Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

06 September 2010

အိုင်ဖုန်းသုံးစွဲသူများအတွက် iMyanmar



တိုးတက်လာတဲ့ နည်းပညာနောက်မှာ ကျနော်တို့လည်း တောက်လျှောက် တရွတ်တိုက်ပါနေကြတယ်။ ထွင်သူက ထွင်တယ်. ပြင်သူက ပြင်တယ်။ အိုင်ဖုန်း သုံးစွဲသူ များလာတဲ့အထဲမှာ ကျနော်တို့ မြန်မာတွေလည်း တနေ့ထက်တနေ့ များသည်ထက် များလာပါလိမ့်မယ်။

ပထမဆုံး 3GS OS 3.1.2 တုန်းက Jailbreak လုပ်ပြီး ဂိမ်းတွေ မြန်မာစာတွေ ထည့်သွင်းအသုံးပြုကြတယ်။ ဒါပေမယ့် ဖုန်းဘက်ထရီ ကုန်သွားခဲ့ရင် ဖုန်း shutdown ကျသွားရင် ကွန်ပြူတာနဲ့ ပြန်လည် ချိတ်ဆက်ဖို့ လိုအပ်နေပြန်တယ်။ ခရီးသွားလာနေတုန်းဆို ကွန်ပြူတာနဲ့ ဝေးကွာနိုင်တာမို့ ဘက်ထရီ အကုန်မြန်တဲ့ ဒီဖုန်းနဲ့က သိပ်အဆင်မပြေလှဘူး။ သုံးစွဲသူတွေကို နောက်ဆံတင်းစေခဲ့တယ်လို့ ဆိုနိုင်တယ်။

သိပ်မကြာပါဘူး ဖုန်း ဆော့ဖ်ဝဲအသစ်တွေ ထပ်ထွက်လာတယ်။ အမှတ်မထင်ပဲဖြစ်ဖြစ် အမှတ်တမဲ့ပဲဖြစ်ဖြစ် ဆော့ဖ်ဝဲတွေ update လုပ်လိုက်မိရင် Jailbreak လုပ်ထားတာ ကုန်သွားပါရော။

တစ်တောင်ထက် တစ်တောင်မြင့်မြင့်လာတဲ့ ဒီခေတ်ကြီးမှာ ဆော့ဖ်ဝဲအသစ်တွေကို ကျော်ဖြတ်နိုင်တဲ့ Jail break တစ်ခုထွက်လာပြန်တယ်။ ဒီတခေါက်တော့ ဖုန်းပိတ်သွားခဲ့ရင် ကွန်ပြူတာနဲ့ ပြန်လည်ချိတ်ဆက်စရာ မလိုအပ်တော့တာတွေ့လာရတယ်။

ဒါပေမယ့် အိုင်ဖုန်း Jailbreak လုပ်ဖို့ မလုပ်ဖို့ဆိုတာလည်း ဖုန်းပိုင်ရှင်တွေက စဉ်းစားနေကြဆဲ။ warranty ကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းအချက်တစ်ခုတည်းနဲ့ မလုပ်ဖူးလို့ ငြင်းဆိုသူတွေလည်း ရှိတယ်။ မိမိကိုယ်တိုင် မလုပ်တတ်လို့ ဒါမှမဟုတ် အခကြေးငွေပေးပြီး လုပ်ရမှာဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနောက်မှာ အိုင်ဖုန်းကိုင်ဆောင်ပြီး Jailbreak မလုပ်သူတွေ အများအပြားရှိနေပါသေးတယ်။

နောက်တစ်ခေါက် ဆော့ဖ်ဝဲ ဗားရှင်း အသစ်ထွက်လာပြန်တယ်။ OS 4 နောက်ပိုင်းမှာ Jail break လုပ်ရင် မြန်မာလို မြင်ရပေမယ့် မြန်မာလို ရိုက်လို့ မရပြန်ဘူး။

အဲ့ဒီကြားထဲကမှ iPhone4 က ဈေးကွက်လိုအပ်ချက်အရ ပေါ်ထွက်လာခဲ့တယ်။

ပြီးတော့ iMyanmar… တနေ့ကတော့ တွေ့လိုက်တယ်။ ကိုယ်နဲ့ အကျွမ်းမဝင်သလိုပဲ မသိလိုက်မသိဖာသာ နေမိတယ်။ ဒီနေ့တော့ ကိုယ်နဲ့ ထိတွေ့လာရပြီ။ တီထွင်သူတွေကိုလည်း (itune မှာတော့ Alfred Thet လို့တွေ့ရပါတယ်) ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောချင်ပါတယ်။

အိုင်ဖုန်းတွေကို Jailbreak မလုပ်ပဲ မြန်မာစာ ဖတ်ရှုဖို့ iMyanmar ကို intalll လုပ်လိုက်ရုံပါပဲ။ iMyanmar ကို itune မှာ အလကား ရယူနိုင်ပါတယ်။

ဖုန်းကို Jailbreak မလုပ်ပဲ မြန်မာလို ဖတ်ရှုလိုသူတွေအတွက် လိုအပ်တဲ့ application တစ်ခုပါပဲ။ ကျနော်စမ်းသပ်သုံးစွဲကြည့်သလောက်တော့ မြန်မာလို ရိုက်ဖို့ keyboard မတွေ့မိသေးဘူး။ ပြီးတော့ iMyanmar ကို ထည့်သွင်း ဖို့ OS ဗားရှင်းက 4နှင့်အထက်ဖြစ်ရပါမယ်။

မြန်မာစာချစ်သူ အားလုံး iMyanmar ကျေးဇူးနဲ့ မြန်မာလို မြင်ရပြီပေါ့ဗျာ………..


ပုံများကို သက်ဆိုင်ရာ webstie မှ ကူးယူထားခြင်းဖြစ်ပါသည်။

26 January 2010

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး

မနေ့က အလုပ်ထဲမှာ မေးလ်တစ်စောင် ဖော်ဝပ်လုပ်ပါတယ်။ ဂျူရောင်းကျွန်းမှာ ပေါက်ကွဲမှုကြောင့် လူနှစ်ယောက်သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်ထဲကို မ၀င်ခင် သတိထားဖို့ အသိတရားဖြင့် ဆင်ခြင်နိုင်ဖို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆက်စပ်တွေးတောမိသွားပြန်ပါတယ်………..

များသောအားဖြင့် PPE (Personal Protective Equipment) တွေ ၀တ်ဆင်ရခြင်းကို အလုပ်ပိုတွေလို့ သတ်မှတ်ကြပါတယ်။ ကျနော်တို့တွေကိုက ပေါ့ပေါ့ဆဆနေတတ်တာပဲလား မေ့မေ့လျော့လျော့ ဒါမှ မဟုတ် လူ့သဘာဝပဲလား မပြောတတ်ပါဘူး။ ဒါကြောင့် Safety Officer တွေပေါ်လာတာဖြစ်မှာပါပဲ။

ကျနော့အရင်အလုပ်က စားသောက်ကုန်ထုတ်ပါတယ်။ ISO9001, ISO4001, ISO22000 အပြင် 5S ဆိုတာကိုပါ လိုက်နာကျင့်သုံးရပါတယ်။ ထုတ်လုပ်ရေး ၀န်ထမ်းအားလုံး Safety Shoes မစီးမနေရ။ လုပ်ငန်းခွင်အတွင်း PPE အဖြစ် မျက်မှန်၊ နားကြပ်တို့ကို တပ်ဆင်ရပြီး ဝန်ထမ်းအားလုံး ရေမွှေးဆွတ်ခြင်း၊ သနပ်ခါးလိမ်းခြင်း ခွင့်မပြုပါဘူး။

သို့ပါသော်လည်း ကျနော်တို့ အလေ့အကျင့်အတိုင်း Safety rules ကို မလိုက်နာကြတာများပါတယ်။ များသောအားဖြင့် ပိုးသတ်စက်ကအထွက် နဲ့ ကုန်ချောထည့်သွင်းတဲ့နေရာတွေမှာ ပုလင်းတွေ ပေါက်တာများပါတယ်။ အဲ့ဒီနေရာက နေ့စားတွေ ဝန်ထမ်းတွေ အားလုံးကို သတိထားဖို့ PPE တွေ တပ်ဆင်ဖို့ အမြဲသတိပေးရပါတယ်။ သူတို့တွေကလည်း လစ်ရင်လစ်သလို နောက်လှည့်လိုက်တာနဲ့ ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းပါပဲ။ သူတို့အတွက်ပြောနေတယ်လို့ကော သူတို့ မသိပါဘူး။ အတင်းကြပ်တာပဲ စာအုပ်ကြီးအတိုင်းပဲလို့ ကျနော့ကို နောက်ကွယ်မှာ ပြောလေ့ရှိတာ ပြန်ကြားရတော့ စိတ်ထဲမှာ မကောင်းပြန်ဘူး။ ဒါပေမယ့် လျှော့လို့မရတော့ ခပ်တင်းတင်းပဲ နေဖြစ်ပါတယ်။

ပုလင်းကောက်တဲ့နေရာက နေ့စားလေးတွေမှာ လက်အိတ်မရှိတော့တာ၊ အလုပ်ချိန်အကူးအပြောင်းမှာ မျက်မှန်မတတ်တာတွေကို line supervisor တွေက မစစ်ကြပါဘူး။ တစ်ရက်ကျနော် လိုင်းထဲဆင်းတော့ သူတို့အားလုံး မျက်မှန်တစ်ယောက်မှ မပါဘူး။ ကဲ လိုင်းကို ရပ်ပါဆိုတော့ အားလုံးက အစ်ကိုဘာဖြစ်လို့လဲတဲ့။ အကုန်အခန်းထဲဝင်ဆိုပြီး စိတ်ကလည်းတိုတိုနဲ့ ကဲ ဓါးတစ်ချောင်း ငါ့ကိုပေးလို့ မင်းတို့အားလုံးတန်းစီ။ မင်းတို့ တစ်ဆိုင်းဆင်းခ ဘယ်လောက်ရသလဲ။ အဲ့ဒီ လခ နှစ်ဆ ငါပေးမယ် မင်းတို့မျက်လုံးတွေ ငါ့ဆီထားခဲ့ကြ ဘယ်လိုလဲလို့။


တကယ်တော့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဆိုတာ အစားပြန်မရနိုင်တာ များပါတယ်။ နောက်ပိုင်းခေတ်မှီတိုးတက်ရင်တော့ မပြောတတ်ဘူးပေါ့။ ဘယ်အချိန်ပုလင်းတွေ ထကွဲမယ်မှန်းမသိတာကို အကာအကွယ်မယူပဲ ဒီငွေကြေးလေးအတွက် အလုပ်လုပ်နေကြတာ မဖြစ်သင့်ဘူးလေ။ တကယ်ဆို ဒီပစ္စည်းတွေ မပါပဲ အလုပ်လုပ်ခွင့်လည်း မရှိဘူး။ ဒါပေမယ့် ဖြစ်သလိုလုပ်နေကြဆိုတော့ အကျင့်တွေကပါ။ ဟိုလူ့လက်ညိုးထိုး ဒီလူ့လက်ညိုးထိုး နေကြတာမို့ အလုပ်ဖြစ်ပြီးရော မျက်စိမှိတ်နေကြတာက ပုံမှန်ကိုး။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လိုင်းထဲမှာ ရှိတဲ့ panel key တွေကို လည်းဖျောက်ပစ်ကြပြန်တယ်။ ပြီးတော့ သံချောင်းတွေနဲ့ဖြစ်သလိုလုပ်ထားတဲ့ panel key တွေနဲ့ ဖွင့်လိုက်ကြတာ panel key slot တွေကို ပိန်လိန်လို့။ စက်တွေထဲမှာတပ်ဆင်ထားတဲ့ safety sensor တွေကိုလည်း ပြင်ရင်း ပြင်ရင်း bypass လုပ်လိုက်ကြတာ နောက်ဆို စက်ထဲလူရောက်နေတာတောင် စက်တွေက မရပ်တော့ဘူး။ conveyor တွေမှာတပ်ထားတဲ့ sensor reflection ပြားတွေလည်း သူတို့စက်ဘီးမှာ တပ်ဖို့ ဖြုတ်သွားကြသေးတယ်။ လိုင်းတခါလည်ခါနီးတိုင်း အဲ့ဒီ reflector ပြားတွေကိုလိုက်ရှာရ။ နှစ်လိုင်းပဲရှိတာမို့ တစ်လိုင်းလည်ရင် နောက်တစ်လိုင်းဆီကနေ ကူးပြောင်းကြပါတယ်။ နောက်ပိုင်းတော့ VLC တွေကိုပါ ကူးပြောင်းရတဲ့အထိ ဖြစ်ကုန်တယ်။

သူတို့ ဂရုတစိုက်နေတဲ့အချိန်က Accident တစ်ခုခု ဖြစ်ပြီးကာလလေးပါပဲ။ နောက်တော့လည်း ဒုံရင်း ပြန်ရောက်သွားကြတယ်။ လက်ကို ပုလင်းကွဲရှတာလည်း ခဏခဏပဲါ။ ဒါ့အပြင် ကံကောင်းလို့ မျက်စိမပစ်လိုက်ရတာလည်း ရှိပါသေးတယ်။ Labeling machine အဝင်နားမှာ ပုလင်းတွေကို တစ်လုံးချင်းဆီ ပြန်စီပစ်ပါတယ်။ ပုလင်းတွေက ကြပ်ကြပ်နေတတ်တာမို့ label operator က သွားပြီး ထုတ်ထုတ်ပေးရတတ်တယ်။ ကျနော် ညဖက် အဆင်းကျတဲ့ညမှာ ကိုယ်တော်က မျက်မှန်မတပ်ပဲသွားအထုတ် ပုလင်းကအကွဲ။ မျက်လုံးအောက်ဖက်နား နှစ်ချက်လောက်ထိသွားခဲ့တာ။ ရုံးက Standby ဆိုတဲ့ကားနဲ့ ညဖက်ဖွင့်တဲ့ဆေးခန်းကို ပြေးရတော့တာပါပဲ။ မျက်လုံးနားရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ဖြစ်ခဲ့တဲ့အချိန်လေးပဲ ဒီကိုယ်တော်က ကြောက်နေခဲ့တာ။

ဘာဖြစ်လို့လဲဆိုတော့ နောက်နှစ်လလောက်အကြာမှာ စက်ထဲကို လက်ထည့်ပြီး စက်ကိုလည်လိုက်တာမို့ ကျေးဇူးရှင်ရဲ့ လက်ချောင်းက လက်တစ်ဆစ် ပါသွားပြန်ပါရောလား။

သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ကျန်တဲ့သူတွေလည်း ဖြစ်လိုက်တဲ့ခဏပဲ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကြတာမျိုးပါ။ တစ်လလောက်အကြာတော့ မေ့သွားကြပြန်ရော။ သူတို့အားလုံး အမြဲသတိရှိအောင် Accident နေ့တိုင်းဖြစ်ပေးရမလိုပါပဲ။

