားစု တူတူထိုင်ခွင့်ရတယ်။ 
နှစ်နာရီခွဲလောက်အကြာမှာ ဂါယာ လေဆိပ်ကိုရောက်ပါတယ်။ လေယာဉ်ပြတင်းပေါက်ကနေ မြင်ရသလောက်တော့ မြူနှင်းတွေပိန်းပိတ်နေတယ်။ အပြင်မှာတော့ ဘယ်လောက်တောင် အေးနေမလဲမသိဘူး။ အဲ့ဒီနေ့က ၁၈ဒီဂရီလို့ သိရတယ်။ တရုတ်ပြည်ကို ၁၁လပိုင်းက သွားထားတာမို့ ဂါယာလေဆိပ်ရဲ့ လူဝင်မှုဟာ အတော်လေး အစီအစဉ်မကျတာ စက်တွေနှေးကွေးတာကို သေချာနှိုင်းယှဉ်လို့ ရနေခဲ့တယ်။ ခရီးသည် တယောက်ချင်းဆီရဲ့ လက်ဗွေဆယ်ချောင်းလုံးကို ဖတ်တယ်။ ဖတ်တိုင်း စက်က ဖတ်မရတာမို့ လက်တဖက်ကို ငါးခေါက်ဆီလောက် စက်ပေါ်တင်ရတယ်။ လူတယောက်ကို မိနစ်နှစ်ဆယ်လောက် အချိန်ယူပြီး ကောင်တာကလည်း သုံးခုပဲရှိတယ်။  လူကြီးတွေကို ရှေ့ကနေ စီခိုင်းပြီး တယောက်စီတိုင်းရဲ့ လိုအပ်တာတွေ ပြောပေးနေတာနဲ့ ကျနော်က နောက်ဆုံးလူဖြစ်သွားတယ်။ ဝင်ပြီးကူပေးနေလို့ထင်တယ် အရာရှိက အလည်လာတာလား စကားစရင်း မိတ်ဖွဲ့တော့ သူက မဒရပ်ကနေ တာဝန်နဲ့ ရောက်လာတာလို့ ရှင်းပြတယ်။ ကောင်းသော နေ့ဖြစ်ပါစေလို့ နှုတ်ဆက်ပြီး အထုတ်တွေရွေးတဲ့ဆီကိုသွားတယ်။


လေဆိပ်ထဲမှာ တီးဝိုင်းနဲ့ ဒုန်းတပ်တပ်တွေကြိုနှင့်တယ်။ မမိုးကလည်း အထွက်ပေါက်ကနေကြိုတယ်။ သူ့အဖွဲ့ကလူတွေက အထုတ်တွေ ဝိုင်းဆွဲနေတုန်း ကျနော်တို့တွေက ဂါယာလေဆိပ်နဲ့ အပြိုင်ဓါတ်ပုံရိုက်ကြတယ်။ တစိမ့်စိမ့်အေးလာတာမို့ မမိုးက အားလုံးကို တဘက်စောင်တယောက်တထည် လက်ဆောင်ပေးပါတယ်။ ဂါယာမှာ တည်းခိုဖို့ ဂျာတကာ အင်းကို အရင်မောင်းတယ်။ ပုတီးတကုံးစီနဲ့ ဟိုတယ်က ကြိုတယ်။ မမိုးကတော့ အသေးသုံးဖို့ ပိုက်ဆံ ယူအက်စ် တရာဖိုး တယောက်တထုတ်စီကို အကြွေလေးတွေနဲ့ သေချာ စီစဉ်ပေးထားတယ်။ ညနေမှ မိမိလဲချင်သလောက် ငွေကြေးကို ငွေလဲမယ့်သူ ဟိုတယ်မှာကိုယ်တိုင်လာလဲပေးမယ်တဲ့။ အထုတ်တွေချပြီးတာနဲ့ နေ့လည်စာစားကြတယ်။ ပူရီနဲ့ မလိုင်ကို အားရပါးရတွယ်ကြတယ်။
လမ်းမှာ ဘုရားရှင်တို့ ရွှေခွက်မျောရာ နေရဥ္စရာ မြစ်ကို ဖြတ်တယ်။ အခုနေများ ရွှေခွက်မျောရင် စီးစရာ ရေမရှိတာမို့ ကောက်မယ့်သူတွေ အများကြီးဖြစ်နေမှာလို့ ပေါက်တတ်ကရ တွေးနေမိသေးတယ်။


