Showing posts with label China. Show all posts
Showing posts with label China. Show all posts

01 August 2013

ဟူထုံ၊ ငှက်သိုက်နဲ့ အရှေ့ဘက်တောင်ကုန်းများဆီမှ အပြန်


ရထားက အချိန်မှန်ပါတယ်။ အိပ်စင်ကိုရွေးထားတာမို့ လေးယောက်ခန်းမှာ တခြားဘေဂျင်းသူဘေဂျင်းသား စုံတွဲက တခြမ်း ကျနော်တို့နှစ်ယောက်ကတခြမ်း။ တွဲရဲ့ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်မှာ မျက်နှာသစ်စရာ အခန်းတွေနဲ့ အိမ်သာကိုထည့်ပေးထားတယ်။ ခက်တာက စားသောက်တွဲမပါတာပါ။ တွန်းလှည်းလေးနဲ့ လိုက်ရောင်းတဲ့ အသည်ရဲ့ ခေါက်ဆွဲတွေကလည်း ကျနော်မစားတဲ့ အသားတွေဖြစ်လို့နေတယ်။ ညစာဟာ အဲ့လိုနဲ့ လွတ်မြောက်တယ်။ 




 




ရထားအပြင်ဖက်မှာ ခေါက်ထိုင်ခုံလေးထားတာမို့ မအိပ်ချင်တဲ့ကျနော်တို့ အပြင်ဖက်မှာ ငုတ်တုပ်ထိုင်ရင်း ရထားပေါ်က ရှုခင်းတွေကိုမော့။ ညဥ့်နက်မှ အထဲကိုဝင်ပြီး အိပ်တယ်။ မိုးလင်းတော့ ဘေဂျင်းကို ဝင်တော့မယ်။ စက်ရုံတွေရဲ့ ခေါင်းတိုင်မီးခိုးတွေကိုကြည့်ရင်း တနေ့က စလုံးကမီးခိုးတွေအကြောင်းကို တွေးတယ်။ မြို့နေ ခလေးတွေရဲ့ ကျန်းမာရေးဆိုတဲ့ အရာဟာ ပြက်ပြက်ထင်မြင်လာတယ်။ စီးပွားရေးဆိုတဲ့ အကွက်ဟာ ကျန်းမာရေးကို လုံးဝလျစ်လျူရှုတဲ့အထိ ဘယ်လိုဖျားယောင်းသွေးဆောင်နေလဲဆိုတာ…





ဘေဂျင်းဘူတာကြီးကိုဝင်တော့ ဘော့က မှာထားတာ ဂိတ်နှစ်ခုရှိတယ်၊ ဘယ်ကိုမှ လိုက်မရှာနဲ့ သူကျနော်တို့ကိုရှာမယ်တဲ့။ တကယ်လည်း လက်ကလေးမြှောက်ပြီး သူ့ကို တွေ့တဲ့အခါ ဆွေမျိုးတယောက်ကို တွေ့ရသလို လှိုက်လှိုက်လှဲလှဲဝမ်းသာမိတယ်။ မူလ အစီအစဉ်က ဘူတာကနေကြိုပြီးရင် ဟိုတယ်ကို လိုက်ပို့ဖို့ပါပဲ။ ကျနော်က ဟူထုံရပ်ကွက်ထဲကို သွားချင်ရင် ဘယ်လိုသွားရမလဲမေးတဲ့အခါ…