ကျနော့မိတ်ဆွေစာဖတ်သူများလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ကြဖို့၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာကြဖို့ အသက်ကိုဥာဏ်စောင့်ဆိုတဲ့အတိုင်း သတိဝီရိယဖြင့် လုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော် သတိပေးလိုက်ပါတယ်ခင်ဗျာ…………

16 September 2009

မျှဝေခြင်းနှင့် စပ်လျဉ်း၍

အစားကောင်းစားရင် ချစ်သူခင်သူတွေကို သတိရသတဲ့။ သိပ်မှန်တဲ့စကား မေကဆို ငါ့သားလေး စားစေချင်လိုက်တာဆိုတာ တဖွဖွ ရွတ်နေတတ်တာလေ။ သားကြိုက်တဲ့ဟင်း သားကြိုက်တဲ့ မုန့်နဲ့ပေါ့။ ဒီလိုပါပဲ မိတ်ဆွေတွေမှာလည်း ကော်ဖီသောက်ရင်း ကော်ဖီကြိုက်တဲ့ သူတွေကို သတိရ၊ ဂဏန်းစားရင်း ဂဏန်းစားတဲ့ သူတွေကို သတိရ၊ ခရီးသွားရင်း သူတို့တွေ ပါရင်ကောင်းမှာလို့ တမ်းတမ်းတတ ရှိတတ်ကြတယ်။

စာပေတွေ ဖတ်တော့လည်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဖတ်စေချင်ပြန်ရော။ ကျနော် ဘာကြောင့်စာအုပ်တွေ ၀ယ်စုသလဲဆိုတာ အရင်းခံက မျှဝေချင်လို့ပါ။ စုဆောင်းထားသမျှကို ကျနော်တစ်ယောက်တည်းသာ ခံစားနေရင် အကျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော့ စာအုပ်တွေကို ခင်မင်ရင်းနှီးတဲ့သူတွေကို ငှားတတ်ပါတယ်။ မျှဝေခြင်းရဲ့ အကျိုးအပြစ်တွေလည်း ရှိတာပေါ့ဗျာ။ ငှားသွားတဲ့ သူတွေထဲမှာ စာအုပ်တွေကို သေသေချာချာ ကိုယ်တွယ်ဖတ်ရှုတဲ့သူပါသလို၊ စာအုပ်တွေ ပျက်စီးအောင် ကိုယ်တွယ်တတ်တဲ့သူတွေလည်း ပါတတ်ပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မျှဝေမှုကို ကျနော်ဆက်လက်လုပ်နေခဲ့ပါတယ်။

တကယ်တော့ မျှဝေမှုဆိုတာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါပဲ။ ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုကို မိုးလင်းလို့ ကျနော် email ဖွင့်တိုင်း တွေ့ရတတ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေက ဟိုကစာ၊ ဒီကစာ၊ ဖတ်လို့ကောင်းသမျှ၊ နားထောင်လို့ကောင်းသမျှ၊ သတင်းထူး၊ ဖြစ်ရပ်ဆန်း၊ ဒါလေးတွေသိသင့်တယ်၊ ဒါမျိုးတွေရှောင်ရမယ် ဆိုတဲ့ စာလေးတွေက ပို့ထားကြတယ်လေ။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ကျနော်ကိုယ်တိုင်လည်း ဖတ်သင့်တာဖတ် မှတ်သင့်တာ မှတ်ပြီးရင် လာထား contact list ထဲက လူကုန် select all လုပ်ပြီး forward လုပ်ချလိုက်တာပေါ့။

အရင်ရုံးမှာတုန်းကဆို တနေ့ကို ကျနော့ဆီက စာ ၅စောင်လောက် ပို့နေကျလေ။ ကျနော် ပို့တတ်တာက အပြင်mailက ကောင်းနိုးရာရာလေးတွေ ပြီးတော့ NGO သူငယ်ချင်းတွေဆီက Vacancy လေးတွေပါပဲ။

နောက်တော့ ဘလော့လေးတစ်ခုဆောက် စာတွေရေးဖြစ်တယ်။ ဘလော့လေးရဲ့ အစမှာ forward ကရတဲ့ တစ်ချို့ စာလေးတွေ တစ်ချို့ ဗီဒီယို ဖိုင်လေးတွေ တစ်ချို့ ကာတွန်းလေးတွေကို တင်မိတယ်။ စာလေးတွေနဲ့တွဲပြီး ပုံလေးတွေတင်ဖို့ ကြိုက်လို့ စုဆောင်းထားတဲ့ ဓါတ်ပုံလေးတွေကို သုံးမိခဲ့တယ်။ အဲ့ဒီအချိန်က copy right ဆိုတာ မသိခဲ့ဘူး။ စာရေးသူတစ်ယောက်ရဲ့ ခံစားချက်ကို တိတိကျကျ မသိနိုင်ခဲ့ဘူးလေ။

နောက်ပိုင်း အမပန်ဒိုရာတို့ တစ်ခြားစာရေးသူတွေရဲ့ စာတွေကို ဖတ်ရတယ်။ ပြီးတော့ ကျနော့စာတွေကို တစ်ခြားဆိုဒ်တစ်ခုမှာ ခွင့်မတောင်းပဲ ဖော်ပြခံခဲ့ရတဲ့ အချိန်မှ နားလည်လာခဲ့ရတယ်။ လက်သည်းဆိတ်မှ လက်ထိပ်နာတတ်တာပါကလား။

နားလည်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်သိပ်ကြိုက်လို့ forward လုပ်ချင်ရင် google ထဲကနေ မူရင်းစာရေးသူရဲ့ လင့်ကိုရှာပါတယ်။ ပြည်တွင်းမှာ မလွယ်ပင်မယ့် ပြည်ပကလူတွေအတွက် လွယ်ပါလိမ့်မယ်။ ခေါင်းစဉ်ကို မြန်မာလို ရိုက်ထည့်လိုက်ရုံပါပဲ။ ရှာတွေ့တဲ့လင့်နဲ့တကွ စာရေးသူရဲ့ အမည်ကိုပါ ထည့်ပြီး pdf ကိုပြောင်းပါတယ်။ ပြီးမှ forward လုပ်လိုက်တယ်။ word ဖိုင်ဆိုရင် ကူးယူဖော်ပြရတာ သိပ်လွယ်လွန်းသလားလို့ပါ။ ဒါပေမယ့် pdf ကိုလည်း ပြင်လို့ရတာမို့ တကယ်တမ်းတော့ ထိရောက်တယ်မဆိုနိုင်ပါဘူး။ လုပ်ချင်သပ ဆို လုပ်လို့ရတဲ့ နည်းတွေ အများကြီးလေ။

ပြီးတော့ စာရေးတဲ့သူအချင်းချင်း forward လုပ်ခဲ့လို့ မူရင်းစာရေးတဲ့သူကို ဖော်ပြထားခြင်းမရှိခဲ့ရင်၊ မနေနိုင်မထိုင်နိုင် စာရေးပြီး အထက်ကနည်းကို သုံးဖို့ စာပြန်မိတတ်တယ်။ တစ်ချို့လည်း လက်ခံသလို တစ်ချို့လည်း စာအရှည်ကြီးပြန်လာတယ်။ တစ်ချို့ကလည်း နောက်မပို့တော့ဘူးဆိုပြီး ဘာမှကို ပြန်မပြောတော့ဘူး။ ဟုတ်တော့လည်း ဟုတ်သား စေတနာနဲ့ပို့ကာမှ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့ ဆရာပြန်လုပ်နေတာကိုးနော့။

များသောအားဖြင့် ကြုံတွေ့ကြရတာက forward mail ကနေ ရတဲ့စာတွေမို့ မူရင်းစာရေးသူတွေ ပျောက်သွားတတ်တာပါ။ forward mail ကရတဲ့စာမို့ ကြိုက်နှစ်သက်စွာ ပြန်လည်ဖော်ပြတတ်ကြပါသေးတယ်။ မူရင်းစာရေးသူက ဘယ်သူမှန်းမသိနိုင်လောက်အောင် များပြားလှတဲ့ ပို့စ်တွေကိုလည်း တွေ့ရပါလိမ့်မယ်။ တစ်ယောက်အစ တစ်ရာအဆုံးဆိုတော့လည်း ခက်သားနော်။

forward email နဲ့ပတ်သတ်ပြီး နောက်တစ်ခုကတော့ BCC ပါပဲ။ contact list ထဲက ပါသမျှလူအကုန်ဆိုတော့ email သုံးတဲ့ကာလ ကြာမြင့်မှုကို လိုက်ပြီး လူတွေကအများကြီးနေမှာ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သိကြတာမဟုတ်။ ပတ်ဝန်းကျင်မတူတဲ့ ဒေသမတူတဲ့ သူတွေလေ။ တစ်ချို့ကလည်း အပေါင်းအသင်း မိတ်ဆွေ ပေါစေလိုကြောင်း၊ တစ်ချို့ကလည်း စကားပြောဖို့၊ တစ်ချို့ကလည်း ခေတ်မှီအောင်လို့၊ တစ်ချို့ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ Gtalk ဆိုတဲ့အပိုင်း မှာ invite လုပ်လာကြပြန်ရော။ အရင်တုန်းကတော့ လက်ခံစကားပြောဖြစ်တယ်။ တစ်ခေါက်ကနေ တစ်ခေါက် တစ်ယောက်ကနေ တစ်ယောက် စကားပြော အဆင်မပြေတာတွေ တွေ့လာရပြန်တယ်။ လူချင်းမရင်းနှီးတဲ့အပြင် မျက်နှာချင်းဆိုင်ပြီး စကားမပြောရတဲ့နောက် ဘာမျက်နှာမှ ထောက်ထားစရာမလိုတော့ ပြောချင်တာတွေ ပြောကြပြီပေါ့။ သူတို့ကိုလည်း အပြစ်မဆိုတော့ပါဘူး။ ကြီးကျယ်တာတော့ မဟုတ်ပါဘူးဗျာ နောက်ထပ် ကိုယ်မသိတဲ့ account တွေဆို လက်မခံတတ်တော့ဘူး။ ရင်းနှီးတဲ့သူတွေကိုတော့ forward mail လုပ်ရင် BCC သုံးပေးပါလို့ ပို့မိပြန်ရော။ ဆရာလုပ်မိပြန်ပြီနော်…အဲ့ကတည်း forward ပို့တဲ့ list ထဲကနေ ကျနော့ကို ဖျက်ပစ်လိုက်ရော။ အဟဲ အောင်မြင်တာ…

မျှဝေခြင်းဖြင့် ကျနော်တို့ မသိခဲ့တာ သိသင့်သိထိုက်တာ ဆောင်ရန်ရှောင်ရန်တွေ သိလာရပါတယ်။ မျှဝေချင်တဲ့ စိတ်ကောင်းစေတနာကောင်းလေးနဲ့ လုပ်နေကျ မျှဝေခြင်းတွေ လုပ်ကြပါ။ ပြီးတော့ သင့်တော်မှန်ကန်တဲ့ မျှဝေခြင်းတွေဖြစ်ဖို့ကိုလည်း ကြိုးစားပေးကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ……………….

23 June 2009

အမှောင်ခွင်း၍ အလင်းဆောင်အံ့

မနေ့က ကိုဆန်းဝင်းကျောက်ပန်းတောင်းရဲ့စာမရွှေပြည်သူရဲ့စာ တွေကိုဖတ်ရင်း ဒီအတွေးကိုရပါတယ်။

ကျနော်ငယ်ငယ်တုန်းက စာကြည့်တိုက်ဆိုတဲ့စကားလုံးကို မယဉ်ပါးခဲ့ရပါဘူး။ လေးတန်းတုန်းက အန်တီလေးကျောင်းမှာ ဖတ်ခဲ့ရတဲ့ သုတရတနာသိုက်ဆိုတဲ့စာစောင်တွေ ကျောင်းသားတွေဖတ်ရှုသင့်တယ်လို့ထင်မိတယ်။ စက်ရုံစာကြည့်တိုက်ဆိုတာ ကျနော် ရှစ်တန်းရောက်မှပေါ်ပေါက်ခဲ့တာပါ။ နံရံကပ်စာစောင်တွေ ၀တ္ထုတိုတွေ ဆောင်းပါးတွေ ကဗျာတွေ ဆိုတာ စာကြည့်တိုက်မှူး ဦးဇော်ကြီးတို့ကြောင့်ဖတ်မိဖြစ်ခဲ့တာ။

အလယ်တန်းအထိ ကျောင်းစာကြည့်တိုက်ဆိုတာ မရှိခဲ့ပါဘူး။ ကိုးတန်းရောက်မှ အထက်မင်းလှ အထက်တန်းကျောင်းမှာ စာကြည့်တိုက် အသင်းဝင် ဖြစ်ခဲ့ပါတယ်။ ပထမဆုံးဖတ်ဖြစ်တဲ့စာအုပ်က နာခံတော်ဆိုတဲ့ စာအုပ်ပါ။

တက္ကသိုလ်ကျောင်းသားဘ၀ စာကြည့်တိုက်ဆိုတာ ဘယ်နားနေမှန်းတောင်မသိခဲ့ပါဘူး။ ငှားရစကောင်းလည်းမထင်မိတာပါ, ပါတယ်။ နောက်ဆုံးနှစ်မှာ ဆရာ ဦးကလင်မန့်ကြောင့်သာ အင်တာနက်ဆိုတာနဲ့ မိတ်ဆက်ခဲ့ရတယ်။ အင်တာနက်ဆိုတာ ပင်လယ်ပြင်ကြီးလို ကျယ်လှပါလားလို့ ရေအိုင်ထဲက ဖားသူငယ်မှာ မျက်လုံးအပြူးသားပေါ့။

အမျိုးသားစာကြည့်တိုက်ကို အလုပ်ကိစ္စနဲ့ရောက်ခဲ့ဖူးတယ်။ ဆောက်လက်စတုန်းကပါ။ အခုတော့ အဲ့ဒီနေရာမဟုတ်တော့ပြန်ဘူးပေါ့။ စာအုပ်စာရင်းကို အံဆွဲလေးထဲက ထုတ်ကြည့်ပြီး တကယ့်ကို အားရပါးရရှိလှပါတယ်။ များပြားလှတဲ့စာအုပ်စာရင်းနဲ့တင် ဖျားသွားခဲ့တာ။ အိမ်နားနီးနီးမှာ ဆိုကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့သေးတယ်။

