30 April 2016

ဆူခိုထိုင်မှာ တညတာ

မဲဆောက်ကနေ ဘန်ကောက်ကိုပြောင်းလာတဲ့ ကျနော့ဘကြီးက ဘန်ကောက်ကို လာလည်ဖို့ခေါ်တဲ့အခါ ခရီး သိပ်မသွားတတ်တဲ့ ကျနော်က လွယ်လွယ်ပဲ ခေါင်းငြိမ့်မိပြန်တယ်။ လေးငါးရက်လောက်ဆို လောက်ပါတယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်တယ်။ လူလည်ဘကြီးကို ကျနော်သွားချင်တဲ့ နေရာတွေစာရင်းပေးရတာပေါ့။ ကျနော်သွားချင်တာ ချင်းမိုင်၊ချင်းရိုင်နဲ့ ရွှေတြိဂံနယ်စပ်ပါလို့....

ဘကြီးက ချင်းမိုင်မှာ သူ့ သူငယ်ချင်းရှိတယ်တဲ့။ ချင်းမိုင်ကို ရထားနဲ့သွားချင်ပါတယ်ဆိုတော့ ရထားလက်မှတ်အရောင်းပိတ်ထားတာမို့ နီးတော့မှဝယ်မယ်ဆိုတယ်။ တကယ်တမ်း တလလောက်အလိုမှာ ရထားလက်မှတ်မရှိတော့။ ဆိုတော့ ကားနဲ့သွားကြမယ် ကားလက်မှတ်ဝယ်ဖို့ ကြည့်ကြတော့ ဆူခိုထိုင်ဆိုတဲ့ နာမည်က ဘွားခနဲပေါ်လာတယ်။ သပိတ်မှောက်နေတဲ့ ဘန်ကောက်မြို့ကို ထရန်စစ်လိုပဲလုပ်မယ် လေယာဉ်ပေါ်ကဆင်း ဆူခိုထိုင်သွားတဲ့ကားထပ်စီးမယ်။ မနက်စောစော ဆူခိုထိုင်ကို ရောက်ပြီပေါ့။

ဆူခိုထိုင်မှာ တညအိပ်မယ် အစီအစဉ်ပြောင်းပြီ၊  ခရီးက ရက်သိပ်မလောက်ချင်တော့။ ဒါနဲ့ လေကြောင်းလိုင်းကိုဆက်သွယ်တယ် ရက်ရွှေ့လို့ရမလားပေါ့။ Thai Airways ပါ။ အပြန်ကိုရွှေ့ချင်တာမို့ ဘန်ကောက်ကို ဆက်သွယ်ပါဆိုပြီး စင်္ကာပူရုံးကပြောပါတယ်။ ဘန်ကောက်ကို အီးမေးလ်အသွားအပြန်လေးရက်ကြာမှ ဘန်ကောက်က ရက်ပြောင်းပေးလို့ မရဘူး စင်္ကာပူရုံးကိုပြန်ဆက်သွယ်ပါလုပ်ပြန်တယ်။ စင်္ကာပူရုံးက ကျနော်ပြောင်းချင်တဲ့ရက် လက်မှတ်မရှိတော့ပါဘူးရောင်းလို့ ကုန်ပြီဆိုတယ်။ အွန်လိုင်းမှာ စစ်ကြည့်တော့ လေယာဉ်လက်မှတ်က ရနေသေးတယ်။ 

ပရိုမိုးရှင်းနဲ့ဝယ်တာမို့ဆို ပြောင်းလို့ကျသင့်တဲ့ငွေပေးပါ့မယ် ရွှေ့ပေးပါဆိုတာ နှစ်ရက်လောက်နေမှ အဲ့ဒီရက် ရွှေ့လို့မရဘူးအကြောင်းပြန်တယ်။ ဒါနဲ့ နောက်တရက်ဆုတ်ပေးပြန်တော့လည်း မရဘူး၊နောက်တရက် ထပ်ဆုတ်တော့လည်း မရဘူး၊ စိတ်က သိပ်မရှည်တော့တာနဲ့ ဘယ်ရက်ရသလဲ အကြံပေးပါမေးတော့လည်း သူတို့က အဲ့လိုပြောလို့ မရဘူး ကျနော်တို့ပဲ ရွှေ့ချင်တဲ့ရက်ကို ပြောရမယ်လည်းဆိုရော စိတ်ကို ကုန်ပါလေရော။

