23 July 2008

မမေ့ရက်လို့ယနေ့ထက်တိုင်

နန်းဆိုတဲ့မိန်းကလေး မခေါ်ဘဲလာ မနှင်ဘဲပြေးလေပြီ။ ခုတော့ဘယ်ဆီမယ်မသိ……………….

မနက်ခင်းကျောင်းတက်ရက်တစ်ခု မိုးရွာပြီးစ လောကတစ်ခုလုံးက စိမ်းစိုလန်းဆန်းလျက်။ အားလုံးတန်းစီဖို့ရပ်နေတဲ့ ကျောင်းရှေ့ကွင်းပြင်မှာ ရုတ်တရက် အားလုံးတိတ်ဆိတ် ငြိမ်သက်သွားပါတယ်။ အထူးအဆန်းနဲ့ မျက်ဝန်းတွေရဲ့ အဆုံးသတ်ရှိရာကြည့်မိတော့ ဂျပန်ဆံတောက်လေးနဲ့ပန်းပွားလွယ်အိတ်အမည်းရောင်လေးနဲ့ ပါးမှာလည်း ခပ်ပါးပါး ပါးကွက်ကလေးက ဖြူမလိုဝါမလို။အလို.......ထူးထူးဆန်းဆန်း ပုံတော်ဖိနပ်လေးနဲ့။ ဒီနေရာဝန်းကျင်မှာ ဘယ်မိန်းမငယ်မှ ပုံတော်မစီးစဖူး။ သေချာတယ် တခြားအရပ်က ကျောင်းပြောင်းလာတာပဲနေမှာ။ လွယ်အိတ်ကြိုးကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်း သိုးသူငယ်ရဲ့အပြစ်ကင်းတဲ့ မျက်ဝန်းတွေနဲ့ ဒီိနံနက်ခင်းတစ်ခုလုံးကို သူအပိုင်ရသွားလေရဲ့။

သူနာမည်ကနန်းခင်ငယ်။ တကယ်ကိုကျော်ကြားပါတဲ့ နန်းခင်ငယ်။ ဆံပင်အရွေ့ လေအဝှေ့မှာတောင် ငေးယူရပါတဲ့နန်းခင်ငယ်။ ကိုးတန်းအခန်းပတ်လည်သာမက ဆယ်တန်းက အစ်ကိုကြီးတွေပါရစ်သီရစ်သီလာရောက်ရတဲ့အထိ။

နန်းကိုစသိတာက ဆရာမဒေါ်ခင်ကျော်ကအစ။ “သားကြယ်စင် ကျောင်းနောက်ကျနေတဲ့ သမီးနန်း ကို စာတွေကူးဖို့ကူညီပေးလိုက်ပါတဲ့”လေ။ ထုံးစံအတိုင်း ကိုယ့်ရဲ့ မှတ်စုစာအုပ်တွေထုတ် စာသင်ချိန်မပါသေးတဲ့မှတ်စုတွေ ကူးဖို့ပေးမိတယ်။ သူကတော့ သူရဲ့ ကျော်ကြားလှတဲ့ အပြစ်ကင်းတဲ့မျက်ဝန်းတစ်စုံနဲ့ ကျနော်ကို ကြည့်နေလေရဲ့ သြော်နန်းငယ် မင်းဝေဒနာတွေပေးရက်တယ်။

စာအုပ်တွေကူလူးဆက်သွယ်ရင်း ကျနော်တို့ရင်းနှီးခဲ့ကြတယ်။ နန်းရဲ့ ရှားပါးတဲ့အပြုံးတွေကို တိတ်တခိုးငေးရတဲ့အခိုက် သူငယ်ချင်းတွေကကြိတ်စကြတာ အခါတစ်ရာမကတော့။ ဒါပေမယ့် နန်းငယ်မသိချင်ယောင်ဆောင်ခဲ့တယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက နန်းငယ်မှာ ကျနော်ကလွဲလို့ သူငယ်ချင်းအပေါင်းအသင်းမရှိ။ ဦးလေးအိမ်မှာ နေ,နေရတယ်ဆိုတာကလွဲရင် သူ့အကြောင်းကို ဘာဆိုဘာမှမသိ။ နန်းတစ်ယောက်နဲ့တင်လုံလောက်နေပြီဆိုတော့ အဲဒီအရာတွေက စိတ်ဝင်စားစရာမကောင်းခဲ့။