နောက်တော့ ၂၄နာရီ ထုတ်လုပ်ရေး လုပ်ငန်းထဲမှာ လုပ်ဖြစ်ခဲ့တယ်။ အလုပ်ထဲ ၀င်ပြီဆိုတာနဲ့ ပြင်ပနဲ့ အဆက်အသွယ်ပြတ်သွားရောလေ။ အလုပ်ကို အသွားအပြန်ကြာချိန်က တစ်နေ့သုံးနာရီ။ အိမ်ပြန်ရောက်တော့ အိပ်မိပြန်ရော။ မြို့ထဲနေရင်တော်ပါရဲ့ အလုပ်နားနီးတဲ့ ရွာမှာနေလို့ကတော့ သေချာတယ် မျက်စိပိတ် နားပိတ်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်မလား သူတို့ပြထားတဲ့ ဗွီဒီယိုဆိုတာတွေကြည့်မလား။ ဒါ့အပြင် ဘာမှ မမျှော်လင့်နဲ့တော့။ မီးကလည်း မရှိလေ။ ရန်ကုန်မြို့နဲ့ ခရီးမကွာဝေးပေမယ့် မီးမရသေးတဲ့ ရွာကလေးပေါ့။

ဆိုတော့ ထုံးစံအတိုင်း ကျနော်ကမ,တည်တယ်။ နောက်ထပ် လစာတွေထုတ်တော့ ပြားစွန်း(ငါးကျပ်တစ်ဆယ်ပိုတာလေးတွေပါ) HR ကအမ်းတာလေးတွေကိုထည့်တယ်။ လုပ်ဖော်ကိုင်ဖက်တွေကို အလှူခံတယ်။ မန်နေဂျာတွေကို ဓါးပြတိုက်တယ် (သူတို့ကလည်း လခထုတ်ပြီးရင် ကိုယ့်ဆီကတောင်ပြန်လှည့်ချင်ကြတာ၊ အိမ်က ပြန်လမ်းမဲ့ပုံးထဲ ထည့်လိုက်ရလို့ ဘာလို့ပေါ့ဗျာ-ကိုသီဟသစ်ဆို ဒီအကြောင်းပိုသိမယ်ထင်တယ်ဗျ)။ စုဆောင်းရသမျှငွေထဲက အပတ်စဉ်ထွက်တဲ့ ဂျာနယ်လေးတွေ၊ အင်္ဂလိပ်စာ စာစောင်တွေ ၀ယ်ပြီး ကျနော်တို့ ဌာန မီတင်စားပွဲနားမှာ ထားတယ်။ အခုတော့ အဲ့ဒီအလုပ်ကို ဆက်လက်လုပ်နေကြသေးလား ကျနော်မသိတော့ပါ။

အသိဥာဏ်ရင့်သန်စေဖို့၊ ဗဟုသုတတိုးပွားစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ သိစေချင်တယ်။ ကြိုးစားရင် အရာထင်မယ်ဆိုတာ မြင်စေချင်တယ်။ သူများတွေ ဘာလုပ်နေပြီလဲ မိမိနဲ့နှိုင်းယှဉ်စေချင်တယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ်စေချင်ဘူး။ ရလာတဲ့ အသိပညာတွေကို အလုပ်ထဲမှာ ပြန်လည်အသုံးချရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို တည်ဆောက်ချင်တယ်။ ဒါကကျနော့ အတွေးတွေပါ။

ကိုဆန်းဝင်းကျောက်ပန်းတောင်းတို့လို မိမိရပ်ရွာကိုပြန်လည် အကျိုးပြုတာမျိုး တွေများပြားစေချင်မိတယ်။ ကိုတာတို့ မုံရွေးကြေးမုံမှာ စာကြည့်တိုက်တွေ ဖွင့်ကြတော့ အားကျမိတယ်။ စာပေနဲ့ အသိဥာဏ်ရင့်သန်တဲ့ လူငယ်တွေ ပြုစုပျိုးထောင်ကြရင် နောင်တစ်ခေတ်မှာ ရွှေမြန်မာတွေ တကယ့်ရွှေတွေ ဖြစ်မှာမလွဲပါဘူး။

ဒါပေမယ့် တကယ့်ပြင်ပမှာတော့ ပါးရှားနေသေးတယ်။ မှေးမှိန်နေသေးတယ်။ ပျောက်ကွယ်နေပါသေးတယ်။ နိုင်ငံရပ်ခြားကို အလုပ်လာလုပ်မယ့် လူငယ်လူရွယ်တွေဟာ အင်္ဂလိပ်စာကိုလေ့လာသင့်တယ်ဆိုတဲ့ အသိတွေ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဒီကိုလာတဲ့ ခရီးမှာ မလေးမှာ အလုပ်သွားလုပ်မယ့် လူငယ်သုံးယောက်နဲ့ ဆုံဖြစ်ပါတယ်။ သူတို့တွေ အင်္ဂလိပ်စာကို နားကိုမလည်ခဲ့ဘူး။ စာမဖတ်တတ်တင်တာလားဆိုတော့ မဟုတ်ဘူးဗျ စကားပါမပြောတတ်သလို ပြောတာကိုလည်းနားမလည်ခဲ့ပါဘူး။ သူတို့က မလေးကိုမနက်ငါးနာရီမှ ကူးရမှာပါ။ လေဆိပ်ထဲမှာပဲ စောင့်နေရမှာ။ ဒါပေမယ့် ဘုမသိဘမသိဆိုတော့ Immigration မှာ ၀င်တန်းစီးကြတာပေါ့။ သူတို့ ကိုမေးလည်း ဘာမေးမှန်းမသိ။ သူတို့က လည်း ပြန်မပြောတတ်နဲ့ အဲ့ဒီအချိန် ဒုက္ခတွေ့တော့တာပါပဲ။ အနည်းအကျဉ်း white card ဖြည့်နည်းလေးလောက် Immigration officer မေးရင် ဖြေနိုင်လောက်တဲ့ အနေအထားတော့ လေ့လာသင့်တယ်။ စီစဉ်ပေးတဲ့သူတွေကလည်း ပစ္စလက္ခတ်လွှတ်လိုက်ကြတာမျိုးမဟုတ်ပဲ ကိုယ့်အမျိုးအဆွေတစ်ယောက်လို အဆင်ပြေအောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ စာတွေဖတ်ရင်းနဲ့ ဒါမျိုးတွေ ပြင်ဆင်လာသင့်တယ်ဆိုတာလည်း သိလာစေချင်မိတယ်။

အခုလိုမျိုး တစ်နိုင်တစ်ပိုင် လုပ်လာကြမယ်ဆိုရင်ဖြင့် ကိုဆန်းဝင်းတို့ လက်ပန်ကျင်းရွာကလေးကနေ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်ကနေ မန္တလေးတိုင်း၊ မန္တလေးတိုင်းမှသည် နိုင်ငံအတိုင်းအတာအထိ နောက်တော့ မရွှေပြည်ရေးတဲ့ National Library လို စာကြည့်တိုက်တွေ တဖြည်းဖြည်းထွန်းကားလာပါစေလို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်ခင်ဗျာ...

17 June 2009

မြင်စေချင်စမ်းလှသည်

ပိတောက်နွေကဆောင်းပါးလေးပါခင်ဗျာ

ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့သင့်ဘ၀မဂ္ဂဇင်းမှာ ဖတ်ဖူးခဲ့တာကြာပါပြီ။ ၉၈ မြန်မာတစ်နိုင်ငံလုံး အဆင့်ဝင်သူတစ်ယောက်ရဲ့ စာလေး။ စင်ကာပူနိုင်ငံကို ရက်တိုသင်တန်းတစ်ခုမှ သူ့ရဲ့အတွေ့အကြုံ။ အဓိကပြဿနာက လက်တွေ့ပိုင်း အားနည်းမှု နည်းပညာပိုင်းချို့တဲ့မှု စသည်။ အခုလုပ်ငန်းခွင်ထဲတွေအထိ အဲဒီအရိပ်ဆိုးက ထပ်ကြပ်ပါနေတုန်း။ ရှေ့အဆက်ဆက်က အစ်ကိုကြီးအစ်မကြီးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့နေရလေတော့ နောက်တက်ညီငယ်ညီမငယ်တွေကို ဒီအရိပ်ဆိုးအောက်က လွတ်မြောက်ပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ အားလုံးရဲ့အလယ်မှာ မြန်မာဟေ့လို့ မားမားမတ်မတ်ရပ်နိုင်တဲ့ တစ်နေ့ကို မသေခင် မြင်သွားချင်လှပါသည်။

ကျနော့အမြင်လေးတွေကို နည်းနည်းပြောကြည့်ပါရစေဗျာ။

ကျနော်ငယ်စဉ်က သိချင်စိတ်ပြင်းပြစွာနဲ့ ဟိုဟာလက်ညှိုးထိုး ဒီဟာလက်ညှိုးထိုး မေးခဲ့ဖူးပါတယ်။ ဒီကလေးနှယ် လျှာရှည်ရန်ကောဆိုတဲ့ မှတ်ချက်တွေသာ ကျနော့ငယ်ဘ၀မှာ ပဲ့တင်ထပ်ခဲ့တယ်။ တခြားနိုင်ငံကလေးငယ်များနဲ့ ကျနော့ငယ်ဘ၀မှာ များစွာကွာခြားလှပါတယ်။ ကျနော်ငယ်စဉ်က ကျောက်ခဲ ဆိုတာ ကျောက်ခဲလို့ သိရုံထက်မပိုခဲ့ပါ။ သူတို့တွေမှာတော့ ဒါက အင်ကြင်းကျောက် စကျင်ကျောက် ဘယ်အရပ်မှာ ဘယ်လိုမျိုးတွေ့ရတတ်တယ်ဆိုတာက အစ သိနေကြလေရဲ့။

တစ်ချို့သော အကြောင်းအရာများတွင်လည်း လူရာမ၀င်သေးဟုသတ်မှတ်ကာ စကားဝိုင်း မှဖယ်ရှားခံရခြင်းများကြောင့် အရွယ်ရောက်လာတော့ ဒါငါနဲ့မဆိုင်ဆိုသော အစွဲကိုကိုင်စွဲစေခဲ့သည်အထိ။ လူကြီးမိဘ ခိုင်းသည်နှင့်တသွေမတိမ်းလိုက်နာတတ်သည်။ အကြောင်းအကျိုးအကောင်းအဆိုးကို မခွဲခြားတတ်ခဲ့။ ဥပမာတစ်ခုမှာ မိရိုးဖလာဗုဒ္ဓဘာသာတွေသာ ဖြစ်နေခြင်းပင်။ ဘာသာတရား၏အနှစ်အရသာကို သိသူမဟုတ်ခဲ့ပါ။

ဇီဝဖြစ်စဉ် ရူပဖြစ်စဉ်များကို ငယ်ငယ်ကတည်းက အကျွမ်းတ၀င်ရှိခဲ့လျှင် စာတွေဖတ်ရသောအခါ ခက်ခဲမည်မထင်။ အခုတော့ စာတွေသည် စာတွေသာဖြစ်ခဲ့သည် လက်တွေ့ဘ၀နဲ့ မအပ်စပ်ခဲ့။

သူငယ်တန်းကနေ ရှစ်တန်းအထိ လက်တွေ့ဆိုတာဘာမှမသိ။ ကာယအချိန်တွင် သန့်ရှင်းရေးလုပ်ခိုင်းသည်မှအပ အခြားမရှိ။ ကိုးခရိုင်စိမ်းလန်းစိုပြေရေး နယ်မြေမို့ သုံးယောက်ကို တစ်တွင်းတူး မလေးရှားပိတောက်တွေ စိုက်ခဲ့ ရေလောင်းခဲ့တာတော့ ရှိပါသေးတယ်။ နယ်မြေကျဉ်းကျဉ်းလေးမို့ ဘယ်ကြိုဆိုရေး ဘယ်ဖွင့်ပွဲကိုမှ မတက်ခဲ့ရသည်က ငြိမ်းအေးရာအမှန်။ စာကြည့်တိုက်ဆိုတာ လည်းကျောင်းမှမရှိ။ လေးတန်းရောက်မှ ဥာဏ်စမ်းဖြေဖို့ မှန်နန်းရာဇ၀င်တွဲတွေ ကျောင်းအုပ်ကြီးဆီက ငှားမှ စာအုပ်တွေရှိတာသိရသည်။ သို့သော်နောက်ကျခဲ့ပြီ။

ကိုးတန်းရောက်တော့ သိပ္မံဘာသာတွဲကို အင်္ဂလိပ်လိုသင်ရပြီ။ နားလည်ရင် လွယ်ပေမယ့် အင်္ဂလိပ်ဆိုတဲ့ နတ်ကလည်းကြီး ဘာသာတွဲတွေက မမြင်လွယ်မတွေ့လွယ်ဆိုတော့ အာလုံးအခက်။ ဓါတ်ခွဲခန်းထုတ်ဖော်ပုံတွေကို မျက်စိမှိတ်ပြီးကျက်ခဲ့ရသည်။ ပစ္စည်းကမစုံ chemical ကမရှိမို့ အောက်ဆီဂျင်နဲ့ ဟိုက်ဒြိုဂျင်ပေါင်းစပ်ခြင်းသည် ရေဖြစ်လာသည်ဆိုသည်မှာ တကယ့် ယုံတမ်းစကားတစ်ခုလို။ မယုံဘူးဆိုရင်လည်း စာမေးပွဲနဲ့အလောင်းအစားလုပ်ဝံ့ပါ့မလား။ ထိုနည်းနှင်နှင် အမီးဘားရဲ့ ခြေထောက်တွေလှုပ်နေတယ်တို့ သူတို့မှာ ပုံသေပုံစံမရှိဘူးဆိုတာလည်း ဘကြီးအောင်ရဲ့ စကားတွေလို။ မိုက်ခရိုစကုပ်တစ်ခု ဘယ်မှာလွယ်လွယ် ရနိုင်ပါ့မလဲ။

ကိုးတန်းနှစ်ဝက်လောက်မှာ တစ်နိုင်ငံလုံးရဲ့အဓိက ပစ်မှတ်က ကျောင်းတိုင်း မာလ်တီမီဒီယာဖြစ်ရေး။ မရှိမဲ့ ရှိမဲ့လေးတွေကို မထည့်မနေရထည့်လိုက်ရတဲ့ ကွန်ပြူတာဖိုးက ကျောင်းမှာ လက်ညှိုးထိုးပြဖို့ ပစ္စည်းတစ်ခုရခဲ့တယ်ဆိုတာပါပဲ။ ပိုက်ဆံတွေသာပေးလိုက်ရပေမယ့် ကွန်ပြူတာမှာ ဘာတွေပါတယ် ဆိုတာမသိ။ လုံးဝမသိ။ ဆယ်တန်းရောက်ပြန်တော့လည်း ထိုနည်းနှင်နှင်။