စင်္ကာပူရုံးကို ဖုံးဆက်တဲ့အခါ ခရီးသွားမှာ ဘာလို့ ရက်ကို သေချာအောင် မလုပ်သလဲ ဆိုပြီး လေသံမာမာနဲ့  ဆူပါတယ်။ စိတ်ကအတော်လေး တိုသွားတာနဲ့ အော်ထုတ်ပစ်လိုက်တယ် လောကမှာ မထင်မှတ်တာတွေ အမြဲဖြစ်တယ် အားလုံးကို အသေမှတ်မနေနဲ့ ငါလည်း စီစဉ်တာပဲ ဒါပေမယ့် ဖြစ်လာတာတော့ ငါလည်း မတတ်နိုင်ဘူး။ မပြောင်းပေးနဲ့တော့လို့ ပြောပြီး နင်တို့လေကြောင်းလိုင်းနဲ့ သေခန်းပြတ်ပြီလို့ ပြောပြီးတခါတည်း ဖြတ်ချလိုက်တယ်။ Bye Bye Thai Airways...

ဘန်ကောက်ကို ခုနှစ်နာရီခွဲမှာရောက်ပါတယ်။ ဘကြီးက လေဆိပ်မှာလာကြိုတယ်။ လေဆိပ်ကနေ အမြန်ရထားနဲ့ မြို့ထဲကိုသွားကြတယ်။ ရထားပေါ်ကနေ သပိတ်မှောက် လူအုပ်ကိုမြင်နေရတယ်။ သီချင်းတွေဖွင့်ပြီး ကတဲ့သူက၊ ထမင်းစားတဲ့သူစားလို့ စည်ကားနေတာ။ မြို့ထဲဘူတာကနေ ဆိုင်ကယ် ကယ်ရီနဲ့ ဆူခိုထိုင် ကားဂိတ်ကိုသွားကြတယ်။ ဘကြီးဆိုင်ကယ် ကယ်ရီက အရင်ရောက်ပြီး ဘကြီးတယောက် သူ့ပိုက်ဆံအိတ်ပျောက်နေတယ်တဲ့။ ပိုက်ဆံအိတ်ကို ကျနော့လက်ထဲက အိတ်ထဲမှာ လေဆိပ်မှာတုန်းက ထည့်ထားခဲ့တာတဲ့လေ။ အတော်စိတ်ချရတဲ့ ဘကြီးလေ...

ဆူခိုထိုင်ကို မနက်လေးနာရီ အစောကြီးရောက်ပါတယ်။ ကားပေါ်ကနေ ဆင်းလိုက်တာနဲ့ လူက တုန်ခနဲနေအောင် အေးစိမ့်သွားတယ်။ ညမနက်အစော အပူချိန် ၁၄/၅ဒီဂရီလောက် ဖြစ်မယ်ထင်တယ်။ နေ့ခင်းတော့ ၁၈ဟာ နေသာထိုင်သာ အတော်ရှိတယ်။ တုပ်တုပ်နဲ့ ဟိုတယ်ကိုချီတက်ကြတယ်။ တိုက်တဲ့လေနဲ့ အရိုးတွေစိမ့်အောင် အေးတာကို မနည်း သည်းခံရတယ်။
ဟိုတယ်က မနက်အစောကြီး Check in ပေးဝင်ပါတယ်။ ဟိုတယ် အခန်းထဲရောက်မှ နွေးသွားတော့တာ။ တုပ်တုပ်သမားကို နေထွက်ချိန်ကြည့်ဖို့ လာခေါ်ပါ ချိန်းလိုက်ပြီး အခန်းထဲမှာ တရေးနှပ်ကြတယ်။ 

ဆူခိုထိုင်ဆိုတာ အရုဏ်ဦးရဲ့ ပျော်ရွှင်မှုလို့ အနက်ပြန်ရမယ်။ ၁၂ရာစုကနေ ၁၅ရာစု အထိ ဆူခိုထိုင်မင်းသက်တည်တယ်။ ယိုးဒယားနိုင်ငံတော်ရဲ့ အစဟာ ဆူခိုထိုင်ကနေ စတယ်လို့ တချို့လည်း ယုံကြည်ထားကြလေရဲ့။ သူ့အရှေ့မှာ တခြားနိုင်ငံတွေရှိခဲ့ဖူးပေမယ့် သူ့လောက်မကြီးကျယ်ခဲ့ဘူးတဲ့။ ဆူခိုထိုင်ဟာ ယိုးဒယားနဲ့  ခမာရောစပ်နေတယ်။ ခမာဗိသုကာကိုလည်း မြင်နေရတယ်။ အရင်ကတော့ အတော်ကို ကြီးကျယ်ခမ်းနားမယ့်ပုံရှိပေမယ့် အခုလက်ရှိတော့ ပျောက်ကွယ်လုမြို့ရိုးနဲ့အတူ ပြိုပျက်နေတဲ့ ဘုရားစေတီအစုစုဟာ မြို့ငယ်လေးရဲ့ တနေရာမှာ တိတ်ဆိတ်ငြိမ်သက်နေရပြီလေ.