နန်းဆီမှာ ငယ်ရွယ်တဲ့မိန်းမပျိုတွေမှာ ရှိတတ်တဲ့ တက်ကြွမှုတွေမရှိခဲ့။ ကျနော်တွေ့ရတတ်တာက တခါတလေ ငိုင်တွေသွားတတ်တဲ့ သူ့အပြုအမူတွေ။ တခါတရံမှာတော့ တစုံတခုကို စိုးထိတ်ကြောက်ရွံ့မှုတွေနဲ့ တုန်လှုပ်နေတတ်ပြန်တယ်။ အဓိပ္ပါယ်မဖော်တတ်လေတော့ နန်းရယ် တကယ်တမ်းဆို ကျနော်သိသင့်ပါတယ်လေ သိသင့်ပါတယ်။

နေမညိုခင် စာမေးပွဲမဖြေခင်တစ်ရက် အဲဒီနေ့ကပန်းတွေလည်းမပွင့်ပါဘဲနဲ့ နန်းကို ကျနော်ချစ်တယ်လို့ပြောလိုက်မိတယ်။ နန်းလိုလူတစ်ယောက်အတွက် ဒီလိုချစ်စကားအပြောခံရတာ မထူးဆန်းလို့လားမသိ သူတုံဏိဘာဝေလုပ်နေတယ်လေ။ ပြီးတော့ သူက ကျနော့ကို “ကြယ်စင်ဆိုဆိုနေတဲ့ ဟိုသီချင်းလေးဆိုပြပါလားတဲ့” ။ ကျနော်ဆိုဆိုနေတတ်တဲ့ သီချင်းက “တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ နှစ်ကိုယ်တူမှန်းတဲ့ အနာဂါတ်ချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်” ဆိုတဲ့သီချင်း။ ကျနော်ဆိုတဲ့အခါတိုင်း သူလွမ်းလွမ်းဆွေးဆွေးကြည့်နေတတ်တယ်လေ။

စာမေးပွဲဖြေတဲ့တစ်လျှောက်လုံး နန်းကျနော့အနားမှာပါ။ စာတူတူကျက်ရင်း ကိုယ်မသိတာသူ့မေး သူမရှင်းတာကိုယ်တွက်ပြနဲ့ပေါ့။ အနေနီးလေ ဝေဒနာကြီးလေဆိုတာ သိကြမှာပါနော်။ ကျနော်ဆုံးဖြတ်ထားတယ် စာမေးပွဲနောက်ဆုံးနေ့ မှာ နန်းဆီက အဖြေရအောင်တောင်းမယ်ဆိုပြီး။

စာမေးပွဲနောက်ဆုံးနေ့ ကျနော်တို့နှစ်ယောက်လုံးဖြေနိုင်ကြပါတယ်။ အပျော်တွေအပြည့်နဲ့ပြန်လာတဲ့လမ်းမှာ ဘယ်အချိန်စပြောရမလဲ ကျနော်တွက်ဆနေမိတယ်။ နန်းရယ် အချစ်ဆိုတာ ကိုယ့်အတွက်နန်းနဲ့တွေ့မှ ဖြစ်တည်စေခဲ့တာပါ။ နန်းမြင်နိုင်ရဲ့လားဟင်။

ဗြုန်းဆို နန်းဘေးနားမှာ ကားတစ်စင်းလာရပ်တယ်။ ကားပေါ်မှာ နန်းနဲ့ခပ်ဆင်ဆင်တူတဲ့ အဒေါ်ကြီးတစ်ယောက် ဆင်းလာပြီး “မိနန်းငယ် နင်မိုက်လိုက်တာဟယ်” လို့ဂရုဏာဒေါသသံအပြည့်နဲ့ပြောပြောဆိုဆိုပဲ နန်းကို လက်ဆွဲပြီးတခါတည်းကားပေါ်တက်သွားတယ်။ ကြောက်ရွံ့နေတဲ့နန်းမျက်ဝန်းတွေက ကျနော်တခါတခါ တွေ့ရတတ်တဲ့ မျက်ဝန်းတွေ။ အဲဒီမျက်ဝန်းတွေ။ ငေးငိုင်ပြီးကျန်ခဲ့တယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့။ နန်းကို ချစ်တာရယ် သနားတယ်ဆိုတာရယ်ပဲသိခဲ့တာ။