တစ်ဖန်ဝိုင်တီယူဆိုတဲ့ ကျောင်းကိုရောက်ပြန်တော့ စိတ်ထဲမှာ စွဲမြဲခဲ့တဲ့ ကျောင်းတော်ကြီးနဲ့လွဲခဲ့ပြန်တယ်။ ကျောင်းတော်ကြီးမှာ ပစ္စည်းတွေစုံမစုံဆိုတာ မသိပေမယ့် ကျနော်တက်ခဲ့ရတဲ့ ကျောင်းသက်တမ်း တစ်လျှောက်ကတော့ ခြောက်တီးခြောက်ချက် လက်တွေ့များသာ။ လက်တွေ့ခန်းဆရာမရဲ့ ဟဲ့အစိမ်းနဲ့နော်ဆိုတဲ့ အသံအောက်မှာ စမ်းသပ်ချင်တယ်ဆိုတဲ့ စိတ်တွေဟာ ငုပ်လျှိုးပျောက်ကွယ်သွားခဲ့စမြဲ။ အင်ဂျင်နီယာဘာသာဆိုတာ စာထိုင်ကျက်နေရုံနဲ့ မရဘူးဆိုပေမယ့်လေ။ ပညာဆိုသည်မှာ စာအုပ်ကိုကျော်၍မြင်နိုင်စွမ်းကို ဆောင်နိုင်ရာ၏ဆိုသော စကားကို အရမ်းနှစ်သက်ခဲ့ပါသော်လည်း မရှိမဲ့ရှိမဲ့ကျောင်းထားပေးရသော မိဘမျက်နှာကို ထောက်ကာ စူစမ်းခြင်း တက်မြောက်လိုခြင်း လက်တွေ့စမ်းသပ်ခြင်းများသည် တစ်နှစ်တစ်တန်းအောင်မြင်ရေးနောက်တွင် အလိုလို ကျရှုံးကြစမြဲ။

လုပ်ငန်းခွင်ဝင်ပြန်တော့လည်း အထက်အရာရှိ ပြောသမျှသည် မိမိလုပ်ရန်တာဝန်ဟုသတ်မှတ်ကာ ပြန်မပြောပဲ ကြိတ်မှိတ်လုပ်တတ်ခဲ့သည်။ ရှေ့တွင်ခေါင်းညိတ်ပြီး ကွယ်ရာတွင်လုပ်ချင်ရာလုပ်တတ်သော အကျင့်သည် တကယ်တော့ မကောင်းဟု ကျနော်ယူဆပါသည်။ သူပြောသမျှတိုင်းမှန်သည်လည်း မဟုတ်ပါ။ ကျနော်တို့၏ ရှက်ရွှံ့ခြင်း လူတောမတိုးခြင်းစိတ်ဓာတ်များသည် တစ်ခါတစ်ခါ ဒုက္ခရောက်စေတတ်ပါသည်။

နောက်တက်လူငယ်များ ဤအဖြစ်မျိုးမှ လွတ်မြောက်စေရန် မည်သို့မည်ပုံ ကူညီနိုင်ကြပါမည်နည်း?

မည်သို့ဆိုစေ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု၊ စူးစမ်းဆင်ခြင်တတ်သော စိတ်တို့ဖြင့် ပြည့်နှက်နေသော ကျနော်ချစ်သော ကျနော့မြေမှ ညီငယ်ညီမငယ်များကိုဖြင့် မြင်ချင်စမ်းလှပါဘိတော့သည်……

31 October 2008

အလင်းရောင်


အမှောင်ထဲကလူအတွက် အလင်းရောင်ဆိုတာ တစ်ကယ့်မျှော်လင့်ချက်။ အလင်းဆီကို ရောက်ဖို့ ဘယ်လောက်နှစ်တွေကြာကြာ ဘယ်လောက်ပင်ပန်းပင်ပန်း မလှမ်းဖူးဆိုတဲ့လူ ရှိနိုင်မယ်မထင်။

မြန်မာပြည်မှာ ကျောင်းပြီးလို့ ဘွဲ့ရကာစ လူငယ်တစ်ယောက်ရဲ့ အိပ်မက်က ဘာများဖြစ်နိုင်မှာတဲ့လဲ။ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ အောင်မြင်မှုဆိုတာတော့ လိုချင်တာပေါ့။ စီးပွားရေးပဲလုပ်မလား အလုပ်တစ်ခုခု ၀င်လုပ်မလား။ စတဲ့ တွန်းအားတွေနဲ့ပါ။

ကျနော်ကျောင်းပြီးတော့ ကျနော့မှာလဲ မျှော်လင့်ချက်နဲ့ပေါ့။ ကျနော့ကို ကျနော်လက်နက်အပြည့်တပ်ဆင်ထားတဲ့ တိုက်ပွဲဝင်တစ်ယောက်လို နှစ်ထောင်းအားရရှိနေခဲ့တာ။ အိမ်ကိုခဏပြန် ရန်ကုန်ကို ပြန်တက် အလုပ်လုပ် တစ်ခုတော့ ငါသေချာပေါက်ရမှာဆိုတဲ့ ယုံကြည်ချက်နဲ့။

အလုပ်ဆိုလို့ ကျနော်လုပ်ချင်တဲ့အလုပ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ခေါ်တာနဲ့ကြုံခဲ့တယ်။ လုပ်ငန်းကြီးတဲ့ အသိုင်းအ၀ိုင်းဆိုတော့ အိပ်မက်တွေဖြစ်ရပြန်တာပါ။ တကယ်တမ်းကျတော့ အင်တာဗျုးတောင်မပါခဲ့။ ဒီတစ်ခေါက်ရွေးချယ်မှုက အတွေ့အကြုံရှိပြီးသား သူများသာတဲ့။

နောက်တစ်ခုကျတော့ အင်တာဗျုးလည်း ပါခဲ့ပါတယ်။ မေးခွန်းတွေကိုလည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ခဲ့တယ်။ သူတို့ရဲ့ ငြင်းပယ်ချက်က အသက်ငယ်လွန်းပြန်သတဲ့။ အသက်သုံးဆယ်လောက် တည်တည်ငြိမ်ငြိမ် လိုချင်တာပါဆိုတော့ ဘယ်လို ဖြေသိမ့်ရမလဲမသိတော့။

ကျောင်းပြီးခါစ လူငယ်တစ်ယောက်က အတွေ့အကြုံ ဘယ်ရှိနိုင်ပါ့မလဲ။ ဒီအတိုင်းဆိုရင် အတွေ့အကြုံမရှိလို့ အလုပ်မခန့် အလုပ်မခန့်လို့အတွေ့အကြုံမရှိနဲ့ပဲ လုံးချာလည်နေတော့မှာ။ အသက်…ကျောင်းပြီးကာစ လူငယ်တစ်ယောက်က အသက်သုံးဆယ်ဘယ်ဖြစ်နိုင်မှာလဲနော်။ ငယ်ပေမယ့် တည်တည်ငြိမ်ငြိမ် မဖြစ်နိုင်တော့ဘူးတဲ့လား။

အင်တာဗျူးပေါင်းများစွာကို ဖြေဆိုနေခဲ့တာ။ သိပ်ကိုဆိုးဝါးတဲ့ အင်တာဗျူးတစ်ခုလည်း ကြုံခဲ့ပါသေးတယ်။ မသိပါဘူးလို့ကြိုတင်ဝန်ခံထားတဲ့ အကြောင်းအရာတစ်ခုကို ပညာရှင်ဆန်ဆန်မေးခွန်းတွေနဲ့ မေးရင်း စာသင်ပေးမယ့်ဆရာတစ်ယောက်လို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားလို့ အပြောခံရတဲ့ အင်တာဗျူးပေါ့။ အင်တာဗျူး ပြီးရင် သူ့ဆီမှာ ဘ၀ကိုဘယ်လို စရမလဲဆိုတာ ကျောင်းသွားတက်ရမယ့်ပုံစံပါ။ ပုဂံဆိုက်ဘာတက်ထင်ပါတယ်။

အလုပ်ရှာရင်း စိတ်ဓါတ်တွေလည်း အကြိမ်ကြိမ်ကျခဲ့ပါတယ်။ အလဲလဲအပြိုပြို ဖြစ်ရတဲ့ စိတ်ဓာတ်နဲ့ ထပ်ပြီး ရှာနေရတဲ့ ဒုက္ခကို အရမ်းစိတ်ပျက်မိတယ်။ ယုံကြည်ချက်တွေ မရှိတော့လောက်အောင် အားငယ်ရတယ်။

အပြင်ကိုထွက်လာတော့လည်း ပြည်တွင်းမှာအလုပ်လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အတွေ့အကြုံနဲ့ တကယ်ကို ယုံကြည်ချက်ကြီးခဲ့ပြန်ရော။ တကယ်တမ်းကျတော့ ထင်တာတွေက လွှဲချော်မြဲ။ ကားမမောင်းတတ်ပါဘူးရေးထားပါလျက် အင်တာဗျူးခေါ် ပြီးတော့မှ ကားမမောင်းတတ်တဲ့ အကြောင်းပြချက်နဲ့ ပယ်တယ်ဆိုတော့ စိတ်တိုမိပြန်ရော။ တောင်းမိတဲ့ သတ်မှတ်လစာကို မင်းရသင့်တယ်ထင်လို့လား ဆိုတဲ့မေးခွန်းအမေးခံရဖူးတယ်။ အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်ခဲ့ပင်မယ့် သူများတွေရရင် ငါဘာကြောင့်မရနိုင်ရမှာလဲဆိုတဲ့ အဖြေကို အေးအေးဆေးဆးဖြေနိုင်ခဲ့တယ်။ တကယ်တော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တန်ဖိုးမထားတဲ့ လူတွေ့စာမေးပွဲတွေကို အချိန်ကုန်ခံပြီး ဖြေနေခဲ့မိသလိုပဲ။

အခုလည်း ကမ္ဘာတစ်ခုလုံးစီးပွားရေး ကျဆင်းမှုနဲ့ ကြုံနေရပြန်ပြီ။ အားလုံး ခံနေရတာဆိုတော့ တောင်မင်းမြောက်မင်းမကယ်နိုင်တော့ဘူးထင်ပါတယ်။ လူလျော့တယ် လစာလျော့တယ်ဆိုတဲ့ အသံတွေကို ကြားနေရပြန်ပြီ။ အများအားဖြင့်လျော့တာက နိုင်ငံခြားသားအလုပ်သမားတွေကိုပါ။ အဲဒီတော့ ဟိုက စီစီ ဒီက စီစီ ကြားလိုက်ပြန်ရင် ပြန်ကြရပြန်ပြီ။

နောက်ပိုင်းအလုပ်လာရှာကြတဲ့ လူတွေတော်တော်များများ အလုပ်ရှားတယ်ဆိုတဲ့ ညီးညူသံပဲကြားနေရတယ်။ စနေနေ့သတင်းစာမှာတောင် ကိုယ်နဲ့ သင့်လျော်တာ လေးငါးခြောက်ခုတောင်မနည်းတဲ့။ အခုရာသီက ကွင်းပြောင်းလို့မကောင်းပဲ ဘောနပ်စောင့်နေကြတဲ့ အချိန်ဆိုတဲ့ ဈေးကောင်းတော်တော်ရမှ ကွင်းပြောင်းကြတာလေ။ နဂိုကမှ ရှားပါးချိန် စီးပွားရေးက လာကျနေတယ်ဆိုမှတော့ ဘယ်လိုလုပ်ရပ။


နောက်ထပ်နောက်ထပ် လူငယ်ခြေတက်တွေကလည်း အိမ်ကွင်းကို စွန့်ပြီး အဝေးကွင်းကန်ဖို့တကဲကဲ။ တော်ကြာမေးကြပြန်ပြီ။ အဲဒီလာရင် ဘာလိုလည်း ဘာလုပ်လာရမလဲ ဘာတွေပြင်ဆင်ရမလဲ စသည် စသည်။

အလင်းရောင်ဆိုတာ အမှောင်ထဲက လူအတွက် တကယ့် ရတနာပါ။ အင်း အဲဒီအလင်းတိုင် မငြိမ်းပါစေနဲ့လို့ ဆုတောင်းနေမိတာ အမှောင်ထဲက ကိုယ်လိုလူတွေအတွက်ပါ…………

07 September 2008

မြင်ချင်စမ်းလှသည်

မိတ်ဆွေများခင်ဗျာ......ပိတောက်နွေတွင် တင်ထားသော ဆောင်းပါးအသစ်လေးပါ။ ဖတ်ရှုဝေဖန်ပေးစေလိုပါတယ်။
လေးစားစွာဖြင့်
ရွာသားလေးဝိုင်တီယူ

02 August 2008

ဂုဏ်ယူစမ်းပါ မင်းမြန်မာ


မဝေလေးရဲ့ “ဒေါသဖြစ်ဝမ်းနည်းခဲ့ရတဲ့အဖြစ်ကလေးတစ်ခု” နဲ့သက်ဆိုင်မယ်ထင်ပါတယ်။ ကျနော်လည်းကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် ဂုဏ်ယူခဲ့ပါတယ် ကျနော့လူမျိုးအတွက်။ ကျနော့အဖြစ်က….