ထုံးစံအတိုင်း စိတ်ပူတတ်တဲ့ ဘော့က ကျနော်တို့ချည်းပဲ သွားလို့ မဖြစ်လောက်ဘူး။ ကားဆရာ မစ္စတာကျန်းကို မေးမယ်၊ မစ္စတာကျန်းက လိုက်ပို့ပေးနိုင်တယ်ဆိုရင် သူလိုက်ပို့ပေးမယ်တဲ့။ ကျနော်သွားချင်တာ ဟူထုံတင်မဟုတ်ဘူး၊ ငှက်သိုက်ကြီးရှိတဲ့နေရာကိုလည်း သွားချင်တာမို့ လိုက်ပို့မယ်ဆိုတာကို ငြင်းတယ်။ အစီအစဉ်ထဲမပါတော့ ပိုက်ဆံပိုပေးရမလားမသိဘူးပေါ့။ တကယ့်ကို ရှားပါးတဲ့ တိုးဂိုက်ပါ၊ ဒီနေရာတွေအကုန်လုံးကို သူတို့လိုက်ပို့ပါမယ်။ ကိုယ့်ဖာသာ မသွားပါနဲ့တဲ့။ အဲ့ဒီ ထပ်တိုးခရီးစဉ်အတွက် ငွေကြေး တပြားတချပ်မှ ထပ်မယူလိုက်ပါဘူး။






ဒါနဲ့ U turn လုပ်ပြီး ဟူထုံကို ဦးတည်ကြတယ်။ ဟူထုံဟာ မြို့ပြမိုးမျှော်တိုက်တွေကြားမှာ ထိန်းသိမ်းထားဆဲ ရှေးဟောင်းရပ်ကွက်ငယ်တခုပါ။ ဘုရင်ခေတ်ကတော့ အရာရှိကြီးတွေ နေထိုင်ကြပြီး အဝင်ဝတံခါးအပြင်အဆင်၊ လှေကားအတက်၊ မုဒ်ဦး ပြင်ဆင်မှုကို ကြည့်ပြီး ရာထူးအဆင့်အတန်းကို ခွဲခြားနိုင်တယ်။  ဟူထုံကိုရောက်ရင် ကျင့်ဖိန်ဆိုတဲ့ ဒေသစားစရာမုန့်ကို ကျွေးမယ်တဲ့။ သူ့အပေါ် rating ကောင်းကောင်းပေးထားတာမို့ ပျော်နေတဲ့ ဘော့က ကျင့်ဖိန်ကို တခုတည်းတောင် မဟုတ်ဘူး တယောက်နှစ်ခုဆီ ဝယ်ကျွေးမှာဆိုတော့ ဤဖေကိုယ်တို့ စိတ်ကြိုက်ပေါ့။ ကျင့်ဖိန်ဆိုတာ လမ်းသရဲမုန့်နဲ့တူတယ်။ ကြက်ဥလည်းပါတယ်၊ ငြုတ်သီးလည်းပါတယ်၊ အချိုရည်လည်းပါသလို နံနံပင်တွေ ကြက်သွန်မြိတ်တွေနဲ့။ ပူပူလေးဆို တအားစားကောင်းပဲ။ ဟုတ်ကဲ့ နှစ်ခုလုံးကုန်အောင်စားပါတယ်။ 










ဟူထုံလမ်းထဲမှာ တနာရီ အချိန်ပေးတာမို့ လမ်းတလျှောက် ဟိုငေးဒီငေး။ အရုပ်ဆိုင်တွေလည်းငေး၊ မုန့်ဆိုင်တွေလည်း ငေး။ စျေးတွေကလည်း မသေး…






ဟူထုံကနေ ငှက်သိုက်ကို ချီတက်ကြပြီ။ ငှက်သိုက်ကိုရောက်တဲ့အခါ အနီးကိုလျှောက်မယ်ပေါ့၊ အထဲကိုတော့ မဝင်လို။ ဒါနဲ့ ငှက်သိုက်နားမှာ နှစ်နာရီအချိန်ပေးမယ်လို့ဆိုတယ်။ သူငယ်ချင်းက ငှက်သိုက်နားမှာ တချိန်လုံး ဓါတ်ပုံရိုက်ပါတော့တယ်။ စိတ်ထဲတော့ သိပ်မထူးဆန်းသလိုပါပဲ။ မြေကျယ်တော့ အဲ့ဒီ ဧရိယာကြီးတခုလုံးဟာ ကြီးမား ကျယ်ပြန့်လိုက်တာ။ အနယ်နယ် အရပ်ရပ်က ခရီးသွားတွေဟာလည်း တခုတ်တရကြီးကို လာကြည့်ကြတယ်။ 