အဲဒီနေ့ကစလို့နန်းပျောက်ဆုံးသွားခဲ့တာ ဒီနေ့ထက်ထိ။ နန်းရယ် မင်းရက်စက်တယ်။ တချက်လောက်တော့ ပြန်ပြောခဲ့ဖို့သင့်ပါတယ်။ ကိုယ့်ကိုမုန်းရင်ဖြင့်မုန်းတယ်ပေါ့။ အဖြေတခုခုတော့ပြောခဲ့သင့်ပါတယ်လေ။

အကြောင်းစုံကို မသိရခင်မှာတော့ နန်းဟာ အသည်းစားဘုရင်မလိုလို ဘာလိုလို။ တကယ်တမ်းတော့ နန်းဟာ သနားစရာအကောင်းဆုံး ဓားစာခံတစ်ယောက်ဆိုတာ သိခဲ့ရတယ်။ မထင်မှတ်ပဲသိလိုက်ရတဲ့ အဲဒီအကြောင်းအရာတွေကို ဖြင့်မမေ့ရက်လို့ ယနေ့ထက်တိုင် ရင်ထဲမှာသိမ်းဆည်းထားမိတယ်။

နန်းဆိုတဲ့မိန်းကလေးက ဇာတိကအောင်ပန်းကတဲ့လေ။ ရှမ်းတောင်တန်းတွေရဲ့တနေရာမှာ နန်းတို့မိသားစုနေခဲ့ကြတယ်တဲ့။ နန်းမှာမောင်လေးတစ်ယောက်ရှိသလို နန်းအဖေနဲ့အမေက ရိုးရိုးအေးအေး ခြံစိုက်စားကြသတဲ့။ အေးချမ်းသာယာတဲ့ နန်းတို့ဘ၀လေးထဲကို နန်းရဲ့ ဦးရီးဝင်လာတယ်ဆိုရင်ပဲ ကံကြမ္မာဆိုးတွေပါ သယ်ဆောင်လာခဲ့တယ်လေ။

အလောင်းအစားဝါသနာပါတဲ့ ဦးရီးရဲ့အကျင့်က ဘယ်တော့မှပျောက်ပျက်မှာမဟုတ်။ ဖဲရိုက်ရမလား ဂျင်ကိုင်မလား စတဲ့ အရာအားလုံးကို တပ်မက်ပါတဲ့ ဒီဦးရီး။ ရွာနီးချုပ်စပ်ကို ကစားပွဲလိုက်ရှာပြီးသွားနေတတ်တဲ့ ဦးရီးပြန်လာတဲ့ တညနေ။ ဆိုးဝါးလွန်းတဲ့ညနေ။ ရက်စက်လွန်းတဲ့ညနေ။ အဲဒီညနေ မရှိခဲ့ရင်လေ သိပ်ကောင်းမှာ။

မိသားစုအားလုံးဆုံနေတဲ့ ထမင်းစားဝိုင်းလေး စတင်ပြီးသိပ်မကြာဘူး။ ၀ုန်းဒိုင်းဆိုတဲ့အသံပဲကြားလိုက်ရတယ် ထမင်းစားပွဲလေးလည်း မှောက်နေပြီ။ လက်ကာနေတဲ့ ဦးရီးကို ဓားနဲ့ပိုင်းလိုက်တာဖြတ်ခနဲတွေ့လိုက်ရတယ်။ ပြီးတော့ ဦးရီးကိုကယ်ဖို့ပြေးသွားတဲ့ နန်းရဲ့အဖေ။ ပြီးတော့အဖေ့ကို မလုပ်ဖို့ရှေ့က ကာလိုက်တဲ့ အမေ။ အမေ့ကျောမှာပိုးထားတဲ့ နန်းရဲ့မောင်လေး အို…………မှောင်လွန်းတဲ့ညနေ။

