31 July 2008

သက်သေ

ချစ်ခဲ့တယ်ဆိုတဲ့ နောက်မှာ
အကြောင်းပြချက်လို လို့လား
ရူးရူးမူးမူးချစ်ပြမှ
အချစ်စစ်ဖြစ်တော့မလား
မိုက်ကန်းမိုက်ကန်းချစ်တော့မှ
အချစ်စစ်ဖြစ်တော့မလား
အရမ်းချစ်တယ်ဆိုတာကို
သက်သေလိုတယ်ဆိုရင်တော့
ဆောရီး..........

30 July 2008

ဈေးတန်းလေးနဲ့ဂုဏ်သိက္ခာ

ဈေးတန်းလေး ငါးရက်တဈေးလည်း မဟုတ် ထူးဆန်းသည်လည်းမဟုတ် ကြီးကျယ်ခမ်းနားသော မြို့ပြဈေးလည်းမဟုတ် သို့သော် ထိုဈေးတန်းလေးက အားလုံးရဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်နေတယ်လေ။

စက်ရုံဆောက်ကာစကတော့ဈေးတန်းလေးက လမ်းရဲ့ဟိုတစ်ဘက်ခြမ်းမှာပါ။ နောက်တော့ ဘောလုံးကွင်းရဲ့ တောင်ဘက်ကို ရွေ့ရတယ်။ စက်ရုံအကြီးအကဲတွေကြောင့်လား ၀န်ကြီးဆိုလားဘာဆိုလားကြောင့်လား ဘယ်သူမှမသိ။

ဈေးတန်းလေးဆိုတာ ညာဘက်တစ်ဖက် ဘယ်ဘက်တစ်ဖက် ၀ါးကပ်တွေခင်းပြီး သက်ကယ်မိုးထားတယ်ဆိုရုံလေး။ ၀ါးကပ်တွေနဲ့ နောက်ဖက်ခြမ်းခြေနှစ်လှမ်း သုံးလှမ်းအကွာမှာတော့ မကြီးလွန်းမသေးလွန်းတဲ့ အတော်နေ လက်ဖက်ရည်ဆိုင်လေးတွေ ရှိလေရဲ့။ နောက်ဆုံးမှာတော့ အားလုံးရဲ့ စိတ်ဝင်စားမှုတို့တည်ရှိရာ ဗီဒီယို ရုံသုံးရုံနဲ့ပိတ်ထားတယ်။ ဗီဒီယိုရုံနဲ့ ရေနံ့သာစာပေတို့ကြားက လမ်းလေးကနေ ဘောလုံးကွင်းရဲ့ တစ်ဖက်ကို သွားလို့ရတယ်။ နောက်တစ်ဖက်မှာတော့ အကြော်တဲကပ်လျက်ရှိပြီး အကြော်တဲတွေကို ကျော်ရင်တော့ အသားငါးတန်း။ ပြီးရင်ဘာမှမရှိတော့။

စက်ရုံဝန်ထမ်းမိသားစုတွေ အတွက်တော့ ဒီဈေးက ပင်တိုင်။ တခါတလေ မယ်ဇလီကုန်းကလာတဲ့တောသည်တွေဆီက နွားနို့စစ်စစ် (သူတို့အပြောပေါ့) ပျားရည်စစ်စစ်ရတတ်တယ်။ စနေတနင်္ဂနွေဆို ထက်လက်ဖက်ရည်ဆိုင်က အီကြာကွေးနဲ့ မုန့်ဟင်းခါးဟင်းရည်ရတတ်တယ်။ ကေတုမတီဆီချက်ကလည်း သူနဲ့ပြိုင်ဘက်မရှိ (ပြိုင်မယ့်လူကိုမရှိ) လောက်အောင်ကောင်းတယ်ဆိုပဲ။

ဒီလောက်သေးငယ်တဲ့ဈေးထဲမှာ လူတွေရဲ့ဂုဏ်သိက္ခာတွေရှိနေတယ်။ တကယ် ရှိနေတယ်။ နားလည်ဖို့ခက်နေမယ်ထင်တယ်။ ၀န်ထမ်းဆိုတာ ဟောဒီဝန်ထမ်းတွေဆိုတာ ရတဲ့လစာလေးကို သာရေးနာရေး ဘာကြေးညာကြေးဖြတ်လိုက်ရင် အိမ်ကို ပါလာဖို့ကအနိုင်နိုင်။ ပြီးခဲ့တဲ့တလက ယူထားတဲ့အကြွေးတွေပြန်ဆပ် မလောက်ရင် နောက်အသစ်ပြန်ယူ။ အဲလိုနဲ့လုံးပါးပါးကြေးဆို ပရုတ်လုံးတွေလိုမျိုးတုံးကုန်မှာပေါ့။ ခုတော့ ပဋိစ္စသမုပ္ပါဒ်က အဲဒီမှာ ဖြစ်နေတယ်။

မလောက်ငှတဲ့ ဆင်းရဲဒဏ်မခံနိုင်တဲ့ သားမယားပူုဆာမှုကိုတောင့်မခံနိုင်တဲ့ ၀န်ထမ်းတွေ ဘာလုပ်ကြမယ်ထင်လဲဟင်။ ဂုဏ်သိက္ခာကို ချရောင်းကြတာပေါ့။ ဈေးတန်းထဲမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဈေးတန်းလေးမှာတော့ သိနိုင်တယ်လေ။

သူတို့ဂုဏ်သိက္ခာချရောင်းလိုက်ပြီးနောက်တနေ့ဆိုရင် ဟောဒီဈေးလေးဟာလေ ရန်ကုန်မြို့ကဈေးလိုပဲ စည်ချက်တော့။ ဈေးတန်းတလျောက် အားလုံးဖင်ချင်းပေါက်ကုန်တယ်။ ကြက်ဆိုလည်း အကောင်လိုက် ၀က်ဆိုလည်း နှစ်ပိဿာ သုံးပိဿာဖြစ်ကုန်တယ်။ ကလေးတွေလက်ထဲမှာလည်း မုန့်တွေ တပြုံတမ မတန်တဆနဲ့။ အဲလိုမျိုးဆို ဈေးသည်တွေက တပြုံးပြုံး။ အသံတွေကလည်းရွှင် အသံတွေကုန်လို့ဝင်ချင်ဝင်ပါစေ အအော်မပျက်ခေါ်လျက်။ ဒီအချိန်ဆိုခေါ်တဲ့ဈေးကို ခေါ်တဲ့အတိုင်းပေးတယ်လေ။

ဘေးကနေကြည့်နေရတဲ့ ကျနော့မှာတော့ ရင်ဘတ်တွေနာလို့။ ဘာမှတော့မသက်ဆိုင် ဒါပေမယ့် ဟောဒီလိုဈေးတန်းမျိုး တပြည်လုံးမှာဘယ်လောက်ရှိနေပြီလဲနော်ဆိုတဲ့အတွေးနဲ့လေ…………….

ငိုယိုခြင်း

မျက်ရည်တွေ မြင်မှ
ငိုတယ်လို့ ပြောစတမ်းဆို
ငါမငိုခဲ့ဘူးပေါ့........

မနေ့က ပို့စ်အသစ်လေးအတွက်တောင်းပန်ချက်


မနေ့ကနောက်ဆုံးပို့စ်လေး အကြောင်းတစ်ခုကြောင့် ရုတ်သိမ်းလိုက်ရပါတယ် အဆင်မပြေဖြစ်ရတယ်ဆိုရင် ခွင့်လွှတ်မှုနဲ့နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။

29 July 2008

ကြိုး

အသုံးတော့ဝင်ပါလျက်
ရှင်းရတကယ်ခက်....

28 July 2008

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်

တစ်ခါက ဤမဟာဘဒ္ဒ ကမ္ဘာရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့…..

တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကိုတိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျော့ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ခိုက်ရတာ၊ ရုန်းကန်ရတာလည်း သမီးမှာမောလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်လို့မှမနားရသေးဘူး နောက်ထပ်ပြဿနာ တစ်ခုကထပ်တက်လာတာနဲ့ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ ဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့ စိတ်ညစ်တယ်၊ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စာဖိုမှူးကြီးပါ။

သမီးက အဲသလိုညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့မီးဖိုသုံးဖိုပေါ်မှာတင်လိုက်တယ်။ မကြာပါဘူး မီးတွေက ပြင်းတော့ အိုးသုံးလုံးစလုံးထဲက ရေတွေပွက်ပွက်ဆူလာတော့တာပေါ့။

ရေနွေးလည်းဆူရောဖအေလုပ်တဲ့သူက တစ်အိုးထဲကိုမုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။

ပြီးတော့အိုးတွေကို သည်အတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။

သမီးလုပ်တဲ့သူက ဖေဖေနှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေအကြောင်းကို သိထားတော့ အံကလေးတင်းရင်းစိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။

ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီး တခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက်လှည့်ပြီးမေးလိုက်တယ်။

“ကဲသမီးရေ…….ဒါတွေကဘာတွေလဲ”

“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါဖေဖေ”

သမီးကအဲလိုဖြေလိုက်တော့ ဖအေကသမီးကို သူနားလာပြီးမုံလာဥစမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ထိုးကြည့်လိုက်ပြီးတဲ့နောက် ဖေဖေမုန်လာဥတွေကလည်းပျော့ပြဲနေပြီ လို့ပြောလိုက်ပါတယ်။

ဖအေကသမီးစကားကို အမှုမထားပဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီးခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။


“ဖေဖေဘာကိုပြောချင်တာလဲဟင် ?”

“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ် ဆိုတဲ့မတူညီတဲ့အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တပြိုင်တည်းတညီတည်းထည့် အပြုတ်ခံရတာချင်းအတူတူ တုံ့ပြန်ပုံခြင်းကျတော့မတူဘူးလေသမီးရဲ့။ မုံလာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော့ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးရယ်။ အဲ…..အဲဒါပေမယ့် ရေနွေးနဲ့လည်းအပြုတ်ခံရရော တစ်ခါတည်းကို ပျော့ဖတ်ပြီးချိနဲ့သွားတော့တာပဲ။

ကြက်ဥကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး။ ထိခိုက်လိုက်တာနဲ့ ဖတ်ခနဲကွဲသွားမှာ အသေအချာနော်။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိအိအတွင်းသားအားလုံးမာကုန်တာပဲမဟုတ်လား သမီးရဲ့။

အေးလက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်ရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကို လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။

ကဲအဖေ့သမီးကရောဘာလဲ မုံလာဥလား ကြက်ဥလား လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြတာပဲသမီး အဲဒီလောကဓံနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတဲ့အခါ သမီးကဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလိုတုံ့ပြန်မလား ကြက်ဥလိုတုံ့ပြန်မလား လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်….”

ပုံပြင်လေးကတော့ ဒါပါပဲ

စာဖတ်သူလူကြီးမင်းရောဘယ်လိုပါလဲ။

အပြင်ပန်းအမြင်မှာတော့ မုံလာဥလိုမာမာချာချာတောင့်တောင့်တင်းတင်းကြီးနဲ့၊ လောကဓံနဲ့တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်မယ့်လူစားမျိုးလား။

ဒါမှမဟုတ် ကြက်ဥလိုလူစားလား အစတုန်းကတော့ထိလွယ် ရှလွယ် စိတ်ကလည်းပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို ရှင်ကွဲကွဲတာလို ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့………လောကဓံကို တိုတဲ့စိတ်ဓာတ်ထီမထင်တဲ့စိတ်ဓာတ်နဲ့မာကျောကျော၊ တောင့်တောင့် ကြီးဖြစ်သွားမယ့်လူစားမျိုးလား၊ မပြုတ်ခင်ကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။

ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းက လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူပေမယ့် အသွင်ပြောင်းနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့၊ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုခတွေကို အရှိန်တက်လေလေ၊ အရည်အချင်းတွေပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်ပိုကောင်းတဲ့ အခြေ အနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။

ထုံးစံအတိုင်း forward email ကနေရတာပါ။ စာရေးတဲ့သူကို မသိရပါ။ စာရေးသူသိရင်လည်း ပြောပြပေးကြပါဗျာ။ တစ်ခြားလူတွေဝေမျှထားပြီး ဖတ်ပြီးသားလည်းဖြစ်နိုင်ပေမယ့် ကျနော့်လို အမြဲတန်း ဘာ့ကြောင့် ငါကျမှကံဆိုးရတာလဲလို့ Negative sense နဲ့ ကြည့်တတ်တဲ့လူအဖို့ ကိုယ့်ဘာသာ အမြဲဖတ်သင့်တယ်ဆိုပြီး စာတွေပြန်ရိုက်လိုက်တာပါ။ ဒါမှခေါင်းထဲဝင်မှာလေ။ ခုလောလောဆယ်တော့ ကိုယ်ကိုတိုင်က မုံလာဥပုံပေါက်လိုက် ကြက်ဥပုံပေါက်လိုက်ဖြစ်နေမယ်ထင်တယ်။

ဆော်လမွန်ငါးတို့အပြန်


ကိုကြီးခင်ဝမ်းရဲ့ သီချင်းလေးပေါ့။ နားထောင်ခဲ့ဖူးပေမယ့် ဘာမှန်းကသိခဲ့တာမဟုတ်။ ဟိုတလောက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ စာအုပ်တစ်အုပ်ဖတ်တော့မှ ဆော်လမွန်ငါးတွေရဲ့ အပြန်လမ်းကို သိရတော့တယ်။ ဆော်လမွန်ငါးတွေက မွေးဖွားရာ အရပ်ကနေ ရေကြည်ရာမြက်နုရာကို ရွေ့ပြီးနေထိုင်ကြတယ်တဲ့။ ဒါပေမယ့် တချိန်ကြရင် သူတို့မွေးဖွားတဲ့ အရပ်ကို မရောက်ရောက်အောင် ပြန်ကြတယ်တဲ့လေ။ ငါးလေးတွေတောင် ကိုယ့်နေရပ်ကို ပြန်ကြသေးရင် ကျနော်တို့ကော……….

ဘာလိုလိုနဲ့ ၂၈-၀၇-၂၀၀၈ ဒီနေ့ဆို ကျနော် ဒီအရပ်ကိုရောက်တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပကော။ သူ့အရပ်နဲ့သူ့ဇာတ် လိုက်လျောညီထွေဖြစ်အောင် ကခဲ့ရတဲ့ ကျနော့ရဲ့ ဇာတ်လမ်းတွေကလည်း အမျိုးမျိုး လူ့ဘ၀ဇာတ်ခုံကလည်း အမျိုးစုံအောင်ကခိုင်းခဲ့တာကိုး။ ကြုံဆုံရတာတွေကို ဘ၀သင်ခန်းစာတွေအဖြစ် ခံယူရင်း
မငိုမိအောင် နေခဲ့ရတယ်။ အားကိုတင်းအံကိုခဲပြီး ခေါင်းငုံ့ခံခဲ့ရတဲ့ ရက်တွေက ငရဲတွင်းလိုပါပဲ။ ဘာပဲပြောပြော ငါရပ်တည်ခဲ့တယ် ငါရပ်တည်နိုင်ခဲ့ပါလားဆိုပြီး မိုင်တိုင်တွေကို ပြန်ကြည့်နေမိတာပါပဲ။ အားပေးခဲ့ ဖေးမခဲ့ ဝေဖန်ခဲ့ ကဲ့ရဲ့ခဲ့တဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်လျက်ပါ။

စလာမိတဲ့ရက်တွေက အူကြောင်ကြောင် ခုထိလည်းအူကြောင်ကြောင်။ အနေအစားကလည်းပုံမှန်။ ကျဉ်းကျပ်တဲ့စိတ်တွေပေါ်တိုင်း ပြန်ချင်တဲ့အမေ့အိမ် ကလည်း ခုထိ။ အလုပ်အကိုင်အဆင်ပြေလား ဆိုတော့လည်း အိုကေပေါ့။ အဆင်မပြေဘူးလား ဆိုတော့လည်း အင်းပေါ့။ ဘာတွေတတ်မြောက်လာလဲ ဆိုတော့ လက်ဆုပ်လက်ကိုင်ပြစရာ မရှိ။ ဘယ်အချိန်အပျော်ဆုံးလဲဆိုတော့ လစာထုတ်တဲ့ရက်တွေရယ် သောကြာနေ့ညနေတွေရယ်ပေါ့။ ဘ၀မှာခဏခဏပြန်အရချင်ဆုံး အချိန်တွေပေါ့။ တန်ခိုးရှင်တစ်ယောက်နဲ့များ ရင်းနှီးရင် ဆုတောင်းလိုက်မယ့် ပြန်လိုချင်တဲ့နေ့ရက်တွေပါ။

အမေချက်ကျွေးနေကြ ဟင်းတွေကို First Food တွေနဲ့တော့မနှိုင်းယှဉ်နိုင်။ အိမ်အလုပ်တွေ ကိုယ်တိုင်လုပ်ရတိုင်း အမေ့ကို ပြေးပြေးမြင်နေမိတယ်။ အိမ်မှာဆိုသူပဲ ဒိုင်ခံလုပ်။ မနက်ပန်းတွေ ရေထလောင်းဖို့လည်း အိပ်ရေးမက်တဲ့ကျနော်က ပျက်ကွက်။ ပန်းတွေခူးပါဆိုတော့လည်း အိပ်ရာကမထသေး။ ဆွမ်းတော်ကပ်ဆိုတော့ အိပ်ချင်မူတူး။ ငါ့သားက ဒါလေးကြိုက်တယ်ဟဲ့ဆိုပြီး လက်ရှောင်ပြီးအရိုးအရင်းသာကိုက်နေတတ်တဲ့ အမေက ဒီမှာရှိမနေ။

ခုများတော့ နှိုးစက်သံကြားရင် မထချင်ထချင်ကုန်းရုန်းထ။ ၀ုန်းဒိုင်းကြဲနေတဲ့မနက်ခင်းတွေမှာ အင်္ကျီကို ကမန်းကတန်းလျှိုသွားရမြဲ။ မနက်စာဆိုတာ အမေကြော်နေကြ ထမင်းကြော်ကို ဇိမ်ခံစားဖို့အခွင့်အရေးဆိုတာပြန်ရနိုင်ပါတော့မလား။ ကော်ဖီဆိုတာ အပူကြီးကို မနည်းမျိုချနေကြလေ။ ရုံးပြန်လာတော့လည်း ညစာ ညစာ ကိုယ့်ဝမ်းပူဆာမနေသာဆိုတော့လည်း ချက်ရင်ချက်ပေါ့။ ၀ယ်စားပြန်တော့လည်း အပိုငွေကကုန်ပြန်ရော။

အဖေရဲ့ ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဆိုသံတွေက ဒီမှာကြားနေကြ you…..first day you are working in here? ဆိုတဲ့အသံတွေကြားမှာ နားဝင်ချိုရကောင်းမှန်း သိလာရတယ်။ အခန်းအေးလို့တံခါးပိတ်ပေးမယ့်လူမရှိ။ စောင်ခြုံပေးမယ့်လူမရှိ။ ဖျားနာရင် ချွေးသုတ်ပေးတဲ့အဖေက ဒီနေရာမှာရှိမနေပြန်။

ဒီကလုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောဖြစ်တဲ့အခါ အဖေအလုပ်လုပ်တဲ့ စက်ရုံမြေမှာ ငယ်ငယ်တုန်းကလို အဖေ့တပည့်တွေနဲ့ ပျော်ပျော်ပါးပါးနေရတဲ့အချိန်တွေကို သတိရမိတယ်။ ကျနော့ကို ပခုံးပေါ်မှာထမ်းသွားတတ်တဲ့ ဦးဇော်ကြီးတို့ ဦးဝင်းတင့်စိုးတို့ ကျနော့ကို စာဖတ်တတ်အောင်လေ့ကျင့်ပေးတဲ့ဦးမျိုးကျော်တို့ကို သတိရမိတတ်တယ်။

တနေ့တာသွားလိုက်ရင် တနိုင်ငံလုံးကုန်သွားနိုင်တဲ့ ဒီနေရာမှာ အဝေးက ကျနော့မြေကို အတွေးနဲ့ပြန်ဖြစ်နေတာက ခဏ ခဏ။ တောင်ကြီးဆိုလည်းသွား ငပလီ ချောင်းသာဆိုလည်းသွား ပုဂံမြေ ကျိုက်ထီးရိုးဆိုလည်းဖူးပေါ့။ ခရီးသွားတာကိုနှစ်သက်တဲ့ကျနော့အတွက် ဒီမြေဟာ အကျယ်ချုပ်မိနေသလိုပါပဲ။ အတုအယောင်တွေပေါတဲ့ ဒီမြေမှာ ကိုယ့်နိုင်ငံက သဘာဝအစစ်အမှန်တွေကိုတောင့်တနေမိတယ်။ တကယ်တော့ဒီကျိန်စာက ကိုယ်ကိုတိုင်ခတ်ခဲ့တာဆိုတော့ နာကျင်မှုဆိုတာမညည်းတွားသင့်ဘူးနော်။

အစားအသောက်တွေကလည်း ပေါတော့ပေါပါတယ်။ အဆင်သင့်စားနိုင်တဲ့ဆိုင်တွေက ရုံးတွေ အိမ်တွေ အောက်မှာ ရှိလေရဲ့။ ဒါပေမယ့် ကိုယ့် ဗမာလျှာနဲ့တည့်ဖို့ကမလွယ်။ မနက်စောစော အုန်းနို့ခေါက်ဆွဲလေး မုန့်ဟင်းခါးလေး အီကြာကွေးလေး စားချင်ပင်မယ့် ခေါက်ဆွဲပြုတ်နဲ့ပေါင်မုန့်က လွဲရင် တခြားမရှိခဲ့။ ဦးရေခဲမုန့်ဟင်းခါးလေးစားပြီး ငှက်ပျောသီးကောက်ညင်းထုတ်လေးတွေ ဆွဲရတဲ့ရက်တွေကို တမ်းတမိတာ အခါခါ။ ရေကျော်က ဘိန်းမုန့်စားမလား မြေအိုးမြီးရှည်စားမလား အီကြာကွေးကို ကြွပ်ကြွပ်ကျော်တာ စားမလား ပြီးရင်ထောပတ်သီးသောက်မလား ရွေးချယ်ရခက်တဲ့ရက်တွေက ဝေးကွာလွန်း။ မင်းလမ်းက ရခိုင်မုန့်တီကို ကိတ်စနဲ့ငါးဖယ်ထည့်ပြီးခပ်စပ်စပ်စားချင်တာလည်း တဒုက္ခ။ အင်းလျားလမ်း Happy က ခေါက်ဆွဲပြုတ်တွေရယ် ပျားရည်ဆမ်းငှက်ပျောသီးကြော်ကို သတိရတာလည်းအမှန်။ ပြီးတော့မြေနီကုန်းက ၀က်သားဒုက်ထိုးဆိုင်ရယ် ၀က်သားသုတ်နဲ့ ၀က်နံရိုးကြံမဆိုင်ရယ်က တလုပ်ကယ် ၀,၀ စားလိုက်ချင်ပါသေးရဲ့။

ဒီနေရပ်မှာ အသီးအနှံကလည်း ပေါပါရဲ့။ တစ်နှစ်လုံး လိုချင်တာအကုန်ရနိုင်တယ်လေ။ ဒါပေမယ့် အရသာကတော့ မမျှော်လင့်နဲ့။ ဒီအသီးပါလားဆိုပြီးစိတ်ထဲက ခံစားပြီးသာ စားပေတော့။ ဘာမှမဆိုင်လေတဲ့ ကျနော်တို့မြေက အသီးတွေရဲ့စစ်မှန်တဲ့အရသာကို တချိန်မှာတော့ ပြန်စားရဖို့ အားမွေးထားတယ်။

ဘယ်လောက်တိုးတက်တယ်ပြောပြော ဘယ်လိုပဲကြီးကျယ်ခမ်းနားတယ် ပြောပြော စိတ်ဓာတ်ပိုင်းဆိုင်ရာ ယဉ်ကျေးဖို့လိုနေသေးတဲ့ (ကျနော့အမြင်ပါလေ မှားကောင်းမှားနိုင်တာပေါ့) လူတွေရဲ့ ကြားမှာနေရတိုင်း ကျနော့ရွာကလူတွေကို အောက်မေ့သတိရစိတ်နဲ့ မျက်ရည်ဝဲရမြဲ။

ပြန်ချင်တိုင်းပြန်ဖို့ကြတော့လည်း ရန်ကုန်-မန္တလေးပြန်သလို လက်မှတ်လေးဝယ်ပြီး ကောက်ထည့်ပြန်လို့ရရင်ဟုတ်သေးရဲ့။ ခွင့်ကလည်းပေးဦးမှ။ ခုတလော စီနီယာ သုံးယောက်က နောက်လကနေစပြီး တစ်လခွင့်ယူသွားပြီဆိုတော့ ဝေးပါသေးတယ်။ ပြီးတော့ အရမ်းအရမ်းကို အရေးကြီးပါတဲ့ ပြည်တော်ပြန်ခွန် မပါသွားလို့ကတော့ ဘာတွေဆက်ဖြစ်ကြမလဲ မတွေးရဲ။
ဆောင်စရာပိုက်ဆံကလည်းမရှိသေးဆိုတော့ ဒီနှစ်အတွက်တော့ ဒီမောင်လက်လျော့ရတော့မှာပေါ့။

ကျနော်သာ ဆော်လမွန်ငါးလေးများဖြစ်ရင်လေ သြော် ဆော်လမွန်ငါးဖြစ်ရင်လေ………………………

The above photo is copied from fotosearch website.