စားပြီးတာနဲ့ ဂေါတမမြတ်စွာဘုရား ဒုက္ကရစရိယ ကျင့်တယ်လို့ ယူဆကြတဲ့ တောင်ကုန်းနဲ့ ဥရုဝေလတောအုပ်ကို သွားကြတယ်။ အသွားလမ်းမှာ ဂါယာကျောင်းက ဆရာတော်ကို ပင့်လာခဲ့တယ်။ တောအုပ်ဆိုတာတော့ ရှာမတွေ့နိုင်တော့ဘူး။ တဲအုပ်တွေတော့ တလမ်းလုံးတွေ့လာခဲ့တယ်။ တောင်ခြေရောက်တဲ့အခါ မတ်စောက်တဲ့တောင်မို့ မတက်နိုင်မယ့် လူကြီးသူမတွေကို အထမ်းနဲ့ တက်ဖို့စီစဉ်ပေးတယ်။ ပိုက်ဆံတောင်းသူတွေ ဝိုင်းအုံလာတတ်တာမို့ ပိုက်ဆံ မပေးဖို့ သေချာမှာပါတယ်။

တောင်က သိပ်မမြင့်ပါဘူး၊ မတ်တာတခုပဲ တက်ရတာ ခက်ခဲစေတယ်။ တလမ်းလုံးတော့ ပိုက်ဆံတောင်းသူတွေ တောက်လျှောက်ပါလာတယ်။ တောင်ပေါ်ရောက်တဲ့အခါ ဥသျှစ်ရေနွေးလေးနဲ့ အမောပြေစေတယ်။ သောက်ဖြစ်အောင် သောက်ကြပါလို့ တိုက်တွန်းပါတယ်။ ထိုင်ဝမ်က ဘုရားဖူးတွေ အဖွဲ့လိုက် တရားနာနေတာကို တွေ့ခဲ့ရတယ်။ တကယ်က ဒီတောင်တန်းတနေရာမှာ ဘုရားရှင် တရားကျင့်တော်မူခဲ့တယ်။ ဒီကျောက်ဂူကိုတော့ သမိုင်းသုတေသီတွေက ဖြစ်နိုင်လောက်တယ် ယူဆပြီး တည်ထားကိုးကွယ်ကြတာပဲဖြစ်ပါတယ်။

တောင်ပေါ်က ဆင်းတော့ အမှောင်ပျိုးစပြုပြီ။ ပြီးတာနဲ့ မဟာဗောဓိစေတီတော်ကို သွားဖူးကြတယ်။ နှင်းမြူတွေဆိုင်းနေတာမို့ စိတ်တိုင်းကျ ပုံတော့ ရိုက်လို့ မရခဲ့ဘူး။ လမ်းပေါ်မှာ ဝမ်းလျားထိုး ရှိခိုးနေကြတဲ့ တိဘက်ဘုရားဖူးတွေလည်း အပြိုင်းအယိုင်း။ သုမေဓါရှင်ရသေ့ ဗျာဒိတ်ခံသလို အလျားထိုး ရှိခိုးကြပြီး အကြိမ်ရေများများ ရှိခိုးနိုင်ရင် ကုသိုလ်ပိုရတယ်လို့ လိုက်လာတဲ့ ဆရာတော်ဘုရားက ရှင်းပြပါတယ်။


စေတီတော်ထဲက ဆင်းတုတော်က အတော့ကို သပ္ပါယ်ကြည်ညိုဖို့ကောင်းပါတယ်။ အထဲကိုဝင်ရဖို့ အကြာကြီးတန်းစီရပြီး အထဲမှာ ခဏပဲပေးဝင်ပါတယ်။ ဘုရားဖူးအတော်များတာကိုလည်း တွေ့ရတယ်။ မဟာဗောဓိညောင်ပင်အောက်က အစွန်းထွက်နေတဲ့ ပလ္လင်တော်အစစ်ကို ဖူးဖို့ ဆရာတော်က သေချာညွှန်ပြတယ်။ ဗောဓိညောင်ရွက်ခူးခွင့်မရှိဘူးဆိုတာ လည်း အထပ်ထပ်မှာတယ်။ ကိုးကွယ်လိုသူ ဒကာ ဒကာမတွေအတွက် တယောက်တရွက်စီ မျှဝေပေးမယ်လို့ ဆရာတော်က မိန့်တယ်။ အယောက်စီတိုင်းကလည်း တရွက်စီနဲ့ မလောက်ကြဘူး ဟိုအမျိုးဒီအမျိုး ပေးချင်ကြတာနဲ့ ဆိုတော့ ထပ်တောင်းကြတယ်။ လူ့လောဘဆိုတာကို ဆရာတော်လည်း မရီပဲမနေနိုင်တော့ဘူး။