ဦးရီးကို ကစားဝိုင်းမှာမကျေနပ်လို့တဲ့ အသက်ကိုရန်ရှာကြတာ နန်းတို့မိသားစု တွေအဆစ်ပါသွားကြတယ်။ နန်းတစ်ယောက် ဘယ်လိုဖြစ်ကျန်ခဲ့မလဲနော်။ အဲဒီအဖြစ်အပျက်ကြောင့် နန်းရဲ့ ကြောက်ရွံ့ခြင်းတွေ အပြင် သွေးပျက်စေခဲ့တဲ့အတွက် နုနယ်တဲ့ နှလုံးသားဟာအနာတရ ရရှိခဲ့တယ်။ နန်းအတွက် ကျိန်စာတစ်ခုဖြစ်စေခဲ့တာက နန်းတစ်ယောက် ဒီတစ်သက်အိမ်ထောင်ပြုလို့မရတော့ဘူးတဲ့လေ။ ဒါကြောင့်နန်းအဒေါ်က အပြင်လောကနဲ့မထိတွေ့စေချင်လို့ ကျောင်းမတက်နဲ့လို့ပြောတာကို နန်းတစ်ယောက်အကြောက်အကန်ငြင်းခဲ့တာမို့ ကျောင်းတက်ခွင့်ပြုလိုက်ကြတာ။ ကျနော်နဲ့နှစ်ယောက်တွဲတွေ့တော့ လုပ်ရက်လိုက်တာလို့ပြောပြီး နန်းကိုအဝေးပို့လိုက်ကြတယ်ဆိုတာကို နောက်မှသိလိုက်ရတာပါ။

နန်းရယ် ကျနော်ချစ်ခဲ့တာ နန်းကို ရယူပိုင်ဆိုင်လိုစိတ်တခုတည်းနဲ့ မဟုတ်ဘူးဆိုတာနန်းသိအောင်ပြောချင်ပေမယ့် ပြောခွင့်မသာခဲ့လို့ ဒီဇာတ်လမ်းလေးကို မမေ့ရက်လို့ယနေ့ထက်တိုင်အောင်ပါလေ ယနေ့ထက်တိုင်အောင်ပါ…….

6 comments:

Pan Chit Thu said...

နန်းရေ ... ဒီလိုအဖြစ်မျိုး ဘ၀အဆက်ဆက် မကြုံရပါစေနဲ.လို. ဆုတောင်းပေးလိုက်ပါတယ်...။

RePublic said...

စာတွေ အရမ်းရေးနိုင်တဲ့ ကိုရွှာသားလေး၊၊
နှစ်သက်စရာဝတ္တုတိုလေး ပါဗျာ ၊၊
အမြဲလာဖတ်နေတာ တယ်ရင်းရေ ၊၊

ကိုရုပ်ဆိုး said...

ချစ်ခြင်းရဲ့အဆုံးသတ်ဟာ လွမ်းဆွေးခြင်းတဲ့လား ...ရွာသားလေးရေ။

“ကြယ်စင်ရေ...
အချစ်ဆိုတာကို
မြည်းစမ်းခွင့် မရ၊
ဖော်ကြူးခွင့် မလှတဲ့ ငါ့ဘဝ
နင့်ကို သိပ်ချစ်တယ်
ဒါပေမယ့် ...

ရင်ခွင်မှာ ဘောင်ခတ်
တစ်သက်တာ လှောင်ပတ်
ငါ့ဘ၀နဲ့ ငါဘာဟယ်” လို့ ရေးလိုက်ချင်တယ်ဗျာ ....။

Anonymous said...

အော်....လွမ်းစရာလေးပါလားနော်..
လွမ်းရတဲ့ နန်းတစ်ယောက်
အဖြစ်ဆိုးတွေထပ်မကြုံပါစေနဲ့
လို့ဆုတောင်းလိုက်ချင်တယ်

ရွှေပြည်သူ (ShwePyiThu) said...

ဝမ်းနည်းစရာ ဇာတ်လမ်းလေးပါ။ အရေးအသားကတော့ တကယ်ကောင်းတယ် အစ်ကိုရွာသားလေးရေ။ တိုက်တိုက်ဆိုင်ဆိုင် လွှမ်းမိုးရဲ့ “တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ နှစ်ကိုယ်တူမှန်းတဲ့ အနာဂါတ်ချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်” ဆိုတဲ့ သီချင်းကို ခုတလော တော်တော်နားထောင် ဖြစ်နေတာ။ သီချင်းသံစဉ်နဲ့ ၀တ္ထုလေးက အရမ်းလိုက်ဖက်ပါတယ်။

Unknown said...

လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးပဲ
ဒီလို အနာတရတွေကို ဘယ်သူ့ ကိုမှ မကြုံစေချင်ဘူး
တကယ့်အဖြစ်နဲ့ တူအောင် ရေးတတ်လိုက်တာ