26 July 2008

ကျနော် စာအုပ် စာရွက်ခေါက်ခြင်း

တနေ့က ကျနော့အစ်ကိုကြီးကိုရုပ်ဆိုးက ကျနော်လိုချင်လို့တခုတ်တရမှာလိုက်တဲ့ စာအုပ်တွေ ကျနော်ချစ်တဲ့မြေကနေ တကူးတက လူကြုံနဲ့ ထည့်ပေးလိုက်ပါတယ်။ စာအုပ်တွေက

၁။ခင်ခင်ထူး အညာသူအညာသားဆွေမျိုးများ
၂။ခင်ခင်ထူး ပါးကွက်ကျား
၃၊ခင်ခင်ထူး လှည်းယဉ်ကျော့
၎။ခင်ခင်ထူး ကြာဆစ်ကြိုး
၅။ဂျူး ကံကြမ္မာကို မယုံကြည်ကြသူများ

တို့ပဲဖြစ်ပါတယ်။ စာအုပ်တွေတိုင်းမှာ စာမျက်နှာမှတ်ဖို့ဆေးကြော်ငြာစာရွက်ပိုင်းလေးတွေနဲ့။ တကယ်ကို ကောင်းမွန်တဲ့စာမှတ်လေးတွေ။

ငယ်ငယ်ကျောင်းသားဘ၀တုန်းကပေါ့။ မေက ကျောင်းပြန်လာရင်လွယ်အိတ်တွေကို စစ်တယ်။ အိမ်စာပြီးလား ဘာတွေမှားလာလဲ။ ဒါ့အပြင် စာအုပ်တွေဒေါင့်ကျိုးလာလား ညစ်ပတ်လာလားပေါ့။ အဖြစ်များဆုံးက ဒေါင့်ကျိုးတာ။ အိမ်ပြန်ချင်တာနဲ့စွတ်ရွတ်ထည့်တော့တာကိုး။ တစ်အုပ်နဲ့တစ်အုပ်တိုက်မိပြီး လွယ်အိတ်ထဲမှာဖြစ်ချင်တိုင်းဖြစ်နေတော့တာ။ အဲဒီစာအုပ်လေးတွေတိုင်းကို ဖေက နှစ်စဉ်ကျောင်းမဖွင့်မှီ ပြက္ခဒိန်လှလှလေးတွေနဲ့ဖုံးပေးနေကြ။ နှစ်လသုံးလအကြာမှာတော့ အဖုံးနဲ့စာအုပ်တွေက တခြားစီဖြစ်ဖြစ်သွားကြတာချည်း။ အဲဒီလောက်ဆိုးသွမ်းတော့ မေက နေ့တိုင်းစစ် နေ့တိုင်းဒဏ်ပေး။ သူ့ဒဏ်ပေးနည်းက အိမ်ရှေ့ကပြင်မှာထွက် ထိုင်ထ အခါတစ်ရာလုပ် ပါးစပ်ကလည်း နောက်မညစ်ပတ်တော့ပါဘူး နောက်မကျိုးစေရတော့ပါဘူးလို့ ရှက်လောက်အောင်အော်ရင်း။

စာဖတ်ခြင်းနဲ့အတူကျနော့ အလေ့အကျင့်က စာအုပ်တွေစုဆောင်းခြင်းဆိုတော့ ရသမျှမုန့်ဖိုးတွေ ကိုစာအုပ်တွေဝယ်ခြင်းပဲပေါ့။ စာအုပ်တွေဝယ်ပြီး ပုံးထဲမှာသိမ်းထားပြန်တော့လည်း သဘာဝမကျ သူငယ်ချင်းအပေါင်းအသင်းတွေကို ငှားချင်ပြန်ရော။ ငှားပြန်တော့ စောစောက ကျနော့ရဲ့ ငယ်ငယ်ကစွဲမြဲစေခဲ့တဲ့အကျင့်ကြောင့် စာမျက်နှာတွေမခေါက်ပါနဲ့လို့ (ခေါက်မယ်မခေါက်ဘူးဆိုတာ ဘယ်သူမှကြိုမသိနိုင်တာမို့) ပြောမိပြန်တော့ ကိုယ့်ပစ္စည်းနဲ့ကိုယ်လူမုန်းခံရပြန်ရော။ သူငယ်ချင်းတစ်ယောက်ဆို အခုထိပြောလို့မပြီးသေး။ စာရွက်ခေါက်မှာကြောက်လို့မငှားပဲတော့မနေမိပါဘူး။ သတိပေးစကားပြောရင်း စာအုပ်တွေလည်း ပျောက်ရင်း စုတ်ရင်းနဲ့လိပ်ပတ်လည်နေတော့တာပါပဲ။

အခုတော့စာမှတ်ကလေးတွေပါ ပါလာတဲ့စာအုပ်လေးတွေကို ဖတ်ရင်း အဲဒီအတွေးရယ် ငယ်ငယ်က ဒဏ်ပေးခံရတာကို တွေးရင်းနဲ့ စာအုပ်လေးတွေအတွက်ရော စာမှတ်လေးတွေအတွက်ရော ကျေးဇူးတွေတလှေကြီးတင်……..