ပြီးခဲ့တဲ့အပတ်က အသုံးအဖြုန်းကြီးတဲ့ ကိုယ့်ကိုကိုယ် နည်းနည်းနောင်တရပြီး ပိုက်ဆံစုမလားစဉ်းစားရင်း ဘဏ်အကောင့်တစ်ခုဖွင့်ဖို့သွားခဲ့တယ်။ ရုံးကလည်းခွင့်ယူပြီးတာမို့ တစ်လက်စတည်း ဆံပင်လည်းညှပ်ရင်း အနီးအနားက ဘဏ်တစ်ခုကို ၀င်လိုက်မိတယ်။ စ၀င်ဝင်ချင်း အစောင့်ကမေးတယ် ဘဏ်အကောင့်ဖွင့်ဖို့လား ပိုက်ဆံပါလား နိုင်ငံကူးလက်မှတ်ပါလား အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားပါလားပေါ့။ အားလုံးစုံတယ်ဆိုတော့ ထုံးစံအတိုင်း တုံကင်နံပါတ်လေးထုတ်ပေးတယ်။ ၁၀၂၃ တဲ့ လက်ရှိ ၁၀၂၂ ဆိုတော့ ရှေ့ကတစ်ယောက်ပဲရှိတယ်ပေါ့။ အတော်ပဲသိပ်မစောင့်ရတော့ဘူး။ ကျနော်ရောက်ရှိချိန် ၁၂:၃၀ pm။

ဒါပေမယ့် ရှေ့ကလည်း အနီရောင်စာအုပ်လေးမှာ မြန်မာနိုင်ငံတံဆိပ်လေးနဲ့။ သူ့ကို ပြောဆိုပြီး ဘဏ်စာရေးမ တရုတ်မလေးက အခန်းတစ်ခုထဲဝင်သွားတယ်။ အင်းအမှုမဲ့အမှတ်မဲ့နဲ့ တစ်နာရီကျော်လောက်ကြာသွားတယ်။ ပြီးတော့မှသူထွက်လာတယ် ပြီးတော့အဲဒီဦးကြီးကိုမေးတယ် “ရှင့်နိုင်ငံမှာ အစိုးရဌာနမှာ ရာထူးကြီးကြီးနဲ့လုပ်နေပါသလားတဲ့” သူမေးချင်တာကို သူတိုက်ရိုက်မေးလို့မရလို့ ဝေ့လည်ကြောင်ပတ်မေးနေတယ် ဟိုဦးကြီးကလည်း ဘာမေးမှန်းမသိဘူးလေ နောက်တော့ သူ့ဘာသူပဲ ဆုံးဖြတ်လိုက်တယ်ထင်တယ် စာရွက်စာတမ်းတွေထုတ်ပေးလိုက်တယ်။ အဲဒီတော့ ၂:၁၀ pm။

ကျနော့အလှည့်။ ကျနော့နောက်မှာ ဒီနိုင်ငံသား လူငယ်လေးတစ်ယောက်ရယ် အဒေါ်ကြီးတစ်ယောက်ရယ်စောင့်နေသေးတယ်။ အဒေါ်ကြီးကတော့ နောက်နေ့မှ ပြန်လာမယ်ဆိုပြီး ဘွတ်ကင်တင်ပြီးပြန်သွားတယ်။ စောင့်နေတဲ့ ကောင်လေးကို ဘဏ်အရာရှိတစ်ယောက်ကလာ စကားပြောပေးနေတယ်။ ကျနော့ကိုတော့ ၁၀၀၀နဲ့စဖွင့်ရမယ်တဲ့။ သူ့ကိုတော့ ၅၀၀ ရှိရင်ရပြီဆိုပါလား။ အင်းလေ သူ့နိုင်ငံသားဆိုတော့ အခွင့်အရေးတော့ပိုပေးမှာပေါ့။ ကျနော်တို့ဆီမှာလည်း ကျနော်တို့က အခွင့်ထူးခံလူတန်းစားတွေ မဟုတ်လား (ရယ်ချင်ပက်ကျိ မဖြစ်ကြပါနဲ့နော်)။

ဘဏ်စာရေးမက စမေးတယ် အလုပ်နဲ့ပတ်သတ်တာဖွင့်မှာလားတဲ့ ကျနော်က မဟုတ်ဘူးကိုယ်ပိုင်ဆိုတော့ စာရွက်စာတမ်းအထောက်အထားတွေ တောင်းကြည့်တယ်။ ဒီမှာအလုပ်လုပ်တာကြာပလားတဲ့ ကျနော့နိုင်ငံကူးလက်မှတ်လည်းမြင်ရော သူလည်းစိတ်ညစ်သွားမယ်ထင်တယ်။ စိတ်မရှိနဲ့တဲ့ “ရှင်တို့နိုင်ငံသားတွေအတွက် အထူးအခွင့်အရေးပေးထားတယ်တဲ့ ကျမတို့မှာ ရှင်တို့ရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးရပါလိမ့်မယ်တဲ့” ဘာတွေစစ်ဆေးတယ်ဆိုတာတော့ သိလောက်ကြမယ်ထင်ပါတယ်။

နောက်တခေါက် အခန်းထဲဝင်အသွားက နောက်ထပ်တစ်နာရီပေါ့။ အဲဒီတစ်နာရီကို အီဖေကိုယ်က ဘာရမလဲ ရုံးကအစ်မကြီးဆီက ငှားထားတဲ့ ကြယ်နီရဲ့ ကိုတံငါစာအုပ်ထဲက ကိုဒေါင်းစိန်နဲ့ နှစ်ပါးသွားနေလိုက်တာပေါ့။ အရာရှိတစ်ယောက်ကတော့ ဟန်အပြည့်နဲ့စာအုပ်ဖတ်နေတဲ့ကိုယ့်ကို မရှုစိမ့်တော့ ဘာလုပ်နေတာလဲ ဘာညာပေါ့ လာမေးနေသေးတယ်။ မင်အပြည့်နဲ့ မေးလေးပဲထိုးပြလိုက်တယ် သူသဘောပေါက်မှာပါ။

ကံကောင်းတယ်ထင်တယ် ကြည့်ရတာ နာမည်တူ ရှာမတွေ့ခဲ့ဖူးထင်တယ်။ အောင်မြင်စွာပြန်ထွက်လာတယ်။ နာမည်လေးလုံးပေးခဲ့တဲ့ ဘကြီးဘုန်းကြီးကို ကျေးဇူးတင်ရမယ်။ နို့မို့ဆို…

ဘဏ်နဲ့ပတ်သတ်တာတွေ ရှင်းပြရင်း ကျန်သေးတယ်တဲ့ တခြားလူတွေမလိုပင်မယ့် မြန်မာလူမျိုးတွေအတွက်သီးခြား စာရွက်တစ်ရွက်ကျန်နေပါသေးတယ်တဲ့။ အဲဒီစာရွက်ကို သေချာဖတ်ပြီးလက်မှတ်ထိုးပေးပါတဲ့။ နားမလည်ပါးမလည်တော့ဖတ်လိုက်တာပဲ နောက်ဆုံးထင်တာတော့ မြန်မာလူမျိုးများ ဒီဘဏ်မှာ အမေရိကန်ဒေါ်လာ မအပ်နှံရ မထုတ်ပေးရလားပဲ။ ဘာဆိုင်တာမှတ်လို့ ဒီပိုက်ဆံဆို ဒီလာတုန်းက တစ်ခါလားကိုင်ခဲ့ဖူးတာ။ ကျေကျေနပ်နပ်ကြီးထိုးလိုက်တယ်။

နောက်ဆုံးတော့ ဘဏ်ကတ်လေးတစ်ခုရလာခဲ့တယ်။ အဲဒီအချိန်က ၃:၃၀ pm။ နောက်မှာစောင့်နေတဲ့ တလှေကြီးတော့ ပျင်းရိနေမှာပဲ။

ကျနော်တို့လူမျိုးတွေပဲ အထူးအခွင့်အရေးပေးထားတဲ့ ဒီ service မျိုးကိုခံယူရင်း အိမ်ကို မြောက်ကြွကြွနဲ့ပြန်လာခဲ့တာပေါ့ဗျာ။ ခင်ဗျားတို့ရော ဂုဏ်မယူဘူးလား ငါတို့မြန်မာ ဆိုပြီး……

17 July 2008

ကြားချင်လှသည် ခေါင်းလောင်းသံစီစီ


ဟောဟို မြေပြင်မှာ ရပ်တည်နေတဲ့ ကျောင်းဝန်းဆီ။ အပြေးအလွှားလှမ်းနေတဲ့ အဖြူအစိမ်းတွေကြားမှာ အဲဒီခေါင်းလောင်းသံတီးမယ့် ကာယကံရှင်ရှိသည်။ သို့ပေမယ့် ခေါင်းလောင်းသံ နေ့တိုင်းကြားရဖို့က မသေချာ…….

ဟောဒီအရပ်က သိပ်ခေါင်ပါတယ်တဲ့။ မြေပြန့်တွေရဲ့ နောက်ဆုံး တောင်ကုန်းတောင်တန်းတွေရဲ့အစ။ သိပ်ကို ဝေးလံခေါင်းပါး ရာသီဥတုကပြင်းထန်ပါသော နမ်စင်ကျေးရွာ။ ရွာနေလူထု တွေ့ရတတ်တဲ့ အပြင်လူတွေက ထူးထူးခြားခြား ရေခဲတောင်တက်ဖို့ရောက်လာတတ်တဲ့လူမျိုးတွေ။ အဲလိုအရပ်မျိုးဆိုတော့ မဖွံ့ဖြိုးမတိုးတက်တာ ဘာဆန်းလဲပေါ့။ ဒါပေမယ့် ဟောဒီရွာက လူအညွန့်အဖူး လေးတွေလည်း စာတတ်ပေတတ်ဖြစ်ချင်ကြတယ်လေ။ ဘယ်သူပြောနိုင်မလဲ ဒီရွာကနေ နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံတည်ဆောက်ရေးမှာ တတပ်တအားပါဝင်မယ့် ပညာရှင်တွေ မရှိနိုင်ဘူးလို့။

ရောက်လာတတ်ပါတယ်။ ရွာကျောင်းကို အစိုးရကခန့်အပ်တဲ့ ဆရာဆရာမတွေ။ ရပ်ရွာကလည်း အားရပါးရကြိုဆိုကြတယ်။ ဂရုစိုက်ကြပါတယ်။ ကူညီကြပါတယ်။ ဖေးမကြပါတယ်။ မြောက်စားကြပါတယ်။ ဝေးလံလွန်းလို့လား ရာသီဥတုပဲမခံနိုင်ကြတာလား ဆရာဆရာမတို့မှာ လခထုတ်ဖို့မြို့တက်သွားပြီးရင် ပြန်ရောက်လာဖို့ ခပ်ခက်ခက်။ တခါတည်းနှုတ်ဆက်ဖို့သာပြင်ထားတော့။ နောက်ထပ်နောက်ထပ် ရောက်လာသမျှတွေသည်လည်း ထိုနည်း ၎င်း။

မြို့တက်တော့မယ်ဆိုတဲ့ ဆရာဆရာမတွေကို ဘယ်လိုနည်းနဲ့တားမြစ်ရပါ့မလဲ။ သူတို့မိသားစုကကော ဒီလောက်ဝေးလံခေါင်သီအရပ်မှာ ကြာရှည်လေးမြင့် ဘယ်ထားပါ့မလဲနော်။ သူတို့တွေကကော သူတို့ရဲ့ဘ၀တွေကို စတေးပြီး နှစ်ရှည်လများ နေနိုင်ကြမယ်တဲ့လား။ ရောက်လာခါစ အသစ်အဆန်းဆိုတော့ သူတို့ပျော်ရွှင်မှုက ခဏတာ။ မကြာခင်မှာ သူတို့အတွက်အစားအသောက် အနေအထိုင်ကစလို့ ပြဿနာ။ ရှားပါးမှု ပေါင်းများစွာကြားမှာ ဘယ်လောက်သည်းညည်းခံနိုင်မှာတဲ့လဲ။

ကျောင်းဝန်းထဲကို မနက်နေရောင်မထွက်လည်း အရောက်သွားချင်နေကြတဲ့ ကလေးတွေ ဆရာဆရာမ ပြောင်းလဲမှုမြန်ဆန်နှုန်းကို မသိလိုက်မသိဘာသာ လက်ခံထားကြတဲ့ ကလေးတွေ စာဖတ်ချင်ကြတဲ့ ကလေးတွေအတွက် အဲဒီကျောင်းခေါင်းလောင်းကြီး နေ့စဉ်မပြတ် စီစီညံညံ တီးစေချင်လှပါသည်…….

09 July 2008

ပြောင်းပြန်ဝတ်မိတဲ့ ဘ၀၀တ်စုံထဲက လူ

ဘယ်သူမဆို အ၀တ်အစားကို တစ်ကြိမ်တစ်ခါလောက်တော့ ပြောင်းပြန်ဝတ်မိမှာပါ။ တက်သုတ်ရိုက်ဝတ်လို့ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် အသေအချာမ၀တ်လို့ပဲဖြစ်ဖြစ် မ၀တ်တတ်လို့ပဲဖြစ်ဖြစ် ငယ်ငယ်တုန်းကပဲဖြစ်ဖြစ် စတဲ့ အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင် နဲ့လေ။ ဒါပေမယ့် အ၀တ်အစားပြောင်းပြန်ဝတ်မိတာက မသိမသာလေးပဲဖြစ်စေ လူမမြင်နိုင်တဲ့နေရာလေးမှာပဲဖြစ်စေ အတည့်ပြန်ဝတ်လိုက်လို့ ရပါသေးတယ်။ ဒါဆိုဘ၀၀တ်စုံပြောင်းပြန်ဝတ်မိရင်ကော……….

တကယ်ပါဗျာ ဖြစ်ချင်တာက တစ်ခြား ဖြစ်ဖြစ်လာတာက တစ်ခြားဖြစ်ဖြစ်နေတော့လေ။ ငယ်ငယ်ဆော့ကစားတုန်းကတော့ ဘာဖြစ်ချင်ခဲ့မှန်း သေချာမသိခဲ့။ အရွယ်ရောက်လာလို့ သိပြန်တော့လည်း ဖြစ်ချင်တဲ့ အိပ်မက်တွေက အကောင်အထည်မပေါ်။ အဲဒီတော့ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး ဖြစ်ချင်တိုင်းအဖြစ်ခံလိုက်တယ်ဗျာ။ ပေတေတေနေ လုပ်သင့်မယ်ထင်တာတွေလုပ်ပြီး ရောက်လာမယ့် မနက်ဖြန်တိုင်းကို ပြုံးပြုံးကြီးထိုင်ကြည့်မိနေတတ်တယ်။

ကံကောင်းမယ်ဆိုတဲ့ တစ်နေ့ကလည်းဝေးကွာလိုက်တာဗျာ။ မိုင်တိုင်ရဲ့ အောက်ခြေမှာ ညွှန်းကိန်းက မပါဆိုတော့ သွားရမယ့်ခရီးတာရှည်ကို ဘယ်လိုခန့်မှန်းမလဲဗျာ။ လမ်းကြုံလိုက်ဖို့ မပြောနဲ့ နေ့နေ့ညည အနားမှာ လှမ်းဆွဲလိုက်လို့ ပါလာမှာ ဖုန်မှုန့်တွေကလွဲပြီး ဘာမှမရှိ။ တကယ်တော့ ခရီးဆုံးရောက်ရင်တောင် ပန်းတိုင်ရောက်မှန်းမသိတာနဲ့ ကျော်သွားဖြစ်မယ်ထင်တယ်။ အဲလောက်ထိ။

ကျော်ဖြတ်ရမယ်ဆိုတဲ့ တောင်အမြင့်တွေကလည်းများလွန်းလို့ တောင်မှန်းမသိ ကုန်းတက်လေးမှန်းကိုမသိနိုင်တော့။ တစ်စတစ်စနဲ့ ကျော်ခဲ့တဲ့ တောင်တွေကို သူတို့ကိုယ်တိုင်ပိတ်နေလို့ပြန်လှည့်ကြည့်ဖို့ကလည်း မဖြစ်နိုင်ပြန်။ ရှေ့ကို ကြည့်ပြန်တော့လည်း ကွယ်လို့။ တယ်ခက်ပါလား ဟူး…..