27 July 2008

Latest Hi-Tech Car door

လွမ်းရစ်လေသော ရုပ်ရှင်ရုံ

ဝေးလံချောင်ကျတဲ့ စက်ရုံဝန်ထမ်းမိသားစုတွေအတွက် အပန်းဖြေဖို့ဆိုတာ တစ်လနှစ်ခါသာပြပါတဲ့ ဒီရုပ်ရှင်ရုံ။

တစ်ခါပြရင်တစ်ဇာတ်ကားကို သောကြာညရယ် တနင်္ဂနွေညရယ် နှစ်ကြိမ်ပြ ပေးတတ်တယ်။ ဘာဖျော်ဖြေမှုရယ်မှမရှိတတ်တဲ့ ဒီနေရာမှာ သောကြာည ကြည့်ပြီးရင်လည်း နှစ်ထပ်ရှိမှတ်မိဆိုပြီး တနင်္ဂနွေနေ့မှာလည်း ပြန်ကြည့်ကြတာပဲ။ ကြည့်ပြီးတဲ့နောက်တနေ့ဆို ဇာတ်ကားသာပြီးသွားရော လူတွေရဲ့ပါးစပ်ဖျားမှာ ဇာတ်လမ်းရော ဇာတ်ကောင်တွေရော ကျန်ခဲ့မြဲ။ စျေးထဲမှာ ကျောင်းခန်းထဲမှာ အလုပ်ကအစည်းအဝေးခန်းထဲမှာ အထိပေါ့။

ရုပ်ရှင်ရုံဆိုလို့ ခန်းနားကြီးကျယ်တယ်မထင်လိုက်ပါနဲ့။ ဘောလုံးကွင်းရဲ့ဒေါင့်မှာ သစ်သားဘောင်ကြီးထောင် ပြခါနီးညနေကြမှ ပိတ်ကားအဖြူရောင် ခပ်နွမ်းနွမ်းကိုပဲ နောက်ခံလုပ်ပြီး ထိုးထားတဲ့တဲလေးထဲကနေ စက်အဟောင်းလေး ချောက်ချက်ချောက်ချက်နဲ့ပြတဲ့ ဗလာပွဲပါ။ အားလုံးက မြက်ခင်းပြင်မှာ ကိုယ့်အိမ်ကယူလာတဲ့ဖျာ၊ ထိုင်ခုံလေးတွေချပြီးကြည့်ရတာပါ။ ဒါပေမယ့် မုန့်စျေးတန်းကတော့ရှယ်။ တောကတက်လာတဲ့ စျေးသည်လေးတွေပါလာတတ်တယ်။ စားရခဲတဲ့ မုန့်လေပွေကစပြီး နေ့တိုင်းစားရတတ်တဲ့ ဒေါ်ရွှေကြီးရဲ့ အုန်းနို့မုန့်လက်ဆောင်း၊ ထညက်မုန့်လက်ဆောင်းအထိ၊ ခေါက်မုန့်သည်တွေကလည်းရှိ ဒေါ်ဝိုင်းအကြော်တဲကလည်း စည်စည်ကားကားပေါ့။ ရုပ်ရှင်မကြည့်ဖြစ်ရင်တောင် မုန့်လာစားကြတာဆိုတော့ အားလုံးစည်းစည်းလုံးလုံး တွေ့ရတတ်တယ်။ မကြည့်တတ်တဲ့ ကလေးတွေကလည်း ဒီအချိန်မှာ လူကြီးတွေအဆူအဆဲလွတ် ဆော့ချင်တိုင်းဆော့။ အိမ်မှာနေခဲ့တဲ့ လူတွေဆိုရင်လည်း လေတချက်အတိုက်အမှာ ရုင်ရှင်ကားဘက်က အသံတွေကြားရင်နားစွင့်ကြစမြဲ။

ဗမာကားတစ်လှည့် နိုင်ငံခြားကားတစ်လှည့်ပြတတ်လေရဲ့။ တခါတလေအသံမကြား တခါတလေ ရုပ်ကမပီပင်မယ့် ရုင်ရှင်ကြည့်လာမပြတ်ကြ။ ပိတ်ကားဝါးဝါးဆိုလည်း အပြစ်တင်ကြတာမဟုတ်။ ဒါမှမရှိရင် ဘာမှမရှိတဲ့နောက် ဒါအကောင်းဆုံးပဲမဟုတ်ပါလား။ ဘယ်သူကမှ မငြူစူခဲ့။

တည မိုးတွေရွာတဲ့ အဲဒီည။ ဒီအရပ်မှာ မိုးရွာရင်လမ်းတွေပျက်လောက်တဲ့အထိရွာတာ။ ဝန်ထမ်းတွေကို ကြိုတဲ့ဖယ်ရီဆိုရင် ရွှံ့ထဲမှာ လွန်ဆွဲပွဲတွေ အကြိမ်ကြိမ်။ မိုးရွာပြီဆိုရင် ဘယ်သူမှအပြင်မထွက်တော့။ တစ်အိမ်နဲ့တစ်အိမ်ဆိုတာ လုံးဝမမြင်ရတော့။ အဲလိုမိုးတွေရွာအပြီး မနက်ခင်းတခုမှာပဲ အားလုံးကြားလိုက်သလို အားလုံးပဲအပြေးအလွှားလာကြည့်ကြတယ်။ လစဉ်မပြတ်တင်ဆက်ခဲ့တဲ့ ဘောလုံးကွင်းဒေါင့်က ရုပ်ရှင်စက်ကလေး မရှိတော့ဘူးတဲ့လေ။ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြတာ ကွင်းထဲမှာ ဘောလုံးပွဲရှိတဲ့နေ့ထက်မလျော့တဲ့ ဆူညံမှုမျိုးနဲ့ပေါ့။ မိုးတွေရွာတာကို အခွင့်ကောင်းယူပြီး အာမခံသော့ကြီးကိုတောင်ချိုးဖျက်ပြီး ခိုးယူသွားလိုက်ကြတာလေ။ ရုပ်ရှင်အရမ်းကြိုက်တဲ့ ကြီးဒေါ်သန်းဆို ဆဲလိုက်ဆိုလိုက်တာမပြောပါနဲ့။ နတ်ကတော်ကိုထွန်းကတော့ သူခိုးတွေကို သူ့နတ်တွေနဲ့တိုက်မတဲ့။ ဆေးဆရာကိုဘအေးကတော့ ဘုရားရိုက်ပါလိမ့်မယ်တဲ့။ တစ်ချို့တွေကတော့ စက်ရုံကလူကြီးတွေ မပြချင်တော့လို့ ပြန်သိမ်းသွားတာတဲ့။

ဘယ်သူတွေဘာပဲဖြစ်ဖြစ် အဲဒီနေ့ကစလို့ ဟောဒီစက်ရုံတစ်ဝိုက်မှာ ရုပ်ရှင်ဆိုတာ မကြည့်ခဲ့ရတာ ဒီနေ့အထိ………………

26 July 2008

ကျနော် စာအုပ် စာရွက်ခေါက်ခြင်း

တနေ့က ကျနော့အစ်ကိုကြီးကိုရုပ်ဆိုးက ကျနော်လိုချင်လို့တခုတ်တရမှာလိုက်တဲ့ စာအုပ်တွေ ကျနော်ချစ်တဲ့မြေကနေ တကူးတက လူကြုံနဲ့ ထည့်ပေးလိုက်ပါတယ်။ စာအုပ်တွေက

၁။ခင်ခင်ထူး အညာသူအညာသားဆွေမျိုးများ
၂။ခင်ခင်ထူး ပါးကွက်ကျား
၃၊ခင်ခင်ထူး လှည်းယဉ်ကျော့
၎။ခင်ခင်ထူး ကြာဆစ်ကြိုး
၅။ဂျူး ကံကြမ္မာကို မယုံကြည်ကြသူများ

တို့ပဲဖြစ်ပါတယ်။ စာအုပ်တွေတိုင်းမှာ စာမျက်နှာမှတ်ဖို့ဆေးကြော်ငြာစာရွက်ပိုင်းလေးတွေနဲ့။ တကယ်ကို ကောင်းမွန်တဲ့စာမှတ်လေးတွေ။

ငယ်ငယ်ကျောင်းသားဘ၀တုန်းကပေါ့။ မေက ကျောင်းပြန်လာရင်လွယ်အိတ်တွေကို စစ်တယ်။ အိမ်စာပြီးလား ဘာတွေမှားလာလဲ။ ဒါ့အပြင် စာအုပ်တွေဒေါင့်ကျိုးလာလား ညစ်ပတ်လာလားပေါ့။ အဖြစ်များဆုံးက ဒေါင့်ကျိုးတာ။ အိမ်ပြန်ချင်တာနဲ့စွတ်ရွတ်ထည့်တော့တာကိုး။ တစ်အုပ်နဲ့တစ်အုပ်တိုက်မိပြီး လွယ်အိတ်ထဲမှာဖြစ်ချင်တိုင်းဖြစ်နေတော့တာ။ အဲဒီစာအုပ်လေးတွေတိုင်းကို ဖေက နှစ်စဉ်ကျောင်းမဖွင့်မှီ ပြက္ခဒိန်လှလှလေးတွေနဲ့ဖုံးပေးနေကြ။ နှစ်လသုံးလအကြာမှာတော့ အဖုံးနဲ့စာအုပ်တွေက တခြားစီဖြစ်ဖြစ်သွားကြတာချည်း။ အဲဒီလောက်ဆိုးသွမ်းတော့ မေက နေ့တိုင်းစစ် နေ့တိုင်းဒဏ်ပေး။ သူ့ဒဏ်ပေးနည်းက အိမ်ရှေ့ကပြင်မှာထွက် ထိုင်ထ အခါတစ်ရာလုပ် ပါးစပ်ကလည်း နောက်မညစ်ပတ်တော့ပါဘူး နောက်မကျိုးစေရတော့ပါဘူးလို့ ရှက်လောက်အောင်အော်ရင်း။

စာဖတ်ခြင်းနဲ့အတူကျနော့ အလေ့အကျင့်က စာအုပ်တွေစုဆောင်းခြင်းဆိုတော့ ရသမျှမုန့်ဖိုးတွေ ကိုစာအုပ်တွေဝယ်ခြင်းပဲပေါ့။ စာအုပ်တွေဝယ်ပြီး ပုံးထဲမှာသိမ်းထားပြန်တော့လည်း သဘာဝမကျ သူငယ်ချင်းအပေါင်းအသင်းတွေကို ငှားချင်ပြန်ရော။ ငှားပြန်တော့ စောစောက ကျနော့ရဲ့ ငယ်ငယ်ကစွဲမြဲစေခဲ့တဲ့အကျင့်ကြောင့် စာမျက်နှာတွေမခေါက်ပါနဲ့လို့ (ခေါက်မယ်မခေါက်ဘူးဆိုတာ ဘယ်သူမှကြိုမသိနိုင်တာမို့) ပြောမိပြန်တော့ ကိုယ့်ပစ္စည်းနဲ့ကိုယ်လူမုန်းခံရပြန်ရော။ သူငယ်ချင်းတစ်ယောက်ဆို အခုထိပြောလို့မပြီးသေး။ စာရွက်ခေါက်မှာကြောက်လို့မငှားပဲတော့မနေမိပါဘူး။ သတိပေးစကားပြောရင်း စာအုပ်တွေလည်း ပျောက်ရင်း စုတ်ရင်းနဲ့လိပ်ပတ်လည်နေတော့တာပါပဲ။

အခုတော့စာမှတ်ကလေးတွေပါ ပါလာတဲ့စာအုပ်လေးတွေကို ဖတ်ရင်း အဲဒီအတွေးရယ် ငယ်ငယ်က ဒဏ်ပေးခံရတာကို တွေးရင်းနဲ့ စာအုပ်လေးတွေအတွက်ရော စာမှတ်လေးတွေအတွက်ရော ကျေးဇူးတွေတလှေကြီးတင်……..

25 July 2008

တောင်ပံတွေရဲ့စကားဝိုင်း

ညာဘက်ကပြောတယ်
သူကအဓိကတဲ့
သူဆွဲတဲ့ဘက်ကို သွားရတာတဲ့

ဘယ်ဘက်ကပြောတယ်
သူကပဲ့ကိုင်တဲ့
သူသာလေကြောင်းကို အကျွမ်းကျင်ဆုံးတဲ့

ညာဘက်ကပြန်ပြောတယ်
ညာသန်တဲ့အတွက်
ညာဘက်ကပိုခတ်နိုင်သတဲ့

ဘယ်ဘက်ကလည်းအားကျမခံ
မင်းခတ်ချင်သလောက်ခတ်တဲ့
မင်းသွားချင်တဲ့နေရာ
ငါထိန်းကြောင်းမှရောက်မှာတဲ့

တောင်ပံတွေငြင်းရင်းနဲ့
အတောင်ညောင်းလို့
ပြုတ်ကျတဲ့ငှက်တွေ
ဘယ်နှစ်ကောင်ရှိပြီလဲမသိ.....

စည်း

ငယ်ငယ်တုန်းကဆော့ခဲ့ဖူးတယ်
စည်းကျော်တဲ့လူရှိလား
ပျော်ပျော်ပါးပါး
ရာဇ၀င်ထဲမှာရှိတယ်
လက္ခဏာတားတဲ့
စည်းကိုကျော်လို့
မယ်သီတာငိုပွဲ
လူ့လောက, အသိုင်းအ၀ိုင်းမှာ
စည်းတွေရှိသတဲ့
ငါကျော်ရင်ပျော်ရမလား
ငိုရမလား.....

ဥခွံထဲကလူ


အဲဒီလုံးလုံးဝိုင်းဝိုင်းကြီးထဲမှာ
အသက်ရှူရကြပ်ပေမယ့်
အသက်တော့ရှိနေသေးတယ်
လက်နှစ်ဖက်ကို ဆန့်ကြည့်တယ်
အင်း ကျိုးတိုးကျပ်တပ်ပဲ
ခြေနှစ်ဖက်ကို ကန်ကြည့်တယ်
ဟင့်အင်းအဆုံးထိဆန့်လို့မရဘူး
ခေါင်းကို မော့ကြည့်တယ်
လည်ဂုတ်ကို ဖိထားသလိုပဲ
နေရာရွေ့ကြည့်တယ်
ရွေ့သွားသလိုလိုနဲ့
မူလနေရာမှာပြန်ရောက်ရောက်နေတယ်
တကယ်တမ်းတော့
ဥခွံထဲမှာပဲကိုး။

24 July 2008

အမှတ်တရ ညနေ

အဲဒီညနေဟာ ဘာမှမထူးဆန်းပါ။ ပုံမှန်ဖြတ်ကျော်နေကြအတိုင်း ပုံမှန်။ ဂျူလိုင်လမို့ မိုးတွေကစွေရွာလို့ ပေါ့။ ဘာဆိုဘာမှမထူးဆန်းခဲ့………

မြေနီကုန်းနဲ့ မဟာမြိုင်မှတ်တိုင်ကြားက အလုပ်ကနေ ပြန်နေကြအတိုင်း မဟာမြိုင်ဘက် ကားမှတ်တိုင်ကိုပဲ ဦးတည်လိုက်မိတယ်။ ကားတွေကလည်း ထုံးစံအတိုင်းကြပ်ညပ်နေခဲ့တယ်။ ကိုယ်ကအဆောင်ကို ပြန်ရမှာဆိုတော့ ၅၁ ကားကိုပဲလည်ပင်းရှည်အောင်မျှော်ရတယ်။ မိုးတွေသည်းတတ်တဲ့ ဟောဒီနေ့မျိုးဆို လမ်းလျှောက်ဖို့မဖြစ်နိုင်တော့ ကျောင်းဝင်းထဲ ၀င်တတ်တဲ့ MICT Park ကိုသွားမယ့်ကားကို စောင့်စီးရတော့မှာ။

ဟော လာပြီလာပြီ ပေါ်လာခဲတဲ့ ကိုရွှေ၅၁ကားကို ကားခြေနင်းခုံအတက်လေးမှာ တိုးဝှေ့ပြီးစီးခဲ့ရတယ်။ ကားရွေး နေရာရွေးနေလို့ကတော့ နောက်နေ့ ရုံးကို ဒီနေရာက တက်ရဖို့သာပါပဲ။ အသက်ရှူကြပ်ပေမယ့် ထုသားပေသားကျနေပြီမို့ ဟန်မပျက်လိုက်ပါနေတာပေါ့။ ရေစိုနေတဲ့ထီးကို အိပ်ထဲထည့်လို့မရတာမို့ လက်တစ်ဖက်က ထမင်းချိုင့် လက်တစ်ဖက်ကထီးနဲ့ နေရာမှာ မယိုင်လဲအောင် ကြိုးစားရပ်တည်နေရသခိုက်။ တံတားဖြူမှာ အ၀တ်နွမ်းနွမ်းနဲ့ အဒေါ်ကြီးတစ်ယောက်တက်လာခဲ့ပါတယ်။ အပေါ်ကို တစ်ချက်တက်လှမ်းရင်း သူ့ကိုဖယ်ပေးမိတယ်။ တိုးဝှေ့ရင်း ကားရုတ်တရက်အရပ်မှာ ကျနော့လက်ထဲက ထီးက အဒေါ်ကြီးရဲ့ ခေါင်းပေါ်ကို တည့်တည့်မတ်ကျသွားတယ်။ အသံတောင်ကြားလိုက်မိသလိုပဲ။ သွားပြီ ငါတော့ အအော်ပဲခံရမလား အဆဲပဲခံရမလားဆိုပြီး မျက်စိစုံမှိတ်ထားလိုက်မိတယ်။ သေချာတာတော့ တစ်ခုခုပဲ။

မဟုတ်ခဲ့ဘူး ကျနော်ထင်တာတွေ တစ်ခုမှမဟုတ်ခဲ့ဘူး။ အဲဒီအဒေါ်ကြီးကလေ ပြုတ်ကျသွားတဲ့ ကျနော့ခေါက်ထီးလေးကို တယုတယ လေးကောက်ပြီး သူ့အင်္ကျီလေးနဲ့ သုတ်ပေးပြီး “ကလေးရယ် ထီးလေးပေသွားလားမသိဘူးတဲ့” ။ ကျနော်လေကြောက်နေတဲ့စိတ်ကို လှိုက်ခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့ လဲလိုက်ရတယ်။ တကယ်ကို မကြုံစဖူးအဖြစ်ရယ်ပါ။ ကျနော့ကို အဲလိုမျိုးကျကြည့်ပါလား အသံဗြဲကြီးနဲ့အော်ရင်အော် ရှက်နေတဲ့အချိန်(အနားမှာကောင်မလေးချောချောရှိချိန်) ဆိုရင်တော့ မှုန်သုန်နေတဲ့အချိုးနဲ့ ကျနော့ရဲ့နာမည်ကျော် သူ့ထမင်းစားရတဲ့အတိုင်းဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်ဖြစ်မှာအသေအချာ။ ကားပေါ်မှာ ခြေထောက်ကို အနင်းခံရတိုင်း (အထူးသဖြင့် ရွှံ့ပေနေတဲ့ ဖိနပ်ကြီးနဲ့နင်းခံရတိုင်း၊ နတ်စင်လမ်းက ငါးဗန်းတွေနဲ့တိုက်မိတိုင်း) နှုတ်ခမ်းဆူ ခြေဆောင့်ခဲ့တဲ့ ကျနော်။

အဲဒီညနေက ကျနော့စိတ်ဓာတ်တစ်ခုကို ပြုပြင်ပြောင်းလဲစေခဲ့ပါတယ်။ သည်းခံမှုဆိုတာ ကျနော့အဘိဓာန်မှာ မရှိသလောက်ပဲလေ။ ဆိုးတတ်ပေတတ်ဂျီကျတတ်တဲ့ ကျနော့အတွက် သင်ခန်းစာရခဲ့တဲ့ ညနေတစ်ခုဖြစ်ခဲ့တဲ့ အမှတ်တရညနေဆိုရင် မမှားနိုင်။

ဖျက်ရာ ပြင်ရာမပါ တဲ့ စာရွက်တစ်ရွက်

ငယ်ငယ်တုန်းက အတန်းထဲမှာ သမိုင်းချိန်ပဲဖြစ်ဖြစ် မြန်မာစာချိန်ပဲဖြစ်ဖြစ် ဖျက်ရာ ပြင်ရာမပါဘဲ ဆရာမခေါ်ပေးတာကို အမှီလိုက်ရေးရတဲ့ ပြိုင်ပွဲလေးကို သတိရမိတယ်။ တခါတလေ နိုင်ပေမယ့် ရှုံးတဲ့အခါလည်းရှိခဲ့တာပါပဲ။

ဖျက်ရာ ပြင်ရာမပါဖို့ဆိုတာ လွယ်တာမဟုတ်။ ဆရာမပါးစပ်က ခေါ်ပေးတာကို အမှီလိုက်ရေးဖို့ဆိုတာကလည်း မလွယ်။ လက်ကလည်း ငြိမ် စိတ်ကလည်းငြိမ်ပြီး အာရုံတစ်ခုတည်းကို စူးစိုက်နေမှလေ။ စိတ်မတည်ငြိမ်လို့ကတော့ စာလွတ်သွားရင်နောက်ကျပြီ စာလုံးကျန်ခဲ့ရင်ပြန်ဖျက်ရပြီ။ ဒါဆိုရှုံးပြီဆိုတာ ပြောစရာမလိုတော့။ ပြီးတော့ စာလုံးပေါင်း သတ်ပုံမှန်ရသေးတယ်။ မှားလို့ကတော့ ပြန်ဖျက်ရမှာ အသေအချာ။

အကြိမ်ကြိမ်ပြိုင်ခဲ့ကြတယ်။ ဘယ်တုန်းကမှ နောက်တစ်ခေါက်ပြိုင်ရဖို့ နောက်မတွန့်ဘူးခဲ့။ ဒါပေမယ့် အခုကျနော့မှာ ရေးဖို့စာရွက်တစ်ရွက် ရှိနေပြန်တယ်။ ရေးမယ်ပြင်လိုက် ချိန်နေလိုက်တာ လွန်ခဲ့တဲ့ဆယ်ရာစုလောက်ဆီကစလို့ပေါ့။ အဲဒီစာရွက်ကိုလည်း ကျနော်ဖျက်ရာ ပြင်ရာမပါစေချင်ဘူးဗျ။ ပါလို့လည်းလုံးဝလုံးဝမဖြစ်။ ကျနော်က ဖျက်ရာ ပြင်ရာ မပါတာကို အရမ်းနှစ်သက်တာကိုး။