6 comments:

capricorn said...

ခင်ခင်ထူးစာအုပ်တွေမဖတ်ဖူးဘူး အစ်ကိုရေ..ဒီမှာစာနဲ့ဝေးနေတယ် ငှားတော့မယ်နော်..စာရွက်တော့ ခေါက်ကျင့်ကို မရှိတာ စိတ်ချ..

ကိုရုပ်ဆိုး said...

ဟ့ကောင်ရ ... ကြော်ငြာစွတ်မထည့်နဲ့ကွ။ အကုန်လုံး လိုက်မှာနေလို့ ငါ့ ဘီယာဖိုးလေးတွေ ကုန်သွားအုံးမယ် ... :D

ကိုရုပ်ဆိုး said...

ပြောဖို့မေ့လို့ ထပ် comment လိုက်တယ်။ အဲဒီ နေရာမှတ်တဲ့ ဆေးကြော်ငြာစာရွက်လေးတွေက တယောက် တစ်ခု၊ နှစ်ခုလောက် ပေးတာကွ။ ငါ ကောင်တာက ကောင်မလေးကို မျက်စိတဖက် မှိတ်ပြပြီး တွမ်လာတာကွ။ ငါ့အတွက်တောင် ပါသေး .... ဟေးဟေး

ရွှေပြည်သူ (ShwePyiThu) said...

ကိုရွာသားလေးရေ... သမီးလိမ္မာပါ့မယ်။ စာရွက်တွေလည်း မခေါက်ပါဘူး။ အိမ်မှာလည်း Bookmark လေးတွေ အများကြီး ၀ယ်ထားပါတယ်။ ငှားပါနော်။ မငှားရင်တော့ အစ်ကိုရုပ်ဆိုးကို လှမ်းတိုင်မှာပဲ။ ဟားဟား... အတည်ပြောတော့မယ်... စာရွက်ခေါက်တဲ့ အကျင့် တကယ်မရှိပါဘူး။ ငယ်ငယ်ကဆို ကိုယ့်စာအုပ်ကို ငှားပြီး စုတ်သွားမှ ပြန်ပေးတတ်တဲ့ သူငယ်ချင်းတွေနဲ့ ပြဿနာတောင် တက်ဖူးပါတယ်။ ဒါကြောင့် ကိုယ်ချင်းလည်းစာပါတယ်။ ရိုရိုသေသေလည်း ကိုင်ပါ့မယ်။ ဒီလောက် အရှည်ကြီးပြောပြီးမှ မငှားရင်တော့... အစ်ကိုရုပ်ဆိုးရေ... ဒီမှာဗျို့!!!

Unknown said...

စည်းကမ်းရှိတဲ့ မိဘရဲ့ သားသမီးဖြစ်ရတာကိုးက ဂုဏ်ယူစရာပဲ ကောင်းတဲ့အလေ့အကျင့်လေးရသွားတာ သိပ်ကောင်းတာပဲ (စကားမစပ် ဆရာမခင်ခင်ထူးရဲ့ စာတွေကိုသိပ်သဘောကျတာပဲ သဘာဝကျပြီး အညာလေသံစစ်၂နဲ့ ရေးထားလို့ လေ) တို့ မေမေလည်း စည်းကမ်းကြီးပါတယ်အေ့ ငှားမယ်မလား စာအုပ်

Unknown said...

စည်းကမ်းရှိတဲ့ မိဘရဲ့ သားသမီးဖြစ်ရတာကိုးက ဂုဏ်ယူစရာပဲ ကောင်းတဲ့အလေ့အကျင့်လေးရသွားတာ သိပ်ကောင်းတာပဲ (စကားမစပ် ဆရာမခင်ခင်ထူးရဲ့ စာတွေကိုသိပ်သဘောကျတာပဲ သဘာဝကျပြီး အညာလေသံစစ်၂နဲ့ ရေးထားလို့ လေ) တို့ မေမေလည်း စည်းကမ်းကြီးပါတယ်အေ့ ငှားမယ်မလား စာအုပ်