28 May 2017

တတိယအကြိမ် ဗီယက်နမ် နဲ့ Ba be Lake


တတိယအကြိမ်အဖြစ် ဗီယက်နမ်ကိုထပ်ရောက်ဖြစ်ပါတယ်။ ဟနွိုင်းကိုပဲ ဦးတည်လာပြီး အဓိက သွားချင်တာကတော့ သိပ်ကိုလှတဲ့ ရေတံခွန်တခုဆီကိုပါ။ မိတ်ဆုံစားဝိုင်းတခုကနေ ဖြစ်တည်လာတဲ့ ခရီးတခုလည်းဖြစ်ပါတယ်။ Vega Tour ကိုပဲ ဆက်သွယ်ခဲ့ပြီး နှစ်ညအိပ်သုံးရက် ခရီးစဉ် အပြီးအစီး တယောက်ကို USD 245 ကျပ်ကျပါတယ်။ လူသုံးယောက်ပဲ မို့လို့ ဈေးနည်းနည်းများတယ်။ လေးငါးယောက်ဆို စရိတ်မျှခံသွားတာဆိုတော့ နည်းသွားပါလိမ့်မယ်။









ဟနွိုင်းကိုရောက်တဲ့ညမှာ တည်းနေကျ ဟိုတယ်မှာပဲတည်းဖြစ်တယ်။ လေဆိပ်မှာ သူများက ကျနော့အိတ်ကို မှားဆွဲသွားတဲ့အကြောင်း စာတပုဒ်ရေးထားခဲ့ပြီးပါပြီ။ ကြက်သားခေါက်ဆွဲပြုတ်၊ ကော်ပြန့်၊ ဒိန်ချဉ်ကော်ဖီတို့နဲ့ ပြန်မိတ်ဆက်တယ်။ ရေကန်ကြီးတဝိုက် ဓါတ်ပုံလျှောက်ရိုက်ပြီးမှ ပြန်အိပ်ကြတယ်။ အိတ်လာပေးတဲ့သူနဲ့လည်း တွေ့လိုက်ရလို့ အပြည့်အဝ ပြန်ပျော်ရတော့တယ်။



မနက်စောစော ဟိုတယ်ကို လာကြိုပါတယ်။ အဝေးကြီးကို မောင်းရမှာမို့ နားနားနေနေ လိုက်ခဲ့ပါလို့ တိုးဂိုက်က ဆိုပါတယ်။တောက်လျှောက်မနားတမ်းမောင်းလာပြီး နေ့လည် တနာရီကျော်ကျော်လောက်မှ နေ့လည်စာ စားရပ်ပေးခဲ့တယ်။သုံးယောက်လုံး လာချသမျှဟင်းတွေ အကုန်ကုန်အောင် စားပစ်တဲ့ထိ ဗိုက်တွေ ဆာနေခဲ့ပြီ။ တိုးဂိုက်က တအံ့တသြကြည့်နေတဲ့အထိ။



ညနေ နေမကျခင်မှာ ပထမဆုံးနားနေရာဖြစ်တဲ့ Ba be Lake ကို ရောက်တယ်။ ပုံပြင်ဆန်ဆန် ဖြစ်ပေါ်လာတဲ့ ရေကန်ဆိုပါတော့။ သစ်တောကြောင့်ရယ် ထုံးကျောက်တောင်စွယ်တွေရယ်ကြောင့် ဒီရေကန်ရဲ့ အလှက နာမည်ကျော်စေခဲ့တာ။ တည်းမယ့် Home Stay မှာ အိမ်ရှင်တွေနဲ့ မိတ်ဆက်၊ အထုတ်တွေချ ပြီးတာနဲ့ ရေကန်ထဲကို ခရီးဆန့်ကြတယ်။