ကျနော့ရှေ့မှာ သူများစာရွက်တွေကို မတော်တဆဖြစ်ဖြစ် တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် ကျနော်တွေ့တတ်တယ်။ များသောအားဖြင့် တခါမှားတာပဲဖြစ်ဖြစ် ကြိမ်ဖန်များစွာမှားတာပဲဖြစ်ဖြစ် အမှားတွေ ဗလပွဖြစ်နေတာကို နှစ်ခြိုက်လာလို့ဖြစ်ဖြစ် ဖျက်ရာတွေနဲ့စာရွက်တွေကို တွေ့နေရတယ်ဗျာ။ အမှားတွေပါတဲ့ စာရွက်တွေကို မနှစ်သက်တတ်ပေမယ့် ကျနော့စာရွက်မှမဟုတ်တာနော့။ ဘာပဲပြောပြော သူတို့စာရွက်တွေကို ကြည့်ရင်း ကျနော့စာရွက်ကလေးကို ရေးဖို့ဝန်လေးနေတာတော့ ၀န်ခံပါတယ်။

စာရေးစရာတွေ သုံးကြိမ်လောက်တော့ ကြုံခဲ့တယ်ထင်တာပါပဲ။ မရေးဖြစ်တာတော့ စောစောက ပြောပြီးပါပကော အမှားမပါချင်လို့ပါလို့လေ။ တခါရေးယုံနဲ့မှားမယ် မှန်မယ်ဆိုတာ မသိနိုင်ပင်မယ့် မှားသွားရင်တော့ သေပြီဆရာပဲ။ သူငယ်ချင်းတွေကတော့ ရေးတော့ရေးတော့လို့ပြောကြတာပါပဲ။ စရေးဖို့အားယူရင်း နောက်ရောက်ရောက် သွားရတာချည်းပါ။ တခါတလေ ကျနော်စဉ်းစားမိတယ် ရေးဖို့ဆိုတာ ခက်တာမှတ်လို့ ရေးရင်းရေးရင်း အမှန်ပြင်သွားရင်ကော။ ရေးဖို့ကို သတ္တိမရှိတာလား။ ဘာကိုနောက်တွန့်နေမိတာပါလိမ့်။ အရင်တုန်းက ဒီလိုပွဲမျိုးဆိုတာ ရှေ့ဆုံးကပါ။ ကိုယ့်ဘာသာ အဖြေရခက်တဲ့မေးခွန်းတွေမေးနေမိသလို အဖြေမသိတဲ့မေးခွန်း ဒါမှမဟုတ် သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလားလည်းမသိ။

တနေ့တော့ရေးဖြစ်မယ်တော့ ယူဆရတာပါပဲ။ ဘယ်အချိန်မှာ ရေးဖြစ်မလဲ ဘယ်လိုရေးဖြစ်မလဲဆိုတာကတော့ တကယ့် ပဟေဠိ။ အမှားမပါအောင်ရေးဖို့ကြိုးစားရင်း ဗလာကျင်းနေတဲ့ ကျနော့ရဲ့ စာရွက်ကလေးက


“ အချစ်စာမျက်နှာ”

23 July 2008

မမေ့ရက်လို့ယနေ့ထက်တိုင်

နန်းဆိုတဲ့မိန်းကလေး မခေါ်ဘဲလာ မနှင်ဘဲပြေးလေပြီ။ ခုတော့ဘယ်ဆီမယ်မသိ……………….

မနက်ခင်းကျောင်းတက်ရက်တစ်ခု မိုးရွာပြီးစ လောကတစ်ခုလုံးက စိမ်းစိုလန်းဆန်းလျက်။ အားလုံးတန်းစီဖို့ရပ်နေတဲ့ ကျောင်းရှေ့ကွင်းပြင်မှာ ရုတ်တရက် အားလုံးတိတ်ဆိတ် ငြိမ်သက်သွားပါတယ်။ အထူးအဆန်းနဲ့ မျက်ဝန်းတွေရဲ့ အဆုံးသတ်ရှိရာကြည့်မိတော့ ဂျပန်ဆံတောက်လေးနဲ့ပန်းပွားလွယ်အိတ်အမည်းရောင်လေးနဲ့ ပါးမှာလည်း ခပ်ပါးပါး ပါးကွက်ကလေးက ဖြူမလိုဝါမလို။အလို.......ထူးထူးဆန်းဆန်း ပုံတော်ဖိနပ်လေးနဲ့။ ဒီနေရာဝန်းကျင်မှာ ဘယ်မိန်းမငယ်မှ ပုံတော်မစီးစဖူး။ သေချာတယ် တခြားအရပ်က ကျောင်းပြောင်းလာတာပဲနေမှာ။ လွယ်အိတ်ကြိုးကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်း သိုးသူငယ်ရဲ့အပြစ်ကင်းတဲ့ မျက်ဝန်းတွေနဲ့ ဒီိနံနက်ခင်းတစ်ခုလုံးကို သူအပိုင်ရသွားလေရဲ့။

သူနာမည်ကနန်းခင်ငယ်။ တကယ်ကိုကျော်ကြားပါတဲ့ နန်းခင်ငယ်။ ဆံပင်အရွေ့ လေအဝှေ့မှာတောင် ငေးယူရပါတဲ့နန်းခင်ငယ်။ ကိုးတန်းအခန်းပတ်လည်သာမက ဆယ်တန်းက အစ်ကိုကြီးတွေပါရစ်သီရစ်သီလာရောက်ရတဲ့အထိ။

နန်းကိုစသိတာက ဆရာမဒေါ်ခင်ကျော်ကအစ။ “သားကြယ်စင် ကျောင်းနောက်ကျနေတဲ့ သမီးနန်း ကို စာတွေကူးဖို့ကူညီပေးလိုက်ပါတဲ့”လေ။ ထုံးစံအတိုင်း ကိုယ့်ရဲ့ မှတ်စုစာအုပ်တွေထုတ် စာသင်ချိန်မပါသေးတဲ့မှတ်စုတွေ ကူးဖို့ပေးမိတယ်။ သူကတော့ သူရဲ့ ကျော်ကြားလှတဲ့ အပြစ်ကင်းတဲ့မျက်ဝန်းတစ်စုံနဲ့ ကျနော်ကို ကြည့်နေလေရဲ့ သြော်နန်းငယ် မင်းဝေဒနာတွေပေးရက်တယ်။

စာအုပ်တွေကူလူးဆက်သွယ်ရင်း ကျနော်တို့ရင်းနှီးခဲ့ကြတယ်။ နန်းရဲ့ ရှားပါးတဲ့အပြုံးတွေကို တိတ်တခိုးငေးရတဲ့အခိုက် သူငယ်ချင်းတွေကကြိတ်စကြတာ အခါတစ်ရာမကတော့။ ဒါပေမယ့် နန်းငယ်မသိချင်ယောင်ဆောင်ခဲ့တယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက နန်းငယ်မှာ ကျနော်ကလွဲလို့ သူငယ်ချင်းအပေါင်းအသင်းမရှိ။ ဦးလေးအိမ်မှာ နေ,နေရတယ်ဆိုတာကလွဲရင် သူ့အကြောင်းကို ဘာဆိုဘာမှမသိ။ နန်းတစ်ယောက်နဲ့တင်လုံလောက်နေပြီဆိုတော့ အဲဒီအရာတွေက စိတ်ဝင်စားစရာမကောင်းခဲ့။

နန်းဆီမှာ ငယ်ရွယ်တဲ့မိန်းမပျိုတွေမှာ ရှိတတ်တဲ့ တက်ကြွမှုတွေမရှိခဲ့။ ကျနော်တွေ့ရတတ်တာက တခါတလေ ငိုင်တွေသွားတတ်တဲ့ သူ့အပြုအမူတွေ။ တခါတရံမှာတော့ တစုံတခုကို စိုးထိတ်ကြောက်ရွံ့မှုတွေနဲ့ တုန်လှုပ်နေတတ်ပြန်တယ်။ အဓိပ္ပါယ်မဖော်တတ်လေတော့ နန်းရယ် တကယ်တမ်းဆို ကျနော်သိသင့်ပါတယ်လေ သိသင့်ပါတယ်။

နေမညိုခင် စာမေးပွဲမဖြေခင်တစ်ရက် အဲဒီနေ့ကပန်းတွေလည်းမပွင့်ပါဘဲနဲ့ နန်းကို ကျနော်ချစ်တယ်လို့ပြောလိုက်မိတယ်။ နန်းလိုလူတစ်ယောက်အတွက် ဒီလိုချစ်စကားအပြောခံရတာ မထူးဆန်းလို့လားမသိ သူတုံဏိဘာဝေလုပ်နေတယ်လေ။ ပြီးတော့ သူက ကျနော့ကို “ကြယ်စင်ဆိုဆိုနေတဲ့ ဟိုသီချင်းလေးဆိုပြပါလားတဲ့” ။ ကျနော်ဆိုဆိုနေတတ်တဲ့ သီချင်းက “တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ နှစ်ကိုယ်တူမှန်းတဲ့ အနာဂါတ်ချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်” ဆိုတဲ့သီချင်း။ ကျနော်ဆိုတဲ့အခါတိုင်း သူလွမ်းလွမ်းဆွေးဆွေးကြည့်နေတတ်တယ်လေ။

စာမေးပွဲဖြေတဲ့တစ်လျှောက်လုံး နန်းကျနော့အနားမှာပါ။ စာတူတူကျက်ရင်း ကိုယ်မသိတာသူ့မေး သူမရှင်းတာကိုယ်တွက်ပြနဲ့ပေါ့။ အနေနီးလေ ဝေဒနာကြီးလေဆိုတာ သိကြမှာပါနော်။ ကျနော်ဆုံးဖြတ်ထားတယ် စာမေးပွဲနောက်ဆုံးနေ့ မှာ နန်းဆီက အဖြေရအောင်တောင်းမယ်ဆိုပြီး။

စာမေးပွဲနောက်ဆုံးနေ့ ကျနော်တို့နှစ်ယောက်လုံးဖြေနိုင်ကြပါတယ်။ အပျော်တွေအပြည့်နဲ့ပြန်လာတဲ့လမ်းမှာ ဘယ်အချိန်စပြောရမလဲ ကျနော်တွက်ဆနေမိတယ်။ နန်းရယ် အချစ်ဆိုတာ ကိုယ့်အတွက်နန်းနဲ့တွေ့မှ ဖြစ်တည်စေခဲ့တာပါ။ နန်းမြင်နိုင်ရဲ့လားဟင်။

ဗြုန်းဆို နန်းဘေးနားမှာ ကားတစ်စင်းလာရပ်တယ်။ ကားပေါ်မှာ နန်းနဲ့ခပ်ဆင်ဆင်တူတဲ့ အဒေါ်ကြီးတစ်ယောက် ဆင်းလာပြီး “မိနန်းငယ် နင်မိုက်လိုက်တာဟယ်” လို့ဂရုဏာဒေါသသံအပြည့်နဲ့ပြောပြောဆိုဆိုပဲ နန်းကို လက်ဆွဲပြီးတခါတည်းကားပေါ်တက်သွားတယ်။ ကြောက်ရွံ့နေတဲ့နန်းမျက်ဝန်းတွေက ကျနော်တခါတခါ တွေ့ရတတ်တဲ့ မျက်ဝန်းတွေ။ အဲဒီမျက်ဝန်းတွေ။ ငေးငိုင်ပြီးကျန်ခဲ့တယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့။ နန်းကို ချစ်တာရယ် သနားတယ်ဆိုတာရယ်ပဲသိခဲ့တာ။

အဲဒီနေ့ကစလို့နန်းပျောက်ဆုံးသွားခဲ့တာ ဒီနေ့ထက်ထိ။ နန်းရယ် မင်းရက်စက်တယ်။ တချက်လောက်တော့ ပြန်ပြောခဲ့ဖို့သင့်ပါတယ်။ ကိုယ့်ကိုမုန်းရင်ဖြင့်မုန်းတယ်ပေါ့။ အဖြေတခုခုတော့ပြောခဲ့သင့်ပါတယ်လေ။

အကြောင်းစုံကို မသိရခင်မှာတော့ နန်းဟာ အသည်းစားဘုရင်မလိုလို ဘာလိုလို။ တကယ်တမ်းတော့ နန်းဟာ သနားစရာအကောင်းဆုံး ဓားစာခံတစ်ယောက်ဆိုတာ သိခဲ့ရတယ်။ မထင်မှတ်ပဲသိလိုက်ရတဲ့ အဲဒီအကြောင်းအရာတွေကို ဖြင့်မမေ့ရက်လို့ ယနေ့ထက်တိုင် ရင်ထဲမှာသိမ်းဆည်းထားမိတယ်။

နန်းဆိုတဲ့မိန်းကလေးက ဇာတိကအောင်ပန်းကတဲ့လေ။ ရှမ်းတောင်တန်းတွေရဲ့တနေရာမှာ နန်းတို့မိသားစုနေခဲ့ကြတယ်တဲ့။ နန်းမှာမောင်လေးတစ်ယောက်ရှိသလို နန်းအဖေနဲ့အမေက ရိုးရိုးအေးအေး ခြံစိုက်စားကြသတဲ့။ အေးချမ်းသာယာတဲ့ နန်းတို့ဘ၀လေးထဲကို နန်းရဲ့ ဦးရီးဝင်လာတယ်ဆိုရင်ပဲ ကံကြမ္မာဆိုးတွေပါ သယ်ဆောင်လာခဲ့တယ်လေ။

အလောင်းအစားဝါသနာပါတဲ့ ဦးရီးရဲ့အကျင့်က ဘယ်တော့မှပျောက်ပျက်မှာမဟုတ်။ ဖဲရိုက်ရမလား ဂျင်ကိုင်မလား စတဲ့ အရာအားလုံးကို တပ်မက်ပါတဲ့ ဒီဦးရီး။ ရွာနီးချုပ်စပ်ကို ကစားပွဲလိုက်ရှာပြီးသွားနေတတ်တဲ့ ဦးရီးပြန်လာတဲ့ တညနေ။ ဆိုးဝါးလွန်းတဲ့ညနေ။ ရက်စက်လွန်းတဲ့ညနေ။ အဲဒီညနေ မရှိခဲ့ရင်လေ သိပ်ကောင်းမှာ။

မိသားစုအားလုံးဆုံနေတဲ့ ထမင်းစားဝိုင်းလေး စတင်ပြီးသိပ်မကြာဘူး။ ၀ုန်းဒိုင်းဆိုတဲ့အသံပဲကြားလိုက်ရတယ် ထမင်းစားပွဲလေးလည်း မှောက်နေပြီ။ လက်ကာနေတဲ့ ဦးရီးကို ဓားနဲ့ပိုင်းလိုက်တာဖြတ်ခနဲတွေ့လိုက်ရတယ်။ ပြီးတော့ ဦးရီးကိုကယ်ဖို့ပြေးသွားတဲ့ နန်းရဲ့အဖေ။ ပြီးတော့အဖေ့ကို မလုပ်ဖို့ရှေ့က ကာလိုက်တဲ့ အမေ။ အမေ့ကျောမှာပိုးထားတဲ့ နန်းရဲ့မောင်လေး အို…………မှောင်လွန်းတဲ့ညနေ။

ဦးရီးကို ကစားဝိုင်းမှာမကျေနပ်လို့တဲ့ အသက်ကိုရန်ရှာကြတာ နန်းတို့မိသားစု တွေအဆစ်ပါသွားကြတယ်။ နန်းတစ်ယောက် ဘယ်လိုဖြစ်ကျန်ခဲ့မလဲနော်။ အဲဒီအဖြစ်အပျက်ကြောင့် နန်းရဲ့ ကြောက်ရွံ့ခြင်းတွေ အပြင် သွေးပျက်စေခဲ့တဲ့အတွက် နုနယ်တဲ့ နှလုံးသားဟာအနာတရ ရရှိခဲ့တယ်။ နန်းအတွက် ကျိန်စာတစ်ခုဖြစ်စေခဲ့တာက နန်းတစ်ယောက် ဒီတစ်သက်အိမ်ထောင်ပြုလို့မရတော့ဘူးတဲ့လေ။ ဒါကြောင့်နန်းအဒေါ်က အပြင်လောကနဲ့မထိတွေ့စေချင်လို့ ကျောင်းမတက်နဲ့လို့ပြောတာကို နန်းတစ်ယောက်အကြောက်အကန်ငြင်းခဲ့တာမို့ ကျောင်းတက်ခွင့်ပြုလိုက်ကြတာ။ ကျနော်နဲ့နှစ်ယောက်တွဲတွေ့တော့ လုပ်ရက်လိုက်တာလို့ပြောပြီး နန်းကိုအဝေးပို့လိုက်ကြတယ်ဆိုတာကို နောက်မှသိလိုက်ရတာပါ။

နန်းရယ် ကျနော်ချစ်ခဲ့တာ နန်းကို ရယူပိုင်ဆိုင်လိုစိတ်တခုတည်းနဲ့ မဟုတ်ဘူးဆိုတာနန်းသိအောင်ပြောချင်ပေမယ့် ပြောခွင့်မသာခဲ့လို့ ဒီဇာတ်လမ်းလေးကို မမေ့ရက်လို့ယနေ့ထက်တိုင်အောင်ပါလေ ယနေ့ထက်တိုင်အောင်ပါ…….

22 July 2008

ထိုင်ခုံအမှတ် A15, သောကြာနေ့


ထိုင်ခုံလေးတစ်ခုပါပဲ။ သာမာန်ရိုးရိုးလေး။ သေချာတာတစ်ခုက သူ့နံပါတ်က A15။ နောက်ဆုံးခုံတန်းက ခုံတစ်ခုံပေါ့။ သူ့ကိုထာဝရအမှတ်ရစေတာ ဒီလိုဗျ…………

သာမာန်ဘွဲ့ရတဲ့ ကျနော်လိုလူတစ်ယောက်အတွက် နယ်ကနေရန်ကုန်ကိုတက်ပြီး အလုပ်လုပ်ဖို့ တက်လာတဲ့အခါ အခက်အခဲပေါင်းများစွာ။ ပထမက အလုပ်ရဖို့ နောက်တော့ နေရာထိုင်ခင်း ပြီးတော့ အဓိက,က အိမ်ကို ပိုက်ဆံပို့ပေးဖို့သာမက ကိုယ်ကိုတိုင်စားရေးသောက်တာ လောက်ငှရေး။ ပထမတော့အသိအိမ်မှာ ခိုကပ်ပြီး အလုပ်ရှာခဲ့ရတာပါ။ နေစရာပေးတဲ့ အလုပ်ဆိုရင် ဦးစားပေးလျှောက်ထားရန်။ ဒါနဲ့ အလုပ်တစ်ခု ရခဲ့တယ်ဆိုပါတော့။

တနေ့ အဲဒီနေ့ကစလို့ A15 ဟာကျနော့ကို အမြဲစွဲဆောင်ခဲ့တယ်။ အဲဒီနေ့ က Gladiator ပြတဲ့နေ့။ ဒီကားက နာမည်အရမ်းကြီးဆိုပဲ။ ထုံးစံအတိုင်း နိုင်ငံခြားကားတွေဆို အမှုမဲ့အမှတ်မဲ့ပဲနေခဲ့တာပါ။ စကားပြောတာတွေ နားမလည်မှတော့ ဘာတန်ဖိုးရှိမှာလဲနော်။ အဲဒီတော့လျစ်လျူရှုခဲ့တာတွေချည်းပဲ။ အဲဒီနေ့က မမှောင်ခင်မှာပဲ ဖြတ်ကနဲဆို အစ်မတစ်ယောက်ကို တွေ့လိုက်တယ်။ အသက်က သုံးဆယ်ဝန်းကျင်လောက်ထင်ပါတယ်။ သူ့ပုံစံက ကိုယ့်အိမ်ကို အပြင်ကပြန်လာတဲ့ ပုံစံမျိုးလေ။ ကျနော်ဆိုလာတာက ဒီပတ်ဝန်းကျင်ကို သူအကျွမ်းတ၀င်ရှိနေပုံပါ။ သူတည့်တည့်မတ်မတ်သွားထိုင်လိုက်တာက A15 ပါ။

မကြာပါဘူး ဇာတ်ကားစပြတော့လည်း ဇာတ်ဝင်ခန်းတိုင်းကို တစိုက်မတ်မတ် အာရုံအပြည့်စိုက်ပြီး ဟာခနဲ ဟင်ခနဲ အသံတွေထွက်ပြီး သူကြည့်နေတယ်။ ဟာချလိုက်ပါလား မင်းရဲ့နောက်မှာလေဆိုတာမျိုးကိုလည်း သူ့ဆီက ကြားရတတ်သေးတယ်။ အင်းလေ ဟုတ်တာပေါ့ မင်းမလာသင့်ဘူးဆိုတာလည်း သူပါဝင်သရုပ်ဆောင်နေသလိုမျိုး။ ကြည့်ရတာ အင်္ဂလိပ်စာကိုလည်း ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင် နားလည်နေပုံပဲ။

နောက်တစ်ခေါက် ဥရောပရုပ်ရှင်ပြပွဲ ပြင်သစ် ဂျာမနီ အီတလီ အင်္ဂလိပ်ဇာတ်ကားတွေပြတဲ့အချိန်။ ဇာတ်ကားနာမည်ကိုတော့ ကျနော်မမှတ်မိတော့ဘူး အင်္ဂလိပ်ကား အိုင်ယာလန်ဘက်ကဇာတ်လမ်းလေး ကလေးလေးနဲ့ခွေးလေး။ သူအဖေက စစ်ထဲမှာကျသွားတဲ့ဇာတ်လမ်း အတိအကျတော့ မမှတ်မိတော့ဘူး ကြည့်တဲ့လူတိုင်းပြောကြတာက စကားပြောတာနားမလည်ဘူး သိပ်ဝဲတာပဲဆိုတာရယ် အဲဒါကြောင့် အင်္ဂလိပ်ကားကို အောက်ခြေမှာစာတမ်းထိုး ထားပေးတယ်ဆိုတာရယ်ပဲမှတ်မိတော့တယ်။ အဲဒီနေ့ကလည်း A15 မှာအစ်မရယ် ကြည့်နေပြန်တယ်။ နောက်တစ်ကားက ပြင်သစ်ကား ကလေးလေးနဲ့ လေယာဉ်ပျံလေးနဲ့ကား။ ကလေး,လေး နဲ့သူအဖေရဲ့ စိတ္တဇနယ်လွန်ဇာတ်လမ်း အစ်မရယ်လေ နောက်ဆုံးဇာတ်သိမ်း သားအစ်ဖနှစ်ယောက်တွေ့ကြတဲ့အခန်းမှာ ငိုလိုက်တာကျနော်တွေ့မိတယ်။ အဲဒါလည်း A15 မှာပဲ။

နောက်ထပ် နေ့များမှာလည်း အစ်မကို A15မှာတွေ့ရတတ်တယ်။ တွေ့ရတဲ့ ရက်တိုင်းက သောကြာနေ့ရယ် ထိုင်ခုံနံပါတ်က A15 ရယ် ထူးခြားစွာတွဲနေတတ်တယ်။ ဘာကြောင့်မှန်းမသိ အစ်မမလာတဲ့ရက်တွေဆိုရင်လည်း A15 ကိုပဲစောင့်ကြည့်နေမိတတ်တယ်။ ရုံထဲမှာ စကားပြောသံကြားတိုင်း အစ်မများဖြစ်နေမလားဆိုပြီး ရှာမိတတ်ပင်မယ့် အဲဒီနေ့သောကြာနေ့မဟုတ်ရင်ရယ် ပြီးတော့ စကားသံက A15 ကမဟုတ်ဘူးဆိုရင် အစ်မမဟုတ်တာသေချာတယ်လို့ တပ်အပ်ပြောနိုင်လောက်တဲ့အထိ စွဲလမ်းနေတဲ့ တန်းပြကောင်လေးတစ်ယောက်ရှိတယ်ဆိုရင်……..