ကောင်းကင်ကိုကြည့်ပြီး ခရီးသွားရမယ်ဆိုရင်တော့ ဒီခရီးကို မစ,ခဲ့တာကောင်းမှာ။ မည်းမှောင်နေတဲ့ ကိုယ့်ရဲ့ကောင်းကင်မှာ အလင်းရောင်ဆိုတာမှုန်ပြပြရယ်ပါ။ ကြယ်တွေကိုမြင်ရစတမ်းဆိုရင် ကိုယ်ဟာလမ်းဖြောင့်ဖြောင့်သွားတတ်ခဲ့မှာပေါ့။ ခုတော့ အလင်းနှစ်တွေပဲကိုယ်နဲ့မတိုက်ဆိုင်လို့လား မသိ ကြယ်တွေကလည်း ပျောက်ဆုံးနေဆဲ။

ဆိုတော့ ဘ၀ဆိုတဲ့ဝတ်စုံကို အမှုမဲ့အမှတ်မဲ့ ပြောင်းပြန်မှန်းမသိ အတည့်မှန်းမသိ ၀တ်လိုက်မိတာပါ။ ပြောင်းပြန်ဖြစ်နေတယ်ဆိုရင်တော့………………

08 July 2008

ဗမာပြည်သည်တို့ပြည် ဗမာစာသည်တို့စာ……အမျိုးပျောက်မှာစိုးကြောက်ပါသည်


ဒီစာလေးကိုရေးချင်တာကြာလှပါပြီ။ ဒါပေမယ့် အကြောင်းပဲမတိုက်ဆိုင်တာလား မသိလိုက်မသိဖာသာပဲနေမိတာလားမသိ ရေးဖို့ စိတ်ကမပါ။ အခုတော့ နေ့လည်က မကေသွယ့်ဘလော့က စာကြွေးတွေ တဖြည်းဖြည်းဖတ်ရင်း အဲဒီခေါင်းစဉ်လေးနဲ့ ဖတ်ရတော့မှ ကျနော် ရေးသင့်ပါလားလို့ ခံစားလာရတယ်။ ရေးမှဖြစ်မယ်လို့လည်း စိတ်ကစေ့ဆော်နေပြန်တော့………

လွန်ခဲ့တဲ့ တစ်လလောက်ကပါ မိတ်ဆွေတစ်ယောက်ရဲ့အိမ်တက်အလှူ ကိုသွားရတယ်။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ဆုံဖြစ်ကြတယ်။ တစ်ချို့က ကျနော်အလုပ်မှာဆုံလိုက်ရတယ်။ တစ်ချို့ကတော့ အဲဒီနေ့ကမှတွေ့ဖူးတာပါ။ အဲဒီထဲမှာ မိသားစုတစ်စုပါတယ် ကလေးလေးနှစ်ယောက်နဲ့ပါ။ တစ်ယောက်က ၈နှစ်လောက်ရှိပြီထင်ပါတယ်။ နောက်တစ်ယောက်က ၆နှစ်လောက်ဖြစ်မယ်။ နှစ်ယောက်လုံးက ယောက်ျားလေးတွေ။ အကြီးလေးက ဖြူဖြူချောချောလေး။ အငယ်ကညိုစိမ့်စိမ့်နဲ့ ပီဘိ ကလေးအရွယ်။ ထုံးစံအတိုင်းကလေးချစ်တတ်တဲ့လူဆိုတော့ အနားသွားပြီး သားသားနာမည်ဘယ်လိုခေါ်လဲ အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ ကလေးနှစ်ယောက်လုံးက တုပ်တုပ်မလှုပ် အင်းမလုပ်အဲမလုပ်ဆိုတော့ မေးတဲ့ကိုယ်ကိုတိုင်ကြောင်သွားတယ်။ အဲဒီတော့မှ သူ့တို့လေးတွေအမေက အားနာလို့ထင်ပါရဲ့ ကျနော့ကိုလာပြောတယ် သူတို့ကမြန်မာလိုသိပ်မပြောချင်ကြဘူးတဲ့ လေ။ အဲဒါနဲ့သူတို့တွေက ဒီမှာမွေးတာလားဆိုတော့ ဟုတ်ဘူးတဲ့ အကြီးကောင်လေး ၄နှစ် အငယ်လေး ၂ နှစ်သားကပြောင်းလာတာတဲ့။ သူတို့ကျောင်းမှာက မြန်မာလို မသင်တော့ မြန်မာစကားမပြောချင်ကြဘူးတဲ့ဗျာ။ အစ်မကမြန်မာလိုပြောစေချင်တယ်တဲ့ ဆုံးမရလွယ်အောင်လို့တဲ့။ သူတို့က အိမ်မှာ မြန်မာလိုပြောရင်မသိချင်ယောင်ဆောင်နေကြတာတဲ့။ဒါနဲ့သူတို့တွေ ဘုရားကော ရှိခိုးတတ်လားဆိုတော့။ ပို့တယ်လေ ဗုဒ္ဓ ဘာသာသင်တန်းပို့တယ်တဲ့ နွေကျောင်းပိတ်ရက်ဆိုရင်တဲ့။ ကျနော်ဝမ်းသာလို့မှမဆုံးသေး ဒါပေမယ့် ကျောင်းကလည်း အင်္ဂလိပ်လိုပဲ သင်တော့ ဘုရားရှိခိုးတာလဲ အင်္ဂလိပ်လိုပဲရွတ်တယ်တဲ့။ အမ်မလေး ကျနော်လည်း အင်္ဂလိပ် ဗားရှင်း ကျက်ထားအုံးမှ မတော် မရွတ်တတ်တာနဲ့ ဘာသာရေးက ဒီထက်ဝေးရရင်ခက်ရချည်ရဲ့။ အဲဒါနဲ့ ကလေးနှစ်ယောက်လုံးကို အင်္ဂလိပ်လိုမေးတော့မှ ရှောရှောရှူရှူ ဖြေကြတယ်ဗျာ။ ကျနော်နဲ့ တူတူနေတဲ့ အိမ်က အစ်ကိုကြီးတစ်ယောက်ရဲ့ကလေးလေးကို သူအဖိုးအဖွားတွေက ဗမာစာမေ့မှာစိုးလို့ ပြန်လွှတ်ဖို့ပြောတော့ ကျနော့စိတ်ထဲမှာ တော်တော်ပိုပါလားထင်နေမိတာ အခုမှ တကယ်ပါလားလို့ ဖြစ်ရတယ်။

ဒါပဲလားဆိုတော့ ဟိုတစ်လောက အသိတစ်ယောက်ရဲ့ ကလေးအလည်လာပါတယ်။ သူအဖေက ပူဆာလွန်းလို့ဆော့လွန်းလို့ဆိုပြီး ငါရိုက်လိုက်ရလို့ပဲ ပြောရသေးတယ် ကလေးက အမေရဲခေါ်ပေးသားကို ရိုက်တော့မယ်ဆိုလို့ သူ့သားကို မြန်မာပြည်အမြန်ပြန်ပို့လိုက်ရတယ်တဲ့လေ။ တကယ့်ငိုအားထက်ရယ်အားသန်အဖြစ်။

ကလေးတွေပဲလားဆိုတော့ ကျနော်တို့သူငယ်ချင်းတစ်ယောက်လည်း ရှိသေးတယ်။ လူများတဲ့အရပ် လူထူ ဧရိယာဆိုရင် ဗမာလိုမပြောတော့ဘူး။ ဗမာလို့သိမှာစိုးလို့တဲ့လေ။ ကျနော်တို့တော့အရွဲ့တိုက်ပြီး သူ့နဲ့သွားတိုင်း လူများရင် ဗမာလိုအကျယ်ကြီးပြောဖြစ်ကြသေးတယ်။ ထိုင်းကိုသွားတုန်းက အဖြစ်အပျက်လေးကို သတိရမိပါသေးတယ်။ ကျနော်တို့ဘန်ကောက်မြို့ကြီးမှာ ဈေးလျှောက်ဝယ်တုန်းပေါ့ ခရီးဆောင်အိတ်ဝယ်မယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ဟိုမေးဒီမေးနဲ့ ပြောဖြစ်ကြတုန်း ရောင်းတဲ့ကောင်မလေးက အစ်ကိုတို့ဗမာတွေလားတဲ့။ ကျနော်တို့ စကားပြောတဲ့အသံထွက်က အများနဲ့မတူ တမူကွဲထွက်နေလို့တဲ့လေ။ ဒါပေမယ့် အစ်ကိုတို့ပြောရင် အင်္ဂလိပ်လိုပဲပြောပေးပါတဲ့ ဆိုင်ရှင်က ဗမာလိုပြောရင်မကြိုက်လို့တဲ့။ ကျနော်တို့တွေ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ကြပါတယ်။ သူခမျာ ကိုယ့်လူမျိုးလာလို့စကားအားရပါးရပြောချင်ပေမယ့် အခွင့်မသာရှာဘူးလေ။

ဘာသာစကားတင်ပဲလားဆိုတော့ ဟိုတစ်လောက ရုံးက အစ်မကြီးက ပြောလာတယ်။ အစ်မကြီးက မန္တလေးသူဆိုတော့ ရောက်ခါစကလဲဖြစ်ပြန် မိတ်ကပ်ဆိုတာမလိမ်းဘဲ မြန်မာအမျိုးသမီးပီပီ သနပ်ခါးလေးနဲ့ ရုံးနေ့စဉ်တက်တယ်လေ။ ကားပေါ်မှာ တစ်ခြားမြန်မာတွေနဲ့တွေ့ တော့ မြန်မာမလေးတစ်ယောက်က သနပ်ခါးလိမ်းထားမှတော့ မြန်မာမှန်းသိမှာပေါ့တဲ့ သူတို့အချင်းချင်း အစ်မကို တွေ့တော့ ပြောကြတာတဲ့လေ။ အဲဒီစကားကြားတော့ ကျနော့မှာ ဒေါသထွက်လိုက်တာ အစ်မရာ တစ်ခါတည်းမေးလိုက်ရောပေါ့ မြန်မာမှန်းသိတော့ ဘာဖြစ်လဲ ဒါဟာရှက်စရာမှ မဟုတ်တာလို့ပြောလိုက်ရောပေါ့ လို့။

ကဲဗျာ ကျနော်တို့ ပြည်ကြီးက ဘယ်လောက်ပဲ မတိုးတက်ပါစေ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဘယ်လောက်ပဲ ဆင်းရဲပါစေ ဒီပြည်သူပြည်သားဖြစ်ရတာ ဂုဏ်ငယ်တာနဲ့ ပဲ အရိုးကို အရွက်ဖုံးကြရင်ဖြင့် တကယ် အမျိုးပျောက်မှာ စိုးကြောက် လှပါသည်………


04 July 2008

နွေနေအောက်တွင် ပူသော်လည်း…… မိုး သည်းသည်းတွင်အေးသော်လည်း…… ဆောင်း နှင်းကျ၍ ချမ်းသော်လည်း…..

အစ်ကို… အစ်ကိုက အခု နိုင်ငံရဲ့အပြင်ဘက်မှာ စီးပွားရှာနေခဲ့ပြီနော်။ အစ်ကိုကျနော့ကိုမှတ်မိပါ့မလား။ ကျနော့နာမည် ဝေဖြိုးလေ။

အစ်ကို့ ဘ၀ကကြမ်းတမ်းတယ်တဲ့လား အစ်ကို။ G.T.I နဲ့ပဲ ကျောင်းပြီးခဲ့ရတယ်လား။ အစ်ကိုသိပါတယ်ဗျာ ကျနော့ အဖေက ကျနော် ၈တန်းအတက်မှာ ဆုံးခဲ့တယ်။ ကျနော့ အမေက မလုပ်တတ်မကိုင်တတ်။ ကျနော့အောက်မှာ ၅တန်းကတစ်ယောက်။ ၃တန်းကတစ်ယောက်။ အမွှာနှစ်ကောင်က နောက်နှစ် ကျောင်းတက်ဖို့။ စိတ်ညစ်သွားလားအစ်ကို အမေ့မှာ ရင်ခွင်ပိုက်တစ်ယောက်လည်း ကျန်နေခဲ့သေးတယ်။ ဘယ်လိုရပ်တည်ခဲ့လဲ ဟုတ်လားအစ်ကို…လောကအလယ်မှာ တစ်ယောက်တည်းရပ်တည်ဖို့ မဖြစ်နိုင်လောက်တဲ့ ကျနော့အမေက အရပ်က နားချတာရော သူကိုယ်တိုင်လိုလားတာရော အဖေ့ရဲ့ ညီကို ယူခဲ့ပါတယ်။ ကျနော်တို့ဘ၀တွေပြည့်စုံပြီထင်လားအစ်ကို ကျနော့ဦးလေး အမေ့နောက်ယောက်ျားက ရင်ကြပ်ရောဂါနဲ့ပါ။ ရောဂါပျောက်အောင်လား သူကပဲသောက်တတ်တာလား ညနေတိုင်းသူသောက်ပါတယ်။ သူရှာတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မိသားစု ဘယ်လောက်ပါ့မလဲ။ သားအကြီး အဖအရာဆိုတော့ ကျနော့တာဝန်ပေါ့။ ကျနော်ရပ်လိုက်ရတဲ့ ပညာရေးတစ်ပိုင်းတစ်စ ၈တန်းဆိုတာ အစ်ကို့ G.T.I နဲ့ ယှဉ်ရင်အကွာကြီးပါ။

ကျနော်ဘာတွေလုပ်ခဲ့ရလဲ။ အစ်ကို ပညာမပြည့်စုံတဲ့ ကျနော့အတွက် အလုပ်ကြမ်းကလွဲရင် ဘာရှိအုံးမှာလဲဗျာ။ ကျနော်အားမငယ်ပါဘူး။ ကျနော့အတွက် အမေနဲ့ ညီတွေညီအစ်မတွေဟာ ခွန်အားပါ။ ကျနော်လေ ကျနော်တို့ ရွာနားက နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုမှာ နေ့စားလုပ်ပါတယ်။ အလုပ်က အဆိုင်းနဲ့ ဆင်းရတာပါ။ စားသောက်ကုန်ဆိုတော့ ၂၄ နာရီ မရပ်မနားထုတ်တာပေါ့။ မနက်နဲ့ နေ့လည်ဆိုင်းတွေက ၇၅၀ လောက်ရပါတယ်။ ညဆိုင်းဆိုရင်တော့ ၉၅၀ လောက်ရတာပေါ့်။ ကျနော်လေ ညဆိုင်းကို မဆင်းတတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ညဆိုင်းဆင်းရင် ခေါင်းဆောင်က ၂ ဆိုင်းဆင်းလို့မရဘူးလို.ပြောထားလို့ပါ။ ၂ဆိုင်းဆင်းမှ ၁၀၀၀ကျော်ရမှာလေ။ ၁၀၀၀ကျော်ရမှ ကျနော့ ညီလေးတွေ ကျောင်းထားလို့ရမှာ။ ဆင်းချင်တိုင်းဆင်းလို့ရမယ်တော့ ဘယ်ဟုတ်မလဲ အစ်ကိုရာ နောက်အဆင်းမှာ ခွင့်ယူမယ့်လူရှိလား မဆင်းချင်တဲ့ လူရှိလား လုပ်စရာအပိုရှိလား ရှာရတာပေါ့ဗျာ။ မဟုတ်ရင်တော့ ပြန်ပေါ့။ သန့်ရှင်းရေးကစလို့ ပေါ့။ ကျနော်လေ အခိုင်းခံချင်လွန်းလို့ပါဗျာ။ ဒါမှအိမ်စရိတ်ကာ မိမယ်မဟုတ်လား။ နွေဆိုအလုပ်က မနားရဘူးလေ။ နွေကျ စက်ရုံကပိုရောင်းရတာကိုးဗျ။ မဆင်းချင်မှအဆုံး အမုန်းဆင်းရတာ။ သင်္ကြန်တွင်းက ပိုရောင်းရသဗျ။ အပိုကြေးရလို့ သင်္ကြန်ဆိုတာ စက်ရုံက အကြိုလုပ်တဲ့ သင်္ကြန်တစ်ရက်လောက်ပါပဲ။ ဒါတောင်ကျနော်တို့က နေ့စားဆိုတော့ ကိုယ်ပျော်ချင်သလောက်ပျော်ခွင့်မရှိဘူးပေါ့ဗျာ။ ထားပါတော့ဗျာ အပျော်အပါးဆိုတာ ကျနော်လိုလူမှာ ဘယ်ရှိနိုင်ပါ့မလဲ။ အခွင့်လေးရတာကို ကျေနပ်သင့်တာပါ။