နေထွက်ရှုခင်းရိုက်ဖို့ တောင်ပေါ်က ဘုရားတဆူကို လိုက်ပို့ပါတယ်။ ကိုယ့်ထက်ဦးတဲ့ စုံတွဲတတွဲက ရောက်နှင့်ပြီ။ သူတို့ ထိုင်နေတာလေး ချစ်ဖို့ကောင်းလို့ ရိုက်ခွင့်တောင်းပြီး  နောက်ကနေ ရိုက်ယူထားလိုက်တယ်။ ဘကြီးကတော့ သူများစုံတွဲပုံတွေ့တော့ အားကျနေမှာပေါ့လေ။






အကြိုက်ဆုံးကတော့ ဝပ်ဆီချွမ်လို့ခေါ်တဲ့ ဘုရားကို ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ရတာကိုပါပဲ။ 





တုပ်တုပ်သမားနဲ့ မြို့တပတ် ပတ်ပြီးတဲ့အခါ၊ အဓိက ဆူခိုထိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်ကို ပတ်ခဲ့တာပါ၊ ဟိုတယ်ပြန်နားကြတယ်။ သဘောကောင်းတဲ့ ကျနော်တို့ တုပ်တုပ်သမား။ ညနေ နေဝင်ရှုခင်းရိုက်ဖို့ ပြန်ထွက်မယ်ဆိုတော့ အနားမှာ ဆိုင်ကယ်ငှားမလားဆိုပြီး ရှာကြည့်တယ်။ ဆိုင်ကယ်ကို နေ့တဝက်စာငှားပြီး အေးတဲ့လေထုထဲမှာ အရှိန်မြင့်စီးရတာ ပျော်စရာတမျိုးကောင်းတယ်။ ဝေးဝေးလံလံသွားကြည့်ချင်ပေမယ့် နေရာသေချာ မသိဘူးလေ။ တုပ်တုပ်နဲ့တုန်းက ဝင်ကြေးကောက်ပေမယ့် ဆိုင်ကယ်နဲ့လာတဲ့အခါ ကျနော်တို့ကို ဒေသခံလို့ထင်သွားပုံရတယ် ဝင်ကြေးလာမကောက်တော့ဘူး။ 


ဆူခိုထိုင်ကို စတည်ထောင်ခဲ့တဲ့ ဘုရင်ရဲ့ အမှတ်တရ ရုပ်ထုနဲ့ လာကန်တော့ထားတဲ့ ဖက်စိမ်းကွမ်းတောင်တွေ....

ညနေခင်း နေဝင်ချိန် တအားကြီး မလှခဲ့ပါဘူး။ တချို့လူတွေ ရိုက်ထားတာတော့ အရမ်းလှတဲ့ ညနေခင်းတွေ။ ကျနော်မရိုက်တတ်တာလည်း ပါမှာပေါ့လေ....

နောက်နေ့မနက် ဆူခိုထိုင်ဟိုတယ်လေးရဲ့ မနက်စာဟာ နေခြည်နွေးနွေးအောက်မှာ တကယ့်ကို ကျေနပ်အားရစရာ။ နေ့လည် ချင်းမိုင်ကိုတက်ဖို့ ကားလက်မှတ်ဖြတ်ပြီးပြီ။ ကားက နေ့လည်မှ ထွက်မှာဆိုတော့ အိတ်တွေထားပြီး အနားကိုလျှောက်လည်ကြတယ်။ 





ဈေးထဲကို ဖြတ်တဲ့အခါ စားစရာတွေ တခုပြီးတခု ဝယ်မိတော့တာပေါ့။
ဘုန်းကြီးကျောင်းထဲက ရေကန်ထဲမှာ ငါးအစာကျွေးတဲ့အခါ ကျောင်းတော်ရာကိုတောင် ပြန်သတိရမိတယ်။

ကျနော်တို့ ချင်းမိုင်ကို ဆက်ကြမယ်လေနော့.....