20 July 2008

ချစ်သူတစ်ယောက်ကောက်ရဖူးပါသည်။


ဒီအသက်အရွယ်ရောက်ရင် ချစ်သူတစ်ယောက် ရှိကိုရှိရမယ်လို့ ပညတ်ထားခဲ့ဖူးပါသလား။ ဘေးနားမှာတစ်ယောက်မှမရှိတိုင်း ကျနော်ဟာ ပျော့ညံ့သူ ထုံထိုင်းသူ အသုံးမကျသူတစ်ယောက်ဖြစ်ရရိုးလား။ ဘ၀ဆိုတာကို တစ်ယောက်ထဲမဖြတ်သန်းသင့်ဘူးလို့အကြံပေးတိုင်းကော လက်ခံသင့်ပါသလား။ ခင်ဗျားတို့ မသိတဲ့အရာတစ်ခုက ကျနော်ချစ်သူတစ်ယောက် ကောက်ရဘူးတယ်ဆိုရင်ကော….

သူ့ကို တစ်နေရာမှာ အမှတ်မထင်တွေ့လိုက်တာပါ။ ဟင့်အင်းစသိတုန်းကတော့ နှစ်ယောက်စလုံးမသိလိုက်မသိဘာသာပေါ့။ သူကကျနော့ဆီကို အကြောင်းတစ်ခုကြောင့် ရောက်လာခဲ့တယ်။ ပြီးတော့ပြောသွားသေးတယ် နောက်ထပ်လာခဲ့မယ်တဲ့။ ကျနော်စဉ်းစားတယ် သူနောက်ထပ်လာစရာ အကြောင်းမှမရှိတာ။ သူလာမယ်ဆိုတော့လည်း တားစရာအကြောင်းက ခြေခြေမြစ်မြစ်မရှိပြန်။

နောက်ခြောက်လ မေ့လောက်တဲ့အချိန်တခုမှာသူရောက်လာတယ်။ အရင်လိုပဲ နူးညံ့သိမ်မွေ့မှု အပြည့်နဲ့ပေါ့။ အဲဒီနေ့က ကျနော်တို့ညစာစားအပြီးမှာ စကားစမြည်ပြောရင်း သီချင်းတစ်ပုဒ်ကို သူထဖွင့်တယ်။ သူပြောတယ် သူ့သူငယ်ချင်းပေးထားတဲ့ စန္ဒရားခွေလေး။ တီးလုံးကပဲစွဲဆောင်ခဲ့စေသလား ညနေကပဲမြူဆွယ်ခဲ့စေသလား သူကျနော့ကို ရုတ်တရက်ထနမ်းခဲ့တယ်။ ကျနော့ပယောဂလုံးဝမပါခဲ့ဖူးဆိုတာတော့ ကျနော်လိပ်ပြာသန့်စွာ ငြင်းခဲ့နိုင်ပါတယ်။ ပြင်းပြပူနွေးတဲ့ အနမ်းတွေနောက်မှာ ရမ္မက်တွေက ဆက်တိုက်လိုက်ဖို့ကြိုးစားနေတယ်။ အသက်ရှူမိသလား မရှူမိသလားမစဉ်းစားနိုင်တော့ မောပန်းနေတာတစ်ခုကို ခံစားချက်အသစ်တစ်ခုလို တုန်လှုပ်စွာခံစားနေရတယ်။ ခုချိန်ထိ ပြန်တွေးမိတိုင်းရှက်ရွံ့ပူနွေးစွာ ပါးနှစ်ဖက်က ရဲတက်လာမြဲ။ နားရွက်နှစ်ဖက်နီလာရင် လူတွေက ကျနော်ရှက်နေပြီဆိုတာ သိနိုင်တာပဲနော်။ အရှိန်တက်လာတဲ့ကျနော့ကို သူရုတ်တရက်တွန်းပြီး မဖြစ်နိုင်ဘူးလို့တစ်ခွန်းပြောတယ်။ ပြီးတော့မှ ဧည့်ခန်းကခုံမှာသွားထိုင် နေတယ်။ သူ့မှာအတွေ့အကြုံရှိပုံရပါတယ်။ နောက်ပိုင်းသူ အချိန်တိုင်းပြန်ပြောနေကြက နင်မနမ်းတတ်သေးဘူးတဲ့။ အရာရာမှာ ရှေ့ဆောင်ဖို့ကြိုစားနေတဲ့ကျနော် သူရှေ့မှာ ကလေးတစ်ယောက်လိုဖြစ်နေမိတယ်။ အဲဒီညနေခင်းတစ်ခုမှာ ကျနော်တို့မကြေညာပဲ တရားဝင်ချစ်သူနှစ်ဦးဖြစ်ခဲ့ကြတယ်။

နောက်နေ့ညများစွာမှာတော့ သူနဲ့ကျနော် ရင်ခွင်တစ်လှည့်စီ ခိုဝင်အိပ်စက်မိခဲ့ကြတယ်။ ဘ၀အမောတွေကို ပြန်ပြောဖြစ်ကြရင်းပေါ့။ ဒါပေမယ့် တခါတလေ မနမ်းတတ်တဲ့ကျနော့ကို အနမ်းသင်ပေးတတ်တာကလွဲရင် ရှေ့ဆက်ဖို့သူခွင့်မပြုခဲ့။ သူရဲ့နူးညံ့တဲ့ဆံပင်လေးတွေကို ဆော့ကစားဖို့တော့ သူလှိုက်လျောတတ်ပါတယ်။ ဘာကြောင့်ရယ်မသိ ကျနော့ဟာ သူ့ရှေ့မှောက်မှာ ပီဘိကလေးငယ်လို ဖြစ်နေမိတတ်တယ်။ အချစ်ဆိုတဲ့သင်ခန်းစာကို သူစတင်သင်ကြားချိန်မှာတော့ ကျနော်တော်တော်တုန်လှုပ်ရပြန်ရော။ စ, စချင်းသူပြောတာက “ငါ့မှာ ချစ်သူလက်ရှိ ရှိနေတယ်တဲ့” ကဲ ဘာဆက်လုပ်ကြမလဲ။ သူက နှစ်ယောက်စလုံးကသူ့ကို ချစ်တာလိုလားပါတယ်တဲ့။ လောဘကြီးလိုက်တာများဗျာ။ ဘယ်ယောက်ျားတစ်ယောက်ကများ အဲလို အချစ်ကိုရှယ်ယာခွဲ ချစ်နိုင်မှာတဲ့လဲ။ ကျနော်ဘယ်လောက်ထိ ရှက်ရွံ့နာကျင်ရတယ်ဆိုတာတော့ မပြောပါနဲ့တော့။ မျက်နှာကို လက်နဲ့ဖြတ်ရိုက်လိုက်တာက သက်သာပါအုန်းမယ်။သူကတော့ အေးအေးဆေးဆေးပဲ။ နင်က ငါ့မောင်လေးတစ်ယောက်လိုပါပဲတဲ့။

အဲဒီနောက်မှာတော့ ကျနော်သူ့ကို အဆက်ဖြတ်ဖို့ကြိုးစားကြည့်မိတယ်။ ကျနော့မျက်ရည်တွေကို ကျနော်ရက်မရှည်ချင်တော့ အောင်မြင်တဲ့မျက်နှာပေးနဲ့ လက်ပိုက်စောင့်နေတဲ့ သူ့ရင်ခွင်ကို ပြန်ဝင်ခဲ့ရစမြဲ။ သူဟိုတစ်ယောက်နဲ့ဘယ်အချိန်မှာတွေ့လဲ ဘာတွေလုပ်နေလဲ ကျနော်မတွေးချင်။ တွေးလိုက်တိုင်း ကျနော့ဘယ်ဘက်ရင်အုံက အမြဲနာကျင်ခဲ့မြဲ။ တခါခါနာကျည်းမိတယ်။ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတဲ့မေးခွန်းကို မေးဖို့အားယူရင်း နောက်တွန့်နေမိပြန်ရော။ တကယ်တော့ မပြတ်သားသူဟာကိုယ်ကိုတိုင်ပါပဲလား။

အိပ်မက်ဆိုးညတွေကို ဆက်တိုက်မက်ချင်သူဟာလည်းကိုယ်တိုင်ဖြစ်နေပြန်တယ်။ မတုန်မလှုပ်ပုံမှန် နေတတ်တာက သူပါပဲ။ တကယ်ကို အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်တတ်တာက သူ့ပုံမှန်ထင်ပါတယ်။ အနမ်းတွေကလည်းပုံမှန်လေ။ နမ်းနေရင်း မသတီစိတ်နဲ့ (အဲဒီနှုတ်ခမ်းတစ်စုံဟာ ကိုယ်တစ်ဦးတည်းပိုင်မဟုတ်ဆိုတဲ့ အသိနဲ့) ကျနော်ရပ်တန့်မိတိုင်း သူကမသိချင်ယောင်ဆောင် အိပ်လို့ပျော်နေတတ်ပြန်ရော။ သူလာမအိပ်တဲ့ညတွေကျရင် ကျနော်စိတ်က ဟိုတစ်ယောက်ရင်ခွင်မှာသူရောက်နေပြီလား အခုဆိုသူနမ်းနေပြန်ပြီလားလို့ ပူပန်နေမိပြန်တယ်လေ။ သူကပြောတတ်ပါသေးတယ် "နင်သိပ်တကိုယ်ကောင်းဆန်တယ်" တဲ့လေ။


ကျနော်စိတ်ဆိုးတိုင်းသူလုပ်နေကြ အကျင့်တွေက လမ်းထိပ်က ထမင်းဆိုင်မှာ ထမင်းလိုက်ကျွေးတတ်တာ။ ကျနော်ပုဇွန်ချဉ်သုတ်နဲ့ ဘဲသားပေါင်းကြိုက်တယ်ဆိုတာ သူသိနေတတ်ပြန်တယ်။ ပြီးတော့သူဖွင့်တတ်တဲ့သီချင်းက “ဖြေးဖြေးသတ်ပါ ငါ့ကို ဖြေးဖြေးသတ်ပါငါ့ကို” ဆိုတဲ့သီချင်းကို မအိပ်မချင်းဖွင့်တတ်တယ်။

သူနဲ့ကျနော်က တကယ်တမ်းတော့ဆန့်ကျင်ဘက်တွေ။ ကျနော်စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အချိန်မှာ သူက ဂိမ်းဆော့နေတတ်တာမျိုး။ ကျနော်ကသိပ်ကောင်းတဲ့ကားဆို သူက ဟာသကားလောက်တန်ဖိုးမထားတတ်တာမျိုး။ ကျနော်သိပ်ကြိုက်ပါတဲ့ သီချင်းတွေဆိုရင် သူကနားထောင်လို့မကောင်းတတ်တာမျိုး။ လက်ဘက်ရည်သောက်ရင် ကော်ဖီလိုက်သောက်တတ်တာမျိုးတွေကအစ။

အဲဒီတော့ ချစ်သူတစ်ယောက်ကောက်ရဖူးတယ်ပေါ့ဗျာနော့…………….

အပေါ်ကဓာတ်ပုံလေးက lovinghugs.com ကကူးလာတာပါ။

ဒီနေ့အတွက်လိုအပ်ချက်…

တခုခုတော့လိုပါတယ်။ ဘာလိုမှန်းတော့မသိ ထမင်းလည်းစားထားပါရဲ့နဲ့ ဆာသလိုလိုဘာလိုလို။ တကယ်တော့ စိတ်လိုအင်တစ်ခုပါလေ…..

ငယ်ငယ်သိတတ်စအရွယ် ၀န်ထမ်းမိသားစု ရပ်ကွက်ထဲမှာဆိုတော့ ဒီနေ့ဆို ဥသြဆွဲတတ်လေရဲ့။ ဘာမှန်းမသိတိုင်းမေးနေကြက မေ့ဘာလို့ဆွဲတာလဲပေါ့။ မေးခွန်းတွေကို ကြိုတင်ပြင်ဆင်ထားတတ်တဲ့မေက သားရယ်ဒီနေ့အာဇာနည်နေ့လေ။ အာဇာနည်ဆိုတာက အစချီပြီး အဆုံးသတ်တော့ မျက်ရည်ဝိုင်းလျက်သား။ ရက်စက်လိုက်ကြတာဆိုပြီးရယ် ဗိုလ်ချုပ်ကို သနားတယ်ဆိုပြီး ကျွတ်တသတ်သတ်ရယ်နဲ့ပေါ့။

နဲနဲအရွယ်ရောက်လာ သိတတ်စအချိန် ရုပ်မြင်သံကြားဆိုတာက ပေါ်ထွန်းစ။ တစ်ရပ်ကွက်တစ်လုံး သစ်သားပုံးလေးထဲက ရုပ်မြင်သံကြားစက်ကလေးထဲမှာ အာဇာနည်နေ့ အခမ်းအနားဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရတတ်တယ်။ တက်ညီလက်ညီ ချီတက် အားလုံးက အလေးပြု ပန်းခွေတွေကိုယ်စီကိုင်ပြီး အာဇာနည်မိသားစုဝင်တွေ အစီစဉ်တကျ။ ပြီးတော့ပြီးတော့ပေါ့။

ဘာလို့ရယ်မသိ ကိုယ့်အာဇာနည်ကုန်းကို သူများက ဗုံးခွဲဖျက်ဆီးခဲ့ဖူးတယ်ဆိုတာလည်း တော်တော်လေးကြာမှ သိခဲ့ရတယ်။ အသိဥာဏ်ဆိုတာ ဗဟုသုတအပြင် ရှာဖွေရပါလားဆိုတာ သိပေမယ့် အပျင်းကြီးတဲ့လူတစ်ယောက်ဆိုတော့ ဘယ်တော့မှ မတိုးတက်နိုင်။

နောက်နှစ်တစ်နှစ်အရောက်မှာတော့ သူ့ကို ကျနော်တို့စတွေ့ကြရတယ်။ သမိုင်းဆိုတဲ့စာအုပ်ထဲကနေ သူကတကယ့်အပြင်ကို ရောက်လာခဲ့တယ်။ အံ့သြရင်ခုန်ခြင်းအပြည့်နဲ့ သူ့ကို စောင့်နေမိတယ်။ စောင့်နေမိတယ်ဆိုတာ ရုပ်မြင်သံကြားက လွှင့်နေတဲ့အခမ်းအနားကို ကြည့်ရင်းပေါ့။ ခြေလှမ်းမှန်မှန်နဲ့ ယုံကြည်မှုအပြည့်နဲ့နင်းချလာတဲ့ ခြေလှမ်းတိုင်းက သူ့လိုပဲလှပ သေသပ်နေခဲ့တယ်။ မျက်ဝန်းတွေကလည်း သိပ်စူးရှထက်မြက်လှပါလား။ အို…..သူ့လှုပ်ရှားမှုတွေက ပန်းချီကားတစ်ချပ်လို အသက်ဝင်နေလျက် အားလုံးသောလူတွေကလည်း စောင့်ကြည့်နေလျက်။

သူဟာသူ့ယုံကြည်ချက်တွေအတွက် အားလုံးနဲ့ဝေးနေရပြန်တယ်။ အဲဒီတော့ ကျနော်နှစ်တိုင်း သူ့ကိုမြင်ချင်တိုင်း နှစ်စဉ်မပြတ် ဒီအခမ်းအနားကို စောင့်ကြည့်နေရတာပေါ့။

ဒီနှစ်တော့ ကျနော်မကြည့်လိုက်ရတော့ဘူးလေ။ အခုလည်း အခမ်းအနားကပြီးသွားပြီဆိုတော့ ကျနော့ စိတ်အဆာပြေဖို့ ကြံဖန်ရှာဖွေကြည့်ရအုံးမှာပေါ့။ ကဲ………

18 July 2008

ရိုသေခြင်း အလေးအမြတ်ပြုခြင်း ခမ်းနားခြင်း ကြီးကျယ်ခြင်း........


မနက်ဖြန်အတွက် အလေးအမြတ်ပြုပါ၏
ပျောက်ဆုံးနေနိုင်သည်
မေ့ပျောက်စေနိုင်သည်
ဖျောက်ဖျက်ပစ်နိုင်သည်
သို့သော်
ထာဝရ ရှင်သန်လျက်....

အာဇာနည်နေ့သီချင်းများနားဆင်ရန် www.chintwin.com တွင်နားဆင်နိုင်ပါသည်။

17 July 2008

ကြားချင်လှသည် ခေါင်းလောင်းသံစီစီ


ဟောဟို မြေပြင်မှာ ရပ်တည်နေတဲ့ ကျောင်းဝန်းဆီ။ အပြေးအလွှားလှမ်းနေတဲ့ အဖြူအစိမ်းတွေကြားမှာ အဲဒီခေါင်းလောင်းသံတီးမယ့် ကာယကံရှင်ရှိသည်။ သို့ပေမယ့် ခေါင်းလောင်းသံ နေ့တိုင်းကြားရဖို့က မသေချာ…….

ဟောဒီအရပ်က သိပ်ခေါင်ပါတယ်တဲ့။ မြေပြန့်တွေရဲ့ နောက်ဆုံး တောင်ကုန်းတောင်တန်းတွေရဲ့အစ။ သိပ်ကို ဝေးလံခေါင်းပါး ရာသီဥတုကပြင်းထန်ပါသော နမ်စင်ကျေးရွာ။ ရွာနေလူထု တွေ့ရတတ်တဲ့ အပြင်လူတွေက ထူးထူးခြားခြား ရေခဲတောင်တက်ဖို့ရောက်လာတတ်တဲ့လူမျိုးတွေ။ အဲလိုအရပ်မျိုးဆိုတော့ မဖွံ့ဖြိုးမတိုးတက်တာ ဘာဆန်းလဲပေါ့။ ဒါပေမယ့် ဟောဒီရွာက လူအညွန့်အဖူး လေးတွေလည်း စာတတ်ပေတတ်ဖြစ်ချင်ကြတယ်လေ။ ဘယ်သူပြောနိုင်မလဲ ဒီရွာကနေ နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံတည်ဆောက်ရေးမှာ တတပ်တအားပါဝင်မယ့် ပညာရှင်တွေ မရှိနိုင်ဘူးလို့။

ရောက်လာတတ်ပါတယ်။ ရွာကျောင်းကို အစိုးရကခန့်အပ်တဲ့ ဆရာဆရာမတွေ။ ရပ်ရွာကလည်း အားရပါးရကြိုဆိုကြတယ်။ ဂရုစိုက်ကြပါတယ်။ ကူညီကြပါတယ်။ ဖေးမကြပါတယ်။ မြောက်စားကြပါတယ်။ ဝေးလံလွန်းလို့လား ရာသီဥတုပဲမခံနိုင်ကြတာလား ဆရာဆရာမတို့မှာ လခထုတ်ဖို့မြို့တက်သွားပြီးရင် ပြန်ရောက်လာဖို့ ခပ်ခက်ခက်။ တခါတည်းနှုတ်ဆက်ဖို့သာပြင်ထားတော့။ နောက်ထပ်နောက်ထပ် ရောက်လာသမျှတွေသည်လည်း ထိုနည်း ၎င်း။

မြို့တက်တော့မယ်ဆိုတဲ့ ဆရာဆရာမတွေကို ဘယ်လိုနည်းနဲ့တားမြစ်ရပါ့မလဲ။ သူတို့မိသားစုကကော ဒီလောက်ဝေးလံခေါင်သီအရပ်မှာ ကြာရှည်လေးမြင့် ဘယ်ထားပါ့မလဲနော်။ သူတို့တွေကကော သူတို့ရဲ့ဘ၀တွေကို စတေးပြီး နှစ်ရှည်လများ နေနိုင်ကြမယ်တဲ့လား။ ရောက်လာခါစ အသစ်အဆန်းဆိုတော့ သူတို့ပျော်ရွှင်မှုက ခဏတာ။ မကြာခင်မှာ သူတို့အတွက်အစားအသောက် အနေအထိုင်ကစလို့ ပြဿနာ။ ရှားပါးမှု ပေါင်းများစွာကြားမှာ ဘယ်လောက်သည်းညည်းခံနိုင်မှာတဲ့လဲ။

ကျောင်းဝန်းထဲကို မနက်နေရောင်မထွက်လည်း အရောက်သွားချင်နေကြတဲ့ ကလေးတွေ ဆရာဆရာမ ပြောင်းလဲမှုမြန်ဆန်နှုန်းကို မသိလိုက်မသိဘာသာ လက်ခံထားကြတဲ့ ကလေးတွေ စာဖတ်ချင်ကြတဲ့ ကလေးတွေအတွက် အဲဒီကျောင်းခေါင်းလောင်းကြီး နေ့စဉ်မပြတ် စီစီညံညံ တီးစေချင်လှပါသည်…….

15 July 2008

စွဲလမ်းမှုရဲ့ အခြားတစ်ဖက်

နှုတ်ခမ်းတစ်ဖက်
ရမ္မက်အပြည့်နဲ့နမ်းခဲ့ဖူးတယ်
ဆံညိုညို နေအပြိုမှာ
မွှေးကြူခဲ့ဖူးတယ်
လွမ်းဖို့ကောင်းတဲ့
ပါးနှစ်ဖက်က
အရင်လိုပန်းရောင်
ဆွဲဖက်ဖူးတဲ့
တွဲလက်နှစ်ဖက်က
နူးညံ့နွေးလျက်
ဖ၀ါးနှစ်ဖက်
လှမ်းလိုက်တိုင်း
ပန်းပွင့်တွေ
စီလျက်
သာယာတဲ့
ဆည်းလည်းသံက
စမ်းချောင်းဘေးက
တေးချိုချို
..................

SMS လေးတစ်ခု ၌ ငြိတွယ်ခြင်း

တကယ်တမ်းတော့ SMS ဆိုတာ ဘာမှဆန်းလှတာမဟုတ်။ အမျိုးမျိုးသော SMS တွေဖတ်ခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ ဟတ်ထိသွားတာအမှန်။ သူ့ ရဲ့ SMS က

Sir, Infront of UR mind, my thing is nothing. Thanks 4 u n thanks 4 GOD. Very small meeting also I always remember U. Thanks a lot. ပါတဲ့……..

