10 November 2019

ရောမမြို့သို့ ပထမရက်


ရာဇဝင်စာအုပ်ထဲက ရောမမြို့ကို မျက်ဝါးထင်ထင်မြင်ရတော့မယ့် အတွက် စိတ်လှုပ်ရှားနေမိတယ်။ ဆန်ဂျီနီနားနိုးဟိုတယ်ကနေ ပေါ့ဂီဘွန်ဆီဘူတာရုံကိုကားငှားလာကြတယ်။ အဲ့ဒီကနေ ဖီရန့်ဇေ၊ ဖီရန့်ဇေမှာ အမြန်ရထားချိန်းပြီး ရောမမြို့ကိုသွားမယ်။ 

ပေါ့ဂီဘွန်ဆီဘူတာရုံက သေးသေးလေးပါပဲ။ ဘူတာရုံထဲရောက်မှ ရထားလက်မှတ်ဝယ်တယ် ရထားစောင့်ရင်း ကော်ဖီထပ်သောက်ကြတယ်။ ရထားပလက်ဖောင်းမှာဘင်္ဂါလီတယောက် မပြောမဆိုနဲ့ ဖုန်းလက်ထဲ လာပေးတယ်။ ကိုယ်နားမလည်တဲ့ ဘာသာစကားတွေနဲ့ သူကပြောတယ် ဖုန်းထဲကလူကလည်း ဘာတွေပြောမှန်းမသိ ဒါနဲ့ ဖုန်းပြန်ပေးလိုက်ရတယ် ခပ်ကြောင်ကြောင်ပါပဲ။

ရထားက ဖီရန့်ဇေမှာ ချိန်းတယ်။ ရထားချိန်ကပ်နေတာမို့ ပလက်ဖောင်းရှာရသေးတယ်။ အထုတ်တွေနဲ့ ပြေးရတဲ့ အလုပ်က လွယ်တော့မလွယ်ဘူး ဒါပေမယ့် ပြေးကြရတာပါပဲ။ ရောမကိုရောက်တော့ သတိပေးချက်တွေ ခရီးသွားဖော်ကို ထပ်ပြောရတယ်။ ခါးပိုက်နှိုက်နဲ့ လုယက်မှုဟာ ရောမမြို့ရဲ့ အဓိက ကျော်ဇောမှု တခုဖြစ်နေခဲ့ပြီလေ။

ဘူတာကနေ ဟိုတယ်ကို ဆယ်မိနစ် ဆယ့်ငါးမိနစ် လမ်းလျှောက်ရုံပဲဆိုတော့ လျှောက်ကြတယ်။လမ်းတဝက်မကျိုးခင် မိုးက သည်းကြီးလှိုက်ထန်ရွာပါလေရော။ မိုးစဲအောင် စောင့်မယ်ဆိုပြီး လမ်းထောင့်က ကော်ဖီဆိုင်ဝင်ထိုင်တယ်။အိုး....စျေး တွေက ကြီးနေခဲ့ပြီ။ ရောမလိုကျင့်ဖို့က တယ် မလွယ်ပါလား။

စိတ်လျှော့ပြီး ကားငှားသွားကြတယ်။ ကားဆရာက ဟိုတယ်ရောက်တော့ ဒီလောက်နီးနီးလေးကို ငှါးလာရမလားဆိုပြီး စိတ်တိုနေသေးတယ်။ ဆားဗစ်မှာ အနောက်နိုင်ငံတွေက ဂျပန်ကို မမှီပါဘူး။ ဟိုတယ်ရောက်တော့ အခန်းကိုပို့ပေးတယ်။ ဟိုတယ်ဧည့်ကြိုက ဖိလစ်ပင်းတွေများတယ်။ပြင်သစ် အီတလီ ဘာသာစကားအစုံ မွှတ်နေအောင်ပြောတတ်တယ်။