ရေကန်ရဲ့ တခြမ်းမှာ ရှိတဲ့ ရေတံခွန်ကိုသွားဖို့ပါ။ ကန်ရေပြင်အေးအေးလေးနဲ့ ထုံးကျောက်တောင်တွေရဲ့ ရှုခင်းက အရမ်းကို သာယာပါတယ်။ ရေကန်ထဲမှာ ငါးဖမ်းသူတချို့ လှေလှော်သူတချို့။ သူတို့လှေလှော်တာလည်း အဆန်းပါ။ တယောက်လှေလေးတွေဆို ဟင်းခပ်တဲ့ ယောင်းမလေလို တက်အသေးလေးတွေနဲ့ လက်နှစ်ဖက်လုံး သုံးပြီးလှော်တယ်။








ရေတံခွန်ကို သွားဖို့ နည်းနည်း တောင်တက်ခရီးလေးပါပါတယ်။ မိနစ်နှစ်ဆယ်လောက် လျှောက်ပြီးတဲ့အခါ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကို ရောက်ပါတယ်။ ကိုယ်တွေက ခက်ခဲပင်ပန်းလိုက်တာလို့ ညည်းညူမိတဲ့ အချိန်အခါတွေကို ဒေသခံတွေရဲ့ အသက်မွေးမှုနဲ့ တွေ့ရတဲ့အခါ တွေးပြီး ပြန်ရှက်နေမိတယ်။ ဘဝဆိုတာ ဘယ်သူဘယ်ဝါအတွက်မှ လွယ်လွယ်ကူကူ ရှိကြတာ မဟုတ်ပါလားဆိုတဲ့ အတွေးကို တွေးနေမိတော့တယ်။

အပြန်လမ်းမှာ လိပ်ပြာတွေ အစည်းအဝေးလုပ်နေတာ တွေ့လို့ ဂိုက်ကို ပြောပြီးသွားရိုက်ဖြစ်သေးတယ်။ အမှောင်ရိပ်ကျတဲ့ နေရာမို့ ရိုက်ရတာ သိပ်ခက်တယ်။ မရိုက်တတ်တာက ၉၀ရာခိုင်နှုန်းဆိုပါတော့။

တည်းတဲ့အိမ်ကို ရောက်တော့ အတော်လေးမှောင်နေပြီ။ အိမ်မကြီးရဲ့ ဘေးပတ်ပတ်လည်တွေမှာ အခန်းလေးတွေကန့်ထားပြီး ခန်းဆီးလေးတွေလိုက်ကာလေးတွေနဲ့ အိပ်ရာတွေကို သန့်ရှင်းသပ်ရပ်အောင်လုပ်ထားပေးပါတယ်။ အခန်းတံခါး မရှိပါဘူး။ အိမ်ကနေ ရေကန်ရဲ့ တပိုင်းတစကိုလှမ်းမြင်နေရတယ်။ ရေချိုးခန်း၊ အိမ်သာကို အပြင်ဖက်မှာအဆောင်တဆောင် ထုတ်ထားပြီး ယောကျာင်္းလေး မိန်းခလေး တဖက်ကို လေးခန်းလောက်ရှိမယ်။ ရေပူပါရတာမို့ အေးနေတဲ့ ရာသီဥတုမှာ အတော်လေး အဆင်ပြေတယ်။




ရေမိုးချိုးပြီးတာနဲ့ အိမ်ရှင်တွေက ထမင်းဝိုင်းပြင်နေပြီ။ အိမ်ရှင်ရဲ့ မြေးကလေးက ချစ်စရာလေးမို့ ကလေးကို ချီပွေ့မြူရင်း ထမင်းဝိုင်းပြင်တာကို ငေးနေမိတယ်။ သူတို့ဓလေ့ထုံးစံအတိုင်း အိမ်မှာချက်လုပ်ထားတဲ့ ဆန်ဝိုင်တိုက်ပါတယ်။ ပျော်တတ်တဲ့လူမျိုးတွေမို့ တခွက်ပြီးတခွက်လာသောက်ခိုင်းနေတော့တယ်။ ဝက်သားကို ဒေသကထွက်တဲ့ အရွက်တမျိုးနဲ့ ကြော်ထားတာ စားလို့ကောင်းပါတယ်။ အရွက်အနံ့လေးနဲ့ မွှေးနေတာပါပဲ။