ဓါတ်ပုံ ဝါသနာရှင်တွေရဲ့ ပုံတွေကို အခုလို မှတ်တမ်းတင်ဖြစ်ခဲ့တယ်။ မိသားစုဆိုတဲ့ အနှစ်အရသာကို တနေရာမှာ တွေ့လိုက်တယ်။ ပေါက်စီကို အတူတကွ အားရပါရစားနေလိုက်ကြတာ။ ရှေ့တည့်တည့်က ရိုက်ချင်ပေမယ့် အစားအသောက်စားနေတာ ကျနော့ကြောင့် စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ ဘေးတိုက်လေးပဲ ရိုက်ယူလိုက်တယ်။ အားရပါးရ တပြိုက်နက်စားလိုက်ကြတာများ ဘေးကလူတောင် အားတွေကျလာပါတယ်။


ငှက်သိုက်ဘေးနားက ရေကူးကန် (water cube)ကိုလည်း ကွင်းကြီးကို တမျှော်တခေါ်ဖြတ်ပြီး သွားကြသေးတယ်။ ကွင်းပြင်ကျယ်ထဲက လူတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးက လာရောက်လည်ပတ်ကြသူတွေတဲ့.. ကျနော်တို့နိုင်ငံကိုလည်း အဲ့ဒီလို စည်ကားသိုက်မြိုက်စွာနဲ့ ခရီးသွားလုပ်ငန်းတွေ အောင်မြင်စေချင်ပါတယ်။

ဟိုတယ်ကိုရောက်တော့ လူလည်း ဖလက်ပြနေပါပြီ။ ရေမိုးချိုး တရေးအိပ်ကြပြီး ညနေစောင်းမှ ဗိုက်ဆာဆာနဲ့ အိပ်ရာကနိုးတယ်။ အနားပတ်ဝန်းကျင်မှာ အစာရှာထွက်ရတယ်။ ဆိုင်တွေကြိုကြားကြိုကြားတွေ့ပေမယ့် စားဖို့လည်း မရဲပြန်ဘူး။ လေယာဉ်ပေါ်မှာ ပန်းကမ္ဘာစက်ဘီးစီးလို့ မဖြစ်ပေဘူး။





ဆိုင်လေးမဆိုးဘူးဆိုပြီး ဝင်စားပါတယ်။ သူ့မှာရှိတဲ့ တခုတည်းသော ခေါက်ဆွဲက ချိုလိုက်တာဆိုတာလေ..ဝက်နံရိုးဟင်းချိုလေးတော့မဆိုးပါ။ စျေးက အတော်လေးကို သက်သာပါတယ်။
ပစ္စည်းတွေသိမ်းပြီး အဆင်သင့်ပြင်ပြီးရင် ဟိုတယ်ကနေ check out လုပ်တော့မယ်။ ကားဆရာ မစ္စတာကျန်းဆီကနေ Friendship knot ဆိုတဲ့ ကြိုးလေး နှစ်ချောင်းကို လက်ဆောင်ပေးပြီး ဘော့က ကီးချိန်းလှလှလေးကို ပေးပါတယ်။ ခရီးသွားတာ များပေမယ့် ဒီလိုမျိုး ဂိုက်က လက်ဆောင်ပေးတယ်ဆိုတာ ဒါ ပထမဆုံး ကြုံဖူးတာဖြစ်လို့ အံ့သြဝမ်းသာမိတယ်။ 