အခန်းထဲရောက်တာနဲ့ စိုတဲ့အဝတ်တွေကိုလျှော်ရင်းရေချိုးတယ်။ အခန်းဖွဲ့စည်းတည်ဆောက်ပုံ အတော်လေး ညံ့ဖျင်းတယ်။ ရေချိုးခန်းထဲက ရေဟာ အိပ်ခန်းထဲကိုပါ လျှံထွက်တယ်။ ဧည့်ကြိုကိုဖုံးဆက်တော့ သူတို့လာလုပ်ပေမယ့် ရေချိုးတိုင်း အဲ့လိုဖြစ်နေရင် အဆင်မပြေဘူးဆိုတာ ပြောပြလိုက်တယ်။ ဒါနဲ့သူ့ထက်မြင့်တဲ့ အခန်းကို အစားထိုးပေးတယ်။ အစားထိုးပေးတဲ့အခန်းက ပိုမိုက်တယ် ဝရန်တာလည်းပါတယ်။ မိုးက မတိတ်သေးဘူး။ ဒါနဲ့ နောက်နေ့သွားလည်မယ့် နေရာတွေကိုလက်မှတ် ဝယ်ရင်း မိုးတိတ်တာစောင့်တယ်။ ညစာကိုလည်း ဟိုတယ်ကပဲ မှာစားဖြစ်လိုက်တယ်။

မိုးက မိုးချုပ်တော့မှ တိတ်သွားတယ်။ ဟိုတယ်နားကိုပဲ လျှောက်ကြည့်ရင်း ဓါတ်ပုံရိုက်ဖြစ်တယ်။ ဟိုတယ်အခန်းယူတုန်းက spa service ပါ ပါတယ်။ အဲ့ဒီညက သွားဖြစ်သလား ပြန်စဉ်းစားတော့ မပေါ်ဘူးဖြစ်နေတယ်။ ညဖက် အိပ်မပျော်တာမို့ ဓါတ်ပုံခဏထွက်ရိုက်တယ်။ အရမ်းအေးလာတာနဲ့ ဟိုတယ်ပြန်ခဲ့တယ်။ ရောမမြို့ကို သေချာတော့ မထိတွေ့ရသေးဘူး....

08 October 2019

တညတာ ဆန်ဂျီနီနားနိုး


ခရီးစဉ် ရေးဆွဲနေတုန်းမှာ ဒီမြို့လေးရဲ့ ပုံလေးကိုတွေ့မိတယ်။ ကားမောင်းပြီး ဖီရန့်ဇေကို ပြန်မယ်ဆိုတဲ့ ကနဦးအစီအစဉ်မှာ နောက်ထပ်ရှုခင်းသာတဲ့ တခြားလမ်းက ပြန်မယ်ဆိုပြီး လမ်းတဝက်ဒီမြို့မှာ တညအိပ်ဖို့ပါပဲ။ ဆိုတော့ ဆီယမ်နာကနေ ကားငှားပြီးလာဖို့ တည်းတဲ့အိမ်ကို အကူအညီတောင်းပါတယ်။ ရှုခင်းသာတဲ့ လမ်းကနေ မောင်းဖို့ ကားခကိုပိုပေးရပါတယ်။ အထုတ်တွေနဲ့ အိမ်ရှင်တွေကို နှုတ်ဆက်ရင်း ကားလာကြိုတာကို စောင့်ကြတယ်။

ကားလာတာနဲ့ ဆန်ဂျီနီနားနိုးကို ချီတက်ကြတယ်။ လမ်းမှာ ကားသမားနဲ့ မိတ်ဖွဲ့ရင်း ကားသမားက စင်္ကာပူအကြောင်း မြန်မာပြည်အကြောင်းတွေ မေးစမ်းနေတော့တယ်။ သူတို့လုံးလုံး မကြားဖူးမရောက်ဖူးတဲ့ အရပ်တွေဆိုတော့ အဆန်းတွေဖြစ်နေတာ။ လမ်းတလျှောက်ရှုခင်းတွေက သိပ်ကိုလှပါတယ်။ မြို့ဟောင်းတချို့ကိုလည်း ဖြတ်သွားရတယ်။ စိတ်ရှိလက်ရှိ ဓါတ်ပုံဆင်းရိုက်ရင်တော့ လိုရင်းကို ရောက်မှာ မဟုတ်ဘူး။