စားသောက်ပြီးတာနဲ့ ဝရန်တာမှာ ရေနွေးကြမ်းသောက်ရင် ကိုယ်ကြိုက်တာကိုလုပ်နေကြတယ်။ ခရီးသွားမှတ်တမ်းရေးနေတာတယောက်၊ ဓါတ်ပုံတွေပြန်ကြည့်နေတဲ့ ကျနော်က တယောက်၊ တယ်လီဖုန်းနဲ့ အလုပ်ရှုပ်နေတာ တယောက်ဆိုတော့ တိုးဂိုက်ကို စ စရာတကွက်ရသွားတော့တယ်။ ကျနော်တို့ ဘာအလုပ်လုပ်ကြလည်းဆိုတော့ မှတ်တမ်းရေးနေတဲ့တယောက်က စာရေးတယ်၊ ကျနော်က ဓါတ်ပုံရိုက်တယ်၊ နောက်တယောက်ကတော့ စီးပွားရေးလုပ်ငန်းရှင်ဆိုပြီး နောက်ခဲ့ကြတယ်။

တခြားအဖွဲ့တွေ မီးပုံပွဲလုပ်တာငေးကြရင်း မကြာခင်မှာ အိပ်ငိုက်လာကြတယ်။ ညဥ့်နက်မှ ဧည့်သည်တချို့ ရောက်လာကြပုံရပြီး ဆူညံနေတာကြောင့် တခြားအခန်းက တိတ်တိတ်နေကြဖို့ အော်တဲ့အသံကြားရင်း အေးစက်နေတဲ့ ညကို ကျော်ဖြတ်ရပါတယ်။

မနက်မိုးလင်းတော့ ကျနော်တို့အတွက် ပန်ကိတ်လုပ်ပေးထားပေမယ့် ခေါက်ဆွဲပြုတ်ပူပူလေးကို အားလုံးက စားချင်ကြတယ်။ ဒါနဲ့ တိုးဂိုက်က ကျနော်တို့အတွက် ခေါက်ဆွဲပြုတ်မှာပေးပါတယ်။ ပန်ကိတ်ထက် ခေါက်ဆွဲပြုတ်ကို အားသာနေတဲ့ ကျနော်တို့ကိုလည်း သူအထူးအဆန်းဖြစ်နေမှာ.

အိမ်ရှင်တွေကို နှုတ်ဆက်ပြီးတဲ့အခါ ကျနော်တို့ ခရီးဆက်ကြတော့မယ်။ Home Stay ဆိုပေမယ့် ဟိုတယ်နဲ့ မခြားတဲ့ ဝန်ဆောင်မှုတွေနဲ့မို့ ကျေးဇူးတင်ကြောင်းပြောရင်း Ba be Lake ကနေ ထွက်ခွာလာကြရပါတယ်...

17 May 2017

ချန်ဒီ ကြက်သို့ နဲ့ဆူခို့




နောက်နေ့မနက် ချိန်းထားတဲ့အချိန်မှာ ကားဆရာက ဟိုတယ်မှာ အသင့်လာစောင့်နေတယ်။ ဒီနေ့ အစီအစဉ်က ချန်ဒီကြက်သို့ နဲ့ ဆူခို့ပါ (Candi Cetho & Candi Sukuh) ။ သွားတဲ့လမ်းက သိပ်သာယာပါတယ်။ တောင်တန်းတခုကို ကွေ့ပတ်ပြီးသွားရပြီး လက်ဖက်ခင်းတွေကြားမှာဆိုတော့ တကယ့်ကို အသက်ရှူမှားစေတဲ့ ရှုခင်းပါပဲ...






