09 July 2008

ပြောင်းပြန်ဝတ်မိတဲ့ ဘ၀၀တ်စုံထဲက လူ

ဘယ်သူမဆို အ၀တ်အစားကို တစ်ကြိမ်တစ်ခါလောက်တော့ ပြောင်းပြန်ဝတ်မိမှာပါ။ တက်သုတ်ရိုက်ဝတ်လို့ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် အသေအချာမ၀တ်လို့ပဲဖြစ်ဖြစ် မ၀တ်တတ်လို့ပဲဖြစ်ဖြစ် ငယ်ငယ်တုန်းကပဲဖြစ်ဖြစ် စတဲ့ အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင် နဲ့လေ။ ဒါပေမယ့် အ၀တ်အစားပြောင်းပြန်ဝတ်မိတာက မသိမသာလေးပဲဖြစ်စေ လူမမြင်နိုင်တဲ့နေရာလေးမှာပဲဖြစ်စေ အတည့်ပြန်ဝတ်လိုက်လို့ ရပါသေးတယ်။ ဒါဆိုဘ၀၀တ်စုံပြောင်းပြန်ဝတ်မိရင်ကော……….

တကယ်ပါဗျာ ဖြစ်ချင်တာက တစ်ခြား ဖြစ်ဖြစ်လာတာက တစ်ခြားဖြစ်ဖြစ်နေတော့လေ။ ငယ်ငယ်ဆော့ကစားတုန်းကတော့ ဘာဖြစ်ချင်ခဲ့မှန်း သေချာမသိခဲ့။ အရွယ်ရောက်လာလို့ သိပြန်တော့လည်း ဖြစ်ချင်တဲ့ အိပ်မက်တွေက အကောင်အထည်မပေါ်။ အဲဒီတော့ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး ဖြစ်ချင်တိုင်းအဖြစ်ခံလိုက်တယ်ဗျာ။ ပေတေတေနေ လုပ်သင့်မယ်ထင်တာတွေလုပ်ပြီး ရောက်လာမယ့် မနက်ဖြန်တိုင်းကို ပြုံးပြုံးကြီးထိုင်ကြည့်မိနေတတ်တယ်။

ကံကောင်းမယ်ဆိုတဲ့ တစ်နေ့ကလည်းဝေးကွာလိုက်တာဗျာ။ မိုင်တိုင်ရဲ့ အောက်ခြေမှာ ညွှန်းကိန်းက မပါဆိုတော့ သွားရမယ့်ခရီးတာရှည်ကို ဘယ်လိုခန့်မှန်းမလဲဗျာ။ လမ်းကြုံလိုက်ဖို့ မပြောနဲ့ နေ့နေ့ညည အနားမှာ လှမ်းဆွဲလိုက်လို့ ပါလာမှာ ဖုန်မှုန့်တွေကလွဲပြီး ဘာမှမရှိ။ တကယ်တော့ ခရီးဆုံးရောက်ရင်တောင် ပန်းတိုင်ရောက်မှန်းမသိတာနဲ့ ကျော်သွားဖြစ်မယ်ထင်တယ်။ အဲလောက်ထိ။

ကျော်ဖြတ်ရမယ်ဆိုတဲ့ တောင်အမြင့်တွေကလည်းများလွန်းလို့ တောင်မှန်းမသိ ကုန်းတက်လေးမှန်းကိုမသိနိုင်တော့။ တစ်စတစ်စနဲ့ ကျော်ခဲ့တဲ့ တောင်တွေကို သူတို့ကိုယ်တိုင်ပိတ်နေလို့ပြန်လှည့်ကြည့်ဖို့ကလည်း မဖြစ်နိုင်ပြန်။ ရှေ့ကို ကြည့်ပြန်တော့လည်း ကွယ်လို့။ တယ်ခက်ပါလား ဟူး…..