ဆန်ဂျီနီနားနိုးက တောင်ပေါ်ရှေးဟောင်းမြို့လေးပါ။ မျှော်စင်တွေ အများကြီးရှိပြီး ယနေ့ထက်ထိ ထိန်းသိမ်းထားတာမို့ ဗိသုကာပညာကို တဝကြီးခံစားလို့ရပါတယ်။မြို့အဝင်မှာ ကားက ဆက်သွားလို့မရတော့ဘူးဆိုပြီး ထားခဲ့ပါတယ်။ တကယ်က ဟိုတယ်ကို ရောက်တဲ့လမ်းရှိတယ် မြို့ခံမဟုတ်တော့ သေချာ မသိတာလား၊ လိုက်မပို့ချင်တာပဲလား တခုခုပါ။ အဝင်လမ်းကနေ ဟိုတယ်တလျှောက် ကျောက်တုံးခင်းလမ်းမှာ ခရီးဆောင်အိတ်ကြီးတွေနဲ့ဆိုတော့ မြင်ယောင်သာကြည့်ပါ။ 








ဟိုတယ်က စောနေသေးလို့ ဟိုတယ်မှာ အထုတ်တွေထားပြီး မြို့ကို ပတ်တယ်။ ဟိုတယ်နားမှာ ရေခဲမုန့်အရင်ဆုံးဝယ်စားတယ်။ သစ်ရွက်စိမ်းတွေနဲ့ လှနေတဲ့ နံရံကို အပြေးအလွှား ဓါတ်ပုံရိုက်ကြတယ်။အနားက ဘုရားကျောင်းလိုလို အဆောက်အဦးမှာ ဓါတ်ပုံဝင်ရိုက်ကြတယ်။ မြို့သေးလို့လား မသိဘူး ဧည့်သည်တအားများမနေဘူး။ နောက်မှ သိတာက အဲ့ဒီအဆောက်အဦးကနေ တက်ကြည့်ခွင့်ပေးထားတဲ့ မျှော်စင်ကို သွားရတယ်ဆိုတာပဲ။








မျှော်စင်ကို တက်ကြည့်ဖို့ အောက်မှာ ပတ်ရှာနေရသေးတယ်။ နောက်မှ အစောက အဆောက်အဦးကနေ တဆင့်ပြန်တက်ရတယ်။ မျှော်စင်က အတော်လေးမြင့်သလို လေလည်း တဟူးဟူးတိုက်နေတယ်။ အပေါ်က မြင်ရတဲ့ ရှုခင်း သိပ်လှသလို ရာသီဥတု အေးလိုက်တာ ရေခဲမှတ်ပဲ။ သိပ်မကြာခင် ကင်မရာက ဟန်းသွားတယ်။ ခလုတ်နှိပ်လို့ကို မရတော့တာမို့ စိတ်ပူသွားမိတယ်။ အောက်ရောက်ပြီး အတော်လေးကြာမှ ကင်မရာ အလုပ်ပြန်လုပ်ပါတယ်။






မျှော်စင်ပေါ်ကနေ တမျှော်တခေါ် မြင်ရတဲ့ တောင်ကုန်းတွေကို ကြည့်လို မဆုံးပေမယ့် ဗိုက်ဆာတာနဲ့ ပြန်ဆင်းလာကြတယ်။ စားသောက်ဆိုင်တွေ ထိုင်စားရင် ကြာမှာမို့ ပီဇာမှာပြီး လမ်းလျှောက်ရင်းစားကြတယ်။ မြို့ပြင်ထွက်ပြီး မြို့ရိုးနဲ့ အနားက လမ်းကြားလေးတွေထဲ ဆင်းကြည့်ကြတယ်။ စပျစ်ခင်းတခုမှာ အဆုံးသတ်သွားတယ်။ သူ့နောက်ဖက် ဟိုးအဝေးမှာလည်း စပျစ်ခင်းတွေပဲ။


အောက်ကနေ မြို့ရိုးပေါ်ကို တက်လာကြတယ်။ မြို့ရိုးတလျှောက်ဝါစိမ်းနီနေတဲ့ သစ်ရွက်တွေက အတော်လေး လှနေတယ်။ ခရီးသွားဧည့်သည်တွေ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတွေပေါ့။ မိုးနည်းနည်း ကျလာတာနဲ့ ဟိုတယ်ကို ပြန်လာကြတယ်။ ဟိုတယ်ကမြို့လည်ခေါင် ရှုခင်းကောင်းတဲ့ နေရာမို့ အပေါ်ကနေ ဓါတ်ပုံရိုက်ကြပြန်တယ်။