ချန်ဒီ ကြက်သို့ကို ဘာလီက ဟိန္ဒူဘုရားပုံစံအတိုင်းတည်ဆောက်ထားပြီး ဝင်ပေါက်ကနေ တံခါးအဆင့်ဆင့်ကို ဖြတ်ကျော်ရတာတော့ တမူထူးခြားလို့နေပါတယ်။ ဘာလီကလိုကျောင်းဆောင်နဲ့ မြက်မိုးလေးတွေအပြင် တခြား စေတီအဆင့်ဆင့်တွေကို တောင်တလျှောက် တည်ထားခဲ့တယ်။ ဒီအရပ်ဒေသမှာ ဟိန္ဒူဘုရားတည်ထားကိုးကွယ်တဲ့ နောက်ဆုံးသော အဆောက်အဦးတွေဖြစ်ပါတယ်။ ၁၅ရာစုနှစ်မှာ တည်ခဲ့တယ်လို့ မှတ်ယူကြပါတယ်။ ၁၆ရာစုနှစ်မှာ ဂျာဗားတကျွန်းလုံး အစ္စလာမ်ဘာသာကို ကူးပြောင်းသွားခဲ့တာကြောင့်ပါပဲ။




နောက်ထပ်စေတီကတော့ ချန်ဒီဆူခို့ပါ။ ဂျာဗားကျွန်းတကျွန်းလုံးက စေတီတွေထဲမှာ ထူးခြားတဲ့ တည်ဆောက်ပုံရှိပါတယ်။ အဓိက စေတီရဲ့ တည်ဆောက်ပုံက ပိရမစ်ပုံဆန်တဲ့ မာယာခေတ်စေတီပုံဖြစ်နေပါတယ်။ လှေခါးကနေ အပေါ်ကိုတက်သွားလို့ ရတဲ့ထူးခြားတဲ့ ဗိသုကာလက်ရာပါ။









ဘေးပတ်ဝန်းကျင် အပြိုအပျက်တွေကြားမှာ ပြန့်ကျဲနေတဲ့ အရုပ်တွေကိုတွေ့နိုင်တယ်။ ပါရာဘန်နန်းမှာလည်း ဒီလိင်မှု အရုပ်တွေကိုတွေ့နိုင်ပေမယ့် ဒီမှာတော့ ရုပ်ထုအကြီးကြီးတွေထုပြီး ပိုမိုထင်သာ မြင်သာရှိစေခဲ့တယ်။ လိင်မှုပညာပေးဆိုတဲ့ ဦးတည်ချက်နဲ့ ဒီစေတီကို တည်ထားခဲ့တာလို့ မှတ်ယူရပါတယ်။



ဒီစေတီနှစ်ဆူရဲ့ အပြန်မှာ မရောက်ဖြစ်သေးတဲ့ မန်ကုနဂါရမ်နန်းတော်ကို ဝင်ဖို့လုပ်တယ်။ ကံမကြုံတော့ အဲ့ဒီနေ့ နန်းတော် ဝင်ခွင့်ပိတ်ရက်ဖြစ်နေပါတယ်။ ဒါနဲ့ ငါးမရ ရေချိုးပြန်ဆိုပြီး နန်းတော်အနားက အိုမားဆင်တန်(Omah Sinten) ရိုးရာစားသောက်ဆိုင်မှာ ဝင်စားကြတယ်။ နေကပူတာမို့ လိမ္မော်ရည်တခွက်မှာသောက်ပြီး ရင်အေးအောင် ထိုင်ရတယ်။ ရိုးရာကြက်သားဟင်းနဲ့ ထမင်း၊ ဟင်းရွက်စုံဟင်းချိုက သောက်ကောင်းတာမို့ နှစ်ခွက်ဆင့်သောက်မိခဲ့တယ်။ 

ညစာစားပြီး ဟိုတယ်ကို ပြန်လိုက်ပို့ပေးတယ်။ နောက်နေ့ မနက်ဆို ဆိုလိုမြို့ကနေ ပြန်ရတော့မယ်။ အဲ့ဒီအချိန်ထိ ကျနော်က ဆိုလိုကို နောက်ထပ်တခေါက် လာဖြစ်ဦးမယ်လို့ မသိခဲ့သေး.........