ကောင်းကင်ကိုကြည့်ပြီး ခရီးသွားရမယ်ဆိုရင်တော့ ဒီခရီးကို မစ,ခဲ့တာကောင်းမှာ။ မည်းမှောင်နေတဲ့ ကိုယ့်ရဲ့ကောင်းကင်မှာ အလင်းရောင်ဆိုတာမှုန်ပြပြရယ်ပါ။ ကြယ်တွေကိုမြင်ရစတမ်းဆိုရင် ကိုယ်ဟာလမ်းဖြောင့်ဖြောင့်သွားတတ်ခဲ့မှာပေါ့။ ခုတော့ အလင်းနှစ်တွေပဲကိုယ်နဲ့မတိုက်ဆိုင်လို့လား မသိ ကြယ်တွေကလည်း ပျောက်ဆုံးနေဆဲ။

ဆိုတော့ ဘ၀ဆိုတဲ့ဝတ်စုံကို အမှုမဲ့အမှတ်မဲ့ ပြောင်းပြန်မှန်းမသိ အတည့်မှန်းမသိ ၀တ်လိုက်မိတာပါ။ ပြောင်းပြန်ဖြစ်နေတယ်ဆိုရင်တော့………………

6 comments:

Anonymous said...

ဘဝဆိုတာကြီးကိုပြောင်းပြန်ဝတ်မိရင်တော့မလွယ်
ဘူးနော်။ဒါပေမယ့်အတည့်ပြန်လုပ်လို့မရဘူးဆို
တာတော့မဖြစ်နိုင်ပါဘူး။လူဆိုတာမလုပ်နိုင်ဘူး
ဆိုတာမရှိဘူးလေ....မဖြစ်သေးတာပဲရှိတယ်
ဖြစ်ချင်တာတွေဖြစ်မလာနိုင်တဲ့ဘဝမှာဖြစ်သင့်တာတွေကိုပျော်
ပျော်ရွှင်ရွှင်လုပ်ပေးနိုင်မယ်ဆိုရင်တော့ဘဝဆို
တာနေပျော်မယ်ထင်ပါတယ်
ကံကောင်းမယ့်နေ့ကိုအမြန်ဆုံးရောက်နိုင်ပါစေ။

Anonymous said...

ဒီပို့ စ်ဖတ်ပြီး မောတယ် ဘ၀ဆိုတာ တောင်ကုန်းသေးသေးလေးလား တောင်အကြီးကြီးလားဆိုတာ ကျနော်လည်းမသိဘူးး ။

ရွှေပြည်သူ (ShwePyiThu) said...

အခုမှတော့ ပြောင်းပြန်ဝတ်မိလား အတည့်ဝတ်မိလား ပြန်မကြည့်ရဲတော့ပါဘူး ကိုရွာသားလေးရယ်။ ၀တ်ထားတဲ့အတိုင်လေးပဲ ပိုလှအောင် တန်ဆာဆင်တော့မယ်လို့ စဉ်းစားတာပါပဲး) ကိုရွာသားလေး ၀တ်ထားတာလည်း လှပါတယ်း))

Mogok Thar said...

ခုတော့ ၀တ်စုံအသစ်၊
ဒီဇိုင်းအသစ်နြ့ ချစ်မဲ့သူပေါ့ဏော။
အိမ်ထောင်ရေး ၀တ်စုံကိုောတ့ ပြောင်းပြန် မှား မ၀တ်မိတန်ကောင်းပါဘူးနော်။
:-P

Unknown said...

အ၀တ်ကို ခဏခဏ ပြောင်းပြန်ဝတ်မိခဲ့တယ်
ဘ၀ ၀တ်စုံကိုလည်း ပြောင်းပြန်ဝတ်မိမှာစိုးလို့ 
မိဘနှစ်ပါးက အမြဲထိမ်းကြောင်းပေးခဲ့ပေမယ့်
တခါတခါ ကိုယ်တိုင်က အ၀တ်ကို မှားဝတ်မိသလို ဘဝ
ဝတ်စုံကို ပြောင်းပြန်ဝတ်ဖို့  လုပ်ခဲ့တာလေးတွေရှိခဲ့ တယ် ဒါပေမယ့် ဘ၀၀တ်စုံကို ချက်ချင်းပြင်ဝတ်နိုင်တဲ့ ခေါက်ရိုးကျိုးနေတဲ့ အသိကတော့ရှိနေခဲ့တယ်

Unknown said...

ရွာသားလေးကတော့ အတည့်ပဲ ဘ၀၀တ်စုံအတည့်ပဲဝတ်မယ်ဆိုတာ ယုံမိမယ် တကယ်လို့  မှားဝတ်ခဲ့မိရင်လည်း ပြင်ဝတ်နိုင်တဲ့ အသိစိတ်နဲ့  ကြိုးစားစိတ်လေးရှိပါစေလို့ ပဲ ဆုတောင်းပေးပါတယ်