မိုးလည်းရွာ အေးလည်းအေးတာမို့ ဟိုတယ်ခန်းထဲမှာပဲ နေကြရတယ်။ အပြင်ထွက်ဖို့ အခွင့်မသာခဲ့ဘူး။ ဝယ်ထားတဲ့ ပေါင်မုန့်ရယ် ဆလာမီနဲ့ ဝိုင်ဟာ ညစာပဲဖြစ်သွားတယ်။



မနက်စာစားတဲ့ ရှုခင်းကတော့ စိတ်ထဲခုထိ အမြဲတသသ ဖြစ်ရစေခဲ့တယ်။ ဟိုတယ်ကနေ ဆန်ဂျီနီနားနိုးမြို့ရှုခင်းဟာ အိပ်မက်ဆန်လွန်းတယ်။ စိမ်းတချီ ဝါတလှည့်တောင်ကုန်းအနိမ့်အမြင့်တွေကြားမှာ ရွှေဝါရောင်မြို့ အဆောက်အဦးတွေကို နှင်းမြူဇာပုဝါက ခြုံလွှားထားခဲ့တာ...

ဟိုတယ်ကနေ တက္ကစီငှားပြီး အနားက ဘူတာရုံကိုသွားကြမယ်။ ကျနော်တို့ရောမမြို့ကို ရောက်ဖို့ သိပ်မလိုတော့ဘူး.....

30 September 2019

တောင်ကုန်းများ၊ တော့စကားနားနဲ့ ဝိုင်တိုး



မနက်မိုးလင်းမှ ညကမုန်တိုင်းအကြောင်းသိကြရတယ်။ ဆီယမ်နာမြို့ထဲက အိမ်တလုံးခေါင်မိုးတောင်လန်သွားတယ် ဆိုပဲ။ ဒါကြောင့်မီးတွေဖြတ်ပစ်တာဖြစ်မယ်။ ဝယ်လာတဲ့ ပေါင်မုန့်နဲ့ ကော်ဖီသောက်ကြတယ်။

အခန်းရှေ့ကနေ နှစ်ထပ်ထွက်နေတဲ့ သက်တန့်ကို ဓါတ်ပုံရိုက်ရင်း မိုးတိတ်ဖို့ ဆုတောင်းနေခဲ့ကြတယ်။

မိုးစဲပြီဆိုမှ တော့စကားနားကို ကြည့်မယ်ထလုပ်ကြရော။ မြို့ထဲက တိုးတွေမှာ ခရီးသည်ပြည့်နေခဲ့ပြီ။ တက္ကစီကို တနေ့လုံး ငှားပြီးသွားမယ်ဆိုတော့ အိမ်ရှင်က တားတယ်။ ခဏနေတော့ ဆက်ထားတဲ့ တိုးတခုက ပြန်ဆက်သွယ်လာတယ်။ ဆီယမ်နာက တိုးမဟုတ်ပဲ ဖီရန့်ဇေက တိုးကားနဲ့ လိုက်လို့ ရတယ် သူတို့ချိန်းတဲ့ ကော်ဖီဆိုင်မှာ လာစောင့်ပါ။ ကားနဲ့လာခေါ်မယ်ဆိုတယ်။ ဒါနဲ့တက္ကစီခေါ်ပြီး ချိန်းတဲ့ကော်ဖီဆိုင်မှာ အဆင်သင့်စောင့်နေလိုက်ကြတယ်။

ကော်ဖီဆိုင်နားမှာ ကိုယ်လိုလူ နောက်ထပ်လေးယောက်လောက်တွေ့မိတယ်။ သိပ်မကြာခင်မှာ ပေါင်မုန့်ကားလေးနဲ့လာကြိုတယ်။ တိုးကားအကြီးကတော့ မြို့အပြင်က ဓါတ်ဆီဆိုင်မှာ ကျနော်တို့ကို ရပ်စောင့်နေတယ်။ ကားပေါ်တက်တာနဲ့ တိုးဂိုက်က မိတ်ဆက်တယ်။ ကားပေါ်မှာ ဝိုင်ဖိုင်ပါတဲ့အကြောင်း၊ ဒီနေ့ ခရီးစဉ်အကြောင်းနဲ့ သူ့အကြောင်းအကျဉ်း။ ထူးခြားတာက တိုးဂိုက်ဟာ အီတလီဒေသခံမဟုတ်တာပါပဲ။