28 April 2016

ပင်လယ်ပြာပြာ ကျွန်းငယ်များဆီသို့ (သိမ်း)

ပြန်ခါနီးမို့ထင်ရဲ့ တိမ်တွေဟာ လှပစွာ ဖူးပွင့်လာသလိုပဲ
မနက်စာ မစားခင် ကျနော်တို့ ခရီးဆောင်အိတ်တွေကို သွားပေးထားကြပြီး အေးအေးညောင်းညောင်း မနက်စာစားခဲ့ကြတယ်။ မောနင်းပါ ဘာလိုအပ်ပါသလဲလို့ အမြဲ ဂရုတစိုက်ရှိတဲ့ ကျနော်တို့ရဲ့ စားပွဲထိုးကိုလည်း ဆုချခဲ့ကြတယ်။ ပြန်သာ ပြန်ရမယ် မပြန်ချင်ကြသေးဘူးလေ...
လေဆိပ်ကို ရောက်တဲ့အခါ ပတ်စပို့၊ ဘိုးရင်းပတ်စ်တွေနဲ့ အတူစောင့်နေတဲ့ ဟိုတယ်ဝန်ထမ်းက ကြိုတယ်။ နောက်တခါ ပျံကြဦးမယ်လေ ဆိုပြီး လေယာဉ်ပျံနဲ့အတူ ပျံတဲ့ ပုံတွေရိုက်ကြသေးတယ်။ လေယာဉ်မယ်ကတော့ အလာတုန်းကလို မပြုံးတတ်တဲ့ သူပဲ ပြန်ပါလာတယ်။ 
အပြန်မှာတော့ တခြားကျွန်းတခုကို ဆင်းပြီးမှ ပြန်ထွက်လာတယ်








လေယာဉ်ပေါ်ကနေ ကျွန်းတွေကို သေသေချာချာ ဓါတ်ပုံရိုက်ယူခဲ့တယ်။

လေဆိပ်ကို ရောက်တဲ့အခါ အမှတ်တရ ပစ္စည်းဆိုင်မှာ အကုန်လုံး ခေါင်းစိုက်မွှေကြတယ်။ အစောက ကီလိုပိုနေတဲ့သူတွေရဲ့ စိတ်တွေဖြေလျော့ပြီး ထပ်ဝယ်နေကြပြန်ပြီလေ။ အဲ့ဒီကျွန်းငယ်လေးတွေဆီက သဲမှာတဲ့သူ ခရုမှာတဲ့သူတွေအတွက်လည်း သေသေချာချာကို ယူလာကြသေးတာ။ 

စိတ်လှုပ်မှုများစွာနဲ့ ချီတက်လာခဲ့တဲ့ ဒီခရီးအပြန်မှာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေကြတယ်။ ပင်ပန်းတာတကြောင်း၊ ပြန်ရောက်ရင်  ကြိုနေမယ့် အလုပ်တွေကို တွေးနေမိကြတာတကြောင်း စသည်ဖြင့် အားလုံးဟာ စကားမပြောနိုင်ကြပဲ ငြိမ်သက်နေကြလေရဲ့......

 ခရီးစဉ် အစအဆုံး ကုန်ကျငွေ ပြန်စစ်ကြည့်တဲ့အခါ

လေယာဉ်နဲ့ ဟိုတယ် S$828.00
ဒေသတွင်း လေယာဉ် US$340.00
လေဆိပ် စားသောက် US$25.00
ရေသန့်ဘူး US$15.00
Snorkeling US$35.00
Diving  US$105.00
Misc US$50.00

ဘတ်ဂျက်ချိန်ပြီး ပင်လယ်ပြာပြာ ကျွန်းငယ်များဆီ ခရီးသွားမယ်ဆို ဒီလောက်ဝန်းကျင်တော့ ကုန်မယ်လို့....