မဟာဗောဓိစေတီတော်ထဲက သတ္တဌာနကို သေချာလိုက်ပြပေးပါတယ်။ ခုနေ ပြန်မေးရင်တော့ ဘယ်နေရာဟာ ဘာဆိုတာ မသိတော့ဘူး။ နောင်ပွင့်တော်မူမယ့် အရိမေတ္တိယျ မြတ်စွာဘုရားရဲ့ ပုံတော်ကိုလည်း မဟာဓောဓိစေတီရဲ့ နံရံမှာ ပူဇော်နေတာကိုတွေ့ခဲ့ရပါတယ်။

မဟာဗောဓိအနားက မုစလိန္ဒာကန်ကိုလည်း ဝင်ကြည့်ကြသေးတယ်။


ဟိုတယ်မှာ ညစာကို ငါးဖယ်သုတ်နဲ့ သူတို့အစားအစာ ဘူးဖေး စားရတယ်။ အကြိုက်ဆုံး မလိုင်လုံးတွေလည်း နှစ်ပွဲလောက်ဆွဲတာပေါ့။ ရာသီဥတုက စိမ့်နေအောင်အေးတာမို့ အခန်းထဲမှာ အပူပေးစက်တလုံးစီ ထားပေးတယ်။ နွေးတာကြောင့်လား ပင်ပန်းတာကြောင့်လား မနက်အစောကြီးထရမှာမို့လား မသေချာဘူး ခဏလေးနဲ့ အိပ်ပျော်သွားကြတော့တယ်.....

28 April 2020

လန်နာတိုင်းပြည် ရှာဖွေခြင်း သိမ်း


မိုင်းလားမြို့ဟာ စည်တာတော့ အတော်ကိုစည်ပါတယ်။  တရုတ်အငွေ့အသက်တွေ ပိုများသလားလို့ ထင်မိတယ်။ မြန်မာပြည်ထဲက တရုတ်မြို့တော် တခုလိုပါပဲ။ ကျနော့စိတ်ထဲမှာ ရင်းနှီးမှု ရှိမနေခဲ့တာကို ဝန်ခံပါရစေ။
မိုင်းလားက အပြန်လမ်းမှာ ဓါတ်ပုံတွေ တသီချည်း ရိုက်တော့တာပေါ့။

ဆီလူးက တောင်ကုန်းတွေဟာ ကြံရယ် စပါးရယ် နှံစားပြောင်းရယ်နဲ့ အရောင်တွေ ဆေးခြယ်ထားတဲ့ တောင်ကုန်းတွေဖြစ်နေတယ်။ လမ်းက ခင်းနေတုန်းမို့ မြေသားက ပျော့နေတယ် အောက်က မြေထက်မြင့်နေတာမို့ ထရိုင်ပေါ့ထောက်ပြီး ရိုက်လို့ အဆင်မပြေခဲ့ဘူး။








မိုင်းယန်းကို ရောက်တဲ့အခါ အလာတုန်းက လဖက်ရည်ဆိုင်မှာ လဖက်ရည်ဝင်သောက်ကြတယ်။ ပြီးတော့ လမ်းတလျှောက် ဓါတ်ပုံတွေ ဆင်းဆင်းရိုက်တယ်။


ရွှေတောင်ကြားလို့ကျနော် နာမည်ပေးခဲ့တဲ့ တောင်ကြားဟာ သိပ်ကိုလှတယ်။ ဟိုးတောင်ထိပ်က တဲအိမ်လေးတွေဟာ တိမ်တွေကြားမှာမို့ နတ်ဘုံနတ်နန်းလိုပါ။

ကိုဝင်းဇော်ရဲ့ လောဘမြစ်ဆိုတဲ့နေရာမှာလည်း ဓါတ်ပုံဆင်းရိုက်ကြတယ်။ ဟိုးတောင်ပေါ်ကနေ အေးအေးချမ်းချမ်း စီးဆင်းလာတဲ့ ချောင်းရေဟာ ကြည်လင်နေတာပါပဲ။ ဒါပေမယ့် တောင်အောက်က ရွှေတွေကျင် လုပ်ငန်းသုံးကြာတာမို့ နောက်ကျိနေတဲ့ ရေနဲ့ ဆုံတဲ့နေရာပါ။ ကြည်နေတဲ့ရေဟာ နောက်ကျိမှုထဲရောယှက်သွားပြီး ကြည်လင်မှုတွေ ပျောက်ဆုံးသွားပြီ။ ဒါဟာ လောဘမြစ်ပဲတဲ့...