မိုးတွင်း ကျအလုပ်က ပိုဖြစ်တယ်ဗျ။ မိုးတွင်းမှာ စက်ရုံနောက်က မြက်ကွင်းပြင်ကြီးက ကျနော့ အဓိက စီးပွားရေးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ စက်ရုံက လူကြီးတွေကမြက်တွေကို မမြင်ချင်ဘူးလေ။ ဒါပေမယ့်ဘယ်သူကမှ မရိတ်ချင်ဘူး။ ဘာလို့လည်းဆိုတော့ မြွေပေါသမှ သိပ်ပေါ။ ကျနော်ကတော့ ပေးထားတဲ့ လည်ရှည်ဖိနပ်လေးအားကိုးပြီး ဘုရားသခင်ကလည်းကျနော့ကို ပစ်မထားလောက်ပါဘူးလို့ ယုံကြည်ချက်နဲ့ပါ။ မေ့လို့အစ်ကို ကျနော်က ခရစ်ယာန်ပါ။ ဒါပေမယ့် တနင်္ဂနွေနေ့ အလုပ်ရှိရင်လည်း ဘုရားကျောင်းမတက်ပဲ အလုပ်လုပ်တဲ့ ခရစ်ယာန်ပါ။ ဘုရားသခင်က နားလည်မှုနဲ့ ကျနော့လုပ်ရပ်ကို ကောင်းချီးပေးမှာပါနော် အစ်ကို။

ဆောင်းတွင်း အေးမြတဲ့ ဆောင်းမနက်ခင်းတိုင်း ကျနော်လည်းအများလိုပဲအိပ်ချင်တာပေါ့။ ဒါပေမယ့် မနက်အလုပ်ဝင်ရမှာ ၆နာရီလေ။ ၅နာရီလောက်အရောက်သွားမှ မဟုတ်ရင်အလုပ်သမားခေါင်းဆောင် က စောစော ရောက်တဲ့ လူတွေပဲဝင်ဆိုရင် သေပြီဆရာပဲ။ မနက်မ၀င်ရရင်နေ့ခင်းလည်းမ၀င်ရဘူးလေ။ အလုပ်မ၀င်ရရင်ဘာနဲ့သွားစားမလဲ။ အဲဒီတော့ ထရတာပေါ့ဗျာ။ ၂ ဆိုင်းပဲလားဆိုတော့ မဟုတ်သေးဘူးဗျ တခါတလေ လစ်ရင် ညဆိုင်းလေးလည်းဆင်းလိုက်တာပါပဲ။

အ၀တ်အစား သူများပေးတဲ့ အကျတွေဝတ်ရတာပေါ့ဗျာ။ လူပျိုလေးဆိုတော့ ၀တ်ချင်စားချင်စိတ်တော့ရှိပါရဲ့ ဒါပေမယ့် ကျနော်လှပဖို့ ကျနော့ ညီတွေညီမတွေ ဗိုက်ဟောင်းလောင်းဖြစ်ရမယ်တော့ မဖြစ်စေရပါဘူး။ မတော်တဲ့ အ၀တ်တွေကို အချိုးကျကျ ၀တ်မနေအားပါဘူး။ လုံခြုံရင်ပြီးရောပေါ့ အစ်ကိုရာနော်။

အဲဒီလောက်လုပ်တော့ ပိုက်ဆံတွေအများကြီးရမှာပေါ့နော် ဟုတ်လားအစ်ကို။ သုံးသောင်းခွဲ လေးသောင်းလောက်တော့ ရပါတယ်။ အစ်ကို့ ၀င်ငွေနဲ့တော့ မယှဉ်နဲ့လေ။ ကျနော်ရတာ အစ်ကို့ တစ်နာရီစာလောက်နေမှာပါ။ လခ ထုတ်ပြီးတာနဲ့ ချေးငှားထားတာလေး ပြန်ဖဲ့ဆပ် စားထားတဲ့ အကြွေးတွေ ဆိုင်မှာရှင်း ဘာကျန်မှာလဲဗျာ။ ထုံးစံအတိုင်း မရှိဆင်းရဲသားတွေကို နှိပ်စက်နေကြ ငွေတိုးဆိုတာကလည်းရှိသေး။ လူမွေးလူတောင်ပြောင်ဖို့မပြောနဲ့ ခေါင်းထောင်ဖို့ဆိုတာ အနိုင်နိုင်။ နောက်ထပ်ငွေချေးဖို့ ခေါင်းကို အောက်ချ ပြီး ပြောရအုံးမှာလေ။

စကားကောင်းနေလိုက်တာ အစ်ကိုရာ ကျနော် ဒီနေ့ ဒီတစ်ကွက်မြန်မြန်ရိတ်ရအုံးမှာ။ ဆက်ရိတ်လိုက်အုံးမယ်ဗျာ……….



ဒီကောင်လေးက ကျနော့လက်အောက်မှာ ၂ နှစ်လောက်လုပ်ခဲ့တာပါ။ အခုလည်း သူဆက်လုပ်နေအုံးမှာပါ။ သူ့ဘ၀လေးကို သူကျေနပ်ပြီး နေထိုင်နေတာ ကျနော်ဆိုရင် ကိုယ့်ဘ၀ ကို ဘယ်တော့မှမကျေနပ်နိုင်၊ မရောင့်ရဲနိုင်ဆိုတော့ တကယ်ကို အားကျစရာပါဗျာ။
ဟိုတစ်နေ့က ညီလေးတစ်ယောက်နဲ. စကားပြောဖြစ်ပါတယ်။ သူရောက်နေတဲ့ နေရာလေးကို သူ မကျေနပ်ပဲ စိတ်ဓာတ်ကျ အားငယ်နေဟန်တူပါရဲ့။ ညီလေးရေ ဘ၀ဆိုတာ အမျိုးမျိုးပါ မင်းဘ၀မှကြမ်းတာမဟုတ်ဘူးလို့ ခံယူထားစေချင်ပါတယ်…..






20 June 2008

ကျနော့လိုမဖြစ်ကြစေလိုပါ

ဒီခေတ်ကြီးကိုက ပညာခေတ်ကိုးဗျ။ နေရာတိုင်းမှာ အသိပညာ အတတ်ပညာ တွေ အပြိုင်အရိုင်းတိုးတက်နေကြလို.ပါ။ တောကလာတဲ့ ကိုယ်လို လူတစ်ယောက်အတွက်ကော နောက်ထပ်လာမယ့်လူတွေအတွက်ကော စိတ်မအေးဖြစ်ရပါတယ်။နဂိုကမှ အသိပညာ အတတ်ပညာချို.တဲ့ရတဲ့ ကြားထဲ ဆက်သွယ်ရေးလမ်းပန်းကလည်းမကောင်းပြန်ဆိုတော့ လူဖြစ်ရှုံးတယ်ပဲပြောရမှာပေါ့ဗျာ..
ကျနော်အခုရောက်နေတဲ့နေရာအထိ နောက်ပြန်ကြည့်မိတာလေးပါ။ ဆိုလိုတာက ရွာကကျနော်နဲ. အခု ကျနော်ကို ယှဉ်ကြည့်မိတယ်ပဲ ပြောကြပါစို.။ ကျနော်တို.တောမှာက ဖုန်းဆိုတာရှားမှရှား အခုပြောနေတဲ့ mobileဆိုတာ မြင်ဖူးဖို.ဝေးစွခြောက်ဖြာ။ ဖုံးဆက်ချင်ရင်အစိမ်းကိုနှိပ် ဖုံးပိတ်ချင်ရင်အနီကိုနှိပ်ဆိုပြီး မှတ်ထားလိုက်တယ်အေးရော။ message ပို.ခိုင်းမယ်လား ဘာလုပ်လို.ဘာကိုင်ရမှန်းကိုမသိတာ။ ရိုးချက်တော့ လို.ပြောကြအုံးမလား။ ရုပ်မြင်သံကြားဆိုတာ တစ်ရပ်ကွက်မှတစ်လုံးထားပေးထားလို.သာ တိုးဝှေ.ကြည့်ရပါတယ်။ကိုယ်ပိုင်ဝယ်ဖို. ဘယ်စိတ်ကူးရဲမှာလဲဗျာ။ ကွန်ပြူတာဆိုတာကရော ကျောင်းကအလှူခံလို.သာထည့်လိုက်ရတယ် မှန်ပေါင်းချောင်ထဲက ရွှေငါးလေးလို အလှကြည့်ယုံသက်သက်ပါ။ အဲဒီတော့ဗျာ ကွန်ပြူတာ တစ်လုံးရဲ့ပါဝင်တဲ့အစိတ်အပိုင်းတွေအသုံးချပုံတွေ ကိုမလေ့လာခင် power ခလုတ်ကဘယ်နားမှာ keyboard ပေါ်ကခလုတ်တွေကို သိဖို.အရင်ကြိုးစားနေရတာကအရင်ဆိုတော့ တွေးသာကြည့်ကြပါတော့ဗျာ။ဒီလိုတရွတ်တိုက်လိုက်နေရတဲ့ လူတစ်ယောက်ကို software တွေနဲ. နပန်းလုံးခိုင်းရင်တရားပါ့မလားဗျာ။ တရုတ်ကားထဲကလို မည်သို.လုပ်လိုက်သည်မသိက ခပ်များများရယ်ပါ။ နောက်ပြီးတော့ အားလုံးကိုချိတ်ဆက်ထားတဲ့ နပ်ဝပ်ဆိုလားပါဆိုလားဗျာ သူတို.ပြောတာက ဘယ် Drive ထဲမှာ ဘာရှိတယ်ယူလိုက်ပါတဲ့ ကိုယ်ကတော့ အဲဒီ Drive ဆိုတာကြီး ကိုဘယ်လို ရှာရမလဲ ပေါ့ ခေါင်းကိုကုတ်နေရုံနဲ.ထွက်မလာဘူးဆိုတာသိပါတယ် ဒါပေမယ့်ကုတ်နေမိတာပါပဲ။ ဒါတင်ပဲလားဆိုတော့ ရွာမှတစ်လုံးမှမရှိဘူးတဲ့ copier, scanner, printer, fax 4 in 1 ဆိုတာပါပဲ ဘယ်လိုနှိပ်ရမလဲ စက်ကိုလှည့်ပတ်ကြည့်နေတုန်း သူများတွေက screen လေးကိုပဲနှိပ်နှိပ်သွားကြတယ်ဗျ။ ထူးဆန်းပ။ Email ပို.ပို.ဆိုတော့ လည်း address ရိုက်ဖို. Attachment တွဲဖို.ဆိုတာ ပုစ္ဆာ ခက်ခက်ကြီးတွေပါဗျာ။ BCC နဲ.ပို.ဆိုတော့လည်း ကျီးကြည့်ကြောင်ကြည့် ကြည့်နေမိပြန်ရော ရွာမှာ Internet ဆိုတာမကြားဖူးပါ။ ဒီအကြောင်းအရာတွေက အစိမ်းဆိုမှ အစိမ်း။ တစ်ခြား Digital အသုံးအဆောင်တွေက လည်းလွတ်များတာကိုး။ လုပ်ငန်းသဘောကိုလည်းလေ့လာရ မိခင်ဘာသာမဟုတ်တဲ့ ဘာသာ ကို ပုံစုံအမျိုးမျိုး အသံထွက်အမျိုးမျိုးနဲ. ပြောနေကြတာကို နားရေလည်အောင်လုပ်ရ နဲ. ဗေဒါလေးကျနော့ဘ၀က ဘဲအုပ်တစ်ရာနှစ်ရာကြားထဲမှာပါ။
အဲဒီလိုကြုံရတိုင်း Theroey ကိုသာလေ့လာခဲ့ရပြီး (Theroey ကလည်း generalပါ) လက်တွေ.နည်းခဲ့ ရတဲ့ ကျနော့ဘ၀ နောက်ကျကျန်ခဲ့တဲ့ အသိပညာ အတတ်ပညာ (အခုထိလည်းနောက်ကျဆဲ) ဆင်းရဲပါတယ်ဆိုတဲ့ ကျနော့ ရွာကလူတွေနောက်ထပ်များလာကြမယ်ဆိုရင် ကျနော့လို.မခံစားစေချင်လို.ပါဗျာ………..