25 April 2016

ပင်လယ်ပြာပြာ ကျွန်းငယ်များဆီသို့ (၃)

အိပ်မပျော်ကြတာနဲ့ မနက်လင်းခါနီးအထိ ထိုင်ရင်း ဓါတ်ပုံရိုက်နေမိတယ်။အဲ့ဒီညက အိပ်မပျော်တာဟာ အတော်လေး ဒုက္ခပေးတယ်ဆိုတာ အတော်လေး နောက်ကျမှ သိရတာတော့ မကောင်းပါ.....
ဒီတခေါက် မနက်စာ စားပြီးတဲ့အခါ ကျနော်တို့ စကူဘာ ဒိုက်ဗင်း ရေငုပ်ဖို့ စာရင်းသွားပေးကြတယ်။ စာရင်းယူထားလိုက်ပြီး ခဏနေ သင်တန်းလာတက်ပါလို့ ဆရာက ပြောပါတယ်။ တခါမှ ရေမငုပ်ဖူးတဲ့သူများ ဖြစ်တဲ့အတွက် ကိရိယာများအကြောင်းနဲ့တကွ ရေအောက်မှာ လိုက်နာရမယ့် စည်းကမ်းများ၊ တယောက်ချင်းရဲ့ ကိုယ်အလေးချိန်ကိုမေးပြီး ကျနော်တို့ ရေငုပ်ဝတ်စုံထဲမှာ အလေးတုံးတွေ ဘယ်လောက်ထည့်ပေးမယ်၊ အသက်ဘယ်လိုရှူရမယ်ဆိုတာက အစ တယောက်ကိုတယောက် အချက်ပေးရန် သင်္ကေတများ၊ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အခက်အခဲများ ကြုံရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာအဆုံး ကလေးတွေကို သင်သလို စိတ်ရှည်လက်ရှည် သင်ပေးပါတယ်။ ထုံးစံအတိုင်း ကျနော်တို့ကလည်း မေးခွန်းတွေ တလှေကြီးမေးတာပေါ့။ တခုချင်း တယောက်ချင်းရဲ့ မေးခွန်းတွေကို စနစ်တကျ ဖြေပေးတာကြောင့် ကျနော်တို့ ရေငုပ်ဖို့ စိတ်လှုပ်ရှားတာက လွဲပြီး အကြောက်အလန့် မရှိကြတော့ပါဘူး။

ပထမဆုံး ရေငုပ်ဖူးကြမှာဖြစ်လို့ ကျနော်တို့ ဟာ Snorkeling Course ပရိုဂရမ်ကိုပဲ လုပ်ခွင့်ရပါတယ်။ တယောက်ကို ယူအက်စ် သုံးဆယ့်ငါးကျပ် ကျသင့်မှာဖြစ်ပြီး တခြား ပစ္စည်းငှားခ ဘာညာပေးစရာမလိုပါဘူး။ ပြီးတော့ ထုံးစံအတိုင်း အခန်းနံပါတ်ကိုပဲ မှတ်ယူလိုက်တာဖြစ်ပါတယ်။ ဆရာက နှစ်ယောက်ရှိပြီး ကျနော်တို့ရဲ့ အသက်ရှူဘူးတွေနောက်ကနေ ကိုင်တွယ် သင်ပြမှာဖြစ်တာကြောင့် တခေါက်ကို နှစ်ယောက်ပဲ ရေထဲဆင်းလို့ရမယ်။ ပြီးတော့ တခြားဧည့်သည်နှစ်ဦးကလည်း ဒီနေ့အတွက် စာရင်း ပေးထားပြီးဖြစ်လို့ နှစ်ခေါက် ခွဲပြီးသွားမလားလို့ (ပထမအခေါက်နဲ့ နှစ်ယောက်လိုက်သွား ကျန်တဲ့သူက နောက်တခေါက်မှ) မေးတဲ့အခါ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဟင့်အင်း ဖြစ်နိုင်ရင် သူတို့ အရင် ဒါမှမဟုတ် သူတို့နောက်တခေါက်လုပ်ပါ ငါတို့ အတူတူ ရေငုပ်ချင်ပါတယ်လို့ တညီတညာတည်း ဝိုင်းပြောကြတာပေါ့။ ရေငုပ်ဆရာက ဒါဆို တခြားဧည့်သည်တွေနဲ့ သူညှိနှိုင်းပေးပါဦးမယ် ဆိုပြီး လေပြည်အေးအေးလေးနဲ့ ပြောရှာတယ်။ သူ့လောက်စိတ်ရှည်ပြီး စကားပြော ငြင်သာတဲ့ ဆရာ ဘယ်မှာမှ မတွေ့ဖူးသေးဘူး အဟုတ်ပြောတာ.
သင်တန်းက ပြန်လာတဲ့အခါ ဟိုတယ်ဝန်းကျင်က သစ်ပင် ပန်းပင်တွေကို ဓါတ်ပုံလိုက်ရိုက်ကြတယ်။ 
ပုန်းညက်တွေ တွေမြင်တာနဲ့ ဝါဆိုကိုလည်း သတိရမိကြပြန်ရော။ အားလုံးက သီချင်းကြိုက်တဲ့သူချည်း ဖြစ်နေပြန်တာမို့ မြင်သမျှလည်း သီချင်းတွေ ဖြစ်ကြပြန်တယ်။
ဟိုတယ် စားသောက်ခန်းမ ဘေးက ဇိမ်ခံလို့ ကောင်းတဲ့ နားနေဆာင် နေရာလေးကိုလည်း ဓါတ်ပုံရိုက်
ရွက်လှေစီးတဲ့သူတွေကိုလည်း ပင်လယ်ကြီးနဲ့ အတူ မှတ်တမ်းတင်

