30 July 2008

ဈေးတန်းလေးနဲ့ဂုဏ်သိက္ခာ

ဈေးတန်းလေး ငါးရက်တဈေးလည်း မဟုတ် ထူးဆန်းသည်လည်းမဟုတ် ကြီးကျယ်ခမ်းနားသော မြို့ပြဈေးလည်းမဟုတ် သို့သော် ထိုဈေးတန်းလေးက အားလုံးရဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်နေတယ်လေ။

စက်ရုံဆောက်ကာစကတော့ဈေးတန်းလေးက လမ်းရဲ့ဟိုတစ်ဘက်ခြမ်းမှာပါ။ နောက်တော့ ဘောလုံးကွင်းရဲ့ တောင်ဘက်ကို ရွေ့ရတယ်။ စက်ရုံအကြီးအကဲတွေကြောင့်လား ၀န်ကြီးဆိုလားဘာဆိုလားကြောင့်လား ဘယ်သူမှမသိ။

ဈေးတန်းလေးဆိုတာ ညာဘက်တစ်ဖက် ဘယ်ဘက်တစ်ဖက် ၀ါးကပ်တွေခင်းပြီး သက်ကယ်မိုးထားတယ်ဆိုရုံလေး။ ၀ါးကပ်တွေနဲ့ နောက်ဖက်ခြမ်းခြေနှစ်လှမ်း သုံးလှမ်းအကွာမှာတော့ မကြီးလွန်းမသေးလွန်းတဲ့ အတော်နေ လက်ဖက်ရည်ဆိုင်လေးတွေ ရှိလေရဲ့။ နောက်ဆုံးမှာတော့ အားလုံးရဲ့ စိတ်ဝင်စားမှုတို့တည်ရှိရာ ဗီဒီယို ရုံသုံးရုံနဲ့ပိတ်ထားတယ်။ ဗီဒီယိုရုံနဲ့ ရေနံ့သာစာပေတို့ကြားက လမ်းလေးကနေ ဘောလုံးကွင်းရဲ့ တစ်ဖက်ကို သွားလို့ရတယ်။ နောက်တစ်ဖက်မှာတော့ အကြော်တဲကပ်လျက်ရှိပြီး အကြော်တဲတွေကို ကျော်ရင်တော့ အသားငါးတန်း။ ပြီးရင်ဘာမှမရှိတော့။

စက်ရုံဝန်ထမ်းမိသားစုတွေ အတွက်တော့ ဒီဈေးက ပင်တိုင်။ တခါတလေ မယ်ဇလီကုန်းကလာတဲ့တောသည်တွေဆီက နွားနို့စစ်စစ် (သူတို့အပြောပေါ့) ပျားရည်စစ်စစ်ရတတ်တယ်။ စနေတနင်္ဂနွေဆို ထက်လက်ဖက်ရည်ဆိုင်က အီကြာကွေးနဲ့ မုန့်ဟင်းခါးဟင်းရည်ရတတ်တယ်။ ကေတုမတီဆီချက်ကလည်း သူနဲ့ပြိုင်ဘက်မရှိ (ပြိုင်မယ့်လူကိုမရှိ) လောက်အောင်ကောင်းတယ်ဆိုပဲ။

ဒီလောက်သေးငယ်တဲ့ဈေးထဲမှာ လူတွေရဲ့ဂုဏ်သိက္ခာတွေရှိနေတယ်။ တကယ် ရှိနေတယ်။ နားလည်ဖို့ခက်နေမယ်ထင်တယ်။ ၀န်ထမ်းဆိုတာ ဟောဒီဝန်ထမ်းတွေဆိုတာ ရတဲ့လစာလေးကို သာရေးနာရေး ဘာကြေးညာကြေးဖြတ်လိုက်ရင် အိမ်ကို ပါလာဖို့ကအနိုင်နိုင်။ ပြီးခဲ့တဲ့တလက ယူထားတဲ့အကြွေးတွေပြန်ဆပ် မလောက်ရင် နောက်အသစ်ပြန်ယူ။ အဲလိုနဲ့လုံးပါးပါးကြေးဆို ပရုတ်လုံးတွေလိုမျိုးတုံးကုန်မှာပေါ့။ ခုတော့ ပဋိစ္စသမုပ္ပါဒ်က အဲဒီမှာ ဖြစ်နေတယ်။

မလောက်ငှတဲ့ ဆင်းရဲဒဏ်မခံနိုင်တဲ့ သားမယားပူုဆာမှုကိုတောင့်မခံနိုင်တဲ့ ၀န်ထမ်းတွေ ဘာလုပ်ကြမယ်ထင်လဲဟင်။ ဂုဏ်သိက္ခာကို ချရောင်းကြတာပေါ့။ ဈေးတန်းထဲမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဈေးတန်းလေးမှာတော့ သိနိုင်တယ်လေ။

သူတို့ဂုဏ်သိက္ခာချရောင်းလိုက်ပြီးနောက်တနေ့ဆိုရင် ဟောဒီဈေးလေးဟာလေ ရန်ကုန်မြို့ကဈေးလိုပဲ စည်ချက်တော့။ ဈေးတန်းတလျောက် အားလုံးဖင်ချင်းပေါက်ကုန်တယ်။ ကြက်ဆိုလည်း အကောင်လိုက် ၀က်ဆိုလည်း နှစ်ပိဿာ သုံးပိဿာဖြစ်ကုန်တယ်။ ကလေးတွေလက်ထဲမှာလည်း မုန့်တွေ တပြုံတမ မတန်တဆနဲ့။ အဲလိုမျိုးဆို ဈေးသည်တွေက တပြုံးပြုံး။ အသံတွေကလည်းရွှင် အသံတွေကုန်လို့ဝင်ချင်ဝင်ပါစေ အအော်မပျက်ခေါ်လျက်။ ဒီအချိန်ဆိုခေါ်တဲ့ဈေးကို ခေါ်တဲ့အတိုင်းပေးတယ်လေ။

ဘေးကနေကြည့်နေရတဲ့ ကျနော့မှာတော့ ရင်ဘတ်တွေနာလို့။ ဘာမှတော့မသက်ဆိုင် ဒါပေမယ့် ဟောဒီလိုဈေးတန်းမျိုး တပြည်လုံးမှာဘယ်လောက်ရှိနေပြီလဲနော်ဆိုတဲ့အတွေးနဲ့လေ…………….

4 comments:

Anonymous said...

ဒီလိုဈေးတန်းတွေဘယ်တော့များမှပျောက်ကွယ်သွားမလဲ
နော်..

RePublic said...

ကိုရွာသားလေးရေ .. တင်ပြပုံတွေကောင်းတယ်ဗျာ ၊၊အတွေးတွေ ထင်ဟပ်စေတယ်၊၊

Unknown said...

ရွာသားလေးရေဒီလိုဈေးတန်းတွေကဘယ်တော့မှပြောက်နိုင်မယ်မထင်ဘူးနော်ဒီအတိုင်းပဲဆက်သွားမယ်ဆိုရင်ပေါ့

Unknown said...

အမြင်ကို ခံစား အတွေးလေးပါအောင် ပေါင်းစပ်ပြီးရေးလိုက်တော့ ဖတ်ကောင်းတဲ့စာစုလေးဖြစ်နေပြန်ရော
စိတ်မကောင်းစရာက ခုတပြည်လုံးနီးပါးမှာ အဲလို ဈေးတန်းတွေ ဖြစ်နေတာလေ ပျောက်ကွယ်သွားဖို့  ဟုတ်လားးးးးးးးးးးးး