Check in ဝင်တဲ့အခါ ကျနော့မှာ Re-entry permit မပါလာလို့ လေကြောင်းလိုင်းက ရစ်ပါတယ်။ နောက်ဆုံး မတတ်သာလို့ထင်တယ် immigration က ခွင့်မပြုရင် ပြန်ထွက်လာပါလို့ပြောပြီး လွှတ်လိုက်ပါတော့တယ်။ အိမ်ပဲပြန်ရမလား၊ မပြန်ရပဲ နောက်ထပ်ဆက်နေရမလား ဇဝေဇဝါတွေတောင်ဖြစ်တယ်။ အထဲရောက်မှ တကယ့် အကြာကြီးကြာတဲ့ လေဆိပ်စစ်ဆေးရေးနဲ့ကြုံတယ်။ ကျနော့အရှေ့က ခရီးသည်ရဲ့ ခရီးဆောင်အိတ်ကို တခုချင်းထုတ်ခိုင်းပြီး စက်ကနေ တခေါက်ဆီပြန်ဖြတ်ခိုင်းပါတယ်။ ဗူးတွေအကုန်လုံးကို အဖုံးဖွင့်ပြီးစစ်တာမို့ တယောက်တယောက်ကို တနာရီလောက်တောင်ကြာမယ်။ ကျနော့အလှည့်မှာတော့ အိတ်ထဲကို ထီးထည့်ထားမိလို့ ထီးကို ကျောပိုးအိတ်ထဲက ထုတ် စက်ထဲ တခေါက်ပြန်ဖြတ်ခိုင်းပါတယ်။ နောက်ကျမှ ဝင်လာခဲ့ရင် လေယာဉ်ကို သေချာပေါက် မှီမှာ မဟုတ်ဘူး။ 

အရှေ့ဘက်တောင်ကုန်းများဆီကို နောက်တခေါက် ပြန်ကြည့်ဖို့ ဘယ်လောက်ကြာဦးမလဲ မသိပါဘူး။ ရသလောက်အခိုက်အတန့်လေးမှာ တက်သုတ်ရိုက် သွားရတာလေးကတင်ပဲ စိတ်ထဲ စွဲလို့ကျန်ရစ်ပါတယ်။ ဘယ်တော့များမှ နောက်တခေါက်ဆုံဦးမလဲ အရှေ့ဘက်တောင်ကုန်းများရယ်လို့ တီးတိုးရွတ်ဆိုရင်း ဘေဂျင်းဟာ ကျနော့နောက်မှာ ဝိုးတဝါးသာ...

26 July 2013

ချန်အမ်း၊ ဒ,ယန်နဲ့ စစ်သည်တော်များ







လေဆိပ်ထဲဝင်တာနဲ့ ဘေဂျင်းထက်အေးမြမှုက သိသိသာသာ။ မိုးကလည်း ရွာတာမို့ စိမ့်နေအောင်အေးတာ။ လေဆိပ်ထဲမှာ မိုးယိုနေတာကို ခံထားတဲ့ပုံလေးကိုလည်း အမှတ်တရ ရိုက်ခဲ့သေးတယ်။ ချန်အမ်းလေဆိပ်ဟာ ရောက်ခဲ့တဲ့ဘေဂျင်းက လေဆိပ်နှစ်ခုထက် ပိုသန့်ရှင်း၊ သပ်ရပ်တယ်။



ပထမဆုံးတွေ့တာက ဆိုင်းဘုတ်ကိုင်ထားတဲ့ ကားသမားပါ။ ကျေးဇူးရှင်ဂိုက်ကြီးတော်က သန့်စင်ခန်းသွားနေသတဲ့။ စောင့်ရတာ ကြာပေါ့လို့တောင် ညည်းနေသေးတာ။ လေဆိပ်နဲ့ မြို့ဟာ အတော်လေးဝေးပါတယ်။ ဟိုတယ်ကို ရောက်တော့ ၁၁နာရီကျော်ပြီ။ သူငယ်ချင်းက ဗိုက်ဆာတယ်ဆိုတော့ ဟိုတယ်ကနေ ထီးတွေငှားပြီး ထွက်ကြတယ်။ ဘော့က အပြင်မထွက်နဲ့လို့ မှာလိုက်တယ် မဟုတ်လား။