နေ့လည်စာ အီတာလျံစပါဂတီကလည်း သိပ်စားကောင်းနေပြန်တယ်။ စားပြီးတဲ့အခါ တရေးမှေးကြစို့ ဆိုပြီး အခန်းပြန် မှေးစက်ကြတယ်။ 

ရေငုပ်ဖို့ ချိန်းထားတဲ့အချိန်ရောက်တဲ့အခါ သင်တန်းကျောင်းကို အင်အားပြည့် ချီတက်ကြတယ်။ ကိုယ်စီကိုယ်စီတော့ စိတ်တွေ လှုပ်ရှားနေတာ အမှန်ပါပဲ။ သင်္ဘောဆိပ်ကို လာကြတဲ့ တခြား ဧည့်သည်တွေနဲ့ဆုံတော့ သူတို့အရင် ရေငုပ်မယ်၊ သူတို့ပြန်တက်လာပြီး ကျနော်တို့ ငုပ်တာကိုစောင့်ပေးမယ် ဆိုတယ်။ အတော်လေး အဆင်ပြေသွားတာပေါ့။  သူတို့က ရေငုပ်ကျွမ်းကျင်သူများဖြစ်ပြီး ကိုယ်ပိုင်ရေငုပ်ကိရိယာတွေနဲ့ လေ. ဆရာတွေကတော့ သယ်ရမယ့် အောက်ဆီဂျင်ဘူးတွေ၊ ပစ္စည်းတွေကိုယ်စီစစ်နေကြလေရဲ့။ 

တော်တော်လေး မောင်းပြီးတဲ့အခါ ရေငုပ်ဝတ်စုံတွေဝတ်ဖို့ပေးလာတယ်။ ဝတ်စုံကို အသားနဲ့ကပ်ပြီး ဝတ်ရတဲ့အခါ အတော်လေးကြာတော့ အသက်ရှူကြပ်လာတာမို့ ရင်ဘတ်ကဇစ်ကိုဆွဲချထားရတယ်။ တခါမှအဲ့ဒီလောက် ကြပ်လောက်အောင် မဝတ်ဖူးဘူး။ နှာခေါင်းက အသက်ရှူတာကြောင့် အငွေ့တွေ မျက်မှန်မှာ လာရိုက်ရင်း ကြည့်ရတာဝါးလာရင် နှာခေါင်းနဲ့ပဲ Bubble တွေလုပ်ပြီး မျက်မှန်ကိုကြည်အောင် လုပ်ပါလို့ တဖွဖွမှာတယ်။ 
ကျွမ်းကျင်သူတွေ ရေထဲဆင်းတာ ကိုလည်း သေချာ ကြည့်ခိုင်းပါတယ်။ လှေပေါ်ကနေ အဆင်းမတော်ရင် ခိုက်မိနိုင်တယ်လေ။ ကိုယ်တွေက ပထမဆုံးတွေမဟုတ်လား...
ဆရာ့ပုံ အမှတ်တရ ခွင့်တောင်းပြီး ရိုက်လာတာ

သူတို့ပြန်တက်လာတဲ့အခါ ကျနော်တို့ အလှည့်ရောက်ပြီ။ အလေးတုံးတွေ ရှစ်တုံးလောက်တောင် ထည့်တယ် ထင်တာပဲ။ နောက်က အသက်ရှူဘူးနဲ့ အတော်လေး အလုပ်တွေရှုပ်နေပြီ။ ကဲ ထူးမနေဘူး ခုန်ချဆို ခုန်ချလိုက်တာပဲ။ Gopro ကိုလည်း ကျနော့လက်ထဲမှာ ထည့်ထားကြသေးတယ်။