မနေ့ညက တနင်္ဂနွေ ထုံးစံအတိုင်း စျေးတစ်ပတ်စာ ဝယ်ပြီးအပြန် လေးလိုက်တဲ့ အထုပ်တွေ။ မရောက်ဘူးတဲ့ အနားက ရှော့ပင်းမောတစ်ခုကို တစ်ယောက်ထဲ ရှည်ကြောပြီးဝင်လိုက်မိတယ်။ အထွက်ကြ ဘယ်ဘက်က ပြန်ရမလဲ မသိတော့ဘူး။ သွားနေကြသူငယ်ချင်းကို ဖုံးဆက်တော့လည်း သူက မကိုင်အား။ အပေါ်ကို လမ်းမှားပြီး ပြန်သွားသေးတယ်။ ပြီးမှ ခက်တည်တည်နဲ့ ပြန်ဆင်းလာတာ။ မသိရင်တော့ ဆာဗေးသွားကြည့်သလိုလို။ မြေပုံကိုလည်း အကြိမ်တရာလက်ထောက် ပြီးမှ မစ္စတာဘင်းလို လက်နဲ့တိုင်းပြီးပြန်လာခဲ့တာပေါ့။ လမ်းတစ်လျှောက်ကြောက်ကြောက်နဲ့ သီချင်းတွေဆိုလို့ လူကြောက်တာပါ သရဲတော့မကြောက်။ အိမ်နားရောက်တော့ အားကစားခုံလေးတွေပေါ် ဝမ်းသာအားရ ပြေးပြီး ပစ္စည်းလေးတွေတင်ရတယ်။ လမ်းတလျှောက်ဆွဲလာရလို့ လက်အံသေနေပြီလေ။ တင်လိုက်မယ်ဆိုရင်ပဲ အညိုရောင်လေးတစ်ခုကို ပြတ်ပြတ်သားသား တွေ့လိုက်ရတယ်။ ပိုက်ဆံအိတ်နဲ့တူသလိုပဲ။ အနားကပ်ကြည့်တော့ ဟုတ်တယ် ပိုက်ဆံအိတ်လေးပါ။ ဟာ ဒီက အထာတွေဘာတွေရှိလားမသိဘူးဆိုပြီး အိမ်ကိုတန်းပြန်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ဖြတ်ခနဲ အတွေးတခုပေါ်လာတယ်။ ပိုက်ဆံအိတ်ရှင်ဘယ်လိုခံစားရမလဲပေါ့။ ပြန်မပေးတဲ့ လူနဲ့တွေ့ရင်ကော ငါ့အပြစ်ကင်းပါ့မလား ချီတုံချတုံစိတ်နဲ့ အဲဒီပိုက်ဆံအိတ်လေးရှေ့ မှာ ဗိုလ်ကျားသေနတ်ဆွဲနေမိတယ်။ နောက်ဆုံးတော့ အားတင်းပြီး ပိုက်ဆံအိတ်ကို ဖွင့်ကြည့်မိတယ်။ ပိုင်ရှင်ရဲ့ work permit ကဒ်လေး။ ဟာ ဒါသိပ်အရေးကြီးတဲ့ကဒ်ပဲ ဒီမှာအဲကဒ်မရှိရင် အလုပ်လုပ်ဖို့မလွယ်။ အိတ်ထဲမှာ ပိုက်ဆံက ၅ ဒေါ်လာထဲ စာရွက်ပိုင်းလေးတွေနဲ့ Bank ကဒ်ကတစ်ခု ခရီးသွားရတဲ့ ကဒ်က တစ်ခု။ အနီးအနားကိုကြည့်တော့ ဘယ်သူမှမရှိ။ ဘယ်လိုလုပ်ရပါ့။

နောက်ဆုံးတော့ကြံရာမရ အိမ်ကိုပဲ ပြန်တက်ခဲ့တယ်။ အိမ်မှာအထုတ်ချပြီး အိတ်ထဲက ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုရှာနေမိတယ်။ မပါ လုံးဝကို မပါခဲ့။ နောက်ဆုံးတော့ နောက်နေ့ ရုံးဖွင့်မှပဲ ရုံးကိုဆက်သွယ်ရုံမှတစ်ပါး အခြားမရှိ။ စာနာစိတ်နဲ့ အိပ်ခဲ့ရပေမယ့် ကိုယ်ကိုတိုင်ဆို ငါးရံ့ပြာလူး တီဆားပက်သလို မီးခဲဖင်ထိုင်မိ သလို တောင်ပြေးလိုက်မြောက်ပြေးလိုက်ဖြစ်နေမှာ မြင်ယောင်သေး။

နောက်နေ့တော့ သူ့ရုံးဆက်သွယ်ဖို့အင်တာနက်ကနေ ရှာ ဖုံးဆက်တော့ သူ့ရုံးက ဘာအကြောင်းလဲပဲမေးနေတာနဲ့ သူ့ကို ဆက်သွယ်ဖို့ဖုန်းနံပါတ်လေး လိုချင်လို့ပါလို့။ သူ့ပိုက်ဆံအိတ်လေး ကောက်ရထားလို့ပြန်ပေးချင်လို့ပါဆိုတော့။ သူကကျနော့ ဖုံးနံပါတ်ကို ယူထားလိုက်ပြီးပြန်ဆက်သွယ်ခိုင်းလိုက်ပါမယ်တဲ့။ မကြာပါဘူး သူဖုံးဆက်လာပါတယ်။ ကူးမားပါတဲ့။ ကျနော့ကိုလည်း သူ့လိုပဲ Indian ပဲလားတဲ့။ကျနော်ဝင့်ကြွားစွာ ပြောလိုက်မိတယ်ထင်တယ် ငါ ဗမာပါလို့ လာယူမယ်ဆိုရင် ရုံးဆင်းချိန်လာယူပါလို့။

၇:၃၀မှာသူလာယူပါတယ် ကျေးဇူးဆိုတဲ့စကားကို တဖွဖွရေရွတ်လို့ပေါ့။ ပြီးတော့ သူပြန်သွားပြီး ၃မိနစ်လောက်အကြာမှာ အဲဒီ SMS လေးကိုပို့လိုက်တာပါ။ တကယ်ဆိုမသိချင်ယောင်ဆောင်သွားလည်း ရပြီဖြစ်ပေမယ့် ပို့လိုက်တယ်ဆိုတော့။ ကျနော်ကလည်း take care လို့ပြန်ပို့လိုက်ပါတယ်။ အဲဒီတော့မှ သူက
Thanks. Yesterday I don’t sleep. So 2day early sleep ready GN လို့ပြန်ပို့လာပါတယ်။

မနေ့ကအိပ်လိုက်မိတဲ့ကျနော့အတွက် ကျျနော်ကိုယ်ကျနော််မကျေနပ်ဖြစ်သွားမိပါတယ် အခုညတော့ ကျနော်အိပ်သင့်လားမသင့်လားစဉ်းစားနေဆဲ…………

14 July 2008

နေမင်းနဲ့လွဲချော်ခြင်း


နိုးထတဲ့မနက်တိုင်းမှာ မင်းကထွက်မလာသေး
သုတ်သီးသုတ်ပြာ မနက်ခင်းတိုင်းမှာ
မင်းနဲ့ကိုဟာ ကျိန်စာမိနေတဲ့
ချစ်သူနှစ်ဦးလို

အားလုံးပြီးလို့
အိမ်ပြင်ထွက် ဖိနပ်ကြိုးချည်တော့
မင်းကလည်း မင်းရဲ့ဖိနပ်ကြိုး
ရောင်ခြည်တွေကို ဟိုတစ်ဖက်ဒီတစ်ဖက်
ချည်နေတုန်း

မင်းလည်းကန့်လာကာနောက်ကွယ်ကထွက်အလာ
ငါလည်း ဇာတ်ခုံတစ်ခုံနောက်ကို ခုန်အ၀င်ပေါ့
နွေးထွေးမှုမရှိတဲ့ အေးစက်တဲ့
ကြိုဆိုခြင်းပါ

မင်းရဲ့တနေ့တာ
တာဝန်တွေအပြီး
မင်းနှုတ်ဆက်ထွက်သွားပေမယ့်
မင်းကိုလက်ကလေးတောင်မပြနိုင်တဲ့
လူ…….

ဒီလူကိုမင်းမုန်းနိုင်ပါတယ်လေ…
ပိန်းပိတ်အောင်မှောင်စေပါလေ..

13 July 2008

Online မုန်းသူတစ်ယောက်အကြောင်း

ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါဗျာ ကျုပ်ကတောရွာကပါ။ လျှပ်စစ်မီးဆိုတာလည်း မရှိ ညမှောင်ရင် ဘက်ထီနဲ့ ဖွင့်ရတဲ့ ဖန်ချောင်းကိုပဲ အားကိုးပြီးနေရတာပါ။ ခုတစ်လောဗျာ ကမ္ဘာကြီးကို ရွာကြီးလုပ်ပြီး အဲဒီ online ဆိုတာကြီးက ကျုပ်ပတ်ဝန်းကျင်မှာ ကြားနေရတာကြာလှပါပကော။ အဲဒါကြီးကြောင့်ပေါ့ဗျာ…….

ကျုပ်တူတွေတူမတွေမယ် ရန်ကုန်ကနေမှ အမြင်တွေကျယ် ဟိုတစ်ဖက်ခြမ်းကို လှမ်းသွားကြတယ်ဆိုရင်ပဲ မကြာမတင်မှာ ကျုပ်လိုက်ရတော့မယ်ဆိုသိလိုက်ပါတယ်။ ထင်နေတဲ့အတိုင်း ကျုပ်အစ်ကိုကြီးကနေ ကျုပ်ကို လိုက်လာဖို့ခေါ်လို့လိုက်သွားမိပါတယ်။ ဟိုမှာလည်း ကျုပ်အသိတွေရောက်နေတာ များလှပေါ့။ ရွာမယ်ဆို သူတို့အမျိုးတွေက သူတို့အကြောင်း ကြွားချက်။ ကျုပ်လည်း အစ်ကိုကြီးခေါ်တယ်ဆို လိုက်သွားတာပေါ့ ဘယ်နေလိမ့်မလဲ။

အာဟိုရောက်တော့ဗျာ ကျုပ်တူတွေတူမတွေက အင်တာနက်ဆိုတာကြီး ကျုပ်ကို သင်ပေးကြသဗျ။ ကွန်ပြူတာဆိုတာကြီး စိတ်ဝင်စားစရာအကောင်းသား ကြိုက်တာ အကုန်လုပ်လို့ရဆိုပဲ။ တစ်ချို့နေရာတွေမှာ တော်တော်အသုံးဝင်တယ်တဲ့။ ဟုတ်မှာပဲဗျ သူက လေးထောင့်ကြီးဆိုလည်းဟုတ် ပြားပြားလေးဆိုလည်းဟုတ် ဟုတ်နေတာပဲ။ ခလုတ်တချက်နှိပ်လိုက်တာနဲ့ အသံတွေလည်းထွက်သဗျ။

ကျုပ်အိမ်မှာ ပျင်းနေမှာစိုးလို့ဆိုပြီး အင်တာနက်မှာ ဘာတွေကြည့်လို့ရတယ် ကအစ ကျုပ်တူတွေတူမတွေက သင်ကြသဗျ။ အင်တာနက်က တရားလည်းနာလို့ရသလို ရုပ်ရှင်လည်း ကြည့်လို့ရသဗျ စာအုပ်တွေလည်း အီးဘုတ်ဆိုလားဘာဆိုလား ဖတ်လို့ရသဗျ။ ကျုပ်တော့ အားမရပေါင်ဗျာ။ စာအုပ်ဆိုတာ လက်ကြားထဲညှပ်ဖတ်လိုက်ချင်တာပါပဲ။ တရားဆိုလည်း ဆရာတော်တွေရှေ့ လက်အုပ်လေးချီပြီး နေသားတကျလေးနာလိုက်ရမှဗျ။ ခုတော့ ကွန်ပြူတာကြီးထိုင်ရှိခိုးပြီး နာရမလိုဆိုတော့ ခိုးလို့ခုလုပဲ။

အဲသာနဲ့ ရွာတုန်းက ကျောင်းတက်ဖက် သာအေးကိုကျုပ်က သာအေးရာမင်းကွာ ငါ့ဆီလည်းလာပါအုန်းကွာ ငါ့တစ်ယောက်တည်းပျင်းသဟဆိုတော့ သာအေးက ဟေ့ကောင်ဒီမှာတစ်နေရာနဲ့တစ်နေရာမလာနိုင်ဘူးကွ မင်းငါနဲ့တွေ့ချင်သပ ဆို online ပေါ်လာခဲ့တဲ့….ကဲ။ နောက်တစ်ယောက် ရွာထိပ်က မဘုမသမီး မိအေးကို ဟဲ့ကောင်မလေး နင်အားရင်ဖုန်းလေးဘာလေးဆက်ဆိုတော့ ဦးရီးကလည်း ဖုန်းဆက်တာ ပိုက်ဆံကုန်သတဲ့။ သမီးကိုတွေ့ချင်ရင် Gtalk ဆိုလားဘာဆိုလား စကားပြောလို့ရသတဲ့လာခဲ့တဲ့။ ကဲကဲနင်တို့နေကြတော့ ငါ့သူငယ်ချင်းကြီး ကြွက်နီက အမေရိကားမှာဆိုတော့ သူ့ဆီဖုန်းဆက်တော့လည်း သူငယ်ချင်းတဲ့ vzoဆိုတာကို တက်လာခဲ့တဲ့။ အဲမှ ရုပ်ပါမြင်ရသတဲ့ ကဲဗျာ စဉ်းစားသာကြည့်ကြပေတော့။

ရုပ်ဝတ္ထုဆန်တယ်ပဲ ပြောပြော ကျုပ်တို့လိုတောသူတောင်သားက လူချင်းတွေ့လိုက်ရမှ အားရပါးရ ရှိသာရယ်။ တုံးဆိုတိုက် ကျားဆိုကိုက်မှကြိုက်တာရယ်။ ခုတော့ဗျာ online ဆိုတာကြီးရှိတာနဲ့ ကျုပ်မယ် သူငယ်ချင်း အသိမိတ်ဆွေက တကယ်မမြင်မကြားရတဲ့ အဲဒီဟာကြီးထဲမှာ ပြောဆိုဆက်ဆံနေရတာ စိတ်ကုန်ဖို့ကောင်းလိုက်တာ။ ကျုပ်တင်မကပဲ ရွာကလူတွေသွားပြောကြည့်ပါလား ကျုပ်နဲ့တစ်စိတ်ထဲတစ်ဝမ်းထဲနေမှာ။

ခုတော့ ကျုပ်ရွာသူရွာသားတွေလည်း အဆင့်မြင့်တာလား နိမ့်ကျသွားတာလား မသိ လူချင်းတောင်မတွေ့နိုင်ကြတော့ ဆက်သွယ်ရေးလွယ်ကူပါတဲ့ ဖုန်းဆက်ဖို့လည်း ခက်ခဲ။ ဘယ်လောက်တိုးတက်ခေတ်မီတယ်ပြောပြော ကျုပ်တို့ရွာလောက် ပျော်စရာမကောင်း။ အဲလိုပျော်စရာမကောင်းတာ အဲဒီ online ဆိုတာကြီးက ကျုပ်တို့ကြားမှာခံနေတာကြောင့်လို့ ကျုပ်တော့ထင်တာပဲ။ အဲဒီတော့ ကျုပ်သူ့ကို မမြင်ချင်မတွေ့ချင်လောက်အောင်ကိုမုန်းနေတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်မှာပါနော့ဗျာ…………………………………

12 July 2008

အနီရောင်ကျောက်ဆောင် သို့မဟုတ် ဆက်ရန်ရှိသည်…..




စာဖတ်ခြင်း အပြင် ကျနော့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကုန်ဆုံးစေသော ၀ါသနာတစ်ခုမှာ ရုပ်ရှင်ကြည့်ခြင်းပါ။ ဒီတစ်ပတ်တော့ ကျနော်ကြည့်ဖြစ်တဲ့ ရုပ်ရှင်လေးက အနီရောင်ကျောက်ဆောင်ပါတဲ့ ဒါရိုက်တာကလည်း ကျနော်ကြိုက်တဲ့ John Woo ပြီးတော့ ကျနော်တို့အေးရှား မှာ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၈၀ဆိုတော့ ဒီဇာတ်ကားက အတော်ကို ကြည့်သင့်တယ်လေ။ တကယ်တမ်းက ရုံမှာတင်သမျှကားတိုင်းကို ကြည့်ချင်နေမိတာကိုတော့ ဒီဆင်ခြေလေးနဲ့ ဖုံးဖိထားတာပါ။

ဇာတ်လမ်းစပြပြခြင်းတိတ်ဆိတ်ခြင်းနဲ့ နူးညံ့သိမ်မွေ့မှုကို ဖော်ပြထားပါတယ်။ မကြာပါဘူးရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘီလူးဝင်လာတယ်ဆိုရင်ပဲ သူနဲ့လိုက်ဖက်မယ့် နောက်ခံတီးလုံးတွေ သူ့ကိုလူတွေက သာမက ငှက်ကလေးကတောင် ကြောက်လန့်ရတယ်ဆိုတာ ဒါရိုက်တာက ပြထားပါတယ်။ ဘုရင်ကိုခြောက်လှန့်ခြင်းနဲ့ စစ်ကို စတင်ခိုင်းလိုက်တဲ့အထိ သူ့ရဲ့ ရဲတင်းမှု ပိုင်နိုင်မှုတွေက သိသာစေပါတယ်။

စစ်တစ်ခုဖြစ်လာတယ်ဆိုတိုင်း စစ်ပြေးဖြစ်ရတဲ့ ပြည်သူတွေက အတိဒုက္ခနဲ့ ရင်ဆိုင်ရစမြဲပေါ့။ ကျနော့အဖိုးအဖွားတွေရဲ့ စစ်ပြေးကာလတွေကို ပုံပြင်တွေလိုပဲ နားထောင်ခဲ့ရတာ ဆိုတော့ အဲလိုဒုက္ခဆိုတာ ကြောက်ဖို့ကောင်းတယ်လောက်သာ သိခဲ့ရပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ နိုင်ငံ့အရေးအခင်းကြတော့ တကယ်ကို ဖရိုဖရဲနိုင် ကြောက်မက်ဖွယ်နိုင်လှပါလားလို့သိလာရတယ်။ ဒါပေမယ့် ဒီကားထဲက အုပ်ချုပ်သူ လူပေ့ကတော့ မိမိရဲ့ရင်သွေးနဲ့ဇနီးမယားတွေ ရွာတစ်ရွာမှာ ပိတ်မိနေလို့လာပြောတဲ့ အချိန်မှာတောင် ကယ်ဆယ်ဖို့ ဂရုမစိုက်နိုင်အားပဲ ရှေ့မှာလဲကျနေတဲ့ စစ်ပြေးမိသားစုထဲက ကလေးလေးကို ပြေးပွေ့လိုက်တဲ့ သူ့ကို မလေးစားပဲမနေနိုင်အောင် ရိုက်ပြထားပါတယ်။ အပြင်မှာကော တကယ်ရှိနိုင်ပါ့မလားဟင်။ စစ်ပြေးတွေကို ကာကွယ်ဖို့ ကိုယ့်အသက်တွေကို စတေးပြီး ကာကွယ်တဲ့စစ်သားတွေကို ကြည့်ပြီး အကြိမ်ကြိမ် သက်ပြင်းချခဲ့ရပါတယ်။

ပြီးတော့ တရုတ်ကားတွေရဲ့ထုံးစံအတိုင်း Hero ဆိုတာတွေအများကြီးပေါ့။ လူအများကြီး ၀ိုင်းတိုက်ပင်မယ့် အဲဒီတစ်ယောက်ကို မနိုင်ဘူးဆိုတာမျိုး။ နောက်ထပ်ပေးတဲ့ အတွေးက စစ်ပွဲရဲ့ နည်းပရိယာယ် အတက်အကျ အနိုင်အရှုံးဆိုတာတွေကို အဆုံးအဖြတ်ပေးတတ်တဲ့ နောက်ကွယ်က ပညာရှိတွေရဲ့ အခန်းကလည်း မသေး။ ကျူးလျန်ဆိုတဲ့ ပညာရှိက တစ်ခြားနယ်မြေက ၀ူဆိုတဲ့ဘုရင်ငယ်ကို စစ်ကူတောင်းပူးပေါင်းဖို့အတွက် သွားတွေ့အရေးဆိုတဲ့ အခန်းက စိတ်လှုပ်ရှားမှုအပြည့်ပေးစွမ်းစေပါတယ်။ သူရဲ့ စကားပြောနိုင်နှင်းမှု နဲ့ တည်ငြိမ်စွာ ဆွဲဆောင်စေခဲ့ပါတယ်။ သူ့ရဲ့စကားတစ်ခွန်းမှားလိုက်တာနဲ့ သူဒီအခန်းထဲက ပြန်မထွက်နိုင်မှာ အသေအချာပါပဲ။ သူနောက်ဆုံးပြောလိုက်တဲ့စကားက အရှင်ရဲ့ဓား မသုံးတာကြာပြီတဲ့ ဒီပွဲဟာအကောင်းဆုံးသွေးပူလေ့ကျင့်ခန်းဆိုတာလေးပါ။


နောက်တယောက်ကတော့ ကျိုးယုဆိုတဲ့စစ်သူကြီး။ သူ့စစ်တပ်က ကျွဲခိုးသွားလို့လာတိုင်တဲ့ အခန်း သူသိတယ် ခိုးတဲ့လူဘယ်သူလဲဆိုတာ။ ရွံတွေခြေထောက်မှာပေနေတဲ့တရားခံတွေကို ပျောက်သွားအောင် သူလုပ်လိုက်တဲ့ အကွက်လေး သိပ်ကို လှတာပါပဲ။ သေမိန့်ပေးမယ့်အစား အခွင့်အရေးပေးပြီး ဘ၀ကို ပြင်ဆင်ခိုင်းလိုက်တာလေး။ ခေါင်းဆောင်ကောင်းဆိုတာ အဲလိုမျိုးပေါ့။

ကျိုးယုနဲ့ ကျူးလျန်တွေ့ဆုံတဲ့အခန်း ဒါလည်းစိတ်ဝင်စားစရာကောင်းတာပါပဲ။ စတွေ့တာက မြင်းကလေးမွေးပေးတဲ့အခန်းပေါ့။ မင်းကဒါလည်းသိတာပဲလားဆိုတော့ ပညာရှိရှိပီပီ နည်းနည်းပါးပါးပဲသိတာပါလို့ပြန်ပြောတဲ့ သူတို့နှစ်ယောက်ရဲ့ အခြေအတင်က မပျင်းစေရပါဘူး။ ပြီးတော့ဝူဘုရင်ကို ကူပြောပေးဖို့ပြောတဲ့ပုံစံ သူတို့နှစ်ယောက်က ဂီတနဲ့စကားပြောသွားကြတယ်။ ဒီလိုနှစ်ဦးသဘောတူညီမှုယူပြီး တဲ့နောက်ကျူးလျန်မှာ ခွန်အားအပြည့်နဲ့ပေါ့။

ဝူဘုရင်ကို ကျားတစ်ကောင်တောလိုက်စေခြင်းဖြင့် ရဲရင့်စေပြီး ကျူးနဲ့ကျိုးတို့ရဲ့ အကြံအစည်အထမြောက်အောင်မြင်စေခဲ့ပါတယ်။ လူပေ့ဆီကို ကျိုးယုတို့တစ်သိုက် လာတဲ့အချိန်မှာ လူပေ့က သူ့စစ်သားတွေစီးဖို့ မြက်တွေနဲ့ ဖိနပ်ထိုးနေခဲ့တာ သူ့စစ်သူကြီးတွေက သူတို့အရှင်က ဖိနပ်တွေထိုးပြီးသူတို့ အယောက်စီတိုင်းကို ကိုယ်တိုင်ပေးခဲ့တာဆိုပြီးဂုဏ်ယူဝင့်ကြွားစွာပြောတော့ အေးလေဒီလိုဘုရင်အောက်မှာ ဒီလိုသစ္စာရှိတဲ့လူတွေ ရှိတာဘာဆန်းလဲနော်။ ပြီးတော့စစ်သူကြီးတွေက ကလေးတွေကို စာသင်ပေးနေတဲ့အခန်းလေး။ ကလေးတစ်ယောက်ကထမေးတယ် သူတို့အခုတောင် ထမင်းနပ်မှန်အောင်မစားရသေးတာ စာသင်နေတာဘာလုပ်ဖို့လဲ ဆိုတဲ့မေးခွန်း ကျနော်တို့ရဲ့ မုန်းတိုင်းဒဏ်ခံကလေးငယ်တွေကော အဲလိုမေးခွန်းမျိုးမေးခဲ့ရင် ဘယ်လိုဖြေကြမှာလဲ ဆိုပြီးတွေးနေမိပါတယ်။

ထုံးစံအတိုင်း အဖွဲ့အစည်းနှစ်ခုပူးပေါင်းဖို့ဆိုတာ လွယ်လွယ်ကူကူမဟုတ်ခဲ့။ သူနဲ့ပူးပေါင်းခြင်းသည် သူ့လက်အောက်တွင်ခိုလှုံခြင်းမဟုတ်။ အဲဒီတော့သူတို့တွေ အငြင်းအခုံဖြစ်ကြရတာပေါ့။ ကျနော်တို့မှာရှိပြီးသားစကားပုံလိုပဲ ကျိုးယုက ဖိနပ်ထိုးနေတဲ့ မြက်ကလေးတွေကို ဥပမာပေးပြီး ပြေငြိမ်းစေခဲ့ပါတယ်။

ပြီးတော့စနစ်တကျ အကွက်ချတိုက်ခဲ့တဲ့ ပထမတိုက်ပွဲ။ စည်းလုံးခြင်းရဲ့အောင်ပွဲပေါ့။ ဒဏ်ရာရခဲ့တဲ့ ကျိုးယုကို ဆေးဆရာက ဆေးထည့်တော့ သူ့မိန်းမရဲ့လက်ကိုကိုင်ရင်း အံကြိတ်ခံလိုက်တာမြင်ရတော့ လူ့ဘ၀မှာ တွဲလက်တစ်ဖက်ရဲ့တန်ဖိုးဆိုတာကို မြင်လာရပါတယ်။ အောင်ပွဲခံတဲ့ပွဲမှာ ၀ူဘုရင်ငယ်က သူ့ရဲ့ညီမငယ်နဲ့ လူပေ့ကိုကမ်းလှမ်းရင်း ရွှေလမ်းဖောက်ဖို့ကြိုးစားခဲ့တယ်။ ညီမငယ်ရဲ့စကားကလည်း မှတ်သားစရာပါပဲ မိန်းမသားဆိုတာ အဲလိုမျိုး ကိုယ့်ဘ၀ကိုစတေးရမယ်တဲ့လား သူလည်းငှက်ငယ်လေးတွေလို လွတ်လွတ်လပ်လပ်နေချင်ပါတယ်တဲ့။သူ့မှာလည်း အစွမ်းအစရှိပါတယ်တဲ့။ ကျနော်တို့ရာဇ၀င်မှာလည်း အဲလိုမျိုးစတေးခံခဲ့ရတဲ့ မိန်းမသားတွေ အများကြီးရှိခဲ့ပါတယ်။

ဒါပေမယ့်ဗျာ ကြည့်လို့ကောင်းနေခါမှ ဆက်ရန်ဆိုတဲ့စာလေးပေါ်လာတော့ တော်တော်လေး စိတ်ညစ်သွားမိပါတယ်။ ကျနော်က အမြဲပဲသိချင်စိတ်ပြင်းပြနေကြ ဆိုတော့ တစ်ခါတည်းဇာတ်သိမ်းသွားဖို့ကိုပဲ ပိုလိုလားမိတယ်။ ဒုတိယပိုင်းကိုတော့ စိတ်မရှည်စွာပဲစောင့်နေရအုန်းမှာ ကဲ ကျောက်ဆောင်နီရေ လာပါတော့ကွာ မြန်မြန်………..