မီးရောင်စုံတွေနဲ့ ခေါင်းလောင်းမျှော်စင်ဟာ လှပသေသပ်နေတယ်။ သိပ်ဝေးဝေးလည်း မသွားနိုင်ဘူး။ ရာသီဥတုက လက်တွေတောင် အေးစက်ထုံကျင်စေတယ်။ အနားက ဆိုင်တခုမှာပဲ ရှိတာနဲ့ပဲစားတယ်။ ခေါက်ဆွဲကောင်းတယ်ဆိုလို့ ခေါက်ဆွဲစားချင်ပေမယ့် ဖက်ထုပ်နဲ့ပဲညားပြန်တယ်။







တညပဲအိပ်တာမို့ မိုးလင်းတာနဲ့ မနက်စာစားအပြီး ဟိုတယ်ကနေ တခါတည်း check out လုပ်ပြီးစောင့်နေရတယ်။ ကားသမားမြင်ရပေမယ့် ဂိုက်ကြီးတော် မလာသေး။ ကိုးနာရီစွန်းမှ ကြွလာတော့တယ်။ စသွားတာတော့ ဒ,ယန်ဆိုတဲ့ ဘုရားကျောင်းပါ။ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး မျှော်စင်ပုံစံဆောက်ထားတာပဲဖြစ်တယ်။ မြို့ရဲ့ အရပ်လေးမျက်နှာကို အပေါ်ကနေ ကြည့်ရဖို့ လှေခါးတွေကို ခြေထောက်နဲ့ တက်ပေါ့။ တထပ်ပြီးတထပ်တက်ရင်း လှပတဲ့ ချန်အန်းမြို့ကို မြင်နေရပြီ။





နောက်သွားမယ့်နေရာဟာ စစ်သည်တော်တွေရှိတဲ့နေရာ။ ကျနော် အရောက်ချင်ဆုံးနေရာတခုပါ။ မရောက်ခင် အဲ့ဒီအရုပ်တွေလုပ်တဲ့နည်းကိုလေ့လာဖို့ သူတို့ရဲ့ လက်မှုလုပ်ငန်းကိုလိုက်ပြပါတယ်။ ရှေးတုန်းက နည်းတွေကိုပဲသုံးပြီး ရွှံ့ရုပ်တွေကို လုပ်ယူတဲ့နည်းနဲ့ စီးပွားရေးစျေးကွက်ကို ချဲ့ထွင်တာပဲဖြစ်တယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီးထိ ပို့ဆောင်ပေးတယ်ဆိုမှတော့ လုပ်ငန်းက ကြီးပြီပေါ့။


တခုမှ မဝယ်ပဲ စစ်သည်တော်တွေရှိတဲ့နေရာကိုသာ ပို့ပါတော့လို့။ ရောက်ပြီဆိုတော့ ပန်းခြံတခုထဲကို ဖြတ်ပြီးဝင်ရတယ်။ မက်မွန်သီးမှည့်တွေကို ခူးစားလို့ရတယ်ဆိုလို့ ရေဗူးနဲ့ပစ်လိုက်တာ လေးငါးလုံး ကျလာလို့ ဂိုက်ကြီးတော်ပါ ပျော်သွားတယ်။ လတ်လတ်ဆတ်ဆတ်မို့ ချိုမွှေးနေတယ်။