နာမည်ကျော် Rolling hills တွေကို ကားထဲကနေ ငေးနေရတယ်။ ကိုယ့်ကားနဲ့ ကိုယ်သာဆိုလို့ကတော့ ဆင်းပြီး ဓါတ်ပုံရိုက်နေမိမှာ။ အခုတော့ မှန်ထဲကနေ စိတ်မလျော့ပဲ ရိုက်နေမိပေမယ့် စိတ်တိုင်းမကျပါ။







ပထမဆုံးရပ်တာကတော့ ဝိုင်စက်ရုံပါ။ ပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်းရယ် ထုတ်လုပ်ပုံအဆင့်ဆင့်ကို သေချာရှင်းပြပြီး လိုက်ပြတယ်။ ပိုင်ရှင်က အရပ်အတော်ပုတယ်။ သူစိတ်ဝင်စားတဲ့အရာက ဝိုင်ရယ် မိန်းမရယ်ဆိုတော့ အားလုံးက ဝိုင်းရီကြတယ်။ ရှင်းပြစရာတွေကုန်တော့ ဝိုင်စမ်းသပ်ခွင့်ပေးတယ်။ ပေါင်မုန့်ကြမ်း သံလွင်ဆီနဲ့ ဝိုင်တခွက်စီဟာ ဧည့်သည်ကိုယ်စီလက်ထဲမှာ စည်ကားနေပြီပေါ့။ အနောက်နိုင်ငံတော်တော်များများကို ပို့ဆောင်စရိတ် ကင်းလွတ်အောင်ပို့ပေးတဲ့ ဝန်ဆောင်မှုလည်းရှိတယ်။ အရမ်းပို့ရလွယ်ကူတဲ့ ကျနော်တို့ မြန်မာပြည်တော့ စာရင်းထဲမပါဘူးပေါ့လေ။































နာမည်ကျော်ဝိုင်တွေထွက်တဲ့ မွန်တန်ဆီနိုမြို့ကို ဝင်တယ်။ တောင်ကုန်းပေါ်က ရှေးဟောင်းသမိုင်းဝင်မြို့တမြို့ပါ။ အဆောက်အဦးအဟောင်းတွေရဲ့ ဗိသုကာလက်ရာ၊ ဟိုတကွက် ဒီတကွက် တောင်ကုန်းတွေကို မြင်ရတဲ့ ရှုခင်းနဲ့ ဒီမြို့ကထွက်တဲ့ စပျစ်ရဲ့ အရသာကြောင့် ဝိုင်တွေ နာမည်ကျော်ရတာဆိုတာကို နှိုင်းယှဉ်လေ့လာမိတယ်။









ဝိုင်စက်ရုံကနေ တောင်ပေါ်မြို့ ပီယန်ဇာကိုလိုက်ပို့တယ်။ ပီယန်ဇာက ဒိန်ခဲ နာမည်ကျော်တာမို့ တိုးဂိုက်သူလိုက်ပို့ပြီး ဝယ်ပေးမယ်။ လျော့ဈေးနဲ့ရမယ်တဲ့။ ဒိန်ခဲ တတုံးကိုတယောက်တဝက်ဝယ်လာခဲ့ကြတယ်။ အိမ်ရောက်မှ သိပ်ကောင်းတဲ့ ဒိန်ခဲကို တယောက်တတုံးဆီ မဝယ်ခဲ့ရတာကို နောင်တရမိ။