အင်္ဂလိပ်ကိုလည်းမကျွမ်းကျင် တရုတ်စာလည်းနားမလည်ဆိုတော့ ကိုယ်နားလည်သလို ခံစားရမိသလို ရေးလိုက်တာပါ အမှားအယွင်းအတိမ်းအစောင်းများရှိရင် ထုံးစံအတိုင်း မသိနားမလည်ရွာသားလေးဆိုပြီး…………

ကြော်ငြာလေးကြည့်ချင်ရင်တော့ http://www.youtube.com/watch?v=WDqamjm8lc4 ကို သွားပါဗျာ..

China Film Group/Avex Entertainment/Chengtian Entertainment/CMC Entertainment/Showbox/Lion Rock Prods.Cast: Tony Leung, Takeshi Kaneshiro, Hou Yong, Hu Jun, Zhang Fengyi, Chang Chen;
Director: John Woo;
Screenwriters: John Woo, Khan Chan, Kuo Cheng, Sheng Heyu;
Producer: Terence Chang, John Woo;
Executive producers: Han Sanping, Masato Matsuura, Wu Kebo, Ryuhei Chiba, Chin-wen Huang, Wootaek Kim, Jeongchun Ryu;
Directors of photography: Lu Yue, Zhang Li;
Production/costume designer: Tim Yip;
Music: Taro Iwashiro;
Editors: Angie Lam, Yang Hongyu, Robert A. Ferretti;
Action director: Corey Yuen;
Sales: Summit Entertainment, Mei Ah (Hong Kong).

ဒီတပတ်ရုံးပိတ်ရက်ပျော်ရွှင်စရာ









ကျနော်လည်း လေ့ကျင့်ထားမှဖြစ်မယ်ထင်တယ် အစ်ကိုကြီးတွေ စကျင့်ကြစို့လားဗျာ အစ်မကြီးတွေ မျက်စိမှိတ်ထားနော် ဒါ လျှို့ဝှက်ချက်....

10 July 2008

မဆုံးသေးတဲ့ လွမ်းတေးပုံပြင်

မမေ့ရက်လို့ယနေ့ထက်တိုင်ပါလေ……………………………………………………..............ကိုမောင်ရေ မိခိုင်လေလွမ်းလွန်းလို့ကြေကွဲရပေါင်းများလှပါပကော။ မယုံနိုင်လောက်တဲ့အပြောင်းအလဲ တွေမှာ ကိုမောင်ရဲ့ချစ်ခြင်းတွေပါလိမ့်မယ်လို့ တစ်ခါမှ မတွေးဘူးလို့ ရူးမတတ်ပါလေ ရူးမတတ်ပါ။

ကျမဆိုတဲ့ မိန်းမသားတစ်ယောက်ကို ဆယ့်တစ်ယောက်မြောက်အဖြစ်ကျမ အမေက မွေးဖွားခဲ့ပါတယ်။ ဆယ်ယောက်ပြီးမှ နောက်တစ်ယောက်ဖြစ်တဲ့အတွက် ကျမကို အိမ်က ပိုပိုလို့ပဲ ခေါ်ကြတယ်လေ။ ကျမရဲ့ထူးချွန်ခြင်းတွေကတော့ ဖြတ်ထိုးဥာဏ်ကောင်းခြင်း အားကစားဆို ဘတ်စ်ကတ်ဘော ဘော်လီဘော ကြက်တောင် စက်ဘီးပြိုင် အမြန်နင်း အနှေးနင်း အားလုံးကိုရစေရမယ်။ ဘောလုံးလား ကျမက မြို့နယ်လက်ရွေးစင်ပေါ့။

ကျမကိုးတန်းအောင်ပြီး ဆယ်တန်းအတက်မှာ ကိုမောင်တို့ တပ်က ကျမတို့မြို့ ကို အရွေ့ပေါ့။ တဘက်ကတပ်ဝန်းထဲကို ကျမတို့ကန်နေတဲ့ ဘောလုံးလေးအရောက် ထုံးစံအတိုင်း လက်ခေါက်မှုတ်ပြီး ဘောလုံးကိုလက်ညိုးထိုးပြ ကောက်ခိုင်းလိုက်တဲ့ ကျမကို သူတအံ့တသြော ကြည့်နေတယ်လေ ဘာထူးဆန်းလို့လဲနော်။ အဲဒီနေ့ကစလို့ အားကစားလုပ်လို့အမြဲနောက်ကျ အိမ်ပြန်တဲ့ စက်ဘီးမြန်မြန်စီးတတ်တဲ့ ကျမနောက်က အရိပ်ကလေး စရောက်လာတယ်ပဲ ဆိုပါတော့။ အရပ်က ပုံမှန်မြန်မာယောက်ျားလေးထက် နဲနဲပုပင်မယ့် အသားဖြူဖြူဆိုတော့ တမျိုးကြည့်လို့ကောင်းနေရော။ မွန်လေးဖြစ်နေတာကလည်း ကျမအတွက် သူစကားပြောတာလေးက နားထောင်ကောင်းနေပြန်ရော။ ကျမတို့ကွင်းထဲမှာကစားရင် သူ မပီကလာပီကလာဆိုတတ်တာက မောင့်ဘ၀ကို စက္ကူလှေကလေးလို ရှေ့တိုးနောက်ဆုတ်မင်းကပြုရက်နိုင်တယ်ဆိုတဲ့ သီချင်းလေးပေါ့။ သူမို့အဲဒီသီချင်းဆိုရင် ကျမမှာတော့ ဆက်ဆော့လို့မရအောင် ရပ်တန့်သွားမြဲ။ ဖမ်းစားနိုင်လိုက်တာနော်။ ကိုမောင်တစ်ယောက်အနားရောက်နေပင်မယ့် ယောက်ျားလေးအပေါင်းအသင်းများတဲ့ ကျမအတွက် အိမ်ကတခါမှ စိတ်မပူဘူးလေ။

ကိုမောင်တို့တပ်ပြောင်းရမယ်ဆိုတော့ ကျမဆယ်တန်းစာမေးပွဲဖြေဖို့သိပ်မလိုတော့။ ဘယ်လိုလုပ်မလဲ မချစ်ဖူးတဲ့အချစ်ရူးဆိုတော့။ ဘာလုပ်ခဲ့တယ်ထင်လဲဟင်။ အို ဆယ်ကျော်သက်တွေရဲ့ အချစ်စွန့်စားခန်းအိပ်မက်ကို ကျမမက်ပြစ်လိုက်တာပေါ့။ ကျမလေ ကိုမောင့်နောက်ကို ကောက်ကောက်ပါအောင်လိုက်ခဲ့မိတာပါ။ အိမ်ပေါ်က အဆင်းက ထုံးစံအတိုင်းလေချွန်ခြင်းက ကျမတို့ရဲ့ အချိန်းအချက် အမှတ်အသားပေါ့။

ကိုမောင်ရယ် လှိုက်ဖိုရင်ခုန်ခြင်းနဲ့ တစ်ကယ်ကို တစ်မျက်နှာတစ်ရွာထင်ပြီး လိုက်လာခဲ့တာပါ။ အိမ်မှာလည်း အခန့်သားထမင်းစားပွဲရှေ့ရောက်စားခဲ့တဲ့ ကျမ ထမင်းဟင်းမချက်တတ်တာ ဘာဆန်းလဲနော်။ ဒါပေမယ့် ကိုမောင်ရယ် ကိုမောင်က ကျမချက်တဲ့ဟင်းကို တမြတ်တနိုးလက်ဆုံစားချင်တယ်ဆိုတာ မသိလို့ပါလေ။ ငယ်ရွယ်သေးတဲ့ ကျမအတွက် အိမ်ထောင်တစ်ခုထိန်းသိမ်းဖို့ လင်သားကို ပြုစုစောင့်ရှောက်ဖို့ဆိုတာတွေကိုပါ မသိတတ်ခဲ့တာ အပြစ်တစ်ခုပါ ကိုမောင်ရယ်။

သားဦးလေးမွေးတော့ ပြောကြတယ် ကိုမောင်ရယ် သားဦး အင်္ဂါမမွေးရာတဲ့ ဟုတ်လားဟင် ကျမတို့အတွက်အဲဒီကျိန်စာဟာ တကယ်ပဲလားဟင်။ အဲဒီကျိန်စာကို ယူဆောင်လာတာ ကိုမောင်ကိုယ်တိုင်ပဲ မဟုတ်လားဟင်….။

ဒုတိယကလေးကိုယ်ဝန်ကြီးမှာကိုမောင် တို့ရှေ့တန်းထွက်ရတယ်နော်။ မီးတွင်းထဲမှာ ကိုမောင်ရှေ့တန်းမှာ ကျသွားပြီဆိုလို့ ဟောဒီက မိခိုင်လေ တကယ်ကို ရူးသွပ်သွားခဲ့ရတာတွေဟာ ကိုမောင့်ကိုချစ်လို့ဆိုတာ ကိုမောင်သိနိုင်ရဲ့သားနဲ့နော် ။ မိခိုင်ရဲ့မိဘတွေကို အကြောင်းကြားပြီး ပြန်ခေါ်ခိုင်းလိုက်တယ် ကိုမောင်ရက်စက်လိုက်တာနော်။ ကျမကိုထားရစ်ခဲ့တယ်။ နောက်ထပ်နောက်ထပ် အချစ်သစ်နဲ့တဲ့။ အို……ကျမကို ကျမကို ရူးမတတ်ချစ်ခဲ့ရတဲ့ ကျမကို သူမို့ထားရစ်ခဲ့တယ်။
ဟောဒီမြစ်ကမ်းဘေးမှာ ထိုင်ပြီး စီးဆင်းသွားတဲ့ မြစ်ပြင်ကြီးကို မှာလိုက်ရတာ အမော ကို့မောင်ကို ပြောပေးပါ မိခိုင်ကို မြန်မြန်လာခေါ်ပါလို့။ အခုကိုမောင်ဆိုနေကြ သီချင်းလေးကို မဆုံးတမ်းဆိုနေတယ်လေ………အလွမ်းတွေနေပေါ့………………

09 July 2008

ပြောင်းပြန်ဝတ်မိတဲ့ ဘ၀၀တ်စုံထဲက လူ

ဘယ်သူမဆို အ၀တ်အစားကို တစ်ကြိမ်တစ်ခါလောက်တော့ ပြောင်းပြန်ဝတ်မိမှာပါ။ တက်သုတ်ရိုက်ဝတ်လို့ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် အသေအချာမ၀တ်လို့ပဲဖြစ်ဖြစ် မ၀တ်တတ်လို့ပဲဖြစ်ဖြစ် ငယ်ငယ်တုန်းကပဲဖြစ်ဖြစ် စတဲ့ အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင် နဲ့လေ။ ဒါပေမယ့် အ၀တ်အစားပြောင်းပြန်ဝတ်မိတာက မသိမသာလေးပဲဖြစ်စေ လူမမြင်နိုင်တဲ့နေရာလေးမှာပဲဖြစ်စေ အတည့်ပြန်ဝတ်လိုက်လို့ ရပါသေးတယ်။ ဒါဆိုဘ၀၀တ်စုံပြောင်းပြန်ဝတ်မိရင်ကော……….

တကယ်ပါဗျာ ဖြစ်ချင်တာက တစ်ခြား ဖြစ်ဖြစ်လာတာက တစ်ခြားဖြစ်ဖြစ်နေတော့လေ။ ငယ်ငယ်ဆော့ကစားတုန်းကတော့ ဘာဖြစ်ချင်ခဲ့မှန်း သေချာမသိခဲ့။ အရွယ်ရောက်လာလို့ သိပြန်တော့လည်း ဖြစ်ချင်တဲ့ အိပ်မက်တွေက အကောင်အထည်မပေါ်။ အဲဒီတော့ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး ဖြစ်ချင်တိုင်းအဖြစ်ခံလိုက်တယ်ဗျာ။ ပေတေတေနေ လုပ်သင့်မယ်ထင်တာတွေလုပ်ပြီး ရောက်လာမယ့် မနက်ဖြန်တိုင်းကို ပြုံးပြုံးကြီးထိုင်ကြည့်မိနေတတ်တယ်။

ကံကောင်းမယ်ဆိုတဲ့ တစ်နေ့ကလည်းဝေးကွာလိုက်တာဗျာ။ မိုင်တိုင်ရဲ့ အောက်ခြေမှာ ညွှန်းကိန်းက မပါဆိုတော့ သွားရမယ့်ခရီးတာရှည်ကို ဘယ်လိုခန့်မှန်းမလဲဗျာ။ လမ်းကြုံလိုက်ဖို့ မပြောနဲ့ နေ့နေ့ညည အနားမှာ လှမ်းဆွဲလိုက်လို့ ပါလာမှာ ဖုန်မှုန့်တွေကလွဲပြီး ဘာမှမရှိ။ တကယ်တော့ ခရီးဆုံးရောက်ရင်တောင် ပန်းတိုင်ရောက်မှန်းမသိတာနဲ့ ကျော်သွားဖြစ်မယ်ထင်တယ်။ အဲလောက်ထိ။

ကျော်ဖြတ်ရမယ်ဆိုတဲ့ တောင်အမြင့်တွေကလည်းများလွန်းလို့ တောင်မှန်းမသိ ကုန်းတက်လေးမှန်းကိုမသိနိုင်တော့။ တစ်စတစ်စနဲ့ ကျော်ခဲ့တဲ့ တောင်တွေကို သူတို့ကိုယ်တိုင်ပိတ်နေလို့ပြန်လှည့်ကြည့်ဖို့ကလည်း မဖြစ်နိုင်ပြန်။ ရှေ့ကို ကြည့်ပြန်တော့လည်း ကွယ်လို့။ တယ်ခက်ပါလား ဟူး…..

ကောင်းကင်ကိုကြည့်ပြီး ခရီးသွားရမယ်ဆိုရင်တော့ ဒီခရီးကို မစ,ခဲ့တာကောင်းမှာ။ မည်းမှောင်နေတဲ့ ကိုယ့်ရဲ့ကောင်းကင်မှာ အလင်းရောင်ဆိုတာမှုန်ပြပြရယ်ပါ။ ကြယ်တွေကိုမြင်ရစတမ်းဆိုရင် ကိုယ်ဟာလမ်းဖြောင့်ဖြောင့်သွားတတ်ခဲ့မှာပေါ့။ ခုတော့ အလင်းနှစ်တွေပဲကိုယ်နဲ့မတိုက်ဆိုင်လို့လား မသိ ကြယ်တွေကလည်း ပျောက်ဆုံးနေဆဲ။

ဆိုတော့ ဘ၀ဆိုတဲ့ဝတ်စုံကို အမှုမဲ့အမှတ်မဲ့ ပြောင်းပြန်မှန်းမသိ အတည့်မှန်းမသိ ၀တ်လိုက်မိတာပါ။ ပြောင်းပြန်ဖြစ်နေတယ်ဆိုရင်တော့………………

08 July 2008

ဗမာပြည်သည်တို့ပြည် ဗမာစာသည်တို့စာ……အမျိုးပျောက်မှာစိုးကြောက်ပါသည်


ဒီစာလေးကိုရေးချင်တာကြာလှပါပြီ။ ဒါပေမယ့် အကြောင်းပဲမတိုက်ဆိုင်တာလား မသိလိုက်မသိဖာသာပဲနေမိတာလားမသိ ရေးဖို့ စိတ်ကမပါ။ အခုတော့ နေ့လည်က မကေသွယ့်ဘလော့က စာကြွေးတွေ တဖြည်းဖြည်းဖတ်ရင်း အဲဒီခေါင်းစဉ်လေးနဲ့ ဖတ်ရတော့မှ ကျနော် ရေးသင့်ပါလားလို့ ခံစားလာရတယ်။ ရေးမှဖြစ်မယ်လို့လည်း စိတ်ကစေ့ဆော်နေပြန်တော့………

လွန်ခဲ့တဲ့ တစ်လလောက်ကပါ မိတ်ဆွေတစ်ယောက်ရဲ့အိမ်တက်အလှူ ကိုသွားရတယ်။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ဆုံဖြစ်ကြတယ်။ တစ်ချို့က ကျနော်အလုပ်မှာဆုံလိုက်ရတယ်။ တစ်ချို့ကတော့ အဲဒီနေ့ကမှတွေ့ဖူးတာပါ။ အဲဒီထဲမှာ မိသားစုတစ်စုပါတယ် ကလေးလေးနှစ်ယောက်နဲ့ပါ။ တစ်ယောက်က ၈နှစ်လောက်ရှိပြီထင်ပါတယ်။ နောက်တစ်ယောက်က ၆နှစ်လောက်ဖြစ်မယ်။ နှစ်ယောက်လုံးက ယောက်ျားလေးတွေ။ အကြီးလေးက ဖြူဖြူချောချောလေး။ အငယ်ကညိုစိမ့်စိမ့်နဲ့ ပီဘိ ကလေးအရွယ်။ ထုံးစံအတိုင်းကလေးချစ်တတ်တဲ့လူဆိုတော့ အနားသွားပြီး သားသားနာမည်ဘယ်လိုခေါ်လဲ အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ ကလေးနှစ်ယောက်လုံးက တုပ်တုပ်မလှုပ် အင်းမလုပ်အဲမလုပ်ဆိုတော့ မေးတဲ့ကိုယ်ကိုတိုင်ကြောင်သွားတယ်။ အဲဒီတော့မှ သူ့တို့လေးတွေအမေက အားနာလို့ထင်ပါရဲ့ ကျနော့ကိုလာပြောတယ် သူတို့ကမြန်မာလိုသိပ်မပြောချင်ကြဘူးတဲ့ လေ။ အဲဒါနဲ့သူတို့တွေက ဒီမှာမွေးတာလားဆိုတော့ ဟုတ်ဘူးတဲ့ အကြီးကောင်လေး ၄နှစ် အငယ်လေး ၂ နှစ်သားကပြောင်းလာတာတဲ့။ သူတို့ကျောင်းမှာက မြန်မာလို မသင်တော့ မြန်မာစကားမပြောချင်ကြဘူးတဲ့ဗျာ။ အစ်မကမြန်မာလိုပြောစေချင်တယ်တဲ့ ဆုံးမရလွယ်အောင်လို့တဲ့။ သူတို့က အိမ်မှာ မြန်မာလိုပြောရင်မသိချင်ယောင်ဆောင်နေကြတာတဲ့။ဒါနဲ့သူတို့တွေ ဘုရားကော ရှိခိုးတတ်လားဆိုတော့။ ပို့တယ်လေ ဗုဒ္ဓ ဘာသာသင်တန်းပို့တယ်တဲ့ နွေကျောင်းပိတ်ရက်ဆိုရင်တဲ့။ ကျနော်ဝမ်းသာလို့မှမဆုံးသေး ဒါပေမယ့် ကျောင်းကလည်း အင်္ဂလိပ်လိုပဲ သင်တော့ ဘုရားရှိခိုးတာလဲ အင်္ဂလိပ်လိုပဲရွတ်တယ်တဲ့။ အမ်မလေး ကျနော်လည်း အင်္ဂလိပ် ဗားရှင်း ကျက်ထားအုံးမှ မတော် မရွတ်တတ်တာနဲ့ ဘာသာရေးက ဒီထက်ဝေးရရင်ခက်ရချည်ရဲ့။ အဲဒါနဲ့ ကလေးနှစ်ယောက်လုံးကို အင်္ဂလိပ်လိုမေးတော့မှ ရှောရှောရှူရှူ ဖြေကြတယ်ဗျာ။ ကျနော်နဲ့ တူတူနေတဲ့ အိမ်က အစ်ကိုကြီးတစ်ယောက်ရဲ့ကလေးလေးကို သူအဖိုးအဖွားတွေက ဗမာစာမေ့မှာစိုးလို့ ပြန်လွှတ်ဖို့ပြောတော့ ကျနော့စိတ်ထဲမှာ တော်တော်ပိုပါလားထင်နေမိတာ အခုမှ တကယ်ပါလားလို့ ဖြစ်ရတယ်။

ဒါပဲလားဆိုတော့ ဟိုတစ်လောက အသိတစ်ယောက်ရဲ့ ကလေးအလည်လာပါတယ်။ သူအဖေက ပူဆာလွန်းလို့ဆော့လွန်းလို့ဆိုပြီး ငါရိုက်လိုက်ရလို့ပဲ ပြောရသေးတယ် ကလေးက အမေရဲခေါ်ပေးသားကို ရိုက်တော့မယ်ဆိုလို့ သူ့သားကို မြန်မာပြည်အမြန်ပြန်ပို့လိုက်ရတယ်တဲ့လေ။ တကယ့်ငိုအားထက်ရယ်အားသန်အဖြစ်။