အသွားတုန်းက မစားဖြစ်ခဲ့တဲ့ ထမင်းဆိုင်မှာ နေ့လည်စာဝင်စားကြတယ်။ ကိုဝင်းဇော်က ကျွေးတာမို့ကျေးဇူးတင်ရတယ်။ ပြီးတော့ ဝါးပိုးကို ပထမဆုံးစားဖူးခဲ့တာလည်း ဖြစ်ပါတယ်။





လန်နာတိုင်းပြည်ဆိုတာ စပါးခင်းများနဲ့ စိမ်းလန်းသောတိုင်းပြည်လို့ အနက်အဓိပ္ပါယ်ရတယ်။ အခုသွားတဲ့ခရီးစဉ်တခုလုံးမှာ စပါးခင်းတွေနဲ့ စိမ်းလန်းနေတဲ့ ရှုခင်းတွေ အများကြီးပါ။ အခု မိုင်းယန်းကနေ ကျိုင်းတုံအပြန်လမ်းမှာလည်း စပါးခင်းတွေချည်း။ သေချာပါတယ် ကျနော်ရောက်နေတဲ့ ဒီဒေသဟာ လန်နာတိုင်းပြည်ရဲ့ တစိတ်တဒေသဆိုတာပါ။

ကျိုင်းတုံပြန်ရောက်တဲ့အခါ ကိုဝင်းဇော်က သူတို့ကားဂိတ်ကိုဝင်တယ်။ ကျနော်ကတော့ အနားက စော်ဘွားဂူကို ဓါတ်ပုံဝင်ရိုက်ပါတယ်။ တံခါးတော့ ပိတ်ထားတာမို့ ခြံစည်းရိုး အပေါက်ထဲကနေပဲ ရိုက်ခဲ့ပါတယ်။

ဟိုတယ်ပြန်ရောက်တဲ့အခါ ကျနော်တို့အခန်းကို နောက်ဧည့်သည်မရောက်တာမို့ ပထမအခန်းပဲ ပြန်ရတယ်။ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေကို ဓါတ်ပုံတွေပြရင်းသူတို့က ခရီးသွားစာရေးသူဆို စျေးချပေးမယ်ဆိုပြီး စျေးအတော်ချပေးပါတယ်။














နောက်နေ့မနက်စာကို စျေးထဲမှာ ဝက်သားလုံးခေါက်ဆွဲစားရင်း ဝက်အူချောင်းနဲ့ ဒုက္ခတွေ ဝယ်ကြတယ်။ စျေးထဲမှာ အေးအေးဆေးဆေး ဓါတ်ပုံရိုက်ကြတယ်။ ဖက်နဲ့ထုတ်ထားတဲ့ ပဲကောက်ညှင်းတွေပါ ဝယ်ပြီး လေယာဉ်ပေါ်က ပေးတဲ့ မုန့်တွေမစားပဲ ပဲကောက်ညှင်းနဲ့ ဝက်အူချောင်းကို ဟဲဟိုးလေဆိပ်အဆင်းမှာ စားဖြစ်ကြတယ်။

လန်နာတိုင်းပြည်ဟာ အခုအချိန်ထိများရှိနေခဲ့ရင် ဆန်ရေစပါးပေါများနေမလား၊ ဗုဒ္ဓဘာသာပဲ ဒီ့ထက်ပိုပြီး ထွန်းကားနေမလား၊ ပြည်သူပြည်သားတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့သူ စာနာတတ်သူ တွေ ယနေ့ခတ်လူတွေထက်ပိုများနေမလားဆိုတဲ့ အတွေးတွေဟာ ဟဲဟိုးကနေ ရန်ကုန်လေဆိပ်ဆင်းသည်အထိ ကပ်လျက်ပါနေခဲ့တော့တယ်....