ပီယန်ဇာက ပလာဇိုပီကိုလိုမီနီကို ဝင်ကြည့်ကြတယ်။ ရိုမီယို ဂျူးလိယက် (၁၉၆၈) ဇာတ်ကားကို ဒီအဆောက်အဦးမှာ ရိုက်ယူခဲ့တာပါ။ အဆောက်အဦးအောက်နားက မြင်ရတဲ့ ရှုခင်းတွေကို ဓါတ်ပုံရိုက်နေမိတာ အတော်လေးကြာသွားတယ်။ နားချိန်တနာရီပဲပေးတာမို့ နေ့လည်စာစားဖို့အချိန်မရှိတော့။ စုရပ်နားက ကော်ဖီဆိုင်မှာ အပေါ့သွားရင်း ကော်ဖီနဲ့ မုန့်တခုဆီပဲ ဆွဲခဲ့ရတယ်။
ပီယန်ဇာကနေ နောက်တမြို့ကိုကူးတော့ လမ်းမှာ ဂလက်ဒီရေတာ ထဲက မင်းသားနေတဲ့ အိမ်ဆိုတာကို ဂိုက်ကပြတယ်။ ဆိုက်ပရပ်ပင်တွေကို မြင်တော့ ဒီဆိုက်ပရပ်ပင်တွေကြားမှာ ဓါတ်ပုံရိုက်ကြမယ်လို့ ကြံရွယ်ခဲ့ကြတာကို တွေးမိပြန်တယ်။ 






မွန်တီပလူစီယာနိုး တောင်ပေါ်မြို့ကိုပို့တယ်။ ဒီမြို့ကနေ တောင်ကုန်းတွေပေါ်က နေဝင်ချိန်ကိုကြည့်ကြတယ်။ တောင်ကုန်းတွေပါရင် နေရောင်ခြည်တန်းတွေမပါ၊ နေရောင်ခြည်တန်းတွေပါရင် တောင်ကုန်းတွေမပါနဲ့ Filter ဆိုတဲ့ အရာတွေ လိုပါတယ်လို့ အကြံပေးခဲ့တာကို သတိရမိတယ်။ မွန်တီပလူစီယာနိုးကနေမြင်ရတဲ့ ရှုခင်းတွေဟာ အရမ်းကိုလှတယ်။ တောင်ကုန်းတွေရဲ့ ထိပ်မှာ စီတန်းပြီး စိမ်းတချီ ဝါတလှည့် အတန်းစီမြင်ရတဲ့ စပျစ်စိုက်ခင်းတွေ ဟာ တမျှော်တခေါ် ငေးချင်စရာ..


နောက်ဆုံးတခုအဖြစ် မြေပြန့်က ဝိုင်စက်ရုံတခုမှာ ရပ်တယ်။ ရှင်းပြတဲ့ နေရာရဲ့ အောက်က မှန်ချပ်တွေအောက်မှာ ဝိုင်စည်တွေ အထပ်လိုက်။ မီးတွေ သေချာထွန်းထားတာမို့ ဝိုင်စည်တွေကြားထဲဓါတ်ပုံရိုက်လို့ လှနေခဲ့တယ်။ သူတို့ဆုတံဆိပ်ရတဲ့ ဝိုင်တွေကို စမ်းသပ် သောက်သုံးခိုင်းပြီး ဝယ်ဖို့ကိုလည်း တိုက်တွန်းကြတယ်။

မှောင်ပြီဆိုတာနဲ့ ရိပ်ခနဲ ပျောက်သွားတဲ့ နေရောင်အောက်မှာ တောင်ကုန်းတွေလည်း မမြင်ရတော့ဘူး။ အရေးကြီးတာက မှောင်ပြီဆိုတာနဲ့ အအေးက သိသိသာသာပိုလာတာ။ တိုးကားက ဓါတ်ဆီဆိုင်မှာ ရပ်ပေးပြီး မနက်က ပေါင်မုန့်ကားလေးနဲ့ဆီယမ်နာကို ပြန်ပို့ပေးတယ်။ 

ကားသမားကို စုရပ်ရောက်တော့ ကျနော်တို့တည်းတဲ့ အိမ်ကို ပို့ပေးမယ်ဆို ပိုက်ဆံ ဘယ်လောက်ပေးရမလဲ မေးပြီး သူတောင်းတဲ့ဈေးနဲ့ သဘောတူ အိမ်ကို ပြန်ပို့တယ်... အိမ်ရောက်တာနဲ့ တနေ့လုံး မြင်ခဲ့ရတဲ့ တော့စကားနားကို အိပ်ရာမဝင်ခင်အထိ တယောက်တခွန်း စားမြုံ့ပြန်နေကြသေးတာ..