ကလေးတွေပဲလားဆိုတော့ ကျနော်တို့သူငယ်ချင်းတစ်ယောက်လည်း ရှိသေးတယ်။ လူများတဲ့အရပ် လူထူ ဧရိယာဆိုရင် ဗမာလိုမပြောတော့ဘူး။ ဗမာလို့သိမှာစိုးလို့တဲ့လေ။ ကျနော်တို့တော့အရွဲ့တိုက်ပြီး သူ့နဲ့သွားတိုင်း လူများရင် ဗမာလိုအကျယ်ကြီးပြောဖြစ်ကြသေးတယ်။ ထိုင်းကိုသွားတုန်းက အဖြစ်အပျက်လေးကို သတိရမိပါသေးတယ်။ ကျနော်တို့ဘန်ကောက်မြို့ကြီးမှာ ဈေးလျှောက်ဝယ်တုန်းပေါ့ ခရီးဆောင်အိတ်ဝယ်မယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ဟိုမေးဒီမေးနဲ့ ပြောဖြစ်ကြတုန်း ရောင်းတဲ့ကောင်မလေးက အစ်ကိုတို့ဗမာတွေလားတဲ့။ ကျနော်တို့ စကားပြောတဲ့အသံထွက်က အများနဲ့မတူ တမူကွဲထွက်နေလို့တဲ့လေ။ ဒါပေမယ့် အစ်ကိုတို့ပြောရင် အင်္ဂလိပ်လိုပဲပြောပေးပါတဲ့ ဆိုင်ရှင်က ဗမာလိုပြောရင်မကြိုက်လို့တဲ့။ ကျနော်တို့တွေ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ကြပါတယ်။ သူခမျာ ကိုယ့်လူမျိုးလာလို့စကားအားရပါးရပြောချင်ပေမယ့် အခွင့်မသာရှာဘူးလေ။

ဘာသာစကားတင်ပဲလားဆိုတော့ ဟိုတစ်လောက ရုံးက အစ်မကြီးက ပြောလာတယ်။ အစ်မကြီးက မန္တလေးသူဆိုတော့ ရောက်ခါစကလဲဖြစ်ပြန် မိတ်ကပ်ဆိုတာမလိမ်းဘဲ မြန်မာအမျိုးသမီးပီပီ သနပ်ခါးလေးနဲ့ ရုံးနေ့စဉ်တက်တယ်လေ။ ကားပေါ်မှာ တစ်ခြားမြန်မာတွေနဲ့တွေ့ တော့ မြန်မာမလေးတစ်ယောက်က သနပ်ခါးလိမ်းထားမှတော့ မြန်မာမှန်းသိမှာပေါ့တဲ့ သူတို့အချင်းချင်း အစ်မကို တွေ့တော့ ပြောကြတာတဲ့လေ။ အဲဒီစကားကြားတော့ ကျနော့မှာ ဒေါသထွက်လိုက်တာ အစ်မရာ တစ်ခါတည်းမေးလိုက်ရောပေါ့ မြန်မာမှန်းသိတော့ ဘာဖြစ်လဲ ဒါဟာရှက်စရာမှ မဟုတ်တာလို့ပြောလိုက်ရောပေါ့ လို့။

ကဲဗျာ ကျနော်တို့ ပြည်ကြီးက ဘယ်လောက်ပဲ မတိုးတက်ပါစေ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဘယ်လောက်ပဲ ဆင်းရဲပါစေ ဒီပြည်သူပြည်သားဖြစ်ရတာ ဂုဏ်ငယ်တာနဲ့ ပဲ အရိုးကို အရွက်ဖုံးကြရင်ဖြင့် တကယ် အမျိုးပျောက်မှာ စိုးကြောက် လှပါသည်………


07 July 2008

ပင်လယ်


နင်ဟာပင်လယ်နဲ့တူတယ်
တကယ်
လှိုင်းပုတ်သလိုဆော့ကစားတတ်တယ်
လှိုင်းသံ တဝေါဝေါနဲ့ ဒေါသကြီးတတ်ပြန်ရော
အပြောကျယ်သလို
အပြောင်းအလဲမြန်တတ်တဲ့နင်ဟာ
မုန်တိုင်းတွေကိုလည်းဖန်တီးတတ်တယ်
ဝမ်းစာရှာနေတဲ့ တံငါသည်တွေလည်း
နင်မသနား
ခရီးသွားဆိုပြီးလည်းမစာနာ
နင့်ရဲ့ လှိုင်းတချက်အပုတ်မှာ
အားလုံးရဲ့အသက်ပေါင်းများစွာ
သောင်ပြင်မှာ
ငါနင်းခဲ့ တဲ့ ခပ်ဖွဖွခြေရာ
နင်လှိုင်းတချက်အရွေ့မှာ
ဖျက်ပစ်ခဲ့တာ
ငါ့အသည်းကနာ
တကယ်တမ်းတော့
နင်ဟာမာယာများတဲ့
တကယ့်ပင်လယ်............

06 July 2008

အချစ်ဆိုတာ....

အချစ်ဆိုတာ
နှုတ်ဖျားကဖွင့်ဟမှလား ကောင်မလေးရေ
ငါ့ရင်တွင်းက ချစ်ခြင်းတွေမင်း မသိနိုင်ဘူးပေါ့လေ

အချစ်ဆိုတာ
ရေးပြရမှာလား ကောင်မလေးရေ
ငါရေးထားတဲ့ အကြမ်းစာရွက်တွေ မင်းမှမမြင်နိုင်ဘဲလေ

အချစ်ဆိုတာ
ထိတွေ့ရမှာလားကောင်မလေးရေ
ငါအိပ်မက်ထဲမှာ နမ်းခဲ့လို့ အရာထင်ခဲ့တဲ့ ပါးပြင်လေး မင်းမှနိုးခဲ့ဘဲလေ

အချစ်ဆို
အကောင်အထည်မှမဟုတ်တာ ကောင်မလေးရာ
မင်းမြင်အောင် ရင်ခွဲပြတောင်
မင်းမသိချင်ယောင်နေအုံးမှာပါ......

လွမ်းရက်တွေအကြောင်း

ကိုအဲလက်စ်ရဲ့ သီချင်းခေါင်းစဉ်လေးပါ။ လွမ်းစရာတွေက အများသား။ တစ်နေ့တစ်နေ့ ထိုင်လွမ်းနေရတာပါပဲ။ အလွမ်းသမားလို့ပြောရင်လည်း ပြောတော့ လွမ်းနေဆဲ လွမ်းနေအုန်းမှာ…………..

မနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကို အကြောင်းပြုပြီး ကျနော်တို့ သူငယ်ချင်းတွေ ဆုံဖြစ်ကြတယ်။ ဒီနေရာကို ကျနော်ရောက်ပြီး ဒုတိယ အကြိမ်မြောက် ပြန်လည်ဆုံတွေ့ကြခြင်း။ ပထမတစ်ခေါက်နဲ့ မကွာတာက ပထမတစ်ခေါက်ကလို နှစ်ယောက်မပါဝင်ခဲ့ခြင်းပါ။ လပေါင်းများစွာ မဆုံခဲ့လေသမျှ ဝုန်းဒိုင်းကို ကြဲနေကြတာပေါ့။ ဆာလှပြီမြန်မြန်လုပ်ပါ ဟင်းခါးဟင်ခါး ဒီနေ့စားမှာနော်တို့ ငါကသိပ်စိတ်ကြီးတာ အစာမစားရရင်ခေါင်းမူးရောတို့ နံနံပင်ပေးပါ ငါ့ကျတော့ ဘဲဥမပါဘူးတို့ နည်းနည်းလေးပဲထည့်ပေးတာ မမျှတဘူးတို့ လိုက်ပွဲမြန်မြန်တို့ အဖြူစားမယ် အဝါစားမယ်တို့ သူပုန်ဝင်တဲ့အတိုင်း ပွက်ပွက်ညံအောင် သူထက်ငါဦးအောင် ပြောကြတာပါပဲ။ စားလို့လည်းပြီးသွားရော ဟယ်ကြည့်စမ်း နင်ဝလာလိုက်တာ ဒီလောက်စားတော့ ဒီလောက်ဝလာမှပေါ့တို့ ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်မှပေါ့တို့ ဟိုနှစ်ယောက်က ဘာလို့မလာတာလဲတို့ ဟိုလူက ဘာဖြစ်သွားပြီတို့ သူတို့တွေတော့ ယူသွားကြပြီတို့စုံစီနဖာ ဆွေးနွေးခန်းဖွင့်ကြတာပေါ့။ ပြောမဆုံးပေါင်တောသုံးတောင် မမောမပန်း အအေးဗူးကိုင်ပြီးပြောကြတာပေါ့။

မွေးနေ့ ကိတ်ကြီးထုတ်ပြီး ဖယောင်းတိုင်စိုက်ရင်းငြင်းခုန်ကြပြန်ရော အကြီးသုံးတိုင်ထွန်းမယ်တို့ ဆယ်တိုင်ပဲထွန်းထားလို့ဘယ်ဖြစ်မလဲတို့ အို ရှုပ်ယှက်ခပ်အောင်ကို ပြောကြပြန်ရော။ ဓာတ်ပုံဆရာမြန်မြန်ရိုက် တံခါးပိတ်ပါဗျို့ ဖယောင်းတိုင်တွေ ငြိမ်းကုန်ပြီတို့ ဟာတံခါးပိတ်တော့ အိုက်လာပြီ အဲယားကွန်းဖွင့်ပါဗျို့ နဲ့ ကွန်ပလိန့်ပေါင်းမျိုးစုံတက်ကြပြန်ရော။

အားလုံးလည်းပြီးရော ကွန်ပြူတာကိုရှေ့ချပြီး နင့် Friendster ထဲက Private photo ကြည့်ချင်တယ် ပြရမယ်ဖြစ်ကြပြန်ရော။ မဟုတ်ဘူး ငါကဘာရယ်မဟုတ်ဘူး ဓာတ်ပုံ တင်ရင်းကနေ မှားနှိပ်ပြီး private photo ဖြစ်သွားတာ ဟီးဟီးနဲ့ ပြောသူကပြော။ အကောင်းဆုံဓာတ်ပုံတွေ တင်ထားတဲ့သူတွေကတော့ သူ့အကောင့်ကလုံးဝမထွက်တော့။ မရှိသေးတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း နင်လုပ်မှဖြစ်မယ်တို့ မလုပ်ရင်ခေတ်နောက်ကျတော့မယ့်အတိုင်း လိုက်ပြောလိုပြော။

ပြီးတော့ ပြောယုံနဲ့အားမရသေး ဝိတ်ချိန်တဲ့စက်ကလေးထုတ်လာပြီး တက်တက်နဲ့ အတင်းတွန်းဘယ်သူ အဝဆုံးလဲ ရီကြမောကြ ပြောင်ကြလှောင်ကြ။ ပိန်တဲ့လူတွေကတော့ ဝမ်းသာအားရ တက်သွားကြပြီး အောင်မြင်တဲ့မျက်နှာနဲ့ ပြန်ဆင်းလာကြပြီး မတက်ဘူးဆိုပြီးခြေကန်အော်တဲ့လူကို စက်ပေါ်မတက်တက်အောင်ပြော ရှုံ့မဲ့ပြီးဆင်းလာတော့ အော်ရယ်ကြနဲ့ လွန်ခဲ့လေသော ကျောင်းကာလတွေဆီကို ပြန်ရောက်နေသလိုလို။

နောက်ထပ်မရပ်သေးဘဲ အရှေ့ဘက်ကမ်းခြေဆီကို ခြေဦးလှည့်ကြပြန်ရော။ emotion ဓာတ်ပုံတွေရိုက်ကြမယ်ဆိုပြီး ခုန်လိုက်ကြတာ ကလေးတွေလို ပြန်ဖြစ်နေရော။ လုပ်ငန်းခွင်တင်းကြပ်မှုတွေကို မေ့ထားပြီး လွတ်လပ်စွာ ကမ်းခြေက သဲနုနု ကို ခြေဗလာနဲ့နင်းလျှောက်ကြပြန်ရော။ လှိုင်းတွေအလာ ရေစို မယ်မှန်းသိရက်နဲ့ ရေစပ်ကိုဆင်း အော်ပြီးပြန်ပြေးလာနဲ့ အဲဒီလွမ်းရက်တွေက တစ်နှစ်မှတစ်ခါပေ့ါ…………..

ချိန်ခွင်လျှာ ဘယ်ဘက်ယိမ်းရပါ့


အလုပ်မှာတွေ့ကြုံရတာလေးတစ်ခုပါ။ တစ်ခါတစ်လေ အလုပ်ခွင်ဆိုတာ တရားခွင်လည်းဖြစ်သွားတတ်သလို ကိုယ်ကိုတိုင်လည်း တရားသူကြီးဖြစ်သွားတတ်တာမျိုးလေ။ ကျနော့ အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တာမို့ ယနေ့ အထိ မှန်လားမှားလား မကွဲပြားနိုင်။ အများအတွက်ချမှတ်တဲ့ စည်းကမ်းဆိုတာ တသတ်မှတ်တည်းပဲ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ယနေ့အထိ အမှတ်ရနေတဲ့ အဖြစ်ရယ်လေ…….

ကျနော့စက်ရုံက ဘီယာစက်ရုံတစ်ခုပါ။ ထုတ်လုပ်မှုက ရှေ့ဆုံးကပေါ့။ နေ့နေ့ညည ထုတ်လုပ်နေတဲ့ ဒီစက်ရုံမှာ ထုတ်လုပ်ရေးဌာန မှာ ဝန်ထမ်းပေါင်းများစွာနဲ့။ နေ့စား လခစားပေါင်းများစွာနဲ့ ပါ။ ဘီယာစက်ရုံမှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းယောကျ်ားလေးတွေအတွက် မြင်သာမြင်ရ မကြင်ရ။ သူတို့လည်း လောကီလူသားမို့ ဘာခံနိုင်မှာလည်း လွယ်ရင် သူကြွယ်တောင်လက်မနှေးဘူးဆိုတာ လည်းရှိတာကိုး။ အဲဒီတော့ အခွင့်အရေးရသလို တစ်ယောက်တစ်လက်ဆွဲလိုက်ကြတာပေါ့။ အခွင့်မသာလို့မိသွားခဲ့ရင်ကော..

တစ်နေ့တစ်နေ့ အထဲမှာတင်မက အပြင်ကိုသယ်ထုတ်ဖို့ကြိုးစားကြတော့ ဒီအတိုင်းလွတ်ထားလို့မဖြစ်ချေဘူးပေါ့။ စည်းကမ်းတွေတသီကြီးရေး ကြော်ငြာသင်ပုန်းမှာလည်း ကပ်လို့။ တစ်ညသား ကျနော် ညဆင်းကျတဲ့ ည အဲဒီညက ပုံမှန်အတိုင်း။ ဒါပေမယ့် ၁၂နာရီကျော်လောက်မှာတော့ လှုပ်လှုပ်နဲ့ နေ့စားကောင်လေးတစ်ယောက်ကို ကျနော့ ဝန်ထမ်းတွေခေါ်လာကြတယ်။ အစ်ကိုတဲ့ သူဘီယာခိုးထားတယ်တဲ့ လက်ထဲမှာလည်းပုလင်းနဲ့ ငြင်းစရာကိုမရှိ။ ထုံးစံအတိုင်း ရုံးက ခုံရုံးဖွင့်ရတာပေါ့။ကျနော့ အကျင့်အတိုင်းဘာလို့ လုပ်ရတာလဲလို့မေးကြည့်မိတယ်။ သူကိုကြည့်တော့ ၁၈ကျော်ကာစ ငယ်ရွယ်သေးတဲ့အရွယ်။သန့်သန့်ပြန့်ပြန့်။ သူ့အဖေက စက်ရုံရှေ့ ရဲစခန်းကရဲ။ ဆယ်တန်းဖြေပြီး ကျောင်းမတက်ခင် အလုပ်ဝင်လာတာတဲ့။ ငယ်ရွယ်သေးတော့ ဘီယာဆိုတာဘာလည်းစမ်းသပ်ချင်မှာပါ။ လောကကြီးကို စူးစမ်းချင်တဲ့ အရွယ်မဟုတ်လား။ သူရိုးသားစွာ ဝန်ခံတယ်ဗျ။ အစ်ကိုကျွန်တော် သောက်ကြည့်ချင်လို့တဲ့ အပြင်မှာဝယ်မသောက်နိုင်လို့တဲ့။ ကျနော့ကို အလုပ်မထုတ်ပါနဲ့ အစ်ကိုတဲ့။ ကျနော်တို့ရဲ့ စည်းကမ်းက သူ့ကို အလုပ်ထုတ်ရမှာပါ။ အပြစ်ဆိုတာသိသိကြီးနဲ့ ကျုးလွန်တဲ့လူတွေကို အများရှေ့မှာ စံပြအဖြစ်အရေးယူမှသာ နောက်ထပ်ကျုးလွန်မှုဆိုတာ နည်းပါးလိမ့်မယ်ထင်ပါတယ်။ အဲဒီတော့ ကျနော်ဘာဆုံးဖြတ်ရမလဲ။ ချို့တဲ့လူငယ်တစ်ယောက်ရဲ့ စူးစမ်းချင်စိတ်ရယ် စည်းကမ်းချိုးဖောက်မှုရယ်။ တကြိမ်တခါဆိုပြီးခွင့်လွှတ်လို့ရပေမယ့် တကြိမ်တခါကနေ ကြိမ်ဖန်များစွာအထိ ကျူးလွန်တတ်သွားမှာကိုလည်း မဖြစ်စေချင်။ ဆုံးဖြတ်ရခက်ခက်။ ဒါပေမယ့် ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်ရမှာဆိုတော့ စိတ်ကိုဒုံးဒုံးချ အဲဒီကလေးကို ခေါ် ရှေ့မှာ ထိုင်ခိုင်းပြီး အသေအချာရှင်းပြရတယ်။ ဒီနေ့အဖြစ်အပျက်ကို မင်းဘဝအတွက်တခုလုံးစာ သယ်ဆောင်မသွားစေချင်ဘူး ဒီလိုမျိုးထပ်မံမလုပ်စေချင်ဘူးပေါ့။ မတတ်တတတ် ဆုံးမစကားတွေပြောခဲ့တာပေ့ါ။ သူ့စိတ်မှာအနာတရမဖြစ်သွားစေချင်ဘူး လူငယ်ဘဝကို အစွန်းအထင်းကင်းစွာ ကျော်ဖြတ်စေချင်တယ်လေ။

နောက်တလလောက်ကြာတော့ ကျနောသူ့ ကို အပြင်မှာတွေ့ပါတယ်။ သူကျနော့ကို လာမနှုတ်ဆက်ပင်မယ့် ကွက်ကြည့်ကွက်ကြည့်လုပ်နေတာတွေ့ပါတယ်။ သေချာတယ်သူကျနော့ကို မှတ်မိပါတယ်။ ကျနော်ကတော့ ကျနော့ ဆုံးဖြတ်ချက်မှန်မယ်လို့ ဒီနေ့အထိတော့ ထင်မှတ်နေတုန်းပါ…………………

04 July 2008

နွေနေအောက်တွင် ပူသော်လည်း…… မိုး သည်းသည်းတွင်အေးသော်လည်း…… ဆောင်း နှင်းကျ၍ ချမ်းသော်လည်း…..

အစ်ကို… အစ်ကိုက အခု နိုင်ငံရဲ့အပြင်ဘက်မှာ စီးပွားရှာနေခဲ့ပြီနော်။ အစ်ကိုကျနော့ကိုမှတ်မိပါ့မလား။ ကျနော့နာမည် ဝေဖြိုးလေ။

အစ်ကို့ ဘ၀ကကြမ်းတမ်းတယ်တဲ့လား အစ်ကို။ G.T.I နဲ့ပဲ ကျောင်းပြီးခဲ့ရတယ်လား။ အစ်ကိုသိပါတယ်ဗျာ ကျနော့ အဖေက ကျနော် ၈တန်းအတက်မှာ ဆုံးခဲ့တယ်။ ကျနော့ အမေက မလုပ်တတ်မကိုင်တတ်။ ကျနော့အောက်မှာ ၅တန်းကတစ်ယောက်။ ၃တန်းကတစ်ယောက်။ အမွှာနှစ်ကောင်က နောက်နှစ် ကျောင်းတက်ဖို့။ စိတ်ညစ်သွားလားအစ်ကို အမေ့မှာ ရင်ခွင်ပိုက်တစ်ယောက်လည်း ကျန်နေခဲ့သေးတယ်။ ဘယ်လိုရပ်တည်ခဲ့လဲ ဟုတ်လားအစ်ကို…လောကအလယ်မှာ တစ်ယောက်တည်းရပ်တည်ဖို့ မဖြစ်နိုင်လောက်တဲ့ ကျနော့အမေက အရပ်က နားချတာရော သူကိုယ်တိုင်လိုလားတာရော အဖေ့ရဲ့ ညီကို ယူခဲ့ပါတယ်။ ကျနော်တို့ဘ၀တွေပြည့်စုံပြီထင်လားအစ်ကို ကျနော့ဦးလေး အမေ့နောက်ယောက်ျားက ရင်ကြပ်ရောဂါနဲ့ပါ။ ရောဂါပျောက်အောင်လား သူကပဲသောက်တတ်တာလား ညနေတိုင်းသူသောက်ပါတယ်။ သူရှာတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မိသားစု ဘယ်လောက်ပါ့မလဲ။ သားအကြီး အဖအရာဆိုတော့ ကျနော့တာဝန်ပေါ့။ ကျနော်ရပ်လိုက်ရတဲ့ ပညာရေးတစ်ပိုင်းတစ်စ ၈တန်းဆိုတာ အစ်ကို့ G.T.I နဲ့ ယှဉ်ရင်အကွာကြီးပါ။

ကျနော်ဘာတွေလုပ်ခဲ့ရလဲ။ အစ်ကို ပညာမပြည့်စုံတဲ့ ကျနော့အတွက် အလုပ်ကြမ်းကလွဲရင် ဘာရှိအုံးမှာလဲဗျာ။ ကျနော်အားမငယ်ပါဘူး။ ကျနော့အတွက် အမေနဲ့ ညီတွေညီအစ်မတွေဟာ ခွန်အားပါ။ ကျနော်လေ ကျနော်တို့ ရွာနားက နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုမှာ နေ့စားလုပ်ပါတယ်။ အလုပ်က အဆိုင်းနဲ့ ဆင်းရတာပါ။ စားသောက်ကုန်ဆိုတော့ ၂၄ နာရီ မရပ်မနားထုတ်တာပေါ့။ မနက်နဲ့ နေ့လည်ဆိုင်းတွေက ၇၅၀ လောက်ရပါတယ်။ ညဆိုင်းဆိုရင်တော့ ၉၅၀ လောက်ရတာပေါ့်။ ကျနော်လေ ညဆိုင်းကို မဆင်းတတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ညဆိုင်းဆင်းရင် ခေါင်းဆောင်က ၂ ဆိုင်းဆင်းလို့မရဘူးလို.ပြောထားလို့ပါ။ ၂ဆိုင်းဆင်းမှ ၁၀၀၀ကျော်ရမှာလေ။ ၁၀၀၀ကျော်ရမှ ကျနော့ ညီလေးတွေ ကျောင်းထားလို့ရမှာ။ ဆင်းချင်တိုင်းဆင်းလို့ရမယ်တော့ ဘယ်ဟုတ်မလဲ အစ်ကိုရာ နောက်အဆင်းမှာ ခွင့်ယူမယ့်လူရှိလား မဆင်းချင်တဲ့ လူရှိလား လုပ်စရာအပိုရှိလား ရှာရတာပေါ့ဗျာ။ မဟုတ်ရင်တော့ ပြန်ပေါ့။ သန့်ရှင်းရေးကစလို့ ပေါ့။ ကျနော်လေ အခိုင်းခံချင်လွန်းလို့ပါဗျာ။ ဒါမှအိမ်စရိတ်ကာ မိမယ်မဟုတ်လား။ နွေဆိုအလုပ်က မနားရဘူးလေ။ နွေကျ စက်ရုံကပိုရောင်းရတာကိုးဗျ။ မဆင်းချင်မှအဆုံး အမုန်းဆင်းရတာ။ သင်္ကြန်တွင်းက ပိုရောင်းရသဗျ။ အပိုကြေးရလို့ သင်္ကြန်ဆိုတာ စက်ရုံက အကြိုလုပ်တဲ့ သင်္ကြန်တစ်ရက်လောက်ပါပဲ။ ဒါတောင်ကျနော်တို့က နေ့စားဆိုတော့ ကိုယ်ပျော်ချင်သလောက်ပျော်ခွင့်မရှိဘူးပေါ့ဗျာ။ ထားပါတော့ဗျာ အပျော်အပါးဆိုတာ ကျနော်လိုလူမှာ ဘယ်ရှိနိုင်ပါ့မလဲ။ အခွင့်လေးရတာကို ကျေနပ်သင့်တာပါ။