ပြတိုက်လေးခုရှိတဲ့အနက် နံပါတ် ၁ ပြတိုက်ကို စဝင်တယ်။ ဒါပြီးရင် ထမင်းစားသွားမယ်လို့ဆိုတော့ ခပ်မြန်မြန်သွားမလား အောက်မေ့တယ် အထဲရောက်တော့ ဗိုက်ဆာတာတောင် မေ့လျော့။ ဒီပြတိုက်ဟာ အရုပ်တွေအများဆုံးပဲ။ ဘုရင့်ရဲ့ သချင်္ ိုင်းစောင့်တပ်ဟာ တကယ့်ကို ခမ်းနားလွန်းစွာ။ များလွန်းတဲ့ အရုပ်တွေ။ မျက်နှာ၊ ဆံပင်၊ ဖိနပ်၊ ဝတ်စုံ၊ မြင်းအမြီး ကအစ အသေးစိတ် စနစ်တကျ ပြုလုပ်ထားပြီး တရုပ်နဲ့တရုပ်မတူအောင် လုပ်ထားနိုင်စွမ်းရှိတဲ့ သူတို့ကို မချီးကျူးပဲမနေနိုင်။ ပြီးတော့ စစ်သည်တော်တွေ အားလုံးမှာ ကိုယ်ပိုင်နံပါတ်တွေနဲ့ထားပြီး ကိုယ်လက်အင်္ဂ ါမပြည့်မစုံမခြင်း ပြတိုက်ရဲ့ အနောက်နားမှာ သူတို့ကို မတ်တပ်ရပ် စောင့်ခိုင်းထားပါတယ်။

ဒီစစ်သည်တော်တွေကို ရေတွင်းတူးရာကနေ စတွေ့တဲ့ လယ်သမား ဆယ်ဦးဟာလည်း အခုဆို မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးဖို့ ထိုင်စောင့်နေရတဲ့အထိ နာမည်ကျော်ကြီးတွေဖြစ်လို့။ ဘုရင့်အုတ်ဂူကိုတော့ ရှာမတွေ့သေးဘူး ဒါမှမဟုတ် မရှာပဲဆိုင်းငံ့ထားတယ်လို့ ဆိုတယ်။ တချို့နေရာတွေမှာ အဖိုးတန်ပစ္စည်းတွေ တွေ့ရတဲ့အပြင် အဆိပ်လိုမျိုး၊ ကျိန်စာဆန်ဆန်တွေနဲ့ အခုထိ ပုံပြင်ထဲကလိုမျိုး ဇာတ်လမ်းတွေနဲ့ အတူရှိနေသေးတယ်။

စစ်သည်တော်တွေရဲ့ အရုပ်တွေတင်မကပဲ စစ်ဗျူဟာအခင်းအကျင်းကိုပါ လေ့လာနိုင်တယ်။ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ တကယ့် လက်နက်တွေဖြစ်တဲ့အပြင် အခုထက်ထိ ချွန်မြနေသေးတာမို့ စုဆောင်း သိမ်းဆည်းထားတယ်လို့သိရတယ်။



ပြတိုက်နံပါတ် ၁ကိုကျော်တော့ ဗိုက်တွေ တကျုတ်ကျုတ်စာနေပြီ။ ဒီတခါ တဝက်က ဘူးဖေးစနစ်တဲ့။ လက်နဲ့ဆွဲဆန့်ပြီးလုပ်တဲ့ ခေါက်ဆွဲကို ဟင်းအနှစ်နဲ့တွဲတဲ့အခါ နှစ်ပန်းကန်တောင် ထယူရတဲ့အဆင့်ကို ရောက်တယ်။ ပေါက်စီ၊ အသီးအနှံနဲ့ တခြားတိတို့တိတို့လေးတွေကိုလည်း ကိုယ့်စိတ်ကြိုက်ယူပြီးစားနိုင်တယ်။ သတိတခုတော့ပေးပါမယ် ရွံတတ်တယ်ဆိုရင် အဲ့ဒီ စားသောက်ဆိုင်ထဲမှာ သန့်စင်ခန်းမသွားပါနဲ့။