ဒီစာလေးကို Siemensရဲ့ Training သင်တန်းချိန်မှာ ခံစားရေးခဲ့တာပါ
၁၆. ၀၆. ၂၀၀၈

09 June 2008

နားလည်မှု

သုံးလုံးထဲ နဲ.တော်တော်တာသွားတယ်ဗျာ။ နားလည်မှုဆိုတာဘာလဲကြိုးစားရင်းနားမလည်နိုင်အောင်ကို ဖြစ်ရပါတယ်။ ဘာလဲနားလည်မှုဆိုတာ………

မိဘနဲ.သားသမီးကြား မိဘဖြစ်စေချင်တာနဲ. သားသမီးဖြစ်ချင်တာ၊ အသက်အရွယ်အရရော ခေတ်ကာလမတူညီမှုအရရော နားလည်မှုရဖို.ခက်ခဲ၊
ဆရာနဲ. တပည့်တွေ ဖြစ်စေချင်တဲ့ စေတနာ မဖြစ်ဖြစ်အောင်ကြိုးစားနေရတဲ့ ဘ၀တွေ ထပ်တူကျမယ်ထင်သလား
သမီးရီးစားများကြား ဂရုစိုက်ခံချင်တာရယ် မနာလိုဝန်တိုတာရယ် လွတ်လပ်မှုကိုနှစ်သက်တာရယ်တကယ်ကိုအခက်အခဲတွေ
အိမ်ထောင်ဖက်များကြား အမျိုးသားတွေရဲ့ ၀ါသနာ စိတ်ဓာတ် အမျိုးသမီးတွေရဲ့ အမူအကျင့် အပြောအဆို နားလည်ဖို.လွယ်မယ်ထင်သလား
အလုပ်ရှင်နဲ.အလုပ်သမားကြား အမြတ်အစွန်းနဲ.တိုင်းတာသူနဲ. အလုပ်ပြီးမြောက်အောင်လုပ်ကိုင်နေသူများဆုံနိုင်မယ်တဲ့လား
လုပ်ဖော်ကိုင်ဖက်များကြား တာဝန်ယူမှု အပြိုင်အဆိုင် ယှဉ်ပြိုင်မှုများသာ
သူငယ်ချင်းတွေကြား ကိုယ်လိုချင်တာပဲသိတာနဲ. (ကျနော်လိုလူမျိုးပါ) အနစ်နာခံမှု ထာဝရ တွဲနေမှာလား
အခန်းဖော်တွေကြား အေးအေးချမ်းချမ်းနေချင်တာနဲ. မသိတတ်တာ မြဲနေမှာတဲ့လား
လား
လား
?
?
?
ကျနော်စဉ်းစားမိတယ်ဗျာ ကျနော်တို.တွေရဲ့ ကြားမှာ အဲဒီစကားလုံးက ပြတိုက်တခုကတန်ဖိုးကြီးအရာလိုပဲ။ မြင်ပဲမြင်နေရတယ် တကယ်မသုံးရ မထိရ မကိုင်ရ။

03 June 2008

ကောင်းကင်.........

တစ်ချက်လောက်ဖြစ်ဖြစ်မော့ကြည့်လိုက်ပါ။ ကောင်းကင်တစ်ခုအသေအချာတွေ.ရမှာပါ။ ဒါပေမယ့် ကောင်းကင်ခြင်းတူချင်မှတူပါလိမ့်မယ်။ အောက်အရပ်နဲ. ရှမ်းပြည်က ကောင်းကင် တူတူပင်မယ့် အဆင်ကွဲနေပါတယ်။ ကောင်းကင်ကြီးဘာကြောင့်ပြာဆိုတာတော့ သိမယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ရာသီဥတု ကို လိုက်ပြီး အရောင်အသွေး ခြားနာစေသလားပဲ။ ထုံးစံအတိုင်းသေသေချာချာ မသိတတ်တဲ့ ကျနော့အတွက်ကောင်းကင်ဆိုတာ…..
ကျနော့ဘ၀က ဟိုးအစွန်အဖျားကစခဲ့ရပါတယ်။ ၁၀တန်းတက်ဖို.မြို.ကအဒေါ်တွေ အိမ်မှာနေခဲ့ရတယ်။ ၁၀တန်းပြီးရင်ကျောင်းပြီးပြီလို.သတ်မှတ်တဲ့ အသိုင်းအ၀ိုင်းမှာ ဘာအကြောင်းကြောင့်မှ အင်ဂျင်နီယာဖြစ်လာစရာမရှိ။ ရွာပြန်ပြီးငါးဖမ်းလှေလိုက်မယ်ဆိုကာမှ ဂုဏ်ထူးနှစ်ခုနဲ.အောင်ပါသတဲ့။ အဒေါ်ကလည်းခိုင်းကောင်းလို.လားပဲ မြို.မှာကျောင်းတက်ဖို.ပြန်ခေါ်ခဲ့တယ်။ ကလေး ၂ ယောက်နဲ.ဗျာများနေတဲ့ အဒေါ်ကိုကူဖို.ရယ် ကျောင်းပြန်တက်ဖို.ရယ် မြို.ကိုပြန်ရောက်ခဲ့ရတယ်။
၂ နှစ်ကျောင်းတက်အပြီးမှာတော့ ကျောင်းကအစ်ကိုကြီးတွေက ရန်ကုန်မှာသွားတက်ဖို.အကြံပေးကြတယ်။ ဖြစ်နိုင်ပါ့မလားဗျာ မြို.ငယ်လေးကကျောင်းဆိုတာတောင် ကိုယ့်အတွက်အနိုင်နိုင်ရယ်။ ဒါပေမယ့်ဗျာ အတန်းထဲမှာ ၂ယောက်ထဲသာရှိတဲ့ကျောင်းမို. ကျနော်တို.ပြည်နယ်က မြို.တော်မှာ တက်ဖို.စာထွက်လာတယ်။ မကြာခင်မှာကျောင်းပြီးမှာပဲ ဆိုပြီး အမျိုးတွေ ခြစ်ခြုပ်ပေးတဲ့ ပိုက်ဆံထုပ်နဲ. လာခဲ့ရတယ် ။ ကျောင်း၂နှစ်ပြီးပြန်တော့ ကံဆိုးကံကောင်းလားပဲ ၀န်ထမ်းအစ်ကိုက ရန်ကုန်မှာတာဝန်ကျခဲ့သလို ကျနော် ကလည်းဘွဲ.ရတဲ့အထိနောက်ထပ် ကျောင်းတက်ခွင့်ရရှိပြန်ပါတယ်။
ကျောင်းပြီးလို. အလုပ်ရပါမလားလို.စိုးရိမ်စိတ်နဲ. ရှာဖွေရပြန်တယ် နာမည်ကြီးတဲ့ company တစ်ခုက ကျနော့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အချုပ်အနှောင်တွေနဲ. ဗျာ။ အားလျော့မယ်လို.တော့မထင်လိုက်ပါနဲ. ဆက်ပြီး ကြိုးစားရင်း နောက်ထပ် နိုင်ငံခြား company တစ်ခုမှာ အလုပ်ရပြန်တယ် ပထမ company ကိုစာချုပ်ပါအတိုင်း လျော်ကြေးပေးပြီးထွက်ခဲ့တယ်ဆိုပါစို. ဗျာ။
အခုဆိုရင်ကျနော့လက်ရှိ company ရဲ့ အစီအစဉ်နဲ. ပုံစံမတူတဲ့ကောင်းကင်ပေါင်းများစွာ ကိုသွားလာနေရပြီ။ ကျနော့နောက်ကလူငယ်တွေကော ကောင်းကင်ကို တသမတ်ထဲမထားပဲ ပြောင်းလဲနိုင်မယ်ဆိုခဲ့ရင်……....

22 March 2008

အရောင်ခံစားမှု

ဒီလောကကြီးမှာ အရောင်များစွာ တည်ရှိနေပါလိမ့်မည်။ ထို့အတူ လူအမျိုးမျိုး အထွေထွေတို့သည် မိမိစိတ်ကိုလိုက်၍ အရောင်တစ်ရောင် (သို့) တစ်ရောင်ထက်ပို၍ ကြိုက်နှစ်သက် နိုင်ပါသည်။ ထိုကြိုက်နှစ်သက်မှုသည် အချိန်ကာလနှင့် အချိန်အခါကို လိုက်ပြောင်းလဲလာနိုင်သည်လည်း ရှိပါသည်။ မပြောင်းလဲလာသူများလည်း ရှိနိုင်ပါလိမ့်မည်။ ကျွန်တော်သည် ဒုတိယအမျိုးအစားတွင် ပါဝင်နေခြင်းနှင့် အရောင်တစ်ရောင်ထဲကိုသာ ယခုအချိန်အထိ အကြောင်းပြချက်မဲ့စွာဖြင့် ရူးမူးတပ်မက်ခြင်းကတော့ ထူးဆန်းလှပါသည်။

ကျွန်တော်နှင့် ထိုအရောင် မိတ်ဆက်မိချိန် (သို့) သူ့ကို သတိထားမိချိန်ကတော့ ငါးနှစ်သား/ ခြောက်နှစ်သား အရွယ်လောက်ကပင် ဖြစ်ပါသည်။ ပထမဆုံးသိရသော အချိန်မှာတော့ ကျွန်တော့တွင် ထိုအရောင်၏ ထိန်းချုပ်မှု၊ ခြိမ်းခြောက်မှု၊ ကြောက်လန့်မှုတို့သာ လွှမ်းမိုးနေခဲ့ပါသည်။ ဆော့ကစားတတ်သော ကလေးအရွယ်မှာ ထိုအရောင်ကြောင့် အမေ့ရဲ့ အပြစ်ပေးဒဏ်များကို မကြာခဏ ခံရခြင်းသည် ကျွန်တော်၏ စိတ်အစဉ်တွင် စွဲထင်စေသော အခြေခံ အကြောင်းတရားတစ်ခုပင် ဖြစ်ပါလိမ့်မယ်။ ထို့အတူ ကျွန်တော့ နှလုံးသားတွင်လည်း အမြတ်တနိုး တန်ဖိုးထားရသော ထိုအရောင်၏ ကူးစက်ဖမ်းစားမှု ဖြစ်တည်စေခဲ့ပါသည်။

အသက်အရွယ် ကြီးရင့်လာသောအခါ ထိုအရောင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ များစွာပြောင်းလဲလာပါသည်။ တစ်ခါတစ်ရံတွင် ကျွန်တော့စိတ်ခံစားမှု၊ တစ်ခါတစ်ခါ ကျွန်တော်၏ရိုးသားမှု၊ တစ်ခါတစ်လေ ကျွန်တော့ဂုဏ်သိက္ခာ စသည့်ဖြင့် ဖြစ်ပေါ်တတ်ပါသည်။ မည်သို့ဆိုစေကာမူ ထိုအရောင်အပေါ် ကျွန်တော်၏ နှစ်သက်ခုံမင်ခြင်းမှာ တစ်နေ့တစ်ခြား တိုး၍တိုး၍သာ လာပါသည်။

ပတ်ဝန်းကျင်ရှိ လူအများကိုလည်း ထိုအရောင်နှင့် တွဲဖက်ဝတ်ဆင်ခြင်း အလေ့အထလည်း ရှိလာပါသည်။ တစ်ချို့မှာ ထိုအရောင်နှင့် တစ်သားတည်း ဖြစ်သွားတတ်သလို တစ်ချို့မှာ လုံးဝမအပ်စပ်သူများလည်း ရှိတတ်ပါသည်။ ကျွန်တော့အပြင် ထိုအရောင်ကို ကြိုက်နှစ်သက်၍လား အကြောင်းရှိ၍လား ၀တ်ဆင်သူများလည်း ကြုံတွေ့ရတတ်ပါသည်။ ထိုအခါ ထိုသူများ၏ နှလုံးသားပုံရိပ်သည် ထိုအရောင်ပေါ်တွင် ပေါ်ထွန်းလာသည်မှာ အံ့သြစရာပင် ဖြစ်ပါသည်။

ကျွန်တော်မြင်တွေ့ခဲ့ရသော နှလုံးသားများစွာကား အမျိုးမျိုးပင် ဖြစ်ပါသည်။ တစ်ချို့မှာ ထိုအရောင်ကို တစ်ခြားအရောင်တွေရဲ့ အပေါ်မှာ ဖုံးကွယ်ဝတ်ဆင်ထားပြီး တစ်ချို့ကတော့ တစ်ခြားအရောင်နဲ့ တွဲဖက်ဝတ်ဆင်ကြပါသည်။ အများစုကား ထိုအရောင်ကို မကြိုက်နှစ်သက်ကြပါ။ ထိုအရောင်ကို အခြေခံ၍ ထပ်မံဖြစ်ပေါ်လာသော အရောင်အမျိုးအမျိုးတို့သည် မူလပထမအရောင်ကို မည်ကဲ့သို့ပျောက်ဆုံးစေသည် ဆိုသည်မှာ အဖြေခက်သော ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်ပါသည်။

ထိုမျှမကပဲ ထိုအရောင်၏တန်ဖိုးကို မသိသူများစွာနှင့်လည်း ဆုံတွေ့ခဲ့ရပါသည်။ တစ်ချို့တစ်လေကတော့ တန်ဖိုးသိသလိုနှင့် ထိုအရောင်ပေါ်ကူးစက်လာသော တစ်ခြားအရောင်များကို ကိုယ်တိုင်ပင်ဖြစ်စေ၊ တစ်ခြားတစ်နေရာတွင် ဖြစ်စေ ဆေးကြောသန့်စင်ရန် ကြိုးစားကြပြန်ပါသည်။ ထိုသူတို့ သတိမထားမိခြင်းကတော့ ကူးစက်ရသော ဖြစ်စဉ်ပင် ဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဂရုမပြုပဲ ထားပါက ပြန်လည်ကူးစက်ခံရမည်မှာ သေချာလှပါသည်။ ထိုသူတို့၏ ကြိုးစားအားထုတ်မှုကိုကား အသိအမှတ်ပြုရပေမည်။

ထိုသူတို့ထက် ဆိုးဝါးသူများကတော့ ထိုအရောင်ကို ညစ်နွမ်းစေပြီး ထပ်မံအမှောင်ထဲ သွင်းသူများပင် ဖြစ်ပါသည်။ အကြောင်းအရင်းကို သိပါလျက် (သို့) စဉ်းစားတတ်သော အသိဥာဏ်ရှိပါလျက် လမ်းလွဲလိုက်သူများကို မိုက်မဲသူများဟုသာ ကျွန်တော်က သတ်မှတ်ထားပါသည်။ ထိုသူများကား ထိုအရောင်နှင့် မထိုက်တန်သူများ (၀ါ) ကျွန်တော့နှလုံးသားက လက်မခံနိုင်သူများပင် ဖြစ်ပါသည်။ ထိုသူများနှင့် ဘယ်တော့မှ မဆုံတွေ့လိုပါ။

ထိုအရောင်ကို ကြိုက်နှစ်သက်သူ ကျွန်တော်သည်လည်း မည်သည့်အမျိုးအစားတွင် ပါဝင်သည်ကို ကိုယ်တိုင်ဝေဖန်ဝတ်ဆင်ရင်း၊ တွေဝေရင်းဖြင့် ကျွန်တော့ သေတ္တာထဲတွင် ထိုအရောင်နှင့် အင်္ကျီများစွာ ပြည့်နှက်လာပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်နှင့် ထိုအရောင် လိုက်ဖက်မှု ရှိမရှိ၊ ကျွန်တော့နှလုံးသား၏ ထိုအရောင်အပေါ် ရောင်ပြန်ဟပ်မှုတို့ကို ကျေးဇူးပြုကူညီ၍ ကြည့်ရှုပေးစေလိုပါသည်။

ခံစားမှုတစ်ခုအတွက်
(၁၄.၈.၂၀၀၆)