ပြီးမှ ငုံ့ဆိုတော့ အသက်ရှူဖို့ အဆင်သင့်မဖြစ်ဘူး။ တယောက်ကို တယောက်လည်း ကြည့်မနေနိုင်ဘူး နားထဲမှာ အသံတွေတော့ ကြားတယ်။ တယောက် မရဘူးဆိုပြီး ပြန်တက်သွားတယ်.

ကိုယ်တိုင်ကလည်း ကျားကုတ်ကျားခဲ ရေငုပ်ရမှ ဖြစ်မယ်ဆိုပြီး ကြိုးစားနေရတာ။ ငုပ်လို့မရတော့ သူက ကြိုးလေး တချောင်း ချထားတဲ့ ဆီကို ခေါ်သွားတယ် ငါးမိနစ်လောက် ရအောင် နေကြည့်တဲ့ ရပြီဆို အောက်ထဲမှာ သွားကြည့်လို့ရပြီ ခေါင်းငုံ့ ကြည့်လိုက်တာနဲ့ ကြည်လင်တဲ့ ရေထဲမှာ ငါးတွေ သန္တာကျောက်တန်းတွေဟာ အတိုင်းသား ကြည့်နေရင်း ငါးမိနစ်ကျော်သွားတာ မသိလိုက်တော့ဘူး။ ခဏနေတော့ သတိရတာနဲ့ ခေါင်းဖော်ကြည့်တယ်။ မင်း...ရသွားပြီတဲ့ အောက်ကိုဆင်းမယ်ဆိုပြီး ကြိုးအတိုင်းကိုင်ဆင်းသွားတယ်။  အောက်သာရောက်ရော ကြိုးကိုမလွှတ်မိဘူး။ လူ့စိတ်ဆိုတာများ မသိစိတ်ကနေ ကိုယ့်ကိုကိုယ် ဘယ်လောက်ခင်တွယ်သလဲဆိုတာလေ....
ဆရာက လက်ကိုကိုင်ပြီး ကြိုးလွှတ်ဖို့ အချက်ပြတယ်။ ကြိုးလွှတ်တာနဲ့ စပြီးခေါ်သွားတော့တာပါပဲ။ ဓါတ်ပုံရိုက်ယူလာပေမယ့် အပြင်က မြင်ရသလောက် မလှတာသေချာတယ်။ သန္တာကျောက်တန်းတွေများ ကျောက်ပြားကြီးတွေလို ဧရာမ အချပ်လိုက် အချပ်လိုက်၊ ကျနော်တို့ ခြေထောက်က ရေယပ်ပြားကို မခပ်ရပါဘူး။ အလိုက်သင့်လေးပဲ စီးမျောနေရတယ်။ ကိုယ့်ကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာကိုသွားကြည့်ရတာ သိပ်စိတ်ဝင်စား ရင်ခုန်ဖို့ကောင်းတာပါပဲ။ ကျောက်တန်းတွေရဲ့ အဖျားထိပ်ကလေးတွေ အရောင်တွေ ပြောင်းသွားတာ ရေမှော်တချို့ လူအသက်ရှူသလိုဖောင်းလိုက်ပိန်လိုက်ဖြစ်နေတာ လူမြင်တာနဲ့ ငါးရောင်စုံလေးတွေဟာ ကျောက်တုံးတွေနောက်ကို ပြေးပုန်းကြတာ..အားလုံးဟာ ရှုချင့်စဖွယ် အထူးအဆန်းတွေချည်း...