ဗိုက်ပြည့်တဲ့အခါ ကျန်တဲ့ ပြတိုက် သုံးခုကို လှည့်ပါတယ်။ တချို့နေရာတွေမှာ မတူးဖော်သေးပဲ ထားတာကိုတွေ့ရပြီး။ တကယ်တမ်းတူးဖော်စမှာ တွေရတဲ့အရုပ်တွေဟာ လူ့အသားအရောင်အတိုင်းလုပ်ထားတာဖြစ်ပြီး အရောင်တွေပါ ပါတယ်လို့သိရတယ်။ ပတ်ဝန်းကျင်လေထုကြောင့် အရောင်တွေဟာ ပြောင်းလဲသွားတာမို့ အခုဆို အရောင်မပြောင်းလဲတဲ့ နည်းပညာရမှ ကျန်တဲ့ အရုပ်တွေကို တူးဖော်မှာဖြစ်တယ်လို့ ဂိုက်ကြီးတော်က ရှင်းပြတယ်။


နောက်ဆုံး ပြတိုက်မှာတော့ မင်းမိဖုရားတွေ လိုက်ပါစီးနင်းဖို့ကြေးရထားနှစ်စင်းကို ရှာတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီခေတ်ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုကို ကိုယ်စားပြုစေခဲ့တယ်။ ရထားပေါ်ကထီးရိုးကို တည်ဆောက်ထားတဲ့ နည်းပညာဟာ တကယ့်ကို စိတ်ဝင်စားစရာ။ ပုံမှန်ထီးရိုးမျိုးမဟုတ်ပဲ ထီးရိုးကို နေရောင်ကိုလိုက်ပြီး စောင်းလှည့်လို့ရသလို၊ အရေးကြုံရင် လက်နက်အဖြစ်ပါ သုံးလို့ရတဲ့အထိ ထည့်သွင်းစဉ်းစားထားတာပါ။








စစ်သည်တော်တွေကို ကျောခိုင်းပြီးတဲ့အခါ ချန်အန်းမြို့ရဲ့ နာမည်ကျော် မြို့ရိုးဆီကိုပါ။ အခုခေတ်မှာတော့ ရှီအမ်းလို့ လူသိများကြတယ်။ မြို့ရိုးနဲ့ ခေတ်သစ်မြို့ပြဟာ ကျုံးလေးတခုပဲခြားတယ်။ နှစ်ပေါင်းများစွာက မြို့ရိုးဟာ ထုနဲ့ထည်နဲ့။  မြို့ရိုးတပတ် စက်ဘီးပတ်စီးကြမယ်လို့ ဂိုက်ကြီးတော်က ပြောတဲ့အခါ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လုံး မငြင်း။ စက်ဘီးစီးရင်း ဓါတ်ပုံရိုက်ရင်းဆိုတော့ မြို့ရိုးရဲ့ သုံးဖက်ကိုပဲ ရောက်ပြီး တပတ်ပြည့်အောင် ပတ်လို့မရလိုက်ဘူး။ ရထားလက်မှတ်က နှစ်နာရီအကြိုမှာ ထုတ်ရမှာဆိုတော့ ရောက်တဲ့နေရာကနေရပ်ပြီး ပြန်လှည့်ကြရတယ်။ တကယ်ဆို အဲ့ဒီမြို့မှာ နောက်တရက်နှစ်ရက်လောက် ထပ်နေစရာ လည်ပတ်ဖို့ နေရာတွေ အများကြီးကျန်နေသေးတယ်။ ခွင့်ကမရဘူးကွယ် စိုင်းပြန်ရဦးမယ်…






ဘူတာကို ရောက်တဲ့အခါ လူတွေကများပြားစွာ။ ဝင်ခွင့်ရဖို့ အပြင်မှာ တန်းစီရသေးတာ။ ရထားထွက်ဖို့ နှစ်နာရီလိုသေးပေမယ့် ဂိုက်ကြီးတော်က ဘိုင်ဘိုင်လုပ်လိုလှပြီ။ ဘော့နဲ့ယှဉ်လိုက်တော့ စေတနာဆိုတဲ့ အရာပါမလာတာ သိပ်သိသာတယ်။



 ည..ရထားကြီး ပျော်ပျော်စီးရပါတော့မယ်