မိုးတွင်း ကျအလုပ်က ပိုဖြစ်တယ်ဗျ။ မိုးတွင်းမှာ စက်ရုံနောက်က မြက်ကွင်းပြင်ကြီးက ကျနော့ အဓိက စီးပွားရေးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ စက်ရုံက လူကြီးတွေကမြက်တွေကို မမြင်ချင်ဘူးလေ။ ဒါပေမယ့်ဘယ်သူကမှ မရိတ်ချင်ဘူး။ ဘာလို့လည်းဆိုတော့ မြွေပေါသမှ သိပ်ပေါ။ ကျနော်ကတော့ ပေးထားတဲ့ လည်ရှည်ဖိနပ်လေးအားကိုးပြီး ဘုရားသခင်ကလည်းကျနော့ကို ပစ်မထားလောက်ပါဘူးလို့ ယုံကြည်ချက်နဲ့ပါ။ မေ့လို့အစ်ကို ကျနော်က ခရစ်ယာန်ပါ။ ဒါပေမယ့် တနင်္ဂနွေနေ့ အလုပ်ရှိရင်လည်း ဘုရားကျောင်းမတက်ပဲ အလုပ်လုပ်တဲ့ ခရစ်ယာန်ပါ။ ဘုရားသခင်က နားလည်မှုနဲ့ ကျနော့လုပ်ရပ်ကို ကောင်းချီးပေးမှာပါနော် အစ်ကို။

ဆောင်းတွင်း အေးမြတဲ့ ဆောင်းမနက်ခင်းတိုင်း ကျနော်လည်းအများလိုပဲအိပ်ချင်တာပေါ့။ ဒါပေမယ့် မနက်အလုပ်ဝင်ရမှာ ၆နာရီလေ။ ၅နာရီလောက်အရောက်သွားမှ မဟုတ်ရင်အလုပ်သမားခေါင်းဆောင် က စောစော ရောက်တဲ့ လူတွေပဲဝင်ဆိုရင် သေပြီဆရာပဲ။ မနက်မ၀င်ရရင်နေ့ခင်းလည်းမ၀င်ရဘူးလေ။ အလုပ်မ၀င်ရရင်ဘာနဲ့သွားစားမလဲ။ အဲဒီတော့ ထရတာပေါ့ဗျာ။ ၂ ဆိုင်းပဲလားဆိုတော့ မဟုတ်သေးဘူးဗျ တခါတလေ လစ်ရင် ညဆိုင်းလေးလည်းဆင်းလိုက်တာပါပဲ။

အ၀တ်အစား သူများပေးတဲ့ အကျတွေဝတ်ရတာပေါ့ဗျာ။ လူပျိုလေးဆိုတော့ ၀တ်ချင်စားချင်စိတ်တော့ရှိပါရဲ့ ဒါပေမယ့် ကျနော်လှပဖို့ ကျနော့ ညီတွေညီမတွေ ဗိုက်ဟောင်းလောင်းဖြစ်ရမယ်တော့ မဖြစ်စေရပါဘူး။ မတော်တဲ့ အ၀တ်တွေကို အချိုးကျကျ ၀တ်မနေအားပါဘူး။ လုံခြုံရင်ပြီးရောပေါ့ အစ်ကိုရာနော်။

အဲဒီလောက်လုပ်တော့ ပိုက်ဆံတွေအများကြီးရမှာပေါ့နော် ဟုတ်လားအစ်ကို။ သုံးသောင်းခွဲ လေးသောင်းလောက်တော့ ရပါတယ်။ အစ်ကို့ ၀င်ငွေနဲ့တော့ မယှဉ်နဲ့လေ။ ကျနော်ရတာ အစ်ကို့ တစ်နာရီစာလောက်နေမှာပါ။ လခ ထုတ်ပြီးတာနဲ့ ချေးငှားထားတာလေး ပြန်ဖဲ့ဆပ် စားထားတဲ့ အကြွေးတွေ ဆိုင်မှာရှင်း ဘာကျန်မှာလဲဗျာ။ ထုံးစံအတိုင်း မရှိဆင်းရဲသားတွေကို နှိပ်စက်နေကြ ငွေတိုးဆိုတာကလည်းရှိသေး။ လူမွေးလူတောင်ပြောင်ဖို့မပြောနဲ့ ခေါင်းထောင်ဖို့ဆိုတာ အနိုင်နိုင်။ နောက်ထပ်ငွေချေးဖို့ ခေါင်းကို အောက်ချ ပြီး ပြောရအုံးမှာလေ။

စကားကောင်းနေလိုက်တာ အစ်ကိုရာ ကျနော် ဒီနေ့ ဒီတစ်ကွက်မြန်မြန်ရိတ်ရအုံးမှာ။ ဆက်ရိတ်လိုက်အုံးမယ်ဗျာ……….



ဒီကောင်လေးက ကျနော့လက်အောက်မှာ ၂ နှစ်လောက်လုပ်ခဲ့တာပါ။ အခုလည်း သူဆက်လုပ်နေအုံးမှာပါ။ သူ့ဘ၀လေးကို သူကျေနပ်ပြီး နေထိုင်နေတာ ကျနော်ဆိုရင် ကိုယ့်ဘ၀ ကို ဘယ်တော့မှမကျေနပ်နိုင်၊ မရောင့်ရဲနိုင်ဆိုတော့ တကယ်ကို အားကျစရာပါဗျာ။
ဟိုတစ်နေ့က ညီလေးတစ်ယောက်နဲ. စကားပြောဖြစ်ပါတယ်။ သူရောက်နေတဲ့ နေရာလေးကို သူ မကျေနပ်ပဲ စိတ်ဓာတ်ကျ အားငယ်နေဟန်တူပါရဲ့။ ညီလေးရေ ဘ၀ဆိုတာ အမျိုးမျိုးပါ မင်းဘ၀မှကြမ်းတာမဟုတ်ဘူးလို့ ခံယူထားစေချင်ပါတယ်…..






03 July 2008

လောင်စာဆီဈေးများတက်ခဲ့ရင်

ထုံးစံအတိုင်း forward email ကနေရတာပါ မူရင်းက ဒီခေါင်းစဉ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ် ဒါပေမယ့် forward လုပ်တဲ့လူရဲ့ စိတ်ကူးနဲ့ ဒီ video clip ကလေးကို ကြည့်ရင်ပြုံးမိမှာ အမှန်ပါပဲ......


တိတ်ဆိတ်ည
တိုးတိတ်ည
အမှောင်ထုကြီးစိုးလို့
ကိုယ့်ရင်မှာ ကိုးသည်
ကြင်သူလပ်တဲ့
ဟိုတစ်ဖက်ခြမ်းဆီ
ဘယ်ညာလူးရင်း
ကိုယ်စမ်းကြည့်သည်
အေးစက်မှုနဲ့
ကိုယ့်အတွေးမပီ
ကြင်သူရှိခဲ့ မရှိခဲ့.....................

02 July 2008

အမေ့ဆီသို့

ငါ့သား
အားမလျော့နဲ့
ကိုယ့်ထက်နိမ့်ကျတာကိုပဲ ကြည့်
ကိုယ့်ထက်မြင့်တာတွေကို မကြည့်နဲ့တဲ့
အမေပြောနေကြစကား
သားနားထဲမှာကြားနေတယ် အမေ...

အခုသူများအိမ်တွေ
အပြိုင်အရိုင်းနဲ့
ထင်တိုင်းကြဲနေကြပြီ အမေ
လေယာဉ်ခရီးဆိုလည်းဟုတ်
စက်မှုဆိုလည်းထိပ်
ယုတ်စွအဆုံး
ထိုင်စရာခုံတောင်
ရိုက်စရာသစ်မရှိတဲ့
ဘေးအိမ်ကျဉ်းကျဉ်းလေးတောင်
ရောင်းဝယ်ဖောက်ကား
စည်ပင်ဖွံ့ဖြိုးလို့
အမေ့သားငယ် သမီးငယ်တွေ
သားရေတမြားမြားနဲ့
သွားချင်နေကြတယ်အမေ.....

အမေ့ရင်စုန်ကန်လို့
ဟိုတစ်ဖက်ခြမ်းလှမ်းခဲ့တဲ့
သားသမီးတွေ
အမေ့ကိုမေ့မရပါဘူးအမေ
အခွင့်သာရင်အမေ့ရင်ခွင်
ပြန်လာချင်ပါသတဲ့ အမေ...

နွေးထွေးတဲ့အရိပ်
အေးမြတဲ့ အရိပ်ဆိုတာ
သိပေမယ့်
ဘ၀တိုးတက်ရေး
စီးပွားရေး
အရေးပေါင်းထောင်သောင်းနဲ့
အမေ့သားသမီးတွေ
အမေနဲ့ဝေးရာမှာနေရပါတယ်

အမေ့ထမင်း
အမေ့ဟင်းနဲ့
အမေ့လက်ရာ
ငပိထောင်းတို့
စားဖို့
သားတို့တစ်နေ့
မရောက်ရောက်အောင်
ပြန်လာမယ်
အမေ.................

အသည်းလှူမည်

ရှိနေရင်ခံစားရမည်
ခံစားစေချင်သူတွေရှိမည်
ခံစားစေခဲ့သူတွေရှိမည်
ခံစားဖို့တွန်းပို့သူတွေရှိမည်
တနုန်.နုန်.နဲ့ ခံစားရသည်
ကာလကြာသည်လည်းရှိသည်
ကာလတို သည်လည်းရှိသည်
မည်သို.ဆိုစေ ကာယကံရှင်အတွက်မကောင်း
မထောင်းတာလှ.....

မရှိရင်
လွတ်လပ်မည်
မည်သည့် ဖမ်းစားမှုတွင်မှ
မငြိတွယ်နိုင်
အာရုံမှာ မတည်တံ့နိုင်
ခံစားမှုများမှ လွတ်မြောက်နိုင်ရာ

ဆရာမ ၀င်းဝင်းလတ်မှ
အူအတက်ဟူသည်
ယောက်ျားနဲ့တူသည်
အချိန်မရွေး ဒုက္ခပေးနိုင်သည်
စောစောထုတ်ထားတာကောင်းသည်တဲ့

ဆရာမကျနော်လည်း
အသည်းဟူသည်
ကျနော်တို့အတွက်
သတ်ကွင်း
အချိန်မရွေး သေမိန့်ပေးနိုင်သည်
စောစော လှူတော့မည်........

ကိုငြိမ်းဇေဦး အစ်ကို ကျနော်လှူလိုက်ပြီဗျာ.......

01 July 2008

ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်ဆီသို.

ဒီစာကိုရေးဖို.ကတိပေးထားတာ ကြာပါပြီ။ ၈လလောက်တော့ ပျော့ပျော့ရှိရော့မယ်။ အကြွေးတင်နေတာကြာပါပကောလား။ နှစ်ကူးရုံးလေးရက်ပိတ်တုန်းကလည်း စနေပြီလားလို.မေးတော့ ဟဲဟဲ မုဒ်မရသေးဘူးလို.ပဲပြန်လိုက်ရတယ်။ ဒီနေ.တော့ စပယ်ရှယ်နေ.အဖြစ် ဒီစာကိုရေးလိုက်ပါတယ်။ သူငယ်ချင်းရေ အကြွေးမကျန်တော့ဘူးနော်ကွာ…..

ကျနော်မှတ်မိပါသေးသည်။ ကျောင်းစဖွင့်တဲ့ဆောင်းတွင်းတစ်ခု ရဲ့ ရက်ကြွင်းများအတွင်းမှာပေါ့။ အဲဒီနေ.က chemical lab ၀င်ရတဲ့နေ. Chemical lab ကကျောင်းအုပ်ကြီး ရုံခန်းအောက်ထပ်မှာ။ ကျနော်နဲ. ကွန်ပြူတာသင်တန်းက သူငယ်ချင်းနှစ်ယောက် ကျောင်းဆောင်တွေ အကူးလမ်းကနေဖြတ်လျှောက်လာပြီးပြန်အလာ။ ဒီကျောင်းပြီးရင် ကျနော်တို.နှစ်ယောက်လုံး နောက်သင်တန်းကိုတက်ရမှာမို. နှစ်ယောက်လုံးမှာ ဖတ်စာအုပ်တွေ မှတ်စုစာအုပ်မျိုးစုံ အပြင် Drawing အချိန်ပါတာမို. T တွေရော Drawing လိပ်တွေရော ရှုပ်ယှက်ခတ်နေခဲ့တာပါ။ အဲဒီနေ.က ကျနော်လွယ်တဲ့ ကျောပိုးအိတ်လေးက အညိုရောင်ဖျော့ဖျော့လေးမှာ အတွင်းကရှုံ့ ကြိုး အပေါ်က သားရေဖုံးလေး။ ဆိုလိုတာကရှုံ့ကြိုးနဲ့မို့ ပုံတွေမကျိုးတန်ကောင်းဘူး ဆိုပြီးအကျထည့်ထားတာ။ လမ်းလည်းရောက်ရော နောက်မှာ အသေအချာပိုးထားတဲ့ Drawingလိပ်က မရှိတော့ဘူးလေ။ လမ်းကိုနောက်ပြန်လျှောက်ပြီး ပြန်လာတော့ လမ်းမှာ မချောနှစ်ယောက်ဗျာ တစ်ယောက်လက်ထဲမှာ ကျနော့ Drawingလိပ်လေးနဲ.။ မချိုမချဉ်မျက်နှာပေးနဲ့ အဲဒီကစလို. ကျနော့ သူငယ်ချင်းမတစ်ယောက်ဖြစ်လာခဲ့တာ ဒီနေ.အထိ။

ဆံပင်တိုတို၊ အသားဖြူဖြူ ထက်ထက်မြက်မြက် သွက်သွက်လက်လက် အားလုံးက သတ်မှတ်ကြတဲ့ ယောက်ျားလေးဆန်ပါလေသော ကျနော့သူငယ်ချင်း။ သူရဲ့ထူးခြားချက် စကားတော်တော်ပြောနိုင်တာပါပဲ။ နင် ကျပမ်းပြိုင်ပွဲ ပြိုင်ရင်နိုင်မှာ သူငယ်ချင်း။ ကျောင်းတက်ခဲ့တဲ့ နှစ်ဦးကာလများမှာ ကျောင်းပြေးကြသည်။ ကမ်းကုန်အောင်ဆော့ကြသည်။ ပြိုင်ဆိုင်ကြသည်။ ရန်ဖြစ်ကြသည်။ မြန်မာစာ စကားပြေတစ်ပုဒ်ကို ကလေးတွေလို အပြိုင်အဆိုင်အော်ကျက်ခဲ့ဘူးသည့် ညနေတစ်ခုကို အမှတ်ရမြဲ။ ကျောင်းရဲ့ ရှပ်အဖြူ ပင်နီဝတ်ပြီး သပိတ်မှောက်ကြသည့်ပွဲတွင်လည်း ရဲရဲတောက်သည့် သူငယ်ချင်းမက ရှေ့ဆုံးက။
မနက်မနက် လိုင်းကားပေါ်မှာ သူငယ်ချင်းတွေအတွက် နေရာဦးတော့လည်း သွက်လက်တဲ့ သူငယ်ချင်းက ဘယ်နှေးလိမ့် မလဲ။ မှတ်မိနေသေးသည့် နောက်တချက်က တစ်ရက် ကားပေါ်မှာ လူကြီးတစ်ဦးနေရာလုနေတော့ သူငယ်ချင်းမကို ဒီတစ်ပတ်ပြတဲ့ ရုပ်ရှင်ဆိုတော့ ချက်ချင်း ရှင်းပြစရာမလိုပဲ နားလည်သဘောပေါက် ခဲ့တယ်လေ။ ရုပ်ရှင်နာမည်က “ အားနွဲ့သူပါရှင်” တဲ့။ အဲလိုမျိုး…


အမြဲတမ်းဆိုးသွမ်းနေကြ ကျနော် နဲ့ သူငယ်ချင်းတို့ စစိတ်ဆိုးကြတဲ့ နေ.။ သူလိုက်တောင်းပန်တဲ့ နေရာက ၄၈ ကားလေး နောက်ဖျားမှာ ထိုင်နေတဲ့ ကျနော့ကို လှည်းတန်း မီးပွိုင့် ကားအရပ်မှာ ဆင်းလာဖို. အခေါ်။ ထုံးစံအတိုင်း စိတ်ဆိုးရင်ချက်ချင်းမပြေတတ်တဲ့ ကျနော်က မဆင်းခဲ့။ နောက်မှစဉ်းစားမိတာက ကားပေါ်မှာလူတွေ အများကြီးနဲ. ကျနော်လိုက်သွားသင့်တာပါ။ အဲလောက်ကိုဆိုးတာ။ နောက်တော့ ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုတော့ ရန်ဖြစ်တဲ့အရေအတွက်က မရေမတွက်နိုင်အောင်ပါပဲ။ ကျောင်းက ပြန်ချိန်အမြဲစောပေမယ့် ကျနော်တို့ သူငယ်ချင်းတွေက အိမ်ပြန်နောက်ကျမြဲ လှည်းတန်း က ရှောက်သီးသုပ်၊ ဆကာကြီးမုန့်ဟင်းခါး ကို ပဲသွေးနဲ့ ဘဲဥ၊ ကြက်တောင်ပံကင်နဲ့ ကြံရည်၊လှည်းကလေးနဲ.ဒိန်ချဉ်သည်ဆိုတာ တစ်ရက်မှမထပ်စေရဘူး။ အင်းလျားဆိုလည်း မရောက်မရှိစေရ။ မအောင်မြင်ခဲ့ပါသော ချောင်းသာ ခရီးစဉ် အိပ်မက်ကိုလည်းတူတူ မက်ခဲ့ကြဘူးသည်။ သိမ်ငယ်ကြောက်ရွံ့မှု အပြည့်နဲ. ထိုင်ခဲ့ရသော ဧည့်ခန်းကိုလည်းမမေ့နိုင်ခဲ့ပြန်။

နောက်နှစ်များမှာတော့ ခရီးတွေထွက် အပြတ်အသတ်ကိုကဲခဲ့ကြတာပေါ့။ ပုဂံဆိုလည်းပါ ငပလီဆိုလည်းလိုက်နဲ. ကျောင်းမှာ အပျော်အပါးဆို မမေးနဲ. အမှတ်စဉ် ၁ နဲ. ၂ မှာနာမည်ကောက်သာရေးလိုက်စိတ်ချ မပျက်ကွက်စေရ။ စာမေးပွဲချိန် မမေးနဲ. ပုဇွန်ကော်ပြန်. သီးစုံ ကော်ပြန့် ငှက်ပျောကော်ပြန့် မချက်ဘူးတဲ့ ဟင်းမျိုးစုံ ကုန်အောင်မီးဖိုထဲမှာ ချက်ကြမယ်။ စာကြည့်စားပွဲဆိုတာ တီဗီက လာတဲ့ ကိုရီးယားရေသန့်ကားလောက် စိတ်ဝင်စားစရာမကောင်းခဲ့။ ထွက်လာတဲ့အောင်စာရင်းမှာ ဘယ်တုန်းကမှ ကျနော်တို့ ထိပ်ဆုံးကမပါခဲ့။ ဒီနှစ်သင်ခန်းစာယူ ပြီး နောက်နှစ်ကြိုးစားမယ်ထင်သလား သူငယ်ချင်းရယ်င့ါကို စိတ်ချမ်းသာအောင်ထားပါ ဆိုပြီး မတွက်ပဲထားခဲ့တဲ့ စာတွေက အများကြီး။ မှတ်မိသေးလား device စာအုပ်ကို မဖတ်ချင်ပါဆိုပြီး ဂျစ်ကျတဲ့ သူငယ်ချင်းရယ်ပါ။ အိမ်အလုပ်ကူမလုပ်လို. ငြိုငြင်တဲ့ နင့်အမေမသိအောင် ကျနော် စာအုပ်ဝယ်ဖတ်တိုင်း ခိုးငှားခဲ့ရတာတွေကလည်းအမှတ်တရ။ စာအုပ်ကို ငှားရင်ကျနော့စာအုပ်တွေ ခေါက်မှာစိုးလို့ ပြောပြန်တော့ တသက်တာမှတ်စရာ အဖြစ်ပြောမဆုံးပေါင်တောသုံးတောင်လုပ်ခဲ့တဲ့ သူငယ်ချင်းပါ။


ကျောင်းပြီးမှသွားဖြစ်ခဲ့တဲ့ခရီးက ကျိုက်ထီးရိုးဘုရားခရီးပေါ့။ အလုပ်တွေကိုယ်စီဝင် ဆက်သွယ်ကြတိုင်ပင်ကြမြဲ လုပ်ငန်းခွင်အခက်အခဲတွေကို ဆွေးနွေးကြမြဲ။ လုပ်ငန်းခွင်က လွှတ်တဲ့ ပြည်ပခရီးစဉ်မှာ လဲ တရုတ်တန်းက အိမ်မပြန်တတ်သော၊ လှည်းတန်းကနေ ဆူးလေကို ၄၅ ကားစီးတာ စွန်.စားခန်းကြီးလိုဖြစ်နေခဲ့သော၊ ၂၀၄ကားပေါ်မှာ ကားကြပ်တယ်ဆိုပြီးငိုခဲ့ဖူးသော သူငယ်ချင်းတစ်ယောက် ဘယ်လောက်အားငယ်မယ်ဆိုတာ ငါနားလည်ပါတယ်။


နောက်တော့လည်း စွန့်စားခန်းခရီးရှည်ကြီးတစ်ခုကို နင်စလုပ်ခဲ့တယ်။ သွားပါလို. တိုက်တွန်းမိခဲ့တယ် ထင်ပါတယ်။ ပုံစံအမျိုးမျိုးသောလူတွေကြားထဲမှာ မိဘအိမ်လိုမျိုး အခန်.သင့် ခြင်ထောင်ထောင်ပေးမယ့်လူမရှိ၊ အ၀တ်လျှော်ပေးမယ့်လူမရှိဘူးလေနော်။ နင်ကြုံခဲ့ရတာတွေ ကြုံတွေ.နေရတာတွေ က နင့်ကိုပိုရင့်ကျက်စေခဲ့မှာပါ။


အခုတော့ ဘ၀အတွက်လက်တွဲဖော်ကိုပါ ရယူပိုင်နိုင်သွားပြီဆိုတော့

သူငယ်ချင်းရေ ၀ိုင်တစ်ခွက်နင်မတိုက်ပင်မယ့်

Cheers!!!!!!!!

တိမ်တောက်ချိန်ရောက်မှ ဓာတ်ပုံရိုက်ရင် လှမယ့် နင့်ရဲ့ဆိုးဖော်ပေဖော်တေဖော် သူငယ်ချင်းတစ်ယောက်မှ နင့်ရဲ့ ပြီးပြည့်စုံတော့မယ့် ဘ၀ပန်းချီကားတစ်ချပ်အတွက် အမှတ်တရ……..

စာကြွင်း။ ဒီစာကိုရေးပေးတာ ကျေးဇူးတင်တယ်ဆိုရင် အစ်မလှလှလေး ငါ့ကိုပေးလေဟာ။ ဒါပေမယ့် အိပ်ပုတ်တော့ ကြီးတယ်နော်။ ထားပါလေ ငါပဲအနစ်နာခံလိုက်ပါမယ်။ ပေးနော်........