တကယ်က ကျနော်တို့ ရေငုပ်ချိန် နာရီဝက်ရပါတယ်။ မိနစ်နှစ်ဆယ်ကျော်လောက်မှာတော့ ညက အိပ်မပျော်တာရယ်၊ စားထားတဲ့ အီတာလျံစာတွေပြည့်နေတာရယ်၊ ဓါတ်ပုံရိုက်ချင်ဇောနဲ့ လူကို ဟိုလှည့်ဒီလှည့် လုပ်လွန်းတာရယ်ကြောင့် ခေါင်းတွေ မူးနောက်လာပါတယ်။ ခေါင်းတွေနောက်တာအပြင် ပျို့အန်ချင်တဲ့ စိတ်က ထိန်းမရတော့တာကြောင့် ဆရာ့ကို အချက်ပြတယ်။ အပေါ်တက်ဖို့ လက်မထောင်ပြတော့ ဆရာက ဘာဖြစ်သလဲပြန်မေးတယ်။ သင်ခန်းစာမှာ အန်ချင်တာ ကို ဘယ်လိုအချက်ပြရမယ်ဆိုတာ မပါတာမို့ ပြန်ဖြေဖို့ ခက်နေတယ်။ အသက်ရှူကြပ်တယ်ဆိုတဲ့ သင်္ကေတပဲ ပြလိုက်တော့ ဆရာက အင်္ကျီမှာပါတဲ့ ခလုပ်တချက်လာနှိပ်တယ်။ အပေါ်ကို ဝုန်းခနဲ တက်သွားပြီး ဆရာလိုက်လာတယ်၊ အဲ့ဒီတော့မှ ငါအန်ချင်တယ်ဆိုတော့ ဆရာက အန်လိုက်တဲ့ ပင်လယ်ရေ ထဲမှာ အားရပါးရ အန်ပစ်လိုက်တယ်။ သွားပေတော့ စပါဂတီတွေရေ.....

အားလုံး လှေပေါ်တက်ကြပြီး ဟိုတယ်ကိုပြန်ခဲ့ကြတယ်။ နှမြောတော့နှမြောသား စိတ်က နောက်ထပ် ရေထဲမှာ နေချင်တုန်း။ လူကတော့ ဟိုတယ် ရောက်တဲ့အထိ ခေါင်းမထောင်နိုင်ဘူး။ ဆရာတွေကတော့ အီတာလျံ စားဖိုမှူးလက်ချက်ဆိုပြီး ပွစိပွစိ လုပ်နေကြလေရဲ့....တကယ်က အစားကြီးတဲ့ ကိုယ့်အပြစ်မဟုတ်လား..

ဒီညနေတော့ ဟိုတယ်အခန်းထဲမှပဲ မှိန်းပြီး ကျန်နေရစ်တယ်။ အစားလည်း သိပ်မစားရဲပြန်ဘူး။ အန်ထားတဲ့အရှိန်နဲ့ ရင်ဘတ်က နာနေသေးတယ်။ ခရီးစဉ်တလျှောက် အရာရာနဲ့ အကြောင်းကြောင်းဆိုပါတော့လေ.

ညစာစားပြီးတဲ့အခါ ဟိုတယ် ဧည့်ကြိုကောင်တာကို လာဖို့ ခေါ်ထားတာနဲ့ သွားကြတယ်။ မနက်ဖြန် မနက်စာ အေးဆေးစားပြီးမှ လေဆိပ်ကိုသွားမယ်၊ ကျနော်တို့ ခရီးဆောင်အိတ်တွေကို မနက်စာလာစားရင်း ကောင်တာမှာ လာထားပေးဖို့ (ဟိုတယ်က လေဆိပ်မှာ Check in ဝင်ပေးထားနှင့်တာမို့ အတော်လေး အဆင်ပြေပါတယ်)၊ပြီးတော့ ကျနော်တို့ အသုံးစရိတ်တွေ ရှင်းပေးဖို့ ပြေစာနဲ့တကွ စစ်ပြီး ငွေရှင်းပေးဖို့ပါ။

ဧည့်သည်ကို ဝန်ဆောင်မှု ဘယ်လိုပေးရမယ်ဆိုတာ အတော်ကို နားလည်တဲ့ ဟိုတယ်ပါပဲ။ စိတ်ညစ်ညူးစရာ တခုမှမရှိခဲ့ဘူး။ အားလုံးဟာလည်း ဆုံလိုက်ကြုံလိုက်တိုင်း ပြုံးရွှင်လို့ လွတ်လပ်ပေါ့ပါးစွာ။

မနက်ဖြန်မနက်ကို ဘယ်သူမှ မရောက်ချင်ကြဘူးလေနော့.....

တုန်နေပေမယ့် အမှတ်တရအဖြစ် ရိုက်လာတဲ့ ဗီဒိုလေး ခေါင်းတော့မူးမယ်နော် သတိ (ကြည်ကြည်လေး မြင်ရအောင် 1080ကိုပြောင်းကြည့်ပါဗျာ)